အသက်ရှင်ရခြင်း၏ အစစ်အမှန်

Posted on

အသက်ရှင်ရခြင်း၏ အစစ်အမှန်(စ/ဆုံး)

—————————————–

‎ဦးဘစီ တယောက် ခြံထဲကကုလားထိုင်ခုံတွင်ထိုင်ကာ ဆေးပေါ့လိပ်တလိပ်အား ထုတ်၍ မီးညှိလိုက်သည်။
‎”အဟွတ်..အဟွတ်”
‎မသောက်တာကြာပြီမို့ ဆေးလိပ်သီးသွားလေသည်။
‎”ဟူး ဒီလိုဆိုတော့လည်း မင်းကိုသတိရပြန်တယ်မိန်းမရယ်”
‎ဇနီးဖြစ်သူကကျန်းမာ‌ေရးကိုစိတ်ပူသောကြောင့် ဆေးလိပ်ဖြတ်ခိုင်းလို့ဆေးလိပ်မသောက်ရသည်မှာ နှစ်၂၀နီးပါးရှိလေပြီမဟုတ်လား။
‎သားသမီးမရ၍ လင်မယား၂ယောက်ထဲနေထိုင်ခဲ့တာနှစ်၄၀လောက်ရှိပြီး ရုတ်တရက်၂ယောက်ကနေတယောက်ဘဲကျန်ခဲ့ရတော့ ဦးဘစီတယောက် အထီးကျန်ရသည်။
‎အရင်ကမိန်းမနဲ့အတူတူ အကြော်ရောင်းခဲ့ပေမဲ့ ခုတယောက်ထဲဘဲကျန်ခဲ့တော့ ဦးဘစီ ဘာကိုမှမလုပ်ချင်မကိုင်ချင်အိပ်ယာထဲသာခွေခေါက်လှဲနေခဲ့သည်မှာ1နှစ်နီးပါးရှိသည်။လက်ထဲတွင်လဲစုထားသောပိုက်ဆံလေးမှာ တဖြည်းဖြည်းလုံးပါးပါးလာသည်။
‎”ငါဒီလိုနေလို့တော့မဖြစ်တော့ပါဘူးလေ ငါဘာဆက်လုပ်ရမလည်းလဲမသိဘူး နွဲ့ ရယ် ဒီချိန်မင်းသာရှိရင် ဘာလုပ်ရမလည်း‌ဆိုတာသိမှာ ခုတော့ငါ့ကို ဒီစိတ်ပျက် အထီးကျန်စရာလောကထဲမှာ တယောက်ထဲထားခဲ့တယ်ကွာ” ဦးဘစီတယောက် ငြီးညူကာမျက်ရည်များဝဲလာသည်။ဆေးလိပ်သီး၍သောကြောင့်တော့ မဟုတ်ပါ။
‎ထိုအချိန်တွင် ခြံရှေ့မှ
‎”နီးပြီးမှ ဝေးမှာကို မလိုလားတယ်
‎ချစ်ပြီးမှ လွဲမှာကိုမလိုလားတယ်
‎ဘဝဆက်တိုင်း ပေါင်းရဖို့ဆုပန်မယ်
‎သိပ်သိပ် ချစ်ရတဲ့ နွဲ့ တင်ရယ်🎵🎵”
‎၇နှစ်အရွယ် ကောင်လေးတယောက်၏သီချင်းငြီးသံကြောင့် ဦးဘစီရဲ့ဝဲနေသောမျက်ရည်များမှာ ကျဆင်းလာခဲ့သည်။
‎အတွေးများသည်လဲ အတိတ်ကိုတဖန်ပြန်ရောက်သွားသည်။ နွဲ့တင်နဲ့ကျွန်တော် ရီးစားဘဝမှာကတည်းက သိပ်ချစ်လွန်းလို့ သူ့မိဘတွေခွဲနေသည့်ကြားထဲမှ ရအောင်ယူခဲ့ကျသည်။သူ့မိဘတွေက အလွန်ချမ်းသာတာကြောင့် သူ့သမီးပညာတတ် ချောချောလေးကို ကျွန်တော့်လိုဘုန်းကြီးကျောင်းသား တကောင်ကြွက်နဲ့သဘောမတူခဲ့ရခြင်းဖြစ်သည်။
‎”ဘဘ ဘဘ”
‎ခြံရှေ့မှ ကလေး၏ခေါ်သံကြောင့် အတွေးစများပြတ်သွားသည်။
‎”ဘဘ သားကိုလေ ထမင်းလေးကျွေးပါလား သားထမင်းမစားရတာ ၃ ရက်လောက်ရှိပြီ ဘဘခိုင်းချင်တာသားကို ခိုင်းလို့ရပါတယ်”
‎ပုံမှန်ဆိုရင် ဦးဘစီကလေးမချစ်တတ်ပါ ကလေးမှမဟုတ် ပတ်ဝန်းကျင်နဲ့လည်း ဖာသိဖာသာနေတတ်သူတယောက်ဖြစ်သည်။သို့သော်ကလေး၏ပုံစံမှာ ရုပ်လေးကသန့်ပြန့်နေသော်လည်း ပေပေတေတေဝတ်ထားပြီး အင်မတန်ဗိုက်ဆာနေသည့်ပုံစံပေါက်နေသည်။
‎”မခိုင်းပါဘူးကွာ အပေါ်က အုပ်ဆောင်းအောက်မှာ ထမင်းနဲ့ ကြက်ဥကြော်ရှိတယ်ငါးပိရည်လဲရှိတယ် တက်စားလိုက်”
‎ကောင်လေးမှာ အိမ်ပေါ်ကိုပြေးတက်သွားပြီး ဇလုံကြီးကြီးတလုံးထဲ ထမင်းအပြည့်ထည့်၍ ငါးပိရည်ဖြင့်နယ်ကာ အားရပါးရစားနေသည်။
‎ထို့နောက် စားပြီးသွားသောအခါ ပန်းကန်ဆေးပြီး ဦးဘစီနားတွင်ငုတ်တုတ်လေးလာထိုင်နေသည်။
‎”ဘဘ ဘာလိုချင်လဲ သားကိုထမင်းကျွေးတဲ့အတွက် သားတခုခုပြန်ပေးချင်တယ်”
‎”ဟားး ဟားး”ဦးဘစီ မှာဟက်ဟက်ပက်ပက်ရီလိုက်ပြီး
‎”မင်းတောင်ထမင်းစားစရာ မရှိလို့ငါ့ဆီလာတောင်းစားတာကို မင်းကဘာပေးနိုင်မှာမလို့လဲ”
‎”ဘာမဆိုပေါ့ ဘဘလိုချင်တာဘာမဆို”
‎ ကောင်လေးက မျက်လုံးစူးစူးဖြင့် မော့ကြည့်ပြီးဖြေလိုက်သောကြောင့် ဦးဘစီမျက်မှောက်ကုတ်သွားရလေသည်။
‎”အေးးး အဲ့တာဆို သေသွားတဲ့ငါ့မိန်းမကို ပြန်တွေ့ချင်တယ်ကွာ ”
‎ကလေးမှာ ခပ်ပြုံးပြုံးဖြစ်သွားပြီး
‎”အဲ့တာဆို ဒီသကြားလုံးလေးငုံထားလိုက်ဘဘ ဝါးမစားနဲ့နော်”
‎ကောင်လေးကအိတ်ထောင်ထဲက အခွံမပါတဲ့သကြားလုံးရဲရဲလေး တလုံးအားထုတ်ပေးလေသည်။
‎ဦးဘစီလဲပြုံးစိပြုံးစိဖြင့် သကြားလုံးအား စငုံသောအချိန်‌တွင် ချဉ်စူးစူးအရသာကိုရပြီးချိုလာသော‌အချိန်တွင် ခေါင်း‌ထဲမှမူးဝေလာသည်။ထို့နောက်အလင်းတန်းစူးစူး တခု ပေါ်လာပြီး မြင်ကွင်းများလဲပြောင်းလဲသွားသည်။
‎ဥိီးဘစီမှာ တိမ်တွေနှင့်အနီးဆုံးတောင်ကုန်း တခုပေါ်ရောက်နေပြီး အောက်တွင်မြက်ခင်းများကလဲစိမ်းစိုနေသည်။မနီးမဝေးတွင်လဲ ကြည်လင်နေသော ရေပြင်ကျယ်ကြီးအားတွေ့လိုက်ရသည်။
‎”ငါ ရောက်နေတာကောင်းကင်ဘုံများလား”
‎ဦးဘစီမျက်လုံးများကိုလက်ဖြင့်အခါခါပွတ်၍ ကြည့်နေမိသည်။
‎”ခင်ဗျားရောက်နေတာ အချိန်ရဲ့နေရာဘဲ ကိုဘစီ”
‎ခပ်လှမ်းလှမ်းကနေလာ‌နေတဲ့ကောင်လေးတယောက်၏အသံဖြစ်သည်။ကောင်လေးမှာ အသက်၇နှစ်လောက်အရွယ်ကတနေ ခြေတလှမ်းလှမ်းတိုင်း ပိုပြီးအသက်ကြီးလာသည်။
‎‌ကောင်လေးဦးဘစီအနားသို့ရောက်သောအချိန်တွင် အသက်၃၀အရွယ်လူလတ်ပိုင်းပုံစံဖြစ်သွားသည်။
‎”ခင်ဗျားရဲ့ လက်ကျန်အချိန်က သိပ်မကျန်တော့ဘူးကိုဘစီ အသက်ရှင်ရခြင်းရဲ့အစစ်အမှန်ကို ရှာတွေ့နိုင်ပါစေ”
‎ပြောပြီးပြီးခြင်း ကောင်လေးမှာ မဲနက်နေတဲ့ ကျီးကန်း တကောင်ပုံပြောင်းသွားပြီး ကောင်းကင်ပေါ်သို့ပျံဝန်းပျောက်ကွယ်သွားသည်။
‎ဦးဘစီလဲအရာအားလုံးကိုအံ့ဩမှင်သက်နေသောအချိန်တွင် ရထားတစီး၏နီးနီးကပ်ကပ် ဥဩဆွဲသံကိုကြားလိုက်ရသည်။ထို့နောက်
‎ရေပြင်ကျယ်ကြီးအားဖြတ်သန်းမောင်းနှင်လာသော အဖြူရောင် ရထားကြီးပေါ်မှ မိန်းကလေးငယ်တဦးဆင်းလာသည်။
‎”လာ ကိုဘစီ ကျွန်မနောက်လိုက်ခဲ့”
‎ဦးဘစီလဲမိန်းမငယ်လေး လက်ဆွဲရာ ရထားပေါ်သို့ ကျောက်ရုပ်ကြီးတရုပ်လိုပါလာသည်။
‎ရထားပေါ်တွင်မည်သူတဦးတယောက်မျှမရှိဘဲတိတ်ဆိတ်ငြိမ်သက်နေသည်။ထို့နောက်ခုံပေါ်သို့မျက်နှာခြင်းဆိုင် အနေအထားဖြင့် ထိုင်လိုက်ကျပြီးကောင်မလေးမှာပြတင်း‌ပေါက်ဘက်ကိုငေး၍မျက်လုံးများကိုမှိတ်ကာ ပြုံးနေသည်။ကိုဘစီကောင်မလေးကိုသေချာကြည့်လိုက်သောအခါ
‎”ဟင် နွဲ့ မင်း နွဲ့ မလား”
‎အသက်၂၀ အရွယ် နွဲ့ အားပြန်တွေ့လိုက်ရသည်။ ထို့နောက် ကောင်မလေးမှာပြုံး၍ ဦးဘစီရဲ့လက်ကိုတင်းတင်းကိုင်ထားတယ်။
‎”နွဲ့ ကိုယ်မင်းကိုလွမ်းနေခဲ့တာ ကိုယ့်ကိုပါမင်းနဲ့အတူတူဘာလို့မခေါ်သွားတာလဲကွာ အီးဟီးဟီး”
‎ထိုအချိန်တွင် ရှေ့သို့ခုတ်မောင်းနေသောရထားမှာ ရပ်သွားပြီးအနောက်သို့ နောက်ပြန်သွားနေသည်။ပြတင်းပေါက်မှ လယ်ကွင်းများကလဲပျောက်ကွယ်သွားပီးရပ်ကွက်တခုထဲသို့ နှေးနှေးဖြတ်မောင်းနေသည်။ ရထားကိုရောဦးဘစီကို ရောမည်သူမျှ မြင်မည့်မဲ့ပုံ‌ေတာ့မပေါ်ပါ။
‎ပြတင်းပေါက်မှ မြင်လိုက်ရသည့်မြင်ကွင်းမှာ အကြော်ဆိုင်တွင် အကြော်လာတောင်းနေသောကလေးမလေးအား ဦးဘစီအကြော်ငါးခုထည့်ပေးလိုက်ပြီးကောင်မလေးမှာအလွန်ပျော်၍‌အိမ်သို့ပြန်သွား‌ေသာမြင်ကွင်းဖြစ်သည်။ထို့နောက်ကလေးမလေးမှာ ဦးဘစီ၏ အကြော်ဆိုင်ထဲသို့ ခရေပန်းများသီ၍ မနက်တိုင်းလာချိတ်တော့သည်။
‎မြင်ကွင်းများကလဲနောက်တနေရာသို့ပြောင်းရွှေ့သွားပြန်သည်။ ဦးဘစီ ခဲတံနှင့်စာအုပ်ဝယ်ပေးလိုက်သောကောင်လေးမှာ ဆရာဝန်တယောက်ဖြစ်လာပြီး ဦးဘစီကိုနေ့စဉ် ကန်တော့ပြီးအိပ်နေသောမြင်ကွင်းဖြစ်သည်။
‎ထို့နောက် ဦးဘစီကူညီဖူးသူ လူတွေတိရစ္ဆာန်‌ေတွ ရဲ့ပျော်ရွှင်မှူတွေ ပြောင်းလဲမှုတွေရဲ့ပုံရိပ်ယောင်တွေကိုတခုပြီးတခုမြင်လာရသောကြောင့် ဦးဘစီလဲပျော်လာသည်။
‎နောက်ဆုံးမြင်ရသောမြင်ကွင်းမှာ မွေးကင်းစကလေးငယ်အားဘုန်းကြီးကိုလာအပ်သော နာမကျန်းဖြစ်နေသည့်မိန်းမကြီးတယောက်အား မြင်လိုက်ရသည်။
‎”အရှင်ဘုရားတပည့်တော်မ အသက်ရှင်ဖို့ရာအချိန်ဘယ်လောက်မှမကျန်တော့ပါဘူး သူ့ရဲ့အဖေကလဲ ပန်းရံလုပ်ရင်းအမြင့်ပေါ်ကနေပြုတ်ကျပြီး ဆုံးသွားပါပြီဘုရား ဒါ့ကြောင့်အရှင်ဘုရား အား မောင်ဘစီလေးကိုလာအပ်တာပါ ဘုရား”
‎ဦးဘစီ၏ မျက်ရည်များဟာဒလဟောစီးဆင်းလာသည်။လာစွန့်ပစ်ခဲ့သည့်မိဘများကို ငယ်ငယ်ကတည်းက မုန်းနေခဲ့သည်မှာ ယခုအချိန်ထိဖြစ်သည်။ဦးဘစီနောင်တအကြီးအကျယ်ရသွားသည်။
‎”ကိုဘစီ ရှင်ဟာမွေးကတည်းကတယောက်တည်းမွေးလာခဲ့တာပါ ရှင့်မှာလှပတဲ့နှလုံးသားလဲရှိတယ် ရှင့်ကြောင့်ပျော်ရွှင်ခဲ့ရတဲ့သူတွေ ဘဝပြောင်းလဲသွားတဲ့သူတွေကိုရှင်မြင်တယ်မလား ၊
‎ရှင့်ရဲ့ လက်ကျန် အချိန်ကိုအကောင်းဆုံးဖြတ်သန်းပါ ။ဘယ်သူ့အပေါ်မှ အငြိုးအတေးမထားပါနဲ့မမုန်းပါနဲ့ အရာရာဟာသူ့အကြောင်းနဲ့သူမို့ အသက်ရှင်တုံးခဏမှာ ပျော်ပျော်ရွှင်ရွှင်နေပါ ဒါကျွန်မရဲ့နောက်ဆုံးလက်ဆောင်ဘဲ”
‎”ကိုယ်နားလည်ပါပြီ နွဲ့ရယ် ကိုနားလည်ပါပြီ
‎ကိုယ်အသက်ရှင်ချင်သေးတယ် ကိုယ်လူတွေအများကြီးကိုကူညီချင်သေးတယ်”
‎ဦးဘစီ မျက်ရည်များစီးကျနေပေမဲ့ ပြုံးပျော်လာသည် ။ပြတင်းပေါက်မှ လေများဟာလဲ တဝုန်းဝုန်းတိုက်လာပြီး အရာအားလုံးအမှောင်ကျသွားသည်။
‎ဦးဘစီနိုးလာအချိန်တွင် နာရီကိုကြည့်လိုက်သောအခါ မနက်၄နာရီဖြစ်ပြီးဘေးနားက အလွန်မွှေးပျံ့သောရနံ့ကြောင့် အလွန်ဗိုက်ဆာသွားသည်။မြင်လိုက်ရသည်မှာ အကြော်စုံစုံလင်လင်ထည့်‌ထားသော ဗန်းအကြီးကြီးတခုဖြစ်သည်။
‎#Yamin
လိုအပ်တာများရှိရင်အကြံပြုနိုင်ပါတယ်ရှင်