တစ်ခုလပ်(စ/ဆုံး)
——————
“ဘာတွေလဲ မမကြီး ”
အချိန်မဟုတ် အခါမဟုတ် အတာအိုးတစ်လုံးနှင့်အတူ အရွက်ညွှန့်များကို အပ်ချည်ကြိုးစနှင့် ပူးချည်းထားသော အရွက်ညွှန့်တစ်စည်း ကိုကိုင်လာသော အစ်မဖြစ်သူ မအေးရီကို နွေးနွေးက မေးလိုက်သည်။
မအေးရီက နွေးနွေး၏အမေးကို မဖြေဘဲ ခုံတွင် ဆွေ့ခနဲ ဝင်ထိုင်လိုက်သည်။ပြီးလျှင် အိမ်ရှေ့လမ်းသို့ လှမ်းမျှော်ကြည့်လိုက်ပြီး စိတ်မရှည်သောအသံဖြင့်ပြောလိုက်သည်။
“ဟိုကောင်လေးကလဲ ကြာလိုက်တာ…ကလေးဖြစ်ပြီး သွက်သွက်လက်လက်ကို မရှိဘူး ”
ဖျစ်တောက် ဖျစ်တောက်နှင့် ပြောဆိုနေသော အစ်မဖြစ်သူ မအေးရီကို နွေးနွေးကြည့်နေစဉ်မှာပင် စျေးခြင်း တောင်းကို ဆွဲ၍ ဝင်လာသော တူဖြစ်သူကို နွေးနွေး တွေ့လိုက်ရသည်။
“ဒီကလေးနှယ် ကြာလိုက်တာ …မြန်မြန်လာ ..ခြင်းကို ချထားခဲ့ပြီး အိမ်ကို ပြန်တော့ ”
မအေးရီသည် သားဖြစ်သူကို ပြန်ခိုင်းလိုက်ပြီးမှ နွေးနွေး နှင့်မျက်နှာချင်းဆိုင်လိုက်ပြီး သူလာသော အကြောင်းအရင်းကို ရှင်းပြလိုက်သည်။
“ဆရာကတော့ ပြောတယ် … နင့်ယောကျာ်းမှာ အငယ်အနှောင်းရကိန်းမြင်နေတယ်တဲ့ …အဲ့ဒါ ယတြာချေဖို့ ပေးလိုက်တယ် …ဒီမှာ လိုတာတွေ ငါဝယ်ခဲ့တယ် …နင့်ကို ပြောရင်လုပ်မှာ မဟုတ်မှန်းသိလို့ ဝယ်လာခဲ့တာ ”
အစ်မဖြစ်သူ၏ စကားကြောင့် နွေးနွေး စိတ်ထဲ ထိတ်ခနဲဖြစ်သွားမိသည်။
အစ်မဖြစ်သူ မအေးရီသည် နွေးနွေး၏ အစ်မအကြီးဖြစ်ပြီး နွေးနွေးထက် ဆယ်နှစ်ခန့်ကြီးသည်။ နွေးနွေးနှင့်တစ်ရပ်ကွက်တည်း နေသည် မှန်သော်လည်း ရပ်ကွပ်၏ အဆုံးနှင့် အစမှာ ကိုယ်စီကိုယ့်အိမ်ထောင်နှင့် ကိုယ်နေကြခြင်းဖြစ်သည်။နွေးနွေးသည် အသက်နှစ်ဆယ့် ငါးနှစ်သာ ရှိသေးပြီး လွန်ခဲ့သောနှစ်နှစ်ကျော်ကမှ အိမ်ထောင်ပြုခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် အိမ်ထောင်သက် ဝါရင့်နေပြီဖြစ်သော မအေးရီက အသက်ကွာလှသော ညီမဖြစ်သူ၏အိမ်ထောင်ရေးကို ဘေးမှ စောင့်ကြည့်ထိန်းသိမ်းပေးခြင်းဖြစ်သည်။ထို့ကြောင့်ပင် နွေးနွေး၏အိမ်ဦးသခင် မောင်မောင်လတ် တစ်ယောက်ခြေလှမ်းတွေပျက်နေသည်ကို တစ်အိုးတစ်အိမ်စိနေသော မအေးရီ သိရှိရိပ်မိနေခြင်း ဖြစ်ပေသည်း။
နွေးနွေးသည်လည်း ခင်ပွန်းဖြစ်သူ မောင်မောင်လတ် မူပျက်နေသည်ကို ရိပ်မိပါလေသည်။ သို့သော်လည်း လက်ဆုပ်လက်ကိုင် မမိသေးသဖြင့် အခြေအနေကို စောင့်ကြည့်နေခြင်းဖြစ်ပါလေသည်။
“ကလေးယူလိုက်ပါလား ဟယ်….အဲ့ဒါဆို သူခြေရှုပ်ချင်ရင်တောင် မရှုပ်တော့ဘူးပေါ့ …”
မအေးရိက ညီမဖြစ်သူနွေးနွေး၏ အိမ်ဆိုင်လေးထဲသို့ ဈေးဝယ်သူလာ မလာကြည့်လိုက်ပြီးမှ ထိုစကားကို ပြောခြင်း ဖြစ်လေသည်။
နွေးနွေးသည် အစ်မကြီးဖြစ်သူ၏ စကားကိုကြောင့် ခေါင်းကို ယမ်းခါလိုက်ပြီးလျှင်
“အိမ်ပိုင်လေးနဲ့နေနိုင်မှ ကလေးယူဖို့ ဆုံးဖြတ်ထားတယ် မမကြီး …”
” နင်နဲ့တော့ ဒုက္ခပါပဲ …ယောကျာ်းဆိုတာ ကလေးမရှိရင် အသစ်ရှာတတ်တဲ့လူမျိုးလေ …နင် ကလေးယူဖို့ စဉ်းစားတော့ ”
အစ်မဖြစ်သူကိုကြည့်ပြီး နွေးနွေး နာနာကျင် ကျင်နှင့် တစ်ချက်ပြုံးမိသည်။ဖောက်ပြန်ချင်သော ယောက်ျားအတွက် ဘယ်လို အကြောင်းပြချက်ကမှ တားဆီးလို့မရဘူးဆိုသည်ကို အစ်မဖြစ်သူကို သိစေချင်မိသည်။
“ဒီမှာ နင့်လုပ်ရမဲ့ ယတြာတွေ …လုပ်ဖြစ်အောင် လုပ်နော် ….. ယတြာအားလုံးလိုလိုက အိမ်ဘုရားမှာ လှူရရမှာမို့ အဆင်ပြေတယ် ….”
နွေးနွေးစိတ်ထဲကနေ “မလုပ်ပါဘူး မမကြီး “ဟု ပြန်ပြောချင်သော်လည်း အစ်မဖြစ်သူစိတ်မကောင်းဖြစ်သွားမည် စိုးသောကြောင့် နှုတ်ဆိတ်နေလိုက်သည်။သေချာသည်မှာ အစ်မကြီးပြန်သွားလျှင် ထိုယတြာများကို နွေးနွေး လုပ်ဖြစ်လိမ့်မည်မထင်ပါချေ။ဗေဒင်ကို မယုံ၍ မလုပ်ခြင်းမျိုး မဟုတ်ပါချေ။ နွေးနွေး၏ စိတ်ခံယူချက်သည် အများနှင့် မတူ တမူကွဲပြားနေသည်ဟု ပဲပြောရလေမည်လား။ နွေးနွေးသည် ဗုဒ္ဓဘာသာကိုပင် ယုံကြည်ကိုးကွယ်သူ ဖြစ်ပါသည်။သို့သော်လည်း ဘုရားရှိခိုး အလှူအတန်းပြုပြီးလျှင် “၃၁ ဘုံ ကျင်လည်ကြကုန်သော သတ္တဝါတွေ ကျမ်းမာချမ်းသာကြပါစေ ” ဆိုသော ဆုမှလွဲ၍ အခြားဆုများတောင်းလေ့မရှိ ၊ တောင်းလည်းမတောင်းပါချေ။နွေနွေး၏ခံယူချက်သည် ရတနာပုံးပါးကို ကြည်ညိုလေးစား၍ကိုးကွယ်ဆည်းကပ်သည်သာ ။အကျိုးလို၍ ညောင်ရေသွန်းခြင်းမျိုးကို နွေးနွေး သဘောမကျပေ။ထို့ကြောင့်ပင် လူတစ်ယောက်ကို ပိုင်ဆိုင်လိုသောစိတ်ကြောင့် ရတနာသုံးပါးကို ခုတုံးလုပ် လှူဒါန်း ဆုတောင်းတာမျိုးကို ဖြစ်စေ
၊ယတြာအစီအရင်လုပ်၍ ယူရမည်ဆိုလျှင် နွေးနွေးက စွန့်လွှတ်ဖို့ရန်သာဆုံးဖြတ်မည်ဖြစ်သည်။ပြီးလျှင် နွေးနွေးနှင့် မောင်မောင်လတ်သည် အချင်းချင်းချစ်လို့ ကြိုက်လို့ ယူခဲ့သူများဖြစ်သောကြောင့်သာ၍ပင် မလုပ်ချင်ပေ။
လွန်ခဲ့သော သုံးနှစ်ကျော်ခန့်က နွေးနွေးသည် မောင်မောင်လတ်နှင့်ဆုံတွေ့ခဲ့ရသည်။ထိုစဉ်က နွေးနွေအနေနှင့် မောင်မောင်လတ်ကို ချစ်သည်ဟု မဆိုသာသော်လည်း အရက်၊ ဆေးလိပ် ၊ လောင်းကစားနှင့်မိန်းမကိစ္စကင်းရှင်းသော မောင်မောင်လတ်၏ အချစ်ကို လက်ခံခဲ့သည်။ထိုသို့လက်ခံလိုက်ရခြင်း အကြောင်းအရင်းမှာ မောင်မောင်လတ်က နွေးနွေးကို အထူးပင် ဂရုစိုက်ကြင်နာပြ၍ ဆိုလျှင်လည်း မှားမည်မထင်ချေ။ယုတ်စွအဆုံး ပြောရလျှင် မောင်မောင်လတ်သည် နွေးနွေးကဲ့သို့ပင် သာမန်လက်လုပ်လက်စားတစ်ယောက်သာဖြစ်သည်။သို့သော်လည်း မောင်မောင်လတ်သည် ပျင်းရိလေးတွဲသော အကျင့်မရှိသောကြောင့် နွေးနွေး သဘောကျမိသည်။ထို့ကြောင့် မောင်မောင်လတ်နှင့် နွေးနွေးယူလိုက်ပြီးလျှင် အိုးပိုင်အိမ်ပိုင်တစ်လုံးလောက် ပိုင်ဆိုင်ရအောင် နှစ်ဦးလုံး ကြိုးစားကြပြီးလျှင် သာယာသော မိသားစု ဘ၀ကို တည် ဆောင်နိုင်လိမ်မည်ဟုနွေးနွေး ယုံကြည် ထင်မှတ်ခဲ့သည်။သည်လိုနှင့် နွေးနွေးနှင့် မောင်မောင်လတ်တို့ လက်ထပ်ဖြစ်ကြသည်။လက်ထပ်ပြီး နှစ်ဦးသား တက်ညီလက်ညီအလုပ်ကြိုးစားခဲ့ကြ၍ မကြာမီအချိန်ကာလတွင် ခြံလေးတစ်ခြံပင် ဝယ်နိုင်တော့မည့် အနေအထားဖြစ်လေသည်။သို့သော်လည်း နွေးနွေးများ တွက်ကိန်းလွဲခဲ့လေသည်လားမသိ။ ယခုဆိုလျှင် မောင်မောင်လတ် မူမမှန်သည်မှာ လပိုင်းမျှ ရှိလာသည်ကို နွေးနွေးလည်းသတိပြုမိသည်။မောင်မောင်လတ် ပြောင်းလဲလာပုံကို ပြောရမည်ဆိုလျှင် ပထမဦးစွာ သီချင်းသိပ်နားထောင်လေ့မရှိသော မောင်မောင်လတ်သည် အချစ်သီချင်းတွေ နားထောင်လာသည်။အိမ်ပြန်နောက်ကျလာတတ်သည်။လိုတာထက်ပို၍ပြင်ဆင်လာသည်။ပြင်ဆင်လာသည်ဟု ဆိုရခြင်းမှာ မောင်မောင်လတ်သည် ယခင်က ဆိုလျှင် အလုပ်မှအလုပ် သာစိတ်၀င်စားပြီး အဝတ်အစားကိုဖြစ်သလိုဝတ်စားတတ်သူဖြစ်သည်။မောင်မောင်လတ် မည်မျှပေတိပေစုတ်နေသည်ဆိုသော် နွေးနွေး၏အပေါင်းအသင်းများထဲမှ အားမနာတမ်းပြောတတ်သူ အချို့က “မိနွေးရယ် ငါပြောရင်စိတ်မဆိုးနဲ့ …နင့် လူက ဘယ်လိုပြောမလဲဟယ် ပြောင်ပြောင်ပြောင်ရောင်ရောင်လဲမရှိဘူး…နင်နဲ့မလိုက်ဖက်ပါဘူး…အခြားသူကို ရွေးစမ်းပါ ” ဟု ပြောဆိုခဲ့ကြသည်အထိပင်။ဟုတ်လည်းဟုတ်ပေသည်။ နွေးနွေးက အစဉ်သဖြင့် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းလှလှပပနေတတ်သည် ။ ဘ၀ကို ဆင်းဆင်းရဲရဲရုန်းကန်လှုပ်ရှားနေရသော်လည်း နွေးနွေး ဘဝကို ဖြစ်သလို မနေခဲ့။ရှာနိုင်သလောက် ရှာသည်။ စုဆောင်းနိုင်သလောက်စုဆောင်းသည်။ကုန်ကုန် ပြောရလျှင် အဝတ်အစားကအစ လမ်းဘေးထည်အများစုပဲ ဝယ်နိုင် ဝတ်နိုင်သော်လည်း ထိုလမ်းဘေးထည်တွေကိုပဲ သပ်သပ်ရပ်ရပ်ပြုပြင်ပြီး ဝတ်ဆင်ခဲ့သူပင်။မောင်မောင်လတ်နှင့် ချစ်သူဖြစ်သောအခါ နွေးနွေးသည် မောင်မောင်လတ်၏ အဝတ်အစားအနေအထိုင်က ဂရုစိုက်ပေးခဲ့သည်။သို့ကြောင့်ပင်လျှင် မောင်မောင်လတ်သည်လည်း ယခင်နှင့် မတူဘဲ တောက်တောက် ပြောင်ပြောင် သပ်သပ်ရပ်ရပ်ဖြစ်လာသည်။များစွာ သပ်ရပ်ကြည့်ကောင်းလာသည်။ တနည်းအားဖြင့် လူကသပ်သပ်ရပ်ရပ် ဖြစ်လာသောအခါ အလုပ်မှာ ဆက်ဆံရေး ပိုအဆင်ပြေလာသလို လူဝင်လည်းဆန့်လာခဲ့သည်လေ။ ယောကျာ်းတစ်ယောက်သည် ကြည့်ကောင်းသပ်ရပ်၍ ဝင်ငွေရှာကောင်းလျှင် ဖောက်ပြန်တတ်သည်လော။သို့တည်းမဟုတ် ပင်ကို ဗီဇဉာဉ်ကပင် အခွင့်အရေးမသာခိုက် ဆ္ဆေမျှပုန်းလျှိုးကွယ်ပျောက်နေခဲ့လေသည်လား။ နွေးနွေး အနေနှင့် သေချာမဆန်းစစ်နိုင်ပါလေ။သေချာသည်မှာ နွေးနွေး၏ ချစ်ခင်ပွန်း မောင်မောင်လတ် တစ်ယောက် ပြောင်းလဲလာသည်ကိုသာ နွေးနွေး အသေအချာ သိလေသည်။
~~~~~~~~~~~~~~~~~~
“မိဆွေ … ညည်းဟာက သေချာပိုင်နိုင်ရဲ့လား အေ…အမေစုံစမ်းလို့ရသလောက်တော့ …သူ့မိန်းမဘက်က ရိပ်မိနေပြီထင်တယ် … နင့်ဘက်က အပိုင်ကိုင်နိုင်မှ ဖြစ်မှာနော် ….”
ဒေါ်ချယ်ရီဆွေသည် သမီးဖြစ်သူ ဆွေဆွေနိုင်ကို ပြောလိုက်သည်။
” စိတ်ချပါ အမေရယ် …အခုလဲ ကိုမောင်က အိမ်လခကအစ ပေးနေတာပဲ … မကြာခင် သမီးအပိုင်ဖြစ်အောင် လုပ်ပါ့မယ် …”
ဆွေဆွေနိုင်က ထဘီလေးကို ချပ်ရပ်နေအောင် ခပ်တင်းတင်းဆွဲဝတ်နေရင်းမှ မိခင်ကို ပြောလိုက်သည်။
“အေးပါအေ ….အဲ့ဒါဆိုလည်း ပြီးတာပဲ ….အမေ က စိတ်ပူလို့ ပြောနေတာ…ရှေ့လျှော်က် အိမ်ရဲ့ စားဝတ်နေရေး အတွက် ညည်း အဖေက ဘာမှ အားကို ရတာမဟုတ်ဘူး ”
ဒေါ်ချယ်ရီဆွေသည် စိတ်မအေးစွာ သမီးဖြစ်သူကို ပြောလိုက်သည်။ ဒေါ်ချယ်ရီဆွေ စိတ်ပူမည်ဆိုလည်း ပူစရာပေ။ဒေါ်ချယ်ရီဆွေမှာ သမီးတစ်ယောက်သားတစ်ယောက်ရှိသည်။ ယောကျာ်းဖြစ်သူက လက်သမား အလုပ်လုပ်သော်လည်း အလုပ်က မရှိတစ်လှည့် ရှိတစ်လှည့်။ သမီးကြီးဖြစ်သူ ဆွေဆွေနိုင်က အထည်ချုပ်မှာလုပ်သည်။သားဖြစ်သူက အသ်က်နှစ်ဆယ်သာကျော်လာသည်။အလုပ်က မယ်မယ်ရရမရှိသေးချေ။မိသားစုထဲမှာ ပုံမှန်လစာ ရှိသူမှာ ဆွေဆွေနိုင် တစ်ယောက်သာရှိ၍ စားဝတ်နေရေးက ချောင်လည်သည် ဟူ၍မရှိလှခဲ့။သည်မိသားစု၏ အခက်အခဲများကြား၌ ဒေါ်ချယ်ရီဆွေသည် ကြံရာမရ သည့်အဆုံးတွင် ရုပ်ရည်အားဖြင့် သာမန်မျှသာ ရှိသော်လည်း ခန္ဓာကိုယ်ဖွံ့ထားလှသော သမီးဖြစ်သူ၏ အလှအပနှင့် ခိုင်းကောင်းသော သမက်ကို ရှာဖွေရန် ကြိုးစားရလေသည်။ထိုသို့ရှာဖွေရာတွင် လူပျိုလူလွတ်ထက် အလုပ်အကိုင်ဝင်ငွေကောင်းပြီး သမီးဖြစ်သူကိုတမ်းတမ်းစွဲဖြစ်နိုင်မည့်သူမျိုးကိုရှာဖွေရလေသည်။သမီးဖြစ်သူ ဆွေဆွေနိုင်သည် ယခင်ကလည်း လူမသိ သူမသိအိမ်ထောင်ကျဖူးသူဖြစ်၍ သူထက်ငါ စွမ်းသော စားပြီးပစ်ထားခဲ့မည့် လူလည်ပန်ကာမျိုးနှင့် မတွေ့ရန် သတိထားရလေသည်။ထိုသို့ရှာဖွေရင်းမှ ဒေါ်ချယ်ရီဆွေ ရော ဆွေဆွေနိုင်ပါ သဘောကျနှစ်သက်သော လူတစ်ယောက်ကို တွေ့ခဲ့ရလေသည်။ ထိုလူသည်ကား မောင်မောင်လတ် ဆိုသောသူပင်ဖြစ်လေသည်။မောင်မောင်လတ်သည် ဒေါ်ချယ်ရီဆွေတို့ နေသော ရပ်ကွက်မိန်းလမ်းမတွင် စက်ပစ္စည်းအမျိုးမျိုး ပြုပြင်ဆိုင်ဖွင့်ထားသည်။လူကလဲ ရည်ရည်မွန်မွန် သားသားနားနားရှိသည်။၀င်ငွေလည်းကောင်းသည်။အိမ်ထောင်လည်း ရှိသည် ။သို့သော် အိမ်ထောင် ရှိသည်ကို ဒေါ်ချယ်ရီဆွေ ဂရုမစိုက်ပေ။အဓိက က ကိုယ့်လူဖြစ်အောင် သိမ်းသွင်းနိုင်ဖို့သာ အရေးကြီးပေသည်။ သို့နှင့် ဒေါ်ချယ်ရီဆွေက မောင်မောင်လတ်အကြောင်းကို ခရေစေ့တွင်ကျ သိရအောင် စုံးစမ်းကြည်သည်။သည်မှာ ဒေါ်ချယ်ရီဆွေသိလာရသည်မှာ မောင်မောင်လတ်က တစ်နယ်သား ။ မောင်မောင်လတ်၏ ဇနီးဖြစ်သူက ဒေါ်ချယ်ရီဆွေတို့ နေသော ရပ်ကွက်သူ။ မောင်မောင်လတ်က သူ့ဇနီးကို သိပ်ချစ်သိပ်ဂရုစိုက်သည် ဆိုသော သတင်းကို သိလာရသည်။ဒေါ်ချယ်ရီဆွေမှာ မောင်မောင်လတ်ကို ချဉ်းကပ်နိုင်ဖို့ အရေး အခွင့်အရေးကို သေချာ လေ့လာရသည်။သည်အခါ ဒေါ်ချယ်ရီဆွေ ထပ်မံသိလိုက်ရသည်မှာ မောင်မောင်လတ်သည် ငယ်စဉ်ကတည်းက မိခင်ကို ဆုံးရှုံးခဲ့ရပြီး မိခင်မေတ္တာငတ်နေခဲ့မှန်းသိလိုက်ရသည်။နယ်တွင် ဖခင်ဖြစ်သူရှိသော်လည်း မောင်မောင်လတ်နှင့်အတူ လာမနေပါချေ။ ထို့အတူ မောင်မောင်လတ်၏ ဇနီးဖြစ်သူသည်လည်း မိဘများမရှိဘဲ အစ်မတစ်ယောက်သာရှိသည်ကိုသိလိုက်ရလေသည်။သည်အခွင့် အရေးကို လက်လွှတ်မခံဘဲ အသုံးချရန် ဒေါ်ချယ်ရီဆွေ စည်းစားကြံစည်ရတော့သည်။သည်ကြားထဲ၌ ကံအခွင့်အလမ်းက ဒေါ်ချယ်ရီဆွေ ဘက်ပါသည်ဟုပင် ပြောရလေမည်လား။မောင်မောင်လတ်သည် လမ်းမကြီးတွင် ဆိုင်ဖွင့်ထားပြီး သူ့ဇနီးက အိမ်တွင် အိမ်ဆိုင်လေးဖွင့်ထားသောကြောင့် မောင်မောင်လတ်ကို လိုက်၍မကြည်နိုင်ပေ။ ဒါသည် ဒေါ်ချယ်ရီဆွေတို့အတွက် အခွင့်အရေးဖြစ်ခဲ့သည်။မောင်မောင်လတ်ဆိုင်သို့ ပစ္စည်းအပျက်မှန်သမျှသွားပြင်သည်။ ပြီးလျှင်အိမ်သို့ရောက်အောင် ခေါ်သည်။အိမ်သို့ ရောက်လျှင် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးမွေးပြီး နွေးနွေးထွေးထွေးဆက်ဆံပေးလိုက်သည်။သည်လိုနှင့်ပင် ဒေါ်ချယ်ရီဆွေ၏ မဟာစီမံကိန်းကြီး အောင်မြင်ခဲ့လေပြီ။မောင်မောင်လတ်သည် ညဦးပိုင်း အချိန်များတွင် ဒေါ်ချယ်ရီဆွေတို့ အိမ်သို့ အလည်လာသည့် အခြေအနေမျိုးထိရောက်ခဲ့လေသည်။ထိုသို့ မောင်မောင်လတ်ရောက်လာပြီဆိုလျှင် ဒေါ်ချယ်ရီဆွေသည် ကွမ်းဝယ်သလိုလို ဆေးဝယ်သလိုလိုနှင့် မသိမသာ ရှောင်ထွက်ခဲ့ပြီး သမီးဖြစ်သူနှင့် မောင်မောင်လတ်ကို လွှတ်ထားပေးခဲ့သည်။ဒေါ်ချယ်ရီဆွေ၏ ယောကျာ်းဖြစ်သူကလည်း နယ်ဘက် မကြာခဏ သွားနေရ၍အဆင်ပြေသည်။သည်သို့ဖြင့်ပင် မောင်မောင်လတ်သည် ဒေါ်ချယ်ရီဆွေ၏ခါးပိုက်ထောင်ထဲသို့ ရောက်မှန်းမသိရောက်လာခဲ့လေသည်။
~~~~~~~~~~~~~~~~~~~
“မနက်ဖြန် ကိုယ်မြို့ထဲသွားအုံးမယ် .. ဆိုင်အတွက် လိုတာလေး သွားဝယ်မလို့ … နွေး ဘာမှာ အုံးမလဲ ”
မောင်မောင်လတ်၏ အမေးကြောင့် နွေးနွေး မီးပူတိုက်နေရာမှ မောင်မောင်လတ်ကို တစ်ချက်မော့ကြည့်လိုက်မိသည်။နွေးနွေး၏ အကြည့်ကို မောင်မောင်လတ် မသိမသာ ရှောင်ဖယ်လိုက်သည်ကို နွေးနွေးသိလိုက်သည်။မနက်ဆိုလည်း ဆိုင်သို့ခပ်စောစောသွားသည်။ညဆိုလည်ယခင်(လို မဟုတ် နောက်ကျမှ ဆိုင်က ပြန်လာတတ်သည်။သို့သော်လည်း ဘယ်ချိန် ဖြစ်ဖြစ် ဖုန်းဆက်လျှင် ကိုင်သည်ဖြစ်၍ နွေးနွေးမှာ စဉ်းစားရကြပ်လှသည်။သူ့ဆိုင်ကို နေ့စဉ် နွေးနွေးလိုက်ချောင်းဖို့ ဆိုသည်မှာလဲမဖြစ်နိုင်။ နွေးနွေး၏ အိမ်ဆိုင်လေးမှာ စောင့်ပေးမည့်သူ မရှိချေ။ထိုသို့ ယောကျာ်းဖြစ်သူကို လိုက်လံချောင်းမြောင်းနေရမည့်အဖြစ်ကို နွေးနွေးကိုယ်တိုင်လဲ ဘ၀င်မကျလှပါ။နှစ်ယောက်သားလက်ထပ်စဉ်ကတည်းက လွတ်လပ်ခွင့်ကို အလွှဲသုံးစား အသုံးမချကြရန် ကိုယ်စီ ကတိပြုခဲ့ ကြသည်။အိမ်ထောင်သည် ထောင် မဖြစ်စေရ။ထို့အတူ သာလာယံဇရပ်ကဲ့သို့လည်း စည်းမရှိဝါးမရှိမဖြစ်စေရဟု ကတိတွေ ပြုခဲ့ကြသည်။ထိုကတိတွေကို ကိုလတ် တစ်ယောက်လိုက်နာစောင့်ထိန်းလိမ့်မည် ဟူ၍လည်း နွေးနွေး ယုံကြည်ခဲ့မိသည်။သို့အတွက် ထင်ယောင်ထင်မှားစိတ်နှင့် ခင်ပွန်းဖြစ်သူ မောင်မောင်လတ်ကို ဖွင့်ဟ၍ မေးရန် စိတ်ကူး နွေးနွေးမှာမရှိပါလေ။
“အတော်ပဲ နွေးဆိုင် အတွက် လိုတာတွေကိုပါ ဝယ်ခဲ့ပေးလေ ကိုလတ် ”
ယောက်ျားဖြစ်သူကို နွေးနွေး အကြွင်းမဲ့ ယုံကြည်သည် မဟုတ်ပါ။သူ၏ ကိုယ်ကျင့်သိက္ခာကို လေးစားသောအားဖြင့် လက်ပူးလက်ကြပ် မမိသေးသ၍ နွေးနွေး၏စိတ်ထဲမှ သံသယအတွေးများကို မျိုသိပ်ပစ်ခဲ့သည်။
~~~~~~~~~~~~~~~~~
” အစ်ကိုကလဲ နောက်ကျလိုက်တာကွာ …ဆွေမျှော်နေတာ ကြာလှပေါ့ ”
ဆွေဆွေနိုင်က နှုတ်ခမ်းလေးစူ၍ မောင်မောင်လတ်ကို ပြောလိုက်သည်။
” အစ်ကို တောင်းပန်ပါတယ်ကွာ … နွေးက ဈေးမှာ ချင်တယ်ဆိုတာနဲ့ … သူစာရင်းရေးနေတာကို စောင့်နေရလို့ပါကွာ … စိ တ်မဆိုးနဲ့နော် ချစ်လေး ..”
မောင်မောင်လတ်သည် နှုတ်ခမ်းလေးကိုစူထော်ထားသော ဆွေဆွေနိုင်ကို ကြည့်၍ ချော့လိုက်သည်။အမှန်မှာ မောင်မောင်လတ်နှင့် ဆွေဆွေနိုင်မှာ အသက်အားဖြင့် လအနည်းငယ်သာ ကွာလေသည်။သို့သော်လည်း ဆွေဆွေနိုင်သည် စကားပြောလျှင် ကလေးငယ်ကဲ့သို့ ချွဲတဲတဲပြောလေ့ရှိသဖြင့် ထိုအမူအကျင့်ပုံစံကို မောင်မောင်လတ်က စွဲလမ်းနေမိသည်။သည့်ထက်ပို၍ ဆွေဆွေနိုင်၏ အမူအရာသည် ပွင့်လင်းသည် လေလား။ဆွေဆွေနိုင်သည် မောင်မောင်လတ်နှင့် တွေ့ဆုံသည့်အခါတိုင်း စကားပြောလျှင် မောင်မော်လတ်ကို ထိလိုက်ပုတ်လိုက်နှင့် လက်ဟန် ခြေဟန်နှင့် ပြောလေ့ရှိသည့်အပြင် မခို့တရို့မျက်နှာလေးနှင့် မြူသလိုလိုကြည့်တတ်သော အကြည့်များကို မောင်မောင်လတ် စိတ်မှ သာယာနေမိလေသည်။
” ဘာနွေးလဲ …အစ်ကိုနော် …ဆွေနဲ့ တွေ့တဲ့အချိန်မှာ အစ်ကို့ အဘွားကြီး အကြောင်းကို မပြောပါနဲ့ ဆို …. ဆွေ စိတ်မကောင်းအောင် အရမ်းပြောတာပဲ ”
“အင်း ..အင်းပါ ဆွေရယ် …နောက်ကို အစ်ကို သတိထားပါ့မယ်ကွာ..”
” ဟုတ် …ဆွေက စိတ်ဆိုးလို့ပြောတာ မဟုတ်ဘူးနော် အစ်ကို … သူ့နာမည်ကို ကြားရင် ဆွေ့ရင်ထဲမကောင်းလို့ပါ …ဆွေက အစ်ကို့ကို ချစ်လွန်းလို့သာ အစ်ကိုနဲ့ တွေ့နေရတာ …ဆွေ့က အစ်ကိုတို့ အိမ်ထောင်ရေးကို ဖျက်ဆီးနေမိသလို ခံစားနေရလို့ အမြဲစိတ်မကော င်း ဖြစ်နေမိတာ ……အချစ်ကြောင့် ဆွေ့ဘ၀က အငယ်အနှောင်းဖြစ်နေသလိုလဲ ခံစားနေရတယ် အစ်ကို ”
ဆွေဆွေနိုင်သည် မျက်လုံးထောင့်စွန်းကို တစ်ရူးစနှင့်တို့သုတ်ဟန်ပြု၍ ခေါင်းကိုပါ ငုံ့ချလိုက်လေသည်။
“ဟာကွာ အဲ့ဒါတွေမပြောပါနဲ့ ချစ်လေးရယ် … ချစ်လေး ရုပ်ရှင်ကြည့်ချင်တယ်ဆို … လာပါ ရုပ်ရှင်သွားကြည့်ကြမယ်လေ…”
မောင်မောင်လတ်သည် ပြောပြောဆိုဆိုနှင့် ဆွေဆွေ နိုင်၏ လက်ကလေးကို ဆွဲယူလိုက်ပြီး ရုပ်ရှင်ရုံရှိရာဘက်သို့ ခြေလှမ်းများကို ဦးတည်လိုက်လေသည်။
~~~~~~~~~~~~~~~~~~
” မနွေး .. ညီမကို အထင်မလွဲနဲနော် …ညီမက မြင်ခဲ့တာကို ပြောတာ …. သူက ဒီရပ်ကွက်ထဲကပဲ မနွေးရဲ့ … မနွေး ဆိုင်မှာ ဈေးဝယ်ဖူးလိမ့်မယ် …. လူကို မြင်ရင် မနွေး သိမှာပါ … နှစ်ယောက် လက်ချင်းတွဲလို့ မနွေးရဲ့ …သူတို့ကတော့ ညီမကို မမြင်ပါဘူး …. အဲ့ဒီမိန်းမ အိမ်ကို မနွေးသွားကြည့်ချင်ရင်ပြောနော် ….ညီမလိုက်ပို့ပေးမယ် …”
ဆိုင်မှာ ဈေးလာဝယ်နေကျဖြစ်သော ရပ်ကွက်ထဲမှ ကောင်မလေး၏ စကားကြောင့် နွေးနွေးရင်ထဲ၌ မီးတောင်ကြီး ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။အချစ်၊ ရမ္မက် စသော တဏှာဖုံးသော ခံစားချက်များထက် ယုံကြည်မှု ကို အလွှဲသုံးစားလုပ်ခြင်းကိုခံလိုက်ရသောကြောင့် ရင်ထဲမှ နာကျင်မှုသည် ဖော်ပြ၍ပင် မရနိုင်ပါချေ။မိမိစိတ်ထဲမှ သံသယ သက်သက်သာ ဖြစ်ပါစေဟု ဆုတောင်းနေသည့်ကြားမှ အမှန်တကယ် ဖြစ်လာခဲ့သည်ဆိုသောအခါ ရင်ထဲ၌ ဆို့နင့်၍နေသည်။
~~~~~~~~~~~~~~~~
“ဒုက္ခပါပဲ မိနွေးရယ် …အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ပြီပေါ့ …ဒီကိစ္စကို နင်သိယောင်မပြနဲ့ သွားမကြမ်းနဲ့… ဒီလိုကိစ္စမျိုးကို သိဟန် ပြလိုက်ရင် ယောကျာ်းတွေက မထူးဇာတ်ခင်းပြီး ရဲတင်းလာတတ်ကြတယ် …မသိဟန်ဆောင်ပြီး ကိုယ့်ဘက်ကို ပါအောင် ပြန်သိမ်းသွင်း ….”
မအေးရီသည် ညီမဖြသူကို စိုးရိမ်တကြီးပြောလိုက်မိသည်။မအေးရီ စိတ်တိုင်းကျသာဆိုလျှင် မတ်ဖြစ်သူ မောင်မောင်လတ်ကို အမှုန့်ပင် ကြိတ်ပစ်ချင်နေမိသည်။သို့သော်လည်း ညီမငယ်လေး အိမ်ထောင်ကွဲ ဘဝရောက်သွားမည်ကို မအေးရီ မလိုချင်။မလိုလားပါ ။
” နွေး … နွေး သူနဲ့ ကွာရှင်းချင်တယ် မမကြီး …နွေး သူ့ကိုရွံတယ် ….”
နွေးနွေးသည် အံကလေးကိုကြိတ်၍ အစ်မဖြစ်သူကို ပြောလိုက်သည်။
“ဘာ ..ဘာပြောတယ် မိနွေး ….နင်က တစ်ခုလပ် တစ်လင်ကွာဘ၀ကို ရောက်ချင်တာလား … ပတ်ဝန်းကျင်က ဘယ်လောက်တောင် ပြောကြမလဲ … နဂိုကမှ လူတွေက တစ်ခုလပ်ဆို အထင်သေးနေကြတာကို နင်မရှက်ဘူးလား ”
မအေးရီက ညီမဖြစ်သူ နွေးနွေး၏ ပခုံးနှစ်ဘက်ကို စုံကိုင်လိုက်ပြီး ကရုဏာဒေါသနှင့် ပြောလိုက်သည်။
“နွေး မရှက်ဘူး မမကြီး … ရှက်ရမှာက သူတို့လေ နွေးက ဘာလို့ ရှရေ့မှာလဲ … နွေးက လူမှုရေးဖောက်ပြန်ခဲ့တာမှမဟုတ်တာ ”
ဧကြည်ဖြူ
“တစ်ခုလပ် ”
အပိုင်း ( ၂ )
***********************
” ခေါင်းမမာစမ်းနဲ့ မိနွေး … လောကကြီးအကြောင်းကို နင်ဘာသိလို့လဲ … ပတ်ဝန်းကျင်ဆိုတာ သိပ်ကြောက်ဖို့ကောင်းတာ …နင်သာတစ်ခုလပ် ဖြစ်သွားကြည့်ပါလား … ရှေ့မှာတော့နင့်ကို သနားသလိုလို နောက်ကွယ်မှာ အထင်သေး အကဲစမ်းချင်တဲ့ သူတွေချည်းပဲ ”
မအေးရီက ရှေ့ရေးကို တွေးပူ၍ ပြောလိုက်သည်။
နွေးနွေး၏ အတွေးကတော့ ထိုသို့ မဟုတ်ချေ။ခေတ်လူငယ်ပီပီ ပြတ်ပြတ်သားသားရဲရဲရင့်ရင့်ပဲ တွေးချင်သည်။ရင်ဆိုင်ပစ်ချင်သည်။
“အဲ့ဒီဟာမတွေ ငါသိတယ် …တနင်္ဂနွေနေ့ကျရင် မယ်တော် ကျောင်းသွားပြီး အုန်းသီး သွားခွဲမယ် .. ဒီကြားထဲနင့်ဘက်က ဘာစကားမှမလွန်မိစေနဲ့နော် …ကိုယ့်ဘက်ကို ရအောင်သာဆွဲ … ဒီနေ့ ဆရာ့ဆီကို သွားပြီး ယတြာထပ်တောင်းလိုက်အုံးမယ် …”
မအေးရီက ပြောပြောဆိုဆိုနှင့် နွေးနွေး၏ ကုန်စုံဆိုင်ထဲမှ ထ၍ ထွက်သွားလေသည်။
နွေးနွေးသည် ရှိန်းရှိန်းတောက် ပူနေသော လမ်းမပေါ်တွင် ထီးခေါက်ကြီးကို ဖွင့် ဆောင်ရန်ပင် မေ့လျော့နေသည်အလား ထီးခေါက်မည်းကြီးကို ချိုင်းကြားညှပ်လျက် ခပ်သုတ်သုတ်ခြေလှမ်းများနှင့် ထွက်ခွါသွားသော အစ်မဖြစ်သူ၏ နောက်ကျောပြင်ကိုကြည့်လျက် ငိုချင်စိတ်ကို မနည်းပင် ထိန်းချုပ်ထားရလေသည်။မိမိရင်ထဲမှအပူထက် မိမိအတွက် ပူပင်ဗျာများ နေရှာသော အစ်မဖြစ်သူ့အတွက် နွေးနွေး၏ ရင်မှာမချိတင်ကဲခံစားနေရသည်။နွေးနွေးစိတ်ထဲမှာရှိသည့်အတိုင်းသာဆိုလျှင် ပြဿနာကို ချက်ချင်းရှင်းပြီး ခင်ပွန်းဖြစ်သူမောင်မောလတ်နှင့် အချိန်မဆိုင်းဘဲ ကွားရှင်းပစ်မိလေမည်လားမသိ။သို့သော်လည်း ယခုအခါ၌ အစ်မဖြစ်သူကို နွေးနွေးထည့်တွေးနေရသည်။မတော် တစ်ဖက် မိန်းခလေး မိသားစုကို ရန်သွားရှာနေမှာလည်း ကြောက်နေမိသည်။
~~~~~~~~~~~~~~~~~~~
” နွေးကို ပွင့် ပွင့်လင်းလင်းပြောပါ ကိုလတ် .. အိမ်ထောင်ရေး ရှုပ်ထွေးတာကို နွေးလက်မခံနိုင်ဘူး ”
အစ်မကြီး မအေးရီ အတန်တန်တားနေသည့်ကြားမှ နွေးနွေးသည် မောင်မောင်လတ်ကို ဖွင့်မေးပစ်လိုက်သည်။
“ဟာကွာ …လာပြန်ပြီ …မင်းတို့တွေ ကလေ အလုပ်မရှိအလုပ်ရှာနေကြတာပဲ …ဘာလဲ ယောကျာ်းနဲ့မိန်းမ တွဲပြီးတွေ့လိုက်တာနဲ့ ပေးစားပစ်လိုက်ကြတာပဲလား …ရိုးရိုးသားသားတောင် ခင်မင်ခွင့်မရှိဘူးလား …မင်းကို သဘောထားသေးသိမ်တဲ့သူ ဖြစ်မယ်လို့ မထင်ခဲ့မိဘူးနွေး …မင်းမယုံရင် ဆိုင်ကို နေ့တိုင်းလိုက်ခဲ့ … အိမ်မှာနေပြီး ငတုံးကြီးလို သူများ ပြောသမျှ ယုံမနေနဲ့ ”
သူကတစ်ပြန် စိတ်ဆိုးပြီး ပြောဆိုနေသော မောင်မောင်လတ်ကို ကြည့်ပြီး နွေးနွေး အံကိုကြိတ်၍ သက်ပြင်းချမိသည်။ နွေးနွေးအနေနှင့် သည်ကိစ္စကိုရှက်၍ ငြိမ်ခံနေသည်မဟုတ်။မသေချာ မခိုင်မာသေး၍သာ ခွန်းတုံ့မပြန်ခဲ့ခြင်းဖြစ်သည်။ ရင်ထဲမှာတော့ နာကျင်နေသည်။ဖြစ်သလိုနေ ဖြစ်သလို စားပြီး ရသောငွေနှင့် မတန်မဆ အလုပ်လုပ်ခဲ့ရသော မောင်မောင်လတ်ကို ကိုယ်ပိုင်ဆိုင်လေးနှင့် ဖြစ်အောင် နွေးနွေးကူညီပံ့ပိုးပေးခဲ့သည်။အစွမ်းအစရှိသောသူကို မီးခဲပြာဖုံးမဖြစ်အောင် နွေးနွေးသည် တစ်ဖက်တစ်လမ်းမှ ကြိုးစား ကူညီခဲ့သည်။ ထိုသို့ကြိုးစားမှုရလာဒ် သည် နွေးနွေးကိုမီးလောင်မြှိုက်စေခဲ့လေပြီလား။ နွေးနွေးအဖြစ် သည် မြင်းကိုချိုတပ် ပေးမိ၍ ကန်ချခံခဲ့ရလေပြီးလားပင် မသိပါချေ။
~~~~~~~~~~~~~~~~~~~
နွေးနွေးတိုင်ကပ်နာရီကို မော့ကြည့်လိုက်သည်။နာရီကညကိုးနာခွဲကို ညွှန်ပြနေသည်။နွေးနွေး၏ ချစ်ခင်ပွန်း မောင်မောင်လတ်တစ်ယောက်ကတော့ ပြန်မလာသေးပါချေ။နွေးနွေး သည် မောင်မောင်လတ်ဆီသို့ဖုန်းခေါ်လိုက်သည်။
“ဟယ်လို ”
မောင်မောင်လတ်၏ ထူးသံတွင် လေတိုက်သံများကို ကြားလိုက်ရသည်။
“ဆိုင်မပိတ်သေးဘူးလား …”
“ဆိုင်းက ပိတ်ပြီးပြီး နွေး%/
..ဆိုင်က ကောင်လေးကိုလိုက်ပြန်ပို့နေလို့ …ခုပြန်လာနေပြီ …ဖုန်းချလိုက်တော့မယ်နော် ဆိုင်ကယ်မောင်းနေရင်းမို့ …”
“အဟွတ် ..အဟွတ် ”
မောင်မောင်လတ်သည် ပြောပြီးသည်နှင့် ဖုန်းကို ချသွားလေသည်။သို့သော် မောင်မောင်လတ်၏ အသံနောက်တွင် ချောင်းဆိုးသံကို နွေးနွေး ကြားလိုက်ရသည်။ထိုချောင်းဆိုးသံသည် မောင်မောင်လတ်၏ ချောင်းဆိုးသံမဟုတ်ဘဲ မိန်းမတစ်ယောက်၏ အသံမှန်း နွေးနွေး သိလိုက်သည်။တစ်ဖက်မှ မောင်မောင်လတ်ဖုန်းချသွားသည်အထိ ဖုန်းကို ကိုင်လျက် နွေးနွေး သတိကင်းလွတ်နေသူလို ထိုင်နေမိသည်။ ” ရည်းစားလူလု အူနုကျွဲခတ် “ဆိုသော စကားသည် လွန်အံ့မထင် ။နွေးနွေးရင်ထဲ၌ တဆစ်ဆစ်နာကျင်နေသည်။သည်အခြေအနေမှာ နွေးနွေးအနေနှင့် ပေါက်ကွဲပစ်လိုက်ရမည်လား ။ သို့မဟုတ် အစ်မဖြစ်သူ ပြောသလိုပင် မသိဟန် ပြု၍ နေရလေမည်လား။ နွေးနွေးသည် ရှေ့ရေးကိုတွေး၍ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။ တစ်လောကလုံးက ဘယ်ယောကျာ်း ဖောက်ပြန်ဖောက်ပြန် မောင်မောင်လတ်တစ်ယောက်ကိုဖြင့် နွေးနွေးယုံကြည်ခဲ့သည်။နွေးနွေး ထိုင်ရာမှ ထလိုက်ပြီးလျှင် အိမ်ရှေ့လမ်းသို့ ထွက်ကြည့်မိသည်။လမ်းပေါ်တွင် မောင်မောင်လတ်၏ အရိပ်ယောင်သော်မျှ မတွေ့ရ။ မမြင်ရ။ မောင်မောင်လတ်၏ ဆိုင်မှ အကူကောင်လေးနေသော နေရာသို့ ဆိုင်ကယ်နှင့် သွားလျှင် အသွားအပြန်မှ ကြာလှနာရီ၀က်သာဖြစ်သည်။ယခုသော် နာရီလက်တံရှည်သည် မရပ်မနား သွားနေလေရာ ညဆယ်နာရီပင် ထိုးပေတော့မည်။ နွေးနွေး ဘဝသက်တမ်းတစ်လျှောက်လုံး ကြုံခဲ့ရသမျှ အပူ့တကာအပူထဲတွင် သည် အပူက ခံရခက်လှပေသည်။ရင်သည် ပူလောင်နေ၏။ဝမ်းလည်းနည်း၏။ ထို့အတူ အမျက်ဒေါသလည်း ထွက်မိသည်။လွှတ်လည်း လွှတ်ချပစ်လိုက်ချင်ဘည်။ထို့အတူ နာနာကျင်ကျင်နှင့်ပင် ဆုပ်ကိုင်ထားချင်မိသည်။မိန်းမသားအများစုတို့သည် ချစ်သူနှင့်အိမ်ထောင်ဖက်ကို တစ်ယောက်တည်းဖြစ်စေချင်ရုံမျှမက ထိုသူနှင့်ပင် သက်ဆုံးတိုင် ရွှေလက်တွဲသွားချင်ကြပေသည်။ထိုခံယူချက်သည်ပင် နွေးနွေးတို့မိန်းမသားများကို တစ်ပန်းရှုံးစေလေသည်လား။ သို့တည်းမဟုတ် အစ်မဖြစ်သူ ပြောသကဲ့သို့ပင် ပတ်ဝန်းကျင်၏အပြောများကို ကြောက်ရွံ့မိခြင်းကြောင့်ပေလား။
” နွေး ကိုယ့်ကို စောင့်နေတာလား ”
ဝူးခနဲ ဆိုင်ကယ်ထိုးရပ်သံနှင့်အတူ ခင်ပွန်းဖြစ်သူမောင်မောင်လတ်၏ အသံကို ကြားလိုက်ရသောအခါမှ နွေးနွေးသည် အိမ်ရှေ့လမ်းမပေါ်တွင် ထွက်ရပ်နေမိမှန်း ကိုယ့်ကိုယ်ကို သတိထားမိလေတော့သည်။
~~~~~~~~~~~~~~~~~~~
ဘာမှမဖြစ်သလို ပုံစံနှင့် အေးရာအေးကြောင် ရှိလှသော ယောကျာ်းဖြစ်သူမောင်မောင်လတ်ကိုကြည့်ပြီး နွေးနွေးစိတ်ထဲ တအုံနွေးနွေးနှင့်ကြိတ်မနိုင်ခဲမရဖြစ်နေမိသည်။ရင်ထဲမှ နာကျင်မှုသည် လည်ချောင်းဝတွင် ဆို့နင့်နေသည်။နာကျင်မှုများမှ တဆင့်ဖြစ်ပေါ်လာသော စကားလုံးများသည် လည်ချောင်းတစ်လျှောက်၌ တစ်ဆို့နေသည်။စိတ်ရှိတိုင်းသာဆိုလျှင် မောင်မောင်လတ်၏ ပခုံးနှစ်ဘက်ကို စုံကိုင်၍မေးပစ်လိုက်ချင်သည်။စိတ်ရှိတိုင်း ပေါက်ကွဲပစ်လိုက်ချင်သည်။မောင်မောင်လတ်၏ မျက်နှာကို လက်ညှိုးငေါက်ငေါက်ထိုး၍ စွပ်စွဲပစ်လိုက်ချင်သည်။သို့သော်လည်း အတွေးများသည် ပြင်ပသို့ခုန်ထွက်မလာခဲ့ပါချေ။ မတိကျမရေရာသေးသော သတင်းအတွက် နွေးနွေး အနေနှင့် စောင့်ထိန်းနိင်သမျှ စောင့်ထိန်းသွားမည်ဖြစ်သည်။
မောင်မောင်လတ်သည် ရေမိုးချိုးပြီးသည်နှင့် ထမင်းစားပွဲတွင် ဝင်၍ ထိုင်လေသည်။နွေးနွေးသည်လည်း ၀တ္တရားမပျက် ထမင်းခူးခပ်ပြင်ဆင်ပေးလိုက်သည်။ပြီးလျှင် ထမင်းစားပွဲဝိုင်းမှာပင် ထိုင်လိုက်ပြီး စားပွဲပေါ်မှ ဟင်းပန်းကန်များကို အဓိပ္ပါယ်မဲ့ငေးကြည့်နေမိလေသည်။ထိုအချိန်၌ နွေးနွေး၏ ရင်ထဲတွင် မွန်းကြပ် ရှုပ်ထွေး၍နေလေသည်။
“နွေးရော စားပြီးပြီး လား ”
မောင်မောင်လတ်၏ အမေးကို နွေးနွေး ခေါင်းငြိမ့်ပြလိုက်သည်။အမှန်စစ်စစ်၌မူ နွေးနွေးသည် ညစာပင်စားရန် သတိမရနိုင်ပါလေ။
“စားပြီးရင်လဲ သွားအိပ်ချင်အိပ်တော့လေ …ကိုယ်ဘာသာသိမ်းလိုက်ပါ့မယ် ”
မောင်မောင်လတ်၏ စကားအတိုင်း နွေးနွေးဧည့်ခန်းသို့ ထွက်လာခဲ့သည်။ပြီးလျှင် မောင်မောင်လတ်ကို မြင်ရသော နေရာတွင် ထိုင်လျက် မောင်မောင်လတ်ကို လှမ်း၍ကြည့်နေမိသည်။မောင်မောင်လတ်သည် ထမင်းစားနေရင်းမှ ဖုန်းကို ကြည့်လျက်ပြုံးရယ်နေသည်ကိုတွေ့ရလေသည်။နွေးနွေးသည် မောင်မောင်လတ်၏ ထိုပုံစံကို ငေးကြည့်နေမိပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလေသည်။
” နွေးအိပ်သွားပြီထင်တာ …မအိပ်သေးဘူးလား ”
မောင်မောင်လတ်သည် ထမင်းစားခန်းမှ ထွက်လာပြီးနောက် ဧည့်ခန်းထဲတွင် ထိုင်နေသော နွေးနွေးကို ကြည့်၍ အံ့ဩသွားဟန်ဖြင့် မေးလေသည်။နွေးနွေးသည် အံကို တစ်ချက် ကြိတ်လိုက်ပြီး မောင်မောင်လတ်၏ မျက်နှာကို စေ့စေ့ကြည့်၍ မေးလိုက်သည်။
” ကိုလတ် ရှင်တကယ်ပဲ အသစ်တွေ့နေတာလား …အသစ်တွေ့နေတယ်ဆိုရင်လဲ ကျွန်မကို ပွင့်ပွင့်လင်းလင်းပြောပါ ”
” ဘာ …ဘာပြောတယ် နွေး ..မင်း ဘာဖြစ်နေတာလဲ …မင်း ကိုယ့်ယောကျာ်းစကားထက် အခြားသူတွေရဲ့ စကားတွေကိုပဲ ယုံနေတာလား …မင်းကိုယ့်ကို စိတ်ရှုပ်အောင် လုပ်နေတာလား … မဟုတ်ပါဘူးလို့ ဒီလောက် ပြောနေတာကို ”
မောင်မောင်လတ်သည် စိတ်ဆိုးဒေါသထွက်နေသော အသံဖြင့် နွေးနွေးကို ပြောလေသည်။
“ခုန ဖုန်းပြောတုန်းက မိန်းမတစ်ယောက်ရဲ့ ချောင်းဆိုးသံကို ကြားလိုက်ရတယ် … အဲ့ဒါ ဘယ်သူလဲ ကိုလတ် ”
=================
ဧကြည်ဖြူ
” တစ်ခုလပ် ”
အပိုင်း ( ၃ )
***********************
“ဘာချောင်းဆိုးသံလဲ စိတ်ရှုပ်လိုက်တာကွာ…လမ်းပေါ်မှာ ဆိုင်ကယ်မောင်းနေတာလေ … ဘေးက အသံတွေကြားမှာပဲ ဘာမှမထူးဆန်းဘူး …..”
မောင်မောင်လတ်၏ အသံသည် မာ၍ထန်နေသည်။ပြီးလျှင် စိတ်ဆိုးမာန်ဆိုးပုံနှင့် ဧည့်ခန်း၏ အောက်ဆင့် စာရေးစာပွဲတွင် သွား၍ ထိုင်လေသည်။ပြီးလျှင် နွေးနွေးကိုကျောပေးလျက် ကွန်ပျူတာကိုဖွင့်၍ သုံးနေလေသည်။မောင်မောင်လတ်၏ ကျောပြင်ကိုကြည့်၍ နွေးနွေးသက်ပြင်းတစ်ချက်ချမိသလို သံဝေဂလဲရမိလေသည်။နွေးနွေးသည် မောင်မောင်လတ်အတွက် ကွန်ပျူတာဝယ်ပေးခဲ့သော်လည်း ကိုယ်တိုင်သုံးရန်အားမထုတ်ခဲ့ဘူးချေ။အချိန်ပြည့် အိမ်ဆိုင် အတွက် လုံးပန်းနေရသည်နှင့် နွေးနွေးမှာ အားလပ်ချိန်ပင် မရှိခဲ့ပါ။သည်ကြားထဲ၌ မောင်မောင်လတ်သည် အီလက်ထရောနစ် နည်းပညာကို ဝါသနာ ပါသော်လည်း မူလတန်းပဲ အောင်ခဲ့သူဖြစ်သောကြောင့် အားလပ်ချိန်များတွင် မောင်မောင်လတ်ကို အင်္ဂလိပ်စာသင်ပေးခဲ့ရသေးသည်။နောက်ဆုံးတွင် မောင်မောင်လတ်သည် အင်္ဂလိပ်စာကို အတော်အသင့်နားလည် သိကျွမ်းခဲ့ပြီး သူ့လုပ်ငန်းများမှာ အဆင်ပြေလာခဲ့သည် အထိပင်။ယောကျာ်းဖြစ်သူ အဆင်ပြေလာသောအခါ နွေးနွေးလည်းစိတ်ချမ်းသာခဲ့ရပါသည်။
“မအိပ်သေးဘူးလား ”
မောင်မောင်လတ်၏ မေးသံကို ကြားရသောအခါမှ နွေးနွေးသည် သတိဝင်လာပြီး နံရံပေါ်မှ နာရီကိုမော့ကြည့်လိုက်မိသည်။ညဆယ့်တစ်နာရီပင် ကျော်နေလေပြီ။မောင်မောင်လတ်သည် ပြောပြီးသည်နှင့် အိပ်ခန်းထဲသို့၀င်၍ သွားလေသည်။နွေးနွေးသည် ထိုင်နေသော ခုံပေါ်သို့ စိတ်ပျက်လက်ပျက် နှင့်လှဲချလိုက်မိလေသည်။
~~~~~~~~~~~~~~~~~
“မနေ့ညက သူ့မိန်းမကြားအောင်… သမီး တမင်ချောင်းဆိုးသံပေးလိုက်တယ် …”
“ဟဲ့ …တော်ကြာ ငါတို့ကို ပြဿနာလာရှာနေအုံးမယ် ”
ဒေါ်ချယ်ရီဆွေက သမီးဖြစ်သူ ဆွေဆွေနိုင်၏ စကားကြောင့် စိုးရိမ်တကြီးနှင့် ပြောလိုက်သည။
“မရှာပါဘူး အမေရယ် …အဲ့ဒီမိန်းမက သိပ်မာနကြီးတာ … သူကမယားငယ်နဲ့ ပြိုင်ဖက် ပြီး စကားပြေားမဲ့အဆင့်မျိုးမဟုတ်ဘူးတဲ့လေ ဘ၀င်ရူးနေတာများ ပြောပါတယ် ….သမီးနဲ့ မျက်နှာချင်းဆိုင် တွေ့တာတောင် မသိတဲ့ ဘဝင်ရူးမပါ အမေရယ် ”
ဆွေဆွေနိုင်သည် တစ်ဖက်သားကို မှိုချိုးမျှစ်ချိုး ပြော၍ သဘောကျစွာ ရယ်နေလေသည်။
“ဟဲ့ …သတိတော့ထားအုံး … သူ့အစ်မဆိုတာစွာတယ်တဲ့ …”
“အမလေး ဂရုစိုက်စရာလား အမေရယ် .. ကိုယ့်လူကို ပိုင်ဖို့ပဲ အရေးကြီးတာ …သူတို့ဘာသာ ဘာဖြစ်ဖြစ် ဆွေကတော့ဂရုကိုမစိုက်တာ ”
~~~~~~~~~~~~~~~~~~~
” မသွားချင်ဘူး မမကြီးရယ် …အဲ့ဒါမျိုးတွေ လုပ်ရမှာကို နွေးရှက်တယ် … မလုပ်ချင်ဘူး …”
နွေးနွေးသည် မယ်တော် ကျောင်းသို့သွားရန် အတင်းပင် ခေါ်ယူနေသော အစ်မဖြစ်သူကို ငြင်းဆန်လိုက်သည်။
“ဒုက္ခပါပဲအေ … နင်အဲ့လို ခေါင်းမာနေတာနဲ့ ဒုက္ခတော့ရောက်တော့မှာပဲ မိနွေးရယ် …”
“ဒုက္ခ … ဘာဒုက္ခ လဲ မမကြီး …အခုလို စီးပွားရေး အဆင်ပြေနေတာ သူတစ်ယောက်တည်းကြောင့် မဟုတ်ဘူးလေ … နွေးရဲ့ ကြိုးစားမူတွေလဲပါတယ် … သူနဲ့လမ်းခွဲရင်လဲ နွေး ဘာသာ ရုန်းကန်နိုင်ပါတယ် ”
နွေးနွေးသည် အစ်မဖြစ်သူကို စိတ်ထဲရှိသည့်အတိုင်း ပြောချပစ်လိုက်သည်။
“အေး ..နင့်စိတ်တိုင်းကျလုပ် …နင့် သဘောအတိုင်းသာနေ … နင့် ကိစ္စမှာ ငါဘာမှ ၀င်မပါတော့ဘူး…. နင်က အကြီးထက် ပိုသိပိုတတ်နေတာမဟုတ်လား ”
စိတ်ဆိုးမာန်ဆိုးနှင့် ပြောပြီး ထွက်သွားသော အစ်မဖြစ်သူ မအေးရီ၏နောက်ကျောပြင်ကို ကြည့်၍ နွေးနွေးရင်ထဲမှ အပူမီးကို ကြိတ်မှိတ် မျိုသိပ်လိုက်ရပြန်လေသည်။
~~~~~~~~~~~~~~~~~~~~
ယနေ့ညတွင် မောင်မောင်လတ်သည် ညရှစ်နာရီကျော်မှာပင် ဆိုင်သိမ်း၍အိမသို့ ပြန်ရောက်လာလေသည်။ သို့သော်လည်း မောင်မောင်လတ်သည် အိမ်သို့စောစီးစွာ ပြန်လာသော်လည်း ပြန်ရောက်ကတည်းက စာရေးစားပွဲခုံတွင် ထိုင်လျက် ဖုန်းနှင့် မျက်နှာအပ်လျက် အလုပ်များနေလေသည်။နွေးနွေးသည်လည်း ဘာမှ ပြောချင်စိတ်မရှိသောကြောင့် ကိုယ်လုပ်စရာရှိသည့်အလုပ်များပြီးသည်နှင့် အိပ်ခန်းထဲသို့ ဝင်ခဲ့လိုက်သည်။
နွေးနွေးသည် အိပ်ရာထဲတွင် တလူးလူးတလိမ့်လိမ့်နှင့် အတွေးများနေမိသည်။အိမ်ရှေ့ခန်းတွင် ရှိနေသော မောင်မောင်လတ်သည်မှု တုတ်တုတ် လှုပ်သံမျှပင် မကြားရပေ။
နွေးနွေးသည် ခြေကိုဖော့နင်းလျက် အခန်းပြင်သို့ ထွက်ခဲ့လိုက်သည်။အခန်းဝမှ နေ၍ ယောကျာ်းဖြစ်သူ မောင်မောင်လတ်ကို လှမ်းကြည့်လိုက်သောအခါတွင် ဖုန်းကိုသဲကြီးမဲကြီး စိုက်ကြည့်လျက်ရှိသည်ကို တွေ့လိုက်ရလေသည်။နွေးနွေးသည် ခြေကို ဖော့နိုင်သမျှ ဖော့နင်း၍ မောင်မောင်လတ်ရှိရာဆီလျှောက်သွားလိုက်လေသည်။မောင်မောင်လတ်သည် ဖုန်းထဲတွင် စိတ်နစ်မြှုပ်နေသောကြောင့် နွေးနွေး သူ့နားသို့ရောက်နေသည်ကို သတိပြုမိဟန်မရှိပါချေ။နွေးနွေးသည် မောင်မောင်လတ်၏ နောက်ကျောမှနေ၍ မောင်မောင်လတ်၏ ဖုန်းကို လှမ်းကြည့်လိုက်လေသည်။
“ပိုက်ဆံက သုံးစရာမရှိတော့ဘူး အစ်ကို ”
” အစ်ကို ပိုက်ဆံလွှဲပေးလိုက်မယ် ချစ် ”
မောင်မောင်လတ်၏ ဖုန်းထဲမှ စာများကို ဖတ်ပြီး နွေးနွေးမျက်လုံးထဲတွင် ပျာခနဲ မိုက်ခနဲ ဖြစ်သွားမိသည်။ထို့နောက် ထိန်းထားသည့်ကြားမှပင် မောင်မောင်လတ်၏ ဖုန်းကို ဆတ်ခနဲ ဆွဲယူပစ်လိုက်သည်။
“ဟာ ..နွေး မင်း ဘာလုပ်တာလဲ ”
မောင်မောင်လတ်သည် ရုတ်တရက်မို့ ထိတ်လန့် အံ့ဩသွားပုံရသော်လည်း နွေးနွေး၏ လက်ထဲမှ ဖုန်းကို ပြန်လုယူလိုက်ပြီးနောက် ကြမ်းပြင်ပေါ်သို့ ပေါက်ခွဲပစ်လိုက်လေသည်။
” ရှင် …ရှင် ဒါဘာလုပ်တာလဲ….အဲ့ဒီမိန်းမက ဘယ်သူလဲ …ဘယ်ကလဲ … ပြောလေ ပြော …ကဲဟာ ….ကဲဟာ ”
“ဖြန်း ..ဖြန်း …ဖြန်း ”
မည်မျှပင်ကိုယ့််စိတ်ကို နိုင်ပါသည်ဟု ဆိုသော်ငြား လက်တွေ့ကြုံလိုက်ရသောအခါတွင် နွေးနွေး၏ စိတ်တွေလွတ်ထွက်သွားသည်။ဒေါသတကြီးနှင့် မောင်မောင်၏ ပါးပြင်ကို ဘယ်ပြန်ညာပြန် ချပစ်လိုက်သည်။ပြီးလျှင် ကိုယ့်ကိုယ်ကို အသဲမာသည်ဟု ထင်ထားမိသော နွေးနွေးသည် ရှိုက်ကြီးတငင် ငိုချလိုက်မိသည် ။
~~~~~~~~~~~~~~~~~~~
“ဘာ ကွားရှင်းတော့မယ် ဟုတ်လား မိနွေး …လွယ်လှချည်းလားအေ … ဘယ်သူ ဝမ်းသာဖို့ ကွာရှင်းမှာလဲ … ယောက်ျားဆိုတာ တစ်ကြိမ်တစ်ခါတော့ မှားဖူးမှာပဲ .. ဒါကို သည်းခံရမှာက မိန်းမတွေ တာဝန်ပဲ ”
အစ်မဖြစ်သူပြောသောစကားများကို နွေးနွေးနားထောင်နေလိုက်သည်။နွေးနွေးစိတ်တွင်း၌မူ သည့်ထက်ပို၍ သည်းခံနိုင်စွမ်းအားမရှိတော့ပါချေ။
“အဲ့ဒီဟာမ ဘယ်သူလဲ နင်သိလား … ငါ ရိပ်မိနေတာကြာပြီ …မသိဟန်ဆောင်ပေးနေတာ …နင်က ခုလို ကွာရှင်းမယ်ဆိုတော့ ငါစီမံထားသမျှ အလကားဖြစ်တာပေါ့ ဟဲ့ ”
~~~~~~~~~~~~~~~~~~~~
“အမေရေ ..ကိုမောင့် မိန်းမကြီးတော့ သိသွားပြီ ….သူက ပြဿနာ မရှာရင်တောင် သူ့အစ်မဆိုတဲ့ မိန်းမက ပြဿနာ လာရှာနိုင်တယ်တဲ့ ..အဲ့ဒါကြောင့် ….ကိုမောင်က သမီးကို အဆောင်မှာ ခဏ ပြောင်းနေတဲ့ လေ…အမေတို့ အဆင်ပြေပါ့မလား ”
ဆွေဆွေနိုင်က မိခင်ဖြစ်သူကို ပြောလိုက်သည်။
” အမလေးတော် … ဘာကြောက်စရာရှိလဲ ..သူဆဲ ကိုယ်ဆဲ သူချကိုယ်ချပေါ့ …ဒီလိုလင်တရူးမ တွေကို ကြောက်နေစရာ အကြောင်းကို မရှိဘူး ….ညည်းသာ မောင်မောင်လတ်ကို အပိုင် ကိုင်နိုင်အောင်လုပ် ”
ဒေါ်ချယ်ရီဆွေသည် ပြောပြောဆိုဆိုနှင့် အိမ်ထောင့််တွင် ထောင်ထားသော ဝါးရင်းတုတ်ကို လက်နှင့် ဆွဲကိုင်လိုက်သကဲ့သို့ သမီးဖြစ်သူဆွေဆွေနိုင်သည်လည်း အဝတ်အစားများကို အိတ်ထဲထည့်လျက် သားအမိနှစ်ယောက် တက်ညီလက်ညီ လှုပ်ရှားနေကြလေသည်။
~~~~~~~~~~~~~~~~~~~
နွေးနွေးသည် ရင်ထဲမှ အပူသောကကို ဟန်မပျက်ထိန်းလျက် မောင်မောင်လတ်၏ အဝတ်အစားများကို သေတ္တာတစ်လုံးထဲသို့စုထည့်ပေးလိုက်သည်။မောင်မောင်လတ်သည် နွေးနွေး လုပ်သမျှကို ငြိမ်လျက် ကြည့်နေသည်။နွေးနွေးသည် အိမ်ရှိမောင်မောင်လတ်၏ ပစ္စည်းများအားလုံးကို သေဘ္ဘာထဲသို့ စုထည့်လိုက်ပြီး မောင်မောင်လတ်၏ ရှေ့တွင် ချပေးလိုက်သည်။ မောင်မောင်လတ်သည် စကားတစ်ခွန်းမျှ မပြောဘဲ နွေးနွေး လုပ်သမျှကို ထိုင်၍ကြည့်နေလေသည်။
” စုဆောင်းထားတဲ့ ငွေကို ကျွန်မ နှစ်ပုံယူမယ် … ရှင်တစ်ပုံယူပေါ့ ….ရှင့်ကို တစ်သက်လုံးလုပ်စားလို့ရမဲ့ စက်ပညာပါ သင်နိုင်အောင် ကျွန်မကူညီပေးခဲ့တာပဲ … ဒီလောက်တော့ ရှင်လက်ခံနိုင်တယ်မဟုတ်လား … ပြီးတော့ ကျွန်မ ဒီအိမ်မှာ အိမ်လခပြည့်တဲ့အထိ ဆက်နေမယ် …ရှင့်ကတော့ ဒီနေ့ပဲ ပြောင်းပေးပါ …တကယ်လို့ ကျွန်မ အစ်မက ရှင်တို့ကို လာပြီး ပြောဆိုခဲ့ရင်တော့ ရှင်သည်းခံလိုက်ပေါ့ …ဒီလောက်တော့ အပြောအဆို ခံရသင့်တယ်မဟုတ်လား ”
“အေး ပြောတဲ့ ဆိုတဲ့ နေရာမှာ အတိုင်းအတာတော့ ရှိတယ် …လိုတာထက်ပိုလွန်လာရင်တော့ သည်းခံဖို့ခက်တယ် .. မင်းရဲ့ တူတွေပါ ပါလာခဲ့ရင် ငါ သည်းခံနိုင်မှာ မဟုတ်ဘူး ”
မောင်မောင်လတ်၏ စကားကြောင့် နွေးနွေးသည် မောင်မောင်လတ်၏ မျက်နှာကို စက်ဆုပ်ရွံရှာစွာနှင့်ကြည့်လိုက်မိပြီး ဒေါသ မာနနှင့် ပြောလိုက်သည်။
” ဒီမှာ ကိုမောင်မောင်လတ် ….ကျွန်မ အစ်မက ရှင့်ရဲ့ အရင်ကစုတ်တိစုတ် ပြတ်ဘဝကို သိလို့ မခံချင်စိတ်နဲ့ ပြောချင် ပြောလိမ့်မယ် …ကျန်တဲ့ ဆွေမျိုးသားချင်းတွေက ရှင်တို့ကို ရွံလွန်းလို့ ပြိုင်ဖက်ပြီး ပြောနေမှာ မဟုတ်ဘူး သိရဲ့လား… ရယ်စရာကောင်းတာတွေ ပြောမနေနဲ့ …ကျွန်မတောင် ရွံလွန်းလို့ ရှင်မျက်နှာကို ဆက်မကြည့်ချင်တော့တဲ့ဟာကို မျှော်လင့်မနေနဲ့ ”
ဒေါသဖြစ်လွန်း၍ နွေးနွေး စိတ်တိုတိုနှင့် မောင်မောင်လတ်ကို ပြောပစ်လိုက်သည်။မောင်မောင်လတ်သည် သူဖောက်ပြန်နေသည်ကို နွေးနွေး သိသွားသောအခါ တိုးလျှိုး တောင်းပန်ခဲ့သော်လည်း ရက်အပိုင်းအတွင်းမှာပင် ဂနာမငြိမ် ပြန်ဖြစ်လာသောကြောင့် နွေးနွေးသည် ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနှင့် ကွာရှင်းဖို့ရန် ဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်သည်။ထိုဆုံးဖြတ်ချက်အတွက် အစ်မဖြစ်သူနှင့် အတိုက်အခံ ဖြစ်ခဲ့ရသည်။သို့သော်လည်း နွေးနွေး အနေနှင့် ဆုံးဖြတ်ထားသည့်အတိုင်းပဲ လုပ်ဆောင်ခဲ့သည်။ဖောက်ပြန်သော ယောကျာ်းကို ဆက်လက်ပေါင်းသင်းရန် နွေးနွေး မသတီပါလေ။မြွေပွေးခါးပိုက်ပိုက်ထားရသော အဖြစ်မျိုးနှင့်လည်း နွေးနွေးမနေနိုင်ပါ။ နွေးနွေး၏ ဘဝသည် မောင်မောင်လတ်ကြောင့် တိုးတက်ခဲ့သည်မှာ မှန်သော်လည်း မောင်မောင် လတ်သည်လည်း နွေးနွေးကြောင့် လူရောင်သူရောင် ပြောင်လာခဲ့သည်မဟုတ်ပါလား။
~~~~~~~~~~~~~~~~~
“နွေးနွေးရေ …နင့်အစ်မအေးရီလေ ဒေါ်ချယ်ရီဆွေတို့အိမ်ရှေ့မှာ စိန်သွားခေါ်နေတယ် .. သူ့သမီး ဆွေဆွေနိုင်တော့ မရှိတာကြာပြီလို့ပြောတယ် … နင့်အစ်မကို သွားခေါ် အုံးလေ …နင့် ခဲအိုတော့ ဆွဲခေါ်နေတယ်ဟဲ့ ”
ကြားရသော စကားသည် နွေးနွေး၏ စိတ်အစဉ်ကို ညစ်နွမ်း ရှုပ်ထွေးသွားစေသည်။သတင်းစကားပါးလာသူ များသည် ဆိုင်ရှေ့မှ ထွက်မသွားသေးဘဲ နွေးနွေးကို အကဲခတ်ကြည့်နေကြမှန်း နွေးနွေး သိသည်။သူတို့သည် နွေးနွေး၏မျက်နှာကို မျက်တောင်မခတ်တမ်းကြည်၍နေကြပေလိမ့်မည်ထင်သည်။အတန်ကြာ နွေးနွေးကိုစူးစမ်းကြည့်နေပြီးနောက် နွေးနွေးဆီမှ တုံ့ပြန်မှုကို မမြင်ရသောအခါ သနားသည့် ဟန်ပန် အမူအရာဖြင့် ထွက်သွားကြလေသည်။သူတို့သည် နွေးနွေးဆီမှ ဘယလိုတုံ့ပြန်မှုမျိုးကို မျှော်လင့်နေကြသည်လည်း နွေးနွေးမတွေးချင်သော်လည်း တွေးနေမိပြန်သည်။နွေးနွေးစိတ်ပျက်အားငယ်နေသည်ကို သူတို့မြင်ချင်ကြသည်လား ။ သို့တည်းမဟုတ် အမျက်ဒေါသထွက်လျက် ရန်လိုနေသော နွေးနွေး၏ ပုံစံကို မြင်ချင်ကြလေသည်လားမသိပါချေ။သေချာသည်မှာ နွေးနွေးသည် မောင်မောင်လတ်နှင့် ဆွေဆွေနိုင် ဆိုသော အမျိုးသမီးကြောင့် ရင်ထဲတွင် အနာတရ မကျန်ခဲ့သော်လည်း ပတ်ဝန်းကျင်၏ အကြည့်များကြောင့် တစ်နေ့တစ်ခြား သိမ်ငယ်လာသလို ခံစားနေရလေသည်။
~~~~~~~~~~~~~~~~~
” ကိုယ့်ရပ် ကိုယ့်ရွာကို စွန့်ပြီး ဘာကိစ္စ နင်က ပြောင်းရမှာလဲ .. ဘယ့်သူကို ဂရုစိုက်ရမှာလဲ …သူတောင် အရှက်မရှိနေရဲသေးတဲ့ဟာ … နင်က ဘာလို့ ထွက်ပြေးရမှာလဲ ”
ထိုသို့ အစ်မဖြစ်သူတားနေသည့်ကြားမှ နွေးနွေးအိမ်ပြောင်းရွေ့ခဲ့သည်။မပြောင်းလို့လည်း မဖြစ်ချေ။မိတ်ဆွေသူငယ်ချင်းများအပါအ၀င် ပတ်ဝန်းကျင်ရှိ လူများသည် မောင်မောင်လတ်၏ သတင်းကို နွေးနွေးဆီသို့ မရောက်ရောက်အောင်ပင် သယ်ဆောင်လာတတ်ကြသည်။မောင်မောင်လတ်သည် ဆွေဆွေနိုင်ဆိုသော အမျိုးသမီးကို အခြားရပ်ကွက်တွင် အိမ်ငှားပေးထားပြီး ညဘက်တွင် ထိုအိမ်သို့ သွားအိပ်ပြီး မနက်စောစောမှ ဆိုင်သို့ ပြန်လာတတ်ကြောင်း နှင့် မတော်ရသေးသော ယောက္ခမများကိုလည်း ထောက်ပံ့ကြောင်း သတင်းများကို သယ်ဆောင်လာကြလေသည်။အမှန်ဆိုရမူ ထိုသတင်းများအတွက် နွေးနွေးတင်ရင်ထဲ၌ ခံစားချက်ကင်းမဲ့လှပါသည်။သို့သော်လည်း ပတ်ဝန်းကျင်၏ အကြည့်များ ၊ အပြောများကိုမူ ကြာလေ နွေးနွေး ရင်မဆိုင် ရဲလေဖြစ်လာခဲ့မိလေသည်။
“သူကြင်မှ ကိုယ်ကြင်ပါ နွေးနွေးရယ် ..ဒီလိုကောင်ကို မေ့ပစ်လိုက်စမ်းပါအေ ”
“တစ်ယောက် မကောင်း တစ်ယောက် ပြောင်းလိုက်စမ်းပါအေ … ဘာလွမ်းစရာရှိလဲ ”
“သူယူလိုက်တဲ့ဟာမထက် နင်က အပုံကြီးလှပါတယ် နွေးနွေးရယ် …ဒီလိုကောင်ကို ဆွေးမနေနဲ သူ့ထက်သာတာကို ရှာယူပြလိုက်စမ်းပါ ”
ကြာသောအခါ ထိုစကားလုံးများကြောင့် နွေးနွေးသည် အဝေးဆုံးသို့ ပြေးထွက်သွားချင်မိသည်။ သူတို့၏စိတ်ထဲတွင် နွေးနွေးသည် မောင်မောင်လတ်ကြောင့် ကြေကွဲခံစားနေရသည် ဆိုသော အထင်ကို နွေးနွေး ရင်မဆိုင်ရဲတော့ပါချေ။နွေးနွေး အလှပြင်လျှင်လည်း မောင်မောင်လတ်ကို မခံချင်စိတ်ကြောင့် မာနနှင့် နေပြသည် ဟု ထင်ကြေးပေးကြပြန်သည်။တစ်ခါတလေများ နွေးနွေး မပြင်မဆင်နေမိလျှင်လည်း မောင်မောင်လတ်ကြောင့် ပူပန်သောကများနေသည်ဟု ပြောကြပြန်လေသည်။ နွေးနွေး အနေနှင့် ဘယ်လိုနေနေ ပတ်ဝန်းကျင်၏ အပြောများမှ မလွတ်မြောက်နိုင်ခဲ့ပါ။တစ်ခါတစ်ရံ နွေးနွေးစိတ်လိုလက်ရနှင့် “သူတို့နဲ့ ပတ်သက်ပြီး ကျွန်မမှာ ဘာခံစားချက်မှ မရှိဘူး”ဟု ဖြေရှင်းမိလျှင် သူတို့သည် နွေးနွေး မျက်နှာကို ကြည့်ပြီး စုတ်တသပ်သပ်နှင့် ဖြစ်ကြလေသည်။အခံရအခက်ဆုံးမှာ နွေးနွေး၏ အခင်မင် ဆုံး မိတ်ဆွေသူငယ်ချင်းများသည်ပင်
“နွေးရေ …ငါမနက်က အဲ့ဒီကောင်ကို တွေ့တော့ စောင်းမြောင်းပြီး ပြောဆို ပစ်လိုက်တယ်သိလား … နင့်အတွက် မခံနိုင်လွန်းလို့ပါဟယ် …ဒီလိုကောင်ကို နင် တမ်းတမနေနဲ့နော် ”
“အဲ့ဒီကောင် ရုပ်လေ … နင်နဲ့နေတုန်းက ပုံစံနဲ့ တခြားစီပဲဟယ်…ဟိုကောင်မဆိုတာလဲ …အရှက်မရှိတဲ့ရုပ်နဲ့ပါဟယ် …ဒီလိုကောင် အတွက် နင်ဘာမှ ခံစား နေစရာမလိုဘူး ”
ကြာသောအခါ နွေးနွေးပေါက်ကွဲချင်လာမိသည်။ မောင်မောင်လတ် အကြောင်းကို လာပြောသူမှန်သမျှကို မောင်မောင်လတ်နှင့် ပြောဆို ပေးစားချင်သော စိတ်ရိုင်းများပင် ဝင်လာမိသည်။သည်ကြားထဲ၌ အစ်မဖြစ်သူ မအေးရီကလည်း မောင်မောင်လတ်ကို မကြာခဏ သွားရောက် စောင်းမြောင်း ပြောဆိုနေတတ်သောကြောင့် နွေးနွေးမှာ သာ၍ပင် စိတ်ဆင်းရဲရပြန်လေသည်။ကြာသောအခါ နွေးနွေး ငယ်စဉ်ကပင် ကျင်လည်ခဲ့သော ပတ်ဝန်းကျင်သည် နွေးနွေးကို နွေးနွေးအဖြစ် မြင်မပေးနိုင်တော့ဘဲ ယောကျာ်း ဖောက်ပြန်သွားသောသူ၊ မယားငယ်ယူသွားတဲ့သူရဲ့ ကျန်ရစ်သော မယားကြီးအဖြစ်သာမြင်ကြလေသည်။ယုတ်စွအဆုံး နွေးနွေးအပြင်ထွက်သော အခါ ကြည့်သော မျက်လုံးများကို နွေးနွေး ကြောက်ရွံ့လာမိသည်။ဖောက်ပြန်ခဲ့သူသည် မောင်မောင်လတ်ဖြစ်လင့်ကစား စွန့်ပစ်ခဲ့သူမှာ နွေးနွေးပါဟု အားလုံးသိအောင်ပင် အော်ဟစ်ပြောဆိုချင်လာမိသည်။ ထိုကိစ္စများအတွက် မည်မျှလောက်အထိ နွေးနွေးကိုရိုက်ခက်ခဲ့သည်လည်း ဆိုရသော် တစ်ခါတလေ နွေးနွေးစိတ်ထဲ၌ မောင်မောင်လတ်တို့ကို သတ်ပစ်ချင်စိတ်များပင် ပေါ်ပေါက်မိသည် အထိဖြစ်ပါလေသည်။ထိုသို့ ခံစားချက်များသည်ပင် နွေးနွေး၏ ရပ်ကွက်လေးကို ကျောခိုင်းစွန့် ခွါရန် အကြောင်း လုံလောက်ခဲ့လေသည်။
~~~~~~~~~~~~~~~~~
နေရာသစ်သည် နွေးနွေးကို ခပ်စိမ်းစိမ်းပင် ကြိုဆိုနေခဲ့လေသည်။နွေးနွေးသည် ပါလာသော ငွေလေးကို စုစုဆောင်း ဆောင်းထားလိုက်ပြီးလျှင် ဖိနပ်အရောင်းဆိုင်တစ်ဆိုင်တွင် အလုပ်ဝင်လိုက်လေသည်။
====================
အပိုင်း (၄ ) ဆက်ရန်
ဧကြည်ဖြူ
တစ်ခုလပ် ”
အပိုင်း ( ၄ )
********************
အမြဲတမ်း ကိုယ်ပိုင် အလုပ်ပဲ လုပ်ခဲ့သူဖြစ်သောကြောင့် အလုပ်ထဲမှာ နွေးနွေး မပျော်နိုင်ခဲ့ပါ။ ရသောလစာနှင့် လုပ်ရသော လုပ်အားက ဝန်မ မျှခဲ့ပေ။မနက်ဆို ( ၇ ) နာရီ အရောက်သွားရပြီး တစ်နေကုန်ကားတစ်စီးနှင့် ဖိနပ်အရောင်းထွက်ရသည်။ဆိုင်ဟောင်းဆိုလျှင် မှာသောဖိနပ်များကို ၀င်ချပေးရုံဖြစ်သော်လည်း ဆိုင်သစ်ဆိုလျှင် အားပေါက်မတတ် ရှင်းပြပြောပြပြီး ဖောက်သည်စပ်ရသည်။နေကုန်နေခန်း ကားပေါ် ဆင်းလိုက် တက်လိုက်နှင့် အချိန်ကုန်ရသည်။ထမင်းစားချိန်လည်း မမှန် ကြုံသလိုလမ်းဘေးမှာ ကားရပ်ပြီးစားကြရသည်။တစ်ခါတလေ ညနေ သုံးနာရီလေးနာရီအထိ မနက်စာမစားရဘဲ သက်မှတ် ရောင်းကြေးမီအောင် သွားရလာရသည်။ညနေသို့ ရောက်သောအခါ ငါးနာရီကျော်သည်နှင့် အရောင်းရပ်ပြီး ပြန်သော်လည်း လမ်းမှာကား ပိတ်သည်နှင့် ဆိုင်သို့ ညခုနှစ်နာရီကျော်မှ ပြန်ရောက်သည်။ဆိုင်သို့ ရောက်သည်နှင့် ရောင်းရငွေကို အပ်ပြီး စားရင်တင်ပြရသည်။စာရင်းကွာ၍ ငွေအလို ပြလျှင်လည်း အရောင်းသမားတွေကပဲ စိုက်လျော်ရသည်။အားလုံး ပြီးစီး၍ အဆောင်သို့ပြန်ရောက်လျှင် ညဆယ်နာရီကွက်တိပင်။ သည်ကြားထဲ အလုပ်ပင်ပန်းတာထက် အလုပ်သမားအချင်းချင်း ပညာပြခံရ၊ အနှိမ်ခံ အပြောခံရသည်မှာ ဆိုးလှသည်။အလုပ်မှာ ကျွမ်းကျင်နေသော ဝါရင့်အလုပ်သမားများက အလုပ်သမားအသစ်မို့ နှိမ်ချင်ပြောချင်သည်။ကြာသောအခါ လူသည် စက်ရုပ်ကဲ့သို့ပင် ဖြစ်လာသည်။ကိုယ့်ရပ်ကွက်လေးမှာပင်ပြန်၍ ဈေးဆိုင်လေးဖွင့်ပြီး ဘ၀ကို အေးအေးလူလူ ဖြတ်သန်းချင်လာသည်။သို့သော်လည်း ပြန်ရန်မဝံ့ရဲပါ။ရပ်ကွက်ထဲမှ မိတ်ဆွေအပေါင်းအသင်းများ၏ မျက်နှာကို ကြည့်ရန် သတ္တိမရှိသေးပါချေ။အချိန်ကာလတစ်ခုကြည်အထိ ကြိတ်မှိတ်၍ နေရလိမ့်မည်ထင်ပါသည်။
~~~~~~~~~~~~~~~~
အချိန် တစ်နှစ်ကျော်ခန့် အကြာတွင် နွေးနွေးသည် အလုပ်မှာကျင့်သားရလာသည်။ရသမျှ ငွေကို စုဆောင်း၍ထားသည်။ နွေးနွေး၏ ရည်မှန်းချက်သည် အသက်သုံးဆယ်တွင် အိုးပိုင် အိမ်ပိုင်နှင့် ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းရန်ပင် ဖြစ်လေသည်။
“မနွေးကိုလေ ကျော်ကျော်ကစိတ်ဝင်စားလို့တဲ့ …အဲ့ဒါ ညီမကို အောင်သွယ်ခိုင်းနေတယ် ”
အလုပ်အတူလုပ်နေသော နေခြည်၏ စကားကြောင့် နွေးနွေး မျက်မှောင်ကို ကြုတ်လိုက်မိသည်။ကျော်ကျော်ဆိုသည်မှာ နွေးနွေးလိုပင် ရန်ကုန်မြို့စွန်တစ်နေရာမှ မြို့ထဲအဆောင်မှာလာနေပြီး အလုပ်လုပ်နေသော ကောင်လေးဖြစ်သည်။နွေးနွေးထက် လေးငါးနှစ်လောက်ငယ်မည် ထင်သည်။
“မဖြစ်နိုင်တာ နေခြည်ရယ် သူ့အသက်က အခုမှ နစ်ဆယ်ကျော်လေး မဟုတ်လား ….အစ်မ အဲ့ဒါတွေကို စိတ်မ၀င်စားဘူးလို့ ပြောလိုက်ပါကွယ် ”
အသက်နှစ်ဆယ်ကျော်စ ထိုကောင်လေးကို နွေးနွေးစိတ်မဝင်စားပါ။ ထိုကောင်လေးကိုမှ မဟုတ် မည်သူ့ကိုမျှ နွေးနွေးစိတ်မ၀င်စားပါ။ထိုသို့ နွေးနွေး၏စိတ်ကို ငယ်သူငယ်ချင်းများကိုသာ ပြောပြမိလျှင် သူတို့စိတ်ထဲ၌ မောင်မောင်လတ်ကို မမေ့နိုင်သေးသောကြောင့်ဟု ပြောကြလိမ့်မည်ထင်သည်။အမှန် ဆိုရလျှင် အချစ်ဆိုသော အရာကို နွေးနွေး သေချာ မသုံးသပ်တတ်ပါချေ။မောင်မောင်လတ်နှင့် ပတ်သက်၍ နွေးနွေး၏ရင်ထဲ၌ မည်သို့သောခံစားချက်မျှ မကျန်ခဲ့သည်မှာ သေချာသည်။တစ်ခါတစ်ရံ၌ အဝေးသို့ ထွက်မသွားသော မောင်မောင်လတ်ကို အဝေးသို့ ပြောင်းသွားစေချင်သည့် စိတ်မှအပ နွေးနွေးတွင် ဘာခံစားချက်မျှမရှိပါလေ။ မောင်မောင်လတ်သည် လည်း မျက်နှာပြောင်တိုက် အကြောတင်းလှသည်ဟု ပြောရလေမည်လား။ သူ့ရပ်သူ့ရွာသို့မပြန်ဘဲ ရပ်ကွက်ထဲတွင် နာမည်ရနေပြီဖြစ်သော သူ့ဆိုင်မှာပင် နေသည်တဲ့လေ။
~~~~~~~~~~~~~~~~~
“မနွေး အတူတူ ပြန်ရအောင်လေ …မိုးတအား ချုပ်နေပြီ ”
နွေးနွေးသည် ဆိုင်ထဲမှ ထွက်လာခဲ့စဉ် ဆိုင်၏မလှမ်းမကမ်းတွင် ရပ်စောင့်နေသော ကျော်ကျော့်ကို တွေ့လိုက်ရသောကြောင့် အံ့သြသွားမိလေသည်။အဘယ်ကြောင့်ဆိုသော် နွေးနွေး ငှားနေသော အဆောင်သည် ဖိနပ်ဆိုင်နှင့် နှစ်မှတ်တိုင် အကွားအဝေးတွင်ရှိသော်လည်း ကျော်ကျော်သည် ဖိနပ်ဆိုင်အနီးမှ အဆောင်တွင်ပင် နေသူဖြစ်လေသည်။
“ဘယ်ကို တူတူသွားမှာလဲ …မင်းက ဒီနားမှာပဲနေတာ မဟုတ်လား ”
နွေးနွေးသည် ကျော်ကျော်ကို ပြန်မေးလိုက်သည်။ကျော်ကျော်သည် နွေးနွေးကို စိတ်ဝင်စားနေသည်ဟု ဆိုသော်ငြားလည်း ရည်မွန်ယဉ်ကျေးသော လူငယ်လေးလည်းဖြစ် အလုပ်လည်းတူတူလုပ်နေရသောသူဖြစ်သောကြောင့် နွေးနွေး အခင်အမင်မပျက်ပင်ခေါ် ပြောနေမိခြင်းဖြစ်လေသည်။
” ကျွန်တော် အဆောင်ပြောင်းလိုက်ပြီလေ …မနွေးနေတဲ့ အဆောင်နားမှာပဲလေ ”
ကျော်ကျော်က ပြောရင်း ရှေ့မှလျှောက်၍သွားလေသည်။နွေးနွေးလည်း ဘာမှ အထွေအထူး ပြောမနေတော့ဘဲ ကျော်ကျော့်် နောက်မှ လိုက်လျှောက်သွားလိုက်သည်။ညကိုးနာရီကျော်ပြီမို့ လမ်းပေါ်တွင် သွားလာနေသူများမှာ မိန်းမသားများ သိပ်မရှိဘဲ ယောကျာ်းသားများ ပို၍များလေသည်။ကျော်ကျော်သည် ရှေ့မှ နှုတ်ဆိတ်လျက် သွားနေသော်လည်း နောက်သို့ မကြာခဏ လှည့်၍ ကြည့်လေသည်။ဘာပဲဖြစ်ဖြစ် နွေးနွေး အတွက် အဖော်ရသောကြောင့် နွေးနွေးလည်း မသိဟန်ပြု၍နေလိုက်လေသည်။
နွေးနွေးနေသော အဆောင်ရှေ့သို့ရောက်သောအခါ နွေးနွေး အဆောင်ထဲဝင်လာသည်အထိ ကျော်ကျော်ရပ်ကြည့်နေသည်ကို နွေးနွေး တွေ့လိုက်ရလေသည်။
~~~~~ ~~~~~~~~~~~~~
နွေးနွေး အဆောင်ထဲမှ ထွက်လိုက်သည်နှင့် အဆောင် ရှေ့ရှိ ဗာဒံပင်အောက်တွင်ရပ်နေသော ကျော်ကျော့်ကိုတွေ့လိုက်ရသည်။နွေးနွေးသည် ကျော်ကျော့်ကို ကြည့်၍ သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ကျော်ကျော်သည် နွေး နွေးကို မြင်သည်နှင့် အပြုံးနှင့်ဆီးကြို လိုက်သလို နွေးနွေး၏ လက်ထဲမှ ထမင်းချိုင်းခြင်းကို လှမ်း၍ဆွဲယူလေသည်။
နွေးနွေးမှာ ငြင်းဆန်ရန် လုပ်လိုက်သော်လည်း ကျော်ကျော်က ခြင်းကို ဆွဲယူပြီးသည်နှင့် ခြေလှမ်းကျဲများဖြင့် ရှေ့မှ ထွက်သွားသောကြောင့် နွေးနွေးမှာမှီအောင် မနည်းလိုက်ရလေသည်။
~~~~~~~~~~~~~~~~~~~
“တက်လေ မနွေး ”
နွေးနွေးသည် အရောင်း ကားပေါ်သို့တက်ရန်ပြင်လိုက်ပြီးမှ ကားခေါင်းခန်းတွင် ကျော်ကျော့်ကို တွေ့လိုက်ရသောကြောင့် စိတ်ထဲတွင် ထိတ်ခနဲ လှုပ်ရှားသွားမိသလို စိတ်လည်း ရှုပ်သွားမိလေသည်။
“ဦးလှဦးက ဘယ်သွားလို့လဲ ”
နွေးနွေးသည် ယခင်မောင်းနေကျ ကားဆရာကို မေးလိုက်မိသည်။
“ဦးလှဦးက နယ်ဘက်သွားလို့ မနွေးရံ့ …ဒီကားကို ကျွန်တော်ပဲမောင်းတော့မှာလေ .. စိတ်ချပါ မနွေးရယ် ကျွန်တော်လည်း ကားမောင်း ကျွမ်းပါတယ် ”
နွေးနွေးသည် စိတ်ညစ်စိတ်ရှုပ်ထွေးစွာပင် ကားထဲဝင်ထိုင်လိုက်ရသည်။ ပစ္စည်း အတင်အချ အတွက် အကူပါလာသော ကောင်မလေးက မူးတတ်သည်ဟု ဆိုကာ ဘေးမှာ အမြဲထိုင်သော ကြောင့် နွေးနွေးမှာ အလယ်မှာအမြဲပင် ထိုင်ခဲ့ရသည်။ ယခင် ကားဆရာဦးလှဦးနှင့် သွားစဉ်က ထိုကိစ္စက ပြဿနာ မဟုတ်သော်လည်း ယခုအခါတွင် ကျော်ကျော့််ကြောင့် နွေးနွေးမှာ အနေရအထိုင်ရ ကြပ်နေလေသည်။ကျော်ကျော်သည် အသက်နှစ်ဆယ့် တစ်နှစ်ဟု ဆိုသော်လည်း လူကောင်ထွားလှသောကြောင့် ပိန်ပိန်သွယ်သွယ်နွေးနွေး နှင့်ယှဉ်လျှင် သက်တူရွယ်တူကဲ့သို့ ဖြစ်နေလေသည်။
ဆံပင်ရှည်ရှည်ကို ခပ်မြင့်မြင့်စည်းထားပြီးလျှင် အလုပ်ဝတ်စုံဖြစ်သော အနက်ရောင် ခပ်ပွပွ ဘောင်းဘီနှင့် အပြာရောင်စပို့ရှပ်ကို ဝတ်ဆင်ထားသော်လည်း ကျော့ရှင်းလှပနေသော နွေးနွေး၏အလှကို ကျော်ကျော် တစ်ယောက် သတိလက်လွတ် ငေးမောကြည့်နေမိသည်။ အသက်နှစ်ဆယ့်ခြောက်နှစ်ဟုဆိုသောလည်း နှစ်ဆယ်ကျော်စလေးလို နုပျိုလှပနေသော နွေးနွေး၏ အလှကြောင့် ကျော်ကျော်သည် ရင်ခုန်သံတွေ မြန်လျက်ရှိလေသည်။
~~~~~~~~~~~~~~~~~~~
“ကျွန်တော့် ဘာတွေ ပြုပြင်ရမလဲ ပြောပါ …. မနွေး စိတ်တိုင်း ကျနေပေးပါ့မယ် …တကယ်ပြောတာပါ …”
ကျော်ကျော်သည် နွေးနွေးကို မျက်နှာငယ်လေးနှင့် ပြောလိုက်သည်။
” ကျော်ကျော်က ဘာမှပြုပြင်စရာမလိုပါဘူး …..နွေးအကြောင်းကို ကျော်ကျော် ဘာသိလို့လဲ … ကျော်ကျော်နဲ့ သင့်တော်တဲ့သူကိုသာရှာပါ ”
” ဘယ်သူ့ကိုမှ မရှာဘူး…မနွေး ကျွန်တော်ကို ပြန်ချစ်မယ့်နေ့ကိုပဲ စောင့်နေမှာ ”
” မဖြစ်နိုင်တာတွေ မပြောစမ်းပါနဲ့ ကျော်ကျော်ရယ် … နွေး အဲ့ဒါတွေကို စိတ်မဝင်စားဘူး ”
နွေးနွေးအပြတ်ငြင်းလိုက်ပါသည်။ပြီးလျှင် အရောင်းထွက်သော အခါ၌လည်း ခပ်တည်တည်ပင် နေလိုက်သည်။အကြောင်း မရှိဘဲ စကားမပြောဖြစ်တော့ပေ။အလုပ်ပြန်ချိန်နှင့် အလုပ် လာချိန်များတွင်လည်း ကျော်ကျော်နှင့်မတိုးမိအောင် ရှောင်ကွင်း ၍သွားမိသည်။
~~~~~~~~~~~~~~~~~~
“ကျော်ကျော် နေမကောင်းဖြစ်နေတယ်တဲ့ …မနွေး သိလား ”
ကျော်ကျော်နှင့် ခင်မင်ရင်းနှီးပုံရသော အလုပ်ထဲမှ ကောင်လေး၏ စကားကြောင့် နွေးနွေး ခေါင်းကိုခါယမ်းပြ၍ ပြန်ဖြေလိုက်သည်။
“မသိဘူးလေ … မနေ့က အလုပ်မလာတာတော့ သိတယ် ”
“ဟုတ်တယ် … ကျွန်တော့်ဆီကို ဖုန်းဆက်တယ် … ဒီကောင်ကြီး အခြေအနေက မလွယ်ဘူး … မနွေး သူ့ကို ပစ်မထားပါနဲ့နော် ”
===================
အပိုင်း ( ၅ ) ဆက်ရန်
ဧကြည်ဖြူ
ဧကြည်ဖြူ
” တစ်ခုလပ် ”
အပိုင်း (၅ )
*********************
” မနွေးရေ ကျော်ကျော်တော်တော်လေးနေမကောင်းဖြစ်နေတယ်ထင်တယ် …မနွေးနဲ့ နီးတယ် မဟုတ်လား သူ့ကို ဝင်ကြည့်လိုက်ပါအုံးနော် ”
ဟိုလူသည်လူကပြောနှင့် နွေးနွေးစိတ်ညစ်စိတ်ရှုပ်လာမိသည်။ကျော်ကျော်က ဖော်ဖော်ရွေရွေနှင့် ဆက်ဆံရေးကောင်းမွန်သူမို့ ဆိုင်က အလုပ်သမားများပါမက ဆိုင်ရှင်တွေကပါ သဘောကျကြသည်။သို့အတွက် ကျော်ကျော် နေ့မကောင်းသော သတင်းကို တစ်ယောက်ပြီးတစ်ယောက် လာပြောနေသောကြောင့် နွေးနွေးမှာ ဘာမဆိုင်ညာမဆိုင် အနေရခက်နေမိသည်။အလူတူတူလုပ်နေသူဖြစ်သောကြောင့် နွေးနွေးသည်လည်း ကျော်ကျော်ကို စိတ်ပူမိပါသည်။ သို့သော် ထိုစိတ်သည် ရိုးသားဖြူစင်သောစိတ်သက်သက်သာဖြစ်ပါလေသည်။
~~~~~~~~~~~~~~~~~~
“မနွေး ကျွန်တော်တို့ ကျော်ကျော့်ကို ခဏ ဝင်ကြည့်ရအောင်…အငယ်မ နင်ကားပေါ်မှာ ခဏစောင့်နေခဲ့ ကြားလား ”
ကျော်ကျော့် အစား ကားဝင်မောင်းပေးနေသော သီဟက ပြောပြောဆိုဆိုနှင့် ကားကို ပါကင်ထိုးလိုက်သည်။ပြီးနောက်ကားပေါ်မှဆင်းပြီး နွေးနွေးကို စောင့်၍ခေါ်လေသည်။နွေးနွေးမှာ ငြင်းရခက်ခက်နှင့်ပင် သီဟနောက်မှ လိုက်သွားရလေသည်။
~~~~~~~~~~~~~~~~~~
“ဟာကွာ …မင်းဒီလောက် တောင် ဖြစ်နေတာလား…ဆေးခန်း ရောသွားရဲ့လား ”
အိပ်ရာပေါ်တွင် နွမ်းလျစွာလှဲနေသော ကျော်ကျော့်ကို တွေ့သည်နှင့် သီဟက ပြောလိုက်သလို သုံးလေးရက်အတွင်း အတော်လေးပိန်ကျသွားသော ကျော်ကျော့်ကိုကြည့်ပြီး နွေးနွေးသည်လည်း အံ့ဩ စိတ်မကောင်းဖြစ်သွားမိသည်။
“မင်းကွာ .. ကိုယ့်ကိုယ်ကို ဂရုစိုက်အုံး .ဘာစားပြီးပြီလဲ …ဘာစားချင်လဲ …ငါသွားဝယ်လိုက်မယ် … မနွေးခဏလေးနေခဲ့အုံး .. ကျွန်တော် သူစားဖို့ မုန့်သွားဝယ်လိုက်အုံးမယ် ”
“ဟဲ့ …ဟဲ့ သီဟ … နေအုံးလေ ”
နွေးနွေးသည် ပြောပြောဆိုဆိုနှင့် အခန်းအပြင်သို့ ထွက်သွားသော သီဟကို နွေးလှမ်းထားလိုက်သော်လည်း မိမိကို ညှိုးငယ်စွာကြည့်နေသော ကျော်ကျော့် အကြည့်များကြောင့် နေရာမှာပင် ပြန်ထိုင်လိုက်ရလေသည်။
“ကျွန်တော့်ကို မုန်းနေတာလားဟင် မနွေး ”
ကျော်ကျော်၏ တိုးဖျော့ဖျော့အသံကထွက်လာသည်။နွေးနွေး ယောင်ယမ်း၍ခေါင်းကို ခါယမ်းပြလိုက်မိသည်။
“ဒါဆို ဘာလို့ ကျွန်တော်ကို ရှောင်နေတာလဲ … ကျွန်တော့်ကို မမြင်ချင်ဘူးလားဟင် မနွေး…. ကျွန်တော် အလုပ်က ထွက်လိုက်ရမှာလား ”
“ဘာဆိုင်လို့လဲ မဟုတ်တာ ….နွေးရှောင်နေတာမဟုတ်ပါဘူး .. မဖြစ်နိုင်လို့ပါ ”
“ဘာလို့ မဖြစ်နိုင်ရမှာလဲ မနွေးရယ် …မနွေးသာ ကျွန်တော့်ကို ပြန်မချစ်ရင် ကျွန်တော် ဖြစ်ချင်ရာဖြစ် ပေပေတေတေ နေလိုက်မှာ ”
“ကဲပါ ..အခန်းထဲမှာ ပွနေတာတွေ နွေးရှင်းပေးခဲ့မယ်နော် ”
မုန့်သွားဝယ်သော သီဟသည် အချိန်အတန်ကြာသည်အထိ ပြန်ရောက်မလာခဲ့ပါချေ။နွေးနွေးလည်း ကျော်ကျော့်နားတွင် ထိုင်နေရသည်မှာ မျက်နှာပူ အနေရခက်လာသောကြောင့် အခန်းထဲတွင် ပွနေသော အဝတ်အစား အချို့နှင့် အမှိုက်များကို ကောက်သိမ်းနေလိုက်သည်။
~~~~~~~~~~~~~~~~~~~
ကန်တော်ကြီး၏ရေပြင်သည် ငြိမ်သက်၍နေသော်လည်း ကန်တော်ကြီး၏ပရဝဏ်အတွင်း၌မူ အလုပ်ပိတ်ရက်ဖြစ်သောကြောင့် အပန်းဖြေသူများနှင့်စည်ကားနေလေသည်။ကျော်ကျော်သည် နွေးနွေး၏စကားအဆုံးတွင် ခဲသေးတစ်လုံးကိုကောက်ယူ၍ ကန်ရေပြင်ဆီသို့ပစ်ပေါက်လိုက်လေသည်။ထိုအခါ ကန်ရေပြင်ထက်၌ လှိုင်းကြက်ခွပ်လေးများဖြစ်ပေါ်လာလေသည်။
” ဒါတွေကို ကျွန်တော် ဂရုမစိုက်ပါဘူး မနွေးရယ် ….မနွေးမှာ ကာမပိုင်မရှိရင်ရပြီ ….မနွေးကို ကျွန်တော် တစ်သက်လုံးစောင့်ရှောက်ပေးချင်တယ် ”
ကျော်ကျော်သည် နွေးနွေး၏ မျက်နှာလေးကို ချစ်ရည်ရွှန်းလဲ့သော အကြည့်များဖြင့် ကြည့်လျက် ပြောလိုက်လေသည်။
“နွေးက ဒါတွေကို မစဉ်းစားချင်တော့ဘူး ကျော်ကျော်ရယ် ..နွေးရဲ့ဘ၀ကို အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်တော့တယ် … ကျော်ကျော့်ကို မောင်အရင်းလေးတစ်ယောက်လို နွေး သဘောထားပါ့မယ် ”
နွေးနွေးသည် ကျော်ကျော့်ကို အလိမ္မာသုံး၍ ငြင်းလိုက်လေသည်။
နွေးနွေး၏ ငြင်းပယ်လိုက်သော စကားကြောင့် ကျော်ကျော်၏မျက်နှာလေးညှိုးလျသွားပြီးနောက်
“ဟင့်အင်း မနွေး … ကျွန်တော် စောင့်နေမယ် ..အချိန်တွေ ဘယ်လောက်ကြာကြာ ကျွန်တော် စောင့်နိုင်ပါတယ် ”
နွေးနွေး သက်ပြင်းတစ်ချက်ကိုချလိုက်မိလေသည်။
ကျော်ကျော်သည် ခဲလုံးလေးများကို ကောက်ယူလျက် ကန်ရေပြင်ထဲသို့ ပစ်ပေါက် ဆော့ကစားနေလေသည်။
~~~~~~~~~~~~~~~~~~
“ဟယ်လို မနွေး …မောင်နိုးနေပီနော် … မနွေးတို့ အဆောင် ရှေ့က စောင့်နေမယ် … ဘာမှမစားခဲ့နဲ့နော် … ဆိုင်မှာ ထမင်းကြော် အတူတူစားကြမယ်လေ ”
” အင်းပါ ….ခဏစောင့်နော် နွေးဆင်းလာခဲ့မယ်”
ပြောပြီးသည်နှင့် နွေးနွေး လက်ထဲမှဖုန်းကို ချလိုက်ပြီး ငိုင်တွေနေမိသည်။အချိန်သည် မြန်လှသည် ဟုပဲပြောရလေမည်လား။ နွေးနွေး ကိုယ့်ကိုယ်ကို အညှာလွယ်သော မိန်းခလေး ဖြစ်နေလေပြီလားဟု တွေးနေမိလေသည် ။ နွေးနွေးကိုယ့်ကိုယ်ကို ထိန်းသိမ်းနေသည့်ကြားမှ ကျော်ကျော့် အချစ်ကို လက်ခံလိုက်မိခြင်းသည် မှားများနေလေပြီလားဟု တွေးနေမိသည်။ ကျော်ကျော့််ကိုချစ်နေလားဟု ကိုယ့်ကိုယ်ကို ဆန်းဆစ်ကြည့်သော အခါ၌ အဖြေက မရေရာပေ။သို့ပါလျက် ဘယ့်အတွက်ကြောင့် ကျော်ကျော့်် အချစ်ကိုလက်ခံမိသည်ဆိုလျှင် ရပ်ကွက်ထဲ သို့ရဲရဲဝံ့ဝံ့ပြန်ချင်၍ပေပဲလား။ သို့တည်းမဟုတ် အစားမမှန် ၊ အအိပ်မမှန် နှင့် ဆန္ဒပြနေသော ကျော်ကျော့်ကို သနားမိ၍ပဲလား မသိချေ။မည်သို့ပင် ဖြစ်စေ ကျော်ကျော့််ကို နွေးနွေးခေါင်းငြိမ့်၍ အဖြေပေးပြီးပြီ ဖြစ်လေသည်။
~~~~~~~~~~~~~~~~~~~
“နွေးမပြောရဲဘူး မောင်ရယ်…..နောက်မှပြောမယ်နော်….အချိန်တွေစောပါသေးတယ်ကွာ ”
ကျော်ကျော်က သူ၏ မိဘများနှင့် နွေးနွေးကိုဖုန်းပြောခိုင်းနေသောကြောင့် နွေးနွေးငြင်းဆန်နေမိခြင်းဖြစ်သည်။ကျော်ကျော်သည် သူ့မိသားစုများကို နွေးနွေးအကြောင်းကို ပြောပြထားသည်။ သူမိသားစုနှင့့်နွေးနွေးကို ဖုန်းပြောခိုင်းလေ့လည်းရှိသည်။သို့သော် နွေးနွေးသည် အပျိုမဟုတ်ဘဲ တစ်ခုလပ်ဖြစ်သည်ကို ပြောပြထားသည်၊ မထားသည်ကိုမူ နွေးနွေးမသိ။ နွေးနွေးသည် အပျိုမဟုတ်ဘဲ တစ်ခုလပ် ဖြစ်နေရခြင်းအတွက် ကိုယ့်ကိုယ်ကို သိမ်ငယ်ခြင်းမရှိပေ။နွေးနွေးသည် ယောကျာ်းတစ်ယောက်နှင့် လူသိရှင်ကြား တရားဝင်လက်ထပ်ခဲ့သလို တရားဝင်ကွာရှင်းခဲ့သည်။ သည်ကိစ္စနှင့်ပတ်သက်၍ နွေးနွေးသည် အကျင့်ပျက်ခဲ့သူမဟုတ်သလို မဟုတ်မမှန်တာ မလုပ်ခဲ့သောကြောင့် နွေးနွေး မရှက်သလို ကိုယ့်လိပ်ပြာလည်း ကိုယ်လုံပါသည်။ထို့အတွက် ကိုယ့်ကို ရွံရှာ အထင်သေးသလိုဆက်ဆံတာမျိုးဆိုလျှင် နွေးနွေးက သည်းခံနေမည် မဟုတ်ပေ။
” ဟာကွာ ….ဘာဖြစ်လို့လဲ မနွေးရဲ့ …မောင့် မိသားစုတွေက ခင်တတ်ပါတယ် ….တစ်ခါလောက်ပဲ စကားပြောကြည့် ခင်မင်သွားလိမ့်မယ် ”
ကျော်ကျော်က သူ့မိသားစုနှင့် နွေးနွေးကို စကားပြောစေချင်သည်။ပြီးလျှင် သူ့မိသားစုကို လိုက်လိုက်လျောလျော ဆက်ဆံစေချင်သည်။
~~~~~~~~~~~~~~~~~~~
” ဒီတစ်ခါပိတ်ရက်ကျရင် ကျောက်တော်ကြီးဘုရားကို သွားရအောင် နော် မနွေး ”
“အင်းပါ ”
ကျော်ကျော် ပြောသည်ကို နွေးနွေးကခေါင်းငြိမ့်ပြလိုက်သည်။နွေးနွေးသည် ကျော်ကျော်နှင့် ချစ်သူတွေဖြစ်ပြီးကတည်းက ပိတ်ရက်တိုင်းလိုလို လျှောက်လည်ဖြစ်ကြသည်။ရန်ကုန်တစ်မြို့လုံး နွေးနွေးတို့ မရောက်ဖူးသည့် နေရာဟူ၍မရှိချေ။နွေးနွေးပျော်ခဲ့ပါသည်။သွက်လက်ထက်မြက်သော ကျော်ကျော့်အပေါ်တွင်လည်း တစ်စတစ်စနှင့် သံယောစဉ်တွယ်လာခဲ့မိသည် ။သံယောစဉ် တွယ်လာမိသည်နှင့် တစ်ပြိုင်နက် ကျော်ကျော်စားသောက်ရေး အဆင်ပြေအောင် ဟင်းများပင်ချက်၍ ပို့ပေးခဲ့သည်။ထိုမျှမက အားလပ်ရက်များတွင် ကျော်ကျော့် အဝတ်အထည်များကိုပါ ယူ၍ လျှော်ဖွပ်ပေးခဲ့သည်။နွေးနွေးနည်းတူ ကျော်ကျော်ကလည်း နွေးနွေးကို ချစ်နေသည်ဟု ယုံကြည်ခဲ့သည်။ကျော်ကျော် ဘယ်သွားသွား နွေးနွေးပါမှသွားသည်။အဝတ်အစားက အစ နွေးနွေး ကလိုက်ဝယ်ပေးရသည်။သည်အခြေအနေထိ ရောက်လာပြီဖြစ်သောကြောင့် နွေးနွေး အနေနှင့် ကျော်ကျော့်ကို တစ်သက်တာအတွက် ရည်စူးခဲ့သည်။ကျော်ကျော့်ကိုချစ်လျှင် ကျော်ကျော်မိသားစုကိုပါ ချစ်ရန် ဆုံးဖြတ်ခဲ့လေသည်။
~~~~~~~~~~~~~~~~~~
နွေးနွေးနှင့် ကျော်ကျော်တို့၏ချစ်သူသက်တမ်း ကိုးလအကြာတွင် အပျော်ကြီး ပျော်ခဲ့မိသော နွေးနွေးတို့၏ အချစ်ရေးမှာ အနည်းငယ်မျှ အပျက်ဘက်သို့ ရောက်လာသည်ဟု နွေးနွေး ခံစားသိရှိလိုက်သည်။ပထမဦးစွာ ကျော်ကျော်သည် နယ်ဘက် အရောင်း ကားဆီသို့ပြောင်းရွှေ့သွားသည်။ယခင်ကဆိုလျှင် အလုပ်သိမ်း၍ ကိုယ်စီ အဆောင် ပြန်ရောက်ကြသည်နှင့် နာရီကြာအောင် ဖုန်းပြောခဲ့ကြသော်လည်း ယခုအခါ၌ တစ်နေ့ ဖုန်းတစ်ခါဆက်ဖို့ပင် အနိုင်နိုင်ဖြစ်လာသည်။မက်ဆင်ဂျာကနေ သူ့ဆီကို စာပို့လျှင်လည်း ချက်ချင်းဝင်ဖတ်ခြင်းမပြုတော့ပေ။
နွေးနွေးသည် ဖေ့ဘုတ်ကို ဖွင့်၍ ကျော်ကျော့် အကောင့်ထဲသို့ဝင်ပြီး မှတ်ချက်များကို တစ်ခုမကျန် ရှာဖတ်၍ ကျော်ကျော် ပြောင်းလဲလာရသော အကြောင်းအရင်းကို ရှာသည်။သို့သော်လည်း မယ်မယ်ရရ အကြောင်အရင်းကို မသိရှိရပြန်ပါလေ။ ကျော်ကျော်တင်သော ပို့စ်များတွင် ထူးထူးခြားခြားဆို၍ မန့် အမြဲ ဝင်ရေးသူတစ်ယောက်တေ့ရှိသည်။ထိုသူသည် ပရိုဖိုင်ပုံကို ပန်းပုံ တင်ထား၍ မိန်းခလေးဖြစ်မည်ဟု တော့ ခန်းမှန်းမိသည်။အကောင့်ထဲမှာလည်း ပုံမတင်ထား၍ အသက်အရွယ်ကိုလည်းမခန့်မှန်းနိုင်ပါချေ။သေချာသည်မှာ ကျော် ကျော်တင်သမျှ ပို့စ်တိုင်းကို ထိုသူက ဝင်မန့်တတ်သလို ကျော်ကျော်သည်လည်း ထိုသူမျှဝေထားသော ဗဟုသုတပို့စ်၊ ဘုရားစာတရားစာပို့စ်များကို မှတ်ချက် ၀င်၍ပေးထားလေသည်။နွေးနွေးသည် သဝန်တိုတတ်သော မိန်းမ မဟုတ်သော်လည်း စိတ်ထဲ၌လေးနေမိသည်းခဲ့မှန်ဖူးသော စာသူငယဖြစ်သောကြောင့် ထိတ်လန့်ကြောက်ရွံ့နေမိသည်လားမသိပေ။
~~~~~~~~~~~~~~~~~
“ဘာလို့ နယ်ကားပဲလိုက်နေတာလဲ မောင် … မနွေး နားမှာ မနေချင်လို့လား …ဒါမှမဟုတ် ….မောင့်မှာ ရည်းစားအသစ် ရနေတာလား ”
နွေးနွေးစိတ်ထဲရှိသည့်အတိုင်း မေးလိုက်သောအခါ ကျော်ကျော့် မျက်နှာ ကွက်ခနဲ ပျက်သွားသည်။
“ဟာဗျာ ….ဒါက ဘာစကားလဲ…. မောင့်ကို မယုံတဲ့သဘောလား မနွေး…”
“ဒီလိုပဲ မေးကြည့်တာလေ …မဟုတ်ရင် မဟုတ်ဘူးပေါ ….ဒါလေးတောင် မေးလို့မရဘူးလား ”
နွေးနွေးလေသံမာမာနှင့် ပြောလိုက်သောအခါ ကျော်ကျော့် မျက်နှာမှာ ချက်ချင်းပဲပြောင်းလဲသွားလေ၏။
“မနွေးက မောင့်ကို မယုံသလို ပြောနေတာကို …မောင့်က ဟိုလူလို သစ္စာဖောက်မဲ့ကောင် မဟုတ်ပါဘူး ”
ကျော်ကျော့်် စကားကြောင့် နွေးနွေးစိတ်ထဲ မျက်ခနဲ ဖြစ်သွားမိသည်။
~~~~~~~~~~~~~~~~~
အမှန်တရားဆိုသည်မှာ မည်မျှပင် ဖုံးကွယ်ထားစေကာမူ အချိန်တန်လျှင် ပေါ်ပေါက်လာစမြဲဆိုသည့်အတိုင်း မျှော်လင့်မထားသော တစ်နေ့တွင် ကျော်ကျော်၏ဇာတ်ရှုပ်ကို နွေးနွေးမိခဲ့လေသည်။
“မောင့်ကို အဖြေပေးလေ မ ”
“မောင့်ကို ချစ်တယ် ”
ကျော်ကျော့် ဖုန်းကို ရုတ်တရက် ယူကြည့်လိုက်မိသော နွေးနွေးမှာ မက်ဆင်ဂျာတွင် အပြန်အလှန်ပို့ထားသော စာများကို ကြည့်ပြီး တုန်လှုပ်သွားမိသည်။ နွေးနွေးသည် ဖုန်းကို တင်းတင်းဆုပ်ကိုင်၍ အံကို ကြိတ်ထားလိုက်မိသည်။အချစ်သည် ပူလောင်လွန်းလှ၏။ ထိုထက်ပို၍ အချစ်ကို တန်ဖိုးမထားသော သူသည် ရွှရှာစက်ဆုပ်စရာကောင်းလှသည်ဟု နွေးနွေး တွေးလိုက်မိသည်။
ကျော်ကျော်က မုန့်သွားဝယ်ရာမှ ပြန်လာသောအခါ သူ့ဖုန်းကိုကိုင်ထားသော နွေးနွေးကို ကြည့်ပြီး ရိပ်မိလိုက်သဖြင့် ပျာပျာသလဲ တောင်းပန်လိုက်လေသည်။
“မနွေး ဖုန်းထဲက စာတွေ ဝင်ဖတ်နေတာလား …အဲ့ဒါက ဘာမှမဟုတ်ဘူးနော် …လူချင်းလည်း တွေ့ဖူးတာမဟုတ်ဘူး …အပျော်အပျက် စထားတာတွေ …ပေါက်ကရ လျှောက်တွေးမနေနဲ့ ”
“မတွေးပါဘူး …သူ့ဆီကို စာပို့လိုက်တယ် …..”
“ဗျာ … ဘာ …ဘာစာပို့လိုက်တာလဲ ”
“လိုချင်ရင် အပိုင်ယူလိုက်လို့ ပို့လိုက်တာ ”
” ဟာ ဘာလို့ ပို့ရတာလဲ … သူက ကျွန်တော်တို့လို ဖိနပ်ရောင်းတဲ့ အဆင့်မဟုတ်ဘူး သူနာပြုဆရာမဗျ…သူ့သိက္ခာနဲ့ သူနေတာ …မနွေးက တဖက်သားကို ဘလိုင်းကြီး သွားစော်ကားတာပဲ …”
နွေးနွေးသည် အံ့သြလွန်း၍ ကျော်ကျော့်် မျက်နှာကို ထိတ်လန့် တုန်လှုပ်စွာကြည့်နေမိသည်။
“မနွေး မကျေနပ်ရင်….ကျွန်တော်တို့ လမ်းခွဲကြတာပေါ့ ”
==================
အပိုင်း ( ၆ ) ဆက်ရန်
ဧကြည်ဖြူ
ဧကြည်ဖြူ
” တစ်ခုလပ် ”
အပိုင်း ( ၆ )
*****************
နွေးနွေးသည် ကျော်ကျော့်် စကားကြောင့် ရုတ်တရက်ကြောင်အ၍သွားမိသည်။
” မနွေး စိတ်မကောင်းဖြစ်မှာစိုးလို့ ပြောမထွက်ခဲ့တာ …အိမ်က မနွေးနဲ့ သဘောမတူနိုင်ဘူးတဲ့ ….ကျွန်တော် အမျိုးမျိုးပြောကြည့်ပေမဲ့ လက်မခံကြဘူး ….”
နွေးနွေးသည် ကျော်ကျော်၏စကားကြောင့် အံကိုတင်းတင်းကြိတ်၍ ပြန်မေးလိုက်မိသည်။
“ဘာဖြစ်လို့ သဘောမတူတာလဲ ”
” ဟို ….အိမ်ထောင်ကျခဲ့ဖူးလို့တဲ့ ….အပျိုဆို ဘယ်လောက် ဆင်းရဲပါစေ လက်ခံပေးနိုင်တယ်တဲ့ ”
ကျော်ကျော်သည် နွေးနွေး၏မျက်နှာကို မဝံ့မရဲကြည့်၍ပြန်ဖြေလိုက်သည်။
ကျော်ကျော်၏ အဖြေစကားကြောင့် နွေးနွေးသည် အံကိုကြိတ်လျက် ကျော်ကျော်မျက်နှာကို ကြည့်၍ အသံခပ်မာမာနှင့်ပြောလိုက်သည်။
” ဪ … တစ်ခုလပ်မို့ သဘောမတူဘူးတဲ့လား … ငါက မင်းကို အပျိုလို့ မပြောခဲ့ဖူးဘူးနော် …မင်းကိုလည်း မမြူဆွယ်ခဲ့သလို မင်းဆီက ကပ်ရပ် စားခဲ့တာလဲ မရှိဘူး … မင်းတို့မိသားစုရဲ့ စိတ်ကို ခုလို စောစောစီးစီးသိရလို့ ကျေးဇူးတင်ပါတယ် … မင်းသိထားဖို့က တစ်ခုလပ်ဆိုတာ အကျင့် ပျက်နေတဲ့သူတွေမဟုတ်ဘူး…. အိမ်ထောင်ဖက်နဲ့ စိတ်သဘောချင်း မတိုက်ဆိုင်လို လောကကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ သတ္တိရှိရှိဆုံးဖြတ်လိုက်တဲ့သူတွေပဲ …မင်းတို့လို့ စိတ်ထားညံ့တဲ့သူတွေကြောင့် မသိရင်ပဲ တစ်ခုလပ်တွေက အကျင့်ပျက်တွေလိုလို အထင်သေးခံနေရတာပဲ …မင်းကို ဆုတောင်းပေးလိုက်ပါတယ် အပျိုစစ်စစ်နဲ့ပဲ ဆုံပါစေလို့ ”
နွေးနွေး လေသံခပ်မာမာနှင့်ပြော၍ ထွက်ခဲ့သည်။ ကျော်ကျော့်ကို ရန်လည်း မတွေ့ဖြစ်သလို လမ်းခွဲခြင်းမှာ မျက်ရည်ကျစရာလည်း မရှိခဲ့ပါ။ တစ်ခုပဲရှိသည် မိမိကို အထင်သေးခဲ့သော ယောကျာ်းတစ်ယောက်ကို မေတ္တာသက်ဝင်ယုံကြည်ခဲ့မိသည့်အတွက် နောင်တရမိသည်။ယောကျာ်းတစ်ယောက် အကျင့်မကောင်းတိုင်း ဝါးလုံးရှည်နှင့် သိမ်းမရမ်းချင်သောကြောင့် ကျော်ကျော့််ကို ယုံကြည်ခဲ့မိသည်။ သို့သော်လည်း ကျော်ကျော်သည်လည်း သည်ပုတ်ထဲမှ သည်ပဲ သာဖြစ်ခဲ့သည်။
~~~~~~~~~~~~~~~~~~~
“မနွေး အလုပ်ထွက်မို့လား ”
နေခြည့် အမေးကို နွေးနွေးက ခေါင်းငြိမ့်ပြ၍ အဖြေပြန်ပေးလိုက်သည်။
“ဘာလို့ ထွက်မှာလဲ မနွေးရယ် …သူကြင်မှ ကိုယ်ကြင်ပေါ့ … ကိုယ်အလုပ်ကိုယ်လုပ်နေတာပဲ …သူ့ကို ဘာဂရုစိုက်စရာလိုလဲ … သူလို ကောင် အတွက် ဘာမှ ခံစားမနေနဲ့ ”
“မဟုတ်ဘူး နေခြည် အစကတည်းက အလုပ်ထွက်ဖို့ နွေးက ပြင်ဆင်ထားပြီးသား ….နွေးကကိုယ်ပိုင်အလုပ်လေးပဲ လုပ်ချင်တာလေ .. အလုပ်ထွက်တာ သူနဲ့မဆိုင်ပါဘူး ”
နွေးနွေးက ငြင်းလိုက်သော်လည်း နေခြည်သည် နွေးနွေးကို သနားသည့်ဟန် မျက်ဝန်းများဖြင့် ကြည့်နေသည်ကို နွေးနွေး တွေ့လိုက်ရသည်။ ထိုအခါ ရပ်ကွက်ထဲမှ လူများ နွေးနွေးကို ကြည့်သော အကြည့်ကို သတိရလိုက်မိလေသည်။အမှန်ဆိုရလျှင် ချစ်သူ၏ သစ္စာဖောက်ခြင်းထက် ထိုသို့ အကြည့်များကို နွေးနွေးပို၍ကြောက်မိလေသည်။ သူတို့၏ အကြည့်များသည် နွေးနွေးအား ” ညံ့ဖျင်းတဲ့ မိန်းမ .. ယောကျာ်းတစ်ယောက်အတွက် ကျရှုံးနေတဲ့မိန်းမ “ဟု ပြောင်လှောင်ပြောဆိုနေသလို ခံစားရစေသည်။နွေးနွေးသည် ထိုသို့အကြည့်များကို ကြောက်ရွံ့စက်ဆုပ်မိသောကြောင့် ထိုအရပ်မှ ထွက်ပြေးခဲ့သည်။ယခုလည်း ထိုဒုက္ခကို နွေးနွေး ရင်ဆိုင်ရပေအုံးမည်။ သည့်အတွက် နွေးနွေး မည်သူ့ကိုမျှ အပြစ်မတင်ချင်ပါလေ နွေးနွေး၏ သနားကြင်နာတတ်သော နှလုံးသားကိုသာ အပြစ်တင်ရပေလိမ့်မည် ထင်ပါသည် ။
~~~~~~~~~~~~~~~~~~~
နွေးနွေးနှင့် ကျော်ကျော် လမ်းခွဲလိုက်သည့် အချိန်မှ စ၍ နွေးနွေးသည် ဖုန်းထဲမှ ကျော်ကျော်နှင့် ပတ်သက်သမျှကို ဖျက်ပစ်လိုက်သလို ကျော်ကျော် ဖုန်းနံပတ်ကိုလည်း ဆက်လို့မရအောင် လုပ်ထားလိုက်သည်။ ရှေ့လျှောက် နွေးနွေးအေးအေးချမ်းချမ်းပဲနေချင်ပါသည်။ပူပင်သောကတွေကို နွေးနွေးမလိုချင်တော့ပါလေ။
~~~~~~~~~~~~~~~~~~~
“မနွေးရေ ပြောစရာရှိတယ် … မနွေး စိတ်ခိုင်ခိုင်ထားနော် ”
နေခြည့်် စကားကြောင့် နွေးနွေးရင်ထဲမှာ ထိတ်ခနဲပူပင်သွားမိသည်။
“ဘာ …ဘာကိုလဲ နေခြည် ”
” ဟိုကောင် ကျော်ကျော်လေ … ဘောစိမတစ်ယောက်နဲ့တွဲနေတာတဲ့ မနွေးရဲ့ …. သူ့ထက် အသက်နှစ်ဆယ်လောက်ကြီးတယ်တဲ့ အပျိုကြီးတဲ့လေ … သူ့အတွက် လက်တော့တွေဖုန်းတွေ ဝယ်ပို့လိုက်တယ်တဲ့ …ပြီးတော့ ကားပါ၀ယ်ပေးမတဲ့လေ … အရှက်မရှိ လိုက်ကြွားနေတာလေ … ကိုယ့်အမေအရွယ်ကြီးနဲ့များ သူမို့မရှက်တယ် ”
နေခြည့် စကားကို နွေးနွေး ဘာမျှ ပြန်မပြောမိပါချေ။နှုတ်ခမ်းလေးမဲ့၍ ပြုံးလိုက်မိပြီး ရင်ထဲမှ နာကျည်းနာကျင်မှုများကို မျိချပစ်လိုက်သည်။သည်လိုလူမျိုးအတွက် နွေးနွေးခံစားနေစရာမလိုပါလေ။ခလုတ်တိုက်မီလျှင်တောင် အသားနာတတ်သည်မို့ နွေးနွေး၏ နှလုံးသားသည်လည်း နာကျင်ခဲ့ရပါသည်။သည့် ထက် ပို၍ ရွံရှာမုန်းတီးစိတ်များလည်း ဖြစ်ပေါ်မိပါလေသည်။သို့သော်လည်း သူလိုလူမျိုးနှင့် စောစီးစွာ လမ်းခွဲလိုက်ရခြင်းအတွက်လည်း ဝမ်းမြောက်ရပြန်လေသည်။
~~~~~~~~~~~~~~~~~~~
နွေးနွေးသည် ရပ်ကွက်ထဲသို့ ပြန်၍ ပြောင်းရွေ့ခဲ့လိုက်ပြီး အစ်မဖြစ်သူ၏ အိမ်နားတွင် အခန်းတစ်ခန်းကို ငှါးလိုက်ပြီးလျှင် ဈေးချုပ်ထည်လေးများကို ယူ၍ချုပ်ခဲ့သည်။
ကိုယ့်ရပ်ကိုယ့်ရွာဖြစ်သောကြောင့် နေထိုင်ရေးမှာ လုံခြုံသလို ခံစားခဲ့ရသလို နွေးနွေးစိတ်လည်း အေးချမ်းခဲ့ပါသည်။ရပ်ကွက်ထဲမှ လူများသည်လည်း နွေးနွေးအဖြစ်ကို မေ့လျော့နေကြပြီဖြစ်လေသည်။တစ်ချို့သော လူအနည်းငယ်ကတော့ နွေးနွေးကို မြင်လျှင် အဖြစ်ဟောင်းတွေကို ပြန်အစဖော်ချင်ကြသည်။သူတို့စိတ်ထဲ၌ နွေးနွေးသည် မောင်မောင်လတ်ကြောင့် ရင်တွေ ကွဲကြေကာ အဝေးသို့ ထွက်သွားခဲ့ရသည်။ယခုအခါ အဆက်ဟောင်း ရှိရာသို့ ပြန်လာခဲ့ပြီး ရင်ထဲ၌ ခံစားနေရသည်ဟုထင်နေကြလေသည်။ နွေးနွေး အနေနှင့် လူများ၏ ထိုအထင်ကို ရွံရှာမုန်းတီးမိလေသည်။ တစ်ခါတစ်ရံတွင် “ဟိုကောင်ကလေ နင်နဲ့ကွဲတာက တစ်နှစ်ကျော်နော် … ကလေးက အခု တစ်နှစ်ပြည့်တော့မယ်လေ .ဘယ်အချိန်ကတည်းက ဖောက်ပြန်နေကြတာလဲမသိဘူး …နင့်အစား မခံနိုင်လွန်းလို့ ပါတယ် ” ဟုပြောသူနှင့် ” သူ့မယားငယ်မဆိုတာ … ပြိတ္တာမကြီးအတိုင်းပါပဲ ဟယ် …အဲ့ဒီကောင်ရုပ်လည်း ဘာထူးလဲ ကျွန်စုပ်တဲ့သရက်စေ့ကမှ ပြောင်ရောင် အုံးမယ် … နင်နဲ့မှ အပုံကြီး ကွာတာပါ အေ … နင်က နည်းနည်းပိန်သွားတာကလွဲပြီး အရင်ထက်တောင် လှလာသေးတယ် …မိန်းမတွေ အသည်းကွဲရင် ပိုလှလာတယ်ဆိုတာ နင့်ကို ပြောတာဖြစ်မယ် “ဟု၍ ပြော သော သူများကို မောင်မောင်လတ်နှင့် ပြောဆို ပေးစား၍ အော်ဟစ်ဆဲဆို ပစ်လိုက်ချင်သော စိတ်ရိုင်းများပင်ဝင်လာမိလေသည်။လူများသည် နားလည်ရခက်သော သူများဟုပင် ဆိုရလေမည်လား။သူတို့သည် သူတို့၏ ချစ်သူ အိမ်ထောင်ဖက်များ သစ္စာဖောက်နေသည်ကို သိသိနှင့် မသိဟန် ဆောင်နေကြပြီးလျှင် ဘာမဆိုင်ညာမဆိုင် နွေးနွေးကိုတွေ့လျှင် နွေးနွေးဘက်မှ မခံမရပ်နိုင်ဖြစ်ကြသည့် သဘောနင့် သူတို့၏ စိတ်ကို အာသာဖြေကြသည်ဟု နွေးနွေးထင်မိလေသည်။နွေးနွေး၏ အကြောင်းသည် သူတို့အတွက် ပြော၍ မရိုးနိုင်သော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ပါလေသည်။
~~~~~~~~~~~~~~~~
နွေးနွေးရပ်ကွက်ထဲသို့ ပြန်ရောက်လာခဲ့ပြီးနောက် အပြင်သို့ သိပ်မထွက်ဖြစ်ဘဲ သုံးလေးရက်မှ တစ်ခါဈေးသွားပြီး အိမ်တွင်းအောင်း၍ စက်သာ ချုပ်နေခဲ့လေသည်။ထိုသို့ နွေးနွေး နေထိုင်ခြင်းကို နောက်ကွယ်တွင် အမျိုးမျိုး ပြောဆိုနေကြသူများကိုလည်း နွေးနွေး ဥပေက္ခာပြုထားခဲ့လိုက်ပါလေသည်။
~~~~~~~~~~~~~~~~~~~~
ညနေခြောက်နာရီထိုး၍ စက်ချုပ်နားသောအခါ နွေးနွေး ဖုန်းကိုထုတ်၍ ဖေ့ဘုတ်ကို ကြည်လိုက်မိသည်။ ထိုစဉ်မှာပင် မက်ဆင်ဂျာမှ စာရောက်လာလေသည်။နွေးနွေးသည် မက်ဆင်ဂျာကို ကြည့်လိုက်သော အခါ နေခြည့်ထံမှ ပုံ တစ်ပုံနှင့်အတူ စာတစ်စောင်ပို့ထားသည်ကို တွေ့လိုက်ရလေသည်။နွေးနွေးသည် နေခြည် ပို့ပေးထားသော ပုံကိုကြည့်၍ ခံစားချက်ကင်းမဲ့လှပါလေသည်။ပုံက မင်္ဂလာ ဆောင်ဖိတ်စာပုံဖြစ်ပြီး ကျော်ကျော်၏ မင်္ဂလာဆောင်ဖိတ်စာပင် ဖြစ်ပါလေသည်။
~~~~~~~~~~~~~~~~~~
“အပျိုကြိုး … ယောကျာ်းမယူသေးဘူးလား ”
စကားသံသည် အကြောင်းမသိသူများအဖို့ ရိုးရိုးတန်းတန်းစနောက် မေးခြင်းဟု ထင်စရာဖြစ်သော်လည်း အကြောင်း သိများဖို့မူ လှောင်ပြောင်သော သဘော သက်ရောက်နေလေသည်။နွေးနွေး မေးသူကို ဘာစကားမှခွန်းတုံ့ မပြန်တော့ဘဲ ထွက်ခဲ့လိုက်သည်။သေချာသည်မှာ နောက်ရက်များတွင် ဆန်ဝယ်ဖို့ရာ ဆိုင်သစ်ကို နွေးနွေး ရှာရအုံးမည်ဖြစ်လေသည်။နွေးနွေးစိတ်၌ လုံခြုံသည်ဟု ထင်ခဲ့မိသော အရပ်သည် နွေးနွေးကို သိမ်ငယ်စေ လှပါသည်။လူတို့၏ အပြောများနှင့် အကြည့်များ ရပ်တန့်သွားရန်မှာ နွေးနွေးမှာ လုပ်ဆောင်စရာ တစ်ခုသာရှိတော့လေသည် အလား ဖြစ်လာခဲ့ပြန်သည်။ ထိုအရာမှာ နွေးနွေးအိမ်ထောင်ပြုရန်သာ ဖြစ်ပါလေသည်။
နွေးနွေး အနေနှင့် အိမ်ထောင်ပြုချင်စိတ် မရှိလေသောအခါ နွေးနွေး၏စိတ်သည် နွေးနွေးကိုယ်တိုင် မသိလိုက်ခင်မှာပင် စိတ်ရိုင်းစိတ်ညစ်များ ဝင်ရောက်လာခဲ့လေသည်။
~~~~~~~~~~~~~~~ —
” ညည်းက ဘာနာစရာရှိလို့လဲအေ… ဟိုက အသက်ငါးဆယ်ကျော် ဆိုပေမဲ့ လူပျိုကြီးလေ … သူ့အစ်မတွေကလဲ သူ့မောင်လူပျိုကြီးကို ယူရင် အိမ် နဲ့ ခြံ လက်ဖွဲ့မှာတံ့ ”
ထိုစကားကို ပြောလာသူမှာ ရပ်ကွက်ထဲမှ နွေးနွေးကို စိတ်ဝင်စားနေဟန်ပြနေသော လူတစ်ယောက်၏ မိခင်မှ ပြောလာခြင်းဖြစ်ပေသည်။ထိုးစကားကိုကြားကြားခြင်း၌ နွေးနွေးသည် အသားတွေ တဆတ်ဆတ်တုန်အောင် ဒေါသထွက်မိလေသည် ။စိတ်ရှိတိုင်းသာ ဆိုလျှင် ထိုမိန်းမကြီးကို ရိုက်နှက် ထုတ်ပစ်လိုက်ချင်ပေသည်။ထိုအမျိုးသမီးကြီးပြောသော လူပျိုကြီးဆိုသည်မှာ အရက်သမားဖြစ်သည့်အပြင် စိတ်ကလည်း မူမမှန်သူဖြစ်ပါလေသည်။ထိုသို့ သိသိနှင့်လာပြောရခြင်းမှာ သူ၏ သားနှင့် နွေးနွေး ငြိစွန်းသွားမည်ကို စိုးရိမ်နေသောကြောင့်ပင် ဖြစ်လိမ့်မည်ထင်ပါသည်။ နွေးနွေးစိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်၍ ဒေါသကို ဖြေချလိုက်မိသည်။
” အဒေါ်ရယ် .. ကျွန်မ၀မ်းကျွန်မ ကျောင်းနိုင်ရဲ့နဲ့ ဒီလိုအရူးကို ဘာလို့ ယူရမှာလဲ ….အဒေါ်က သားသမီးတွေရှိတော့ အဲ့လိုလူကို သားမက်ကောင်းလို့ မြင်ချင်မြင်မှာပေါ့ …ကျွန်မလိုမျိုး ဘယ်သူ့အထောက်အပဲ့မှမယူဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့သူက အဲ့လို အရူးကို မပြောနဲ့ ဟော့ဒီရပ်ကွက်က ယောကျာ်းတွေ အားလုံးကို ဦးနှောက်ထဲကို မထည့်ဘူး အဒေါ် ရေ … ထဘီနားခိုစားမဲ့သူတွေကို ကျွန်မရူးနေရင်တောင် စဉ်းစားမှာမဟုတ်ဘူးရှင့်် ”
နွေးနွေးစကားဆုံးသောအခါ အမျိုးသမီးကြီးသည် စိတ်ဆိုးမာန်ဆိုးနှင့် အိမ်ပေါ်မှ ဆင်းသွားလေသည်။ဒါသည် နွေးနွေးဘဝတွင် အခြားသူများအား ချိုးချိုးနှိမ်နှိမ်နှင့် ပထမဦးဆုံး စပြောဖူးခြင်းဖြစ်ပေသည်။နွေးနွေး သိချင်သည်မှာ နွေးနွေးသည် တစ်ခုလပ် ဖြစ်နေသောကြောင့် အခြားသူများကို ထိခိုက်မှုများဖြစ်စေလေသလား စဉ်းစား၍မရပါချေ။သူတို့သည် အကြောင်းမဲ့သက်သက် နွေးနွေးကို ဘာကြောင့်များ နှိမ်ချင် အထင်သေးချင်နေကြပါသနည်း။နွေးနွေးသည် သူတို့၏ ယောက်ျားများနှင့် သားများကို မြူဆွယ်ရန်ဝေးလေစွ အိမ်ထဲကအိမ်ပြင်ပင် သိပ်ထွက်လေ့ မရှိပါပေ။သို့ပါလျက် ပြဿနာသည် ခြေထောက်ပေါက်၍ အိမ်ပေါ်သို့ ရောက်ရောက်လာခဲ့ခြင်းဖြစ်ပါလေသည်။
~~~~~~~~~~~~~~~~~~
“ဟဲ့ …မိနွေး ဟိုကောင် မောင်မောင်လတ်က မြေကွက် ဝယ်ထားတဲ့ သီလား ….. သူ့မယားငယ်မက အရှက်မရှိ လူတကာကို လိုက်ကြွားနေတာ ”
ခပ်ကျယ်ကျယ်ပြောလိုက်သော ပန်းသည် မခင်ရွှေ၏အသံကြောင့် နွေးနွေးမှာ တစ်ကိုယ်လုံးထူပူပြီး ရှက်သွားမိလေသည်။
“ဒီမှာ အစ်မ သူတို့ အကြောင်းကို နွေးက ဘာကိစ္စ သိရမှာလဲ … နွေးနဲ့မဆိုင်ဘူးလေ .. နောက်တစ်ခါ နွေးကို လာမပြောပါနဲ့ … လူတွေလဲ ဒီကောင့်အကြောင်းကို တော်တော် စိတ်ဝင်စားနေကြတာ ထင်တယ် …..”
နွေးနွေးသည် စိတ်တိုတိုနှင့် ပြောဆို၍ ထွက်ခဲ့လိုက်သည်။ နွေးနွေး၏ စကားကြောင့် ပန်းသည် မခင်ရွှေ၏ မျက်နှာသည် သပြေသီးမှည့်ကဲ့သို့ ညိုပုပ်၍ သွားလေသည်။ပြီးနောက် သူ့ဘေးမှ ဈေးသည်ကို ပွစိပွစိနှင့ပြော၍ ကျန်ခဲ့လေသည်။နွေးနွေး ခပ်တည်တည်နှင့်ပင် ထွက်လာခဲ့လိုက်သည်။မှန်တာပြောရလျှင် နွေးနွေးသည် ယနေ့အချိန်ထိ မောင်မောင်လတ်၏ ဇနီးကို မမြင်ဖူးပါချေ။နွေးနွေးအနေနှင့် မြင်ဖူးရန် အကြောင်းလည်း မရှိဟု ထင်မိသည် ။နွေးနွေး၏ စိတ်သည် အခြားသူများထက်မာန ပိုကြီး၏။ကိုယ့်ကိုယ် စွန့်ပစ်ချင်သူကို ကိုယ်က ဦးအောင် စွန့်ပစ်ချင်သူမျိုး ဖြစ်သည်။ထို့ကြောင့် အစ်မဖြစ်သူ မအေးရီက မောင်မောင်လတ် ကိစ္စနှင့်ပတ်သက်၍ ယတြာများချေခိုင်းစဉ်အခါက ” အခြားသူတစ်ယောက်နဲ့ လုယူ ရလောက်အောင် သူက ရွှေထွက်နေလို့လား မမကြီးရယ် …ပြောရရင် နွေးကြောင့် လူမွေးလူရောင် ပြောင်လာတဲ့သူပါ … ဘာမှ နှမျောနေစရာမရှိဘူး … နွေးအရည်အချင်းနဲ့ ကိုယ့်ဘ၀ကို လှလှပပနေနိုင်ပါ တယ် မမကြီး”ဟု ပြောပစ်ခဲ့သည်ပင်။
~~~~~~~~~~~~~~~~~
အချိန်သည် တရွေ့ရွေ့ကုန်ဆုံးနေခဲ့သောကြောင့် နွေးနွေးရပ်ကွက်ထဲသို့ပြန်ရောက်လာခဲ့သည်မှာ တစ်နှစ်ကျော် နှစ်နှစ်နီးပါး အချိန်သို့ ရောက်လာခဲ့လေသည်။
နွေးနွေးသည် စက်ချုပ်နေရာမှ ဖုန်းသံကြောင့် ဖုန်းကို လှမ်းယူလိုက်လေသည်။
“ဟယ်လို ….”
” ဟယ်လို …” တစ်ဖက်မှ ထူးသံကို မကြားရသဖြင့် နွေးနွေးစိတ်မရှည်စွာ ခပ်ကျယ်ကျယ်ထူးပစ်လိုက်သည်။
” ကျွန်တော်ပါ မနွေး …ဖုန်းမချလိုက်ပါနဲ့နော် …မောင်နှမ စိတ်နဲ့ ရိုးရိုးသားသား ဆက်တာ ပါ …”
“ဘယ်က ကျွန်တော်လဲ …”
နွေးနွေးသည် ချုပ်ထည် အရေအတွက်မပြည့်မည်စိုးသောကြောင့် ခပ်ဆတ်ဆတ်လေသံနှင့် ပြန်မေးလိုက်မိသည်။
” ကျော်ကျော်ပါ မနွေး ”
=====================
အပိုင်း ( ၇ ) ဆက်ရန်
ဧကြည်ဖြူ
ဧကြည်ဖြူ
” တစ်ခုလပ် ”
အပိုင်း ( ၇ )
**********************
တစ်ဖက်မှ ဖြေသံကြောင့် နွေးနွေး ဖြုန်းခနဲ အံ့သြသွားမိသည်။
“ဖုန်းမချလိုက်ပါနဲ့နော် မနွေး .. ကျွန်တော် ရိုးရိုးသားသားစိတ်နဲ့ ဆက်တာပါ…”
“ရိုးသားတာတွေ မရိုးသားတာတွေထားပါ ..ဘာကိစ္စဆက်တာလဲ ”
နွေးနွေးသည် လေသံခပ်မာမာနှင့်မေးလိုက်သည်။
“ဟို ….ရိုးရိုးသားသား မောင်နှမစိတ်နဲ့ သတိရလို့ဆက်တာပါ …မနွေးက ကျွန်တော့်ကို ကိုယ့်မောင်နှမတွေလို သဘောထားပေးပါနော် ”
ကျော်ကျော် စကားကြောင့် နွေးနွေးသည် မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိသည်။သူပြောပုံက နွေးနွေးဘက်က ဖုန်းချလိုက်လျှင်ပဲ သူ့အပေါ် သံယောစဉ် မကုန်သေးသည့် သဘောဖြစ်နေပေသည်။ နွေးနွေးသည် စိတ်ထဲမှ သူ့ကို ရွံရှာမုန်းတီးမိသော စိတ်ကို မျိုသိပ်လိုက်သည်။လူသည် သည်းခံလျှင် ရောင့်တက်ကြသည်။တစ်ခုလပ် မိန်းခလေးဆိုလျှင် သူ့တို့အတွက် ပစ်မှတ်ထင်နေတတ်ကြသည်။သူတို့စိတ်ထဲမှာ တစ်ခုလပ် မိန်းခလေးများကို အထင်သေးနေသော စိတ်က စွဲမြဲနေ ကြသည်။ဒါသည် ရှေ့ရိုးစွဲအမူအကျင့်တစ်ခုဟုပင် ပြောရလေမည်လားမသိ။ မိဘများသည်လည်း တစ်ခုလပ်နှင့် သူ့တို့သားသမီးများဆုံစည်းမှာကို သေမတတ်ကြောက်ကြသည်။ထို့ကြောင့်တစ်ခုလပ် အစား ရည်းစားပေါင်းများစွာနဲ့ တည်ခိုးခန်းလိုက်အိပ်တတ်သူမျိုးကို သမက်၊ ချွေးမ အဖြစ်ရသည်ကိုမူ သူတို့မသိကြပေ။ယခုမူ ကျော်ကျော်သည်လည်း နွေးနွေးကို အထင်သေးစိတ်ဖြင့်ဆက်ခြင်းသာဖြစ်ပေမည်။သူ့စိတ်ထဲ၌ နွေးနွေး၏ ဘဝသည် အိမ်ထောင်ပြုရန်လည်း ခက်ခဲပြီး သူ့ကို ချစ်ခင်စွဲလမ်းစိတ် ရှိသေးသည်ဟု ယူဆထားပုံရလေသည်။ သို့ကြောင့်သာ ဤသို့ ဆက်ရဲခြင်းဖြစ်ပေသည်။နွေးနွေးသည် ကျော်ကျော်နှင့်လမ်းခွဲစဉ်အခါက စိတ်ဆိုး နာကျည်းခဲ့မိသော်လည်း ဤတစ်ကြိမ်လောက် စိတ်မဆိုးခဲ့ပါချေ။ပထမသော် နွေးနွေးသည် ပြောဆိုပြီး ဖုန်းချရန် စိတ်ကူးမိသေးသည် ။ပြီးနောက် စိတ်ကူး အကြံအစည်တစ်ခုပေါ်ပေါက်လာသောကြောင့် ဒေါသစိတ်ကို မျိုသိပ်၍ဖုန်းကိုဟန်မပျက်ပြောလိုက်လေသည်။
” မှန်တာပြောရရင် အိမ်ထောင်သည်တွေနဲ့တော့ စကားမပြောချင်ဘူးပေါ့ … ဒါပေမဲ့ ပြောပါ …တို့က အသိမိတ်ဆွေထွေပဲဟာ …ဒါနဲ့ သူဌေးမနဲ့ လက်ထပ်လိုက်တယ်ဆို စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်နေပြီပေါ့နော် …ကိုယ်ပိုင်ကားတွေ ထည်လဲ စီးနိုင်နေပြီဆိုတော့ ဝမ်းသာပါတယ်ကွာ …ကလေးရော ရနေပြီလား ”
နွေးနွေးမေးလိုက်သောအခါ သူ့ဘက်မှ ခေတ္တမျှ အသံတိတ်သွားလေသည်။ အတန်ကြာသောအခါမှ လေသံပျော့ပျော့နှင့်ပြန်၍ဖြေလေသည်။
“အင်း … ကလေးတစ်ယောက်ရနေပြီ…စီပွားရေးကတော့ ဒီလိုပဲရုန်းနေရတာပဲပေါ့ ..ဒါနဲ့ မနွေးရော ချစ်သူရနေပြီလား…ကျွန်တော့် အထင်မှန်ရင် မရသေးလောက်ဘူးထင်တယ် ”
သူ့အိမ်အကြောင်းကို မပြောချင်သော ပုံစံနှင့် စကားလမ်းကြောင်းလွှဲလိုက်သော ကျော်ကျော်၏ မေးသံသည် သာမန်ရိုးသားသော အမေးမျိုးမဟုတ်ဟု နွေးနွေးစိတ်ထဲမှ ခံစားရလေသည်။ ထိုမေးခွန်းကို ချေပရန် အတွက် နွေးနွေး အလိမ္မာဆုံး စကားကို ရွေးချယ်ရလေသည်။
“အဲ့ဒါတွေ မစဉ်းစားဖြစ်ပါဘူး … ကိုယ့်ကံက မကောင်းတော့ ယုတ်ညံ့တဲ့ ယောကျာ်းတွေနဲ့ပဲဆုံနေရလို့ တစ်ယောက်တည်းပဲ နေဖို့ဆုံးဖြတ်ထားတယ် ”
နွေးနွေး၏ စကားသည် သူ၏ အရှိုက်တည့်တည့်ကို ထိသွားပုံရလေသည်။ကျော်ကျော့်ဘက်မှ အသံတိတ်ဆိတ်သွားပြန်လေသည်။ပြီးနောက် အသံ ခပ်တိုးတိုးဖြင့် ပြောလာလေသည်။
“မနွေး ကျွန်တော့်ကို မုန်းနေတုန်းလား ဟင် ”
“မုန်းတာမဟုတ်ဘူး …ရွံတာဟဲ့” ဟု ပြောလိုက်ချင်သောစိတ်ကို နွေးနွေးအချိန်မီထိန်းချုပ်လိုက်သည်။
“ပေါက်ပေါက်ရှာရှာ…မင်းကို မုန်းဖို့ မပြောနဲ့ ..သတိရစိတ်တောင် မရှိဘူး …ဒါပဲနော်…အလုပ်လေး ရှိလို့ …. ဖုန်းချလိုက်တော့မယ် ”
နွေးနွေးပြောပြီးသည်နှင့် ဖုန်းကို ချပစ်လိုက်သည်။နွေးနွေးအနေနှင့် ယခင်အချိန်က ကျော်ကျော့်ကို ချစ်ခဲ့သည် မချစ်ခဲ့သည် မသေချာသော်လည်း ယခုအချိန်မူ သူလို အိမ်ထောင်သည်က နွေးနွေးထံသို့ ဖုန်းဆက်ရဲသည်ကို ရွံရှာဒေါသထွက်မိလေသည်။
~~~~~~~~~~~~~~~~~~~
“မနွေး …ဟိုမိန်းမကို တွေ့လား ..ဟိုက ၀တုတ်မည်းမည်းကြီးလေး … သေချာကြည့်ထားနော် ”
” ဟဲ့ …သူများကို ဘာကိစ္စ ကြည့်ရမှာလဲ .. အားနားစရာ ”
နွေးနွေးသည် ဈေးသို့အတူလာသော ညီမတစ်ဝမ်းကွဲလေးကို ခပ်ကြောင်ကြောင်နှင့် ပြန်မေးလိုက်မိသည်။
” ဪ မနွေးရယ် ကြည့်မှာသာ ကြည့်လိုက်စမ်းပါ … ဟိုကဖြင့် မနွေးကို ကြည့်နေတာ မျက်လုံးတောင် ကျွတ်ကျတော့မယ် ”
ဟုတ်သည်။နွေးနွေး လှမ်းကြည့်လိုက်သောအခါ ထိုအမျိုးသမီးသည် နွေးနွေးကို စူးစူးရဲရဲ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ခန္ဓာကိုယ်က မည်းမည်းဝ၀မျက်နှာက ပြဲပြဲနှင့် ထိုအမျိုးသမီးကို ကြည့်ရသည်မှာ ပုံဆိုးပန်းဆိုးနိုင် လှလေသည်။သည်ကြားထဲ စပန့်စဂါဝန်ကားကားကြီးကို ဝတ်ထားသောကြောင့် တိုင်ကီကြီးကို အဝတ်ပတ်ထားသကဲ့သို့ ရှိလေသည်။နွေးနွေးလည်း ဆက်၍ ကြည့်ချင်စိတ် မရှိသောကြောင့် အကြည့်ကို လွှဲလိုက်လေသည်။
“မနွေးပုံစံနဲ့ သူ့ပုံစံကို ယှဉ်ကြည့်ပါလား မနွေး ”
ညီမဝမ်းကွဲလေး၏စကားကြောင့် နွေးနွေးစိတ်တိုချင်သလိုဖြစ်သွားရလေသည်။မည်းမည်းဝ၀ ထိုအမျိုးသမီးနှင့် နွေးနွေးလို မပိန်မ၀ခန္ဓာကိုယ်မှာ အသားအရည်ဆိုသည်မှာလည်း ဖြူဖွေးနေသည်မဟုတ်သော်လည်း စိုစိုဝင်းဝင်းကို ပိုင်ဆိုင် ထားသေးသည် ။ပြီးလျှင် ထီဘီစကပ်ကို စပို့ရှပ်လက်တို့လေးတွဲဝတ်လာခဲ့သည်။ကျောလယ်ခန့်ရှိသော ဆံပင်ရှည်ကြီးကို တစ်လွှာ သိမ်းစီးထားသောကြောင့် နွေးနွေး၏ပုံစံသည် ထိုအမျိုးသမီးနင့် ယှဉ်လျှင် များစွာ ကွာခြားပေလိမ့်မည်ထင်သည်။ထို့ကြောင့် သည်လိုအနှိုင်းယှဉ်ခံရသောအခါ ညီမဖြစ်သူကို နွေးနွေးအနည်းငယ် စိတ်ဆိုးသွားမိလေသည်။
“နင်ကလဲ ယှဉ်စရာရှားလို့…” ဟု ခပ်ဆတ်ဆတ်လေး ပြောလိုက်မိလေ၏။ထိုအခါ ညီမဖြစ်သူက မျက်နှာချိုသွေး၍ နွေးနွေးလက်ကို ဆုပ်ကိုင်လိုက်ပြီးလျှင်
“စိတ်မဆိုးနဲ့နော် မနွေး … သူနဲ့မနွေးနဲ့က ယှဉ်စရာ မလိုလောက်အောင် မနွေးက အများကြီးလှတယ်ဆိုတာ ပြချင်လို့ပါ …အဲ့ဒါ ဘယ်သူလဲ မနွေး မသိဘူး မဟုတ်လား ….မောင်မောင်လတ်မိန်းမလေမနွေးရဲ့ ”
ညီမဖြစ်သူ၏ စကားကို ကြားလိုက်ရသောအခါ နွေးနွေးစိတ်ထဲ ဝမ်းသာသလို ဖြစ်မိသွားသည်။သတိဝင်လာသောအခါမှ မသိစိတ်အတွင်းမှ စိတ်ရိုင်းစိတ်ညစ်များကို ခပ်မြန်မြန်မောင်းထုတ်လိုက်ရလေသည်။
” သူတို့အကြောင်းတွေကို အချိန်ကုန်ခံပြီး အမုန်းပွားမနေပါနဲ့ ညီမလေးရယ် …သူတို့ရဲ့ကံဇာတာက ဒီလိုဘ၀မျိုးပါလာတဲ့ကံတွေပဲလေ … မနွေးတို့ရဲ့ စိတ်တွေကို သူတို့လို လူမျိုးတွေကြောင့် အညစ်နွမ်းခံလို့ မဖြစ်ဘူး ”
“ဟုတ်ကဲ့ပါ မနွေးရဲ့ …ညီမလေးက အမုန်းမပွားပါဘူးနော် … သူ့ကို တွေ့တိုင်း အသက်ရှည်ကျန်းမာပါစေလို့ ဆုတောင်းပေးနေတာ ..ဘာလို့လဲသိလား သူ့အသက်ရှည်မှ ဟိုလူနောက်မိန်းမ ထပ်ယူလို့မရမှာလေ … ခုလို အခြေအနေဆိုတော့ သူ့အမေနဲ့သူ့မောင့်ကို ကြောက်လို့ ဟိုလူနောက်မီးလင်းချင်နေတာတောင် မလင်းရဲတဲ့ဘ၀ကို တွေ့မြင်နေရတာ ဘယ်လောက် ပျော်ဖို့ကောင်းလဲ ”
ညီမဖြစ်သူကို နွေးနွေး ပါးစပ်အဟောင်းသားနှင့် ငေးကြည်နေမိသည်။ပြီးလျှင် နွေးနွေးသည်လည်း စိတ်လိုလက်ရ ပြုံးလိုက်မိလေသည်။လူစိတ်သည် မှန်းဆရ ခက်လှပေသည်။နွေးနွေးသည် သူတော်စင်မဟုတ်ပါ ။စိတ်ဆိုးတတ်သည်။ မုန်းတီးတတ်သည်ပင် ။မောင်မောင်လတ်နှင့် ပတ်သက်၍ နွေးနွေးတွင် ဘာခံစားချက်မျှမရှိခဲ့သည်မှာ သေချာသည်။သို့သော်လည်း ညီမငယ် ဖြစ်သူ၏ စကားကို ကြားရသောအခါ၌ နွေးနွေး၏စိတ်တွင် ကျေနပ်နှစ်သိမ့်ခြင်း အနည်းငယ် ဖြစ်ခဲ့မိပါလေသည။
~~~~~~~~~~~~~~~~~~~
“မိနွေး …နေကုန်နေခန်း စက်ပဲ ချုပ်မနေနဲ့ …အစားလဲ ကောင်းကောင်းစားအုံး … တော်ကြာ ကျန်းမာရေးထိခိုက်နေမယ် …တစ်နေ့တစ်နေ့ အိမ်ဝယ်ဖို့ ဆိုတာချည်းပဲ တွေးမနေနဲ့ … နင်သာ လာနေချင်ရင် ငါ့အိမ်မှာ အချိန်မရွေးလာနေလို့ရတယ် ”
မအေးရိသည် ထုံးစံအတိုင်း တဖျစ်ဖျစ်တောက်နှင့် ပြောနေမိသည်။မပြော၍လည်း မဖြစ်ပေ။ညီမဖြစ်သူ နွေးနွေး ခေါင်းမာသည်ကို မအေးရီအသိဆုံးဖြစ်လေသည်။ခြံဝယ်မည်ဟု ဆိုကာ အစားကို ချွေတာစားသည် ။အလုပ်ကို နေကုန်နေခဉ်းမနားတမ်း လုပ်သည် ။ သူ့တွင်ရှိသော ငွေနှင့် လူနေကျဲပါးသော ကွက်သစ်တွင် ခြံလေးတစ်ကွက် ဝယ်နိုင်နေပြီဟု မအေးရီကို ပြောသည်။ မအေးရီက “ကွက်သစ်ဘက်မှာ သွားမ၀ယ်ရဘူး”ဟု စိတ်ဆိုးမာန်ဆိုးနှင့် ပြောထားသောကြောင့်သာ ဤသို့ ငြိမ်နေခြင်းဖြစ်လေသည်။မအေးရိသဘောက ညီမဖြစ်သူကို ငွေအကုန်ခံ၍ ခြံဝယ်မည့်အစား အိမ်မှာပင် လာနေစေချင်သည်။နွေးနွေး၏ စိတ်သဘောကမူ ထိုသို့မဟုတ်ချေ ။မည်သူ့ဆီမှ ကပ်မနဘဲ ကိုယ်ပိုင်အိမ် ခြံ နှင့်သာနေချင်သည်လေ။ထို့ကြောင့် မအေးရီ၏အနီးအနားတွင် ဝယ်နိုင်ရေးအတွက် ငွေကို အသည်းအသန် ကြိုးစားရှာဖွေနေခြင်းဖြစ်လေသည်။
“မိနွေး နင့်ခဲအိုရဲ့ တူဝမ်းကွဲ သူရိန်ဆိုတဲ့ တစ်ယောက်ကို သိတယ်မဟုတ်လား ….သူက နင့်ကို စိတ်ဝင်စားပုံပြနေတယ်လို့ နင့်ခဲအိုက ပြောနေတယ် ”
မအေးရီသည် နွေးနွေးကိုကြည့်၍ သွေးတိုးစမ်းသည့်သဘောနှင့် ပြောလိုက်သည်။
နွေးနွေးသည် အစ်မဖြစ်သူ မအေးရိ၏ စကားကြောင့် စက်ချုပ်တာကို ရပ်လိုက်ပြီးလျှင် အစ်မဖြစ်သူကို လှမ်း၍ ပြောလိုက်မိသည်။
” မမကြီးရယ် ….နွေးအိမ်ထောင်မပြုတော့ဘူး …နွေးကို အထင်သေးသလိုနှိမ်သလို ပြောတာတွေကို မခံချင်ဘူး ..မသိရင် တစ်ခုလပ်ဆိုတာနဲ့ အပြစ်သားလိုလို မကောင်းတဲ့ မိန်းမလိုလို ကြည့်တာ ပြောတာကို မခံချင်တော့ဘူး … ကိုယ့်ဘာသာ တစ်ယောက်တည်းပဲနေတော့မယ် ”
” နင့်ခဲအို အစ်မက အဲ့လို မဟုတ်ပါဘူးဟယ် … တစ်ယောက်တည်းနေတယ်ဆိုတာ အသက်ငယ်တုန်းပဲ အဆင်ပြေတာ …အသက်ကြီးလာရင် မိသားစုဆိုတာလိုတယ်…ကောင်းကောင်းဆိုးဆိုး မိသားစုရှိတာက အကောင်းဆုံးပဲ … တစ်ယောက်တည်း သမားတွေ မနာမကျန်းဖြစ်လို့မှ ဆေးကိုက်မယ့် သူမရှိတဲ့ ဘ၀မျိုးမှာနေချင်လို့လား ”
” ဒါတော့ ဒါတော့ မမကြီးရယ် … ဒါပေမဲ့ နွေးကို နှိမ်ချင်သလိုလို အထင်သေးသလိုမျိုးဆိုရင်တော့ စိတ်ကမခံချင်လှဘူး … သူတို့တွေဘာပြောပြော နွေးက ကိုယ့်ကိုယ်ကို တန်ဖိုးထားလို့ ဘယ်သူပြောတာမှ မခံနိုင်ဘူး …ကိုယ့်ဘာသာ ငွေများများ ရှာပြီးနေမှာပေါ့ ”
နွေးနွေး ပြန်ပြောလိုက်သောအခါ အစ်မဖြစ်သူမအေးရီသည် နွေးနွေးကို မျက်စောင်းတစ်ချက်ထိုးပြီးလျှင်
“အေး …အေး… နေဟေ …တစ်ယောက်တည်းပဲနေ ကြားလား … တစ်သက်လုံး မအိုမင်း တော့ဘူးဆိုတော့ ဒီတိုင်း သာနေ ”
သူပဲ စပြောပြီး သူပဲ စိတ်ဆိုးသွားသော အစ်မဖြစ်သူကို ကြည့်ပြီး နွေးနွေး ပြုံးလိုက်မိလေသည်။အစ်မကြီး ပြောသလိုပင် နွေးနွေးလည်း စိုးရိမ်မိသည်ပေါ့ ။ လူဆိုသည်မှာ အပေါင်းအဖော်နှင့် နေရသည်ပဲလေ။သို့သော်လည်း ကိုယ်နှင့် စိတ်သဘောထားတူသော အပေါင်းအဖော်ကို ရရန် ခက်ခဲလှသည့် ဘ၀မှာ နွေးနွေး မစွန့်စားချင်တောပေ။
~~~~~~~~~~~~~~~~~
ချုပ်ထည်များကို လက်စသပ်နေစဉ် ဖုန်းမြည်လာသောကြောင့် နွေးနွေးကောက်ကိုင်လိုက်သည်။
“ဟယ်လို ”
” ဘာတွေ လုပ်နေလဲ မနွေး ….အလုပ် အားတုန်း ခဏ ဆက်လိုက်တာ ”
အသံကြားလိုက်ရသောအခါမှ ကျော်ကျော်မှန်း နွေးနွေးသိလိုက်သည်။
“ဖုန်းမဆက်သင့်ဘူးထင်တယ် ကျော်ကျော် ”
“ဘာလို့ မဆက်သင့် တာလဲ ကျွန်တော်တို့က ဘာဖြစ်နေလို့လဲ ”
နွေးနွေး၏ အပြောကို ကျော်ကျော်က ပြန်၍ပြောလေသည်။
“ဘာလို့ မဆက်သင့်လဲဆိုတော့ မင်းကအိမ်ထောင်သည် မို့ပဲ ….မင်းရဲ့ မိန်းမသူဌေးမကြီးသိသွားလို့ ငါ့ကို မဟုတ်တမ်းတရားတွေ စွပ်စွဲနေပါ့မယ် ”
နွေးနွေးက လေသံခပ်အေးအေးနှင့်ပင် ပြန်ပြောလိုက်သည်။
“မနွေး …ကျွန်တော်အရမ်းစိတ်ညစ်တယ် … မနွေးကို ပြောခဲ့မိလို့ ဝဋ်တွေ လုပ်နေပါပြီ … သားလေးသာ မရှိရင် ကျွန်တော် သူနဲ့ အဝေးဆုံး ကိုထွက်ပြေးမိမှာပဲ ”
နွေးနွေးသည် ဖုန်းချမည် ပြုပြီးမှ ကျော်ကျော်၏ စကားသံကြောင့် ဖုန်းကို မချပစ်လိုက်ပေ။လူစိတ်သည် ခက်လှ၏။အထူးသဖြင့် ဥပေက္ခာတရားကို ရင်ဝယ်ပိုက်ထားနိုင်သည်ဟု ကိုယ့်ကိုယ်ကို ထင်နေမိသော နွေးနွေးသည် ကျော်ကျော်၏ဒုက္ခဆိုသည်ကို နားထောင်ချင်မိသော စိတ်ဆိုး စိတ်ညစ်လေး ရုတ်ခြည်း ပေါ်လာလေ၏။
“ဟယ် … ဘာဖြစ်လို့လဲ ကျော်ကျော်ရယ် ”
နွေးနွေး၏မေးသံသည် ကရုဏာသံစွက်နေသည်ဟု ထင်ချင်စရာပါပေ။အမှန်တကယ် နွေးနွေး၏ စိတ်တွင်း၌မူ ပျော်ရွှင်သလိုလို ဖြစ်နေမိလေသည်။
“ကျွန်တော့် အဖြစ်က လည်လွန်းတဲ့ဘီး ချီးသင့်ခဲ့တဲ့အဖြစ်မျိုးပါ … ကားဝယ်ပေးဖို့ နေနေသာသာ သူကျွန်တော့်ကို ဝယ်ပေးခဲ့တဲ့ ပစ္စည်းဖိုးတွေနဲ့ သူ့အကြွေးတွေကို ကျွန်တော် ခုချိန်ထိဆပ်နေရတုန်းပါပဲ အားလုံးက အလိမ်တွေချည်းပါပဲ… သိသိချင်း ကွာရှင်းမယ်ဆိုပြီး ကျွန်တော့်မိဘအိမ်ကို ပြန်သွား တော့ ကိုယ်ဝန်ရှိနေပြီ ပြန်မလိုက်ရင် တိုင်မယ်လို့ ပြောတာဗျ ”
ကျော်ကျော်၏ အသံသည် စိတ်ဆိုး နာကျည်းဟန်ပေါက်နေလေသည်။
” ဪ …စိတ်မကောင်းပါဘူး …..ဒါပေမဲ့ မင်းနဲ့ မင်းမိဘတွေ လိုချင်တဲ့ အပျိုစစ်စစ်ရတယ် မဟုတ်လား ”
နွေးနွေးသည် ရင်တွင်မှ ကျေနပ်စိတ်ကို ထိန်းချုပ်၍ ကျော်ကျော့်ကို ပြောလိုက်သည်။
“တော် …တော်ပါတော့ မနွေးရယ် ….. တစ်ခုလပ် ပါဗျာ … သူ အသုံးအဖြန်းကြီးလို့ ယောကျာ်းက ပစ်ထားခဲ့တာတဲ့လေ သတင်းကြားတာတော့ …ကလေးလဲရှိခဲ့တယ်တဲ့ … အဲ့ကလေးကလဲ သေသွားတာလိုလို သူ့ယောကျာ်း ခေါ်သွားတာလိုလိုနဲ့ … ဘာမှန်းကို မသိပါဘူး ..တော်ပါပြီး မနွေးရယ် သူ့အကြောင်း တွေ မပြောချင်တော့ပါဘူး ”
သူက “မပြောချင်တော့ပါဘူး ” ဟု ဆိုသော်လည်း နွေးနွေးစိတ်က ထပ်၍ကြားချင်မိလေသည်။နွေးနွေး၏ နဂိုမူရင်းစိတ်သည် ရန်သူဖြစ်စေ ဒုက္ခရောက်နေသည်ကြားသော် ဝမ်းသာပျော်ရွှင်တတ်သော သူမျိုးမဟုတ်ပေ။ယခုမူ နွေးနွေး၏စိတ်အစဉ်၌ ထိုသို့စိတ်မျိုး ပေါ်လာသည့် အဖြစ်ကို နွေးနွေးမနှစ်သက်လှပါချေ။
” ဒါတွေ ပြောမပါနဲ့တော့ဟယ် … အခု မွေးထားတဲ့ ကလေးက မင်းကလေးဖြစ်ရင်ပဲ ကျေနပ်လိုက်ပေါ့ …”
နွေးနွေး၏ စကားသံတွင် ကျေနပ်အားရသော အသံ အနည်းငယ် ပါဝင်သွားသည်ကို ကျော်ကျော်က သတိမထားမိ၍ တော်ပေတော့သည်ဟု နွေးနွေး တွေးလိုက်မိလေသည်။
=============== =====
အပိုင်း (၈) ဆက်ရန်
ဧကြည်ဖြူ
တစ်ခုလပ် ”
အပိုင်း (၈)
********************
ကျော်ကျော်သည် သူ၏ အဖြစ်မှန်များကို ပြောပြီးသည့်နောက်တွင် သုံးလေးရက်တစ်ခါ ဖုန်းဆက်တတ်လေသည်။နွေးနွေးသည် ကျော်ကျော် ဖုန်းဆက်လျှင် တစ်ခါတရံ၌ဖုန်းကိုင်ပြီးလျှင် သူဘ၀ဒုက္ခတွေကို နားအရသာခံ၍နားထောင်မိပါလေသည်။သို့သော်လည်းကျော်ကျော် ဖုန်းဆက်သည့်အခါတိုင်း၌မူ နွေးနွေး ဖုန်းမကိုင်ခဲ့ပါချေ။ဖုန်းကိုင်ချင်စိတ်လည်းမရှိသလို ကျော်ကျော်နှင့် ပတ်သက်လိုခြင်းစိတ်လည်း မရှိသည်မှာ အမှန်ပင်ဖြစ်ပါလေသည်။သို့သော်လည်း ကျော်ကျော်၏ အပြုအမှုနှင့် စကားအသွားအလာကို နားထောင်၍ နွေးနွေး၏ မသိစိတ်အတွင်းမှ မာနနှင့် လက်တုံ့ပြန်ချင်စိတ်များ ဖြစ်ပေါ်ခဲ့မိလေသည်။ကျော်ကျော်၏ အပြုအမူများသည် နွေးနွေးကို အထင်သေးသည့်အပြင် အပိုင်တွက်ထားဟန်ရှိသည်ကို ခန့်မှန်းသိရလေသည်။ ဥပမာ နွေးနွေးချစ်သူရည်းစားမထားသည်မှာ သူ့ကို ချစ်နေသေးသောကြောင့်ဟု ထင်နေပုံရလေသည်။ ထိုမျှမက နွေးနွေးကို မည်မျှ အထင်သေးသည်ဆိုသော် သူ့အိမ်ထောင်ကွဲသွားခဲ့လျှင် နွေးနွေးက သူ့ကို ကျိန်းသေပေါက် ပြန်လည် လက်ခံမည်ဟု ယုံကြည်ထားပုံလည်း ရလေသည်။
” ကျွန်တော် သူ့ကို ငွေပုံမှန်ရှာပေးတယ်ဗျာ …ဒါကို မလောက်ဘူး …သူက လူနားကို အမြဲကပ်နေချင်တာလေ … သူ့နားကိုကပ်နေချင်စိတ်မရှိပါဘူးဗျာ… မကျေနပ်လို့ လမ်းခွဲမယ်ဆိုရင် အဆင်သင့်ပဲ …အဲ့ဒီအချိန် ကျရင် ကျွန်တော်တို့သားအဖကို လက်ခံပေးနော် …အားကိုးစရာမနွေးပဲရှိတာ … ” ကျော်ကျော့်ထံမှ ထိုသို့သော စကားမျိုး ကြားရလျှင် နွေးနွေးသည် ကျော်ကျော့်ပါးပြင်ကို စိတ်ရှိလက်ရှိရိုက်ပစ်ချင်စိတ်များ ပေါ်ပေါက်မိလေသည်။ထိုမျှမကသေး ကျော်ကျော်သည် တစ်ခါတစ်ရံ၌ နွေးနွေးတို့ ချစ်သူ့ရည်းစားဘဝက အကြောင်းတွေကို မသိမသာ ထည့်ပြောတတ်လေသည်။
” မှတ်မိသေလား … ကျွန်တော်တို့ လျှောက်လည်ကြတာလေ … ” စသည်ဖြင့် စကားစခေါ် တတ်ပြန်လေသည်။ ထိုအခါမျိုးတွင် နွေးနွေး၏ စိတ်တွင်းမှ ဒေါသည် မီးဟုန်းဟုန်းတောက်လောင်နေသည်ကဲ့သို့ ခံစားရလေသည်။ သို့ပါလျက် နွေးနွေးသည် ကျော်ကျော် ဖုန်းဆက်လျှင် တစ်ခါတစ်ရံ ဖုန်းကိုင်နေမိခြင်းမှာ နွေးနွေး၏မသိစိတ်မှ ကျော်ကျော့််ကို အနိုင်ယူပြောဆိုခြင်စိတ်များကြောင့်ပင်ဖြစ်လေသည်။ပြီးလျှင် နွေးနွေးကို အထင်သေးနေသော ကျော်ကျော့်ကို လက်တုံ့ပြန်ချင်စိတ်များလည်းဖြစ်ပေါ်နေမိလေသည်။
” အိမ်က ဘာပြောလဲဆိုတော့ … မနွေးကိုသာယူခဲ့ရင် ကျွန်တော့် အခုလို ဒုက္ခရောက်မှာ မဟုတ်ဘူးတဲ့ ” ထိုသို့သော စကားကို သူမို့ပြောရဲပေသည်။နားထောင်နေရသည့် နွေးနွေးမှာ အရှက်ကင်းမဲ့လှသော သူ၏ရင် ၀သို့ ဓါးနှင့်သာ အခါခါထိုးပစ်ချင်စိတ်များ ဖြစ်ပေါ်နေမိလေ၏။
နွေးနွေးသည် ကျော်ကျော့််အကြောင်းကို တွေးမိသည့်အခါတိုင်း တစိမ့်စိမ့် ဒေါသဖြစ်မိလေသည်။
“ကျွန်တော်က ရိုးရိုးသားသားစိတ်နဲ့ ဆက်တာပါ … ဘာအတွေး မှမပါပါဘူးဗျာ ” ကျော်ကျော်သည် ထိုစကားကို တွင်တွင် သုံးလျက် နွေးနွေးထံသို့ ဖုန်းမကြာခဏဆက်လေသည်။ကြာသောအခါနွေးနွေး ဖုန်းပြောချင်စိတ် လုံးဝ မရှိတော့လောက်အောင်ပင်ဖြစ်လာခဲ့လေသည်။
” မင်းဘာသာ ရိုးသား မရိုးသားသား …အိမ်ထောင်သည် နဲ့ စကားပြောရတာ နွေးသိက္ခာကျတယ် ..ပြီးတော့ တစ်ဖက်က မင်းမိန်းမကိုလဲ ကိုယ်ချင်းစာတယ် …. ဘယ်မိန်းမ မဆို ကိုယ့်ယောကျာ်း အခြားမိန်းမနဲ့ အကြောင်း မရှိ ဖုန်းပြောနေတာကို ကြိုက်မှာ မဟုတ်ဘူး …..ဘာပဲဖြစ်ဖြစ် နွေးတော့ အဲ့အစ်မကို ကျေးဇူးတင်မိတယ် မဟုတ်ရင် အခုလောက်ဆို သူ့အစား နွေးဒုက္ခခံနေရမှာလေ … အခုမှသေချာသိတာ ကျော်ကျော့်ကို သနားခဲ့မိရုံကလွဲပြီး ချစ်စိတ် မရှိခဲ့တာ သေချာတယ် ..” ထိုသို့ ပြောပြီးနောက်ပိုင်းတွင် နွေးနွေးအနေနှင့်ကျော်ကျော့််ထံမှ ဆက်သော ဖုန်းများကို လုံးမမကိုင်ခဲ့ပါချေ။ပြီးလျှင် နွေးနွေးစိတ်ထဲမှ ညီမ၀မ်းကွဲလေးကဲ့သို့ပင် ကျော်ကျော့်၏ ဇနီးအသက်ရှည်ပါစေရန်နှင့် သူတို့နှစ်ဦးသက်ဆုံးတိုင် အိမ်ထောင်ခိုင်မြဲပါစေရန် ဆုတောင်းနေမိလေသည်။
~~~~~~~~~~~~~~~~~~~
“သူတို့တွေ ရည်းစားဘ၀က ညဘက်တွေချိန်းတွေ့ကြတာ …အလုပ်ပိတ်ရက်မှာ လျှောက်လည်ကြတာတဲ့လေ … ”
ပြောသူသည် နွေးနွေးကို ကြည့်၍ ပြောနေခြင်းဖြစ်သည်။ချုပ်ထည်ပြီး၍ လာပို့ရာ သည်အမျိုးသမီးနှင့် တည်တည့်ဆုံခြင်း ဖြစ်လေသည်။ သူမသည် မောင်မောင်လတ်၏ ဆိုင်နားတွင် အထည်ဆိုင်ဖွင့်ထားသူပင် ဖြစ်လေသည်။နွေးနွေးမကြားကြားအောင် တမင်ပြောနေမှန်း သိသာလှလေသည်။
“အဲ့ဒါ ကိုယ်နဲ့မဆိုင်ပေမဲ့…မခံနိုင်လို့ ပြောပစ်လိုက်တယ် .. အိမ်ထောင်သည်နဲ့ …လျှောက်လည်တာ ကြွားစရာလားဟဲ့လို့ ပြောပစ်ခဲ့တယ်လေ …မောင်မောင်လတ်ဆိုတဲ့ ကောင်က မိန်းမရှိတာ နင်မသိဘူးလားလို့ အမြင်ကပ်ကပ်နဲ့ မေးပစ်လိုက်တာ ”
သူမ၏ မျက်လုံးများသည် နွေးနွေးကို မသိမသိသာလှမ်း၍ ကြည့်နေပြန်လေသည်။
” မောင်မောင်လတ်ဆိုတာလဲ လူမွေးလူရောင် မပြောင်ပါဘူး… ဟိုနေ့က … ဒီရှေ့က မျက်စောင်းထိုး ဆိုင်မှာ ထိုင်ပြီး နွေးနွေးလာတာကို မြင်တော့ မျက်လုံးကျွတ်ကျမတတ် ကြည့်နေတာလေ … အဲ့ဒါကို သူ့မယားက ဘယ်လိုသိသွားလဲမသိဘူး …အခုဆို မောင်မောင်လတ်ကို မျက်စိအောက်က အပျောက်မခံဘူးလေ … ဆိုင်ချင်း ကပ်နေတော့ အကုန်သိ အကုန်ကြားနေရတယ်လေ ”
နွေးနွေးသည် ကိုယ့်နာမည် တရားဝင်ပါလာသောကြောင့် အမျိုးသမီးကို လှမ်းကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလိုက်သည်။
” နွေးကို သူတို့နဲ့ နှိုင်းယှဉ် ပြောတာကို မကြိုက်ပါဘူးရှင် ….နွေးက ထွေးပြီးသားတံတွေး ဆိုရင်တောင် ရွံလွန်းလို့ ပြန်မကြည့်ပါဘူး ….ဘ၀မှာ နွေး နောင်တ အရဆုံးက …အဲ့လိုလူကို ယူခဲ့မိတာကိုပဲ … နောက်နောင် သူတို့ အကြောင်း တွေ နွေးကို လာမပြောပါနဲ့နော် ”
နွေးနွေးသည် ပြောပြီးသည်နှင့် ဆိုင်ထဲမှ ထွက်ခဲ့လေသည်။ ထိုအခါ ဆိုင်၏ မျက်စောင်းထိုး ဆိုင်တွင် ထိုင်နေသော အသားမည်းမည်းပိန်ပိန်နှင့် လူတစ်ယောက်သည် နွေးနွေးကို လှမ်းကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ပထမသော် နွေးနွေးစိတ်ထဲမှ အမှုမဲ့အမှတ်မဲ့မျက်နှာလွှဲလိုက်မိလေသည်။ပြီးသော အခါမှ ထိုသူသည် မောင်မောင်လတ် ဖြစ်နေမှန်း နွေးနွေး မှတ်မိလိုက်လေသည်။
ဖြစ်နိုင်မည်ဆိုလျှင် နွေးနွေးသည် မောင်မောင်လတ်နှင့်ကျော်ကျော့်ကို ပတ်သက်ခဲ့မိသည့် အတိတ်ကို ဖျက်ဆီးဖျောက်ဖျက်ပစ်လိုက်ချင်လှပါလေသည်။နွေးနွေးသည် တစ်ခုလပ် ဖြစ်ရခြင်းအတွက် မသိမ်ငယ်ပါ။မရှက်ပါ။နွေးနွေးသည် ကိုယ့်ကိုယ်ကို တန်ဖိုးထားသူဖြစ်ပါလေ၏။သို့သော်လည်း တစ်ခါတစ်ရံ၌မူ ချစ်သည်လည်းမဟုတ်ဘဲ သည်လိုလူမျိုးများနှင့် လက်တွဲခဲ့မိသည်ကိုတွေးမိလေသည့်အခါတိုင်း ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်အောင် စိတ်ဆိုးဒေါသထွက်နေမိလေသည်။
~~~~~~~~~~~~~~~~~~
ဗိုက်ထဲမှ စူးစူးဝါးဝါး ထိုးအောင့်နေသောကြောင့် နွေးနွေး စက်ခုံပေါ်မှ ထလိုက်ပြီးလျှင် ဆေးများ ထည့်ထားသော ဘူးထဲမှ အစာကြေဆေးကို ယူသောက်လိုက်ပြီးနောက် တတ်သလောက် မှတ်သလောက် အိမ်တွင်း ကုထုံးနည်းအတိုင်း သွားတိုက်ဆေးနှင့် အုန်းဆီကို ရောနယ်၍ ဗိုက်မှာ လူးလိုက်သည်။
ဆေးလူးပြီး အတန်ကြာသည်အထိသက်သာလာခြင်းမရှိသောကြောင့် နွေးနွေးစက်ချပ်တာကို ရပ်နားလိုက်ပြီး ဖျားကိုခင်း၍ အိပ်ရာပေါ်လှဲအိပ်လိုက်သည်။သို့သော်လည်း ဗိုက်ထဲမှ စူးအောင့်နေသော ဝေဒနာမှာ ပို၍ ဆိုးဝါးလာသလို ခံစားနေရသောကြောင့် ဆေးခန်းသို့သွားရန် လှဲနေရာမှ ပြန်ထကြည့်လိုက်သည်။ ညာဘက်ခါးစပ်လောက်မှ မခံမရပ်နိုင်အောင်စူးခနဲစူးခနဲထိုးအောင့်လာသောကြောင့် နွေးနွေးပါးပြင်ပေါ်သို့ မျက်ရည်များပါ စီးကျလာည့်အထိ နာကျင်မှုက ဆိုးဝါးလှလေသည်။နွေးနွေးသည် ဖုန်းကို မမီမကမ်းလှမ်းယူလိုက်ပြီး အစ်မဖြစ်သူဆီသို့ ဖုန်းလှမ်းခေါ်လိုက်လေသည်။
—~~~~~~~~~~~~~~
“မိနွေး ….ဘာဖြစ်တာလဲ အတော်နာနေတာလား ”
“ဟုတ် …ဟုတ်ကဲ့ မမကြီး..မနေ့ကတည်းက ဗိုက်ကြီးကယ်ပြီး နေရခက်နေတာတော့ သိတယ် ….မနက်ကမှ အောင့်သလိုလို ဖြစ်ပြီး အခုတော့ မနေနိုင်တော့အောင် အောင့်လာတယ် ”
နွေးနွေးသည် အစ်မဖြစ်သူ ရောက်လာသည်နှင့် အားကိုးတကြီး ပြောဆိုလိုက်မိသည်။
” ဒုက္ခပဲ … နင်က အစားကို မှန်မှန်မှ မစားတာကို မိနွေးရဲ့ ….ဟင် ..ဒါနဲ့ ..နင့် ဗိုက်ကပူနေသလိုပဲ … ဘာ..ဘာ ..ဖြစ်တာလဲ မိနွေး … နင်…..နင် …”
မအေးရိက ညီမဖြစ်သူနွေးနွေး၏ အနည်းငယ် စူထွက်နေသော ဗိုက်ကို ကြည့်၍အလန့်တကြား ပြောလိုက်မိလေသည်။
” မ …မသိပါဘူး မမကြီးရယ် …ဒီတစ်ပတ်အတွင်းမှာ ပူလာသလိုပဲ … ဘာဖြစ်မှန်းလဲ မသိဘူး … နွေးနွေးကို ဆေးခန်းပို့ပေးပါနော် ”
နွေးနွေးသည် အစ်မဖြစ်သူ၏ ထိတ်လန့်တုန်လှုပ်နေသော ပုံစံကို သတိမထားမိဘဲ နားကျင်မှုကို မခံနိုင်လွန်းသောကြောင့် ထပ်မံ၍ ပြောလိုက်မိလေသည်။
မအေးရီသည်လည်း ညီမဖြစ်သူ၏ပုံစံကိုကြည့်၍ ထူပူနေမိသလို အတွေးပေါင်းစုံကိုလည်း တွေးနေမိလေသည်။
” နာ …နာတယ် …မမကြီး ..နွေးကို ဆေးခန်းလိုက်ပို့ပေးပါနော် …..”
” ဪ … အေး ….အေး … ခ..ခဏလေး ….ကားသွားခေါ်လိုက်အုံးမယ် ….”
မအေးရီသည် နွေးနွေး၏ ငိုသံနှင့် ပြောသောအသံကို ကြားလိုက်ရသော အခါမှ လမ်းထိပ်ရှိ ကားတစ်စီးကို ထွက်ငှားဖို့သတိရလိုက်မိလေသည်။
~~~~~~~~~~~~~~~~~~
” ကားနဲ့ သွားမှာလား မမကြီး … ရပ်ကွက်ထဲက ဆေးခန်းမသွားဘူးလား ”
နွေးနွေးသည် အစ်မဖြစ်သူဖွင့်ပေးသော တံခါးပေါက်မှ ကားထဲသို့ ဝင်ထိုင်လိုက်ပြီးလျှင် နာကျင်နေသည့်ကြားမှ အစ်မဖြစ်သူကို မေးလိုက်မိသည်။
မအေးရီသည် နွေးနွေးကို ဘာမျှ ပြန်မဖြေဘဲ ကားသမားကို ရပ်ကွက်၏ ခပ်ဝေးဝေး ရပ်ကွက်တစ်ခုမှ ဆေးခန်းဆီသို့ မောင်းခိုင်းလိုက်လေသည်။
~~~~~~~~~~~~~~~~~
“နာမည် ”
” မနွေးနွေး ပါရှင် ”
” အသက် ”
” နှစ်ဆယ့်ရှစ်ပါ ”
ဆေးခန်းမှ အကူစာရေး၏ အမေးကို မအေးရီ ဖြေနေရသော်လည်း စိတ်ထဲ၌ စိုးရိမ်ပူလောင်၍နေမိလေသည် ။
~~~~~~~~~~~~~~~~
” အိမ်ထောင် ရှိလား ”
” မ …မရှိပါဘူးရှင် … ဟို … ဟို …လွန်ခဲ့တဲ့ နှစ်နှစ်ကျော်တုန်းတုန်းကတော့ အိမ်ထောင်ကျခဲ့ဖူးပါတယ် ဆရာ ”
ဆရာဝန် အခန်းထဲသို့ ရောက်ရောက်ခြင်းပဲ အမေးခံလိုက်ရသောမေးခွန်းကြောင့် မအေးရီသည် နှလုံးခုန်သံများမြန်ဆန်လာပြီးလျှင် နှုတ်မှ အထစ်ထစ်အငေါ့ငေါ့နှင့် ဖြေလိုက်မိလေသည်။
နွေးနွေးမှာ အစ်မဖြစ်သူ၏ စိတ်ဒုက္ခကို မသိဘဲ လူနာခုတင်ပေါ်သို့ လှဲချလိုက်ပြီး နာကျင်မှုကြောင့် အသံလေးထွက်၍ ညည်းညူနေမိလေသည်။
ဆရာဝန်သည် နွေးနွေးကိုစမ်းသပ်လိုက်ပြီးသည့်နောက်
” ကရိယာစုံလင်တဲ့ ဆေးရုံး ဖြစ်ဖြစ် …အထူးကု ဆေးရုံကို ဖြစ်ဖြစ်သွားလိုက်ပါ …အခုတော့ နာတာ သက်သာအောင် ဆေးတစ်လုံး ထိုးပေးလိုက်မယ် … ဒီကနေ ဆေးရုံကိုပဲ တန်းသွားလိုက်ပါ ”
” ဟုတ် … ဟုတ်ကဲ့ပါ ဆရာ ”
~~~~~~~~~~~~~~~~~~
မအေးရိသည် ဆေးခန်းက ထွက်လာခဲ့ပြီးသည့်နောက်တွင် အထူးကု ဆေးရုံတစ်ရုံသို့ ကားကို မောင်းခိုင်းလိုက်လေသည်။
“စူးပြီးအောင့်နေတာလား ”
“ဟုတ်ကဲ့ ”
“ဗိုက်က ဘာလို့ပူနေတာလဲ ”
” ရှင် … မသိဘူး …ပူလာတာ တစ်ပတ်လောက်တော့ရှိပြီး …အစားများလို့ပူလာတယ် ထင်တာ ”
“အိမ်ထောင်ရှိလား ”
“မရှိပါဘူးရှင်း ”
သည် အခါ ဆရာဝန်မ၏ မေးခွန်းများကို ဗိုက်အောင့််တာသက်သာနေပြီဖြစ်သော နွေးနွေးကိုယ်တိုင် ဖြေလိုက်လေသည်။
“ရည်းစားရော ရှိလား ”
“မရှိပါဘူး ရှင် ”
နွေးနွေး၏ အဖြေကို ဆရာဝန်မက စိတ်ကျေနပ်ဟန်မတူဘဲ မျက်မှောင်ကြုတ်လိုက်ပြီးလျှင် သူနာပြု ဆရာမ တစ်ယောက်ကို လှမ်းခေါ်လိုက်လေသည်။
” သူ့ကို ဆီးစစ်တံနဲ့ စစ်ခိုင်းကြည့်လိုက်ပါ ”
ဆရာဝန်မ၏ စကားကြောင့် နွေးနွေးသည်တစ်ကိုယ်လုံး ထူပူသွားလျက် ရှက်ရွံ့ထိတ်လန့်သွားမိလေသည်။
==================
အပိုင်း ( ၉ ) ဆက်ရန်
ဧကြည်ဖြူ
ဧကြည်ဖြူ
” တစ်ခုလပ် ”
အပိုင်း (၉ )
*******************
ဆရာ၀န်မ၏ ပြောစကားနှင့် သူနာပြုဆရာမ၏ အပြုအမူကြောင့် နွေးနွေးမှာ ယခုမှပင် အစ်မဖြစ်သူ၏ ထိတ်လန့်တုန်လှုပ်နေသော အကြောင်းအရင်းကို တွေးမိသွားပြီးလျှင် စိတ်ထဲမှ မကျေမချမ်းဖြစ်သွားမိပြီးလျှင် သူနာပြုဆရာမလေးကို ခပ်ဆတ်ဆတ်လေး ပြောလိုက်မိသည်။
” ဆရာမရှင့် .. ကျွန်မမှာ ကိုယ်ဝန်ရှိစရာအကြောင်း မရှိဘူး .. အိမ်ထောင်လဲမရှိဘူး …ရည်းစားလဲမရှိဘူး ”
” ဟို ..စိတ်မရှိပါနဲ့ရှင် …တာဝန်အရ သေချာအောင်လုပ်ရတာမို့ပါ ….တချို့ဆိုရင် ကလေး ဖျက်ချလာတာကိုတောင် ပွင့်ပွင့်လင်းလင်း မပြောတဲ့သူတွေရှိလို့ပါ ”
သူနာပြု ဆရာမလေးက တောင်းပန်သလိုပြောရှာသည်။ နွေးနွေးလည်း ဘာမျှ မပြောဖြစ်တော့ဘဲ ဆရာမပေးသော ဆီးခွက်နှင့် ဆီးစစ်တံကို ယူလိုက်သည်။
~~~~~~~~~~~~~~~~~~
” ကိုယ်ဝန်လည်း မဟုတ်ဘူး ”
” ဒီရက်အတွင်းမှာ စိတ်ဖိစီးစရာတွေ ခံစားနေရလား ”
“ရှင် … ဟုတ်ကဲ့ ”
” ဒါနဲ့ ဓမ္မတာ ရောမှန်လား ”
” မမှန်ဘူး ဆရာမ … လတိုင်းပုံမှန် လာလေ့ မရှိဘူး …တစ်ခါတလေလဲ သုံးလေးလမှ တစ်ခါလာတာရှိတယ် …. အပျိုစဖြစ်ကတည်းက အဲ့လိုပဲမမှန်ဘူးဆရာမ”
ဆရာ၀န်မ၏ အမေးကို နွေးနွေး ရှက်ရွံ့ရွံ့နှင့့်ဖြေလိုက်သည်။
” ဟုတ်လား …ဒါဆိုကြာပြီးပေါ့ ….ဘာလို့ ဆေးခန်းမပြခဲ့တာလဲ ”
ဆရာဝန်မက နွေးနွေးကို အံ့ဩထူးဆန်းဟန်ဖြင့် ကြည့်၍မေးလာသည်။
“ပြတယ် ဆရာမ …အမျိုးသမီးရောဂါကုဆေးခန်းမှာ ပြခဲ့ဖူးတယ် ….သူတို့က အိမ်ထောင်လဲမရှိဘဲ ဓမ္မတာ မလာတော့ သွေးအား မနည်းတော့ဘူးလို့ တောင် ပြောလိုက်ပါသေးတယ် ”
နွေးနွေးက ကြုံခဲ့ရသည့်အတိုင်း ပြောလိုက်သောအခါ ဆရာဝန်မက သက်ပြင်းတစ်ချက်ချလိုက်လေသည်။
“အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ပေါက်ရမယ့်ကိန်း ဖြစ်နေပြီပဲ ….ကဲပါ …အမ်ထရာဆောင်း ရိုက်ကြည့်တာပေါ့ …ဗိုက်ထဲမှာအလုံးလိုလို ဘာလိုလို စမ်းမိနေတယ် ”
~~~~~~~~~~~~~~~~~~
နွေးနွေးသည် အမ်ထရာဆောင်းရိုက်ပြီးသည့်နောက်တွင် နားနေခန်းထဲ၌ အနားယူရင်း အမ်ထရာဆောင်း အဖြေကို စောင့်နေလိုက်သည်။
အချိန်အတန်ကြာလျှင် သူနာပြုဆရာမလေးရောက်လာပြီး နွေးနွေးတို့ညီအစ်မကို လာခေါ်လေသည်။နွေးနွေးတို့ ညီအစ်မလည်း သူနာပြုဆရာမနှင့်အတူ ဆရာဝန် အခန်းထဲသို့လိုက်ဝင်ခဲ့လိုက်သည်။
” အလုံးက တော်တော်ကြီးနေပြီး … သွေးလုံးဖြစ်ဖို့များပါတယ် .. ခွဲထုတ်မှ ရမယ် … ဒီမှာပဲခွဲမလား …ဆေးရုံကို လွှဲပေးရမလား … ဆေးရုံကို လွှဲပေးရမယ်ဆိုရင် ဆရာမ တာဝန်ကျနေတဲ့ ဆေးရုံကို လွှဲစာရေးပေးလိုက်မယ် …ဟိုမှာ ဆေးရုံတန်းတက်ရုံပဲ ”
လူခွဲလည်း မရှိတစ်ယောက်တည်း သမားလည်းဖြစ်သော နွေးနွေးမှာ မိမိဆေးရုံတက်လျှင် အစ်မကြီးဖြစ်သူပါ ကရိကထများတော့မည်ကို တွေးမိလိုက်သောကြောင့် အထူးကုဆေးခန်းတွင် ခွဲစိတ်လျှင် ကုန်ကျမည် စရိတ်ကို မေးမြန်းလိုက်မိသည်။
“ဒီဆေးခန်းမှာ ခွဲရင် ခန့်မှန်းချေ ဘယ်လောက်ကုန်မလဲရှင် ဆရာမ ”
” ဒီမှာတော့ … ရှစ်သိန်းကနေ ဆယ်သိန်းကြားရှိမယ် …ပြည့် သူဆေးရုံမှာတော့ အလှူငွေ နဲ့ ပြင်ပ စမ်းသပ်တာတွေရယ် ဆေးဖိုးပဲကုန်မှာပေါ့ ..လူနာရှင် စိတ်ကြိုက်ရွေးချယ်လို့ရပါတယ် ”
နွေးနွေးသည် ကုန်ကျ စရိတ်ကို စိတ်တွက်တွက်ကြည့်၍ အစ်မကြီးဖြစ်သူကို မော့ကြည့်လိုက်မိသည်။အစ်မဖြစ်သူ မအေးရီသည်လည်း နွေးနွေးကို ကြည့်နေလေသောကြောင့် ညီအစ်မနှစ်ယောက် အကြည့်ချင်းဆုံသွားမိကြလေသည်။
နောက်ဆုံးမှာတော့ နွေးနွေးတို့ညီအစ်မနှစ်ယောက် ဆရာဝန်မကြီးဆီမှ လွှဲစာကို ယူခဲ့ပြီးလျှင် ဆေးရုံသို့သာ လာခဲ့ကြပါလေသည်။
~~~~~~~~~~~~~~~~~~~~
” နေသာရဲ့လား မိနွေး … ခိုင်းစရာရှိတာ နင့်တူမကို ခိုင်း ကြားလား …”
မအေးရိက ထမင်းချိုင့်ကို လူနာခုတင်ဘေးက ဆေးဗီဒိုပုလေးပေါ် တင်လိုက်ပြီး လူကပါ ခုံပေါ်သို့ထိုင်ချလိုက်လေသည်။
“ဒါနဲ့ … ဆရာနဲ့ သွားတွေ့ခဲ့သေးတယ် …ဆရာက ယတြာလုပ်ခိုင်းတာနဲ့ နင့် အိမ်က ဘုရားစင်မှာပဲ လှူထားခဲ့တယ် …နင်စိတ်ထဲကနေ မှန်းပြီး ကန်တော့နော် … ခေါင်းဖြူအဘွားကြီးတစ်ယောက်လုပ်ထားတာတဲ့ … ငါတော့ ဟို အဘွားကြီးလို့ပဲ ထင်တယ်….
ဒါပေမဲ့ မကြာဘူးတဲ့ တစ်လကျော်တာနဲ့ လုံးဝပြန်ကောင်း စေရမယ်လို့ ဆရာကပြောလိုက်တယ် ”
မမကြီး မအေးရိ၏ စကားကြောင့် နွေးနွေး မျက်လုံးထဲတွင် မောင်မောင်လတ်၏ ယောကွမကြီးမျက်နှာကို မြင်ယောင်မိလိုက်လေသည်။မောင်မောင်လတ်၏ ယောကွမကြီးသည် ရပ်ကွက်ထဲတွင် ပညာသည်ဟု လူသိများသူဖြစ်လေသည်။သူမတွင် တိတိပပ ကိုးကွယ်သောဘာသာ မရှိဟုလည်း ကြားသိခဲ့ရသည်။ဟိုယခင်ကတည်းက နွေးနွေးသည် မောင်မောင်လတ်၏ မိန်းမကို မသိမမြင်ဖူးသော်လည်း အဘွားကြီးကိုမူ သိမြင်ဖူးခဲ့လေသည်။အစ်မဖြစ်သူ၏ စကားကို ကြားပြီးနောက် နွေးနွေးစိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မိသွားသလိုပင် ဖြစ်သွားသေးသည် ။ ပြီးသောအခါမှ ကျိုးကြောင်းမှန်ကို ပြန်၍ ဆင်ခြင်သုံးသပ်လိုက်မိပြီး နွေးနွေး အမြဲရွတ်ပွားနေကြ ဘုရားဂုဏ်တော်ကိုးပါးကို ရွတ်ပွားနေလိုက်ပြီးလျှင် စိတ်ထဲမှ စိတ်ရိုင်းစိတ်ညစ်များကို မောင်းထုတ်ပစ်လိုက်သည်။ပြီးလျှင် မိမိအတွက် ပူပန်သောကများ နေရှာသောအစ်မကြီး ဖြစ်သူကိုပါ နှစ်သိမ့် ဖျောင့်ဖျလိုက်မိသည်။
” အဲ့ဒါတွေ မတွေးပါနဲ့မမကြီးရယ် .. အခုက နွေးပေါ့ဆခဲ့လို့ ဖြစ်တာပါ…”
~~~~~~~~~~~~~~~~
ဆေးရုံးတက်ပြီး သုံးရက်မြောက်သည့်နေ့အထိ နွေးနွေးမှာ ခွဲစိတ်ဖို့ရက်မရရှိသေးဘဲ သွေးစစ် ၊ ဆီးစစ်နှင့် အချိန်ကုန် ဆုံးခဲ့ရလေသည်။
” မနွေးနွေးက ခွဲစိတ်ဖို့လုပ်ရမှာလေ … ဒိတ်ရပြီလား ”
“ဗျာ ..ဟိုမရသေးဘူးဆရာ ….”
ဆရာဝန်များ ဆေးရုံအတွင်း လှည့်လည်စစ်ဆေးနေရင်းမှ ဆေးရုံအုပ်ကြီးက တာဝန်ကျ ဆရာဝန်ကို မေးလိုက်ခြင်း ဖြစ်လေသည်။ထိုအခါ နွေးနွေးကို စစ်ဆေးကုသပေးနေသော ဆရာဝန်က ၀င်ရောက်ဖြေဆိုလိုက်ခြင်းဖြစ်ပါလေသည်။
” အမြန်ဆုံးခွဲစိတ်ဖို့လုပ်လေ … စစ်ဆေးစရာရှိတာတွေ မြန်မြန်လုပ်မှပေါ့ ”
. ဆေးရုံအုပ်ကြီးက ပြောပြီး ထွက်သွားသည့်အခါ လက်ထောက်ဆရာဝန်ဖြစ်ပုံရသော ဆရာဝန်မကြီးသည် သူမ၏ နောက်တွင် ပါလာကြသော ဆရာဝန် ဆရာမများဘက်သို့လှည့်လိုက်ပြီးလျှင်
“ကဲ … မနွေးနွေး ခွဲစိတ်ဖို့အတွက် တစ်ယောက်က ကူညီပေးမှရမယ် …ဆရာမကို ဘယ်သူကူညီမလဲ ”
“ကျွန်တော် ကူညီပါ့မယ် ဆရာမ ”
ဆရာဝန်မကြီး စကားအဆုံးတွင် အသံတစ်သံ ထွက်ပေါ်လာပြီး ဆရာဝန်တစ်ယောက် ရှေ့သို့ထွက်လာလေသည်။နွေးနွေးသည် နဂိုကမှ ရှက်ကြောက်တတ်သူဖြစ်ရသည့်ကြားထဲ ဖြစ်သည့် ရောဂါမှာလည်း အမျိုးသမီးရောဂါဖြစ်နေပြီး တာဝန်ကျ ဆရာဝန်များမှာလည်း အမျိုးသားဆရာဝန်များဖြစ်နေခြင်းကြောင့် စိတ်ညစ်စိတ်ရှုပ်ထွေးနေမိလေသည်။သို့သော်လည်း နွေးနွေးမှာသာ အရှက်သည်းနေမိသော်လည်း သူတို့အတွက် နေ့စဉ်တာဝန်ဝတ္တရား ဖြစ်နေ၍ မထူးဆန်းသော အရာများဖြစ်ကြောင်း နွေးနွေး သေချာ သိနေပြီမို့ ရှက်ရွံ့စိတ်ကို ဖျောက်ဖျက်ထားရလေသည်။
~~~~~~~~~~~~~~~~
“ဗိုက်ထဲက အောင့်သေးလား ”
ချိုသာသော အသံနှင့်အတူ ဆရာဝန်လေး၏ လက်အစုံက နွေးနွေး၏ လက်ဖျံကို ထိကိုင်လိုက်သော အခါ နွေးနွေးတစ်ကိုယ်လုံး လျှပ်စစ်ဓါတ်လိုက်ခံရသကဲ့သို့ ခံစားလိုက်ရလေသည်။နွေးနွေးသည် ဆရာဝန်လေး ကို မရဲတရဲ ကြည့်လိုက်မိသည်။ပိန်ပိန်သွယ်သွယ် အသားဖြူဖြူနှင့် ဆရာဝန်လေးမှာ ကြည်ပြာရောင်အင်္ကျီနှင့်ဘောင်းဘီဆေးရုံဝတ်စုံကို ဝတ်ဆင်ထားပြီးလျှင် အပေါ်မှ ဂျူတီကုတ် အဖြူရောင်လေးကို ဝတ်ဆင်ထားသည်မှာ လိုက်ဖက် ကြည့်ကောင်းလှလေသည်။ဆံပင်ကို သေသေသပ်သပ်ဖြီးသင်ထားလေ၏။သွယ်သွယ်လျလျ သူ၏ မျက်နှာပေါ်တွင် ပါဝါမျက်မှန် ခပ်ပါးပါးကိုတပ်ဆင်ထားလေသည်။ဆေးမကူပါဘဲနှင့်ခပ်ရဲရဲ နှုတ်ခမ်းလေးများကိုပိုဆိုင်ထားသော ဆရာ၀န်လေးကို နွေးနွေး သတိလက်လွတ် ငေးမောကြည့်နေမိလေသည်။
“နာရင်ပြောနော် ”
ဆရာ၀န်လေးသည် နွေးနွေး၏ လက်ကို ကိုင်လျက် လက်ဖျံ၏ အထက်ဆီမှ ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီးလျှင် သွေးနမူနာယူရန် အတွက် လုပ်ဆောင်နေရင်းမှ နွေးနွေး၏မျက်နှာကို ကြည့်ပြီးမေးလာသောကြောင့် နွေးနွေးမှာ ရှက်အမ်းအမ်းဖြစ်သွားရပြီးလျှင် မျက်နှာကို ဆက်ခနဲ အောက်သို့ ငုံ့ချလိုက်မိလေသည်။သည်သို့ကြားမှပင် ဆရာဝန်လေး လှစ်ခနဲ ပြုံးလိုက်သည်ကို နွေးနွေး တွေ့ဖြစ်အောင်တွေ့လိုက်မိလေသည်။
ဆရာ၀န်လေးသည် နွေးနွေး၏ လက်ကို ညင်ညင်သာသာပင် ကိုင်တွယ်ရင်း သွေးကို ထုတ်ယူနေလေသည်။ပြီးလျှင် သွေးပုလင်းလေးများကို သူကိုယ်တိုင်ပင် ယူ၍သွား ပြီးလျှင် ထွက်သွားလေသည်။
“ဆရာဝန်က အချောပဲနော် အန်တီလေး .. အန်တီလေးမျက်နှာကို သေချာကိုစိုက်ကြည့်နေတာ သိလား ”
ဆယ့်ရှစ်နှစ်အရွယ်တူမလေးက ဆရာဝန်လေးထွက်သွားသည်နှင့် လူနာစောင့်ခုံတွင် ဝင်ထိုင်လိုက်ပြီးလျှင် နွေးနွေးကို ခပ်တိုးတိုးပြောလာသောကြောင့် နွေးနွေးစိတ်ထဲရှက်အမ်းအမ်းဖြစ်သွားမိလေသည်။ပြီးလျှင် ဘဝတွင် မဖြစ်စဖူး ခြေးဖျားလက်ဖျားလေးများပါ အေးလာ၍ ရင်သည်လည်းတသိမ့်သိမ့်ခုန်လှုပ်နေသည်ကို သတိထားလိုက်မိလေသည်။
~~~~~~~~~~~~~~~~~~
” အီးစီဂျီဆွဲရမယ် ” ဆိုသော စကားကြောင့် နွေးနွေးသည် လူနာဆောင်မှ ဆရာဝန်စမ်းသပ်ခန်းထဲသို့ ရောက်နေခြင်းဖြစ်လေသည်။
“ဟို … ခွင့်ပြုပါနော် ”
ဆရာဝန်လေသည် နွေးနွေး၏ ခုတင်နားတွင် ရပ်နေပြီးလျှင် အီးစီဂျီဆွဲရန် အတွက် နွေး နွေး၏ အက်ျီကြယ်သီးများကို ဖြုတ်ရန် ပြင်လိုက်သောကြောင့် နွေးနွေးသည် ရှက်လန့်တကြားနှင့်တားမြစ်လိုက် မိသလို ဆရာဝန်လေးသည်လည်း မျက်နှာနီမြန်းသွားပြီးလျှင် ရှက်သွားပုံရသည်ကို တွေ့လိုက်ရလေသည်။
“ဟို …ဟို …ဆရာမကို လုပ်ခိုင်းလိုက်မယ်နော် ”
ဆရာ၀န်လေးသည် နွေးနွေး မျက်နှာကို မရဲတရဲ လှမ်းကြည့်ပြီးလျှင် အခန်းအပြင်သို့ လျင်မြန်စွာ ထွက်သွားလေသည်။
~~~~~~~~~~————
ဆရာ၀န်လေးမှ နွေးနွေးကို တာ၀န်ခံပြီး နှစ်ရက်မြောက်နေ့တွင် နွေးနွေးသည် ခွဲစိတ်ခန်းဝင်ရလေသည်။ခွဲစိတ်ခန်းမဝင်ရမီစပ်ကြား၌ ဆရာဝန်လေးသည် နွေးနွေးကို အထူးတလည်ပင် ဂရုစိုက်လေသည်။မည်မျှအထိ ဂရုစိုက်နေသည် ဆိုသော် နွေးနွေးသည် စိုးရိမ်ရသောလူနာ မဟုတ်ပါဘဲနှင့် နွေးနွေးဆီသို့ သွားလိုက်လာလိုက်နှင့်ဖြစ်နေသော ဆရာဝန်လေးကို အခြား ခုတင်မှ လူနာများနှင့်လူနာရှင်များကပါ သတိပြုမိကုန်ကြသည်အထိပင် ဖြစ်ပါလေသည်။ထို့ကြောင့် အခြားသူတွေ၏ စိတ်ထဲ၌ နွေးနွေးကို ပိုက်ဆံတတ်နိုင်သူ တစ်ယောက်ဟုပင် ထင်ကုန်ကြလေသည်။
“မကြောက်နဲ့နော် … ဘာမှမဖြစ်ဘူး ….ထုံဆေးနဲ့ခွဲမှာ …သွေးလှူရှင်တွေလဲ အဆင်သင့်ရှိတယ်….ကျွန်တော်ကတော့ ခွဲခန်းထဲလိုက်လို့မရဘူး …”
ဆရာဝန်လေးက မည်သည့်အဓိပ္ပါယ်နှင့် ပြောသည် မသိသော်လည်း နွေးနွေးမှာမူ ထိုစကားအတွက် ကျေနပ်ပျော်ရွှင်သွားမိလေသည်။နွေးနွေးသည် အဘယ်ကြောင့်ရယ်မသိဘဲ ဆရာဝန်လေးကို အထူးတလည် ရှက်ရွံ့နေမိလေသည်။
~~~~~~~~~~~~~~~~~~~
ခွဲစိတ်ခန်းထဲသို့ ဝင်ခါနီးတွင် ဝတ်ထားသော အင်္ကျီအဝတ်အစားကို ချွတ်လိုက်ရပြီးလျှင် တဆက်တည်းကျောကွဲ အင်္ကျီကို ဝတ်ဆင်ရလေသည်။ထို့နောက်တွင် ထိုဝတ်စုံကို ချွတ်ပြီးလျှင် ခွဲစိတ်ခန်းထဲသို့သွားရန် လူနာတင်တွန်းလှည်းပေါ်သို့ တက်ရသည်။ ထိုနေရာတွင် နွေးနွေးသည် ဝတ်စုံကို အချွတ်မခံဘဲ ခုတင်တွန်းလှည်းပေါ်သို့ တက်လိုက်ပြီးမှ နွေးနွေး ကိုယ်ပေါ်မှ အုပ်သွားမည့်အဝတ်စိမ်းဖြင့် ကာရံခိုင်းလိုက်ပြီးနောက်ကွဲ ဝတ်စုံကို ချွတ်လိုက်ပြီးလျှင် အဝတ်စိမ်းကို အမြန် အုပ်ခိုင်းလိုက်လေသည်။ သည့်အတွက်ပင် နွေးနွေးမှာ ရှက်၍ မဆုံးဖြစ်နေမိလေသည်။သို့သော်လည်း ခွဲစိတ်ခန်းထဲသို့ ရောက်သောအခါ၌မူ ထုံဆေးထိုးခံလိုက်ရပြီးသည့်နောက်တွင် အသက်သည် အရေးကြီးသွားလေတော့သည်။ခန္ဓာကိုယ်သည် ပုတ်လွယ် ပွလွယ် ပျက်စီးလွယ်သော အရေပြားတစ်ခုသာဖြစ်သည်။ တပ်မက်စရာ ၊ ရှက်ရွံ့စရာမရှိဟု နှလုံးသွင်းလျက် သရဏဂုံတည်၍ ဂုဏ်တော်ကိုးပါးကို ရွတ်ပွားနေမိလေသည်။
~~~~~~~~~~~~~~~~~~
ခွဲစိတ်ခန်းထဲတွင် နာရီအတန်ကြာ ခွဲစိတ်ပြီးနောက် ခွဲစိတ်မှုမှာ ပြီးဆုံးခဲ့လေသည်။ခွဲစိတ်မှုလုပ်ရာတွင် အတော်အတန် ကြီးသော သွေးလုံးကိုခွဲထုတ်ခဲ့ရသည့်ဟု သိရလေသည်။
ခွဲစိတ်ပြီးသွားသည်နှင့်နွေးနွေးကိုပိုးသတ်ခန်းထဲသို့ ပြောင်းပေးခဲ့လေသည်။နွေးနွေးမှာ ခွဲစိတ်ခန်းထဲမှာပင် အသက်ရှူ အနည်းငယ်ကြပ်သွားသောကြောင့် အောက်စီဂျင်ပိုက်တပ်ထားရလေသည်။
နွေးနွေးပိုးသတ်ခန်းထဲသို့ ရောက်ပြီး မကြာမီမှာပင် ဆရာဝန်လေးရောက်လာပြီးလျှင် နွေးနွေးကိုကြည့်ရှု လေသည်။ အမှန်တကယ်ပြောရလျှင်မူ ဆရာဝန်လေးကို တွေ့လိုက်ရသည်နှင့် နွေးနွေးမှာ အားတက်၍သွားမိပါလေသည်။
” တကယ်လို့ ခွဲစိတ်ထားတဲ့နေရာက …ကိုက်ခဲရင် ဂြိုလ်တုဆေးတောင့်ကို စအိုဝကနေ ထည့်ပေးနော် ”
ထိုစကားကို ဆရာဝန်လေးက ခပ်တိုးတိုးပြောသော်လည်း နွေးနွေးက ကြားနေရသည်။
“အကြောင်းရှိရင် ကျွန်တော့် အချိန်မရွေး လာခေါ်နော် … ကျွန်တော်က ညနေမှ ဂျူတီချိန်းမှာ ”
” ကျေးဇူးတင်ပါတယ် ဆရာရယ် ”
အစ်မဖြစ်သူ မအေးရီနှင့် ဆရာဝန်လေးတို့၏ အသများကို နွေးနွေး ကြားနေရလေသည်။
~~~~~~~~~~~~~~~~~~~~
” အကြောင်းရှိရင် လာခေါ်ပါဆို … လူနာက ခွဲစိတ်ထားတာလေ …မစိုးရိမ်ဘူးလား …”
အကြောင်းရှိလျှင် လာခေါ်ပါဟု ပြောသွားသော်လည်း ဆရာဝန်လေးသည် သွားမခေါ်ရပါဘဲနှင့် မကြာခဏဆိုသလို ပိုးသတ်ခန်းထဲသို့ ဝင်လာတတ်လေသည်။ပြီးလျှင် နွေးနွေး၏ တူမလေးကို ဆူသလိုလိုပင် ပြောနေသံကို နွေးနွေး ကြားနေရလေသည်။
~~~~~~~~~~~~~~~~~
” ကျွန်တော့် ဂျူတီချိန်ပြီးသွားပြီမို့ ပြန်ရတော့မယ် ….အကြောင်းရှိရင် တာဝန်ကျ ဆရာဝန်ကို သွားခေါ်နော် အစ်မ ..”
တူမလေးနဲ့ အစ်မကြီးကို မှာကြားနေသော ဆရာဝန်လေး၏ အသံကို ကြားရသောအခါ နွေးနွေးလှိုက်ခနဲ ဝမ်းနည်းသွားမိသည်။ယခင်နေ့များကလည်း သည်သို့ ပါပင်။ဆရာဝန်လေး ဂျူတီချိန်း၍ ပြန်သွားပြီဆိုလျှင် နွေးနွေးစိတ်ထဲမှ ဝမ်းနည်း၍ကျန်ခဲ့ရလေသည်။သည်သို့နှင့်ပင်နွေးနွေးသည် မဖြစ်နိုင်သော အချစ်ကို ရင်ခုန်နေမိပြီးမှန်း ကိုယ့်ကိုယ်ကို သိခဲ့လေသည်။
~~~~~~~~~~~~~~~~~~~
” ခန္ဓာကိုယ်ကို လှုပ်ရှားပေးနော် … ပက်လက် မအိပ်နိုင်ရင် ခုတင်ကို အတင်အချလုပ်လို့ရတယ်နော် … ကလေးမ ဒီမှာကြည့်ထား ”
ဆရာဝန်လေးသည် ထုံးစံအတိုင်း လူနာစောင့် တာဝန်ကျသော တူမလေးကို ခုတင် အတင်အချကို သင်ပြနေလေသည်။ပြီးလျှင် နွေးနွေး၏ လက်ကောက်ဝတ်ကို စမ်းခြင်း ပိုသတ်ဆေးသွင်းခြင်းများကို ဂရုတစိုက် ပြုလုပ်ပေးနေပြန်လေသည်။နွေးနွေးမှာမူ တစ်စစရစ်ပတ်လာမိသော သံယောစဉ်ကြောင့်ဆေးရုံမှ အမြန်ဆုံး ဆင်းသွားချင်စိတ်များသာ ဖြစ်နေမိလေသည်။
~~~~~~~~~~~~~~~~
“သွေးအားတအားနည်းနေတယ် … သွေးသွင်းရမယ် ….ညကျရင် ဟိုဘက် အဆောင်ကို ခဏ ပြောင်းရမယ်နော် …”
ညဘက်ရောက်လျှင် တူမဖြစ်သူ ပြန်သွားပြီး အစ်မဖြစ် သူမအေးရီ ရောက်လာနေကြဖြစ်သောကြောင့် သွေးသွင်းရန်အတွက် အခြားအဆောင်ဘက်သို့ အစ်မဖြစ်သူ မအေးရီက ဝှီးချဲကိုတွန်းပေးလာလေသည်။
“အစ်မ ..ပေး … ပေး … ကျွန်တော်တွန်းလိုက်မယ် ”
ကြားလိုက်ရသော အသံကြောင့် နွေးနွေးသည် ဝှီးချဲပေါ်တွင် ထိုင်နေရင်းမှ ခန္ဓာကိုယ်လေးမှာ ဆတ်ခနဲတုန်လှုပ်သွားမိလေသည်။
” ဟင် ဆရာ ဂျူတီချိန်းသွားပြီထင်တာ …..
” ဒီနေ့ လူနာတွေ များနေလို့ ညဂျူတီဆက်ဝင်ရတာပါ အစ်မ ”
“ဖယ်ပါ ဆရာရယ် ….ရပါတယ် ……ကျွန်မတွန်းခဲ့ပါ့မယ်…..”
“ရတယ် အစ်မ … ကျွန်တော်လဲ …အဲ့ဒီမှာ …လူနာ သွားကြည့်ရမှာမို့ပါ ”
ထိုတစ်ညလုံး၌ ဆရာဝန်လေးသည် နွေး နွေး သွေးသွင်းနေသော အခန်းထဲသို့ မကြာခဏ လာဝင်ကြည့်လေသည်။သွေးမှာ နှစ်အိတ်သွင်းရသောကြောင့် ညလယ်ကျော်အထိပင် မပြီးနိုင်ဘဲရှိလေသည်။
~~~~~~~~~~~~~~~~~
ဆရာဝန်လေးသည် နွေးနွေးကို ဆေးသောက်ချိန် ၊ ပိုးသတ်ဆေးသွင်းချိန်မှ အစ/အထူးဂရုစိုက်လှပါလေသည်။ဆရာဝန်လေးအနေနှင့် တာဝန်ခံဆရာဝန်တစ်ယောက်၏ တာဝန်ကြောင့်လည်း ဂရုစိုက်တာ ဖြစ်ချင်ဖြစ်လိမ့်မည် ထင်ပါလေသည်။ ဒါကို နွေးနွေးသည် ကိုယ်လိုရာဆွဲတွေး၍ သာယာနေခဲ့မိခြင်းဟု နွေးနွေးကိုယ့်ကိုယ်ကို ထင်လာမိလေသည်။ပြီးလျှင် တစ်ခုလပ် ဖြစ်နေခြင်းအတွက် ယခင်ကမူ ရှက်ခြင်း သိမ်ငယ်ခြင်းများကို မခံစားခဲ့ရသော်လည်း ယခုအချိန်၌ တစ်ခုလပ် ဖြစ်နေရခြင်းကို ရှက်ရွံ့အားငယ်စိတ်တွေ ဝင်နေမိလေသည်။သည်ကြားထဲ၌ ကျော်ကျော်နှင့် တွဲခဲ့မိသည်ကိုလည်း နောင်တရနေမိပြန်လေသည်။အဆုံးမှာတော့ နွေးနွေးသည် ကိုယ့်ဘဝကိုယ် တွေးမိပြီးလျှင် ဆရာဝန်လေးနှင့် အဝေးဆုံးသို့သာ ထွက်ပြေးချင်နေမိလေသည်။
~~~~~~~~~~~~~~~~~~~~
“ဒီနေ့ ဟိုဆရာလေး ဂျူတီ မဟုတ်ဘူးလား … ဆရာလေးကို နှုတ်ဆက်ချင်လို့ ”
မအေးရီသည် နွေးနွေး ဆေးရုံက ဆင်းရန်အတွက် ပြင်ဆင်နေရင်းမှ ဆရာဝန်လေးကို မတွေ့သောကြောင့် မေးလိုက်လေသည် ။
နွေးနွေးမှာ ငိုချင်ရဲ့ လက်တို့ ဆိုသကဲ့သို့ အစ်မကြီး၏ မေးသံကြောင့် လှိုက်ခနဲဝမ်းနည်းမိသွားလေသည်။
” ဆရာဝန်တွေ အကုန် အစည်းအဝေး တက်နေကြတာအမေရဲ့ …”
“ဟုတ်လား ….ဆရာဝန်လေးကို နူတ်ဆက်ချင်လို့ပါဆို .. ခဏနေမှ ပြန်ကြမလား ”
အစ်မဖြစ်သူ၏ စကားကြောင့် နွေးနွေးစိတ်ထဲမှ ပျော်သွားမိပြန်သည်။ဘာပဲဖြစ်ဖြစ် နောက်ဆုံးအနေနှင့် နှုတ်ဆက်ခွင့်လေး ရချင်မိပါလေသည်။
“ဟော … ဟိုမှာ ဆရာလေးလာပြီ…”
မမကြီး၏ ဝမ်းသာအားရ ပြောသံအဆုံးတွင် နွေးနွေးသည် ခြေလက်များ တုန်ယင်လာသောကြောင့် ခုတင်ပေါ်သို့, ပြန်၍ ထိုင်ချလိုက်ရလေသည်။ ထို့အတူ ရင်အစုံသည်လည်း မီးရထားကြီးတစ်စင်း ခုတ်မောင်းနေသကဲ့သို့ ဆူညံလှုပ်ရှားနေလေသည်။
” ဆရာ့ကို နှုတ်ဆက်ချင်လို့ စောင့်နေတာ ဆရာ ”
“ဟုတ်လား ..အားနာစရာဗျာ …ဒါနဲ့ …. မနွေးနွေး ဂရုစိုက်ပါနော် …အလေးအပင်တွေ မလို့ မရဘူးနော် ..”
“ဟုတ် ..ဟုတ်ကဲ့ပါ ဆရာ ”
ဆရာဝန်လေး၏ မျက်နှာကို မော့မကြည့်ဘဲ နွေးနွေးအဖြေပြန်ပေးလိုက်သည် ။ နွေးနွေး၏ ဖြေသံလေးများသည် လှိုက်ဖို့ တုန်ခါနေမှန်း နွေးနွေးသာသိလေသည်။
“ဒါနဲ့ ဆရာ့နာမည်လေး ပြောလို့ရရင် ပြောပါအုံးဆရာ…ဆရာ့ကို ကျေးဇူးတင်လွန်းလို့ပါ ဆရာရယ် ”
မမကြီးသည် ရိုးရိုးသားသား မေးခြင်းသာဖြစ်ပါလေသည်။ နွေးနွေးသည်သာ မရိုးမသားစိတ်နှင့် နားထောင်နေမိခြင်း ဖြစ်လိမ့်မည်ထင်ပါလေသည်။
“ရပါတယ် အစ်မ …ကျွန်တော့်နာမည် သွင်ငြိမ်းထက်ပါ ”
~~~~~~~~~~~~~~~~~~~~
နွေးနွေးတို့ စီးလာသော အငှားကားလေးသည် ဆေးရုံ၏ ဆင်ဝင်ပေါက်မှ ထွက်ခွါလာခဲ့ပြီးနောက် ထွက်ပေါက်ရှိရာဘက်သို့ မောင်းထွက်ခဲ့လေသည်။နွေးနွေးသည် ကားပေါ်မှ နေ၍ ဆေးရုံကြီးကို လည်ပြန်လှည့်ငေးကြည့်မိလေသည် ။
ဆေးရုံသည် ဝေး၍ကျန်ခဲ့လေသည်။နွေးနွေးသည် ပါးပြင်ပေါ်သို့ စီးကျလာသော မျက်ရည်စများကို အစ်မကြီးနှင့်တူမလေးမမြင်အောင် သုတ်ပစ်လိုက်ရလေသည်။
======================
အပိုင်း (၁၀ ) ဆက်ရန်
ဧကြည်ဖြူ
ဧကြည်ဖြူ
” တစ်ခုလပ် ”
အပိုင်း ( ၁၀ )
****************
“ဒီအိမ်ကို ပြန်အပ်လိုက်ပြီး အိမ်မှာပဲလာနေပါလား မိနွေးရယ် … နင့်အတွက် ထွက်ငွေမရှိတော့ဘူးပေါ့ ”
မအေးရီက ထမင်းချိုင့်ကို ခုံပေါ်တွင် တင်လိုက်ရင်း ပြောလိုက်သည်။
“ရပါတယ် မမကြီး … နွေးမနေတတ်လို့ပါ …ဒါနဲ့ ဈေးဖိုး ယူသွားအုံးမမကြီး ….မတတ်သာလို့သာ ချက်ခိုင်းနေရတာ … နွေးတော့ ငရဲတွေ ရနေတော့မှာပဲ ”
နွေးနွေးက အစ်မဖြစ်သူကို ဈေးဖိုးပိုက်ဆံလှမ်းပေးလိုက်ရင်း ပြောလိုက်သည်။
“အမလေး … နေမကောင်းလို့ ဟင်းလေး ချက်ပေးတာကို ဘာငရဲ လဲ …စျေးဖိုးက ပေးမနေနဲ့ တော့လေ …ဆေးရုံက ဆင်းလာတုန်းကလဲ ကန်တော့ထားတဲ့ ငွေရှိသေးတယ်လေ ….နင်လဲ ဆေးရုံစရိတ်တွေနဲ့ အတော်လေးကုန်သွားတယ် မဟုတ်လား ”
” အဲ့ဒါက ဆေးရုံတက်နေရတုန်းက …မမကြီး အပေါ်မှာ အဖြစ်လုပ်ခဲ့မိမှာစိုးလို့ ကန်တော့တာလေ မမကြီး ”
“အေးပါ … မတတ်ပါ့ ရယ် …ဒါနဲ့ စက်တော့ ချုပ်လို့ မဖြစ်တော့ဘူး ထင်တယ်နော် …လောလောဆယ်တော့ စလ်ချုပ်နားလိုက်တော့ ..နောက်မှ ဘာလုပ်ရမလဲ စဉ်းစားပေါ့ ”
မအေးရိက ညီမဖြစ်သူကို ကြည့်ပြီး ပြောလိုက်သည်။
“အလုပ်က စဉ်းစားပြီးပြီ မမကြီး … မိန်းခလေး အသုံးအဆောင်နဲ့ကလေးကစားစရာဆိုင်လေးဖွင့်မလို့မမကြီး ….သွားနိုင်လာနိုင်တာနဲ့ ဆိုင်စဖွင့်မယ် မမကြီး…”
“အေး အဲ့ဒါလဲ မဆိုးပါဘူး… တစ်ပတ်တစ်ခါလောက်မှ ဈေးသွား၀ယ်ရတာပဲ …စတိုးနဲ့တွဲပြီး ဆေးလိပ်ဘူး ဘာညာနဲ့ .. အချိုရည်ဘူး ..ဘီယာဘူးတွေပါ တင်ပါလား… ”
” အဲ့ဒါတွေ မရောင်းချင်ပါဘူးမမကြိရယ် ..ဆိုင်ကို မိန်းခလေးတွေနဲ့ ကလေးတွေပဲ လာစေချင်တယ် ….ယောကျာ်းတွေ ဝင်ထွက်နေတာကို မကြိုက်ဘူး ”
” လူတိုင်း ဒီလိုပဲ ရှာစားနေတာပါပဲ မိနွေးရယ် …”
မအေးရီက ပြောပြီးသက်ပြင်းကို ချလိုက်မိသည်။ပြီးလျှင် နွေးနွေးလို ရည်းစားသန အရှုပ်အရှင်းလည်း မရှိသော မိန်းခလေးက ဒီလိုဘ၀ဖြစ်နေတာကို စိတ်ထဲမကောင်း ဖြစ်မိသည်။
“ဆရာဝန်လေးကို သတိရလိုက်တာဟယ် …ဆရာဝန်လေးက …. နင့်ကို ဂရုစိုက်တော့ …ငါ့စိတ်ထဲ လောဘတောင်တက်မိတယ် … အင်း …ဆေးရုံမှာစာရင်းသွင်းဖို့ မှတ်တမ်းယူတော့ နင့်အခြေအနေတွေကို အကုန်ပြောပြခဲ့ရတာဆိုတော့ နင့်အကြောင့်ကို သူသိမှာပဲ ထင်တယ် ”
မအေးရီသည် တစ်ခုလပ်ဆိုသော စကားလုံးကို ထည့်မပြောသော်လည်း ထိုအကြောင်းကို ရည်ညွှန်းမှန်း နွေးနွေး သိလိုက်ပါလေသည်။
” တွေးကြည့်ရုံနဲ့တင် စိတ်မပင်ပန်းဘူးလား မမကြီးရယ် ”
နွေးနွေးက အစ်မဖြစ်သူ ယူလာသော ထမင်းချိုင့်လေးကို ဖွင့်ပြီး ဟင်းများကို ပန်းကန်များထဲသို့ လှယ်ထည့်နေရင်းမှ ပြောလိုက်မိသည်။
” ငါမွေးထားတာကလည်း မိန်းခလေးတစ်ယောက်တည်းပါတယ်… အကြီးကောင်နဲ့ အငယ်ကောင်ကရော ဘာအားကိုးရမှာလဲ …နင့်တူမသာ မသိတတ်ရင် နင် အသက်ကြီးလာရင် ဘယ်လိုလုပ်မလဲပဲ ငါတွေးနေမီတာ ”
အစ်မဖြစ်သူ၏ အပူပင်ကြီးလှသော အတွေးကြောင့် နွေးနွေးပြုံးလိုက်မိသည်။
“နွေး အသက် နှစ်ဆယ့် ရှစ်နှစ်ပဲ ရှိပါသေးတယ်မမကြီးရယ် …လူသက်တမ်း ရှစ်ဆယ် တစ်ရာ အရဆို နှစ်ဝက်မကျိုး သေးပါဘူး … အိုစာမင်းစာအတွက် ငွေအများကြီး ရှာနိုင်ပါသေးတယ် …ပူမနေနဲ့ …ပြီးတော့ ဟိုလူဒီလူနဲ့လဲ အိမ်ထောင်ချပေးဖို့ မတွေးနဲ့တော့ … နွေးတစ်ယောက်တည်းပဲနေမှာ … တစ်ယောက်တည်း နေမယ်ဆိုလို့ မောင်မောင်လတ်ကို သံယောစဉ်ကျန်နေတာလားဆိုပြီးလဲ တွေးမနေနဲ့အုံး …နွေးက အရင်ကတည်းက သူ့အပေါ် ယုံကြည်တာပ ရှိခဲ့တာ … ချစ်ခဲ့တာ မဟုတ်ဘူး ”
မအေးရီသည် စိကာ ပတ်ကုံးရှင်းပြပြောပြနေသော ညီမဖြစ်သူကို ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေမိလေသည်။ယခင်ကဆိုလျှင် မောင်မောင်လတ် အကြောင်းများ ပြောမိလျှင် ရွံရှာစက်ဆုပ်သည့် ပုံစံနှင့် ပြန်ပြောတတ်သော ညီမဖြစ်သူမှာ ယနေ့တွင် ဘာမှမဖြစ်သလို အေးဆေးဆေးဆေးပင် ရှိနေသည် မဟုတ်ပါလား။နွေးနွေး အထက်တန်းတက်သောနှစ်တွင် မိဘများ ဆုံးသွားသောကြောင့် မအေးရီက ခေါ်ယူပြုစုစောင့်ရှောက်ခဲ့ရလေသည်။ထို့ကြောင့် ညီမဖြစ်သူ့အကြောင်းကို မအေးရီ ကောင်းကောင်းသိပါလေသည်။နွေးနွေးသည် အေးသည်ဟု ထင်ရသော်လည်း မာနကြီးသည်။လူများနှင့် သိပ်ရောရောနှောနှော နေလေ့မရှိဘဲ လူကြောက်ပုံရသော် ပြောရဲဆိုရဲသောသတ္တိရှိသည်။မအေးရီတို့မိဘများက ရိုးအကြသောကြောင့် မီဘဘိုးဘွားအမွေ ဟူ၍ နေစရာ အိမ်ပိုင်ပင်မရှိခဲ့ချေ။ထို့ကြောင့် မိဘနှစ်ပါးလုံး ရှေ့ဆင့် နောက်ဆင့် ဆုံးပါးသွားကြသည့်အခါ နွေးနွေးမှာ နေထိုင်စရာ အခက်တွေ့ခဲ့ရသည်။ထိုအခါ အသက်နှစ်ဆယ်အရွယ်တွင် အိမ်ထောင်ကျနေခဲ့ပြီး ယောကျာ်းဖြစ်သူ၏ မိဘများထံမှ အမွေရသော အိမ်နှင့် နေရသည့် မအေးရီက ညီမဖြစ်သူကို အိမ်မှာခေါ်ထားခဲ့သည်။နွေးနွေးသည် မအေးရီတို့အိမ်သို့ ရောက်လာသောအခါ အထက်တန်းကျောင်းသူ အရွယ်ပင်ဖြစ်လင့် ကစား အပျော်အပါး မက်ခဲ့သူမဟုတ်ပါချေ။မအေးရီ၏ မီးဖိုချောင်တာဝန်များကို ကူခဲ့သည်။ပြီးလျှင် မအေးရီတို့ ကြီးတော်ကြီးအိမ်တွင် စက်ချုပ်သင်ပြီး ကလေးဦးထုပ်များ ချုပ်ခဲ့သည်။သူ့ဝင်ငွေနှင့် သူစားစရိတ်မှာ ပိုလျှံနေ၍ မအေးရီကပင် ချေးငှားသုံးခဲ့မိသေးသည်။ နွေးနွေးသည် သူ့ထက်ဆယ်နှစ်ငယ်သော တူမလေး နှင့် တူလေးများကို ချစ်ခင်ထိန်းကျောင်းပေးခဲ့သည်။သည်သို့နှင့် နွေးနွေးပြောင်းလာပြီး နှစ်နှစ်ကျော်တွင်ဖြစ်မည်ထင်ပါသည်။တစ်နေ့တွင် နွေးနွေးသည် ဦးထုပ်ညှပ်စများကို လက်မှဆွဲလာပြီးလျှင် အိမ်ပေါ်သို့ စိတ်ဆိုးမာန်ဆိုးနှင့် တက်လာခဲ့လေသည်။
“မမကြီး …နွေးအိမ်ပြောင်းတော့မယ် ”
” ဟဲ့ ဘယ်ကို ပြောင်းမှာလဲ ..ဘာဖြစ်လာတာလဲ ….အလန့်တကြား ”
” အဝေးကြီးကို မပြောင်းပါဘူး … လမ်းထဲက အမျိုးသမီးတွေကိုပဲ ငှါးတဲ့ အခန်းတွဲမှာသွားပြောင်းနေမလို့ ”
“ဟဲ့ .. ဟိုက နယ်က လာတဲ့ မိန်းခလေးတွေ ငှားနေတာလေ..နင်က ဒီမှာ အိမ်ရှိနေရဲ့နဲ့ ဘာလို့ ပြောင်းနေမှာလဲ …ဆွေမျိုးတွေအလယ်မှာ ငါ့ကို ခွေးဖြစ်အောင်လုပ်မလို့လား ပြောအုံး ”
ထိုစဉ်က မအေးရီသည် စိတ်တိုစိတ်ဆိုးပြီး နွေးနွေးကို ရိုက်ပင်ရိုက်ခဲ့မိသည်။ခေါင်းမာလှသော နွေးနွေးကမူ အသားနာနေသည့်ကြားမှပင် အိမ်ပြောင်းဖို့ရန် တွင်တွင် ပြောခဲ့လေသည်။နောက်မှ မအေးရီ အမျိုးမျိုးချော့မော့မေးကြည့်သောအခါမှ
” ဦးစိုးနိုင်ရဲ့သူငယ်ချင်းဦးလေးကြီးက ဦးစိုးနိုင်ကို ပြောနေတာ … ဟေ့ကောင် ခယ်မဆို တာလိုက်ပွဲကွတဲ့…အဲ့ဒါကို ဦးစိုးနိုင်က တဟဲဟဲနဲ့ ရယ်နေတယ်လေ မမကြီးရဲ့ …နွေး မနေတော့ဘူး … မမကြီးတစ်ယောက်တည်း ကလေးတွေကို မထိန်းနိုင်ရင် နွေး ဆီလာပို့ထားပေါ့ ”
အကြောင်းအရင်းမှာ ထိုမျှသာ ဖြစ်သည်။နွေးနွေးပြောသော ဦးစိုးနိုင်ဆိုသည်မှာ မအေးရီ၏ ယောကျာ်းဖြစ်ပါလေသည်။နွေးနွေးက ငယ်စဉ်ကတည်းကပင် ဦးစိုးနိုင်ဟုခေါ်ခဲ့သောကြောင့် ခဲအိုဖြစ်သူကို ဦးစိုးနိုင်ဟုခေါ်ခဲ့ခြင်းဖြစ်လေသည်။မအေးရီသည် အကြောင်းအရင်းမှန်ကို သိသော် ကိုယ့်ယောကျာ်း လူပြောင်လူနောက် အကြောင်းကိုသိသူပီပီ နွေးနွေးကိုချော့မော့ပြောခဲ့သည်။အသက်ဆယ့်ရှစ်နှစ်သာ ရှိသေးသော နွေးနွေးကို မအေးရီထံမှ ခွဲထွက်မသွားစေချင်သည်မှာ အမှန်ပင်ဖြစ်လေသည်။သို့သော်လည်း အကြောက်အကန် ငြင်းနေသော ညီမဖြစ်သူကြောင့် ယောကျာ်းဖြစ်သူပါ သိသွားပြီး မိသားစုကြား ပြဿနာရှည်မည်စိုးသောကြောင့် မအေးရီမှာ ခွင့်မပြုချင်ဘဲ ခွင့်ပြုခဲ့ရခြင်းဖြစ်လေသည်။ထိုအချိန်မှစ၍ နွေးနွေးသည် သူ့အိုးသူ့အိမ်နှင့်နေနိုင်ရေးအတွက် ကြိုးစားခဲ့သည်။ရပ်ကွက်ထဲမှ ရွယ်တူတန်းထူး လူငယ်လေးများက နွေးနွေးကို လျှောက်ပြန်သံပေးလုပ်ခဲ့ကြသော်လည်း နွေးနွေးက “လူပေါ်ကြော့တွေပါ … သူတို့ကိုယူရင် နွေးပဲ ရှာကျွေးရမှာပေါ့ “ဟု ဆိုကာ သူ့အားနှစ်သက် စုံမက်သော ရပ်ကွက်ထဲမှ လူငယ်လေးများကို ငြင်းဆန်ခဲ့သည်။ထို့နောက် နယ်မှ အလုပ်လာလုပ်သော မောင်မောင်လတ်ကိုမူလက်ခံခဲ့သည်။
” သူ့က နယ်ကဆိုပေမဲ့ …အရက်မသောက် …ဆေးလိပ်မသောက်နဲ့ မမကြီးရဲ့ …မိန်းမကိစ္စလဲ ကင်းတယ် …ပြီးတော့ အဓိက က အလုပ်ကို ကြိုးစားတယ်လေ …ငွေကိုလဲ မဖြုန်းဘူး …သူသင်ချင်နေတဲ့ စက်ပညာကို သာသင်လိုက်ရင် နွေးတို့ မပူမပင် နေရမှာပါ ”
အမှန်တကယ်လည်း နွေးနွေးပြောသလိုပါပင် မောမောင်လတ်သည် မယားငယ်မတွေ့ခင်အချိန်အထိ ရိုးသားကြိုးစားသော လူတစ်ယောက် ဖြစ်ခဲ့သည်လေ။
“မမကြီး ဘာတွေ တွေးနေတာလဲ …နွေးခေါ်နေတာ ကြာလှပြီ ”
“ဪ …အေး ..အေး ဘာပြောမလို့လဲ ”
မအေးရီသည် နွေးနွေး၏အနီးကပ် ခေါ်သံကို ကြားသောအခါမှ စိတ်အစဉ်သည် အတိတ်မှပြန်နိုးထလာပြီး နွေးနွေးကို မေးလိုက်သည်။
“အိမ်ရှင်ကိုတော့ … အိမ်ရှေ့မှာ ဆိုင်လေး ထုတ်ဖို့ ပြောထားတယ်လို့ …အဲ့ဒါ မမကြီးက ဦးစိုးနိုင်ကို လက်သမား ရှာပေးခိုင်းအုံးလို့ ”
” ဪ …အေး …အေးပါ ….ဒါပဲမဟုတ်လား …ငါပြန်တော့မယ် ”
~~~~~~~~~~~~~~~~~~~~
နွေးနွေးသည် နေ့စဉ်မှတ်တမ်းစာအုပ်လေးထဲတွင် ရေးသားထားသည့် “သွင်ငြိမ်းထက် “ဆိုသော နာမည်လေးကို ငေးငေးရီရီနှင့် ကြည့်နေမိပြီး သူ၏ပုံရိပ်များကို ပြန်၍မြင်ယောင်လာမိလေသည်။ညနေ ဂျူတီချိန်းပြီး အိမ်ပြန်ချိန်တွင် ရှပ်အင်္ကျီအကွက်လေးများကို ပုဆိုး ၊ ဂျင်းဘောင်းဘီ စသည်နှင့် တွဲဝတ်လေ့ရှိပြီး ကျောပိုးအိတ်လေးလွယ်ပြီးပြန်လေ့ရှိသော သူ့ပုံစံသည် ဂျူတီကုတ်ဝတ်ထားသည့် ပုံနှင့်မတူတော့ဘဲ လွတ်လပ်ပေါ့ပါးနေမြဲပင်။ထိုသို့ပြင်ဆင်ပြီး ပြန်တော့မည်ဆိုလျှင် နွေးနွေးစိတ်ထင်ပေပဲလား။ သူသည် နွေးနွေးနေသော အဆောင် ဘေးမှ အနည်းဆုံးနှစ်ခေါက်ခန့် ဖြတ်၍သွားမြဲပင်။ပြီးလျှင် သူသည် နွေးနွေး ခုတင်ရှိရာသို့ငဲ့စောင်း၍ ကြည့်တတ်သည် ။ သူပြန်ချိန်ဆိုလျှင် နွေးနွေးသည်လည်း စင်္ကြန် လမ်းဘက်သို့ မသိမသာ ကြည့်နေမိသောကြောင့် သူနှင့် အကြည့်အမြဲဆုံခဲ့သည်။သူသည် သာမာန် လုပ်ရိုးလုပ်စဉ် တာဝန်ဝတ္တရားအရ နွေးနွေးအပေါ် ကြင်နာ နွေးထွေးခဲ့လေသည်လား ။သို့မဟုတ်လျှင် သည်ထက်ပို၍ များလား ဆိုသည်ကို နွေးနွေး မတွေးရဲ မတွေးဝံ့ပါချေ။နွေးနွေးသည် တစ်သက်တာ ဖျောက်ဖျက်၍မရသော အမည်းစက် စွန်းထင်းနေသူ မဟုတ်လား။ သူလိုလူက နွေးနွေးကို ချစ်သည် ဆိုလာခဲ့လျှင်သော်မှ နွေးနွေး မစွန့်စားရဲပါချေ။ကျော်ကျော်လိုလူမျိုးကပင်လျှင် လက်မတွဲချင်သော နွေးနွေး၏ ဘဝသည် သူလို ဆရာဝန်နှင့့်သာဆိုလျှင် မိုးကို မျှော်ကြည့်နေမိသော ဖားသူငယ်ကဲ့သို့ပင် ဖြစ်နေပေလိမ့်မည်ထင်ပါလေသည်။
နွေးနွေးတစ်ယောက်တည်း အတွေးများနေစဉ်မှာပင် ဖုန်းသံ မြည်လာသောကြောင့်ဖုန်းကို လှမ်းယူလိုက်သည်။
“ဟယ်လို ….”
“ဟယ်လို … ”
နှစ်ကြိမ် သုံးကြိမ်မျှ ထူးလိုက်သော်လည်း တစ်ဖက်မှ တုံ့ပြန်ခြင်းမရှိသောကြောင့် နွေးနွေး ဖုန်းကို ချလိုက်သည်။
အချိန်အနည်းငယ်ကြာလျှင် ဖုန်းသံထပ်မြည်လာသောကြောင့် နွေးနွေး ဖုန်းကို ကောက်ယူလိုက်သည်။
“ဟယ်လို ”
” သက်သာတယ် မဟုတ်လား မနွေး ”
တစ်ဖက်မှ ကျော်ကျော်၏ အသံကို ကြားလိုက်ရသောကြောင့် နွေးနွေး ကောင်းကောင်းမွန်မွန် ပြန်ပြောရန် ဆုံးဖြတ်လိုက်သည်။
” သက်သာပါတယ် မောင်လေး …မင်းရော အဆင်ပြေတယ် မဟုတ်လား …. မဟုတ်တာတွေကို မတွေးနဲ့ …ကလေးဆိုတာ မိရင်းဖရင်းနဲ့ပဲ နေသင့်တာ… မင်းစိတ်ထဲမှာ အိမ်ထောင်ရေး ဖောက်ပြန်ဖို့ အကြောင်းတွေကို မတွေးသင့်ဘူး …ဒါပဲနော် ….နောက်ဆို အစ်မဆီ ဖုန်းမခေါ်ပါနဲ့ … အစ်မသိက္ခာထိခိုက်တယ်…ကိုယ်ဖောက်ခဲ့တဲ့လမ်းကို အဆင်ပြေအောင် လျှောက်ရမှာ လူတစ်ယောက်ရဲ့ တာဝန်ပဲလေ …. ဒါပဲနော် …..”
ကျော်ကျော်ဆီမှ ဘာစကားမျှ ပြန်မပြောနိုင်ခင်မှာပင် နွေးနွေး ဖုန်းကိုချပစ်လိုက်သည်။နွေးနွေး၏ စိတ်သည် ယခင် နှင့်မတူဘဲ အေးချမ်း၍နေသည်။ကျော်ကျော်အနေနှင့် နွေးနွေးကို မည်သို့ ထင်ထင် နွေးနွေးစိတ်ထဲတွင် မည်သို့မျှ မခံစားရတော့ပေ။ယခင်ကကဲ့သို့ စိတ်ဆိုးခြင်း ၊ စိတ်တိုခြင်းများမရှိတော့သည့် အပြင် ကျော်ကျော်နှင့် ပတ်သက်၍ မခံချင်စိတ်နှင့့်လက်တုံ့ပြန်လိုသောစိတ်များသည် လည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်လေသည်။ကျော်ကျော် ဆိုသည်မှာ လမ်းသွားရင်း အမှတ်မထင်ဆုံခဲ့မိသော လူတစ်ယောက်ကဲ့သို့သာ ရှိပါလေတော့သည်။
နွေးနွေးသည် ပြောင်းလဲသွားသော မိမိစိတ်ကို အံ့ဩ ကျေနပ်နေမိရင်းမှ အထက်တန်းအရွယ်တွင် ဖတ်ခဲ့ဖူးသော စာအုပ်တစ်အုပ်ကို သတိရလိုက်မိလေသည်။စာအုပ်သည် သာမန်အချစ်၀တ္ထုတစ်ပုဒ်သာ ဖြစ်သည်။ သို့သော် “အချစ်မရှိရင် မီးလောင်လွယ်တယ် “ဆိုသော ဝတ္ထုခေါင်းစဉ်၏ အဓိပ္ပါယ်ကို နားမလည်ခဲ့သောကြောင့် ခေါင်းရှုပ်ခဲ့ဖူးသည်။နောက်ဆုံး စာအုပ်အလွန်ဖတ်သော သူငယ်ချင်းတစ်ယောက်ကို မေးကြည့်မိသောအခါမှ သူငယ်ချင်း ရှင်းပြသော အကြောင်းအရာကို နားထောင်ပြီးနွေးနွေး ကျေနပ်သဘောကျခဲ့ဖူးသည်။
“ဒီလိုဟာ … လွယ်လွယ်ပြောရရင် … ရင်ထဲမှာ အချစ်မရှိတဲ့ အခါဖြစ်စေ….ပြီးတော့ …ကိုယ့်မှာချစ်ရမယ့်သူ အချစ်မရှိ ခဲ့ရင် … စိတ်တိုလွယ် … ဒေါသထွက်လွယ်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးပေါ့ ”
နွေးနွေးသည် ငယ်သူငယ်ချင်းလေး ပြောပြခဲ့သော စကားများကို ပြန်ကြားယောင်ပြီး ပြုံးလိုက်မိလေသည်။ဤသို့ နွေးနွေး ကြည်ကြည်နူးနူးနှင့်မပြုံးဖြစ်ခဲ့သည်မှာ ကြာခဲ့ပြီမဟုတ်ပါလား။
လူသည် ဆန်းကြယ်သည်ဟု နွေးနွေးထင်ခဲ့ဖူးသည်။ထိုထက်ပို၍ ချစ်စိတ်သည် ပို၍ ဆန်းကြယ်လိမ့်မည်ထင်ပါသည်။ နွေးနွေးသည် သူ့အကြောင်း တွေးရုံနှင့်ပင် စိတ်ထဲ၌ အေးချမ်းနေမိလေသည်။ထိုထက်ပို၍လည်း နွေးနွေးမှာ မျှော်လင့်ခြင်း မျှော်လင့်ချက်များ မထားရှိပါလေ။
~~~~~~~~~~~~~~~~~~~
နွေးနွေးသည် စဉ်းစားဉာဏ်ရှိသူဖြစ်ပါသည်။ဆေးရုံသို့ ရက်ချိန်းသွားပြစဉ် သူနှင့် မတွေ့အောင် ရှောင်ခဲ့သည်။ပြင်ပလူနာဌာနဆိုသည်မှာ တာဝန်ကျ ဆရာဝန်များနှင့် သူနာပြုများသာ ရှိသော နေရာဖြစ်သည်။ထိုနေ့က သူ့ကို ဖျတ်ခနဲ မြင်လိုက်မိသည်နှင့် နွေးနွေး ပုန်းနေခဲ့မိသည်။အရွယ်ရောက်နေပြီဖြစ်သောတူမလေးကပင်
“အန်တီလေးရယ် … တွေ့လို့ နှုတ်ဆက်တာပဲ ဘာဖြစ်လဲ …သမီး ဖုန်းနံပတ်သွား တောင်းလိုက်မယ် “ဟု ပြောနေသောကြောင့် မနည်းထားခဲ့ရသေးသည်။ပြင်ပလူနာဌာနသို့ ဂျူတီကုတ် အဖြူလေးနှင့် သူဝင်လာသည်ကို မြင်လျှင် မြင်ချင်း နွေးနွေး၏ ရင်ခုန်သံတွေ မြန်ဆန်လာမိသည်။နွေးနွေး၏ အသက်အရွယ်သည် အပျိုပေါက်လေးမဟုတ်မှန်းကိုလည်း နွေးနွေးသိပါသည်။သို့သော်ငြား နွေးနွေးသည် အပျိုပေါက်အရွယ်ကပင် မခုန်လှုပ်ခဲ့ဖူးသော ရင်ခုန်မှုမျိုးဖြင့် ရင်အစုံက ခုန်လှုပ်နေခဲ့ခြင်းဖြစ်ပါလေသည်။သို့သော်လည်း ကောင်းကင်နှင့် မြေကြီးကဲ့သို့ ဝေးကွာလှသော ဘဝနှစ်ခုအတွက် နွေးနွေး မိုက်မဲရန် စိတ်ကူးမရှိပါလေ။
~~~~~~~~~~~~~~~~~~~~
လူမသိ သူမသိဖြစ်တတည်ခဲ့သော အချစ်သည် ထာ၀၇ သိုလှောင် သိမ်းဆည်းခြင်းကို ခံလိုက်ရပြီဖြစ်လေသည်။
“ကားကို ( … ….) ဆေးရုံဘက်က ပတ်မောင်းပေးလို့ ရမလား ”
နွေးနွေး၏ စကားကြောင့် ကားဆရာမှာ အနည်းငယ် စိတ်ညစ်သွားပုံတော့ရသည်။
” ကားတော့ ရှုပ်မယ်ထင် တယ် ….၀ယ်စရာရှိလို့လား…”
” ဟုတ်ကဲ့ …ဆေးရုံရှေ့က ဆေးဆိုင်မှာ ဆေးဝယ်ချင်လို့ ”
ဆေးရုံရှေ့တွင် ကားရပ်လိုက်သောအခါ နွေးနွေးသည် ဆေးဆိုင်ထဲသို့ ၀င်လိုက်ပြီး ဆေးစာရင်းစာရွက်လေးကို ပေးလိုက်သည်။ဝန်ထမ်းလေး ဆေးတွေယူနေစဉ်မှာ နွေးနွေးသည် ဆေးရုံကြီးကို ငေးမောကြည့်နေမိသည်။
====================
အပိုင်း ( ၁၁ ) ဆက်ရန်
ဧကြည်ဖြူ
ဧကြည်ဖြူ
“တစ်ခုလပ် ”
အပိုင်း ( ၁၁ )
*****************
“ဟယ်လို ”
“ဟယ်လို ”
” ဟယ်လို … ကလေးကစားစရာဆိုင်က ဖုန်းပါရှင် … ဘာများ အလိုရှိလို့ပါလဲ ”
နွေးနွေးသည် ဖုန်းပြောနေရင်းမှ စိတ်ထဲတစ်မျိုးခံစားလိုက်ရသောကြောင့် မလိုအပ်ပါဘဲ ရှင်းပြလိုက်မိသည်။ သို့သော်လည်း တစ်ဖက် မှတော်တော်နှင့် အသံပြန်မထွက်လာပါချေ။ထို့အတွက်ပင် နွေးနွေးသည်လည်း စိတ်ထဲမှ ထိတ်လန့်နေမိသလို ဖြစ်နေမိခြင်းဖြစ်ပါသည်။ထိုဖုန်းသည်း နွေးနွေးထံသို့ သုံးလေးရက် တစ်ခါဆက်တတ်ပြီး ဘာမှမပြောမဖြေဘဲဖုန်းချသွားလေ့ရှိသည်။အစက နွေးနွေးသည် ကျော်ကျော်ဆက်သည်ဟု ထင်ခဲ့မိသည်။ နောက်ကျော်ကျော်ကို ဖုန်းဆက်ပြီး ရန်တွေ့ပစ်ခဲ့သေးသည်။ကျော်ကျော်က သူမဟုတ်ပါဟု ငြင်းခဲ့သည်။ ထိုအခါနွေးနွေးစဉ်းစားရပြန်သည်။ ကျော်ကျော်၏ အမျိုးသမီးကများ နွေးနွေးကို စုံစမ်းထောက်လှမ်းနေလေသည်လားဟု စိတ်မလုံစွာ တွေးမိပြန်သည်။ ထို့ကြောင့် နွေးနွေးစိတ်က ရိုးသား သူပီပီ ဖုန်းကို မဘလော့ဘဲ တမင်ထားခဲ့ခြင်းဖြစ်သည်။ ဖုန်း၀င်တိုင်းလည်း နွေးနွေးကောင်းကောင်းမွန်မွန် ပြောသည်။
~~~~~~~~~~~~~~~~~~~
နွေးနွေးသည် ဆံပင်အရှည်ကို ခပ်မြင့်မြင့်စုစည်းလိုက်သည်။ ပြီးလျှင် မျက်ခုံးမွှေးထူထူပေါ်တွင် တင်ကျန်နေသော သနပ်ခါးမှုန်များကို သွားတိုက်တံ အဟောင်းလေးနှင့် ခြစ်ထုတ်လိုက်သည် ။နှုတ်ခမ်းကိုမူ မသိသာအောင်ပန်းရောင်နှုတ်ခမ်းနီလေးကိုခပ်ဖျော့ဖျော့လေးဆိုးလိုက်သည်။သည်လောက်ဆိုလျှင် နွေးနွေး၏ အလှပြင်ခြင်းပြီးဆုံးပြီဖြစ်လေသည်။ပြီးနောက် မှန်ရှေ့မှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်သည်။တီရှပ် မိုးပြာရောင်နှင့် ထဘီ စကပ်အနက်ရောင်လေသည် နွေးနွေး၏ ခန္ဓာကိုယ်တွင် ထင်း၍နေသည်။ နက်ပြာရောင်ဘေးလွယ်အိတ်ကို ကောက်လွယ်လိုက်သည်။မြို့ထဲသို့ ဈေးသွားဝယ်ရန် နွေးနွေး အသင့်ဖြစ်သွားချေပြီ။
နွေးနွေးတစ်အိမ်လုံးကို စစ်ဆေးပြီး တံခါးများလိုက်ပိတ်သည်။ပြီးလျှင် အစ်မကြီးဖြစ်သူကို ဈေးသွားတော့မည့် အကြောင်းပြောလိုက်သည်။
“ဟဲ့ … မိနွေး …မနိုင်မနင်း ဖြစ်နေရင်လည်း …ကားငှါးးစီးခဲ့နော် … လူဆိုတာ ကျန်းမာရေးအဓိကဟဲ့ … စုတာလဲစုပေါ့….. ”
ထုံးစံအတိုင်း မမကြီးသည် နွေးနွေး အကြောကို သိသူပီပီ သတိပေးစကားပြောပြန်လေသည်။
~~~~~~~~~~~~~~~~~
လမ်းမပေါ်တွင် နွေးနွေး လမ်းလျှောက်လာသောအခါ မျက်လုံးပေါင်းများစွာသည် နွေးနွေးကိုကြည့်နေကြလေသည်။နွေးနွေးသည် ယခင်ကလို ပတ်ဝန်းကျင်ကို ရှက်ရွံ့မနေတော့ပါချေ။ရဲရဲဝံ့ဝံ့ပင် လျှောက်လှမ်းလာခဲ့သည်။တစ်နေ့တွင် ထိုလူများ၏စိတ်ထဲတွင် စွဲနေသော မောင်မောင်လတ်၏ မယားကြီး ဆိုသော အသိကို ဖျောက်ဖျက်ပြီး နွေးနွေးကိုနွေးနွေးဟုသာ အသိအမှတ်ပြုလက်ခံသွားကြအောင် နွေးနွေးရဲရဲဝံ့ဝံ့ ရင်ဆိုင်နေထိုင်သွားတော့မည်ဖြစ်သည်။
ကားဂိတ်သို့ ရောက်သောအခါ သစ်ပင်ရိပ်ရှိသော နေရာတွင် နွေးနွေးရပ်လိုက်ပြီး ကားလမ်းမတစ်လျှောက် မျှော်ကြည့်လိုက်မိသည်။
“ဟင် ”
အံ့ဩလွန်းသွားသဖြင့် နွေးနွေးနှုတ်မှ အာမေဍိတ်သံလေးပင်ထွက်သွားမိလေသည်။ရှပ်အကျီအဖြူစင်းနှင့် ဂျင်းဘောင်းဘီကို ဝတ်ထားပြီး ကျောပိုးအိတ်လေးကို လွယ်ထားသော သု့ပုံစံသည် နွေးနွေးရင်ကို တဒုန်းဒုန်းမြည်အောင်လှုပ်ရှားခုန်လှုပ်လာစေလေသည်။ အစပထမ၌ နွေးနွေးသည် လူများ မှားနေလားဟူ၍ သေချာကြည့်နေမိခြင်းဖြစ်သည်။ထိုအခါ သူကလည်း နွေးနွေးကိုမြင်သွားလေသည်။နှစ်ယောက်သား အကြည့်ချင်း ဆုံပြီး တစ်ယောက်ကို တစ်ယောက် စိုက်၍ ကြည့်နေမိကြလေသည်။အတန်ကြာပြီးနောက် နွေးနွေးသည် သတိဝင်လာမိပြီး မျက်လွှာကိုချလိုက်မိသည်။ပြီးနောက် ခေါင်းလေးကို ညွတ်ကာ ရှိသေစွာနှုတ်ဆက်လိုက်သည်။သူသည်လည်း မျက်နှာလေး ပြုံးရွှင်သွားပြီး နွေးနွေးရှိရာသို့ လှမ်းလျှောက်လာသည် ကို တွေ့လိုက်ရလေသည်။တစ်လှမ်းချင်းလှမ်းလျှောက်သော သူ့ကို နွေးနွေး အံ့သြမင်သက်စွာ ကြည့်နေမိပြီး နွေးနွေး၏အေးစက်သွားသောလက်ချောင်းလေးများအချင်းချင်း ဆုပ်ညှစ်၍ နေမိလေသည်။
” မနွေးနွေး ဘယ်သွားမလို့လဲ ”
သူ့အသံသည် ဆေးရုံမှာတုန်းကလိုပင် ရင်းနှီးနွေးထွေးလေ၏။
“ရှင် ..ဟို … ဟို …မြို့ထဲကို ဈေးသွားဝယ်မလိုပါ ဆရာ…..ဆရာက ဘယ်…ဘယ်ကိုလာတာလဲရှင် ”
နွေးနွေး၏ အသံသည် အဆီအငေါ်မတည့်စွာ အထစ်ထစ်အငေါ့ငေါ့နှင့် ထွက်လာလေသည်။ထိုသို့ နွေးနွေးမေးလိုက်သောအခါ သူသည်ရုတ်တရက် ဘာမျှ ပြန်မဖြေဘဲ နွေးနွေးကို စူးစူးနစ်နစ်စိုက်ကြည့် နေသည်ကို တွေ့လိုက်ရသည်။
“ဟို … ကျွန်တော်က ကိစ္စလေးရှိလို့ ဒီဘက်ကို ခဏလာတာ …ဒါနဲ… မနွေးနွေး နေထိုင်လို့ကောင်းတယ်မဟုတ်လား ”
” ဟုတ် ..ဟုတ်ကဲ့ ဆရာ….”
နွေးနွေးတို့နှစ်ယောက်သားကြား ပြန်လည် တိတ်ဆိတ်သွားသည် ။ ထိုစဉ်မှာပင် လိုင်းကားက ရောက်ရှိလာလေသည်။နွေးနွေးသည် လိုင်းကားလာသည်ကို မြင်သော်လည်း ဤနေရာမှ ထွက်ခွါသွားရန် ခြေလှမ်းများတုံ့ဆိုင်းနေမိသည်။
“ဒီကားစီးမှာ မဟုတ်လား မနွေး … လာ …လာ …သွားကြမယ် ”
သူက နွေးနွေး၏ လက်ကို ဖျတ်ခနဲ ဆွဲယူကာ ကားပေါ်သို့ ရှေ့မှ ဦးဆောင်တက်သွားသည်။ နွေးနွေးသည် သူ၏ဆွဲခေါ်ရာနောက်သို့ နောက်မှ ကြောင်အမ်းအမ်းနှင့်လိုက်ပါသွားမိသည်။သူကားခပေးနေသည်။ပြီးလျှင် အထဲသို့ တရွေ့ရွေ့ လျှောက်သွားသည်။နွေးနွေး၏လက်ကိုမူမလွှတ်ဘဲ ကျန်လက်တစ်ဖက်မှ အပေါ်တန်းကိုလှမ်းကိုင်ကာသွားနေခြင်းဖြစ်လေသည်။နွေးနွေးသည်လည်း ယခုအချိန်ထိသတိမကပ်နိုင်သေးဘဲ သူ့နောက်မှကောက်ကောက်ပါအောင်လိုက်လျှောက်သွားမိလေသည်။
” ဒီမှာ ရပ်နော်….”
နွေးနွေးသည် ယခုအချိန်ထိအဖြစ်အပျက်များကိုမယုံကြည်နိုင်စွာပင် ကားပေါ်တွင်လိုက်ပါခဲ့ရလေသည်။သူသည်လည်း စကားတစ်ခွန်းမျှမဆိုဘဲ နွေးနွေးဘေးတွင်ရပ်၍နေလေသည်။သေချာသည်မှာ သူ့အရပ်ရှည်ရှည်နှင့်နွေးနွေးကိုယ်လေးကို ကာကွယ်ပေးထားသလိုဖြစ်နေပြီး သူသည် နွေးနွေးကို ခေါင်းလေးငဲ့စောင်း၍ ကြည့်နေသည်ကို နွေးနွေးစိတ်က သိရှိနေလေသည်။ကားဘရိတ်အုပ်လိုက်တိုင်း၌ နွေးနွေး ခန္ဓာကိုယ်လေးသည် ထိန်းထားသည့်ကြားမှသူ့ရင်ခွင်ထဲသို့ ရောက်ရောက်သွားတတ်လေသည်။ထိုအခါ နွေးနွေးသည် ဆယ်ကျော်သက်လေးတစ်ယောက်ကဲ့သို့ ရင်ခုန်သံတွေ ဆူညံဝုန်းဒိုင်းကျဲနေမိလေသည်။
~~~~~~~~~~~~~~~~~~
” ကျွန်တော်တို့ တစ်ခုခုစားရင်း စကားခဏလောက် ပြောရအောင် နော် ”
ကားပေါ်မှ ဆင်းပြီးသည့်နောက်တွင် သူ့ထံမှ စကားသံ ခပ်တိုးတိုးထွက်လာသည်။နွေးနွေးတွင် ငြင်းဆန်နိုင်စွမ်းအားရှိမနေခဲ့ပါလေ။ခေါင်းကို အသာငြိမ့်ပြလိုက်မီပြီးနောက် သူ လက်ဆွဲခေါ်ရာ ကော်ဖီဆိုင်လေးထဲသို့ လိုက်ပါသွားမိသည်။
~~~~~~~~~~~~~~~~~~~
ဆိုင်ဝန်ထမ်းလေးသည် နွေးနွေးတို့ ရှေ့သို့ ကော်ဖီနှစ်ခွက်လာချပေးသွားသည်။နွေးနွေးသည် ရှေ့တည့်တည့်မှ ကော်ဖီခွက်လေးကို စိုက်ငေးကြည့်နေမိသည်။သူသည်နွေးရှေ့မှ ကော်ဖီခွက်ကို ယူလိုက်ပြီးလျှင် အောက်ခံပန်းကန်ပြားထဲမှ သကြားထုတ်ကို ဖောက်၍ ကော်ဖီပန်းကန်ထဲသို့ ထည့်ပြီး ဇွန်းနှင့် အသာမွှေနေသည်။ပြီးလျှင် ကော်ဖီခွက်ကို နွေးနွေးရှေ့သို့ ပြန်၍ ချပေးလေသည်။နွေးနွေးသည် သူ၏အပြုအမူများကို မျက်တောင်ခတ်ဖို့ရန်ပင်မေ့လျော့နေလျက် ငေးမောကြည့်နေမိလေသည်။
“နွေးကို ကျွန်တော် ပြောစရာရှိတယ် … ကျွန်တော်ကို စိတ်မဆိုးပါနဲ့နော် ”
သူ့၏ အခေါ်အဝေါ်နှင့် စကားကြောင့် နွေးနွေးရင်တွေ တဆတ် ဆယ်ခုန်လှုပ်လာမိပြန်သည်။
“ကျွန်တော်မှာ အားလပ်ချိန်ဆိုတာ သိပ်မရှိဘူး နွေး … ပြီးတော့ ကျွန်တော်တို့ အသက်အရွယ်က ကလေးတွေလဲ မဟုတ်တော့ ပွင့်ပွင့်လင်းလင်းပဲဝန်ခံပါရစေနော် ….ကျွန်တော် နွေးကိုချစ်တယ် … ဆေးရုံပေါ်မှာ နွေးကို မြင်လိုက်ပြီးကတည်းက ကျွန်တော် ချစ်နေမိတာပါ … နွေးဆီကို မကြာခဏ ဖုန်းခေါ်နေတာလဲ ကျွန်တော်ပါ …နွေးကို သတိရလွန်းလို့ ခေါ်မိတာပါ ….ဒီနေ့လဲ နားရက်မို့ နွေးကို တွေ့ချင်လို့ နွေးတို့ရပ်ကွက်ထဲကို လာခဲ့မိတာ …”
သူသည် စကားရှည်ချည်းကို ပြောပြီးသောအခါ နွေးနွေးကိုကြည့်နေပြန်လေသည်။နွေးနွေးသည် မယုံကြည်နိုင်စွာ သူ၏ မျက်နှာကို ငေးကြည်နေမိသည်။ အံ့သြရလွန်း၍ ဆွံ့အသလိုဖြစ်နေမိပြီး ရင်တွေလည်း ပေါက်ကွဲလုမတတ်ခုန်လှုပ်နေလေသည်။
” ကျွန်တော် အချိန်တွေ မဖြုန်းချင်ဘူး … နွေးရဲ့အဖြကို သိချင်တယ် ”
သူသည် နွေးနွေး၏မျက်နှာကို တည့်တည့်စိုက်ကြည့်၍ ပြောလာလေသည်။သူ့စကားကြောင့် နွေးနွေးမှာ အသက်ရှုရပ်သွားသလိုဖြစ်နေပြီး ကြက်သေသေလျက် ရှိနေမိသည်။ကံကြမ္မာသည် နွေးနွေးကို မျက်နှာသာပေးလေသည်လား။ သို့တည်းမဟုတ် ကံကြမ္မာက နွေးနွေးကို ကြည်စယ်ပြန်လေပြီလား။ နွေးနွေးသည် ရင်ခုန်သံများ ဝိုင်း ဒိုင်ကျဲအောင် ခုန်သွားပြီးသည့်နောက်တွင် အသိစိတ် ပြန်လည် ဝင်ရောက်လာခဲ့ပါလေသည်။
” နွေး …. နွေးကလေ ..နွေးအကြောင်းကို ဆရာသိတယ်မဟုတ်လားဟင် .. နွေး … နွေးက အိမ်ထောင်ကျခဲ့ဖူးပါတယ် ဆရာ ”
နွေးနွေးမဝံ့မရဲနှင့် ပြန်၍ ပြောလိုက်မိသည်။ထိုအခါ သူသည် နွေးနွေးကို နွေးထွေးကြင်နာသော အကြည့်များဖြင့် ကြည့်လာပြီးလျှင်
“အဲ့ဒါက ဘာဖြစ်လဲနွေး … အတိတ်ဟာအတိတ်ပဲ နွေး .. ကျွန်တော် အဓိက သိချင်တာက နွေး ကျွန်တော့်ရဲ့အချစ်ကို လက်ခံနိုင်မလားပဲသိချင်တယ် …ကျွန်တော့်မှာ အဖေတော့ မရှိတော့ပါဘူး အမေနဲ့ အစ်ကိုပဲ ရှိတယ် …အစ်ကိုက အိမ်တောင်ကျနေပါပြီ … ကျွန်တော်တို့က ချမ်းသာတဲ့ အသိုင်းအဝိုင်းကတော့ မဟုတ်ပါဘူး …နေနိုင်စားနိုင်ရုံ အနေအထားပါနွေး ”
“မချမ်းသာပါဘူး ”ဟု ဆိုသော သူ့ကို နွေးနွေး ငေးကြည့်နေမိသည်။မည်သို့ပင်ဖြစ်စေ ဆင်ပိန်လျှင် ကျွဲလောက်တော့ ရှိမည် မဟုတ်ပါလား ။
” ဟုတ် …ဟုတ်ကဲ့ပါဆရာ …မ…မဖြစ်နိုင်ပါဘူး ဆရာရယ်….ဆရာဘ၀နဲ့ နွေးရဲ့ ဘ၀က မိုးနဲ့မြေလို ကွာခြားလှပါတယ် ”
“ဘာကို မဖြစ်နိုင်တာလဲဟင် ….နွေး လဲလူလွတ် …ကျွန်တော် လဲလူလွတ်လေ ..မဖြစ်နိုင်ဘူးဆိုတာက တစ်ယောက်ယောက်မှာ ကာမပိုင်ရှိနေတာဆိုရင် ထားပါတော့ …ဘ၀အခြေအနေကြောင့်လို့တော့ မပြောနဲ့နော် ..ဆရာဝန် ဖြစ်နေတာနဲ့ပဲ …. နှလုံးသားရဲ့စိတ်တိုင်းကျ ချစ်ခွင့် မရှိတော့ဘူးလား ….. ကျွန်တော်ကတော့ လူဖြစ်ရတဲ့ တစ်ဘဝမှာ တစ်ပါးသူကို မထိခိုက်ဘူးဆိုရင် ဘဝကို ကိုယ့်စိတ်တိုင်းကျ ပျော်ပျော်ရွှင်ရွှင်နေဖို့ပဲ စိတ်ကူးထားတယ် … နွေး … သေချာစဉ်းစားပါနော် …ဘ၀အကြောင်းကို ထည့်မတွေးဘဲ နွေးရဲ့ ရင်ထဲက ဆန္ဒ အတိုင်း ဆုံးဖြတ်ပါ … ကျွန်တော် စောင့်နေမယ် ”
နွေးသည် သူ့၏မျက်နှာကို မဝံ့မရဲ ငေးကြည့်ပြီး နှုတ်ဆိတ်နေမိသည်။နှလုံးသားသည် မည်မျှပင် ခုန်လှုပ်စေကာမူ “တစ်ခုလပ် ` ဆိုသော အသိက နွေးနွေး၏စိတ်ကို ခြောက်လန့်နေလေသည်။
~~~~~~~~~~~~~~~~~~~
နွေးနွေး ဈေးဝယ်ရာနောက်သို့ တစ်ကောက်ကောက်လျှောက်လိုက်လာသော သူ့ကိုကြည့်ပြီး နွေးနွေးမှာ ရင်တွေလည်းခုန် ၊ အားလည်းနာ၊ မျက်နှာလည်း ပူနေမိသည်။ နွေးနွေးကတစ်ဆိုင်မှာ ဈေးဝင်ဝယ်လိုက် သူက နွေးနွေးလက်ထဲမှ အထုတ်တွေကို ဆွဲယူလိုက်နှင့် နှစ်ယောက်တည်း ရှုပ်ယှက်ခတ်နေလေသည်။
” နွေးပဲ ဘယ်ပါရစေ ဆရာရယ် .. တော်ကြာ ဆရာအသိတစ်ယောက်ယောက်မြင်သွားမှဖြင့် ”
“နွေးရယ် အထုတ်တွေက ပေါ့ပေါ့လေး ဘာမှမဖြစ်ပါဘူး ….ဒါပေမဲ့ နွေးက ဆရာ ..ဆရာနဲ့ ခေါ်နေတော့ ဆိုင်က လူတွေ ကြည့်ပြီး ….ဗေဒင်ဆရာလိုလို ပယောဂဆရာလိုလို ထင်ကုန်ကြပြီးထင်တယ် … နာမည်လေးတော့ ပြောင်းခေါ်ပေးပါနော် …”
သူ့အပြောကြောင့် နွေးနွေးပြုံးလိုက်မိသည်။ဆေးရုံပေါ်မှာတော့ ဂျူတီကုတ် တကားကားနှင့် လူကြီးတစ်ယောက်လို ဖြစ်နေသော သူ့ပုံစံက ယခုလို လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနှင့် တွေ့မြင်ရသောအခါ အပြင်ဆန်းနေသလိုဖြစ်နေသည့်အပြင် ဂျူတီကုတ်နှင့် မဟုတ်သောကြောင့် နွေးနွေး၏စိတ်ထဲတွင်လည်း စိုးရွံ့သိမ်ငယ်မှုများ လျော့ပါးနေခဲ့လေသည်။နောင်တွင် မည်သို့ပင် ဖြစ်စေ ဘဝမှာ တစ်ခါလောက်တော့ဖြင့် နွေးနွေးလည်း နှလုံးသားရဲ့ အလိုကျ မိုက်မဲလိုက်ချင်မိပါလေသည်။ဘာပဲဖြစ်ဖြစ် သည်တစ်ရက်မှာဖြင့် နွေးနွေးစိတ်အလို လိုက်၍ ပျော်ရွှင် ပစ်လိုက်ချင်ပါသည်။
~~~~~~~~~~~~~~~~
” ကျွန်တော် တင်လိုက်ပါ့မယ် …. နွေး ကားပေါ် သွားထိုင်နေတော့ … ”
ကားဆရာနှင့်သူက အထုတ်တွေကို ကားပေါ်တင်နေတာကို နွေးနွေးအားနာစွာ ရပ်ကြည့်နေ မိသည်။
~~~~~~~~~~~~~~~~~~
” ကိုယ်က …တစ်လမှာ တစ်ရက်လောက်ပဲ ကောင်းကောင်း နားရတာ …. ကြားရက်တွေ လာမတွေ့နိုင်ရင် ဖုန်းဆက်မယ်နော် …”
” ဟုတ်ကဲ့ ဆရာ ” နွေးနွေးခေါင်းကို အသာငြိမ့်ပြလိုက်မိသည်။
“ဆရာ မဟုတ်ပါဘူးဆို ”
သူက နွေးနွေးနား နားသို့ကပ်ပြီး ခပ်တိုးတိုးပြောသည်။ထိုအခါ သူ၏ အသက်ရှူငွေ့က နွေးနွေး၏ ပါးပြင်အစပ်ကို ထိခတ်သွားသောကြောင့် နွေးနွေးတစ်ကိုယ်လုံး ဆတ်ခနဲ တုန်သွားရပြီး ထူထူပူပူကြီး ဖြစ်သွားမိလေသည်။
“ဆ …ဆရာက နွေးထက် အသက်ငယ်လားဟင် …”
နွေးနွေးသည် ထူထူပူပူနှင့် ပါးစပ်ထဲရှိရာကို မေးလိုက်မိသည် ။
” အင်း … နွေးထက်ကိုယ်က တစ်လကျော်ကြီးတယ် နွေးရဲ့ … ဆရာလို့ မခေါ်ရင်ပြီးရော … နွေး ကြိုက်သလို့ခေါ်ပါ”
ကားပေါ်တွင် ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ကားလေးသည် လမ်းမထက်တွင် တရိပ်ရိပ်ပြေးနေသည်။
” ကိုယ် လမ်းမှာ ဆင်းနေခဲ့လိုက်မယ်နော် ……. အလုပ်တွေလဲ တအားလုပ်မနေနဲ့နော် ကျန်းမာရေးလဲ ဂရုစိုက်အုံး ကြားလား …..”
နွေးတို့ ရပ်ကွက်ထိပ်သို့ ရောက်သောအခါ သူက ကားပေါ်မှ ဆင်းဖို့ ပြင်သည်။
“ဖုန်းဆက်မယ်နော် နွေး…ဖုန်းမကိုင်ဘဲ မနေနဲ့နော် ”
နှုတ်ဆက်စကားပြာ ပြီး သူ့ကားပေါ်မှ ဆင်းသွားသော အခါ နွေးနွေရင်ထဲတွင် ဟာလာဟင်းလင်း ဖြစ်၍ ကျန်ခဲ့လေသည်။အရာရာသည် အိပ်မက်လေလားဟုပင် နွေးနွေးထင်နေမိသည်။
~~~~~~~~~~~~~~~~~~
“သတိရလိုက်တာနွေးရယ် …ဒီတစ်ပတ် တနင်္ဂနွေနေ့ကျရင် နေ့ဝက်လောက်တော့ အချိန်ရတယ် … နွေးကို လာတွေ့လို့ရမလားဟင် ”
သူ့အမေးကို နွေးမဖြေဘဲ နှုတ်ဆိတ်နေမိပြန်သည်။နွေးလည်း သူ့ကို တွေ့ချင်းလွန်းလှပါသည်။သို့သော်လည်း နွေးတို့၏ ဇာတ်လမ်းသည် ဖြစ်နိုင်ပါ့မည်လားဟု တွေးမိသောအခါ မျှော်လင့်ချက်တို့သည် အငွေ့ပျံပျောက်ပျက်သွားသလို ရှိလေသည်။
“မလာရဘူးလားဟင် ..တွေ့လို့မရဘူးလား နွေးရယ် …”
သူ့အသံသည် အားမရှိသကဲ့သို့ တိုးဖျော့တိမ်၀င်သွားသည်။ နွေးနွေး အနေနှင့် သူ့ကိုတွေ့ချင်ပါသည်။ သို့သော်လည်း စိတ်ကူးယဉ်ဆန်လှသော အချစ်ကို နွေးနွေး မမျှော်လင့်ရဲပါလေ။သည်တစ်ကြိမ်၌ နွေးနွေးသည် မချစ်ခင်ကပင်လျှင် တွေး၍ စိုးရိမ်ပူပန်နေခဲ့ရသည်။အကယ်၍များ နွေးနွေးထပ်၍ ကံဆုံးရမည်ဆိုလျှင် သည်တစ်ကြိမ်၌ နွေးနွေးအတွက် အသက်ရှင်ရန်ပင် ခက်ခဲသွားလိမ့်မည်ထင်ပါသည်။ထို့ကြောင့် တစ်ရက်တာ ပျော်ရွှင်ခဲ့ရမှုလေးကိုသာ ရင်ထဲတွင် အမြတ်တနိုး သိမ်းဆည်းလျက် နွေး နွေး၏ နှလုံးသားကို နွေးနွေးကိုယ်တိုင် သော့ခတ်လိုက်ပြီ ဖြစ်ပါလေသည်။
‘ တောင်း … တောင်းပန်ပါတယ်ရှင် …နွေး သိပ်နေမကောင်းလို့ပါနော် ”
နွေးနွေး၏ အသံတွင် ငိုသံ မပါအောင် သတိထား၍ ပြောလိုက်ပြီး ဖုန်းကို ချလိုက်သည်။သူလို ဆရာဝန်တယောက်က နွေးနွေးကို အပြစ်တင်ခြင်းကင်းစွာ တာဝရချစ်သွားဖို့ဆိုတာ မဖြစ်နိုင်သော အရာမဟုတ်ပါလား။သည့်ထက်ပို၍လည်း နွေးနွေးမမျှော်လင့်ရဲ၊ မမျှော်လင့်ဝံ့ပါလေ။
~~~~~~~~~~~~~~~~~~~~
သွင်ငြိမ်းထက် ဖုန်းကို ကိုလျက် ငိုင်နေမိသည်။သူမ၏ မျက်ဝန်းထဲတွင် သူ့ကို ချစ်သော သံယောစဉ် အရိပ်အငွေ့များကို တွေ့နေရပါလျက်နှင့် အငြင်းခံလိုက်ရသောအခါ စိတ်ထဲတွင် မျှော်လင့်ချက်မဲ့သွားသလိုခံစားလိုက်ရသည်။သူ့မှာတော့ သူမကို ချစ်လွန်း၍ ဆရာဝန်တစ်ယောက်၏ စည်းကမ်းကိုပင် ချိုးဖောက်ပြီး ဆေးရုံမှတ်တမ်းမှ သူမ၏ လိပ်စာနှင့် ဖုန်းနံပတ်ကို ရယူခဲ့မိသည်။
” ဒေါက်တာ သွင်ငြိမ်း ရေ ဘာတွေများ ငိုင်နေတာလဲ ….”
” သူ … သူက …ငါ ချိန်းတာကို လက်မခံဘူးကွာ … သူ ငါ့ကို စိတ်မဝင်စားဘူးထင်တယ် ဝင်းနိုင်ရာ ”
လုပ်ဖော်ကိုင်ဖက်ဖြစ်သော ဒေါက်တာဝင်းနိုင်ခေါ် ငယ်သူငယ်ချင်းဝင်းနိုင်၏ အမေးကြောင့် သွင်ငြိမ်းထက် ရင်ဖွင့် ပြောပြလိုက်မိသည်။ဝင်နိုင်းနှင့် သွင်ငြိမ်းထက်ကြားတွင် ငယ်သူငယ်ချင်းများ ပီပီလျှို့ဝှက်ချက် သိပ်မရှိသောကြောင့် သူသည် သူမနှင့် ပတ်သက်သော ခံစားချက်ကို ဝင်းနိုင်လည်း သိပါလေသည်။မသိဘဲလည်း ဘယ်နေပါမည်နည်း။သူ့မ ဆေးရုံတက်နေစဉ်ကာလ အတွင်း၌ သူ ပျာယာခတ်နေခဲ့ရသည်ကို ဝင်းနိုင်က ကောင်းကောင်း သိနေသည်လေ။
“အင်း … ငါ့စိတ်ထင်ပြောရရင် …မင်းကို စိတ်မ၀င်စားတာတော့ မဖြစ်နိုင်ဘူး …ခဲမှန်ဖူးတဲ့ စာသူငယ်မို့ ကြောက်နေတာဖြစ်မယ် ….မင်းတကယ် ချစ်ရင်တော့ ဇွဲမလျှော့ဘဲ ကြိုးစားပေါ့ကွာ … ဒါပေမဲ့ သူ့ကို ဒဏ်ရာ ထပ်ပေမိသလိုတော့ လုပ်လို့ မဖြစ်ဘူး … မင်းရဲ့ မာသားကြီးကိုရော မင်းပိုင်ရဲ့လား ….ပြီးတော့ မင်းအမေထက် ပိုဆိုးတဲ့ မင်းရဲ့ မရီးကိုရော မင်းပိုင်လား … မင်းဘက်က အခြေအနေကို အရင် သေချာအောင်လုပ် သွင်ငြိမ်း ”
ဒေါက်တာဝင်းနိုင်က ငယ်ပေါင်းပီပီ သွင်ငြိမ်းထက်၏ အိမ်အကြောင်းကို သိသူမို့ ပြောလိုက်သည်။
သွင်းငြိမ်းထက်သည်လည်း သူငယ်ချင်းဝင်းနိုင်၏ စကားကို အလေးအနက်ထား၍ စဉ်းစားမိပြန်သည်။
~~~~~~~~~~ ~~~~~
” လူတွေများ ခက်တယ် …. သူများ ဆိုင်က ရောင်းရမှန်းသိတော့ … နောက်ကလိုက်တုကြတယ်လေ …ကိုယ်ပိုင် စိတ်ကူး အတွေးအခေါ်တော့ တစ်ယောက်မှ မရှိကြဘူး…အိမ်ရှင်လည်း ဘာထူးလဲ …. ပွဲစားက မြှောက်ပေးတာနဲ့ အိမ်လခတိုးတောင်းဖို့စကား စနေပြီ မဟုတ်လား ”
မအေးရီသည် နွေးနွေး၏ဆိုင်ခန်းထဲတွင် ထိုင်နေပြီး မကျေမနပ်မနပ်ပြောနေသည်။
နွေးနွေးက အစ်မဖြစ်သူကို ကြည့်လိုက်ပြီးလျှင်
“မမကြီးရယ် … ၀ယ်သူတွေ သူတို့ ကြိုက်တဲ့ ဆိုင်မှာ သူ့တို့ဝယ်ပါလိမ့်မယ် …တကယ်လို့ အိမ်ရှင်က လခတိုးတောင်းရင် ….. နွေး လမ်းထိပ်ဘက်မှာ ဆိုင်ငှားပြီးသွားဖွင့်မယ် မမကြီး ”
“အင်းပါ …တို့အိမ်ရှေ့မှာ လာဖွင့်လဲရတယ်နော် … နင့် ခဲအိုကတောင် ပြောနေတယ် .. .အိမ်ရှေ့ ရေမြောင်းပေါ်မှာ ဆိုင် ဆောက်လို့ ရတယ်တဲ့ ”
နွေးနွေးသည် အစ်မကြီးဖြစ်သူကို ကျေးဇူးတင်စွာ ကြည့်လိုက်မိသည်။ မမကြီးမအေးရီသည် သူစိတ်တိုင်းမကျလျှင် နွေးနွေးကို “မတတ်ပါ့ … မတတ်ကြီး ..လုပ်ချင်ရာလုပ် ”ဟု စိတ်ဆိုးမာန်ဆိုးနှင့်ပြောတတ်သော်လည်း နွေးနွေး၏ အပါးတွင် အမြဲတမ်း ရပ်တည်ပေးခဲ့သူဖြစ်ပါလေသည်။ ထို့ကြောင့်လည်း နွေးနွေးမှာ အစ်မကြီးဖြစ်သူ၏ ဝေးရာသို့ မသွားနိုင်ဘဲ သည်ရပ်ကွက်တွင်သာ တဝဲဝဲလည်နေခြင်းဖြစ်ပါလေသည်။
” ဟယ် …မိနွေး …..ဟိုမှာ ….ဆရာ …ဆရာဝန်လေး ထင်တယ် ”
နွေးနွေးသည် ကစားစရာအရုပ်များကို စင်ပေါ်သို့ သေသေသပ်သပ်ဖြစ်အောင် တင်နေရာမှ အစ်မကြီး မအေးရီ၏အသကြောင့် ရင်မှာ ဒိန်းခနဲ ဆောင့်ခုန်သွားပြီးလျှင် လက်ထဲမှ အရုပ်များ ပင်ပြုတ်ကျသွားရလေသည်။
=====================
အပိုင်း ( ၁၂ ) ဆက်ရန်
ဧကြည်ဖြူ
ဧကြည်ဖြူ
” တစ်ခုလပ် ”
အပိုင်း ( ၁၂ )
*****************
နွေးနွေးသည် တုန်တုန်ယင်ယင်နှင့် အစ်မဖြစ်သူကို မရဲတရဲ ကြည့်လိုက်မိသောအခါ အစ်မကြီးမအေးရီသည် လမ်းမသို့ အပြေးအလွှားထွက်သွားသည်ကို တွေ့လိုက်ရလေသည်။
“ဆရာ …ဆရာဝန်လေးမဟုတ်လားဟင် ….ဘယ်ကို သွားမလို့လဲ ဆရာ … အိမ်ထဲခဏဝင်ထိုင်ပါအုံး ဆရာရဲ့ ”
နွေးနွေးသည် အမ်မဖြစ်သူ နှင့်စကားရပ်ပြောနေသော သူ့မျက်နှာကို သတိလက်လွတ် ငေးကြည့်နေမိသည်။ သူက နွေးနွေးကို လှမ်းကြည့်ပြီး ပြုံးပြသည်။နွေးနွေးသည် သူ့ကိုသာ မယုံနိုင်စွာပင်ကြည့်နေမိလေသည်။အစ်မကြီး မအေးရီကမူ အကြောင်းအရင်းစုံကို မသိသူဖြစ်သောကြောင့် သူ့ကို အိမ်ထဲသို့ ဖိတ်ခေါ်လာလေသည်။
“နွေးနွေး ဒီမှာ နင် ဆေးရုံတက်တုန်းက ဂရုစိုက်ပေးတဲ့ ဆရာဝန်လေးကို မှတ်မိရဲ့လား … ဖျားခင်းပါအုံးဟဲ့ ….လာပါ ဆရာလေး… အိမ်ကတော့ ဈေးဆိုင်ဆိုတော့ နည်းနည်းတော့ ရှုပ်ပွနေတယ် …ခဏထိုင်အုံးနော် ဆရာ …မိနွေး ဆရာ့ကို ဧည့်ခံထားလိုက်အုံး ”
ပြောပြီးသည်နှင့် အစ်မကြီးက မအေးရီက အပြင်ကို လှစ်ခနဲ ပြန်ထွက်သွားသည်။တကယ်တော့ အစ်မကြီး မအေးရီသည် နွေးနွေးအကြောင်းကို သိသူပီပီ နွေးနွေးအိမ်မှာ ရေခဲသေတ္တာရော စားစရာမုန့်ပါ အသင့်မရှိမှန်းသိသောကြောင့် အိမ်သို့ပြန်ကာ မုန့်ပဲသရေစားများ သွားယူခြင်းဖြစ်ပါလေသည်။ ကျန်ခဲ့သော နွေးနွေးနှင့် သွင်ငြိမ်းထက်မှာ မျက်နှာချင်းဆိုင်အနေအထားနှင့် တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်နေမိကြလေသည်။
” ဖုန်း ဘာလို့ မကိုင်တော့တာလဲ နွေးရယ် .. ကိုယ့်ကို အဲ့ဒီလောက်တောင် မုန်းနေတာလားဟင် … ကိုယ့်မှာ မင်းကို သတိရလွန်းလို့အသံလေးကြားချင်တာတောင် ကြားခွင့် မရဘူး ”
နွေးနွေး ခေါင်းကို အသာငုံ့ထားလိုက်မိသည်။
“မဖြစ်နိုင်လို့ပါဆရာ … နွေး တစ်ယောက်တည်းပဲ အေးအေးဆေးဆေး နေတော့မယ် ဆရာ ….နွေးကြောင့် ဘယ်သူမှ လည်း စိတ်မပူပင်စေချင်ဘူး …တကယ်လို့သာ ဆရာ့ရဲ့ဆွေမျိုး အသိုင်းအဝိုင်းတွေ သိရင်လဲ နွေးလို မိန်းခလေးနဲ့ သဘောတူမှာ မဟုတ်ဘူး ”
” ဘယ်လို ပြောလိုက်တာလဲ နွေးရယ် … နွေးက ဘာဖြစ်နေလို့လဲ … နွေးနဲ့လက်ထပ်ရမှာက သူတို့မှ မဟုတ်တာ … ကိုယ်နဲ့ လက်ထပ်ရမှာလေ …နွေးက ဘာတွေကို တွေးကြောက်နေတာလဲ ”
” ဒါတော့ ဒါပေါ့ ဆရာရယ် ..ဒါပေမဲ့ နွေးက တစ်ခုလပ် ပါ ..ပြီးတော့ ဆင်းလဲဆင်းရဲတယ် …ဆရာနဲ့ နွေးဘဝက မိုးနဲ့မြေလို ကွာခြားပါတယ် ”
နွေးနွေးသည် သွင်ငြိမ်ထက်၏ ရှေ့တွင် ခေါင်းလေးငုံ့လျက် ထိုင်နေမိပြီး ပြောနေမိသည်။
“နွေးရယ် … နွေးပြောပုံက ..ဆရာဝန်ဆိုတာနဲ့ သူဋ္ဌေးသမီးနဲ့ပဲ လက်ထပ်ရမယ့် သဘောလား … နွေးပြောပုံအရဆို ဆရာဝန်တွေက ငွေမက်ကဲ့သိုက်တူးသမားတွေ ဖြစ်ရုံမကဘ သဘောထား သေးသိမ်တဲ့ သူတွေဖြစ်ကုန်ပါပြီ `
“ရှင် … နွေး … နွေးက အဲ့ဒီသဘောနဲ့ ပြောတာမဟုတ်ပါဘူးရှင် ”
“မသိဘူးကွာ … နွေးကို ဖုန်း ဆတ်လို့မရရင်တော့ ကိုယ်က အိမ်ထိ လာတွေ့မှာပဲ …ပြီးရင် နွေးရဲ့ မမကြီးကိုပါ ဖွင့်ပြောလိုက်မယ် ”
“ရှင် ”
သွင်ငြိမ်းထက်၏ စကားကြောင့် နွေးမှာ မျက်လုံး အပြူးသားနှင့် မော့ကြည့်လိုက်မိလေသည်။
” အားနာလိုက်တာဆရာရယ် …ဆရာ့အတွက် လက်ဖက်နဲ့ စားစရာလေး သွားလုပ်တာ …. ဟော ဟိုရှေ့က မြင်နေရတာက ကျွန်မအိမ်လေ ဆရာ … သုံးဆောင်ပါအုံး ဆရာ ”
မအေးရီသည် ရေနွေးနဲ့ လက်ဖက်ဗန်းကို ကိုင်လျက် ပြန်ရောက်လာသောကြောင့် နွေးနွေးတို့စကားဝိုင်းမှာ စကားစပြတ်သွားရလေသည်။
” ကျွန်မက ဆရာလေးကို သတိရနေမိတာ …တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတာပဲ … နောက် လမ်းကြုံရင်လဲ ဝင်လည်ပါအုံး ဆရာ ”
မအေးရီတစ်ယောက် စကားတွေရေ ပက်မ၀င်နိုင်အောင် ရွှန်းရွှန်းဝေပြောနေသော်လည်း နွေးနွေးမှာမူ နှုတ်ဆိတ်ငြိမ်သက်နေသည်။
“ဆရာလို့ မခေါ်ပါနဲ့အစ်မရယ် … ရင်းရင်းနှီးနှီး ဖြစ်အောင် ကိုသွင်လို့ပဲ ခေါ်ပါ …ရင်းနှီးတဲ့ မိတ်ဆွေတွေ အားလုံး ဒီလိုပဲ ခေါ်ကြတယ်…”
“အားနာလို့ပါ ဆရာ …ဆရာက ရင်းနှီးတဲ့ မိတ်ဆွေလို့ ပြောတော့ ၀မ်းသာလိုက်တာ …ဒီကခေါင်းမာတဲ့ ဆရာ လူမမာကိုလဲ အပ်ပါတယ် ဆရာရေ … ပိုက်ဆံစုမယ်ဆိုပြီးတော့ အစားမစားဘဲ ငွေတွေပဲ စုနေတာ ပြောလို့လဲ မရဘူး ဆရာရေ …..”
မနွေးရီ ပြောလိုက်သောအခါ သွင်ငြိမ်းထက် အပြုံးမျက်နှာနှင့် နွေးနွေးကို လှမ်း၍ ကြည့်လိုက်လေသည်။နွေးနွေးသည်လည်း မျက်နှာကိုအောက်သို့ ငုံ့သထက်ငုံ့ထားလိုက်လေသည်။
” ဒါနဲ့ မနွေးက ငွေစုနေတယ်ဆိုတော့ ဘာရည်းမှန်းချက်တွေရှိလို့လဲ ”
ခြံကွက်ဝယ်မလို့တဲ့လေ ဆရာ….ကျွန်မအိမ်မှာနေဖို့ ခေါ်ဆော့လဲ လက်မခံဘူးလေ ဆရာရယ်…သူက ကိုယ်ပိုင်ခြံနဲ့နေချင်တာတဲ့..”
မအေးရီသည် ဆရာဝန်လေးသွင်ငြိမ်းထက်ပြန်သွားမည်ကို စိုးရိမ်နေသည့်အလား စကားကို အမျှင်မပြတ်အောင် ပြောနေလေသည်။
” ကျွန်မက စကားတွေ ဇွတ်ပြောနေတာ ဆရာကို နှောက်ယှက်နေမိသလိုများဖြစ်နေပြီလား ဆရာ …”
“..မဟုတ်တာ မဖြစ်ပါဘူး အစ်မ…ဒီရပ်ကွက်လေးက မြို့ထဲနဲ့နည်းနည်းဝေးပေမဲ့ အေးချမ်းတယ်နော် …နောက် မကြာမကြာ ရောက်ဖြစ်မယ်ထင်တယ် ”
“ရောက်ရင် အိမ်ကိုလဲဝင်လည်ပါ ဆရာ …ဆရာ့ကို တစ်ရက်လောက် ထမင်းစားဖိတ်ချင်လို့ ဆရာ့ဖုန်းနံပတ်လေး ပေးခဲ့ပါနော် ဆရာ ”
-~~~~~~~~~~~~~~~~~~~
“ဆရာ ပြန်တော့မယ်တဲ့ မနွေး ….ဆရာ့ကို ကားဂိတ်အထိလိုက်ပို့ပေးလိုက်ပါအုံး ”
အစ်မကြီးမအေးရီ၏ စကားကြောင့် နွေးနွေးမှာ မျက်လုံးအပြူးသားနှင့် ပြူးပြူးပျာပျာဖြစ်သွားမိသော်လည်း သွင်ငြိမ်းထက်ကမူ အငြင်းစကားမဆိုဘဲ ငြိမ်သက်နှုတ်ဆိတ်နေလိုက်သည်။
‘” အို ဒီကလေးမ ဘာလုပ်နေတာလဲ…သွားလေ ဆရာ့ကိုလိုက်ပို့လိုက်လေ ”
မအေးရီသည် မတုန်မလှုပ် ကျောက်ဆစ်ရုပ်ဖြစ်နေသော နွေးနွေးနားသို့ကပ်၍ ခပ်တိုးတိုးပြောလိုက်သည်။မအေးရီ၏ စိတ်ထဲ၌ လူချောလူသနိ့ဆရာဝန်လေးနှင့် ညီမဖြစ်သူအတူတွဲလျှောက်သွားသည်ကို ရပ်ကွက်ထဲမှလူများကို မြငိစေချင်မိသည်။သို့မှသာ သူတို့စိတ်ထဲမှ မောင်မောင်လတ်ကို သံယောစဉ်မကုန်သောကြောင့် နွေးနွေးတစ်ယောက်အိမ်ထောင်ထပ်မပြုသည်ဆိုသော လူများ၏ထင်မြင်ချက်များကို ဖျောက်ဖျက်ချင်စိတ်ကြောင့်ပင်ဖြစ်လေသည်။
~~~~~~~~~~~~~~~~~
မအေးရီ တွက်ဆထားသည့်အတိုင်းပါပင်။နွေးနွေးနှင့်သွင်ငြိမ်းထက်တို့ လမ်းလျှောက်လာကြသောအခါ မျက်လုံးပေါင်းများစွာက ကြည့်ကြလေသည်။သူတို့၏ မျက်လုံးထဲတွင် နွေးနွေးတို့ကို ကြည့်၍ ပြောစရာစကားများရသွားကြပြီဖြစ်လေသည်။
” ဖုန်းဆက်ရင်တော့ ကိုင်ပါနွေးရယ် …နွေးသာ ကိုယ့်အချစ်ကို လက်ခံတယ်ဆိုရင် ကျန်တာတွေဘာမှမတွေးပါနဲ့နော်…ကိုယ့်အကြောင်းကိုပဲတွေးပေးပါနော်…နွေးကို ကိုယ့်ကြောင့်ဘယ်တော့မှ မျက်ရည်မကျစေရဘူး ”
နွေးသည်ခေါင်းလေးငုံ့လျက်လျှောက်နေရင်းမှ သွင် ငြိမ်းထက်တစ်ချက်မော့ကြည့်လိုက်မိလေသည်။
သွင်ငြိမ်းထက်သည်လည်း နွေးနွေး၏မျက်နှာလေးကို ငေးကြည့်လျက် စကားဆိုနေသည်။
” နောက် တစ်ခေါက်လာရင် နွေးရဲ့မမကြီးကို ဖွင့်ပြောပြလိုက်ဖို့ စိတ်ကူးထားတယ်…နွေးရဲ့တစ်ဦးတည်းသောအစ်မကြီးဆိုတော့ ကိုယ်လဲ ရိုသေလေးစားသမှုထားပါ့မယ် ”
သွင်ငြိမ်းထက်၏စကားကြောင့် နွေးနွေးမှာ မျက်စိပျက်မျက်နှာပျက်နှင့် တားမြစ်လိုက်သည်။
” မ ..မဖြစ်ဘူးနော်…မမကြီးကိုတော့ မပြောပါနဲ့ဆရာ ”
” နွေးရဲ့ သဘောအတိုင်းပါပဲ…ဒါပေမဲ့ နွေး ကိုယ့်ဆီကို မလာရင်..နွေးဆီကို ကိုယ်လာခဲ့မှာ…နွေး လက်ခံလာမဲ့နေ့အထိ ကိုယ်ကြိုးစားမှာ ”
နွေးသည် အငှားကားပေါ်သို့တက်သွားသော သွင်ငြိမ်းထက်၏ နောက်ကျောပြင်ကို ငေး၍ ကြည့်နေမိသည်။
သွင်ငြိမ်းထက်က ကားပေါ်သို့ရောက်သောအခါ ကျန်ခဲ့သော နွေးနွေးကို လှည့်၍ကြည့်လိုက်မိသည်။
~~~~~~~~~~~~~~~_~~~~
“သားသွင် …ဒီပိတ်ရက်မှာ …အမေ့ကို …မနွဲ့တို့ အိမ်ကို လိုက်ပို့ပေးအုံး ”
သွင်ငြိမ်းထက်မှာ မိခင်ဖြစ်သူ၏ စကားကြောင့် စိတ်အိုက်သွားမိလေသည်။သွင်ငြိမ်းထက်က ပိတ်ရက်မှာ ချစ်ရသူ နွေးရှိရာဆီသို့ သွားရန်အစီအစဉ်ချထားပြီးပြီဖြစ်လေသည်။သွင်ငြိမ်းထက်ကို နွေးက လက်မခံသေးသော်လည်း လူကိုတွေ့လျှင် ကောင်းကောင်းမွန်မွန် လက်ခံစကားပြောသောကြောင့် အခြေအနေမှာ သွင်ငြိမ်းထက်ဘက်ပါသည်ဟုပြောရပေမည်။
“ဟုတ်ကဲ့ အမေကို အန်တီနွဲ့တို့အိမ်ကို လိုက်ပို့ပေးခဲ့မယ်လေ … ပြီးရင် ညနေ မှ သားလာပြန်ကြိုပေးမယ်လေ အမေ…”
” ဟော့တော့ နာရီဝက်တစ်နာရီလောက်တောင် သားကမစောင့်ပေးနိုင်တော့ဘူးလား..အခုတလော အမေ့သားငယ် လမ်းများနေတယ်နော်…ဘာလဲ အမေ ချွေးမရတော့မှာလား ကြိုပြောထားအုံး ”
ဒေါ်မေဇင်ထက်က သားဖြစ်သူကို ကြည့်ပြီးပြောလိုက်သည်။ခင်ပွန်းဖြစ်သူ ဆုံးသွားပြီးကတည်းက ဒေါ်မေဇင်ထက်မှာ သားနှစ်ယောက်နှင့် ပို၍ရင်နှီးနွေးထွေးစွာ နေထိုင်ခဲ့သည်။ခင်ပွန်းဖြစ်သူ၏ စီးပွားရေးလုပ်ငန်းများကို သားအကြီးက ဦးစီးလုပ်ကိုင်ခဲ့သောကြောင့် ဒေါ်မေဇင်ထက်မှာ သောကကင်းဝေးစွာနေနိုင်ခဲ့ပါလေသည် ။တစ်နေ့တစ်နေ့ ဒေါ်မေဇင်ထက်၏ အလုပ်မှာ သားငယ်သွင်ငြိမ်းထက် ဆေးရုံမှ ပြန်အလာကိုစောင့်ခြင်းနှင့် တစ်ခြံတည်းမှာပင် တိုက်သီးသန့်နှင့်နေသော သားကြီး၊ ချွေးမဖြစ်သူနှင့်မြေးလေးနှစ်ယောက်ကို စောင့်မျှော်ရသော အလုပ်ဖြစ်လေသည်။
” သေချာပြီဆိုတာနဲ့ အမေ့ကို အရင်ဆုံးပြောပြမှာပါ …အဲ့ဒီအခါကျရင် သားချစ်တဲ့သူကို အမေလည်း ချစ်ပေးရမယ်နော် …”
“ဘယ်လို …သားသွင် တကယ် ပြောနေတာပေါ့လေ … အလုပ်မှ အလုပ်ကိုပဲ စိတ်ဝင်စားတဲ့ အမေ့သားငယ်ကို ပြောင်းလဲသွားစေတဲ့သူက ဘယ်သူလေးများ အမေ သိချင်လိုက်တာ ”
သွင်ငြိမ်းထက်က ဆိုဖာခုံတွင် ထိုင်နေသော မိခင်ဖြစ်သူ၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး ပြောလိုက်သောကြောင့် ဒေါ်မေဇင်ထက်မှာ သားဖြစ်သူကို တအံ့တသြနှင့် ပင်မေးလိုက်သည်။
“မကြာခင် သိရမှာပါ အမေ ..အခုတော့ သူက သားကို လက်မခံသေးဘူး အမေ ”
“ဘယ်လို …ဘယ်လို အမေ့သားငယ်ကို ငြင်းတဲ့ ဘူးရှိသေးတာလား ”
သွင်ငြိမ်းထက်သည် မိခင်နှင့် ပွင့်ပွင့်လင်းလင်းပင် ပြောဆိုနေထိုင်လေ့ရှိသောကြောင့် သူ့အချစ်ရေးကို မိခင်ကြီးအား အရိပ်အမြွက်ပြောပြထားလိုက်လေသည်။သွင်ငြိမ်းထက်၏မိခင်ကြီးသည် သာမန်အားဖြင့် စိတ်သဘောထားကောင်းမွန်သူမျိုးဖြစ်သည်။သို့သော် အယုံလွယ်တတ်သည်။သားများကို စိုးရိမ်ပူပန်စိတ်လည်းကြီးသည်။ပြီးလျှင် သားနှစ်ယောက်အနက် လူလွတ်ဖြစ်သော သွင်ငြိမ်းထက်ကို သံယောဇဉ်ပိုကြီးသည်။ပို၍ တွယ်တာသည်။
~~~~~~~~~~~~~~~~~
“ဒါ သက်သက် လူပါးဝတာပဲ …သူများ စီးပွါးရေးကို တမငဖျက်လို့ ဖျက်ဆီးလုပ်တာ ”
မအေးရီ တစ်ယောက် စိတ်ဆိုးမာန်ဆိုးနှင့် ပြောဆိုနေလေသည်။နွေးနွေးမှာမူ မတန်မလှုပ်ဝင်ဆိုင်ထဲရှိ ပစ္စည်းများကို ကြည့်၍ကောင်းအောင် ပြင်ဆင်နေရင်းမှ အစ်မဖြစ်သူကိုကို လှမ်း၍ ပြောလိုက်သည်။
“လာပါ မမကြီးရယ် … အပြိုင်အဆိုင် ရှိမှတိုးတက်တာတဲ့ …သူတို့ လည်းသူတို့ ပရိသတ်နဲ့သူတို့ရှိသလို …နွေးကိုလဲ အားပေးမယ့်သူ ရှိပါတယ် ”
“သူတို့က ငွေတိုးချေးစားနေတဲ့သူတွေလေ …လူတွေက ငွေလေး ချေးရဖို့အရေး သူတို့ဆီ ပဲ သွားဝယ်ကြမှာပေါ့ ”
” ဪ ခက်ပါလား မမကြီးရယ် … ကလေးတွေမှာ အဲ့လို အတွေးမျိုးတွေ မရှိဘူးလေ ”
နွေးနွေးကတော့ ကလေးကြိုက်ပစွည်းများကို စုံသထက်စုံအောင် ထက်တင်ထားပြီး ဆိုင်ကို ကလေးတွေ ၀င်ချင်လာအောင်ဘဲ ပြင်ဆင်ထားသည်။ဖြစ်ပုံက နွေးနွေးနှင့် မျက်စောင်းထိုးအိမ်မှ ယခင်က ရပ်ကွက်ထဲတွင် ငွေတိုးပေးစားသော ပိုက်ဆံရှိအိမ်မှ နွေးနွေးနည်းတူ စတိုးဆိုင်လေးထဖွင့်ခြင်းပင်ဖြစ်ပါလေသည်။ သူ့တို့မျက်စိထဲတွင် နွေးနွေး ဆိုင်လေး အရောအေ၀ယ်ကောင်းနေသည်ကို မျက်စိကျန်နေခြင်း ဖြစ်လေသည်။အမှန်တကယ်ဆိုမူ ငွေတစ်သောင်းကို နှစ်ထောင် အတိုးယူပြီး နှစ်ဆယ့် လေးရက်နဲ့ အပြီးနဲ့ ဆပ်ခိုင်းသော သူတို့အတွက် ငွေသည် ဖောချင်းသော ချင်းဝင်နေသည်သာ။ရပ်ကွက်ထဲမှာပင် သူတို့ပိုင်ဆိုင်သော အိမ်များနှင့် အပေါင်းခံထားသော အိမ်များလည်းရှိသည်။သို့သော်လည်း ငွေရှိသူများသည်ရှိသထက်ရှိချင်ကြသည်သာ။ရပ်ကွက်ထဲမှာ သူတို့ မလုပ်ဖူးသော အလုပ်ဟု၍သိပ်ပင် ရှိမည်မထင်ပါချေ။ပွဲစား ခေတ်ထလျှင်ပွဲစားရုံးခန်းဖွင့်သည်။ပြောရမည်ဆိုလျှင် တစ်ယောက်ယောက်က ဆိုင်တစ်ဆိုင်ဖွင့်၍ အောင်မြင်လျှင် သူတို့လိုက်ဖွင့်တတ်သည်။ရပ်ကွက်ထဲမှ စီးပွားရေးလုပ်ငန်းမှန်သမျှလိုလိုကို လက်ဝါးကြီးအုပ်ထားချင်သည့်သဘောပင်ဖြစ်လေသည်။ယခုလည်းသူတို့၏ ပစ်မှတ်မှာနွေးနွေး၏ဆိုင်လေးဖြစ်လေသည်။နွေးနွေး၏ ဆိုင်မှာ ရပ်ကွက်၏ အဆုံးတွင်ရှိသော်လည်း ဘေးရပ်ကွက်၏ အစလမ်းဖြစ်သောကြောင့် လူစည်ကားသည်ဟုပြောရပေမည်။နောက်တစ်ချက်မှာ လိုင်းကားပြေးဆွဲသော ကားလမ်းမကြီးနှင့်ဝေးသောကြောင့်လည်း အများစုမှာ လမ်းမသို့ မထွက်ကြတော့ဘဲ အတွင်းဘက်မှာပင် စည်းကား၍နေခြင်းဖြစ်လေသည်။
“စုထားတဲ့ငွေနဲ့ အရင်းထပ်ထည့်လိုက်ပါလားအေ…ဘာမေးမေးမရှိဘူမပြောရအောင်တင်ထားလိုက်…”
” ဒါတော့ပေါ့ မမကြီးရယ် ဒါပေမဲ့ ဈေးဆိုင်ဆိုတာ နှစ်ရှည်လများရင်းထားရတာမမကြီးရဲ့..ငွေတွေအောင်းနေပြီး ဈေးသင့်တဲ့အိမ်ရရင် လက်လွတ်သွားမှားစိုးတယ် ”
” အင်းပါ ..နင့်သဘောပဲ…ဒါနဲ့ အခုတလော ဆိုင်ဘက်ကို အာရုံများနေတာနဲ့ …ဆရာဝန်လေးအကြောင်းတောင် မမေးမိဘူး …ခု ဘယ်လိုလုပ်မှာ…တကယ်ပဲ ဆရာဝန်လေးကို လက်မခံနိုင်ဘူးလား ”
အစ်မဖြစ်သူ၏ အမေးကြောင့် နွေးနွေးမှာ ခေါင်းကိုအသာခါယမ်းလိုက်မိပြီးလိုက်မိပြီးလျှင်
” တကယ်လို့များပေါ့…နောက်တစ်ကြိမ်းသာ အရှက်ထပ်ရမယ်ဆိုရင်…နွေးရင်ဆိုင်နိုင်ပါ့မလားမသိဘူး … ဒါကြောင်း နွေး မစွန့်စားရဲဘူး မမကြီး ”
ညီမဖြစ်သူ နွေးနွေး၏စကားကြောင့် မအေးရီမှာ ဘာမျှပြန်မပြောနိုင်ဘဲရှိလေသည်။မအေးရီအနေနှင့် ညီမဖြစ်သူကို ဆရာဝန်လေးနှင့်ပျော်ပျော်ရွှင်ရွှင်နေစေချင်သော်လည်း မအေးရီကိုယ်တိုင်လည်း ကံကြမ္မာကို မယုံရဲသလို ဆရာဝန်လေးကိုလည်း အကြွင်းမဲ့ ယုံကြည်ရန်ခက်ခဲလှပါလေသည်။
~~~~~~~~~~~~_____
“ရှင် …တကယ်လား အမေ … ဒါနဲ့ ဘယ်သူ့ တဲ့လဲဟင် …. ဆေးရုံက ဆရာဝန်ပဲတဲ့လား ”
” အမေလဲ မသိဘူးလေ ..အဲ့ဒါ သားကြီးများသိမလားလို့ … အခုတလော နားရက်ဆို အိမ်မှာကို မနေဘူးလေ… မေးရင်လဲ မဖြေဘူး ”
ဒေါ်မေဇင်ထက်က ချွေးမဖြစ်သူ အိသဇင်၏ အမေးကို ဖြေလိုက်လေသည်။
“ယောက်ျား ရှင်ရော သိလား … သေချာလဲ စုံစမ်းပါအုံး အမေရယ် ..တော်ကြာ မတော်တရော်မိန်းမတွေနဲ့ တွေ့သွားအုံးမယ် …ခုခေတ်ကြီးက သိတဲ့အတိုင်း မိန်းမလည်တွေ များတယ် ”
အိသဇင်က ယောကျာ်းဖြစ်သူ့ကို မေးမြန်းလိုက်ရင်း ယောက္ခမဖြစ်သူ ဒေါ်မေဇင်ထက်ကိုပါ ပြောလိုက်သည်။
” မသိပါဘူးကွာ … သူနဲ့ ကိုယ်က အလုပ်နယ်ပယ် ချင်းလဲ မတူဘူးလေ ”
” အင်း …သမီးပြောမှပဲ အမေလဲ စိုးရိမ်လာပြီး …သားကြီးနဲ့ သမီးကလဲ မ်ားသားသွင် အကြောင်းကို စုံစမ်းပေးကြအုံး ”
~~~~~~~~~~~~~~~~~~~
” ဘာပြောတယ် … ဒါဆို နင် မသိဘူးပေါ့လေ ဟုတ်လား …ဒီလောက် အတန်တန် မှာထားရဲ့နဲ့ ကဗျာရယ် …”
” အို …မမရဲ့ မတ်တော်မောင်က အလုပ်မှ အလုပ်ပဲ စိတ်ဝင်စားပြီး လူကို ဖုတ်လေတဲ့ငပိ ရှိတဲ့ တောင် မထင်တဲ့ဟာ …ကဗျာက ဂရုစိုက်စရာလား ”
မိုးကဗျာက နှုတ်ခမ်းလေးစူပြီး အစ်မဖြစ်သူ အိသဇင်ကို ပြောလိုက်သည်။ဟုတ်တော့လည်း ဟုတ်ရှာသည်။မိုးကဗျာက အိသဇင်၏ ညီမဝမ်းကွဲ ဖြစ်သည်။ယခုမှအသက်က နှစ်ဆယ့်ငါးနှစ် ကျော်စသာရှိပြီး လှလည်းလှသည်။မိုးကဗျာ သည် လူကလည်း ချောချောလှလှ ဖြစ်သည့်အပြင် လိုက်ဖက်အောင် ဝတ်တတ်စားတတ်သောကြောင့် မိန်းခလေးချင်းကပင် အားကျရသည့်အလှမျိုး ဖြစ်သည်။ထိုသို့လှပသော ညီမငယ်ကို အိသဇင်က မတ်ဖြစ်သော သွင်ငြိမ်းထက်နှင့် ရည်ရွယ်ထားခဲ့သည် ။ ဖိတ်ချင်း ဖိတ် ကိုယ့်အိတ်ထဲပဲဖိတ်စေချင်သည်။ထို့ကြောင့်ပင် ညီမဖြစ်သူကို အိမ်သို့ မကြာခဏ ခေါ်ခဲ့ပြီးလျှင် သွင်ငြိမ်းထက်နှင့် မိတ်ဆက်ပေးခဲ့သည်။ယခုဆိုလျှင် သွင်ငြိမ်းထက်နှင့် မိုးကဗျာသည်လည်း အတော်အသင့်ရင်းနှီးနေကြပေပြီ မဟုတ်လား။ခက်သည်မှာ ယခုအခါ၌ သွင်ငြိမ်းထက်သည် မိန်းခလေးတစ်ယောက်ကို စိတ်ဝင်စားနေပြီဟု သတင်းကြားသိရသော်လည်း တိုမိန်းခလေးမှာ ညီမဖြစ်သူ မိုးကဗျာမဟုတ်သောကြောင့် အိသဇင်မှာ စိတ်တိုင်ဒါသထွက်နေမိလေသည်။
“ဟဲ့ …မသိဘူးဆိုပြီး ဒီတိုင်း နေမလို့လား … ဘာလဲ သူများလက်ထဲပါသွားတဲ့ အထိ ဒီတိုင်း ကြည့်နေမလို့လား မိုးကဗျာရဲ့ ”
====================
အပိုင်း ( ၁၃ ) ဆက်ရန်
ဧကြည်ဖြူ
ဧကြည်ဖြူ
” တစ်ခုလပ် ”
အပိုင်း ( ၁၃ )
********************
ကိုယ်နှင့်မျက်စောင်းထိုးမှာ တခမ်းတနား နှင့်ဆိုင် အကြီးကြီးလာဖွင့်ပြီး ကိုယ်ရောင်းသမျှကို ဈေးလျှော့ပြီး ရောင်းနေကြသောကြောင့် နွေးနွေး၏ ဆိုင်လေး အရောင်းအသွားသည်မှာ အမှန်ပင်ဖြစ်သည်။သို့သော်လည်း နွေးနွေး ဇွဲမလျှော့ပါလေ။ နွေးနွေး၏ဆိုင်လေးမှာ ပစွည်းစုံအောင်တင်သည်။ကလေးတွေ အကြိုက်ကို သေချာ လေ့လာသည်။ပြီးလျှင် နွေးနွေးမှာ အားသာချက်တစ်ခုလည်းရှိသေးသည်။ နွေးနွေးသည် ကလေးများ၊ မိန်းမငယ်လေးများနှင့် အဆင်ပြေသည်။ထို့ကြောင့် နွေးနွေး၏ဆိုင်တွင် ပုံမှန်ဖောက်သည်များလည်းရှိသည်။ထိုဖောက်သည်များကိုပင် အားကိုး ရောင်းရသော်လည်း စားသုံးကုန်ပစွည်း မဟုတ်၍ ရောင်းအားကတော့ သိသိသာသာကျသည်ပေါ့။ထိုအခါ နွေးနွေး၏ အစ်မကြီး မအေးရီသည် ထုံးစံအတိုင်း ဗေဒင်ဆရာထံသို့ပြေးပြန်လေသည်။နွေးနွေးသည်အစ်မကြီး၏ ထိုအကျင့်ကို သဘောမကျသောကြောင့် အကြိမ်ကြိမ် တားမြစ်ခဲ့သော်လည်း မရခဲ့ချေ။
” အရောင်အအောင် သူတို့လုပ်ထားတာတဲ့ … ယတြာချေပေးရမယ် ..ပြီးတော့ ဆရာက ပြောသေးတယ် …အိမ်ထောင်ပြုလိုက်ရင်ကံကောင်းမယ်တဲ့ ”
အစ်မဖြစ်သူ မအေးရီ၏ စကားကြောင့် နွေးနွေးပြုံးလိုက်မိသည်။ယခုတလောတွင် အစ်မကြီး မအေးရီသည် မည်သည့်စကားပြောပြော နောက်ဆုံးတွင် သွင်ငြိမ်းထက်ကို ဦးတည်သောစကားကို ရောက်ရောက်သွားတတ်မှန်း သတိထားမိလေသည်။
“အိမ်ထောင်ပြုပြီးရင် ဒီရပ်ကွက်ကို လုံး၀မလနဲ့တော့ …. နင့်ကို သတိရရင် ငါလာတွေ့မှာပေါ့ ”
အစ်မကြီး မအေးရီသည် မပြောစဖူး ထိုစကားမျိုးကိုလည်းပြောလာခဲ့သည်။
” လူတွေ အကျင့်မကောင်းဘူး … နည်းနည်းကို သဲသဲလုပ်ချင်ကြတာ ..သူတို့ကို ကြိည့်ရင်တော့ တစ်ဖက်သားကို စာနာသနားတတ်သလိုလို သူများအောင်မြင်ရင် မနာလိုချင်ကြဘူး … သူတို့စိတ်ထဲမှာ …ဒုက္ခပေါင်းစုံနဲ့ ရင်ဆိုင်ပြီး အမြဲ သနားစရာ ပုံစုံနံ့ပဲနေစေချင်ကြတဲ့ပုံမျိုးပဲ ….အဲ့ဒါကြောင် ဒုက္ခရောက်နေရင် အပြင်ပန်းက သနားသလိုလိုနဲ့ အတွင်းစိတ်က ကြိတ်ပြီး ဝမ်းသာနေကြတာလေ … အဆင်ပြေပြေနေနိုင်တာမြင်ရင် မနာလိုမရှုစိမ့်နိုင်ကြဘူးလေ ”
” အဲ့ဒါတွေ ဂရုစိုက်မနေပါနဲ့မမကြီးရယ် … နွေးကတော့ အဲ့ဒါတွေ ဂရုမစိုက်ဘူး …ကိုယ့်ဘ၀ကို တိုးတက်အောင်ပဲ ကြိုးစားမှာ ”
” ဂရုမစိုက်ဘူးဆိုရင် ဆရာ၀န်လေးကို ဘာလို့လက်မခံတာလဲ … ငါ့မှာတော့ နင့်ကို ဆရာလေး အထင်အမြင်သေးမှာစိုးလို့ အကျင့်မကောင်းတဲ့ ဟာတွေနဲ့တောင် ပြိုင်မဖြစ်ဘဲ နေနေရတာ …ဟိုကောင် အကျင့်မကောင်းတာနဲ့ပဲ ကျန်တဲ့ ယောကျာ်းတွေကို အကျင့်မကောင်းဘူးလို့ သက်မှတ်လို့မရဘူးလေ…”
မအေးရီသည် အခွင့်အရေးရသည်နှင့် နွေးနွေး၏ အချစ်ရေးကို ထည့်၍ ပြောပြန်လေသည်။
“နင် အဲ့လို တလွဲဆံပင်ကောင်းနေရင် ….ဆရာဝန်လေးလက်လျှော့သွားရင် ဘယ်လိုလုပ်မလဲ ”
“ပိုကောင်းတာပေါ့” ဟုနွေးနွေးစိတ်ထဲမှပင် ပြောလိုက်မိပါလေသည်။
“နင် လက်ခံရင် … သူ့အမေကို ဖွင့်ပြောပြီး အမြန်ဆုံးလာတောင်းမယ်တဲ့ … သူ့ကိုကြည့်ရတာ နင့်ကို ဒီရပ်ကွက်မှာ နေစေချင်ပုံမရဘူး ”
အစ်မကြီး မအေးရိ၏ စကားကြောင့် နွေးနွေးသက်ပြင်းချလိုက်မီလေသည်။
” ပြောတော့ တကယ် လွယ်တယ် မမကြီးရယ် ….ဒါပေမဲ့ သူ့အသိုင်းအဝိုင်းက နွေးကို အထင်သေးစကားပြောလာခဲ့ရင် နွေးသည်းခံနိုင်မှာ မဟုတ်ဘူး …”
မအေးရီနှင့် နွေးနွေး အကြားတွင် ပြန်လည် တိတ်ဆိတ်သွားပါလေသည်။နွေးနွေးသည် သွင်ငြိမ်းထက်နှင့် ပတ်သက်၍ အကြောင်းမဲ့ မာနကြီးနေခြင်းမျိုးမဟုတ်ပါ။တစ်ချိန်မှာ သွင်ငြိမ်းထက်ကို မုန်းသွားရမည့်အဖြစ်မျိုးကို မလိုလားသောကြောင့်သာဖြစ်ပါလေသည်။
~~~~~~~~~~~~~~~~~~~~
” နွေး ..”
ခေါ်သံတိုးတိုးလျလျ နှင့် အတူ သွင်ငြိမ်းထက်က နွေးနွေးနှင့်အတူ လိုင်းကားပေါ်သို့ အတင်းတို့ ၍တက်သည်။ကြည့်ရသည်မှာ နွေးနွေး ဈေးသွားဝယ်မည့်အကြောင်းကို အစ်မကြီး မအေးရီက သတင်းပေးလိုက်တာဖြစ်နိုင်ပေသည်။မဟုတ်လျှင် နွေးနွေးမြို့ ထဲသွားမည့်အကြောင်းကို သွင် ငြိမ်းထက် တစ်ယောက် သိစရာ အကြောင်း မရှိမှမရှိတာ။ နွေးနွေးသည် တမင်ပင် မျက်နှာကို ခပ်တင်းတင်းထားပစ်လိုက်သည်။
သွင်းငြိမ်းထက်သည် နွေးနွေး၏ မျက်နှာထားတင်းတင်းလေးကို မဝံ့မရဲခိုးကြည့်နေမိသည်။သွင် ငြိမ်းထက်မှာ နွေးနွေးကို တွေ့ချင်လွန်း၍ အိမ်သို့သွားလျှင်လည်း ပတ်ဝန်းကျင်က ချစ်ရသူလေးကို ကဲ့ရဲ့ပြစ်တင်မည်စိုးသောကြောင့် အဝေးမှပဲ ငေးခဲ့ရသည်။ သည်ကြားထဲ ဖုန်းဆက်ပြန်လျှင်လည်း နွေးနွေးကဖုန်းကို ကိုင်ချင်သည့်အခါမှ ကိုင်သည်။သွင်ငြိမ်းထက်မှာ ဆေးရုံမှာ နားချိန်ရသည်နှင့် ဖုန်းဆက်မိသည်။ယခုဆိုလျှင် လုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေ အချင်းချင်းပင် သွင်းငြိမ်းထက်၏ ဒုက္ခကို အတော်အတန် ရိပ်မိနေကြပြီဖြစ်သည်။မတတ်နိုင်သည့်အဆုံးမှာတော့ သွင်ငြိမ်းထက်လည်း နွေးနွေး၏အစ်မကြီး မအေးရီကို ပွင့်ပွင့်လင်းလင်းဖွင့်ပြော၍ အကူအညီတောင်းလိုက်ရခြင်းဖြစ်ပါလေသည်။
“ဒုက္ခပဲကွာ ”
ကားပေါ်မှ ဆင်းခါနီးကျမှ သည်းထန်စွာ ရွာချလိုက်သောမိုးကြောင့် သွင်ငြိမ်းထက် စိတ်ပျက်စွာလွှတ်ခနဲ ရေရွတ်လိုက်မိသည်။ကိုယ်ပိုင်ကား နှင့်သွားလာနေသော သွင် ငြိမ်းထက်အဖို့ ထီးဆောင်တတ်သော အကျင့်မရှိပါလေ။ဖြစ်နိုင်လျှင် ချစ်ရသူနွေးကိုပါ သွင်ငြိမ်းထက် ကားပေါ်တွင် တင်ပြီး လျှောက်သွားချင်သော်လည်း မာနကြီးလှသော ချစ်သူလေးက အကပ်မခံမည်စိုးသောကြောင့် သွင် ငြိမ်းထက်မှာ ချစ်ရသူလေးဆီသို့သွားသည့်အခါတိုင်း ကားကို ထားခဲ့ပြီး အငှားကားနှင့် လိုင်းကားကိုသာအားကိုးခဲ့ရလေသည်။
ကားက ငြိမ့်ခနဲ ထိုးရပ်သွားသည်။ နွေးနွေးက ကားပေါ်မှ ဆင်းလိုက်ပြီးလျှင် လက်တွင်ကိုင်ထားသောထီးကိုဖွင့်၍ ဆောင်းလိုက်သည်။
သွင်ငြိမ်းထက်မှာ ကားပေါ်မှ ဆင်းလိုက်ပြီးသည့်နောက် မိုးရေထဲတွင်ပင် နွေးနွေး၏နောက်မှ တိတ်တဆိတ် လျှောက်လိုက်လာခဲ့သည်။
နွေးနွေးမှာ လမ်းလျှောက်နေရင်းမှ နောက်ပါးဆီမှ မိုးရေထဲတွင် လိုက်လျှောက်လာသော သွင်ငြိမ်းထက် ကြောင့် ခြေလှမ်းများမမှန်ချင်သလိုပင် ဖြစ်လာသည်။နီးစပ်ရာ ဆိုင်တစ်ဆိုင်ထဲသို့ နွေးနွေး ၀င်လိုက်လျှင် သွင်ငြိမ်းထက်လည်းလိုက် ၀င်လောက်ပေလိမ့်မည်။သို့သော်လည်း မိုးခို၍ရသော အနီးစပ်ဆုံး ဆိုင်သည် အနည်းငယ်မျှ လှမ်းနေသေးလေသောက်ကြောင့် နွေးနွေးစိတ်အိုက်နေမိလေသည်။နွေးနွေးသည် ရှေ့သို့ ခြေလှမ်းလှမ်းရန် ပြင်လိုက်ပြီးသောအခါမှ နောက်သို့ ချာခနဲလှည့်လိုက်ပြီး သွင်ငြိမ်းထက်ကို ထီးမိုး၍ ပေးလိုက်သည်။
” ဒီလောက် မိုးတွေရွာနေတာ ဘာလို့ လျှောက်လိုက်လာတာလဲ ”
သွင်ငြိမ်းထက်သည် မိုးရေထဲတွင် ချစ်ရသူနွေးနွေး၏နောက်မှ ထက်ကြပ်မကွာ လျှောက်လိုက်လာစဉ် ချစ်ရသူလေးက ရုတ်တရက် သွင်ငြိမ်းထက်ဘက်သို့ ဖျတ်ခနဲလှည့်လာပြီးလျှင် စူပုတ်ပုတ် မျက်နှာလေးနှင့် ထီးကို လှည့်ဆောင်းပေးလာသောကြောင့် သွင် ငြိမ်းထက် အတိုင်း မသိ ပျော်ရွှင်သွားမိလေသည်။
ထီးလေးတစ်ချောင်းအောက်တွင် နှစ်ယောက်သား ပူးပူးကပ်ကပ်နှင့် လျှောက်နေကြရင်း သွင် ငြိမ်းထက်သည် နွေးနွေး၏ ပခုံးစွန်းတစ်ဖက်ပေါ်သို့ စီးကျလာသော မိုးရေစက်များကို လက်တစ်ဖက်နှင့် လှမ်း၍ ကာကွယ်ပေးလိုက်မိသည်။
“မိုးတွေရွာနေတယ်လေ ပြန်တော့ …. သူများ ဈေးဝယ်လာတာကို ဘာလို့လျှောက်လိုက်နေရလား ”
နွေးနွေးသည် သွင်ငြိမ်းထက်၏ မျက်နှာကို မော့မကြည့်ဘဲပြောလိုက်သည်။
” နွေးက ဈေးဝယ်တဲ့ အချိန်ပဲ အပြင်ကို ထွက်တာကို …. ကျန်တဲ့အချိန် အိမ်ထဲက အိမ်ပြင်မှ မထွက်တာ ဖုန်းဆက်တော့လဲ မကိုင်တော့ ကိုယ်က ဘယ်လိုလုပ်ရမလဲ ”
နွေးနွေးသည် သွင်ငြိမ်းထက်ကို ခပ်စူးစူးတစ်ချက်မော့ကြည့်လိုက်မိပြီး ကော်ဖီဆိုင်ထဲသို့ ဝင်ရန်ပြင်လိုက်သည်။
~~~~~~~~~~~~~~~~~~~
ကော်ဖီဆိုင်ထဲသို့ ရောက်သောအခါ သွင်ငြိမ်းထက်သည် သူ့အိတ်ထဲမှ တစ်ရှူးကိုထုတ်ပြီး နွေးနွေး၏ လက်မှမိုးရေးစက်များကို သတိလက်လွတ်သုတ်ပေးလိုက်မိသည်။
သွင်ငြိမ်းထက်၏ အပြုအမူကြောင့် နွေးနွေးသည် ရှက်သွားမိပြီး လက်ကို ဖျတ်ခနဲ နောက်သို့ ဆုတ်လိုက်မိလေသည်။
ထိုအခါမှပင် သွင် ငြိမ်းထက်သည် သတိဝင်လာပြီးလျှင် လက်ကို အသာပြန်ရုတ်လိုက်ရ သည်။
“ဆောရီးနော် နွေး ..”
“ဘယ်အချိန်မှ လက်လျှော့မှာလဲဟင် .. နွေးတို့နှစ်ယောက်ရဲ့ အခြေအနေက မဖြစ်နိုင်မှန်းသိရဲ့နဲ့ ဘာလို့ရှေ့ဆက်တိုးနေတာလဲ ……”
နွေးနွေးက သွင် ငြိမ်းထက်၏ မျက်နှာကို မော့ကြည့်လိုက်ပြီး ခပ်တိုးတို့ပြောလိုက်သည်။
” နွေးရယ် … နွေးကို တစ်ဘ၀လုံးအတွက် ရည်ရွယ်ပြီး ချစ်ခဲ့တာလေ တစ်သက်လုံး နွေးနောက်ကလိုက်နေရမှာပေါ့ …ကိုယ်တို့အသက်အရွယ်က ကလေးတွေ မဟုတ်တော့ဘူး …အပျော်အပျက်တွဲရမယ့် အရွယ်တွေလဲ မဟုတ်ဘူးလေ ….. နွေးလက်ခံလာမဲ့နေ့အထိ ကိုယ်စောင့်နေမှာပါ ”
နွေးနွေးသည် သွင်ငြိမ်းထက်ကို ရီဝေစွာ ငေးကြည့်နေမိသည်။
သွင်ငြိမ်းထက်ကလည်း နွေးနွေး၏မျက်နှာလေးကို စူးစူးစိုက်စိုက်နှင့် ကြည့်နေမိလေသည်။အပြင်တွင် မိုးက သည်းထန်စွာ ရွာသွန်းလျက် ရှိပါလေသည်။
~~~~~~~~~~~~~~~~~~~
“ဗျာ မမကြီး … နွေး ဖျားနေတယ်ဟုတ်လား ….ဒါဆို….ကျွန်တော်လာခဲ့မယ် မမကြီး ”
သွင်ငြိမ်းထက်သည် အိမ်သို့ ပြန်လာစဉ်လမ်း၌ နွေးနွေး၏ အစ်မကြီး မအေးရီထံမှ ဖုန်းလာသောကြောင့် ကိုင်လိုက်ရာ ချစ်ရသူနွေးနွေး နေမကောင်းဖြစ်နေသည် ဆိုခြင်းကြောင်း ကားကို ချစ်ရသူလေးရှိရာ ရပ်ကွက်ဆီသို့ တရကြမ်း မောင်းခဲ့မိလေသည်။
~~~~~~~~~~~~~~~~~~~
” မနေ့က မိုးမိသွားလို့ထင်တယ် …ဆေးတစ်လုံးထိုးမယ်နော် နွေး ”
“ဘယ်လို ရောက်လာတာလဲ …မမကြီး ခေါ်လိုက်တာလား ”
နွေးနွေးသည် ဆေးထိုးရန်ပြင်နေသော သွင်ငြိမ်းထက်ကို မေးလိုက်သည်။
“အင်းပေါ့ …နွေးက ဆေးခန်းလဲ မသွားချင်ဘူးလို့ ငြင်းနေတာဆို …အဲ့ဒါကြောင့် မမကြီးက ကိုယ့်ကို ခေါ်လိုက်တာပါ … ”
“အိမ်ပြန်နောက်ကျလို့ အိမ်ကစိတ်ပူနေအုံးမယ် ”
နွေးနွေးသည် မဖွင့်ချင်သော မျက်လုံးကို အားယူဖွင့်ကြည့်လိုက်ပြီး ပြောလိုက်မိသည်။ နွေးနွေး ဆေးခန်းမသွားချင်သည်မှာတော့ အမှန်ပင်ဖြစ်ပါလေသည်။အချို့သူများသည် နွေးနွေးနေကောင်းလား။ ပိန်သွားလား စသည်ဖြင့် နွေးနွေးကို ထင်ကြေး အမျိုးမျိုးပေးနေသောကြောင့် နွေးနွေး နေမကောင်းဖြစ်လျှင်ပင် လူသိမည်ကို စိုး/ကြောက်နေမိပါလေသည်။
“အိမ်ပြန်နောက်ကျမယ်လို့ အမေ့ကို ဖုန်းဆက်ထားပါတယ် နွေးရဲ့ ”
နွေးနွေးသည် လူက တစ်ကိုယ်လုံး ချမ်းတုန်ပြီးမလှုပ်ချင်အောင် ဖြစ်နေသောကြောင့် သွင်ငြိမ်းထက်ကို ဘာမျှ ပြန်မပြောတော့ဘဲ နှုတ်ဆိတ်နေလိုက်သည်။
~~~~~~~~~~~~~~~~~~
“ဆေးရုံမှာ ဂျူတီမရှိဘူးတဲ့ …အမေ့သားငယ်တော့ လိမ်ညာပြောတတ်နေပြီပဲ ”
” ဟုတ်လား …အမေ့ကို ပြောတော့ ဆေးရုံမှာ ဂျူတီအစားဝင်ပေးနေရလို့ နောက်ကျမယ်ဆိုပြီး ပြောတာပဲ ”
“အမေလဲ သူပြောသမျှ ယုံပြီး ပစ်မထားနဲ့အုံး …တော်ကြာ အခြေအနေတွေ လွန်ကုန်မှ သိရင် ခက်ကုန်မယ် အမေ ”
အိသဇင်သည် ယောက္ခမဖြစ်သူကို ပိုပိုသာသာလေးပြောလိုက်သည်။အမှန်တကယ်၌မူ မတ်တော်မောင် သွင် ငြိမ်းထက်၏ အချစ်ရေးသည် အိသဇင်နှင့်မဆိုင်ပါချေ။သို့သော်လည်း အိမ်ထဲသို့ သူစိမ်းရောက်လာလျှင် အိသဇင်စိတ်ကြိုက် ချယ်လှယ်ခွင့်မရမည်ကို စိုးရိမ်မိသည်။ယခုမူ ယောက္ခမကြီးနှင့် အိသဇင်တို့မှာ တစ်အိမ်စီသီးသန့်နေကြသော်လည်း စားချိန်တန်လျှင် ယောက္ခမကြီးအိမ်မှာပဲ စားသည် ။ငွေသုံးလိုလျှင် ယောက္ခမဆီကပဲ လက်ဖြန့် တောင်းသည်။ ယောက္ခမကြီးနှင့် မတ်ဖြစ်သူကလည်း အိသဇင် အသုံးအဖြုန်းကြီးသည်ကို သိသော်လည်း ကလေးနှစ်ယောက်မျက်နှာကြောင့် ချိုသည် ခါးသည် ပြောလေ့မရှိကြပေ။ထို့ကြောင့် ထိုသို့ အခွင့်အရေးများ မဆုံးရှုံးစေရန်အတွက် မိမိစိတ်တိုင်းကျ ချယ်လှယ်နိုင်သော ညီမဖြစ်သူ မိုးကဗျာနှင့် အတင်းလှော်ပေးနေခြင်းဖြစ်လေသည်။
~~~~~~~~~~~~~~~~~~~
အိပ်ပျော်နေရာမှ နွေးနွေးဆတ်ခနဲ လန့်နိုးလာသောအခါ အချိန်မည်မျှ အိပ်ပျော်သွားသည် မသိသော်လည်းကိုယ်လက်များတစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းနေလေသည်။နွေးနွေးသည် မျက်လုံးကို အားယူဖွင့် ကြည့်လိုက်သောအခါ ဘေးတွင် အိပ်ပျော်နေသော အစ်မဖြစ်သူကို တွေ့လိုက်ရလေသည်။နွေးနွေး အိပ်ရာမှ အသာထလိုက်ပြီး ရေဘူးကို လှမ်းယူလိုက်သည်။
“မိနွေး နိုးပြီးလား …သက်သာရဲ့လား ”
နွေးနွေးသည် အစ်မဖြစ်သူမနိုးအောင် သတိထားနေသည့်ကြားမှ မအေးရီမှာ အအိပ်ဆတ်သူပီပီနိုးလာလေသည်။
“ကိုသွင်တောင် ဆယ်နာရီထိုးပြီးမှ ပြန်သွားတယ် … တစ်ချိန်လုံး နင့်အနားမှာပဲ ထိုင်ပြီး ကိုယ်ပူကျအောင် ရေခဲဝတ်နဲ့ အုံပေးနေရှာတာ …ထမင်းကျွေးတာလဲ မစားဘူးလေ ….ညနက်မှ ဘေးပတ်ဝန်းကျင်က တစ်မျိုးထင်နေမှာစိုးလို့ ဆိုပြီး ပြန်သွားတာ ”
အစ်မကြီး မအေးရီ၏ စကားကို နွေးနွေးတိတ်ဆိတ်စွာပင် နားထောင်နေမိလေသည်။
~~~~~~~~~~~~~~~~~~~
“သားညက ဘယ်သွားတာလဲ ဆေးရုံမှာ ဂျူတီမရှိဘူးဆို ”
မနက် အဆာပြေစာ ဝိုင်းတွင် မိခင်ကြီး၏ အမေးကြောင့် သွင်ငြိမ်းထက်မှာ ဖြုန်းခနဲ အဖြေရခက်သွားမိလေသည်။ပြီးသောအခါမှ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနှင့် မိခင်ကြီးကို ဖွင့်ပြောလိုက်သည်။
” သားကောင်မလေး နေမကောင်းလို့ သွားကြည့်တာပါ …အမေ့ကို လိမ်ပြောသလို ဖြစ်သွားလို့ သားတောင်းပန်းပါတယ် အမေ ”
ဒေါ်မေဇင်ထက်သည် သားဖြစ်သူ၏ စကားကြောင့် မျက်နှာမှာ သိသိသာသာ ပျက်သွားမိလေသည်။
“နောက်ဆို မညာတော့ပါဘူး အမေရယ် … သူကလဲ အမေစိတ်ပူရမဲ့ ပုံစံမျိုး မဟုတ်ပါဘူး … သားကို အမေ့ဆီကနေ ခွဲထုတ်သွားမဲ့သူမျိုးမဟုတ်ပါဘူး …အမေ့အဖော်ရအောင် သားကခေါ်လာခဲ့မှာ ”
မိခင်ကြီး၏ အရိပ်အခြည်ကို ရိပ်မိလိုက်သော သွင်ငြိမ်းထက်က ချက်ချင်းပင် မိခင်ကြီးကျေနပ်အောင် ပြောလိုက်သည်။
~~~~~~~~~~~~~~~~~~~~~~
“ငါတို့ ဒီတိုင်း ကြည့်နေလို့တော့ မရဘူး ကဗျာ …ဒီလိုလုပ် ငါနေမကောင်းလို့ ဆိုပြီး နင့်ကို အိမ်မှာ ခဏ ခေါ်ထားမယ်လို့ ပြောလိုက်မယ် …နင် ငါတို့အိမ်ကို ပြောင်းလာခဲ့ ကဗျာ … ပြီးရင် အမေ့ကို ရအောင် ကပ် ….သွင်ငြိမ်းထက်က အမေချစ်သားပဲ …အမေနဲ့ အဆင်ပြေရင် ပြီးပြီ …”
” ဖြစ်ပါ့မလား မအိရယ် …မအိမတ်က မတုန်မလှုပ်နဲ့ ”
“မဖြစ် ဖြစ်အောင် လုပ်ပေါ့ ဟဲ့ … မိန်းမ မာယာ သုံးပေါ့ …သူလဲ ယောကျာ်းပဲဟာ … ဘယ်လောက် တင်းခံနိုင်မှာတုန်း …. ကျောက်တုံး တောင် တိုက်ပါများရင်နဲ့ သေးတာပဲ … နင့် အလှမှာ သူပြေးမလွတ်နိုင်ပါဘူးဟယ် ”
====================
အပိုင်း ( ၁၄ ) ဆက်ရန်
ဧကြည်ဖြူ
တစ်ခုလပ် ”
အပိုင်း ( ၁၄ )
****************
အချိန်က ညရှစ်နာရီ ထိုးပေတော့မည်။မအေးရီသည် ဆိုင်၏ ရှေ့မျက်နှာစာရှိ ခုံတန်းလေးလေးမှာ ထိုင်လျက်မှ ဆိုင်ရှေ့နားတွင် လမ်းဘေးချရပ်ထားသော ကားဖြူလေးကို ငေးကြည့်နေမိသည်။သွင်ငြိမ်းထက်မှာမူ ဆိုင်အတွင်းထဲတွင် မျက်နှာငယ်လေးနှင့် ခုံပေါ်မှာ တိတ်ဆိတ်စွာပင် ထိုင်နေသည်။နွေးနွေးသည် သွင်ငြိမ်းထက်နှင့် မနီးမဝေးတွင် မျက်နှာလေးတင်းလျက် ထိုင်နေသည်။
နွေးနွေးသည် မျက်နှာငယ်လေးနှင့် ထိုင်နေသော သွင်ငြိမ်းထက်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေမိသော်လည်း ဘေးပတ်ဝန်းကျင်၏ အကြည့်များအပြောများကို ကြောက်ရွံ့သောကြောင့် ယခုကဲ့သို့ ခပ်တင်းတင်းဆက်ဆံနေရခြင်းပင် ဖြစ်လေသည်။အဘယ်ကြောင့်ဆိုသော် သွင်ငြိမ်းထက်သည် နွေးနွေး နေမကောင်းဖြစ်သည့်နေ့မှစ၍ နွေးနွေးထံသို့ ညတိုင်းလိုလို ရောက်ရှိလာခဲ့ခြင်းကြောင့်ဖြစ်လေသည်။
“နွေးတို့လို ရပ်ကွက်တွေဆိုတာ… ဘယ်သူဘာလုပ်တယ် ကြည့်ပြီး အကုန်လိုက်ပြောနေကြတာ … မြို့ထဲမှာလို သူ့ မသိကိုယ့် မသိနေကြတဲ့ အိမ်တွေမဟုတ်ဘူးလေ … ပြောစရာအကြောင်းတစ်ခုခုရပြီဆိုရင် လိုတာထက်ပိုချဲ့ကားပြီး မပြီးနိုင်မစီးနိုင် ပြောနေကြတော့တာ…အဲ့ဒါကြောင့် ဆရာ့ကိုလဲ နွေးကြောင့် အပြောမခံရစေချင်သလို …နွေးလဲ အပြောမခံချင်ဘူး ”
သွင်ငြိမ်းထက်သည် နွေးနွေး၏ တည်တည်တင်းတင်းမျက်နှာလေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေမိသော်လည်း ထိုမျက်နှာလေးကို မြင်ရဖို့အတွက် မည်မျှ အခက်အခဲ ရှိစေကာမူ သွင်ငြိမ်းထက်ကြိုးစား၍ ရောက်အောင် လာခဲ့သည်။
“ပြောစကားလဲ တစ်ခါမှ နားမထောင်ဘူး … ”
နွေးနွေးက အံလေးကို ကြိတ်၍ ခပ်တိုးတိုးပြောလိုက်သည်။
“အဲ့ဒါဆို …. တစ်ရက်ခြားမှလာရမလား ”
” မပင်ပန်းဘူးလား အိမ်ကရော မပြောဘူးလား ”
” ဒီကို မလာရရင်သာ ပင်ပန်းတာ…ပြီးတော့ အိမ်က ပြောရအောင် ကိုယ်က ကလေးမှမဟုတ်တာ ”
ထိုစကားကို သွင်ငြိမ်းထက်က အစ်မကြီး မအေးရီ မကြားအောင် ခပ်တိုးတိုးပြန်ပြောလိုက်သည်။
နွေးနွေးသည် ကိုယ့် နှလုံးသားကို ထိန်းချုပ်ထားပါသော်လည်း တစ်ခါတစ်ရံ၌ နှလုံးသား၏ အလိုဆန္ဒကို လိုက်လျော ပစ်ချင်စိတ်များ ပေါ်ပေါက်လာမိလေသည် ။ မောင်မောင်လတ်နှင့် ကျော်ကျော်တို့ကိုပင် ရင်ထဲမှ နှစ်နှစ်ကာကာ မရှိသော်လည်း ယုံယုံကြည်ကြည်လက်တွဲဖို့ဆုံးဖြတ်ရဲခဲ့သော်လည်း သွင်ငြိမ်းထက်နှင့် ပတ်သက်မှုသည် နှလုံးသားတစ်ခုလုံးကို ရင်းရမည်ဖြစ်သောကြောင့် နွေးနွေးစိုးရွံ့နေမိခြင်း ဖြစ်ပါလေသည်။သို့သော်လည်း သွင်ငြိမ်းထက်ကို တွေ့လျှင် နွေးနွေး၏ သိစိတ်နှင့်မာနများမှာ တင်းမခံနိုင်ဘဲ ရှိသည်။ထို့ကြောင့်ပင် သွင်ငြိမ်းထက်ကို ခါးခါးသီးသီး မငြင်းဆန်မိခြင်းမှာ သွင်ငြိမ်းထက်၏ ရာထူးဂုဏ်ရှိန်ကြောင့်မဟုတ် ဘဲ နွေးနွေးနှလုံးသား၏ ဆန္ဒကြောင့်သာ ဖြစ်ပါလေသည်။
” ပြန်တော့လေ … နောက်ကျလို့ အိမ်က ပြောနေအုံးမယ် ”
နွေးနွေး၏ စကားကြောင့် သွင်ငြိမ်းက်က ပြန်ဖို့ပြင်လိုက်သည်။ဒါသည် နေ့စဉ်သွင်ငြိမ်းထက်၏ပုံစံပင်ဖြစ်လေသည်။နွေးနွေးက ပြန်လို့မပြောသ၍ ခုံမှာပင် တုပ်တုပ် မလှုပ်ထိုင်နေတတ်သည် မျိုးပင် မဟုတ်ပါလား။ကြာသောအခါ နွေးနွေးကပင် ပြန်၍ အားနာသနားလာမိလေသည်။
~~~~~~~~~~~~~~~~~~
မနက်အဆာပြေစာ စားရန် ထမင်းစားခန်းထဲသို့ သွင်ငြိမ်းထက် ဝင်လိုက်သောအခါ ထမင်းစားခန်းထဲတွင် မိခင်ကြီးတစ်ယောက်တည်း မဟုတ်ဘဲ အစ်ကိုဖြစ်သူ၏ မိသားစုကိုပါတွေ့လိုက်ရသောကြောင့် အံ့သြစွာမေးလိုက်မိလေသည်။
“ဒီနေ့ လူတယ်စုံပါလား …အထူးတလည် စားပွဲရှိတာလား ”
” ရှိတာပေါ့ သားသွင်ရဲ့ ….ဟော့ဒီမှာ သမီးကဗျာရဲ့ လက်ရာ နန်းကြီးသုတ်လေး စားကြည့်အုံး ”
မိခင်ဖြစ်သူ၏ စကားကိုကြားမှပင် သွင် ငြိမ်းထက်လည်း မိုးကဗျာ ရောက်နေသည်ကို တွေ့လိုက်ရလေသည်။
” ဪ ကဗျာရောက်နေတာလား ..အလုပ်နားတာလား ”
သွင်ငြိမ်းထက်က မိုးကဗျာကို မေးလိုက်ရင်း ခုံမှာဝင်ထိုင်လိုက်သည်။ယခင်လည်း မိုးကဗျာ မကြာခဏ လာလည်လေ့ရှိသောကြောင့် သွင် ငြိမ်းထက်က အထွေအထူး မစဉ်းစားမိပါချေ။
“အလုပ်က ဆင်းရတယ် မတ်လေးရေ …မမအိ နေမကောင်းဖြစ်နေလို့ ခဏ အကူအညီတောင်းထားရတာ ..လာလေ …ကဗျာ …ညီမလေးလဲ တစ်ခါတည်း ဝင်စားလိုက်လေ ”
သွင်ငြိမ်းထက်၏ အမေးကို အိသဇင်က ဝင်ရောက် ဖြေဆိုလိုက်ပြီးနောက် သွင်ငြိမ်းထက် ဘေးမှခုံတွင် ညီမဖြစ်သူကို ထိုင်ခိုင်လိုက်လေသည်။
” မအိ နေမကောင်းလို့လား ….အဲ့ဒါဆို ကျွန်တော်ဆေးရုံ မသွားခင်ကြည့်သွားပေးမယ်လေ ”
သွင်းငြိမ်းထက်သည် မရီးဖြစ်သူကို ပြောလိုက်ရင်းမှ ဘေးတွင် ဝင်ထိုင်လိုက်သော မိုးကဗျာကို တစ်ချက်ငဲ့စောင်းကြည့်ပြီး ပြုံးပြလိုက်ရင်း အကြည့်ကို လွှဲလိုက်ရလေသည်။မလွှဲ၍လည်းမဖြစ် မိုးကဗျာသည် နံနက်ခင်း စောစောမှာပင် လက်တစ်လုံးကြိုး ဂါဝန်လေးနှင့် အလှအပများ ပြင်ဆင်ထားသောကြောင့်ပင်ဖြစ်ပါလေသည်။
“ရတယ် မောင်လေး …မမအိ ဆေးမထိုးချင်ပါဘူး … ဒီရက်ပိုင်း အလုပ်တွေ များသွားလို့ပါ ”
~~~~~~~~~~~~~~~~~~~
“ဟာ ရတယ် …ကဗျာ ထားလိုက်… ကိုယ့်ဘာသာ ဖွင့်ပါမယ် ”
သွင်ငြိမ်းထက်မှာ ခြံရှေ့သို့ထွက်လာစဉ် ခြံတံခါးကို ဖွင့်ပေးရန် စောင့်နေသော မိုးကဗျာကို တွေ့လိုက်ရသောကြောင့် လှမ်း၍ တားမြစ်လိုက်ရခြင်းဖြစ်ပါလေသည်။သွင်ငြိမ်းထက်သည် ကားပေါ်မှ ကမန်းကတန်း ပြန်ဆင်းလိုက်ပြီးလျှင် ခြံတံခါးကို ပြေး၍ဖွင့်လိုက်ရလေသည်။ယခင်နေ့များ ကဆိုလျှင် ခြံတခါးဖွင့်ရန်ပိတ်ရန်မှာ အိမ်မှာအကူ ခေါ်ထားသော ကောင်မလေး၏တာဝန်ပင် ဖြစ်သည်။ ယနေ့မှ အကူကောင်မလေးမှာ မီးဖိုထဲတွင် အလုပ်များနေပုံရသည် အိမ်ရှေ့သို့ ထွက်လာသည့် အရိပ်ယောင်ကိုပင် မမြင်ရပါလေ။
“ကဲပါ ကဗျာရယ် ဖယ်ပါ …အေးမာက မအားဘူးလား ”
သွင်ငြိမ်းထက်သည် ခြံတံခါးဝနားတွက် ခုံထူထူဖိနပ်ကိုစီး၍ ရင်လေးကိုကော့ တင်လေးကိုမသိမသာနောက်သို့ ပစ်ပြီးရပ်နေသော မိုးကဗျာကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး နှုတ်မှပြောရင်း ကိုယ်တိုင်ပင် ခြံတံခါးကို ဖွင့်လိုက်ပြီး မိမိ၏ကားနောက်တွင် ကာရပ်၍ စောင့်နေသော အစ်ကိုဖြစ်သူကို အရင်သွားခိုင်းလိုက်သည်။
“အစ်ကို အရင်ထွက်လေ ….ကျွန်တော်က တံခါးပြန်ပိတ်လိုက်အုံးမယ် ”
အစ်ကိုကြီး၏ ကား ထွက်သွားသောအခါမှ သွင်ငြိမ်းထက်လည်း ကားပေါ်သို့တက်လိုက်ပြီး မိုးကဗျာကို နှုတ်ဆက်ကာ ကားကိုမောင်း၍ ထွက်ခဲ့
လိုက်လေသည်။
~~~~~~~~~~~~~~~~~~~~~
ညနေဂျူတီချိန်းခါနီးသို့ရောက်လာပြီးဆိုလျှင် သွင်ငြိမ်းထက်၏ ရင်သည် မီးရထားကြီးတစ်စင်းကဲ့သို့ ခုန်လှုပ်နေမြဲပင်ဖြစ်လေသည်။ညနေအပြန်လမ်းတွင် ချစ်သူလေးကြိုက်တတ်သော စတော်ဘယ်ရီသီးများကိုဝယ်သွားရန် သစ်သီးဈေးတန်းဘက်မှကားကိုမောင်းသွားရန် အတွေးနှင့် စီစဉ်ထားမိလေသည်။သွင်ငြိမ်းထက် အတွေးများနေစဉ် ဖုန်းသံမြည်လာသောကြောင့် ဖုန်းကို ကောက်ကိုင်လိုက်ရသည်။
” ဟယ်လို …အမေ ပြောလေ ”
‘ ဪ သားရေ မင်းမရီလေ နေလို့ မကောင်းဖြစ်နေလို့တဲ့….အဲ့ဒါ….သား ဒီနေ့ အိမ်ကို စောစောပြန်လာခဲ့ပါနော် သား ”
မိခင်ကြီးဆီမှ ဖုန်းချသွားသောအခါ သွင်ငြိမ်းထက် စိတ်ညစ်ညစ်နှင့် ကျွတ်ခနဲစုတ်သက်လိုက်မိသည်။မရီးဖြစ်သူအိသဇင်မှာ သွင်ငြိမ်းထက်အတွက် အစ်မတစ်ယောက်လိုပင် ဖြစ်နေသောကြောင့် ယနေ့တွင် သွင်ငြိမ်းထက်အဖို့ ချစ်ရသူနွေးထံသို့ သွားမည့် အစီအစဉ်ကိုဖျက်လိုက်ရလေသည်။စိတ်ထဲ၌မူ မကျေနပ်သလိုလိုတော့ ဖြစ်မိလေသည်။
~~~~~~~~~~~~~~~~~~
“သားရေ …အမေ မင်းမရီးကို သွားကြည့်လိုက်အုံးမယ် ….သမီးကဗျာနဲ့အတူ ထမင်းစားလိုက်နော် …အမေ မလုပ်ပေးတော့ ”
” ဟုတ်ကဲ့ အမေ ..ရပါတယ် …ကဗျာက ခုချိန်ထိ ထမင်းမစားရသေးဘူးလား ”
ပြောပြောဆိုဆိုနှင့် ထွက်သွားသောမိခင်ကြီး ကို သွင်ငြိမ်းထက် လှမ်းဖြေလိုက်ရင်း မိုးကဗျာကို ပြောလိုက်သည်။
” ဟုတ်ကဲ့ ကိုသွင်…ကဗျာ ဗိုက်မဆာသေးတာနဲ့ မစားသေးတာပါ …ထိုင်လေ ကိုသွင်… ကဗျာ ပြင်လိုက်ပါ့မယ် ”
မိုးကဗျာသည် ပြောရင်းနှင့် ထမင်းဟင်းပန်းကန်များကို ခူးခပ်နေလေသည်။တစ်ယောက်တည်းအလုပ်များနေသော မိုးကဗျာကို ကြည့်ပြီး သွင်ငြိမ်းထက်လည်း မနေနိုင်သည့် အဆုံးတွင် ဝိုင်း၍ ကူပေးရလေသည်။
” ရပါတယ် ကိုသွင်ရဲ့….ခုံမှာသွားထိုင်နေပါ …ဒီလောက်တော့ ကဗျာလုပ်နိုင်ပါတယ် ”
မိုးကဗျာ အသံချိုချိုလေး ပြောရင်း သူမ၏ ဖြူဖြူသွယ်သွယ်လက်ကလေးများနှင့် သွင်ငြိမ်းထက်၏လက်ကို ဆွဲကိုင်လိုက်ပြီး ခုံမှာပြန်ထိုင်စေလေသည်။ထိုအခါ သွင်ငြိမ်းထက်သည် ခုံတွင် ပြန်ထိုင်လိုက်ပြီး မိုးကဗျာ၏ လက်များကို အသာဖယ်လိုက်လေသည်။သည်အခါမှ မိုးကဗျာလည်းရှက်အမ်းအမ်းဖြစ်သွားပြီး သူမဆုပ်ကိုင်ထားသော သွင်ငြိမ်းထက်၏ လက်ကိုလွှတ်ပေးလိုက်လေသည်။ပြီးနောက် နှစ်ယောက်သား ထမင်းစားပွဲဝိုင်းတွင် ထမင်းထိုင်စားကြလေသည်။
သွင်ငြိမ်းထက်သည် ထမင်းစားနေရင်းမှ မိုးကဗျာကို မသိမသာအကဲခတ် ကြည့်လိုက်မိလေသည်။ယနေ့ညနေ၌မူ မိုးကဗျာသည် နံနက်ခင်းကနှင့် ခြားနားလှစွာ မြန်မာဆန်ဆန်ဝတ်စားထားသည်ကို တွေ့ရလေသည်။ခန္ဓာကိုယ်၏ အလှကို ပေါ်လွင်စေသော မြန်မာဝတ်စုံနှင့် မှုံနေအောင်လှပကြည့်ကောင်းနေသော မိုးကဗျာကို သွင်ငြိမ်းထက်အသေအချာစိုက်ကြည့်လိုက်မိလေသည်။သွင်ငြိမ်းထက်၏ အကြည့်ကြောင့် မိုးကဗျာသည်လည်း မပွင့်တပွင့်ပြုံးလျက် မော့၍ ကြည့်လာလေသည်။သွင်ငြိမ်းထက် အကြည့်ကို ပြန်လွှဲလိုက်ပြီး ထမင်းကိုပဲ ငုံ့စားနေလိုက်သည်။
~~~~~~~~~~~~~~~~~~~
“လာနေကျလူ မလာတော့လည်း သတိရမိသား ”
နွေးနွေး ဆိုင်သိမ်းရန် ပြင်ဆင်နေချိန်တွင် အစ်မကြီးမအေးရီသည် အသံနှင့်အတူ ဆိုင်ထဲသို့ ဝင်လာလေသည်။အစ်မဖြစ်သူပြောလိုက်မှပင် နွေးနွေးစိတ်ထဲမှ သွင်ငြိမ်းထက်ကို ပို၍သတိရသွားမိလေသည်။
“ဒီည ကိုယ်မအားလို့ မလာတော့ဘူနော် “ဟု သွင်ငြိမ်းထက် ဖုန်းဆက်စဉ်အခါက နွေးနွေးစိတ်ထဲ ပျော်သလိုလိုပင် ဖြစ်သွားမိသည်။မဟုတ်လျှင် သွင်ငြိမ်းထက်လာသည့်အခါ အစ်မကြီးမအေးရီမှာလည်း သူ့အိမ်အလုပ်ကို ပစ်ထားပြီး နွေးနွေးနှင့် အဖော်လာနေပေးရသည်မဟုတ်ပါလား။သို့အတွက် သွင်ငြိမ်းထက်တစ်ရက်မလာလျှင် အစ်မကြီးသူ့အိမ်တွင်အေးအေးဆေးဆေးနေရသည်လေ။သို့သော်လည်း အစ်မကြီးမအေးရီပြောသလိုပါပင် သွင်ငြိမ်းထက်လာနေကျအချိန်သို့ရောက်သောအခါ မလာမှန်းသိသိနှင့်မျှော်မိသည်။သတိရတမ်းတမိသည်။သတိရစိတ်ကို အလုပ်တွင် နစ်မြှုပ်ထားလိုသော်လည်း မိုးချုပ်လာလေ ဆိုင်ကအရောင်းပါးလေဖြစ်သောကြောင့် သတိရလွမ်းဆွတ်စိတ်မှာပို၍လာလေသည်။ထိုအခါ လူကိုမတွေ့ရလျှင် အသံလေးကို ကြားချင်စ်တ်ဖြင့် ဖုန်းကိုမျှော်မိပြန်လေသည်။
” အရောင်းအဝယ်က ဘယ်လိုလဲ မိနွေး ”
မအေးရီသည် ဆိုင်ကိုကူသိမ်းနေရင်းမှ နွေးနွေးကို မေးလိုက်သည်။
” ပါးတယ် မမကြီး….နွေးတော့ ဆိုင်နေရာပြောင်းရမလား ….ဒါမှမဟုတ် မုန့်ဆိုင်ပါ ဖွင့်ရမလားတွေးနေတာ ”
နွေးနွေးက အစ်မဖြစ်သူကိုပြောလိုက်သည်။
” မုန့်ဆိုင်ပဲတွဲဖွင့်ရင်ဖွင့်လိုက်ပါ…ဆိုင်ပြောင်းမယ်ဆိုရင် ကုန်ကျစရိတ်က နည်းမှာမဟုတ်ဘူး….ပြီးတော့ ကိုသွင်က နင့်ကို ဆိုင်နေရာမပြောင်းခိုင်းပါနဲ့တဲ့လေ…နင်လက်ခံတာနဲ့ သူ့အမေကိုဖွင့်ပြောပြီးလက်ထပ်ဖို့ ပြင်ဆင်မယ်တဲ့ ”
အစ်မကြီး၏ စကားကြောင့်” ပြောတော့လဲအလွယ်သားဟု နွေးနွေးစိတ်ထဲမှတွေးလိုက်မိသည်။လက်တွေတွင် မည်သို့ဖြစ်မည်ကိုမူ နွေးနွေးလည်းမတွေးကြည့်ရဲပါချေ။နွေးနွေးဘဝတွင် စိတ်ကူးနှင့်လက်တွေ့ သည်အမြဲကွာခြားခဲ့သည်မဟုတ်လား။
~~~~~~~~~~~~~~~~~~~
“ဆိုင်ပိတ်လိုက်ပြီလား …တူမလေးရော လာအိပ်တယ် မဟုတ်လား ”
” အင်း ”
” ဆိုင်က အဆင်ပြေတယ် မဟုတ်လား …ဆိုင်နေရာ ပြောင်းချင်လို့ဆို …မပြောင်းနဲ့အုံးနော် …ဘာပဲဖြစ်ဖြစ် ဒီနေရာက မမကြီးတို့အိမ်နဲ့နီးတယ်လေ … ဒီတိုင်းလေးပဲ ဆိုင်ကို မှေးထားအုံးလေ ”
“အင်းပါ ”
သွင်ငြိမ်းထက်ပြောသမျှကို နားထောင်နေရင်း နွေးနွေး အလိုလိုပြုံးနေမိသည်။သူ့ကို သတိရနေမိချိန်တွင် နွေးနွေးဆီသို့ ဖုန်းဆက်လာသည်။သည်အခြေအနေ မှာဖြင့် နွေးနွေးက ငြင်းနေသော်လည်း နွေးနွေး၏စိတ်ရင်း အမှန်ကိုသွင်ငြိမ်းထက်လည်း သိနေပေလိမ့်မည်ထင်ပါသည်။
“အရောင်းအ၀ယ်ပါးလဲ …ဘာမှစိတ်မညစ်ပါနဲ့ ကွာ … ဆိုင်ကို မှေးပြီးပဲ ဖွင့်ထားလေ …ကိုယ်တို့လက်ထပ်ပြီးရင် နေရာကောင်းမှာ နွေးဖွင့်ချင်တဲ့ဆိုင်ဖွင့်ရအောင် ကိုယ်လုပ်ပေးပါ့မယ်….ဟင် … နွေး ခဏနော် …ကိုယ်ဖုန်း ခဏချလိုက်မယ် …ပြီးရင်ပြန်ဆက်မယ်နော် ”
သွင်ငြိမ်းထက်သည် ဖုန်းပြောနေရင်းမှ အိပ်ခန်းထဲသို့ဝင်လာခဲ့ရာ အိပ်ခန်းထဲမှမြင်တွင်းကြောင့် ဖုန်းကို ခဏချပြီး အခန်းထဲသို့ လှမ်းဝင်ရင်းမေးလိုက်သည်။
“ကဗျာ … မင်း ကိုယ့်အခန်းထဲမှာ ဘာလုပ်နေတာလဲ ”
“ဟို …အန်တီက ကိုသွင်အိပ်ဖို့ အိပ်ရာခင်းခိုင်းလိုက်လို့ပါ ”
မိုးကဗျာသည် သွင်ငြိမ်းထက်၏ အမေးကို ပြန်ဖြေရင်းမှ အိပ်ရာခင်းများကို ဆက်၍ ခင်းနေလေသည်။
ည၀တ်အင်္ကျီခပ်ပါးပါးကို ဝတ်ဆင်ထားသော မိုးကဗျာသည် သွင်ငြိမ်းထက်၏ အိပ်ခန်းထဲတွင် လိပ်ပြာလေးလို ဟိုသည် ယိမ်းထိုးလှုပ်ရှား၍နေလေသည်။
=================
အပိုင်း ( ၁၅ ) ဆက်ရန်
ဧကြည်ဖြူ
တစ်ခုလပ် ”
အပိုင်း ( ၁၅)
*******************
သွင်ငြိမ်းထက်သည် မိုးကဗျာကို စူးစူးစိုက်စိုက် တစ်ချက်ကြည့်လိုက်ပြီး
“ကျေးဇူးပဲ ကဗျာ … ကိုယ့်ဘာသာလုပ်လိုက်ပါ့မယ် ….. မင်းသွားအိပ်တော့လေ ”
“ရပါတယ် ကိုသွင်ရယ် ..အပန်းကြီးတာမှ မဟုတ်တာ … ပြီးတော့ အန်တီက .. မနက်ကျရင် ကိုသွင်ဝတ်ဖို့ ၀တ်စုကိုပါ မီးပူတိုက်ပေး ခိုင်းလိုက်လို့လေ ”
ထွက်သွားမည့်ပုံမပေါ်ဘဲ ပြောရင်းနှင့် အဝတ်စား ဗီဒိုကိုပါ ဖွင့်ရန် ပြင်နေသော မိုးကဗျာကိုကြက်ပြီး သွင်းငြိမ်းထက်ပြုံးလိုက်မိသည်။
” လာဖွင့်ပေးပါအုံး ကိုသွင် ..ဗီဒိုတံခါးက မပွင့်ဘူးဖြစ်နေလို့ ”
မိုးကဗျာ ချွဲချွဲပျစ်ပျစ် အသံလေးနှင့်သွင်ငြိမ်းထက်ကို ခေါ်လိုက်သည်။
သွင်ငြိမ်းထက်သည် မိုးကဗျာရှိရာဆီသို့ လှမ်းလျှောက်သွားသောအခါ မိုးကဗျာသည် ဖားလျားချထားသော ဆံပင်များကို နားနောက်သို့သိမ်းလိုက်ပြီး သွင်ငြိမ်းထက် ကို ကြည့်နေလေသည်။ဆံပင်များကို နားရွက် နောက်သို့ သိမ်းလိုက်ခြင်းကြောင့် မိုးကဗျာ၏ လည်ကုပ်သား ဖွေးဖွေးလေးမှာ ထင်းခနဲ ပေါ်လာလေသည်။
“ကျေးဇူးပါပဲ ကဗျာ ….အိမ်ကလူတွေ မအားဘူးဆိုတော့လဲ ….ကဗျားကိုပဲ အားနာနာနဲ့ အကူအညီ တောင်းရအုံးမှာပဲ … ကိုယ့်ရဲ့ ဂျူတီကုတ်တွေကိုပါ တိုက်ပေးနော် … ”
“ရပါတယ် ကိုသွင် …အားနားရမဲ့သူတွေမှမဟုတ်တာ….”
မိုးကဗျာသည် သွင်ငြိမ်းထက်ကို မခို့တရို့ကြည့်လျက်ပြောလိုက်သည်။
“ဒါဆို …ကိုယ် စာကြည့်ခန်းထဲ သွားလိုက်အုံးမယ် … ဪ …ဒါနဲ့ ကဗျာ … မီးပူတိုက်မဲ့ခုံဘေးက အိတ်ကိုတော့ သွားမထိနဲ့နော် … အဲ့ဒီအိတ်ထဲမှာ ဆေးရည်စိမ်ထားတဲ့ လူ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုရှိနေလို့ ”
” ရှင် ”
သွင်ငြိမ်းထက်၏ စကားကြောင့် မိုးကဗျာသည် အထိတ်တလန့်နှင့် လှမ်းကြည့်လေသည်။သွင်ငြိမ်းထက်သည် မိုးကဗျာကို ကျောခိုင်းလိုက်ပြီး မိခင်ကြီး၏ အခန်းဘက်ဆီသို့ လျှောက်လာခဲ့လိုက်သည်။
~~~~~~~~~~~~~~~~~~~
” အမေ အိပ်နေပြီလား ”
သွင်းငြိမ်းထက် အသံပြုလိုက်ရင်းမှ မိခင်ကြီး၏ အခန်းတံခါးကို အသာတွန်းဖွင့်ကြည့်လိုက်သည်။ တံခါးမှာအသာအယာပင် ပွင့်သွားလေသည်။
” ဟင် …သာသွင် မအိပ်သေးဘူးလား ”
ဒေါ်မေဇင်ထက်မှာ သားဖြစ်သူ သွင်ငြိမ်းထက်၏ အသံကြောင့် အိပ်ရာထဲမှ လူးလဲထလိုက်ပြီး မလုံမလဲနှင့် မေးလိုက်သည်။
“အမေကို ပြောစရာရှိလို့ ”
” ပြော … ပြောလေသား ….ဘာ .ဘာဖြစ်လို့လဲ ”
ဒေါ်မေဇင်ထက်မှာ တည်ကြည်လှသော သားဖြစ်သူ၏ ပုံစံကြောင့် အနည်းငယ်ထိတ်လန့်စ ပြုလာမိလေသည်။မိုးကဗျာနှင့် ပတ်သက်၍ မည်သို့သောသတင်းကြားရမည်ကို ဒေါ်မေဇင်ထက် ရင်ထိတ်၍ နေမိလေသည်။
“အမေ ကျွန်တော့်ကို အထင်သေးနေတာလား ”
” ဘာ ..ဘာတွေပြောနေတာလဲ သားသွင် ….အမေက သားကို ဘာလို့ အထင်သေးရမှာလဲ ”
“အမေတို့ စိတ်ထဲမှာ ကျွန်တော့်ကို တဏှာကြီးတဲ့ ကောင်လို့ထင်နေတာလား … ကျွန်တော့်မှာ အစ်မတွေ နှမတွေ မရှိပေမဲ့ တစ်ဖက်သားမိန်းခလေးကို နှမချင်းမစာနာ မပြောချင်ဘူး အမေ …အဓိက က သူ့ကို ကျွန်တော့် အခန်းထဲကို ဝင်ခွင့်ပေးလိုက်တာ အမေ့အမှားပဲ …နောက်တစ်ခါ ဒီလို ထပ်မလုပ်ပါနဲ့ အမေ ….. ကျွန်တော် မကြိုက်ဘူး ”
~~~~~~~~~~~~~~~~~~
နံနက်လင်းသောအခါ သွင်ငြိမ်းထက် ခပ်တည်တည် ဖြင့်ပင် ထမင်းစားခန်းထဲသို့ ၀င်လာခဲ့သည်။သွင်ငြိမ်းထက်ဝင်လာသည်ကို မြင်သောအခါ မိုးကဗျာသည်ခေါင်းငုံ့လိုက်လေသည်။
“အေးမာ … နင်မနေ့က မီးပူတွေ မတိုက်ထားဘူးလား ….ဒီမနက် ဝတ်ဖို့ ဝတ်စုံကို မီပူသွားတိုက်ပေးအုံး … မြန်မြန်လေးတိုက်နော်….”
သွင်ငြိမ်းထက်၏ စကားသံကြောင့် မိုးကဗျာ၏ မျက်နှာမှာ အောက်သို့ ငုံ့သထက် ငုံ့၍သွားလေသည်။အိသဇင်သည်မူ မျက်နှာထား စူပုတ်ပုတ်နှင့့်ရှိလေသည်။
“လူစုံတုန်း ကျွန်တော် ပြောစရာရှိပါတယ် … ကျွန်တော် ဒီနှစ်ထဲ လက်ထပ်ဖြစ်မယ်ထင်တယ် …အဲ့ဒါ အမေနဲ့ အစ်ကိုကြီးကိုရော မမအိကိုပါ ကြိုပြောပြထားတာပါ ”
“ဘယ်သူလဲဆိုတာ ဘာလို့ အမေတို့ကို မပြောသေးတာလဲ ”
သွင်ငြိမ်းထက်၏ စကားကြောင့် အားလုံးတိတ်ဆိတ်သွားကြပြီး ရှေးဦးစွာ ဒေါ်မေဇင်ထက်က မေးလိုက်လေသည်။
“ပြောမှာပေါ့ အမေ …အမေ့ကို မပြောလို့ ဘယ်သူ့ကို ကျွန်တော်က ပြောရမှာလဲ ….မဟုတ်ဘူးလား အစ်ကိုရာ ”
သွင်ငြိမ်းထက်၏စကားကြောင့် အိသဇင်သည် ဟန်မဆောင်တတ်သူပီပီ မျက်နှာတင်းတင်းနှင့်ရှိလေသည်။
~~~~~~~~~~~~~~~~
သွင်ငြိမ်းထက်သည် ဆေးရုံသို့ သွားရန် ပြင်ဆင်ပြီးသောအခါတွင် မရီးဖြစ်သူရှိရာဆီ သို့ အရင်သွားလိုက်လေသည်။
” လေးလေး ဆေးရုံ မသွားသေးဘူးလား ”
တူမဖြစ်သူ၏ အမေးစကားကြောင့် သွင်ငြိမ်းထက်က ထူးမလေး၏ ခေါင်းကို အသာပုတ်လိုက်ပြီး
“သွားတော့မှာ သမီးရဲ့ …သမီးမေမေရော ‘
” မေမေက မီးဖိုခန်းထဲမှာ ”
တူမလေး အဖြေစကားကြောင့် သွင်ငြိမ်းထက် မီးဖိုခန်းဘက်ဆီသို့ လျှောက်လာခဲ့သည်။
“မမအိ ခဏလောက် … ”
မီးဖိုခန်းထဲတွင် အိ သဇင်နှင့် မိုးကဗျာတို့စကားပြောနေသည်ကို တွေ့လိုက်ရသောကြောင့် သွင်းငြိမ်းထက်က မိုးကဗျာကို လှမ်း၍ပြုံးပြလိုက်ပြီးလျှင် မရီးဖြစ်သူကို ခေါ်လိုက်သည်။ပြီးလျှင် ရှေ့မှနေ၍ ခြံထဲသို့ ဆင်းလာခဲ့လိုက်သည်။
” ကိုသွင် ..ဘာပြော မလို့လဲ ”
အိသဇင်၏ အသံမှာ မာထန်၍နေလေသည်။
” မမအိကို စေတနာနဲ့ ပြောချင်တာပါ …ဒီအိမ်မှာက ယောကျာ်းလေးက ကျွန်တော်တစ်ယောက်တည်းရှိတာမဟုတ်ဘူးလေ….အစ်ကိုလဲ ရှိတယ် မဟုတ်လား … ဟို ….ကန်တော့ပါရဲ့ မရှိသေ့စကား ပြောတယ်ပဲဆိုဆို ….ကျွန်တော်အတွက် လူတွေရဲ့ ကိုယ်လုံးတီးခန္ဓာကိုယ်တွေဆိုတာ တစ်နေ့တစ်နေ့ ဆေးရုံမှာ မမြင်ချင်လဲ မြင်နေရတော့ မိန်းခလေးတွေရဲ့ မပေါ့်တပေါ် ပုံစံတွေကို မြင်ရတဲ့အခါ ကျွန်တော်ကတော့ ဘယ်နေရာက ဖြင့် ဘာရောဂါဖြစ်နိုင်တယ်ဆိုတဲ့အတွေးကိုပဲ တွေးမိတယ် ….ဒါပေမဲ့ အစ်ကိုကရော အဲ့ဒီလို တွေးနိုင်ပါ့မလား မမအိ …ကျွန်တော် ဘယ်သူ့ကိုမှ စော်ကားတာမဟုတ်ဘူးနော် … ဖြစ်တတ်တဲ့သဘာဝတွေကို ပြောပြတာ … တော်ကြာ ခုတ်ရာတစ်ခြားရှရာတစ်ခြား ဖြစ်နေမှာစိုးလို့ ”
” ဟင် …မင်း …မင်း ဒါဘာစကားလဲ ကိုသွင်..”
သွင်ငြိမ်းထက်၏ စကားကြောင့် အီသဇင်မှာ ရှူးရှူးရှာရှာနှင့် ဒေါသတကြီးပြော လေသည်။
“စိတ်မဆိုပါနဲ့ မိမိအိ … အစ်ကိုနဲ့ မမအိလဲ ချစ်လို့ကြိုက်လို့ ယူခဲ့ကြတာပဲမဟုတ်လား ….ကျွန်တော်လဲ ကျွန်တော်ချစ်တဲ့သူ့ကိုပဲ လက်ထပ်မှာပါ ”
သွင်ငြိမ်းထက်သည် ပြောချင်ရာကို ပြောပြီးသည်နှင့် မရီးဖြစ်သူနားမှ ထွက်လာခဲ့ပြီးလျှင် ကားရပ်ထားရာဆီသို့ လှမ်းလျှောက်ခဲ့လေသည်။
~~~~~~~~~~~~~~~~~~
“ဝမ်းသာလိုက်တာ နွေးရယ် … ဒီကမ္ဘာ ကိုယ်လောက် ပျော်တဲ့သူရှိမှာ မဟုတ်တော့ဘူး ထင်တယ် ”
” အို ကိုသွင် …ဟိုမှာ လူတွေ ကြည့်ကုန်ပြီလေ ”
သွင်ငြိမ်းထက်သည် နွေးနွေး၏ အဖြေစကားကြောင့် ဝမ်းသာအားရနှင့် အမှတ်တမဲ့ နွေးနွေး၏ လက်ကလေးကို ဆွဲယူပြီး သူရင်ခွင်ထက်တွင် ဖိကပ်လိုက်သောကြောင့် နွေးနွေးက လက်လေးကို ပြန်ရုန်းလိုက်ပြီးလျှင် ရှက်ရွံ့စွာ ပြောလိုက်မိလေသည်။
” ဟာ …ဆော ..ဆောရီးပါ နွေးရယ် …ကိုယ်ပျော်လွန်းလို့ သတိလက်လွတ်ဖြစ်သွားမိတာပါ ”
သွင်ငြိမ်းထက်သည် အပျော်မျက်နှာနှင့် တောင်းပန်စကားဆိုလိုက်ရင်း နွေးနွေး၏ မျက်နှာလေးကို စူးစိုက်၍ ကြည့်နေမိလေသည်။
” ဒါနဲ့ ကိုသွင့် အမေက နွေးနဲ့ သာဘာမတူမှာစိုးရိမ်မိတယ် ”
“မစိုးရိမ်ပါနဲ့ နွေးရယ် …ကိုယ့်ရဲ့ အမေက ရုပ်ရှင်တွေထဲက မိန်းမကြီးတွေလို မဟုတ်ပါဘူးကွာ ”
သွင်ငြိမ်းထက်က ရွှင်မြူးမြူးလေး စနောက်လိုက်သည်။
“ဒါနဲ့ … နွေးဆိုင်ဖွင့်ဖို့အတွက် ….ကိုယ်ကို့ဆေးရုံဝန်းကျင်နားမှာ ဆိုင်ခန်းငှါးရင် ကောင်းမလား … ကိုယ်က ဆရာဝန်ဆိုပေမဲ့ လစာက ကောင်းတာမဟုတ်တော့ ကိုယ်စုထားတဲ့ငွေကို နွေးရဲ့ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံထားမယ်နော် …မိန်းမရပြီဆိုရင် …အမေ့ဆီကပ်စားနေလို့ မဖြစ်တော့ဘူး မဟုတ်လား ”
” ဟင် ဘာတွေပြောနေတာလဲ …”
နွေးနွေးက ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
“အတည် ပြောနေတာ နွေးရဲ့ … ကိုယ်တို့ အသက်တွေလဲ မငယ်တော့ဘူးလေ .. ပြီးတော့ ကိုယ့်အလုပ်က ခွင့်ယူလို့ရတဲ့အလုပ်လဲ မဟုတ်ဘူးလေ… ကိုယ်တို့ တွေ့ဖို့ဆိုတာ ညဘက်ပဲရှိတာ … ညဘက်တွေ နေ့တိုင်း နွေးဆီလာချင်ပေမဲ့ လ ပတ်ဝန်းကျင်က ပြောမှာစိုးလို့ ကိုယ့်မှာ ထိန်းနေရတာ”
နွေးနွေးသည် သွင် ငြိမ်းထက်၏ မျက်နှာလေးကို ကြည့်နေမိပြီး ရင်ထဲတွင် ကြည်နူးနေမိသည်။မိန်းမတစ်ယောက်အတွက် ချစ်ရသော ချစ်သူက လက်ထပ်ရန် တောင်းဆိုခြင်းသည် အလိုချင် အတောင့်တဆုံး ဆန္ဒတစ်ခုပဲ မဟုတ်ပါလား။
“ကိုယ့်ဆန္ဒကိုပဲ ပြောနေမိတာ နွေးရဲ့ ဆန္ဒကို ပြောအုံးလေကွာ ”
သွငြိမ်းထက်၏ စကားကြောင့် နွေးမှာ ခေါင်းလေးကို ငုံ့ထားလိုက်မိပြီး
“နည်းနည်းမမြန်လွန်းဘူးလား … နှစ်ကုန်တဲ့အထိ စောင့်ပါအုံး …. နွေးက အိမ်ထောင်ပြုမပြုခင် မမကြီးတို့ရဲ့ ကျေးဇူးတွေကိုလဲ ဆပ်ချင်သေးလို့ ”
“အင်းပါ … နွေးသဘောလေ …နောက်မှ ဆက်ဆွေးနွေးကြတာပေါ့ … ဒီနေ့တော့ လျှောက်လည်ကြရအောင် .. နွေး ဘယ်သွားချင်လဲ ..ဘာလုပ်ချင်လဲ …ဘာစားချင်လဲ ပြော …. ဒီနေ့တစ်နေကုန် ကိုယ်အားတယ် ”
~~~~~~~~~~~~~~~~~~~~
” နားရက်လေးတော့ အိမ်ကို စောစောပြန်လိုက်လေ … တော်ကြာ နွေးဆီမှာပဲ အချိန်ကုန်သလို ဖြစ်နေလို့ ….ကိုသွင့်အမေ စိတ်မကောင်းဖြစ်နေပါ့မယ် ”
” ခဏလေးပါကွာ …ငါးမိနစ်ပဲထပ်နေပါ့မယ် နော် …”
သွင်ငြိမ်းထက်က မျက်နှာငယ်လေးနှင့် နွေးနွေးကို ပြောလိုက် သည်။
“အင်းပါ …ကိုသွင် ပင်ပန်းနေမှာစိုးလို့ပါ … ဆေးရုံမှာလဲပြေးလိုက်လွှားလိုက်နဲ့ ပင်ပန်းခဲ့တာမဟုတ်လား ….ဒီရောက်တော့လဲ လှဲစရာနေရာမရှိ ဘာမရှိနဲ့လေ ”
“ရပါတယ်ကွာ … နွေးကို တွေ့ရတာနဲ့ ပင်ပန်းတာတွေ ပျောက်သွားပါပြီ ….ဟာ …မီးပျက်သွားပြီး … နွေး ခလုတ်တိုက်မယ်နော် ….အဲ့ဒီမှာပဲရပ်နေ ကိုယ်မီးသွားထွန်းလိုက်မယ် …”
ဘွင်ငြိမ်းထက်က နွေးနွေးကို ပြောလိုက်ပြီး အမှောင်ထဲတွင် စမ်း၍ အားသွင်း မီးချောင်းရှိရာသို့ ထသွားလိုက်သည်။
“ဘုတ် …”
“အင့်် ”
“အမေ့ ”
“ဟာ … နွေး …နာသွားလားဟင် …ကိုယ်ပြော သားပဲ …အဲ့ဒီနေမှာပဲ ရပ်နေပါဆို ”
သွင်ငြိမ်းထက်နှင့် နွေးနွေးမှာ မှောင်ကြီးထဲတွင် နှစ်ယောက်သား တိုက်မိကြခြင်းဖြစ်ပါလေသည်။သွင်ငြိမ်းထက်သည် တိုက်မိရင်း ယိမ်းယိုင်သွားသော နွေးနွေး၏ခန္ဓာကိုယ်လေးကို ထိန်းဖမ်းလိုက်ရင်း စိုးရိမ်တကြီး ပြောလိုက်မိရင်းမှ နီးကပ်စွာတည်ရှိနေသော နွေးနွေး၏ကိုယ်လုံးလေးကို သတိလက်လွတ်သိမ်းဖက်လိုက်မိလေသည်။
” နွေး ….နွေးကိုချစ်တယ် ”
သွင်ငြိမ်းထက်၏ အသံသည် လှိုက်မော တုန်ရီနေသကဲ့သို့ နွေးနွေးသည်လည်း ရင်ခုန်သံတွေ ဆူညံပေါက်ကွဲလျက် ရှိပါလေသည်။နှစ်ယောက်သား အတန်ကြာမျှသတိလက်လွတ်ဖြစ်နေမိကြပြီးသည့်နောက်တွင် သွင်ငြိမ်းထက်သည် နွေးနွေး၏နဖူးပြင်လေးကို မှန်းဆ၍ နမ်းရှိုက်လိုက် သည်။
“နွေး …ကိုယ်ပြန်တော့မယ်နော် …ဆိုင်သိမ်းတော့နော် ”
သွင်းငြိမ်းထက်သည် ပြောပြီးသည်နှင့် ဖက်ထားသော နွေးနွေး၏ ကိုယ်လုံးလေးကို လွှတ်လိုက်ပြီးလျှင် အားသွင်းမီးအိမ်ကို ထွန်းလိုက်လေသည်။ပြီးနောက် ဆိုင်သိမ်းရန်ပြင် လေသည်။
နွေးနွေးသည် သွင်ငြိမ်းထက်၏ အပြုအမူကြောင့် ကြည်ကြည်နူးနူးလေးပြုံးလိုက်မိလေသည်။
~~~~~~~~~~~~~~~~ ~~~
“အမေ …အမေရေ … အိသိလာပြီး ….ကိုသွင့်ကောင်မလေးအကြောင်းကို …အိ သိလာခဲ့ပြီ ”
” ဘက်ကလဲ … ဘယ်သူတဲ့လဲ သမီး ….သူက အမေတို့ကို့ ဘာလို့ မိတ်ဆက်မပေးသေးတာလဲ ”
ဒေါ်မေဇင်ထက်မှာ ချွေးမဖြစ်သူ၏ စကားကြောင့် တအံ့တသြနှင့်ပြန်မေးလိုက်လေသည်။
“ပြောမယ် အမေရေ ..အမေ့သားက ဘယ်မိတ်ဆက်ပေးရဲမှာလဲ …ကောင်မက တစ်ခုလပ်တဲ့ အမေရဲ့ …ဒီကြားထဲ မိဘတွေ မရှိလို့ တစ်ယောက်တည်းနေတာတဲ့လေ ..စီးပွားရေးကတော့ ငွေတွေ ဘယ်ကရလဲတော့ မသိဘူး ..စတိုးဆိုင်ဖွင့်ထားတယ် အမေ..”
“ဘာ … ဘာပြောတယ် သမီး …တစ်ခုလပ်ဟုတ်လား …မိုက်လိုက်တဲ့သား … မအေကတော့ အထင်ကြီးလိုက်ရတာ … တွေ့မယ် …ပြန်လာမှ တွေ့မယ် ”
“အမေ့ကို အိမပြောဘူးလား …မိန်မလည်တွေနဲ့ တွေ့ပါမယ်ဆိုနေ … ခုတော့ အိထင်တဲ့အတိုင်း ဖြစ်လာတာပဲ … တစ်ခုလပ်မက ဘယ်လိုတွေ မြူဆွယ်ထားလဲ မသိဘူး …အမေ့သားက ခုဆို အိတို့ကိုတောင် စကားသိပ်မပြောဘူးလေ ”
“အို မရဘူး …ဒါမျိုးတော့ လက်မခံနိုင်ဘူး … သူ့မှာ ကြိုက်စရာမိန်းမ အဲ့ဒီလောက်ရှားနေလား … မအေမျက်နှာကိုမှမတောက် သိမယ်”
အိသဇင်သည် ယောက္ခမဖြစ်သူ၏ ဒေါသကို မီးလောင်ရာလေပင့် ပြောပေးနေလိုက်သည်။
~~~~~~~~~~~~~~~~~~~~
” သွင်ငြိမ်းထက် …. မင်းမှာ ကြိုက်စရာလူဒီလောက်ရှားနေလား ပြောစမ်း ….တစ်ခုလပ် အပြင် ကြိုက်စရာလူမရှိဘူးလား ”
ဒေါ်မေဇင်ထက်သည် သားဖြစ်သူ သွင်ငြိမ်းထက်ကို ပြစ်တင်ပြောဆိုလိုက်သည်။
“ဘာလို့ ဒီလို ကြမ်းကြမ်းတမ်းတမ်းတွေ ပြောတာလဲ အမေရယ် …အိမ်ထောင်ဖက်က သစ္စာမရှိလို့ သူလမ်းခွဲခဲ့တာလေ အမေ ..အဲ့ဒါက အပြစ်ကြီးတစ်ခုလား … အမေ သူ့အကြောင်းကို အကုန်မသိဘဲနဲ့ ဘာလို့ အထင် သေးနေတာလဲ ”
” ဘာမှမသိချင်ဘူး ….သူနဲ့ သဘောမတူဘူး … တခြားလွတ်လပ်တဲ့သူကို ရှာ …”
“အမေ …ကျွန်တော်ကို မယုံဘူးလား … ကျွန်တော် ချစ်လို့ ရွေးချယ်ခဲ့တဲ့သူကို အမေ မချစ်ပေးနိုင်ဘူးလား …ကျွန်တော်ကတော့ မမအိရဲ့ စိတ်ဓါတ်ကို မကြိုက်တာတောင် အမေက မမအိကို ချစ်နေမှန်းသိလို့ အမေ့ သဘောကျနေပေးခဲ့တယ် … ကျွန်တော် စိတ်ထဲမှာတော့ အမေတစ်ယောက်တော့ ကျွန်တော်ကို ယုံကြည်ပေးမယ် ထင်ခဲ့မိတာ …ကျွန်တော်ဘဝတစ်လျှောက်လုံး အမေ မကြိုက်တာမှန်သမျှ ဘာမှမလုပ်ခဲ့ဘူး … ဒီတစ်ကြိမ်လဲ ကျွန်တော်လုပ်ရပ်မှန်လား မှားလားဆိုတာကို အမေ သေချာစောင့်ကြည့်ပေးပါလား အမေရယ်…သူက အမေတွေးထင်ထားတဲ့ ပုံစံမျိုးမဟုတ်ပါဘူး ….သတ္တိလဲရှိပြီး ရိုးသား အေးဆေးတဲ့မိန်းခလေးမျိုးပါ
ဒေါ်မေဇင်ထားသည် သားဖြစ်သူ သွင်ငြိမ်းထက်၏ ဒေါသမပါဘဲ လေးနက်တည်ကြည် စကားသံကြောင့် ဒေါသကို လျှော့လိုက်ပြီးလျှင် သက်ပြင်းကိုချလိုက်သည်။သားဖြစ်သူ ပြောသောစကားမှာလည်း ဟုတ်မှန်နေခဲ့လေသည်။သွင်ငြိမ်းထက်သည် ဒေါ်မေဇင်ထက်အတွက် သားကြီးနှင့် ပင်မတူဘဲ အားကိုးတိုင်ပင်၍ရသော သား ဖြစ်ခဲ့လေသည်လေ။ ဘာမဆို မိခင်ဖြစ်သော ဒေါ်မေဇင်ထက် အတွက် ဘာမဆိုလိုက်လျောပေးခဲ့သည်။လွန်ခဲ့သော ငါးနှစ်က ခင်ပွန်းဖြစ်သူဆုံးသွားသောအခါ အိမ်ထောင်ရက်သားကျနေပြီဖြစ်သော သားကြီးထက် သားငယ် သွင်ငြိမ်းထက်သည်သာ ဒေါ်မေဇင်ထက်အတွက် အားကိုးတိုင်ပင်ရာ အဖော်မွန်ဖြစ်ခဲ့သည်။ထို့ကြောင့်ပင် သားဖြစ်သူ သွင်ငြိမ်းထက်သည် ပေါ့ပေါ့ပြတ်ပြတ်နှင့်ပေါ့တန်တန် လူစားမျိုး မဟုတ်မှန်းလည်း ဒေါ်မေဇင်ထက် သိပါလေသည်။
~~~~~~~~~~~~~~~~~~
“နွေးနွေးရေ … နွေးနွေး … ဒီမှာ ဧည့်သည့် … နွေးနွေးရဲ့အိမ်ကို ရှာနေလို့ …အစ်မ ခေါ်လာခဲ့ပေးတာ ”
နွေးနွေးသည် လမ်းထိပ်နားတွင်နေသော အသိအစ်မကြီး၏ စကားကြောင့် ဆိုင်ရှေ့သို့ထွက်ကြည့်လိုက်ရာ ကားပေါ်မှ ဆင်းလာသော နွေးနွေးမသိသည့် သူစိမ်းအမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရလေသည်။
” နွေးနွေးဆိုတာ ညီမလား ….တို့က သွင်ငြိမ်းထက်အစ်ကိုရဲ့မိန်းမအိသဇင်ပါ … ယောက္ခမကြီးက လွှတ်လိုက်လို့က်လို့ပါ …ခဏလောက် အထဲကို ၀င်လို့ရမလား ”
နွေးနွေးသည် အမျိုးသမီး၏ စကားကြောင့် ကြက်သေသေလျက်ရပ်နေမိလေသည်။ထိုအမျိုးသမီးကို လမ်းပြလိုက်ပို့ပေးသော ရပ်ကွက်ထဲမှ အသိအမျိုးသမီးမှာလည်း ဆိုင်ရှေ့နားတွင် မယောင်မလည်နှင့် ရပ်၍ နွေးနွေးတို့ကို အကဲခတ်၍ နေလေသည်။
====================
အပိုင်း ( ၁၆ ) ဆက်ရန်
ဧကြည်ဖြူ
တစ်ခုလပ် ”
အပိုင်း ( ၁၆ )
*****************
အိသဇင်သည် နွေးနွေးကို တွေ့သောအခါ နွေးနွေး၏ တည်ကြည်အေးဆေးသောမျက်နှာထားနှင့် လူရည်သန့်ပုံပေါ်လွင်နေသော အသွင်အပြင်ကြောင့် အနည်းငယ် တုန်လှုပ်သွားမိလေသည်။ဝတ်စားထားသော သွင်ပြင်ပုံစံမှာလည်း ဘောင်းဘီရှည်အပွနှင့် တီရှပ်ခပ်ပွပွကို ခေတ်မီမီ ဝတ်စားဆင်ယင်ထားသောကြောင့် လက်တစ်လုံးကြိုးဂါဝန်များနှင့်သာအမြဲနေလေ့ရှိသော ညီမငယ်ဖြစ်သူမိုးကဗျာနှင့် အနည်းငယ်မျှ ကွာခြား၍နေလေသည်။
နွေးနွေးသည် အဝတ်အစားတောက်တောက် ပြောင်ပြောင်နှင့် ရွှေငွေရတနာများကို အပြည့် ဆင်ယင်လာသော ဧည့်သည်အမျိုးသမီးကို ကြည့်ပြီး ခဏတာမျှ ကြက်သေသေသလို ငြိမ်သက်သွားမိသော်လည်း တစ်ခဏချင်းမှာပင် ပြန်၍ သတိဝင်လာမိသည်။
“ဟုတ်ကဲ့ အစ်မ …အထဲဝင်ပါအုံး ..အထဲမှာ လာထိုင်ပါ ”
နွေးနွေးသည် သတိဝင်လာသည်နှင့် ပျူငှာစွာပင် ခရီးဦးကြိုပြုလိုက်သည်။ထိုအခါ အိသဇင်သည် မျက်နှာထားတင်းတင်းနှင့်ပင် ခုံတွင် ဝင်၍ ထိုင်လိုက်လေသည်။
” လာရင်းကိစ္စကို ပွင့်ပွင့်လင်းလင်းပဲပြောမယ်နော် … တို့ရဲ့မတ်လေးမှာ မကြာခင် လက်ထပ်တော့မဲ့ စေ့စပ်ထားပြီးသားသူရှိတယ် ….ပြီးတော့ တို့ရဲ့မတ်လေးလို ဆရာဝန်တစ်ယောက်နဲ့ တစ်ခုလပ် မိန်းခလေးကို သဘောမတူနိုင်ပါဘူးတဲ့ တို့ ယောက္ခမကြီးက ပြောခိုင်းလိုက်တယ် ”
ကြားလိုက်ရသော စကားကြောင့် နွေးနွေး၏ ရင်ကို ဆယ်ပေါင်တူနှင့် အထုခံလိုက်ရသကဲ့သို့ အောင့်တက်သွားပြီး ဒေါသလည်းထွက်လာမိလေသည်။သို့သော်လည်း နွေးနွေးသည် ဒေါသကို ချက်ချင်းပြန်၍ထိန်းချုပ် ပစ်လိုက်ပြီး စကားကို အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
“နွေးအနေနဲ့ ကိုသွင့်မှာ စေ့စပ်ထားတဲ့သူ ရှိတာကို မသိတာတော့အမှန်ပါပဲရှင် ….တကယ်လို့ သူ့မှာ စေ့စပ်ထားတဲ့သူရှိမှန်း သိရင် နွေးလက်မခံပါဘူး …. စိတ်ချပါရှင် သူ့ကိုမေးမြန်းပြီး ဒီကိစ္စက သေချာတယ်ဆိုရင် …ဘယ်သူတားတား နွေး လမ်းခွဲမှာ ပါ…..”
အေးဆေးတည်ငြိမ်စွာ ပြောလာသော နွေးနွေး၏ ပုံစံကြောင့် ရုတ်တရက် အိသဇင်မှာ ဘာပြန်ပြောရမည်မှန်း မသိဘဲ ဖြစ်သွားမိလေသည်။မိမိကို ကတ်ကတ်လန်အောင် ရန် စကားပြောခဲ့လျှင် ချိုးချိုးနှီမ်နှိမ်ပြောပစ်ပြီး ငွေနှင့် ပေါက်၍ရန်ရှာမည်ဟု တွေးထားခဲ့သော အိသဇင်မှာ မည်သည့်စကားကို ဆက်ပြောရမည်မှန်း မသိအောင် ဖြစ်သွားမိပါလေသည်။
“အဓိကကတော့ …တို့ ယောက္ခမကြီးက သူ့သားလို ဆရာဝန်တစ်ယောက်နဲ့ ဒီက ညီမလို တစ်ခုလပ် မိန်းခလေးတစ်ယောက်ကို …အင်း …. တို့စကားပြောရိုင်းသွားရင် ဆောရီးပါနော် ….မဖြစ်နိုင်တဲ့ကိစ္စမို့ တို့လဲ ရှေ့မျက်နှာနောက် ထားပြီး လာပြော ပေးရတာပါ … တကယ်လို့ ငွေလိုအပ်ရင် လဲ ပြောပါတဲ့ ….”
ကြားလိုက်ရသော စကားကြောင့် နွေးနွေးရင်ထဲစူးခနဲ နာကျင်အောင့််တက်သွားမိပြန်သည် ။တကယ်ဆို သည်လို အရေးတွေကို မှန်းဆ၍ နွေးနွေးသည် သွင်ငြိမ်းထက်ကို အတန်တန် ရှောင်ရှားခဲ့ခြင်းဖြစ်သည်။နွေးနွေးသည် တစ်ခုလပ် ဖြစ်ပါသည်။သို့သော်လည်း နွေးနွေးသည် အချို့သော အပျိုစင်လေးများကဲ့သို့ အပျော်အပါးကိုလည်း မလိုက်စား ရည်းစားတကာနှင့် ဟော်တယ် သွားသောမိန်းမမျိုးမဟုတ်ပါ။ပြီးလျှင် နွေးနွေးသည် ကိုယ့်ဘဝကိုယ်ကျောင်းခဲ့သည်။နွေးနွေးပိုင်ဆိုင်သော ငွေစက္ကူတစ်ရွက်ချင်းစီတိုင်းသည်လည်း နွေးနွေး၏ ကြိုးစားအားထုတ်မှုကြောင့် သာရခြင်းဖြစ်သည်။ထို့ကြောင့် နွေးနွေးကိုယ့်ကိုယ်ကို တန်ဖိုးထားသည် ။ လေးစားသည်။သို့အတွက် ဘုရင်ခံပင် ဖြစ်စေကာမူ မိမိ၏သိက္ခာနှင့်မာနကို စော်ကားလာလျှင် သည်းခံမည် မဟုတ်ပါချေ။ထို့သို့ စော်ကားပြောသူများကိုလည်း နွေးနွေး၏ အိမ်ရိပ်ကိုပင် အနင်းခံရန် စိတ်ကူးမရှိပါလေ။သို့သော်လည်း ယခုအခါ၌ နွေးနွေးအပေါ် ချစ်ရှာလွန်းသော ချစ်ရသူကြောင့် စိတ်ကို အတတ်နိုင်ဆုံးထိန်းချုပ်ပြီးလျှင် အတည်ငြိမ်ဆုံး တုံ့ပြန်ရန်သာ စိတ်ကို ဆုံးဖြတ်လိုက်ရသည်။
“မှန်ပါတယ် နွေးက တစ်ခုလပ်ပါရှင် ….ဒါပေမဲ့ သူလဲလူလွတ် နွေးလဲလူလွတ်မို့ သူ့ကို လက်ခံခဲ့တာပါ … လမ်းခွဲဖို့ မခွဲဖို့ကိုတော့ အစ်မတို့ဘက်က စိတ်သဘောထားကို သိရပြီမို့ နွေးတို့ သေချာစဉ်းစားဆုံးဖြတ်ပါ့မယ် ..ငွေကြေးကိစ္စကတော့ နွေးရဲ့လုပ်အားနဲ့ရှာထားတဲ့ငွေက လွဲလို့ ဘယ်သူပေးတဲ့ငွေကိုမှ လက်မခံပါဘူးရှင် … နွေးရှာထားတဲ့ငွေတွေက မိဘ မောင်ဘွားဆီက ရထားတာလဲ မဟုတ်သလို …ဘယ်ယောက်ျားတစ်ယောက်ဆီကမှ ယူထားတာလဲ မရှိပါဘူး .. နွေးပိုင်ဆိုင်သမျှက နွေးကိုယ်တိုင်ပင်ပင်ပန်းပန်းရှာထားခဲ့တာမို့ နွေးရဲ့ကိုယ်ပိုင်ပိုက်ဆံကလွဲရင် အခြားသူရဲ့ ပိုက်ဆံကို တန်ဖိုးလဲ မထားသလို လိုချင်စိတ်လဲ မရှိပါဘူး ”
~~~~~~~~~~~~~~~~~~~
မအေးရီသည် ညီမဖြစ်သူ၏ ဆိုင်ရှေ့တွင် ကားတစ်စီး ရပ်ထားသည်ကို တွေ့သောကြောင့် လုပ်လက်စအလုပ်များကို ချထားခဲ့ပြီး ကမန်းကတန်းပင်ထွက်လာခဲ့လိုက်သည်။
ညီမဖြစ်သူ၏ ဆိုင် ရှေ့သို့ ရောက်သောအခါ ဆိုင်ရှေ့တွင် မယောင်မလည် ရပ်နေကြသူအချို့ကို တွေ့မြင်လိုက်ရသောကြောင့်မျက်နှာထားတင်းတင်းနှင့် မေးလိုက်သည်။
” ဘာဝယ်ကြမလို့လဲ …မ၀ယ်ရင် ပြန်ကြပါနော် …ဆိုင်မှာ ဧည်သည် ရောက်နေလို့ပါ …တော်ကြာ ဒီရပ်ကွက်ကလူတွေကို အဆင့်အတန်းမရှိတဲ့လူတွေလို့ ထင်သွားပါအုံးမယ် ” ထိုသို့မအေးရီ ပြောလိုက်သော အခါ ဆိုင်ရှေ့တွင် တရစ်ဝဲဝဲနှင့် ရပ်နေကြသူများမှာ ထွက်သွားကြပါလေသည်။မအေးရီသည် ဆိုင်ထဲသို့ ၀င်လာပြီးလျှင် နွေးနွေး၏ ဘေးနားတွင် ဝင်ထိုင်လိုက်သည်။
” နွေးရဲ့ အစ်မကြီးပါရှင် … မမကြီး ..ဒီက အစ်မက ကိုသွင့်ရဲ့ မရီး မအိသဇင်တဲ့ ”
နွေးနွေးက အစ်မကြီးနှင့် အိသဇင်တို့ကို မိတ်ဆက် ပေးလိုက်သည်။
“ဟုတ်ကဲ့ .. ဒါဆို ကျွန်မ ပြန်လိုက်ပါအုံးမယ်ရှင် …ဒီက မနွေးနွေးလည်း ကျွန်မပြောတာတွေကို သဘောပေါက် မယ်ထင်ပါတယ် … ဘ၀ဆိုတာ စိတ်ကူးယဉ်တည်ဆောက်လို့ ရတာမျိုးတော့ မဟုတ်ဘူးလေ ”
အိသဇင်က နွေးနွေးကို ကြည့်၍ ပြောလိုက်ပြီးလျှင် ပြန်ရန်ပြင် လေသည်။ မအေးရီမှာ စကားအစအဆုံးကို မကြားသိရသော်လည်း အခြေအနေကို သဘောပေါက်နားလည်လိုက်သောက်ကြောင့် အိသဇင်ကို အသေအချာပင် စိုက်ကြည့်၍နေသည်။
နွေးနွေးသည် အစ်မဖြစ်သူ မအေးရီ၏ လက်ကို သူမ၏ လက်နှင့် အသာအုပ်၍ကိုင်ထားလိုက်ပြီးလျှင် အိသဇင်ကို ပြန်၍ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါရှင် … သဘောပေါက်ပါတယ် …ကိုသွင်ငြိမ်းထက်ရော နွေးရော အရွယ်ရောက်ပြီးသားသူတွေမို့ …. သေချာ တိုင်ပင်ဆွေးနွေးလိုက်ပါ့မယ် …”
~~~~~~~~~~~~~~~~~~
အိသဇင်ဆိုသော အမျိုးသမီးပြန်သွားသည်နှင့် နွေးနွေးသည် အံကလေးကို ကြိတ်လျက် မျက်လုံးထောင့်မှ စီးကျလာသော မာနမျက်ရည်များကို တစ်ရှူးစနှင့် ပွတ်၍ သုတ်လိုက်သည်။
“ဘာမှ ခံစားစရာ မလိုဘူး … ညနေ ကိုသွင်လာရင် အကုန်ပြောပြလိုက် … ပွင့်ပွင့်လင်းလင်းပြောပြီး သူ့အိမ်ကို မပိုင်ရင် လမ်းခွဲပစ်လိုက် …မယူခင်ကတည်းက အနှိမ်ခံရမယ်ဆိုရင် ဒီပွဲကို ငါကိုယ်တိုင်ဖျက်မှာ …ဘာလဲ သူတို့သားပဲ တန်ဖိုးရှိတာလား….သူများ သားသမိးက တန်ဖိုးမရှိဘူးလား …”
အစ်မကြီး မအေးရိ၏ စကားကို ကြားသောအခါ နွေးနွေးရင်ထဲ ဆို့နင့်ကြေကွဲလာမိသည်။လောကမှာ သူတစ်ပါး အိမ်ထောင်ကို ဖြိုခွဲ၍ သူတစ်ပါး၏ အိမ်ထောင်ဖက်များကို ယူခဲ့ကြသော လူများသည်ပင်လျှင် လူအများကြားတွင် ပွဲလယ်တင့်နေကြသော ခေတ်ကာလမှာ နွေးနွေးတို့လို တစ်ခုလပ်ဆိုလျှင် အဘယ်ကြောင့် အထင် တသေး ရှိနေကြပါသနည်း။မိန်းမများသည် အိမ်ထောင်ပြုလိုက်ပြီဆိုလျှင် အတတ်နိုင်ဆုံးအိမ်ထောင်ကို သက်ဆုံးတိုင်မြဲအောင် ကြိုးစားချင်ကြသည်။သည်လို ကြားထဲမှ အခြေအနေက ကိုယ့်အတွက်ဖြစ်မလာသော အခါ ကိုယ့်လမ်းကိုယ်လျှောက်ကြဖို့ကို သတ္တိရှိရှိဆုံးဖြတ်လိုက်ကြသည်။ ကိုယ့်ကိုယ်မလိုလားသော သို့မဟုတ် ကတိသစ္စာမတည်ကြည်သော ခင်ပွန်းယောကျာ်းကို ပြတ်ပြတ်သားသားစွန့်ပစ်လိုက်ပြီးလျှင် လူတကာ အထင်သေးရှုံ့ချချင်သော တစ်ခုလပ်ဆိုသော ဘဝကို ခံယူလိုက်ကြသည်။ ဒါသည် အပြစ်လား ။ ဘယ်အရာကများ လူအထင်သေးစရာဖြစ်ခဲ့ပါသနည်း ။ မှန်ရာကို ဆိုရလျှင် နွေးနွေးသည် မောင်မောင် လတ်နှင့် လမ်းခွဲခဲ့ရခြင်းအတွက် နောင်တရခြင်း မရှိပါလေ။ တစ်ခုလပ် ဖြစ်နေရခြင်းအတွက်လည်း သိမ်ငယ်ခြင်းမရှိပါ ။လူတို့သည် ဆုံစည်းဖို့ရန် ကံတရားပါလျှင် ဆုံစည်းကြပြီး ကံကုန်လျှင် ခွဲခွါကြရမည်ဟုသာ နွေးနွေးခံယူထားမိသည်။
~~~~~~~~~~~~~~~~~~~
” အမေရေ …အိတော့ သိချင်တာနဲ့ပဲ ..အဲ့ဒီမိန်းမ အခြေအနေကို သွားကြည့်လိုက်တာ … စရိုက်ဆန်လိုက်တာဆိုတာအမေရယ် အိကို ဘာပြောလိုက်တယ်ထင်လဲ …သူတို့က အရွယ်ရောက် ပြီးသား လူလွတ်တွေတဲ့လေ … သူနေတဲ့ ရပ်ကွက်ကလဲ စုတ်ပြတ်နေတာပါပဲ အမေရယ် … တစ်အိမ်က ဘာလုပ်လုပ် တစ်အိမ်က ကြားနေရတယ် ….တကယ်ပါ အမေ့သား ကိုသွင် အဲ့ဒီလို မိန်းမနဲ့ ဘယ်လိုများ တွေ့သွားလဲ မသိဘူး ”
အိသဇင်က မဲ့ကာရွှဲ့ ကာနှင့် ယောက္ခမဖြစ်သူကို ပြောပြနေသည်။
ဒေါ်မေဇင်ထက်သည် ချွေးမဖြစ်သူ၏ ပြောစကားများကို နားထောင်ရင်း နဂိုစိတ်ရင်းခံကောင်းသူပီပီ တုန်တုန်လှုပ်လုပ်အသံလေးနှင့် ပြောလိုက်သည်။
“သမီး အဲ့ဒီလို သွားပြောတော့ ကောင်းပါ့မလားကွယ် …အဓိက က ကိုယ့်သားကိုပဲ ပြောရမှာ မဟုတ်လားကွယ် .. သားငယ် ပြန်လာရင် စိတ်များဆိုးနေမလား မသိဘူး ”
ဒေါ်မေဇင်ထက်က စိုးရိမ်ထိတ်လန့်စွာ ပြောလိုက်သည်။
“စိတ်ဆိုးလဲ ဘာအရေးလဲ အမေ….အဓိက က အမေ စိတ်မပျော့အောင်နေ … သဘောမတူတဲ့အကြောင်းကို တိတိလင်းလင်း ပြောပြထားလိုက်ပေါ့ …အမေ့စကားကိုဆို အမေ့သားငယ်ကနားထောင်တယ်လေ … အိရဲ့ ညီမ မိုးကဗျာနဲ့သာဆိုရင် နေနဲ့ လ ရွှေနဲ့မြပဲ အမေ …. ညီမလေးကဗျာက ပညာတတ်ဘွဲ့ရ … တစ်ဦးတည်းသော သမီးလေ … ပြီးတော့ ယောကျာ်းဆိုတာလေးလို့ …အလုပ်နဲ့သူ့အိမ်ရယ် အိတို့အိမ်က လွဲလို့ ဘယ်မှမသွားမလာ …ဘယ်သူနဲ့မှ အရှုပ်အရှင်း ရှိတာ မဟုတ်ဘူး …အိက ကိုသွင့်ကို မောင်အရင်းလို သဘောထားလို့ ပြောတာ အမေ ”
~~~~~~~~~~~~~~~~~~~
” ကိုယ် ထောင်းပန်ပါတယ် နွေးရယ်…. နောက် ဒီလို ထပ်မဖြစ်စေရဘူးလို့ ကတိပေးပါတယ် ”
သွင်ငြိမ်းထက်သည် နွေးနွေး၏ မျက်နှာလေးကို ကြည့်လျက် တောင်းပန်စကားဆိုလိုက်မိသည်။
” တစ်နေ့ကျရင် ဒီလိုတွေဖြစ်လာမယ်ဆိုတာသိလို နွေးငြင်းဆန်ခဲ့တာ …. နွေးအေးအေးချမ်းချမ်းပဲ နေချင်တယ် ကိုသွင်…နွေးရဲ့သိက္ခာကို စော်ကားတဲ့ စကားတွေပြောတာမျိုးကို လက်မခံနိုင်ဘူး ……နဂိုထဲကမှ ပတ်ဝန်းကျင်က နွေးရဲ့ အားနည်းချက်ကို ရှာနေကြတာလေ ….ပြီးတော့ ကိုသွင့်မှာ စေ့စပ်ထားတဲ့သူရှိတယ်ဆိုတာကရော အမှန်ပဲလား ..ဒီကိစ္စကို သေချာ သိချင်တယ် ”
“မဟုတ်တာ နွေးရယ် … ဒီခေတ်ထဲမှာ ဒါမျိုးတွေ ရှိသေးလို့လား …ကိုယ့်ဘ၀မှာ ပထမဆုံးအနေနဲ့ လက်ထပ်ဖို့ စဉ်းစားခဲ့မိတာ နွေးပဲ ရှိတယ် ….စိတ်ချပါ ဒီကိစ္စကို နွေးလက်ခံနိုင်တဲ့အထိကိုယ်ရှင်းပြမယ် … ပြီးတော့ နွေးကို ကိုယ်တောင်းဆိုချင်တာ တစ်ခုရှိတယ် … ဘယ်သူတွေဘာတွေ ပြောပြော ကိုယ်ကိုပဲ ယုံကြည်ပေးပါ နွေးရယ် … အမေက မိဘပီပီ ကိုယ်တို့ကို သဘောမတူနိုင်ဘူးလို့ ပြောနိုင်ပါတယ် …ဒါပေမဲ့ ကိုယ့်ရဲ့အမေက အဆင်ခြင်မဲ့တဲ့ သူမျိုး …အဆင့်အတန်းမရှိတဲ့သူမျိုးမဟုတ်ပါဘူး … နွေးအကြောင်းကို သေချာသိရင် အမေလက်ခံမှာပါ …အမေလက်ခံအောင်လဲ ကိုယ်ကြိုးစားမယ် …ပြီးရင် နွေးကို လူကြီးစုံရာနဲ့ လာတောင်းမယ်….ဒီကြားထဲမှာ နွေးက တတ်နိုင်သလောက် ကိုယ့်ကို နားလည်ပေးပါနော်််…”
သွင်ငြိမ်းထက်သည် နွေးနွေး၏ လက်ကလေးကို ယုယကြင်နာစွာ ဆုပ်ကိုင်လိုက်ပြီးလျှင် တောင်းပန်စကားကို ဆိုမိလေသည်။ထို့အတူ စိတ်ထဲမှလည်း မရီးဖြစ်သူ အိသဇင်ကို အတော်လေးပင် စိတ်တို ဒေါသထွက်မိလေသည်။
” နွေးလဲ အခြားသူပြောတဲ့ စကားကြောင့် ကိုသွင့်ကို ရန်မလုပ်ပါဘူး .. တစ်ခုတော့ ရှိတယ် … နွေးကို အထင်သေးနေတဲ့သူတွေနဲ့တော့ ရှေ့ဆက်အဆင်ပြေမယ် မထင်ဘူး ကိုသွင်ရယ် ”
” ဒီအတွက် စိတ်ချပါနွေးရယ် …ကိုယ်တို့ကြားထဲမှာ ဘယ်သူမှ ဝင်ပါလို့ မရဘူး … ကိုယ့်မှာ အစီအစဉ်တွေ ရှိပြီသားပါ…နွေးကို စော်ကားတာဟာ ကိုယ့်ကို စော်ကားတာပဲလေ ”
နွေးနွေး၏ စကားကြောင့် သွင်ငြိမ်းထက်သည် ပျာပျာသလဲနှင့် ပြောလိုက်သည်။
“အင်းပါ …အိမ်ရောက်ရင် ကောင်းကောင်းမွန်မွန်ပဲ ပြောနော် ..နွေးက ကိုသွင့်ကို ယုံပါတယ်… တော်ကြာ မမကြီးကပါ သဘောမတူဘူးဆိုပြီး ထပြောမှာ ကြောက်တယ် … နွေးအတွက်တော့ မမကြီးက မိခင်တစ်ယောက်လိုပဲမို့ မမကြီး စိတ်ဆင်းရဲတာမျိုးကိုလဲ မဖြစ်စေချင်ဘူး ”
နွေးနွေးသည် ပြောနေရင်းမှ တောင်းပန် တိုးလျှိုးသော အကြည့်များနှင့် ကြည့်နေရှာသည့် သွင်ငြိမ်းထက်၏ မျက်နှာလေးကို ကြည့်လိုက်မိပြီး စိတ်ထဲမှသနားသွားမိကာ
“ကဲပါ စိတ်အရမ်းညစ်မနေပါနဲ့ … နွေးလဲ ဆတ်ဆတ်ထိမခံ ဖြစ်တတ်တဲ့စိတ်ကို လျှော့ပါ့မယ် … ဆေးရုံမှာလဲ လူရောစိတ်ရော ပင်ပန်းလာရတဲ့ကြားထဲ နွေးကပါ ထပ်ပြီး စိတ်ညစ်အောင် မလုပ်ချင်ပါဘူး ”
နွေးနွေးသည် ပြောရင်းမှ ချစ်ရသူ၏ နဖူးပြင်ထက်မှ ချွေးသီးလေးများကို တစ်ရှူးစလေးနှင့် ပွတ်သုတ်ပေးလိုက်သည်။ထိုအခါ သွင်းငြိမ်းထက်သည် နွေးနွေး၏ ခေါင်းလေးကို လက်နှင့် ခပ်ဖွဖွပွတ်လိုက်ပြီးလျှင် တီးတိုး ပြောလိုက်သည်။
“ဆေးရုံမှာ စတွေ့ကတည်းက ကိုယ့်ဘဝကို နွေးနဲ့ပဲ ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့တာ…ဒါကို ဘယ်သူမှ တားလို့မရပါဘူး နွေးရယ် ”
~~~~~~~~~~~~~~~~~~~
ဒေါ်မေဇင်ထက်သည် မိမိရှေ့တွင် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေသော သားဖြစ်သူကို မဝံ့မရဲ ကြည့်လိုက်မိသည်။ချွေးမဖြစ်သူ အီသဇင်၏လုပ်ရပ်အတွက် ဒေါ်မေဇင်ထက်သည် သားဖြစ်သူကို မျက်နှာပူမိသည်မှာ အမှန်ပါပင်။သို့သော်လည်း ချွေးမဖြစ်သူက စေတနာနှင့် လုပ်ဆောင်ပါသည်ဟု ပြောလာသောအခါ ဒေါ်မေဇင်ထက်မှာ မပြောသာမဆိုသာဖြစ်ခဲ့ရသည်။ထို့ကြောင့်ပင် ချွေးမဖြစ်သူကို စောစောစီးစီးပင် သူတို့ တိုက်ရှိရာသို့ ပြန်ခိုင်းလိုက်ရလေသည်။မိန်းမများကြောင့် သားနှစ်ယောက် မသင့်မမြတ်ဖြစ်မည်ကို ဒေါ်မေဇင်ထက် စိုးရိမ်မိပါလေသည်။
“မပြောမဆိုနဲ့ မင်းမရီးက သွားခဲ့တာတော့ သူလွန်တာ အမှန်ပဲ …ဒါပေမဲ့ အမလဲ သားတို့ကို သဘောမတူနိုင်ဘူး …သားမှာ ကြိုက်စရာလူ ဒီလောက် ရှားလား ”
” ဘာလို့ သဘောမတူတာလဲ အမေ …သူက တစ်ခုလပ်မို့လို့လား …ဒါဆို အမေက ကျွန်တော့်ကို ဘယ်သူနဲ့ သဘောတူတာလဲ …ဘာလဲ မိုးကဗျာနဲ့လား….မိုးကဗျာက အပျို … ငွေကြေးပြည့်စုံတယ် … ပညာတတ်ဘွဲ့ရ ဆိုပြီး သဘောကျနေတာလား ..အဲ့ဒါတွေက သူ့ရဲ့ အပေါ်ယံ အရည်အချင်းတွေလေ … မိုးကဗျာ လှသလောက် အပျော်အပါးမက်တာ …အသုံးအဖြုန်းကြီးတာတွေ …ကလပ်တွေ ဘားတွေသွားတတ်တာကိုရော အမေသိလား …အဲ့ဒီလိုလူမျိုးကို အပျိုဆိုတဲ့နာမည်လေးရှိတာနဲ့ပဲ ယူရမှာလား အမေ ”
သွင်ငြိမ်းထက်က မိခင်ကို မေးလိုက်သည်။
” ကျွန်တော် စိတ်မကောင်းဘူး အမေရာ … ကျွန်တော့်ကို အမေ အရမ်းအထင်သေးတာပဲ … ကျွန်တော်လိုလူက ချစ်တဲ့စိတ်တစ်ခုနဲ့ပဲ မိုးမမြင် လေမမြင်ဆုံးဖြတ်မဲ့သူမျိုးလား … ကျွန်တော် သူ့ကိုချစ်တာမှန်ပေမဲ့ သူ့အကြောင်းကို သေချာ လေ့လာ စုံးစမ်းပြီးမှ ရွေးချယ်ခဲ့တာ အမေ ….သူက အိမ်ထောင်ဖက်က သစ္စာဖောက်ဖျက်ခဲ့လို့ လမ်းခွဲခဲ့ပြီး သူ့ဘဝကို အောင်မြင်အောင် ကြိုးစားနေတာပါ…အဲ့ဒါက အပြစ်လား အမေရယ် …သားတော့ သူ့ကိုချစ်ရုံတင်မဟုတ်ဘူး လေးလဲလေးစားတယ် … ”
သွင်ငြိမ်ထက်၏ ဝမ်းနည်းယူကြုံးမရစွာ ပြောလိုက်သောအသံကြောင့် ဒေါ်မေဇင်ထက်မှာ သားဖြစ်သူ၏ ထိုသို့ ပုံစံကို မမြင်ဖူးသောကြောင့် ကိုယ်တိုင်ပင် စိတ်မကောင်းဖြစ်လျက် သက်ပြင်းကိုအခါခါ ချနေမိလေသည်။
“အမေ သူ့အကြောင်း မသိသေးလို့ပါ … တစ်ခုလပ် ဆိုတဲ့ ဖြစ်ချက်ကလွဲလို့ …သိပ်ကို တော်တဲ့ သူပါ … သူ့အကြောင်းကို အမေကြိုက်သလို စုံစမ်းကြည့်ပါ ….ကျွန်တော်ကတော့ ရှင်းရှင်းပဲပြောမယ် …အမေ့ကို ထားခဲ့မှာ မဟုတ်သလို သူ့ကိုလဲ စွန့်ပစ်မှာ မဟုတ်ဘူး …ပြီးတော့ ကျွန်တော့် ကိုယ်ရေးကိုယ်တာကို အခြားသူ ၀င်စွက်ဖက်တာကိုလဲ မကြိုက်ဘူး … မအိကို ပြောလိုက်ပါ အမေ …နောက်ထပ် ကျွန်တော့်ကိစ္စတွေမှာ ဝင်မရှုပ်ပါနဲ့လို့ ”
သွင်ငြိမ်းထက်က ပြောပြီးသည်နှင့် ထိုင်နေရာမှ ထလိုက်သည်။
“မင်းဘယ်လို ပြောလိုက်တာလဲ သားသွင်…အိသဇင်က အခြားသူလား … တို့မိသားစုလေ ”
ဒေါ်မေဇင်ထက်က သားဖြစ်သူကို အော်ပြောလိုက်သည်။
“ဒီမှာ အမေ …မအိလိုမျိုး လောဘကြီး အပျင်းကြီးတဲ့ချွေးမ မျိုးကိုတောင် အမေလက်ခံနိုင်သေးတာ….ကျွန်တော်ချစ်တဲ့သူကိုလဲ အမေ လက်ခံနိုင်မှာပါ”
သွင်ငြိမ်းထက်သည် ပြောပြောဆိုဆိုနှင့် သူ့အခန်းဆီသို့ တက်ခဲ့လိုက်သည် ။
~~~~~~~~~~~~~~~~~~~
“အဲ့ဒါပြောတာပေါ့အေ ….တန်ရာကို မမှန်းဘဲ အမြင့်ကို မှန်းတော့ လူကျမကျဘဲ ..ခွေးကျကျမှာမြင်ယောင်ပါသေးတယ် ”
နွေးနွေး သူတို့အနားသို့ ရောက်သောအခါမှ တမင် နွေးနွေး မကြားကြားအောင် ပြောသော စကားပင် ဖြစ်ပါသည်။ယမန်နေ့ အိသဇင် လာစဉ်အခါက နားစွန်နားဖျား ကြားသွားခဲ့သော စကားမှာ တစ်ယောက်ဆီမှ တစ်ယောက်ဆီသို့ ချဲ့ကား၍ ရောက်ရှိသွားလေပြီဖြစ်သည်။နွေးနွေး ဝယ်စရာရှိသည်ကို အမြန်ဝယ်ပြီး ပြန်ဖို့ရန် ပြင်လိုက်သည်။
” အိမ်က အရူးကောင်ကလဲ ဒါကိုမှ လိုချင်သပ ဖြစ်နေလို့ ကြိမ်းမောင်းထားရသေးတယ် ”
နွေးနွေးကို တည့်တည့်ကြည့်၍ ပြောနေသော အမျိုးသမီးကြီးသည် နွေးနွေးတို့ရပ်ကွက်ထဲမှ အာကြမ်းလျှာကြမ်း အမျိုးသမီးကြီးဖြစ်သည်။ဘာမှသုံးစားမရသော သူမ၏ သား အရက်သမားကို နွေးနွေးနှင့် လက်ထပ်ပေးရန်အတွက် ကြိုးစားခဲ့ဖူးသည်။ ထိုစဉ်က နွေးနွေးသည် စိတ်ဆိုးလွန်းသောကြောင့် မြွေမသေတုတ်မကျိုး ငြင်းတာမျိုး မဟုတ်ဘဲ(င့်//ပြတ်ပြတ်သားသားပင် ငြင်းလွှတ်ခဲ့သည်။” အရက်ဖိုး ဆေးဖိုးကူရှာခိုင်းမလို့လား “ဟုသော နွေးနွေး၏စကားက သူတို့၏ အရှိုက်ကို ထိသွားခဲ့ပုံရသည်။သည်ကိစ္စအတွက် နွေးနွေးကို အငြိုးမပြေနိုင်ဖြစ်နေခဲ့ပုံရသည်။သားသမီးချင်းမစာနာပြောထွက်သော သူတို့၏ အပြုအမူနှင့်စိတ်ဓါတ်အတွက်တော့ ရှက်ပုံလည်းမရပါချေ။မသိလျှင် နွေးနွေးကို ရောင်းမရသော ကုန်ပစ္စည်းတစ်ခုလို ဈေးပေါင်ကျိုးဈေးနဲ့ ရယူလိုခြင်းပါပင်။သည်ကြားထဲ အိမ်ထောင်ရှိသူများကလည်း လမ်းကြုံး ရမလားစမ်းချင်သေးသည်။ ဒါမျိုးဆိုလျှင်တော့ နွေးနွေးက ဓါးကြိမ်းကြိမ်းပစ်သည်။ရပ်မိရပ်ဖကို တိုင်သင့်က တိုင်ပစ်လိုက်သည်။သူတို့စိတ်ထဲ၌ နွေးနွေးသည် တစ်ခုလပ် ဖြစ်သည့် အပြင် အစ်မကြီးရှိပါလျက်နှင့် အတူမ နေဘဲ တစ်ယောက်တည်းနေခြင်းကြောင့် အထင်တသေးနှင့် စမ်းသပ်လိုကြခြင်းဖြစ်ကြဟန်ရှိသည်။နွေးနွေးကတော့ ရှင်းသည်။အစ်မအိမ်ပေါ်တက်၍ ဒုက္ခမပေးလို။ပတ်ဝန်းကျင်က ခဲအိုကြီးနှင့်စမှာ နောက်မှာကိုလည်း လက်မခံနိုင်သောကြောင့် ကိုယ့်အိုး ကိုယ့်အိမ်နှင့်သာ နေခဲ့သည်။အဲ့သည့်အတွက် ပတ်ဝန်းကျင်က ထင်ရာပြောကြသော်လည်း နွေးနွေးကိုယ့်လမ်းကိုယ်သာ ရဲရဲဝံ့ဝံ့ ဆက်လျှောက်ခဲ့သည်။နွေးနွေး ဖိနပ်ဆိုင်မှာ သွားလုပ်ခဲ့သည်ကိုလည်း ပတ်ဝန်းကျင်ကတစ်မျိုး ပြောချင်ကြသည်။သို့သော်လည်း နွေးနွေး သည့်ထက်ပို၍ ဂရုမစိုက်အားပါ။ပတ်ဝန်းကျင်ဆိုသည်မှာ အချိန်တန်ပြောလို့ ၀လျှင် တိတ်သွားမည်သာဖြစ်သည်။ကိုယ့်လုပ်ရပ်အတွက် ကောင်းကျိုး ဆိုးကျိုးကို ကိုယ်သာ ခံစားရမည်ဖြစ်သည်။ကြာတော့ ပတ်ဝန်းကျင်၏ အကြည့်များကို နွေးနွေး အလေးမထားချင်တော့ပေ။ကိုယ့်ဘဝတိုးတက်ရေး အတွက်သာ ကြိုးစားခဲ့သည်။
“မနွေး အဆင်ပြေရဲ့လား ”
မေးသံကြောင့် ကြည့်လိုက်သောအခါ အသိအကျွမ်း တစ်ယောက်ကို တွေ့လိုက်ရသည်။သူသည် ဘာအဓိပ္ပါယ်နှင့်မေးသည် မသိသော်လည်း နွေးနွေးက ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။
“အဆင်ပြေပါတယ် …ဆိုင်သစ်တွေ ပေါ်လာပေမဲ့ နွေးဆိုင်က ပစ္စည်းစုံတော့ အရောင်းအဝယ်ပုံမှန်ပါပဲ ”
နွေးနွေး၏ အဖြေကို ကြားသောအခါ သူကျေနပ်ပုံမရပါ။ သူဘာကို သိချင်နေသည်မှန်း နွေးနွေး သိနေသော်လည်း မသိဟန် ပြုနေလိုက်သည်။မနေနိုင်သည့်အဆုံးတွင် သူက ပေါ်တင်ပင်မေးလာလေသည် ။
” အယ် … ဟိုလေ စီးပွားရေးကို ပြောတာမဟုတ်ဘူး မနွေးရဲ့…ဟိုတစ်နေ့က မနွေးအိမ်ကို လာလာနေတဲ့ သူရဲ့မိန်းမက ရန်လာတွေ့သွားတယ်ဆို အဲ့ဒါ မနွေးကိုစိတ်ပူနေမိတာ ”
သေချာသည် စိတ်ပူ၍ မေးသော အသံမျိုးမဟုတ်ပေ။ ဝမ်းသာပျော်ရွှင်သောအသံမျိုးသာဖြစ်လေသည်။နွေးနွေး အံကိုကြိတ်လိုက်မိသည်။ဒေါသတောင်းခနဲ ထွက်သွားမိသော်လည်း စိတ်ကို ထိန်းလိုက်သည်။လူတို့၏ အဇ္ဈတ္တသည် ကြောက်ဖို့ကောင်းလေစွ။ သူတို့စိတ်တွင်း၌ တစ်ခုလပ်သည် တစ်ခုလပ် သို့မဟုတ် မုဆိုးဖိုများနှင့်သာ တွဲရမည်။သို့မဟုတ်လျှင် တစ်ခုလပ်များသည် စီးပွားရေး၊ ပညာရေးနှင့် အကျင့်စာရိတ္တ ချို့တဲ့သူများနှင့်သာ ဆုံစည်းသင့်သည်ဟု ခံယူထားကြပုံရသည်။အဘက်ဘက်က အစစအရာရာပြည့်စုံသူများနှင့်ဆုံစည်းရမည့်အရေးမျိုးဆို သူတို့မုဒိတာမပွားနိုင်ကြပါ။ မသိလျှင် သူတို့၏ အခွင့်အရေးကို လုယူခံလိုက်ရသကဲ့သို့ တစ်ဖက်သက်ခံပြင်းစိတ်များ ရှိနေကြသည်ထင်ပါလေသည်။
” အစ်မကို ဘယ်သူပြောလဲ ”
နွေးနွေးသည် ခပ်ဆတ်ဆတ်အသံလေးနှင့် ပြန်မေးမိသည်။
“ဟို … သူများတွေ ပြောနေသံကြားလို့ ”
“လူတွေက မဟုတ်တာဆို သိပ်ပြောချင်ကြတာပဲ ….သူက( ….) ဆေးရုံက ဆရာဝန်လေ အိမ်ထောင်လဲ မရှိဘူး …မယုံရင် ဆေးရုံမှာ သွားစုံစမ်းကြာတာမဟုတ်ဘူး … နွေးက အိမ်ထောင်သည်ကို ကြိုက်ဖို့ မပြောနဲ့ လူပျိုတွေကိုတောင် စိတ်မဝင်စားဘူး … နွေးရဲ့ အရည်အချင်းနဲ့ ကိုယ့်ဘ၀ကိုယ်တည်ဆောက်နိုင်တယ်…လူတွေက သူတို့စိတ်နဲ့သိပ်နှိုင်းကြတာပဲ ”
နွေးနွေးဒေါသဖြစ်ဖြစ်နှင့် ပြောလိုက်သောအခါ အသိအစ်မ၏ မျက်နှာမှာ ညိုမည်းပုတ်သွားသည်ကိုတွေ့လိုက်ရလေသည်။
~~~~~~~~~~~~~~~~~~
“လိုက်ခဲ့ပါ နွေးရယ် … နွေးစိတ်ရှင်းသွားအောင် အိမ်ကိုခေါ်ပြီး အမေနဲ့ တွေ့ပေးချင်တယ် ”
” အမှန်တိုင်း ပြောရရင်တော့ မလိုက်ချင်ဘူး ကို သွင်ရယ် …”
သွင်ငြိမ်းထက်သည် နွေးနွေးအား မိခင်ဖြစ်သူနှင့် တွေ့ပေးရန်အတွက် သူ၏အိမ်သို့ ခေါ်နေခြင်းဖြစ်လေသည်။ နွေးနွေးမှာ လိုက်လိုသော ဆန္ဒမရှိသော်လည်း သည်လို အဖြစ်မျိုးက တစ်နေ့တွင် မလွှဲမသွေကြုံရမည်ဖြစ်သလို ချစ်ရသူက စိတ်ရင်းမှန်မှန်နှင့်ခေါ်နေသည်ကို သိသောကြောင့် ချစ်သူ၏အိမ်သို့ လိုက်သွားရန်ဆုံးဖြတ်လိုက်ရလေသည်။
=====================
အပိုင်း ( ၁၇ ) ဆက်ရန်
ဧကြည်ဖြူ
ဧကြည်ဖြူ
” တစ်ခုလပ် ”
အပိုင်း ( ၁၇ )
*****************
နွေးနွေးသည် ကားပေါ်မှဆင်းလိုက်ပြီးသည့်နောက် ရှေ့တွင် မြင်နေရသော ပုံစံတူတိုက်အိမ်နှစ်လုံးကို ငေး၍ ကြည့်နေမိသည်။မှန်ရာကို ဆိုရလျှင် နွေးနွေးသည် ချစ်သူ သွင်ငြိမ်းထက် ၏ အပြင်အဆင်နှင့်ဝတ်စားဆင်ယင်ပုံများကြောင့် သာမာန်ထက် အနည်းငယ်ပို၍ ပြည်စုံသည်ဟုသာ ထင်မှတ်ခဲ့မိသည်။ ယခုလို ပြည့်စုံကြွယ်ဝသော ပုံစံကို လက်တွေ့ မြင်တွေ့လိုက်ရသည့်အခါ စိတ်ထဲ စိုးရွံ့စိတ်ကလေး၀င်လာမိလေသည်။နွေးနွေး၏ ခြေထောက်များမှာ မသိမသာ တုန်ယင်လာမိလေသည်။
သွင်ငြိမ်းထက်သည် ကားပေါ်မှ ဆင်းလိုက်ပြီးလျှင် ချစ်သူနွေးနွေးဆီသို့ လျှောက်သွားလိုက်ပြီးလျှင် ချစ်သူ၏ လက်ကလေးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။
“လာလေ နွေး ”
“နွေး…. နွေး ကြောက်တယ် …ကိုသွင်တို့ကို သာမန်မိသားစုလို့ပဲ ထင်မိခဲ့တာ ”
” နွေးကလဲ ဘာတွေပြောနေတာလဲ ကွာ ..ခုလဲ သာမန်ပါပဲ … ကိုယ့်လစာက နွေးဝင်ငွေလောက်မှ မကောင်းတာ …လာပါ ကိုယ်ရှိတယ် ဘာမှမကြောက်နဲ့ ”
သွင်ငြိမ်းထက်သည် နွေးနွေး၏ လက်ကလေးကို ဆွဲယူလျက် အိမ်ထဲသို့ ဝင်ခဲ့လေသည်။
~~~~~~~~~~~~~~~~~~
ဒေါ်မေဇင်ထက်သည် သားဖြစ်သူ သွင်ငြိမ်းထက်ခေါ် လာသော ချွေးမလောင်း၏ ပုံစံသွင်ပြင်ကိုကြည့်ပြီး စိတ်ထဲ ဘ၀င်ကျသလိုတော့ ဖြစ်သွားမိသည်။မရိုးလွန်း မဆန်းလွန်းသော ဝတ်စားဆင်ယင်ပုံနှင့် အေးချမ်း ကြည်လင်နေသော မျက်နှာလေးသည် သားဖြစ်သူ သဘောကျမည်ဆိုလျှင်လည်း ကျချင်စရာပဲဟု တွေးလိုက်မိသည်။မျက်နှာ၏ အလှအပသည် မိုးကဗျာကို မမှီသော်ငြား မိုးကဗျာ၏ မျက်လုံးအကြည့်များကဲ့သို့ မာယာမပါကြာမပါဘဲ ပကတိ ကြည်လင်သောအကြည့်များကို တွေ့ရလေသည်။သားဖြစ်သူနှင့်လိုက်ဖက်မှုရှိသည်ကို အသိအမှတ်ပြုလိုက်မိလေသည်။အကယ်၍များ တစ်ခုလပ်ဆိုသော နာမည်ပျက်သာ မရှိခဲ့လျှင် ဒေါ်မေဇင်ထက် ကြည်ဖြူစွာပင် လက်ခံပေးမိမည်ထင်ပါသည်။ယခုမူ တစ်ခုလပ်ဆိုသော အတွေးက ဒေါ်မေဇင်ထက်ကို ခြောက်လှန့်နေသည်။သည်ကြားထဲ၌ ချွေးမဖြစ်သူ အိသဇင်၏ “တစ်ခုလပ်ဆိုတဲ့ နာမည်ပျက်ရှိနေမှတော့ ဘယ်လိုမိန်းမကောင်းဖြစ်နိုင်မှာလဲ အမေရဲ့ “ဆိုသော စကားကို စိတ်ထဲမှာစွဲနေမိပြန်သည်။ဒေါ်မေဇင်ထက် ကိုယ်တိုင်က စိတ်ထားတည်ကြည် ရိုးဖြောင့်သော ခင်ပွန်းကောင်းကို ရခဲ့သောကြောင့် အိမ်ထောင်ပြိုကွဲရခြင်းအကြောင်းအရင်းကို နားလည်မပေးနိုင်ဖြစ်နေမိသည်။ပြီးလျှင် သားဖြစ်သူ သွင်ငြိမ်းထက်သည်လည်း ဖအေးတူသားဖြစ်သောကြောင့် လေးနက်တည်ကြည်သော စိတ်ထားရှိခြင်းကြောင့် အိမ်ထောင်ပြုမည်ဆိုလျှင် အမျိုးကောင်းသားသမီးနှင့် သာ ဆုံစည်းစေချင်မိသည်။တစ်ခုလပ် မိန်းခလေးတစ်ယောက်နှင့် မိမိ၏သားသမီးတစ်ယောက်ကို သဘောမကျနိုင်ဖြစ်နေရသည်မှာ မိဘတစ်ယောက်၏ အတ္တပဲဖြစ်လိမ့်မည်ထင်ပါသည် ။ ထို့ကြောင့် ဒေါ်မေဇင်ထက်သည် အနည်းငယ် ပြေလျော့စပြုချင်နေသော မျက်နှာကို တမင်ပင် ခပ်တင်းတင်းနေလိုက်သည်။
“အမေ့ကိုလဲ ကျွန်တော်ချစ်တယ် … နွေးကိုလဲ ချစ်တယ် အမေ ..အဲ့ဒါကြောင့် …ကျွန်တော့်ချစ်တဲ့သူနှစ်ယောက်ကိုလဲ အဆင်ပြေစေချင်တယ် …ဖြစ်နိုင်ရင် ကျွန်တော်တို့ သုံးယောက်အတူတူ ပျော်ပျော်ရွှင်ရွှင်နေချင်တယ် အမေ ”
သွင်ငြိမ်းထက်သည် မိခင်၏မျက်နှာကို တောင်းပန်တိုးလျှိုးသော အကြည့်များဖြင့် ကြည့်၍ ပြောလိုက်သည်။
“ငါက သဘောမတူနိုင်ဘူးဆိုရင် မင်းတို့ ဘာလုပ်ကြမလဲ ပြော ”
ဒေါ်မေဇင်ထက်က လေသံမာမာနှင့် မေးလိုက်သည်။
နွေးနွေးသည် ဒေါ် မေဇင်ထက်၏ စကားကြောင့် ခေါင်းကို အသာငုံ့ထားလိုက်မိသည်။နွေးနွေး၏ ရင်ထဲတွင် မာနက ခေါင်းထောင်ထချင်လာသော်လည်း မိဘတို့ မည်သည် သားသမီးနှင့့်ပတ်သက်လျှင် အတ္တကိုယ်စီရှိကြသည်ကို သိသောကြောင့် နွေးနွေး နားလည်ပေးနိုင်ပါလေသည်။
” အမေသဘောတူနိုင်တဲ့ အထိ စောင့်ပါမယ် အမေ … အချိန်အတိုင်းတာတစ်ခုအထိမှ အမေ သဘောမတူနိုင်သေးဘူးဆိုရင်တော့ စိတ်မကောင်းစွာနဲ့ နှစ်ဦးသဘောတူပဲ လက်ထပ်ရမှာပေါ့ အမေ……ကျွန်တော့် ဆန္ဒကတော့ အမေနဲ့ အတူတူတစ်အိမ်ထဲမှာပဲ နေချင်တာပါ ဒါပေမဲ့ အမေ သဘောမကျရင် အိမ်ခွဲနေပါ့မယ် ”
သွင်ငြိမ်းထက်၏ စကားကြောင့် ဒေါ်မေဇင် ထက်နှင့်နွေးနွေးသည် သွင်ငြိမ်းထက်ကို ကြည့်လိုက်ကြသည်။
“ဒါဆို မင်းက မင်းသဘောနဲ့ မင်းလုပ်မယ်ဆိုတဲ့ သဘောပေါ့လေ .. ဒါနဲ့ မိန်းခလေး မင်းရဲ့ သဘောကရော ဘယ်လိုလဲ … ယောကျာ်းလေးရှင်က သဘောမတူတဲ့ မင်္ဂလာပွဲကို လုပ်ချင်တာပဲလား ”
” ရှင် ”
ဒေါ်မေဇင်ထက်သည့် သားဖြစ်သူကို ခပ်တင်းတင်းပြောလိုက်ရင်းမှ ငြိမ်သက်စွာထိုင်နေသော နွေးနွေးကိုပါ မေးလိုက်သည်။
နွေးနွေးသည် ရုတ်တရက်မို လန့်ဖျပ်သွားရပြီးလျှင် “ရှင် ”ဟု အသံလေးထွက်သွားမိသည်။ပြီးလျှင် ချစ်ရသူ သွင်ငြိမ်းထက်ကို မော့ကြည့်လိုက်မိလေသည်။သွင်ငြိမ်းထက်သည်လည်း နွေးနွေး၏ အဖြေကို သိချင်နေပုံနှင့် နွေးနွေးကို ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
“ဟုတ် …ဟုတ်ကဲ့ … နွေး…. နွေးကတော့ နှစ်ဘက်လူကြီးတွေ သဘောတူလက်ခံမှ လက်ထပ်ချင်ပါတယ်ရှင် …ဒါ…ဒါပေမဲ့ ကိုသွင့်ဆန္ဒအတိုင်းပါပဲရှင် … မိသားစု စုံစုံလင်လင်နဲ့ နေချင်ပါတယ် ”
နွေးနွေးသည် ထိုစကားကို ချစ်ရသူအပေါ် ချစ်ခြင်း ယုံကြည်ခြင်းတစ်ခုနှင့်ပင် ပြောလိုက်ခြင်းဖြစ်ပါသည်။ချစ်ရသူက နွေးနွေးအတွက် မိသားစုနှင့် အပေါင်းအသင်းများကြားတွင် ရဲရဲဝံ့ဝံ့ရင်ဆိုင်နေချိန်တွင် နွေးနွေးသည်လည်း ယောက္ခမလောင်း၏ ရှေ့တွင် မာနတရားတို့ကို ဦးနှိမ်လျက် အားလုံးအဆင်ပြေဖို့အရေးကို ပြောနိုင်ရပေမည်မဟုတ်ပါလား။နွေးနွေး၏ စကားကြောင့် ချစ်ရသူ သွင် ငြိမ်းထက်၏ မျက်နှာလေးပြုံးသွားသည်ကို မြင်ရသောအခါ နွေးနွေးလည်း စိတ်ချမ်းသာရပါလေသည်။ထိုနည်းတူ ယောက္ခမလောင်း၏မျက်နှာသွင်ပြင်သည်လည်း တင်းမာမှုများ အနည်းငယ် ပြေလျော့သွားသယောင်ထင်လိုက်မိလေသည်။
“မင်းတို့က မင်းတို့သဘောနဲ့ ဆုံးဖြတ်ထားကြပြီးမှ အသိလာပေးကြတာလား …အေး ဒီကိစ္စကို ငါစဉ်းစားအုံးမယ် …သွင်ငြိမ်းထက် မင်းလဲ ဒီအတောအတွင်းမှာ အပိုးကျိုးကျိုးနေ ကြားလား ”
“ဟုတ် ..ဟုတ်ကဲ့ပါ အမေ …ကျေးဇူးတင်လိုက်တာ အမေရယ် ”
သွင်းငြိမ်းထက်က ပြေးရင်းမှ မိခင်ကြီး၏အနီးတွင် နေရာပြောင်းထိုင်လိုက်ပြီးလျှင် မိခင်ကြီး၏ လက်မောင်းကို ဖက်တွယ်လိုက်ရင်းမှ နွေးနွေး၏မျက်နှားလေးကို လှမ်းကြည့်ပြီး ပြိုးပြလိုက်သည်။
~~~~~~~~~~~~~~~~~
အိသဇင်သည် ယောက္ခမကြီး၏ အပြုအမူကြောင့် မကျေမချမ်းဖြစ်နေမိသည်။မိမိနှင့် ပြောစဉ်အခါကတော့ သွင်ငြိမ်းထက်တို့ လာလျှင်ပင် မောင်းထုတ်တော့မည့် ဟန်ပန်နှင့် ပြောခဲ့သည်။တကယ်တမ်းမှာမူ လေသံမာမာနှင့်ပင် မပြောခဲ့သောကြောင့် အိသဇင် ကြိတ်မနိုင်ခဲမရ နှင့် ဒေါသများ ထွက်နေမိလေသည်။သွင်ငြိမ်းထက်၏ အိမ်ထောင်ရေးသည် အိသဇင်နှင့် မဆိုင်သည်ကို သိသော်လည်း တစ်ခုလပ်မိန်းခလေးတစ်ယောက်က သွင်ငြိမ်းထက်လို ဆရာဝန်တစ်ယောက်နှင့် အကြောင်းပါ့မည်ကို စိတ်က လက်မခံနိုင်ဖြစ်နေမိသည်။သွင် ငြိမ်းထက်သည် ဆရာဝန်တစ်ယောက် ဖြစ်ရုံမျှမကဘဲ လူချောလူသန့် တစ်ယောက် ဖြစ်သည့်အပြင် သူပိုင်ဆိုင်သော ငွေကြေးများကိုလဲ ကုမ္ပဏီအချို့တွင် ရှယ်ယာများ ထည့်သွင်းပါဝင်ထားခြင်းကြောင့် သွင်ငြိမ်းထက်သည် လူမသိသူမသိ သူဋ္ဌေးလေးတစ်ယောက်မှန်း ယောကျာ်းဖြစ်သူထံမှ အိသဇင်က သိရှိထားလေသည်။သို့အတွက်ကြောင့် သည်အခွင့်အရေးများကို တစ်ခုလပ် မိန်းမတစ်ယောက်က အချောင်ရသွားမည်ကို အိသဇင်မလိုလားပါချေ။ပြီးလျှင် ဥစ္စာလည်းရှိ၊ ရုပ်ရည်လည်း လှပသော ပညာတတ်ဘွဲ့ရ ညီမဖြစ်သူ မိုးကဗျာကိုတော့ ဖုတ်လေသည့်ငပိ ရှိသည်မထင်ဘဲ တစ်ခုလပ်မကို သဲသဲလှုပ်ဖြစ်နေခြင်းကိုလည်း စိတ်ထဲမှ မခံမရပ်နိုင် ဖြစ်နေမိသည်။ သေချာသည်မှာ သွင်ငြိမ်းထက်သာ အိသဇင်နှင့် ဆွေမျိုးရင်းချာဖြစ်ခဲ့လျှင် သည်ပွဲကို အိသဇင်ကိုယ်တိုင်ပင် ပွဲကြမ်း၍ ဖျက်ဆီးမိလိမ့်မည်ထင်ပါလေသည်။
~~~~~~~~~~~~~~~~~
“ဖြစ်နိုင်ရင်တော့ မင်္ဂလာပွဲကို ကိုသွင့်အသိုင်းအဝိုင်းဘက်ကပါ လက်ခံမှ ကျင်းပချင်တာပေါ့ …ဒါပေမဲ့ သိတဲ့အတိုင်းပဲ ရပ်ကွက်က စောင့်ကြည့်နေတော့…..မမကြီးသဘောကတော့ မင်္ဂလာပွဲကို အချိန်မဆွဲစေချင်ဘူး ”
မအေးရီသည် သူ၏ဆန္ဒကို သွင်ငြိမ်းထက်နှင့် ညီမဖြစ်သူကို ပြောလိုက်သည်။
“ဟုတ်ကဲ့ မမကြီး ပြောတာ ကျွန်တော်သဘောတူပါတယ် … နွေးရဲ့ သဘောကရော ဘယ်လိုလဲ ပြောပါအုံး ”
သွင်ငြိမ်းထက်သည်ချစ်သူကို ကြည့်၍ မေးလိုက်သည်။
“နွေးကတော့ ကိုသွင့်ဘက်က လူကြီးတွေ မပါဘဲ လက်မထပ်ချင်ဘူး … ဒါပေမဲ့လဲ မဖြစ်မနေဆိုရင်လဲ နှစ်ဦးသဘောတူပဲ ရုံးတက်လက်မှတ်ထိုးကြတာပေါ့ ”
နွေးနွေး၏ စကားကြောင့် အစ်မဖြစ်သူ မအေးရီရော ၊ သွင် ငြိမ်းထက်ပါ စိတ်မကောင်းဖြစ်မိသွားကြလေသည်။မအေးရီသည် ညီမဖြစ်သူအား ပတ်ဝန်းကျင် ကလေးစားစေရန် တူတူတန်တန် မင်္ဂလာပွဲကိုတော့ ဖြစ်စေချင်မိသည်။သို့သော်လည်း သတိုးသားဘက်မှ လူကြီးများမပါဘဲ မင်္ဂလာပွဲကျင်းပလျှင် လူပိုပြောစရာ ဖြစ်မည်ကို တွေးမိသောကြောင့် စိတ်မကောင်းစွာပင် နှုတ်ဆိတ်၍ နေမိလေသည်။
သွင်ငြိမ်းထက်သည်လည်း ချစ်သူ၏ မျက်နှာလေးကိုကြည့်ပြီးသက်ပြင်းအခါခါချမိလေသည်။သွင်ငြိမ်းထက်အနေနှင့် မိဘဆွေမျိုးသားချင်းများ၏ အကူအညီမပါဘဲ နေရေးထိုင်ရေးအတွက် အပူအပင်မရှိသော်လည်း ချစ်သူကို တင့်တင့်တယ်တယ်နှင့့်တောင်းရမ်းလက်ထပ်ယူချင်မိသည်။မိခင်ဖြစ်သူသည် သွင်ငြိမ်းထက်တို့ လက်ထပ်ပွဲအတွက် ပြင်းပြင်းထန်ထန်ကန့်ကွက်ခြင်းမရှိသော်လည်း လက်ခံသဘောတူခြင်းမရှိသေးသည့်အတွက် သွင်ငြိမ်းထက်မှာ ဘာလုပ်လို့လုပ်ရမည် မသိဘဲ ဖြစ်နေရလေသည်။မိခင်ဖြစ်သူ သဘောမကျနိုင် ဖြစ်နေရခြင်းမှာ မရီးဖြစ်သူ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဆိုသည်ကို သိသော်လည်း မိသားစုကြား အမုန်းမပွားလို၍ သွင်ငြိမ်းထက် လျစ်လျူရှူထားခြင်း ဖြစ်လေသည်။မဟုတ်လျှင် မရီးဖြစ်သူကြောင့် ညီအစ်ကို နှစ်ယောက်ကြား မသင့်မမြတ်ဖြစ်ခဲ့လျှင် ကြားထဲမှ မိခင်င်္ကြီးက စိတ်ဆင်းရဲရမည်ဖြစ်သလို ချစ်ရသူ နွေးနွေးအပေါ် ပို၍ အမြင်စောင်းသွားကြမည်ကို စိုးရိမ်မိသောကြောင့် သွင်ငြိမ်းထက်စိတ်ကို ထိန်းချုပ်ထားရခြင်းဖြစ်ပေသည်။
“နေထိုင်ဖို့ကိုရော ဘယ်လို တွေးထားကြလဲ ”
မအေးရီက ထပ်မံမေးလိုက်ပြန်သည်။
” ဆေးရုံနဲ့ အိပ်မဝေးတဲ့ နေရာမှာပဲ နေကြမလားလို့ မမကြီး … နွေး ဆိုင်ဖွင့်ချင်လဲ ဖွင့်လို့ရအောင်လေ …ကျွန်တော်ဆန္ဒကတော့ နွေးကို အေးအေးသာသာ နေစေချင်ပေမဲ့ တော်ကြာ အိမ်မှာ နွေးတစ်ယောက်တည်း ပျင်းနေမှာစိုးလို့ လေ ”
သွင်ငြိမ်းထက်၏ စကားကြောင့် မအေးရီမှာ ကျေနပ်သဘောကျနေမိလေသည်။ညီမဖြစ်သူ၏ ရှေ့ရေးအတွက် တစ်ဝက်မျှစိတ်အေးရလေသည်။တစ်ဝက်မှာမူ လက်မထပ်ရသေးခင် အချိန်အတွင်း သွင်ငြိမ်းထက်ဘက်မှ ပြောင်းလဲသွားမည်ကို စိုးရိမ်ပူပန်နေမိသည်မှာ အမှန်ပင်ဖြစ်ပါလေသည်။
~~~~~~~~~~~~~~~~~~
“တကယ်ပဲ ကျွန်တော်တို့ကို့ သဘောမတူနိုင်ဘူးလား အမေ ”
သားဖြစ်သူ သွင် ငြိမ်းထက်၏ အမေးကို ဒေါ်မေဇင်ထက် မဖြေမိ ဘဲ မျက်နှာတင်းတင်းနှင့်သာ ထိုင်နေမိသည်။နားထဲ၌လည်း “သူက ရိုးသားတယ် …ကြိုးစားတယ် .. အကျင့်စာရိတ္တကောင်းတယ်ဆိုပေမဲ့ တစ်ခုလပ်ဆိုတာနဲ့တင် ကျန်တာတွေ မစဉ်းစားကြဘဲ လူတွေ နှာခေါင်းရှုံ့ကြတာအမေရဲ့ .. အိတို့ အနေအထားနဲ့ ဆို ပတ်ဝန်းကျင်မှာ မျက်နှာ မဖော်ရဲဘဲ သိပ်ရှက်ဖို့ ကောင်းတယ် အမေရဲ့ “ဟု ဆိုသော အီသဇင်စကားများကိုသာ နားထဲတွင် ကြားယောင်နေမိလေသည်။
“မင်းတို့က ဒီလောက်မြန်မြန်ယူချင်နေရအောင် …ဘာလဲ လွန်လွန်ကျူးကျူး ဖြစ်ထားကြလို့လား ”
ဒေါ်မေဇင်ထက်သည် သားဖြစ်သူကို ဒေါ်သမာန်ဟုန် လေးနှင့် မေးခွန်းထုတ်လိုက်မိသည်။
” မဖြစ်ပါဘူး အမေ … နွေးက အဲ့ဒီလို အနေအထိုင်ပေါ့ပြက်တဲ့သူ မဟုတ်ပါဘူး …ပြီးတော့ အမေ့သားကလဲ စည်းမရှိတဲ့သူမဟုတ်ဘူးလေ… ချစ်သူကို တန်ဖိုးထားပြီး မြတ်မြတ်နိုးနိုးချစ်တာပါ … အခုလို မြန်မြန်ဆန်ဆန် လက်ထပ်ချင်တာက ..ကျွန်တော်တို့ အသက်အရွယ်တွေ မငယ်တော့ဘူးလေ ကလေးနဲ့ အသက်ကွာမှာလဲ ကြောက်လို့…ပြီးတော့ သူ့ဆီကို သွားသွားတွေ့နေရတဲ့အခါ … ပတ်ဝန်းကျင်ရဲ့ အကြည့်တွေကို မခံနိုင်တော့လို့ အမြန်ဆုံး လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာပါအမေရယ် ”
“မင်းတို့ပြောတော့ ငါ သဘောတူလာတဲ့အထိ စောင့်ကြမယ်ဆို …ခုတော့ ကိုယ့်သဘောနဲ့ကိုယ် ထင်ရာစိုင်းကြမှာပဲ မဟုတ်လားဟင်….အဲ့ဒီတော့ မင်းတို့ဘာသာ ယူချင်ယူ မယူချင်နေ … ယူပြီးရင်လဲ ကြိုက်တဲ့နေရာမှာနေကြ ”
ဒေါ်မေဇင်ထက်သည် မာန်ကို တင်း၍ ပြောလိုက်သည်။
“ပြောရက်လိုက်တာ အမေရယ် … ကျွန်တော့်ရဲ့ မင်္ဂလာပွဲမှာ အမေ့ကို ရှေ့ဆုံးက မြင်ချင်တာလေ….နေဖို့အတွက်လဲ အမေ့အိမ်လို အိမ်ကြီးအိမ်ကောင်းမှာ မနေနိုင်ပေမဲ့ … နွေးက သိမ်းတတ်ဆည်းတတ်တော့ တိုက်ခန်းကျဉ်းလေးထဲမှာ နေရလဲ နေလို့ အဆင်ပြေနိုင်မှာပါ …ဒါပေမဲ့ အမေ့ကို ဘယ်သူ ပြုစုမှာလဲ … အစ်ကိုကြီးကလဲ မိုးလင်းမိုးချုပ် စီးပွားပဲရှာနေတာ ….မအိကလဲ အမေ့ကို ပြုစုဖို့ နေနေသာသာ အမေ့ကပဲ ပြန်ပြုစုနေရတာမဟုတ်လား …ဒီကြားထဲ အမေ့အတွက် ကူဖော်လောင်ဖက် ရအောင် ခေါ်ထားတဲ့ အေးမာကို သူကချည်း ခေါ်ခိုင်းနေတာလေ … ပြီးရင်စားစရာသောက်စရာကအစ အမေ့အတွက် သတိတရနဲ့ ဝယ်ပေးဖို့နေနေသာသာ အမေ့အတွက် ကျွန်တော်ဝယ်လာပေးသမျှကို လာယူနေတာ မဟုတ်လား …အဲ့ဒါတွေကို သိသိနဲ့ အမေ့ကို ကျွန်တော်က ဘယ်လိုထားခဲ့ရမလဲ … အမေ့အိမ်မှာ ကျွန်တော်တို့ကို မနေစေချင်ရင်လဲ …ကျွန်တော်တို့အိမ်မှာ အမေလိုက်နေလို့ ရတယ် အမေ … နွေးက အမေ့အတွက် ချွေးမကောင်း အဖော်ကောင်းဖြစ်စေရမှာပါ ”
သွင်ငြိမ်းထက်သည် လက်ထပ်ဖို့ရက် နီးလာသည်နှင့်အမျှ အမှန်တကယ်ပင် မိခင်ကို တစ်ယောက်တည်း ထားခဲ့ရန်စိတ်မချသောကြောင့် တတွတ်တွတ် တဖွဖွပြော၍နေမိလေသည်။
“မင်း ဘာမှ အပိုတွေ ပြောမနေနဲ့ သားသွင် ….ငါ့မြေးတွေနဲ့ ငါနေပျော်တယ် အဆင်ပြေတယ် …မင်းသာ ဒုက္ခမရောက်အောင်နေ ”
ဒေါ်မေဇင်ထက်သည် သားဖြစ်သူကို အလျှော့မပေးလိုစိတ်နှင့် မာန်တင်းပြီးပြောနေရသော်လည်း သားဖြစ်သူ အမှန်တွေပြောနေမှန်းကို သိရှိပါလေသည်။ချွေးမဖြစ်သူ အိသဇင်သည် ဝိုင်းကူဖေးမဖော် မရသည့်အပြင် ဒေါ်မေဇင်ထက်များ နေထိုင်မကောင်းဖြစ်လျှင် မသိဟန်ပြု၍ အစားမပျက် အသွား မပျက် နေနိုင်သူတစ်ယောက် ဖြစ်လေသည်။သို့သော်လည်း အိသဇင် နေထိုင်မကောင်းဖြစ်လျှင်တော့ ဒေါ်မေဇင်ထက်မှာ / FF ပြုစုရသည့်အပြင် မြေးတွေကိစ္စနှင့် အိမ်ကိစ္စများပါ လုပ်ရပါလေတော့သည်။ထိုသို့ မလုပ်ပေး၍လည်း မဖြစ် ။ အိသဇင်၏ အပြောအဆိုကြမ်းတမ်းမောက်မာမှုကြောင့် အိသဇင်တို့အိမ်တွင် အိမ်အကူများ ကြာရှည်မမြဲကြသောကြောင့်ပင်ဖြစ်ပါလေသည်။သည်သို့ အကြောင်းအရာများကို ပြန်တွေးကြည့်မိသောအခါ ဒေါ်မေဇင်ထက်သည် သားဖြစ်သူကို အလျှော့ပေးချင်ဖြစ်ပေါ်လာမိသည်မှာ အမှန်ပါပင်။သားသည် ဖအေတူသားဖြစ်သူပီပီ လေးနက်တည်ကြည်သော အသွင်ရှိသောကြောင့် သူ၏သဘောထားကို ပြောင်းလဲမည်မဟုတ်မှန်း ဒေါ်မေဇင်ထက်သိနေပါလေသည်။ဒေါ်မေဇင်ထက်အနေနှင့် မိခင်တစ်ယောက်၏လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး ကန့်ကွက် တားဆီး၍လည်း မဖြစ်နိုင်မှန်း ဒေါ်မေဇင်ထက်သိပါလေသည်။ပြီးလျှင် ဒေါ်မေဇင်ထက် ကိုယ်၌ကလည်း အေးအေးဆေးဆေးနေတတ်သူဖြစ်သောကြောင့် ပူပူဆူဆူနှင့် ပြဿနာဖြစ်မည်ကို ရှောင်ရှားတတ်သူဖြစ်လေသည်။
~~~~~~~~~~~~~~~~~~
“သဘောမတူဘူးပဲပြောပြီး ဒီတိုင်း လွှတ်ထားတော့မှာလား …တကယ်ဆိုအမေ့မှာ လုပ်ပိုင်ခွင့်တွေ ရှိတာပဲ … အိမ်ထိလိုက်သွားပြီး ပြောလေ အမေ …အမေ့(See noနေရာမှာ အိသာဆိုရင် ဒီဟာမကို လူပုံအလယ် မျက်နာမပြရဲအောင် အရှက်ခွဲပစ်လိုက်မှာ …အမေ့သားလဲ ဆေးမိပြီး မွှန်နေတာလား မသိဘူး ”
ဒေါ်မေဇင်ထက်သည် ချွေးမဖြစ်သူအိသဇင်၏ ကြမ်းတမ်းရိုင်းစိုင်းသောစကားလုံးများကြောင့် စိတ်ထဲမှ မနှစ်မြို့သလိုဖြစ်သွားမိလေသည်။
“အမေ သွားချင်တယ်ဆိုရင်ပြော အိ အဖော်လိုက်ခဲ့ပေးမယ် ”
ဒေါ်မေဇင်ထက်သည် ဆိုဖာခုံတွင် ငြိမ်သက်စွာ ထိုင်လျက် အိသဇင်၏ စကားများကို ပြန်လည်ပြောဆိုခြင်းမပြုဘဲ နားထောင်နေမိလေသည်။
~~~~~~~~~~~~~~~~
“တီ …တီ ”
“မနွေး …မနွေး ”
နွေးနွေးသည် သွင်ငြိမ်းထက်နှင့် ချိန်းထားရာသို့ ထွက်လာခဲ့ရင်း ဘတ်စ်ကားပေါ်မှ အဆင်းတွင် ကားဟွန်းတီးသံနှင့် ခေါ်သံကြောင့် လှည့်ကြည့်လိုက်သောအခါ ကျော်ကျော့်ကို တွေ့လိုက်ရလေသည်။
“ကျော်ကျော် … တက္ကစီမောင်းနေတာလား ”
“ဟုတ်တယ် မနွေး …ဒါနဲ့ မနွေး ဘယ်သွားမလို့လဲ ”
“ဒီနားမှာ ကိစ္စလေးရှိလို့ ချစ်သူနဲ့ ချိန်းထားလို့လေ ”
နွေးနွေးသည် ကျော်ကျော်၏ အမေးကို ပကတိ ရိုးစင်းစွာပင်ဖြေဆိုလိုကလေသည် ။
“ဪ …ဒါဆို ကြားရတဲ့ မနွေး လက်ထပ်တော့မဲ့ဆိုတဲ့ သတင်းတွေ အမှန်ပေါ့နော် … ဂုဏ်ယူပါတယ် မနွေး ”
“ကျေးဇူးပါ ကျော်ကျော်”
နွေးနွေးသည် ကျော်ကျော့်အား ကျေးဇူးစကားဆိုလိုက်ပါသည်။
“ကျေးဇူးစကား မပြောပါနဲ့ မနွေးရယ် … မနွေး ဘယ်ကို သွားမှာလဲ …လာလေ ကားပေါ်တက် … ကျွန်တော် လိုက်ပို့ပေးမယ်လေ …ရိုးသားစွာ မောင်နှမစိတ်နဲ့ ပြောတာပါနော် …. မနွေးက ကျွန်တော့်အတွက် လေးစားရတဲ့ အစ်မတစ်ယောက်လိုပါပဲ ”
“ရပါတယ် ကျော်ကျော် …./f လျှောက်သွားလိုက်ပါ့မယ် …တို့တွေက ရိုးသားတယ်ဆိုပေမဲ့ တို့အကြောင်းကိုသိခဲ့ကြတဲ့သူတွေနဲ့ မတော်တဆ တွေ့သွားရင် အမြင်စောင်းသွားနိုင်တယ်လေ …ပြီးတော့ မင်းရဲ့ အမျိုးသမီး သိသွားခဲ့ရင် သူလဲ တစ်မျိုး ထင်ပြီး ခံစားနေရရှာလိမ့်မယ် … သွားပြီးနော် …”
နွေးနွေးသည် ကျော်ကျော့်ကို နှုတ်ဆက် ကျော်ခိုင်းလိုက်ပြီးလျှင် ချစ်သူနှင့်ချိန်းထားသော နေရာသို့ ခပ်သုတ်သုတ်ပင်လှမ်းထွက်ခဲ့သည်။
ကျော်ကျော်သည် နှုတ်ဆက်ထွက်ခွါသွားသော နွေးနွေး၏နောက်ကျောပြင်ကို ရီဝေစွာ ငေး၍ ကြည့်နေမိသည်။တန်းဖို့ရှိသော အရာကို တန်ဖိုးမထားမိသော ကျော်ကျော့်အတွက် လောကဓံ၏ ဒဏ်ခတ်မှုသည် ဆိုးရွားလှပေသည်။ကျော်ကျော့်မှာ အိမ်ထောင်သက်ရလာသည့်တိုင် ဇနီးဖြစ်သူ ချေးငှားယူထားသော အကြွေးနွံထဲမှ ရုန်းမထွက်နိုင်ဘဲရှိနေရလေသည် မဟုတ်ပါလား ။
~~~~~~~~~~~~~~~~~~
ချစ်သူသွင်ငြိမ်းထက်နှင့် ချိန်းထားသောနေရာသို့ ရောက်သောအခါ နွေးနွေးသည် ဆေးရုံအပေါက်နားရှိ သစ်ပင်ရိပ်အောက်တွင်ရပ်၍ ချစ်သူကို စောင့်နေမိလေသည်။အတန်ကြာသောအခါ သွင်ငြိမ်းထက်၏ကားမောင်းလာသည်ကို မြင်လိုက်ရလေသည်။
“နွေး … စောင့်နေရတာ ကြာနေပြီလား ..ဆေးရုံထဲကိုတော့ ဝင်လာခဲ့တာ မဟုတ်ဘူး ”
သွင်ငြိမ်းထက်သည် ကားတံခါးကိုဖွင့်ဆင်းလိုက်ပြီးလျှင် ချစ်သူနားကို အပြေးအလွှားလျှောက်သွားလိုက်ပြီးပြောလိုက်သည်။
“မကြာသေးပါဘူး ကိုသွင်ရယ် အချိန်ရော ရရဲ့လားဟင် …”
နွေးနွေးသည် သွင်ငြိမ်းထက်ဖွင့်ပေးသော တံခါးမှ ကားထဲသို့ဝင်ထိုင်လိုက်ပြီးပြောလိုက်သည်။
” အချိန်တစ်နာရီလောက်တော့ ရတယ်နွေး … ဒီနဲ့သိပ်လဲမဝေးပါဘူး ဟိုလမ်းတင်လေ နွေးရဲ့ …ကိုယ်တို့ အေးအေးဆေးဆေးကြည့်လို့ရပါတယ် ”
~~~~~~~~~~~~~~~~~~
“ဘယ်လို သဘောရလဲ နွေး….အိမ်ရှေ့က လမ်းလေးကလဲ လူစည်တော့ နွေးလဲ ဆိုင်ဖွင့်လို့ရတယ် … ပြီးတော့ ဒိတ တစ်လမ်းလုံးလဲ ဆိုင်တွေချည်းပဲလေ …ဆေးရုံနဲ့လဲ နီးတယ်လေ ”
သွင်ငြိမ်းထက်သည် ပြောရင်း တိုက်ခန်းထဲသို့ ရှေ့မှ ဦးဆောင်၍ ဝင်သွားသည်။
တိုက်ခန်းလေးမှာ မြေညီထပ်ဖြစ်သည့်အပြင် အထဲတွင် အိမ်သာ၊ ရေချိုးခန်း၊ မီးဖိုခန်းနှင့် အိပ်ခန်းတစ်ခန်းရှိသည်။ပြီးလျှင် ထပ်ခိုး လေးလည်း ပါသေး၏။အိမ်ရှေ့ခန်းတစ်ခန်းလုံးကိုမူ ဆိုင်အဖြစ်ဖွင့်ရန် ဟောခန်းအဖြစ် ထားရှိထားလေသည်။တိုက်ခန်းလေးကို ကြည့်၍ နွေးနွေးလဲ သဘောကျမိပါလေသည်။
“လစာကဘယ်လောက်လဲ ကိုသွင် …ပြီးတော့ …မငှားခင် အန်တီကိုလဲ တိုင်ပင်အုံးလေ ….အန်တီက သဘောမတူဘူးဆိုပေမဲ့ ကိုယ့်သဘောနဲ့ကိုယ် လုပ်လို့တော့ မကောင်းဘူးထင်တယ် ”
“အင်းပါ နွေးရဲ့ ညကျရင် သေချာပြောလိုက်ပါ့မယ် …ကိုယ်ကတော့ တကယ်လို့ ကိုယ်တို့ ဒီမှာမနေဖြစ်လဲ နွေး ဆိုင်ဖွင့်လို့ရတာမို့ ဒီနေရာလေးကို သဘောကျတယ် ….နွေးလဲ သဘောကျတယ်မဟုတ်လား ”
သွင်ငြိမ်းထက်သည် နွေးနွေး၏လက်ကလေးကို ကြင်ကြင်နာနာပင် လှမ်းယူဆုပ်ကိုင်ရင်း မေးလိုက်သည်။
~~~~~~~~~~~~~~~~~~~~
” ( ……) နေ့ကျရင် လူကြီးစုံရာနဲ့ သွားပြီး စေ့စပ်တောင်းရမ်းမယ် အမေ…ဆေးရုံက ဆရာဝန်ကြီးတွေကိုလည်း အကူအညီတောင်းထားတယ် …အမေ တကယ်မလိုက်ဘူးလားဟင် ”
သွင်ငြိမ်းထက်သည် မိခင်ကြီးကို မျက်နှာငယ်လေးနှင့် မေးလိုက်သည်။
“အို ….မလိုက်ပါဘူး …မင်းသဘောနဲ့ မင်းလုပ်ချင်ကိုလုပ် ငါနဲ့ မဆိုင်ဘူး …. ”
ဒေါ်မေဇင်ထက်က မျက်နှာထားတင်းတင်းပြောပြီး ထ၍ ထွက်သွားသည်။သွင်ငြိမ်းထက်မှာ မိခင်ကြီး၏ နောက်ကျောကို ကြည့်၍ စိတ်ဓါတ်ကျကာ ခေါင်းကို ငိုက်စိုက်ချထားမိလေသည်။
“ဖိုးသွင် ဘာတွေ စိတ်ညစ်နေတာလဲ …အမေအကြောင်းလဲ သိသားနဲ့ ကလေးလိုပဲဟာ …အချိန်တန်ရင် စိတ်ဆိုးပြေသွားလိမ့်မယ် မင်းဘာမှပူမနေနဲ့ …မင်းပွဲကို အစ်ကိုလာခဲ့မယ်….ပွဲနီးရင် အစ်ကိုကို့ထပ်ပြီး သတိပေးပေါ့ ဟုတ်ပြီလား ”
သွင်ငြိမ်းထက်မှာ စိတ်ဓါတ်ကျကျနှင့် ထိုင်နေစဉ် အစ်ကိုဖြစ်သူ၏ အားပေးစကားကြောင့် ဝမ်းသာပျော်ရွှင်သွားမိလေသည်။
~~~~~~~~~~~~~~~~~~~~
“ကိုယ်သဘောကတော့ စေ့စပ်တောင်းရမ်းပွဲမတိုင်ခင် နွေးရဲ့ ဆိုင်ကို ပိတ်လိုက်ပြီး… ဆိုင်ပစ္စည်းတွေကို တိုက်ခန်းမှာ ရွေ့ထားချင်တယ်… စေ့စပ်ပွဲနဲ့ မင်္ဂလာပွဲကလဲ ရက်သိပ်မကွာဘူးဆိုတော့ တစ်ခါတည်းပဲ ရွှေ့ထားလိုက်ချင်တယ် ”
သွင်ငြိမ်းထက်က နွေးနွေးကို ပြောလိုက်သည်။
နွေးနွေးသည် နားမလည်နိုင်သလို သွင် ငြိမ်းထက်ကို မော့ကြည့်လိုက်မိပြီး
“ဆိုင်ခန်းကိုက ငှားလိုက်ပြီးလား ….နွေးကိုလဲ ဘာမှ မပြောဘူး …ပြီးတော့ ရုံးတက်လက်မှတ်ထိုးပြီး မင်္ဂလာဦး ဆွမ်းပဲကျွေးမှာ မဟုတ်ဘူးလား …ကိုသွင် ဘာတွေ စီစဉ်နေတာလဲ နွေးလဲ ဘာမှ မသိရဘူး … မင်္ဂလာပွဲဆိုတာက ဘယ်မှာလုပ်မှာလဲ”
နွေးနွေး အမေးကြောင့် သွင်ငြိမ်းထက်သည် ပြုံးရယ်လိုက်မိပြီး ချစ်သူ၏ ပခုံးလေးကို ခပ်ဖွဖွ ဖက်လိုက်ပြီး
“မင်္ဂလာပွဲကို နွေးရဲ့ အိမ်မှာပဲ လုပ်မှာလေနွေးရဲ့ … မင်္ဂလာပွဲအတွက် နွေးဘာမှမပူနဲ့ အားလုံး ကိုယ်စီစဉ်ထားပြီးသား … မင်္ဂလာဖိတ်စာ ဖိတ်ဖို့သာ နွေးဖိတ်ချင်တဲ့ အိမ်ကို စဉ်းစားထားဟုတ်ပြီလား … ဝတ်စုံတွေလဲ နွေးစိတ်တိုင်းကျအပ်ထားတယ် မဟုတ်လား ”
သွင်ငြိမ်းထက်၏ အပြောကြောင့် နွေး ပျော်ရွှင်မိသော်လည်း ယောက္ခမလောင်း၏ အကြောင်းကိုတွေးမိသောအခါ စိတ်ထဲလေး၍သွားမိပြန်လေသည်။
~~~~~~~~~~~~~~~~~~~
နွေးနွေးသည် သစ်သီးခြင်းတစ်ခြင်းနှင့် ပန်းတစ်စည်းကို ဝယ်လိုက်ပြီးလျှင် သွင်ငြိမ်းထက်၏ နေအိမ်သို့ ချစ်သူသွင်ငြိမ်းထက် မသိအောင် အရဲစွန့်၍လာခဲ့မိလေသည်။
အိမ်အကူမလေးဖွင့်ပေးသော အိမ်တံခါးမှ နွေးနွေး ခေါင်းကလေးကို ငုံ့လျက် ဝင်လာခဲ့သည်။
~~~~~~~~~~~~~~~~~~
“ဒီကိုလာတာ သားသွင် သိလား ”
ဒေါ်မေဇင်ထက်က မေးလိုက်သည်။
“မသိပါဘူးရှင် … အန်တီမှာ ပြောစရာတွေရှိနေရင် နားထောင်ပေးဖို့လာခဲ့တာပါ …ပြီးတော့ အန်တီ့ကိုလဲ တောင်းပန်ချင်လို့လာခဲ့တာပါရှင် ”
နွေးနွေးသည် ဒေါ်မေဇင်ထက်ကို မဝံ့မရဲ မော့ကြည့်လိုက်ပြီး ပြောလိုက်မိသည်။
“ဘာအတွက် တောင်းပန်မှာလဲ ဘာကို တောင်းပန်မှာလဲ ”
ဒေါ်မေဇင်ထက်က ပြန်၍ မေးလိုက်သည်။
” နွေးတို့ ကိစ္စအတွက် တောင်းပန်ချင်တာပါ အန်တီ …. နွေးတို့ကို ခွင့်ပြုပေးပါရှင် … အန်တီဆီက ခွင့်ပြုချက်ရမှ နွေးလက်ထပ်ချင်တယ်….ပြီးတော့ ကိုသွင် စိတ်ညစ်နေတာကိုလဲ နွေးမကြည့်ရက်လို့ပါ …အန်တီ စိတ်တိုင်းကျအောင် နွေးနေပေးပါ့မယ်ရှင် …”
“ဟဲ့ နင်က ရာရာစစ ဒီကို ဘယ်သူ့ ခွင့်ပြုချက်နဲ့ လာတာလဲ … မူယာမာယာအပြည့်နဲ့ မတန်မရာတွေကို လာပြောနေရလား … သွားစမ်း ခုချက်ချင်းထွက်သွား …နင်တို့ မင်္ဂလာပွဲကိုလဲ ငါတို့ဘက်က သဘောမတူနိုင်ဘူး … နင်က နင်နဲ့ တန်တဲ့ တိတ်တိတ်ပုန်း မိန်းမပဲ ဖြစ်မှာ ”
နွေးနွေးနှင့် ဒေါ်မေဇင်ထက် စကားပြောနေစဉ်မှာပင် အိသဇင်ရုတ်တရက်ဝင်ရောက်လာပြီးလျှင် နွေးနွေးကို အော်ဟစ်ပြောဆို ကြိမ်းမောင်းလိုက်ခြင်းဖြစ်ပါလေသည်။အိသဇင်၏ အပြုအမူကြောင့် နွေးနွေးသည် ရှက်စိတ်နှင့်အတူ မခံချင်သော မာနစိတ်များလည်းဖြစ်ပေါ်လာမီ လေသည်။
“ဘာလို့ ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောနေတာလဲ အိသဇင် …သူက ခုချိန်မှာ တို့အိမ်ကို လာတဲ့ဧည့်သည်လေ … ပြောစရာရှိတာကို အေးအေး ဆေးဆေး ပြောပါလား …
ဒေါ်မေဇင်ထက်သည် အိသဇင်ကို ပြောဆိုလိုက်ပြီးလျှင် နွေးနွေးကိုကြည့်၍ ပြောလိုက်လေသည်။
“ကဲ …ကဲ မင်းလဲ ပြန်တော့ …”
~~~~~~~~~~~~~~~~~~
နွေးနွေးသည် အပြန်လမ်းတစ်လျှောက်တွင် ယုံကြည်ချက်များ ပျောက်ဆုံးလျက်ရှိလေသည်။
~~~~~-~~~~~~~~~~~
“ဘယ်လို အမေ …အဲ့ဒါဆို ဒီနေ့ သူတို့ စေ့စပ်ပွဲနေ့ပေါ့ ဟုတ်လား ”
“ဟုတ်တယ် …အဲ့ဒါ အမေ့ကို အဲ့ဒီကိုလိုက်ပို့စမ်းပါ ..”
ဒေါ်မေဇင်ထက်၏ စကားကြောင့် အိသဇင်သည် အကျေနပ်ကြီး ကျေနပ်သွားမိလေသည်။
“ဘာလဲ အမေ…လိုက်သွားပြီး ပွဲကို ဖျက်ကြမှာလား ”
=====================
အပိုင်း ( ၁၈ ) (ဇာတ်သိမ်းပိုင်း ဆက်ရန် )
ဧကြည်ဖြူ
ဧကြည်ဖြူ
” တစ်ခုလပ် ”
( ဇာတ်သိမ်းပိုင်း )
*************************
နားဖောက် တောင်းရမ်းစေ့စပ်ပွဲလေးက လူအနည်းငယ်နှင့်စတင်လေသည်။သွင်ငြိမ်းထက်ဘက်မှ သွင်ငြိမ်းထက်၏ အစ်ကိုအပါအဝင် သွင်ငြိမ်းထက်၏ ဆရာသမားများနှင့် လုပ်ဖော်ကိုင်ဖက်ဆရာဝန်သုံးယောက်ပါလေသည်။နွေးနွေးဘက် မှလည်း ဆွေမျိုးသားချင်းများနှင့် ရပ်ရွာလူကြီးအချို့အပါအ၀င် အိမ်နီးနားချင်းများကို ဖိတ်၍ ထားလေသည်။
” ဒါက သတို့သမီးကို တင်တောင်းတဲ့ လက်ဖွဲ့ပါ”
သွင်ငြိမ်းထက်၏ အစ်ကိုဖြစ်သူမှ အညိုရောင်ဖိုင်တစ်ခုကို လူကြီးများ၏ရှေ့တွင် နွေးနွေးထံသို့ ပေးအပ်လေသည်။နွေးနွေးမှာ ချစ်သူသွင်ငြိမ်းထက်မှ ပြောဆိုထားခြင်းမရှိသောကြောင့် နားမလည်နိုင်စွာပင် သွင်ငြိမ်းထက်ကို မော့၍ကြည့်လိုက်မိသည်။
“တင်တောင်းတာက ဘာများလဲကွယ် … ငွေလား … ပစ္စည်းလား ”
နွေးနွေးတို့ဘက်မှ ရပ်ရွာလူကြီးတစ်ယောက်ကမေးလိုက်လေသည်။
“သတို့သမီးရဲ့ နာမည်နဲ့ ဝယ်ထားတဲ့ တိုက်ခန်းစာချုပ်ပါ ခင်ဗျာ …ဒီက လူကြီးများရဲ့ရှေ့မှောက်မှာပဲ သတို့သားရဲ့ အစ်ကိုဖြစ်တဲ့ ကျွန်တော်က… မနွေးနွေးကို ကျွန်တော့်ရဲ့ ညီငယ်သွင်ငြိမ်းထက်နဲ့ လက်ခံသဘောတူပေးပါလို့ အုပ်ထိန်းသူများဖြစ်တဲ့ဦးစိုးနိုင်နဲ့ ဒေါ်အေးရီတို့ကို ဂါ၀ရတရားရှေ့မှာထားပြီး လေးစားစွာ တောင်းဆိုပါတယ် ..”
ခဲအိုလောင်း၏ စကားဆုံးသောအခါ နွေးနွေးသည် သွင်ငြိမ်းထက်ကို မျက်လုံးအပြူးသားနှင့်မော့ကြည့်လိုက်မိသည်။နွေးနွေးအား သွင်ငြိမ်းထက် ပြောပြသော အစီအစဉ်များတွင် ဤအကြောင်းမပါဝင်ခဲ့ပေဘူး မဟုတ်လား။
နွေးနွေး၏ အကြည့်ကို နားလည်သဘောပေါက်သည့် သွင်ငြိမ်းထက်က နွေးနွေးကို ပြုံးပြသည် ။ပြီးလျှင် နွေးနွေးနားသို့ကပ်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
” ပြီးရင် ကိုယ်ရှင်းပြပါ့မယ် နွေး ”
ထိုသို့ သွင်ငြိမ်းထက်နှင့် နွေးနွေး တီးတိုးပြောနေစဉ်မှာပင် အိမ်ထဲသို ဒေါ်မေဇင်ထက်နှင့် အိသဇင်တို့ ၀င်ရောက်လာကြလေသည်။
“ပွဲကစနေပြီလား …သားကြီးပါရောက်နေတာလား…မင်းတို့နှစ်ယောက်က အမေမပါဘဲ နှစ်ယောက်တည်း တိုင်ပင်ပြီးလုပ်နေကြတာပေါ့လေ ဟုတ်လား ”
“အမေ ”
“ဟာ …အမေနဲ့အိတို့ လိုက်လာတာလား ”
ရုတ်တရက် ရောက်လာသော မိခင်ဖြစ်သူနှင့်အိသဇင်ကို တွေ့ပြီး သွင်ငြိမ်းထက်တို့ ညီအစ်ကိုမှာ ထိတ်လန့်အံ့သြသွားကြပြီးလျှင် မိခင်ကြီးနှင့် အိသဇင်တို့အနားသို့ ကိုယ်စီရောက်ရှိသွားကြလေသည်။
နွေးနွေးမှာ ယောက္ခမလောင်းနှင့် အိသဇင်ကို တွေ့လိုက်ရသောကြောင့် ထိတ်လန့် တုန်လှုပ်သွားမိပြီးလျှင် ခြေဖျားလက်ဖျားများ အေးစက်လာကာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာလေသည်။ထိုနည်းတူ ရပ်ရွာလူကြီးများနှင့် နွေးနွေး၏ ဆွေမျိုးသားချင်းများမှာလည်း ရုတ်တရက် ရောက်လာသူနှစ်ယောက်ကို ငေးကြောင်၍ကြည့်နေမိကြလေသည်။
“အမေ…အမေလိုက်လာတာလားဟင် … ကျွန်တော်တို့ရဲ့ မင်္ဂလာပွဲကို သဘောတူလိုက်ပြီလားဟင် ”
သွင်ငြိမ်းထက်သည် မိခင်ကြီး၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီးလျှင် စိုးရိမိစိတ်နှင့် ခပ်တိုးတိုးမေးလိုက်သည်။ထိုနည်းတူ သွင် ငြိမ်းထက်၏ အစ်ကိုဖြစ်သူမှာလည်း ဇနီးဖြစ်သူ အိသဇင်၏ အကြောင်း ကိုသိသူပီပီ ဇနီး၏လက်ကို ခပ်တင်းတင်းပင်ဆွဲ၍ထားလေသည်။
“ဘယ်လိုဖြစ်နေတာလဲ သားသွင် …အမေပြောပါရစေအုံး ”
ဒေါ်မေဇင်ထက်သည် သားဖြစ်သူ သွင်ငြိမ်းထက်ကို ခပ်တိုးတိုးငေါက်ငမ်းလိုက်ပြီး လူကြီးများအနားတွင် ဝင်၍ ထိုင်လိုက်ပြီးလျှင် မိမိကိုယ်ကို မိတ်ဆက်လိုက်လေသည်။
” နောက်ကျမှ ရောက်လာရလို့ တောင်းပန်းပါတယ်ရှင် … ကျွန်မက သွင်ငြိမ်းထက်ရဲ့မိခင် ဒေါ်မေဇင်ထက်ပါ … သားတို့ရဲ့ မင်္ဂလာပွဲကို ခမ်းခမ်းနားနားလုပ်ပေးချင်လို့ပါ …မိန်းခလေး ရှင်ဘက်က ဆန္ဒရှိတဲ့အတိုင်း ပြောပါရှင် …သားတွေက ကျွန်မကျန်းမာရေးကို စိုးရိမ်ပြီး ကျွန်မကို ၀င်မပါ ခိုင်းလို့ ကျွန်မမှာ နောက်ကျမှ ရောက်လာရတာပါ”
ဒေါ်မေဇင်ထက်၏ စကားဆုံးသောအခါ သွင်ငြိမ်းထက်သည် နွေးနွေး၏ အေးစက်နေသော လက်ဖျားလေးများကို ခပ်တင်းတင်းဆုပ်ကိုင်ထားရာမှ ဝမ်းသာအားရ ဖျစ်ညှစ်လိုက်ပြီး နွေးနွေး၏မျက်နှာလေးကို ကြည်နူးပျော်ရွှင်စွာကြည့်လိုက်မိလေသည်။
နွေးနွေးသည်လည်း ထိတ်လန့်တုန်လှုပ်နေမိရာမှ ယောက္ခမလောင်း၏ စကားကြောင့် အတိုင်းမသိ ဝမ်းသာပျော်ရွှင်သွားရပြီးလျှင် ချစ်ရသူသွင်ငြိမ်းထက် ကို မော့၍ကြည့်မိသည်။ ပြီလျှင် အစ်မကြီးဖြစ်သူ မအေးရီကိုလည်း ကြည့်မိပြန်သည်။
မအေးရီသည်လည်း ရုတ်တရက်ဖြစ်ပေါ်သွားသော အခြေအနေကို မယုံကြည်နိုင်စွာပင် ကြည်နူးဝမ်းသာနေမိလေသည်။
ဧည့်ပရိတ်သက်အားလုံးတို့မှာ ဝမ်းသာကြည်နူးနေကြသော်လည်း အိသဇင်မှာမူ ဒေါသတကြီးနှင့် အိမ်ပြင်သို့ချာခနဲ လှည့်ထွက်သွားသောကြောင့် ယောကျာ်းဖြစ်သူမှာ နောက်မှ လိုက်သွားရလေသည်။
~~~~~~~~~~~~~~~~~~
ဧည့်သည် လူကြီးများ ပြန်သွားကြပြီးသည့်နောက်တွင် အိမ်ထဲတွင် သွင်ငြိမ်းထက်တို့ သားအမိနှင့်နွေးနွေးနှင့်အတူ မအေးရီတို့ မိသားစုသာ ကျန်ရစ်ခဲ့လေသည်။မအေးရီတို့ ဇနီးမောင်နှံသည် ဒေါ်မေဇင်ထက်နှင့် စကားပြော လျက်ရှိကြလေသည်။
“ညီမလေးကို အပ်ပါတယ်ရှင် …ညီမလေးက အရွယ်မရောက်ခင်ကတည်းက မိဘတွေနဲ့ ခွဲခဲ့ရတာမို့ မလိမ္မာတာရှိရင် ဆုံးမပါရှင် …ညီမလေးကို အခုလို လက်ခံပေးလို့ အေးရီတို့က ကျေးဇူးတင်ပါတယ်ရှင် ”
ဒေါ်မေဇင်ထက်သည် စကားပြောနေရင်းမှ အိမ်ထဲသို့ မသိမသာ အကဲခတ်ကြည့်လိုက်သည်။ အိမ်လေးသည် ပျဉ်ခင်းပျဉ်ကာသွပ်မိုးထားသော အိမ်လေး ဖြစ်သည်။အိမ်လေးကို ကြည့်ရသည်မှာ လက်တလောမှ ရှင်းလင်းထားသည် မဟုတ်ဘဲ အမြဲတစေပင် ရှင်းလင်းထားပုံရလေသည်။ကြမ်းပြင်ပေါ်တွင် ဖျားများ အပြည့်ခင်းထားသော်လည်း ဖျားလွတ်နေသောနေရာများမှ သစ်သားကြမ်းပြင်သည် ပြောင်လက်၍နေသည်ကို တွေ့ရပေသည်။ဘုရားကျောင်းဆောင်ကိုကြည့်လိုက်သောအခါတွင်လည်း ဘုရားကျောင်းဆောင်ပေါ်တွင် ရွှေရောင်ဝင်းလျက်ရှိသော ခပ်သေးသေး ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ကိုးကွယ်ထားပြီး ဘုရားပန်းအိုး သုံးလုံးနှင့် သန့်ရှင်းသပ်ရပ်သော သောက်တော်ရေဗန်းကို လည်းတွေ့ ရသည်။ဖယောင်းတိုင်းနှင့် အမွှေးတိုင်ထွန်းသောခွက်လေးများကိုလည်း အောက်တွင် သံလင်ပန်းတစ်ချပ်ခံ၍ထားသည်ကို တွေ့ရလေသည်။ထို့ကြောင့် ဘုရားခန်းသည် မခမ်းနားသော်လည်း သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်နှင့် ကြည်ညို သပ္ပာယ်ဖွယ် ဖြစ်နေသည်ကို တွေ့ရသောကြောင့် ဒေါ်မေဇင်ထက် စိတ်ထဲမှ ကျေနပ်၍သွားမိလေသည်။
ဒေါ်မေဇင်ထက်နှင့် မအေးရီတို့ ပြောဆိုတိုင်ပင်နေကြသကဲ့သို့ သွင်ငြိမ်းထက်နှင့် နွေးနွေးမှာလည်း ဆိုင်ခန်းထဲတွင်နှစ်ယောက်သားတိုးတိုးတိတ်တိတ်ပြောဆိုတိုင်ပင်နေကြလေသည်။
“နွေးလဲ ဘာမှမသိရဘူး …ကိုသွင့်အသိုင်းအဝိုင်းက တစ်မျိုးထင်သွားမှဖြင့် .. နွေး ဒါကို လက်မခံနိုင်ဘူး ”
နွေးနွေးသည် တိုက်ခန်းစာချုပ်လေးကို သွင်ငြိမ်းထက် ထံသို့ ကမ်းပေးရင်းမှပြောလိုက်သည်။
“နွေးရယ် … ဖြစ်နိုင်ရင် ကိုယ်က နွေးအတွက် ခြံလေး၀န်းလေးနဲ့ တောင်ဝယ်ပေးချင်တာ …. ကိုယ်ပိုင်တဲ့ပစ္စည်းဥစ္စာလဲ နွေးပိုင်တာပဲ … နွေးပိုင်တာလဲ ကိုယ်ပိုင်တာပဲလေ … နောက်ဆို ကိုယ်တို့မှာ မိသားစုတွေ တိုးလာမှာမဟုတ်လား …အဲ့ဒါကြောင် ငွေကို မပျောက်ပျက်အောင် ရင်းနှီးမြှုပ်နှံထားတာပဲဟာ … ဒါလေးအတွက်မဟုတ်တာတွေ မတွေးနဲ့နော်နွေး …တကယ်ဆို နွေးအတွက် အကောင်းဆုံးတွေပဲ ဖန်တီးပေးချင်တာ … ရှေ့လျှောက်ကိုယ်တို့တွေ မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေကြရအောင်နော် ….”
သွင်ငြိမ်းထက်သည် ချစ်သူလေး၏ လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ရင်းမှ ပြောလိုက်သည်။
“လာပါကွာ ….လူကြီးတွေနဲ့ စကားသွားပြောရအောင် တော်ကြာ ကိုယ်တို့ကို တစ်မျိုးထင်နေအုံးမယ် ”
သွင်ငြိမ်းထက်သည် ပြောပြောဆိုဆိုနှင့် နွေးနွေး၏လက်ကလေးကို ဆွဲကာ ဆိုင်ထဲမှ ထထွက်ခဲ့ကြပြီးအိမ်ထဲသို့ ဝင်ခဲ့လေသည်။
~~~~~~~~~~~~~~~~~~~
“နွေးနဲ့ ကိုသွင့်ကို သဘောတူလက်ခံပေးလို့ ကျေးဇူးတင်ပါတယ် အန်တီ … ”
နွေးနွေးသည် အိမ်ထဲသို့ ရောက်သည်နှင့် သွင်ငြိမ်းထက်၏ မိခင်ကြီးရှေ့တွင် ခပ်ယို့ယို့ ထိုင်လိုက်ပြီးနောက် လက်အုပ်လေးချီ၍ ကန်တော့လိုက်ပြီး ကျေးဇူးတင်စကားဆိုလိုက်မိပါသည်။
“ကျွန်တော်လဲ ကျေးဇူးတင်ပါတယ် အမေ … ကျွန်တော်တို့ အမေ့ကို တစ်သက်လုံး စိတ်ချမ်းသာအောင် ထားပါ့မယ် အမေ ”
သွင်ငြိမ်းထက်သည် လည်း နွေးနွေးနည်းတူ မိခင်ကြီးကို ကန်တော့လိုက်ပြီးလျှင် ကျေးဇူးတင် စကားပြောလိုက်လေသည်။
” ကျေးဇူးတင်ဖို့ မလိုပါဘူးကွယ် … ဒါက မိဘတစ်ယောက်အနေနဲ့ လုပ်ရမယ့် တာဝန်ပဲလေ…အမေ့ဘက်က ပြောမှားဆိုမှားရှိခဲ့ရင်လဲ သားကိုရော သမီးကိုပါ တောင်းပန်ပါတယ်ကွယ် ”
ဒေါ်မေဇင်ထက်သည် လူယဉ်ကျေးပီပီ သားဖြစ်သူနှင့် ချွေးမလောင်းကို ပြန်၍ တောင်းပန်စကားဆိုလိုက်လေသည်။
” အန်တီမမှားပါဘူးရှင်…ဒါက မိဘတစ်ယောက်ရဲ့ စေတနာဆိုတာ သမီးတို့ နားလည်ပါတယ်ရှင် ”
ဒေါ်မေဇင်ထက်နှင့် နွေးနွေးတို့ အပြန်အလှန်ပြောနေကြသော မြင်ကွင်းကို ကြည့်၍ မအေးရီသည် မျက်ရည်ဝဲလောက်အောင်ပင် ၀မ်းသာကြည်နူးနေမိလေ၏။ညီမငယ် နွေးနွေးအတွက် မအေးရီ၏ရင်ထဲမှ အပူလုံးကြီးသည်လည်း ကင်းစင်လွင့်ပျယ်ခဲ့ရလေပြီဖြစ်ပေသည်။ထို့အတွက် မတ်ဖြစ်သူ သွင်ငြိမ်းထက်အား မအေးရီ အထူးပင်ကျေးဇူးတင်နေမိလေသည်။အထူးသဖြင့် ယနေ့တွင် ညီမငယ် နွေးနွေးကို လူကြီးစုံရာရှေ့တွင် တိုက်ခန်းနှင့်တင့်တောင့်တင့်တယ် တောင်းရမ်းခဲ့သည့်အတွက် မအေးရီ ပြောမပြတတ်အောင် ၀မ်းမြောက်မိသလို မောင်မောင်လတ်ကြောင့် ရခဲ့သော စိတ်ဒဏ်ရာများသည်လည်း တစ်ရက်တည်းနှင့်ပင် လွင့်စင်ကင်းပျောက်ခဲ့ရပြီ ဖြစ်လေသည်။ထိုအရာများအားလုံးအတွက်လည်း ညီမငယ် နွေးနွေးကို တန်ဖိုးထားချစ်ခင်ပေးသော မတ်ဖြစ်သူ သွင်ငြိမ်းထက်ကိုလည်း ကျေးဇူးတင်မဆုံးဖြစ်နေမိလေသည်။
“ဒါနဲ့ မင်္ဂလာပွဲကို ဘယ်မှာ စီစဉ်ထားကြလဲ ..ရက်ကရော သက်မှတ်ပြီးပြီလား ”
ဒေါ်မေဇင်ထက်က မင်္ဂလာပွဲကိစ္စကိုမေးလိုက်သည်။
“မင်္ဂလာပွဲကို ဒီမှာပဲ လုပ်မှာ အမေ … ရက်လဲ သက်မှတ်ပြီးပြီ ”
“ဒီမှာ …မကျဉ်းဘူးလား … နီးနီးနားနားမှာ ခန်းမ မရှိဘူးလား ….အဓိကက ရပ်ကွက်က အသိမိတ်ဆွေတွေကို သွားရေလာရေး လွယ်ကူစေချင်တာမဟုတ်လား ….အနီးဆုံး ခန်းမတစ်ခုကို ငှါးပြီး …ကားကြိုပို့ လုပ်ပေးလိုက်ကြမယ်လေကွယ် …ဖိတ်စာတွေက မဝေရသေးဘူး မဟုတ်လား ခန်းမငှားကြရအောင် … သမီးတို့ဘက်က ဖြစ်ချင်တာကိုလဲ ပြောကြအုံးနော်… ပြီးတော့ တစ်ခါတည်း ပြောရအုံးမယ် … အိမ်ခွဲနေခွင့်မပြုဘူးနော် …အိမ်မှာပဲ နေရမယ် …အစကတည်းက မင်းတို့ အဖေက သားနှစ်ယောက် တစ်ယောက် တစ်အိမ်ဆိုပြီး ပုံစံတူ ဆောက်ပေးထားခဲ့တာ ”
ဒေါ်မေဇင်ထက်က သားနှင့် ချွေးမလောင်းကို ကြည့်၍ပြောလိုက်သည်။
“ဟုတ်..ဟုတ်ကဲ့ပါ အန်တီ ”
” အမေနဲ့ အတူနေရမယ်ဆိုရင် ပျော်တာပေါ့ အမေရယ် ”
~~~~~~~~~~~~~~~~~~~~
အိသဇင်သည် မျက်နှာကို မှုန်ကုပ်ထားပြီးလျှင် ဧည့်ခန်းဆိုဖာထက်၌ ထိုင်နေလေသည်။ဘေးတွင် ခင်ပွန်းဖြစ်သူမှာ ဇနီးဖြစ်သူ အိ သဇင်၏ အလိုမကျ ဖြစ်နေသော ပုံစံကို စိတ်ပျက်လက်ပျက်ပုံနှင့် မသိမသာ ကြည့်နေလေသည်။
” အားလုံးကို အမေ ပြောမယ် … မင်္ဂလာပွဲ ပြီးရင် သားသွင်တို့ ဒီမှာ လာနေကြမှာ …မိသားစု အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ နေကြစို့နော် … ပြဿနာဖြစ်တာကို မလိုချင်ဘူး ”
ဒေါ်မေဇင်ထက်၏ စကားကြောင့် အိသဇင် သည် မျက်နှာကို မသိမသာမဲ့ပစ်လိုက်သည်။
“သမီးအိကိုလဲ အမေတောင်းပန်ချင်တယ် … အမေတို့ သမီးတို့က ခင်ပွန်းကောင်းတွေနဲ့ တွေ့ဆုံခဲ့ရလို့ အိမ်ထောင်ကွဲ အမျိုးသမီးတစ်ယောက်ရဲ့ ဘ၀ကို နားလည်မပေးနိုင်ကြဘူးပေါ့ကွယ် …ဒါပေမဲ့ ဒါကလဲ သူ့အပြစ်ကျူးလွန်ထားတာမဟုတ်ဘူးလေ…. သူ့နေရာမှာ ကိုယ်ဆိုရင် ရော ဘယ်လိုခံစားနေရ ရမလဲဆိုတာကို တွေးကြည့်ပါ …အမေကတော့ ကိုယ့်သားတွေ ချစ်တဲ့ မိန်းခလေးကို လိုက်ချစ်ခင်ပေးဖို့ပဲ တွေးထားတယ်…အဓိကက အမေ့ရဲ့ သားသမီးတွေ မိသားစုတွေနဲ့ ပျော်ရွှင်နေရင် အမေကျေနပ်ပါတယ် …သမီးအီကို အမေလိမ်ပြီး ခေါ်သွားမိသလို ဖြစ်သွားတာကိုတော့ အမေတောင်းပန်ပါတယ်ကွယ် ”
~~~~~~~~~~~~~~~~~~
“မောင်သွင်ငြိမ်းထက်နှင့် မနွေးနွေး”တို့၏ မင်္ဂလာဧည့်ခံပွဲ “လက်ဖွဲ့ပစ္စည်း လုံးဝလက်မခံပါဆိုသော လှပခံ့ညားသောဆိုင်းဘုတ်ကြီးထောင်ထားသောရှေ့တွင် လူအပြည့်ပါသော ကားများသည် တစ်စီးပြီး တစ်စီး ထိုးဆိုက်လာလေသည်။
“လောကကြီးက ဆန်းကြယ်တယ်နော် … နွေးနွေးက ခမ်းခမ်းနားနား မင်္ဂလာပွဲ ကျင်းပနေချိန်မှာ မောင်မောင်လတ်က ဆိုင်ကယ်မှောက်ပြီး အရေးပေါ် ရောက်သွားသတဲ့ … အဲ့ဒါပြောတာပေါ့ …သူတစ်ပါးကို အပြစ်လုပ်ရင် အချိန်တန်ရင် အပြစ်ပြန်ခံရမယ် ဆိုတာလေ…”
“သတို့သားက ဆရာဝန်တဲ့တော့ … တော်တော်လေးလဲ ကြည့်ကောင်းတယ်နော် …..ချမ်းလဲချမ်းသာကြတယ်တဲ့ ”
“ချမ်းသာလား မချမ်းသာလာ … လက်ဖွဲ့ငွေမယူတဲ့အပြင် ကျွေးတော့လဲ အလျှံအပယ်… ပြီးတော့ ထီလက်မှတ်တွေတောင်း လက်ဆောင်ပြန်ကမ်းလိုက်သေးတယ် မဟုတ်လား … နွေးနွေးတော့ သိပ်ကို ကံကောင်းတာပဲ …မောင်မောင်လတ်လို လူမျိုးနဲ့ကွဲခဲ့လို့ တော်သေးတာပေါ့ ”
ပွဲခန်းမရှေ့ရှိအကြိုအပို့ လုပ်နေကြသော ကားများပေါ်မှ ဆင်းလာသူနှင့် ကားပေါ်သို့ ပြန်တက်သွားကြသူများသည် နွေးနွေးတို့၏ အကြောင်းကို ပြောမဆုံးနိုင်အောင်ပင် ဖြစ်နေကြလေသည်။
~~~~~~~~~~~~~~~~~~
သွင်ငြိမ်းထက်သည် ချစ်သူနွေးနွေး၏ လက်ကလေးကို ယုယကြင်နာစွာဆုပ်ကိုင်လျက် နှစ်ယောက်သား ဧည့်ပရိတ်သက်များ၏အလယ်တွင် တစ်ယောက်မျက်နှာကို တစ်ယောက် ကြည်နူးစွာကြည့်၍နေမိကြလေသည်။
မအေးရီသည် ဆွေမျိုးသားချင်းများနှင့် အပေါင်းအသင်းမိတ်ဆွေများကို လိုက်လံ နှုတ်ဆက်ဧည့်ခံနေရင်းမှ ပျော်ရွှင်ကြည်နူးနေသော ညီမငယ်လေး နွေးနွေးကို ကြည်နူးဝမ်းမြောက်စွာ ကြည့်နေမိလေသည်။
=====================
ပြီးပါပြီ
အစမှ အဆုံး အားပေးဖတ်ရှုပေးခဲ့ကြသူများကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
A Kyi Phyu