” အောက်လမ်းဘိုးထင် နှင့် နည်းမှန်လမ်းမှန် ”
====================================
◾အခန်း (၁)
မှိုင်တွေငေးငိုင်နေသည့် မျက်နှာကိုယ်စီရှိကြသော လူငယ် တစုအား တင်ဆောင်လာသော လှည်းလေးသည် ပေပင်အသေနှင့်အရှင်များ ရောယှက်ပေါက်ရောက်နေသည့် လှည်းလမ်းလေးအတိုင်း တရွေ့ရွေ့သွားနေသည်။ထိုပေပင်များရှိပြီး ရွာအဝင်ကို အလုံးစုံမြင်နေရသော နေရာအရောက် သူတို့သည်လှည်းကို ရပ်တန့်လိုက်ပြီး ထိုမြင်ကွင်းအား ရီဝေနေသော မျက်ဝန်းတို့ဖြင့် ငေးကြည့်နေကြသည်။ထို့နောက် လှည်းမောင်းသည့်လူငယ်မှ စတင်၍ စကားဆိုလေသည်။
“ဟေ့ကောင်တွေ မင်းတို့ ဘယ်အချိန်ထိကြည့်မှာလဲ နေပူလာပြီဟ ”
“နောက်ဆုံးအနေနဲ့ ကျုပ်တို့ အဝကြည့်ပါရစေဗျာ နောက်ဆို ကျုပ်တို့က ဒီရွာနဲ့ မသက်ဆိုင်သူတွေ ဖြစ်တော့မှာဗျ”
“မင်းတို့ကလည်း ပိုကို ပိုတယ်ကွာ လာစမ်းပါ အိမ်ရောက်ရင် အဘကို ငါ ပြောကြည့်ပါ့မယ် မရရင် ငါတို့ပါ လိုက်မယ်ကွာ ”
လှည်းပေါ်တွင် စကားပြောနေသူများမှာ မောင်ဘိုးထင်တို့အဖွဲ့ ဖြစ်ပေသည်။သူတို့သည် မြောက်ပြင်ရွာလူကြီး၏သမီး ဖြစ်သူကို မခေါ်နိုင်ခဲ့သဖြင့် ပေပင်ရွာလူကြီးမှ သူတို့အား ရွာမှ နှင်ထုတ်တော့မည် ဖြစ်သည်။ထိုအတွက် ရွာ၏အလှအပများကို နောက်ဆုံးအနေဖြင့် ကြည့်နေခြင်းဖြစ်သည်။မောင်ဘိုးထင် ပေတူးနှင့် သာအေးတို့၏ လွမ်းလွမ်းဆွေးဆွေးအကြည့်ကို စိတ်မရှည်ဖြစ်နေသည့် လှည်းမောင်းသူ သာရမှ အနောက်မှ ထိုင်၍ ရွာကိုငေးနေသောသူတို့အား စကားလှမ်းဆိုလိုက်သည်။
“ဟေ့ကောင်တွေ မောင်းရမှာလား ရပ်ထားရမှာလား ခွီးတဲ့မှပဲ ရွာလည်း သုံးပတ်လောက် လှည့်ပြီးသွားပြီ အခုထိ ကြည့်လို့မဝသေးဘူးလား”
“ဟာဗျာ အဲ့လိုတော့ မပြောပါနဲ့ ကျုပ်ရဲ့ဇာတိမဟုတ်ပေမဲ့ ဒါကျုပ်ချစ်တဲ့ရွာဗျ နောက်ဆို ကျုပ်တို့က ရွာနဲ့လားလားမှ မသက်ဆိုင်တဲ့သူတွေ ဖြစ်တော့မှာ ”
“တော်စမ်းပါ ဘိုးထင်ရာ မင်းတို့နဲ့အတူ ငါလည်းပါမှာပါဟ ”
“ခင်ဗျားတို့ကို မခေါ်ရက်ပါဘူးဗျာ ဒါ ကျုပ်တို့ကိစ္စပဲ ခင်ဗျားတို့က သက်သက်ကူညီတာ ခင်ဗျားတို့နှစ်ယောက်နဲ့ မဆိုင်ပါဘူးဗျာ ”
ဆွေးဆွေးငေးငေးပြောလိုက်သော ပေတူး၏စကားကြောင့် သာရနှင့် ဖိုးထွေးစိတ်မကောင်းဖြစ်သွားပြီး
“ငါတို့ လွှတ်ပေးလိုက်လို့ဖြစ်တာ အဘကို ပြောကြည့်တာပေါ့ ကဲ သာရရေ အိမ်ကိုပဲ မောင်းကွာ ”
ဖိုးထွေးစကားဆုံးသည်နှင့် သာရသည် လှည်းအား စတင်မောင်းနှင်လိုက်လေသည်။လှည်းပေါ်မှ မောင်ဘိုးထင်တို့သုံးယောက်သည်ကား လမ်းဘေးဝဲယာတလျှောက်ကို ငေးမောစွာကြည့်ပြီး တိတ်ဆိတ်ငြိမ်သက်စွာလိုက်ပါလာကြပါလေတော့သည် ။
◾အခန်း (၂)
သာရမောင်းသော လှည်းလေးသည် ရွာလူကြီး၏အိမ်သို့ ဆိုက်ရောက်လာပြီ ဖြစ်သည်။သူတို့လှည်း ဝင်လာသည်ကို မြင်သော ရွာလူကြီးသည် နွားစာစင်းနေရာမှ ရပ်လိုက်ပြီး ခိုတွဲနေသော ချွေးစလေးများကို သုတ်လိုက်ကာ
“ဟေ့ကောင်တွေ ရောက်လာကြပြီလား”
“ဟုတ်ကဲ့”
“မြောက်ပြင်လူကြီး သမီးကို တခါတည်းပို့ပေးခဲ့တာလား”
“ဗျာ အဲ့ အဲ့တာလေ ”
“ဘာလဲ ရှာမတွေ့ ခဲ့ဘူးလား”
ရွာလူကြီးမှ မေးသောအခါ သားဖြစ်သူ ဖိုးထွေးသည် လှည်းပေါ်မှ ခုန်ဆင်းလာကာ
“ဒီလို အဘရော ကျုပ်တို့တွေ မြောက်ပြင်ရွာလူကြီးသမီးကိုတွေ့ခဲ့တယ် အဘပဲ စဉ်းစားကြည့်ဗျာ သူတို့နှစ်ယောက်က သိပ်ချစ်ကြတာဗျ အဲ့တာနဲ့ ကျုပ်နဲ့ သာရက မခွဲရက်လို့”
“မခေါ်ခဲ့ဘူးလား ”
“အဘက သဘောပေါက်လွယ်သားပဲ ”
“လွယ်တယ်လေကွာ ကဲ မင်း ဘာပြောချင်တာတုန်း ပြောစမ်း ပြီးအောင် ပြော ”
“ကျုပ်တို့က ကိုယ်ချင်းစရာတရားထားပြီး သူများလင်မယားကို မခွဲတာ အဘလည်း ငယ်ရာက ကြီးတာပဲဗျာ ဒါတွေနားလည်မှာပါ အဲ့ဒီတော့ ဒီကောင်တွေကို ပေးမဲ့ပြစ်ဒဏ်တွေကို ရုတ်သိမ်းပေးဖို့ အဘရဲ့သားတယောက်အနေနဲ့ ကျုပ်က မေတ္တာရပ်ခံ”
“မင်းတို့နှစ်ယောက်ပါ ရွာက ထွက်ကွာ ”
“ဗျာ ”
ဖိုးထွေးသည် ဟိတ်ဟန်အပြည့်နှင့် သူ၏အဘကို နားချလို့မှ မဆုံးခင် ရွာလူကြီးသည် သူ၏သားတော်မောင်နှင့်အတူ သာရကိုပါ မောင်ဘိုးထင်တို့နည်းတူ ရွာမှ ရွာနှင်ဒဏ်ပေးလိုက်ပြီးနောက် အိမ်ပေါ်သို့ တက်ကာ တံခါးပိတ်ထားလိုက်တော့သည်။
ငေးငိုင်သွားသော ဖိုးထွေးအား သာရသည် အခြေအနေမဟန်မှန်းသိ၍ လှည်းပေါ်မှ မဆင်းပဲ နွားကြိုးကိုကိုင်ထားရင်းမှ လှမ်း၍ စကားဆိုလိုက်သည်။
“ကဲ ဖိုးထွေးရေ တို့တော့ ရွာအပြင်မှာ တဲထိုးနေရမဲ့ကိန်းဆိုက်ပြီ။အိမ်ပြန်ရင်လည်း လှည်းတွေနွားတွေ အဘက ငါ့ကို ပြန်မပေးပဲနေလိမ့်မယ် တခါတည်း ရွာအပြင်မှာသာ နေရအောင်ကွာ”
“ရက်စက်လိုက်တဲ့အဘကွာ သားဆိုလို့ ငါတယောက်တည်း ရှိတာတောင် ဒီလို ရက်စက်မယ်လို့ မထင်မိဘူးကွာ ”
“ကဲ ကြေကွဲမနေနဲ့ အဖော်တွေအများကြီးပဲ ကိုဖိုးထွေး လာဗျာ ဒီလောက် အကြင်တရားမရှိတဲ့လူကြီး ဒီလိုရွာလူကြီးအုပ်ချုပ်တဲ့ရွာမှာ မနေဘူး ဒီရွာနဲ့ ခပ်ဝေးဝေးမှာ နေမယ် ”
သာအေး၏အော်ကျယ်အော်ကျယ် စကားဆုံးသည်နှင့် ရွာလူကြီး၏အိမ်တံခါးပွင့်လာသဖြင့် သကောင့်သား သာအေးသည် အိမ်ဝိုင်းအပြင်သို့ ထွက်ပြေးပြီး
“ဘိုးထင် ငါ ရွာအပြင်ကို ထွက်နှင့်မယ်”
“မင်းကလည်း ကြောက်တတ်လိုက်တာ နှစ်ယောက်မရှိဘူး”
သာအေးသည် တံခါးဖွင့်သံကြားသည်နှင့် တခါတည်း လမ်းဘက်ရောက်နေပြီ ဖြစ်သည်။အမှန်မှာတော့ တံခါးဖွင့်လာသောသူမှာ ရွာလူကြီးမဟုတ် ရွာလူကြီး၏ကတော် ဖိုးထွေး၏မိခင်သာဖြစ်သည်။ဖိုးထွေးသည် သူ၏မိခင်ကြီးအား မြင်သည်နှင့်
“အမေ ကျုပ် သွားတော့မယ် ကျုပ်ကို မလိုလားတဲ့ ပတ်ဝန်း ”
“နင် သောက်စကားများလိုက်တာ ရော့ နင့်အဝတ်စားတွေ လာပေးတာ ”
ဖိုးထွေး၏မိခင်ကြီးသည် ထိုမျှသာပြောပြီး ပုဆိုးနှင့် ထုတ် ထားသော အဝတ်ထုတ်အား အိမ်ပေါ်မှနေ၍ လှမ်းပစ်ချပေးလေသည်။ထို့နောက် ကျွန်းတံခါးကြီးအား ပိတ်ချလိုက်လေ၏။ ထိုမြင်ကွင်းအား ဆွေးဆွေးငေးငေးကြည့်နေသော ဖိုးထွေး သည်
“ဘယ်တုန်းကတည်းကများ ကျုပ်ကို နှင်ချချင်နေတာလဲ အဘနဲ့ အမေ ”
မျှော်လင့်ချက်မဲ့ပြီမို့ လှည်းတစီးဖြင့် ရွာအပြင်ကိုသာ ထွက် လိုက်ကြပါလေတော့သည် ။
◾အခန်း (၃)
“ရယ်တော့ ရယ်ရသားဟ ”
“မင်းကလည်း ဒုက္ခရောက်နေပါတယ်ဆို ဘာလို့ရယ်ချင်နေတာလဲ ”
“ရယ်ရတာပေါ့ကွာ အခုခေတ်က လူတယောက်ကို နှင်လို့ရတဲ့ ခေတ်မှ မဟုတ်တာ ငါတို့က ဘာလို့ ရွာအပြင်ထွက်ရမှာလဲ ဒီရွာက အများပိုင်ကွ ငါ့အဘတယောက်တည်း ပိုင်တာမဟုတ်ဘူး ”
မောင်ဘိုးထင်တို့သည် လှည်းကို ရွာအပြင်ကုက္ကိုလ်ပင်အရိပ် အောက်တွင် ရပ်ကာ စကားဆိုနေခြင်း ဖြစ်သည်။ဖိုးထွေးနှင့် သာရသည်ကား ရွာမှ နှင်ထုတ်သည်ဆိုတာ အဓိပ္ပါယ်မရှိကြောင်းနှင့် သူတို့လက်မခံနိုင်ကြောင်းကို နှစ်ယောက်သားပြော နေကြသော်လည်း မြောက်ပြင်ရွာလူကြီး၏သမီးကို ခိုးပေးခဲ့သော မောင်ဘိုးထင်တို့မှာ ထိုသို့ မပြောနိုင်ကြပေ။
“ခင်ဗျားတို့ကတော့ ဟုတ်တာပေါ့ ကျုပ်တို့သုံးယောက်က ခင်ဗျားအဘစကားကို နားမထောင်လို့ မရဘူးဗျာ။တော်ကြာ ထောင်တွေတန်းတွေ မကျဘူးလို့ မပြောနိုင်ဘူး ”
“ဟုတ်တယ် ရွာအပြင်ထုတ်ခံရတာ ဘာမှမဖြစ်ဘူး တော်ကြာ မြို့ဂတ်တွေပို့ပြီး ထောင်ချနေမှ ဘဝက ဆုံးမှာ ”
“အေး ဟုတ်တယ် ကိုသာရနဲ့ ကိုဖိုးထွေး ခင်ဗျားတို့ဘာသာ ရွာထဲပြန်ရင် ပြန် ကျုပ်တို့တော့ ဒီမှာပဲနေမယ် တဲလေးတော့ ကူထိုးပေးခဲ့ဦး”
မောင်ဘိုးထင်တို့ သုံးဦးမှာဖြင့် ရွာနှင့်ခပ်လှမ်းလှမ်းနေရာတွင်သာ တဲထိုးဖို့ ကျန်နေလေသည်။ထိုအခါ ဖိုးထွေးသည် ပတ်ဝန်းကျင်အား တချက်အကဲခတ်လိုက်ပြီး
“ဒါ ဘယ်သူ့အကွက်တုန်း”
“ကိုမြကြီးအကွက်လေ ”
“အေး သူဆိုရင်တော့ မင်းတို့ကို နှင်မချလောက်ပါဘူး တဲထိုးမှာဖြင့် ထိုးကွာ စားဖို့သောက်ဖို့ကတော့ သိပ်မပူနဲ့ ရှာစားပေါ့”
ဖိုးထွေး၏စကားကြောင့် ကျန်သူများ သူ့အားစိုက်ကြည့်နေကြသည်။ထိုအခါ ဖိုးထွေးသည်
“ငါပြောတာ ဘာမှားလို့လဲကွ မင်းတို့ဘာသာ ရှာမစားလို့ ဘယ်သူက လာကျွေးမှာလဲ ”
“အေးပါဗျာ ဟုတ်ပါပြီ ခဏနားပြီးရင် တဲထိုးကြရအောင် မိုးဖို့ သက်ကယ်ကတော့ ကိုသာရရေ ခင်ဗျားပဲ ဒေါ်ခင်တုတ်ဆီကနေ ကွယ်ရင်မေ့ တွေ့တိုင်းတောင်းအနေနဲ့သာ ယူပေးဗျာ ”
“အေးပါကွာ အေးပါ ငါတို့ကတော့ ရွာအပြင် မနေနိုင်ဘူးနော် မင်းတို့လိုတာရှိရင် ပြော ”
“အေးပါဗျာ အေးပါ ”
မောင်ဘိုးထင်တို့သည် ရွာနှင့်အတန်လှမ်းသော ကိုမြကြီး၏ အကွက်တွင် တဲထိုးဖို့ စိုင်းပြင်းနေသည်။ရွာနှင့် အတော်နီးကပ်ပါက ရွာလူကြီးပြောမည် စိုးသောကြောင့် ရွာနှင့် လှမ်းသော နေရာတွင်သာ တဲထိုးခြင်းဖြစ်သည်။သာအေးနှင့် မောင်ဘိုးထင်တို့သည် သူတို့၏ အုပ်ထိန်းသူများကို တဲတိုင်အတွက်တွင်းတူးနေရင်းမှ အပြစ်တင်ပြောဆိုနေကြသည်။
“သာအေး မင်းအဘနဲ့ ငါ့အဘက မကောင်းပါဘူးကွာ ”
“ငါလည်း အဲ့တာပြောနေတာ တကယ်ဆို ကလေးတွေ ငယ်ပါသေးတယ် ရွာလူကြီးရယ် ဒီလိုတော့ မဆုံးဖြတ်ပါနဲ့ဘာနဲ့ ပြောရမှာ အခုတော့ကွာ ရွာလူကြီးသဘောတဲ့ သူတို့ကိုက ငါတို့ကို ရွာကနေ နှင်ချနေချင်ပုံပဲ ”
“အေးကွာ ငါ့ဖြင့် ငါ့အဘတယောက် ငါ့အတွက်နဲ့ စိတ်မကောင်းဖြစ်မယ် ထင်နေတာ သူက သူ့အပေါင်းအသင်းတွေနဲ့ တောင် ကြီးကောင်းကြီးမားနဲ့ ထန်းတောသွားတယ်တဲ့ကွာ ”
ဘိုးထင်၏စကားကို နားထောင်ပြီး တွင်းတူးနေသော ပေတူး သည် တချက်ပြုံးကာ
“ဟေ့ကောင် ပြောမရဘူး ဘကြီးအုန်းက မိန်းမတွေဘာတွေတောင်ယူမလား မသိဘူးနော် ”
“ယူတဲ့နေ့ ရက်လည်တဲ့နေ့ ဖြစ်မှာပဲဟေ့”
“သာအေး ငါ့အဘကို အဲ့လိုကြီးတော့ မပြောပါနဲ့ကွာ ”
သူတို့သုံးယောက် စကားတပြောပြောနှင့် တွင်းတူးနေကြစဉ် ဖိုးထွေးနှင့် သာရသည် လှည်းပေါ်၌ အမျိုးသမီးနှစ်ယောက်ကိုတင်ကာ ရောက်ရှိလာသည်။ထိုအမျိုးသမီးနှစ်ယောက်အား မောင်ဘိုးထင်တို့မြင်သောအခါ များစွာအံ့ဩမိနေသည် ။
“ဟိုမှာ ဒေါ်ပြုံးနဲ့ မဝိုင်းစိန် မဟုတ်လား”
“အေး ဟုတ်တယ် ဘာဒုက္ခများထပ်ပေးမလို့လဲ မသိဘူး”
မောင်ဘိုးထင်တို့သည် တဲတိုင်စိုက်ဖို့အတွက် တွင်းတူးနေရာမှ ရပ်လိုက်ပြီး သူတို့အလာကို စောင့်နေသည်။မကြာသော အချိန်တွင် လှည်းရပ်လိုက်သည်နှင့် အမေပြုံးနှင့် ဝိုင်းစိန်သည် လှည်းပေါ်မှ ဆင်းကာ ဝိုင်းစိန်မှ စကားဆိုလေသည် ။
“ငါ့မောင်တို့ကို အမ တောင်းပန်ချင်လို့ လာခဲ့တာပါ အခု ငါ့မောင်တို့ ရွာပြင်မှာ နေစရာမလိုတော့ဘူး ”
“ဗျာ ဘာဖြစ်လို့လဲ ”
ပေတူးမှာ နားမလည်၍ ဝိုင်းစိန်ကို မေးလေသည်။ထိုအခါ ဘေးတွင် ရပ်နေသော အမေပြုံးသည်
“ဒီလို မြေးတို့ရယ် အမေပြုံးတို့ မြေးလေးတို့ကို အသုံးချခဲ့မိတယ်။အခု လူလေးတို့က အမေပြုံးတို့အတွက် အနစ်နာခံပြီး ရွာအပြင်မှာနေရတော့မယ်ဆိုတာကို သိလို့ အမေပြုံး သားနဲ့ချွေးမကို သေချာရှင်းပြပြီး ရွာကို ပြန်လာခဲ့တာ အခု စုစုကို သူ့မိဘတွေဆီ အပ်ထားတယ်။လူလေးတို့လည်း ရွာအပြင်မှာ မနေရတော့ပါဘူး။ပေပင်ရွာလူကြီးကိုလည်း အမေပြုံး ပြောပြထားပြီးပြီ။အိမ်ပြန်ကြတော့နော် မြေးလေးတို့ အမေပြုံးတို့လည်းပြန်တော့မယ် ”
ဝိုင်းစိန်နှင့် အမေပြုံးသည် ထိုမျှသာပြောပြီး ခြေလျင်လျှောက်၍ ပြန်သွားကြလေသည်။သူတို့၏ မျက်နှာများမှာ မကောင်းပေ။မည်သည့်စကားမှ ကောင်းကောင်းမွန်မွန်ပြန်မပြောလိုက်ရဘဲ လမ်းလျှောက်၍ ပြန်သွားသော သူမတို့နှစ်ယောက်ကို လှည်းပေါ်မှ ကြည့်နေသော သာရအား မောင်ဘိုးထင် အမေးစကားဆိုလိုက်လေသည်။
“ကိုသာရ ဘယ်လိုတွေ ဘယ်လိုတွေ ဖြစ်ကုန်တာလဲဗျ ပြောစမ်းပါဦး”
“ပြောရမယ်ဆိုရင်တော့ ငါတို့ ရွာထဲ သက်ကယ်သွားဝယ်တာကွာ လမ်းမှာ မင်းတို့ကိုလိုက်ရှာနေတဲ့သူတို့နဲ့ တွေ့တာပဲ ကျန်တာကတော့ မင်းတို့ကို ပြောခဲ့သလိုပဲ ”
“သူတို့ မျက်နှာတွေလည်း မကောင်းဘူးနော်”
“ဘယ်ကောင်းမှာလဲကွ မင်းတို့အတွက်နဲ့ သူ့သားကို ပြောပြီး သူ့ချွေးမကို ပြန်အပ်လိုက်တာကိုး အခု သူ့သားနဲ့ စုစုက အရူးမီးဝိုင်းတွေ ဖြစ်နေပြီပေါ့ကွာ ကဲ ကဲ မင်းတို့ ဆက်ပြီး တူးမနေနဲ့ ရွာကိုပဲ ပြန်ကြမယ် မဟုတ်လား ”
မောင်ဘိုးထင်တို့ မည်သည့်စကားမှ ပြန်မပြောနိုင်။ခေါင်းကို ညိတ်၍သာ ဖြေလိုက်သည်။သူတို့၏စိတ်ထဲတွင်လည်း တယောက်ကိုတယောက် ဖက်ငိုနေသော စုစုနှင့် အမေပြုံး၏သားတို့အား မြင်ယောင်နေကာ စိတ်မကောင်းဖြစ်နေပါတော့သည်။
◾အခန်း (၄)
မောင်ဘိုးထင်တို့သည် အိမ်သို့ ပြန်ရောက်နေကြသော်လည်းပျော်ရွှင်ခြင်းအလျဥ်းရှိမနေကြဘဲ မျက်နှာများ ညှိုးနွမ်းနေကြသည်။ထို့အပြင် မောင်ဘိုးထင်၏အိမ်သို့ ရောက်လာသော ဦးအုန်းသည်လည်း မလုံမလဲနှင့် စကားဆိုလေသည်။
“ဘိုးထင် ကောင်လေး မင်းတို့ ငါ့ကို စိတ်ဆိုးနေတာလား ”
“မဟုတ်ပါဘူး အဘရာ ”
“ငါ မင်းအတွက် ဝက်သားနဲ့ ကြက်ကာလသားလေး လာပို့တာ”
“အဘရာ ကျုပ်ပဲ ပို့ပါမယ် အဘက အသက်ကြီးနေပါပြီ”
“မင်းကလည်း အထင်သေးလိုက်တာ ငါ အလတ်ကြီးရှိပါသေးတယ်ကွ ”
ထို့နောက် ဦးအုန်းသည် ငေးငိုင်နေသော မောင်ဘိုးထင်တို့ကိုကြည့်ကာ
“ပြောစမ်းပါဦး မင်းတို့ ဘာတွေဖြစ်နေတာလဲ ပြဿနာတွေလည်း ရှင်းပြီ မဟုတ်လား”
“ရှင်းတာတော့ ရှင်းပြီ အဘ ဒါပေမဲ့ သိပ်ချစ်ကြတဲ့ လူနှစ်ယောက်မှာတော့ ရှင်ကွဲ ကွဲနေတယ်ဗျာ”
“လင်မယားကွဲတဲ့ အသံလည်း ရွာထဲမှာ မကြားမိပါလား ဘယ်သူတွေ ကွဲလို့လဲကွ”
ဦးအုန်းသည် မောင်ဘိုးထင်တို့အားကြည့်ကာ ထပ်မံမေးမြန်း လိုက်ခြင်း ဖြစ်သည်။ထိုအခါ မောင်ဘိုးထင်တို့သည် စိတ်ပျက်သွားသည့်ဟန်နှင့်
“ကျုပ်တို့ ရွာမှာ သူတို့လောက် တယောက်ကိုတယောက် ချစ်တဲ့သူ မတွေ့သေးဘူး ”
“ကောင်လေး မင်းက တော်တော်အထင်သေးတာပဲ ငါ ရှိပါတယ်ကွ”
“ဟာ ဘကြီးအုန်းရာ ကြီးနေပြီ ရှက်လည်း မရှက်ဘူး သူ ပြောနေတာ မြောက်ပြင်ရွာက မဝိုင်းစိန်ရဲ့မောင် လင်မယားကို ပြောနေတာဗျ”
“အဲ့လိုလား ပြီးတာလည်း ပြီးပြီ မင်းတို့တွေ ဇာတ်လမ်းပြန်စမနေနဲ့ ကြားလား အခုတောင် ဟိုက လူစိတ်ရှိလို့”
“အဲ့လို လူစိတ်ရှိတဲ့လူတွေမို့ ကျုပ်တို့ အနေခက်နေတာပေါ့ ”
“ကဲ ဘာမှတွေးမနေနဲ့ ငါ ပြန်လိုက်ဦးမယ် ဟင်းတွေ မအေးခင် စားလိုက်ကြဦး ”
“ဟုတ်ကဲ့ ”
ဦးအုန်းသည် မှိုင်တွေငေးပြီး အိမ်အပြင်၌ ထိုင်နေသော မောင်ဘိုးထင်တို့အား ကြည့်ပြီး ခေါင်းယမ်းကာ အိမ်ဝိုင်းအပြင်သို့ ထွက်သွားလေသည်။သူထွက်သွားပြီး မကြာသောအချိန်တွင် ဖိုးထွေးတယောက် အိမ်ထဲဝင်လာပြီး အသံစာစာနှင့်
“ဟေ့ကောင်တွေ ငါ့နောက်လိုက်ခဲ့ မင်းတို့ကို အဘက ခေါ်ခိုင်းလိုက်တယ် ”
“ကိုဖိုးထွေး ကျုပ်တို့ မဟုတ်တာဘာမှ မလုပ်ဘူးနော် ခင်ဗျားအဘက ဘာလို့ခေါ်တာလဲ”
“လိုက်ခဲ့စမ်းပါကွာ လျှာရှည်လိုက်တာ ”
ဖိုးထွေးသည် ထိုမျှသာပြောပြီး အိမ်ဝိုင်းအပြင်ပြန်ထွက်သွားလေသည်။မောင်ဘိုးထင်တို့ လိုက်မလာသောအခါ နောက်တ ခေါက် ပြန်လှည့်လာကာ
“မင်းတို့ ကိုယ့်ကိုကိုယ် ဘာထင်နေတာလဲ ခွီးတဲ့မှပဲ လာပါဆို ဒီကောင်တွေတော့ကွာ”
ဖိုးထွေးခပ်မာမာခေါ်မှ သူတို့လည်း ဖိုးထွေး၏နောက်မှ ခပ်မြန်မြန်လိုက်သွားကြပါလေတော့သည် ။
◾အခန်း (၅)
“မင်းတို့ကိုခေါ်ရတာ တခြားတော့ မဟုတ်ဘူး ငါ ပြောစရာရှိလို့ပဲ”
“ဟုတ်ကဲ့ ဘကြီး”
“ပြောစရာရှိတယ်ဆိုတဲ့နေရာမှာ ရပ်ရွာအတွက်၊မိသားစုအတွက် မင်းတို့အတွက်လည်း မဟုတ်ပေဘူး ”
“ရွာလူကြီး ပြောစရာရှိတာ ပြောပါလားဗျ ထမင်းမစားရသေးဘူး ရွာလူကြီး စကားမြန်မြန်ပြောမှ ဖြစ်မှာ အခုလို အကြာကြီးစကားကြောင်းနေရင် ကျုပ်တို့ ထမင်းငတ်တော့မယ် ”
“ထမင်းဆိုတာ ဘယ်အချိန်စားစား ရတယ်ကွ”
“ထမင်း ဘယ်အချိန်စားစားက ဟုတ်ပါတယ် အဘပေးတဲ့ ဟင်းခွက်ကို ကွပ်ပျစ်မှာ ဒီအတိုင်းတင်ခဲ့ရလို့ ခွေးစားသွားရင်ငတ်မှာမို့ပါဗျ”
“မင်းတို့ကောင်တွေ အမြဲ အရာရာနဲ့ အကြောင်းကြောင်းပဲ ငါ့ကို မြောက်ပြင်ရွာလူကြီးက ပြောတယ် မဝိုင်းစိန်တို့မိသားစု သူ့သားဆီမှာ ပညာစွန့်ရင် သူတို့သမီးနဲ့ သဘောတူမယ်တဲ့ အဲ့တာ မင်းတို့ သွားပြောချေ ဒါပဲ မြန်မြန်အိမ်ပြန် တော်ကြာ ဟင်းပန်းကန်ခွေးစားတာ ငါ့ကြောင့်ဆိုပြီး ရွာထဲ လိုက်ပြောနေမှာ ကြောက်ရသေး သွား သွား”
ရွာလူကြီးသည် ရှည်ကား ရှည်၏။တိုပြန်တော့လည်း ယတိဖြတ် တိုလွန်းလှသည် ဤသည်ကား သူ၏အကျင့်ပင်တည်း။သူ့စကားဆုံးသည်နှင့် မောင်ဘိုးထင်တို့သည် ချက်ချင်းပင်တန်းလျားမှထ၍ အိမ်ဝိုင်းအပြင် ထွက်သွားလေပြီ ဖြစ်သည်။ သူတို့နောက် လိုက်ရန်ဟန်ပြင်နေသော ဖိုးထွေးအား ရွာလူကြီးမှ ဟန့်တားလိုက်သည်။
“ဟေ့ကောင် မင်းဘယ်သဝေထိုးမလို့လဲ သားတယောက် မွေးထားလို့ အားကိုးရမလား မှတ်တယ် အခုအချိန်ထိ အောက်ခြေ သိမ်းအလုပ်အကုန် ငါပဲ လုပ်နေရတယ် မင်း ငါ့ကို ကိုယ်ချင်းစာစမ်း ဟေ့ကောင်”
“အဘရာ ကျုပ်ကို မအော်ငေါက်ပါနဲ့ဗျာ ကျုပ်က အဘကိုကျန်းမာရေးကောင်းအောင် လုပ်ပေးနေတာပါဗျ ”
“ဘာဆိုင်လဲကွ ”
“ဆိုင်တာပေါ့ဗျာ တချို့တွေ အိမ်မှာနေပြီး ဘာမှမလုပ်တဲ့သူတွေကို ကြည့် ထိုင်ရာက ထတာတောင် တကျွတ်ကျွတ်နဲ့ အခု အဘက အလုပ်တွေလုပ်တော့ ဒီကိုယ်လုံးကြီးနဲ့ကို ဖားကြီးလို တလွှားလွှားနဲ့ ထနိုင် ထိုင်နိုင်နေတာ ကျုပ် ကျေးဇူးပေါ့ဗျ”
“ခွေးမသား ငါ့များ ဖားကြီးလိုတဲ့လား မင်း နေဦး ငါ့တုတ်နဲ့ တွေ့မယ် ”
“အဘရေ ကျုပ် ကြံခင်းထဲသွားလိုက်ဦးမယ် ကြံရွက်ကောက်လာတဲ့ ကောင်မလေးတွေက ကျုပ်ကို သောက်မြင်ကပ်လို့ဆိုပြီး ကြံပင်တွေကို နင်းချိုးခဲ့လို့ ”
အခြေအနေ မကောင်းတော့မှန်းသိသော ဖိုးထွေးသည် အလုပ်အကြောင်းပြကာ အိမ်ဝိုင်းထဲမှ ထွက်ပြေးလေသည်။ရွာလူကြီးမှာဖြင့် ပုဆိုးတပြင်ပြင်နှင့် ဒေါသထွက်ကာ ကျန်ရစ်နေခဲ့ပါလေတော့သည်။
◾အခန်း (၆)
ကြီးကျယ်ခန်းနားမှုမရှိ တောသဘဝအတိုင်း ဆောက်လုပ်ထားသော အိမ်လေး၏ အိမ်အောက်တန်းလျားတွင် ထိုင်ကာ တစုံတခုအားတွေးနေသော လူငယ်လေးတယောက်သည် တန်းလျားကျောမှီကို မှီလျက်မှ ခေါင်းမော့ကာ အိမ်ကြမ်းခင်းကို ငေးကြည့်နေသည်။သူ၏မျက်နှာသည် ကြေကွဲဝမ်းနည်းမှုအပြည့်ဖြစ်ပြီး ဘေးရှိ အမဖြစ်သူမှ သူ့အားချော့မော့ဖျောင်းဖျနေလေသည် ။
“မောင်လေးရယ် အမလည်း ဘယ်လိုမှမဖြစ်သာလို့ အခုလိုစီစဉ်ရတာပါ မောင်လေး ကိုယ်ချင်းစာရမယ်လေ ဟိုက အရွယ်တောင်မရောက်သေးတဲ့ကလေးတွေ အမတို့ကြောင့် ရွာပြင်မှာ ထွက်နေကြရမှာ အဲ့တာကြောင့်ပါ အမလည်း တကယ်စိတ်မကောင်းပါဘူး”
“ကျုပ် သိပါတယ် အမ ဒါပေမဲ့ ကျုပ်ရင်ထဲ မဖြေနိုင်သေးဘူးဗျာ ကျုပ်လိုပဲ စုစုရော ဘယ်လောက်လွမ်းနေမလဲ ”
မောင်ဖြစ်သူအား ချော့မော့နေသူမှာ ဝိုင်းစိန်ဖြစ်သည်။တခါက သူ၏မောင်ငယ်အတွက်နှင့် အပြစ်မရှိသောပေပင်ရွာမှ ကောင်လေးများကို ဒုက္ခရောက်စေခဲ့သည်။ကံကောင်းထောက် မ၍သာ သွေးထွက်သံယိုမဖြစ်ခဲ့ခြင်း ဖြစ်၏။ယခုတော့ သူတို့ကို ဒုက္ခပေးမိတာတွေအတွက် နောင်တရဖြစ်၍ မောင်ဖြစ်သူတို့ လင်မယားကိုခွဲကာ ကောင်လေးများအား ရွာပြင်ထွက်ခြင်းမှ ပြန်၍ ကူညီခဲ့သည်။ထိုအကျိုးဆက်ကား ယခုသူမ၏မောင်လင်မယား ဝေးခဲ့ရပြီဖြစ်သည်။မောင်ဖြစ်သူမှာလည်း သူတို့၏ အမှားကို ကောင်းစွာသိ၍ လက်ခံပြီး နေ့တိုင်းကြေကွဲဆွေးမြေ့လို့နေလေ၏။ယခုလည်း မောင်ဖြစ်သူအား အမကြီးမှ မည်သို့သော လုပ်ရပ်ဖြင့် မှိုင်တွေငေးပြီးဆွေးနေခြင်းမဖြစ်ရအောင် မည်သို့လုပ်ရမည်နည်းဟု တွေးနေစဉ် အိမ်ဝိုင်းထဲသို့ ကောင်လေးသုံးယောက်တို့သည် လွယ်အိတ်လေးများကိုယ်စီလွယ်လျက် ဝင်လာလေသည်။သူတို့ဝင်လာသည်ကို မြင်သောအခါ ဝိုင်းစိန်သည် အံ့ဩသောမျက်ဝန်းတို့နှင့် ကြည့်ကာ
“မောင်လေးတို့ ဘယ်ကနေ လှည့်ဝင်လာတာလဲ”
“ဒီကိုပဲလာတာ အမကြီး ”
“ဘာကိစ္စရှိလို့လဲကွယ့် ”
“ကျုပ် ပြောပြမယ် နေဦး အမေပြုံးရှိလား”
“မရှိဘူး ဟင်းရွက်သွားခူးတယ် ခဏနေ ရောက်တော့မှာပါ”
“သူ လာမှ ပြောမယ်ဗျာ ဒါနဲ့ ဟိုအကို ဘာတွေ့လို့လဲ ခေါင်းကြီးမော့ပြီး ကြည့်နေတာ ”
ဝိုင်းစိန်တို့၏အိမ်ထဲသို့ ဝင်လာသော ကောင်လေးသုံးယောက်မှာ မောင်ဘိုးထင်တို့အဖွဲ့ ဖြစ်သည်။
သူတို့သုံးယောက်အနက်မှ သာအေးသည် တန်းလျားလက် ရမ်းကို ကျောမှီပြီး အိမ်ကြမ်းခင်းကို မော့ကြည့်နေသော ဝိုင်းစိန်၏မောင် အောင်မော်အား မေးလိုက်ခြင်းဖြစ်သည်။သာအေး ၏ အမေးစကားကြောင့် တွေးဆွေးငေးနေသော အောင်မော် သည် ဟိုကြည့်သည်ကြည့်လုပ်ကာ
“ငါ့ကို ပြောတာလား”
“ခေါင်းမော့နေတာဆိုလို့ ခင်ဗျားပဲရှိတာလေဗျာ ”
“အေး ဘာမှမဟုတ်ပါဘူးကွာ ကြည့်ချင်လို့ကို ကြည့်နေတာ ”
အောင်မော် ပြောမိပြောရာ ပြောလိုက်ခြင်းဖြစ်သည် ။မကြာသောအချိန်တွင်တော့ အမေပြုံးသည် ပလိုင်းလေးကို လွယ်ပြီး ပြန်ရောက်လာ၏။ရောက်ရောက်ချင်း မောင်ဘိုးထင်တို့ကို မြင်သောအခါ အံ့ဩနေပြီး
“မြေးလေးတို့ရောက်နေတာလား ဘာကိစ္စရှိလို့လဲကွယ် ”
“ပြောရမယ်ဆိုရင်တော့ သားရေးသမီးရေးကိစ္စပေါ့ ”
“ဟင် ဘာပြောတာလဲ ”
အမြေပြုံးသည် ပေတူး ခပ်တည်တည်ဖြင့် ပြောလာသည့်စကားကို နားမလည်ဖြစ်နေသည်။ထို့နောက် ပလိုင်းကို စားပွဲခုံပေါ်တင်ပြီး တန်းလျားတွင် ဝင်ထိုင်လိုက်ကာ
“ပြောစမ်းပါဦးကွယ့် သားရေးသမီးရေးတဲ့ တယ်လည်းထူးဆန်းပါလား”
“အမေပြုံးရေ ပေတူးပြောတဲ့ သားရေးသမီးရေးဆိုတာ ဟောဒီက ခေါင်းမော့နေတဲ့အကို ”
“အောင်မော်ပါ ငါ့ညီရာ ”
“ဟုတ် ကျုပ်က နာမည်မသိလို့ပါဗျာ အမစုစုကိုပဲ သိတာ ခင်ဗျားကိုတော့ နာမည်မသိဘူး လိုရင်းကိုပြောမယ်ဗျာ ကျုပ်တို့ရွာလူကြီးကို ဒီက မြောက်ပြင်ရွာလူကြီးက ပြောတယ် အမေပြုံးတို့ ပညာတွေ သူ့သားဆီစွန့်ရင် သူ့သမီးနဲ့ ဒီက ကိုအောင်မော်နဲ့ သဘောတူမယ်တဲ့ဗျာ”
မောင်ဘိုးထင်၏စကားဆုံးသောအခါ အောင်မော်သည် ထိုင်နေရာမှ မတ်တပ်ရပ်လိုက်ကာ
“ငါ့ညီ တ တကယ်လား သူတို့က အဲ့ဒီလို ပြောတာလား”
“ရွာလူကြီးက လာပြောခိုင်းပါတယ်ဆိုမှ တကယ်ပေါ့ဗျာ ”
“အဲ့တာဆို အမေနဲ့ အမ ကျုပ် ကျုပ်ကို ကူညီပါဗျာ ကျုပ်တို့ပညာတွေ စွန့်ကြမယ်လေ ဒီပညာတွေက ကောင်းကျိူးလည်း မပြုပါဘူး ကျုပ်တို့ မကောင်းတာတွေ လုပ်နေတာ များပြီ။ သာမာန်ဘဝတွေနဲ့ပဲ ဘ၀ကိုဖြတ်သန်းကြရအောင်နော် အမ ”
အောင်မော်သည် သူ၏မိခင်ဖြစ်သူနှင့် အမဖြစ်သူတို့အား အားကိုးတကြီးစကားဆိုလေသည်။သို့ပေမဲ ဝိုင်းစိန်နှင့် အမေပြုံးသည်ကား အားကျိုးမာန်တက်အမူအရာမရှိလှပေ။သူမတို့ သည် တယောက်မျက်နှာတယောက်ကြည့်ကာ မျက်နှာများ မကောင်းကြပေ။ ထိုအခါ အောင်မော်သည်
“အမေနဲ့ အမ ဘာလဲ ကျုပ်တို့ပေါင်းဖို့ထက် အမေတို့ပညာ မစွန့်ရဖို့က ပိုအရေးကြီးနေတာလား အဲ့တာဆိုလည်း အမေတို့သဘောပဲ ကျုပ်ကတော့ အမေတို့နဲ့ မနေနိုင်တော့ဘူး ကျုပ်အိမ်ပေါ်ဆင်းမယ်ဗျာ ”
“နေပါဦး အောင်မော်ရယ် ငါ စဉ်းစားနေပါတယ်”
“ဘာစဉ်းစားစရာလိုလို့လဲဗျာ ကျုပ်တို့ပေါင်းရဖို့ ဒီနည်းလမ်းအပြင် မရှိတော့ဘူး ဒီအခွင့်အရေးက နောက်ထပ် ထပ်မရနိုင်တော့ဘူး အမေရ”
“အေးပါဟယ် နင့်အမနဲ့ တိုင်ပင်ပါရစေဦး ငါ့သားရယ် ”
အမေပြုံးမှာ မယားဇောကပ်နေသောအောင်မော်အား ချော့တလှည့် ခြောက်တခါနှင့် ပြောနေရသည်။မောင်ဘိုးထင်သည်လည်း အောင်မော်ကို ကြည့်ကာ
“ဟေ့လူ ခင်ဗျားကလည်း အဲ့ဒီလောက်ကြီး မယားတ မရူးစမ်းပါနဲ့ဗျာ သူတို့ တိုင်ပင်ပါစေဦး ”
“အေးကွာ သူ့ကိုဒီလောက်ဂရုစိုက်နေတဲ့ အမေနဲ့ အမကိုများ”
“အေးပါကွာ ငါစိတ်လောသွားလို့ပါ အမေနဲ့ အမ ကျုပ်တောင်းပန်ပါတယ်ဗျာ အမေနဲ့ အမ ကောင်းသလိုသာ လုပ်ပါ ကျုပ် လက်ခံမယ်”
“အေးပါ အောင်မော်ရယ် အဲ့လိုလုပ်ပါ ငါက နင့်အမေပါ နင် နစ်နာအောင် ငါ မလုပ်ပါဘူး”
မောင်ဘိုးထင်တို့ ဝိုင်းပြောသောအခါမှ အောင်မော်သည် မိခင်ဖြစ်သူအား ကောင်းမွန်စွာ စကားဆိုလေသည်။ထို့နောက်သူတို့သည် ဝိုင်းဝန်းဆွေးနွေးလိုက်ကြပြီးနောက် ပညာစွန့်ရာ တွင် ခက်ခဲသည့်အပိုင်းများကို ပြောပြရန် မောင်ဘိုးထင်တို့အား မြောက်ပြင်ရွာလူကြီးဆီသို့ သွားစေပြီး ပြောခိုင်းလိုက်ပါလေတော့သည် ။
◾အခန်း (၇)
နှစ်ဆောင်ပြိုင်အိမ်ကြီး၏အိမ်ဦးခန်းတွင် လူသုံးယောက်ထိုင်နေသည်။အမျိုးသားကြီးတယောက်၊လူရွယ်တယောက်နှင့် မိန်းမငယ်လေးတယောက် တို့ဖြစ်သည်။ထိုသူတို့မှာ မြောက်ပြင် ရွာလူကြီး ဦးတောက်ထွန်း၊သားဖြစ်သူ အထက်လမ်းဆရာအောင်ကြီးနှင့် သမီးဖြစ်သူ စုစုတို့ဖြစ်ကြသည်။ဦးတောက် ထွန်းသည် သူ၏ရှေ့တွင်ရှိသော ရေနွေးကြမ်းခွက်အား တကျိုက်မော့သောက်လိုက်ကာ စတင်စကားဆိုလေသည်။
“အောင်ကြီး အစောက ပေပင်ရွာက ကောင်လေးတွေ ပြောသွားတာ မင်းလည်း ကြားတယ်မဟုတ်လား ”
“ကြားတယ် အဘ သူတို့ပြောသလောက်လည်း မခက်ခဲပါဘူး ကျုပ်ပညာကို ကျုပ် ယုံပါတယ် ”
“ငါ့သား ကိုယ့်ကိုကိုယ် သိပ်အထင်မကြီးနဲ့ကွ မပြုံးနဲ့ ဝိုင်းစိန်တို့ရဲ့ပညာကလည်း မသေးဘူး ထင်တယ်နော် မင်း စွန့်ခိုင်းလို့ဖြစ်နိုင်ပါ့မလား”
“အဘက ကျုပ်ကို သိပ်အထင်သေးတာပဲဗျာ ဒီနယ်တကြောမှာ ဆရာအောင်တို့က နာမည်တလုံးနဲ့နေတာပါဗျ သူတို့ပညာလောက်ကတော့ ကျုပ် ကောင်းကောင်း လုပ်နိုင်ပါတယ် ”
“ပြီးတာပဲ ကဲ သမီး စုစု ညည်း တမှိုင်မှိုင်တတွေတွေ လုပ်မနေတော့နဲ့ သူတို့ပညာတွေ စွန့်ပြီးတာနဲ့ ငါကိုယ်တိုင် မင်္ဂလာဆောင်ပေးမယ် ကြားလား”
ဦးတောက်ထွန်းသည် ညှိုးငယ်နေသော သမီးဖြစ်သူ၏ မျက်နှာကိုကြည့်ကာ စကားဆိုလိုက်ဖြစ်သည်။သမီးဖြစ်သူ၏ အသံတိတ်ဆန္ဒပြမှုကြောင့် အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်မည့်အရာကို တွေးတောကာ ယခုကဲ့သို့ စီစဉ်လိုက်ရခြင်း ဖြစ် သည်။မကြာသောအချိန်က ပေပင်ရွာမှ မောင်ဘိုးထင်တို့သည် ဝိုင်းစိန်တို့ ပညာစွန့်မည့်အကြောင်း ပြောသွားပြီး အခက် အခဲအချို့ကိုပါ တခါတည်းပြောထားသည်။ထိုအခက်အခဲမှာ ပညာများကို ထုတ်ပေးမည့်ဆရာမှာ လုံလောက်သည့် အကျင့်စရဏမရှိက မလိုလားအပ်သည့်ပြဿနာများ ဖြစ်တတ်သည်ကို လာပြောခြင်းဖြစ်သည်။သို့ပေမဲ့ သားဖြစ်သူ အထက်လမ်ဘးဆရာအောင်ကြီးမှာ လုံးဝဖြစ်သည်ဟုသာ အတင်းပြောလာ၍ လာမည့်လကွယ်ည၌ ပညာစွန့်ဖို့ ရွာအပြင် သူတို့ပိုင်တလင်း ပြင်တွင် ချိန်းလိုက်ပြီဖြစ်သည်။ထိုအတွက် ဦးတောက်ထွန်းသည် သားဖြစ်သူအား မေးမြန်းနေခြင်းလည်းဖြစ်သည် ။
“ကဲ အောင်ကြီးရေ အကောင်းဆုံးဖြစ်အောင်သာ လုပ်ပေ တော့ မပြံးနဲ့ ဝိုင်းစိန်မှာ အဲ့ဒီပညာတွေမရှိရင် တကယ့်လူကောင်းတွေကွ”
“ဟုတ်တယ် အဘ ကျုပ်လည်း ဝိုင်းစိန်လေးကို အဲ့ပညာတွေ စွန့်စေချင်တာ အခုတော့ ကျုပ်ဆန္ဒတွေ ပြည့်ပြီပေါ့ဗျာ”
“တကယ့်ကောင်ကွာ ဒီစကားပြောထွက်တယ် နှမပေးထားရတောင် မမှတ်သေးဘူး ”
ဦးတောက်ထွန်း၏ စကားကြောင့် စုစုမှာ ပြုံးစစဖြစ်နေပေမဲ့ အောင်ကြီးမှာ အနည်းငယ်ရှက်သွားပြီး မဆီမဆိုင် စုစုကိုသာ ကြိမ်းမောင်းလို့ နေပါလေတော့သည် ။
◾အခန်း (၈)
ကောင်းကင်တွင် ငွေလမင်းကြီးသည်လည်း ရှိမနေပါ။ ကြယ်ကလေးများသည်ကား လင်းတလှည့်မှိန်တလှည့်ဖြစ်နေပြီး ထိုအချိန်အခါသည် ညသန်းခေါင်ယံရောက်လုလုအချိန်လည်း ဖြစ်သည်။ယခုကဲ့သို့ တိတ်ဆိတ်မှောင်မိုက်နေသော အချိန်အခါတွင် အလင်းရောင်ဖျာကျနေသော နေရာသည်ကားရှိ၏။ထိုနေရာမှာ ဦးတောက်ထွန်း၏တလင်းပြင် ဖြစ်သည် ။ ရွာလူကြီးလည်းဖြစ် လယ်ပိုင်ရှင်သူဌေးလည်းဖြစ်သော ဦးတောက်ထွန်းသည် အလွန်ရှားပါးသည့် အောက်လင်းဓာတ်မီးတလက် ပိုင်ဆိုင်ထားသူဖြစ်ပြီး ယခုတလင်းပြင်ထဲတွင်တော့ ထိုဓာတ်မီးကြီး ထွန်းထားလေသည်။တလင်းပြင်မီးရောင်အောက်တွင် ဒူးထောက်ထိုင်နေသော အမေပြုံးတို့မိသားစုသုံးယောက်နှင့် သူတို့၏ရှေ့တွင် ယောဂီဝတ်စုံဝတ်ထားပြီး ကြိမ်တချောင်းကို ကိုင်ထားသည့် ဟိတ်ဟန်အပြည့်နှင့် အောင်ကြီး၊သူတို့နှင့် မလှမ်းမကမ်းတွင်တော့ မောင်ဘိုးထင်တို့ သုံးယောက်အပြင် ဦးတောက်ထွန်းတို့သားအဖ ရှိနေကြသည်။ဦးတောက် ထွန်းသည် ဟိတ်ဟန်အပြည့်နှင့် သူ၏သားတော်မောင်ကိုကြည့်ကာ မောင်ဘိုးထင်၏အနားကပ်လာပြီး အသံခပ်တိုးတိုးနှင့် စကားဆိုလေသည် ။
“ကောင်လေး မင်းလည်း မခေလောက်ဘူးဆိုတာ ငါ သိတယ် ဘယ်လိုသဘောရလဲ ငါ့သား အဆင်ပြေနိုင်လောက်လား”
“မပြောတတ်ဘူးဗျ ဟန်ပန်ကတော့ တကယ့်ဆရာကြီးကြနေတာပဲ ”
“မင်းလည်း ဆရာပါပဲကွာ ဒီနယ်တကြောမှာတော့ ဆရာအောင်ဆိုတာ ငါ့သားပေါ့ကွာ”
ဦးတောက်ထွန်း၏စကားကြောင့် သာအေးသည် အသံခပ်တိုးတိုးနှင့်ပင် စကားလှမ်းဆိုလိုက်ပြန်သည်။
“ဆရာအောင်ဆိုတာ သူလား”
“မင်း သိတယ်လား”
“သိတာပေါ့ဗျာ ကျုပ်အဘ လက်ပြင်ကြောငုတ်နေတုန်းက အကြောလာဖော်ပေးသွားတာ ဆရာအောင်တဲ့ဗျ ကျုပ်ဖြင့် အဘပြောလို့သာ နာမည်ပဲ ကြားဖူးတာ လူတော့ မမြင်ဖူးဘူး ဪ အနှိပ်ဆရာက အထက်လမ်းလည်း တတ်တာကိုး ”
“မင်းမေကြီးတော် ဘယ်ကလာ ငါ့သားက အနှိပ်သည်ရမှာလဲ တော်ကွာ စကားမများနဲ့ ဟိုမှာ လုပ်ငန်းစနေပြီ သေချာကြည့်”
“အင်းပါဗျာ ”
ဦးတောက်ထွန်းသည် သာအေး၏စကားကို မကျေမနပ်ဖြစ်သွားပြီး ပညာစွန့်သည်ကိုသာ အာရုံစိုက်ဖို့ သတိပေးလိုက်လေသည်။မကြာသောအချိန်တွင်တော့ အောင်ကြီးသည် သူ၏ရှေ့မှ အမေပြုံးတို့မိသားစု သုံးယောက်ကို ကြည့်ကာ
“ကဲ ပညာသည်တွေ နင်တို့ပညာတွေ စွန့်ချင်လား မစွန့်ချင်ဘူးလား ”
“စွန့်ချင်ပါတယ် ”
“ဟုတ်ပြီ ငါ သုံးခါမေးမယ် နင်တို့ ဖြေကြ”
အောင်ကြီးသည် ပညာစွန့်ချင်လားဟု သုံးကြိမ်သုံးခါမေးရာ အမေပြုံးတို့သည်လည်း သုံးကြိမ်သုံးခါ ဖြေလေသည်။ ထို့နောက် အောင်ကြီးသည် သူကိုင်ထားသော ကြိမ်လုံးအား မိုးပေါ်မြောက်လိုက်ကာ
“ဝိဇ္ဇာတသောင်းနဲ့ ဆရာအပေါင်းတို့ရဲ့အမိန့် ငါဆရာအောင်ရဲ့ အမိန့် ဒီဆေးကြိမ်နဲ့တို့က ပညာတွေအကုန်လုံး ပါးစပ်ကထွက်စေသတည်း”
ထိုသို့ ပြောလိုက်ပြီးနောက် ဂါထာ၊မန္တရားများကို ရွတ်ကာ အမေပြုံး၊ဝိုင်းစိန်နှင့် အောင်မော်တို့ဦးခေါင်းအား ကြိမ်နှင့်တို့လိုက်သည်။များမကြာသောအချိန်တွင် အမေပြုံးတို့သုံးယောက်သည် ဓာတ်လိုက်သည့်အလား ကွေးကောက်နေကာ တချိန်တည်းမှာပင် ကောင်းကင်ပေါ်မော့ပြီး ပါးစပ်များဟလိုက်ရာ ထိုပါးစပ်များထဲမှ မဲနက်နေသော ယင်ကောင်များ အပေါ်သို့ ပျံထွက်သွားကြလေသည်။ထိုအချင်းအရာကိုကြည့်ပြီး အောင်ကြီးမှပြုံး၍ သူ၏ဖခင်ကိုလှမ်းပြီး စကားဆိုမည်ပြုစဉ် ကောင်းကင်ပေါ် ပျံတက်နေသည့် အတန်းလိုက် ထင်းနေသည့် ယင်ကောင်အုပ်ကြီးမှာ သူ၏ပါးစပ်ထဲသို့ ဝင်သွားလေသည် ။ထိုအချင်းအရာကို မြင်သောအခါ မောင်ဘိုးထင်သည်
“ဦးကြီး သွားပြီဗျာ ခင်ဗျားသား ဆရာအောင်ရဲ့ပါးစပ်ထဲ အမေပြုံးတို့ပညာတွေ ဝင်နေပြီ ”
“ဟုတ်လား လုပ်ဦးလေကွာ ”
“ကျုပ်လည်း ဘာမှ မလုပ်တတ်တော့ဘူး”
“ဒုက္ခပါပဲကွာ ”
သူတို့ညည်းညူနေစဉ် အမေပြုံးတို့သားအမိသုံးယောက်၏ ပါးစပ်များထဲမှာ ယင်ကောင်တန်းကြီးသည် အောင်ကြီး၏ ပါးစပ်အတွင်း ကုန်စင်အောင်ဝင်သွားလေသည်။ထို့နောက် အောင်ကြီးဝတ်ထားသော ယောဂီရောင်၀တ်စုံသည် ရုတ်ချည်းဆိုသလို မဲနက်သွားပြီး မျက်နှာမှ မျက်လုံး၊မျက်ကွင်းတို့သည် လည်း မဲနက်သွားကာ အမှောင်ထုရှိရာ လယ်ကွင်းများဘက်သို့ ထွက်ပြေးသွားတော့သည်။ထိုအခါ ဦးတောက်ထွန်းသည်
“အောင်ကြီး ဘယ်ထွက်ပြေးတာလဲ”
ထိုသို့ပြောပြီး ပြေးလိုက်ရန်ပြင်နေစဉ် မောင်ဘိုးထင်တို့မှ ဆွဲထားလိုက်ပြီး
“ဦးကြီး အခြေအနေက မကောင်းဘူး အမေပြုံးတို့မှာတော့ ပညာ မရှိတော့ဘူး ပညာစွန့်တာတော့အောင်ပါရဲ့ ဒါပေမဲ့ ”
“ဒါပေမဲ့ ဘာဖြစ်လို့လဲ ”
“ကျုပ်လည်း သေချာမသိသေးဘူး အခုတော့ ပြန်ကြရအောင် ကျုပ် အဘကို အကျိုးအကြောင်းမေးပြီးမှ ဦးကြီးဆီ ပြန်လာမယ် ”
“အေး အေးပါကွာ ငါ့သားကို ကယ်ပေးပါကွာနော် ”
“စိတ်ချဗျာ အခုတော့ အမေပြုံးတို့ကို သွားတွဲလိုက်ဦးမယ် ”
ဤသို့ဖြင့် မောင်ဘိုးထင်တို့သည် ပင်ပန်းနွမ်းနယ်ဟန်ဖြစ်နေသော အမေပြုံးတို့မိသားစုအား တွဲပြီး ရွာသို့ပြန်ရန်သာ စိုင်းပြင်းနေကြပါလေတော့သည်။
◾အောက်လမ်းဘိုးထင်နှင့် နည်းမှန် လမ်းမှန်သည်က ဤမျှသာ။
◾ကျေနာ့်ရဲ့ page လေးကို LIKE & FOLLOW လေးလုပ်ပေးကြပါဦး ခင်ဗျ။
စာဖတ်သူများကို လေးစားစွာဖြစ်
📝မောင်တင်ဆန်း
#mgtinsan
#မောင်တင်ဆန်း
#crd