ဘဝသင်ခန်းစာ ( စ/ဆုံး)
——————-
ကျွန်မနှင့် ဇော် ဟာ အတန်းတူပြီး အခန်းကွဲသော တစ်ကျောင်းတည်း သူငယ်ချင်းများဖြစ်ကြသည်။ေဇာ်သည် ကျွန်မနှင့်ဖုန်းထဲမှာ စကားပြောရင်း ကျွန်မအပေါ် မေတ္တာသက်ဝင်ခဲ့သည်။ ဇော်ဖွင့်ပြောလာသည့်အခါ နဂိုကတည်းက သူငယ်ချင်းသံယောဇဉ်လေး ရှိနေတာမို့ ကျွန်မ မငြင်းရက်ခဲ့ပါ။ ဇော့်အချစ်ကို ကျွန်မ လက်ခံပေးခဲ့သည်။ ဇော်ကတော့ မသိပေမဲ့ ကျွန်မကတော့ တဖြည်းဖြည်း ဇော့်အပေါ် အချစ်ပိုလာမိပါသည်။ သူငယ်ချင်းကနေ ချစ်သူဖြစ်ခဲ့ရတာမို့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်နားလည်နိုင်ကြလိမ့်မည်ဟု ကျွန်မထင်ခဲ့သည်။ တစ်နေ့တော့ ဇော် က ကျွန်မ ကို သူနှင့် ခိုးရာ လိုက်ရဲလား ဟု မေးလာသည်။ ကျွန်မသည် ထိုအချိန်က ဇော့်အပေါ်ထားသော မေတ္တာစိတ်ဟာ ခိုင်မြဲနေလေပြီ ။ ကျွန်မ မလိုက်ရဲဘူး ဟု ငြင်းလိုက်လျှင် ဇော် စိတ်ပျ က်သွားမှာကိုလည်း စိုးရိမ်မိသည်။ ထိုအခါ ဘာကိုမှမတွေးတောမိတော့ဘဲ ချစ်စိတ်တစ်ခုဖြင့် ဇော်နှင့် ခိုးရာလိုက်ဖို့ ဆုံးဖြ တ်ချက်ချခဲ့မိသည်။
ကျွန်မ၏ မွေးရပ်ဇာတိသည် တောမကျမြို့မကျ လေး ဖြစ်ပြီး ဇော်၏ မွေးရပ်ဇာတိကတော့ တောရွာကလေးဖြစ်သည်။ ဇော်တို့က လယ်တွေယာတွေ လုပ်ကြတော့ ကျွန်မကို မိဘဆီ ပြန်အပ်သည်အခါ လယ်(၂)ဧက ၊ ဆိုင်ကယ် (၁)စီးနှင့် ဆွဲကြိုး(၁)ကုံး ကို တင်တောင်းပစ္စည်း အဖြစ် ထည့်တင်ပေးကြသည်။ ကျွန်မ၏ မိဘများသည် ခိုးရာ လိုက်ပြေးသည့်အတွက် သိပ်မကြည်ဖြူကြပေမဲ့ တင့်တင့်တည်တည် တင်တောင်းပေးခဲ့တာမို့ သဘောတူလက်ခံခဲ့ပါသည် ။ ဤသို့ဖြင့် ကျွန်မတို့ကို နှစ်ဖက်မိဘများက မင်္ဂလာဆောင်ပေးခဲ့သည်။ မင်္ဂလာဆောင်ပြီးသည့်အခါ ကျွန်မက ဇော်၏ တောရွာကလေးသို့ လိုက်နေရသည်။ အဆင်မပြေမှုများက ထိုက စေလသည်။ ကျွန်မသည် တင်တောင်းပစ္စည်းများကို ကျွန်မ လက်ထဲ မအပ်လျှင်တောင် ဇော်နှင့်ကျွန်မအတွက် ဖြစ်လိမ့်မည် ဟု ထင်ခဲ့မိသည်။ သို့သော် ကျွန်မတို့မရခဲ့ပါ။ ဇော့်အစ်မက ယူထားသည်။ လယ်ကိုလည်း ကျွန်မကအတူလုပ်ေပးရေပမဲ့ တစ်နှစ်လံုးေနလို့ လယ်မှရေသာ အကျိုးအမြတ်ကို ကျွန်မမရခဲ့ပါ ။သူတို့အိမ်မှာ ဝိုင်းလုပ်ဝိုင်းစားနေရင်း လုံးလည်ချာလည် လိုက်နေခဲ့သည် ။ကျွန်မက စက်ချုပ်တတ်တော့ တောရွာကလေးမှာ အပ်ထည်တွေ ချုပ်ရင်း အစပိုင်း အဆင်ပြေခဲ့သည်။ နောက်တော့ ဇော်တို့မောင်နှမတွေက နှစ်လုံး ၊ သုံးလုံးတွေ ကစားကြရင်း အရှုံးများ၍ အကြွေးတင်လာသည်။
” ဇော်ရယ် နှစ်လုံးသုံးလုံးတွေ မလုပ်ပါနဲ့တော့လား ၊ လောင်းကစားလုပ်တာက အစပိုင်းသာ အကျိုးအမြတ်ရချင်ရမယ် ၊ ေရရှည် အဆင်မပြေနိုင်ဘူး ဇော်ရဲ့ ၊ရှိတာတွေ ပြုတ်ကုန်ပါ့မယ် ၊ ဇော့် မမကြီးကိုလည်း ပြောပြပါဦး ”
ကျွန်မက လင်မယား နှစ်ကိုယ်ကြား နားလည်အောင် ပြောပြပေမဲ့ ဇော်က လက်မခံပါ။ သူအစ်မနှင့်အတူ နှစ်လုံးသုံးလုံး တွေ ဆက်လုပ်နေရင်း ကျွန်မကို တင်ေတာင်းထားသည့် လယ်(၂) ဧက ထဲက (၁)ဧက ကုန်လေသည်။
” ငါ ထိုင်းကို အလုပ်သွားလုပ်ဖို့ စဉ်းစားထားတယ်၊ ငါ အရင်ကလည်း သွားဖူးတော့ အဆင်ပြေတယ် ”
ဇော်က ထိုင်းကိုသွားဖို့စီစဉ်နေသည် ။
” ဇော်ရယ် ကျွန်မလည်း လိုက်ပါရစေ ၊ဒီမှာ တစ်ယောက်တည်း မနေခဲ့ချင်ဘူး ”
“မလိုက်ပါနဲ့ဟာ ငါ တစ်ယောက်တည်းသွားမယ် ”
ဇော်က ကျွန်မဆန္ဒကို လက်မခံပါ။ ထိုင်းကို တစ်ယောက်တည်း ထွက်သွားလေသည်။ ဇော်ထွက်သွားမှ ကျွန်မသိရသည်က ကျွန်မတွင် ကိုယ်ဝန် လွယ်ထားရလေပြီ ။ (၂) လလောက် ပင်ရှိနေလေပြီ ။
ဇော် ထိုင်းကနေ လစာပို့တော့ ကျွန်မက အသုံးစရိတ်လောက်ပဲ ယူထားရပြီး ကျန်တာကို ဇော့်မိသားစုဆီ အပ်ရသည်။ မကြာလိုက်ပါ။ သုံးလလောက်နေတော့ ဇော်က ထိုင်းမှာ အဆင်မပြေဘူး ဟု ဆိုကာ ပြန်ရောက်လာသည်။ ဇော် ပြန်ရောက်လာတော့ သူရှာသမျှကို ကျွန်မဆီပေးမသုံးတော့ပါ။ သူ့လက်ထဲမှာထားသည်။ဇော်က သူ့ပိုက်ဆံတွေကို …
“အဲ့ပိုက်ဆံ နင်မထိနဲ့ ” ဟု ပြောထားခဲ့သည်။ ထိုအခါ ကျွန်မ မုန့်စားချင်လျှင်တောင် မတောင်းရဲပေ။ ဇော်ဟာ ကျွန်မကိုမချစ်တော့တာလား ။ ယောက်ျားတစ်ယောက်ဟာ သူချစ်သည့်မိန်းမကို ပိုက်ဆံပေးသုံးရမည်ဟု ကျွန်မထင်သည်။ ကျွန်မဟာ သူ့၏ ဇနီးမယားဖြစ်သလို သူ့ရင်သွေးလည်းလွယ်ထားရသည်။ ထိုအခြေအနေမှာတောင် ဇော်က သူ့ပိုက်ဆံကို ပေးမသုံးလေတော့ ကျွန်မကို ချစ်မှချစ်သေးရဲ့လားဟု သိမ်ငယ်မိသည်။
ကျွန်မ ကိုယ်ဝန်လရင့်လာတော့ ဇော်နှင့်အတူ ကျွန်မမိဘတွေဆီ ပြန်နေခဲ့သည် ။ ဇော်က သူ့ပိုက်ဆံတွေဟာ ကလေးမွေးဖွားဖို့ စရိတ် အဖြစ် စုထားတာ ဖြစ်ကြောင်း ကျွန်မကိုချွေးသိပ်သည်။ ကျွန်မ သုံးချင်စားချင်လျှင် ကျွန်မ မိဘဆီက တောင်းခဲ့ရသည်။ ဇော်က သူ့ရွာကိုသွားလျှင် ကျွန်မအိမ်မှာ ထားသော ပိုက်ဆံေတွကို နှိုက်နှိုက်ယူသွားတတ်သည်။
ကျွန်မက “ဘာလုပ်ဖို့လဲ “ဟု မေးလျှင် ” မမကြီးက ယူခိုင်းတာ” ဟု လိမ်သည် ။ အမှန်တော့ ထိုပိုက်ဆံတွေကို ကြက်တိုက်ပစ်တာမှန်း ကျွန်မ သိထားပြီး ဖြစ်သည်။ ကျွန်မ သိသိလျက် မပြောရဲခဲ့ပါ။ ကျွန်မမိဘတွေ သိလျှင် ဇော် အပြောခံရမှာ စိုး၍ မသိချင်ယောင်ဆောင်ပေးခဲ့သည်။ ကလေးမွေးဖို့စရိတ်ကို သူ ပြန်စုမှာပါ ဟု ယုံကြည်ပေးခဲ့သည်။ ထိုအချိန်က တစ်ချိန်မှာ ဆိုးသွမ်းသည့်အခြေအနေကို ကျွန်မ ရင်ဆိုင်ရတော့မည် ဆိုတာ ကြိုမသိခဲ့ပါ ။
ဇော်သည် အစပိုင်းတွင် ကောင်းသလိုလိုနှင့် နောက်ပိုင်း ဆိုးသထက်ဆိုးလာခဲ့သည်။ အရက်သောက်သည်။ ဆေးလိပ်သောက်သည် ။ ဖဲလည်းရိုက်သည် ။ ကျွန်မက ထိုအရာတွေဟာ မကောင်းကြောင်း နားချပြောဆိုပေမဲ့ သူနားမထောင်ပါ ။ ကျွန်မ ကလေးမွေးတော့ လက်ထဲမှာ ပိုက်ဆံလေး (၃)သောင်းပဲ ရှိသည် ။ ကျွန်မမိဘတွေက သိတော့ စပါးရောင်းေပးပြီး မီးဖွားစရိတ်ပေးခဲ့သည်။ ကျွန်မ ဟင်္သာတဆေးရုံမှာ သားကလေးကို မွေးခဲ့သည်။
သားကလေး မွေးပြီးတော့ ကျွန်မတို့ ဇော်၏ တောရွာကလေးကို ပြန်ေနရသည် ။ သားကလေး (၄) လသားလောက်မှာ ဇော်က ထိုင်းကို သွားမည် လုပ်ပြန်သည် ။ ကျွန်မက မသွားဖို့ အတန်တန်တားသည် ။ ဇော်က …
” ငါထိုင်းကို သွားမှာက ကလေးရှေ့ရေးအတွက်နဲ့ အကြွေးတွေရှိသေးလို့သွားမှာ ၊ ငါပို့မယ့်ပိုက်ဆံ နင်မရဘူး ”
ထိုသို့ကြားရတော့ ကျွန်မ စိတ်မကောင်းဖြစ်ခဲ့ရသည်။ ကျွန်မသည် လူမချမ်းသာလျှင်နေပါစေ မိသားစုလေး နွေးနွေးထွေးထွေးနှင့် အတူရှိချင်ခဲ့သည်။ ဇော့်ကို နားလည်အောင် ပြောပြ၊ရှင်းပြခဲ့သည်။ ဇော်က ဂျစ်တီးဂျစ်ကန်တွေသာ ပြောပြီး ကျွန်မ စကားကိုနားမထောင်ပေ။ သူ့မိသားစုနှင့်လည်း ကျွန်မ စကားတွေများခဲ့ရသည် ။ နောက်ဆုံးတော့ ကျွန်မပဲ လက်လျှော့ခဲ့ရကာ ထိုင်းကိုလွှတ်လိုက်ရလေသည် ။
ကျွန်မ ဇော့်အိမ်မှာ ကလေးတစ်ဖက်နှင့်လည်း အရင်ကလိုပဲ အလုပ်အကုန်လုပ်ပေး၍ နေခဲ့သည်။ ဇော်၏ ဘကြီး အစာအိမ်ကင်စာ ဖြစ်နေတော့လည်း ကလေးတစ်ဖက်နှင့် မငြီးမငြူဘဲ အစစအရာရာ ပြုစုစောင့်ရှောက်ပေးခဲ့သည်။ သို့သော် ဇော်သည် ထိုင်းမှာ နောက်တစ်ယောက်တွေ့နေခဲ့၏။ ကျွန်မ စိတ်ဆင်းရဲခဲ့ရသည်။
” ဇော်ရယ် ၊ ကျွန်မ တောင်းပန်ပါတယ် ၊ သားလေးမျက်နှာလည်း ရှိသေးတယ် ၊ သားလေးကို မငဲ့တော့ဘူးလား ”
” ဇော်ရယ် ၊ ကျွန်မ တောင်းပန်ပါတယ် ၊ သားလေးမျက်နှာလည်း ရှိသေးတယ် ၊ သားလေးကို မငဲ့တော့ဘူးလား ”
ကျွန်မ ထိုသို့အကြိမ်ကြိမ် တောင်းပန်ပြောဆိုလိုက်မှ ဇော် ကျွန်မတို့သားအမိဘက်ကို စိတ်ပြန်လည်လာသည်။ ဇော်ေငွလွှဲသမျှ ကျွန်မ မရပါ။ ကျွန်မသည် ကျွန်မအသုံးစရိတ်ကို ကိုယ့်ဘာသာ ရှာခဲ့ရသည်။ ဇော့်ဘကြီးဆုံးတော့ အိမ်မှာ ယောက်ျားတွေ တရုန်းရုန်း ဖြစ်လာသည်။ ဇော့်အစ်မက ထိုယောက်ျားများနှင့် အရက်အတူသောက်သည်။ ကျွန်မသည် ဇော့်အစ်မကို …
” မမကြီး အရက်မသောက်ပါနဲ့လားဟင် ၊ ပြီးတော့ ယောက်ျားတွေ အိမ်ထဲ ဝင်ထွက်နေတာ မသင့်တော်ဘူး၊ ညီမလေးအတွက်လည်း မလုံခြုံဘူးလို့ထင်လို့ပါ ”
ကျွန်မ နားလည်အောင်ပြောပေမဲ့ ဇော့်အစ်မက လက်မခံပါ။ နောက်တစ်ေန့ညမှာ ဇော့်အဖေက အရက်မူးလာပြီး ကျွန်မကို အိမ်ပေါ်က နှင်ချသည်။ ကျွန်မမိဘတွေကိုလည်း ချိုးချိုးဖဲ့ဖဲ့ပြောလာသည်။ ကျွန်မသည် မိဘထိတာကိုတော့ သည်းမခံနိုင်တော့တာကြောင့် မိဘအိမ်ပြန်နေခဲ့သည်။ကျွန်မ မိဘတွေကလည်း အကြောင်းစုံသိနေတာကြောင့် ကျွန်မကို ပြန်ခေါ်ထားခဲ့သည်။ ကျွန်မသည် ကျွန်မကိုတင်တောင်းထားသော ပစ္စည်းများကို ပြန်မရခဲ့ပေ။ လယ်အတူလုပ်ပေးခဲ့သော အကျိုးအမြတ်လည်း မရပေ ။မိဘအိမ်ကို ကလေးတစ်ယောက်ချီ၍ လက်ဗလာနှင့်ပြန်ခဲ့ရသည်။ ဇော့်ဆီကလည်း သားကလေးနေမကောင်းတုန်းက ဆေးဖိုး (၃)သောင်းနှင့် သားကလေးတစ်နှစ်ပြည့်တော့ မုန့်ဖိုး (၄) သောင်း ၊ထို (၂)ခါသာ ရဖူးသည် ။ ကျွန်မမိဘအိမ်ကို ပြန်လာနေတော့ သားကလေး အသက် တစ်နှစ် ကျော်လေပြီ။
တစ်ညတော့ ဇော်က လိုင်းပေါ်ကနေ စာလှမ်းပို့သည်။
” ဟဲ့ နင်က ငါ့မိဘတွေကို ပြောဆိုပြီး အိမ်ပေါ်က ဆင်းသွားတာဆို ”
ကျွန်မသည် အလွန်မှအံ့ဩခဲ့ရသည် ။
” မဟုတ်ရပါဘူး ဇော်ရယ် ၊နင့်ကို ဘယ်သူကပြောတာလဲ ”
“မမကြီးလှမ်းပြောတာ ”
ဇော်က ထိုင်းကနေကျွန်မကို ပြသနာလှမ်းရှာသည် ။ သူ့အစ်မကအရက်မူးပြီး အလိမ်တွေလှမ်းတိုင်တာကို သူမသိပေ။ ကျွန်မမိဘတွေ ဝင်းရှင်းပြမှ ဇော် အမြင်မှန်ရသွားသည်။
” ဇော်ရယ် ငါ့မှာ နင့်မိဘတွေဆီကနေ လက်ဗလာနဲ့ ငါ့မိဘအိမ်ပြန်ခဲ့ရတာပါ ၊ ငါ့မှာ ကလေးဆေးကုဖို့တောင် မရှိခဲ့ဘူး ၊ လူလည်း ချွတ်ချုံကျလို့ ၊ အဲ့တာတွေ သိရဲ့လား ”
ကျွန်မက ထိုသို့ရှင်းပြလိုက်မှ ဇော် ကျွန်မကို ငွေလွှဲပေးသည် ။ ကျွန်မက ဇော်လွှဲသည့်ငွေနှင့် ခြံလေးဝယ်ပြီး အိမ်လေးဆောက်သည် ။ အိမ်မှာ ကုန်စုံဆိုင်လေး ဖွင့်ခဲ့သည်။ သားလေး (၃) နှစ်ပြည့်လို့ ဇော်ပြန်လာတော့ ကျွန်မသည် ပျော်ရွှင်သာယာသော မိသားစုဘဝလေး ရရှိတော့မည် ဟု စိတ်ကူးယဉ်ထားမိသည်။
သို့သော် ဇော်ပြန်လာသည့် တစ်နှစ်မှာပဲ ကျွန်မတို့ စကားများရန်ဖြစ်ခဲ့ကြသည် ။ ဇော်သည် ကျွန်မကို ရိုက်နှက်ကာ လက်သီးနှင့်ထိုးလေသည်။ ဇော်သည် ကျွန်မအပေါ် အကြင်နာတရားမရှိတော့ပေ။ ကျွန်မအပေါ်လက်တင်လာတာမို့ ကျွန်မ အံ့ဩစွာကြောက်ရွံ့မိသွားသည် ။ ကျွန်မနှုတ်ခမ်းများ ပေါက်ကာ မျက်နှာများ အညိုမဲစွဲလေသည်။ ကျွန်မသည် … “ဪ သူငါ့ကို ကိုယ်ပိုင်အိမ်နဲ့ခြံနဲ့ နေနိုင်အောင်လုပ်ပေးခဲ့တာပဲ ၊ ဈေးဆိုင်လေးလည်း သူ့ကြောင့်တည်နိုင်ခဲ့တာ ” ဟု ဖြည့်တွေးကာ သည်းခံခဲ့သည်။ သို့ပေမဲ့ ဇော်သည် ကျွန်မဘယ်လိုပဲပြုပြင်ပါစေ ပို၍ ဆိုးသွမ်းလာသည်။ နေ့တိုင်းအရက်ကိုမူးနေအောင်သောက်သည်။ ညဘက် ကိုမှောင်မှပြန်လာသည်။ ကျွန်မသည် ဇော်နှင့် အကျိုးတရားအကြောင်းတရား ၊ အကောင်းအဆိုး ဘာမှတိုင်ပင်လို့မရပေ။
ကျွန်မသည် စကားမှားလို့မရ ။ စကားမှားတိုင်း ဇော်ကလက်ပါတာမို့ ကြောက်နေရသည်။ သားကလေးကိုလည်း ဇော်ကမကြင်နာပါ။ ထစ်ကနဲရှိ ရိုက်မယ် တကဲကဲနှင့်မို့ ကျွန်မအမြဲ ကြားဝင်တားရင်း စိတ်ညစ်ခဲ့ရသည်။ ဇော့်ကြောင့် ကျွန်မအကြွေးတွေမတင်သင့်ဘဲ တင်လာသည်။ ပြသနာသေးသေးလေးကို ပြသနာအကြီးကြီးအဖြစ်ချဲ့ကားတတ်သော ယောက်ျားနှင့်အတူနေရတာ ကျွန်မ စိတ်ကုန်လာမိသည်။
အကြွေးကိစ္စလည်း ကျွန်မပူရသည်။ စားဖို့လည်း ကျွန်မပဲပူရသည် ။ ကလေးအတွက်လည်း ကျွန်မပဲပူရသည် ။ ဇော်အလုပ်မလုပ်တာကြောင့် ကျွန်မကအိမ်၏ ဝင်ငွေ ကဘယ်လောက် ထွက်ငွေက ဘယ်လောက်ဆိုတာကို ပြောပြ ရှင်းပြသည်။ ပြောပြလည်း ကျွန်မစကားကိုသူကလက်မခံ ။ ကျွန်မဘာပြောပြော အမှားဖြစ်ကာ သူသာမှန်သည်ဟူသော အတ္တ တစ်ခုကြောင့် ကျွန်မတို့အမြဲ ပြသနာတက်နေရသည်။
ကျွန်မ ကွာရှင်းဖို့ အကြိမ်ကြိမ် စဉ်းစားခဲ့သည်။ဇော်အပေါ် ဘာမေတ္တာ ၊ဘာသံယောဇဉ်မှလည်းမရှိတော့ပေ။ သို့သော် သားကလေးမျက်နှာကြောင့် ကျွန်မ မကွာရှင်းနိုင်ပေ။ သားကလေးသည်အရွယ်နှင့် မမျှအောင်လိမ္မာလှသည်။ သူ့အဖေကိုလည်း ချစ်ရှာသည်။ သားကလေးကိုထောက်ထား၍ ကျွန်မ ဇော့်ကိုမကွာရှင်းနိုင်ခဲ့ပေ။ ထောက်ထားစရာ သားကလေးမရှိလျှင်တော့ ကျွန်မတို့မလွဲဧကန်ကွဲလိမ့်မည်။ခုတော့ဖြင့် … ။
ကျွန်မသည် ငယ်ရွယ်သောအချိန်မှာ အချစ်တစ်ခုကိုရှေ့တန်းတင်၍ သေချာမစဉ်းစားဘဲ ဘဝတစ်ခုကို ယုံကြည်ပုံအပ်ခဲ့မိသည်။ ဆုပ်တော့လည်းစူး စားတော့လည်း ရူး အဖြစ်မျိုးကြုံတွေ့နေရသည်။ နောက်ပြန်လှည့်လို့လည်း မရကာ အချိန်လွန်မှနောင်တရမိေလသည်။
” သေချာ စဉ်းစားဆုံးဖြတ်ကြနော် ၊ ရေရှည်ကိုစဉ်းစား ၊ ချစ်တာတစ်ခုတည်းနဲ့ ယူလိုက်ပြီး ၊ အိမ်ထောင်တစ်ခုကို တည်ဆောက်ရချိန်မှာ အဆင်မပြေမှုတွေကြုံလာရရင် ကိုယ်ပဲ မီးတွင်းထဲရောက်သလို ခံစားရမှာ ၊နောင်မှ နောင်တမရအောင် ငါ့ကို သင်ခန်းစာယူကြ ”
ကျွန်မသည် ဘေးပတ်ဝန်းကျင်က မိန်းကလေးတွေ အိမ်ထောင်ပြုတော့မည် ကြံတိုင်း ထိုသို့ ကျွန်မဘဝကိုပြောပြပြီး သတိပေးမိေလသည်။ နောင်လူငယ်များအေနဖြင့် ကျွန်မ ဘဝနှင့်ရင်း၍ရထားသော အတွေ့အကြုံများကိုကြည့်ကာ ဘဝသင်ခန်းစာ ယူစေလိုပါသည် ။
ပြီးပါပြီ ။
#JoJo