ပုတီးသမားတဦးအကြောင်း
______________________________ မင်းသိင်္ခ
တနေ့သ၌ ကျွန်ုပ်ထံသို့ အသက်ငါးဆယ်ကျော်ခန့်အရွယ်ရှိသော ကျွန်ုပ်၏မိတ်ဆွေ ဦးပီတာဆိုသည့် လူကြီးတဦးနှင့် အသက်ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်အရွယ် ပေတလူဆိုသည့် သူငယ်လေးတဦးတို့သည် အလည်အပတ် ရောက်ရှိလာကြလေ၏။ ၎င်းတို့ရောက်ပြီး များမကြာမီ၌ ကျွန်ုပ်၏မိတ်ဆွေ ဒေါ်သာဉာဏ်ဆိုသည့် အဒေါ်ကြီးတဦးလည်း ထပ်မံရောက်ရှိလာ၏။
ဒေါ်သာဉာဏ်ကြီး ရောက်လာပြီးနောက်တွင် မရှေးမနှောင်းဆိုသလိုပင် ကျွန်ုပ်နှင့် တရပ်တည်းနေခဲ့ဖူး၍ ရပ်ဆွေရပ်မျိုးတော်စပ်သော ညာကလိဆိုသည့် အရူးတယောက်လည်း ရောက်လာပြန်၏။ ကျွန်ုပ်သည် ၎င်းတို့လေးဦးအား အရိပ်ကောင်းသော သီဟိုဠ်ပင်ကြီးတပင်အောက်၌ နေရာချထားပေးပြီးလျှင် လက်ဖက်ဖြင့်ကြော်သော ထမင်းကြော်၊ လက်ဖက်ရည်အချိုတို့ဖြင့် ဧည့်ခံထားကာ မှော်ဘီဈေးသို့ သွားရလေ၏။ ဈေးမှပြန်ရောက်သောအခါ မီးဖိုများ၊ အိုးခွက်ပန်ကန်များကို ၎င်းတို့ရှိသော သီဟိုဠ်ပင်ကြီးအောက်သို့ပင် ရွှေ့ကာ နံနက်စာကို ချက်ပြုတ်ရလေ၏။ ဆီးဖြူသီး၊ ဂွေးသီး၊ ဆီးသီး၊ မန်ကျည်းသီးစိမ်းတို့ကို ပြုတ်ကာ အနှစ်ယူ၍ ထိုအနှစ်ဖြင့် ဝက်သားဟင်းကို ဆီပြန်ချက်ရလေ၏။
ဝက်သားဟင်းဆီပြန်ကျက်သွားသောအခါ
ငါးခူ တဆယ်သားကို ငံပြာရည်ဖြင့် ပြုတ်၍ အသားများနွှာပြီးလျှင် ရေနွေးအိုးကြီးအတွင်းသို့ခပ်ကာ အကောင်းစားငံပြာရည်များထည့်ပြီး မီးထိုးရလေ၏။ ထိုအိုးကြီး ပွက်ပွက်ဆူလာသောအခါ၌ ရွှေဖရုံညွန့်၊ ရွှေဖရုံပွင့်၊ ပင်စိမ်း၊ ငရုတ်သီး(ကာလီသီး)၊ ငရုတ်ကောင်း၊ ရုံးပတီသီးတို့ခပ်၍ ဟင်းချိုချက်ရလေ၏။ ပြီးလျှင် ငံပြာရည်ချက်တခွက်လည်း လုပ်ရလေ၏။ မုန်လာဥချဉ်ဖတ်တို့ကို အတို့အဖြစ် ထည့်ရလေ၏။ အလုံးစုံကျက်သောအခါ၌ ၎င်းတို့လေးဦးအား နံနက်စာအဖြစ် တည်ခင်းကျွေးမွေးရလေ၏။
ညာကလိသည် ကျွန်ုပ်ချက်သော ဝက်သားဟင်းကို လွန်စွာနှစ်သက်ပုံရ၏။ ဒေါ်သာဉာဏ်ကြီးကမူ ဟင်းချိုကို ချီးမွမ်းနေ၏။ ဦးပီတာနှင့် ပေတလူတို့မှာ မျှတစွာ သုံးဆောင်နေကြ၏။ ထိုအချိန်၌ ဒေါ်သာဉာဏ်ကြီးက
.. “ထမင်းစားလို့ ကောင်းလိုက်တာတော်၊ အခုနေများ ညာကလိက ဝိဇ္ဇာတွေဘာတွေအကြောင်း ပြောရရင်တော့ အတော့်ကိုကောင်းမှာပဲ”
ဟုပြောလိုက်ရာ ညာကလိက “ပြောပါမယ် ဒေါ်သာဉာဏ်ရယ်၊ တိုက်ကြီးမြို့ကနေ ထွက်ရပ်ပေါက်သွားတဲ့ဝိဇ္ဇာမောင်ညွန့်အကြောင်းကို ပြောပြပါ့မယ်”
ဟု စကားခံလိုက်လျှင် ကျွန်ုပ်က ..
“တိုက်ကြီးက ဒီနားတင်ပဲ။ ငါရောက်ဖူးပါတယ်ကွ၊ ကားလမ်းပေါ်မှာပဲ”
ဟုပြောလိုက်လျှင် ညာကလိက …
“အဘ ရောက်ဖူးတာက ကားလမ်းပေါ်ပဲရောက်ဖူးတာ၊ ကားလမ်းအတွင်းဘက်မှာ ရွာကြီးတွေ အများကြီးရှိသေးတယ်။ ရွာလမ်းတွေဟာ အဲဒီကားလမ်းမှာလာပြီးဆိုက်ကြတယ်။အဲဒီရွာအဝင်လမ်းတွေမှာ အချို့က မုခ်ဝတွေ ဘာတွေလုပ်ထားသေးတယ်။ အချို့က ဇရပ်တွေဘာတွေ ဆောက်ထားသေးတယ်။ တချို့က အဲဒီမှာ သောက်ရေအိုးစင်တွေ ဘာတွေ တည်ထားသေးတယ်။ အဲဒီမုခ်ဝတွေက ဝင်သွားရင် အထဲကို ခုနစ်မိုင်၊ ရှစ်မိုင်လောက်ဝင်သွားမှ ရောက်တဲ့ ရွာတွေရှိသေးတယ်။ ရှမ်းလူမျိုးတွေချည်း စုပြီးနေတဲ့ ရှမ်းရွာတွေလည်းရှိတယ်။ အခုကျွန်တော်ပြောမယ့် အကြောင်းအရာတွေက ကားလမ်းက ခုနစ်မိုင်လောက် ဝင်သွားမှ ရောက်တဲ့ ရွာသာယာ ဆိုတဲ့ ရွာအကြောင်းပဲ။
အဲဒီရွာမှာ ဒေါ်ပုလုံးဆိုတဲ့ မုဆိုးမကြီးတယောက်ရှိတယ်။ သူက အိမ်ဆိုင်ကလေး ဖွင့်ထားတယ်။ သူ့မှာ လူပျိုကာလသားအရွယ် မောင်ညွန့်ဆိုတဲ့ သားလေးတယောက်ရှိတယ်။ အဲဒီ မောင်ညွန့်လေးဟာ ခုနှစ်တန်းအောင်ပြီးပြီ။ ကျောင်းဆက်ပြီး မနေနိုင်လို့ အမေကြီးကို ကူညီညာလုပ်ပေးနေရတယ်။ မောင်ညွန့်လေးဟာ မြို့ပေါ်ကိုတက်လာပြီး ရုံးတွေမှာ အလုပ်လျှောက်တယ်။ သူလျှောက်တာက “ပြွန်း” လို့ခေါ်တဲ့ ‘မင်းစေ” အလုပ်ပါပဲ။အဲဒီအလုပ်ရရင် သူ့အမေကြီးကို ကူညီနိုင်ပြီပေါ့။ မောင်ညွန့်ကလေးဟာ ဆယ်ရက်တခါဆိုသလို မြို့ပေါ်က တရားရုံးတွေမှာ လျှောက်လွှာလာပြီးတင်တယ်၊ ဘယ်ရုံးကမျှ သူ့ကို မခန့်ပါဘူး။ တနေ့မှာ အလုပ်လျှောက်လို့ မရလို့ စိတ်ပျက်ပျက်နဲ့ ရွာကိုပြန်ဖို့ မြို့ပေါ်ကနေ ဆင်းလာတာ၊ ရွာအဝင်လမ်း ဇရပ်ကြီးလည်းရောက်ရော လှည်းကြုံစောင့်ဦးမယ်ဆိုပြီး စောင့်နေတာ။
အဲဒီလို စောင့်ရင်း သောက်ရေအိုးတွေကို ကြည့်လိုက်တော့ သောက်ရေအိုးတွေမှာ ရေမရှိတာတွေ့တာနဲ့ အဦးဆုံး ရေကန်ကိုသွားပြီး သောက်ရေအိုးတွေကို တိုက်ချွတ်ဆေးကြောလိုက်တယ်။
သောက်ရေခွက်တွေကိုလည်း တိုက်ချွတ် ဆေးကြောလိုက်တယ်။ အဲဒီအချိန်မှာပဲ ဇရပ်ထဲကို အသက်ခြောက်ဆယ်ကျော် အဘိုးကြီးတယောက် ဝင်လာတယ်။ အဲဒီအဘိုးကြီးဟာ ပိတ်ဖြူစင်ကြယ် ဝတ်ထားတယ်။ ခေါင်းမှာလည်း ပိတ်ဖြူကြီး ပေါင်းထားတယ်။ပိတ်ဖြူတခုကို လက်ကတော့ထိုးထားသေးတယ်။ ပိတ်ဖြူလွယ်အိတ်ကြီး တလုံးလည်း လွယ်ထားတယ်။ အဲဒီအဘိုးကြီးဟာ ဇရပ်ထဲမှာ ထိုင်ပြီး အမောဖြေရင်း မောင်ညွန့်ကို –
“ဟေ့ သူငယ် အဘကို ရေတခွက်လောက် ပေးစမ်းပါကွာ”
လို့ပြောလိုက်တယ်။ မောင်ညွန့် က သောက်ရေတခွက်ခပ်ပြီး ရိုရိုသေသေပေးတယ်။ အဘိုးကြီးက ရေကိုသောက်ချလိုက်ပြီး သာဓုခေါ်တယ်၊ ပြီးတော့ အဘိုးကြီးက – “မင်းက ဘယ်ကိုသွားမှာလဲ သူငယ်ရဲ့” လို့ မေးလိုက်တယ်။ မောင်ညွန့်က ရွာသာယာကို သွားမယ့်အကြောင်းပြောပြလိုက်တယ်။ အဲဒီအဘိုးကြီးက မောင်ညွန့်ကို သူသိလိုတဲ့အချက်တွေကိုမေးတယ်။ မောင်ညွန့်ကလည်း ရိုးရိုးသားသား ပြန်ပြီးဖြေတယ်။အဲဒီတော့ အဘိုးကြီးက –
“မောင်ရင်က အလုပ်ရှာဖို့ ထွက်လာတာကိုး။ အလုပ်မရှာနဲ့တော့၊ အဘကမင်းကို အလုပ်ပေးမယ်”
လို့ဆိုပြီး သူ့လည်ပင်းက ပုတီးကြီးကို ချွတ်ပြီး မောင်ညွန့်လည်ပင်းမှာ ဆွဲချိတ်ပေးလိုက်တယ်။ အဲဒီလိုချိတ်ပေးပြီးနောက် –
“မင်းတို့ရွာမှာ စေတီတဆူရှိတယ်မဟုတ်လား” လို့ မေးလိုက်တယ်။ အဲဒီတော့ မောင်ညွန့်က – “ရှိပါတယ် အဘ၊ ကိုးတောင်ပြည့်စေတီလေးရှိပါတယ်။ စေတီကိုလည်း အုတ်တံတိုင်းလေးနဲ့ ပတ်ထားသေးတယ်။ အင်္ဂတေအတိုင်းပဲ၊ ရွာက ဆင်းရဲတော့
ရွှေမချနိုင်ဘူး။ ထုံးသင်္ကန်းပဲ ကပ်ထားနိုင်တယ်။ စေတီရဲ့ဘွဲ့တော်ကတော့ “အောင်ဓာတ်စကြာ စေတီတော်တဲ့”
လို့ ပြန်ပြီး ပြောလိုက်တယ်။အဲဒီအခါ အဘိုးကြီးက
– “အဲဒီစေတီမှာ မင်းပုတီး (၄၉)ရက်စိပ်ရမယ်ကွ၊ အခု အဘပေးတဲ့ ပုတီးနဲ့စိပ်ရမယ်။ အဲဒီ (၄၉)ရက်လုံးမှာလည်း သက်သတ်လွတ်စားရမယ်။ မင်း နာမည်က မောင်ညွန့်ဆိုတော့ အင်္ဂါသားပဲလား”
လို့ မေးလိုက်တယ်။ အဲဒီတော့ မောင်ညွန့်ကလေးက …
“ဟုတ်ပါတယ် အဘ၊ ကျွန်တော် အင်္ဂါသားပါ” လို့ ပြန်ပြီးဖြေလိုက်တယ်။ အဲဒီတော့ အဘိုးကြီးက … “မနက်ဖြန် စနေပဲကွ၊ မင်းရဲ့ ပဉ္စပွတ်နေ့ပဲ။ မနက်ဖြန်ကစပြီး အဓိဋ္ဌာန် ဝင်ပေတော့။ စိပ်ရမှာကတော့ ဂုဏ်တော်တထောင်ပဲ၊ အဲဒီအလုပ်ရပြီမှတ်”
လို့ အဘိုးကြီးက ပြောလိုက်တယ်။အဲဒီအချိန်မှာပဲ လှည်းကြုံရလာလို့ မောင်ညွန့်ဟာ လှည်းကြုံနဲ့ ရွာကို ပြန်လာခဲ့တယ်။ အိမ်ကိုရောက်တော့ သူ့အမေကြီးကို အဲဒီအကြောင်းပြောပြတယ်။ အဲဒီတော့ သူ့အမေကြီးက..
“သားရယ်၊ မင်းကတော့ သူတော်စင်ကြီးနဲ့ တွေ့ခဲ့တာပဲ။ သက်သတ်လွတ်စားဖို့လည်း မပူနဲ့၊ အမေချက်ပေးပါ့မယ်”
လို့ ပြောလိုက်တယ်။ အဘိုးကြီးက မောင်ညွန့်ကို နေ့စဉ်ဂုဏ်တော်တထောင်ပြည့်အောင် စိပ်ရမယ်လို့ မှာလိုက်သေးတာနော်။ မောင်ညွန့်ဟာ နောက်နေ့ကစပြီး မနက်ငါးနာရီထိုးတာနဲ့ စေတီတော်လေးကို ရောက်နေပြီ၊ ဖယောင်းတိုင် အမွှေးတိုင်ထွန်းပြီး ပုတီးစိပ်နေပြီ။ဂုဏ်တော်တထောင်ပြည့်လို့ အမျှအတန်းပေးဝေပြီးမှ အိမ်ကိုပြန်လာတယ်။ အိမ်ရောက်တဲ့အခါကျတော့ မိခင်ကြီးချက်ထားတဲ့ သက်သတ်လွတ်ထမင်းကိုစားတယ်။ တနေကုန်လိုပဲ ပုတီးစိပ်နေတတ်တယ်။ ညကျတော့လည်း ဘုရားစင်မှာ ဖယောင်းတိုင်လေး ဘာလေးထွန်းပြီး ပရိတ်ရွတ်တော့တာပဲ။ တနေ့မှာ မောင်ညွန့်ဟာ မိခင်ကြီးကို
– “အမေ ဒီနေ့ ဟိုအဘပေးသွားတဲ့ အဓိဌာန်(၄၉)ရက်ပြည့်တဲ့နေ့ပဲ၊ ထူးလိမ့်မယ်ထင်တယ်”
လို့ပြောတယ်။ အဲဒီတော့ မိခင်ကြီးကလည်း
– “ထူးမှာပေါ့ သားရယ်။ မင်းကို အဓိဌာန်ပေးသွားတဲ့ ပုဂ္ဂိုလ်ကြီးကလည် ဝိဇ္ဇာကြီးနဲ့တူပါရဲ့။ မဟုတ်မှလွဲရော ပထမံဘိုးဘိုးအောင်များလား မပြောနိုင်ဘူး”
လို့ ပြန်ပြီးပြောတယ်။ အဲဒီနောက် မောင်ညွန့်လေးဟာ စေတီတော်ကလေးဆီကို ထွက်လာခဲ့တယ်။ စေတီတော်ကလေးကို ရောက်တဲ့အခါ ဂုဏ်တော်တထောင်ကို ပုတီးစိပ်နေတယ်။ ပုတီးစိပ်ပြီးတဲ့အခါ အမျှအတန်းပေးဝေတယ်။ အဲဒီနောက် စေတီတော်ကလေးကို လက်ယာရစ်လှည့်ပတ်ပူဇော်ပြီးတဲ့ အခါ စေတီပရဝုဏ်အတွင်းကထွက်ပြီး လှေကားကနေ ဆင်းလာခဲ့တယ်။ အဲဒီလိုဆင်းလာခဲ့ရာမှာ လှေကားအလယ်ထစ်ကနေ အထုပ်ကလေးတထုပ်ကို ကောက်ရသတဲ့။ အဲဒီအထုပ်ကလေးဟာ သင်္ကန်းအညိုရောင်စနဲ့ ထုပ်ထားတဲ့ တတောင်လောက်ရှိတဲ့ အထုပ်လေး ဖြစ်တယ်။အပေါ်မှာ စည်းထားတဲ့ ကြိုးကလည်း သင်္ကန်းစပဲတဲ့။ မောင်ညွန့်ဟာ အဲဒီအထုပ်ကလေးကို ကောက်ယူပြီးတဲ့အခါ ပိုင်ရှင်ရှိမရှိ လေ့လာတဲ့သဘောနဲ့ ဟိုကြည့်ဒီကြည့် လုပ်လိုက်သေးတယ်။ ဘယ်သူတစုံတယောက်မျှ မတွေ့ရတော့မှ အထုပ်ကလေးကို လွယ်အိတ်ထဲကို ထည့်ပြီး အိမ်ကို ယူလာခဲ့သတဲ့။ အိမ်ကိုပြန်ရောက်တဲ့အခါ ဘုရားစင်ရှေ့မှာ ထိုင်ပြီး အထုပ်ကလေးကိုကြည့်သတဲ့။ အဲဒီလို ဖြေကြည့်လိုက်တဲ့အခါ အထဲမှာ အဖုံးပါတဲ့ ဝါးကျည်တောက်ဘူးလေးတဘူးကို တွေ့ရသတဲ့။ တထွာနဲ့ လက်လေးလုံးလောက်မြင့်တဲ့ ဇော်ဂျီရုပ်ကလေးတရုပ် ထွက်လာသတဲ့။ ဇော်ဂျီကလေး ခြေစုံရပ်နေပုံကို ထုထားတာတဲ့။ တောင်ဝှေးတချောင်းကို လက်နှစ်ဖက်နဲ့ ကိုင်ထားတဲ့ပုံပဲ။
အရုပ်တခုလုံးကို ရွှေပိန်းချထားသေးတယ်။ အဲဒီဇော်ဂျီရုပ်လေး ထုထားပုံဟာ အခုခေတ်ဆုအဖြစ်ပေးတဲ့ အော်စကာရုပ်တုနဲ့ အနီးစပ်ဆုံးတူမှာပေါ့ ။ မောင်ညွန့်ဟာ အဲဒီအရုပ်ကလေးကိုဝါးကျည်တောက်ထဲကို ပြန်ထည့်ပြီး အဖုံးကို ပိတ်လိုက်တယ်။ အဲဒီနောက် နဂိုက ပတ်ထားတဲ့အတိုင်း သင်္ကန်းအညိုစနဲ့ ပြန်ပတ်ပြီး သင်္ကန်းကြိုးနဲ့ ပြန်ချည်ထားလိုက်သတဲ့။ အဲဒီနောက် သူ့ရဲ့အိပ်ရာကို ယူသွားပြီး ခေါင်းအုံးအောက်မှာ အဲဒီအထုပ်ကလေးကို ထည့်ထားလိုက်သတဲ့။ ။
ည(၈)နာရီလောက်မှာ မောင်ညွန့်ဟာ ဘုရားရှိခိုးပြီး အိပ်ရာဝင်ခဲ့တယ်။ အိပ်ပြီး အချိန်မကြာခင်မှာပဲ အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ သူ့ခေါင်းအုံးအောက်ကို ထည့်ထားတဲ့ အထုပ်ကလေးဟာ အပြင်ဘက်ကိုထွက်လာပြီး သင်္ကန်းကြိုးတွေပြေကျ၊ ပတ်ထားတဲ့သင်္ကန်းတွေလည်း ပြေကျပြီးဝါးကျည်တောက်လေးဟာ အဖုံးကျွတ်ထွက်သွားတယ်။ ပြီးတော့ အဲဒီထဲက ဇော်ဂျီရုပ်ကလေးခုန်ထွက်လာတယ်။ဇော်ဂျီရုပ်ကလေးဟာ ကြမ်းပြင်မှာ မတ်တတ်အနေအထားအတိုင်း ထောင်နေတယ်။ ပြီးတော့ အသက်ဝင်လာပြီး အဲဒီအရုပ်ကလေးဟာ လှုပ်ရှားလာတယ်။ လှုပ်ရှားရင်း လှုပ်ရှားရင်းနဲ့ အဲဒီ ဇော်ဂျီရုပ်ကလေးဟာ သေးသေးလေးက လူအရွယ်လောက်ဖြစ်လာတယ်။ ပြီးတော့ သူ့ဗိုက်ကို တောင်ဝှေးနဲ့ထိုးလိုက်တော့ မောင်ညွန့်ဟာ နိုးသွားတယ်တဲ့။ အဲဒီအခါမှာ မောင်ညွန့်ရဲ့ လက်ကိုဆွဲပြီး ဇော်ဂျီလေးက ခေါ်သွားတယ်။ အဲဒီလိုခေါ်သွားလိုက်တာ တိုက်ကြီးမြို့ပေါ် ရောက်သွားပါလေရော။အဲဒီအခါမှာ မြို့ပေါ်မှာ ပိုက်ဆံချမ်းသာတဲ့ အိမ်တအိမ်ကို သူခိုးနှစ်ယောက် ဖောက်နေတာကို ပြတယ်၊ အဲဒီသူခိုးနှစ်ယောက်ဟာ အဲဒီအိမ်က စိန်ထုပ်တထုပ် ရသွားတယ်။ ဇော်ဂျီဟာ မောင်ညွန့်ရဲ့ လက်ကိုဆွဲပြီး သူခိုးတွေနောက်ကို လိုက်ကြည့်တယ်။ သူခိုးတွေက စိန်ထုပ်ကို တခါတည်း ယူမသွားဘူး။ ရေကန် တကန်နားများရှိတဲ့ မန်းကျည်းပင်နားမှာ တူးပြီး မြှုပ်ပစ်ခဲ့တယ်။ ဇော်ဂျီက မောင်ညွန့်ကို အဲဒီနေရာကိုတူးဖို့ ပြတယ်။ မောင်ညွန့်လည်း တူးရတယ်။ တူးလည်းတူးရော သူခိုးတွေ ဝှက်ထားတဲ့ စိန်ထုပ်ကိုရတာပေါ့။
အဲဒီတော့ ဇော်ဂျီက မောင်ညွန့်ကို အိမ်ကိုပြန်ခေါ်လာတယ်။ အိမ်လည်းရောက်ရော မောင်ညွန့်ကို အိပ်ဖို့ပြောတယ်။ မောင်ညွန့်ဟာ အိပ်ရာထဲမှာ လှဲချလိုက်ရော ဇော်ဂျီဟာ ကိုယ်ကို ဟိုယိမ်းဒီယိမ်းလုပ်လိုက်တယ်။ အဲဒီလို လုပ်လိုက်တဲ့အခါမှာ မူလအရွယ်အတိုင်း သေးသေးလေး ပြန်ဖြစ်ပြီး အရုပ်ကလေး ပြန်ဖြစ်သွားတယ်။အရုပ်ကလေးဖြစ်သွားတဲ့အခါ ဝါးကျည်တောက်ထဲကို သူ့အလိုလို ခုန်ပြီးဝင်သွားတယ်။ ဝါးကျည်တောက် အဖုံးလေးကလည်း အလိုလိုဖုံးပြီးသား ဖြစ်သွားတယ်။ သင်္ကန်းစကလည်း အလိုလို ပြန်ပတ်ပြီးသားဖြစ်သွားတယ်။ သင်္ကန်းကြိုးကလည်း ချည်ပြီးသား ဖြစ်သွားတယ်။ အဲဒီအခါကျတော့မှ အထုပ်ကလေးဟာ ခေါင်းအုံးအောက်ကို သူ့အလိုလို လျှောပြီးပြန်ဝင်သွားတယ်။
မောင်ညွန့်လည်း အိပ်ရာက လန့်ပြီးနိုးသွားတယ်။ အဲဒီအခါမှ သူ့ခေါင်းအုံးဘေးမှာ အထုပ်တထုပ်ရောက်နေတာကို တွေ့ရတယ်။ ဖြေကြည့်တော့ သူ ညကယူလာခဲ့တဲ့ စိန်ထုပ်ဖြစ်နေတာကို တွေ့ရတယ်။ မောင်ညွန့်လည်း လန့်သွားတယ်။ ခိုးရာပါပစ္စည်းကို အိမ်မှာ မထားရဲတာနဲ့ ပုတီးကို လည်မှာဆွဲပြီး တိုက်ကြီးကို ပြန်တက်လာတယ်။ ပြီးတော့ စောစောက ရေကန်များကို ပြန်သွားပြီး မန်ကျည်းပင်ကြီးရဲ့ အရင်းမှာ တူးပြီးမြှုပ်လိုက်တယ်။ ပြီးတော့ အိမ်ပြန်လာပြီး ဘုရားစင်ရှေ့မှာ ပုတီးစိပ်နေတော့တယ်။ မကြာခင် မိုးလင်းသွားတော့ တာပါပဲ။
________________
မိုးလင်းတဲ့အခါမှာ သူခိုးခိုးခံထားရတဲ့အိမ်က သိသွားတော့ ဂါတ်ကိုတိုင်တယ်။ ဂါတ်ကလည်း သူခိုးကို အပြင်းအထန်ရှာတော့တာပေါ့ ။နောက်ဆုံးမှာ ရဲတွေဟာ မောင်ညွန့်တို့ ရွာအထိ ရောက်လာတယ်။ ပြီးတော့ ရွာမှာ အလုပ်မရှိဘဲဖြစ်နေတဲ့ လူတွေရဲ့ အိမ်ကိုအထူးသဖြင့် တက်ပြီးရှာတယ်။ မောင်ညွန့်တို့ အိမ်ကိုလည်း တက်ပြီးရှာတာပေါ့ ။ မောင်ညွန့်က အလုပ်မှမရှိပဲလေ၊ အဲဒီအခါမှာ မောင်ညွန့်က ..
“ဘာဖြစ်လို့ရှာတာလဲ” လို့ မေးတယ်။
ရဲအရာရှိက “တိုက်ကြီးမြို့ပေါ်မှာ ဖောက်ထွင်းမှု
တခုဖြစ်သွားတယ်၊ စိန်ထုပ်တထုပ် ပါသွားတယ်၊ အဲဒါကြောင့် လိုက်ပြီးရှာရတာပဲ”လို့ ပြန်ပြောတယ်။ အဲဒီအခါမှာ မောင်ညွန့်က … ၊
“စိန်ထုပ်အခိုးခံရတဲ့အိမ်ရှင်ဟာ ပစ္စည်းပျောက်ဟောတတ်တဲ့ ဗေဒင်ဆရာဆီမှာ မေးဖို့ ကောင်းတယ်”
လို့ပြောလိုက်တယ်။ အဲဒီအခါမှာ ရဲအရာရှိက ..
“အဲဒီဆရာမျိုး ဘယ်မှာရှိသလဲ” လို့ မေးလိုက်တယ်။ အဲဒီအခါမှာ မောင်ညွန့်က ..
“ကျွန်တော် တွက်တတ်တာပေါ့ခင်ဗျာ၊ ပိုက်ဆံပေးဖို့မလိုပါဘူး။ ကျွန်တော့်ဆီ လွှတ်လိုက်ပါ၊ ဘုရားရှိခိုးဖို့ ဖယောင်းတိုင်လေး ဘာလေးရရင်တော်ပါပြီ”
လို့ပြောလိုက်တယ်။ရဲအရာရှိက ပြန်သွားပြီး ဖောက်ထွင်းခံရတဲ့ အိမ်ရှင်ကို ပြောပြလိုက်တယ်။ ဖောက်ထွင်းခံရတဲ့ အိမ်ရှင်အဒေါ်ကြီးက မောင်ညွန့်ဆီကို ချက်ချင်းဆိုသလိုပဲ ရောက်လာတယ်။ အဒေါ်ကြီးက ဖယောင်းတိုင်နှစ်ထုပ်နဲ့ အမွှေးတိုင်နှစ်ထုပ် ပူဇော်တယ်။မောင်ညွန့်ဟာ ကျောက်သင်ပုန်းတချပ်ယူပြီး ဟိုခြစ်ဒီခြစ်လုပ်တယ်။ မောင်ညွန့်က ဗေဒင်မှမတတ်ပဲ၊ တွက်ချင်ယောင်ဆောင်ရတာပေါ့။ အဲဒီလို တွက်ချင်ယောင်ဆောင်ပြီးတဲ့နောက် “အဒေါ်ပစ္စည်းက မဆုံးသေးဘူး။ သူခိုးတွေက အပြီးယူမသွားသေးဘဲ တနေရာမှာဝှက်ထားသေးတယ်။ အဒေါ်အိမ်ကနေ သုံးဖာလုံလောက်ဝေးတဲ့ နေရာမှာ ရေကန်တကန်ရှိလိမ့်မယ် ရေကန်အနားမှာ မန်ကျည်းပင်ကြီးတပင်လည်း တွေ့လိမ့်မယ်။ အဲဒီမန်ကျည်းပင်ကြီးရဲ့ ရှေ့မှာ မြေပွနေတဲ့နေရာကို တွေ့ရင်တူးလိုက် အချို့ပစ္စည်းတွေ့လိမ့်မယ်”လို့ ပြောလိုက်တယ်။ အဒေါ်ကြီးလည်း ရဲအရာရှိကို အကျိုးအကြောင်း ပြောပြပြီး အဲဒီနေရာကို သွားပြီးရှာတယ်။ မန်ကျည်းပင်ကြီးကိုလည်း တွေ့ရတယ်။ ရှေ့ဘက်မှာ မြေပွနေတဲ့နေရာကိုလည်း တွေ့ရလို့ တူးလိုက်တာ စိန်ထုပ်ကို ပြန်ရသွားတယ်။
အဲဒီလိုလည်းရသွားရော အဒေါ်ကြီးဟာ ဝမ်းသာလွန်းလို့ ထပြီးတော့တောင်ခုန်တယ်။ အဲဒီတော့ မောင်ညွန့်ဝတ်ဖို့ ပလေကပ်လုံချည်အဖြူရောင် ပြောင်နှစ်ထည်၊ သူ့အမေ ဒေါ်ပုလုံးကြီးဝတ်ဖို့ သရက်ထည်လုံချည်နှစ်ထည် သွားပြီးကန်တော့တယ်။ ပြီးတော့ ဒေါ်ပုလုံးကြီးဆိုင်မှာ ကုန်ထပ်ပြီးဖြည့်ဖို့ ငွေတထောင်လည်း ကန်တော့လိုက်တယ်။ နာရီပိုင်းအတွင်းဆိုသလိုပဲ မောင်ညွန့်ရဲ့ သတင်းဟာ တိုက်ကြီးမြို့တမြို့လုံးကို ပြန့်သွားတယ်။ ဂါတ်က ရဲအရာရှိနဲ့ ရဲသားတွေကလည်း အဲဒီအဖြစ်အပျက် တွေ့သမျှလူကို ပြောပြနေတော့တာပဲ။
မောင်ညွန့်အမေရဲ့ ကုန်စုံဆိုင်ကလေးဟာလည်း ကုန်ပစ္စည်းပြည့်ပြည့်စုံစုံနဲ့ ဖြစ်သွားတယ်။ သားအမိနှစ်ယောက်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတယ်။ ဒေါ်ပုလုံးကြီးက မောင်ညွန့်ကို
“သားရေ.. အဲဒီပညာကို ဘယ်တုန်းက တတ်တာလဲ။ မှန်လှချည်လားကွယ်။ ပစ္စည်းရှင်တော့ ဘယ်လောက်ဝမ်းသာမလဲ မသိဘူး။ အမေတောင်အတော်ဝမ်းသာမိတယ်”
လို့ပြောတဲ့အခါ မောင်ညွန့်ဟာ ..
“အမေကလည်းဗျာ ဘယ်တတ်ပါ့မလဲ၊ အာရုံထဲမှာ လာပြီးပေါ်တာပေါ့” လို့ပြန်ပြောလိုက်တယ်။ အဲဒီအခါ ဒေါ်ပုလုံးက.. “အဲဒါ ဘာမျှမဟုတ်ဘူးဟေ့၊ ပုတီးစိပ်တဲ့အကျိုးပဲ”
လို့ဖြေရှာတယ်။မောင်ညွန့်က ပုတီးကို ခါတိုင်းထက်တောင် ပိုပြီးစိပ်တော့တာပါပဲ။ တညမှာ အရင်လိုပဲ ခေါ်သွားပြန်ရော၊ အဲဒီအခါမှာ ချစ်တီးတိုက်ကို ဓားပြတိုက်နေတယ်။ ဓားပြတွေဟာ ချစ်တီးဆီက အပေါင်ခံထားတဲ့ စိန်ထည်ရွှေထည်တွေရော ငွေတွေရော အတော်ရသွားကြတယ်။ ဒါပေမဲ့ ဒါတွေ
ကို ယူမသွားကြဘူးတဲ့၊ သင်္ချိုင်းကုန်းထဲကို သွားပြီး ဂူပျက်ကြီးတခုကို ဖောက်ပြီး အထဲမှာ ဝှက်ထားခဲ့ကြတယ်။အဲဒီအခါ ဇော်ဂျီက မောင်ညွန့်ကို နှိုက်ယူဖို့ပြောတယ်။ မောင်ညွန့်က နှိုက်ယူပြီး အိမ်ပြန်လာတယ်။ ဇော်ဂျီဟာ အိမ်ပြန်ရောက်တော့ အရင်လိုပဲ ဝါးကျည်တောက်ထဲကို ပြန်ဝင်တယ်၊ ဝါးကျည်တောက်ကို သင်္ကန်းစနဲ့ အလိုလိုပတ်တယ်၊ သင်္ကန်းကြိုးနဲ့ ပြန်ချည်တယ်၊ ခေါင်းအုံးအောက်ကို ပြန်ဝင်တယ်။ မောင်ညွန့်က အိပ်ရာကနိုးလို့ကြည့်လိုက်တော့ အိပ်ရာဘေးမှာ ငွေထုပ်ကြီးရော တိုက်ရာပါ စိန်ထည်ရွှေထည်တွေရော တွေ့ရတယ်။အဲဒီအခါမှာ မောင်ညွန့်ဟာ အဲဒီပစ္စည်းတွေကို သယ်ပြီး စောစောက သင်္ချိုင်းကုန်းကို အရောက်ပြန်လာခဲ့တယ်။ သင်္ချိုင်းကုန်းကို ရောက်တဲ့အခါမှာ လကသာနေတုန်းပဲ။ မောင်ညွန့်ဟာ အုတ်ဂူတွေကို လျှောက်ပြီးကြည့်လိုက်တယ်။ အဲဒီလို လျှောက်ကြည့်ပြီး “ဦးဌေးကြွယ်ဂူကိုလည်း တွေ့ရော ဂူကိုဖောက်ပြီး ပစ္စည်းတွေကို ထည့်ထားလိုက်တယ်။ ပြီးတော့ အိမ်ပြန်လာပြီး ပုတီးစိပ်နေတယ်။
မနက်မိုးလင်းတဲ့အခါ ဂါတ်ကရဲအရာရှိနဲ့အတူ ချစ်တီးကုလားတွေ ရောက်လာကြတယ်။
မောင်ညွန့်ကို ရဲအရာရှိက အကျိုးအကြောင်းပြောပြတယ်။ အဲဒီတော့ မောင်ညွန့် ဟိုခြစ်ဒီခြစ်နဲ့ တွက်ချင်ယောင်ဆောင်ပြီး …
“ဓားပြတွေဟာ ပစ္စည်းတွေကို ယူမသွားသေးဘူး။ သင်္ချိုင်းကုန်းမှာ ဝှက်ထားသေးတယ်။ သင်္ချိုင်းကုန်းကို သွားပါ။ ဦးဌေးကြွယ်လို့ အမည်ရှိတဲ့ဂူကိုဖွင့်ပါ။ အထဲမှာ ပစ္စည်းတွေ ပြန်ရပါလိမ့်မယ်”
လို့ပြောလိုက်တယ်။အဲဒီတော့ ချစ်တီကုလားတွေက ရဲအရာရှိနဲ့အတူ သင်္ချိုင်းကုန်းကိုသွားပြီး ဦးဌေးကြွယ်ဂူကို ရှာကြတယ်။ တွေ့လည်းတွေ့ရော ပေါက်ချွန်းနဲ့ ပေါက်ပြီး ဖွင့်လိုက်တယ်။ အထဲမှာ တိုက်ရာပါပစ္စည်းတွေ အကုန်ပြန်ရတယ်။ အဲဒီတော့ ရဲအရာရှိက ချစ်တီးကုလားတွေကို ဆရာညွန့်ကို ထိုက်ထိုက်တန်တန်သွားပြီး ကန်တော့ကြလို့ ပြောလိုက်တယ်။ အဲဒီတော့ ပိုင်ရှင်ချစ်တီးကုလားက…
“စိတ်သာချပါ ဆရာရယ်၊ ချစ်တီးတိုင်း ကပ်စေးမနည်းပါဘူး”
လို့ပြောတယ်။ပြီးတော့ ချစ်တီးကုလားက လက်သမားဆရာခေါ်ပြီး သစ်တွေ၊ သံတွေ ဝယ်ပြီး မောင်ညွန့်တို့ သားအမိနေတဲ့ အိမ်ကလေးကို အသစ်ပြောင်းပြီး ဆောက်ပေးလိုက်တယ်။ မောင်ညွန့်ဘုရားရှိခိုးဖို့ ဘုရားဆောင်လေးပါ ဆောက်ပေးတယ်။ မောင်ညွန့်အမေ ဒေါ်ပုလုံးရဲ့ ကုန်စုံဆိုင်ကလေးကိုလည်း ပစ္စည်းတွေ ဖြည့်ပြီးတင်ပေးလိုက်တယ်။ ငွေလည်း ထိုက်ထိုက်တန်တန် ကန်တော့ခဲ့တဲ့အပြင် အကူအညီလိုတဲ့အခါ လာပါ၊ ကူညီပါ့မယ်လို့ လည်း ပြောသွားတယ်။နားကပ်တောင် မပန်နိုင်တဲ့ မောင်ညွန့်အမေ ဒေါ်ပုလုံးကြီးဟာ နားကပ်နဲ့ ၊ လက်ကောက်နဲ့ ဆွဲကြိုးနဲ့ အပြည့်အစုံဖြစ်နေပြီ။ မောင်ညွန့်မှာလည်း အဲဒီခေတ်က အလွန်တန်ဖိုးထားတဲ့ ရိုးမားလက်ပတ်နာရီတွေ၊ ဘာတွေနဲ့ ဖြစ်နေပြီတဲ့။
________________
ပြီးတော့ ရွာထိပ်က အောင်ဓာတ်စကြာ စေတီတော်လေးကိုလည်း ရွှေအပြည့်ချလိုက်တယ်။ မောင်ညွန့်တို့သားအမိဟာ နေ့ချင်းညချင်းဆိုသလို ချမ်းသာသွားတာပေါ့။ တိုက်ကြီးပတ်ဝန်းကျင် တဝိုက်မှာဖြစ်နေတဲ့ ခိုးမှု၊ ဓားပြမှုမှန်သမျှ မောင်ညွန့်ဆီက ဗေဒင်လာမေးကြတော့တာဘဲ။ မောင်ညွန့်ကလည်း ထုံးစံအတိုင်း တွက်ချက်ယောင်ဆောင်ပြီး ဟောပြောတော့တာပဲ။ ပစ္စည်းရှင်တွေကလည်း ပစ္စည်းတွေ ပြန်ရတော့ ကန်တော့ကြတယ်။
မောင်ညွန့်ဟာ တိုက်ကြီးကို လာဘို့ “ဟန်ဘား” စက်ဘီးကလေးတစီး ဝယ်ထားတယ်။ ဂါတ်ကလည်း ခိုးမှု၊ ဓားပြတိုက်မှုပေါ်တာနဲ့ မောင်ညွန့်ဆီလာပြီး အကူအညီတောင်းတော့တာပဲ။ အချို့ကိစ္စတွေမှာ ပစ္စည်းကို တိုက်ရိုက်မရဘဲ ခိုးတဲ့လူကို တိုက်ရိုက်ဖော်ပေးနိုင်ခဲ့တယ်။ ဂါတ်ကလည်း မောင်ညွန့်ကို အားကိုးရတော့ မောင်ညွန့်ကို စောင့်ရှောက်တော့တာပေါ့ ။
မောင်ညွန့်ကတော့ ပုတီးစိပ်မပျက်ဘူး။ သမာဓိလည်းတော်တော်ရနေပြီ။ မကြာခဏဆိုသလို အိမ်မှာဆွမ်းကျွေးလေ့ရှိတယ်။ စေတီတော်လေးဘေးမှာ ရေကန်တကန်တူးပြီး ရေကန်ထဲမှာ ရှင်ဥပဂုတ္တဖောင်တော်တခု လှူဒါန်းလိုက်သေးတယ်။ ။
တခါမှာ မောင်ညွန့်တို့ရွာတွေဟာ ထင်းရှားပါးသွားပါတယ်။ ထင်းကို ဆိုက်စရာမရှိအောင် ဖြစ်သွားတယ်။ အဲဒီတော့ သူကြီးနဲ့ ကာလသားခေါင်းက တိုင်ပင်ပြီး ယောက်ျားမှန်သမျှ တအိမ်တယောက်ထွက်၊ ရိုးမကို တက်ပြီး ထင်းခွဲရမယ်။ မလိုက်ရင် ပိုက်ဆံနဲ့ဝယ်လည်း ထင်းမရဘူးလို့ ကြောညာလိုက်တယ်။အဲဒီတော့ မောင်ညွန့်လည်း ထင်းခုတ်တဲ့ဆီ လိုက်ရတော့တာပေါ့။ အဲဒီလိုလိုက်တဲ့အခါမှာ ဒေါ်ပုလုံးကြီးက သားဖြစ်သူမောင်ညွန့်အတွက် အလွန်ပဲ စိုးရိမ်တယ်။ အဲဒါကြောင့် ကာလသားခေါင်းကြီးကို အကူအညီတောင်းရတယ်။
“ကာလသားခေါင်းကြီးရယ်၊ မောင်ညွန့်ကို မင်းသိပါတယ်၊ တခါမှလည်း ကြမ်းကြမ်းတမ်းတမ်း မလုပ်ဖူးဘူး၊ တောတွေဘာတွေလည်း တက်ဖူးတာ မဟုတ်ဘူး၊ စောင့်ရှောက်ပါကွယ်”
လို့ပြောပြီး ငွေအစိတ်လည်း ပူဇော်လိုက်တယ်။ အဲဒီအခါမှာ ကာလသားခေါင်းကြီးက…
“စိတ်ချပါ အဒေါ်ရယ်၊ ဘာမျှ မဖြစ်စေရပါဘူး၊ ကျွန်တော်တာဝန်ယူပါတယ်။ ကျွန်တော့်လှည်းပေါ်တင်ပြီး ခေါ်သွားမှာပါ”
လို့ပြောလိုက်တယ်။လှည်းတန်းကြီးက ရိုးမကိုလည်း စတက်ရော တောင်စောင်းတခုပေါ်မှာ ဘုန်းကြီးတစ်ပါး ရပ်နေတာမြင်တော့ မောင်ညွန့်ဟာ လှည်းပေါ်က လှမ်းပြီး လက်အုပ်ချီတယ်။ အဲဒီတော့ ကာလသားခေါင်းက မောင်ညွန့်လက်အုပ်ချီတဲ့ ဘက်ကို လှမ်းကြည့်လိုက်တော့ ဘာမျှမတွေ့ရတာနဲ့….
“ဟေ့ကောင် မောင်ညွန့် ဘာကိုလက်အုပ်ချီနေတာလဲ” လို့ မေးလိုက်တယ်။ အဲဒီတော့ မောင်ညွန့်က…
“ဟိုတောင်စောင်းပေါ်မှာ ဘုန်းကြီးတစ်ပါး ရပ်နေတယ်လေဗျာ။ အဲဒါကို လှမ်းပြီး လက်အုပ်ချီနေတာ” လို့ပြန်ပြီးပြောတယ်။ ကာလသားခေါင်းအပါအဝင် လှည်းပေါ်က လူတွေက လှမ်းပြီးကြည့်လိုက်တယ်။ ကာလသားခေါင်းက… “ဘာဘုန်းကြီးမျှ မရှိဘူး” လို့ပြောလိုက်တယ်။ ကျန်တဲ့လူတွေကလည်း ဒီအတိုင်းပဲ ပြောတယ်။ အဲဒီတော့ ကာလသားခေါင်းကြီးက…
“မင်းတော့ တောခြောက်ခံရပြီထင်တယ်၊ ဟိုကြည့်ဒီကြည့် မကြည့်နဲ့ ဟေ့ကောင်။ တောဆိုတာ ဒီလိုပဲကွ၊ ခေါင်းငုံ့ထား။ မြင်ချင်ရာတွေ လျှောက်ပြီး မြင်နေပြီထင်တယ်”
လို့ပြောလိုက်တယ်။အဲဒီလိုနဲ့ သူတို့လှည်းတန်းကြီးက တောင်စောင်းနားကို ရောက်သွားတယ်။ အဲဒီတော့ မောင်ညွန့်က ဘုန်းကြီးကို လှမ်းပြီးကြည့်လိုက်တယ်။ အဲဒီလို ကြည့်လိုက်တဲ့အခါမှာ သူတို့ရွာက ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီး ဖြစ်နေတာကို တွေ့လိုက်ရတယ်။
“ကာလသားခေါင်းကြီး ဘုန်းကြီးမှ ဘုန်းကြီးဗျ။ တခြားဘုန်းကြီးတောင် မဟုတ်ဘူး။ ကျုပ်တို့ရွာက ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီးလေဗျာ”
လို့ပြောလိုက်တဲ့အခါ ကာလသားခေါင်းကြီးက မောင်ညွန့်ခေါင်းကို ပိတ်ရိုက်ပြီး..
“ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီးက ဒီမှာလာပြီး ဘယ်လိုလုပ် မတ်တတ်ရပ်နိုင်မှာလဲကွာ၊ ဟိုကြည့်ဒီကြည့် မကြည့်နဲ့လို့ ပြောတာမရဘူးလား”
လို့ ပြောလိုက်တယ်။ဒါပေမဲ့ မောင်ညွန့်မြင်နေတဲ့ ဆရာတော်က…
“မောင်ညွန့်ရေ ဒီအတိုင်းလာလို့ မရရင် ဇွတ်အတင်းခုန်ပြီး ထွက်လာခဲ့” လို့ပြောလိုက်တယ်။ အဲဒီအသံကို လှည်းပေါ်က ဘယ်သူမျှ မကြားဘူး။ မောင်ညွန့်တယောက်ပဲ ကြားရတာ။ နောက်ဆုံးမှာ မောင်ညွန့်ဟာ လှည်းပေါ်ကနေ ခုန်ချပြီး အဲဒီဆရာတော်ဆီကို ပြေးသွားပါလေရော။ကာလသားခေါင်းနဲ့ ရွာသားတွေဟာ ဝိုင်းပြီး လိုက်ကြတယ်။ ဒါပေမဲ့ ဆရာတော်က အနားရောက်တဲ့အခါ မောင်ညွန့်ကို သင်္ကန်းနဲ့ခြုံပြီး ဝှက်ထားပေးလိုက်တယ်။ အဲဒီတော့ ရှာမတွေ့တော့ဘူးပေါ့ ။ဆရာတော်က မောင်ညွန့်ကို သူ့ကျောင်းလေးကို ခေါ်သွားတယ်။ တောင်စောင်းမှာ ဆောက်ထားတဲ့ ကျောင်းကလေးပဲ။
ကျောင်းကို ရောက်တဲ့အခါမှာ ဆရာတော်က… “ဟေ့ မောင်ညွန့် ဆာသလား” လိုမေးတယ်။ အဲဒီတော့ မောင်ညွန့်က…
“မိုးမလင်းခင်ကတည်းက အိမ်က ထွက်လာခဲ့ရတာ၊ ဆာတာပေါ့ဘုရား”လို့ပြန်ပြောလိုက်တယ်။
“နေဦး နေဦး ကပ္ပိယခေါ်ပြီး မင်းကိုကျွေးရမယ်” လို့ ဆရာတော်ကပြောတယ်။ ကပ္ပိယနာမည်က ဂွတိုတဲ့။ ဂွတိုဟာ ကိုယ်ပျက်နေတဲ့ ရောဂါသည် တယောက်ပဲ။ နှာခေါင်းတောင် မရှိတော့ဘူး။ လက်တွေကလည်း တိုနေပြီ။ နှာခေါင်းမှာရှိတဲ့ အနာတွေကလည်း အရည်တွေ ထွက်နေတယ်။ မောင်ညွန့်ဟာ အတော်စိတ်ပျက်သွားတယ်။ ဆရာတော်က..
“ဂွတို မောင်ညွန့်ကို ငှက်ပျောသီးကျွေးပြီး မန်ကျည်းဖျော်ရည်တိုက်လိုက်” လို့ပြောတယ်။
ဂွတိုဟာ ကျက်သရေခန်းထဲက မန်ကျည်းသီးတွေ ယူလာပြီး မောင်းထောင်ချိုင့်ထဲသို့ ရေနဲ့ထည့်တယ်။ သူ့လက်တိုကလေးတွေနဲ့ မွှေတော့တာပဲ။ ထန်းလျက်တွေကိုလည်း လက်နဲ့ချေပြီး ထည့်တယ်။ ပြီးတော့ ကျောက်ကာခွက်ကလေးထဲကို ဖျော်ရည်လောင်းထည့်လိုက်တယ်။ ပြီးတော့ ဂွတိုဟာ ငှက်ပျောသီးယူလာပြီး အခွံကို သူ့လက်တိုလေးနဲ့ ခွာတယ်။ ပြီးတော့ မောင်ညွန့်ပါးစပ်နားကို တိုးပေးလိုက်တယ်။
မောင်ညွန့်က ပျို့နေပြီ။ ဆရာတော်က အဲဒီအချိန်မှာ ဘုရားစင်ဘက်ကို လှည့်ပြီး ထိုင်နေတယ်။ မောင်ညွန့်ဘက်ကို လှည့်ပြီးမကြည့်ဘူး။ ပြီးတော့…
“ဆာတယ်ဆို စားလေကွာ” လို့ပြောလိုက်တယ်။ အဲဒီတော့ မောင်ညွန့်က… “ဆာတော့ဆာတယ် ဘုရား” လို့ ပြန်ပြီးပြောလိုက်တယ်။
“ဆာတော့ဆာပြီး ဘာက ဘာဖြစ်နေတာတုံး” လို့ ဆရာတော်က ပြန်ပြီး မေးလိုက်တယ်။ မောင်ညွန့်ဟာ ပြန်ပြီးမဖြေနိုင်ဘူး။ အဲဒီအခါမှာ ဆရာတော်က… ။
“ဝိဇ္ဇာဖြစ်မယ့်လူအတွက် စာမေးပွဲပဲဟေ့” လို့ပြောလိုက်တယ်။ အဲဒီတော့ မောင်ညွန့်ဟာ ဘာဘာညာညာ မပြောတော့ဘဲ ဂွတိုလေးပေးတဲ့ ငှက်ပျောသီးကို စားပစ်လိုက်တယ်။ ဂွတိုတိုက်တဲ့ ဖျော်ရည်ကိုလည်း သောက်ချလိုက်တယ်။ အဲဒီတော့ ဆရာတော်က…
“ငါ့တပည့် အောင်သွားပြီပေါ့” လို့ ပြောလိုက်တယ်။ ဒါပေမဲ့ မောင်ညွန့်ဟာ ပျို့ပြီးအန်မထွက်အောင် မနည်းထိန်းထားတယ်။ ပြီးတော့ မလှမ်းမကမ်းမှာ သွားပြီးထိုင်နေတယ်။ မောင်ညွန့်ဟာ ဂွတိုကို မကြည့်တော့ဘူး။ အဲဒီတော့ ဆရာတော်က အနားလျှောက်လာပြီး…
“မင်းကို ငှက်ပျောသီးကျွေးပြီး ဖျော်ရည်တိုက်တဲ့ ဂွတိုကို ကြည့်လိုက်စမ်းပါဦး”
လို့ ပြောလိုက်တယ်။ မောင်ညွန့်လည်း လှမ်းပြီးကြည့်လိုက်တယ်။ စောစောက ဂွတိုပုံစံမဟုတ်တော့ဘူး။ အလွန်ချောမောလှတဲ့ မင်းသားတစ်ပါး ဖြစ်နေတယ်။ ပိုးဖြူခါးထောင် အင်္ကျီကို ဝတ်ထားတယ်၊ ပုဆိုးက ပိုးအစိမ်းရောင်ပြောင်၊ အနားမှာ ရွှေနဲ့ထိုးထားတဲ့ စကြာပုံတွေပါတယ်၊ အဲဒီတော့ မောင်ညွန့်က…
“စောစောက ဂွတိုမဟုတ်ပါဘူး” လို့ ငြင်းလိုက်တယ်။ အဲဒီအခါမှာ ဆရာတော်က.. “မင်းသား… ဂွတိုပုံစံလုပ်ပြလိုက်” လို့ပြောလိုက်တယ်။ အဲဒီတော့ မင်းသားက ဘယ်လိုလုပ်လိုက်တယ်မသိဘူး၊ စောစောက နှာခေါင်းပြတ်နေတဲ့ ဂွတိုပုံစံ ဖြစ်သွားရော၊ ပြီးတော့ မင်းသားပြန်ဖြစ်သွားပြန်ရော။
“ပထမံဘိုးဘိုးအောင်ရဲ့ တပည့် စကြာမင်းသားကွ၊ ငါ့ကိုမဖူးရတာကြာလို့ သူ့ဆရာဆီမှာ ခွင့်ပန်ပြီး ဒီမှာ အဓိဌာန်လာဝင်တာ။ မောင်ညွန့် မင်းကို ပြောရဦးမယ်၊ မင်းဟာ ဝိဇ္ဇာဖြစ်ဖို့ နီးစပ်နေပြီ။ ဒါပေမဲ့ မင်း လူပေါင်းမှားနေတယ်။ ဘုရားဟောရှိတယ်ကွ၊ အသေဝနာစ ဗလာနံတဲ့၊ လူမိုက်နဲ့ မပေါင်းရဘူးတဲ့”
လို့ ပြောလိုက်တော့ မောင်ညွန့်က..
“တပည့်တော် ဘယ်သူနဲ့မျှ မပေါင်းပါဘူး ဘုရား။ အိမ်မှာပုတီးစိပ်၊ ပရိတ်ရွတ်ပဲ လုပ်နေပါတယ်”
လို့ ပြန်ပြောတယ်။ အဲဒီတော့ ဆရာတော်က…
“ဒါဖြင့် မင်းအိတ်ထဲက အထုတ်ကလေးကို ထုတ်လိုက်” လို့ ပြောလိုက်တော့ မောင်ညွန့်က ဇော်ဂျီရုပ်ပါတဲ့ အထုပ်ကလေးကို ထုပ်လိုက်ပြီး ဆရာတော်ရှေ့ ကို ချပေးလိုက်တယ်။ အဲဒီတော့ ဆရာတော်က…
“ကဲ… အထဲက ဖေဇော်ဂျီရေ ၊ ကိုယ့်ဟာကိုယ်ထွက်လာခဲ့ ပေတော့”
လို့ပြောလိုက်တယ်။ ဇော်ဂျီက ထွက်မလာဘူး။ အဲဒီတော့ ဆရာတော်က…
“မင်းကို ထွက်လာဖို့ ပြောနေတာ တခြားလူမဟုတ်ဘူး၊ ဦးဩဘာသတဲ့။ ကြားဖူးတယ်မဟုတ်လား။ ထွက်ခဲ့ ထွက်ခဲ့ လမ်းကောင်းကို ညွှန်ပေးမယ်”
လို့ ပြောလိုက်တယ်။ အဲဒီအခါမှာ သင်္ကန်းနဲ့ ပတ်ထားတဲ့ အထုပ်ကလေးဟာ ပြေပြီး အထဲက ဇော်ဂျီရုပ်ကလေး ထွက်လာတယ်။ ဇော်ဂျီရုပ်ကလေးဟာ အသက်ဝင်လာပြီး ဆရာတော်ကို ဦးချတယ်။ အဲဒီတော့ ဆရာတော်က… ။
“ဇော်ဂျီက ဖိုဝင်တော့ စောရနက္ခတ်နဲ့ငြိပြီးတော့ သူခိုးစိတ်ပေါက်သွားတယ်။ အခု မင်းတို့ဟာက သူခိုးတော့ မဟုတ်ဘူး။ သူခိုးလက်က ပြန်ခိုးတဲ့ သူဝှက်ပေါ့ကွာ၊ သူခိုးလက်က သူဝှက်လုဆိုတာကြားဖူးတယ် မဟုတ်လား။ သူခိုးပဲပေါ့ကွာ။ အဲဒီတော့ မင်းတို့နှစ်ယောက်လုံး ငါးပါးသီလကျိုးနေပြီ၊ ငါးပါးသီလမလုံရင် ရှေ့တက်လို့မရဘူးကွ။ အဲဒီတော့ မင်းတို့နှစ်ယောက် ငါးပါးသီလ ပြန်ထိန်းရမယ်
ဆိုပြီး ငါးပါးသီလချပေးတယ်။ ဇော်ဂျီနဲ့ မောင်ညွန့်က လိုက်ပြီးဆိုတယ်၊ ပြီးတော့ ဆရာတော်က သာဓုခေါ်တယ်။
“မင်းတို့နှစ်ယောက်စလုံး လမ်းကောင်းကို ရောက်သွားပြီ။ ကဲ.. ဖေဇော်ဂျီရေ၊ ကိုယ့်လမ်းကိုသွားတော့” လို့ ပြောလိုက်တဲ့အခါမှာ ဇော်ဂျီကလေးဟာ တောင်ဝှေးကိုထမ်းပြီး ပြတင်းပေါက်ကနေ ခုန်ထွက်သွားတယ်၊ မောင်ညွန့်ကိုလည်း ဆရာတော်က…
“ရှေ့တက်စဉ်တွေ တက်စရာရှိသေးတယ်ကွ” လို့ပြောလိုက်တယ်။ အဲဒီအချိန်မှာ ရွာကအဖွဲ့ကတော့ ထင်းတွေရလို့ ရွာကိုပြန်သွားကြပြီ။ မောင်ညွန့်အကြောင်းကို ကာလသားခေါင်းက ပြောပြတဲ့အခါမှာ ဒေါ်ပုလုံးဟာ မြေကြီးမှာ လှိမ့်ပြီးငိုတော့တာပဲ။
“ကျွန်မသား သူတော်ကောင်းလေး တောဖမ်းစားလို့ သေသွားပါပြီ” လို့လည်း အော်အော်ပြီး ငိုတော့တာပဲ။ ခုနှစ်ရက်ပြည့်တဲ့ အခါမှာ မောင်ညွန့်အတွက် သပိတ်သွတ်လိုက်တယ်။ တလပြည့်တဲ့အခါမှာ ဆွမ်းထပ်ကျွေးပြီး မောင်ညွန့်ကို အမျှဝေတယ်။
မောင်ညွန့်ကို ဆရာတော်က
“မင်းအိမ် မင်းပြန်ရမယ်၊ ရှေ့ဘာတွေဆက်ပြီး ကျင့်ရမယ်ဆိုတာ ငါလာပြောမယ်” လို့ ပြောတယ်။ မောင်ညွန့်ရဲ့ စိတ်ထဲမှာ ခဏပဲ ရှိသေးတယ်လို့ အောက်မေ့မိတယ်။ အဲဒါကြောင့် ဆရာတော်က “မင်း ဒီကိုရောက်နေတာ တလရှိပြီ” လို့ပြောလိုက်တယ်။ မောင်ညွန့်ဟာ အလွန်အံ့သြသွားတယ်။ အဲဒီတော့ ဆရာတော်က..
“ဝိဇ္ဇာလောကနဲ့ လူ့လောက အချိန်နာရီလည်း မတူဘူးကွ” လို့ပြောပြတယ်။ ပြီးတော့ ဆရာတော်က မောင်ညွန့်ကို ဘုရားစင်မှာ ဖယောင်းတိုင်ထွန်းခိုင်းပြီး ဘုရားရှိခိုးခိုင်းတယ်။ မောင်ညွန့်ဟာ ဘုရားကိုဦးချပြီး ပြန်မော့လိုက်တဲ့အခါမှာ ဆရာတော်ကျောင်းမှာ မဟုတ်တော့ဘဲ အိမ်က ဘုရားစင်ရှေ့ကို ပြန်ရောက်နေတာ တွေ့လိုက်ရတယ်။
သူ့အမေ ဒေါ်ပုလုံးကြီးဟာ အိမ်ရှေ့မှာ ထင်းခွဲနေတယ်။ ထင်းခွဲပြီး အိမ်ထဲလည်း ပြန်ဝင်လိုက်ရော မောင်ညွန့်ကို တွေ့လိုက်တော့ လန့်ပြီးအော်တယ်။ ပြီးတော့…
“သား မသေဘူးနော်” လို့ပြောလိုက်တယ်။ မောင်ညွန့်က “မသေပါဘူး အမေရယ်၊ မသေလို့ ပြန်ပြီး
တွေ့ရတာပေါ့”လို့ ပြန်ပြောလိုက်တယ်။
“အမေဒီရှေ့မှာ ထင်းခွဲနေတာ ဘယ်အပေါက်က ဝင်လာတာလဲ” လို့ သူ့အမေက မေးတယ်။ “ကျွန်တော် ဒီအပေါက် ဝင်လာတာပါပဲ။ အမေ အမှုမဲ့အမှတ်မဲ့ ဖြစ်လို့ မတွေ့လိုက်တာပါ” လို့ မောင်ညွန့်ပြန်ပြီး ပြောလိုက်တယ်။ တရွာလုံးလည်း အုတ်အော်သောင်းတင်းဖြစ်တော့တာပဲ။
မောင်ညွန့်သတင်းဟာ တိုက်ကြီးမြို့ပေါ်တင် မကဘူး။ သာယာဝတီ၊ သုံးဆယ်အထိ ပြန့်သွားတယ်။ တချို့က အထူးအဆန်းအဖြစ် လာပြီးကြည့်ကြတယ်။မောင်ညွန့်ဟာ ရွာထိပ် ‘အောင်ဓာတ်စကြာ” စေတီတော်လေးနားမှာ ဇရပ်ကလေးတလုံးဆောက်ပြီး တယောက်တည်းနေတော့တယ်။ သူ့အမေ ဒေါ်ပုလုံးကြီးက ထမင်းပို့ပေးရတယ်။ ပထမပိုင်းမှာ သက်သတ်လွတ်စားတယ်။ နောက်ပိုင်းမှာ သက်သတ်လွတ်တောင် မဟုတ်တော့ဘူး။ ထမင်းနဲ့ဆားနဲ့ပဲ စားတော့တယ်။ သူ့အမေ မေးတဲ့အခါ ဆားထမင်း အဓိဌာန်ဝင်နေတာပါလို့ပြောတယ်။ နောက်ကျတော့ ဆားထမင်းတောင် မစားတော့ဘူး။ အသီးအနှံတွေပဲ ပို့ပေးရတယ်။ မီးလွတ်အဓိဌာန်ဝင်တယ်လို့ ပြောတယ်။ဆရာတော်ကတော့ မောင်ညွန့်ဆီကို မကြာခဏကြွလာပြီး သင်ပြစရာရှိတာတွေကို သင်ပြပေးတယ်။ မောင်ညွန့်ဟာ သီတင်းကျွတ်လပြည့်နေ့မှာ အဲဒီစေတီတော်ကလေးမှာ ဆွမ်းတော်ကြီး တင်ပွဲလုပ်တယ်။
ရွာထဲက လူတွေကိုလည်း သစ်သီးဆွမ်းကပ်ပြီး ဓမ္မစကြာရွတ်ခိုင်းတယ်။ လူတွေကလည်း မောင်ညွန့်ပြောတဲ့အတိုင်း ရွတ်ကြပါတယ်။ အဲဒီလို ရွတ်ပြီးတဲ့အခါ..
“အားလုံး ငါးပါးသီလဲမြဲကြပါ” လို့ပြောပြီး အသံပျောက်သွားတယ်။ လူတွေက မောင်ညွန့်အသံလာရာဆီကို လှည့်ကြည့်ကြတယ်။ မောင်ညွန့်ကို မတွေ့ရဘူး။ မောင်ညွန့်ကို ဝိုင်းပြီးရှာကြတယ်။ ဘယ်လိုရှာရှာ မတွေ့တော့ဘူး၊ မောင်ညွန့်ဟာ ပျောက်ခြင်းမလှ ပျောက်သွားတယ်။ အဲဒီကတည်းက မောင်ညွန့်ကို ဘယ်သူမျှမတွေ့ရတော့ဘူး။ နားလည်တဲ့လူကြီးတွေကမောင်ညွန့်ကို “အရှင်ထွက် ထွက်သွားတာ” လို့ပြောကြတယ်။
အရူးညာကလိသည် သူ၏စကားကိုအဆုံးသတ်လိုက်လေ၏။ ထိုနောက် ၎င်းက.. “ဒေါ်သာဉာဏ် နားထောင်ချင်တဲ့ ဝိဇ္ဇာအကြောင်းကတော့ ဒါပါပဲ” ဟု ပြောလိုက်လေ၏။ထိုအခါ ဒေါ်သာဉာဏ်က…
“မောင်ညွန့်ကတော့ ထွက်သွားပြီ၊ ညာကလိကရော ဘယ်တော့ထွက်မလဲ” ဟုမေးလေ၏။ ထိုအခါ အားလုံး ဝါးခနဲဝိုင်း၍ ရယ်မောလိုက်ကြလေတော့၏။ ကျွန်ုပ်လည်း ၎င်းတို့လေးဦးအား မုန့်ဖိုးသုံးဆယ်စီပေးလိုက်လေ၏။ ၎င်းတို့လည်း ကျွန်ုပ်ခြံအတွင်းမှ ပျော်ရွှင်ဝမ်းမြောက်စွာ ပြန်သွားကြလေတော့သတည်း။![]()
မင်းသိင်္ခ
မင်းနန်သူနှင့်ဂမ္ဘီရလောကဝတ္ထုတိုများမှ
#စာစီ-ဇေယျာမိုး(မွန်းလေးဖေဖေ)
ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်…
ခိုင်နီလာမော