ကျီးရက်ကုန်းရွာကမင်္ဂလာပွဲ

Posted on

ကျီးရက်ကုန်းရွာကမင်္ဂလာပွဲ(စ/ဆုံး)

————————————

မြန်မာသက္ကရာဇ် (၁၃၆၈) ခုနှစ်၊ တပို့တွဲ လဆန်း (၁၄) ရက်နေ့က သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်ထဲက ကျီးရက်ကုန်းဆိုတဲ့ ရွာလေးတစ်ရွာက မင်္ဂလာပွဲလေး တစ်ခုမှာပေါ့ဗျာ။

မင်္ဂလာပွဲဆိုတော့ နှစ်ဖက် မိဘတွေရဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေကလည်း လာရောက် ဂုဏ်ပြု ချီးမြှောက်ကြတာပေါ့။ ဧည့်သည်တွေဆိုတာ နေ့လည် (၃) နာရီ ထိုးတာတောင် လာကြတုန်း။ ကျွန်တော်တို့ လူငယ်တွေက လာသမျှ ဧည့်သည်တွေကို ဧည့်ဝတ် ကျေပွန်အောင် သေသေချာချာ ဧည့်ခံ ကျေးမွေးပေးကြရတာပေါ့။

သတို့သားနဲ့ သတို့သမီးတို့ရဲ့ မျက်နှာတွေမှာလည်း ပီတိ အပြုံးတွေက စာဖွဲ့လို့ကို မကုန်နိုင်အောင်ပါပဲဗျာ။ အရမ်းကို ကြည်နူးနေကြတယ်ဆိုတာထက် ပိုပါတယ်။ လာသမျှ ဧည့်သည်တွေကို လက်ဆွဲပြီး လိုက်လံ နှုတ်ဆက်ရတာကိုက အမော။

ဒီလိုနဲ့ ခဏအကြာမှာ သတို့သမီးဖြစ်တဲ့ “သက်မာ” တစ်ယောက် လူလယ်ခေါင်မှာ မျက်ခွက် မျက်နှာ ပျက်ပြီး ထအော်ပါလေရော။ ရုန်တရက် အော်လိုက်တဲ့ “သက်မာ” ရဲ့ ပါးစပ်က အမှတ်မထင် ထွက်ပေါ်လာတဲ့ စကားက…

“ငါ မကျေနပ်ဘူး… နင်တို့ကို ငါမကျေနပ်ဘူး…” လို့ ဆိုပြီး သတို့သားရဲ့ အိမ်ပေါ်ကို တက်ပြေးပါတော့တယ်။

သတို့သားရဲ့ အိမ်နဲ့ သတို့သမီးရဲ့ အိမ်က အလယ်မှာ အိမ်တစ်လုံးပဲ ခြားပါတယ်။ မင်္ဂလာပွဲ ကျင်းပနေတာကလည်း သတို့သမီးရဲ့ အိမ်မှာ။ အားလုံး ထင်လိုက်ကြတာက “သက်မာ” တစ်ယောက် သူ့ မောင်နှမတွေနဲ့ စကားများနေပြီလို့ပေါ့။ အဲဒါကြောင့်လည်း သတို့သားအိမ်ကို သတို့သမီးက ပြေးတာနေမှာလို့ တွေးလိုက်ကြတာ။

တဖြည်းဖြည်း အုပ်အော်သောင်းနင်းဖြစ်လာတော့ ဘာပြဿနာတွေများ မင်္ဂလာပွဲကြီးမှာ ထဖြစ်နေကြပါလိမ့်ဆိုပြီး ကျွန်တော်တို့လည်း စိတ်ဝင်စားလာကြတာပေါ့။ နီးစပ်ရာ သူငယ်ချင်းတစ်ယောက်ကို လှမ်းပြီးတော့…

“ဟေ့ကောင် “ဖြူဖွေး”… ဘာဖြစ်လို့တုန်းကွ…” ဆိုပြီး ကျွန်တော် လှမ်းမေးကြည့်ပါတယ်။

“မင်းတို့ကောင်တွေ ဘာမှ မသိကြဘူးလား။ ဟိုမှာ သတို့သမီးကို သရဲ ဝင်ပူးလို့ကွ…”

ပြောပြောဆိုဆိုနဲ့ “ဖြူဖွေး” တို့ အုပ်စုလည်း လူတွေ ဆူဆူအုပ်အုပ်ဖြစ်နေတဲ့ သတို့သားရဲ့ အိမ်ပေါ်ကို တက်သွားကြပါတယ်။ ဒီကောင်တွေ တက်သွားကြတာ တွေ့ရတော့ ကျွန်တော်တို့ အဖွဲ့လည်း လိုက်တက်ကြတာပေါ့ဗျာ။

သတင်းကြားလို့ တဖြည်းဖြည်းနဲ့ ရောက်လာကြတဲ့ ဆွေမျိုး အသိုင်းအဝိုင်း မိတ်ဆွေ သူငယ်ချင်း သူစိမ်းများ စသဖြင့် လူအုပ်ကြီးဟာ တစ်စထက် တစ်စ အုံခဲလာပါတယ်။ ဒါပေမဲ့ “သက်မာ” ရဲ့ ပါးစပ်က အော်မြည်နေတာကတော့…

“မလာနဲ့… မလာကြနဲ့… နင်တို့ကို ငါမကျေနပ်ဘူး… မကျေနပ်ဘူး…” ဆိုတဲ့ စကားသံချည်းပဲ။

ဒါတွေချည်းပဲ ထပ်ခါ ထပ်ခါ အော်ဟစ်နေတဲ့ သတို့သမီး “သက်မာ” ရဲ့ နံဘေးကို ဘယ်သူမှတော့ မကပ်ရဲကြပါဘူး။ အဲဒီအချိန်မှာ ရွာထဲက “ကိုအေးဝင်း” က…

“ဟေ့… ရွာလယ်ပိုင်းက မနောစိတ္တုပ္ပါဒ် “ဆရာတင်အေး” ကို သွားပင့်ခဲ့ကြကွာ…” ဆိုပြီး လာကြည့်နေတဲ့ လူငယ်တစ်ယောက်ကို လွှတ်လိုက်တယ်။

ခဏအကြာမှာတော့ အကြမ်းဆရာလို့ နာမည်တွင်နေတဲ့ “ကိုတင်အေး” တစ်ယောက် အိမ်တံခါးကို အသာလေးဖွင့်ပြီး ခြေထောက်ကို အိမ်ထဲ လှမ်းမိရုံရှိသေး…

“ဟား… ဟား… ဟား…” ဆိုပြီး “သက်မာ” တစ်ယောက် အော်ရယ်ပါလေရော။ ပြီးတာနဲ့…

“ဆရာဆိုလို့ ဘယ်သူများလဲမှတ်တယ်၊ “ကိုတင်အေးကြီး” ကိုးဗျ။ ကိုကြီး… ညီလေးကို မမှတ်မိဘူးလား။ ညီလေး “မောင်မောင်” လေဗျာ…” လို့ တစ်ပါတည်း ဆက်ပြီး ပြောချလိုက်တော့ အားလုံး ကြောင်အမ်းအမ်းဖြစ်ပြီး တိတ်ဆိတ်သွားကြပါတယ်။

“ဟာကွာ… မဖြစ်နိုင်တာ…”

“အေးလေ… “မောင်မောင်” ဆုံးခဲ့တာ (၈) နှစ်တောင် ရှိနေပြီပဲကို…”

“ဒါ “မောင်မောင်” မဖြစ်နိုင်ဘူး။ အခြား သရဲတစ်ကောင်ကောင် လှည့်စားနေတာဖြစ်နိုင်တယ်…”

အဲဒီလို ယုံမှား သံသယ ဖြစ်နေကြတဲ့အထဲ မနောစိတ္တုပ္ပါဒ် ဆရာမည်တဲ့ “ကိုတင်အေး” ပါ ပါလိုက်သေး။

ဘာ့ကြောင့် မဖြစ်နိုင်တာလည်းဆိုတော့ သတို့သား “အောင်အောင်” ရဲ့ ညီအရင်းဖြစ်သူ “မောင်မောင်” ဆိုတာက လွန်ခဲ့တဲ့ (၈) နှစ်လောက်တည်းက ဆုံးပါးသွားခဲ့တာလေ။ ဒါတွေ အသာထား ဆရာက မေးပါတော့တယ်။

“ကဲ… မင်းက “မောင်မောင်” ဆို ငါ ဘယ်သူလဲဆိုတာ မင်းပြောစမ်း…”

“ဟာ… ကိုကြီးက ညီလေးကိုတောင် မယုံတော့ဘူးလားဗျာ။ ညီလေး လူ့ဘဝမှာ ရှိစဉ်က အကိုကြီးနဲ့ အတူတူ သောက်ခဲ့တာတွေ၊ မူးပြီး ရန်ဖြစ်ခဲ့ကြတာတွေ… ကုန်ကုန်ပြောရရင် ညီလေးက လွဲရင် ဘယ်သူမှ မသိတဲ့ လျှို့ဝှက်ချက်တွေ ရှိတယ်လေ။ အကို စွယ်တော် ဘုရားပွဲမှာ သုံးစရာ ပိုက်ဆံမရှိလို့ တလင်း ယာထဲမှာ ပဲ (၃) တင်း ခိုးရောင်းခဲ့တာတွေ အကိုကြီး မေ့နေပြီလား…”

အဲဒီလို ပြောချလိုက်တဲ့ အခါကျတော့ အကြမ်းဆရာဖြစ်တဲ့ “ကိုတင်အေး” ခမျာ မျက်ရည်များ တပေါက်ပေါက်နဲ့ ကျဆင်းလာပါတော့တယ်။

“ညီလေး… မင်းရဲ့ အဖြစ်က ဆိုးလှချည်လားကွာ။ ဒီအချိန်အထိအောင် မကျွတ်လွတ်သေးဘူးလား ညီလေးရာ။ မင်း သေခဲ့တာ (၈) နှစ်ကျော် (၉) နှစ်လောက် ရှိနေပြီလေကွာ။ ပြီးတော့ မင်းသေခဲ့တာ လောလောလတ်လတ်နဲ့ပါလား။ အဲဒီတုန်းက ဘယ်လိုဖြစ်ခဲ့ရတာလဲ အကိုကြီးကို ပြောပြစမ်း…”

ပယောဂဆရာ “ကိုတင်အေး” နဲ့ သတို့သားရဲ့ ညီ ကွယ်လွန်သူ “မောင်မောင်” တို့ ဆိုတာ အရမ်းချစ်ကြ ခင်ကြတဲ့ သွားအတူ လာအတူ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးတွေပေါ့။ သားအဖလို ညီအကိုတွေလို မိတ်ဆွေ သူငယ်ချင်းတွေလို အမျိုးမျိုး ပေါင်းသင်း ဆက်ဆံခဲ့ကြတဲ့ သူတွေလေ။

အရင်ကဆို အခု ဆရာဆိုတဲ့ “ကိုတင်အေး” ဆိုတာကလည်း ရွာထဲမှာ ခပ်ဆိုးဆိုး ဆိုသူပဲ။ နောက်တော့ အရက်မူးပြီး ဆိုင်ကယ် မှောက်ရာကနေ ဆေးရုံပေါ်မှာ မနောစိတ္တုပ္ပါဒ် ဆရာတစ်ယောက်နဲ့ တွေ့ပြီး ပညာတွေရလို့ အခုလို ကျွန်တော်တို့ ရွာနီး ဝန်းကျင်မှာ မသိသူ မရှိတဲ့ ဆရာတစ်ဆူ လာဖြစ်နေတာပေါ့။

ဒီလိုနဲ့ စောနက မေးခဲ့တဲ့ အတိုင်းပေါ့ဗျာ။ “ကိုတင်အေး” က…

“မင်း ဘာဖြစ်လို့ လူ့ဘဝက အစောကြီး ထွက်သွားခဲ့ရတာလဲ ညီလေး။ ပြောစမ်း… အကိုကြီး အပါအဝင် ဒီမှာရှိတဲ့ လူတွေကို ပြောပြကွာ…”

အဲဒီ အချိန်မှာပဲ “မောင်မောင်” တစ်ဖြစ်လဲ သတို့သမီး “သက်မာ” ရဲ့ ပါးစပ်ကနေ အမှတ်မထင် ပြောချလိုက်တဲ့ စကားတစ်ခွန်းကြောင့် လူတွေအားလုံး အံ့အား သင့်သွားကြရပါတော့တယ်။

“ကျွန်တော်သေတာ အဖေ့ကြောင့်ဗျ…”

“ဟာ…”

“အလို…”

“အို…”

“ဟင်…”

“ဘာ…”

“ဟမ်…”

အကုန်လုံးပဲ တဒင်္ဂ ခဏလောက် တိတ်ဆိတ် ဆွံ့အ,သွားကြပါတယ်။ လူတိုင်းရဲ့ အာရုံတွေက စိတ်ဝင်စားမှုများနဲ့ ရှုပ်ယှက်ခတ်သွားခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင် ဘာပြောရမှန်း မသိတော့ပါဘူး။

အမှတ်မထင် ပြောကြားလိုက်တဲ့ ထိုစကား ထွက်ပေါ်လာပြီးနောက်မှာတော့ သတို့သမီး (သို့) “မောင်မောင်” ဟာ ငြိမ်ကျသွားပြီး ဘာမှ ဆက်မပြောတော့ပဲ တရှုံ့ရှုံ့နဲ့ ရှိုက်ကြီးတငင် ငိုကြွေးနေပါတော့တယ်။

အားလုံးက ဆရာ “ကိုတင်အေး” ကို အလောသုံးဆယ် ဝိုင်းမေးခိုင်းကြပါတယ်။ “ကိုတင်အေး” ကလည်း…

“ဆက်ပြောလေ ညီလေး… ဆက်ပြောပါ…”

ဒါပေမဲ့ ဝင်ပူးခံထားရတဲ့ သတို့သမီးဟာ သတို့သား “အောင်အောင်” ရဲ့ အဖေနဲ့ အမေကို ကြည့်ပြီး မျက်ရည်စက်တွေ တလိမ့်လိမ့် စီးဆင်းလာပြီး ငိုနေရှာတာ သူတစ်ယောက်တည်း ဘယ်လောက်တောင် ခံစားခဲ့ရသလဲဆိုတာ သိသာလွန်းပါတယ်။

အဲဒီအချိန်မှာ လူ့ဘဝက “မောင်မောင်” ရဲ့ အမေဖြစ်သူ အရီးလေး “ဒေါ်စောပု” က…

“သား… အမေလည်း သိချင်တယ်လေကွယ် သားလေး။ ပြောပြဦးလေ… သားလေး ဘာ့ကြောင့် သေခဲ့ရတယ်၊ ဘယ်လိုဖြစ်လို့ လူ့ဘဝကနေ အစောကြီး ထွက်ခွာသွားခဲ့ရတယ်ဆိုတာကို သားလေးက အမေတို့ သိအောင် ပြောပြလေ…” လို့ ငိုကြွေးရင်းနဲ့ တုန်တုန်ယင်ယင် မေးနေတာများ သနားပါတယ်ဗျာ။

“သား ပြောပြချင်ပါတယ် အမေ။ ဒါပေမဲ့ လူ့ဘဝက အကြောင်းတွေကို အခုလို ပြန်ပြောရင် ဒီဘဝမှာ သား ဒဏ်အခတ်ခံရဦးမယ် အမေ။ ဒီဘဝဆိုးကြီးထဲကနေ သားလေ အရမ်းလွတ်မြောက်ချင်နေပြီ အမေရယ်။ သား ဒီနေ့အချိန်အထိ အမျှအတန်းတွေဝေရင် သာဓုခေါ်လို့ မရသေးဘူး။ သား လူ့ဘဝမှာ အားလုံးအပေါ် ကောင်းခဲ့တယ်လေဗျာ။ ဘာဖြစ်လို့ သားက အခုအထိ ဒီဘဝကနေ မကျွတ်ရသေးတာလဲ။ ဒီဘဝမှာ နေ့တိုင်း ဒဏ်အခတ်ခံရတယ်။ သား အရမ်းကို အမြဲတမ်း ဆာလောင်နေရတယ်။ ဒီဘဝကြီးက အရမ်းကို စက်ဆုပ် ရွံရှာဖို့ ကောင်းပါတယ် အမေရယ်။ သား မပြောပါရစေနဲ့ဗျာ။ သားကို သနားရင် မမေးကြပါနဲ့နော်…”

ဒီအချိန်မှာပဲ ဆရာ “ကိုတင်အေး” နဲ့ ပညာသင် ညီအကိုဖြစ်တဲ့ “ကိုအုန်းရွှေ” လည်း ရောက်ရှိလာခဲ့ပါတော့တယ်။ “ကိုအုန်းရွှေ” ဆိုသူက ရောက်ရောက်ချင်းပဲ ဖြစ်ကြောင်းကုန်စင်ကို မေးမြန်းပြီးနောက်…

“ကဲ… “ကိုတင်အေး”… ခင်ဗျားမှာ ဆေးလွယ်အိပ် ပါလာသလား…” လို့ “ကိုတင်အေး” ကို လှမ်းမေးလိုက်ပါတယ်။

“အင်း… ပါလာပါတယ်။ ကျုပ်လည်း စည်းကွင်းမလို့ လုပ်သင့် မလုပ်သင့် စဉ်းစားနေတာ…”

“ဘာမှ စဉ်းစားမနေနဲ့တော့။ ဆေးတွေ ထုပ်ဗျာ၊ စည်းတားမယ်။ ကဲ… အားလုံးပဲ အနောက်ကို နည်းနည်းလောက် ဆုပ်ပေးကြစမ်းပါဗျာ…”

“ကိုအုန်းရွှေ” ခွင့်ပြုချက် တောင်းလို့ အားလုံးပဲ အနောက်ကို နည်းနည်း ဆုပ်ပေးလိုက်ကြတယ်။

ဒီလိုနဲ့ ဆရာနှစ်ယောက်က “မောင်မောင်” တစ်ဖြစ်လဲ သတို့သမီးကို စည်းဝိုင်းထဲ သွင်းပြီး ဆရာနှစ်ယောက်လုံးက သူ့ရဲ့ ဦးခေါင်းကို လက်နှစ်ဖက်နဲ့ အုပ်ပြီးတော့ အသင့်ပါလာတဲ့ ကျမ်းစာအုပ်ကို ကြည့်ပြီး ဂါထာတွေကို သံပြိုင် ရွတ်ဖတ်လိုက်ကြပါတယ်။

ခဏအကြာမှာတော့ “ကိုတင်အေး” က…

“ကဲ… “မောင်မောင်” ရေ။ ငါဆရာတို့က မင်းရဲ့ ဆိုင်ရာ ပိုင်ရာတွေကို ခွင့်တောင်းပြီးပြီ။ မင်းရဲ့ ဖြစ်ကြောင်းကုန်စဉ်ကို မင်းမိဘတွေနဲ့ ဟောဒီမှာရှိတဲ့ လူတွေအားလုံးအရှေ့မှာ သိအောင် ပြောစမ်း…”

အဲဒီလို ပြောလိုက်သည်နှင့် “မောင်မောင်” ရဲ့ မျက်လုံးတွေဟာ သူ့အဖေဆီ ရောက်သွားပါတယ်။ ကြည့်နေသူ အားလုံးကလည်း “မောင်မောင်” သေတာနဲ့ သူ့အဖေ ဘယ်လို ပတ်သက်နေလဲဆိုတာကို သိချင်စိတ်တွေ လွန်စွာ ပြင်းထန်လာနေကြပါပြီ။

“မောင်မောင်” ဟာ သူ့အမေဘက်ကို ငေါက်ခနဲ လှည့်လိုက်ပြန်ပါတယ်။ ပြီးတော့ ဒီလို ပြောပါတော့တယ်။

“အမေ… သား လယ်ထဲ ပြန်လာတော့ အဲဒီနေ့က အိပ်ချင်လို့ဆိုပြီး အိပ်ခဲ့တယ်လေ။ အဲဒီအချိန်က စပြီး သားဖျားခဲ့တာလေ။ အမေ မှတ်မိလား…”

“ဒေါ်စောပု” တစ်ယောက် ဘာမှ မပြောနိုင်ပဲ ခေါင်းလေးပဲ ညှိမ့်ပြရှာတယ်။

“အမေက ရိုးရိုးဖျားတယ်ထင်လို့ သားကို ဆရာဝန်နဲ့ပဲ ဆေးတွေ ထိုးပြီး ကုသပေးခဲ့တာ (၃) ရက်တောင်မှလေ။ နောက်တော့ အမေက သွေးရိုးသားရိုး မဟုတ်လောက်ဘူးဆိုပြီး တောင်ဘက်ရွာက နတ်ကတော် “ဒေါ်ခင်စိန်” ကို သွားမေးတော့ ဒါ သရဲကြီးတစ်ကောင်က လုပ်ထားတာ။ အမဲသား (၂) ပိသာ ကျွေးမှ ရမယ်ဆိုလို့ အမေက အဖေ့ကို မြို့မှာ အမဲသားတွေ သွားဝယ်ခိုင်းခဲ့တယ်လေ။ ပြီးတော့ အဖေ့ရဲ့ သူငယ်ချင်းတွေနဲ့ ရွာအပြင်က ဇီးပင်အောက်မှာ သေသေချာချာ သွားကျွေးဖို့ ပြောခဲ့တယ်လေ။ အဲဒါတွေ အမေ မှတ်မိလား…”

“ဒေါ်စောပု” က ခေါင်းလေး ညှိမ့်ပြခဲ့ပြန်တယ်။

“တကယ်ဆို အဲဒါတွေ သားမသိပါဘူး။ ဒါတွေကို သေပြီးမှ သားသိခဲ့ရတာ။ အဲဒီနေ့က အဖေက အမေ မှာတဲ့အတိုင်း မြို့မှာ အမဲသား မဝယ်ပဲနဲ့ ဝက်သားကို အသားချည်းသပ်သပ် ဝယ်လာပြီးတော့ သူ့သူငယ်ချင်း (၃) ယောက်နဲ့ ရွာအပြင် ဇီးပင်အောက်မှာ သွားကျွေးခဲ့ကြတယ်လေ။ အဖေက အယုံအကြည် မရှိတဲ့အခါကျတော့ အဲဒီ ဝက်သားတွေကိုပဲ ပြန်ပြီး ချက်စားခဲ့တယ်…”

ဒီအချိန်မှာတော့ “မောင်မောင်” တစ်ယောက် အမေဖြစ်သူ “ဒေါ်စောပု” ကို ပြောပြနေရာကနေ အဖေဖြစ်သူ “ဦးသိန်းဝင်း” ဘက် လှည့်လိုက်ပြီးတော့…

“အဲဒါတွေ အဖေ မှတ်မိလား…” ဆိုပြီး မေးလိုက်တယ်။

ဒီအချိန်မှာတော့ “မောင်မောင်” တစ်ယောက် အမေဖြစ်သူ “ဒေါ်စောပု” ကို ပြောပြနေရာကနေ အဖေဖြစ်သူ “ဦးသိန်းဝင်း” ဘက် လှည့်လိုက်ပြီးတော့…

“အဲဒါတွေ အဖေ မှတ်မိလား…” ဆိုပြီး မေးလိုက်တယ်။

အဖေဖြစ်တဲ့ “ဦးသိန်းဝင်း” ဟာ ဘာစကားမှ မပြောနိုင်ရှာပါဘူး။

“တကယ်တမ်းဆို သူတို့ကို ဘာမှ မကျွေးခဲ့ဘူးဆိုရင်တောင် သားက မသေနိုင်ပါဘူး။ သူတို့ မကြိုက်တဲ့ ဝက်သားကို အဖေက အယုံအကြည် မရှိပဲ စမ်းတဲ့ သဘောမျိုးနဲ့ သွားကျွေးခဲ့တယ်။ အဲဒါကြောင့် အဖေ့ကို စိတ်ဆိုးပြီး သားကို ချက်ချင်း ခေါ်လိုက်တာတဲ့။ အမှန်တကယ် ပြောရရင် သားက မသေသင့်ပဲ သေခဲ့ရတာဗျ။ နောက်ပြီးတော့ ဒီမင်္ဂလာပွဲကလည်း ကျွန်တော့် မင်္ဂလာပွဲပဲ ဖြစ်နေရမှာ။ ကျွန်တော်နဲ့ “သက်မာ” တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက် ချစ်ခဲ့ကြသလဲဆိုတာ တစ်ရွာလုံး သိတယ်။ ဒါကို အဖေနဲ့ အမေတို့ အသိဆုံးပါဗျာ။ အခုတော့ ညီရဲ့ ချစ်သူကို အကိုက ယူတယ်တဲ့လေ။ ဒါတွေ အားလုံးက အဖေ့ကြောင့် ဖြစ်ရတာ။ ကျွန်တော် သေတာကအစ အဖေ့ကြောင့်။ အဖေသာ အဲဒီအချိန်က အဲဒီလို မလုပ်ခဲ့ရင် သားလည်း အခုလို ဖြစ်လာစရာ အကြောင်းမရှိဘူး…”

“ဦးသိန်းဝင်း” တစ်ယောက် တိုင်တွေကို လက်သီးနဲ့ ထိုး၊ ခေါင်းတွေနဲ့ ပစ်ပစ်ဆောင့်ရင်းနဲ့…

“ဟုတ်တယ်… ငါ့ကြောင့် ငါ့သားလေး သေရတာ။ ငါ အသုံးမကျလို့ ငါ့သားလေး သေခဲ့ရတာ…” ဆိုပြီး အော်ဟစ် ငိုကြွေးပါတော့တယ်။

အဲဒီအခိုက်အတန့်လေးမှာပဲ “ဒေါ်စောပု” ဟာ “ဦးသိန်းဝင်း” ကို လက်ညှိုး တသွင်သွင် ထိုးရင်း…

“ရှင်… ရှင်… ရှင်…” အော်ရင်း တက်သွားတာ ဘေးမှာ ရှိနေကြတဲ့ လူတွေ ဝိုင်းပြီး နှိပ်နယ်ပေးကြရတာဗျာ။

သတို့သမီးကို ဝင်ပူးထားတဲ့ “မောင်မောင်” ဟာ အဲဒီအချိန်မှာ သူ့အမေနဲ့ အဖေဆီ ကြောက်အား လန့်အား ပြေးဝင်ပြီး မိဘနှစ်ပါးရဲ့ ပုခုံးတွေကို လှမ်းဖက်ရင်းက…

“အဖေ အမေ… သားကို ကယ်ပါဦး။ သူတို့ လာနေပြီ။ သူတို့တတွေ သားကို ရိုက်ကြ နှက်ကြတော့မယ်…” ဆိုပြီး အော်ပါတော့တယ်။

နောက်တော့ ဆရာနှစ်ဦးရှိရာ ပြန်လှည့်ပြီး…

“ဆရာတို့… ကျွန်တော့်ကို ကယ်ပါဦးဗျာ။ သူတို့တွေ ကျွန်တော့်ဆီ လာနေကြပြီ။ အီး ဟီး ဟီး…” လို့ ငိုကြွေးမြည်တမ်းရင်း ဆရာနှစ်ဦးရဲ့ ခြေထောက်တွေကို အတင်းအကျပ် ဖက်ထားတယ်။

ပြီးတော့ အပေါ်ကို မော့ကြည့်ပြီး…

“အကိုကြီး “တင်အေး”… ညီလေးတို့ ခင်မင်ခဲ့တာလေးကို ထောက်ပြီး ညီလေးကို ကယ်ပါဦးဗျာ။ ဒီဘဝကြီးကနေ ညီလေး အရမ်းကို လွတ်မြောက်ချင်နေပြီ အကိုကြီးရာ…” လို့ တောင်းတောင်းပန်ပန်နဲ့ ပြောနေရှာပါတယ်။

သူ အဲဒီလို ပြောနေချိန်လေးမှာ ကျွန်တော် အပါအဝင် လူတိုင်းလိုလိုရဲ့ မျက်ဝန်းတွေမှာ မျက်ရည်စတွေ အပြည့်နဲ့ပေါ့ဗျာ။ အနည်းဆုံး မငိုဘူးဆိုရင်တောင် မျက်ရည်တော့ ဝဲကြရပါတယ်။ ကျွန်တော့် ရင်ထဲမှာ ဘယ်လိုကြီး ဖြစ်သွားမှန်းကို မသိပါဘူး။ သနားစရာ တော်တော်ကောင်းတယ်ဗျာ။ တကယ်ကို ပြောမပြတတ်အောင် ရင်ထဲ ဆို့နင့်သွားတယ်။

ဒီလိုနဲ့ “မောင်မောင်” ရဲ့ တောင်းဆိုသံတွေကြောင့် ဆရာ “ကိုတင်အေး” က…

“မင်းကို လွတ်မြောက်အောင် လုပ်ပေးမယ်။ ဒါပေမဲ့ မင်း မလွတ်မြောက်သေးသရွေ့ ဘယ်သူ့ကိုမှ အနှောင့်အယှက် မပေးပါဘူးလို့ ကတိသစ္စာ ဆိုရဲလို့လား…” လို့ ပြန်လည် မေးမြန်းလိုက်ပါတယ်။

“ဆိုရဲပါတယ်။ ညီလေး ကတိပေးပါတယ်…”

“အေး… မင်းကို ငါတို့က ရွှေကျွန်းကုန်း မိုးကုတ် ဝိပ္ပသနာကို ပို့ပေးမယ်။ ဘုရားရိပ် တရားရိပ်အောက်မှာ အေးအေးချမ်းချမ်း နေထိုင်ရမယ်။ ဒါပေမဲ့လို့ ဘယ်သူ့ကိုမှ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် နှောင့်ယှက်လို့တော့ မရဘူး၊ ဟုတ်ပြီလား။ အခု နောက်ဆုံးအနေနဲ့ မင်းအနေနဲ့ ဘာပြောစရာတွေများ ကျန်နေသေးလဲ ညီလေး…”

“မောင်မောင်” တစ်ယောက် လူ့ဘဝက မိဘတွေဖြစ်တဲ့ “ဦးသိန်းဝင်း” နဲ့ “ဒေါ်စောပု” တို့ကို ကြည့်ပြီး…

“အဖေနဲ့ အမေ… သားသေခဲ့တာ (၈) နှစ်တောင်မှ ကျော်ခဲ့ပါပြီ။ သေတယ်ဆိုတာကလည်း သားရဲ့ သေနေ့စေ့လို့ သေခဲ့ရတာပါ။ သေချိန်တန်လို့ သေရတယ်လို့ပဲ မှတ်ထားပေးကြစေချင်ပါတယ်။ ဒီနေ့ သားကြောင့် ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် အဖေနဲ့ အမေတို့ စကားမများကြပါနဲ့၊ ရန်မဖြစ်ကြပါနဲ့။ သားက ဒီအချိန်မှာ ဘဝခြားနေပေမယ့် သားရဲ့ ရင်ထဲမှာ အဖေနဲ့ အမေ အမြဲတမ်း ရှိနေတုန်းပါပဲ။ သားကို နောက်ဆုံးအနေနဲ့ နမ်းခွင့်လေးတော့ ပေးပါဦးနော်…” ဆိုပြီး မိဘနှစ်ပါးရဲ့ ပါးပြင်ထက်ကို ဖွဖွလေး နမ်းပြီး ဦးသုံးကြိမ်တိုက် ကန်တော့ကာ အကိုဖြစ်သူဆီ ထပ်ပြီး သွားပြန်တယ်။

သူ့အကို “အောင်အောင့်” အနားရောက်တော့ ပုခုံးကို လက်နဲ့ ကိုင်ပြီး…

“ကိုကြီး “အောင်အောင်”… ဒီမင်္ဂလာပွဲက အကိုမဟုတ်ပဲ အခြားတစ်ယောက်နဲ့သာဆို အဲဒီတစ်ယောက်ကို ညီလေး ခေါ်လိုက်တာ ကြာပြီပေါ့။ အကိုတို့ ချစ်သူတွေ စဖြစ်ကတည်းက ညီလေးက အကိုတို့ အနားမှာ အမြဲရှိနေတာ။ လူ့ဘဝတုန်းက ညီလေးချစ်ရတဲ့ ချစ်သူနဲ့ ညီလေးရဲ့ အကိုအရင်း အခုလို ပေါင်းရလို့ ညီလေး ကျေနပ်ပါတယ်။ “သက်မာ” ကို အကောင်းဆုံးဖြစ်အောင် စောင့်ရှောက်ပေးပါ အကိုကြီး။ ညီလေး စိတ်ချမယ်နော်…” လို့ ဆိုကာ မှာကြားလိုက်ပါတယ်။

ပြီးတော့ အိမ်ပေါ်မှာ ပြည့်နှက်နေတဲ့ လူအုပ်ကြီးဘက် လှည့်လို့…

“နောက်ဆုံးအနေနဲ့ ကျွန်တော် တောင်းပန်ချင်တာက ဦးလေး အဒေါ် ညီအကို မောင်နှမတွေ အားလုံးကိုရော ကျီးရက်ကုန်းရွာလေးထဲမှာ နေထိုင်ကြတဲ့ လူတွေ အားလုံးကိုပါ ကျွန်တော် လူ့ဘဝမှာတုန်းက အကုန်လုံးအပေါ် ကံ (၃) ပါးနဲ့ ပြစ်မှားခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြစေချင်ပါတယ်ဗျာ…” ဆိုပြီးတော့ ရှိသမျှ လူတွေအားလုံးကို လက်အုပ်ကလေးချီပြီး ပြောနေတာပုံများဗျာ… ကျွန်တော့်မျက်လုံးထဲက အခုထိကို မြင်မိတုန်းပါပဲ။

သတို့သမီးကို ဝင်ပူးထားတဲ့ “မောင်မောင်” ဟာ ဆရာနှစ်ယောက်ဆီ သွားပြီးတော့ သူတို့ ကွင်းပေးထားတဲ့ စည်းဝိုင်းထဲမှာ ဝင်ထိုင်လိုက်ပါတယ်။

ဆရာနှစ်ယောက်လည်း သူတို့ ကျမ်းစာတွေကို စတင် ရွတ်ဖတ်နေစဉ်မှာပဲ သတို့သမီး “သက်မာ” တစ်ယောက် လဲလျောင်း ငြိမ်သက်သွားပါတယ်။ များမကြာမီ သတို့သမီး သတိပြန်လည်လာခဲ့ပါတယ်။

ကျီးရက်ကုန်းရွာကလေးက ကွယ်လွန်ခဲ့ပြီးဖြစ်တဲ့ “ကိုမောင်မောင်” တစ်ယောက် ဒီနေ့ ဒီအချိန်အထိမှ မကျွတ်လွတ်နိုင်သေးခဲ့ရင် ကျီးကုန်းရွာသားဖြစ်တဲ့ ညီလေး “မြတ်မင်း” မှ ပြုဖူးခဲ့သမျှ ကုသိုလ်အဝဝနဲ့ ဒီနေရာကနေ အမျှအတမ်း ပေးဝေလိုက်ပါရစေ “ကိုမောင်မောင်” ရေလို့သာ..။

ပြီးပါပြီ
#credit