ဇနီးဖြစ်သူ ပြင်ဆင်ထားခဲ့တဲ့ နေ့လယ်စာစားပြီး ဘာအလုပ်မှ လုပ်စရာမရှိတာမို့ အိမ်ပေါ်ထပ် ဝရန်တာ လေးတွင် ချထားတဲ့ ကုလားထိုင်လေးပေါ် ခပ်ပစ်ပစ် ထိုင်ရင်း အနားမှာတွေ့ ရတဲ့ စာအုပ်တစ်အုပ်ကို ကောက် လှန်လိုက်ပါတယ်။ ကျုပ်နားထဲ သီချင်းသံ ခပ်တိုးတိုး လေးကို ကြားနေရတယ်။ ဒီနေ့ ဘာနေ့ပါလိမ့်။ ဩော် … စနေနေ့ပဲ။ ဒါကြောင့် သီချင်းသံကြားနေရတာကိုး။ ဒီသီချင်းသံ ဘယ်ကလာတယ်ဆိုတာ ရှာကြည့်စရာ မလိုဘဲ ကျုပ်သိနေတယ်။ ဒါ အိမ်ရှေ့အိမ်က မောင်ဝေယံ သီဆိုနေတာ။ ဒီကလေးတောင် ကျုပ်တို့လက်ပေါ်တင် တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာခဲ့ပြီပဲ။ စနေ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်တွေဆို အခုလို မောင်ဝေယံ တစ်ယောက် ဂစ်တာတီးပြီး သီချင်းဆိုတတ်ပါတယ်။ သူ အမြဲဆိုတတ်တဲ့ ခင်မောင်တိုးသီချင်းတွေကလည်း ကျုပ်အကြိုက်တွေဆိုတော့ အဆင်ကိုပြေနေရော။ အတီး ကောင်း၊ အဆိုကောင်းမို့ သီဆိုသံက နားထဲကို အဆင် ပြေပြေ ၀င်ရောက်နေခဲ့တယ်။
ပင်စင်ယူပြီးကတည်းက ယောင်ချာချာကြီး ဖြစ် နေတာ။ အိပ်လိုက်၊ စားလိုက်နဲ့ အိမ်စောင့်အမည်ခံ လူပိုကြီးတစ်ယောက် ဖြစ်နေပါလားလို့ ခံစားနေရင်း တစ်လနီးပါး ရှိရော့မယ်။ ထိုင်ရမလို ထရမလိုနဲ့လေ။ ဘာလုပ်ရမှန်းကို မသိပါဘူး။ စိတ်ထဲ တစ်ခုခုလုပ်ချင်
နေပေမဲ့ ကျုပ်မှာ လုပ်စရာလည်း ဘာမှမရှိဘူး။ အရင်ကဆို မနက်မိုးလင်း မျက်စိနှစ်လုံးဖွင့်တာနဲ့ လုပ်ရ မှာတွေ ခေါင်းထဲမှာ တန်းစီလို့။ တစ်ခါတလေ အိပ်ရာ ထ နောက်ကျတဲ့နေ့များဆို အချိန်လုပြီးတော့တောင် ပြေးရသေးတာကိုး။ အခုများတော့…။ သက်ပြင်း တစ်ချက် ခပ်ပြင်းပြင်းချလိုက်ပါတယ်။ ပြီးခဲ့တဲ့ အတိတ် ကာလတွေကို မတွေးချင်တော့ပါဘူး။ အခုတွေးမိနေ တာက ကျုပ်ဆိုတဲ့ ဦးဆွေ ဘာလုပ်ရင်ကောင်းမလဲ။ ရှင်သန်ရုံ ရှင်သန်နေရတဲ့ဘဝဟာ အဓိပ္ပာယ်မရှိဘူးလို့ ကျုပ် တွေးမိလာတယ်။ ဘယ်သူမှမရှိတဲ့ အိမ်ထဲမှာ တစ်ယောက်တည်း အတွေးတွေနဲ့ နပန်းလုံးနေရတာ ကိုက အလုပ်တစ်ခုများလား။ မဟုတ်သေးပါဘူးလေ။ ဟုတ်ပါတယ်လေ။ ဟာ… တစ်ယောက်တည်း ရှုပ် ယှက်ခတ်နေတာပဲ။ ငါ ရူးများရူးနေပြီလား။ အတွေး တွေကို ရုတ်တရက် ရပ်တန့်ပစ်လိုက်တယ်။
“သမီး ညည်းပြန်တာ နောက်ကျလှချည်လား” “အောင်မလေး အဖေရေ၊ အိမ်မှာ အလကားထိုင် ပြီး စိတ်ပူမနေနဲ့။ ဒီနေ့ အချိန်ပိုဆင်းနေရလို့လေ။ ပိုက်ဆံကို ရသလောက် ပိုရှာနေရတယ်။ ရှာနိုင်မှ တော်ရုံ ကျမှာ အဖေရေ”
ပြောပြောဆိုဆို အခန်းတွင်းဝင်သွားသော သမီး
ငယ်နောက်ကျောကို ငေးမောနေရင်း ကျုပ်မျက်လုံးအိမ် ထဲမှာ မျက်ရည်ငွေ့တွေ ဖုံးလို့လာပါတယ်။ ကျုပ် မျက်နှာ အပြောင်းအလဲကို ခံစားနားလည်ရှာတဲ့ ဇနီး ဖြစ်သူက ကျုပ်အနားကို ရောက်လာပြီး…
“တော်ကလည်း စိတ်မကောင်းဖြစ်မနေပါနဲ့။ တော့် သမီးက ပင်ပန်းလာလို့ ပြောချင်တာ ပြောသွားတာပါ။ သမီးက ဘယ်မှ လျှောက်မလည်တတ်ပါဘူး။ တော်လည်း သိသားနဲ့။ လျှောက်တွေးပြီး အားငယ်မနေစမ်းပါနဲ့” ဇနီးဖြစ်သူ စကားအဆုံးမှာ ကျုပ်ခေါင်းကို မျှင်း မျှင်းခါလိုက်ပါတယ်။ “အလုပ်လက်မဲ့တစ်ယောက်ရဲ့ ဝေဒနာကို မင်း ကိုယ်ချင်းမစာတတ်သေးပါဘူး မိန်းမ ရာ” လို့ပဲ ကျုပ် စိတ်ထဲက ပြန်ပြောဖြစ်လိုက်ပါတော့ တယ်။
အရင်တုန်းကတော့ ကျုပ်က အစိုးရရုံးတစ်ရုံးမှာ စာရေးကြီးတစ်ဦး။ အခုတော့ ပင်စင်စားတစ်ဦးပေါ့။ အိမ်စောင့်တစ်ဦးဆိုရင်လည်း မမှားပါဘူး။ မနက် မိုးလင်းပြီဆိုတာနဲ့ ဇနီးရော၊ သားရော၊ သမီးပါ သူတို့ လုပ်ငန်းခွင်ရှိရာကို သွားကြရတယ်။ ကျုပ် အလုပ်လုပ် နေစဉ်က တံခါးပိတ်ထားခဲ့ရတဲ့ အိမ်ကလေးဟာ အခု တော့ အိမ်စောင့်တစ်ဦးရှိလာတဲ့အတွက် တံခါးချပ်လေး တွေက ပွင့်လျက်။
နေ့စဉ် ရုံးတက်ရုံးဆင်းလုပ်နေစဉ်က လောကကြီး ဟာ အခုလောက်ထိ အထီးကျန်ဆန်မှန်း ကျုပ်တကယ် မသိခဲ့ဘူး။ အခုလို ပင်စင်စားဘဝနဲ့ အိမ်မှာ ငုတ်တုတ် နေရချိန်မှာတော့ အထီးကျန်ခြင်းရဲ့ ဆိုးရွားမှုဒဏ်ကို ကျုပ်ခံစားတတ်ခဲ့တယ်။ ငြီးငွေ့ဖွယ်နေ့ရက်တွေကို ဖြတ် ကျော်နေရတာကို စိတ်ပျက်စရာ အလွန်ကောင်းပါ တယ်။ အလုပ်မရှိခြင်းဟာ ဝင်ငွေကိုပဲ လျော့ပါးစေတာ မဟုတ်ဘဲ လူတစ်ယောက်ရဲ့ တက်ကြွလန်းဆန်းခြင်း တွေကိုပါ ခြောက်သွေ့ သွားစေတတ်တယ်ဆိုတာ ကိုယ် တိုင်ကြုံလို့ ယုံခဲ့ရလေပြီ။
တစ်နေကုန် တိတ်ဆိတ်နေတဲ့အိမ်ထဲမှာ ကျုပ် တစ်ယောက်တည်း အထီးကျန်ဆန်လိုက်ပုံများ။ လုပ်
ဖော်ကိုင်ဖက်တွေကိုလည်း လွမ်းမိတယ်။ ရုံးမှာသာဆို ပြောဟယ်၊ ဆိုဟယ်၊ အလုပ်လုပ်ရယ်၊ စရယ်နောက် ရယ်နဲ့ တစ်နေ့တာအချိန် ဘယ်လိုကုန်သွားမှန်းတောင် မသိရပါဘူး။ အခုတော့ မနက်မိုးလင်းတာနဲ့ အလုပ်ရှိ ရာကို ကိုယ်စီသွားကြတဲ့ ဇနီး၊ သားနဲ့ သမီးတို့ကို နှုတ်ဆက်ရင်း အိမ်စောင့်၊ ဇနီးဖြစ်သူ ပြင်ဆင်ပေးထား တဲ့ ထမင်းကိုစား တစ်ခါတစ်ရံ လာတတ်တဲ့ ဧည့်သည် ကိုမျှော်၊ ညနေ မိသားစု ဆုံချိန်လေးကို တစ်နေကုန် အောင်စောင့်ရင်း အချိန်တွေကို ကုန်ဆုံးပေါ့။ ဪ… ပင်စင်စား အလုပ်လက်မဲ့တစ်ယောက်ရဲ့ဘဝ။ အတော် စိတ်ပျက်စရာကောင်းပါလား။ အနက်ရှိုင်းဆုံးကို ကျုပ် ခံစားနေရတယ်။
အိမ်ထဲကိုဝင်လာတဲ့ သားဖြစ်သူနဲ့အတူ အရက်နံ့ ခပ်စူးစူးကပါ တွဲပြီး လိုက်ပါလာပါတယ်။ ကျုပ်နှာခေါင်း ဝကိုဝင်လာတဲ့ ချဉ်စူးစူးအရက်နံ့ကို နှာခေါင်းရှုံ့လိုက်ရင်း “သား.. မင်း အရက်တွေ သောက်လာတာလား” “ဟုတ်တယ်အဖေ။ သူငယ်ချင်းတွေ ဆုံလာလို့ပါ” “ဟ ဆုံတိုင်း သောက်နေရင်တော့ မင်း အရက် သမားဖြစ်သွားမပေါ့ကွာ”
“ဟာ အဖေတို့ကလည်း အဖေ့ဆီက ပိုက်ဆံ တောင်းသောက်နေတာကျနေတာပဲ။ ကျုပ်ရှာတဲ့ပိုက်ဆံနဲ့ ကျုပ်သောက်တာလေ။ အိမ်မှာ အေးအေးထိုင်နေရတဲ့ သူက မပင်ပန်းပေမဲ့ တစ်နေကုန် အလုပ်လုပ်နေရသူက တော့ ပင်ပန်းတယ်အဖေရ။ ဒီတော့ တစ်ခါတလေ သောက် ဖြစ်တာအပြစ်လား။ အာရုံနောက်ပါတယ် အဖေတို့နဲ့…. ပြောချင်တာတွေကို တရစပ်ပြောနေတဲ့ သားဖြစ်သူ မျက်နှာကို ငေးကြည့်နေရင်း ပြန်ပြောဖို့အတွက် အာစေး မိနေပါတော့တယ်။ ကျုပ်မျက်လုံးအိမ်ထဲက မျက်ရည် တွေဟာ ကျိုးကျတော့မယ့် ဆည်တစ်ခုလို ပြည့်လျှံလာ ပါတော့တယ်။ သူ့အမေဖြစ်သူရှိနေရင် သားအမိတွေ စကားထများကြဦးမယ်။ တော်သေးတာပေါ့ ကျုပ်ဇနီး အပြင်ခဏထွက်သွားလို့။ နေသာသလို နေရမယ်တဲ့လား သားရယ်။ မင်းက အဖေ့သားလေကွာ။ မူးလို့ပြောတာ နေမှာပါလို့ ကျုပ် နားလည်ပေးလိုက်ပါတယ်။ ကျုပ်ရင်
ထဲမှာတော့ နင့်နေအောင် ခံစားလိုက်ရပြန်တယ်။
“ဗျို့ ဦးဆွေ၊ ဦးဆွေရှိလားဗျို့” “ရှိပါ့ရှိပါ့။ အိမ်ထဲဝင်လေ ကိုစိုး”
ဦးဆွေတစ်ယောက် ထိုင်နေရာမှ ထပြီး ကိုစိုးကို အိမ်ထဲဝင်ရန် ဖိတ်ခေါ်လိုက်ပါတယ်။ အခုလို တစ်ယောက် တည်းပျင်းနေချိန်မှာ ရောက်လာတဲ့ ကိုစိုးအား စိတ်ထဲမှ ကျေးဇူးတင်လိုက်ရင်း…
“ထိုင်ဗျ ကိုစိုး။ ဒီမှာ အခါးရည်နဲ့ လက်ဖက်လေးလည်း သုံးဆောင်ဦး”
“ဦးဆွေတို့ကတော့ ပင်စင်ရပြီးကတည်းက ဇိမ်ပဲ ပေါ့။ အိမ်မှာ အေးဆေးပဲ”
“ဘယ်ကလာ ဇိမ်ရမှာတုံးဗျာ။ ပျင်းနေတာဗျ ပျင်းနေတာ။ တစ်နေ့တစ်နေ့ အလုပ်မရှိ အကိုင်မရှိနဲ့ သိပ်ပြီး အထီးကျန်ဆန်တာပဲ။ အရင်ကဆို မနက်ဆို ရုံးတက်၊ ညနေ ရုံးဆင်းနဲ့ ကိုယ့်အလုပ်လေး ကိုယ်လုပ် နေတော့ စိတ်မလေဘူး။ အခုတော့ ဘာမှလည်း လုပ် စရာမရှိ။ ဝင်ငွေကလည်း မရှိနဲ့ စိတ်ပျက်စရာ ကောင်း လိုက်ပုံများ။ ပြော ယုံမယ်မထင်ဘူး။ ကျန်းမာရေး ကြောင့်သာ မဖြစ်မနေ ပင်စင်ယူလိုက်ရတာ။ အခုတော့ မှားပြီလို့တောင် ထင်မိတယ်။ တခြားအလုပ်လေး ဘာ လေး ထွက်လုပ်မယ်ဆိုတော့လည်း ကျုပ်ဇနီးက လက်မခံ ဘူး။ ပန်းနာရင်ကျပ်ရောဂါကြောင့် ပင်စင်တောင် ယူခဲ့ တာကို တခြား ဘာမှ ထပ်မလုပ်ရဘူးတဲ့လေ။ ကိုယ့် ကိုယ်ကိုယ်ပဲ ကျန်းမာအောင်နေရမတဲ့”
“အေးလေ၊ ဒါလည်း ဟုတ်တာပဲကို။ တစ်သက် လုံး လုပ်လာပြီးပြီဗျာ။ အခု နားရတုန်းလေး ဇိမ်နဲ့နေ စမ်းပါ”
“မနေချင်ပါဘူးဗျာ။ ကိုယ် ဝင်ငွေမရှိတော့ သား သမီးတွေဆီကနေ တောင်းသုံးရတာကိုလည်း စိတ်ထဲ မလုံမလဲနဲ့။ တစ်နေ့တစ်နေ့ ဘာမှ မည်မည်ရရ လုပ် စရာလည်းမရှိတော့ နေရတာ အဆင်ကို မပြေပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း လူပိုတစ်ယောက်လို ခံစားရတယ်” “ကဲ… ခင်ဗျား။ ဒီလောက်တောင် အလုပ်လုပ်ချင်
နေရင် ကုသိုလ်ရတဲ့အလုပ်လုပ်ဗျာ။ ဘယ့်နှယ်တုံး။
လုပ်မလား”
“ဗျာ… ကုသိုလ်ရတဲ့အလုပ် ဟုတ်လား”
“ဟုတ်တယ်လေ၊ ကျုပ်တို့လမ်းထိပ် ဓမ္မာရုံက ဘုရားလေးကို ညတိုင်း လှည့်လည်ပူဇော်ခံတာကို သိ တယ်မလား”
“အင်း သိတယ်လေ”
“အေး အဲဒီမှာ ညတိုင်း ခင်ဗျားလိုက်လေ။ ဘုရား လှည်းကို ကူတွန်းပေးပေါ့။ ဒါဆို ခင်ဗျား ကုသိုလ် လည်းရမယ်။ ညတိုင်း အလုပ်တစ်ခု ရှိနေတယ်ဆိုပြီး ခင်ဗျားလည်း ကိုယ့်ကိုယ်ကိုယ် လူပိုတစ်ယောက်လို မခံစားရတော့ဘူး မဟုတ်လား”
“အေးဗျ။ ခင်ဗျားပြောတာ ကောင်းတယ်။ ဒီညနေ ကစပြီး ကျုပ်လာခဲ့မယ်”
“လာခဲ့ပါဗျာ။ ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုနေ ပါ့မယ်။ ကဲ ကဲ စကားပြောလို့လည်း ကောင်းတယ် ဦးဆွေရ။ မိန်းမကို သွားကြိုရဦးမှာမို့ သွားလိုက်ဦးမယ်
“ဟုတ်ပါပြီ။ ခုလို လာလည်ပေးတာကိုလည်း ကျေးဇူးပါဗျာ”
ကိုစိုးတစ်ယောက် ပြန်သွားပြီးနောက် ကျုပ်စိတ် တွေ လွတ်လပ်ပေါ့ပါးသွားပါတယ်။ အခုဆို ကျုပ်မှာ ပုံမှန်အလုပ်တစ်ခု ရှိသွားပြီလေ။ ညနေစောင်း ဇနီးနဲ့ ကလေးတွေ ပြန်လာတော့ ကိုစိုးပြောသွားတဲ့အကြောင်း လေးကို ပြန်ပြီး ပြောပြလိုက်တယ်။ ညနေတိုင်း ဘုရား လှည့်တဲ့နောက်ကို လိုက်မယ်ဆိုတော့ သူတို့ကလည်း သဘောတူကြပါတယ်။
“ကောင်းတယ်အဖေ။ အဖေလည်း မပျင်းရတော့ဘူးပေါ့”
သမီးဖြစ်သူက ပြောလာတယ်။ အဲဒီနေ့မှာပဲ ဘုရား လှည့်မယ့်ဆီကို ကျုပ်ထွက်လာခဲ့လိုက်တယ်။ မှောင်စ ပျိုးတာနဲ့ ဓမ္မာရုံထဲက ဘုရားလေးကို လှည်းပေါ်ကို ပင့်ဆောင်ကြပါတယ်။ ပြီးတာနဲ့ ဘုရားလှည့်လိုက်မယ့် လူတစ်ယောက်ချင်းစီက လှည်းပေါ်မှာရှိတဲ့ မြသပိတ် လေးထဲကို ငွေနှစ်ရာကျပ်စီ ထည့်ကြပါတယ်။ ထိုမြင် ကွင်းကို ကြောင်ပြီး ငေးကြည့်နေတဲ့ ကျုပ်ပခုံးကို ကိုစိုးက ခပ်ဖွဖွလာပုတ်ရင်း…
“ဦးဆွေကို ပြောဖို့မေ့နေတာ။ ဘုရားလှည့်လိုက်တဲ့ လူတိုင်းက တစ်နေ့ငွေနှစ်ရာ ဘုရားကို နေ့တိုင်းလှူကြ တယ်။ ဦးဆွေမပါလည်း ရတယ်။ မထည့်လည်း ရတယ်နော်”
“ဒီနေ့ ကြိုသိမထားတော့ ပါမလာခဲ့ဘူး။ မနက် ဖြန်တော့ ကျုပ်လည်း ထည့်မှာပေါ့” “ရပါတယ်ဗျာ”
ဘုရားကြည့်ပြီး အိမ်ပြန်ရောက်တာနဲ့ တစ်နေ့ ငွေနှစ်ရာ ဘုရားကို အားလုံးလှူကြတဲ့အကြောင်းလေး ဇနီးဖြစ်သူကို ပြန်ပြောပြဖြစ်တယ်။ ဇနီးဖြစ်သူက လည်း…
“ဪ.. လှူပေါ့ယောက်ျားရယ်။ နောက်နေ့ ကျုပ်
တော့်ကို ပေးမယ်နော်”
ဒီလိုနဲ့ နောက်တစ်နေ့ ဘုရားလှည့်သွားချိန်ကို ရောက်တော့ ဇနီးဖြစ်သူကို
“မိန်းမရေ ငွေနှစ်ရာပေးလေ။ ယောက်ျား သွားတော့မယ်”
“အယ်.. ကိုဆွေရယ် မိန်းမမေ့သွားတာ။ အလုပ် ကနေအပြန် ဈေးဆိုင်ဝင်ပြီး ဈေးဝယ်လိုက်တာ တစ်ပြား မှမကျန်တော့ဘူး။ ကျုပ်လည်း ချန်ထားဖို့ပါ။ မေ့ပြီး အကုန်ဝယ်လိုက်မိတယ်တော်။ နောက်နေ့ ဆက်ဆက် ပေးပါ့မယ်နော် ယောက်ျား”
ဇနီးသည်ရဲ့ စကားအဆုံးမှာ သက်ပြင်းကို ခပ်ဖွဖွ ချလိုက်ရင်း ခေါင်းငိုက်စိုက်နဲ့ပဲ ထွက်လာခဲ့လိုက်ပါတော့ တယ်။ ကျုပ်တို့မိသားစုမှာ သားရယ်၊ သမီးရယ်၊ ကျုပ်ရယ်။ ဇနီးရယ် လေးယောက်စလုံး အလုပ်လုပ် နေစဉ်ကတောင် ပြေလည်တယ် ဆိုရုံလေးပဲ ရှိခဲ့တာ လေ။ ကျုပ်ရတဲ့ ပင်စင်ဆိုတာကလည်း ဘယ်လောက်မှ ရှိတာမဟုတ်ဘူး။ အခု ကျုပ်ဝင်ငွေက လျော့သွားပြီဆို တော့ နည်းနည်းကျပ်တည်းလာတာပေါ့။ သမီးဖြစ်သူက
မုန့်ထုပ်တဲ့ဆီမှာ အလုပ်လုပ်တယ်။ သားကတော့ ပန်းရန်လိုက်တယ်။ ကျုပ်ဇနီးကတော့ ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ရတယ်။ ငွေလေးနှစ်ရာဆိုတာ ဘာမှ မဟုတ် လောက်ပေမဲ့ တကယ်တမ်း ဝယ်ကြပြီဆို သူ့ပိုက်ဆံ
နဲ့သူ ကွက်တိဖြစ်နေပြန်ရောမဟုတ်လား။ ဒီတော့ လည်း ချန်ဖို့ မေ့သွားပြီဆို ဘယ်ပိုနိုင်တော့မလဲလေ။ ဘုရားလှည့်တဲ့သူတွေက ကျုပ်ထည့်ရမယ့်ငွေ နှစ်ရာကို ဘယ်သူမှ အတင်းမထည့်ခိုင်းကြပါဘူး။ နောက်နေ့တွေမှာလည်း အကြောင်းပြချက်မျိုးစုံနဲ့ အဲဒီ ငွေနှစ်ရာကို ကျုပ် မထည့်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ဘုရား လှည့်တဲ့နောက်ကို ကျုပ်လိုက်နေတာ တစ်ပတ်လောက်
ရှိခဲ့ပြီ။
ကျုပ်တို့အိမ်လေးက မိဘအမွေအနှစ်ဖြစ်တဲ့ နှစ်ထပ်ပျဉ်ထောင်အိမ်လေးပါ။ ကျုပ်တို့အိမ်လေးရဲ့ ဝရန်တာလေးမှာ အမြဲလိုလို ထိုင်တတ်သူကတော့ ကျုပ် ပါပဲ။ ဒီနေ့လည်း နေ့လယ်ကတည်းက ဝရန်တာလေး မှာ ကျုပ်ထိုင်နေခဲ့တာ။ ဒီနေ့ ကျုပ်စိတ်တွေ အရင်ထက် ပိုပြီး အားငယ် ဝမ်းနည်းနေမိတယ်။ နေ့လယ်ခင်းလေး ကို တိတ်ဆိတ်ခြင်းတွေက စိုးမိုးနေတယ်။ တိတ်ဆိတ် ခြင်းထဲကို ဂီတသံချိုမြမြလေးက စီးဆင်း ဝင်ရောက်လာ ပါတယ်။ ဒီနေ့ စနေနေ့ဆိုတော့ မောင်ဝေယံတစ်ယောက် ဂစ်တာတီးပြီး သီချင်းဆိုနေတာကို မကြည့်ဘဲနဲ့ ကျုပ်သိ နေတယ်။
မြင်ကွင်းနဲ့အသံတွေကို ဥပေက္ခာပြုလိုက်ရင်း ကျုပ် မျက်လုံးတွေကို မှိတ်ချလိုက်ပါတယ်။ အားငယ်ခြင်း ကြောင့် ဖြစ်တည်လာတဲ့ မျက်ရည်တွေ ပါးပြင်ထက်ကို ခုန်ပေါက်ကျဆင်း လာကြပြန်တယ်။ ကျုပ်ဟာ ဘာမှ အသုံးမကျတဲ့ လူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေရပြီ။ တစ်နေ့ကို ငွေလေးနှစ်ရာကိုတောင် မရှာနိုင်တဲ့ တကယ့် လူပိုကြီးတစ်ဦး ဖြစ်နေပါရောလား။ အတွေးမဆုံးခင်မှာ ပင် ပင်စင်သွားစေဖို့ အမိန့်ချခံလိုက်ရတဲ့ ပန်းနာရင် ကျပ်ရောဂါက သူရှိနေကြောင်းကို အချက်ပြခြင်းအနေ နဲ့ ချောင်းက တဟွတ်ဟွတ်ဆိုးလာပြန်တယ်။ ပါးပြင် ထက်မှာရှိနေတဲ့ မျက်ရည်စတို့ကို ကျုပ်လက်နဲ့ ခပ် ကြမ်းကြမ်းပဲ သုတ်ပစ်လိုက်တယ်။ ချက်ချင်းပဲ ကျုပ် မတ်တတ်ထရပ်လိုက်ပါတယ်။ တုန်လှုပ် ချောက်ချား ခြင်းများနဲ့အတူ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေပါ ကျုပ်ဆီ ကို ဝင်ရောက်လာကြတယ်။ ကျုပ်လုပ်သင့်တာတစ်ခုကို
ရှာဖွေတွေ့ရှိသွားခဲ့တယ်။ ရှေ့တည့်တည့် ဝရန်တာ တန်းပေါ်ကို ကျုပ်တက်ရပ်လိုက်ပြီး ခေါင်းပေါ်မှာရှိနေ တဲ့ ထုပ်တန်းကို ကိုင်ထားလိုက်ပါတယ်။ အချိန်တော် တော်ကြာအောင် ရပ်နေပြီးနောက် ထုံကျင်လာတဲ့ ကျုပ် လက်တွေကို ဖြေလျှော့ချလိုက်ပါတော့တယ်။ “ဝုန်း”
ဆိုတဲ့ အသံအဆုံးမှာ ကျုပ်မျက်လုံးတွေကို တဖြည်းဖြည်း ဖွင့်ကြည့်ဖို့ ကြိုးစားလိုက်တယ်။ ကျုပ် ဘာတွေလုပ်နေမိမှန်း ကျုပ်ကိုယ်တိုင်ပင် သတိမထားမိ တော့ပါဘူး။ ပတ်ဝန်းကျင်နဲ့လည်း အဆက်အသွယ် ပြတ်သလို မပြတ်သလို ခံစားနေရတယ်။ နောက်ဆုံး သတိထားခဲ့မိတဲ့ ဂစ်တာသံကိုလည်း မကြားရတော့ပါ။ ကျုပ်မျက်လုံးတွေကို ဖွင့်ကြည့်လိုက်စဉ်… “ဦးလေး၊ ဦးလေး။ သတိရတယ်မလား” အမောတကောခေါ်နေတဲ့ အသံလာရာကို ကြည့် လိုက်မိချိန်မှာတော့ ကျုပ်ကို ပွေ့ထားရင်း အမောတ ကောခေါ်နေတဲ့ မောင်ဝေယံကို တွေ့ လိုက်ရပါတော့ တယ်။ ဒါဆို ကျုပ် အခုလဲကျနေတာ မြေပြင်ပေါ်မှာ မဟုတ်တော့ဘူးပေါ့။ သေပါရော။ ကျုပ်မှာတော့ ချင်ဇောနဲ့ ခုန်ချလိုက်ရတာ။ အခုနကဆို ကျုပ်ကိုယ် ကျုပ် ဝိညာဉ်ဘဝ ရောက်နေပြီလို့တောင် ထင်နေခဲ့တာ။ အခုတော့ မောင်ဝေယံလက်ပေါ်ကို ရောက်နေပါရောလား။
“တော်သေးတာပေါ့ ဦးလေးရယ်။ ကျွန်တော် ဂစ်တာတီးနေရင်း ကြည့်နေတာ။ ဦးလေး ဝရန်တာပေါ် တက်သွားတော့ ဘာလုပ်နေတာလဲပေါ့။ ပြုတ်ပျက်ကျ နေရင်ဆိုပြီး အောက်ကနေ ကျွန်တော် အော်ပြောနေ သေးတယ်။ ဦးလေး မကြားတာနဲ့ အိမ်အပေါ်ထပ်အထိ တန်းတက်လာလိုက်တာ။ ကျွန်တော်လည်း အပေါ်ထပ် ရောက်ရော ဦးလေးလည်း ဝရန်တာကနေ ခြေချော်ကျ တော့မလို့ ဖြစ်နေတာနဲ့ တန်းပြီးဆွဲထားလိုက်တာ။ တော်ပါသေးရဲ့ ဦးလေးရယ်။ ဦးလေး လဲကျမလိုဖြစ်တဲ့ အချိန်နဲ့ ကျွန်တော် အပေါ်ထပ်ရောက်တာ ကွက်တိဖြစ် သွားလို့။ နည်းနည်းလေးနောက်ကျမှ တက်လာမိရင် ဦးလေးကိုဆွဲဖို့ မီမှာမဟုတ်တော့ဘူး။ ဦးလေး ခေါင်းမူး သွားတာလား။ အခုရော ဘယ်လိုနေသေးလဲ။ ခဏ
လေး ကျွန်တော် ရေခပ်ပေးမယ်နော်။ ဆေးခန်းသွား မလားဟင် ကျွန်တော် လိုက်ပို့ပေးမယ်လေ”
“ရပါတယ် ငါ့တူကြီးရာ။ ဦးလေး ထုပ်တန်းမှာ ကြိုးလေးတွေ တပ်ဖို့လုပ်နေရင်း ခေါင်းထဲ မိုက်ခနဲ ဖြစ်သွားတာ။ တော်သေးတာပေါ့။ ငါ့တူကြီး အချိန်မီ ရောက်လာလို့ ကျေးဇူးအများကြီး တင်ပါတယ်ကွာ။ ဆေးခန်းကိုတော့ မသွားတော့ပါဘူး။ ခဏလှဲနေရင် ကောင်းသွားမှာ”
“ဪ.. ဟုတ်ကဲ့ဦးလေး။ နောက်ဆို အမြင့်တွေ မတက်ပါနဲ့ဗျာ။ အန္တရာယ်များတယ်။ ဦးလေး လှဲနေ လိုက်ဦးနော်။ ကျွန်တော် ရေသွားယူလိုက်ဦးမယ်နော်” မောင်ဝေယံကို အသာခေါင်းညိတ်ပြလိုက်ပါတယ်။ “ရော့ ဦးလေး ရေရပြီ၊ သောက်လိုက်ပါဦး။ နောက် ကို ဦးလေးသားမရှိတုန်း အမြင့်တွေဘာတွေ လုပ်စရာ ရှိရင် ကျွန်တော့်ကို ခေါ်ခိုင်းနော်။ အခုလိုမတက်ပါနဲ့ ဗျာ။ ကဲ ဦးလေးလည်း နားလိုက်ဦး။ ကျွန်တော်လည်း ပြန်လိုက်ဦးမယ်။ တစ်ခုခုလိုရင် လှမ်းခေါ်လိုက်နော်” “အေးပါ ငါ့တူကြီးရာ။ ကျေးဇူးအများကြီးတင်ပါတယ်ကွာ”
“ပြောရမယ့်သူတွေ ကျနေတာပဲ၊ ဦးလေးကလည်း” မောင်ဝေယံ ထွက်သွားပါတယ်။ ဪ… သေချင် ပါတယ်ဆိုမှ ကယ်မယ့်သူက ပေါ်လာရသေးတယ်။ သေခြင်းတရားဆိုတာ အချိန်မကျသေးရင် သေချင်တိုင်း သေလို့မရပါလားနော်။ တစ်နေ့ကို ငွေလေးနှစ်ရာတောင် မရှာနိုင်လို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားတဲ့ လူတစ်ယောက် လောကကြီးထဲမှာ ရှိခဲ့ဖူးတယ်ဆိုတာ ကို ပြောပြရင်တောင် လူတွေ အလွယ်တကူ ယုံနိုင်ပါ့ မလား။ ဝတ္ထုတွေထဲမှာ ချရေးမယ်ဆိုရင်တောင် ဇာတ် မနာ နာအောင် တမင်ရေးတယ်လို့ ထင်ကြဦးမှာ။ တကယ့်အဖြစ်အပျက်နဲ့ တကယ့်ဘဝတွေဟာ တစ်ခါ တစ်ရံ ဝတ္ထုတွေထက်တောင် ပိုပြီး ဆန်းကြယ်နေသေးတယ် ဆိုတာ ကျုပ်ကိုယ်တိုင် ရင်ဆိုင်လိုက်ရပါရောလား။
(၁၉၉၈ ခုနှစ် ပတ်ဝန်းကျင်လောက်က တကယ်ဖြစ်ခဲ့ တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို ကျွန်မစိတ်ကူးနဲ့ ပေါင်းစပ် ကာ ခံစားရေးဖွဲ့ထားပါတယ်။)
မဟေသီမဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂ဝ၁၇။