မောင်ညာခဲ့သည်

Posted on

မောင်ညာခဲ့သည်(စ/ဆုံး)

———————–

ကျွန်မ၏ မချစ်တတ်သောအသဲနှလုံးကိုမှ ချစ်တတ်လာအောင် မောင်ညာခဲ့သည်။
“မ….”

“ဘာတွေ လုပ်နေလဲ”

“မ လား ခုမှ စျေးကပြန်လာတာလေ”

“ဘာဟင်းစားတွေ ၀ယ်လာလည်းမ”

“အင်း ဒီနေ့မနက် ငါးခူဆီပြန်ကို ချဥ်ချဥ်လေးချက်ပြီး မဆလာအုပ်မယ် အကြောမတက်အောင်လို့ ဒန့်သလွန်ရွက် ဟင်းခါးချက်မယ်လေ မောင်ရဲ့”

“ဟား စားချင်လာပြီကွာ ဗိုက်တောင်ဆာလာပြီ”

“စားချင်ရင် စောစောပြန်လာလေ မောင်”

မောင် ဒီလိုတွေ ကျွန်မကို သူ့အလုပ်ထဲကနေ မကြာမကြာ ဖုန်းလှမ်းဆက်တတ်သည်။ မကြာမကြာ မက်ဆေ့ချ်တွေပို့သည်။

ချစ်မမ

မောင် ပြန်လာနေပြီ

ချစ်မ

အရမ်းတွေ့ချင်နေပြီမရယ်

ကျွန်မ မှာ မောင်ရေးပို့သော ဖုန်းထဲမှစာကြောင်းလေးတွေအားဖတ်ရင်း ကြည်နူးရသည် ပိုကို ပိုသည် ဟု ပီတိတွေကြားကပင်မျက်စောင်းလေးထိုးရသည်။ မောင် အဲ့လောက်တောင် မကို ချစ်ရသတဲ့လား
မှန်တာပြောရရင် ကျွန်မမောင့်ကို မောင့်လောက်ချစ်သည်ဟု ထင်ကိုမထင်မိတာပါ။ ကျွန်မမှာ မောင့်ထက်အရင် ချစ်သူရှိခဲ့သည်။ သူ့ကို ကျွန်မက ကို ဟု အဖျားဆွတ်ခေါ်ခဲ့သည်။ ကိုက ကျွန်မကို ချစ်ဟု တလုံးထဲခေါ်ခဲ့သည်။

ကိုသည် ကျွန်မကိုအချိန်ပြည့်သ၀န်တိုကာ တွေ့ရာလူနှင့်စွပ်စွဲသည်။ ချုပ်ချယ်သည်။ စိတ်ကျဥ်းကျပ်စေသော၀န်တိုစကားချုပ်ချယ်စကားများဖြင့် ကျွန်မတို့ချစ်သူသက်တမ်းမှာ စိတ်အညစ်ကြီးညစ်စရာများဖြင့် အဆုံးသတ် ရင်းကျွန်မကစ၍ သီးမခံနိုင်ဖြစ်ကာ လမ်းခွဲ ခဲ့သည်။

ယခု မောင်နှင့်စတွေ့စဥ်မှာတောင် ကိုနဲ့ သိပ်ပြီး ပြီးပြီးပြတ်ပြတ်မဖြစ်သေး။

မောင်နှင့်က မောင်နှမလို မိတ်ဆွေလိုခင်မင်မှုမျိုးဖြင့် ကျွန်မတို့အလုပ်ထဲတွေ့ကာ ဆုံစည်းခဲ့ရင်း သွားအတူ လာအတူ ရှိခဲ့သည်။

ကိုနှင့်ဖုန်းပြော ရန်ဖြစ်ရတိုင်း ကျွန်မနှင့်မိတ်ဆွေအဆင့်သာရှိသော မောင်က အဲ့သည်အချိန်က ကျွန်မဘေးကနေ နားလည်မှုများဖြင့်ဖြည့်ဆည်းကာကြည့်ပေးခဲ့ဖူးသည်။ အမှန်က မောင်က အဲ့သည်ထဲက ကျွန်မကိုချစ်နေခဲ့ပါသည်တဲ့။

ကျွန်မကို ဖုန်းထဲကနေ ကိုက
ချစ်ဘေးမှာ ဘယ်သူရှိနေလဲ မေးလာခဲ့စဥ် ကျွန်မက မောင့်ကိုဘေးမှာထားပြီး ဘယ်သူမှရှိမနေပါ လိမ်ခဲ့ရသည်။ သ၀န်တိုလွန်းသောချစ်သူကို အထင်မလွဲစေချင်၍ပါ။

ချစ်ကို ကို စိတ်မချဘူးနော် ချစ်နဲ့ပက်သတ်လာရင် ကို သ၀န်တိုတယ်ဟု ပြောလာစဥ် အနားမှာရှိနေသောမောင်သည် ကျွန်မ မကြားဘူးအထင်နှင့်သူဘာသူတီးတိုးရေရွတ်နေခဲ့သည်။

“သူကပဲ ပြောရတယ်ရှိသေး “တဲ့။ ကျွန်မ မျက်နှာတဖက်သို့လွှဲကာ ကြိတ်ပြီးပြုံးမိခဲ့သည်။

ဒီလိုနှင့် ကျွန်မချစ်သူ ကိုသည်
သူကပဲသ၀န်တွေတို ရန်တွေထောင်နေခဲ့ရင်း သူကပဲစတင်ကာ ကျွန်မကိုလမ်းခွဲရက်စက်သွားခဲ့သည်။ သူတို့မြို့ကကောင်မလေးနှင့်အနေနီး၍ ချစ်သူဖြစ်ကာ လက်ထပ်ယူသွားခဲ့သည်တဲ့။ ကျွန်မ အစမှာ နားမလည်

အနေနီး၍သာ ချစ်ကြရစတမ်းဆို ကျွန်မအနားတချိန်လုံးတကပ်ကပ် ကပ်နေနေသော မောင်နှင့်ကျွန်မ ချစ်သူတွေဖြစ်တာကြာပြီပေါ့။

ဒီလိုကနေ အသဲကွဲ၍ အချစ်ဆိုတာကို ယုံကြည်ရန်ခက်ခဲသောကျွန်မဘ၀ထဲကို မောင်ဇွတ်အတင်းချစ်ခွင့်ပန်ကာ တိုး၀င်လာခဲ့သည်။ အစမှာ ကျွန်မက အင်တင်တင်

နောက်တော့လည်း မောင့်ရဲ့ဂရုစိုက်မှု ကြင်နာမြတ်နိုးမှုတွေမှာ ကျွန်မ မငြင်းသာခဲ့။

အခုတော့ လတွေ နှစ်တွေချီလာတော့ မောင့်ကိုကျွန်မ သိပ်ချစ်နေပြီမှန်း တစ်နေ့ထက်တစ်နေ့ပိုသေချာလာခဲ့ပြီ။

မောင်ရေ”

“ကျွန်မ မောင့်ကိုသိပ်ချစ်နေမိပြီနော်”

“ကျွန်မကို ဘယ်တော့မှ ထားမသွားရဘူးလို့ ကတိတွေပေး”

“ကတိပေးပါတယ်မရဲ့ မောင်လည်း မကိုသိပ်ချစ်တယ် အရမ်းချစ်တယ်မရယ်”

ချစ်သူဘ၀မှာ ကျွန်မတို့သိပ်ကိုပျော်ရွှင်ခဲ့တာပေါ့

တစ်နေ့မှာ ကျွန်မ အမှတ်တမဲ့နဲ့ မောင့်ရဲ့ဖုန်းလေးကို ကိုင်လိုက်တယ်။

ကျွန်မ မောင်နဲ့ချစ်သူဖြစ်နေပေမယ့် တခါဖူးမှ မောင့်ဖုန်းကို ယူမကြည့်မိပါဘူး။ ရိုင်းတယ်ထင်မှာသိပ်စိုးလို့ပါ။ ဒါပေမယ့် ဒီညလေးမှာ မောင့်ဖုန်းကို ကြည့်ချင်လာမိတယ်။

မောင့်ဖုန်းက ပါ့စ၀က်ခံမထားဘူး။

မ ရဲ့ဖုန်းလည်းထို့အတူ မောင်အချိန်မရွေးယူကြည့်လို့ရအောင် ဒီအတိုင်းပဲထားတယ်။

မက်ဆေ့တစောင်၀င်နေတာတွေ့တယ်။

“ဘာလုပ် “တဲ့

အမည်ကိုကြည့်လိုက်တော့ “ချစ်ဇနီး “တဲ့။

အိုးးးး

ကျွန်မ

တအားထူပူသွားတယ်။ ပါးနားတွေပူထူလို့ ရင်တွေထဲတဒိန်းဒိန်းဆောင့်ခုန်လာလို့ပေါ့။

ကျွန်မဟာ တဆတ်ဆတ်တုန်ရင်နေတဲ့လက်အစုံနဲ့ မောင့်ရဲ့မက်ဆေ့ချ်ဘောက်ထဲ၀င်ကြည့်မိလိုက်တယ်။ အို သူတို့ချင်းပြောထားတဲ့စကားတွေ အများကြီးမှ အများကြီး

နေ့စွဲတွေ

အချိန်တွေကြည့်လိုက်တော့

ကျွန်မဆီ မောင်လှမ်းပြီးစာပို့ထားတဲ့အချိန်နဲ့ သူမဆီပို့ထားတဲ့အချိန်တမိနစ်တောင်မဆိုင်းဘူးပဲ။

“မမ ဘာလုပ်နေလဲ “လို့ကျွန်မဆီစာလှမ်းပို့ချိန်မှာ သူ့အမျိုးသမီးလေးကိုလည်း “မိန်းမ ဘာတွေလုပ်နေလဲ သားကိုဂရုစိုက်နော်”တဲ့။သြော် သူ့မှာ မိန်းမတင်မက သားပါရှိနေတာကိုး

” မ ဘာဟင်းစားတွေ၀ယ်လာလည်း “လို့မေးတဲ့အချိန်နဲ့

“မိန်းမ ဘာဟင်းတွေချက်လည်း “လို့မေးတဲ့အချိန် တချိန်တည်း

“မရယ် မောင် သိပ်ချစ်တယ် “လို့ကျွန်မဆီစာပို့တဲ့အချိန်နဲ့ “မိန်းမရေ ယောကျ်ားသိပ်ချစ်တယ်နော်”ဆိုတဲ့ အချိန် တချိန်တည်းပါလား။

သူနဲ့ ကျွန်မ စတင်ပြီး သိကျွမ်းခဲ့ကြတယ် သုံးလေးနှစ်တာကာလအတွင်း သူ သူ့အမျိူးသမီးလေးနဲ့သူ့သားလေးကို ခွဲခွာပြီး ဒီမှာ အလုပ်လာလုပ်နေချိန်နဲ့ တထပ်ထဲပဲကိုး

ဒါကြောင့် သူ အလုပ်ပိတ်ရက်တွေမှာ ရွာကိုပြန်ဦးမယ်ဆိုကာ ပြန်ပြန်သွားတတ်တာ သူ့မိန်းမနဲ့သူ့ကလေးဆီကိုပဲကိုး

သူ့မှာ မိန်းမရှိနေတယ်လို့သူမပြောခဲ့သလို

သူလို အပြစ်ကင်းစင်နုနယ်ချောမွတ်နေတဲ့ကလေးဆန်ဆန်မျက်နှာမျိုးနဲ့ ခေတ်မှီမှီ၀တ်စားဆင်ယင်တတ်ပုံလေးကို လူပျို လို့ကျွန်မထင်နေမိခဲ့တာလည်း ကျွန်မ အမှားပဲ။ မေးလည်းမမေးဖူးပဲကိုး။

အခုတော့ ကျွန်မ ရှက်လိုက်တာ

ရှက်စိတ်ကြောက်စိတ်တွေနဲ့ ကျွန်မတကိုယ်လုံးတုန်ယင်နေတုန်း ကျွန်မကုတင်ထက်မှာ အိပ်ပျော်နေတဲ့ မောင်ဟာ နိုးလာခဲ့တယ်။

“မမ ဘာလုပ်နေတာလဲ လာလေ မောင့်ရင်ခွင်ထဲ”တဲ့ ကျွန်မဆီကို ကလေးလေးလက်ကမ်းသလိုမောင်လက်ကမ်းပေးနေခဲ့တယ်။ ကျွန်မ မျက်ရည်တွေကြားက မောင့်ကို စူးစူး၀ါး၀ါးစိုက်ကြည့်နေတာမြင်တော့ မောင်မျက်နှာပျက်သွားတယ်။ ကျွန်မ လက်ထဲက မောင့်ဖုန်းကို မောင်မြင်သွားခဲ့ပြီလေ။

ကျွန်မ ရန်မတွေ့ပါဘူး မောင်

ကျွန်မရဲ့ ညံ့ဖျင်းမှုကြောင့် ကျွန်မဒီလိုအငိုက်မိသွားခဲ့တယ်ပဲ ကိုယ့်အပြစ်ကိုယ်မြင်ပါတယ်။ မထင်ခဲ့ဘူးလေ။ ဒီလိုမိန်းမရှိနေရက်နဲ့ တပါးသောတစိမ်းမိန်းမတစ်ယောက်ကို မောင်ချစ်လိမ့်မယ်လို့။ ကျွန်မက ရိုးးသားစွာတွေးခဲ့တာကိုး။လောကမှာ ရိုးသားခြင်းဟာ လူတိုင်းနဲ့အဆင်မပြေပါဘူးမောင်

အခု ကျွန်မရှက်စိတ် ဒေါသစိတ် ခံပြင်းစိတ်တွေကြောင့် ငိုနေရပြီ။ မောင် ကျွန်မကို ရင်ခွင်ထဲ ထည့်ပြီးချော့လာတယ်။ ကျွန်မငြင်းဆန်ရုန်းထွက်လိုက်တယ်။ မောင့်ကိုမေးလိုက်တယ်။” မောင် သူ့ကိုပြတ်လား”
ဒါက မောင့်စိတ်ကိုသိချင်ရုံသက်သက် မေးကြည့်တဲ့သဘောပါ။

“မပြတ်ဘူးမမ တဲ့
သူ့မှာ ဘာအပြစ်မှ မရှိဘူး” တဲ့

“သြော် ဒါဆို မောင့်ကို မိန်းမရှိနေမှန်းမသိပဲ ချစ်ခဲ့ပုံအပ်ခဲ့တဲ့ ကျွန်မက အပြစ်ရှိနေတာပေါ့ ဒီလိုလား”

“မ မှာလည်းအပြစ်မရှိပါဘူးတဲ့ မက မေးမှမမေးတာပဲ မ မေးလည်း မောင်ဖြေဖို့အင်အားမရှိပါဘူး ဘာလို့ဆို မကို မောင်ချစ်တယ်လေ”

“ဘာ အဲ့လို ချစ်လို့ရလား အဲ့လိုနှစ်ယောက်ကိုတပြိုင်ထဲ ချစ်လို့ရလား အချစ်ကအဲ့လိုခွဲဝေချစ်တမ်းကစားလို့ရလား”

“မ ရယ် မကို မောင်ချစ်နေတယ်လေ ချစ်နေရင်ပြီးပြည့်စုံတယ်မဟုတ်လား”

ကျွန်မဟာ ကိုယ့်ဘာသာကိုယ်တောင်မရပ်တည်နိုင်တော့လောက်အောင်ဒူးတွေညွတ်ခွေကျ
တသိမ့်သိမ့်တုန်နေအောင် ငိုရှိုက်မိရုံကလွဲလို့ ဘာကို ဘယ်လိုဆုံးဖြတ်ရမယ်မှန်းမသိ။

နောက်ဆုံး
မောင့်ရဲ့အဖက်အပွေ့ အချော့အမြှူတွေကြား ကျွန်မပြန်ပြီးစိတ်ကိုလျှော့ ချလိုက်ရတယ်။

မောင်က ကျွန်မကိုတိုးတိုးလေးချော့မြှူနေခဲ့တယ် သူဒီလိုတွေမရည်ရွယ်ခဲ့ပါဘူးတဲ့ မကိုသိပ်ချစ်နေခဲ့တာပါတဲ့ မောင် မျက်ရည်တွေ တွေတွေစီးကျရင်းပြောတယ်
ကလေးလိုလည်း မောင်ကြူကြူပါအောင်ငိုလို့

မောင် သူ့ကိုလည်း ပစ်မထားရက်ဘူးတဲ့ အလုပ်လာလုပ်ရင်း အဝေးကနေငွေပို့ပေးခဲ့တာပါတဲ့
သူက မောင့်ကိုအကြွင်းမဲ့ယုံကြည်မျှော်လင့်ရင်းချစ်မြတ်နိူးစွာမောင်အိမ်ပြန်လာမယ့်အချိန်ကိုစောင့်နေရှာတာပါတဲ့။

ပြောပြီး မောင်နဲ့ ကျွန်မ ငိုရင်းရှိုက်ရင်း အိပ်ပျော်သွားခဲ့ပြန်တယ်။

ကျွန်မ မောင်အိပ်ပျော်သွားပြီဆိုတာသေချာတဲ့အချိန်ကျမှ အသာလေး မောင့်ရင်ခွင်ထဲကထွက်လိုက်တယ်။ ကျစ်ကျစ်ပါအောင် ဖက်တွယ်ထားတဲ့မောင့်ရင်ခွင်ထဲမှာ ကျွန်မအသက်တောင်မရှု၀ံ့ခဲ့ဘူး။

ကျွန်မ အခန်းလေးထဲ လှည့်ပတ်ကြည့်ရင်း ကျွန်မ အခန်းအပြင်ဘက်ကချိတ်ထားတဲ့ ကျွန်မအ၀တ်အစားတချို့နဲ့ ကျွန်မခန္ဓာကိုယ်ပေါ်က အ၀တ်ကို လဲလိုက်တယ်။

တိတ်တဆိတ်ပဲ ကျွန်မလှုပ်ရှားပြီးနေချိန်မှာ ခရီးဆောင်အိတ်လေးကျွန်မအသင့်လွယ်လို့

အိပ်နေတဲ့မောင့်ကို တချက်ငေးလိုက်တယ်။ အသေအချာစိုက်ကြည့်ရင် မောင့်ရဲ့ ပိတ်နေတဲ့မျက်ခွံတွေဟာ တဆတ်ဆတ် လှုပ်နေတာကျွန်မသိတယ်။ ကျွန်မတချက်ပြုံးလိုက်တယ်။

အ​ေ၀းကြီးက အစောဆုံးလာတတ်တဲ့ ပဲပြုတ်ဆိုတဲ့ အသံအကြားမှာ ကျွန်မ အခန်းတံခါးလေးအသာပြန်ပိတ်လို့

အရင်ဦးဆုံးတွေ့တဲ့ တက်စီကိုတားစီးရင်း ကျွန်မအဝေးပြေးကားဂိတ်ကိုရောက်နေခဲ့ပြီ။

ခုအချိန်ဆို မောင်နိုးနေပြီ မဟုတ်လား

မောင်အစောထဲက အိပ်မနေခဲ့တာပါ ကျွန်မသိတာပေါ့ မောင်

ဒါဆို ဘာလို့ မောင့်ကိုကျွန်မထားခဲ့မယ်ဆိုတာသိနေရက်နဲ့ မတားခဲ့ရတာလည်းဟင်

သြော် မောင်မတားခဲ့ချင်တော့လို့ပေါ့

ကျွန်မနားလည်ပါတယ်မောင်ရယ်

ကျွန်မ ဖုန်းထဲကမောင့်ရဲ့ ဖုန်းနံပါတ်လေးတွေ ကျွန်မမျက်ရည်တွေကြားကစိုက်ကြည့်မိတယ်

အမည်လေးက “မောင်” တဲ့။

မောင့်ဖုန်းထဲက”ချစ်ဇနီး”ဆိုတာလေးပြေးမြင်မိတယ်။

ကျွန်မ ဖုန်းထဲက ဆင်းမ်ကတ်လေးတွေ ကျွန်မထုတ်ပြီး ကားအပြင်ဘက်ကို လွှင့်ပစ်လိုက်တယ်။ ကျွန်မကို ညာရက်တဲ့မောင်ရေ။ သွားပါတော့နော်

တကယ်တမ်းဆို
ကျွန်မလိုချင်ခဲ့တာ
အဖြူရောင်သက်သက်ချစ်ခြင်းမေတ္တာပါ
ကျွန်မငိုရင် ကမ္ဘာပျက်မတတ်စိုးရိမ်ပေးတတ်တဲ့ချစ်သူမျိုးဆီမှာ
ဒီလို နောက်ထပ်ကမ္ဘာပျက်မတတ်စိုးရိမ်ပေးနေရတဲ့နောက်ကွယ်က ကျွန်မလိုလူတစ်ယောက်ရှိနေတယ်ဆိုတာ မယုံနိုင်စရာပဲ။

ဒါပေမယ့်

မယုံနိုင်စရာတွေပဲ တကယ်ဖြစ်သွားတဲ့လောကကြီးမှာ

ရှေ့လျှောက် လူတွေကို ယုံကြည်ဖို့ ကျွန်မအတွက်ခက်ခဲခဲ့ပါပြီလို့

တိတ်တိတ်ကလေးရေရွတ်ရင်း

နော်…မောင်.

ကျွန်မတို့ (ကျွန်မတို့…)ဘယ်တော့မှ ပြန်မဆုံစည်းကြေး။

#ဝါလှဖြူ ( ရွက်၀ါရင့်ရင့်)

ကျနော်.ငိုရင်..ကမ္ဘာ.ပြိုမဲ့
လူမျိုးနဲ့ ပဲတွေ့ချင်တော့တယ်

ချစ်ခြင်းမေတ္တာဟာ
ခုနောက်ပိုင်း. ပေါ့ပျက်ပျက်နိုင်လာတယ်
မဟုတ် လား။