အောင်မြတ်သာနှင့်ရာသီသွေးအတိုက်

Posted on

အောင်မြတ်သာနှင့်ရာသီသွေးအတိုက်
++++++++++++++++++++++++++
“ အေ့… လှရင် တံခါးဖွင့်စမ်း… ဒုန်း ဒုန်း ဒုန်း”
အိမ်တံခါးကို ခပ်ပြင်ပြင်းထုရင်း အော်နေတဲ့အသံကြောင့် ကလေးသိပ်နေတဲ့ လှရင်တစ်ယောက် ကမန်းကတမ်းထလိုက်ပြီး တံခါးဖွင့်ပေးလိုက်တယ်။
“ ကိုမောင်ငယ်… ရှင် အရက်တွေသောက်လာတာလား”
“ နည်းနည်းပါမိန်းမရယ်… ဟိုကောင် ဟန်ငြိမ်း နွားရောင်းရလို့ တိုက်လိုက်တာ”
လှရင်လဲ ယိုင်တိုင်တိုင်ဖြစ်နေတဲ့ ယောင်္ကျားဖြစ်သူကို ဆွဲခေါ်ရင်း ကုလားထိုင်ပေါ် ပေးထိုက်လိုက်တယ်။
“ ယောင်္ကျားရယ် ရှင်အရင်က ဒီလိုတွေသောက်တာ မမြင်ဖူးပါဘူး… ဒီရက်ပိုင်း ဘယ်လိုဖြစ်နေတာလဲ”
“ ငါ့ဘာသာ သောက်ချင်လို့သောက်တာ လာမရစ်နေနဲ့… နင်လုပ်စရာရှိတာ သွားလုပ် ငါ ခဏထိုင်ဦးမယ်”
လှရင်လဲ လူမှန်းသူမှန်းမသိအောင် ဖြစ်နေတဲ့ ကိုမောင်ငယ်ကို ကြည့်ပြီး သက်ပြင်းတစ်ချက် ချကာ ခြင်ထောင်ထဲပြန်ဝင်သွားလိုက်တယ်။
အရင်ကဆို ဘုရားတရားအမြဲလုပ်တတ်ပြီး အရက်ဆိုတာဘာမှန်းမသိတဲ့ ကိုမောင်ငယ်က ဒီနှစ်လအတွင်း ဘာကြောင့်ပြောင်းလဲသွားရတာလဲဆိုတဲ့ အတွေးက လှရင်ခေါင်းထဲကို မစဉ်းစားပဲ ထိုးဖောက်ဝင်ရောက်လာခဲ့တယ်။
“ သူလဲ စီးပွားရေးအဆင်မပြေလို့ စိတ်ထွက်ပေါက်ရှာတာ ဖြစ်မှာပါလေ” လို့တီးတိုးရေရွတ်ရင်း မအိပ်ချင်သေးတဲ့ မျက်လုံးကို အတင်းမှိတ်ကာ အိပ်ဖို့ကြိုးစားခဲ့လိုက်တယ်။
အိမ်ရဲ့ပတ်ဝန်းကျင်မှာတော့ ညပိုးကောင်လေးတွေရဲ့အသံ၊ အိမ်ထဲမှာတော့ ကိုမောင်ငယ်ရဲ့ ဟောက်သံက စည်းချက်ညီညီ ထွက်ပေါ်လျက်။
++++++
“ ကိုမောင်ငယ် မနက်အစောကြီးနိုးနေပါလား”
ပြေကျနေတဲ့ ဆံပင်ကို တစ်ပတ်လျှိုထုံးရင်း အိပ်ယာထဲကထွက်လာရင်းမေးလိုက်တဲ့ လှရင်စကားကြောင့် မောင်ငယ်က
“ လှရင် နင့်မှာ ဆွဲကြိုးရှိသေးတယ်မဟုတ်လား”
“ ရှိတယ်လေ… ဘာဖြစ်လို့လဲ”
“ ငါ့ကိုရောင်းပေးစမ်းဟာ… ဟိုဘက်ရွာမှာ နွားတစ်ရှဉ်းလှလှလေးတွေ့ထားလို့”
“ ဟင် … အရင်က နွားဝယ်ဖို့ပေးထားတဲ့ ပိုက်ဆံတွေက ဘယ်ရောက်သွားလို့လဲ”
လှရင်စကားကို မောင်ငယ် ပြန်မဖြေပဲ အိပ်အပြင်ဘက်ကိုငေးကြည့်နေခဲ့တယ်။
“ ကျွန်မ မေးနေတယ်လေ… ရှင် ပိုက်ဆံတွေကို ဘာလုပ်လိုက်တာလဲ”
“ အဲဒီပိုက်ဆံတွေမရှိတော့ဘူး… ငါ ငါ ဖဲရိုက်လိုက်တာ ကုန်သွားတယ်”
“ ဘာ…”
လှရင်အသံက တုန်ရီစွာထွက်ပေါ်လာခဲ့သလို အသားတွေလဲ တဆတ်ဆတ်တုန်လာခဲ့တယ်။
“ အဲဒီပိုက်ဆံတွေက တပေါင်းလရောက်ရင် သားကို ရှင်ပြုပေးဖို့စုထားတဲ့ ပိုက်ဆံတွေဆိုတာ ရှင်မသိတာလား… နွားဝယ်မယ်ဆိုလို့ ခဏပေးလိုက်တာကို ရှင် ရှင်က လောင်းကစား လုပ်ပစ်လိုက်တာပေါ့လေ”
“ ငါလဲ နိုင်မယ်ထင်ပြီး ကစားလိုက်တာ… ကုန်သွားတာတော့မတတ်နိုင်ဘူး”
“ ရှင် လူစကားပြော … ဘယ်နှယ့်တော် ဒီနှစ်ထဲ စီးပွားရေးအဆင်မပြေလို့ ချွေတာနေရပါတယ်ဆိုမှ ဒီလိုလုပ်ပစ်ရတယ်လို့၊ ရှင် ဘယ်လိုဖြစ်ပြီး ပြောင်းလဲသွားရတာလဲ”
“ ငါ့ကိုအပြစ်လာတင်မနေနဲ့… ငါရှာကျွေးလို့ လူတန်းစေ့နေနိုင်တာကိုကျတော့ ထည့်မပြောဘူး”
“ အော်… ရှင်က သူများသားသမီးကို ယူထား‌တာလေ၊ ရှင်ရှာမကျွေးရင် ဘယ်လင်ငယ်က ရှာကျွေးမှာလဲ”
လှရင်စကားက မောင်ငယ်အရှိုက်ကို ထိသွားတာမို့ ရှေ့မှာချထားတဲ့ စားပွဲကို ဝုန်းခနဲလှန်တင်ပြီး ဖန်ခွက်တွေကို ပစ်ခွဲပါလေရော။
ဝုန်းခနဲ ဒိုင်းခနဲ ထွက်ပေါ်လာတဲ့အသံကြောင့် အိပ်ပျော်နေတဲ့ ဖိုးသား လန့်နိုးလာပြီး မိဘနှစ်ပါးကို ကြောင်စီစီကြည့်နေခဲ့တယ်။
“ တောက်…”
မောင်ငယ်က တောက်တစ်ချက်ကို ပြင်းထန်စွာခေါက်လိုက်ပြီး အိမ်ပေါ်ကနေ ဆင်းသွားတဲ့အချိန် လှရင်ရဲ့ မျက်လုံးအိမ်ထဲကနေ ပူပြင်းလှတဲ့ မျက်ရည်ပူတွေ စီးကျလာခဲ့တယ်။
ခဏနေတော့ အိမ်ပေါ်ကို အမတင်အေး တက်လာပြီး
“ လှရင်ရယ် နင်တို့လင်မယား ဘယ်လိုဖြစ်ကြတာလဲ”
“ အမလဲ အကုန်ကြားပီးပီ ထင်ပါတယ်… ကိုမောင်ငယ်က အရင်လိုမဟုတ်တော့ဘူး.. ဟင့် ဟင့်”
“ မဟုတ်တာကွယ်.. မောင်ငယ်က နင်တို့ကို အလိုလိုက်ပါတယ်… စိတ်မကောင်းမဖြစ်နဲ့နော်၊ သူလဲစိတ်ဆိုးလို့ခဏပြောတာဖြစ်မှာပါ”
လှရင်က အမတင်အေး ပခုံးပေါ်မှာ မှီပြီး စိတ်ထဲတင်းထားသမျှကို ငိုချပစ်လိုက်တယ်။
တင်အေးကတော့ သူ့ပခုံးပေါ်မှာ မှီပြီးငိုနေတဲ့ လှရင်ကိုအားပေးစကားပြောရင်း အိမ်နောက်ဖေးအဝင်တံခါးဘောင်ပေါ်ကို စောင်းငဲ့ကြည့်လိုက်တယ်။
+++++
သီချင်းသံသဲ့သဲ့ပြန့်လွင့်နေတဲ့ ဗန်ဒါရိပ်လက်ဖက်ရည်ဆိုင်ထဲမှာတော့ တိုးကြီး၊ ဝေလွင်နဲ့ မောင်ငယ်တို့ ထိုင်နေကြတယ်။
“ မောင်ငယ် မင်း လှရင်နဲ့စကားများတယ်ဆို”
“ ဒီလိုပါပဲ တစ်ခွန်းစ နှစ်ခွန်းစပါ”
“ ဟင်း… မင်း ဟန်ငြိမ်းနဲ့ တပူးပူးတတွဲတွဲ ဖြစ်နေတယ်လို့ငါကြားတယ်… အဲဒီကောင်နဲ့ပေါင်းတာ ငါတို့မကြိုက်ဘူး မောင်ငယ်”
“ ဘာဖြစ်လို့လဲ…’’
“ ဘာဖြစ်ရမှာလဲ… ဟန်ငြိမ်းဆိုတဲ့ကောင်က လိုင်းစုံတယ်… မင်းက လူရိုးလူအေး”
“ သူက မင်းထင်သလို မဟုတ်ပါဘူး…”
“ ဒါကတော့ မင်းဆုံးဖြတ်ရမှာ.. ငါတို့က သူငယ်ချင်းဖြစ်နေလို့ ပေါင်းသင့်မပေါင်းသင့် ပြောပြပေးတာ”
“ အေးပါ… ဒါဆို ငါသွားတော့မယ် လက်ဖက်ရည်ဖိုး မင်းတို့ပဲရှင်းလိုက်တော့”
မောင်ငယ် ထွက်သွားတော့ တိုးကြီးက
“ မောင်ငယ်က အရင်နဲ့မတူတော့ဘူး… ပျက်စီးခြင်း လမ်းစကိုရောက်နေပြီကွာ” လို့ လေးတွဲစွာရေရွတ်လိုက်တယ်။
++++
“ မောင်ငယ် သောက်ကွာ… ဒါက ကောက်ညှင်းချက်အရက်နော် မွှေးနေတာပဲ”
ဟန်ငြိမ်းက နီကျင်ကျင်ဖြစ်နေတဲ့ ပုလင်းထဲက အရက်အချို့ကို မောင်ငယ်ခွက်ထဲ လောင်းထည့်ပေးလိုက်တယ်။
“ ဒီနေ့ ဖဲဝိုင်းရှိသေးတယ် သွားကြည့်မလား”
“ လိုက်ဆိုလိုက်ပေးမယ်လေ… ဆော့ဖို့တော့ပိုက်ဆံမရှိဘူး”
“ သူဌေးကလဲ ညဉ်းတော့မယ်… မင်းသူရင်းငှားချထားတဲ့လယ်တွေအများကြီးရှိတာကိုကွာ”
“ လယ်ရှိတာက ရှိတာပေါ့… ဒါပေမယ့် ဒီနှစ်ထဲ စီးပွားရေးအဆင်မပြေဘူးဆိုတာ မင်းလဲသိနေတာပဲ၊ ဘာလုပ်လုပ်အဆင်ကိုမပြေတာ”
“ ဟုတ်ပါပြီကွာ… ဒါဆို မင်းဘေးမှာပဲ ထိုင်ကြည့်ပေါ့… ငါနိုင်ရင် မင်းနိုင်သလိုပါပဲ”
ဟန်ငြိမ်းက မောင်ငယ် ပခုံးကိုပုတ်ကာပြောလိုက်ပြီး ပုလင်းထဲက အရက်လက်ကျန်ကို ဖြတ်ကာ ဖဲဝိုင်းရှိတဲ့ဘက်ကို ထွက်သွားခဲ့ကြတယ်။
မောင်ငယ်လဲ တစ်နေ့တစ်နေ့ အရက်သောက်လိုက်၊ ဖဲရိုက်လိုက်၊ ကြက်တိုက်လိုက်နဲ့‌ အချိန်ကုန်နေတာမို့ ပြေလည်နေတဲ့အိမ်ထောင်ရေးက တစ်စတစ်စဆိုသလို အက်ကြောင်းတွေထလာခဲ့တယ်။
မောင်ငယ်တို့ လင်မယားစကားများတာကလဲ တစ်ရက်ခြားတစ်ခါလိုဖြစ်လာတာကြောင့် လှရင် သည်းမခံနိုင်တော့ပဲ သားဖြစ်သူကိုခေါ်ကာ အိမ်ပေါ်ကနေ ဆင်းသွားခဲ့တယ်။
လှရင်မရှိတော့ မောင်ငယ်က ပိုလွတ်လပ်သွားပြီး အချိန်ပြည့်ဆိုသလို သောက်စားမူးရူးကာ ဘဝကို ဖြစ်သလိုနေထိုင်ခဲ့တယ်။
“ မောင်ငယ်… အိမ်ပေါ်မှာရှိလား”
အိမ်ရှေ့ကနေ ခေါ်နေတဲ့အသံကြောင့် အိပ်ပျော်နေတဲ့ နိုးလာပြီး အိမ်ရှေ့ကိုထွက်လာခဲ့လိုက်တယ်။
“ ဘယ်သူများလဲလို့ အမတင်အေးပါလား၊ ဘာကိစ္စရှိလို့လဲ”
“ အိမ်မှာ ငါးရံ့အူဟင်းချက်လို့လေ… မင်းလဲ တစ်ယောက်ထဲဆိုတော့ ဟင်းမချက်တာသိလို့ လာပို့တာ”
“ အော် … အိမ်ပေါ်တက်လေအမ… ကျွန်တော် ခုနကမှနိုးတာမို့ ရှုပ်ပါနေတာတော့ သည်းခံပေး”
“ ဟက်ဟက် ရပါတယ် မောင်ငယ်ရဲ့…”
အမတင်အေးက အိမ်ပေါ်ကိုတက်လာပြီး မောင်ငယ်ကို ဟင်းပန်းကန် ကမ်းပေးလိုက်တယ်။
“ မောင်ငယ်… လှရင်တို့က ပြန်မလားသေးဘူးလား”
“ သူ့အကြောင်းမပြောပါနဲ့ဗျာ… သူ့အသံရော ရုပ်ရော မကြားချင်ဘူး”
အမတင်အေးက မောင်ငယ်စကားကြားတော့ မသိမသာလေးပြုံးလိုက်ပြီး
“ မင်းလဲ အရက်တွေသိပ်မသောက်နဲ့လေ… ကြည့်လိုက်ရင် အမြဲမူးနေတာပဲ”
“ အမြဲမသောက်ပါဘူး… ဒါနဲ့ ကျွန်တော် ပန်းကန်နောက်မှ လာပေးမယ်နော်”
“ ပန်းကန်ကရပါတယ်… ဒါနဲ့ မင်းအင်္ကျီအနောက်မှာ ဘာတွေပေနေတာလဲ”
အမတင်အေးက မောင်ငယ်ကျောကုန်းကို လှမ်းကိုင်ဖို့လုပ်တော့
“ ရပါတယ်အမ … ကျွန်တော် ခဏနေ ရေချိုးတော့မှာ အဲတော့မှ လျှော်လိုက်ပါမယ်” လို့ပြောပြီး အခြားတစ်ဖက်ကိုရှောင်ထွက်သွားလိုက်တယ်။
အဲဒီတော့မှ အမတင်အေးက ရှိုးတိုးရှက်တန့်ဖြစ်ပြီး စကားလမ်းကြောင်းလွှဲကာ အိမ်ပေါ်ကနေ ပြန်ဆင်းသွားခဲ့တယ်။
+++++
တစ်ပတ်လောက်ကြာတော့ သူငယ်ချင်းတွေရဲ့ ဖြန်‌ဖြေပေးမှုကြောင့် လင်မယားနှစ်ယောက် ပြန်အဆင်ပြေသွားပြီး မောင်ငယ်လဲ ခေတ္တပြန်ငြိမ်သွားခဲ့တယ်။
ဒါကို မကျေမနပ်ဖြစ်နေတဲ့သူတစ်ယောက်ရှိနေခဲ့တယ်။ သူကတော့ မတင်အေး။
ခြံချင်းကပ်‌ဖြစ်နေတဲ့အတွက် မောင်ငယ်တို့မိသားစု ပျော်ရွှင်ရယ်မောနေတဲ့အသံကြားရင် သူ့နားထဲကို သံရည်ပူလောင်းထည့်သလိုဖြစ်နေခဲ့တယ်။ ဒါပေမယ့် အပူရုပ်ကို ဟန်လုပ်ပြီး လှရင်တို့အိမ်ကို ဝင်ထွက်ကာ အိမ်နီးချင်းကောင်းအဖြစ်နေထိုင်ခဲ့ပေမယ့် နောက်ဆုံးမခံစားနိုင်တော့ပဲ မကြံကောင်းတဲ့ အကြံတစ်ခုကို ကြံစည်ပါလေရော။
++++++
“ ဆရာမင်းသိုက်
ဗေဒင်လက္ခဏာ၊အစီအရင်၊
သိုက်ဆက်နတ်ဆက်ဟောသည်” ဆိုတဲ့ဆိုင်းဘုတ် တပ်ထားတဲ့ အိမ်အောက်မှာတော့ လူအချို့ယပ်တောင် တဖျတ်ဖျတ်နဲ့ တန်းစီနေကြတယ်။
“မတင်အေးရှိလား”
နာမည်စာရင်းခေါ်တဲ့လူရဲ့အသံကြောင့် မတင်အေး တစ်ယောက် အခန်းထဲကို ဝင်လာခဲ့လိုက်တယ်။ အခန်းထဲရောက်တော့ အဆောင်လက်ဖွဲ့တွေ၊ အင်းချပ်တွေနဲ့ရစ်ပတ်ထားတဲ့ဖယောင်းတိုင်တွေကို စားပွဲပေါ်တင်နေတဲ့ အသက်၅၀အရွယ် လူတစ်ယောက်ကိုမြင်လိုက်ရတယ်။
“ ဘာကိစ္စနဲ့ ဆရာဆီရောက်လာတာလဲ…သမီး”
“ ဆရာနဲ့တိုင်ပင်စရာရှိလို့ပါ… ဒါပေမယ့် ပြောရမှာလဲ အားနာနေတာ”
မတင်အေးစကားကြောင့် ဆရာဖြစ်သူက အသံထွက်အောင် ရယ်လိုက်ပြီး
“ ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းပြော… ဒါမှ ဆရာကူညီလို့ရမှာ”
“ ဟုတ်ကဲ့ဆရာ… သမီးလေ… အိမ်ထောင်ရှိ ယောင်္ကျားတစ်ယောက်ကို ပိုင်ဆိုင်ချင်လို့”
မတင်အေးစကားကြောင့် ဆရာဖြစ်သူက မျက်ခုံးနှုတ်ခုကိုကျုံ့ကာ စိုက်ကြည့်လိုက်တဲ့အချိန် ပူလောင်တဲ့လေငွေ့တစ်ခုက အခန်းထဲကို တိုးဝင်လာခဲ့တယ်။
++++++
“ ကိုမောင်ငယ်… ထမင်းစားတော့မလား”
“ မစားချင်သေးဘူး… အရင်စားချင်စားလေ”
ခပ်ပြတ်ပြတ်ပြောလိုက်တဲ့ စကားကြောင့် လှရင် ဘာမှထပ်မမေးတော့ပဲ ခူးထားတဲ့ပန်းကန်ကို ဘေးမှာဖယ်ပြီး အုပ်ဆောင်းပြန်အုပ်ထားလိုက်တယ်။
“ ကိုမောင်ငယ်… တပေါင်းလက နောက်သုံးလဆိုပြည့်တော့မယ်နော်၊ သားကို ရှင်ပြုပေးဖို့အဆင်ပြေနိုင်ပါ့မလား”
“ ဒီနှစ်မပြုရလဲ နောက်နှစ်တွေလုပ်လို့ရနေတာပဲ၊ စိတ်ထဲအရမ်းမထားနေပါနဲ့”
“ မဟုတ်ဘူးလေ… ကျွန်မတို့နှစ်ယောက် ဒီနှစ်လုပ်ဖို့တိုင်ပင်ထားကြတာလေ၊ ပိုက်ဆံမရှိရင်လဲ ဆွဲကြိုးရောင်းပြီး လုပ်ပေးချင်တယ်”
“ စီးပွားရေးက အဆင်မပြေပါဘူးဆိုမှ နားလာငြီးနေတယ်၊ ရှင်ပြုတာက မသေမချင်းပြုလို့ရတယ်၊ ငါ့မှာတော့ စပါးတွေပိုးကျလို့ ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတာ”
လှရင်လဲ သားဖြစ်သူအိပ်ပျော်နေတာကြောင့် စကားမများအောင် ရှောင်ထွက်ပြီး အိပ်ယာထဲဝင်ခဲ့လိုက်တယ်။
သာယာပျော်ရွှင်ခဲ့ရတဲ့အိမ်ထောင်ရေးက လပိုင်းအတွင်းမှာပင် အဖုအထစ်‌များစွာဖြစ်လာပြီး တစ်ယောက်မျက်နှာ တစ်ယောက်မမြင်ချင်လောက်တဲ့ထိကို ဆိုးဝါးလာခဲ့တယ်။
တစ်ရက်မှာတော့ မောင်ငယ်ရဲ့ နှိပ်စက်မှုတွေကို သည်းမခံနိုင်တော့တဲ့ လှရင်တစ်ယောက် သားဖြစ်သူရဲ့လက်ကိုဆွဲကာ မိဘတွေရှိတဲ့ ရွာကို အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ထွက်လာခဲ့လိုက်တယ်။
ထွက်လာတဲ့အချိန်က မှောင်စပျိုးချိန်ဖြစ်နေတာကြောင့် လမ်းတစ်ဝက်ရောက်တဲ့အခါမှာတော့ အလင်းရောင်လုံးဝပျောက်သွားပြီး သားမိနှစ်ယောက်ထဲ ရွာချင်းဆက်လမ်းပေါ်မှာ ခိုကိုးရာမဲ့ဖြစ်ခဲ့ကြရတယ်။
လှရင်ကတော့ သားဖြစ်သူရဲ့လက်ကိုခပ်တင်းတင်းဆွဲကာ စီးကျလာတဲ့မျက်ရည်စတွေကို လက်ခုံနဲ့ခပ်တင်းတင်းသုတ်လိုက်ပြီး ကြောက်စိတ်တွေကိုဖယ်ထုတ်ကာ မိဘတွေရှိတဲ့ရွာဘက်ကို ခပ်သုတ်သုတ်လျောက်လာခဲ့လိုက်တယ်။
“ အား….”
ခြေမျက်စိအောက်ကနေ မီးစနဲ့ထိုးခံလိုက်ရသလို ဖြစ်သွားတာကြောင့် လှရင်တစ်ယောက် အောက်ငုံ့ကြည့်လိုက်ရာ မှိန်ပြပြအလင်းရောင် အောက်မှာ ‌လျောခနဲထွက်ပြေးသွားတဲ့ မဲမဲရှည်ရှည် အကောင်တစ်ကောင်ကို မြင်လိုက်ရတယ်။
“ အမေ … ဘာဖြစ်တာလဲ”
“ ဘာမှမဖြစ်ပါဘူးသားရယ်… လာ လာ သွားကြရအောင်”
သားဖြစ်သူ ကြောက်မှာစိုးတဲ့အတွက် ဝေဒနာကို အံတုရင်း ရှိသမျှခွန်အားတွေစုစည်းပြီး ရှေ့ဆက်သွားနေပေမယ့် အဆိပ်က တစ်ကိုယ်လုံးကိုပျံ့နှံ့နေတာကြောင့် မျက်လုံးတွေ ပြာဝေပြီး အားအင်တွေဆုတ်ယုတ်လာခဲ့တယ်။
“ အမေ … အမေ… ဘာဖြစ်တာလဲ.. အီးဟီးဟီး”
အေးစက်တဲ့မြေကြီးနဲ့ထိ‌တွေ့တာကို သိလိုက်ရတဲ့အပြင် သားဖြစ်သူရဲ့ ငိုကြွေးသံကို ကြားလိုက်ရပြီးချိန်မှာတော့ လှရင် တစ်ယောက် သတိလစ်မေ့မျောသွားခဲ့တယ်။
++++++
“ အချိန်ကအတော်လင့်နေပြီ… တည်းဖို့နေရာကလဲ ဒီလောက်တောင်ရှားရလားကွာ”
မောင်ကောင်းရဲ့ စကားကြောင့် ခွန်းလှက ရှေ့ကို ခပ်သုတ်သုတ်လျောက်သွားပြီး ဇရပ်တွေများရှိမလားဆိုတဲ့အတွေးနဲ့ ဟိုဟိုဒီဒီလိုက်ကြည့်နေခဲ့တယ်။ အဲဒီအချိန်
“ အမေ… ထပါဦး… အမေ.. အီးဟီးဟီး”
“ ဟင် … ကလေးတစ်ယောက် ငိုတဲ့အသံပါလား”
ခွန်းလှလဲ အသံကြားတဲ့ဘက်ကို လျောက်ခဲ့ရာ အမှောင်ထုဲမှာ လဲကျနေတဲ့မိန်းမတစ်ယောက်ကို လှုပ်နှိုးပြီး ငိုယိုနေတဲ့ ကလေးတစ်ယောက်ကို မြင်လိုက်ရတယ်။
“ ဘာဖြစ်တာလဲ ကောင်လေး…”
“ အမေ… အမေ ဘာဖြစ်လဲမသိဘူး၊ လမ်းလျောက်နေရင်း လဲကျသွားတာ၊ ခေါ်လို့လဲမရတောဘူး”
ခွန်းလှဲ ချက်ချင်းဆိုသလို လွယ်အိတ်ထဲကနေ ‌ဖယောင်းတိုင်နဲ့ မီးခြစ်ထုတ်ပြီး ထွန်းလိုက်ရာ နှုတ်ခမ်းတွေဖြူဖျော့ပြီး သတိလစ်နေတဲ့ မိန်းမတစ်ယောက်ရုပ်သွင်ပေါ်လာခဲ့တယ်။
“ ခွန်းလှ ဘာဖြစ်တာလဲ”
“ မသိဘူးဆရာ… မိန်းမတစ်ယောက် သတိလစ်နေလို့”
အောင်မြတ်သာလဲ ခွန်းလှ ဘေးဝင်ထိုင်ကြည့်လိုက်ပြီး ကြည့်လိုက်ရာ
“ ပိုးထိလူနာပဲ… ငါတို့သောက်မယ့်ရေပါလာတယ်မဟုတ်လား..”
“ ပါတယ်ဆရာ”
“ ဒဏ်ရာကို ရေနဲ့အရင်ဆေးလိုက်…”
မောင်ကောင်းက သောက်ရေဘူးထဲက ရေနဲ့ ပိုးထိတဲ့နေရာကိုဆေးကြောနေတဲ့အချိန် အောင်မြတ်သာက ညာဘက်ဝါးနဲ့ ဒဏ်ရာကိုအုပ်ပြီး အောက်ကို ဆွဲချပစ်နေခဲ့တယ်။ ဆယ်ချက်လောက် ဆွဲချပြီးမှာတော့ ပိုးထိတဲ့နေရာကနေ သွေးနဲ့ရောနေတဲ့အဆိပ်ရည်တွေ စီးကျလာခဲ့တယ်။
အဆိပ်တွေ ထွက်သွားပြီးချိန်မှာတော့ အနားမှာရှိတဲ့ ဝါးတစ်ချောင်းကိုခြေထောက်နဲ့ပူးချည်ပြီး သစ်ပင်အောက်မှာ ပေးမှီထားတဲ့အချိန် လူနာသတိပြန်လည်လာခဲ့တယ်။
“ သား… သား…”
“အမိရဲ့ ကလေး ဒီမှာရှိပါတယ်…”
“ ရှင်တို့က ဘယ်သူတွေလဲ”
“ ဒီလမ်းကနေ ဖြတ်သွားတဲ့အချိန် ပိုးထိပြီးသတိလစ်နေတဲ့ အမိကိုတွေ့လိုက်တာပဲ၊ အခုတော့ အဆိပ်တွေထွက်သွားပြီမို့ အသက်အန္တရာယ်တော့စိုးရိမ်စရာမရှိတော့ပါဘူး”
“ အော်… ကျေးဇူးတင်ပါတယ်ရှင်…”
“ ဒါနဲ့ ဒီအချိန်ကြီး သားအမိနှစ်ယောက်ထဲ ဘယ်သွားကြမလို့လဲ”
“ မိဘတွေရှိတဲ့ရွာကိုသွားမလို့ပါ…”
“ အခုလိုချိန် မိန်းမသားတစ်ယောက်ထဲ သွားလာဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး… အနီးနားမှာရော အသိအကျွမ်းတွေများ မရှိဘူးလား”
“ ရှေ့က ရွာမှာတော့ အမျိုးသားအိမ်ရှိပါတယ်… အခုက သူ့ကိုစိတ်ဆိုးပြီး အိမ်ကဆင်းလာခဲ့ကြတာပါ”
“ လောလောဆယ် ဒဏ်ရာတွေနဲ့မို့ အမျိုးသားအိမ်ကို အရင်ပြန်လိုက်ပါ… ဒဏ်ရာသက်သာမှ ကိုယ်လိုရာကိုသွားပေါ့”
“ ဒါပေမယ့်…. ကျွန်မ သူ့ဆီကိုမသွားချင်ဘူး…”
“ ကျုပ်တို့လဲအချိန်မရတာမို့… ရှေ့ကရွာသွားမယ်‌ဆို ခေါ်သွားပေးမယ်၊ မိဘတွေဆီပြန်မယ်ဆိုရင်တော့ အမိတို့နှစ်ယောက်ထဲ သွားရတော့မှာနော်”
“ အမေ… အဖေဆီပဲပြန်ကြရအောင်နော်… လမ်းကမှောင်မဲနေတာ အဖွားတို့ဆီမသွားချင်တော့ဘူး၊ အိမ်ပဲပြန်မယ်လေ”
လှရင်လဲ သားဖြစ်သူရဲ့ ငိုမဲ့မဲ့မျက်နှာကြောင့် မာန်မာနကိုချလိုက်ပြီး
“ ဆရာတို့ကို အနှောက်အယှက်ပေးမိပြီ”
“ ရပါတယ် … မောင်ကောင်း ရှေ့က ဝါးရုံပင်မှာ လက်တစ်ကမ်းစာဝါးတစ်ချောင်းချိုးခဲ့ပေး”
မောင်ကောင်းလဲ အောင်မြတ်သာစကားကြောင့် ဝါးတစ်ချောင်းချိုးပြီးယူလာခဲ့လိုက်တယ်။
“ အမိက ဒီဝါးအစွန်းကိုကိုင်ပြီးလိုက်လာခဲ့ပါ… မောင်ကောင်း မင်းက ရှေ့ကနေ အစွန်းတစ်ဖက်ကို ကိုင်ပြီးသွား”
အောင်မြတ်သာတို့လဲ လှရင်တို့သားအမိနေတဲ့အိမ်အထိရောက်အောင် လိုက်ပို့ပေးခဲ့ကြတယ်။ အိမ်ရှေ့ရောက်တော့ ခြံထဲဝင်ဖို့ခြေလှမ်းလိုက်တဲ့အချိန် အင်္ကျီကော်လံစကို တစ်ယောက်ယောက်ဆွဲထားသလိုဖြစ်နေတာကြောင့် စိတ်ထဲထင့်ခနဲဖြစ်သွားပြီး အနောက်ကိုပြန်ဆုတ်လိုက်တယ်။
“ ဆရာတို့ အိမ်ထဲဝင်ပါဦး”
“ ရပါတယ်…. မဝင်တော့ပါဘူး… မနက်ကျလို့ မူးတာဝေတာရှိသေးရင် ဘုန်းကြီးကျောင်းကို လာခဲ့ပါ”
“ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာ”
အောင်မြတ်သာတို့လဲ လှရင်တို့အိမ်ကနေ ထွက်လာပြီး ရွာလယ်မှာရှိတဲ့ ဘုန်းကြီးကျောင်းဆီကို ဦးတည်ခဲ့လိုက်တယ်။
++++
“ ဆရာ… ခုနက အိမ်ထဲဝင်မလို့လုပ်ပြီးမှ ဘာလို့မဝင်တော့တာလဲ”
“ ဂိုဏ်စောင့်တွေက ငါ့‌ဂုတ်ကိုဆွဲထားကြလို့ မဝင်ပဲထွက်လာတာ… စိတ်ထင်ပြောရရင် အဲဒီအိမ်မှာ မကောင်းတဲ့အရာတစ်ခုခုရှိနေပြီထင်တယ်”
“ သူပြောတဲ့စကားတွေအရ အိမ်ထောင်ရေးလဲ အဆင်မပြေလောက်ဘူး… သာမန်လင်မယား စကားများတာလောက်နဲ့ သားအမိနှစ်ယောက် ထွက်လာမှာတော့မဟုတ်ဘူး”
“ အရမ်းလဲတွေးမနေပါနဲ့… မင်းတို့လဲ တစ်နေကုန် ပင်ပန်းထားကြတာဆိုတော့ နားလိုက်ကြဦး”
အောင်မြတ်သာလဲ မောင်ကောင်းနဲ့ ခွန်းလှတို့ကို အနားယူခိုင်းပြီး ဘုန်းကြီးကျောင်းဝင်းထဲမှာ စင်္ကြန်လျောက်နေခဲ့တယ်။
“ ရှပ် ရှပ် ရှပ်”
အနောက်ကနေ ကပ်ပါလာတဲ့ ခြေသံကြောင့် စင်္ကြန်လျောက်နေတာကိုရပ်လိုက်ရာ ခြေသံလဲရပ်သွားခဲ့တယ်။ ပြန်လျောက်ရင် အနောက်ကနေ ခြေသံပြန်ကြားရတာကြောင့် အာရုံခံပြီးကြည့်လိုက်ရာ စုတ်ပြဲနေတဲ့အင်္ကျီနဲ့ လုံချည်ကိုဝတ်ထားတဲ့ လူတစ်ယောက် အနောက်ကနေ ကပ်လိုက်နေတာကိုမြင်လိုက်ရတယ်။
“ သင်ဘယ်သူလဲ… ဘာကြောင့် ကျုပ်စင်္ကြန်လျောက်နေတာကို နှောက်ယှက်နေရတာလဲ” လို့ပြောပြီး လှည့်ကြည့်လိုက်ရာ ခေါင်းတစ်ဖက်ပိန်ကပ်နေပြီး မျက်လုံးက အပြင်ကိုပြူးထွက်နေတဲ့ ယောင်္ကျားတစ်ယောက်ကိုမြင်လိုက်ရတယ်။ အဲဒီလူက အောင်မြတ်သာမျက်နှာရှေ့ကို လက်နဲ့ဝှေ့ယမ်းလိုက်ပြီး
“ ကျွန်တော်ကိုမြင်ရတယ်မလား… ကျွန်တော်ပြောတာလဲကြားတယ်မဟုတ်လား”
“ သင့်ကိုလဲမြင်ရတယ်… သင်ပြောတာကိုလဲကြားတယ်၊ ဘာကိစ္စနဲ့ အနောက်ကလိုက်နေရတာလဲ”
“ ပျော်လိုက်တာဗျာ… အခြားသူတွေဆိုရင် ကျုပ်အနောက်ကလိုက်တာနဲ့ ထွက်ပြေးကြပြီ၊ ဒါကြောင့် ပြောချင်တာတွေ မပြောရတာ… အခုကျမှ ကျုပ်ပြောပြချင်တာတွေပြောပြရတော့မယ်”
“ သင်မှာ ဘာပြောစရာတွေရှိနေတာလဲ”
“ ကျုပ်နာမည်က ဆန်းဦးလို့ခေါ်တယ်၊ လူ့ဘဝတုန်းကတော့ သစ်ပင်တက်သမားပေါ့၊ တစ်ရက်ကျတော့ ဘုန်းကြီးကျောင်းခြံစည်းရိုးနဲ့ ကပ်လျက်ပေါက်နေတဲ့ ညောင်ပင်ကို တက်ခုတ်တာ အပင်ပေါ်ကနေ တွန်းချခံထိပြီး သေသွားတာပဲ၊ ကျုပ်သေတော့ အိမ်ကလူတွေက ဘုန်းကြီးကျောင်းမှာ ထီးတံခွန်လာပေးထားကြတာ၊ တကယ်တော့ ကျုပ်က ထီးတံခွန်လိုချင်တာမဟုတ်ဘူး၊ အမျှအတန်းလိုချင်တာ၊ ကျုပ်အိမ်ကိုပြောပြချင်ပေမယ့် ညောင်ပင်က တစ္ဆေကြီးက ဘုန်းကြီးကျောင်းဝင်းထဲကနေ အပြင်ကိုပေးမထွက်ဘူးဖြစ်နေတယ်၊ အဲဒါ ကျုပ်အိမ်ကို ပြောပေးနိုင်မလား”
“ သင့်အိမ်ကို ကျုပ်တို့ပြောရင် ယုံပါ့မလား”
“ ယုံအောင်လုပ်ဖို့နည်းရှိပါတယ်… ကျုပ်လူ့ဘဝတုန်းက ဖဲနိုင်လို့ဖွက်ထားတဲ့ ငွေအချို့ကို အိမ်ဦးတိုင်အောက်မှာ လုံချည်စုတ်နဲ့ပတ်ပြီးမြုပ်ထားတယ်၊ အဲဒါကိုပြန်ဖော်လိုက်ရင် သူတို့ယုံမှာပါ”
“ သင့်အိမ်ကိုဘယ်လိုရှာရမလဲဆိုတာပြောပါဦး”
“ ရွာထဲမှာ သစ်ပင်တက်သမားဆန်းဦး အိမ်လို့မေးရင် အကုန်သိတယ်… အဲဒါလေး ကူညီပါနော်… ကျုပ် အခြားဘဝတစ်ခုကိုသွားချင်ပြီ”
“ ကောင်းပါပြီ… မနက်မိုးလင်းတာနဲ့ သင့်အိမ်ကို လိုက်ရှာပြီး ပြောပေးပါ့မယ်”
အောင်မြတ်သာစကားအဆုံးမှာ ခေါင်းတစ်ခြမ်းပိန်နေတဲ့သူက ညောင်ပင်ရှိတဲ့ဘက်ကို ထော့ကျိုးထော့ကျိုးနဲ့ ပြန်ထွက်သွားခဲ့တယ်။
+++++
မနက်မိုးလင်းတော့ အောင်မြတ်သာတို့လဲ သစ်ပင်တက်သမားဆန်းဦးနေတဲ့အိမ်ကို လိုက်ရှာခဲ့ကြတယ်။ သိပ်မကြာခင်မှာပဲ ပျဉ်ထောင်ခပ်နွမ်းနွမ်းအိမ်တစ်လုံးရှေ့ကို ရောက်လာပြီး အထဲကနေ အသက်၃၀အရွယ် လူတစ်ယောက်ထွက်လာခဲ့တယ်။
“ ဒီအိမ်က ကိုဆန်းဦးအိမ်လား”
“ အဖေက သေသွားတာ ဆယ်နှစ်ကျော်ပြီ… ဘာကိစ္စရှိလို့လဲ”
ဆယ်နှစ်ဆိုတဲ့စကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ အချင်းချင်းပြန်ကြည့်လိုက်ကြတယ်။
“ ခင်ဗျားရဲ့အဖေ အကူအညီတောင်းလို့ ဒီကိုရောက်လာတာပါ”
“ အဖေက အကူအညီတောင်းတယ် ဟုတ်လား… လိမ်ရင်လဲ ယုတ္တိရှိရှိလိမ်ကြလေဗျာ… သေသွားတဲ့ လူကအကူအညီတောင်းတယ်ဆိုတာ မဖြစ်နိုင်တာ”
“ ကျုပ်ဟာသလုပ်နေတာမဟုတ်ဘူး၊ ခင်ဗျားအဖေက အခုထိ မကျွတ်လွတ်သေးဘူးဆိုတာရောသိကြလား”
“ အဖေက သစ်ပင်ပေါ်က ပြုတ်ကျပြီးသေတာဆိုပေမယ့် သေတဲ့အချိန်ကစပြီး ကျုပ်တို့ကို ဘာအရိပ်အယောင်မှ ပြတာမဟုတ်ဘူး… အဲဒီတော့ ခင်ဗျားစကားကို ဘယ်လိုယုံရမှာလဲ”
“ ကောင်းပြီလေ… မယုံဘူးဆိုရင် အိမ်ဦးတိုင်အောက်ကို တူးကြည့်ပါ၊ သူကိုယ်တိုင် လုံချည်စုတ်နဲ့ မြုပ်ထားတဲ့ ငွေ့အချို့ရှိတယ်လို့ပြောတယ်၊ အဲဒီငွေကိုရရင် သူ့နာမည်ကိုခေါ်ပြီး ဘုန်းကြီးကျောင်းမှာ အလှူလုပ်ပေးလိုက်ပါ”
အောင်မြတ်သာက ခပ်ပြတ်ပြတ်ပြောပြီး ထွက်သွားဖို့အလုပ် ခြံထဲရပ်နေတဲ့လူက ရှေ့ကနေ ပိတ်ရပ်ပြီး
“ အဖေက တကယ်မကျွတ်သေးတာလား”
“ ဟုတ်မဟုတ် တူးကြည့်ရင်သိရမှာပေါ့”
“ ကျုပ် ခင်ဗျားတို့ပြောတဲ့ငွေကို ရထားပြီးပြီ၊ လွန်ခဲ့တဲ့နှစ်က အိမ်ပြင်လို့ အိမ်ဦးတိုင်ကိုတူးလိုက်တာ လုံချည်စုတ်နဲ့ ပတ်ထားတဲ့ငွေတွေရခဲ့ဖူးတယ်”
“ ဒါဆို ကျုပ်လိမ်နေတာမဟုတ်ဘူးဆိုတာ သိလောက်ရောပေါ့”
“ တောင်းပန်ပါတယ်ဗျာ… ကျုပ်မနက်ဖြန် အဖေအတွက်ရည်စူးပြီး ထီးတံခွန်ပြန်ပေးလိုက်ပါ့မယ်”
“ ထီးတံခွန်ပေးတာထက် ဆွမ်းဖြစ်ဖြစ် သင်္ကန်းဖြစ်ဖြစ် သူ့နာမည်နဲ့ကပ်လှူတာက ပိုထိရောက်ပါတယ်”
“ ကျွန်တော် အဲဒီတိုင်းလုပ်ပေးလိုက်ပါမယ်”
အောင်မြတ်သာတို့ ကိုဆန်းဦး အိမ်ကနေ ထွက်လာပြီး ဘုန်းကြီးကျောင်းကိုအရောက် လှေကားရင်းမှာ ထိုင်စောင့်နေတဲ့ မိန်းမတစ်ယောက်ကို မြင်လိုက်ရတယ်။
“ ဆရာတို့ ရွာထဲသွားတယ်ဆိုလို့ စောင့်နေတာ”
“ ဒဏ်ရာရော သက်သာရဲ့လား”
“ သက်သာပါတယ်ဆရာ… အဲဒါကျေးဇူးတင်လို့ ဆရာတို့စားဖို့ အသီးအနှံလေးတွေလာပို့တာပါ”
“ ဒါနဲ့ အိမ်မှာ ပြဿနာတွေ ဖြစ်နေတာ အတော်ကြာပြီလား”
“ စီးပွားရေးအဆင်မပြေတာက တစ်နှစ်လောက်ရှိပြီဆရာ၊ အိမ်ထောင်ရေးအဆင်မပြေတာကတော့ သုံးလလောက်ရှိပြီ”
“ အမျိုးသားကရော အရင်က အခုလိုမျိုးပဲလား”
“ ဘယ်ဟုတ်ရမလဲဆရာရယ်… အိမ်ထောင်သက် ရှစ်နှစ်အတွင်း ဒါမျိုးတစ်ခါမှမဖြစ်ဘူးဘူး… သူက ဒီလပိုင်းထဲမှာတင် ပြောင်းလဲလာတာ”
“ ကျုပ်အမြင်ပြောရရင် အမိတို့အိမ်မှာ အနှောက်အယှက်တစ်ခုခုရှိနေတယ်ထင်တယ်”
“ ကျွန်မလဲ ဆရာပြောသလို တွေးမိပါတယ်… ဒါပေမယ့် အဲလိုကိစ္စတွေမှာ ဘယ်သူကိုတိုင်ပင်ရမလဲမသိဘူးဖြစ်နေတယ်”
“ ဒါဖြင့် ကျောင်းပေါ် ခဏတက်လာခဲ့ပါ”
အောင်မြတ်သာလဲ မလှရင်ကိုကျောင်းပေါ်ခေါ်ပြီး လွယ်အိတ်ထဲမှာရှိတဲ့ အင်းတစ်ချပ်ကိုပြာချကာ စက္ကူနဲ့ထုပ်ပေးလိုက်တယ်။
“ အိမ်ရောက်ရင် ပြာမှုန်ကို ရေသန့်သန့် တစ်ခွက်ထဲ ထည့်ပြီး တစ်အိမ်လုံးဖြန်းလိုက်ပါ… ပိုတဲ့ရေကို အိမ်သားတွေသောက်တဲ့ရေအိုးထဲ ထည့်ထားပေး၊ ရေမကုန်အောင်လဲသတိထားဦး၊ နှစ်ရက်အတွင်း ထူးခြားလာလိမ့်မယ်”
“ကျေးဇူးတင်ပါတယ်ဆရာ… ကျွန်မ အိမ်ရောက်တာနဲ့သေချာလုပ်လိုက်ပါမယ်”
မလှရင်လဲ ပြာထုပ်ကိုယူပြီး အိမ်ကိုပြန်လာခဲ့လိုက်တယ်။ အိမ်ရောက်တော့ ပြောထားတဲ့အတိုင်း အိမ်အတွင်းအပြင်ဖြန်းနေတဲ့အချိန် အိမ်ခန်းထဲအဝင် လိပ်ကာဘောင်ပေါ်ကနေ ကြိုးအနီနဲ့ပတ်ထားတဲ့ အဝတ်စတစ်ခု လိမ့်ကျလာတာကိုမြင်လိုက်ရတယ်။
လှရင်လဲ ချက်ချင်းဆိုသလို ပြုတ်ကျလာတဲ့ အဝတ်စကိုဖြေကြည့်လိုက်ရာ ခြောက်သွေ့နေပြီဖြစ်တဲ့သွေးစွန်းအဝတ်ဖြစ်နေခဲ့တယ်။
ဒါကြောင့် ချက်ချင်းဘုန်းကြီးကျောင်းပြန်သွားပြီး အကျိုးအကြောင်းပြောပြလိုက်ရာ အောင်မြတ်သာက
“ ကျုပ်ထင်တော့ထင်သား… အမိတို့အိမ်ထောင်ရေးကို မနာလိုတဲ့သူတော့ရှိနေပြီ”
“ ဆရာ… ဒါက ဘာနဲ့လုပ်ထားတာ ဖြစ်နိုင်မလဲ”
“ အတော်ကို အောက်တန်းကျတဲ့အစီအရင်ပဲ… နားလည်အောင်ပြောရရင် ရာသီသွေးပေနေတဲ့ အဝတ်စကို အစီအရင်လုပ်ပြီး အိမ်ထောင်ကွဲ စီးပွားပျက်အောင်လုပ်ထားတာ”
“ အမလေးလေး… ဘယ်လိုလူကများ ဒီလိုလုပ်ရက်တာလဲ… ဒါကြောင့် ကိုမောင်ငယ် ပြောင်းလဲသွားတာကိုး၊ ကူညီပါဦးဆရာရယ်.. ဒီတစ်ခေါက်ရှာတွေ့ပေမယ့် နောက်တစ်ခါ ဆရာတို့မရှိတဲ့အခါ ဘယ်လိုလုပ်ရပါ့မလဲ”
“ ကျုပ်အခုပေးလိုက်မယ့် အင်းကို လှေကားအတက်အဆင်းမှာ မြုပ်ထားလိုက်ပါ၊ ကိုယ့်ကိုလုပ်တဲ့သူ တန်ပြန်ပါလိမ့်မယ်”
အောင်မြတ်သာက တန်ပြအင်းကို ကြေးပြားပေါ်မှာ ရေးဆွဲပြီး ပေးလိုက်တယ်။ လှရင်လဲ အိမ်ရောက်တာနဲ့ အင်းကို လှေကားရင်းမှာ မြုပ်ပြီး ဟန်မပျက်နေနေခဲ့လိုက်တယ်။
ညနေစောင်းတော့ ကိုမောင်ငယ် ပြန်ရောက်လာပြီး သောက်ရေအိုးထဲက ရေကိုခပ်သောက်နေတာမြင်တော့ ဘာများဖြစ်မလဲဆိုတဲ့အတွေးနဲ့ စောင့်ကြည့်နေခဲ့တယ်။ ခဏနေတော့ ဆေးလိပ်သောက်နေတဲ့ မောင်ငယ်တစ်ယောက် အိမ်နောက်ဖေးကိုထပြေးပြီး တဝေါ့ဝေါ့နဲ့ ထိုးအန်တာ ပါးစပ်ထဲကနေ အစာမဲမဲတွေ ထွက်လာတာမြင်လိုက်ရတယ်။
လှရင်တစ်ယောက် ဖြစ်ပျက်ခဲ့တဲ့အရာတွေကို ပြောပြဖို့အတွက် မိုးလင်းတာနဲ့ ဘုန်းကြီးကျောင်းဘက်ကိုထွက်လာခဲ့ရာ ကျောင်းရောက်တော့ အောင်မြတ်သာတို့အရိပ်အယောင်ကိုမမြင်တွေ့ရတော့ပဲ သင်္ကန်းလာလှူတဲ့ မောင်‌ဆန်းမြင့်တို့မိသားစုကိုသာမြင်လိုက်ရတယ်။
“ ဆန်းမြင့်… ဘာအလှူရှိလို့လဲ”
“ အလှူမဟုတ်ဘူး လှရင်ရေ… ငါ့အဖေက သူ့အတွက် အလှူလုပ်ပေးပါဆိုပြီး လာပြောခိုင်းလို့ အလှူလာလုပ်ပေးတာ,၊ နင်ကရော ဘာလာလုပ်တာလဲ”
“ ငါက ဒီမှာတည်းနေတဲ့ ဆရာဆီလာတာ”
“ အရပ်မြင့်မြင့်နဲ့ လူကိုပြောတာလား… သူ့တပည့်နှစ်ယောက်လဲပါတယ်လေ”
“ ဟုတ်တယ်… နင်တွေ့မိသေးလား”
“ ငါရောက်တော့ သူတို့မရှိကြတော့ဘူး… ဆရာတော်ပြောတာက အရုဏ်တက်ထဲက ထွက်သွားကြတယ်တဲ့”
လှရင်လဲ သူ့ရဲ့အသက်ကိုကယ်ခဲ့တဲ့သူဆိုလဲဟုတ်၊ အိမ်ရဲ့ပြဿနာကိုရှင်းပေးခဲ့တဲ့သူလဲဟုတ်တဲ့ ဆရာဖြစ်သူကို မတွေ့ရတာကြောင့် စိတ်ပျက်လက်ပျက်နဲ့ပြန်လာခဲ့လိုက်တယ်။ ဒီလိုနဲ့ တစ်ပတ်လောက်ကြာတော့ မောင်ငယ်တစ်ယောက် ပုံမှန်ပြန်ဖြစ်လာပြီး မိသားစုအပေါ်ကိုလဲ အရင်လိုပြန်ဂရုစိုက်လာတာကို သတိထားမိခဲ့တယ်။
++++
တစ်လခန့်အကြာ…
“ လှရင်ရေ… လှရင်”
“ အမတင်အေးပါလား… ဘာတွေလာပို့ပြန်ပီလဲ”
“ ဟိုဘက်ရွာကနေ တောဝက်ရလာလို့ ချက်ထားတာ”
အမတင်အေးက ပန်းကန်ကိုကိုင်ပြီး လှေကားရင်းကို တက်ဖို့လုပ်တဲ့အချိန် ပထမအဆင့်အရောက်မှာပဲ ကြွေပန်းကန်က သူ့အလိုလို ထက်ခြမ်းကွဲကာ ဟင်းတွေအကုန်မှောက်ကျကုန်တယ်။
“ အမ … အဆင်ပြေရဲ့လား…”
“ ရတယ် ရတယ်… ပန်းကန်ကကြာပီဆိုတော့ အပူနဲ့ထိတဲ့အချိန်ကွဲတာနေမှာ.. အမ နောက်တစ်ပန်းကန်ပြန်ပို့ပေးမယ်နော်”
အမတင်အေးက ကျကွဲနေတဲ့ပန်းကန် အပိုင်းအစတွေကိုကောက်ယူပြီး ပြန်ထွက်သွားခဲ့တာ ညနေစောင်းတဲ့ထိပြန်ပေါ်မလာခဲ့ဘူး။
နောက်တစ်နေ့မနက်ရောက်တော့ အမတင်အေး တစ်ယောက် ရုတ်တရက် မေ့လဲပြီး ဆေးရုံတင်လိုက်ရတယ်ဆိုတဲ့သတင်းကြားလိုက်ရတယ်။
အဲဒီတော့မှ လှရင်လဲ ဖြစ်ပျက်ခဲ့တာတွေနဲ့ ဆရာဖြစ်သူပြောတဲ့ ကိုယ့်ကိုလုပ်တဲ့သူတန်ပြန်ထိလိမ့်မယ်ဆိုတဲ့စကားကို ဆက်စပ်တွေးလိုက်ရာ အဖြေတစ်ခုက ခေါင်းထဲမှာ ထင်းခနဲပေါ်လာခဲ့တာကြောင့်
“ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးခံစားရမယ်ဆိုတာသိပ်မှန်တာပဲ”ဆိုတဲ့စကားကို ခပ်တိုးတိုးရေရွတ်ရင်း သောက်ရေအိုးထဲကိုရေအပြည့်ဖြည့်နေခဲ့လိုက်တယ်။
+++++++
အောင်မြတ်သာတို့ ရွာကနေ ထွက်လာပြီးနောက်ပိုင်းမှာတော့ ဝေဘာဂတောင်ပေါ်မှာရှိတဲ့ ကိုးတောင်ပြည့်စေတီကိုရောက်လာခဲ့ကြတယ်။ ဆရာပြန်ပြေးဘုရားလေးလို့ လူသိများကြတဲ့ ကိုးတောင်ပြည့်စေတီမှာ အောင်မြတ်သာတို့ဆရာတပည့်တွေ ဘယ်လိုပွဲကြမ်းကြမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် ဝေဘာဂကိုးနဝင်းစေတီဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)