မျှဝေသူ(စ/ဆုံး)
————–
ငဝန်မြစ်အနောက်ဘက်ကမ်းမှ “ရွှေသာ”ဆိုသော မြို့ငယ်
လေးသည် ကျွန်မ၏ ဇာတိချက်ကြွေမွေးရပ်မြေ ဖြစ်ပါသည်။
အဖေ၊ အမေနှင့် အစ်ကိုသုံးယောက်ရှိသည့် မိသားစုလေးမှ ကျွန်မ
သည် အငယ်ဆုံး သမီးထွေးဖြစ်၏။ ယောက်ျားလေးသုံးယောက်
ဆက်တိုက်မွေးပြီး မိန်းကလေးလိုချင်လှသော ကျွန်မ၏ ဖခင်သည်
အမေ့ချွေးခံ အိတ်ထဲသို့ ငါးကျပ်တန်ငွေစက္ကူတစ်ရွက် အမြဲထည့်
ဆောင်စေခဲ့ပြီး . . .
“အဲဒီလို သမီးမျိုးလေး မွေးပေးပါလား ရှင်မရာ”ဟု
တောင်းဆိုမှု ပြုခဲ့၏။
ငါးကျပ်တန်ငွေစက္ကူပေါ်တွင် ဆံရစ်ဝိုင်းဆံတောက်နှင့်
ကြာခွက်ဆံထုံးထုံးကာ ဗိုင်းငင်နေသော မိန်းကလေးပုံ ဖြစ်ပါသည်။
ဆန္ဒပြင်းပြလွန်းလျှင် ဖြစ်ချင်သည်များ ဖြစ်လာတတ်ပါသည်။
အမေ့၏ စတုတ္ထမြောက်ကိုယ်ဝန်သည် အဖေ လိုချင်ခဲ့သော
မိန်းကလေးအဖြစ် ကျွန်မအား မွေးဖွားလာခဲ့ပါသည်။ လူ့လောကကို မရောက်လာခင်ကပင် ကြိုဆိုခြင်းခံခဲ့ရသည့် ကျွန်မ၏ ဇာတိစ
ချိန်သည် မေတ္တာဓာတ်များစွာဖြင့် နွေးထွေးချိုမြိန်ခဲ့ပါသည်။
ကျွန်မ၏ ဖခင်သည် ပါတီယူနစ်ရုံးမှ လယ်သမားစည်းရုံး
ရေးမှူးဖြစ်ပါသည်။ တရားဝင်အလုပ်ရှိသော်လည်း ထိုခေတ်က
လစာ ငွေကြေးမပေးပါ။ အဖေ့ဝင်ငွေမရှိသော်လည်း အဖေ့ရွာမှ
ညီအစ်ကို မောင်နှမများနှင့် အမေ့မိဘများက ဝိုင်းဝန်းထောက်ပံ့
ခဲ့ကြ၍ ကျွန်မတို့ မိသားစု စားဝတ်နေရေး မပူပင်ခဲ့ရပါ။ ကျွန်မ၏
ဖခင်သည် ဘုန်းကြီးကျောင်းထွက်တစ်ယောက်ဖြစ်ပြီး စာအလွန်
ဖတ်သော ပုဂ္ဂိုလ်ဖြစ်ပါသည်။ စာဖတ်သောကြောင့် ဗဟုသုတများ
သူဖြစ်၍လည်းကောင်း၊ ကိုယ်ကျင့်သီလ ပြည့်စုံ၍လည်းကောင်း၊
မေတ္တာဝါဒီသမား ကျွန်မ ဖခင်အား ကြည်ညိုလေးစား ချစ်ခင်ကြ
ပါသည်။
ငါးကျပ်တန်ငွေစက္ကူထဲမှ ပုံပါအတိုင်း ဆံထုံးထုံးရန်
အားသန်လျက်ရှိသော အဖေသည် ကျွန်မ သုံးနှစ်သမီးအရွယ်မှစ၍
ဆံပင်အား အရှည်ထားခဲ့ပြီး ခြောက်လက်မခန့်ရှည်သော ဝါးဘီး
ဖြင့် ဖီးသင်ထုံးဖွဲ့ပေးတတ်၏။ ကျွန်မတို့မောင်နှမလေးယောက်၏
ခြေသည်းလက်သည်းများကိုလည်း အဖေ စိတ်ရှည်စွာ လှီးဖြတ်
ညှပ်ပေးတတ်၏။ ရုံးအားရက် များတွင် လျှော်စရာ အဝတ်အစား
များယူကာ ငဝန်မြစ်သို့ ဆင်း၍ မိသားစု အဝတ်လျှော်၊ ရေကူး
ကြ၏။ အဖေသည် တစ်ပတ်လျှင် သုံးရက်ခန့် ကျေးရွာများသို့
သွားကာ စည်းရုံးရေးဆင်း ဟောပြောပို့ချချက်များ လုပ်ရ၏။
ဤကဲ့သို့သွားသည့်အခါ ရွာရှိ လူများဖတ်ရန် (နိုင်ငံခြားသံရုံးများမှ
အခမဲ့ ဖြန့်ချီပို့ပေးသော ဂျီဒီ အာ၊ လင်းရောင်ခြည်၊ ဆိုဗီယက်ယူနီယံ၊ မော်စီတုံး၏ မော်စီတုံး၊ စာအုပ်စာစောင်များအပြင်
ငွေတာရီ၊ မြဝတီ၊ လမ်းစဉ်သတင်း၊ ပါတီရေးရာ၊ နိုင်ငံတကာ
ရေးရာ) စာအုပ်များစွာတို့ကို သယ်ဆောင်သွားလေ့ ရှိပါသည်။
စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို အဖေသည်
အပင်ပမ်းခံကာမျှဝေခဲ့ပါသည်။
ကလေးအရွယ် လူမမယ်ဘဝမှ ယနေ့အထိ ကျွန်မ
ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ အဘိုးအဘွား၊ အမိအဖ မောင်ဘွား
များအလယ်တွင် ရင်ငွေ့ခိုလှုံမေတ္တာအစုံလိုက်ရနေသည့် ကျွန်မ
ဘဝနှင့် ယှဉ်လျက် ကျွန်မ မြင်တွေ့ခဲ့ရသည့် ကလေးငယ်များ
အကြောင်းကို သနားစရာအဖြစ်လည်းကောင်း၊ ဝမ်းနည်းစရာ
အဖြစ်လည်းကောင်း၊ ယှဉ်တွဲ သုံးသပ်ဖော်ပြချင်မိပါသည်။ အမှန်
မှာမူ ကျွန်မနေသော မြို့နှင့် ကျွန်မ စာသင်သွားရသည့် ရွာလေး
သည် လေးမိုင်ကျော်မျှသာ ဝေးကွာပါ၏။ ထိုရွာရှိ ကလေး
အများစုနှင့် ကျွန်မတို့ ကလေးအရွယ် ဘဝကွာခြားမှုတို့သည်
လေးဆလည်း မဟုတ်၊ လေးဆယ်လည်း မဟုတ်၊ နှိုင်းယှဉ်
ချက်မထုတ်သာအောင် အခြေအနေများစွာ ကွာခြားခဲ့ပါသည်။
ထိုကွာခြားချက်များအပေါ် နားလည်လက်ခံလာနိုင်သည့် အချိန်မှာ
မကြာသေးပါ။ အမှန်ကို ဝန်ခံရပါလျှင် နားလည်လက်ခံလာနိုင်
ခြင်းမှာလည်း မေတ္တာဝါဒီသမား ကျွန်မဖခင်၏ သွန်သင်ညွှန်ပြဆို
ဆုံးမမှုများကြောင့်ဆိုလျှင် မှားအံ့မထင်ပါ။
ကျွန်မ ဒသမတန်းကို (ခ)အဆင့်ဖြင့် အောင်မြင်သည့်
နှစ်တွင် “ဆွဲခန့်”မူလတန်းပြဆရာမလုပ်ရန် လျှောက်လွှာတင်ခဲ့ပါ
သည်။ ကျွန်မတို့မြို့နှင့် လေးမိုင်ကျော်ခန့်ဝေး၍ သစ်ထုတ်လုပ်ရေး စခန်းရှိသည့် ရွာငယ်သည် သစ်ထုတ်လုပ်ရေးမှ ဝန်ထမ်းများနှင့်
ရွာကြီးဖြစ်လာပြီး ကလေးများသည် အခြားရွာရှိ မူလတန်းကျောင်း
သို့ တက်ရာမှ ကိုယ့်ရွာနှင့် ကိုယ်ဘုန်းကြီးကျောင်းဝန်းရှိ ဇရပ်တွင်
တွဲဘက်မူလတန်းကျောင်း ဖွင့်ခဲ့ပါသည်။ အုပ်စုကျောင်းမှ
ကျောင်းအုပ်ဆရာကြီးသည် ကျွန်မ အဖေနှင့် ရင်းနှီးသူဖြစ်၍
သွားရောက်သတင်းပို့စဉ်အခါက လုပ်သက်ရင့်၍ အေးဆေးသော
သူ့ကျောင်းမှ ကျောင်းဆရာမအပျိုကြီး တစ်ယောက်အား ကျွန်မနှင့်
အတူ ပူးတွဲသင်ကြားစေခဲ့ပါသည်။ ထိုဆရာမကြီးသည် ကျွန်မ
ထက် အသက်အနည်းငယ်ကြီး၍ ကျွန်မနှင့် တစ်မြို့တည်းဖြစ်ပြီး၊
ကျောင်းပိတ်မှသာ မြို့သို့ ပြန်လျက် အုပ်စုကျောင်းရှိသော ရွာမှာ
ပင် နေ၏။ ကျွန်မရောက်ရှိခဲ့ချိန်မှစ၍ ရွာတွင် မနေတော့ ဘဲ
ကျွန်မနှင့်အတူ နေ့သွားညပြန် ကျောင်းတက်ခဲ့ပါသည်။
ကျွန်မ စာသင်ရသောကျောင်းတွင် ကျောင်းသားဦးရေသည်
ရှစ်ဆယ်ကျော်ခန့် ရှိပါသည်။ စတုတ္ထတန်းနှင့် တတိယတန်း
ပေါင်းလျှင် သုံးဆယ်နီးပါး၊ ဒုတိယတန်းတွင် နှစ်ဆယ်ကျော်ခန့်၊
ပထမတန်းနှင့် သူငယ်တန်းပေါင်းလျှင် လေးဆယ်ခန့် ရှိပါသည်။
ကျောင်းလက်ခံမှု စာရင်းထက် ကျောင်းတက်သည့် ကလေးအရေ
အတွက် ပိုများနေကြောင်း ကျောင်းကော်မတီဝင်များနှင့် ပြောမိ
သည့်အခါ . .
“ဒီရွာက ကလေးမိဘအများစုက တောတက်ပြီး အလုပ်လုပ်
ကြရတာ များပါတယ် ဆရာမရယ် ကလေး ကလေးချင်းထိန်း
ကျောင်းနေရတာလေ။ ကျောင်းတက်တဲ့ ကလေးက ကျောင်းတက်
ရင်း ကလေးထိန်းရတော့ ကလေးဦးရေ ပိုများတာပါ၊ ဒီလိုဘဲ
အခြေအနေအရ လက်ခံပေးကြရတာပါ…”
သူငယ်တန်းကလေးများသည် ချေး၊ သေး၊ လွတ်ကင်းသူများ
ဖြစ်သော်လည်း အပိုရောက်ရှိလာသည့် ကလေးငယ်များမှာ
ချေးသေးမလွတ်၍ ကျောင်းပေါ်တွင် အညစ်အကြေးကိစ္စများ
မလွတ်မကင်း ဖြစ်ကြပါသည်။ ကျွန်မ၏ ရွံ့ရှာတတ်သောစိတ်
ကြောင့် ထိုမြင်ကွင်းမျိုးကို မြင်ရသည့်အခါတိုင်း နေ့လယ်စာ
ထမင်းမစားဖြစ်တော့ပါ။ သို့သော် ထိုမြင်ကွင်းမျိုးကို ခဏခဏ
မြင်ရဖန်များလာသော် ကျွန်မအား ကြောက်ရွံ့အားနာသည့်
မျက်လုံးလေးများဖြင့် လှမ်းကြည့်ရင်း အညစ်အကြေးများ သုတ်သင်
ရှင်းလင်းပေးသော ကလေးများအား ကြည့်၍ သနားခြင်းကြီးစွာ
ဖြစ်ရပါသည်။ ကလေးက ကလေးငယ်ကို ပြန်လည် ထိန်းကျောင်း
နေရသည့် အဖြစ်များ၊ မိခင်နို့ရည်ကို ဝလင်အောင် မစို့ရဘဲ
ကလေး ကလေးချင်း ခွံကျွေးသော ဟင်းမပါသည့် ထမင်းကို
မြိန်ရှက်စွာ စားနေသည့် ကလေးများ၊ ကြယ်သီးမရှိသည့် အင်္ကျီနှင့်
အောက်ပိုင်းဗလာကျင်းနှင့် ကလေးများ ကျွန်မကျောင်းတွင်
များပြားလှပါသည်။ သစ်ထုတ်လုပ်ရေးမှ ဝန်ထမ်းသားသမီးများနှင့်
ရွာထဲမှ ငွေကြေးချောင်လည်သော မိသားစုများမှ ကလေးအချို့
သာ သန့်ရှင်း သပ်ရပ်ကြ၍ ကျန်သည့် အများစုမှာ ဆင်းရဲနွမ်းပါး
ကြပါသည်။ ကျွန်မ ကျောင်းမှ အိမ်သို့ ပြန်ရောက်လျှင် အဖေ့အား
ထိုအကြောင်းများ ပြောပြသည့်အခါ. . .
“အဲဒါ မေတ္တာငတ်နေတဲ့ ကလေးလေးတွေပေါ့ သမီးရဲ့။
သနားစရာ သိပ်ကောင်းတာ၊ အဲဒီကလေးမျိုးတွေကို ကျောင်း
စည်းကမ်း၊ ဘာညာ သွားမလုပ်ပါနဲ့ သမီးရယ် လက်ဖက်မစား၊
ကွမ်းမစားလို့ သဘောထားလိုက်. . . ”
ကျောင်းကိုလာစဉ်က အကောင်း၊ စာသင်နေစဉ် တဟီးဟီး
နှင့် အဖျားတုန်တက်ကာ အရွယ်နှင့်မမျှ ငှက်ဖျားဒဏ်ကို ခံစားနေ
ရသော ကလေးများအား ကျွန်မ ရင်ခွင်တွင် ပွေ့ဖက်၍ အချမ်း
ဓာတ်ဖြေစေခဲ့ ရသည့်အခါများတွင် စိတ်မကောင်းကြီးစွာဖြစ်လျက်
ကလေးများ၏ ခန္ဓာကိုယ်အပူချိန်ကဲ့သို့ ကျွန်မရင်သည်လည်း
တရှိန်ရှိန် တညည်းညည်းနှင့် ခံစားခဲ့ရ၏။
ကျွန်မတို့ကျောင်းသည် ဘုန်းကြီးကျောင်းဝန်းထဲရှိ ဇရပ်တွင်
ဖွင့်လှစ်ထားရှိပါသည်။ ဘုန်းကြီးကျောင်း ပရဝဏ်သည်
ကျယ်ဝန်း
၍ ကျောင်းရှေ့တွင် ငဝန်မြစ် ရှိ၏။ ကျောင်းရှေ့ရှိ စေတီသည်
ငဝန်မြစ် ရေတိုက်စားမှုကြောင့် မြစ်ကမ်းစပ်သို့ ပြိုဆင်းကာ
စောင်းကျလျက် ရှိပါသည်။ ကျောင်း၏ နောက်ကျောဘက်နှင့်
ဘေးချင်းကပ်နေရာ များတွင် သစ်ကွင်းများရှိ၍ သစ်လုံးများ
တောင်ပုံရာပုံ ရှိပါသည်။ ကျောင်းနှင့် အလှမ်းဝေးလှသော်လည်း
သစ်ပုံများ မကြာခဏ ပြိုကျမှု ဖြစ်တတ်သောကြောင့် ကလေး
များ၏ အပေါ့၊ အလေးစွန့်ခြင်းကို နံနက်ပိုင်း ကျောင်းတက်ပြီး
တစ်နာရီခွဲကြာလျှင် တစ်ကြိမ်၊ ညနေပိုင်းတွင် တစ်ကြိမ်၊ အတန်း
ဖြုတ်၍ လွှတ်ပေးရ၏။ တစ်ပြိုင်နက်တည်း လွှတ်ရ၍
မိန်းကလေး
များအား ကျောင်းအိမ်သာတွင် သွားစေပြီး ကျွန်မ စောင့်ကြည့်
ပေးရ၏။ ယောက်ျားလေးများကို ကျောင်းနောက်ဘက်ရှိ ဝါးတော
ထဲသို့ လွှတ်ကာ ခပ်လှမ်းလှမ်းမှ ဆရာမကြီး စောင့်ကြည့်ရ၏။
ကျွန်မတို့ ဆရာမနှစ်ယောက်အတွက်မူ ဘုန်းကြီးကျောင်းရှိ ဥပုသ်
သည်များသုံးသော အိမ်သာကို အသုံးပြုရ၏။ ရောက်စက ဤကဲ့သို့
သီးသန့်လုပ်ပေးခိုင်းသည့် ကျောင်းကော်မတီဝင်များ၏ သဘော ထားကို နားမလည်နိုင်ခဲ့ပါ။ ဘုန်းတော်ကြီး မိန့်တော်မူသော
စကားများကို ကြားရမှ သဘောပေါက်ခဲ့ရပါသည်။
“ရွာထဲက ကလေးတစ်ယောက် သစ်ပုံပေါ်တက်ဆော့တာ၊
သစ်ပုံပြိုကျပြီး ပိမိသွားတယ် ဒကာမလေးရေ၊ အသားစတွေကို
ဟိုတစ်စ သည်တစ်စစီ လိုက်ကောက်ပြီး ပုဆိုးနဲ့ စုထုတ်ထား
ရတယ်”
သတ်မှတ်ချိန်တွင်း မဟုတ်ဘဲ စာသင်နေစဉ် အပေါ့သွားလို
ပါက လက်ညှိုးတစ်ချောင်းထောင်ပါ။ အလေးသွားလိုပါက
လက်ညှိုးနှစ်ချောင်းထောင်ပါဟု မည်မျှပင် သင်ကြားထားစေ
ကာမူ လက်ညှိုးတစ်ချောင်းထောင်လျက်
“ဆရာမ သေးပေါက်ချင်လို့”
လက်ညှိုးနှစ်ချောင်းထောင်လျက် “ဆရာမ ချေးယိုချင်လို့”
“မင်းတို့ ပါးစပ်က ထုတ်မပြောနဲ့ လက်ညှိုးထောင်ရင်
ဆရာမ သိတယ်”
ကျွန်မ နားထဲတွင် ကြားကာစ ရိုင်းပျသည် ထင်၍ ဒေါသ
ထွက်ကာ အော်ငေါက်ခဲ့သော်လည်း နှုတ်ကျိုးနေသော ဤစကား
လုံးများကို အမြဲ ကြားခဲ့ရပါသည်။ ကြားရဖန်များ၍ထင့် ကျွန်မ
နားတွင်လည်း ရိုင်းသည်ဟု မထင်တော့ပါ။
ပြည်သူ့နီတိစည်းကမ်းများနှင့်အညီ ကျွန်မဖခင်၏ အုပ်ချုပ်
မှုအောက်တွင် လိမ္မာယဉ်ကျေးစွာ ကြီးပြင်းလာရသော ကျွန်မတို့
မောင်နှမလေးဦး၏ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးနှင့် ကျောင်းမှ
ကလေးများကို ကျွန်မ နှိုင်းယှဉ်လျက် တွေးမိ၏။ ဆိုကြပါစို့. . .
အစ်ကိုအကြီးဆုံးကို အငယ်သုံးယောက်က “ကိုကြီး”ဟု ခေါ်ရပါသည်။ ကိုကြီးအောက်ကို၊ ကိုငယ်၊ ကိုငယ်ပြီးမှ ကိုလေး၊ ကျွန်မ
ကိုတော့ ညီမလေး၊ အဖေနှင့် အမေကတော့ သားကြီး၊ သားငယ်၊
သားလေး၊ ကျွန်မကိုတော့ သမီးလေး သို့မဟုတ် လုံမလေးတဲ့။
တစ်ခါတစ်ရံမှာတော့ အမေ့ဘက်မှ ဘွားအေကြီးက ထူးထူး
ဆန်းဆန်း ခေါ်တတ်သေးသည်။ လုပ်ကလေးတဲ့။ လုံမလေးဆိုသည့်
အခေါ်အဝေါ်က အိမ်မှာ ခေါ်သည့် ချစ်စနိုးအမည်နာမ မဟုတ်
ပါ။ ကျောင်းနာမည်ပေါက်၊ သန်းခေါင်စာရင်းအထိ ရောက်သည့်
အတည်၊ အမှန်နာမည် ဖြစ်ပါသည်။
“သမီးနာမည်က တောဆန်လိုက်တာ အဖေရာ”ဟု
ပြောလျှင် အဖေသည် ကျွန်မ၏ နက်မှောင်ရှည်လျားလှသော
ဆံပင်များကို ဖွဖွကိုင်ကာ
“အော်. . . သမီးလေးကလည်း ဒီနာမည်နဲ့ ဒီဆံပင်နဲ့မှ
လိုက်တာပေါ့ ..”တဲ့။
ကျွန်မတို့ မောင်နှမသုံးယောက်သည် ကိုကြီး၏ ဆုံးမ
သွန်သင်မှုအောက်တွင် ရိုကျိုးစွာ နာခံရသည်။ အဖေသည် ကိုကြီး
ကို အာဏာ ကုန်လွဲအပ်ထား၏။ ကိုကြီး ဆိုဆုံးမမှုမှားလျှင်ပင်
အငယ်များရှေ့တွင် အပြစ်မပြော ကွယ်ရာသို့ ခေါ်ကာ ပြုပြင်
လမ်းညွှန်ပေးတတ်၏။ ကျောင်းတွင် တွေ့ရသည့် ကလေးများနှင့်
ကျွန်မမိသားစုများအား နှိုင်းယှဉ်စဉ်းစားမိပါသည်။
ဥပမာအနေနှင့် ပြောပြရပါလျှင် မမြဌေး၊ မောင်လှဌေး၊
မောင်လှအေးဆိုသော မောင်နှမသုံးယောက်တွင် သူငယ်တန်းမှ
မောင်လှအေးသည် စတုတ္ထတန်းမှ သူ့အစ်မ မမြဌေးကို မြဌေးဟု
လည်းကောင်း၊ သူ့အစ်ကို မောင်လှဌေးအား လှဌေးဟုခေါ်၍ မင်း၊ နှင့် ငါ ပြော၏။ အကြီးဆုံးမှ အငယ်ဆုံးအထိ နာမည်ရှေ့မှ
တော်စပ် မှုအရ အစ်ကို၊ အစ်မတတ်မခေါ်၊ မောင်၊ မ တတ်မခေါ်
သူတို့၏ ရင့်သီးသော အခေါ်အဝေါ်
ရိုင်းပျသည်ဟု ထင်မိ၏။ သင်ကြားပေးသော်လည်း
ကြောင့် ကျွန်မနားထဲတွင်
အခေါ် အဝေါ်
မပြောင်း၊ ကြားရဖန်များ၍ထင့် နားကျင့်ရကာ နားဝင်ချော့ခဲ့
ပါသည်။ ကလေးအချင်းချင်း မည်မျှပင် ရိုင်းပျစေကာမူ ကျွန်မနှင့်
ဆက်ဆံ သည့်အခါ မျက်လွှာမှ လှန်မကြည့်ရဲဘဲ ခေါင်းကို
အောက်သို့ ငုံ့ကာ စကားကို တိုးတိတ်စွာ ဆိုတတ်၏။ သူငယ်တန်းမှ
မောင်လှအေးသည် ကျွန်မပန်ရန် တောစံပယ်ပန်းနှင့် ရင်ကပ်ပန်း
လေးများကို ယူလာပြီးလျှင် ကျွန်မ စားပွဲပေါ်တွင် တင်ထား တတ်
၏။ ကျွန်မ စားပွဲတွင် ရှိနေသော်လည်း
ကျွန်မလက်ထဲသို့ တိုက်ခိုက်
မပေး၊ ကျွန်မကိုလည်း မကြည့်မသိသလိုနှင့် ပန်းများချကာ
ပြေးထွက်သွားတတ်၏။
ကျောင်းဖွင့်ပြီး နှစ်လခန့်အကြာ ဇူလိုင်လကုန်ခါနီးမှစ၍
မိုးသည် အဆက်မပြတ် ရွာသွန်းလာသောကြောင့် ကျွန်မတို့
ကျောင်းတက်ရသော လမ်းခရီးသည် ကုန်းမမယ်၊ ရေမမယ်
ဖြစ်လာပြီး ရွှံ့ဗွက်များကြောင့် ဖိနပ်မစီးနိုင်ဘဲ ခြေဗလာနှင့်
ကျောင်းတက်ခဲ့ရ၏။ ခြေထောက်တွင် ကပ်ပေနေသော ရွံ့နှင့်
သဲနုန်းများကို ကျောင်းရှေ့ရှိ မြစ်ကမ်းစပ်တွင် ဆေးကြော သန့်စင်
ပြီး ဘုန်းကြီးကျောင်းထဲသို့ ဖိနပ်မစီးရသည့်အတွက် ခြေထောက်
တွင် သဲမှုန့်၊ သဲပွင့်များ ထပ်မံပေကျံခဲ့ပါသည်။ နိစ္စဓူဝဖြစ်နေ
သောကြောင့် ရက်အနည်းငယ်အတွင်းမှာပင် သဲဝဲများ ပေါက်ကာ၊
ခြေချောင်းကြားနှင့် ခြေလည်ပင်းများတွင် အပေါ်ယံအရေပြား များ ကွာ၍ အတွင်းအသားနီနီများ ထိမြင်ရကာ အခံရခက်လှ
ပါသည်။ ယားလည်းယား နာလည်း နာသောကြောင့် ကောင်းစွာ
လမ်းမလျှောက်နိုင်ဘဲ ကျွန်မ ကျောင်းပျက်ခဲ့ပါသည်။ ကျွန်မအိမ်၌
ရှိနေစဉ် အဖေ့အား အလုပ်ပြောင်းလျှောက်ရန်ပြောမိလျှင်
အဖေသည် –
“ကလေးတွေ ဒုက္ခရောက်မှာပေါ့ သမီးရယ် ဝဲပေါက်
တာက ခဏပါ၊ မကြာခင် ကောင်းသွားမှာ” နှစ်ရက် ကျောင်းပျက်
ပြီး သုံးရက်မြောက်နေ့ မနက်ခင်းတွင် စတုတ္ထတန်းမှ ကျောင်းသူ
ကျောင်းသားများ ကျွန်မအိမ်သို့ ရောက်ရှိလာ၏။
“ဆရာမကို ဆေးလာပို့တာပါ…”ဟု ပြောကာ ပုလင်း
တစ်လုံး ပေး၏။
“ဘာဆေးတွေလဲ”ဟု မေးလျှင်
“ဆရာမ ခြေထောက်သဲဝဲပေါက်လို့ လမ်းမလျှောက်နိုင်
တာဆို ဆရာမကြီးပြောလို့ အခု ဒီဆေးလူးလိုက် ဆရာမ
ပျောက်သွားလိမ့်မယ်”တဲ့။
“ဘာတွေနဲ့ လုပ်ထားတဲ့ ဆေးလဲ”
“အုန်းဆီနဲ့ နနွင်း ရောထားတာ ဆရာမရဲ့ ကျွန်တော်
တို့လည်း လူးရတာပဲ”
သူတို့ခြေထောက်ကလေးတွေကို လှမ်းကြည့်လိုက်တော့
ဝါထိန် လို့. . . ။ ကျွန်မ ဆေးပုလင်းကို ဖွင့်ကာ ချက်ချင်းလူး၏။
စပ်ဖျဉ်းဖျဉ်း ယားကျိကျိ ဝေဒနာတော့ လျှော့ပါးသွား၏။ ကလေး
များ ပြန်မည်ဟု နှုတ်ဆက်လျှင် “ဆရာမပါ လိုက်မယ်လေ”ဆို၍
ကျောင်းပြန်တက်ခဲ့၏။ သဲဝဲဝေဒနာသည်လည်း ဆေးလူးလိုက်၊
ပျောက်လိုက်၊ ပြန်ဖြစ်လိုက်နှင့် သံသရာလည်လျက် ရှိပါသည်။
ကုန်းမမယ်၊ ရေမမယ် အခြေအနေမှသည် ဝါဆိုဝါခေါင်
ရေဖောင်ဖောင် ဖြစ်လာချိန်တွင် ဆရာမကြီးသည် ကျွန်မအား
ရွာမှာ နေ၍ ကျောင်းတက်ရန် ပြော၏။ ကျွန်မသည် ရွာတွင်
ညဉ့်အိပ် ညဉ့်နေ မနေလိုကြောင်းပြောပြီး ဆရာမကြီးကိုလည်း
မနေရန် တောင်းပန်ခဲ့၏။ ဆရာမကြီးနှင့် ကျွန်မ ကျောင်းတက်
ရန်အတွက် အဖေ့အား အပူတပြင်း လှေရှာခိုင်းရ၏။ သစ်ထွင်း
လှေကြီးတစ်စင်း ရလာချိန်တွင် ဆရာမကြီးမှ ထပ်မံအကြောင်း
ပြပြန်ပါသည်။
“ကျွန်မ ရေမကူးတတ်ဘူး ဆရာမရဲ့”
“ကျွန်မ ကူးတတ်ပါတယ် ဆရာမကြီးရယ်၊ ဘာမှ မကြောက်
ပါနဲ့”
အစ်ကိုသုံးဦးလုပ်သမျှ နောက်က လိုက်လုပ်တတ်သော
ကျွန်မသည် ရေကူးကျွမ်းကျင်ရုံမက လှေလည်း လှော်တတ်ပါသည်။
အဖေ ရှာပေးသော သစ်ထွင်းလှေမှာ ကြီး၍ လှော်သလောက်
ခရီးမပေါက်ပါ။
မြို့ပြင်ကွင်းစပ်မှ လှေထွက်ပြီး လမ်းခုလတ်တွင် ရိုးချောင်း
ထဲမှ မြစ်ပြင်သို့ ထွက်ကာ ကျွန်မတို့ ကျောင်းဆီသို့ ရောက်၏။
ရိုးချောင်းနှင့် မြစ်ပြင်ဆုံရာ ရေလက်ကြားသည် ဝဲကတော့ထိုးကာ
လှေများအတွက် အန္တရာယ်များလှ၏။ ကျွန်မတို့ ဆရာမနှစ်ယောက်
သည် ဆိုးဝါးသော ရေလက်ကြားကို ဖြတ်ထွက်ရပါသည်။ အသွား
တွင် ရေစုန်ဖြစ်၍ အပန်းမကြီးလှသော်လည်း အပြန်တွင် ရေဆန်
ဖြစ်သောကြောင့် လှေကို လည်မထွက်နိုင်ရန် အားစိုက်လှော်ရ၏။
ရိုးချောင်းထဲ ရောက်မှသာ တက်မချနိုင်တော့၏။ စတုတ္ထတန်းမှ ကျောင်းသားများက ကုန်းကမူပေါ်မှ လှေဦးကြိုးကို ဆွဲ၍ ရိုးချောင်း
ထဲသို့ ဝင်ရန်ပြောသောကြောင့် ကျွန်မ လုပ်ကြည့်ခဲ့၏။ ပညာ
တတ်တာ၊ မတတ်တာနှင့်မဆိုင် အတွေ့အကြုံမှရသည့် ပညာရပ်
များကို ကလေးများဆီမှ သင်ယူရ၏။
လှေနှင့် သွားလာ အဆင်ပြေ
နေချိန် မိုးသည်းထန်စွာ ရွာသောတစ်နေ့တွင် ခြေချော်ကာ
လှေကြိုးကိုင်လျက် မြစ်ထဲသို့ ကျခဲ့ပါတော့သည်။ “ကယ်ပါ၊ ယူပါ”
နှင့် အော်ဟစ်နေသော ဆရာမကြီး၏ အသံကြောင့် အနီးနားတွင်
ငါးဖမ်းနေသော လှေများ ရောက်ရှိလာ၍ ကျွန်မ အသက်ဘေးမှ
လွတ်ကင်းခဲ့ရ၏။ အကြောက်ကြီး ကြောက်နေသော ဆရာမ
ကြီးအား –
“ငါမသေဘူး. . . ရေကူးတတ်တယ်”ဟု အရွှန်းဖောက်ကာ
နောက်ပြောင်ခဲ့သော်လည်း နောက်တစ်နေ့တွင် လန့်ဖျားဖျားကာ
ကျွန်မ ကျောင်းမတက်နိုင်ပါ။ ဤဖြစ်ရပ်များကို အဖေနှင့် အစ်ကို
များအား ပြောပြလျှင် ရွာတွင် နေရန် အတင်းတိုက်တွန်းမည်စိုး
သောကြောင့် ရေငုံ နှုတ်ပိတ်တိတ်ဆိတ်နေခဲ့၏။ ဤအသက်ဘေး
နှင့် ယှဉ်သောဖြစ်စဉ်ကို အကြောင်းပြု၍ အခွင့်ကောင်းယူကာ
အလုပ်မှ ထွက်ရန် စဉ်းစားခဲ့ပါသည်။ သို့သော် ကျောင်းကော်မတီ
အချို့နှင့် စတုတ္ထတန်းမှ ကျောင်းသားကြီးများက အပြန်တွင်
လှေကို ရိုးချောင်းထဲအထိ တာဝန်ယူပို့ပေးပါမည်ဟု ပြောလာသော
ကြောင့် ကျောင်းသို့ ပြန်ရောက်ခဲ့ရပါသည်။
ရေများ ပြန်ကျသွားပြီး ကုန်းမမည် ရေမမည်အခြေအနေ
သို့ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ ပျောက်နေသော သဲဝဲများလည်း
ပြန်ပေါက်ခဲ့ပါသည်။ စာသင်နှစ်၏ သုံးပုံနှစ်ပုံလွန်မြောက်ခဲ့၍ ကျွန်မ စိတ်များ သက်သာရာရခဲ့ပါသည်။ မကြာမီ စာမေးပွဲကြီး
ပြီးတော့မည်။ ဤလမ်း၊ ဤခရီးကို ဒီနှစ်တစ်နှစ်သာ သည်းခံရ
ပါမည်။ နောင်နှစ် ဆက်မသင်နိုင်ကြောင်း စိတ်အတွေး၌ ဆုံးဖြတ်
ထားပြီး မည်သူမျှ အသိ မပေးပါ။
စတုတ္ထတန်းစာမေးပွဲသည် အစိုးရစစ်ဖြစ်သောကြောင့်
အုပ်စုကျောင်းများသို့ သွားကာ စာမေးပွဲဖြေကြရပါသည်။ တတိယ
တန်းနှင့် သူငယ်တန်းအထိ ကိုယ့်ကျောင်းနှင့် ကိုယ် စာမေးပွဲ
ဖြေကြရပြီး ကျောင်းပိတ်သွားမှ လေးတန်းကလေးများ စာဖြေကြရ
ပါသည်။ ကိုယ့်ကျောင်းမှ ကလေးများကို နေ့ရောညပါ စာသင်နေရ
သောကြောင့် ဆရာမကြီးနှင့် ကျွန်မရွာတွင် ညအိပ်ကြရပါသည်။
ရွာတွင် ဆယ်ရက်ခန့်နေကာ စတုတ္ထတန်းစာမေးပွဲကြီးပြီး၍ အိမ်သို့
ပြန်ရောက်လျှင် ကျွန်မ ရုတ်တရက် အဖျားကြီးပြီး သတိလစ်ကာ
ဆေးရုံသို့ ရောက်ရှိသွားပါတော့သည်။
ငှက်ဖျားတဲ့။ ဆေးရုံတွင် နှစ်လနီးပါး ဆေးကုခံခဲ့ရပြီးနောက်
ဒူးအောက်အထိရောက်သော ဆံပင်များ အထွေးလိုက်ကျွတ်ကာ
ဦးရေပြားကို မြင်ရသည်အထိ ပါးသွားခဲ့ပါသည်။ အဖေသည်
ကျွန်မ၏ ဆံပင်ထွေးများကို ကြည့်ကာ စိတ်မကောင်းဖြစ်နေဟန်
ရှိ၏။ အဖေ ခရီးထွက်သွားသော နေ့တစ်နေ့တွင် အမေသည်
ကျွန်မဆံပင်များကို ခေါင်းတုံးတုံးကာရိတ်ချလိုက်ပါသည်။
“ပြန်ပေါက်လာတဲ့ ဆံပင်တွေက ပိုသန်လာမှာ သမီးရဲ့”ဟု
အားပေးခဲ့၏။
နာလန်ထစဖြစ်၍ လည်းကောင်း၊ ခေါင်းတုံး တုံးထား၍
လည်းကောင်း ကျွန်မ အပြင်သို့မထွက်ဘဲ အိမ်ထဲမှာသာ နေခဲ့၏။
နွေရာသီကျောင်းပိတ်ရက်များစွာသည်လည်း ဆေးရုံပေါ်မှာပင်
အချိန်များ ကုန်လွန်ခဲ့၏။ တတိယတန်းမှ သူငယ်တန်းအထိ
အောင်စာရင်းများကို အုပ်စုကျောင်းမှ ကျောင်းအုပ်ကြီးနှင့်
ဆရာမကြီးတို့မှ ထုတ်ပြန်ပေးခဲ့၏။ မကြာခင်ပင် စတုတ္ထတန်း
အောင်စာရင်းများ ထွက်လာ၏။ ငှက်ဖျားဖြစ်၍ ကျောင်းများ
ရက်ပျက်လွန်းသော ယောက်ျားလေးတစ်ယောက်မှ လွဲပြီး
အားလုံးအောင်ကြ၍ ကျွန်မ ဝမ်းသာကျေနပ်မိ၏။ ပင်ပန်းရကျိုး
နပ်ခဲ့ပါသည်။ သို့မှသာလျှင် အခြားအလုပ်သို့ လိပ်ပြာသန့်စွာ
ပြောင်းနိုင်မည် ဖြစ်ပါသည်။
ယခုနှစ် မိုးဦးကျစောစွာ မေလ ဒုတိယပတ်တွင် မိုးသည်း
ထန်စွာ ရွာသွန်း၍ နွေအပူများ မြေသိပ်ကာ အေးငြိမ်းသွား၏။
မိုးရွာပြီး လေးငါးရက်ခန့်အကြာတွင် စတုတ္ထတန်းနှင့် တတိယတန်း
မှ ကလေး များ ရောက်ရှိလာကြ၏။
“ဆရာမ. .ကျွန်တော်တို့ ကျောင်းရှေ့က ချောက်စောင်း
ထဲမှာလေ မှိုကျင်းတွေ့လို့ နှုတ်ပြီး ဆရာမကို လာပေးတာပါ .. .”
ဆန်ကောနှင့် ထည့်လာသည့် မှိုများအပြည့်အမောက်၊
အဖေသည် မှိုများကို ကြည့်လျက် ဝမ်းသာနေ၏။ အဖေ မှိုကြိုက်
မှန်း ကျွန်မ သိပါသည်။ မှိုရသည့်မျက်နှာမှာ ကျောင်းသားများ
အပြင် အဖေလည်း ပါ၏။
“ဆရာမ. . . ဒါက ဆရာမဖို့ လက်ဆောင် နွယ်ရှင်လေး
ဆရာမရဲ့၊ မိုးတွေ တအားရွာရင် တောင်ပေါ်က စီးလာတဲ့ ရေစီး
ကြောင်းတွေမှာ ပါလာတာလေ၊ လည်ပင်းကြီးရောဂါဖြစ်ရင် အဲ့ဒီ
နွယ်ရှင်နဲ့ ပတ်ပေးရင် ပျောက်တယ်”
ကျွန်မအား မတွေ့မမြင်ရသော်လည်း သတိတရရှိနေတတ်
သော အမှတ်ရစရာလေးများ ဖန်တီးတတ်ကြသော သူတို့၏
ကျွန်မအပေါ် ထားသည့် သံယောဇဉ်တို့ကို တစ်စတစ်စ သတိထား
မိလာခဲ့ပါသည်။
“အဖေ. . . သမီး ကျောင်းဆရာမပဲ ပြန်လုပ်မယ်၊ ကလေး
တွေကို သနားတယ်။ ဒါပေမဲ့ ခေါင်းတုံးနဲ့ ကျောင်းတက်ရာမှာ
ကိုတော့ ရှက်တယ်”
“မိန်းမတို့ဘုန်း ဆံထုံးဆိုပေမယ့်… ဆရာသမားဆိုတဲ့
ဘုန်းက ပိုကြီးမြတ်တာပါ သမီးရယ်”
သူတို့လေးများ၏ ဇာတိစချိန်သည် ကျွန်မကဲ့သို့ နွေးထွေး
ချိုမြိန်ခဲ့မှာ မဟုတ်မှန်းသိ၏။ သို့သော် ဘဝစချိန် (ယခု ပထမ
အရွယ်) တွင် လှပချိုမြိန်သော ခံစားချက်များ ခံစားတတ်အောင်
ကျွန်မ ကူညီပါမည်။
မေတ္တာတရား၏ ချိုမြိန်မှုများ၊ မိသားစုတွင်း ရှိသင့်သည့်
ချစ်ခြင်းတရားများ လောကနိယာမတရားများကို ဤကလေး
များအား သိစေချင်လှပါသည်။ ကျွန်မရရှိထားသော မိသားစု၏
ချစ်ခြင်း၊ မေတ္တာတရားများကို မျှဝေပေးပါမည်။ မေတ္တာသည်
မျှဝေယူနိုင်ပါသည်။ ကလေးများ ခံယူတတ်စေရန်လည်း သင်ကြား
ပေးပါမည်။ မေတ္တာတရားကို မျှဝေသူအဖြစ် ဤကျောင်း၌
ရာသက်ပန်တာဝန်ထမ်းဆောင်တော့မည် ဖြစ်ပါသတည်း။
#မကျေးဥ
MeeMee Library