ဘေးအိမ်က သုံးထပ်ပျဥ်ထောင်အိမ်

Posted on

ဘေးအိမ်က သုံးထပ်ပျဥ်ထောင်အိမ်(စ/ဆုံး)

———————————————

မြေညီတစ်ထပ်နဲ့အပေါ်က နှစ်ထပ်။

ရှေးဟောင်းအိမ်ဆိုတော့ မှိုင်းပျပျပေါ့။

အဲ့အိမ်က ကလေးလေးက သမီးနဲ့ရွယ်တူ၊အတန်းလဲတူ။

အစဥ်အဆက် ရင်းနှီးလာကြတဲ့ ခင်ရာဆွေမျိုးတွေ ဆိုတော့လဲ နှစ်အိမ်ကြား ခြံစည်းရိုးဆိုပြီး မယ်မယ်ရရ ကာရံထားတာ မရှိဘူး။

သမီးကျောင်းသွားဖို့အတွက် ရောင်နီမလာခင် ထမင်း၊ဟင်း ထချက်တာပေါ့။

ကလေးတွေ ရီသံကြားလို့ သမီးအခန်းထဲ ကြည့်လိုက်တော့
အခန်းထဲမှာ ဟိုဘက်အိမ်က ကလေးလေးလာအိပ်နေတာပဲ။

ဒါက အမြဲလိုလို ဆိုတော့ ထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူး။

ကလေးတွေ ဒီနေ့ ဝီရိယကောင်းတယ်။

ကိုယ်နှိုးစရာ မလိုဘူး။

ကလေးနှစ်ယောက်အတူတူ အမှောင်ကြီးထဲ ဟိုဘက်အိမ်ဘက် ပြေးသွားကြတယ်။

ဒါလဲ မထူးဆန်းဘူးလေ။

ဒီလမ်းက သူတို့ မျက်စိမှိတ်ပြေးလဲ ရောက်တယ်။

ဟိုဘက်အိမ်ကို လှမ်းကြည့်လိုက်တယ်။

မီးရောင်မတွေ့ဘူး။

မနိုးကြသေးတာလား။

သမီးကျောင်းသွားဖို့ အားလုံးရယ်ဒီဖြစ်ပြီ။

ကလေးနှစ်ယောက် ရယ်မောရင်း ပြန်ရောက်လာကြတယ်။

ဟယ်။

ဟိုကလေး အင်္ကျီတစ်ခါထဲ လဲမလာဘူးပဲ။

နေပါအုံး။

ခုထိ ဘာလို့ မီးမဖွင့်ကြသေးတာပါလိမ့်။

မနိုးကြသေးတာလား။

ကိုယ်မေးလိုက်ပေမယ့် ဟိုကလေးက နားမလည်သလိုမျိုး

မကြားသလိုမျိုး ဘာမှ ပြန်မဖြေ။

သိတယ်မို့လား။

၆နှစ်အရွယ်ကလေးတွေအကြောင်း။

ပြောချင်ရင်လဲ သူတို့လောက် သိတာတတ်တာ သူတို့ပဲ။

မပြောချင်ရင်လဲ ဘာမှ နားမလည်တဲ့ဟန်မျိုး လုပ်တတ်ကြတာ။

ဟူ့။

မဖြစ်တော့ပါဘူး။

ကလေးနှစ်ယောက်ကို ထားခဲ့ပြီး
ဟိုဘက်အိမ် ထွက်လာခဲ့တယ်။

အမှောင်ထဲ စမ်းတဝါးဝါး။

အိမ်ထဲဝင်ခဲ့တယ်။

အိမ်တံခါးကြီး ဖွင့်ထားပြီး ထုံးစံအတိုင်း မီးဖိုထဲမှာ နေမှာပေါ့။

ရှိတာက အဖွားတစ်ယောက်။

အဒေါ်ကြီးတစ်ယောက်။

စင်္ကြန်လမ်းက အရှည်ကြီးပဲ။

အိမ်က ရိုးရာအိမ်တွေလို နောက်ဘက်ကို အလျားလိုက် အတော်ရှည်တယ်။

ကိုယ်ဝင်လာခဲ့တော့ မှိန်ပြပြမီးလေး လင်းနေတာပဲ။

နေ့ရော ညပါ တိတ်ဆိတ်နေတဲ့ အိမ်ကြီး။

ပုံမှန်ပေမယ့် ကျောချမ်းနေမိတာ ဘာလို့။

နောက်မှာ တစ်ယောက်ယောက် ပါလာတာလား။

ရှေ့က မှောင်ရိပ်ထဲမှာ တစ်ယောက်ယောက် ရှိနေတာလား။

ဒီလောက် ရင်းနှီးနေတဲ့ နေရာကို

ကိုယ် ဘာလို့ ခြောက်ခြားနေမိတာလဲ။

ကိုယ် နေမကောင်းတာလားပဲ။

မီးဖိုထဲက စားပွဲထက်မှာ သူတို့မြေးမလေးအတွက် ထမင်းဘူးလေး အဆင်သင့်။

ဟူး။

တော်ပါသေးရဲ့။

အဆင်သင့်ပြင်ပြီးပြီပဲ။

သူတို့ ပြန်အိပ်နေကြတာလား။

ဘာလို့ ဘယ်သူမှ မရှိတာလဲ။

ခေါ်ကြည့်လိုက်တယ်။

ကိုယ့်အသံပဲ ပြန်ကြားရတယ်။

အင်းပါ။

နေမကောင်းလို့ ပြန်အိပ်နေကြတဲ့ဟန်ပဲ။

ကလေးရဲ့ ထမင်းဘူး။

ဘာဟင်းပါလိမ့်။

စိတ်ထဲ တမျိုးကြီးပဲ။

တစ်ခုခုကို ထင့်နေတယ်။

မသင်္ကာနေဘူး။

ဖွင့်ကြည့်အုံးမှပဲ။

ဘာလို့ ကျပ်နေတာလဲ။

ဟင်း။

ဟူ့။

အဲ…

ရပြီ။

ဟိုက်။

ဘာတွေလဲ။

လှုပ်စိ။လှုပ်စိနဲ့။

ဟမ်။

လောက်တွေပါလား။

အား….

ကိုယ်လန့်ပြီး လွတ်ချလိုက်တာ ခပ်ဆွေးဆွေး ကြမ်းပြင်ပေါ် လောက်တွေ တွန့်တွန့် တွန့်တွန့်နဲ့ ဟိုဒီသွားလာနေကြတာ ရွစိရွစိနဲ့။

အောင်မလေးလေး.

ဘာတွေလဲ။

ညစ်ပတ်လိုက်တာ။

ဘယ်လိုကြီးလဲ။

ထမင်းဘူး မဆေးထားတာလား။

သူတို့အပြင်သွားနေတာလား။

ကလေးက တစ်ယောက်ထဲလား။

ကိုယ်လဲ ဘာမှ မသိရပါလား။

အိမ်ကြီးက ထူးထူးဆန်းဆန်း တိတ်ဆိတ်ပြီး ခြောက်ကပ်နေတယ်။

မီးမထွန်းပဲ မှောင်နေတဲ့ကြားက ဘယ်က အလင်းရောင်က မှိန်ပျပျနဲ့ ​မှိုင်းညို့ညို့ကြီး လင်းနေပါလိမ့်။

ဘာလို့ မလုံမလဲ ကြောက်နေမိပါလိမ့်။

အမှောင်ထဲမှာ ကိုယ့်ကို စောင့်ကြည့်နေတဲ့ လူ ရှိနေတာ သိနေတယ်။

ကျောချမ်းလိုက်တာ။

အိမ်ဘက်ကို ပြန်ပြေးလာခဲ့လိုက်တော့တယ်။

ကလေးတွေကို အိမ်မှာရှိတဲ့ ဝတ်စုံပဲဆင်ပေး။

အိမ်မှာအပိုရှိနေတဲ့ ထမင်းဘူးနဲ့ပဲ ထည့်ပေးလိုက်တော့မယ်။

ဟော။

ကားဟွန်းသံ။

မြန်မြန်လုပ်။

ကလေးတို့ရေ။

ကျောင်းကားရောက်ပြီဟေ့။

ထမင်းချိုင့်တွေနဲ့ကျောပိုးအိတ်တွေနဲ့ ရှေ့က ပြေးသွားတဲ့ ကလေးနှစ်ယောက်နောက်

ခပ်သွက်သွက်လိုက်ရတာ။

ဟမ်။

ဘာလို့ Hijetလဲ။

ခါတိုင်းလာကြိုတဲ့ မှန်လုံကား ဘယ်မှာလဲ။

ဒီလိုကားမျိုးနဲ့ ကလေးတွေ လာမကြိုပါနဲ့။

ခရီးကနီးနီးလေး မဟုတ်ဘူး။

ကလေးတွေက အငြိမ်နေတာ မဟုတ်ဘူးလေ။

ဒီကိစ္စတော့ ကျောင်းအုပ်ကြီးဆီ complainတက်ရမှာပဲ။

ဟော။

ဟိုဘက်အိမ်က ကလေးရဲ့အဖွားနဲ့အဒေါ် ထွက်လာကြပြီပဲ။

သူတို့မြေးလေးကို ထွက်ကြည့်ကြတာကိုး။

ကလေးတွေနဲ့ လာကြိုတဲ့ကားပေါ်ပါလာတဲ့ ဆရာမရော

ကားဆရာပါ

ကိုယ်တွေကို ပြုံးပြ နှုတ်ဆက်ပြီး ထွက်သွားကြပြီ။

ကိုယ်လဲ ပြန်နှုတ်ဆက်။

ဘယ်လိုကြီးလဲ။

အဒေါ်နဲ့အဖွား။

မရီမပြုံးနဲ့ ငြိမ်လှချည့်လား။

နေမကောင်းကြတာလား။

ကိုယ်သူတို့ကို နှုတ်ဆက်တယ်။

စကားလဲ ပြန်မပြောကြဘူး။

ဟော။

နေရောင်တောင် ထွက်လာမှပေါ့။

ဟင်။

ဘာလို့။

ကိုယ့်ဘေးနား ရပ်နေတဲ့ သားအမိ။

သူတို့နှစ်ယောက် ဘာလို့ တဖြေးဖြေး ဝါးသွားတာလဲ။

နေရောင်အောက်မှာ သူတို့တွေ တဖြေးဖြေး မှိန်သွားတာ ဘယ်လိုကြီးပါလိမ့်။

ဟယ်။

ပျောက်တော့မယ်။

သူတို့ ကိုယ့်ကို မျက်နှာငယ်နဲ့ ကြည့်နေတယ်။

ကိုယ်လဲ သူတို့ကို ကြည့်ရင်း အော်ခေါ်နေမိတယ်။

အပြန်အလှန်ကြည့်နေကြရင်း

ခေါ်နေရင်းမှာပဲ နေရောင်က သိသိသာသာ လင်းတက်လာတယ်။

အမှောင်ပျောက်သွားပါပြီ။

ပြီးတော့ သူတို့တွေလဲ တဖြေးဖြေး ပျောက်ကွယ်သွားပြီ။

ဘာလဲ။

ဘယ်လိုကြီးလဲ။

သူတို့က နေရောင်အောက်မှာ မမြင်ရဘူး ဆိုတော့

မဟုတ်မှလွဲရော

ဟမ်

သူတို့က ဝိညာဥ်တွေလား။

ဟာ..

ဒါ

ဒါဆို

ဒါဆိုရင်

သူတို့နှစ်ဦး တစ်နေရာရာမှာ

တစ်နေရာရာမှာ လူသူမသိပဲ သေဆုံးသွားခဲ့ကြတာပဲ။

ဖြစ်မှဖြစ်ရလေကွယ်။

အဖြစ်ဆိုးလိုက်တာ။

ကိုယ် အရမ်းထိတ်လန့်နေမိတယ်။

သူတို့သေဆုံးတာကိုယ်မသိခဲ့ဘူး။

အိမ်ချင်းကပ်နေတာလေ။

ဒါ့ကြောင့် သူတို့ကလေးက ကိုယ့်အိမ်မှာပဲ လာနေ နေတာလား။

ဘုရားရေ။

ဒါ အင်မတန် ခြောက်ခြားစရာပဲ။

အင်မတန် တုန်လှုပ်ဖွယ်ရာပဲ။

အဲ့ဒီအချိန်မှာပဲ

ကိုယ့်ခြေဖဝါးအောက်မှာ တစ်ခုခု တိုးဝင်သလို ဖြစ်နေလို့ ငုံ့ကြည့်လိုက်တယ်။

ကိုယ်ဖိနပ် မစီးထားမိတာလားပဲ။

မဟုတ်ဘူး။စီးထားတယ်။

ဟမ်။

ဘာကောင်လဲ။

ဖိနပ်နဲ့ခြေဖဝါးကြား ဘာကောင်တိုးနေပါလိမ့်။

အား…..

ယားလိုက်တာ။

ငါ့ခြေဖဝါးကို ဘာကောင် ကုပ်နေတာလဲ။

မီမီ….

မီမီ….

ထလော့…..

ထလော့……

မိုးလင်းလေပြီရေ…..

အပျင်းကြီးနဲ့……

ထလော့…..

ထလော့……

ဟမ်။

မပီတပီစကားသံနဲ့ ခြေဖဝါးကို ကလိထိုးနေတဲ့ လက်ချောင်းသေးသေးလေးကြောင့်

ကိုယ်မျက်လုံး ဖွင့်ကြည့်လိုက်တယ်။

အား….

ပြတင်းက နေရောင်က စူးလိုက်တာကွာ။

ကုတင်ပေါ်မှာ ကန့်လန့်ကြီး အိပ်ပျော်နေတဲ့ ကိုယ့်ကို ဆရာကြီးလေသံနဲ့ နှိုးနေတဲ့ သမီးလေး။

သြော်…..

အေးပါကွာ။

ငါ

ပေါက်ကရ အိမ်မက်တွေ

မက်ပြန်ပြီပဲ။

😝😝😝😝😝😝😝😝

7.7.25
#နတ်ရွေးငယ်