ရန်လုံ(စ/ဆုံး)
စစ်ဘေးရှောင်တစ်ယောက်
ဆိုင်မှာ စျေးလာဝယ်တယ်။
ကိုယ့်ခွေးလေးကို ကြည့်ပြီး သူမျက်ရည်ဝဲနေတာ တွေ့လို့ အကျိုးအကြောင်းမေးကြည့်တော့
နှစ်ဖက်တိုက်ပွဲကြောင့် အိုးအိမ်တွေအကုန်ပစ်ထားခဲ့ပြီး ဒီကဆွေမျိုးသားချင်းတွေဆီ ရှောင်ဖို့ အားကိုးတကြီး phဆက်တဲ့အခါ ကလေးငယ်တွေ ရှိတာကြောင့်မို့ လူတွေသာလာပါ။
ခွေးတော့ ထားခဲ့ပါဆိုလို့ တစ်ကောင်တည်းသော ခွေးစုတ်ဖွားလေးကို အိမ်ထဲထားရင် အစာရေစာ ငတ်မှာ စိုးလို့ လမ်းပေါ် လွှတ်ထားပေးခဲ့တယ်။
ရှောင်ပြေးစရာ မရှိတဲ့ လူတွေကိုလဲ ခွေးလေး ဝိုင်းကြည့်ထားပေးကြဖို့ မှာထားခဲ့ရင်းနဲ့ပေါ့။
တစ်လလောက်ကြာတော့ ဒီက ဆွေမျိုးသားချင်းတွေကလဲ မင်းခွေးလေးကို ဒီလောက် လွမ်းနေရင်လဲ သွားပြန်ခေါ်ချေဆိုလို့ ပြန်သွားပေမယ့် ခွေးလေးက tayသွားခဲ့ပြီ။
အိမ်နားက ခွေးကြီးတွေကပဲ ကုက်tatပစ်လိုက်တာတဲ့လေ။
အဲ့လို ပြောပြလာတော့ ရန်လုံကို ပြေးသတိရမိတယ်။
ဘဝမှာ ဘယ်အချိန်ပြန်တွေးတွေး နောင်တရပြီး မျက်ရည်ကျစေတဲ့ အထိ လွမ်းမိနေတဲ့ ခွေးလိမ္မာလေးကိုပေါ့။
မော်လမြိုင်ကနေ မိသားစုလိုက် ရန်ကုန်ကို ပြောင်းလာတော့ နေစရာမရှိလို့ အဖိုးတစ်ယောက်ပိုင်တဲ့ ခြံထဲမှာ ခြံစောင့်သဘောမျိုးနဲ့ ခဏနေရတယ်။
ခြံကြီးက ကျယ်တော့ ရန်လုံဆိုတဲ့ ခွေးပေါက်လေးတစ်ကောင်ကို မွေးလိုက်တာ ၂နှစ်အရွယ်မှာ ရန်လုံက သာမန်ခွေးတွေထက် အရပ်ရှည်ပြီး လူစကားလဲ အင်မတန် နားလည်တယ်။
သူက သိပ်တော်ပြီး နာမည်နဲ့လိုက်အောင် ရန်လုံတဲ့ ခွေးလေးပါ။
အပြေးလဲ တအားမြန်တယ်။
သူက မြွေဟောက်ကိုတောင် tayအောင် ကိုက်tatပစ်နိုင်ပါတယ်။
ကြက်ပေါက်လေးကို စွန်ချီပြီး ပျံသွားရင်တောင် စွန်အရိပ်ကို မှီအောင်ပြေးလိုက်ပြီး အသံစူးစူးနဲ့ ဟောင်လို့ စွန်က ကြက်ကိုပြန်ချပေးရတာပါ။
သူ့ရဲ့ သိတတ်လိမ္မာမှုနဲ့ စွမ်းအားတွေက ချီးမွှန်းလို့ မကုန်နိုင်ပါဘူး။
ချောင်းထဲက ငါးကိုဖမ်းပြီး မီးဖိုချောင်က စဥ့်နီတုန်းပေါ် လာချပေးတတ်တာလဲ နေ့တိုင်းပါပဲ။
ခြံထဲက ထင်းအပိုင်းအစတွေ မီးဖိုနား သယ်ပေးထားတတ်သေးရဲ့။
အဖေ အိမ်ပြန်ချိန်ဆို ၄၅မိနစ်လောက်ဝေးတဲ့ ခရီးထိ တစ်ကောင်ထဲ အချိန်မှန် ကြိုတတ်တာလဲ မေ့လို့မရဘူး။
သခင်တွေကိုသာမက အိမ်မှာမွေးထားသမျှ တိရိစ္ဆာန်တွေ အားလုံးကို ကာကွယ်ပေးတတ်တဲ့ ဆရာကြီးပါ။
ရန်လုံအချစ်ဆုံးက တစ်အိမ်လုံးမှာ အငယ်ဆုံးဖြစ်တဲ့ ၄နှစ်အရွယ် ကိုယ့်ကိုပေါ့။
သူများခြံဆိုတော့လဲ အချိန်တန် ပြောင်းရွေ့ပေးရလို့ ဆွေမျိုးသားချင်းဆီ ခဏတာ ခိုလှုံဖို့ အကူအညီတောင်းတဲ့အခါ သူတို့ခွေးနဲ့ မတည့်မှာ စိုးတာကြောင့် ခွေးတော့ ခေါ်မလာပါနဲ့တဲ့။
ကိုယ်တွေအိမ်ပြောင်းတော့ ရန်လုံက ကားနောက်က ပြေးလိုက်တာ။ကိုယ်က အော်ငို ရန်လုံက ပြေးလိုက်။ရန်လုံကလဲ အပြေးမရပ်ဘူး။ကိုယ်လဲ အငိုမရပ်ဘူး။
သူတော်တော် ပြေးနိုင်ပါတယ်။သူအဝေးကြီး အထိ ပြေးလိုက်ခဲ့တယ်။ပြေးရင်း ပြေးရင်း လဲကျသွားလဲ သူ ရအောင် ထပြီး ဆက်ပြေးတုန်းပဲ။ကားအရှိန်နောက်ကို သူလိုက်လို့မမှီပါဘူး။
သူ လဲကျပြီး ကျန်ရစ်ခဲ့ပါပြီ။ကိုယ်တို့ တစ်မိသားစုလုံး ငိုနေကြရပါတယ်။ရန်လုံကို ခြံထဲ ပြန်ပို့ပေးခဲ့ကြတယ်။
သူနားလည်အောင် သေသေချာချာ ပြောပြခဲ့တယ်။လိုက်လို့ မရတဲ့အကြောင်း သေချာပေါက် လာပြန်ခေါ်မယ့် အကြောင်းပေါ့။
သူနေခဲ့ပါတယ်။ဒါပေမယ့် အဲ့နေ့ကစပြီး ဘယ်သူ အစာကျွေးကျွေး မစားတော့ပါဘူး။သခင်တွေ ပြန်မလာမချင်း အစာငတ်ခံပြီး tayတဲ့အထိ နေရာမရွေ့ပဲ စောင့်နေခဲ့ပါတယ်။
သူစောင့်ရကျိုးမနပ်ခဲ့ဘူး။အဲ့ဒီအချိန်မှာ ဆင်းရဲတွင်းနက်ပြီး အမှီအခိုမဲ့နေတဲ့ ကိုယ်တို့မိသားစုဟာ ရန်လုံအပေါ် ကတိမတည်နိုင်ခဲ့ကြပါဘူး။
သူ မသိနိုင်ပါဘူး။ကိုယ်တို့အတွက် သူက သိပ်အရေးပါပြီး လိုအပ်တဲ့ခွေးလေးဆိုတာ။
ကိုယ်တို့ သူ့ကို စွန့်ပစ်ခဲ့တာ မဟုတ်ဘူး။ဘဝမှာ ရွေးချယ်စရာ မရှိတဲ့ အခြေအနေဆိုးတွေ ကိုယ်တို့ အားလုံး ကြုံခဲ့ဖူးကြပါမှာပါ။
ကိုယ်တို့လို တာဝန်မကျေတဲ့ သခင်တွေအတွက် အပြစ်နဲ့နောင်တကို တစ်သက်လုံး အမှတ်ရနေအောင် သူချန်ထားခဲ့ပါတယ်။
ကိုယ်တို့မိသားစုတွေရဲ့ နှုတ်ဖျားမှာ သူက ဆယ်စုနှစ်များစွာ ကြာညောင်းသွားခဲ့လဲ နေရာယူထားဆဲပါပဲ။
ခွေးတွေရဲ့ သစ္စာစောင့်သိမှုကို တချို့လူတွေ လိုက်မမှီပါဘူး။
ကိုယ်မှတ်သားဖူးတဲ့ ဆိုရိုး တစ်ခုရှိတယ်။
ခွေးတွေက tayရင်တောင် သခင်နားမှာပဲ ဝိညာဥ် ဘဝနဲ့ တဝဲလည်လည် ရှိနေတတ်တယ်တဲ့။
13.7.24
#နတ်ရွေးငယ်