အောင်မြတ်သာနှင့်ကိုယ်ပွားလမိုင်း

Posted on

အောင်မြတ်သာနှင့်ကိုယ်ပွားလမိုင်း

” ချလွင် ချလွင် ချလွင်”
လေအဝှေ့မှာ ထွက်ပေါ်လာတဲ့ ကပ်ကျော်လာဘ်ခေါ်စေတီရဲ့ ဆည်းလည်းသံလေးတွေက ကြားရသူရင်ထဲကိုအေးချမ်းစေခဲ့တယ်။

မြို့အပြင်မှာတည်ထားတဲ့စေတီဖြစ်လို့ လူသွားလူလာက မရှိသလောက်ရှင်းနေခဲ့ပေမယ့် စေတီရဲ့ ဂြိုလ်တိုင်မှာတော့ လူနှစ်ယောက်ငြိမ်သက်စွာထိုင်ပြီး တရားအားထုတ်နေတာကိုမြင်ရမှာဖြစ်ပါတယ်။သူတို့ကတော့ အောင်မြတ်သာရဲ့တပည့်နှစ်ဦးဖြစ်တဲ့ သက်ခိုင်နဲ့ တောက်ရပဲဖြစ်ပါတယ်။

သောကြာနေ့နဲ့ စနေနေ့ ဂြိုလ်တိုင်အရှေ့မှာ ထွန်းထားတဲ့ဝါဆိုဖယောင်းတိုင်ကြီးကလဲ အချိန်ကြာလာတာနဲ့အမျှတစ်ဖြေးဖြေးအရည်ပျော်ကျလာခဲ့တာ အခုဆို မီးစာကုန်လုနီးနီးကိုရောက်‌နေခဲ့တယ်။

မီးစာလဲကုန် မီးလဲငြိမ်းတဲ့အချိန်မှာတော့ တရားထိုင်နေကြတဲ့လူငယ်နှစ်ဦးရဲ့မျက်လုံးတွေက ဖြတ်ခနဲပွင့်လာကာ တရားထိုင်ခြင်းအမှုကို ရပ်နားခဲ့ကြတယ်။

တရားထိုင်ပြီးလို့အမျှတန်းဝေပြီးတဲ့အချိန် ကိုယ်လက်အညောင်းဖြေရန် တနင်္ဂနွေဂြိုလ်တိုင်ဘက်ကိုလှည့်လိုက်တဲ့အချိန်မှာတော့

” ဟာ ဆရာရောက်နေပါလား ငါတို့ကိုပြောထားတာ ငါးလပြည့်မှတွေ့မယ်ဆိုပြီး အခုအစောကြီးကြိုရောက်နေပါလား”

သက်ခိုင်စကားကြောင့် တောက်ရက

” ဆရာလုပ်ရမယ့်ကိစ္စတွေပြီးလို့ ရောက်လာတာဖြစ်မယ် တရားပြီးတဲ့ထိ‌စောင့်လိုက်ကြရအောင်”

တောက်ရစကားအဆုံးမှာ တရားထိုင်နေတဲ့သူရဲ့မျက်လုံးကရုတ်တရက်ပွင့်လာပြီး

” ငါ့တပည့်တွေ တရားထိုင်တာ အတော်ကြာတာပဲ ပညာတွေလဲတိုးလာပြီထင်တယ်”လို့‌ပြောလိုက်တော့ သက်ခိုင်က

” ဟုတ်တယ်ဆရာ ကျွန်တော်တို့ မနက်ထဲက ထိုင်နေကြတာ ဆရာက ဘယ်အချိန်ထဲက ရောက်နေတာလဲ”

” ငါရောက်တာ မင်းတို့နဲ့သိပ်မကွာပါဘူး မင်းတို့တရားထိုင်ပြီးရင် သွားစရာနေရာတစ်ခုရှိတယ် အဲဒီကိုရောက်ရင် မင်းတို့အတွက် ထူးဆန်းတာတစ်ခုကြုံရလိမ့်မယ်”

” ဟုတ်ကဲ့ဆရာ ဆရာအသင့်ဖြစ်ရင် သွားလို့ရပါပြီ”

သက်ခိုင်က ဘေးမှာချထားတဲ့လွယ်အိတ်ကို ကောက်လွယ်လိုက်ပြီး ရင်ပြင်ပေါ်ထရပ်လိုက်တဲ့အချိန် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် တောက်ရကို မျက်ရိပ်မျက်ကဲနဲ့လှမ်းပြလိုက်တယ်။

တောက်ရက သက်ခိုင်ရဲ့ မျက်ရိပ်မျက်ကဲကိုမြင်တော့ အနားကပ်လာပြီး

” ကျွန်တော်တို့ဆရာက ဒီနေ့ထူးဆန်းနေတယ် အရင်ကဆိုရင် နေပူထဲသွားရင် အရိပ်ပေါ်တယ် အခုသူ့အရိပ်ကိုမမြင်ရဘူး တစ်ခုခုများမှားနေလားမသိဘူး”

တောက်ရရဲ့တီးတိုးပြောလိုက်တဲ့စကားကြောင့် သက်ခိုင်ကတစ်စုံတစ်ခုပြောဖို့ပြင်လိုက်တဲ့အချိန်

” ငါ့အရိပ်မပေါ်တာဘာကြောင့်လဲဆိုပြီး ပြောနေကြတာထင်တယ် အခုမင်းတို့ရှေ့ရောက်နေတာက ငါ့ရဲ့နာမ်ရုပ်တစ်ခုပဲ ဒါကြောင့် အရိပ်မထွက်တာ ကဲကဲ မင်းတို့စိတ်ထဲသံသယကင်းအောင် ဒီရင်ပြင်ကိုစောင့်တဲ့ပုဂ္ဂိုလ်ကို ခေါ်ပြရမလား”

” မဟုတ် မဟုတ်ပါဘူးဆရာ ကျွန်တော်တို့ယုံပါတယ် “

” အေး ဒါဆိုလဲ မြေလတ်ရွာကို သွားကြရအောင် “

” မြေလတ်ရွာဆိုတာ ဘယ်နားမှာလဲဆရာ”

” ‌မင်းတို့ရောက်ရင်သိမှာပေါ့ကွာ အချိန်သိပ်မရဘူး အနောက်ကလိုက်ခဲ့ကြ”

အောင်မြတ်သာက စကားဆုံးတာနဲ့ အရှေ့ကနေ ခပ်သုတ်သုတ်ထွက်သွားခဲ့တယ်။ သုံးမိုင်လောက်လမ်းလျောက်ပြီးတဲ့အချိန်မှာတော့ အိမ်ကြီးအိမ်ကောင်းတွေနဲ့တည်ဆောက်ထားတဲ့ မြေလတ်ရွာကိုရောက်လာခဲ့တယ်။

ရွာအဝင်ဝရောက်တော့ အောင်မြတ်သာက
” သက်ခိုင် အခုရွာထဲဝင်သွားတာနဲ့ ရွာသားတွေက မင်းတို့ကို အစွမ်းကုန်ပြုစုကြလိမ့်မယ် မင်းတို့က သူတို့နဲ့လိုက်လျောညီထွေဖြစ်အောင်နေ ကျန်တာငါဆက်လုပ်မယ်” လို့ပြောပြီး ရွာထဲကိုဝင်လာခဲ့လိုက်တယ်။

သက်ခိုင်တို့ရွာထဲရောက်တော့
” အိမ်မက်ထဲက လူတွေ တကယ်ရောက်လာပြီ တကယ်ရောက်လာကြပြီ ” ဆိုပြီးအော်ဟစ်ကာ သက်ခိုင်တို့နားကိုဝိုင်းအုံလာခဲ့တယ်။

” ဆရာ ဆရာတို့နှစ်ယောက်လာမယ်ဆိုတာ ညကအိမ်မက်ပေးတယ် ဆရာတို့က ကျုပ်တို့ရွာမှာဖြစ်နေတဲ့ နိမိတ်ဆိုးတွေဖယ်ရှားပေးနိုင်မယ့်သူတွေပါပဲဗျာ ဆရာတို့နှစ်ယောက် ဒီဘက်ကိုကြွပါ”

ရွာသားတွေစကားကြောင့် သက်ခိုင်နဲ့ တောက်ရ ကြောင်တောင်တောင်ဖြစ်သွားပြီး

” ဦးကြီး ကျုပ်တို့ကနှစ်ယောက်ထဲလာတာမဟုတ်ပါဘူး “

” ကျုပ်သိပါတယ် ဆရာလေးတို့မှာ အစွမ်းထက်တဲ့ဆရာတစ်ပါးပါလာတယ်ဆိုတာလဲသိတယ် သူက အရမ်းစွမ်းတော့ ကျုပ်တို့မမြင်နိုင်ဘူးလို့ပြောတယ်”

” ဟင် ဘယ်သူကပြောတာလဲ “

သက်ခိုင်က လာကြိုတဲ့ဦးကြီးကို မေးနေတဲ့အချိန်

” သက်ခိုင် မင်းစကားအရမ်းများတာပဲ သူတို့ပြောသလိုအလိုက်ထိုက်နေဆိုပြီးငါမပြောခဲ့ဖူးလား အခုမင်းသူတို့ခေါ်တဲ့နောက်ကိုလိုက်သွား”

အောင်မြတ်သာစကားကြောင့် သက်ခိုင်ဘာမှပြန်မပြောတော့ပဲ လာကြိုတဲ့သူတွေနောက်ကိုလိုက်သွားခဲ့လိုက်တယ်။

” ဆရာလေးတို့ ကြွပါ နေရာထိုင်ခင်းလဲ စီစဉ်ထပါတယ် ဒီဘက်မှာတော့ ဆရာလေးနှစ်ယောက်ထိုင်ကြပါ”

သက်ခိုင်နဲ့ တောက်ရလဲ ရွာသားတွေနေရာချပေးတဲ့နေရာမှာဝင်ထိုင်လိုက်ပြီး ဘေးဘီကိုအကဲခတ်လိုက်တော့ နတ်ရုပ်ထုပေါင်းများစွာကို စနစ်တကျတင်ထားပြီး ထွက်ရပ်ပေါက်ဘိုးတော်တွေရဲ့ပုံတွေကို သေချာချိတ်ဆွဲထားတာ မြင်လိုက်ရတယ်။

” ဆရာလေး ခဏနေရင် ထမင်းစားဖို့ ကြွပေးပါဦး ဆရာလေးတို့က ဂန္ဓာရီလှည့်နေရတော့ စားကောင်းသောက်ဖွယ်တွေ မစားရတာကြာပြီလို့သိရတယ် ဒါကြောင့် ဆရာလေးတို့အတွက် သေချာစီစဉ်ထားပါတယ်”

” ခဏနေပါဦး ဦးကြီး ဘာလို့အခုလိုတွေလုပ်နေရတာလဲ ကျွန်တော်တို့က ….”

သက်ခိုင်စကားမဆုံးခင်မှာ

” အဟမ်း အဟမ်း “ဆိုတဲ့ချောင်းဟန့်သံကြားလို့ ကြည့်လိုက်တော့ အိမ်ဦးခန်းဘုရားကျောင်းဆောင်ရှေ့မှာ တင်ပလ္လင်ခွေထိုင်ပြီး သက်ခိုင်ကိုစိုက်ကြည့်နေတဲ့ အောင်မြတ်သာကိုတွေ့လိုက်ရတယ်။

” ဆရာလေး ခုနကဘာပြောမလို့လဲ”

” ဘာမှမဟုတ်တော့ပါဘူး ဦးကြီးတို့လုပ်စရာရှိတဲ့အတိုင်းဆောင်ရွက်ပါ”

သက်ခိုင်စကားအဆုံးမှာ အသက်ကြီးကြီးလူက
” ဒါဆို ခဏစောင့်ပါဦး” လို့ပြောပြီး အိမ်အောက်ကိုဆင်းသွားခဲ့တယ်။

ခေါ်လာတဲ့လူကြီး အိမ်အောက်ကိုဆင်းသွားတော့ ဘုရားကျောင်းဆောင်ရှေ့မှာထိုင်နေတဲ့ အောင်မြတ်သာက ထိုင်နေတဲ့ပုံစံအတိုင်း လေပေါ်ကြွတက်လာပြီး

” ငါ့တပည့်တို့ စိတ်ထဲဘာတွေဖြစ်နေကြတာလဲ ဘာကြောင့် ငါပြောတဲ့အတိုင်းမလုပ်ပဲ စကားတွေရှည်နေတာလဲ “

” မဟုတ်ပါဘူးဆရာ ကျွန်တော်တို့က သိချင်တာတွေကိုမေးမြန်းတာပါ”

” အေး အခုကစပြီး ငါကမေးလို့ရတယ်ဆိုမှ မေးကြ ဒီလိုမှမဟုတ်ပဲ စကားရှည်ရင်တော့ မင်းတို့နဲ့ငါနဲ့ သံယောဇဉ်ဒီမှာပြတ်လိမ့်မယ်”

” ဟုတ်ကဲ့ပါဆရာ ကျွန်တော်တို့နားလည်ပါပြီ”

သက်ခိုင်နဲ့တောက်ရစကားကြောင့် အောင်မြတ်သာအနောက်ကိုပြန်လှည့်သွားပြီး ဘုရားကျောင်းဆောင်အရှေ့မှာပြန်ထိုင်နေလိုက်တယ်။

” ဆရာလေးတို့ ထမင်းသုံးဆောင်ပါတော့မလား”

အိမ်ပေါက်ဝကနေ လှမ်းမေးလိုက်တဲ့အသံကြောင့် သက်ခိုင်က အောင်မြတ်သာကိုလှမ်းကြည့်လိုက်တဲ့အချိန်

” အိမ်း ထမင်းသုံးဆောင်ရမယ့်အချိန်ရောက်လာပြီပဲ ပြင်လိုက်တော့လို့ပြောလိုက်တော့”

အောင်မြတ်သာစကားကြောင့် သက်ခိုင်က

” ဦးကြီးတို့အဆင်သင့်ဖြစ်ရင် ပြင်လို့ရပါပြီ”

သက်ခိုင်စကားကြောင့် အပေါက်ဝမှာ ရပ်နေတဲ့ လူကြီးက
” ဆရာလေးတို့ထမင်းသုံးဆောင်မယ်ဟေ့ စားစရာတွေအိမ်ပေါ်ယူတက်လာခဲ့တော့” လို့ပြောလိုက်တဲ့အချိန် ဟင်းခွက်တွေကိုင်ပြီး အိမ်ပေါ်တက်လာကြတဲ့ ရွာသားတွေကိုတွေ့လိုက်ရတယ်။

” ဝိုင်းကိုနှစ်ဝိုင်းပြင်နော် ဘုရားကျောင်းဆောင် ရှေ့မှာတစ်ဝိုင်းသီးသန့်ပြင် ဒီကဆရာလေးနှစ်ယောက်အတွက်သီးသန့်တစ်ဝိုင်းလုပ်ကြ”

” ဦးကြီး ဟင်းတွေကများလှချည်လား”

” ဆရာလေးတို့ကြွလာမယ်ဆိုပြီး အိမ်မက်ပေးထဲက တစ်အိမ်တစ်ခွက်ချက်ဖို့ ပြောထားတာ ဆရာလေးတို့ အားမနာနဲ့ စားကြနော်”

” ဟုတ်ကဲ့ ဦးကြီး ဒီလောက်ဆိုအဆင်ပြေပါပြီ”

သက်ခိုင်နဲ့တောက်ရက လိုလေသေးမရှိဧည့်ခံနေတဲ့လူကြီးကို အလိုက်အသင့်စကားပြန်ပြောပြီး ထမင်းဝိုင်းထဲဝင်ထိုင်လိုက်တယ်။

” တောက်ရ တစ်ခုခုတော့ ထူးဆန်းနေတယ် ငါတို့ဆရာကအရင်ကဒီလိုမှမဟုတ်တာ”

” ဟုတ်တယ်ဆရာ ကျွန်တော်စိတ်ထဲလဲ တစ်ခုခုကိုခံစားနေရတယ် ဒါကြောင့် သေချာမသေချာ စစ်ကြည့်သေးတယ် အဖြေက အစစ်လို့ပဲပြောတယ်”

” ဟုတ်တယ် ငါလဲလုပ်ကြည့်ပြီးပြီး ငါတို့အင်းစမတွေက သူ့ကိုလက်ခံကြတယ် ဒါကြောင့်ငါဘာမှဆက်မပြောပဲ ငြိမ်နေလိုက်တာ”

သက်ခိုင်နဲ့တောက်ရ တီးတိုးပြောနေတဲ့အချိန်

” မင်းတို့စားစရာရှိတာစားကြတော့ စကားမများနေကြနဲ့ စားပြီးရင်ရွာရဲ့အခက်အခဲတွေကိုဖြေရှင်းပေးရဦးမယ်”

ဘုရားကျောင်းဆောင်အရှေ့ကနေထွက်လာတဲ့ အသံကြောင့် သက်ခိုင်အနောက်လှည့်ကြည့်လိုက်တဲ့အချိန် တည်ခင်းထားတဲ့ ထမင်းဟင်းတွေကို အားပါးတရစားနေတဲ့ အောင်မြတ်သာကိုတွေ့လိုက်ရတယ်။

သက်ခိုင်နဲ့တောက်ရလဲ ရွာသားတွေ ပြင်ပေးထားတဲ့ဟင်းတွေထဲက အသီးအရွက်ကြော်တစ်မျိုးထဲနဲ့ ထမင်းအနည်းငယ်စားပြီး ထမင်းဝိုင်းကိုလက်စသတ်လိုက်ကြတယ်။

ထမင်းစားသောက်ပြီးလို့အချိန်အနည်းငယ်ကြာတော့

” သက်ခိုင် ရွာသားတွေကိုခေါ်ခိုင်းလိုက်တော့”

” ဟုတ်ကဲ့ပါဆရာ ကျွန်တော်ပြောလိုက်ပါ့မယ်”

အောင်မြတ်သာစကားကြောင့်သက်ခိုင်က အိမ်ပေါက်ဝနားမှာရှိနေတဲ့ဦးကြီးကိုခေါ်လိုက်ပြီး

” ဦးကြီးတို့အသင့်ဖြစ်ရင် ရွာသားတွေကို ခေါ်လို့ရပါပြီ”

” ဟုတ်ကဲ့ဆရာလေး ဟုတ်ကဲ့ ပွဲစတော့မယ် လာကြ တက်လာခဲ့ကြတော့”

ဦးကြီးရဲ့ခေါ်သံကြောင့် အိမ်အောက်မှာ ဘယ်ခ်ျန်ထဲက ရောက်နေကြလဲမသိတဲ့လူတွေက အိမ်ပေါ်ကိုတက်လာခဲ့တာ အတေယ်အတန်ကျယ်ဝန်းတဲ့ အိမ်တစ်ခုလုံးရွာသားတွေနဲ့ပြည့်သွားခဲ့တယ်။

” ဆရာလေးတို့ ခွင့်ပြုချက်ရရင် ပွဲစပါတော့မယ်”

ဦးကြီးက သက်ခိုင်ကိုခွင့်တောင်းလိုက်တဲ့အချိန် ဘုရားကျောင်းဆောင်အရှေ့မှာထိုင်နေတဲ့ အောင်မြတ်သာက

” စလို့ရပြီလို့ပြောလိုက်”ဆိုပြီးပြောလိုက်တဲ့အသံကိုသက်ခိုင်ကြားလိုက်ရတယ်။

” ဦးကြီးတို့အသင့်ဆိုစလို့ရပါပြီ”

သက်ခိုင်စကားအဆုံးမှာ ဦးကြီးက ဘုရားအရင်ရှိခိုးလိုက်ပြီး

” သိဒ္ဓိစွမ်းအားမြင့်မားပါသော ဆရာသခင်ကို တိုင်တည်ပြီး ဤပူဇော်ပွဲကိုကျင်းပရခြင်းဖြစ်ပါတယ် ဆရာသခင်၏အစွမ်းကို ကျွန်တော်မျိုးတို့တစ်ရွာလုံးယုံကြည်ကိုးစားပါတယ် ယခင်က ဆရာသခင်ပေးတဲ့အိမ်မက်ကိုသာ ဆောင်ရွက်ခဲ့ရပေမယ့် ယခုလိုဆရာသခင်ကိုယ်တိုင် ကြွရောက်ချီးမြှင့်ပေးတဲ့အတွက် တစ်ရွာလုံးဝမ်းသာမဆုံးဖြစ်နေကြရပါတယ် ဆရာသခင်အလိုရှိရာအသုံးပြုနိုင်ရန် ကျွန်ုပ်၏ကိုယ်အား အပ်နှင်းပါတယ် အသုံးပြုတော်မူပါခင်ဗျာ” လို့ပြောပြီးတာနဲ့ ဦးကြီးရဲ့ကိုယ်က နတ်ဝင်သလို တုန်လာခဲ့တယ်။

သက်ခိုင်က ဦးကြီးအဖြစ်ကိုမြင်တော့ အနောက်ကိုလှည့်ပြီး အောင်မြတ်သာကိုကြည့်လိုက်တဲ့အချိန်

” ငါ့တပည့်တွေ ဒီလိုလုပ်တာကို တစ်ခါမှမမြင်ဖူးလို့ စိတ်တွေလှုပ်ရှားနေပြီထင်တယ်” ဆိုတဲ့အသံက ဦးကြီးရဲ့ပါးစပ်ထဲကနေထွက်လာခဲ့တယ်။

သက်ခိုင်က ရုတ်တရက်လွယ်အိတ်ကိုလွယ်ကာ ထဖို့အလုပ် တောက်ရ ဘေးကနေ ဆွဲလိုက်ပြီး

” စောင့်ကြည့်ပါဦး ဆရာဒီလိုလုပ်တာ အကြောင်းတစ်ခုခုတော့ရှိပါလိမ့်မယ်”လို့ပြောလိုက်တော့မှ သက်ခိုင်ပြန်ထိုင်ချလိုက်တယ်။

” ရွာသူရွာသားတွေ ဘာအခက်အခဲရှိလဲပြောကြ ငါတတ်နိုင်သလောက် ကူညီပေးသွားမယ်”ဆိုပြီးအောင်မြတ်သာကပါးစပ်လှုပ်ရုံပြောလိုက်တာနဲ့ အသားတွေတုန်နေတဲ့ဦးကြီးရဲ့ပါးစပ်ထဲက အောင်မြတ်သာပြောတဲ့အတိုင်းထွက်လာခဲ့တယ်။

” အဘ သမီးတို့ အိမ်စီးပွားရေးအဆင်မပြေတဲ့အပြင် ကလေးကလဲချူချာပါတယ် အဆောင်လေးဘာလေးမစစေချင်ပါတယ်”

” ကဲကဲ ဒီလောက်ကတော့ ငါ့အတွက် အသေးအဖွဲပါ သက်ခိုင် လေးကွက်အင်းနှစ်ရွက်ဆွဲပြီး အဆောင်အဖြစ်ပေးလိုက် “

သက်ခိုင်လဲ အောင်မြတ်သာစကားကြောင့် လေးကွက်အင်းနှစ်ရွက်ဆွဲပြီး ကမ်းပေးလိုက်တယ်။

” တစ်ရွက်ကို ပိုက်ဆံအိတ်ထဲထည့်ထား နောက်တစ်ရွက်ကို မီးရှို့ပြာချပြီး ကလေးကိုတိုက်လိုက် ကောင်းသွားလိမ့်မယ် ကဲ ဘယ်သူတွေရှိသေးလဲ”

ဒီလိုနဲ့ရွာသားတစ်ယောက်ချင်းစီရဲ့အခက်အခဲတွေကိုဖြေရှင်းပြီးချိန်မှာတော့ အချိန်က ညအတော်နက်သွားခဲ့တယ်။

အောင်မြတ်သာကတော့ ကိစ္စတွေပြီးတာနဲ့ ဘုရားကျောင်းဆောင်အရှေ့မှာ ခင်းထားတဲ့ အိပ်ယာပေါ်လှဲချကာအိပ်လိုက်တာကို သက်ခိုင်နဲ့ တောက်ရမြင်လိုက်ရတယ်။

” ဆရာလေး ဆရာလေးတို့အတွက် အိပ်ယာပြင်ပေးထားပါတယ် “

” ရပါတယ် ဦးကြီး အချိန်ရရင် အိမ်အောက်ခဏဆင်းလာပေးလို့ရလား မေးစရာလေးရှိလို့ပါ”

” ရပါတယ် ဆရာလေး ဘာကိစ္စများမေးချင်တာလဲ”

သက်ခိုင်နဲ့တောက်ရလဲ အိမ်ရှင်ဦးကြီးကိုခေါ်ပြီး အိမ်ပေါ်ကနေဆင်းလာခဲ့လိုက်တယ်။အိမ်အောက်ရောက်တော့

” ဦးကြီးနဲ့ ဆရာဘယ်လိုအဆက်အသွယ်ရသွားတာလဲ”

” အိမ်မက်ထဲကရတာ ဆရာလေး ကျုပ်တို့မျိုးရိုးအစဉ်အဆက်က နတ်ဝင်သည်မျိုးရိုးလေ လိပ်ပြာလဲလှတယ် တစ်ညမှာ ကျုပ်ဘုရားရှိခိုးပြီး အိပ်ပျော်သွားတဲ့အချိန် ဆရာသခင်အိမ်ပေါ်တက်လာတာမြင်လိုက်ရတယ် သူက ကျုပ်ကိုကြည့်ပြီး ဒီရွာသူရွာသားတွေကိုကယ်တင်ရမယ်လို့ပြောတယ် ကျုပ်ကလဲ အိမ်မက်ဆိုတော့ သိပ်မယုံဘူး ဒါပေမယ့်သူက အိမ်မက်မပြီးခင် အိမ်နံရံမှာ အင်းစမတစ်ခုရေးပေးသွားတယ် ကျုပ်အိပ်ယာကနိုးလာတော့ အပြင်မှာတကယ်ဆွဲထားတာတွေ့ရတာပဲ အဲဒီနောက်ပိုင်း သူကအိမ်မက်ထဲခဏခဏလာတယ် ဒါပေမယ့် မျက်နှာကိုတစ်ခါမှမမြင်ရဘူး တစ်ခုခုနဲ့ကာထားသလို မှုန်ဝါးဝါးဖြစ်နေတယ် သူကတစ်လကိုတစ်ခါလောက် အိမ်မက်ထဲကိုလာတတ်တယ် သူလာရင် ကိုယ့်မှာကြုံရတဲ့အခက်အခဲတွေကိုပြောပြတဲ့အခါ သူ့ကိုပူဇော်ပသရင် အဆင်ပြေသွားလိမ့်မယ်လို့ပြောတယ် ဒီလိုနဲ့ သူ့အတွက်သီးသန့်အဆောင်လေးဆောက်ပေးပြီး တိုင်တည်ဆုတောင်းခဲ့ကြတယ် ဆုတောင်းတဲ့သူတွေကိုလဲ သူကကြည့်ပါတယ် လွန်ခဲ့တဲ့နှစ်ရက်လောက်က သူကိုယ်တိုင်ကြွလာမယ်ဆိုပြီးအိမ်မက်မက်တယ် သူ့တပည့်နှစ်ယောက်လဲပါလာမယ်တဲ့ ဒါကြောင့် ကျုပ်တို့အသင့်စောင့်နေကြတာ “

” သူအိမ်မက်ပေးတော့ နာမည်တွေဘာတွေပြောတာရှိလား”

” ဟအင်း နာမည်တော့မပြောဘူး သူလာရင် ရေမွှေးနံ့လေးတွေတော့ရတယ် သူ့ကိုယ်ဟန်ကိုကြည့်ရတာ အသက်မကြီးလောက်သေးဘူးထင်တယ်”

” ကျုပ်တို့သဘောပေါက်ပါပြီ ဦးကြီးလဲ ပင်ပန်းနေပြီဆိုတော့နားလိုက်ပါဦး ကျုပ်တို့လဲအိပ်လိုက်ဦးမယ်”

” ဟုတ်ကဲ့ပါ ဆရာလေးတို့အေးအေးဆေးဆေးနားကြပါဦး”

ဦးကြီးထွက်သွားတဲ့အချိန် သက်ခိုင်က

” ငါတို့ပြဿနာရှိနေပြီ ဒီပုဂ္ဂိုလ်က ငါတို့ဆရာမဟုတ်ဘူး “

” ကျွန်တော်လဲတွေးမိပါတယ် ဆရာက အဲလိုတွေလုပ်မှာမဟုတ်ဘူး နောက်ပြီး ညနေကထမင်းစားတော့ အသားဟင်းတွေလဲစားတာတွေ့တယ် “

” ငါတို့ဒီရွာကနေထွက်မှရမယ် ဆရာကိုငါဆက်သွယ်ကြည့်တာလုံးဝဆက်သွယ်မရဘူး သူ့ဆီပဲရောက်ရောက်သွားတယ် “

” အခုဘာဆက်လုပ်ကြမလဲ သူ့ကိုရင်ဆိုင်ရင်ကော”

” သူ့အစွမ်းကလဲ မသေးဘူး ငါတို့ရဲ့ စိတ်ဆက်သွယ်မှုကိုတောင်ဖြတ်တောက်ထားတာ နောက်ပြီး သူကငါတို့ပညာရပ်တွေကို တက်မြောက်နေတယ် သူနဲ့ယှဉ်ရင်တောင် ငါတို့နိုင်ဖို့မဖြစ်နိုင်ဘူး”

” ဘာဖြစ်ဖြစ်ဗျာ ရွာထဲကနေ ထွက်ပြီး စေတီကိုပြန်သွားကြရအောင် ဆရာပြောထားတဲ့ အချိန်ပြည့်ရင် တစ်ခုခုထူးခြားတာကြုံရမှာပဲ”

” အခု ရွာထဲကနေ ထွက်ကြမယ် ဖြစ်တဲ့ပြဿနာရင်ဆိုင်ကြတာပေါ့”

သက်ခိုင်နဲ့တောက်ရလဲ မြေလတ်ရွာထဲကနေ အပြင်ကိုထွက်လာခဲ့လိုက်တယ်။ ရွာအပြငိရောက်တော့ တောက်ရက

” ဟူး တော်ပါသေးရဲ့ အခက်အခဲမရှိပဲ အပြင်ရောက်လာလို့”

” ဟုတ်တယ် ဘာမှမဖြစ်တာ ကျေးဇူးတင်ရမယ် ဒါပေမယ့် ငါတို့ စေတီကိုပြန်သွားလို့တော့မဖြစ်ဘူး အချိန်မပြည့်ခင် တစ်နေရာရာမှာ ခိုနေမှဖြစ်မယ် “

သက်ခိုင်စကားအဆုံးမှာ

” သက်ခိုင် တောက်ရ မင်းတို့ ဒါဘယ်ကိုသွားမလို့လဲ” ဆိုတဲ့အသံနဲ့အတူ ရွာပြင်က သရက်ပင်အောက်မှာရပ်နေတဲ့ အောင်မြတ်သာကိုတွေ့လိုက်ရတယ်။

” ခင်ဗျားဘယ်သူလဲ ကျုပ်တို့ဆရာအောင်မြတ်သာက ခင်ဗျားလိုမလုပ်ဘူး”

” သက်ခိုင် သက်ခိုင် မင်းအရက်သမားဖြစ်ခဲ့တုန်းက ဘယ်သူချေချွတ်ခဲ့တာလဲ ငါနဲ့အရက်ပြိုင်သောက်လို့ မင်းရှုံးခဲ့ပြီး ငါ့နောက်လိုက်လာခဲ့တာမဟုတ်လား နောက်ပြီးတော့ တောက်ရ မင်းကိုရောဒီလိုအခြေအနေဖြစ်လာအောင် ဘယ်သူအခွင့်အရေးပေးခဲ့တာလဲ နတ်နဂါးတွေနဲ့ယှဉ်ပြိုင်တုန်းက မင်းနိုင်အောင် ဘယ်သူလုပ်ပေးခဲ့တာလဲ မင်းလက်ဆော့မှုကြောင့် အပြစ်ပေးပြီး နှင်ထုတ်ခဲ့ပေမယ့် မင်းကိုအခွင့်အရေးပေးပြီးပြန်ခေါ်ခဲ့တာဘယ်သူလဲ အခုတော့ မင်းတို့က ငါ့ကိုမယုံကြည်ပဲထွက်သွားဖို့ ကြိုးစားကြတယ်ပေါ့ မင်းတို့သွားမယ်ဆိုရင် ငါမတားဘူး ဒါပေမယ့် မင်းတို့ထွက်သွားပြီဆိုရင် ငါ့ကိုဘယ်တော့မှထပ်တွေ့ရတော့မှာမဟုတ်ဘူး မင်းတို့ဆုံးဖြတ်ပါ “

အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့တောက်ရအနည်းငယ်တွေဝေသွားပြီး

” ကျွန်တော်တို့မှားသွားပါတယ် အရင်က ဆရာဒီလိုတွေမလုပ်ခဲ့ဘူးတာ ကျွန်တော်တို့အသိဆုံးပါ အခုလိုတွေလုပ်တာမြင်တော့ စိတ်ထဲသံသယဝင်ပြီးထွက်သွားဖို့ဆုံးဖြတ်ခဲ့တာပါ “

” ငါအခုလိုလုပ်တယ်ဆိုတာ အကြောင်းရှိတယ် မင်းတို့တစ်ချိန်ချိန်သိရမှာပါ ဒါကြောင့် မင်းတို့ယုံကြည်တယ်ဆိုရင် နေခဲ့ မယုံကြည်ဘူးဆိုရင် ထွက်သွားကြပါ”

အောင်မြတ်သားကားကြောင့် သက်ခိုင်နဲ့ တောက်ရ ရုတ်တရက်ဒူးထောက်လိုက်ပြီး

” တောင်းပန်ပါတယ်ဆရာ ကျွန်တော်တို့ဆရာ့အပေါ်ပြစ်မှားခဲ့မိပါတယ် ကျွန်တော်တို့အပြစ်တွေကြီးပါတယ် ခွင့်လွှတ်ပေးပါဆရာ ကျွန်တော်တို့ဘယ်မှမသွားပါဘူး ဆရာနဲ့ပြန်လိုက်ခဲ့ပါ့မယ် “

” အေး အေး ထကြ ထကြ ငါက မင်းတို့ကိုခွင့်လွှတ်ပါတယ် နောက်သုံးရက်ပြီးရင် ငါတို့ဒီရွာကနေပြန်ကြတာပေါ့ အခုကိုယ့်နေရာကိုယ်ပြန်နားလိုက်ကြ “

အောင်မြတ်သာစကားအဆုံးမှာ သက်ခိုင်နဲ့တောက်ရလဲ ရွာထဲပြန်ဝင်လာခဲ့လိုက်တယ်။

+++++++
မနက်အာရုဏ်တက်တဲ့အချိန်ရောက်တော့ သက်ခိုင်နဲ့တောက်ရနိုးလာပြီး မျက်နှာသစ်ကိုယ်လက်သန့်စင်ကာ ဘုရားရှိခိုးဖို့အလုပ်

” သက်ခိုင်နဲ့ တောက်ရ ခဏနေ ရွာသားတွေလာပြီး နံနက်စာလာကျွေးလိမ့်မယ် ဒါကြောင့် နောက်မှဘုရားရှိခိုးတော့ “

” ဟုတ်ကဲ့ ဆရာ မနက်စာစားပြီးမှ ရှိခိုးတော့မယ် ဆရာရော ဘုရားဝတ်ပြုပြီးပြီလား”

” ငါကမင်းတို့မနိုးခင်ထဲက လုပ်ပြီးပြီ ဟော ပြောနေရင်း ဟိုမှာလာနေကြပြီ”

အောင်မြတ်သာစကားအဆုံးမှာ မနက်စာပြင်ဆင်ပြီးသယ်လာကြတဲ့ ရွာသားတွေကိုတွေ့လိုက်ရတယ်။

သက်ခိုင်နဲ့တောက်ရလဲ ရွာသားတွေကျွေးမွေးတဲ့ နံနက်စာကိုစားပြီးတဲ့အချိန် နားစည်ထဲမှာ အလွန်စူးရှတဲ့ အသံတစ်ခုကိုကြားလိုက်ရတယ်။

သက်ခိုင်က နားစည်ကိုကိုင်ပြီး လက်နဲ့ပိတ်လိုက်တဲ့အချိန်

” ရုပ်ကိုထားပြီး နာမ်နဲ့ရွာပြင်ကိုထွက်ခဲ့” ဆိုတဲ့အသံတစ်ခုကိုကြားလိုက်ရတယ်။

အသံကြားလို့ သက်ခိုင်ကြည့်လိုက်တော့ အောင်မြတ်သာက ဘုရားကျောင်းဆောင်အရှေ့မှာ ရေနွေးကြမ်းသောက်နေပြီး သူတို့ဖြစ်တာကိုသတိထားမိဟန်မတူတာကိုတွေ့လိုက်ရတယ်။

” တောက်ရ မင်းကြားလိုက်လား”

” ကြားတယ်ဆရာ ဒါကမှ ကျွန်တော်တို့ဆရာရဲ့အသံအစစ်ဖြစ်မယ် ဘာဖြစ်လို့ဆိုတော့ အခုရှိနေတဲ့သူကျွန်တော်တို့ဘာဖြစ်တယ်ဆိုတာ မသိဘူး”

” အေး ဟုတ်တယ် ခဏနေ ဘုရားရှိခိုးတရားထိုင်ချိန် ကြားတဲ့အတိုင်းလုပ်ရအောင်”

သက်ခိုင်နဲ့တောက်ရတို့နှစ်ယောက် တိုင်ပင်ပြီးတာနဲ့ ဘုရားကျောင်းဆောင်အရှေ့သွားကာ ဘုရားရှိခိုးနေတဲ့အချိန်

” မင်းတို့ဘုရားရှိခိုးပြီးတဲ့အချိန် ငါပြန်လာခဲ့မယ် ” ဆိုပြီးပြောသံနဲ့အတူ အိမ်ပေါ်ကဆင်းသွားတဲ့ ခြေသံသဲ့သဲ့ကိုကြားလိုက်ရတယ်။

သက်ခိုင်တို့လဲ ဘုရားရှိခိုးပြီးတာနဲ့ တရားထိုင်ကာ သမာဓိကိုခိုင်မာသည်ထက်ခိုင်မာအောင်ကြိုးစားပြီး ရုပ်ထဲကနေ နာမ်ကိုခွာထုတ်လိုက်ကြတယ်။

နာမ်က ရုပ်ထဲကထွက်လာတဲ့အချိန် အနောက်ပြန်လှည့်ကြည့်လိုက်တော့ ဘုရားကျောင်းဆောင်အရှေ့မှာ မလှုပ်မယှက်ထိုင်နေကြတဲ့ မိမိတို့နှစ်ယောက်ကိုလှမ်းမြင်လိုက်ရတယ်။

သက်ခိုင်နဲ့တောက်ရတို့အိမ်ပေါ်ကနေဆင်းလာပြီး ရွာပြင်ကိုထွက်လာတဲ့အချိန်

” အူး ဝူး ဝူး ဝူး “ဆိုတဲ့အသံနဲ့အတူ ရွာလမ်းမတစ်လျောက်မှာရှိနေတဲ့ ခွေးလေခွေးလွင့်တွေ လိုက်ဟောင်လို့ သုတ်ခြေတင်ပြေးခဲ့ရသေးတယ်။

ရွာအပြင်ရောက်တော့ လူတစ်ဦးတစ်ယောက်ရဲ့ အရိပ်အယောင်ကိုမတွေ့ရဘူး။

” တောက်ရ ငါတို့ကြားတာ သေချာပါတယ်နော်”

” သေချာပါတယ်ဆရာ ကျွန်တော်ရောဆရာရော ကြားခဲ့တာပဲ “

“အေး ဒါပေမယ့် အခုထိအရိပ်အယောင်တောင် မမြင်ရသေးဘူး ဘယ်လိုလုပ်ကြမလဲ”

” ခဏတော့ စောင့်ကြည့်ပါဦးဆရာ အခုက အတုလားအစစ်လားခွဲလို့မရတဲ့အခြေအနေဖြစ်နေတယ် “

” ဟုတ်တယ် အခုလက်ရှိကြုံနေရတာတွေက အရင်ကဆရာကျင့်သုံးခဲ့တဲ့နည်းတွေနဲ့ တစ်ခြားစီဖြစ်နေတယ် “

” ဒါပေမယ့် သူကဘာလို့အကုန်သိနေရတာလဲ ကျွန်တော်တို့နဲ့ဆရာပဲသိတာတွေကို ဘာကြောင့်သိနေရတာလဲ “

သက်ခိုင်နဲ့ တောက်ရတို့နှစ်ယောက် စကားပြောနေတဲ့အချိန်

” မင်းတို့ရောက်ကြပီလား”ဆိုတဲ့အသံက မလှမ်းမကမ်းက ဥသျှစ်ပင်ပေါ်ကနေထွက်လာခဲ့တယ်။

” အခုပြောနေတာ ဘယ်သူလဲ “

” မင်းတို့ရဲ့မိတ်ဆွေလို့သဘောထားလိုက်ပါ အခုကျုပ်ပြောတာကိုသင်တို့လိုက်မှတ်ပေးပါ ကျုပ်က သင်တို့ရဲ့ဆရာဖြစ်သူကိုသိပါတယ် အခုရွာမှာရှိနေတဲ့သူက သင်တို့ဆရာအစစ်မဟုတ်ဘူး ဒါပေမယ့် သင်တို့ဆရာအစစ်နီးပါး အစွမ်းထက်တယ် သူက သင်တို့ရဲ့စိတ်ချင်းဆက်သွယ်မှုကို ဖြတ်တောက်ထားတယ် ဒါကြောင့် သင်တို့ဆရာကိုဆက်သွယ်လို့မရတာ “

” ဒါဖြင့် ကျုပ်တို့ဘာဆက်လုပ်ရမလဲ “

” သင်တို့ပုံမှန်အတိုင်း အလိုက်အထိုက်နေကြပါ သင်တို့ဆရာကို ကျုပ်ဆက်သွယ်ကြည့်မယ် ကျုပ်ဆက်သွယ်လို့ရတာနဲ့ သင်တို့ဆီကို ပြောပေးပါ့မယ်”

” ဒါဖြင့် ဒီနေ့ကျုပ်တို့ကြားရတာက သင်ခေါ်တဲ့အသံလား”

” ဟုတ်ပါတယ် ကျုပ်ရဲ့အစွမ်းက အသံတွေကိုတုပနိုင်စွမ်းရှိတယ် ဒါကြောင့် သင်တို့ဆရာအသံကို တုပပြီးခေါ်လိုက်တာ တစ်ခုသတိထားရမှာက သင်တို့အမူအရာလုံးဝပျက်လို့မရဘူး ပျက်တာနဲ့ ကျုပ်ကူညီနေတယ်ဆိုတာ သူသိသွားလိမ့်မယ်”

” စိတ်ချပါ ကျုပ်တို့သင်ဒုက္ခရောက်အောင်မလုပ်ပါဘူး “

” ဒါဖြင့် သင်တို့သွားတော့ အချိန်နောက်ကျနေပြီ ကျုပ်သတိပေးချက်ကိုစောင့်နေပါ”

” ကောင်းပါပြီ ကျုပ်တို့သွားလိုက်ဦးမယ်”

သက်ခိုင်နဲ့တောက်ရလဲ ဥသျှစ်ပင်အောက်ကနေ ရွာထဲပြန်ဝင်လာပြီး မူလကိုယ်ထဲပြန်ဝင်လိုက်တဲ့အချိန်

” မင်းတို့ရောက်လာပြီလား”ဆိုတဲ့အသံကြားလိုက်ရလို့လှည့်ကြည့်လိုက်တော့ ကျောအနောက်ဘက်မှာထိုင်နေတဲ့ အောင်မြတ်သာကိုတွေ့လိုက်ရတယ်။

ဒီနေ့မှာတော့ အောင်မြတ်သာက ပိတ်ဖြူအဝတ်ကိုဝတ်ထားပြီး ခေါင်းပေါင်းအဖြူကိုပေါင်းထားခဲ့တယ်။

” မင်းတို့ဘယ်သွားကြတာလဲ “

အောင်မြတ်သာစကားကြောင့် သက်ခိုင် ဘာပြောရမှန်းမသိဖြစ်သွားခဲ့တယ်။ အမှန်တိုင်းပြောပြန်ရင်လဲ ဥသျှစ်ပင်ပေါ်မှာနေတဲ့ ပုဂ္ဂိုလ်ဒုက္ခရောက်မယ်။ လိမ်ပြောပြန်ရင်လဲ အနှစ်နှစ်အလလ စောင့်ထိန်းခဲ့တဲ့သီလပျက်မယ် ။ ဘယ်အရာကိုရွေးရွေး တစ်ခုကိုဖျက်ရမယ်ဆိုတာ သိနေတဲ့အတွက် သက်ခိုင် ချက်ချင်းပြန်မဖြေနိုင်ပဲ တွေဝေနေခဲ့တယ်။

” သက်ခိုင် မင်းတို့ဘယ်သွားကြတာလဲ”

အောင်မြတ်သာရဲ့ဒုတိယမေးခွန်းအဆုံးမှာသက်ခိုင်က
” ကျုပ်ရွာပြင်ကိုသွားတာ ခင်ဗျားက ကျုပ်ဆရာအောင်မြတ်သာ မဟုတ်ဘူးဆိုတာလဲသိတယ် ခင်ဗျားကြောင့် ကျုပ်စောင့်ထိန်းခဲ့တဲ့ သီလကိုကျိုးပျက်မခံနိုင်ဘူး ခင်ဗျားကို ကျုပ်တို့ရင်ဆိုင်ဖို့အသင့်ပဲ” လို့ပြောပြီး ဘေးမှာချထားတဲ့လွယ်အိတ်ကို ဆွဲယူလိုက်တယ်။

သက်ခိုင်အခြေအနေကိုသိတဲ့ တောက်ရကလဲ အသင့်အနေအထားဖြစ်နေတဲ့အချိန်

” တော်ပေတယ် သက်ခိုင် တော်ပေတယ် လူတွေရဲ့စိတ်မှာ ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့စိတ်ဆိုပြီးနှစ်ခုရှိကြတယ် ကောင်းတဲ့စိတ်က ကောင်းတဲ့အရာတွေကို လုပ်ဖို့တိုက်တွန်းတယ် မကောင်းတဲ့စိတ်ကမကောင်းတဲ့အရာတွေကို လုပ်ဖို့တိုက်တွန်းတယ် အဲဒီလိုပဲ ငါတို့လမ်းစဉ်မှာလဲ အကောင်းအဆိုးဆိုတာရှိတယ် မင်းတို့ရဲ့အရှေ့ကိုအခုရောက်နေတဲ့သူက အတုလားအစစ်လားဆိုတာ ဒီအချိန်မှာ ရှင်းပြလဲ မင်းတို့သံသယဖြစ်နေဦးမှာပဲ ငါမင်းရဲ့ သီလစောင့်ထိန်းမှုကို ဂုဏ်ယူမိတယ် ခဏလောက်သည်းခံထားကြဦး ဒီည ရွာသားတွေအားလုံးပြန်သွားတဲ့အချိန် ငါပြန်လာခဲ့မယ် အတုနဲ့အစစ်ဆိုတာ ဘယ်လိုကွာခြားလဲ လက်တွေ့ပြပါ့မယ် ” လို့ပြောပြီး မျက်စိရှေ့ကနေရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်။

ပိတ်ဖြူစင်ကြယ်နဲ့အောင်မြတ်သာ ပျောက်ကွယ်သွားတဲ့အချိန်မှာတော့ ယောဂီဝတ်စုံနဲ့အောင်မြတ်သာတစ်ယောက်ပေါ်လာခဲ့တယ်။

” သက်ခိုင်နဲ့ တောက်ရ မင်းတို့ဘုရားရှိခိုးတာမြန်လှချည်လား ဒီည ကိုးနာရီထိုးရင် ငါအဓိဌာန်တစ်ခုဝင်စရာရှိတယ် မင်းတို့ပဲရွာသားတွေကို ကူညီလိုက်ကြ နောက်တစ်နေ့နံနက်အာရုဏ်တက်တာနဲ့ ရွာထဲကနေ ပြန်ထွက်မယ် ” လို့ပြောပြီး ဘုရားကျောင်းဆောင်အရှေ့ကိုထွက်သွားခဲ့တယ်။

သက်ခိုင်နဲ့ တောက်ရလဲ အောင်မြတ်သာနှစ်ယောက်ကိုမြင်လိုက်ရတော့ ဘယ်သူကအစစ်ဘယ်သူကအတုလဲဆိုတာ ဝေခွဲမရဖြစ်သွားခဲ့ပြီး ညအချိန်မြန်မြန်ရောက်ပါစေလို့သာဆုတောင်းခဲ့ကြရတယ်။

နေ့လည် ထမင်းစားပြီးချိန်မှာတော့
” ဆရာလေး ဆရာလေး “

အိမ်ရှင်ဦးကြီးရဲ့အသံကြောင့် အင်းကွက်ဆွဲနေတဲ့ သက်ခိုင်အနောက်လှည့်ကြည့်လိုက်ပြီး

” ဘာဖြစ်လို့လဲ ဦးကြီး”

” အဘဆရာသခင်ရဲ့ အဆောင်လေးပြိုကျသွားလို့ “

” အဆောင်က အသေအချာဆောက်ထားတာပဲ ဘယ်လိုပြိုကျသွားတာလဲ”

” ကျုပ်လဲမသိဘူး အလိုလိုနေရင်း တစ်စစီပြိုကျကုန်တာ အဆောင်ထဲ ပူဇော်ထားတဲ့အသီးအနှံတွေလဲအကုန်ပုတ်သိုးကုန်တယ် လာကြည့်ပေးပါဦး”

ဦးကြီးစကားကြောင့် သက်ခိုင်နဲ့ တောက်ရ လွယ်အိတ်ကိုလွယ်ကာ အဆောင်ရှိရာခြံထဲကိုဆင်းလာခဲ့လိုက်တယ်။

” ဘယ်လိုဖြစ်တာလဲ လေလဲမတိုက်ပဲ ငါးပေပတ်လည်အဆောင်က ဘယ်လိုပြိုကျရတာလဲ အနှောက်အယှက်တစ်ခုခုများရှိလို့လား ဒါမှမဟုတ် အဘဆရာသခင်စိတ်ဆိုးလို့များလား”

ရွာခံလူတွေကစိုးရိမ်တစ်ကြီး ပြောနေတဲ့အချိန် ယောဂီဝတ်စုံဝတ်ထားတဲ့ အောင်မြတ်သာခြံထဲဝင်လာပြီး

” ငါ့အဆောင်က ဘယ်လိုဖြစ်တာလဲ”

” အဲဒါတော့ ကျွန်တော်တို့လဲမသိဘူး အလိုလိုနေရင်း ပြိုကျတာလို့ပြောတယ်”

သက်ခိုင်စကားအဆုံးမှာ အောင်မြတ်သာ မျက်နှာပျက်သွားပြီး

” သူသိသွားပြီ “လို့ရွေရွတ်လိုက်တာကို သက်ခိုင်ကြားလိုက်ရတယ်။

” မင်းတို့ရွာသားတွေကိုစိတ်မပူဖို့ပြောထား ငါလုပ်စရာရှိတာလုပ်လိုက်ဦးမယ်” လို့ပြောပြီး အိမ်ပေါ်တက်သွားခဲ့တယ်။

အဲဒီအချိန် သက်ခိုင်နဲ့ တောက်ရ နားထဲမှာ စူးရှရှအသံတစ်ခုကိုကြားလိုက်ရတယ်။

” အချက်ပေးနေပီ ဘယ်လိုလုပ်ကြမလဲ “

“မထူးဘူးကွာ ရွာပြင်ကိုအရင်သွားကြတာပေါ့ “

သက်ခိုင်နဲ့တောက်ရလဲ အသံကြားပြီးတာနဲ့ ရွာအပြင်ကိုထွက်လာခဲ့လိုက်တယ်။ရွာပြင်ရောက်တော့ ဥသျှစ်ပင်အောက်သွားပြီး

” ကျုပ်တို့အချက်ပေးသံကြားလို့လာခဲ့တာ ဘာအကြောင်းထူးလို့လဲ” လို့မေးလိုက်တော့
” သင်တို့ဆရာနဲ့အဆက်အသွယ်ရတယ် သူဒီကိုလာနေပြီ ဒါကြောင့်လှမ်းခေါ်လိုက်တာ” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

အသံကြားပြီးသိပ်မကြာခင်မှာပဲ ယောဂီဝတ်စုံဝတ်ထားတဲ့လူတစ်ယောက် ‌လမ်းလျောက်လာနေတာကိုမြင်လိုက်ရတယ်။ သက်ခိုင်နဲ့ တောက်ရလဲ လမ်းလျောက်လာတဲ့သူကိုကြည့်လိုက်တော့

” ဆရာ ဆရာ တကယ်ရောက်လာတယ် ဝမ်းသာလိုက်တာဆရာရယ် “

သက်ခိုင်ရဲ့စကားကြောင့် အောင်မြတ်သာက

” မင်းတို့ကိုဆက်သွယ်ကြည့်သေးတယ် ဘယ်လိုမှဆက်သွယ်လို့မရခဲ့ဘူး ဒီက ဥသျှစ်ပင်စောင့်ပုဂ္ဂိုလ်ရဲ့အကူအညီကြောင့်သာ မင်းတို့ရှိတဲ့နေရာကိုသိခဲ့တာအခုမင်းတို့နဲ့ရှိနေတဲ့သူက ငါ့ပုံစံအယောင်ဆောင်ထားတဲ့သူပဲ “

” ဟုတ်တယ်ဆရာ ကျွန်တော်တို့အစထဲက သံသယဖြစ်နေတာ ဒါပေမယ့် သူကဆရာသိတာ အကုန်သိနေတယ် “

” အဲဒီကိစ္စကိုနောက်မှရှင်းပြမယ် အခုငါနဲ့ပြန်လိုက်ခဲ့ကြ “

” ဆရာ ဒီအတုအယောင်ကို မဆုံးမတော့ဘူးလား”

” သူ့ကိုဆုံးမတာထက် ပိုအရေးကြီးတဲ့ကိစ္စတစ်ခုလုပ်ဖို့ရှိတယ် မင်းတို့အကူအညီလဲလိုတယ်”

” ဟုတ်ကဲ့ဆရာ ကျွန်တော်တို့လိုက်ခဲ့ပါမယ်”

သက်ခိုင်နဲ့ တောက်ရလဲ အောင်မြတ်သာခေါ်တဲ့နောက်ကိုလိုက်ဖို့ပြင်လိုက်တဲ့အချိန်

” သက်ခိုင်နဲ့ တောက်ရ မင်းတို့အတုနဲ့အစစ်ကို ခွဲခြားမတတ်သေးဘူး” လို့ပြောတဲ့အသံကြားလို့ ကြည့်လိုက်တော့ ပိတ်ဖြူဝတ်ထားတဲ့ အောင်မြတ်သာနောက်တစ်ယောက်ကိုတွေ့လိုက်ရတယ်။

” ဒီမှာလဲတစ်ယောက် ဟိုဘက်မှာလဲတစ်ယောက် ဘယ်သူကအစစ်လဲ”

သက်ခိုင်က အောင်မြတ်သာနှစ်ယောက်ကိုကြည့်ပြီး ဝေခွဲမရဖြစ်နေတဲ့အချိန် ယောဂီဝတ်အောင်မြတ်သာက

” သင်ဘယ်သူလဲ ဘာကြောင့် ကျုပ်ပုံစံဟန်ဆောင်ထားတာလဲ “လို့ပြောလိုက်တော့ ပိတ်ဖြူဝတ်အောင်မြတ်သာက အနည်းငယ်ပြုံးလိုက်ပြီး

” သင်မေးတဲ့မေးခွန်းကို သင်သာလျင်အသိဆုံးဖြစ်မှာပါ လောကမှာအတုနဲ့အစစ်ဆိုတာ အမြဲဒွန်တွဲနေတာမဟုတ်လား “လို့ပြောတော့ ယောဂီဝတ်အောင်မြတ်သာက

” သင်က အတုအယောင်လို့မပြောရဘူး စကားပရိရာယ်ကြွယ်ပါပေတယ် ကျုပ်တပည့်တွေကို သင်သွေးဆောင်ပြီး လာဘ်လာဘရအောင် ကြိုးစားခဲ့တာမဟုတ်လား” လို့ပြောလိုက်တော့ ပိတ်ဖြူဝတ်အောင်မြတ်သာက

” လောကမှာအတုဆိုတာ ဖုံးကွယ်လို့ရတဲ့အရာမှမဟုတ်တာ သင်ဘယ်လိုပဲလိမ်လည်လှည့်ဖျားပါစေ ဟာကွက်တစ်ခုတော့ကျန်ခဲ့ရစမြဲပဲ သင့်ရဲ့လက်အောက်ခံ ဥသျှစ်ပင်က ပုဂ္ဂိုလ်လောက်နဲ့ ကျုပ်ကိုလှည့်ဖျားလို့မရဘူး သင့်လိုလမိုင်းအဆင့်ကို ကျုပ်ဒီလောက်ပြောနေတာက ကျုပ်အချိန်တွေ အတော်ကုန်နေပါပြီ “လို့ပြောလိုက်တော့ ယောဂီဝတ်အောင်မြတ်သာက

” ငါ့အကြံအောင်မြင်ခါနီးမှ ပျက်ရတယ်လို့ မင်းနဲ့ငါနောက်ထပ်တွေ့ကြသေးတာပေါ့ ” လို့ပြောပြီး ပျောက်ကွယ်သွားခဲ့တယ်။

” ဆရာ ဆရာအစစ်ဟုတ်ပါတယ်နော်”

” အတုက ထွက်ပြေးသွားပြီလေ “

” ဆရာ ကျွန်တော်တို့ခုနကတွေ့ခဲ့တဲ့သူက ဆရာနဲ့ဘာလို့ခွဲမရအောင်တူနေတာလဲ နောက်ပြီး သူ့ကဆရာတတ်မြောက်သလို တတ်နေတာ”

” ဟုတ်တယ် သူက အမှန်တကယ်တော့ ငါ့ရဲ့ကိုယ်ပွားပဲ မကောင်းတဲ့ဘက်မှာရှိနေတဲ့ကိုယ်ပွားပေါ့ ငါလုပ်တဲ့အလုပ်တွေရဲ့ ဆန့်ကျင်ဘက်တွေကိုလိုက်လုပ်တတ်ကြတယ် ငါသိသလိုသိကြတယ် ငါတတ်မြောက်သလို တတ်မြောက်ကြတယ် ဒါပေမယ့် အစစ်နဲ့တွေ့ရင်သူတို့ထွက်ပြေးကြရစမြဲပဲ”

” ဒါဆို ဆရာက ကျွန်တော်တို့ဒီမှာရှိနေတာ အစောကြီးထဲကသိနေတာပေါ့”

” မင်းတို့ကို စေတီမှာလာရှာတော့ တစ်ပိုင်းတစ်စကျန်နေတဲ့‌ဖယောင်းတိုင်တွေကိုပဲတွေ့ရတယ် ဒါနဲ့ ရင်ပြင်စောင့်အဖိုးကိုမေးကြည့်တော့ ငါနဲ့တူတူထွက်သွားတယ်လို့ပြောတယ် အဲဒီထဲက မင်းတို့အဖျက်တစ်ခုခုနဲ့တွေ့ပြီဆိုတာသိလိုက်ရတယ် မင်းတို့ကိုဆက်သွယ်ကြည့်သေးတယ် ဒါပေမယ့် တစ်စုံတစ်ခုက မင်းတို့ဆီရောက်မယ့် လမ်းကိုဖြတ်တောက်ထားတာမြင်တော့ နယ်တစ်ဝိုက်မှာရှိတဲ့ ရွာစောင့်နတ်တွေကို အကူညီတောင်းလိုက်ရတယ် အဲဒီတော့မှ မင်းတို့ဒီရွာမှာရှိနေတယ်ဆိုတာသိရတာ တကယ်တော့ မင်းတို့ကို သူကအရူးလုပ်ပြီးလှည့်စားနေတာ ဥသျှစ်ပင်ပေါ်ကနေကြားရတဲ့အသံက သူ့အသံပဲ “

” အိမ်ပေါ်မှာတွေ့တဲ့ပိတ်ဖြူဝတ်ထားတဲ့သူကတော့ ဆရာမဟုတ်လား”

” မဟုတ်ဘူး သူကကောင်းတဲ့ဘက်မှာနေတဲ့ အောင်မြတ်သာအတုပါ “

” ဆရာပြောမှ ကျွန်တော်ခေါင်းရှုပ်သွားပြီ ဒါနဲ့ ရွာထဲကလူတွေကိုဘယ်လိုလုပ်ကြမလဲ သူတို့ကဆရာအယောင်ဆောင်ထားတဲ့သူကို အဆောင်တွေဆောက်ပြီး ကိုးကွယ်နေကြတာ”

” ဒါကြောင့်လဲ သူတို့ဆောက်ထားတဲ့အဆောင်ကို ရွာစောင့်နတ်ကိုဖြိုချခိုင်းခဲ့တာ ရွာသားတွေကိစ္စကိုစိတ်မပူပါနဲ့ လူပျိုတော်နတ်က ကြည့်လုပ်သွားလိမ့်မယ်”

” လူပျိုတော်နတ်ဟုတ်လားဆရာ “

” ဟုတ်တယ် လူပျိုတော်နတ်ဆိုတာက ဒီရွာစောင့်နတ်ဖြစ်လာမယ့်သူပဲ”

” ဆရာပြောတော့ ရွာစောင့်နတ်ရှိတယ်ဆို လူပျိုတော်နတ်က ဘယ်လိုရွာစောင့်နတ်ဖြစ်လာဦးမှာလဲ”

” သူက အခုလူ့ဘဝမှာပဲရှိသေးတာ ဒါပေမယ့်သိပ်မကြာခင် လူ့ကံကုန်ရတော့မယ် သူသေတဲ့အခါ လူပျိုတော်နတ်ဖြစ်အောင် လုပ်ပေးရမယ့်တာဝန်ငါတို့ကိုပေးထားတယ် “

” ဒါဆိုရင် သူ့ကိုရှာရမှာပေါ့ သူကဘယ်မှာနေလဲဆရာ”

သက်ခိုင်စကားကြောင့် အောင်မြတ်သာက ပြုံးလိုက်ပြီး

” သူနေတာ ဒီရွာမှာပဲ” လို့ပြောကာ ရွာထဲဝင်လာခဲ့လိုက်တယ်။ အောင်မြတ်သာရဲ့အနောက်မှာတော့ သက်ခိုင်နဲ့ တောက်ရက လွယ်အိတ်ကိုယ်စီနဲ့ လိုက်ပါလာခဲ့တယ်။

ဒီတစ်ခါမှာတော့ အောင်မြတ်သာအစစ်အမှန်ကို ရွာသားတွေအားလုံးမြင်လိုက်ကြရတယ်။ ဒါပေမယ့် သူတို့ယုံကြည်ကိုးကွယ်ခဲ့တဲ့သူဆိုတာတော့ ဘယ်သူမှမသိခဲ့ကြဘူး။

နောက်ဝတ္တုမှာတော့ မြေလတ်ရွာစောင့်နတ်ဖြစ်လာမယ့်လူကို အောင်မြတ်သာတို့ဘယ်လိုပုံစံသွင်းမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်လူပျိုတော်နတ်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)