ငှက်လုတဲ့ပွဲဲ (စ/ဆုံး)
ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ..ထူးဆန်းအံ့သြဖို့ကောင်းတဲ့အမှုတစ်မှုကိုရင်ဆိုင်ဖြေရှင်းနေကြပါတယ်..အုပ်ချုပ်ရေးမှုးကြီးကိုယ်တိုင်လည်း..သည်အမှုအခင်းမျိုး..ကြုံ..ကြုံဖူးပေါင်တဲ့..ဝိုင်းဝန်းကြည့်ရှုလေ့လာနေတဲ့လူအုပ်ကြီးကလည်း..အုပ်ကြီးဘယ်လိုဆုံးဖြတ်ပေးမလဲ..ဘက်လိုက်လေမလား..ဥာဏ်နီဥာဏ်နက်ဘယ်လိုထုတ်လေမလဲ..စိတ်လှုပ်ရှားစွာ..စောင့်ကြည့်နေကြပါတယ်..အမှုရင်ဆိုင်သူနှစ်ဦးနှစ်ဖက်ကလည်း..အနိုင်မခံအရှုံးမပေး..ရေကုန်ရေခမ်း..ယှဥ်ပြိုင်လိုကြပါတယ်..သူတို့သာလိကာတစ်ကောင်ကိုသူပိုင်ငါပိုင်ပြိုင်လုကြရတာပါ..ကျွန်မတို့ဇာတ်လိုက်ကြီးဖိုးသောကြာတော့သူ့သာလိကာပြန်မရမှာစိုးလွန်းလို့..ကမူးရှုထိုး..သွေးရူးသွေးတန်း..ဇောချွေးတွေပြိုက်ပြိုက်ကျတဲ့အထိ..ကြိုးစားအားထုတ်ရှာပါတယ်..ကြုံတောင့်ကြုံခဲ..ငှက်လုတဲ့ပွဲပါရှင့်..ဘယ်သူများ..ဖိုးသာလိကာကိုပိုင်ဆိုင်ခွင့်ရသွားလေမလဲ..real storyလေးမို့အမှုသွားအမှုလာအ ခြေအနေအရပ်ရပ်ကိုလေ့လာကြည့်ရအောင်နော်
******
“သံယောဇဉ် အခြေပြုပါလို့ ငှက်လုတဲ့ပွဲ”
(၁)
ကျွန်တော်..ဖိုးသာလိနဲ့..ရေစက်ဆုံအောင် ဖန်တီးပေးလိုက်တဲ့ အရာကအမေ့ ငါးလေးအ်ိုးကပ် ဟင်းပါ။အလုပ်သွားကာနီး မီးဖိုချောင်ထဲဝင် အမေ့ဟင်းအိုးကို ဖွင့်ကြည့်လိုက်တော့ ငါးပေါက်စလေးတွေ အိုးကပ်ချက်ထားတာ စားချင့်စဖွယ်…. ပင်စိမ်းနံ့ကလေးကို သင်းလို့။
ဟာ….. ဒီနေ့အိမ်ပြန်ထမင်းစားမယ်ကွလို့ အားခဲပြီး အလုပ်က်ို ထွက်လာခဲ့ပါတယ်။အလုပ်ခွင်ရောက်တော့ တသည်းသည်းမိုးနဲ့အပြိုင် ရွဲကျလာတဲ့ ဆိုင်ကယ်အစုတ်တွေ ဝေဒနာအပြည့်…ရွှံ့အလိမ်းလိမ်း…..ဖုန်အလိမ်းလိမ်းနဲ့ တန်းစီနေတာပါပဲ။ ဒီဆိုင်ကယ်စုတ်တွေကပဲ ဆိုင်ရှင် ဦးကြီးကို အိတ်ဖောင်းစေတာပါ။ ကျွန်တော်တို့ နေ့စားတွေ အတွက်ကတော့ မိုးလင်းက မိုးချုပ် ခါးမဆန့်စတမ်း ပြင်ပေါ့ဗျာ…. နှိုက်ပေါ့ဗျာ။
နေ့လယ် ထမင်းစားချိန်ရောက်တော့ ဆိုင်ကယ်စုတ်တစ်စီးက ပြင်လို့ဆင်လို့မပြီးနိုင်သေးပါဘူး…။ချိန်းကော..ဘရိတ်ကော..ဟွန်းကော ဘာမှ အကောင်းမရှိပါဘူးဗျာ….. ပြင်သစ်ကြည့်ပါပဲ။ အဲ့ဒါနဲ့ပဲ နေ့လယ်တစ်နာရီထိုးပါလေရော…ဦးကြီးက မြန်မြန်သွက်သွက် ထမင်းစားပြီး ပြန်လာကြဟေ့……တဲ့။ကျွန်တော့်လည်း ကြွားတယ်လို့မထင်ပါနဲ့…သူများနည်းတူ သူတို့ထက် စုတ်တဲ့ဆိုင်ကယ်ကို တက်ခွပြီး အိမ်ပြန်လာခဲ့ပါတယ်။ အဲ့ဒီမှာ…. ဖိုးသာလိနဲ့ တွေ့တော့တာပါပဲ။
ကျွန်တော်တို့ ရပ်ကွက်ထဲချိုးဝင်တဲ့မြေနီလမ်းကလေးပေါ်မှာပါဗျာ…..ကလေးတစ်သိုက် ကစားနေကြပါတယ်။သူတို့ကို ဆိုင်ကယ်တိုက်မိမှာစိုးလို့ ဂရုစိုက်ရှောင်ရင်း သူတို့ကစားနေတဲ့ အရာကလေးကို သေချာငုံ့ကြည့်မိလိုက်တော့ ငှက်မည်းလေးတစ်ကောင်ပါဗျာ။ငှက်က ငှက်နဲ့တောင်မတူတော့ပါဘူး၊ သူလည်းကျွန်တော့ဆိုင်ကယ်လိုပဲ ဖုန်အလူးလူး ဖုတ်အလူးလူးပါ…ခြေထောက်တစ်ချောင်းမှာကြိုးချည်လို့ အဲ့ဒီကြိုးကို ကလေးတစ်ယောက်က ဆွဲထားပါတယ်။ငှက်က ခုန်ဆွခုန်ဆွနဲ့ လျှောက်ပြေး…. ကလေးတွေက အမွှေးတွေဆွဲနုတ် တုတ်နဲ့ဆောင့်ထိုးပေါ့…ငှက်ကလေးခမျာ ငရဲခံနေရရှာတာပါ။
ကျွန်တော် မကြည်ရက်တာနဲ့ ကလေးတွေဆီက ငှက်ကလေးကိုဝယ်လိုက်ပါတယ်။ကလေးခေါင်းဆောင် မောင်တာတေရဲ့ ဆုံးဖြတ်ချက်အ ရ ၁၀၀၀ိ/ နဲ့ပါ။မျက်လုံးလေး ကလယ် ကလယ်နဲ့ ဒဏ်ရာအနာတရဖြစ်နေတဲ့ ငှက်ကလေးကို ကယ်တင်လိုက်တဲ့ သဘောပါ။ ဆက်ပြီးအသက်ရှင်မယ်လို့တောင် မထင်ပါဘူး။ ဟိုကောင်တွေက ကြိုးတန်းလန်းဆွဲပြီး အိမ်လိုက်ပို့ပေးမယ်လုပ်လို့ အနီးအပါးအိမ်က ခရမ်းချဥ်သီးထည့်တဲ့ခြင်း ခဏငှားထည့်ပြီး ယူလာခဲ့ရပါတယ်။ နို့မို့ခမျာလေး လမ်းမှာတင် အသက်ပျောက်နိုင်တယ် မဟုတ်ပါလား။
အိမ်ရောက်တော့ အမေလေ…ကျွန်တော်နဲ့ ငှက်ကို ယှဥ်တွဲလျက်တွေ့တာနဲ့ တန်းဆူတာပါပဲ။
“ဖိုးသောကြာကတော့ လုပ်ချလိုက်ပြီ….မင်းက အိမ်မှာ ဘယ်နှနာရီများနေတတ်လို့ ငှက်မွေးရမှာလဲ အိမ်ဘေးမှာ ကြောင်တွေ ခွေးတွေ ဝိုင်းနေတာ သိရက်နဲ့ အကုသိုလ်များအောင်ကွယ်….”တဲ့။
“အမေရယ်…..ငှက်ကလေးကို ကလေးတွေဝိုင်းနှိပ်စက်နေလို့ ကယ်လာတာပါ……အလုပ်ကပြန်လာရင် ကျွန်တော် လှောင်ချိုင့်လုပ်ပေးပါ့မယ်…..သူတစ်ပါး အသက် ကယ်ကောင်းပါတယ်ဗျာ…” လို့ လေပြေထိုးတော့ –
“သြော်….. သူတော်ကောင်းကြီး ဖြစ်သွားရှာပြီကိုး……လေးခွကို လက်ထဲက မချ..ငှက်လိုက်ပစ်နေတဲ့ သူကများ…”လို့ ထေ့ငေါ့ပါတယ်။
“ဒီငှက်လေးက သာလိကာတဲ့ အမေရဲ့….စကားပြောမှာ….အမေ အဖော်ရတာပေါ့” လို့ ချော့တော့ –
အမေက မျက်စောင်းပဲထိုးပြီး ဘာမှ ထပ်မပြောတော့ပါဘူး။ ကျွန်တော်သာ ကိုယ့်စကားနဲ့ကိုယ် ညနေဘက် ပြန်လာတော့ ဝါးနဲ့လှောင်ချိုင့် လုပ်ရပါတယ်။ ငှက်နားဖို့တန်း…..အစာခွက်….ရေခွက်တွေ ပြင်ရပါတယ်။ ငှက်ချေးခံဗန်း ရှာရပါတယ်။ အလွန် ပျင်းတဲ့ ကျွန်တော်….ငှက်မည်းလေးကို သနားလွန်းလို့ စိတ်ကို အတော်ဆွဲဆန့်ပြီး ငှက်ဗိမ္မာန်လေးကို ပြင်ဆင်ရပါတယ်။ ငှက်ကလေးစားဖို့ ငှက်ပျောသီး သွားဝယ်ရပါတယ်။ ဒီလိုနဲ့ပဲ ဖိုးသာလိဟာ ကျွန်တော်တို့ အိမ်သား ဖြစ်လာပါတယ်။ဖိုးသောကြာရဲ့ ငှက်…သာလိကာလည်းဖြစ်နေတာမို့ ဖိုးသာလိလို့ပဲ အလွယ်တကူ နာမည်ပေးလိုက်ပါတယ်။ ကျွန်တော်နဲ့ မောင်တာတေတို့အဖွဲ့က ဖိုးသာလိရေ….ဖိုးသာလိရေနဲ့ အမြှုပ်ထွက်အောင် ခေါ်ပေမဲ့ ဖိုးသာလိကတော့ အထာကြီးနဲ့ပါ…..သူ့ မခေါ်သလို ခပ်တည်တည်ပါပဲ။ ဟိုခုန် ဒီဆွနဲ့ အစားအစာတွေကို တွင်တွင်သာ ဆော့နေပါတယ်။ ပါးစပ်ထဲ ဝင်တစ်ဝက် ဖိတ်တစ်ဝက်ပါ ဂစ်ဂစ် ဂဲဂဲပဲ အသံထွက်ပါတယ်။ စားတာထက် နှစ်ဆလောက် ချေးပါတယ် ထင်ရလောက်အောင် ချေးဗန်းက အမြဲတမ်းပွစိထိုးနေပါတယ်။ အစာတွေ အောက်ပြုတ်ကျတာလည်း ပါပါတယ်။
အမေ့ အဆူမခံရအောင် ရေခွက် ရေဖြည့်……ချေးဗန်းဆေး…. တစ်ပတ်လောက်လုပ်ခဲ့ပေမဲ့…. နောက်ပိုင်း ကျွန်တော်ပျက်ကွက်လာတော့ အမေပဲ လုပ်သွားပါတယ်။
“ငှက်ကို မွေးထားပြီး အငတ်ထားလား ထားရဲ့….. ညစ်ညစ်ပတ်ပတ်ထားလား ထားရဲ့ …..ဖိုးသောကြာတို့ကတော့လေ အတော်ဇာတ်ရှုပ်တဲ့ ကောင်လေး…” လို့ အမေက ညည်းညူပါတယ်။
ခေါင်းရင်းအိမ်က အမေ့မိတ်ဆွေ ဒေါ်ကြာစိကြီးခြံမှာ မာလကာသီးအူနီပင်ကြီး ရှိပါတယ်။ အဲ့ဒီအပင်ကြီးရဲ့ ကြီးပေ့ဆိုတဲ့ မာလကာသီးကြီးတွေဟာ ဖိုးသာလိပွဲတော်တည်ဖို့ ဖြစ်သွားပါပြီ။ ဖိုးသာလိကတော့ သူ့ကို ဘယ်လောက်ပဲ ကြင်နာယုယ ပေးတဲ့ လူ ဖြစ်ပေမယ့် ဂရုမစိုက်လှပါဘူး….ထီမထင်တဲ့ရုပ်နဲ့ ကျွေးသမျှ စားပြီး မစင်စွန့်တဲ့ အလုပ်ပဲ ထိုင်လုပ်နေပါတယ်။ အိမ်ကို ရောက်ပြီး တစ်လအကြာမှာ….. လေချွန်ပါတယ်။ ရွှီ…ခနဲ လေချွန်သံကြီး ကြားလိုက်ရတော့ အားလုံးပျော်သွားကြပါတယ်။ လေချွန်ပြီးရင် စကားပြောတော့မယ်လို့ မျှော်လင့်ခဲ့ပေမယ့်….နှစ်လ သာ ထပ်ကြာသွားတယ်… အလကားပါပဲ…. မနက် လေချွန်…. ညနေ လေချွန်နဲ့….. လေချွန်သံသာ ညံလာပါတယ်။
(၂)
သူ..လေသာချွန်ပြီး စကားမပြောတော့ ချေးဗန်းလှယ်ရ….အစာခွက် ရေဆေးရတဲ့ အလုပ်ပဲ ပိုလာတာမို့ ‘ဖိုးသာလိ….အကျိုးမှာ မရှိ’…’ဖိုးသာလိ အကျိုးမှာ မရှိ’ လို့ ကျွန်တော်က စပါတယ်။ သူကတော့ မျက်ဆံနက်ကြီးနဲ့ အတော်ကြာစိုက်ကြည့်နေပြီးမှ တရွှီရွှီ လေထချွန်ပါတယ်။ လေချွန်ပါများတော့ နားညည်းတယ်ဟေ့….ရပ်တော့…လို့တောင် အော်ယူရပါတယ်။
“ဟေ့…..ဖိုးသောကြာ… မင့် ဖိုးသာလိ စကားပြောပြီလား ကွ..သာလိကာ လေချွန်ရင် အ’ သွားရောတဲ့ မောင်ရင်…တို့ သေချာမေးမြန်းစုံစမ်း ထားတာ” လို့ လုပ်ဖော်ကိုင်ဖက် တွေက စ နောက် ကြပါတယ်။ ကျွန်တော်လည်း စိတ်ပျက်လက်ပျက်နဲ့ ဘုတောလိုက်ပါတယ်။
“ငှက်ပဲဗျာ…. ကျီကျီကျာကျာ အော်ရင် ပြီးပြီပေါ့…ခု လေချွန််တယ်ဆိုတော့ ပိုကောင်းတာပေါ့ စကားများရင် နားတောင်ငြီးသေး” အဲ့လိုပြောခဲ့ပေမဲ့ ရင်ထဲကတော့ ဖိုးသာလိ စကားပြောသံလေးကို တောင့်တနေမိပါတယ်။ သူ့ကို စကားပြောလာအောင် ကြိတ်ပြိိးစကားသင်ပါတယ်။
“ပြောစမ်း…ဖိုးသာလိ….ကိုကြီးဖိုးသောကြာ..ကိုကြီး..ကိုကြီးဖိုးသောကြာ…….ပြောလေကွာ…. မင့်ကိုကြီးလေ ညီလေးရဲ့” ဒီကောင်က မထုံတက်တေးနဲ့ ပြန်ကြည့်နေပါတယ်။ စိတ်မထင်ရင် မထင်သလို ပမာမခန့် လေထချွန်ပါတယ်။ မပြောတော့ဘူးပေါ့ ….လေပဲ ချွန်မယ်ပေါ့….သင်လိုက်ရတဲ့ ကိုကြီး.. ကိုကြီးဖိုးသောကြာ ပြောမယ့်ပြောတော့ မသင်ထားတဲ့ ကိုးလို့ကန့်လန့် စကားကြီး… ဒါ အိမ်ရောက်ပြီး နှစ်လကြာမှ စ ပြောတာပါ။ သူ့အသံ ကြား စ က ကျွန်တော် သူပြောမှန်း မသိပါဘူး။ ဘယ်က အဘွားအိုကြီး အသံလဲဟ ဆိုပြီး လိုက်ရှာနေမိပါတယ်။ ပြောလိုက်ပုံက “မကြာစိ”….”မကြာစိ” တဲ့။ ခေါင်းရင်းအိမ်က ဒေါ်ကြာစိကြီးကို ပြတင်းပေါက်ကနေ ကျွန်တော့်အမေ လှမ်းလှမ်းခေါ်လေ့ရှိတဲ့ အသံက်ို သူ မှတ်ထားတာပါ။ ဒေါ်ကြာစိကြီးက ကျွမ်း ထပစ်ချင်လောက်အောင် ပျော်နေပေမယ့် ကျွန်တော်ကတော့ သိပ်မကြည်ပါဘူး။ ဘယ်နှယ့်ဗျာ လှောင်ချိုင့်လုပ်ရ…ချေးဗန်း ပြင်ရနဲ့ အလုပ်ရှုပ်နေတဲ့ အိမ်ကလူတွေ နာမည်တော့ မခေါ်ဘူး “မကြာစိ”လို့ပဲ။
ဒေါ်ကြာစိကြီးက သဘောခွေ့ပြီး သူ့ကို ချစ်လွန်းလို့ အလုပ်အားတဲ့အချိန် ပြေးပြေးလာပါတယ်။ ချေးဗန်းသွန်… အမှိုက်ရှင်းနဲ့ သူ့ကို ပြုစုရှာပါတယ်။ သူကလည်း အဘွားအိုကြီးအသံ…အသံလေးလေးကြီးနဲ့ မကြာ မကြာ ထအော်ပါတယ်။ “မကြာစိ……မကြာစိ”တဲ့။ နောက်တော့ သူ… သူများစကားတွေ လိုက်ပြောလာပါတယ်။ အဲ့ဒီအချိန်မှာတော့ ကျွန်တော်တို့အားလုံး ပျော်ကြပါပြီ။ အိမ်ပြန်ရောက်တာနဲ့ ဖိုးသာလိနား ချက်ချင်း ပြေးသွားပါတယ်။ သူ့စကားသံလေး ကြားချင်လို့ ပါ။ “ဖိုးသာလိရေ….”လို့ သူ့ကိုခေါ်ရင် “ဝူ”လို့ ထူးပါတယ်။ စားတော်ပဲသည် … ပန်းသည်ကို လှမ်းခေါ်နေရာက အဆင်တစ်မျိုးပြောင်းပြီး ကျွန်တော့်ကိုတွေ့ရင် လှမ်းအော်ပါတယ်။
“ဖိုးလည်…… အိမ်ပေါ်မတက်နဲ့….ခုဆင်း…” တဲ့။ တကယ့်ကို ရွှေရင်ဆို့အောင် တော်တဲ့ ဖိုးသာလိ ပါဗျာ….. ကျွန်တော် ဟိုသဝေထိုး….ဒီသဝေထိုးနဲ့ မိုးချုပ်မှ အိမ်ပြန်လာရင် အမေ စိတ်ဆိုးဆိုးနဲ့ ထမင်းအိုး ဟင်းအိုးတွေ ဆေးမှောက်ပြီး အဲ့ဒီလို ဆူပူလေ့ ရှိပါတယ်။ ဒါကို သူမှတ်ထားပြီး ဝင်အော်တာပါ။ အမေ့ကို ဖားတဲ့ သဘောလည်း ပါမှာပါ။ အမေကတော့ ဖိုးသာလိ ရဲ့ နှိပ်ကွပ်သံကို ကြားရင် သဘောကျပြီး မျက်ရည်ထွက်တဲ့အထိ ရယ်ပါတယ်။”ပြောစမ်း…..ဖိုးသာလိ… ဒီကောင့်ကိုနာနာဖိထား..ဒါမှ ဖိုးလည် မှတ်မှာ”တဲ့။ အခုတော့ အိမ်မှာ အမေ အပျင်းပြေသွားပါပြီ။ ဖိုးသာလိနဲ့ အမေ တစ်ဂိုဏ်းတည်း ဖြစ်သွားပြီမို့ ကျွန်တော့်ကိုတောင် ဝိုင်းတွယ်နေကြပါပြီ။
“ဟေ့ကောင်…မင်း ….ချေး တဗျစ်ဗျစ် ပါဖို့ပဲ သိ… သီချင်းလေးဘာလေး ဆိုပါလားကွ” လို့ ဖိုးသာလိကို ကြိမ်းတော့ အမေက ဝင်ပြောပါတယ်။ သူဆိုချိန်တန် ဆိုမှာပေါ့ကွဲ့… ကလေးကို ဖိအား မပေးပါနဲ့….တဲ့။ အလို……… ကလေးတဲ့ …ဖိအားတဲ့….. တို့အမေ တယ်ဟုတ်နေပါလား။
(၃)
တစ်ခါတစ်လေတော့လည်း ငှက်ကလေး ပုခုံးပေါ်တင်ပြီး ဟိုလည် ဒီလည် လျှောက်သွားရတဲ့ စတိုင်လ်ကို သဘောကျမိပါတယ်။ အပျိုချောလေးတွေက ငှက်ကလေး…ချစ်ဖို့ကောင်းလိုက်တာ ..ဘာညာနဲ့ အနားကပ်လာပြီး ငှက်ပိုင်ရှင်ကိုလည်း စိတ်ဝင်စားလာကြမှာပါ။
“အမေရေ….ဖိုးသာလိကို အတောင်ညှပ်ပြီး ကျွန်တော် ဟိုခေါ်ဒီခေါ် သွားချင်တယ်ဗျာ”လို့ စကားစလိုက်ရုံနဲ့ အမေက ခါးခါးသီးသီးကြီး ငြင်းပါတယ်။
“မင်း လပ်ယားလပ်ယားနဲ့ လျှောက်သွားချင်တိုင်း …ဖိုးသာလိကို ခေါ်သွားလို့ဖြစ်မလား…အကျင့်ပါပြီး ဟိုသွား ဒီသွားနဲ့ ကြောင်စာ ခွေးစာမိမှာပေါ့…..အတောင်လည်းမညှပ်နဲ့…သူ့ခမျာ နာရှာမှာပေါ့….ငှက်ကလေးမွေးချင်တော့လည်းမင်းပဲ ညှင်းဆဲချင်တော့လည်း မင်းပဲ”
“မညှင်းဆဲပါဘူး အမေရာ…..အတောင်ညှပ်တာပဲ ကျွန်တော်တို့ ဆံပင်ညှပ်သလိုပဲပေါ့….မနာပါဘူး”
“သွား……အပိုတွေ ပြောမနေနဲ့…သူ့ဘာသာသူ သဘာဝအတိုင်းပဲ ရှိပါစေ…မင်းဆံပင်သာ မင်း ကြိုက်သလိုညှပ်….ဆံပင်ထောင်တယ်ဆိုထောင်လိုက်ရပြန်ပြီ..သူများ ဘေးပြောင်ဆို ပြောင်လိုက်ရပြန်ပြီ”
တော်ပါပြီဗျာ တို့အမေကတော့ စံပါပဲ….မှားပါတယ်။ ဖိုးသာလိ အတောင်လေးနည်းနည်းတိဖို့ စကားစမိတာနဲ့ ကျွန်တော့်ကို နှိပ်ကွပ်တော့တာပါပဲ။ ကိုင်း…….ရှိပါစေတော့ ဖိုးသာလိ အတောင်ရှည်နဲ့ နေတော်မူပါ…….။
အမေက ဖိုးသာလိနဲ့ ပတ်သတ်လာရင် အတော်ကို သည်းသည်းလှုပ်လှုပ်နဲ့ ဒုက္ခခံတတ်ပါတယ်။
“သာလိကာ အညှော်ကြောက်….အညှော်ထိ ခေါက်ခနဲ သေလေ့ရှိ” ဆိုတော့ သားငါးကြော်ခါနီးတိုင်း ဖိုးသာလိ လှောင်ချိုင့်ကို ပုဆိုးအုပ်ရပါတယ်….အထဲက ကောင်ကလည်း မှောင်လို့ ငြိမ်ငြိမ်မနေ ပါးစပ်ထဲရှိသမျှ လျှောက်အော်နေတော့ အမေ ကြော်ရလှော်ရတာ စိတ်မဖြောင့်တော့ပါဘူး။ လက်မှာလည်း ဆီပူစင်တဲ့ ဒဏ်ရာတွေနဲ့ နောက်ဆုံး ကျွန်တော်တို့အိမ်မှာ ဟင်းကို လုံးပြုချက်လိုက်တာပဲများပါတယ်။ ဘေးအိမ်တွေကလည်း အညှော်ကြော်မယ်ဆို….အော်ဟစ်အချက်ပေးကြပါတယ်။ အမေကတော့ အတော့်ကို ဝီရိယစိုက်ပါတယ်။ မမတော်တဆ လေထဲ လွင့်လာတဲ့ အညှော်တွေ ရှူမိမှာစိုးလို့ဆိုပြီး ဖိုးသာလိ နားထင်မှာ ရှိန်းခိုလေးကပ်ထားပါတယ်။ ရှိန်းခိုကလေး စတိခွံ့ခွံ့ပေးပါတယ်။ ငတ်ကြီးကျ ဖိုးသာလိကတော့ ရှိန်းခိုလည်းစားတာပါပဲ။
ဖိုးသာလိနဲ့ ခြေရင်းအိမ်က ကြောင်နာမနဲ့ မတည့်ပါဘူး။ ဖိုးသာလိက အဲ့ကြောင် အနားကပ်လာရင်…..အမေကြီးရေ ကြောင်နာမ လာပြီလို့ အော်တိုင်ပါတယ်။ ကြောင်နာမက ဘယ်သူဆော်ထည့်လိုက်မှန်းမသိ ခြေတစ်ဖက်နာပြီး ဆာတာတာဖြစ်နေပါတယ်။ အမေက အော်သံကြားရင် မီးဖိုထဲက ပြေးထွက်လာပြီး ကြောင်နာမကို ခြောက်လှန့်ရပါတယ်။ သာလိကာဆိုတာ ကြောင်ကြောက်သတဲ့ ……ကြောင်က သူ့ကို ကိုက်ဖို့ ရိုက်ဖို့တောင် မလိုဘူး လှောင်ချိုင့်ဘေးကနေ လှန့်ရုံနဲ့ နှလုံးကွဲ သေသတဲ့။ ဒါ…… ဒေါ်ကြာစိကိုယ်တွေ့လို့ ပြောပါတယ်။
အဲ့ဒီမှာတင် အမေက ဖိုးသာလိလန့်သေမှာ ကြောက်ပြီး ကြောင်နာမ မဝင်ရအောင် ခြောက်လှန့်ထားပါတယ်။ ဖိုးသာလိ မရောက်ခင်ကတော့ ကြောင်နာမဟာ အိမ်မှာ ဝင်လိုက် ထွက်လိုက်ပါပဲ။ တစ်ခါက ချောင်ကြိုချောင်ကြားမှာ ကလေးနှစ် ကောင်တောင် မွေးသွားပါသေးတယ်။ ကြောင်နာမဘက်က တွေးလိုက်ရင်လည်း ဖိုးသာလိကို အတော်မြင်ပြင်းကပ်ပြီး မကျေမနပ် ဖြစ်နေရှာမှာပါ။
ဆိုင်ကယ်ဆိုင်က လုပ်ဖော်ကိုင်ဖက်တွေကလည်း ဖိုးသာလိကို ချစ်ကြပါတယ်။ ကျွန်တော့်ကို ဖိုးသာလိ အဘွားအိုသံကြီးနဲ့ နှိပ်ကွပ်တာကို သူတို့ အလွန်သဘောကျပါတယ်။ သင်ပေးလိုက်ဦးလေကွာ ကိုကြီးလို့ ဟိုက သူ့ကိုခေါ်တော့…..ဖိုးလည်တဲ့…အိမ်ပေါ်မတက်နဲ့ ခုဆင်း တဲ့ ….. ဝါးဟားဟား။
ကျွန်တော်လည်း ရှက်ရှက်နဲ့ ရောချပြီး လိုက်ရယ်ရပါတယ်။ ဒီကောင့်ကို အိမ်မှာ ကြိတ်ပြီး ကျွန်တော့်အပေါ် နူးနူးညံ့ညံ့ ဆက်ဆံလာအောင် သင်ပေးရပါဦးမယ်။
(၄)
ကျွန်တော့် အပေါ်မှာသာ စိမ်းစိမ်းကားကားကြီးဆက်ဆံပေမယ့် အမေ့ကိုတော့ ရပ်ကွက်ထဲကခေါ်သလို အမေကြီးတဲ့။ အမေကတော့ မျက်နှာကြီးတစ်ခုလုံး ပျားရည်လိမ်းကျံထားသလို ချိုမြလို့ပေါ့။ အပြုံးတွေက နှုတ်ခမ်းပေါ်ကကို မဆင်းတော့ပါဘူး။ အမေပျော်တော့ ကျွန်တော်လည်း ပျော်တာပါပဲ။ ခုဆို အမေကျင့်ထားလို့ ဖိုးသာလိ ထမင်းစားတတ်နေပါပြီ။ စားတာမှ ငါးပိရည် ဟင်းဆီပြန် အနှစ်နဲ့ နယ်ဖတ်ပြီးမှ စားတာပါ။ တစ်ခါတစ်ရံ ချဥ်ပေါင်ဟင်းနဲ့ ပဲပုပ်ချက်နဲ့ မြိန်ရေယှက်ရေကြီးပါ……မနက် မနက်ဆို လက်ဖက်ရည် အချိုနဲ့ အီကြာကွေးနဲ့ အမေစားတဲ့အတိုင်း သူလိုက်စားတာပါပဲ။ အီကြာကွေးကိုလက်ဖက်ရည်ထဲ နှစ်နှစ်ပြီး စားတာများ ဟန်နဲ့ပန်နဲ့ပါ။ အမေက သူ့လက်ဖက်ရည်ခွက်ထဲကနေ ခွက်ကလေးတစ်ခွက်နဲ့ ခွဲထည့်ပေးတာပါ။ အမေ့အကြိုက်…..ကျဆိမ့်ကလေးပါ။
အတော်ဇိမ်ကျတဲ့ ဖိုးသာလိပါ။ ကျွန်တော်ကတော့ လပ်ဖက်ရည်နဲ့ အီကြာကွေး အဝယ်တော်ပါ။ အရင်လို နေဖင်ထိုးအောင် အိပ်လို့ မရတော့ပါဘူး….။အမေ စားစေချင်လို့ ဝယ်တာထက် ဖိုးသာလိ လက်ဖက်ရည်ထဲ နှစ်ပြီး အီကြာကွေး ကိုက်စားနေပုံကို သဘောကျလွန်းလို့ ပြေးပြေးဝယ်ရတာလည်း ပါပါတယ်။
အမေက ဖိုးသာလိ အန္တရာယ်ကင်းအောင် သြကာသ သြကာသလို့ သင်ပါတယ်။ အမေတောင် သြကာသ စာချလို့ မဆုံးသေးဘူး ဖိုးသာလိက သာဓု သာဓု လို့ ဆက်ဆိုနေတော့ အမေသဘောကျသွားပုံကတော့ ဂွမ်းဖတ်ကြီး ဆီအိုးထဲ ကျသွားသလိုပါပဲ။ ဧည့်သည်လာရင် ရွတ်ခိုင်းရတာ အမော သြကာသ…. သြကာသ….သာဓု….သာဓု…။ အဲ့ဒီ အချိန်မှာ အမေ ကျွန်တော့်ကို ဆူပူဖို့တောင် မေ့နေပါတယ်။ ဆယ်တန်း ခြောက်ဘာသာ ဂုဏ်ထူးထွက်ခဲ့တဲ့ သားကို ကျေနပ်နေတဲ့ မိဘလိုပဲ….ဖိုးသာလိရဲ့ ဘုရားရှိခိုး အမေ ကျေနပ်အားရလို့ ကြွားဝါလို့မဆုံးပါဘူး။ ကျွန်မသားလေး အလွန်ဥာဏ်ကောင်းသတဲ့။ ဆယ်တန်းနှစ်ခါကျလို့ ကျောင်းထွက်သွားရတဲ့ ကျွန်တော် အမေ့နောက်ကျောမှာ ကုပ်ကုပ် ကလေး ထိုင်နေရပါတယ်။
ဒီလိုနဲ့ပဲ အမေနဲ့ ကျွန်တော် နှစ်ယောက်တည်းရှိတဲ့ အိမ်ကလေးမှာ မိသားစုဝင် သုံးယောက် ဖြစ်လာပါတယ်။ စကားပြောတတ်တဲ့ ငှက်ကလေးကြောင့် ဧည့်သည်တွေလည်း အတော်စည်ကားပါတယ်။ အမေကလည်း ငှက်ကလေး စကားပြောတတ်လိုက်တာ ကျွန်မကိုရောင်းပါ နှစ်သောင်းပေးပါ့မယ် တချို့ကတော့ သုံးသောင်းပေးပါ့မယ်နဲ့ စကားခေါ် ကြပါတယ် အမေကတော့ ဒီလို အသံကြားရင် မျက်နှာထား တင်းသွားပါတယ်။
” မရောင်းဘူးဟေ့ မရောင်းဘူး တစ်သိန်းပေးလည်း မရောင်းဘူး ရောင်းစကား ဝယ်စကား မပြောကြပါနဲ့ ဒါ တို့အိမ်သား…တို့သားသမီးလို ဖြစ်နေပြီကွဲ့” လို့ ခပ်ပြတ်ပြတ် ပြန်ပြောတတ်ပါတယ်။ အဲ့ဒီလို ဖိုးသာလိဟာ မိသားစုဝင် တစ်ဦးလို ဖြစ်နေကာမှ ဖိုးသာလိ မရှိရင် မဖြစ်နိုင်ဘူးလို့ ယူဆထားတဲ့ အချိန်မှာမှ တစ်ညနေမှာ ဖိုးသာလိ ပျောက်ဆုံးသွားပါတယ်။
အဲ့ဒီနေ့က ကျွန်တော် အလုပ်ပြီးတာနဲ့ အိမ်ပြန်ဖို့ လက်ဆေး နေတာပါ။ အမေ သုတ်သီးသုတ်ပျာနဲ့ ကျွန်တော့်အလုပ်ကို လိုက်ချလာတာ မြင်တော့ ကျွန်တော် အံ့သြသွားပါတယ်။ အမေ မျက်စိပျက် မျက်နှာပျက်နေတဲ့ ပုံစံကို တွေ့ရတော့ ကျွန်တော်လန့်ပြီး ဘာဖြစ်လို့လဲ အမေ.. လို့ လှမ်းမေးပါတယ်။ အမေက အသံတုန်တုန်လေးနဲ့ ပြောရှာပါတယ်။ သား……ဖိုးသာလိ မရှိတော့ဘူးတဲ့။
” ဗျာ…..လှောင်ချိုင့်ထဲမှာ မရှိတာလား ပျံထွက်ပြေးသွားတာလား”
” မသိပါဘူး သားရယ်…. အမေ မကြာခင်လေးမှာပဲ အစာကျွေးတော့ ရှိပါသေးတယ်… အမေ လှောင်ချိုင့်တံခါး သေချာပြန်မပိတ်မိဘူးထင်ပါရဲ့…..တံခါးက ပွင့်လို့ ဘယ်အချိန်က ထွက်သွားမှန်းတောင် အမေမသိဘူး…. ခုနကမှ လှောင်ချိုင့်ကိုကြည့်မိတာ”
“ဟိုက်…….သွားပါပြီ အနီးအနားမှာပဲ ရှိမယ်ထင်တယ်….ကြောင်တွေ ခွေးတွေ ကိုက်ပစ်မှ ဒုက္ခ …. သွားရှာကြစို့ အမေ”
“အေး…..အေး” သားအမိ နှစ်ယောက် ကသုတ်ကရက်ပဲ အိမ်ပြန်ပြေးလာခဲ့ပါတယ်။ ကျွန်တော်က ခြေပိုမြန်တာမို့ အိမ်စောစော ပြန်ရောက်လာပါတယ်။ ခြံဝင်းထဲမှာကော ဘေးဘီက ခြံတွေမှာကော ဝင်ရှာပါတယ်။ သစ်ပင်တွေလည်း ကိုင်းဖျား ကိုင်းနားမကျန် လိုက်ကြည့်တာပါပဲ။ ဖိုးသာလိကတော့ မရှိတော့ပါဘူး။ ရှာရင်း ဖွေရင်းမှာပဲ မိုးက ခပ်သည်းသည်းရွာချလိုက်ပါတယ်။
” ကလေးတော့ မိုးမိရှာပြီ…..မိုးထဲလေထဲ မသွားတာ ကြာပြီဆိုတော့ ကြောက်နေရှာမှာပဲ…. အအေးမိတော့မှာပဲ…” လို့ ပြောပြီး အမေ မျက်ရည်ကျနေပါတယ်။ ဒေါ်ကြာစိကြီးလည်း ပုခုံးပေါ်တင်ထားတဲ့ မျက်နှာသုတ် ပုဝါနှင့် မျက်လုံးကို အကြိမ်ကြိမ်တို့နေပါတယ်။ ကျွန်တော်လည်း ရင်ဆို့နေတာပါပဲ။
မိုးတိတ်တာနဲ့ အိမ်နောက်ဘက် မန်ကျည်းပင်ရိပ်သွားပြီး ဖိုးသာလိရေ ဖိုးသာလိရေနဲ့ တကြော်ကြော် ခေါ်ရပါတယ်။ “ဝူ”….”ဝူ”ဆိုတဲ့ ပြန်ထူးသံလေးကို နားစွင့်ရပါတယ်။ ကျွန်တော့် အသံကြားတော့ ရပ်ကွက်ထဲက ကလေးတွေလည်း…လူစု လာကြပါတယ်။
“ဦးဖိုးသောကြာ…..ဘာဖြစ်တာလဲဗျ”
” ဖိုးသာလိ ပျေက်သွားလို့ဟေ့”
” ဟာ………ဒုက္ခပါပဲ.. ဦးဖိုးသောကြာတော့ ပိုက်ဆံ တစ်ထောင် ဆုံးပြီ”
သြော်….. ကလေးတွေ…. ဒီလောက်ပဲ တွေးတတ်ပါလား။ ဒီကလေးတွေ တွေ့မှ ဖိုးသာလိကို လမ်းပေါ်မှာ စတွေ့ခဲ့ပုံ….ကလေးတွေ လက်ထဲက ရခဲ့တဲ့ ဖိုးသာလိ ကို ကလေးတွေ ပြန်ရှာခိုင်းတာ အကောင်းဆုံးပဲလို့ တွေးပြီး… “ဟေ့…ဖိုးသာလိကို သွားရှာကြ….တွေ့တဲ့သူ ငွေတစ်သောင်း”လို့ ကြေညာလိုက်တော့ ကလေးတွေ ဟေး……. လို့ အော်ပြီး ဝမ်းမြောက်ဝမ်းသာ အရှာထွက်ကြပါတယ်။ အဲ့ဒီနေ့က စပြီး ဖိုးသာလိ အိမ်ကနေ ပျောက်သွားခဲ့ပါတယ်။ အမေလည်း မစားနိုင်မသောက်နိုင်…. မျက်ရည် တစမ်းစမ်းပါပဲ။ ကျွန်တော်လည်း ထမင်းက လည်ချောင်းမှာ လာဆို့နေပါတယ်။ကျွန်တော့် လုပ်ဖော် ကိုင်ဖက် တွေလည်း စိတ်မကောင်းကြပါဘူး။ လူတွေ့တာနဲ့ ဖိုးသာလိကို တွေ့ပြီလား…..သတင်းရပြီလားနဲ့ …. မေးကြပါတယ်။ သူတို့တောင် မပြောင်မနောက်နိုင်တော့ပါဘူး။ ဖိုးသာလိတော့ ဒုက္ခရောက်နေပြီထင်တယ်….မိုးထဲလေထဲ အရင်ကလို ကလေးတစ်အုပ်နဲ့ အမွှေးဆွဲနုတ်…ဇောက်ထိုးဆွဲများ ခံနေရပြီလားလို့ တွေးရင်း ရင်ထဲ ပူလောင်နေရပါတယ်။ ကလေးတွေကလည်း မုန့်ဖိုးပေးမှရယ် မဟုတ်ပါဘူး…အိမ်မှာ သုံးလလောက် နေသွားတဲ့ ဖိုးသာလိအပေါ် သံယောဇဥ် ရှိနေကြပါပြီ။ သူတို့အသိနဲ့ သူတို့ လိုက်ရှာကြတာပါ။
(၅)
ဒီလိုနဲ့ပဲ ဖိုးသာလိ ပျောက်သွားတာ နှစ်ပတ်လောက်ကြာတော့ ကလေးခေါင်းဆောင်…မောင်တာတေ (သူ့နာမည်အရင်းက အောင်မျိုးကျော်ပါ) ဆီက သတင်းတစ်ခု ရလာပါတယ်။ ဖိုးသာလိကို တွေ့ခဲ့တယ်…နန်းတေဇာ ရပ်ကွက်က အိမ်တအိမ်မှာတဲ့။
ဟေ…..လို့ ထအော်ပြီး ကျွန်တော် ထခုန်မိပါတယ်။ သွားမယ် ခုပဲသွားမယ်. .ဒီကောင် အတော်ခြေရှည်တာပဲ ကြားရပ်ကွက် ကန်သာကိုကျော်ပြီး ဘယ့်နှယ်ရောက်သွားရပါလိမ့်။
အမေလည်း ခွေခွေလေး…လှဲအိပ် နေရာက ငေါက်ခနဲ ထထိုင်ပါတယ်။
” သွား အမြန်သွား… ဖိုးသောကြာ….. တော်ကြာ မိုးချုပ်သွားမယ်” အမေကလည်း …ပြောပြောဆိုဆိုနဲ့ ထလိုက်မလို့ ဟန်ပြင်နေပါတယ်။ ဒေါ်ကြာစိလည်း အသံကြားတာနဲ့ ခြံဝရောက်လာပါတယ်။ “သွားပါ…ဖိုးသောကြာရယ်…ခုပဲ လေးနာရီ ထိုးနေပြီ။ တော်ကြာ သူများအိမ် မှောင်မှ ဝင်ရ… ပြောရ ဆိုရ ခက်နေပါဦးမယ်” တဲ့ သွားမှာပါဗျာ… ဒီကလဲ သွားမှာပါ။
ကျွန်တော်နဲ့ ကလေး အဖွဲ့ကြီး နန်းတေဇာရပ်ကွက်ကို ချီတက် သွားကြပါတယ်။ ဖြတ်လမ်း က သွားလိုက်တော့ သိပ်မဝေးပါဘူး။ ၁၀ မိနစ်လောက် လမ်းလျှောက်လိုက်ရင် ရောက်ပါတယ်။ ကျွန်တော် တစ်ယောက်ထဲ သွားတာထက် ကလေးအုပ်စုကို ခေါ်သွားတာ ပိုကောင်းမယ် ထင်လို့ပါ။ ဒီငှက်က ဖိုးသာလိ ဖြစ်ကြောင်း သက်သေတွေလိုမယ်ဆိုတာ ကျွန်တော်သိပါတယ်။
ကျွန်တော်တို့ အဖွဲ့ အဲ့ဒီအိမ်ကို ရောက်သွားတော့ ၁၂နှစ် ၁၃နှစ် အရွယ် ကောင်မလေးတစ်ယောက် အိမ်ရှေ့မှာ စာထိုင်ဖတ်နေပါတယ်။
” ညီမလေးရေ…. အစ်ကိုတို့ ခဏ လာမယ်နော်” လို့ ယဥ်ယဥ်ကျေးကျေး ပြောပြီး ခြံထဲဝင်လိုက်တော့ ကောင်မလေးက မျက်မှောင်ကုတ်ပြီး လှမ်းကြည့်ပါတယ်။ ကျွန်တော့်နောက်က မောင်တာတေတို့ အုပ်စုကိုကြည့်ပြီး ‘ဘာကိစ္စလဲ’လို့ မေးပါတယ်။ ကောင်မလေးက နဖူးပေါ် ဆံပင်အတိ ဖြတ်ချထားပြီး မျက်လုံးပြူးကလေးနဲ့ပါ။
ကျွန်တော်က သူ့အမေးကို ပြန်ဖြေဖို့ထက် ဖိုးသာလိကို ရှာဖွေဖို့က ပိုအရေးကြီးနေပါတယ်။ သူတို့အိမ်ထဲကို ချောင်းကြည့်လိုက်တော့ …. ဟော…. တွေ့ပါပြီဗျာ….ကိုဖိုးသာလိ ….သူက လှောင်ချိုင့် အသစ်နဲ့ စမတ်ကြီးများတောင်ကျလို့ ဧည့်ခန်းမှာပဲ ချိတ်ထားတာပါ။ ကျွန်တော် ကောင်မလေးကို ကျော်ဖြတ်ပြီး အိမ်ထဲ ပြေးဝင်သွားပါတယ်။
” ဟေ့….ဖိုးသာလိ … ကိုကြီးလေကွာ”
” ညီမလေးရေ….ဒါ အစ်ကို့ငှက်ပါကွာ… အိမ်က လွတ်သွားတာ နှစ်ပတ်ရှိနေပြီ… ခုမှ ပြန်တွေ့တာ”
ကောင်မလေးက မျက်နှာစူ ပုတ်ပုတ်နဲ့ ပြောပါတယ်။
” ဒါ…. ကျွန်မတို့ ငှက်ပါ… ကိုကိုဝယ်လာတာ”
” ဘယ်က ဝယ်လာတာလဲ ညီမလေး … ဘယ်လောက်များ ကြာသွားပြီလဲ”
ကောင်မလေးက ပြူးကြောင်ကြောင် ကြည့်ရင်း … လှောင်ချိုင့်နား သွားရပ်နေပါတယ်။
” ဘာလဲ … ဘယ်သူတွေလဲ… ဒီငှက်ကို ကျွန်တော် ဝယ်ထားတာ ဆယ်ရက်လောက်ရှိနေပြီ … ဘယ်သူ့ဆီက ဝယ်တယ်ဆိုတာ ဘယ်သိပါ့မလဲ… ငှက်ရောင်းတဲ့ လူကို နာမည်မေးထားဖို့လိုလို့လား”
အသက် ၁၆ နှစ်လောက် အရွယ်…အရပ် ရှည်ရှည် .. ရုပ်ရည် သန့်သန့် ကောင်လေးက အိမ်နောက်ခန်းက ထွက်လာပြီး ပြောလိုက်ပါတယ်။
” ဒါ… အစ်ကို့ငှက်ပါ ညီလေး… နာမည်က ဖိုးသာလိတဲ့”
” ဒီလို… လျှောက်ပြောလို့ မရဘူးလေ … အစ်ကို့မှာ ဘယ်လို အထောက်အထားရှိလို့လဲ ”
အခြေအတင်ပွဲတော့ ဖြစ်လာပါပြီ… တတ်နိုင်သမျှ နိုင်အောင်ပြောရတော့မှာပါ။
“ဒီမှာ….. အစ်ကိုတို့ ရပ်ကွက်က ကလေးတွေပါတယ်.. သူတို့ ဖိုးသာလိကို မှတ်မိပါတယ်”
“ပြောကြည့်လေ…အစ်ကိုတို့ငှက် ဖြစ်ကြောင်း ဘယ်လို သက်သေ ပြမှာလဲ”
ကလေးတစ်ယောက်က ချက်ချင်းဝင်ပြောပါတယ်။
” ဖိုးသာလိ နှုတ်သီးအရင်းမှာ အဝါကွက်ကြီး ရှိတယ်”
” ဟဲ့ ….. သာလိကာ ပဲ . နှုတ်သီးရင်းမှာ အဝါကွက်ရှိတာ ဆန်းသလား”
ကောင်လေးနဲ့ ကောင်မလေးအပြင် နောက်ဘက် မီးဖိုချောင်လောက်က အဒေါ်ကြီးတစ်ယောက် ထွက်လာပြီး ဝင်ကူပြောပေးပါတယ်။
” ကျွန်တော့် သာလိကာက စကားပြောတတ်ပါတယ်…အိမ်မှာ အိမ်သားတွေနဲ့ စကားအချေအတင် ပြောနေကျပါ”
” ဒါဆို ပြောကြည့်လေ…. ဒီအိမ်မှာတော့ ဘာစကားမှ မပြောဘူး လေပဲချွန်နေတာ”” ဖိုးသာလိ …ဖိုးသာလိ ကိုကြီးလာပြီလေကွာ”
ကျွန်တော် .. အသာခေါ်ကြည့်လိုက်တော့ ကိုရွှေသာလိက အိုက်တင်ခံပြီး ရွှီခနဲ လေချွန်ပြလိုက်ပါတယ်။ ခက်တာပါပဲ။
ကိုင်း…. ဒီ မောင်နှမ နဲ့တော့ အဆင်မပြေတော့ပါဘူး။ ဒီငှက် ဖိုးသာလိဆိုတာ သေချာပါတယ်။ ငှက်ပဲဗျာ မှတ်ပုံတင်တွေ လိုင်စင်တွေ ဘယ်ရှိပါ့မလဲ… နှလုံးသားနဲ့ ခံစားကြည့်ပြီး သူ့ငှက် ကိုယ့်ငှက် ခွဲခြားကြည့်ရတာပေါ့။ နားပေါက်နားမှာ အမေ ရှိန်းခို ကပ်ထားလို့ အမွေးပြောင်နေတဲ့ နေရာလေးတောင် ထင်ထင်ရှားရှား ရှိပါသေးတယ်။
ဖိုးသာလိ ဆိုတာကလည်း… အရေးနဲ့ အကြောင်းနဲ့ဆို ထထ ဖောက်တတ်တာ သူ့အကျင့်.. သက်သေပြစရာ စကားလေး တစ်ခွန်းတောင်
ပြန်မပြောဘူး။ လေချည့်ချွန်နေတာ။ ဒီအိမ်မှာ စကားဆက်ပြောရင် အခြေအတင်ကနေ ရန်ပွဲဆက်ဖြစ်လာနိုင်ပါတယ်။ စိတ်ပျက် ပျက်နဲ့ သူတို့အိမ်က ဆုတ်ခွာခဲ့ရပါတယ်။
ဒါပေမဲ့ ရင်ထဲမှာတော့ တနုံ့နုံ့နဲ့ မကျေနပ်ပါဘူး။ ဒါ ဖိုးသာလိမှန်း သေချာရက်နဲ့ သူများလက်ထဲ မထားခဲ့ရက်ပါဘူး အမေသိရင်လည်း ရင်ကွဲမှာပါ။ ဘယ်လိုပဲ စိတ်ကို ဖြေသိမ့်နိုင်အောင် ကြိုးစားပေမဲ့ မအောင်မြင်ပါဘူး။ ဖိုးသာလိ ကို ပြန်ခေါ်ချင်စိတ်တွေက ထိန်းမနိုင် သိမ်းမရ ပေါက်ကွဲနေပါတယ်။ဖြစ်ချင်ရာဖြစ်ပါစေတော့ ကျွန်တော် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ သာလိကာ ပြန်ရလိုမှုနဲ့ သွားပြီး တရားရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လုပ်မိလုပ်ရာ ကြံမိကြံရာ ကြံစည်လိုက်မိတာပါ။ ဒါ…. ရုံးရောက် ဂတ်ရောက် မဖြစ်သင့်တဲ့ ပြဿနာဆိုတာ ကျွန်တော် သိပါတယ်။ ရပ်ကွက် အုပ်ချုပ်ရေးရုံး ဥက္ကဋ္ဌကြီးကလည်း သဘောကောင်းရှာပါတယ်။ ကျွန်တော် အသည်းအသန် ခံစားနေရလို့ ပြဿနာပြေလည်သွားအောင် ဖြေရှင်းပေးခြင်း ဖြစ်ပါလိမ့်မယ်…. ကောင်လေးတို့ မောင်နှမနှင့်တကွ ဖိုးသာလိကိုပါ ဆင့်ခေါ်လိုက်ပါတယ်။
ကြာသပတေးနေ့…. ညနေ ၄နာရီ….တဲ့။
(၆)
ကိုင်း…. ငှက်လုပွဲကြီးကို ရင်ဆိုင် ရပါတော့မယ်။
အဲ့ဒီအချိန်မှာ ရုံးမှာ ထူးထူးခြားခြား သာလိကာ ပြန်ရလိုမှုကို လာရောက်စူးစမ်းတဲ့လူတွေ အများကြီးပါပဲ။ ကျွန်တော့်ဘက်ကလည်း အတော် အုပ်စုတောင့်ပါတယ်။ မောင်တာတေတို့ အဖွဲ့ .. ဆိုင်ကယ်ဆိုင်က လုပ်ဖော်ကိုင်ဖက်တွေ အားလုံးနီးပါး ရုံးကို လိုက်လာကြပါတယ်။ သူတို့ဘက်ကလည်း အင်အားမနည်းလှပါဘူး… သူတို့အိမ်သားတွေအပြင် နန်းတေဇာ ရပ်ကွက်သူ ရပ်ကွက်သားတွေလည်း ပါပါတယ်…. တကယ့်ကို ပွဲကြီး ပွဲကောင်းပါပဲ။
ရပ်ကွက်အုပ်ချုပ်ရေးမှူးကြီး ရပ်ကွက်ဥက္ကဋ္ဌလည်း ခေါ်ကြတာပါပဲ။ သူက စားပွဲရှေ့မှာ ခန့်ခန့်ကြီး ထိုင်နေပါတယ်။ ကောင်လေးဝယ်ပေးထားတဲ့ လှောင်ချိုင့်က သံဆန်ခါနဲ့ လုပ်ထားတဲ့ အကောင်းစားကလေးပါ။ စားပွဲရှေ့မှာ ကုလားထိုင်နှစ်လုံး ခပ်ချဲချဲ ချထားပါတယ်။ တစ်ဖက်မှာ ကျွန်တော်…. တစ်ဖက်မှာ ကောင်လေး ထိုင်နေပါတယ်။
” ကိုင်း….. ပြောစမ်းပါဦး… မောင် ဘယ်သူ”
” သက်နိုင်ဦးပါ” – နောက်က အဖွဲ့သားတွေကလည်း တစ်ပြိုင်နက်တည်း..တစ်သံတည်း ပြန်ဖြေကြပါတယ်……
“ဖိုးသောကြာပါ..”
” ထားပါလေ… သက်နိုင်ဦး (ခေါ် )ဖိုးသောကြာ ပေါ့… ဒီသာလိကာ .. မင်းရဲ့ ငှက်ဆိုတာ မင်းဘယ်လို သက်သေပြနိုင်မလဲ.. ခု အများရဲ့ ရှေ့မှောက်မှာပေါ့”
” ကျွန်တော့် သာလိကာ နာမည်က ဖိုးသာလိပါ… သူ စကား ကောင်းကောင်း ပြောတတ်ပါတယ်”
” ဟုတ်ပြီ… ဟိုဘက်က ဟိန်းမြတ်ဆွေကလည်း ပြောတယ် သူ့သာလိကာ စကားမပြောတတ်ဘူး လေပဲချွန်တယ်တဲ့…. ဒီတော့ မောင် သက်နိုင်ဦး … ဒီငှက် စကားပြောတတ်ကြောင်း သက်သေပြနိုင်ရလိမ့်မယ်”
” ဟုတ်ကဲ့…. ကျွန်တော် ပြောကြည့်ပါ့မယ်”
ဖိုးသာလိလေ….. အိမ်မှာ ပြောလိုက်တဲ့ စကားတွေ ဗလစ် ဗလစ် ထနေပါတယ်။ ဒီထောင်ပေါင်းများစွာ စကားလုံးတွေထဲက တစ်လုံးလောက်တော့ သူမှတ်မိမှာပါ။ ဒါ ဧကန်မုချပဲလို့ ကျွန်တော် ယုံကြည်ပါတယ်။
ကျွန်တော်… ဖိုးသာလိ လှောင်ချိုင့်နားကပ်သွားပါတယ်။ အများကလည်း စူးစမ်းတဲ့ မျက်ဝန်းတွေနဲ့ ဝိုင်းကြည့်နေကြပါတယ်။
” ဟေ့….. ဖိုးသာလိ….. ကိုကြီးလေကွာ… ဖိုးသောကြာလေ…မင်း မမှတ်မိဘူးလား … ခေါ်လေ.. ဖိုးသောကြာလို့.. ကိုကြီးလို့..”
ဖိုးသာလိက မျက်ဆန်နက်နက် လည်ထွက်သွားအောင် စိုက်ကြည့်ပြီး မျက်နှာ တစ်ဖက် လှည့်သွားပါတယ်။ လှောင်ချိုင့်အမိုးပေါ်ကနေ သွပ်ကြိုးချိတ်မှာ ဆွဲထားတဲ့ ငှက်ပျောသီးကို ကိုက်လိုက် တန်းပေါ် ခုန်ဆွ ခုန်ဆွလုပ်လိုက် ပျစ်ခနဲ ချေးပါချလိုက်နဲ့ အသည်းယားဖို့ ကောင်းပါတယ်။
“ဟေ့….ဖိုးသာလိ.. မင်းကို အမေကြီး မျှော်နေတယ်ကွ…. မင်း ပြန်ပါမလာရင် အမေကြီး ငိုလိမ့်မယ်.. ဒေါ်ကြာစိလည်း စောင့်နေတယ်ကွ… ဒေါ်ကြာစိေလကွာ .. မင်း
ကျွန်တော်.. ဘယ်လို စိတ်ငြိမ်အောင် ထိန်း ထိန်း မရတော့ပါဘူး… ငိုသံပါလာပါတယ်။ ဖိုးသာလိ…… ဖိုးသာလိ အတော်ရက်စက်တဲ့ကောင်ပါဗျာ …. ကျွန်တော် သူ့ကို ကိုင်ဆောင့်ချင်လာပါတယ်။ မင်း အူကြောင်ကြောင် မလုပ်နဲ့ကွ.. ဒါ ဘဝ.. ဘဝ ပြဿနာ.. မင်းနဲ့ငါ တစ်သက်စာဝေးရမယ့် ပြဿနာကွ… မညစ်ပါနဲ့ကွာ။
” ဖိုးသာလိ … မင်း ကြောင်နာမကို မှတ်မိတယ် မဟုတ်လား… မင်းအိမ်ပြန်မလာရင် ကြောင်နာ အိမ်ထဲ ဝင်လာမှာပေါ့… ခေါ်ကြည့်စမ်း… ကြောင်နာမ”
ဖိုးသာလိ က ကျွန်တော့်ကို စေ့စေ့ကြည့်ပြီး သစ်ကိုင်းပေါ်မှာ တည့်တည့် ခုန်လိုက် ဘယ်ပြောင်းခုန်လိုက် ညာပြောင်းခုန်လိုက်နဲ့ ဆော့ကစား နေပါတယ်။
ဝိုင်းကြည့်နေတဲ့ လူတွေလည်း နားတစွင့်စွင့် ရင်တထိတ်ထိတ်ရှိနေရာက ကျွန်တော့်ကို သနားလာကြဟန် တူပါတယ်။
” မှား စွပ်စွဲမိတာနဲ့ တူပါတယ်”
” သံယောဇဥ် ဆိုတာ ဒီလိုပဲ… တွယ်မိရင် အရမ်းပူလောင်တာ”
” အိမ်သားလိုကို ခင်တွယ်သွားတတ်တာလေ”
” ဖြစ်တတ်ပါတယ်… ငှက်ဆ်ိုတော့လည်း သူ့ငှက် ကိုယ့်ငှက် ခွဲခြားဖို့ အခက်သားလား”
တစ်ယောက် တစ်ပေါက် ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။ ကောင်လေးတို့ မောင်နှမတောင် မျက်နှာညှိုးနေကြပါတယ်။ ကျွန်တော် အသည်းအသန် ချွေးပြန်နေတာကို သူတို့လည်း စိတ်မကောင်းဘူးနဲ့ တူပါတယ်။ ဥက္ကဋ္ဌကြီးကလည်း ဖေးဖေးမမ ပြောရှာပါတယ်။
” လက်လျော့ လိုက်ပါတော့ ညီလေးရာ…. မင်း ငှက်အကြည့်မှားတာ ဖြစ်မှာပါ”
ဝှီး ….. ကျွန်တော် စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါရမ်းပြီး ပြန်ဖို့ထလိုက်ရပါတယ်။
ဟုတ်ပါတယ်… ကျွန်တော်မှားပါတယ်… ဒီကောင် ဖိုးသာလိကို ယုံပြီး ရပ်ကွက် ရုံးအထိ လာတိုင်မိတာကိုက မှားတာပါ။ ဟိန်းမြတ်ဆွေ အိမ်မှာ သူ မထုံတက်တေး လုပ်နေကတည်းက နားလည်ပြီး လက်လျှော့ လိုက်ရမှာပါ…. ခုတော့ လက်လျှော့ရုံ မကဘူး.. စိတ်လည်း လျှော့လိုက်ပါပြီ… နေရစ်တော့ ဖိုးသာလိရေ…..
ကျွန်တော်တို့ ဘေးမှာ ဝိုင်းကြည့်နေတဲ့ လူတွေကိုလည်း ရှက်ဖို့ကောင်းပါတယ်။ အလကား သက်သက် အားလုံး အလုပ်ရှုပ်သွားအောင် ကျွန်တော် လုပ်လိုက်မိပြီ…. အားနာဖို့ကောင်းပါတယ်။
” အစ်ကို မှားသွားတယ် ညီလေးရာ … ညီလေးတို့ ငှက်ပဲ ဖြစ်မှာပါ”
ကိုယ်က ရှုံးနိမ့်သွားတယ် ဆိုပေမယ့် ဖုတ်ဖက်ခါ ထပြန်လို့လည်း မကောင်းပါဘူး။ သူတို့က ပြောကြစတမ်းဆိုရင် ကိုယ့်ညီငယ် ညီမငယ် အရွယ်တွေပါ။ ပြေပြေလည်လည် စကားလေး တစ်ခွန်း နှစ်ခွန်းတော့ ပြောခဲ့မှ ဖြစ်မှာပါ… တကယ်တမ်း ရင်ဆိုင်ရတော့ ရည်ရည်မွန်မွန်ကလေးတွေပါပဲ။
” အာ……ရပါတယ် အစ်ကိုရာ… အစ်ကို့သာလိကာ အစ်ကို အတော်ချစ်တာပဲ .. စိတ်မကောင်းပါဘူးဗျာ”
” အေးကွာ.. ညီလေးရေ.. ပြန်ပြီနော်”
ဥက္ကဋ္ဌကြီးကိုပါ နှုတ်ဆက်ပြီး ကျွန်တော် ဖိုးသာလိ ဘက်ကို လှည့်တောင်မကြည့်ပဲ ရုံးရှေ့ထွက်ခဲ့ပါတယ်။
ပြီး…… ဆိုင်ကယ်စုတ်ပေါ်ခွတက် .. ကစ်စတတ်တာကို နင်းပြီး ဝူးခနဲ မြည်အောင် စက်နှိုး လိုက်ပါတယ်။
ဖိုးသာလိအပေါ် မကျေနပ်တဲ့စိတ်…ကြိတ်မနိုင်ခဲမရ ဒေါသစိတ်တွေ အားလုံး ကစ်စတတ်တာပေါ် စုပုံပြီး ကျသွားပါတယ်။ အားကုန် နင်းလိုက်လို့ ဝူးခနဲ အသံထွက်သွားပေမဲ့ ဆိုင်ကယ် စက်က မနိုးပါဘူး…။ အကြိမ်ကြိမ် ပြင်သစ်မဟုတ်လားဗျာ… ထပ်နှိုး ထပ်နင်းရဦးမှာပါ။
တောက်…..မီး ရှို့ပစ်ဖို့ပဲကောင်းတဲ့ ဆိုင်ကယ်စုတ်ပါ…။
ကစ်တံကို အငြိုးကြီးကြီးနဲ့ အားကုန် ထပ်နင်းဖို့ ရွယ်အလိုက်မှာ.. ရုံးထဲက အဘွားအို အသံကြီးတစ်သံ ထွက်လာပါတယ်။
” ဟဲ့ … ငါ့ဖို့ မမေ့နဲ့ဦး…. အီကြာကွေး ဝယ်ခဲ့” တဲ့ ။ ဟာ….. ဖိုးသာလိ အသံ…. ဖိုးသာလိ စကားပြောပြီ ပြောပြီ…. ဖိုးသာလိ .. ဖိုးသာလိလေး… ကိုကြီးရဲ့ အသည်းလေး……
ကျွန်တော် ဝမ်းသာလွန်းလို့ ကတုန် ကယင် နဲ့ ရုံးထဲ ပြန်ပြေးဝင်သွားမိပါတယ်။ ဝိုင်းကြည့်နေတဲ့ လူတွေရဲ့ မျက်နှာတွေလည်း ဝင်းထိန်သွားတာပါပဲ။ ကျွန်တော့်အစား ဝမ်းသာသွားကြပုံ ပေါက်ပါတယ်။ ဟိန်းမြတ်ဆွေတို့ မောင်နှမလည်း ဝမ်းသာသွားပါတယ်။ အားလုံး…ဖိုးသာလိနား ဝိုင်းလာကြပါတယ်။ နောက်ထပ် စကားသံတွေ ကြားချင် နေကြ ပုံပါပဲ။
ကျွန်တော် ဖိုးသာလိနား ကပ်သွားလိုက်ပါတယ်။
” ဝယ်လာပေးမှာပေါ့ ညီလေးရာ…. မနက်တိုင်း ကိုကြီး ဝယ်ကျွေးနေကျပဲ ဥစ္စာ မမေ့ပါဘူး”
ကျွန်တော့် စကားသံ ကြားတော့ အားလုံးရယ်မောကြပါတယ်။ ဖိုးသာလိက ထပ်ပြောပါတယ်။
” အီကြာကွေး…. အီကြာကွေး” တဲ့ မမေ့အောင် အထပ်ထပ်မှာနေတာ ဖြစ်မှာပါ။
ကျွန်တော်က ဖိုးသာလိကို မနက်တိုင်း အီကြာကွေးနဲ့ လက်ဖက်ရည် ကျဆိမ့် ဝယ်ပေးရပုံ… သူ အီကြာကွေးနဲ့ လက်ဖက်ရည် တို့တို့စားပုံ… ကျွန်တော် မနက် ဆိုင်ကယ်နှိုးသံကြားရင် သူ့ဖို့ အီကြာကွေး မေ့မှာစိုးလို့ လှမ်းအော်ပြီးသတိပေးတတ်ပုံတွေ ပြောပြတော့ ပရိသတ်အားလုံး အံ့သြမဆုံး ဖြစ်သွားကြပါတယ်။ဖိုးသာလိခမျာ တစ်နေရာ အသစ်ပြောင်းရင် ကြောက်လန့်ပြီး စကားပြောဖို့ မေ့သွားတတ်ပုံရပါတယ်။ ခုလည်း ကံကောင်းထောက်မပြီး ဆိုင်ကယ် စက်နှိုးသံကြားလို့ သူစကားပြောဖို့ ပြန်သတိရလာတာပါ။ ကျွန်တော့် ဆိုင်ကယ်စုတ်ကို အခုတော့လည်း ဖက်နမ်းမိမတတ် ကျေးဇူးတင်နေမိပါတယ်။
ကျွန်တော် အနိုင်ရပြီမို့ ဖိုးသာလိကို ပြန်ခေါ်ယူခွင့် ရသွားပါတယ်။ စိတ်ထားကောင်းတဲ့ ဟိန်းမြတ်ဆွေတို့ မောင်နှမကလည်း ကြည်ကြည်ဖြူဖြူပါပဲ။ သူတို့လည်း ဖိုးသာလိကို အိမ်ကလွတ်ထွက်သွားပြီး ယောင်ခြောက်ဆယ်ဖြစ်နေချိန်မှာ ဖမ်းမိသွားတဲ့လူ လက်ထဲက ပြန်ဝယ်ခဲ့တာပါ။
ကျွန်တော်လည်း သူတို့လှောင်ချိုင့် အကောင်းကြီးမို့ လှောင်ချိုင့်ဖိုးလေးတော့ ယူလိုက်ပါ ညီလေးရာ ဆိုပြီး အိတ်ကပ်ထဲ ပါလာတဲ့ ငွေသုံးထောင် ပြန်ပေးပါတယ်။ သူတို့ ငှက်ဖိုးလည်း ဆုံးရှုံးသွားသေးမဟုတ်လား။
ဟိန်းမြတ်ဆွေတို့က မယူကြပါဘူး… ဖိုးသာလိကို လက်ဆောင်ပေးတာပါ….တဲ့။
ကောင်းပါပြီဗျာ…. ကျေးဇူးပါပဲ…အိမ်လည်းလာလည်ပြီး ဖိုးသာလိနဲ့ လာစကားပြောကြပါလို့ ဖိတ်ခေါ်ပြီး ရုံးထဲကထွက်ခဲ့ကြပါတယ်။ ဘော်ဒါတွေကို ဆိုင်ကယ်နဲ့ ပြန်ခိုင်းလိုက်ပြီး ကျွန်တော် … မောင်တာတေတို့ အုပ်စုနဲ့ပဲ လှောင်ချိုင့်ကိုဆွဲပြီး လမ်းလျှောက်ပြန်လာခဲ့ကြပါတယ်။ သာလိကာဆိုတာ အလွန်ကြောက်တတ်ပြီး နှလုံးကွဲသေတတ်သတဲ့… ဆိုင်ကယ်စီးပြီး လန့်ရင် ဖိုးသာလိ သေသွားမစိုးလို့ပါ။ ခက်ခက်ခဲခဲ တရားတဘောင် ရင်ဆိုင်ရင်းပြန်ရထားတဲ့ ကျွန်တော့် သာလိကာ အဖိုးတန်လေး မဟုတ်ပါလားဗျာ။
ကျွန်တော်တို့ လမ်းလျှောက်လာရင်း မောင်တာတေ တို့က ဝိုင်းစကြပါတယ်။
“ဖိုးသာလိ အကျိုးမှာ မရှိ”
“ဖိုးသာလိ အကျိုးမှာ မရှိ” တဲ့။
ဖိုးသာလိက ဘာမှပြန်မပြောပဲ ခေါင်းကြီးငဲ့ပြီး ပေနားထောင်နေပါတယ်။ အတန်ကြာမှ မျက်လုံကြီး ပေကလပ် ပေကလပ် နဲ့ လှည့်ပတ်ကြည့်ကာ ငှက်ပျောသီးကို တစ်စစီ ဖြစ်သွားအောင် ပေါက်စိတ်နေရာက ရုတ်တရက် ထအော်လိုက်ပါတယ်။
” ဖိုးလည်….. အိမ်ပေါ်မတက်နဲ့….. ခုဆင်း” တဲ့။ ကလေးတစ်သိုက် ဝါးခနဲ ရယ်မော လိုက်ကြပါတယ်။ ကျွန်တော် မောင်ဖိုးလည်လည်း လိုက်ရယ်ရတာ ပါပဲ။
အတော်ကို ဆိုးတဲ့…… ဖိုးသာလိပါဗျာ။
ညိုနှင်းအိမ် ××××××××××××××××××××××