အိုကံ(စ/ဆုံး)
——–
ကျမတို့ အရပ်ထဲရွာထဲမှာ ကြားနေကျစကားလေးတခွန်းက အိုကံကောင်းလိုက်တာ၊အိုကံမကောင်းရှာဘူး ဆိုတဲ့ လက်သုံးစကားလေးပါ။ဒီစကားလေးကို ကျမ မကြာခဏ ကြားခဲ့ဖူးပေမဲ့ မေ့မေ့ပျောက်ပျောက်ပါပဲလေ။
ခုရက်ပိုင်း ဆောင်းနှင်းတို့မဝေလှသေးပေမဲ့ ဆောင်းမနက်ခင်းလေးအစကတော့ အေးစပြုပေပြီ။ကျမတို့အိမ်နားက အမေသန်းရဲ့ မုန့်ပျားသလက်ပူပူလေးကလဲ အေးချမ်းတဲ့မနက်ခင်းလေးနဲ့ လိုက်ဖက်စွာ စားလို့ကောင်းမှကောင်း။မေကြီးသန်း၊အမေသန်းလို့ ခေါ်ကြတဲ့ မုန့်ပျားသလက်သည် အမေကြီးသည် ဆံပင်တို့က ဆွတ်ဆွတ်ဖြူလေပြီ။လူကလဲ ပိန်ကပ်ခါ သွားတို့ကကျိုးတဲ့ကျဲတဲ။အမေသန်းရဲ့ရုပ်ရည်သည် အဖွားအိုတို့၏ ရုပ်လက္ခဏာအပြည့်နှင့်ဆိုသော်လည်း လူကတော့သန်စွမ်း ကျန်းမာနေပါသေးသည်။
ကျမ မနက်ဖက် မုန့်ထွက်ဝယ်ရင်း “အမေသန်း အသက်ဘယ်လောက်ရှိပြီလဲ”ဟု မေးမြန်းမိတော့ “သမီးရေ အမေ့သက် ၅၅ ရှိပြီ””အို အမေသန်းရယ် အသက်က သိပ်မကြီးသေးပဲကိုး သမီးဖြင့် ၇၀နားကပ်ပြီကို မှတ်နေတာ” “အေး ဟုတ်တယ် အမေသန်းက ဆိုးခဲ့ မိုက်ခဲ့တာကိုး ၊ ဒါနဲ့ ဆင်းရဲ၊ဆင်းရဲတော့ အိုလွယ်တာပေါ့အေ” ဟု အစချီကာ သူ့ဘဝဇာတ်ကြောင်းခင်းပြတော့သည်။
အမေသန်းတွင် မမစန်းဆိုသော အစ်မတယောက်ရှိလေသည်ဟု ဆိုပါသည်။အမေသန်း အမေကတော့ အမေသန်းငယ်စဉ်ကပင် ဆုံးရှာလေသည်။အမေသန်းအဖေသည် သမီးလေးနှစ်ယောက် လူလားမြောက်အောင်ပြုစုပျိုးထောင်ပေးခဲ့ပေမဲ့ သမီးကြီးကိုသာ အလုပ်မှန်သမျှခိုင်းခဲ့သည်။နို့တောင်ကောင်းကောင်းမပြတ်သေးပဲ အမေသေသွားသော အမေသန်းကိုတော့ သနားကရုဏာပိုကာ ဘာမှမခိုင်း ပူဆာတာဝယ်ပေးခဲ့လေသည်။ဒီလိုနဲ့ သမီးတွေအရွယ်ရောက်တော့ ညီမနှစ်ယောက်စလုံး အိမ်ထောင်ရက်သားအသီးသီးကျကြလေသည်။သမီးကြီးဖြစ်သူ စန်းစန်းကို ယောင်နောက်ဆံထုံးပါထည့်လိုက်ပြီးမှ သမီးငယ်ဖြစ်သူ သန်းသန်းကိုတော့ သမက်အပါ အိမ်ပေါ်ခေါ်တင်ထားသည်။
မစန်းတို့ လင်မယားသည် အလုပ်ကိုရှေ့နောက်တက်ညီလက်ညီကြိုးစားသူများပီပီ စီးပွားရေးအဆင်ပြေလာသည်။သားတယောက်၊သမီးတယောက်တိုးပွားလာချိန်၌ အိမ်နဲ့ဝန်းနဲ့ နေနိုင်ပေပြီ။မသန်းတို့ လင်မယားကား သမီးနှစ်ယောက်ရသည့်တိုင် ရရစားစား ပိုသည်လျှံသည်ဆိုဝေးရော၊အဖေရဲ့ အိုစာမင်းစာစုဆောင်းငွေလေးတောင်မချန် သုံးလို့ကုန်လေပြီ။လင်မယားနှစ်ယောက် စီးပွားရေးတခုကို ကြာရှည်မလုပ်ဘဲ ဟိုအလုပ်ပြောင်းဒီအလုပ်ပြောင်းနှင့်။မသန်းကလဲ နှစ်လုံးထီ၊သုံးလုံးထီလေးက ဝါသနာပါလိုက်သေးသည်။မသန်းယောကျင်္ားကိုဌေးသည်လည်း အရက်သောက်တတ်သည့်အပြင် နောက်မယားငယ်ပါပေါ်သဖြင့် မသန်းတို့ လင်မယားကွဲကြပြန်သည်။အဖေကြီးသည် အသက်အရွယ်ကြီးရင့်လာသည့် ဇရာဒဏ်နှင့် မသန်းအတွက် ကြောင့်ကျစိတ်ပေါင်းကာ ဆုံးပါးသွားပါသည်။
အဖေကသေ ယောကျာ်းကနောက်မိန်းမယူသွားသော မသန်းသည် နာကျင်မှုကို အလောင်းကစားဖြင့်အစားထိုးသည်။အလုပ်ရယ်လို့ မလုပ်တော့ဘဲ နှစ်လုံး၊သုံးလုံးထိုး ၊ ဖဲဝိုင်းထိုင်ခါ ဖဲပါရိုက်တတ်လာသည်။အကြွေးတွေပတ်ပတ်လည်တင်သည့်တိုင် အလုပ်လုပ်ဖို့ စိတ်မကူးသေး။ မစန်းက ပြောဆိုဆုံးမသော်လည်း “အစ်မ နင်လဲ နင့်ဘဝနဲ့ နင် ငါလဲ ငါဘဝနဲ့ ငါပဲ နင်ဝင်မပါနဲ့ “ဟု အစ်မဖြစ်သူမစန်းကို ရန်ထောင်လေသည်။ နောက်ဆုံးတော့လဲ လောင်းကစားတို့ထုံးစံအတိုင်း ငွေမြော ငွေနဲ့လိုက်ရင်း မိဘလက်ငုတ် ခြံဝန်းလေးအား ပိုင်းကာ ပိုင်းကာရောင်းလိုက်ပုံများ နေစရာမကျန်တော့တဲ့အထိပင် ရောင်းကုန်ခဲ့သည်။ထိုမှစ၍ မသန်း
တယောက် သမီးလေးနှစ်ယောက်ပါခေါ်ကာ အရပ်ထဲမှာ ပျောက်သွားခဲ့သည်။
ခင်ပွန်းဟောင်းဖြစ်သူ ကိုဌေးကို အကူအညီရလိုရငြားရှာဖွေခဲ့သော်လည်း တွေ့ကားတွေ့၏။သူသည်လည်း ပြေလည်သူမဟုတ် မယားငယ်ရှာကျွေးတာထိုင်စားနေကြောင်းသိရခါ ပြန်လာခဲ့သည်။သောကတွေပတ်လည်ဝိုင်းရင်း နေရပ်ဆီလဲ မပြန်ချင်တော့ပေ။တောမက မြို့မကျ နယ်မြို့လေးတမြို့မှာ နေထိုင်းရင်း အဝတ်လျော်၊ထမင်းချက် ကြုံရာကျပန်းလုပ်ခါ သားမိ တွေ ဝမ်းရေးကို ဖြေရှင်းရသည်။လောကဓံမျိုးစုံ ဖန်အထွေထွေခုန်ရင်း ခုတော့လဲ မွေးရပ်မြေလေးကို ပြန်ရောက်မိသည်။သမီးလေးတွေလဲ အိမ်ထောင်ကိုယ်စီကျပြီ။မသန်းဘဝမှ အမေကြီးသန်းဟု အရပ်ထဲကခေါ်ကြတော့သည်။တကယ်တော့ မသန်းထက့် ၅နှစ်ကျော်ကြီးသောမစန်းသည် အရွယ်တင်ဆဲပင်။မစန်းကိုတော့ အရပ်ထဲက အမေကြီးတပ်မခေါ်သေး မမစန်း၊
အန်တီစန်း ဟုသာ ခေါ်ကြဆဲ။အစစအရာရာအဆင်ပြေနေသော မစန်းက ဖြူတဝက်ဆွတ်ချင်သောဆံပင်တို့ကို ကော်ဖီညိုရောင်ဆိုးထားလေတော့ နဂိုဖြူသော အသားအရည်နှင့်ဟပ်ကာ အရွယ်တင်စေလေသည်။အဝတ်အစား အနေအထိုင်ကွာလေတော့ ညီမနှစ်ဦး၏ ရုပ်ရည်၊အရွယ်ကိုပါ ကွာစေလေသည်။
မေကြီးသန်းသည် သူတို့ညီမနှစ်ဦး၏ ဘဝဖြစ်ပုံအစုံကို ပြောပြနေရင်း သူ့အစ်မဖြစ်သူအတွက် ဂုဏ်ယူနေရှာသည်။”အစ်မကြီးလိမ္မာခဲ့လို့ ၊ ကြိုးစားခဲ့လို့ ချမ်းသာကြောင်း””သူမဘဝကိုတော့ ထူးပြီးဝမ်းနည်းဟန်မပြ၊ငယ်စဉ်က အလိုလိုက်ခဲ့သော သူမအဖေ့ကိုသာ တမ်းတသတိရဟန်ရှိသည်။ကျမသည် အမေသန်းပြောသော စကားများကို နားထောင်ရင်းမှ “အိုကံ”ဆိုသောစကားလေးကို သတိရမိသည်။ငယ်စဉ်အခါ ပညာ၊စီးပွား ရှာသင့်ချိန် ရှာဖွေစုဆောင်းတတ်ပါမှ အိုကံကောင်းမည်။အလုပ်လုပ်ရမည့်အချိန် အလုပ်မလုပ်ပါဘဲ စိတ်အလိုလိုက်ခါ နေပျော်သလိုနေတတ်သည့်သူများသည် ဘဝနောက်ဆုံးအရွယ်၌ ဆင်းရဲခြင်းကိုသာ အဖေါ်ပြုရတတ်သည်ကို အမေသန်းတို့ညီမနှစ်ယောက်က ဖေါ်ပြနေသယောင် တွေးမိပါတော့သည်။
နှင်းစနေ(ရွှေဘို)
13.11.2022(SUN)