ခြေရာလည်းပျောက် ရေလည်းနောက်

Posted on

ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
ခြေရာလည်းပျောက် ရေလည်းနောက်

တစ်တောလုံး တစ်တောင်လုံး နှင်းမှုန်များ မှိုင်းမှုန်နေလေသည်။ ထိုဒေသ ထိုနယ်မြေသို့ တစ်ခေါက်တလေမျှ မရောက်ဖူးသူတို့အဖို့ သွားလမ်း လာလမ်းကို ရုတ်တရက် မမြင်နိုင်သောကြောင့် လမ်းပျောက်၍ တဝဲလည်လည်နှင့် ဒုက္ခတွေ့နေတတ်သည်။ ချိုးကူသံသဲ့သဲ့သာလျှင် နှင်းထုအတွင်းမှ ဖောက်ထွင်းလျက် ကျွန်တော်တို့ မုဆိုးအဖွဲ့ဝင်များကို ကြိုဆိုနှုတ်ဆက်နေဟန် ရှိပါတော့သည်။ သုတ်လေသွေးလိုက်တိုင်း ကျွန်တော်တို့လူစုမှာ အအေးပိုကာ အနေရအထိုင်ရ ခက်လှ၏။ သို့သော် ခွာညိုပန်းရနံ့တွေက တကြိုင်ကြိုင်မွှေးနေသဖြင့် ခြေလှမ်းပိုမိုသွက်စေပါသည်။

ဆတ်တစ်ကောင်၏ ခပ်လှမ်းလှမ်းမှ တစ်သံများကိုကြားလိုက်ရသလို ရှေ့တန်းမှ တပ်ကြပ်ကြီးသန်းထွန်းက သူ့အဓိပ္ပာယ်နှင့်သူ ပြုံးလိုက်တော့သည်။ ရှေ့ဆုံးက ဦးဘိုးဟန်သည် လက်ကာ၍ ရပ်ရန်အချက်ပေး လိုက်ပြီးနောက်

“ဒီနေရာမှာ မီးဖိုကြဟေ့၊ ခဏနားကြရအောင်၊ ဘာမှမမြင်ရတဲ့ အတူတူကွာ”

ဟု အမိန့်ပေးလိုက်ပြီး သူ၏ပခုံးပေါ်၌ ထမ်းထားသည့် နှစ်လုံးပြူးသေနတ်ကို မြေပေါ်သို့ချကာ မီးခြစ်ဘူးကို ဆွဲနုတ်ယူလိုက်သည်။

ရဲဘော်ကျော်လှိုင်၊ တပ်ကြပ်မောင်နုတို့လူစုက သွက်လက်စွာဖြင့် ထင်းခြောက်များ၊ ဝါးစည်းများကို ကောက်ကာ ငင်ကာ စုဆောင်း၍ ကွက်လပ်ပေါ်တွင် မီးဖိုတစ်ဖိုအဖြစ် အမြန်ဆုံးဖန်တီးလိုက်ကြသည်။

“လမ်းသွားနေရင် သွေးပူပြီး အချမ်းသက်သာတယ်ဗျ ဦးကြီးဟန်၊ နားနေရင် ပိုချမ်းလာလိမ့်မယ်”

တပ်ကြပ်ကြီးသန်းထွန်းသည် ၄၀၄ မော်ဇာမဂ္ဂဇင်းရိုင်ဖယ်ကို ရင်တွင်ပိုက်ကာ ရပ်နေရာမှ ပြောလိုက်ရာ မီးခြစ်ဆံတစ်ချောင်းနှင့် မီးမွှေးနေသော ဦးဘိုးဟန်ကြီးသည် စိတ်ရှည်လက်ရှည်နှင့် ထင်းပေါက်ကလေးများကို မီးညှိလိုက်ပြီး

“မင်းပြောတာတွေ မှန်တယ်လေ မောင်သန်းထွန်းရဲ့ ၊ မုဆိုးဆိုတာ အိုက်တာပူတာလဲ ခံနိုင်ရသလို ချမ်းတာ အေးတာတွေလဲ ရင်ဆိုင်ဝံ့ရတယ်၊ မိုးကိုလဲဂရုစိုက်စရာ မလိုဘူးကွ၊ ပင်ပန်းတဲ့အလုပ်ကို တမင်တကာရွေးပြီးမှ သားကောင်ကြီးတွေ သားရဲကြီးတွေနဲ့ ရင်ဆိုင်ရတဲ့အလုပ်ကိုလုပ်ဖို့ မုဆိုးဖြစ်လာတာ၊ မင်းကို မေ့သွားပြီလား”

ဟု လေးလေးနက်နက် ပြောလိုက် လေသည်။

“ငါတို့ ခေတ္တနားလိုက်တဲ့ အဓိပ္ပာယ်ကို မင်းတို့မစဉ်းစားမိလို့ပဲ”

ဦးဘိုးဟန်သည် မီးစွယ်တက်လာသော မီးဖိုအတွင်းသို့ ဝါးခြောက်များကို ထည့်လိုက်ပြီးနောက်

“တို့ ခုရောက်နေ သွားနေတဲ့ တောတောင်ဒေသက အင်မတန် လူသူအရောက်အပေါက်နည်းပါးတဲ့ ဒေသကွ၊ ပြီးတော့လဲ မတွေ့လိုက်နဲ့ တွေ့လိုက်ရင် ဆင်တွေ ကျားတွေ ပြောင်တွေ ချည်းပဲ၊ အဲဒီတော့ ခုလို နှင်ူတွေပိတ်အောင်ကျနေတုန်း အရမ်းစွတ်ပြီးသွားရင် တို့ကို သားကောင်ကြီးတွေက အရင်မြင်သွားရင် ပြေးရင် ပြေး မပြေးရင် တို့လူစုကို လက်ဦးအောင် သူတို့က လုပ်နိုင်တယ်။ နားလည်ပြီလား။ အဲဒါကြောင့် ခဏတစ်ဖြုတ်လောက် မီးလှုံရင်း နေကလေးထွက်လာအောင် စောင့်ပါကွာ”

ရင်ဆိုင်ရမည့် အခြေအနေကို ရှင်းလင်းပြောပြလိုက်ရာ ကျွန်တော်က

“အမဲကြီးတွေကို စခန်းနဲ့တစ်မိုင်အတွင်း ပစ်နိုင်တဲ့နေရာ ပြပါဆိုရင် ဟောဒီ ထန်းတစ်ပင် ကရင်ချောင်း ဒေသကို ငါဆွဲပြရမှာပဲ၊ မင်းတို့ မကြာခင် လက်တွေ့ကြုံရပါ လိမ့်မယ်”

ဟု ဦးဘိုးဟန်၏စကားကို ရောနှော၍ ထောက်ခံပြောဆိုလိုက်သည်။

အလယ်ရိုးမ သို့မဟုတ် ပဲခူးရိုးမ၏ မြောက်ဘက်အစွန်နယ်မြေဖြစ်သည့် ပျဉ်းမနားသစ်တောခရိုင်၏ အနောက်မြောက်နယ်မြေဖြစ်သော ထန်းတစ်ပင် ကရင်ချောင်း ဒေသကား အင်မတန် နာမည်ကြီးလှပါပေ၏။

ထိုအရပ်ဒေသ၌ အလုပ်လုပ်နေကြသည့် သစ်ခုတ်သမား၊ သစ်တောအမှုထမ်းများအနေနှင့် နေပူရှိန်နှင့် နေဝန်းကို နေမွန်းတည့်မှ မြင်တွေ့ ရ၏။ ငှက်ဖျားထူထပ်ခြင်း၊ အအေးဓာတ်ပြင်းထန်ခြင်း စသည့် ရာသီဥတုဒဏ်များကြောင့် ဖျားမိလျှင် ဆေးမမီ၊ ဆေးရုံပို့ရင်း ခရီးလမ်းတွင် အသက်ပျောက်ခဲ့သည့် အဖြစ်ဆိုးများနှင့် အပြည့်ရှိခဲ့သော နေရာဖြစ်၏။

လူအလွန်ခေါင်သော၊ တောင်တန်းကြီးသော၊ တောတောင်ထူထပ်သော အလယ်ရိုးမ၏ အရှေ့ဘက်ကပ်လျက်အခြမ်းဒေသ ဖြစ်သည့်အတွက် သားကောင်ကြီးများ၏ ခိုကပ်ရာ ပျော်မြူးရာဒေသဖြစ်နေပေသည်။

ကျွန်တော်နှင့် ဦးဘိုးဟန်တို့ မုဆိုးတစ်စုသည် အစွယ်ရှိသော တောဆင်ကြီးများကို ရှာဖွေပစ်ခတ်ရန်အတွက် ထိုဒေသသို့ ဘုရားတောင်ရွာမှတစ်ဆင့် ဝန်တင်ဆင်များပေါ်တွင် ရိက္ခာနှင့် အိပ်ရာလိပ်များကို တင်ဆောင်စေပြီး ရှေ့ဖျားချီတပ်ဖွဲ့အနေနှင့် ရှေးဦးစွာ ခြေကျင်ချီတက်ခဲ့ကြခြင်းဖြစ်၏။ နှင်းကျသံများကား နေထွက်ခါနီးလေလေ၊ အခိုးအငွေ့ဘဝမှ တဖြောက်ဖြောက်အသံများ ထွက်ပေါ်လာအောင် မိုးပေါက်ကြီးများအသွင် ကျဆင်းလာ၏။ သို့ရာတွင် အရှိန်နှင့်တက်လာသော မီးဖိုကြီးမှ အပူငွေ့ များကြောင့် ကျွန်တော်တို့အဖို့ အအေးဒဏ်ကို ကာကွယ်နိုင်လာသည်။

ညို့ညို့ဆိုင်းဆိုင်းနှင့် မျှော်လိုက်တိုင်း မဆုံးစေသည့် တောအထပ်ထပ် တောင်အထပ်ထပ် ပြည့်ကျပ်နေသည် ရိုးမနယ်မြေကို မျှော်ကြည့်မိလိုက်ပါသည်။

အောင်လောင်းငှက်ကြီးတစ်အုပ်၏ တအောက်အောက် အော်မြည်သံများ ထွက်ပေါ်လာသလို မျောက်ညိုတစ်အုပ်၏ လမ်းတစ်ဖက် တောတွင်းမှ တောင်ဘက်သို့ဖြတ်ကူးရန်အလာတွင် ကျွန်တော်ကို လူစုကို တွေ့ မြင်သွားကာ လန့်ဖျပ်၍ တဝုန်းဝုန်းပြေးလွှားသံဖြင့်နောက်ဘက်သို့ ဆုတ်ခွာပြေးကြသည်။

“ပစ်လိုက်ရရင်တောကွာ၊ မျိုးပြုတ်ကုန်ရောမယ်ဟေ့”

ကျော်လှိုင်နှင့် တပ်ကြပ်ကြီးသန်းထွန်းတို့က အမဲကြီးပစ် ရိုင်ဖယ်ကြီးတွေနှင့် လိုက်၍ ချိန်လိုက်ကြသည်။

“အသေးအဖွဲကောင်တွေကို အရေးမစိုက်ကြနဲ့၊ ဒီနေရာမှာ အဓိပ္ပာယ်မရှိဘဲ သေနတ်သံတစ်ချက်မှ မထွက်စေရဘူးဟေ့၊ ရှေ့လျှောက်တွေ့ရမယ် ဧရာမအကောင်ကြီးတွေကို မလွတ်တမ်းပစ်ထည့်ကြကွာ”

ဦးဘိုးဟန်က အရေးတကြီး သတိပေးလိုက်ပြီ ဆေးပေါ့လိပ်ကြီးကို တထောင်းထောင်းရှိုက်ဖွာနေပါသည်။

ကျွန်တော်ထိုင်နေရာ ကျွန်းတုံးကြီးပေါ်သို့ ဦးနုရောက်လာပြီး ဓာတ်ဘူးအတွင်းမှ ကော်ဖီပူပူတစ်ခွက်ကိုပေးသောကြောင့် ကျွန်တော်ကိုင်ထားသော ၅ဝဝ ဗို့ နှစ်လုံးပြုးရိုင်ဖယ်ကို တုံးတွင်မှီ၍ နေရာချထားလိုက်ပြီး အငွေ့တထောင်းထောင်းထွက်နေသော ကော်ဖီခွက်ကို လက်ခံယူလိုက်သည်။

မြို့ကြီးပြကြီးများနှင့် အလွန်ဝေးကွာလှသော တောကြီးတောင်ကြီးအတွင်း၌ ဤကဲ့သို့သော ပူပူနွေးနွေးကော်ဖီတစ်ခွက်ကို အားရပါးရသောက်လိုက်ပြီးနောက် ယခုအချိန်အခါမျိုး၌ ဤကော်ဖီတစ်ခွက်နှင့် မြို့မှကော်ဖီဆယ်ခွက် တန်ဖိုးချင်းညီမျှကြောင်းကို စိတ်တွင်းမှ ဝန်ခံမိပါသည်။ အရှေ့တောဖျားပေါ်မှဖြတ်၍ နေရောင်ခြည်အစများ ဖြာ၍ ကျရောက် လာသလို ကျွန်တော်တို့မုဆိုးတစ်စုအနေနှင့် ကိုက်ငါးဆယ်ပတ်လည်တစ်ဝိုက် ဝိုးတဝါး မြင်သာ တွေ့ သာလာပါတော့သည်။

“ကိုင်း ရှေ့ကို တက်ကြမယ်၊ ခြေသံလုံလုံနဲ့ ချောင်းမဆိုးမိအောင် ငြိမ်ငြိမ်ကလေး တက်ကြဟေ့၊ တွေ့တော့ တွေ့ကြတော့မယ်ဟေ့”

ဦးဘိုးဟန်က ကြေညာလိုက်ပြီး သူ၏ နှစ်လုံးပြူးသေနတ်ကိုထမ်းလိုက်ရာ

“ဦးကြီးဟန် ဒီသေနတ်ကြီးကို ယူလေ”

ရဲဘော်ကျော်လှိုင်က ဦးဘိုးဟန်၏ ၄၇၀ နှစ်လုံးပြူးရိုင်ဖယ်ကို လှမ်း၍ပေးလိုက်ရာ

“နေပါစေကွာ၊ ဗိုလ်မှူးနဲ့ကပ်ပြီးတက်ကြမှာမို့ အကောင်ကြီးတွေ့ရင် ဗိုလ်မှူးက ပစ်၊ ဆတ်တို့ ဝက်တို့တွေ့ရင် ငါ့နှစ်လုံးပြူးနဲ့ ပစ်မယ်။ ပြောင်းဝနှစ်ဖက်စလုံးမှာ ခြောက်လုံးကျည်ကြီးတွေ ထည့်ထား တယ်” ဟု ဖြေလိုက်သည်။

ထို့ကြောင့် ရဲဘော်ကျော်လှိုင်သည် သူ၏ .၃၇၅ မက်နမ် မဂ္ဂဇင်း ရိုင်ဖယ်ကို ပခုံးတွင်လွယ်ကြိုးနှင့် သိုင်းကာလွယ်ပြီးနောက် ဦးဘိုးဟန်၏ နှစ်လက်ပြူး ရိုင်ဖယ်ကြီးကို ညာဘက်ပခုံးပေါ်သို့ ပစ်တင်လိုက်ပြီး ကျွန်တော်တို့နောက်မှ ကပ်၍ ရပ်လိုက်သည်။

ကျွန်တော်တို့နှင့်အတူ ခရီးကြုံလိုက်ပါလာကြသော တောအုပ်ကြီးဦးမှတ်နှင့် သစ်ခုတ်သမားများက ခရီးဆက်ကြရန် အသီးသီးပြင်ဆင်လိုက်ရင်း

“ခုလို စောစောစီးစီးအချိန်မျိုးမှာ ကျွန်တော်တို့ချည်းသက်သက် ဒီနေရာမျိုးတွေကို မသွားရဲဘူးဗျို့ ၊ ဆင်လား ကျားလား တစ်ကောင်ကောင်နဲ့ တိုးမိတာများလို့ နှင်းတွေပိတ်နေတဲ့အခါမျိုးမှာ မပြေးတတ် မရှောင်တတ်နဲ့ ဘုရားတခဲ့ရတာချည်းပဲ၊ ခုတစ်ခါတော့ ကြောက်စိတ် လုံးဝမရှိတော့ဘူးဗျို”

ဦးမှတ်က ရယ်မောရင်းနဲ့ အမှန်အတိုင်း ဝန်ခံရှာပါသည်။

ကျွန်တော်နှင့် ဦးဘိုးဟန်ကိုက ဘေးချင်းယှဉ်၍ နှင်းရည်များရွှဲနေသော လူသွားလမ်းဟောင်းကလေးအတိုင်း စတင်ကာ ချီတက်လိုက်သည်။ အလင်းရောင်ကောင်းစွာ ရရှိနေပြီဖြစ်သဖြင့် အတော်ဟောင်းနွမ်းနေသော လူသွားလမ်းကလေးပေါ်မှ ခြေရာမျိုးစုံကို ကောင်းစွာ အကဲခတ်ခွင့် ရရှိပါတော့သည်။

ရှေးဦးစွာ ဆတ်ခြေရာများ၊ သစ်ဆင်ကြီးများ၏ ခြေရာများကို လက်ဆက်စွာတွေ့ လိုက်ရသလို ပြောင်ထီးခေါင်းကြီးတစ်ကောင်၏ ကြီးမားလှသော ခြေရာခွက်ကြီးကို စတင်ကာ တွေ့လိုက်ရပြန်သည်။ ဦးဘိုးဟန်က ငုံ့၍ ကြည့်လိုက်ပြီး ပြောင်ခြေရာခွက်ကြီးကို လက်ညိုးဖြင့် ၀ကွက်၍ကွင်းကာ

“ဒီကောင်ကြီး ဒီနေ့မနက်အစောပိုင်း စားရင်း နားရင်း သွားတဲ့အကောင်ဗျ၊ ကျုပ်တို့ တွေ့နိုင်တယ်ဗျို့ ၊ ကိုယ်အလေးချိန် ပိဿာငါးရာအထက်မှာ ရှိမယ်”

ဟု အရေးတကြီး သတိပေးပြောကြားလိုက်သည်။

မကြာမီ ကျွန်တော်ကိုချီတက်နေသော လမ်းကလေးနှင့် အခြားလမ်းကလေးတစ်လမ်း ဆုံမိကြသည့်နေရာသို့ရောက်ခဲ့ပြီးနောက် မမျှော်လင့်သော ခြေရာသစ်တစ်ခုကို ဘွားခနဲ တွေ့ လိုက်ရတော့သည်။

ထိုခြေရာသစ်များမှာ အောက်ခြေက ရာဘာ အပေါ်မှ အဝတ်ဖြင့် ချုပ်လုပ်ထားသော လူတစ်ယောက်၏ အရေးတကြီး သုတ်သီးသုတ်ပျာ လျှောက်သွားသော ခြေရာများဖြစ်ပါသည်။

ဦးဘိုဟန်သည် အတော်အံ့အားသင့်သွားသော မျက်နှာဖြင့်

“အလို ဒီလူက ကျုပ်တိုထက်စောပြီး တောထဲဝင်သွားတယ်ဗျို့ ၊ ခြေရာကြည့်ရတာ အရေးတကြီးနိုင်ပုံပဲ၊ ခြေလှမ်းက သိပ်ကျဲနေတာကလား”

ဟု ဝေဖန်ပြောဆိုလိုက်ရာ နောက်ပိုင်းမှ ဦးနုကလည်း

“ဒီလောက် လူပြတ်တဲ့နေရာမျိုးမှာ အစောကြီး အဖော်မပါဘဲ ခရီးသွားတဲ့လူဟာ စဉ်းစားစရာပဲ၊ ပျဉ်းမနားက တောင်တွင်းကြီးဘက်ကို တိတ်တဆိတ် ကူးသန်းတဲ့လူဖြစ်ရမယ်၊ လူသူနဲ့ လမ်းမှာမဆုံချင်လို့ ကြောက်ရမှန်း လန့်ရမှန်းမသိဘဲ သွားဝံ့တဲ့ လက္ခဏာဗျ”

ဟု သူ၏ ထင်မြင်ချက်ကို ပြောလိုက်ရာ သစ်ခုတ်သမားဦးရွှေဇင်က ဖိနပ်ရာကို ငုံ့ကြည့်လိုက်ပြီး

“ဒီဖိနပ်ရာဟာ တောခေါင်းကြီး ဖိနပ်ရာပါကလား”

ဟု ရုတ်တရက်ပြောလိုက်ရာ တောအုပ်ဦးမှတ်သည် အံ့အားသင့်သွားသော မျက်နှာဖြင့်

“ဟုတ်ရဲ့လား ဦးရွှေဇင်၊ ဘယ့်နှယ် မောင်စံဝင်းတစ်ယောက်တည်း မနက်စောစောစီးစီး ကျုပ်တို့ရှေ့က သွားနှင့်ရအောင်ဗျာ’

ဟု မေးမြန်းလိုက်၏။

“အင်္ဂါနေ့က တောထဲကစခန်းမှာ သူရောက်နေတယ်မဟုတ်လားဗျ”

“မဟုတ်ပါဘူး ဆရာကြီး၊ မနေ့ညက ရွာမှာ ဘိုးချစ်တို့အိမ်မှာ မူးနေတာ တွေ့ရတယ်ခင်ဗျ”

သစ်ခုတ်သမားတစ်ဦးက ဝင်ရောက်ပြောလိုက်ရာတွင် တောအုပ်ကြီးသည် ခေါင်းကို ခါရမ်းလိုက်ပြီး

“ဒီအကောင် တော်တော်ခက်တယ်၊ တစ်ချိန်လုံး မူးနေတာပဲဗျာ၊ ဘိုးစောင့်နယ်တုန်းကလဲ မူးပြီးရမ်းတာနဲ့ သစ်တောဝန်မင်းက ပြစ်ချက်တွေများလာတော့ နောက်ဆုံးဒီနယ်ကိုပို့လိုက်တာလဲ မမှတ်ဘဲကိုး”

ဟု အပြစ်တင်လိုက်ပြီး တစ်စုံတစ်ရာကို သတိရမိပုံဖြင့်

“ဒါထက် ဦးရွှေဇင် ကျုပ်တို့ သင်းသတ်မယ့် ကျွန်းပင်တွေကို တံဆိပ်တွေရိုက်ပြီးပြီလား၊ မောင်စံဝင်းကို အင်္ဂါနေ့က တာဝန်ပေးလိုက်ပြီလေ”

ဟု မေးမြန်းလိုက်၏။

“မရိုက်ရသေးဘူးဆရာကြီး၊ ကျွန်ဘော်တို့လဲ ဝိုင်းပြီးပြောပါတယ်၊ သတ်ခါနီးမှ ကပ်ရိုက်ရင်ပြီးတယ်လို့ တောခေါင်းကြီးက ပြောလွှတ်လိုက်ပါတယ်”

ဤတွင်တောအုပ်ကြီး ဦးမှတ်သည်

“အလုပ်သိပ်ပေါ့တဲ့ လူပဲဗျာ၊ လက်စသတ်တော့ ဒီနေ့ ကျုပ်တို့ ကျွန်းသတ်ဖို့ထွက်လာမှ သူက ရှေ့က ကျုပ်တို့အရင် ကြိုတင်ရောက်အောင်သွားပြီး ကမန်းကတန်းလုပ်မယ့်သဘောကိုး၊ ပင်တောင်တွေမှားကုန်ရင် အကုန်လုံး အလုပ်ပြုတ်ပြီးသားပဲဗျို့”

ဟု ဝမ်းနည်းပက်လက်နှင့် ပြောလိုက်သည်။

ဦးဘိုးဟန်သည် ဖိနပ်ခြေရာကို စေ့စေ့စပ်စပ် ငုံ့၍ကြည့်လိုက်ပြီးမှ

“ဒီလူက ရှေ့ကို လောကြီးပြီး အတွင်သာ သုတ်ခြေတင်နေတာကလားဗျာ၊ ကြည့်ပါလား၊ ဖိနပ်ရှေ့ဦးပိုင်းကိုဖိပြီး နင်းတက်သွားတဲ့အကြောင်းတွေ”

ဟု ခြေရာအဓိပ္ပာယ်ကို ရှင်းလင်းပြောပြလိုက်ပြီး ဆိတ်ငြိမ်စွာ ဆက်လက်၍ ချီတက်ခဲ့ကြသည်။

လမ်းဘေးရှိ ကညင်ပင်ကိုင်းခြောက်ပေါ်တွင် နေပူစာလှုံနေကြသော ငူလေးငါးကောင်၏ လေချွန်သလို အော်မြည်သံများကို ကျွန်တော်က အမှတ်မထင် နားထောင်မိသည်။

မကြာမီ လမ်းကလေးသည် ကွေ့ ကာ ကောက်ကာဖြင့် အနိမ့်ပိုင်းအဖြစ် ဆင်းသွားပြီး ဓနုံးပင်၊ တောငှက်ပျောပင်များ ပေါက်ရောက်ရာ တောစိုအတွင်းမှ ဖြတ်လျက်သွားနေသည်ကို တွေ့လိုက်ရသလို တောခေါင်းစံဝင်း၏ ဖိနပ်ရာများကိုလည်း အရှင်းသားတွေရပေ၏။

မျက်စိရှင်လှသော ဦးဘိုးဟန်သည် ရုတ်တရက် ရပ်လိုက်ပြီးနောက် လမ်းကလေး၏ ညာဘက်ဘေးသို့ ငုံ့ကြည့်လိုက်သည်။

“ခုတင်ကလေးကမှ ဝပ်ရာက ထသွားတဲ့ အကောင်ဗျ၊ ဒီကောင်မျိုး သိပ်ကြောက်ရတယ်”

လွှတ်ခနဲ ပြောကြားလိုက်သဖြင် ကျွန်တော်က လှမ်း၍ကြည့်လိုက်ရာတွင် ရှေ့ပိုင်းက ဘုကလေး လေးဘု ဝိုင်းရံလျက် နောက်ပိုင်းက ဘုကြီးတစ်ဘုအဖြစ် ပေါ်ထွက်ကာ ကျွန်တော်၏ လက်ဝါးထက် ကျယ်ဝန်းကြီးမားသော သစ်လွင်လှသည့် ခြေရာခွက်ကြီးများကို တွေ့ လိုက်ရပေ၏။

“ဟုတ်တယ် ဒီမှာ ဗိုက်ရာကြီး၊ အမြီးရှည်ကြီးကို ခတ်သွားတဲ့ ပြောင်နေတဲ့ နေရာလေ”

ဦးနုက ကြည့်လိုက်ပြီးနောက်

“ဒီတောကောင်ကြီး ရုတ်တရက်ထပြီး ဟောဒီ ငှက်ပျောတောထဲ ဝင်သွားတယ်”

ခြေရာစဉ်အတိုင်း လိုက်၍ကြည့်လိုက်ပြီး မူလခြေရာရင်းနှင့် ဝပ်ခဲ့သည့် နေရာဟောင်းကို အရေးတကြီးပြန်ကြည့်လိုက်သည်။

“ဟောဒီမှာ ကြည့်ကြစမ်းဗျို”

ဦးဘိုးဟန်က လက်ညှိုးထိုးကာ တစ်နေရာကို ထောက်၍ပြသရင်း ကျားကြီး၏ ခြေရာခွက်ပေါ်တွင် နင်းသွားသော တောခေါင်းစံဝင်း၏ ဖိနပ်ရာကို ပြသလိုက်ပြီး

“လူကို အတွေ့မခံချင်လို့ တောကောင်ကြီးက ငှက်ပျောပင်တွေကြားကို ရှောင်ထွက်သွားတယ်ဗျ”

ညွှန်ပြလိုက်ရင်း ငှက်ပျောပင်များအတွင်းသို့ အနည်းငယ်ဝင်၍ စေ့စေ့စပ်စပ်ကြည့်လိုက်ပြီးနောက်

“ကျားက လူကိုမာန်သွင်းပြီး သစ်ပင်ကြီးကို တအားခဲသွားတယ်၊ ပြီးတော့ မြေကြီးကိုလဲ ရှေ့လက်နှစ်ဖက်နဲ့ကုပ်သွားတယ်၊ အာဂတောကောင် ကြီးပါကလား။ ဆက်ပြီး လူနောက်ကို ဘေးကပန်းပြီး လိုက်သွားပြီဗျို့”

ကျားကြီး၏ ခြေရာလက်ရာများကို ကြည့်ရှုရင်းက အရေးတကြီး သတိပေးလိုက်ပြန်သည်။

ကျွန်တော်သည် ကျားကြီး အစာမာန်သွင်းပြီး ကိုက်ထားခဲ့သည့် ဒူးဆစ်ခန့်တုတ်သည့် သစ်မြစ်ကြီး၌ ကျန်ရစ်သော အစွယ်ပေါက်ကြီးများကို ကြည့်မိရင်းနှင့် တောခေါင်းစံဝင်းအတွက် ထိတ်ခနဲ ပူပန်မိပါသည်။

“ကိုင်း၊ ခပ်သုတ်သုတ်လိုက်ကြဗျို့ ၊ ရှေ့က အရဲတိုးပြီးသွားနှင့်တဲ့လူအတွက် နည်းနည်းမှ စိတ်မချရတော့ဘူး၊ မီလိုမီငြားပေါ့ဗျာ၊ သတ္တဝါတစ်ခု ကံတစ်ခုပေါ့ဗျာ”

ဦးဘိုးဟန်က အရေးတကြီးပြောလိုက်ပြီး ကျွန်တော်၏ ဘယ်ဘက်ဘေးမှ ကပ်လျက် တောတွင်းလမ်းကလေးအတိုင်း အပြင်းချီတက်ခဲ့ကြသည်။

တစ်ဖာလုံခန့်သွားခဲ့ပြီးနောက် လူသွားလမ်းကလေးကို ကန့်လန့်ဖြတ် ကာဆီးနေသော ချောင်းငယ်ကလေးတစ်ခုကို ဘွားခနဲတွေ့ လိုက်ရပေ၏။ ချောင်းကလေးဆီသို့ခပ်သုတ်သုတ် နင်းတက်သွားသော တောခေါင်းစံဝင်း၏ ဖိနပ်ရာများကိုလည်း တွေ့လိုက်ရ၏။

ချောင်းအထက်ပိုင်းမှ သစ်ပင်ခြောက်ကြီးတစ်ပင်က ချောင်းပေါ်သို့ဖြတ်ကာ လဲကျနေသဖြင့် ရေစီးနှုန်းအတိုင်း မစီးဘဲ ပိတ်ဆို့နေမှုကြောင့် လူသွားလမ်းကလေး၏ဖြတ်လမ်းတစ်ဝိုက်၌ ရေအိုင်ကလေးလိုဖြစ်လျက် ရေသေအဖြစ် ငြိမ်နေသည်။

ကျွန်တော်တို့က အရေးတကြီး ရှာဖွေကြည့်ရှုလိုက်သည်တွင် ကင်းဘတ်ဖိနပ်တစ်ဖက်ကိုသာ တွေ့ရပြီး တခြားတစ်စုံတစ်ရာ မတွေ့ ရချေ။ ခြေမြန် လက်မြန်ဖြစ်ကြသော ရဲဘော်ကျော်လှိုင် တပ်ကြပ်ကြီးသန်းထွန်းတို့လူစုက သစ်ပင်လဲကြီးအတိုင်းနင်းလျက် ချောင်းကလေးတစ်ဖက်ကမ်းသို အပြေးတက်ကာ တောခေါင်းစံဝင်း၏ ဖိနပ်ရာများကို ရှာဖွေလိုက်ကြသည်။ သို့ရာတွင် တစ်စုံတစ်ရာ လူခြေရာများကို မတွေ့ရချေ။

ဦးဘိုးဟန်သည် သေနတ်ကိုပိုက်လျက် လေးလေးနက်နက် မျက်လုံးကြီးများဖြင့် ငြိမ်နေသော ရေအိုင်အတွင်းသို့ စိုက်၍ကြည့်ရင်း စဉ်စားနေတော့သည်။

“ကြည့်ကြစမ်းဗျို့ ၊ ဒီနေရာကရေတွေ နောက်မနေဘူးလားဗျ၊ အမြှုပ်တွေတောင် ထခဲ့ပုံပဲ”

ပိုင်နိုင်သောထင်မြင်ချက်ဖြင့် ရေအိုင်အတွင်းသို့ ညွန်ပြလိုက်သည်တွင် တောအုပ်ဦးမှတ်နှင့် သစ်ခုတ်သမားများက စိုက်၍ကြည့်လိုက်ပြီး

“ဟုတ်တာပေါ့ဗျာ၊ ရေတွေသိပ်နောက်နေတယ်၊ ဒါ ဘာလဲမှန်းစမ်း”

သစ်ခုတ်သမားတစ်ဦးက ခါးဆစ်ခန့်နက်သော ချောင်းထဲသို့ ဆင်းလိုက်ပြီး တစ်စုံတစ်ခုကို ဆွဲမလိုက်သည်။

သစ်ခုတ်သမား၏ လက်တွင်း၌ မြောက်၍ပါလာသောပစ္စည်းကား သစ်တောဘက် အမှုထမ်းများဆောင်းလေ့ရှိသော သက္ကလပ်ဦးထုပ်တစ်လုံးပင် ဖြစ်ပါသည်။ ထို့နောက် သစ်ခုတ်သမားက ရေထဲသို့လက်နှင့်လိုက်၍ စမ်းကြည့်ပြီး တစ်စုံတစ်ရာကို ဆွဲထုတ်၍ မပြလိုက်သည်။

“ဟာ စစ်ဆေးပြီးတဲ့ တံဆိပ်ရိုက်တဲ့ တံဆိပ်ပါကလား၊ စံဝင်းတော့ ဒုက္ခပဲ၊ လုပ်ကြပါဦးဗျာ”

တောအုပ်ကြီး ဦးမှတ်က ကျယ်လောင်စွာအော်ဟစ်၍ အကူအညီတောင်းဆိုလိုက်သည်။

“ဒီမှာ ဒီမှာ တွေ့ပြီ၊ စွပ်ကြောင်းကြီးတွေ့ပြီ”

ဦးဘိုးဟန်၏ လှမ်း၍ခေါ်သံဆီသို့ ကျွန်တော်တို့လူစု အပြေးအလွှားတက်ခဲ့ကြသည်။

ချောင်းကလေး၏ လက်ယာဘက်ကမ်းပေါ်မှ တောတွင်းသို့ ဒရွတ်တိုက်ဆွဲချီသွားသော စွပ်ကြောင်းကြီးကို တွေ့လိုက်ရသလို ကျားကြီး၏ အားထုတ်၍ ရုန်းကန်ကာ ဆွဲချီသွားသည့် ခြေရာခွက်ကြီးများနှင့် စံဝင်း၏ ကိုယ်လုံးမှာ ဒရွတ်တိုက်ပါသွားပုံဖြင့် ဆွဲကြောင်းကြီးကိုပါ တွေ့ ရပေ၏။

“ခင်ဗျားတို့လူက မနက်စောစောမှာ အန္တရာယ်ကို အရေးမစိုက်ဘဲ သူ့အလုပ်မြန်မြန်ပြီးဖို့ တစ်ခုတည်းမြင်ပြီး ကျပ်တို့အရင် ရောက်အောင်သွားတယ်၊ ကျားဝပ်နေတဲ့ဘေးက ကပ်ပြီး ဖြတ်သွားပြီး အန္တ ရာယ်ကောင်ကြီးကို မမြင်မိဘူး၊ နှင်းတွေကလဲ မှုန်နေတာကိုးဗျ၊ ဒီချောင်းကလေးရောက်တော့ လဲနေတဲ့ သစ်လုံးပေါ်က လျှောက်ဖို့ မမြင်ဘဲ သူ့ဖိနပ်ကို ရေစိုမှာကြောက်ပြီး ဖိနပ်ကို ကုန်းပြီးအချွတ်မှာ နောက်ကချောင်းလိုက်ပါတဲ့ကျားက စံဝင်းကို ချောင်းထဲကျအောင် ခုန်အုပ်ပြီး တစ်ခါတည်းချီသွားတာပဲ”

ဦးဘိုးဟန်က ခြေရာခြေကြောင်းကို ကြည့်လိုက်ပြီး ဖြစ်ပျက်ပုံများကို ပြောပြလိုက်သည်။

“ကိုင်း မောင်သန်းထွန်း၊ ဦးနု၊ မောင်ကျော်လှိုင်တို့က ချောင်းအနောက်ဘက်ကမ်းအတိုင်း တက်ကြ၊ မျက်စိရှင်ရှင် နားပါးပါးဟေ့၊ လှုပ်ခနဲဆိုရင် မင်းတို့က လက်ဦးကြဟေ့၊ ဒီဘက်ကမ်းက ဗိုလ်မှူးနဲ့ ငါ တက်မယ် ကြားရဲ့လား။ အချိန်းအချက်ကတော့ ဟောဒီ ခရာမှုတ်ပြီး အချက်ပေးမယ်၊ ခရာသံနားထောင်ပြီး တိုနဲ့ သိပ်မကွာစေနဲ”

ဟု အသေးစိတ်မှာကြားလိုက်ပြီး “တက်ကြဟေ့” ဟု အမိန့်ပေးလိုက်၏။

ကျွန်တော်နှင့် ဦးဘိုးဟန်တို့သည် ဘေးချင်းယှဉ်၍ နှစ်ယောက်သား ခြေသံကို လုံနိုင်သမျှ လုံအောင် နင်းလျက် စွပ်ကြောင်းရာအတိုင်း ဖိ၍တက်ခဲ့သည်။

စွပ်ကြောင်းရာကြီးသည် စိမ်းစိုနေသော ဝါးတောအတွင်းသို့ တန်းလျက် ပြေးနေသလို ကျွန်တော်တို့နှစ်ယောက်က တစ်လှမ်းချင်း ချွတ်နင်းလိုက်ခဲ့ကြသည်။

ကိုက်နှစ်ရာခန့်အရောက်တွင် စွပ်ကြောင်းကြီးသည် လက်ဝဲဘက်သို့ ကွေ့ ၍သွားသဖြင့် နှစ်ယောက်သား ကျိတ်၍ တက်ခဲ့ကြပြန်သည်။ မကြာမီ ကျွန်တော်တို့ စတင်ကာဖြတ်ခဲ့သည် ချောင်းကလေးကို မြင်လိုက်ရပြီးနောက် ဝါးရုံပင်ကလေးသုံးပင် စု၍ပေါက်ရောက်ရာအောက်တွင် မှောက်လျက်ဖြစ်နေသည့် လူတစ်ယောက်၏ မသဲမကွဲသဏ္ဌာန်တစ်ခုကို ရိပ်ခနဲ မြင်လိုက်ရပေ၏။

ဦးဘိုးဟန်က ကျွန်တော်အား အရေးတကြီးစုပ်သပ်ကာ အချက်ပေးလိုက်ပြီး သူ၏ခရာကလေးကို ပါးစပ်တွင်တပ်ကာ စီခနဲမှုတ်၍ သန်းထွန်းတို့အဖွဲ့ကို အချက်ပေးလိုက်သည်။

ကျွန်တော်သည် ဦးဘိုးဟန်၏ လက်ဝဲဘက်ရှိ ပေါင်လယ်ခန့်မြင့်သော တောငှက်ပျောတောထဲမှ သိမ့်ခနဲလှုပ်ရှားသွားလိုက်မှုကို သင်္ကာမကင်းဖြစ်ကာ နှစ်လုံးပြူးရိုင်ဖယ်နှင့် ထိုး၍ချိန်လိုက်မိသည်။

စက္ကန့်ပိုင်းအတွင်း ကျွန်တော်၏ မျက်စိနှစ်လုံးအောက်တွင် ငှက်ပျောဖက်များအကြားမှ ကြီးမားလှသော ကျားကြီးတစ်ကောင်၏ ခေါင်းပိုင်းကို တွေ့ လိုက်ရပြီး ဒေါသချောင်းချောင်းထွက်နေသော မျက်လုံးကျယ်ကြီးများဖြင့် ကျွန်တော်တို့နှစ်ယောက်ကို စိုက်၍ကြည့်လိုက်ပြီး တစ်ခဏအတွင်း၌ သိမ့်ခနဲ သူ၏ ကိုယ်ခန္ဓာရှည်ရှည်လျားလျားကြီးနှင့် ထ၍ လေးဘက်မတ်မတ်ရပ်လိုက်တော့သည်။

ဤတွင်မှပင် ကျွန်တော်တို့နှစ်ယောက်က စွပ်ကြောင်းအတိုင်း လိုက်ခဲ့ရာမှ တရေးတမောအိပ်နေသော ကျားကြီးနှင့် တိုးမိကြောင်းကို သဘောပေါက်မိတော့၏။

ဝေါခနဲ မာန်သွင်းကာ အစွယ်ဖွေးဖွေးကြီးတွေ ထွက်ပေါ်လာအောင် ပါးစပ်ပြဲပြဲကြီးကိုဟကာ ကျွန်တော်တို့နှစ်ယောက်ဆီသို့ ခုန်လွှား၍ အုပ်ရန် ကိုယ်ကြီးကို တစ်ချက်တုံ့လိုက်သည့် တစ်ခဏ၌ ကျွန်တော်၏ ၅ဝဝ ဘို့နှစ်လုံးပြူးရိုင်ဖယ် ညာပြောင်းဝမှ ဒိုင်းခနဲမီးပွင့်ထွက်သွားပါသည်။

ဦးဘိုးဟန်၏ ၁၂ ဗို့ နှစ်လုံးပြုးပြောင်းဝက ကျားကြီးဆီသို့ ထိုးချိန်လိုက်ပြီး ခေါင်းကို ထိမှန်ခံရခြင်းကြောင့် ချာချာလည်လျက်ဦးခေါင်းကြီးစိုက်ကာ တဝေါဝေါဟိန်းနေသော ကျားကြီး၏ လက်ညွန့်ဆီသို့ ဘယ်ပြောင်းရော ညာပြောင်းမှပါ ဒိုင်းခနဲ ဒိုင်းခနဲ မီးပွင့်ထွက်သွားတော့သည်။

ကျွန်တော်က ဘယ်ပြောင်း၌ ကျန်နေသေးသည့် ကျည်ဆန်တစ်တောင့်ကို အပိုင်အနိုင် ပစ်ခတ်ရန် ချက်ရွေး၍ စောင့်ကြည့်နေခဲ့သည်။

ကျားကြီးကား အင်မတန်နီးကပ်သော အကွာအဝေးမှကပ်၍ ဂရိမ် .၅၇ဝ ယမ်းအားနှင့်ပင် အထိနာကာ ချာချာလည်နေရာမှ ဦးဘိုးဟန်၏ ခြောက်လုံးကျည်ကြီးများနှင့် နှစ်ချက်တိတိ ချက်ကောင်းနေရာ လက်ညွန့်ကို ချုပ်၍ထိမှန်ခြင်းခံခဲ့ရသဖြင့် ရှေ့သို့ပစ်၍ကျကာ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရင်း အသက်ငင်လျက်ရှိပေသည်။

ကျွန်တော်တို့ နှစ်ယောက်စလုံးသည် လျင်မြန်စွာဖြင့် မိမိတို့ သေနတ်နှစ်လက်၏ ခါးများကိုချိုးကာ ကျည်ဆန်နှစ်တာင့်စီထည့်ကာ အရေးပေါ်ခဲ့လျှင် ဆက်လက်ပစ်ခတ်ရန် အသင့်ပြင်ဆင်နေကြသည်။

ကျွန်တော်တို့နှင့် ဖာလုံဝက်ခန့် ပတ်ဝန်းကျင်တွင် တိရစ္ဆာန်ကြီးများ၏ တိုးဝှေ့ပြေးလွှားသံများ တစ်တောလုံး တစ်တောင်လုံး တုန်လှုပ်အောင် ညံလျက် ဟည်းလျက် ထွက်ပေါ်လာလေသည်။

ဦးဘိုးဟန်သည် ပြေးလွှားသံများကို နားစွင့်ရင်း

“နာလိုက်တာဗျာ လွန်ပါရော” ညည်းတွားလိုက်ပြီး

“ခုပြေးနေကြတာ တောဆင်အုပ်ကြီးဗျ၊ ဘာဝေးတာလိုက်လို၊ အရေးထဲမှာ ဘာမဟုတ်တဲ့ ဒီကျားစုတ်က ဝင်ရှုပ်ရသေးတယ်ဗျာ”

ဟု မကျေမနပ်သံကြီးဖြင့် ပြောလိုက်သည်။

“ဟိုလူ အသက်ရှင်စရာ ရှိ မရှိ သွားကြည့်ကြရအောင်”

“ကျုပ်တော့ မထင်ဘူးဗျို့ ၊ ဒီလူကို ကျားကြီးက သူ စားမယ် နောက်ဆုံး စခန်းရောက်အောင် ချီလာပြီးမှ စိတ်ချလက်ချ လည်ချောင်းကိုကိုက်ပြီး သွေးအဝစုတ်ပြီးမှ တစ်ရေးတမောအိပ်နေတုန်း ကျုပ်တို့နဲ့ တိုးမိတာပဲ”

ဟု ပြောလိုက်ပြီး နှစ်ယောက်သား သွားရောက်၍ ကြည့်ရှူလိုက်သည်တွင် ရွှံံ့ရော သဲပါ ပေကျံလျက် မျက်လုံးကြီးအပြူးသားဖြင့် အသက်ပျောက်နေသော တောခေါင်းစံဝင်း၏ အလောင်းကို တွေ့လိုက်ရသလို လည်မျိုနှင့် လည်ကုပ်တို့တွင် ကျပ်ပြားဝိုင်းခန့် သွေးစိမ်းရှင်ရှင်ယိုစီးနေသော ကျားကြီး၏ အစွယ်ရာပေါက်ကြီးတွေကို တွေ့လိုက်ရပေ၏။

မျက်နှာနှင့် လက်မောင်းတို့တွင် ကျားကြီး၏ လက်သည်းရာများနှင့် ကိုက်ချီလာစဉ် သစ်မြစ်သစ်ကိုင်းများနှင့် ထိခိုက်ခဲ့သည် အကွဲအရှ ဒဏ်ရာများကိုပါ တွေ့ရသည်။

ဦးဘိုးဟန်၏ သံရှည်ခရာသံ သုံးလေးကြိမ် မှုတ်ကာ အချက်ပေးပြီးနောက် ဦးနုနှင့် တပ်ကြပ်ကြီးသန်းထွန်းတို့လူစု ရှေးဦးစွာရောက်လာကြသည်။

“နှာရောင်ရင်းကဖောက်ပြီး လည်တိုင်ကို ချိုးပြီး ဘယ်ဘက်လက်ပြင်အောက်က ဖောက်သွားတယ်ဗျို့”

ကျွန်တော်က ထိုအခါမှပင် သတိရမိသည်။

“ဟုတ်တယ်ကွ၊ ငါပစ်တဲ့ကျည်ဆန်ဟာ အမာနဲ့ပစ်မိတယ်၊ ဆင်နဲ့ ပြောင်ကိုပစ်ဖို့ ကျည်ဆန် ရုတ်တရက် မလဲမိဘဲ ကျည်ဆန်အပျော့အစား အမာနဲ့ ပစ်မိတယ်ဟေ့”

“ကိုင်း ဒီအလောင်းကို ဒီအတိုင်းထားရမယ်၊ တောင်ညိုရဲဌာနကို လူလွှတ်ပြီး လူသေမှုကိုတိုင်ပြီး ရဲတွေလာကြည့်ပြီးမှ သူတို့သဘောအတိုင်းလုပ်ကြပစေ”

ကျွန်တော်က ရှေ့လုပ်ငန်းစဉ်ကို ပြောလိုက်ပြီး ဦးမှတ်တို့လူစုကို ရဲဘော်ကျော်လှိုင်အား ခေါ်ခိုင်းလိုက်သည်။ ဦးဘိုးဟန်သည် ဆေးပေါ့လိပ်ကြီးကို ရှိုက်ဖွာရင်းမှ

“ဟုတ်ပါတယ်လေ၊ ချောင်းကလေးထိပ်ရောက်တော့ ခြေရာလဲပျောက် ရေလဲနောက်နေကတည်းက ကျုပ်က တွက်ပြီးသားပါ၊ ဒီလူတော့ ကျားပါးစပ်ထဲမှာ ပါသွားပြီဆိုတာ၊ တောဆင်ပစ်ဖို့လာကြတာ၊ ပစ်မယ့် ပစ်ရတော့ ကျားဗျာ၊ သိပ်ကောင်း ထွီ၊ တောဆင်တွေက သေနတ်သံတွေကြားလို့ တစ်ကျိုးတည်း လစ်ကုန်ပြီလေ”

ဟု စီကာပတ်ကုံး ညည်းလိုက်ရင်း ဆေးပေါ့ လိပ်ကြီးကို မီးခိုးတထောင်းထောင်း ထွက်လာအောင် ရှိုက်ဖွာနေပါတော့သည်။

[မြဝတီ။ ။ ဇူလိုင်၊ ၁၉၇၁ ]

– ပြီး –

စာရေးသူ – ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ