ကောက်ရမ

Posted on

ကောက်ရမ(စ/ဆုံး)

—————-

“သမီးလေးရေ….ကောက်ရမလေးရေ…..”

“အမယ်လေး ဒီလိုခလေးလေးကို ဘယ်လိုမိဘတွေကများ စွန့်ပစ်ရက်နိုင်ကြတာလဲ မသိဘူးနော်”

ဟု အိမ်နီးနားချင်းများမှ ဦးဘသောင်း မနက်စောစော နွားပွဲစျေးသို့ သွားရာတာ တွင် ခလေးလေးတစ်ယောက် ကောက်ရလာသော သတင်းကြောင့် အိမ်နီးနားချင်းများ ထိုခလေးအားလာရောက် ကြည့်ရှူ့ရင်း တစ်ယောက်တစ်ပေါက်ပြောဆိုနေကြခြင်းဖြစ်သည်။

“ဟုတ်ပါရဲ့တော် ခလေးလေးက ဖြူဖြူဖွေးဖွေးဝဝတုတ်တုတ်ကြီးတော့”

“ချစ်စရာကြီး အေ .”..

“ကိုဘသောင်းတို့ တော့ သမီးလေးတစ်ယောက်ရတာပေါ့တော်” ဟုအမျိုးမျိုးပြောဆိုနေကြသည်။

ကောက်ရမလေး ကို ဦးဘသောင်း တို့မိသားစုမှာသမီးအရင်းလေးပမာချစ်ခင်ကြသည်။

“သမီးရေ ကောက်ရမလေးရေ ”
“ဖေကြီးပြန်လာပြီကွယ်.” ….”သမီးလေးအတွက်အကျီ်လှလှလေးတွေ”. ….. ဖေကြီးနွားပွဲစျေးက ဝယ်လာတယ်..။

“ငါ့သမီးလေး နဲ့ဆိုအရမ်းလိုက်မှာပဲ”ဟု ကိုဘသောင်းတစ်ယောက် နွားပွဲစျေးမှအပြန် မောရမှန်းမသိ သမီးလေးဆီသာ အ​ပြေးလွှားသွားရင်း အိပ်ပျော်နေသော ကောက်ရမလေး ပါးပြင်ဖွေးဖွေးလေးကိုငုံကာနမ်းရင်း ပြောနေသောစကားသံကြောင့်…….

“တော့်”. ..”. ……….ကိုဘသောင်း “. ……”ရှင်မှာချွေးတွေသံတွေတရွှဲရွှဲနဲ့ ခလေးကိုနမ်းမနေနဲ့ “. ……”ကျွန်မသမီးလေး နိုးသွားပါအုန်းမယ်တော် “. ……ဟုပြောနေသူက… ကိုဘသောင်း မိန်းမ ဒေါ်ကြည်။

“အေးပါ မိန်းမရဲ့”

“ငါ့သမီးလေးကို အမောပြေလေးနမ်းမိတာပါ ဟာ”…… . …ဟုဆိုကာ အိမ်နောက်ဖေးဘက်သို့ ကိုဘသောင်းတစ်ယောက် ဝင်သွားလေတော့သည်။

ကိုဘသောင်းသည် ခုနှစ်ရက် တစ်ပတ်မှာ အဂ်ါနေ့ တွင်ပြုလုပ်သည့် မင်းလှမြို့ ဂုံညင်းတန်းကျေးရွာမှ နွားပွဲစျေးတွင် နှီးဖြင့်ပြုလုပ်ထားသော ဇကာများ ငါးထောင်သည့်မြှံးများ ငါးရှည့်ပုံများ ပြုလုပ်ကာရောင်းချသောစျေးသည်တစ်ဦးဖြစ်သည်။

ကိုဘ​​ေငေ်းသည် အပြောဆို ဆက်ဆံရေးကောင်းသူဖြစ်သောကြောင့် လူချစ်လူခင်ပေါကာ ဖောက်သည်အများဆုံးရနေသည့် စျေးသည်​ဖြစ်သောကြောင့် စီးပွားရေးမှာအတော်သင့်ပြေလည်ကြသည်။

အိမ်တွင်လဲ မြန်မာမျိုးရင်းဝက်များမွေးမြူထားကာ ထိုဝက်မကြီးများမှပေါက်သောဝက်ကလေးများကိုပြန်လည်ရောင်းချ ခြင်းကြောင့်လည်း စီးပွားရေးအဆင်ပြေရခြင်းဖြစ်သည်။

ကောက်ရမ တစ်နှစ်သမီးအရောက်တွင် အိမ်နောက်ဖေးမှ ဝက်မကြီးများကလဲ ဝက်ကလေးများပေါက်သောကြောင့် “ကိုဘသောင်းက ငါ့သမီးလေးက …ငါတို့ကိုအကျိုးပေးမယ့်သမီးလေး “. …”ဝက်တွေသားခွဲလို့ရောင်းပြီးရင် နားကပ်လေးတရံတော့ လုပ်ပေးရမယ်”ဟု သူ့မိန်းမဒေါ်ကြည်က်ို
တီးတိုးတိုင်ပင်နေသည်။

ကောက်ရမကို ချစ်သည်မှာ ကိုဘသောင်းတို့မိသားစုပင်မဟုတ် သူတို့အိမ်မှာမွေးထားသော ခွေးကြီးတိုးပွားကလဲ ချစ်ရှာသည်။ကောက်ရမလေးကို ချီလျှင်တိုးပွားက ရန်မလုပ် ငိုအောင်စလျှင်တော့ ထိုသူအလစ်တွင်ဝင်ရောက် ကိုက်ခဲတတ်သည်။

ကောက်ရမ လမ်း လျှောက်တတ်စ တွင် တိုးပွားကြီးနှင့်ဆော့ဖော်ဆော့ဖက်ဖြစ်လာသည်။

ကိုဘသောင်းတို့ကလဲ တိုးပွားကြီးနှင့်ဆော့လျှင် စိတ်ချသည်။

တိုးပွားကလဲ ကောက်ရမကို ရန်မပြု ကောက်ရမ အန္တာရယ် ​ဖြစ်မည့်အရာများကိုလဲ တိုးပွားလက်မခံ လူဆိုလျှင်ကိုက်မည်ဟောင်မည်။ အလွန်လိမ်မာသောခွေးကြီးတိုးပွားဖြစ်သည်။

ကောက်ရမ သုံးနှစ်သမီးအရောက်တွင်ကိုဘသောင်းအိမ်မှဝက်မကြီးက ထူးထူးဆန်းဆန်း
ဝက်ကလေးတကောင်သာပေါက်သည်။

ကိုဘသောင်းကလဲ “မိန်းမရေ ဝက်မကြီးကအရင်ကဆို ဆယ်ကောင်အနည်းဆုံးပေါက်နေကြပါကွာ”

“ခုတစ်ခါဘယ်လိုဖြစ်လို့ တစ်ကောင်ထဲပေါက်ရတာလဲမသိဘူး ထူးဆန်းတယ်”. …ဟုပြောရာ ဒေါ်ကြည်က “ဝက်မကြီးအသက်ကြီးလို့သားပေါက်နူန်းလျှော့သွားတာဖြစ်မယ်”ဟုမှတ်ချက်ချလိုက်သည်။

ကောက်ရမလေးကလဲ တစ်ကောင်ထဲပေါက်သော ဝက်ကလေးအသံကြားလျှင်ကြည့်ချင်သည်။ဖေကြီး မေကြီး သမီးကို ဝက်ပေါက်လေးလိုက်ပြပါဟု ပူဆာတတ်သည်။

ကိုဘသောင်းလဲ ကောက်ရမ ဂျီကျလျှင်မနေတတ်တော့ ချီပိုးကာ လိုက်ပြရတော့သည်။

“ဖေဂျီး ဝက်ကလေးက သေးသေးလေးနော်”. ..

သမီးသူနဲ့ဆော့ချင်တယ်ဟုကောက်ရမကပြောလိုက်ပြန်သည်။

ကောက်ရမအသံကြားလျှင် ထိုဝက်ကလေးမှာ ဝက်မကြီးနို့စို့ နေရာမှထလာကာ ကောက်ရမထံသို့ အပြေးလာတတ်သည်။ကောက်ရမကလဲ နေ့တိုင်းထိုဝက်ကလေးကို သွားကြည့်သည်။
” အင်း.”. …”ငါ့သမီးက ဒီဝက်ကလေးက်ိုချစ်ရှာတာပဲ”

မရောင်းတော့ဘူး သမီးအတွက်မွေးထားရမယ်ဟု ဆိုကာ ထိုဝက်ကလေးဖြူလုံးက်ိုမည်သူလာဝယ်ဝယ်ကိုဘသောင်းမရောင်း။

ဖြူလုံးသည် ဝက်ပျိုမလေးဖြစ်လာချိန် ကောက်ရမနှင့်တိုးပွားတွင်ဆော့စရာအဖော်တစ်ဦးရလာသည်။
တိုးပွားကလဲ ဖြူးလုံးကိုရန်မလုပ် ဖြူလုံးရန်လုက်သမျှကိုငြိမ်ခံသည်။

နေ့လည်ခင်းတွင် ဒေါ်ကြည်က သမီးဖြစ်သူ ကောက်ရမကို ရေချိုးပေးရန် ရေတွင်းသို့သွားလျှင်ဝက်ကလေး ဖြူလုံးနှင့် ခွေးကြီးတိုးပွားအမြဲပါသည်။

တခါတရံ ကောက်ရမလေး ရေမချိုးလျှင် ဖြူလုံးကို ကြိုးမှဆွဲကာ တိုးပွားက ရေချိုးရန် အိမ်ရှေ့တံခါးသို့လာခေါ်တတ်သည်။

ကောက်ရမလေး ကိုဘသောင်းတို့ထံရောက်လာချိန်တွင် ကိုဘသောင်းတို့အင်မတန်စီးပွားတက်ခဲ့သည်။ထို့ကြောင့် ကောက်ရမလေးကို ကိုဘသောင်းနှင့်ဒေါ်ကြည်က သမီးအရင်းပမာ အချစ်ပိုခဲ့ကြသည်။

ကောက်ရမမျက်နှာအငြိုးမခံ ပူဆာသမျှအကုန်ဖြစ်အောင်ဝယ်ပေးသည်။

တစ်နေ့ လမ်းထဲမှ အရက်မူးသမားကိုလှဆောင်က ကောက်ရမကိုငိုအောင်စနေသည်။ ကောက်ရမကလဲ ငိုကာ သူ့အဖေကိုဘသောင်းကိုတိုင်သည်။ ကိုဘသောင်းကလဲ “သမီးရယ် ဦးလေးလှဆောင်က သမီးကိုချစ်လို့စတာပါ မငိုနဲ့”. .,. .”တိတ်တိတ်” ဟုပြောကာချော့နေသည်။

ကောက်ရမအငိုတိတ်သော်လဲ ကိုလှဆောင်ကိုခွင့်မလွှတ်သူနှစ်ဦးရှိသည်။ထိုသူက ​ခွေးကြီးတိုးပွားနှင့်ဝက်ကလေးဖြူလုံးဖြစ်သည်။

ညနေ ကိုလှဆောင်အရက်ဆ်ိုင်သို့သွားရန် ကောက်ရမအိမ်ရှေ့မှအဖြတ် တိုးပွားနှင့်ဖြူလုံးက ဝင်ရောက်ကိုက်ခဲတော့သည်။ ကိုဘသောင်းတို့လင်မယားအတားဦး၍သာ ကိုလှဆောင်ဒဏ်ရာမများခြင်းဖစ်သည် ထိုသတင်းကြားပြီးကတည်းက ကောက်ရမကိုမည်သူမျှငိုအောင်မစရဲတော့။

ဘာလိုလိုနှင့်ကောက်ရမလေး လေးနှစ်ပင်ကျော်လာခဲ့ပြီ အိမ်ရှေ့မှကျောင်းသားကျောင်းသူလေးများ ကျောင်းသွားလျှင် သူပါကျောင်းတက်ချင်သည် သူ၏မွေးစားအမေဒေါ်ကြည်ကိုပူဆာတတ်သည်။

ဒေါ်ကြည်ကလဲ ငါ့သမီး ငါးနှစ်ပြည့်ရင် ကျောင်းတက်ရမှာပေါ့ ဟုနှစ်သိမ့်ကာ လွယ်အိပ်ကလေးများ စာအုပ်ကလေးများပင်ဝယ်ထားပေးသည်။

ကံကြမ္မာက ပျော်ရွှင်ကြည်နူးနေကြသော ကိုဘသောင်းတို့မိသားစုကိုမျက်နှာသာမပေး။

ကောက်ရမလေး ငါးနှစ်ပြည့်ရန် တစ်ပတ်အလိုတွင် အပြင်းဖျားတော့သည်။ကိုယ်ပူတွေကမကျ တစ်ကိုယ်လုံးပူချစ်ကာ အသားဖြူလှသောကောက်ရမလေးသည် အလွန်ဖျားသောကြောင့် အသားလေးများနီကာ သနားစဖွယ် ပင်ကောင်းတော့သည်။

ဖေကြီးနဲ့မေကြီး “သမီးကျောင်းတက်မယ်နော် နေကောင်းသွားရင်”….ကိုဘသောင်းကလဲမျက်ရည်များစို့လျှက် နေကောင်းရင် ဖေကြီးကိုယ်တိုင်ကျောင်းလိုက်အပ်ပေးမှာပေါ့သမီးရယ် သမီးနေကောင်းတော့မှာပါ မနက်ကျ မင်းလှဆေးရုံးကိုဆေးသွားထိုးပြီးရင်သမီးနေကောင်းသွားမှာဟုနှစ်သိမ့်ကာပြောလိုက်သည်။

ဒေါ်ကြည်မှာတော့ တစ်ရှူံ့ရှူံ့ငိုလျက် ။

ကောက်ရမကိုအလွန်ချစ်ကြသော အိမ်နီးချင်းများကလဲ စိတ်မကောင်းကြ။

ဒီလိုနှင့် ကောက်ရမလေးသည် ည ဆယ်နှစ်နာရီအကျော်တွင် အလွန်သည်းထန်စွာအဖျားများတက်ကာ သူ၏မိဘနှစ်ပါဖြစ်သော ကိုဘသောင်းနှင့်ဒေါ်ကြည်ကို စွန့်ခွာကာ ဘဝတစ်ပါးသို့ပြောင်းသွားရှာတော့သည်။

ကိုဘသောင်းများ ကြိတ်ကာ မျက်ရည်များစီးကျလျှက်ဒေါ်ကြည်ကတော့ အလွန်ငိုသောကြောင့်သတိပင်လစ်သွားရှာသည်။အိမ်နီးချင်းအဒေါ်ကြီးများကလဲ သူတို့အဖြစ်ကိုကြည့်ကာ မျက်ရည်မဆယ်နိုင်ကြချေ။

တိုးပွားကြီးနှင်ဖြူလုံးကလဲ မျက်ရည်များစီးကျကာ လူများလိုပင် ငိုနေသယောင်။

ကောက်ရမလေး မြေချသောနေ့ တွင် လမ်းထဲရပ်ကွက်ထဲမှလူအများပြားလာရောက်ကာ အသုဘပို့လိုက်ကြသည်။ထိုလူများထဲတွင်ထူးဆန်းစွာ ဝက်ကလေးတစ်ကောင်နှင့်ခွေးလေးတစ်ကောင်တို့ပါရောထွေးလျက်။

ကောက်ရမလေးနာရေး ရက်လည်ပြီးမကြာမှီ ခွေးကြီးတိုးပွာသည် ရောဂါရှာမရပဲနှင့်သေဆုံးသွားပြန်သည်။

ကိုဘသောင်းလဲ “အင်း”. … တိုးပွားကြီးလဲ “ငါ့သမီးလေးကို ချစ်ရှာလိုက်တာ”. ……. သူသေတဲ့အချိန်ထိ သမီးလေးဆော့တဲ့နေရာမှာတမှိုင်မှိုင်တထွေတွေနဲ့အစာကျွေးလျှင်တောင်မစား ခုတော့သူလဲသမီးလေးနောက်လိုက်ရှာသွားပါပြီကော ဟုတွေးကာ ကောင်းမွန်စွာတိုးပွားကိုမြေမြုပ်ပေးလိုက်သည်။

ကောက်ရမနှင့်တိုးပွားမရှိချိန် ဝက်ကလေးဖြူလုံးမှာလဲ အရင်လိုမြူးထူးမနေ တိုးပွားကြီးမြုပ်ထားရာ ကောက်ရိုးပုံဘေးတွင်သာ ထိုင်နေတတ်သည်။

အစာကျွေးလျှင်လဲ စားတဲ့အခါစားသလိုမစားသည်ကများလေသည်။

ဒီလိုနှင့် ကောက်ရမနှင့်တိုးပွားကြီးသေဆုံးပြီးမကြာမှီ….

” ကိုလေးကိုဘသောင်း ကိုလေးကိုဘသောင်း” တာလမ်းမပေါ်မှာ “ခင်ဗျအိမ်ကဝက်ကြီး ကားတိုက်သွားလို့ဗျ”

သေပြီထင်တယ် အမြန်လိုက်ကြည့်ပါအုန်းဟုဆိုကာ အမောတကောပြေးလာပြောနေသော ကိုသံချောင်းစကား ကြောင့် ကိုဘသောင်းရော ဒေါ်ကြည်ပါ အိမ်ရှေ့မျက်စောင်းထိုး တာလမ်းမပေါ်သို့ အပြေးလွှားရောက်သွားသည်။

ဖြူလုံးကတော့သွေးအိုင်ထဲတွင် လဲကျကာ အသက်ငင်နေချေပြီး။

ဒေါ်ကြည်….ဒီတစ်ခါလဲ ငိုရပြန်သည်။ သူချစ်သော သူ၏သမီးလေး သမီးလေးရဲ့ သူငယ်ချင်းလိုဖြစ်နေသောအလွန်သံယောဇဥ်ကြီးသော ခွေးကြီးတိုးပွားနှင့်ဝက်ကလေးဖြူလုံး ခုတော့ အကုန်လုံး
ဘဝတပါးသို့ပြောင်းကုန်ကြပြီ။

“အော် ဆန်းကြယ်လိုက်တဲ့ ဘဝတွေပါလား သမီး၊တိုးပွားနဲ့ဖြူလုံးရယ် ”

နောင်ဘဝများရှိရင်တော့ သက်တမ်းစေ့နေရတဲ့ မောင်နှမတွေဖြစ်ပါစေ၊ယခုဘဝလိုအဖြစ်ဆိုးတွေမကြုံကြပါစေနဲ့ဟု ဆုတောင်းရင်းသာ…..။

ကိုဘသောင်းလဲ ဖြူလုံးကိုအသားပေါ်ရန် လာဝယ်သောသူများကိုလုံးဝမရောင်း သူ့၏ခြံနောက်ဖေး ခွေးကြီး တိုးပွားမြုပ်ထားသော နံဘေးတွင်သာ မြေ
မြှပ်လိုက်လေသည်။

“ကောင်းရာမွန်ရာရောက်ကြပါစေ သမီးလေးနဲ့တိုးပွား ကြီးနှင့် ဖြူလုံးတို့ ရေ “ဟု ကိုဘသောင်း စိတ်ထဲမှ ဆုတောင်းလျက်။

သတ္တဝါ တွေကျန်းမာချမ်းသာကြပါစေ။

(ဖြစ်ရန်မှန်ကို အမည်များလွှဲရေးထားခြင်းဖြစ်သည်။မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်နစ်နာ လိုစိတ်မရှိပါ)

စာဖတ်သူများကိုအစဥ်လေးစားလျှက်

##မောင်နတ်ဆေး(မင်းလှ)