အိပ်မက်အကြွင်း

Posted on

အိပ်မက်အကြွင်း(စ/ဆုံး)

———————-

သွားတော့…. မမကြည်ရေ။
အသံကထွက်မလာဘဲ ရင်ထဲမှပဲကျယ်လောင်သွားတယ်။ပါးပြင်ပေါ်ကျလာတဲ့မျက်ရည်စတွေကို လက်ခုံနဲ့အသာအယာတို့သုတ်လိုက်တော့ အစ်ကိုက ထားရဲ့ပခုံးစွန်းကိုခပ်ဖွဖွလေးပွေ့ဖက်လာတယ်။

အစ်ကို့မျက်နှာမှာ စိတ်မကောင်းခြင်းများစွာ ထင်ဟပ်နေတာ ထားသတိထားမိပါတယ်။ အစ်ကိုက ကားနောက်ခန်းမှာ ထားနဲ့အတူဝင်ထိုင်ရင်း ထားလက်ဖဝါးလေးတစ်ဖက်ကိုလမ်းတစ်လျှောက်လုံး ဖိညှစ်ဆုပ်ကိုင်ထားခဲ့တာ။ မျက်ဝန်းထောင့်စွန်းက အလိုလို​စိမ့်ကျလာတဲ့ မျက်ရည်စတွေကို ထား…တစ်သျှူးစလေးနဲ့ တို့သုတ်လိုက်တယ်။မှန်ဝက်ချထားတဲ့ကားပြတင်းကနေ အပြင်ကိုငေးလိုက်တော့ လှုပ်ရှားသွားလာနေတဲ့ မမကြည်ရဲ့ပုံရိပ်က မြင်ကွင်းတွေကိုကျော်ပြီး အတွေးထဲပေါ်လာတယ်။

“ထားရေ…ထမင်းဘူး အသင့်ဖြစ်ပြီနော်။ကော်ဖီလေးကိုဖျော်ပြီး အနွေးဘူးနဲ့ ကျုပ် ထည့်ပေးလိုက်တယ်´´

မမကြည်က ထုံးစံအတိုင်း မူကြိုခြင်းလို့ ထားတို့ခေါ်နေတဲ့ ခြင်းအသေးလေးကို ထမင်းစားပွဲပေါ်မှာ လာတင်ရင်းပြောတယ်။ နှစ်ထပ်ဆင့် ထမင်းဘူးအပြားလေးကို ခြင်းအောက်ခြေမှာထည့်ပြီး တစ်ဖက်မှာ ကော်ဖီထည့်ထားတဲ့အနွေးဘူး၊တစ်ဘက်မှာ ရေသန့်ဘူးလေးကို ခပ်စောင်းစောင်းလေးထည့်ထားတာကိုကြည့်ပြီး…

“မမကြည်…အခုလိုပြင်ပေးထားတော့ အငယ်နှစ်ယောက်ကျောင်းတက်တုန်းက ထား…လုပ်ပေးခဲ့ဖူးတာ သတိရမိရော၊ ထား တက္ကသိုလ်တက်တဲ့အချိန်တုန်းက
ထားညီမလေးနှစ်ယောက်က အလယ်တန်းကျောင်းသူတွေပဲ ရှိသေးတာ။တစ်ယောက်တည်း စီးပွားရှာရုန်းကန်ရတဲ့ အမေ့ကို ထား…ကူနိုင်တာဆိုလို့ ကျောင်းမသွားခင်နဲ့ ကျောင်းကအပြန် မီးဖိုချောင်ဝင်ပေးတာလေ။မနက် …အမေမထခင် ထားကစောစောထပြီးထမင်းချက်။ပြီးရင် အငယ်နှစ်ယောက်အတွက်ထမင်း
ချိုင့်ပြင်ပြီး ဒီလိုမူကြိုခြင်းထဲမှာထည့်ပေးထားခဲ့တာ။´´

ထားက တခုတ်တရဆိုမိတော့ မမကြည်ရဲ့မျက်နှာလေးညှိုးသွားတယ်။

“ကျုပ်ကတော့ အငယ်တွေနဲ့ပတ်သက်ပြီး မှတ်မှတ်ရရ
ရှိပေါင် ထားရယ်။ကျုပ်၁၅နှစ်အရွယ်မှာ သူများအိမ်ကို အိမ်ဖော်အဖြစ်ရောက်နေရပြီ။ကျုပ် ၄တန်းမှာ အဖေဆုံးလို့ ကျောင်းထွက်လိုက်ရတယ်။ အငယ်တွေလည်း ကျုပ်လိုပဲ ၄၊၅တန်းနဲ့ထွက်ကြရတာပါပဲ။အမေက နောက်လင်ယူလိုက်တယ်လေ။ အားကိုးရှာတဲ့ကျုပ်တို့အမေ…သူ့နောက်လင်က လုပ်ကျွေးဖို့နေနေသာသာ သူ့အရက်ဖိုးတောင် ကျုပ်အမေက ပြန်ရှာပေးနေရတာ။ ကျုပ်အလုပ်လုပ်မဲ့အိမ်က ကောင်းလားဆိုးလား အမေစိတ်မဝင်စားဘူး။ ပွဲစားနဲ့အတူလိုက်လာပြီး ငွေကြိုထုတ် ကျုပ်ကို ထားပစ်ခဲ့တာ။ကျုပ် စစချင်းရောက်တဲ့အိမ်တုန်းက အဝတ်လျှော်တဲ့နေ့ ကျုပ်မမေ့ဘူး။ အရောင်ကျွတ်တဲ့အင်္ကျီမှန်းကျုပ်မှမသိဘဲ ထည့်စိမ်မိလိုက်တာ သူ့သားအင်္ကျီအဖြူစွန်းသွားလို့ဆိုပြီး ကျုပ်ကိုဆဲလိုက်တာ။ပြီးတော့ ကျောက်စရစ်သေးသေးလေးပေါ် ကျုပ်ကိုဒူးထောက်ခိုင်းပြီး ခေါင်းပေါ်မှာရေဇလုံကြီးရွက်ထားရသေးတာ။အဲဒါအပြစ်ပေးတာတဲ့။ဘယ်လောက်ပဲနာခဲ့နာခဲ့ ကျုပ်လေ မျက်ရည်ပဲကျပိုင်ခွင့်ရှိခဲ့တယ်။ အော်မငိုရဲခဲ့ဘူး။

ဒီလိုနဲ့ အိမ်နဲ့ဝေးလာခဲ့တာ..အင်း…မောင်နှမတွေနဲ့ပတ်သက်ပြီး ကျုပ်မှတ်မိတာဆိုလို့အမေက အရီးမြတို့တောမှာ ပဲသွားနှုတ်တုန်း အလတ်မမိကဲ ဖျားလို့ ကျုပ်သူ့ကိုကျောပိုးပြီး ဝမ်းဆွဲဆရာမဆီပြေးတာကိုပဲ။ ကျုပ်တို့ရွာမှာ ဖျားဖျား၊ပိုးထိထိ၊ကလေးပဲမွေးမွေး အဲ့ဆရာမဆီပဲသွားကြတာကိုး။အငယ်ကောင် ဖိုးဦးနဲ့တော့ သိပ်ပြီးသတိရစရာမရှိဘူး။သူက အမေ့အသည်းကျော်လေ။ အမေသွားတိုင်းပါရာစိန်….။ဪ…ထားလည်း ကျုပ်ပြောတာ နားထောင်နေတာနဲ့ ကျောင်းနောက်ကျတော့မှာပဲ….´´

မမကြည်ရဲ့ဘဝအပိုင်းအစလေးတွေကို ဒီလိုပဲ ထားနားထောင်ခဲ့ရတာ။ မနှစ်က သင်္ကြန်အကြိုမရောက်ခင် တစ်ရက်အလိုမှာ ထားညီမတွေက ထားတို့လင်မယားကိုလာကန်တော့ကြတယ်။ ထားနဲ့အစ်ကိုကို ဆက်တီပေါ်မှာထိုင်စေကာ ထားညီမတွေက တမံတလင်းမှာထိုင်ပြီးကန်တော့တာ။ ဒီအချိန်ဆို အမေကို ထားတို့ညီမတွေသွားကန်တော့နေကြကိုတွေးမိလိုက်တာရော၊အမေမရှိတော့ အမေ့ကိုယ်စား အမကြီးအမိရာထားပြီး လာကန်တော့တာဆိုတဲ့ အငယ်မလေးစကားကြောင့် ဝဲတက်လာတဲ့ မျက်ရည်တွေခိုးသုတ်နေတုန်းမှာ အခန်းထောင့်မှာ ပြုံးပြုံးလေးရပ်ကြည့်နေတဲ့ မမကြည်ကို ထားတွေ့လိုက်ရတယ်။ထားနဲ့အကြည့်ချင်းဆုံတော့ မမကြည် မီးဖိုခန်းထဲပြေးဝင်သွားတယ်။

ညီမတွေကို တစ်ခုခုကျွေးဖို့ မီးဖိုခန်းဘက်ထအလာမှာ ထား ထင်ထားသလိုပါပဲ ကျောပေးထားတဲ့မမကြည်ဆီက ရှိုက်သံလေးတစ်ချက်ကြားလိုက်ရတယ်။ မမကြည်ရဲ့စိတ်ထဲကအတွေးတွေ ထားပုံဖော်တတ်နေပါပြီ။မမကြည်လည်း သူ့ညီမတို့ သူ့မောင်တို့ကိုသတိရမိမပေါ့။

“ထားရဲ့ညီမလေးတွေက သိတတ်လိုက်တာနော်။ပြီးခဲ့တဲ့ သီတင်းကျွတ်တုန်းကလည်း လာကန်တော့တာပဲ။ ကျုပ်ညီမတွေ မောင်တွေကတော့ ငွေလိုချင်တဲ့အချိန်ပဲ ကျုပ်ကိုဖုန်းဆက်တာ။ကျန်တဲ့အချိန် ကျုပ်ရှိတယ်လို့ တွေးမိပုံမပေါ်ပါဘူး။ ဟိုတစ်နေ့ကတော့ မိကဲဆီက မခေါ်စဖူး ဖုန်းတွေခေါ်လာတော့ ကျုပ်မှာပျော်လိုက်ရတာ။ကျုပ်ကို သတိရတယ်ပေါ့။ဘယ်ဟုတ်မလဲ မရွှေချောက သင်္ကြန်မှာ ကုသိုလ်လုပ်ချင်လို့ ၊ ငွေလေးနည်းနည်းလောက်ချေးပါတဲ့။ ကုသိုလ်ရေးအတွက်မို့ ကျုပ်ထုတ်ပေးလိုက်ပါတယ်။ ကျုပ်ကတော့ နှစ်သစ်ကူးရင် ကျုပ်ညီမတို့မောင်တို့ကိုချေးပေးထားတဲ့ငွေတွေ လျှော်ပစ်လိုက်တာပါပဲ။
သင်္ကြန်တွေ ဘယ်နှစ်ခါတောင်ပြီးသွားပြီလဲ။အငယ်တွေက အစ်မကြီးမို့ ကန်တော့ချင်လိုက်တာဆိုတဲ့စကား …အဟင်း..ကျုပ်ကြားခဲ့ဖူးပေါင်တော်။ ကျုပ်လည်း တစ်ခါတစ်လေ အငယ်တွေ ကန်တော့တာတော့ ခံချင်သား´´

ထားညီမလေးတွေအတွက် မုန့်တို့ ကော်ဖီတို့၊ မနက်က ချက်ပေးထားတဲ့ မုန်းဟင်းခါးပွဲပြင်ပေးရင်း မမကြည်က တစိမ့်စိမ့် ရင်ဖွင့်တယ်။ အငယ်တွေကို မသိမသာ စိတ်ထဲက ယှဉ်မိသွားရင်း မမကြည်ရဲ့ အားမလိုအားမရ စကားသံလေးတွေ ပွင့်လာတယ်ထင်ပါတယ်။မမကြည်နဲ့ ထားတို့အတူနေလာခဲ့တာ လေးနှစ်နီးပါးရှိလာပြီပဲလေ။မမကြည်က ထားတို့အတွက် မိသားစုဝင်တစ်ယောက်နဲ့မခြားပါပဲ။ ထားကကျောင်းသွားနေတဲ့အချိန် အစ်ကိုက စက်ရုံကိုသွားနေတဲ့အချိန်မှာ အိမ်မှာကိုယ်တစ်ခြမ်း လေဖြန်းသွားတဲ့အမေ့ကို ပြုစုဖို့ လူခေါ်ရင်းနဲ့ မမကြည်နဲ့ဆုံကြတာ။

အစက မနက်ကနေ ညနေထိပဲ အမေ့ကိုပြုစုစောင့်ရှောက်ဖို့ခေါ်ပေမဲ့ မမကြည်က နေစားငြိမ်းမှ အဆင်ပြေမှာ လစာလည်းညှိပေးပါလို့ပွဲစားကတစ်ဆင့်ကမ်းလှမ်းလာတယ်။ ထားတို့မိသားစုကလူလည်းနည်းတယ်၊တစ်ထပ်တိုက်လေးလည်းဖြစ်တာမို့ မမကြည်လက်ရှိလုပ်နေတဲ့ နေရာထက် လစာ အတော်လေးနည်းပေမဲ့ မမကြည်က လာလုပ်တာပဲ။အဲလိုနဲ့ ထားတို့ဆီကို မမကြည်ရောက်လာခဲ့တာ။

ထားတို့ဆီမရောက်ခင်က မမကြည်က ရှမ်းတရုတ်မိသားစုဆီမှာ အလုပ်လုပ်ခဲ့တာတဲ့။ မိသားစု သုံးစုပေါင်းနေတဲ့တိုက်မှာ မမကြည်တစ်ယောက်တည်းကပဲ ဒိုင်ခံပြီး ထမင်းချက်ပေးရတာ၊တစ်အိမ်လုံးက အဝတ်တွေကို စက်နဲ့လျှော်ပေမဲ့အောက်ထပ်မှာနေတဲ့အဘိုးနဲ့အဘွားက သူတို့အဝတ်တွေ စက်နဲ့လျှော်တာမကြိုက်လို့ သီးသန့် လက်နဲ့လျှော်ပေးရတာ၊အပေါ်နှစ်ထပ်က မိသားစုနှစ်ခုက ကလေးထိန်းသီးသန့်ငှားထားပေမဲ့ အခန်းသန့်ရှင်းရေးကျ မမကြည်ကိုယ်တိုင်ဝင်လုပ်ပေးတာကိုပဲ စိတ်ချယုံကြည်တာမို့ အခြားလူမခေါ်တော့ဘဲ မမကြည်ကို လစာပိုပေးပြီး လုပ်ခိုင်းခဲ့တာ၊လူဦးရေနည်းနည်းများတာရော၊အထပ်မြင့်ဖြစ်နေတာရောမို့ လစာကောင်းပေမဲ့ လူပင်ပန်း၊စိတ်ပင်ပန်းရတယ်တဲ့။အဲ့မှာစလုပ်တုန်းက မမကြည်အသက်က လေးဆယ်လောက်ပဲရှိသေးတာတဲ့။ အောက်ဆုံးထပ်က လျှော်ပြီးသားအဝတ်တွေ အပေါ်မိုးစလပ်ပြင်ရှိတဲ့အထိ တက်လှမ်းတဲ့အခါ၊အဝတ်တွေသွားရုတ်တဲ့အခါမှာတော့ သုံးထပ်တိုက်ကို တက်လိုက်ဆင်းလိုက်လုပ်ရတဲ့အချိန် သေချင်စော်နံနေတာပဲ ၊အဲလိုကြိတ်ညည်းပေမဲ့ မမကြည်အဲဒီဆီမှာကို သုံးနှစ်လောက်ကြာခဲ့တာတဲ့။အလုပ်အားလုံးပြီးရင် သုံးထပ်ရဲ့အပေါ်ဆုံးစလပ်ပြင်မှာ သံဖရိန်၊ကျောက်ပြားကာ အခန်းလေးက မမကြည်ရဲ့ နားခိုရာတဲ့။မမကြည်ရဲ့အမေလည်းမရှိတော့သလို ညီမနဲ့မောင်လေးကလည်း အိမ်ထောင်တွေကျဆိုတော့ အလုပ်ထွက်မယ်စဉ်းစားမိတိုင်း ဘယ်ကိုပြန်ရမလဲဆိုပြီး အိမ်ပျောက်ခဲ့တာမို့ အလုပ်လည်းတော်တော်နဲ့မထွက်နိုင်ခဲ့တာတဲ့။

မမကြည်ရဲ့အမေမရှိတော့တဲ့နောက်ပိုင်း အလုပ်လုပ်လို့ရတဲ့ငွေတွေက အိမ်ထောင်သည် အငယ်တွေအတွက် တို့တိတိချေးပေးတာနဲ့ သိပ်ပြီးလက်ထဲအဖတ်မတင်ခဲ့ဘူးတဲ့။ အိုစာမင်းစာဆိုလို့ နှစ်ကျပ်သားဆွဲကြိုးတစ်ကုံးနဲ့ ငါးမူးသားလက်ကောက်တစ်ရံပဲရှိတယ်တဲ့။ အသက်ငါးဆယ်ပြည့်ရင် မမကြည်က ရွာကိုပြန်ပြီး ယာလေး လယ်လေးဝယ်မယ်၊အစုချပြီးပဲ အေးအေးဆေးဆေးနေတော့မယ်တဲ့။

အဲဒီအိပ်မက်တွေကို မမကြည် အကောင်အထည်မဖော်နိုင်ခဲ့တော့ဘူး။ မနေ့ညက မမကြည် မူးတယ်မူးတယ်ဆိုပြီး လဲကျသွားလို့ ဆေးရုံကိုပို့ပေမဲ့ ဦးနှောက်သွေးကြောပေါက်ပြီး ဆုံးသွားခဲ့တယ်။ မမကြည်ရဲ့သက်မဲ့ခန္ဓာကိုယ်ကို ရင်ခွဲရုံမှာ ထားခဲ့ရတယ်။ မမကြည်ရဲ့ညီမနဲ့ မောင်လေးဖုန်းနံပါတ်တွေက ထားတို့ကတစ်ဆင့် မမကြည်က kpay လွှဲပေးနေကြမို့ မှတ်ထားဖြစ်တာနဲ့ ဖုန်းဆက်အကြောင်းကြားပေးခဲ့တယ်။ မမကြည်မောင်ရဲ့ဖုန်းက စက်ပိတ်ထားပေမဲ့ မမကြည်ညီမဆီကတော့ ခေါ်ခေါ်ချင်းကိုင်တယ်။ မမကြည်ဆုံးသွားပြီလို့ ထားပြောလိုက်တော့ တစ်ဘက်က စက္ကန့်ပိုင်းလောက် အသံတိတ်သွားတယ်။

“အစ်မရဲ့အလောင်းက ရွာကိုသယ်လို့လည်း ဘယ်လိုမှအဆင်ပြေမှာမဟုတ်ဘူး။ သယ်လို့ရအုံး …ရွာ့ပြင်မှာပဲထားရမှာ။သေတဲ့သူကသေသွားပြီပဲ …ဆရာမရယ်။ဒါကြောင့် ဆရာမတို့ပဲ အသုဘချဖို့ ကြည့်စီစဥ်ပေးပါ။
မနက်ဖြန်ရွာကားကမထွက်တော့ နောက်တစ်ရက်မှပဲ ကျုပ်တို့လာနိုင်မှာ။´´

မမကြည်ရဲ့ ညီမနဲ့မောင်ကို စောင့်ပြီး သူတို့ရောက်တဲ့အချိန်နဲ့မှန်းကာ နာရေးကိုစီစဉ်ခဲ့ရတယ်။မမကြည်ကိုသယ်ဆောင်သွားတဲ့ နိဗ္ဗာန်ယာဉ်ရယ်၊ ထားတို့လင်မယားနဲ့ မမကြည်ရဲ့ညီမနဲ့မောင်လိုက်ပါလာတဲ့ ကားတစ်စီးရယ်၊ အိမ်နီးချင်းတချို့ပါတဲ့ကားတစ်စီးရယ်….။

ကားပေါ်မှာ လက်ကိုင်ပဝါလေးနဲ့ထုတ်ထားတဲ့ မမကြည်ရဲ့ ဆွဲကြိုးနဲ့လက်ကောက်ရယ်၊ ကြွပ်ကြွပ်အိတ်မဲတစ်လုံးနဲ့ထည့်ထားတဲ့ မမကြည်ကျန်ခဲ့တဲ့ ငွေစက္ကူအချို့ရယ်ကို ပေးတဲ့အချိန်တုန်းက မမကြည်ရဲ့ညီမနဲ့မောင် လက်တွေအပြိုင်လှမ်းကြတာ။သူယူထားမယ် ငါယူထားမယ် တီးတိုးငြင်းခုန်နေကြမှုက မမကြည်ကို သင်္ဂြိုလ်စက်ထဲထည့်တော့ချိန်မှာတော့ ရပ်တန့်သွားပါတယ်။အစ်မ လို့ ပြိုင်တူအော်ကာငိုသံတွေဆူညံခဲ့တဲ့ မမကြည်ရဲ့ နောက်ဆုံးခရီး။

မီးသင်္ဂြိုလ်စက်၏ မီးခိုးတွေ ကောင်းကင်သို့လွှတ်တက်သွားချိန်မှာ ထားရဲ့မျက်ဝန်းထောင့်မှ မျက်ရည်တစ်စက်က အစ်ကို့လက်မောင်းပေါ် ပြုတ်ကျသွားတယ်။ အစ်ကိုက ထား၏ပခုံးကို ပွေ့ဖက်လာပါတယ်။

မမကြည်ရဲ့ကြွင်းကျန်ရစ်ခဲ့တဲ့အိပ်မက်လေး​… အသက်ငါးဆယ်ပြည့်ရင် ရွာပြန်မယ်၊ ယာလေးလယ်လေးဝယ်မယ်၊ အစုချပြီး အေးအေးဆေးဆေးနေမယ်တဲ့။

မမကြည်ရဲ့အသံလေးကြားယောင်မိတော့ မျက်ရည်က ဝဲလာပြန်တယ်။

“မမကြည်ရေ… နောက်ဘဝမှာတော့ ကိုယ့်အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ပါစေ။ ကိုယ့်အတွက်ရော၊ သူများအတွက်ပါ အသက်ရှင်နေခဲ့ရတဲ့ ဒီဘဝ..အခုတော့အနားယူပါတော့ ´´

ထားက ငိုသံတိုးတိုးနဲ့ ပြောလိုက်တယ်။ကောင်းကင်ကို ထားမော့ကြည့်လိုက်တဲ့အခါတိမ်တွေကြားမှာ မမကြည်ရဲ့ မျက်နှာလေး ပေါ်လာသလိုပဲ။

အိမ်အပြန် ကားပေါ် တက်လာချိန် ထားရဲ့ဘေးနားက ခုံမှာ မမကြည် ရောက်နေတယ်လို့ ထားခံစားမိတယ်။ ဒီတစ်ခါတော့ မမကြည်ကို လူချင်းမဟုတ်ပေမဲ့ အမှတ်တရချည်းသက်သက်နဲ့။

ဒါပေမဲ့ အဲဒီအမှတ်တရဟာ မမကြည်နဲ့အတူရှိခဲ့ကြတဲ့အချိန်တွေဖြစ်ပြီး ထားရဲ့နှလုံးသားထဲမှာ နွေးထွေးစွာ ကျန်ရစ်ခဲ့တယ်။ ဘယ်တော့မှ မပျောက်ပျက်နိုင်တဲ့ အရာလေးတစ်ခုအဖြစ်ပါ..မမကြည်။မမကြည်က ထားတို့အတွက်မိသားစုဝင်တစ်ဦးလိုပါပဲ။ထားတို့နဲ့မမကြည် တစ်မိုးအောက်မှာ ရှိခဲ့ဖူးပါတယ်

ပြီးတော့ ထားသိလိုက်တဲ့ အရာတစ်ခုလည်းရှိပါသေးတယ်။အဲဒါက…မိသားစုဆိုတာ သွေးသားတော်စပ်မှမဟုတ်ပါဘူး၊ ကိုယ်ချင်းစာတတ်တဲ့ နှလုံးသားတွေ ဆုံခဲ့ရင်လည်း..မိသားစုလို့ခေါ်နိုင်တယ်ဆိုတာ……

ခင်ဦး