တစ်နပ်စား(စ/ဆုံး)
—————-
” ဒေါက် ဒေါက် ဒေါက် ”
” မမ… မမ ”
မနက်စောစောစီးစီး အခန်းတံခါးကိုခေါက်ပြီး
ကျွန်မကို ခေါ်နေတဲ့အသံကြောင့် အိပ်မှုန်စုံမွှားဖြင့်
အခန်းတံခါး ထဖွင့်ပေးလိုက်တော့
အောက်ထပ်အခန်းမှ ကောင်မလေးဖြစ်နေတယ် ။
” အင်း. … ဘာဖြစ်လို့လဲ ညီမလေး ”
ကျွန်မက အဲ့ဒီလိုမေးလိုက်ရာ ထိုကောင်မလေးမှာ
ရယ်ကျဲကျဲ ဖြင့်
“ဟိုလေ… မမ
သမီးကို ပိုက်ဆံတစ်သောင်းလောက် ချေးပါလား ”
ဟယ် စောစောစီးစီး ။
ကျွန်မစိတ်ထဲ ထောင်းကနဲ ဖြစ်မိတယ် ။
တကယ်ဆို သူနဲ့ကျွန်မ တစ်ဆောင်ထဲအတူမို့
ဒီတိုင်း မျက်မှန်းတန်းမိရုံလောက်သာ ။
သူက အောက်ထပ်မှာ သူ့မိသားစုနဲ့အတူနေပြီး
ကျွန်မက အလယ်ထပ်မှာ
ကိုယ့်ဘာကိုယ် တစ်ယောက်ထဲနေတဲ့သူ ။
ကျွန်မက နဂိုထဲက
တစ်ယောက်ထဲအေးအေးဆေးဆေး နေတတ်သူမို့
အဆောင်မှာရှိသမျှ ဘယ်အခန်းကလူတွေနဲ့မှ
ရောရောနှောနှော မနေတတ်တာလည်းပါတာကြောင့်
အခု ဒီကောင်မလေးကိုလည်း ဒီတိုင်းမြင်ဖူးရုံသာ
မြင်ဖူးပြီး စကားတောင်မှ မပြောဖူးပါ ။
ဘယ်လိုဖြစ်လို့များ ကိုယ်နဲ့မသိ မခင်တဲ့လူဆီက
အခုလို ပိုက်ဆံကို လွယ်လွယ်နဲ့လာချေးရဲပါလိမ့်
ပေါ့ ။
ပြီးတော့ မနက်စောစောစီးစီး
ကျွန်မပင် အိပ်ယာက မထသေး ။
” အေး…ညီမလေး အမမှာလည်း
ဒီလ ပိုက်ဆံမကျန််လို့ မပိုဘူးကွယ် ”
စောစောစီးစီး မျက်နှာပင်မသစ်ရသေးခင်
မုသားသုံးနေသူကျွန်မကို ကိုယ်စောင့်နတ်က
မျက်စောင်းထိုးနေမှာမလွဲ ။
တကယ်ဆို တစ်သောင်းဆိုတဲ့ငွေဟာ
ဘာမှမပြောပလောက်ပေမဲ့ ကျွန်မ ဘယ်သူနဲ့မှ
ငွေကြေးအရှုပ်ရှင်း မလုပ်ချင်တာကြောင့်ပါ ။
” ဟုတ် မမ ”
မျက်နှာငယ်လေးနဲ့ လှည့်ပြန်သွားတဲ့ရုပ်လေးကို
မြင်ရပြန်တော့လည်း
ကျွန်မ စိတ်မကောင်းဖြစ်ရပြန်တယ် ။
အို…ဘာပဲဖြစ်ဖြစ် ဒါမျိုးကိစ္စတွေက ခုထဲက
မရှုပ်တာပဲ ကောင်းတယ် ။
သနားမိသွားတဲ့ကိုယ့်စိတ်ကိုယ် အဲ့ဒီလို
ဖြေတွေးလိုက်ပြီး ပြန်လည်းအိပ်မရတော့တာကြောင့်
မျက်နှာသစ် စျေးသွားဖို့ ပြင်လိုက်ပါတော့တယ် ။
________________
နောက်တစ်နေ့မနက်….
ကျွန်မ အလုပ်သွားဖို့ ပြင်ဆင်နေတုန်း
” မမ ”
ခေါ်သံကြောင့် မော့ကြည့်လိုက်တော့ အခန်းဝမှာ
ရပ်ရင်း ကျွန်မကို ပြုံးပြနေတဲ့
မနေ့ကကောင်မလေး ။
” အေး…ညီမလေး ”
သူဘာကိစ္စနဲ့ လာလည်းဆိုတာ ကျွန်မစိတ်ထဲ
အလိုလိုသိပါတယ် ။
” သမီးကို ပိုက်ဆံ တစ်သောင်း ခဏချေးပါလား
မမရယ် … သမီး ညနေအလုပ်ကပြန်ရောက်တာနဲ့
လာပေးပါ့မယ် … ”
သူ့ရုပ်လေးကြည့်လိုက်တော့လည်း
မနေ့ကလိုပဲ သနားစရာလေး ။
ပြီးတော့ ကောင်မလေးက 18-19လောက်ပဲ
ရှိဦးမယ် ။ ငယ်ငယ်ချောချောလေးပါပဲ ။
ဒီတစ်ခါတော့
ကျွန်မ ထပ်မငြင်းချင်တော့တာကြောင့်
” အေးအေး…ညနေကျ ဆက်ဆက်လာပေးနော် ”
အိတ်ထဲက တစ်သောင်းတန်တစ်ရွက်
ထုတ်ပေးလိုက်တော့ သူ့မျက်နှာဝင်းလက်သွားပါ
တယ် ။
” သမီး အတိုးပေးပါ့မယ်နော်မမ ”
ဟယ်… ဘယ့်နှယ် တစ်သောင်းထဲကိုများ
အတိုးယူစရာလားပေါ့ စိတ်ထဲက ။
” မပေးပါနဲ့ ညီမလေးရယ်
အမ ဒီတိုင်းကူညီတာပါ ”
” ကျေးဇူးပါပဲ မမရယ်… သမီးတို့မိသားစုကလည်း
မမမြင်တဲ့အတိုင်းပဲ …
အိမ်သားတွေကများတော့ သမီးလခလေး
အမေ့ကိုအကုန်အပ်ရတာ…
သမီးသုံးဖို့တောင် အမေမသိအောင်
ခိုးပြီး ဘတ်ထားရတယ်မမရဲ့ ”
” သြော် … ”
” အဲ့ဒါဆို… သမီး သွားတော့မယ်နော်မမ
ညနေကျ ဆက်ဆက်လာပေးမယ်စိတ်ချ ”
” အေးအေး ”
ကောင်မလေးက အောက်ထပ်ကိုပြုံးပြုံးရွှင်ရွင်နဲ့
ပြန်ဆင်းသွားတယ် ။
သြော်… သူ့မိဘတွေကလည်း
အပျိုအရွယ် ကိုယ့်သမီးလေးကို လိုအပ်တာ
ဝယ်ဖို့ သုံးဖို့ မုန့်ဖိုးလောက်တော့ ပေးထားသင့်တာ
ပေါ့ ။
အဲ့လို တွေးမိတော့ အိမ်က ဖေကြီးနဲ့မေကြီးကို
ကျေးဇူးတင်မိတယ် ။
ကျွန်မမိဘတွေဟာ နယ်မှာ သူတို့ဟာနဲ့သူတို့
ပြည့်စုံကြသည်မို့ ကျွန်မက အိမ်ကိုပြန်ပြီး
ထောက်ပံ့ရတာမျိုးမရှိပါ ။
ကျွန်မရှာလို့ရသမျှ ကိုယ့်ဘာကိုယ် သုံးချင်သလို
သုံးဖို့ ခွင့်ပြုထားသည်မို့
ကျွန်မလက်ထဲ ဘယ်တုန်းကမှ ငွေပြတ်တယ်ဆိုတာ
မရှိပါ ။
ခုနကကောင်မလေးကတော့ အဲ့ဒီလိုမဟုတ် ။
သူတို့က မိသားစုဝင်တွေများလွန်းသည် ။
ကလေးအငယ်လေးတွေကလည်း ဘုစုခရုလေးတွေ
ဘယ်နှစ်ယောက်မှန်းမသိ ။
အကြီးဆုံးက ယောကျ်ားလေးနှစ်ယောက် ။
နှစ်ယောက်လုံး လူပျိုဖားဖားကြီးတွေ ။
သူတို့မိသားစုမှာ အဲ့ဒီကောင်မလေးရယ်
ခုနက လူပျိုကောင်လေးနှစ်ယောက်ရယ်
သူတို့အဖေရယ် အပြင်ကို အလုပ်ထွက်လုပ်ကြတယ်။
သူတို့အမေက အခန်းမှာ ကလေး ဘုစုခရုလေးတွေနဲ့
ကျန်ခဲ့တယ် ။
သူ့အမေပုံစံက စရိုက်ကြမ်းမဲ့ပုံ ။
အမြဲတမ်း သနပ်ခါးမရှိတဲ့ မျက်နှာပြောင်ပြောင်နဲ့
ခေါင်းမွေးကလည်း ဆီမလိမ်း မဖြီးမသင်မို့
ဖွာလန်လန် ။
သူအောက်ထပ်က စကားပြောရင်
အလယ်ထပ်က အခန်းထဲမှာနေတဲ့ ကျွန်မတောင်
အသာလေးကြားရတယ် ။
ဟိုကလေးအငယ်လေးတွေကို ဆိုရင်လည်း
သူစိတ်မထင်ရင်မထင်သလို
ဆဲတာကတစ်မျိုး ၊ ရိုက်တာက တစ်မျိုးနဲ့
တစ်နေ့တစ်မျိုး မရိုးရ ။
ကလေးတွေကလည်း ရိုက်လေ အော်ငိုလေ ။
အော်ငိုလေ ပိုရိုက်လေနဲ့
အတော်ကို စိတ်ပျက်စရာ ကောင်းလှပါတယ်။
အဆောင်အခန်းတွေဆိုတာ
စီးပွားရေးဆန်ဆန် ဆောက်ကြသည်မို့
အများအားဖြင့် အရမ်းအကျယ်ကြီးတွေမဟုတ်ကြ။
သူတို့က မိသားစုဝင်တွေများတော့
အောက်ထပ်က အခန်းမှာ
သူ့အဖေနဲ့သူ့အမေက
ကလေးငယ်ငယ်လေးတွေနဲ့ စု အိပ်ကြတယ် ။
အပေါ်ဆုံးထပ်မှာတော့
သူတို့သား လူပျို အကြီးကောင်နှစ်ကောင်ရယ်
ခုနက ကျွန်မဆီ ပိုက်ဆံလာချေးတဲ့
ကောင်မလေးရယ် မောင်နှမသုံးယောက်အိပ်ဖို့
အတွက် အခန်းတစ်ခန်း ထပ်ငှားပေးထားတယ်
တဲ့ ။
တစ်ခန်းထဲကို တစ်ယောက်ထဲနေတာတောင်
ကျဥ်းတယ်လို့ ခံစားနေရတဲ့ကျွန်မအတွက်
သူတို့တွေ မိသားစု ဒီလောက်အများကြီးကို
အခန်းထဲ ပြွတ်သိပ်ပြီး နေ့စဥ် တဆူဆူတပူပူနဲ့ ။
ကျွန်မမှာ အလုပ်သွားတိုင်း အလုပ်ပြန်တိုင်း
သူတို့အခန်းရှေ့က မဖြစ်မနေ ဖြတ်နေရသည်မို့
ဖြတ်သွားတိုင်း မြင်ရတွေ့ရတာတွေဟာ စိတ်ကို
နည်းနည်းမှ မချမ်းသာစေရာ ။
အသက်ရှူကြပ်လှပါတယ် ။
ခုနကကောင်မလေးကိုလည်း ပိုပြီးဂရုဏာ
သက်မိတယ် ။
သူ့ခမျာ အပျိုအရွယ်လေးနဲ့ သူများတွေလို
လှလှပပ မဝတ်ရမစားရ ။
ဒီလကုန်လို့ လစာထွက်ရင်တော့
သူကလေးဖို့ အင်္ကျီလေးတစ်ထည်လောက်
လက်ဆောင်ဆိုပြီး ဝယ်ပေးဦးမှပဲလို့
တွေးနေမိပါတယ်…
____________
အဲ့လိုနဲ့ ညနေရောက်တော့
ကျွန်မလည်း အလုပ်ကပြန်ရောက်လာပြီ ။
ပင်ပန်းနေလို့ အခန်းထဲ ထိုင် နားရုံရှိသေး…
” မမ ”
ခေါ်သံနဲ့အတူ ကမ်းပေးလာတဲ့
ငါးထောင်တန်အသစ်ကလေး နှစ်ရွက် ။
ကျွန်မစိတ်ထဲ ကျေနပ်သွားမိတယ် ။
ဒီကလေးမလေး ဂတိတည်သားပေါ့ ။
သူကမ်းပေးလာတဲ့ ပိုက်ဆံလေးကို လှမ်းယူရင်း
” ကျေးဇူးပဲနော် ကလေး ”
” ဟုတ်မမ အဲ့ဒါဆို သမီးသွားတော့မယ်နော် ”
” အေးအေး ”
သူ ကျွန်မကို ပြုံးပြနှုတ်ဆက်ပြီး
ထုံးစံအတိုင်း အောက်ထပ်ကို ပြန်ဆင်းသွားတယ် ။
ကျွန်မဟာ အဲ့ဒီလို ဂတိတည်သူဆို
သိပ်ပြီး သဘောကျတတ်ပါတယ် ။
အဲ့ဒါကြောင့် နောက်လည်း
သူလိုအပ်လို့ ပိုက်ဆံ ထပ်လာချေးခဲ့ရင်
အလွယ်တကူ ထုတ်ပေးလိုက်မယ်လို့
တစ်ခါထဲတွေးလိုက်မိတယ်။
ပြောရရင် ဒီတစ်ကြိမ်ဂတိတည်ရုံနဲ့
ကျွန်မဆီက ယုံကြည်မှုကို သူရသွားခဲ့ပါတယ် ။
သို့သော်…
တစ်ချို့လူတွေဟာ သနားဖို့လည်းမထိုက်တန်
ယုံကြည်မှုကိုလည်း တန်ဖိုးမထားတတ်ပဲ
အလွန် အောက်တန်းကျတတ်မှန်း
ကျွန်မဟာ နောက်ကျမှ သိလာခဲ့ရပါတော့တယ် …
#တစ်နပ်စား
°°°°°°°°°°°°°°°°°°
( ဇာတ်သိမ်း )
ကျွန်မ အဲ့ဒီကောင်မလေးကို ဂတိတည်သူ
ဆိုပြီး ယုံကြည်သွားတဲ့နောက်ပိုင်း
နှစ်ယောက်သား အရင်လိုခပ်တန်းတန်းကြီး
မဟုတ်တော့ပဲ ပိုပြီးရင်းနှီးလာခဲ့ကြတယ် ။
သူ့နာမည်ကိုလည်း အဲ့ကျမှ သိရတော့တာပဲ ။
ခင်ခင်ထွဋ် တဲ့…
ကျွန်မဟာ လူတွေအပေါ် တော်ရုံတန်ရုံလောက်နဲ့
မခင်တတ် မချစ်တတ်ပေမဲ့ ခင်ခင်ထွဋ်ကိုတော့
ကိုယ့်ညီမလေးလို သဘောထားခဲ့တယ် ။
မေတ္တာထားမိခဲ့တယ် ။
သူတို့အမေက သူ့သားသမီးတွေအကုန်လုံးကို
သူနေတဲ့ပုံစံအတိုင်းထားတာကြောင့်
တစ်ယောက်မှ ပြောင်ပြောင်ရောင်ရောင်မရှိကြ ။
အပျိုအရွယ်လေးဖြစ်နေပြီဖြစ်တဲ့ ခင်ခင်ထွဋ်ဟာ
မိန်းကလေးပီပီ သူများတွေလို လှချင်ရှာမှာပဲ ။
ငါ့ညီမလေးသာဆိုရင်… ဆိုတဲ့စိတ်ကြောင့်
အခုလို သူဝယ်ချင်တာလေးတွေရှိလို့
ကျွန်မဆီက သူ့အမေမသိအောင် ပိုက်ဆံချေးတာကို
အလိုတူအလိုပါ လုပ်ပေးခဲ့မိတယ် ။
သို့သော်… ကျွန်မသူ့အပေါ် အဲ့ဒီလိုထားခဲ့မိတဲ့
စေတနာတွေကို သူကိုယ်တိုင်ပဲ ပြန်ပြီး
ရိုက်ချိုးသွားပါတော့တယ် ။
ဖြစ်ပုံကတော့….
ဒီနေ့ဟာ လကုန်ရက်မို့ သူသူကိုယ်ကိုယ်
လစာတွေထုတ်ကြတော့
လက်ဖျားငွေသီးနေတဲ့အချိန်ပေါ့ ။
ဒါပေမဲ့,.. ခင်ခင်ထွဋ်ကတော့ ထုံးစံအတိုင်းပဲ ။
” မမ ”
” အေး…လာလေ ညီမလေး ”
သူ ကျွန်မအနား ဝင်ထိုင်ပြီး…
” ညီမလေးကို ပိုက်ဆံ ၅သောင်းလောက်ချေးပါလား
အရင်တိုင်းပဲ ညနေကျရင် လာဆပ်မယ်နော်
အတိုးလည်း ပေးပါ့မယ် ”
” အတိုးမယူပါဘူး ကလေးရယ်…
အရင်တစ်ခါလိုပဲ အမ ကူညီမှာပါ ”
ကျွန်မ သူ့ကို အဲ့ဒီလိုလွယ်လွယ်ကူကူပဲ
ထုတ်ချေးလိုက်တဲ့အပြင်…
” လောက်ရဲ့လား ” ဆိုတော့
” ရတယ်မမ… ကျေးဇူးပါနော် ” တဲ့
” အေးပါ…”
ခင်ခင်ထွဋ်ဟာ ကျွန်မကို ကျေးဇူးတင်ကြောင်းတွေ
ပြောပြီး အောက်ထပ်ကို ဆင်းသွားပါတယ် ။
အင်း… သူညနေကျ ပိုက်ဆံလာဆပ်ရင်တော့
မုန့်ဖိုးလေးဘာလေး ပေးလိုက်ဦးမှပဲ ပေါ့ ။
သို့သော်… ခင်ခင်ထွဋ်တို့ကတော့…
ညနေလည်းပေါ်မလာ ။
ညရောက်တဲ့ထိ ရောက်မလာပဲ
ပျောက်ချက်သား ကောင်းနေခဲ့ပါတယ်…
” နေမကောင်းလို့များလား…”
ကျွန်မ မနက်အလုပ်သွားချိန် သူတို့အခန်းရှေ့က
ဖြတ်တော့ ခင်ခင်ထွဋ်ကိုများ တွေ့မလားဆိုပြီး
စောင်းငဲ့ကြည့်ပေမဲ့ အရိပ်ယောင်တောင်ရှာမတွေ့ ။
အစကတော့ …
နေမကောင်းလို့ မလာနိုင်တာများလားဆိုပြီး
တွေးမိခဲ့ပေမဲ့ နှစ်ရက်ကနေ သုံးရက်
မတွေ့တဲ့အခါမှ သူကျွန်မကို ပိုက်ဆံပြန်မဆပ်ချင်
လို့ တမင်ရှောင်နေတာမှန်း ကျွန်မသိခဲ့ရတယ် ။
တစ်ဆောင်ထဲနေသူချင်းမို့
သူဘယ်လောက်ထိကြာအောင် ရှောင်နိုင်မှာမို့လဲ…
တစ်ရက်သော ညနေမှာ….
ကျွန်မက အဆောင်ရှေ့က စျေးဆိုင်ကိုအသွား
သူက သူ့အမေအခန်းကနေ ထွက်အလာ
တည့်တည့်တိုးပါတော့တယ် ။
” ညီမလေး… ”
ကျွန်မ အဲ့ဒီလိုခေါ်လိုက်တဲ့အချိန်
တည်တင်းနေတဲ့ သူ့မျက်နှာကိုလေ
စာဖတ်သူတွေကို မြင်စေချင်ရဲ့…
ဒါပေမဲ့… ကျွန်မ မသိချင်ယောင်ဆောင်လိုက်ပြီး
” ညီမလေး… နင်ဘာဖြစ်လို့ အဲ့ဒီညနေက
မလာတာလဲ.. ”
” အင်း… သမီး ပိုက်ဆံပြန်ပေးဖို့
အဆင်မပြေသေးလို့ မလာတာ ”
” အေးလေ… အဆင်မပြေသေးရင်လည်း
အကျိုးအကြောင်းတော့ လာပြောမှပေါ့ ”
” ဒီလ ၂၀ရက်နေ့ကျ နှစ်ကြေးထုတ်မှာ…
အဲ့ကျမှ လာပေးမယ် ”
” ဟုတ်ပြီလေ… ”
ကျွန်မသူ့ကို အဲ့လိုပြောခဲ့ပြီး စျေးဆိုင်ဘက်ကို
ထွက်လာခဲ့တော့တယ် ။
စိိတ်ထဲမှာတော့ ဒေါသတွေက တငွေ့ငွေ့ ။
ကျွန်မ ဒေါသထွက်တာက သူကျွန်မကို
ပိုက်ဆံလာမဆပ်လို့မဟုတ်ဘူး ။
ပိုက်ဆံဆပ်ချိန်ကျမှ ပြောင်းလည်းနေတဲ့
သူ့မျက်နှာထားကို မကြိုက်လို့ ဒေါသထွက်တာ…
ဘယ့်နှယ်…
ပိုက်ဆံချေးချိန်တုန်းကကျ သနားကမားရုပ်နဲ့
အခုကျမှ သောက်ခွက်ကတစ်မျိုး…
လူတွေဟာ တော်တော်လေးကို
စိတ်ပျက်စရာ ကောင်းတယ်…
________________
အဲ့လိုနဲ့ ခင်ခင်ထွဋ်တစ်ယောက်
၂၀ရက်နေ့ လာမယ်ပြောပြီး
၂၃ရက်နေ့အထိ ရောက်မလာခဲ့ပြန်ပါဘူး။
ဒီအရွယ်လေးနဲ့ ကိုယ့်ကျင့်တရား ပျက်စီးနေတဲ့
သူ့ကို သူ့အမေနဲ့ တိုင်ပြောလိုက်ရရင်ကောင်းမလား
ဆိုပြီး ကျွန်မ တွေးခဲ့မိသေးတယ် ။
သြော်… ကိုယ့်ကြောင့် သူ့ခမျာ အဆူအရိုက်
ခံနေရပါဦးမယ်လေ ဆိုပြီး မတိိုင်ဖြစ်ခဲ့ပါ…
နောက်တစ်နေ့မနက် ကျွန်မ အလုပ်သွားဖို့
အောက်ထပ်ကိုဆင်းတော့ လှေကားမှာ
သူနဲ့ဆုံတယ် ။
ကျွန်မ ဘာမှမပြောရသေးခင်ပဲ သူက
” ဟို… ပိုက်ဆံကိုလေ လကုန်မှလာပေးမယ် ”
ကျွန်မ ဘာမှပြောချင်စိတ်မရှိတာကြောင့်
ခေါင်းပဲ ငြိမ့်ပြလိုက်ပါတယ် ။
ကျွန်မက လူတစ်မျိုး ။
ကျွန်မ စေတနာရှိတဲ့အခါ ” ရော့…အင့် ” ဆိုပြီး
ဘယ်လောက်ပဲဖြစ်ဖြစ် နှမြောတွန့်တိုခြင်းမရှိ
ပေးတတ်ပေမဲ့ …
အဲ့ဒီလို ကျွန်မဆီကနေ ” ခဏ ချေးပါ ” ဆိုပြီး
ယူသွားရင်တော့ တစ်ရာပဲ ဖြစ်ဖြစ်
တစ်ထောင်ပဲ ဖြစ်ဖြစ် ပြန်ပေးမှ ကြိုက်တယ် ။
ကိုယ်လည်း သူများဆီက ခဏဆိုပြီးယူထားမိရင်
မမေ့မလျော့ ပြန်ပေးတတ်တဲ့အကျင့်ရှိတယ် ။
အဲ့လိုမျိုး ။
ခင်ခင်ထွဋ်ဟာ ကျွန်မဆီကို
ဒီလကုန်လည်းရောက်မလာ ။
နောက်လကုန်လည်း ရောက်မလာနဲ့
ကျွန်မပိုက်ဆံ ၅သောင်းက ငါးလအထိကြာသွား
ခဲ့တယ် ။
တစ်နေ့မှာတော့ ညနေခင်းဘက်ကြီး…
” ဒေါက် ဒေါက် ဒေါက် ”
တံခါးခေါက်သံကြားလို့ ထဖွင့်ပေးလိုက်တော့
ခင်ခင်ထွဋ် ဖြစ်နေတယ် ။
ကျွန်မစိတ်ထဲ သူကျွန်မကို ပိုက်ဆံလာဆပ်တယ်
လို့ထင်နေပေမဲ့…
” မမ… သမီးကို ပိုက်ဆံ တစ်သောင်းလောက်
ထပ်ချေးပါလား …
အရင် ငါးသောင်းနဲ့ပေါင်းပြီး ပြန်ဆပ်ပါ့မယ် ” တဲ့
ဘယ်လောက်တောင် မျက်နှာပြောင်တိုက်ပြီး
အရှက်တရား ကင်းမဲ့လိုက်လဲ …
ကျွန်မ ဒေါသတွေ ငယ်ထိပ်ကို ရောက်ပြီလေ…
” ဒီမှာ ခင်ခင်ထွဋ်…
နင့်မျက်နှာကို ပိုက်ဆံချေးချိန်ကျရင်
သနားစရာရုပ်ဖြစ်အောင် လာလာလုပ်မပြနဲ့…
ရွံဖို့ကောင်းတယ် သိလား… ”
” အရင်ပေးရမဲ့ ငါးသောင်းကို ငါးလအထိ
စောင့်ပေးခဲ့တာကိုပဲ ကျေးဇူးတင် ”
ကျွန်မလည်း အဲ့ဒီလို ပြောထည့်လိုက်ရော
ခုနက မျက်နှာငယ်လေးလုပ်ထားတဲ့
သူ့မျက်ခွက်ဟာ ချက်ချင်းဆိုသလို
မျက်နှာမည်းကြီးအဖြစ် ပြောင်းသွားတော့တယ် ။
” ငါကနင့်ကို ငါ့ညီမလေးလိုသဘောထားပြီး
ကူညီပေးခဲ့တာကိုမှမထောက်…
နင်မို့လို မရှက်ပဲ နောက်ထပ် တစ်သောင်းတောင်
လာချေးနေလိုက်သေးတယ် …
နင့်ကို တစ်ခါထဲ ပြောလိုက်မယ် …
နင်ငါ့ကို ပေးရမဲ့ ငါးသောင်းကိုလည်း ဒီလကုန်တာနဲ့
ချက်ချင်း ပြန်ဆပ် ။
ပြီးရင်တော့…ငါနဲ့ဘယ်တော့မှ စပ်စပ်ယှက်ယှက်
လာမလုပ်နဲ့ …သွား… ”
ခင်ခင်ထွဋ်ဟာ ကျွန်မ အခန်းရှေ့ကနေ
ချာခနဲ လှည့်ထွက်သွားပါတော့တယ် ။
ကျွန်မဟာ ဒေါသထွက်လွန်းလို့ အခန်းဝမှာ
မတ်တပ်ကြီးရပ်ပြီး အသားတွေ တဆတ်ဆတ်
တုန်နေတဲ့အထိပါပဲ ။
လောကကြီးထဲမှာ ဒီလိုမျက်နှာပြောင်တိုက်လွန်း
အတင့်ရဲလွန်းတဲ့လူမျိုးတွေလည်း
ရှိနေသေးတာပါလား…
______________
ဒီလိုနဲ့ လကုန်ရက် လစာတွေထုတ်ပြီး
နောက်တစ်နေ့မနက်အထိ သူ ကျွန်မဆီကို
ရောက်မလာခဲ့ဘူး ။
ကျွန်မကလည်း မျှော်လင့်မထားပါဘူး ။
ဒီတစ်ခါတော့ သူ့ကိုမစောင့်တော့ပဲ
သူ့အမေဆီသွားပြီး တိုက်ရိုက်ပဲတောင်းတော့မယ်
လို့ ကျွန်မဆုံးဖြတ်လိုက်ပြီး
အောက်ထပ်ကို ဆင်းလာခဲ့လိုက်တယ် ။
သူ့ဘာသူ ရိုက်ရိုက် နှက်နှက် အသေပဲသတ်သတ် ။
အောက်ထပ်က သူ့အမေအခန်းကိုရောက်တော့
အခန်းထဲကို တစ်ချက်ဝေ့ကြည့်လိုက်တယ်ဆိုရင်ပဲ
ရှုပ်ပွနေတဲ့ အခန်းထဲက မခေါက်ပဲစုပုံထားတဲ့
အဝတ်စားပုံကြား ဖြဲအိပ်ရင်း ဖုန်းသုံးနေတဲ့
ခင်ခင်ထွဋ်ကို တန်းတွေ့ရတာပဲ ။
သူ့အမေကတော့ ဒီဘက်မှာ ထိုင်နေတယ် ။
” အန်တီ…”
” အေး…ဘာကိစ္စလဲ သမီး ”
ကျွန်မ ဘာမှမပြောသေးပဲ ခင်ခင်ထွဋ်ကို
တစ်ချက် လှမ်းကြည့်လိုက်တယ် ။
အံမယ်… ခင်ခင်ထွဋ်တစ်ယောက်
ဖုန်းအသုံးလည်း မပျက်သလို ကျွန်မကိုလည်း
တစ်ချက်မှ မကြည့်ဘူးနော်…
ဘယ်လိုပြောရမလဲ …
နင့်ဟာနင် တိုင်ချင်တိုင်မတိုင်ချင်နေ
သောက်ဂရုမစိုက်ဘူးဆိုတဲ့ အထာမျိုး ။
” အန်တီရေ… အန်တီ့သမီး ခင်ခင်ထွဋ်က
ကျွန်မဆီကနေ ပိုက်ဆံချေးထားတယ်
မဆပ်တာ အခုလ ရောဆို ခြောက်လရှိပြီ ”
” ဘယ်လောက်လဲ ”
” ငါးသောင်း ”
သူ့အမေက ခင်ခင်ထွဋ်ကို တစ်ချက်လှည့်ကြည့်
တယ်။ ခင်ခင်ထွဋ်ကတော့ သူ့အမေကိုရော
ကျွန်မကိုရော တစ်ချက်ပင်မကြည့်ပါ ။
ဒီလိုဟာမ မျိုးကို ကျွန်မ အရင်ကဘာဖြစ်လို့များ
သနားစိတ်ဝင်မိပါလိမ့်…
” အေး…သမီးရေ…
အန်တီလည်း ဘာမှမသိရဘူး အဲ့ကိစ္စက
ပြီးတော့… ဒီလကလည်း ပိုက်ဆံ သိပ်မပိုဘူး
အဲ့ဒါကြောင့် နောက်လကုန်မှ ယူနော် ”
လာပြန်ပြီ နောက်လကုန်…
တကယ်ဆို သူတို့မှာ အဖေဖြစ်သူရယ်
သားနှစ်ယောက် လုပ်အားရယ် ခင်ခင်ထွဋ်ရယ်ဆို
လုပ်အားက လေးယောက်တောင်ရှိတာ ။
တစ်လ တစ်လ လစာထွက်ရင်တောင်မှ
နည်းမယ်မထင် ။
အဲ့ဒါကိုများ မနေ့ကမှ လခထုတ်ပြီးတာကို
ဒီပိုက်ဆံလေး ငါးသောင်းလောက်ကို မဆပ်နိုင်ဘူးလား…
မဆပ်နိုင်တာမဟုတ်ပဲ
မဆပ်ချင်တာမှန်းသိသွားပြီမို့ ကျွန်မ လက်လျှော့
လိုက်ပါပြီ…
သူများတွေလို လှူလိုက်တယ်လို့လည်း
သဘောမထားနိုင်ဘူး ။
ဒီကိစ္စက လူပေါ် ခွေးကျောသလို ခံစားရတယ်။
ကျွန်မ အင်းလို့လည်းမပြော
ဟင့်အင်းလို့လည်းမပြော ဘာမှကိုမပြောတော့ပဲ
သူတို့အခန်းရှေ့ကနေ ပြန်လှည့်လာခဲ့တယ် ။
သူတို့မိသားစုဟာ…
လူတွေတင် အနေအစား စုတ်ပြတ်ရုံတင်မက
စိတ်ဓာတ်တွေပါ သုံးစားမရ အောက်တန်းကျမှန်း
ကျွန်မ သိလိုက်ရတယ် ။
ဒီလိုအမေက မွေးလို့
ဒီလို သမီးမျိုး ဖြစ်လာတာပဲ မဟုတ်လား ။
တကယ်ဆို ကိုယ့်သမီး ဒီအရွယ်လေးနဲ့
သူများဆီက လိမ်ညာလှည့်ပတ်တတ်နေတဲ့ကိစ္စကို
သူက အမေဖြစ်ပြီး ဆုံးမပေးရမယ်
ပြုပြင်ပေးရမယ် ဖြေရှင်းပေးရမယ်မဟုတ်လား…
အခုတော့ဖြင့် ။
သူ့အမေကလည်း လူတကာဆီက ပတ်ချေးပြီး
ပြန်ဆပ်ချိန်ကျ ဟိုလိုလို ဒီလိုလိုလုပ် ။
ခင်ခင်ထွဋ်တို့အမေဟာ
လိမ်တတ် လှည့်တတ်တယ်လို့ အရင်ထဲက
နည်းနည်းပါးပါး သိထားပေမဲ့
သူ့သမီး ခင်ခင်ထွဋ်ကိုတော့ အပျိုလေးတန်မဲ့
အဲ့လိုလုပ်တတ်လိမ့်မယ်လို့ တကယ်မထင်ခဲ့တာပါ။
အခုတော့
မအေနဲ့သမီး တစ်စိတ်ထဲ တစ်ဉာဏ်ထဲပါလား…
အဲ့ဒီနေ့ကစလို့ ကျွန်မခေါင်းထဲကနေ
အဲ့ဒီပိုက်ဆံကို အပြီးအပိုင်ထုတ်ပစ်လိုက်တယ် ။
အခုတော့… တကယ်သေချာသွားပြီလေ…
ကျွန်မ ရိုးရိုးသားသား အပင်ပန်းခံပြီး
ရှာဖွေထားရတဲ့ ပိုက်ဆံငါးသောင်းဟာ
ရေထဲမျောသွားပြီ ( မဟုတ်ဘူး ) ခွေးစားသွားပြီ…
အဲ့ဒီလမှာပဲ ကျွန်မ အဆောင်ပြောင်းလိုက်တယ် ။
ဒီမျက်ခွက်တွေကို မြင်လည်းမမြင်ချင်
အဓိက ကတော့ ခင်ခင်ထွဋ်မျက်ခွက်ပေါ့ ။
မြင်လိုက်တိုင်း ထွက်ရတဲ့ဒေါသကြောင့်
နေရင်းထိုင်ရင်း အကုသိုလ်များလှသည်မို့
အဆောင်ပြောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်…
ကျွန်မနောက်ထပ် ပြောင်းလိုက်တဲ့အဆောင်က
ဈေးနဲ့အနီးလေး ။
အဲ့အဆောင်ကို ပြောင်းလာပြီး တစ်လလောက်
အကြာ …
တနေ့မှာတော့…
မတွေ့ချင်မမြင်ချင်လို့ သူတို့နဲ့ဝေးတဲ့နေရာ
ရွှေ့လာတဲ့ ကျွန်မ ။
ဈေးထဲမှာ ခင်ခင်ထွဋ်နဲ့တစ်ခါဆုံတယ် ။
လက်ထဲမှာလည်း သူ့ညီမလေးလားမသိဘူး
ချီထားတာ ။
ကျွန်မကိုမြင်တော့ သူ့မျက်နှာကို
ကလေးရဲ့ ခေါင်းနဲ့ကွယ်ပြီး ခပ်သုတ်သုတ်
လျှောက်သွားတယ် ။
ဆင်ဖြူ့မျက်နှာ ဆင်မည်းမကြည့်ရဲတာ
ဘာဆန်းလို့လဲ ။ ဟုတ်ဘူးလား..
ကျွန်မကတော့ ခပ်ပြုံးပြုံးပဲ။
အဲ့ဒါပြီး တစ်ပတ်လောက်အကြာကျတော့
အဆောင်လမ်းကြားမှာ သူ့အမေနဲ့တစ်ခါ
သွားဆုံပြန်တယ် ။
သူ့အမေက ကျွန်မကို မြင်မြင်ချင်းမှာပဲ
လိပ်ပြာမလုံဘူးထင်ပါရဲ့…
လာနှုတ်ဆက်ရင်းကနေ…
” သမီးရေ… အန်တီတို့လည်း
ဒီလ မပြေလည်လိုက်ပုံများ…
ခင်ခင်ထွဋ်ကလည်း ဖျားတာလေအကြာကြီးပဲ ။
ရက်တွေပျက်လို့ အလုပ်ကထွက်လိုက်ရတယ် ”
သူ့ဆီက ကျွန်မ ပိုက်ဆံတောင်းမှာကြောက်ပြီး
မပြေလည်ဘူးဘာညာနဲ့ ကြိုပိတ်ထားတာ
ရယ်ချင်စရာ…
ကျွန်မ ခပ်ပြုံးပြုံးပဲ သူ့ကိုကြည့်လိုက်ရင်း…
” အဲ့ဒီပိုက်ဆံကို ကျွန်မလည်းမယူတော့ပါဘူး အန်တီ ”
ဆိုတော့ မဆပ်ရတော့ဘူးဆိုတဲ့စိတ်နဲ့
ဝမ်းသာကျေနပ်သွားတဲ့ရုပ်ကြီးကို
အားနာသလို ဘာလိုလိုမျက်နှာနဲ့ ချက်ချင်း
ပြန်ထိန်းလိုက်တာများ အော်ဂလီဆန်စရာ…
ကျွန်မ သူ့အနား ကြာကြာမနေချင်သည်မို့
” အလုပ်လေးရှိသေးလို့ သွားလိုက်ဦးမယ်…”
ဆိုပြီး မြန်မြန်ထွက်လာလိုက်တယ် ။
သြော်… လူတွေလူတွေ…
ကိုယ်ကျင့်တရားရဲ့တန်ဖိုး
နာမည်တစ်လုံး ကောင်းခြင်းရဲ့တန်ဖိုးကို
ဘယ်တော့မှ နားမလည်မဲ့လူတွေ…
နာမည်သေသွားတာဟာ လူသေသွားတာထက်
ဆိုးတယ်ဆိုတာလည်း ဘယ်တော့မှ
နားမလည်မဲ့လူတွေ…
ဘဝဆက်တိုင်း အခုဘဝရော နောင်ဘဝရော
ဒီလို လူမျိုးတွေနဲ့ ဘယ်တော့မှ မဆုံပါရစေနဲ့
ဆုတောင်းရင်း…
#လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ…
ပြီးပါပြီ