တန်ပြန်ဝဋ်ကြွေး

Posted on

တန်ပြန်ဝဋ်ကြွေး(စ/ဆုံး)
———————
ရပ်ကွက်ထဲတွင် ဒေါ်ဇာဇာ ဆိုသော မိန်းမတစ်ယောက်ရှိသည် ။ သူ့ယောက်ျားက ကားသမားဖြစ်၏။ သူတို့အိမ်တွင် ဒေါ်ဇာဇာရယ် သူ့ယောက်ျားရယ် ‌သူ့သားရယ် သူ့ယောက္ခမရယ် အတူနေကြသည်။ ဒေါ်ဇာဇာသည် အပြောချိုသလို မျက်နှာကလည်း ချိုသည်။ သို့သော် ရပ်ကွက်ထဲက သူ့အကြောင်း သိသူများက …

” အဲ့မိန်းမက လု ပ် ချိုကြီးပါဟယ် ၊ အပေါ်ယံ ကောင်းပြတာ ၊ အတွင်း စိတ် အရမ်းပု တ်တာ ” ဟု သူ့ကို ပြောကြသည်။ ဒေါ်ဇာဇာ၏ အဆိုးဆုံး ယုတ်ညံ့မှုကတော့ ယောက္ခမအ‌ပေါ် ယု တ်မာခြင်း ဖြစ်သည်။ ဒေါ်ဇာဇာသည် ယောက္ခမကို သိပ်မုန်းသူဖြစ်သည် ။ ယောက္ခမကို မပေးချင်မကျွေးချင်သော ချွေးမဖြစ်သည်။ သူ့ယောက်ျား ဦးပေါက …

” အမေ သုံးဖို့ ပိုက်ဆံ နည်းနည်းပေးဦးမယ် ” ဟု ဒေါ်ဇာဇာဆီကတောင်းလျှင်…

” ရှင့်အမေက ဘာသုံးဖို့ရှိမှာလဲ ၊ အသက်ပဲ ကြီးနေပြီ ၊ ပေးမနေနဲ့ ”

” ဪ ဘယ်ဟုတ်မလဲ သူလှူချင်တာရှိရင် လှူလို့ရတာပေါ့ ”

” သူ့ လုပ်စာ ရှိရင်လှူပါစေလေ ၊ သူ့လုပ်စာမှမရှိတာ သူလှူဖို့ကို ကျွန်မတို့က ပေးစရာလား ”

” ဇာဇာ မင်းကလည်းကွာ ”

” ကို ပေါ ရှင် စကားမများနဲ့ ၊ ဒီအိမ်မှာ သူ့လုပ်စာမရှိဘဲ သူ့ကိုတင်ကျွေးထားရတာနဲ့တင် အတော်ကုန်နေပြီ ၊ တခြားသူ့အတွက် ဘာမှထပ်အကုန်မခံနိုင်ဘူး ၊ လကုန်ရင် သားကျူရှင်လခ ရှိတယ် ”

” သားကျူရှင်လခ ပေးဖို့ လောက်တယ်မဟုတ်လား ၊ အမေ့ကို ၅ ထောင်လောက်ပေးလို့ ဘာဖြစ်မှာမလို့လဲ ”

” မပေးနိုင်ဘူးတော် ၊ ရှင့်အမေကို ပေးချင်ရင် ရှင့်ဘာသာ ပိုရှာ ၊ ကျွန်မကိုပေးထားတဲ့အထဲကနေတော့ ရှင့်အမေကို ထုတ် မပေးနိုင်ဘူး ”

ဦးပေါသည် သက်ပြင်းအသာ ချ၍ ဒေါ်‌ဇာဇာ့ဘေးက ထွက်ခွာသွားလေသည် ။ ဦးပေါ၏အမေ အဘွားလေးဝိုင်းချစ် သည် အိမ်ထဲကို စစဝင်လျှင် တွေ့ရသော အခန်းကျဉ်းလေးထဲမှာ နေသည် ။ ထိုအခန်းကျဉ်းလေးထဲမှာပဲ ထမင်းစားရသည် ။ တစ်ခါတစ်လေ အဘွား‌ေလးဝိုင်းချစ်က ထိုအခန်းလေးထဲမှာ နေ့ခင်းနေ့လည် အိပ်နေလျှင် ဒေါ်ဇာဇာက အပြင်ကနေ အိမ်ကိုသော့ခတ်၍ လျှောက်သွားနေတတ်သည်။ အိမ်သာ က အိမ်အပြင်ဘက်မှာမို့ အဘွားဝိုင်းချစ်သည် အပေါ့အပါးသွားချင်တာတောင် အောင့်ထား၍ ဒေါ်ဇာဇာ ပြန်လာမှသွားရသည်။ထိုအကြောင်းတွေသိသော ရပ်ကွက်ထဲက ဒေါ်ပုတုက …

” အဘွားလေး ကိုယ့်အခန်းထဲ ဆီးအိုး ယူထား ၊ ပြီးမှသွန်ပစ် ” ဟု အကြံပေးသည် ။

ဒေါ်ဇာဇာသည် အဘွားဝိုင်းချစ် ရေချိုးတော့မည်ဆိုလျှင် ရေတွင်းကိုသွားသည့် လမ်းကို ရေတွေ ပက်ထားလေသည်။ အိမ်နီးနားချင်းဖြစ်သူ ဒေါ်သီတာက …

” ဟဲ့ဇာဇာ နင်ဘာလို့ရေတွေ ပက်ထားတာတုန်း ” ဟုမေးတော့

” ဟိုအဘွားကြီး ချော် လဲ ပြီး ‌ေ သအောင်လို့ ” ဟု ပေါ်တင်ပြောလေသည်။

ဒေါ်သီတာသည် ကြားမကောင်းသော စကားကိုကြားရတော့ ဦးပေါကို ပြန်ပြောသည် ။ ထိုအခါ ဦးပေါနှင့် ဒေါ်ဇာဇာတို့ ရန်ဖြစ်ကြလေသည် ။ထိုရန်ဖြစ်ပြီး နောက်ပိုင်းလည်း ဒေါ်ဇာဇာ၏ အဘွားဝိုင်းချစ်အပေါ် ယုတ်မာမှုက ရပ်တန့်မသွားပေ ။ ဘေးကမြင်သူတွေက ဦးပေါကို ပြန်ပြောလည်း ရန်ဖြစ်တာမတွေ့ရတော့ပေ။ ဒေါ်ဇာဇာက ဦးပေါကို ဆေးကျွေးထားသည် ဟု ရိပ်မိသူတွေက ပြောကြသည် ။ ဖြစ်လည်းဖြစ်နိုင်ပါသည်။ ဦးပေါသည် သူ့အရှေ့တွင် အဘွားဝိုင်းချစ်ကို ဒေါ်ဇာဇာက ရို က်နှက်နေလည်း တွေတွေကြီး ကြည့်နေတာပင်။ ထိုအခါ ဆေးကျွေးထားသည် ဟု အများကပြောတာကို မယုံသူတွေကပင် ဦးပေါတော့ ဆေးမိနေပြီဟု သုံးသပ်ကုန်ကြသည်။

အဘွားဝိုင်းချစ်သည် ခြေထောက်တစ်ဖက် ထောက်မရ ဖြစ်၍ အိပ်ရာထဲတွင် တစ်ပတ်လောက်လဲသွားသည် ။ ဆရာဝန်ကိုပြပြီး ဆေးသောက်လည်း မထူးခြားပေ ။ အနှိပ်သည်ကို ခေါ်၍ နှိပ်ကြည့်တော့လည်း မသက်သာ ။ ထိုအခါ ရပ်ကွက်ထဲက လူတွေက …

“ဒါ ဇာဇာ့ လက်ချက်ပဲဖြစ်နိုင်တော့တယ် ၊ သူအော က်လမ်းနဲ့လုပ်ထားတာနေမှာ ” ဟု ‌ပြောကြသည်။ ဒေါ်ဇာဇာသည် အဘွားဝိုင်းချစ်ကို ထမင်းပန်းကန်တွေလည်း ဆောင့်အောင့်ချကျွေးသည် ။ အပေါ့အပါးသွားချင်တာကိုလည်း လိုက်မပို့ တည်မပေးတာကြောင့် အဘွားဝိုင်းချစ်သည် အိပ်ရာထဲပဲ သွားရ၏ ။ ထိုအခါ ဒေါ်ဇာဇာက မထနိုင်သော အဘွားဝိုင်းချစ်ကို ရို က်နှ က် ဆိတ်ဆွဲကာ …

” ‌ေ သပဲ မ‌ေ သနိုင်ဘူး ” ဟု ကြိမ်းမောင်းလေသည်။

အဘွားဝိုင်းချစ်သည် တိတ်တဆိတ်ငိုရင်း ဒေါ်ဇာဇာကို လက်အုပ်ချီ၍ တောင်းပန်လေသည်။ ထိုဖြစ်ရပ်တွေကို ပြတင်းပေါက်ကနေ လှမ်းမြင်နေရသော ဒေါ်သီတာ တစ်ယောက် မနေနိုင်တော့ဘဲ ဦးပေါကို ပြောရပြန်သည် ။

” ကိုပေါရယ် ရှင့်အမေကို ရှင့်ညီမအိမ်ပဲ ပို့ထားလိုက်ပါလား ။အဲ့မှာက သမက်ဆိုတော့ ဒီမှာထက်တော့ နေရထိုင်ရပိုအဆင်ပြေမှာပါ ”

အဘွားဝိုင်းချစ်သည် သားနှင့်သမီး နှစ်ယောက်သာ ရှိသည် ။ သားကို ပိုချစ်တာမို့ သားအိမ်ထောင်ကျတော့ သားအိမ်မှာ လိုက်နေတာဖြစ်သည်။ ခုတော့ အဘွားဝိုင်းချစ်လည်း နေချင်ပုံမရတော့ပါ ။

” ငါ့သမီးအိမ်ပဲ ငါသွားနေပါရစေတော့ ” ဟု ဦးပေါကို ငို၍ ပြောလေသည် ။ ဦးပေါသည် မတုန်မလှုပ်နှင့် ဘယ်သူဘာပြောပြော တွေတွေကြီးသာနေသည်။ ဒေါ်ဇာဇာက …

” ရှင့်အမေကို ရှင့်ညီမအိမ်လိုက်ပို့လိုက် ” ဟု ပြောကာမှ ထ ၍ အဘွားဝိုင်းချစ်ကို ကားပေါ် တင်လေသည်။ ဘေးကမြင်ရသူများက စိတ်မချမ်းမြေ့စွာဖြင့် ခေါင်းသာအသာယမ်းမိကြကုန်သည်။ အဘွားဝိုင်းချစ်သည် အိမ်ကမထွက်ခင် …

” မိဇာ ညည်း မွေးထားတာလည်း သားနော် ၊ ညည်း ငါ့ဝဋ်တွေ မလည်ပါစေနဲ့အေ ” ဟု ပြောသွားလေသည်။

ဒေါ်ဇာဇာသည် ခပ်ချဉ်ချဉ်မဲ့၍ …

” သွားပါ ဖြောင့်ဖြောင့်တန်းတန်းသွား ” ဟု အော်ပြောလေသည်။ အဘွားဝိုင်းချစ်သည် သမီးအိမ်ရောက်မှပဲ ထော က်မရသော ခြေထောက်က သူ့အလိုလို ထော က်လို့ရ‌ေလသွားသည် ။

အဘွားဝိုင်းချစ်သည် အသက် ၈၁ နှစ်မှာ ကွယ်လွန်သည်။ အဘွားဝိုင်းချစ် ဆုံးတော့ ဒေါ်ဇာဇာက အသက် ၅၀ သာ ရှိသေးသည်။ ဘယ်အလုပ်ကိုမဆို လုပ်နိုင်ကိုင်နိုင်နေသေးသည်။ ထိုအချိန်မှာ ဒေါ်ဇာဇာ့သား ဖြိုးမောင်က မိန်းမရသည်။ တစ်ဦးတည်းသော သားလေး ချွေးမအိမ်ပါသွားမှာစိုးလို့ ဒေါ်ဇာဇာတစ်ယောက် ချွေးမနှင့် တည့်အောင်ပေါင်းရလေသည်။ ချွေးမက မနက်ဆို ၁၀ နာရီမှ အိပ်ရာထသည် ။ ဒေါ်ဇာဇာက မနက်စောစော ထ၍ ချက်ရပြု တ်ရသည် ။ ချွေးမကလက်သည်းအရှည်ထားပြီး လက်သည်းနီ ထိုင်ဆိုးနေချိန် ဒေါ်ဇာဇာက ချွေးမ၏ ထဘီတွေရော အတွင်းခံတွေရောကို လျှော်ပေးရသည်။ ချွေးမက မကြည်လျှင်မကြည်သလို ပြောဆို ရို င်းပျတာကိုလည်း ဒေါ်ဇာဇာခံရသည်။

ဒေါ်ဇာဇာ့ချွေးမသည် ဖြိုးမောင်နှင့် ဒေါ်ဇာဇာ့ကြား ကတုံးကတိုက် သိပ်လုပ်သူဖြစ်သည်။ ယောက္ခမ ပြောတာက ရိုးရိုးကို ယောက်ျားဆီပြန်ပြောတော့ ဆန်းဆန်းပြားပြား ထွင်၍ ချဲ့ကားပြောသည် ။ ထိုအခါ ဒေါ်ဇာဇာသည် သားဖြစ်သူ ဖြိုးမောင်ဆီကနေ ခဏခဏ ပြောတာ ဆိုတာ ခံရလေသည် ။

” အမေတို့နဲ့မနေဘူးဗျာ ၊ ကျွန်တော်တို့ဘာသာ အိမ်ခွဲနေတော့မယ် ” ဟု ဖြိုးမောင်က ပြောလျှင် ဒေါ်ဇာဇာမှာ လက်အုပ်ချီမတတ်တောင်းပန်ရသည်။

” အမေက သားမိန်းမကို အဲ့လိုပြောတာမဟုတ်ပါဘူး ၊ မကြိုက်ရင် အမေ နောက်ဆိုမပြောတော့ဘူးနော် အိမ်တော့ခွဲမနေပါနဲ့သားရယ် ”

ချွေးမသည် အထအနလည်း သိပ်ကောက်၏ ။ ဒေါ်ဇာဇာက သူ့ကို “သားမိန်းမ” ဟုသုံးနှုန်းလိုက်တော့ စကားထထောက်လေသည် ။

” ပြောတော့ သမီးအရင်းလို သဘောထားတယ်ဆိုပြီး သားမိန်းမ သားမိန်းမနဲ့ ဟင်း ယောက္ခမဆိုတာ ယောက္ခမပါပဲ ဘယ်တော့မှ အမေ မဖြစ်ဘူး ”

” မဟုတ်ပါဘူး သမီးရယ် ”

ဒေါ်ဇာဇာသည် မျက်ရည်ကျလျက်က တောင်းပန်ရပြန်သည်။ ဦးပေါသည် သူ့မိန်းမနှင့် သူ့သားတို့ကို ဘေးကနေသာ ထိုင် ကြည့်နေလေသည်။ ဘာဆိုဘာမှဝင်မပြောပေ။ သူ့မျက်လုံးတွေက ဒေါ်ဇာဇာကို ” ဒါ ဝဋ်ပဲ ” ဟု ပြောနေသလိုပင် ။

ဒေါ်ဇာဇာသည် ချွေးမအပေါ် ဘယ်လောက်ကောင်းကောင်း ဘယ်လောက်သည်းခံသည်းခံ ချွေးမဆီက အကောင်းမြင်မခံရပေ။ သားကလည်း တစ်ခုခုဆို မိန်းမဘက်ကပဲ ပါတာကြောင့် ဒေါ်ဇာဇာ တစ်ယောက်နေ့နေ့ညည စိတ်ဆင်းရဲရလေသည်။

” စိတ်ညစ်နေပြီလား ”

ဦးပေါက ဒေါ်‌ဇာဇာ့ကိုမေးသည် ။

” သားကလေ ကျွန်မ ကျွန်မ ဘာပြောပြော သူ့မိန်းမစကားကိုပဲယုံတယ် သူ့မိန်းမဘက်ကပဲ ပါတယ် ကိုပေါရယ် ”

ဒေါ်ဇာဇာက ငို၍ ပြောလေသည်။ ဦးပေါက သက်ပြင်းချကာ …

” မင့် သားကို ငါလို့ မြင်ပြီး ၊ မင်းကိုယ်မင်း ငါ့အမေလို့ မြင်ကြည့်စမ်းပါ ဇာဇာ ၊ မင်း ကိုယ်ချင်းစာတတ်ပြီလား ”

ဒေါ်ဇာဇာသည် အတိတ်ကသူ့လုပ်ရပ်များကို ပြန်လည်မြင်ယောင်ရင်း ရှိုက်ငိုမိလေသည်။

” မိဇာ ညည်း မွေးထားတာလည်း သားနော် ၊ ညည်း ငါ့ဝဋ်တွေ မလည်ပါစေနဲ့အေ ”

အဘွားဝိုင်းချစ်၏ စကားနှင့် အဘွားဝိုင်းချစ်၏ မျက်နှာကို ဒေါ်ဇာဇာ ပြန်ကြား‌ေယာင် မြင်ယောင်မိသောအခါ ရင်ကွဲမတတ်ပင် ။

” ဒါတောင် မင်းက ငါ့အမေလို အဘွားကြီးမဖြစ်သေးဘူး ဇာဇာ ၊ မင်းက ခုမှအရွယ်ကောင်းရှိသေးတယ် ၊ မင်းသာ ငါ့အမေအရွယ်လောက်ရောက်သွားပြီး မင်း သားအိမ် အတူ လိုက်နေရင် ဘယ်လိုများဖြစ်မလဲ ၊ မင်းတွေးကြည့်စမ်း … ”

ဒေါ်ဇာဇာသည် ဦးပေါဆက်ပြောမည့်စကား‌ေတွကို မကြားရဲစွာ ခေါင်းတွေခါယမ်း၍ ငိုနေလေသည်။

” မင်း အဆိပ်ခပ် အသ တ်မခံရရင် ကံကောင်းပဲ ”

” ကို ပေါ ”

ဦးပေါက ဒေါ်ဇာဇာ့ဘေးက ထထွက်သွားသည်။ ဒေါ်ဇာဇာကတော့ အနာဂတ်ကို ကြိုတွေးရင်း ကြောက်လန့်နေပါသည်။ တန်ပြန်ဝဋ်ကြွေးကို ဒေါ်ဇာဇာ ရှောင်လွှဲ၍ မရနိုင်ပါ။ ဒေါ်ဇာဇာသည် ဝဋ်လည်မှာစိုး၍ သီလရှင် ရာသက်ပန်ဝတ်လေသည် ။ သို့သော် သူ့လုပ်ရပ်၏ တန်ပြန်အကျိုးသက်ရောက်မှုများဟာ သူ့အနောက်ကို တောက်လျှောက် လိုက်နေလေသည်။သီလရှင်ဘဝမှာလည်း မအေးချမ်းပေ။ သီလရှင်ဝတ်စုံခြုံလိုက်ရုံနှင့် ဝဋ်ကြွေးက ရှောင်ပြေးလို့မရပေ။ဒေါ်ဇာဇာသည် သူ့ထက်ငယ်သော သီလရှင်ငယ်များထံက အငြိုငြင် ခံရလေသည်။ ဒေါ်ဇာဇာသည် တရားထိုင်တိုင်း ပုတီးစိပ်တိုင်း ဘုရားရှိခိုးတိုင်း ဝဋ်ကြွေးတွေ ကျေပါစေဟု စိတ်နှစ်၍ ဆုတောင်းမိလေသည်။

ဒေါ်ဇာဇာသည် သီလရှင်ဘဝတွင် ဝဋ်ကြွေးကျေရန် ဆုတောင်းသော်လည်း တစ်နေ့တွင် အပြင်းဖျားကာ လမ်းမလျှောက်နိုင်သည်အထိ ဖြစ်သွား‌ေလသည် ။ထိုအခါ သီလရှင်ကျောင်းက သူ့ထက် ငယ်သော သီလရှင်လေးတစ်ပါးက သူ့ကို ပြုစုပေး ရသည်။ ထိုသီလရှင်လေးသည် ဒေါ်ဇာဇာ သူ့ ယောက္ခမအပေါ် လုပ်ခဲ့သလိုမျိုးပင် ဒေါ်ဇာဇာ့ကို အစာကျွေးလျှင် ဆောင့်အောင့်ကျွေး‌လေသည် ။ ရေချိုး‌ပေး လျှင်လည်း စိတ်မရှည်စွာဖြင့် ပြော ဆို ဆောင့်ဆွဲတတ်လေသည်။ ဒေါ်ဇာဇာသည် သီလရှင်ကျောင်းက အိမ်သာသို့ သွားသည့် လမ်းတွင် ချော်လဲလေရာ မြေပြင်ကိုကြည့်လိုက်တော့ ရေပက်ထားသည်ကို တွေ့ရလေသည်။ထိုအခါ ဒေါ်ဇာဇာသည် သူ အဘွားဝိုင်းချစ်အပေါ် လုပ်ခဲ့သည့်လုပ်ရပ် များကို သတိရသွားပြီး ကြောက်လန့်တကြား အော်ဟစ်မိ‌တော့သည်။

နောက်ဆုံးတွင် ဒေါ်ဇာဇာသည် စိတ်ထော င်းကိုယ်ကျေဖြင့် အိပ်ရာပေါ်လဲ‌တော့သည်။ထိုအချိန်တွင် ‌ေဒါ်ဇာဇာ့ဆီကို ဦးပေါ ရောက်လာပြီး ဒေါ်ဇာဇာ့ကိုကြည့်ကာ …

“ဇာဇာ… မင်း အဘွားကြီး ဖြစ်တဲ့အထိတောင် စောင့်စရာ မလိုတော့ဘူးထင်တယ်၊ မင်းရဲ့ ဝဋ်က မင်းနောက်ကို သီလရှင်ဝတ်စုံ ခြုံထားတာတောင် လိုက်လာ‌နေပြီ ၊မင်း ငါ့အမေကို လုပ်ခဲ့တာတွေက အခု မင်းခံစားနေရတာတွေထက်တောင် ပိုဆိုးခဲ့ပါသေးတယ် ဇာဇာ ၊ မင်းကိုယ်ချင်းစာတတ်ပြီလား ” ဟု ပြောလေသည်။

ဦးပေါ၏ စကားအဆုံးမှာ ဒေါ်ဇာဇာ ငိုကြွေးလေသည်။ ဒေါ်ဇာဇာသည် အတိတ်က အပြစ်ကြွေးများ နှင့် လက်ရှိ ဝဋ်ကြွေးများကြားတွင် ရုန်းမထွက်နိုင်ကာ နောင်တများစွာရ၍ မျက်ရည်ပူများကျဆင်းနေလေသည်။

” ကိုယ်ချင်းစာတတ်ပါပြီ ကိုယ်ချင်းစာတတ်ပါပြီ ”

ဒေါ်ဇာဇာ ရေရွတ်လိုက်သည်။ သူ့နားထဲမှာ အဘွားဝိုင်းချစ်၏ စကားတွေကိုသာ ပဲ့တင်သံထပ်လျက် ပြန်ကြားယောင်နေမိသည် ။ သူ အဘွားဝိုင်းချစ်အပေါ် လုပ်ခဲ့သည့်လုပ်ရပ်အားလုံးဟာ အမြင်အာရုံမှာ အပြေးအလွှား ပြန်ပေါ်လာလေသည်။

“ဝဋ်‌ကြွေးတွေ ဒီဘဝဒီအမျှနဲ့ ကျေပါရစေ ကျေပါရစေ အရှင်ဘုရား”

လက်အုပ်ချီ၍ ဆုတောင်းရင်း ဆုတောင်းသံအဆုံးမှာ ဒေါ်ဇာဇာတစ်ယောက် ဘဝတစ်ပါးသို့ ကူးပြောင်းသွားလေ‌တော့ သည်။

” အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့
သာဓုသာဓုသာဓု… ”

ပြီးပါပြီ ။
ကိုယ်တိုင်လည်း ဝဋ်ကြွေးမယူလေနှင့် သူများကိုလည်း ဝဋ်ကြွေးမပေးလေနှင့် ။ ကမ္ဘာပေါ်က ယောက္ခမများရော ချွေးမများရော တစ်ဦးအ‌ပေါ်တစ်ဦး မေတ္တာဖြင့် ဆက်ဆံ၍ သင့်မြတ် အဆင်ပြေကြပါစေ ။
ချစ်သော #JoJo

Leave a Reply

Your email address will not be published. Required fields are marked *