လက်ပံပင် သရဲနက်ကျော်

Posted on

လက်ပံပင် သရဲနက်ကျော်(စ/ဆုံး)
~~~~~~~~~~~~~~~~~~
မကွေးတိုင်း ပွင့်ဖြူမြို့နယ် အတွင်းရှိ ရွာ
တစ်ရွာမှာ ဘုန်းတော်ကြီးကျောင်းဝင်းအ
တွင်း လက်ပံပင်ကြီးမှာနေသော သရဲကြီး
အကြောင်းဖြစ်သည်။
အချိန်ကာလက (၁၉၇၀)လောက်က ဖြစ်သည်။
ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းမှာ ဆယ်စုနှစ်
စုစာမျှ နေထိုင်ခဲ့သော သရဲကြီးနက်ကျော်ရဲ့
အကြောင်းဆိုလျှင်လည်း မမှားပေ။
ဘုန်းတော်ကြီးဘွဲ့က ဦးဇဝနဖြစ်သည်။ ဘုန်း
တော်ကြီးက ငယ်ဖြူမဟုတ်၊ တောထွက်ဖြစ်
သည်။ အသက်ငယ်ငယ်နှင့် အိမ်ထောင်ပျက်
သွားသဖြင့် အသက်နှစ်ဆယ့်သုံးနှစ်မှာ ရဟန်း
ဝတ်၍ ဆရာတော် ဦးဝေပုလ္လထံမှ စာပေ
ကျမ်းဂန်သင်ယူရင်း သီတင်းသုံးနေထိုင်
ခဲ့သည်။
ဆရာတော်က ပယောဂပညာလည်း တဖက်
ကမ်းခပ် တတ်မြောက်သဖြင့် တပည့်ရှင်ဇ
ဝနအား တတ်သမျှ အလုံးစုံသင်ကြားပေး
ခဲ့သည်။
ဆရာတော် ဦးဝေပုလ္လလည်း ရှင်ဇဝန ဝါ
တော်ဆယ့်ရှစ်ဝါအရောက်မှာ ပျံလွန်တော်
မူသွားသဖြင့်၊ ဓမ္မါပါလကျောင်း၌ အရှင်
ဇဝန ဆက်လက်ကျောင်းထိုင်ခဲ့သည်။
အရှင်ဇဝနလည်း ဝါတော်ဆယ့်ရှစ် သက်တော်
(၄၁)နှစ်အရောက် ကျောင်းတိုင်ဆရာတော်
ဖြစ်ခဲ့သည်။
နောက်ပိုင်းမှာတော့ တရားဟော တရားပြ
ကောင်းသဖြင့် နာမည်ကျော်ကြားခဲ့သလို
စုန်း၊ ကဝေ၊ အမှောင့်ပယောဂ ကုသရာတွင်
လည်း ထိုနယ်တဝိုက်မှာ ထင်ပေါ်ကျော်ဇော
ခဲ့သည်။
ကျောင်းဝင်းအတွင်းမှာလည်း နှစ်ဆယ့်
ခုနှစ်တောင် ဥာဏ်တော်အမြင့်ရှိ မြေစိုက်
စေတီတစ်ဆူရှိသည်။ ကျောင်းရှေ့ခြံထောင့်
တွင် လူကြီးတစ်ဖက်သာသာလုံးပတ်ရှိ
လက်ပံပင်ကြီး တစ်ပင်ရှိသည်။
ဘုန်းကြီးဦးဇဝနနှင့် ရွာသူရွာသားများက
စေတီနံဘေးနားတွင် ဓမ္မာရုံတစ်ဆောင်
ဆောက်လုပ်ရန် လုံးပန်းနေကြသည်။
ဆရာတော်က ဓမ္မာရုံဆောက်လုပ်ရန် ကောင်း
,မကောင်း မြေနေရာ သန့်မသန့် စစ်ဆေးကြည့်
ရှု့သောအခါ ကျောင်းခြံထောင့်က လက်ပံပင်
ကြီးမှာ သရဲကြီးတစ်ကောင် ရှိနေကြောင်း
ဘုန်းတော်ကြီး၏ ပယောဂပညာအစွမ်းဖြင့်
မြင်ရသည်။
ဆရာတော်ကြီးလည်း လက်ပံပင်ကြီးမှာ
သရဲကြီးရှိနေကြောင်း ကျောင်းမှ ကျောင်း
သားလေးများ၊ ကိုရင်များ၊ ရွာသူရွာသား
များကိုလည်း မပြောပြ။
တစ်ရက် အားလုံးမရှိမှ သရဲကြီးကို မေးတန်
မေး နှင်တန်လျှင် နှင်ထုတ်မည်ဟု ဆုံးဖြတ်
ထားသည်။ ဘုန်းတော်ကြီးက မည်သူ့ကိုမျှ
မပြောပြပဲ သရဲကြီး အခြေအနေကို အကဲ
ခတ်လျက်ရှိသည်။
သရဲကြီးက မည်သူ့ကိုမျှ အနှောင့်အယှက်
မပြု၊ မခြောက်မလှန့်ဘဲ၊ ဘုန်းကြီးအစွမ်းကို
လည်း သိသဖြင့် ကျောင်းက ခွာသွားလိုက်
ကျောင်းကို ပြန်လာလိုက် ဖြစ်နေသည်ကို
ဘုန်းတော်ကြီး သိသည်။
ဘုန်းတော်ကြီးက ဓမ္မာရုံးသေး၍ သရဲ
ကြီးအခြေအနေကို အကဲခတ်လျက်သာ နေ
သည်။ ဆရာတော်ကြီးအနေနှင့် သရဲကြီး
နှင့် ဆုံတွေ့နိုင်ရန် အခွင့်သာသောနေ့သို့
ရောက်လာခဲ့သည်။
ဓမ္မာရုံဆောက်သော ပန်းရံများ၊ လက်သမား
များ၊ အလုပ်နားသောရက် ဒကာ၊ ဒကာမများ
မရှိမှ ကျောင်းသားလေးတစ်ယောက်ကို
သရဲကြီးအကြောင်း သိရအောင် ဘုန်းကြီး
ရဲ့ ခေါ်ယူ၍ ပူးကပ်ခိုင်းသည်။
ထိုအခါ ကျောင်းသားလေးအား သရဲကြီး
ဝင်၍ ပူးကပ်တော့သည်။
“ကဲ…မင်းအကြောင်းကို ပြောပြစမ်း”
ဆရာတော်က အမိန့်သံမျိုးနှင့်မေးရာ
ကျောင်းသားလေးအား ဝင်ပူးကပ်ထား
သော သရဲကြီးက…
“တပည့်တော် လူဖြစ်စဥ်က ရွာစဥ်လှည့်ပြီး
ဓားမြတိုက်ခဲ့တဲ့ ဓားမြတစ်ယောက်ဖြစ်ပါ
တယ်ဘုရား…ရွာတစ်ရွာမှာ ဓားမြတိုက်လို့
သေရင်း မကောင်းမှုတွေ များလွန်းလို့ သရဲ
ဘဝရောက်နေရပါတယ်ဘုရား။ သရဲဘဝ
ရောက်တာနဲ့ ဆရာတော်ရဲ့ လက်ပံပင်မှာ
နေထိုင်တဲ့သရဲမရှိတာနဲ့ ဝင်နေမိတာပါဘုရား။
ဆရာတော်ရဲ့ ဘုန်းတန်ခိုးကိုကြောက်လို့
သရဲတွေမနေတဲ့ လက်ပံပင်ကြီးမှာ လာနေ
မိတဲ့ တပည့်တော် နေရထိုင်ရတာ အတော်
လေး ဒုက္ခရောက်ပါတယ်ဘုရား၊ ဆရာတော်
ကျောင်းက ကြေးစဥ်သံ၊ ဘုရားရှိခိုးသံ၊
တရားစာရွတ်တာ ကြားတာနဲ့ အသည်းနှ
လုံး လွင့်မတတ် ကြောက်လန့်ပြီး အပင်
ပေါ်က ဆင်းဆင်းပြေးနေရပါတယ်ဘုရား။
အခုနောက်ပိုင်း လက်ပံပင်ပေါ်မှာ နေရတဲ့
အချိန်ထက် ပြေးရတဲ့အချိန်က များနေလို့
အခြားမှာ နေလို့ရမယ့် သစ်ပင်တစ်ပင်ကို
ရှာနေပါတယ်ဘုရား”
“ဟဲ့….မင်းကို ဘယ်သူက နှင်နေလို့လဲ”
“ဘယ်သူကမှလည်း မနှင်ပါဘူးဘုရား။ ဘု
ရားရှိခိုးသံ၊ ဘုရား စာရွတ်သံ၊ ကြေးစည်သံ
တို့ကို အရှင်ဘုရားက ခွင့်ပြုမှု မပြုသရွေ့
တပည့်တော် နာခွင့်မရှိသေးပါ၊ ပြေးနေရဦး
မှာပါ”
“အင်း ဒါဆို ငါက တရားဝင်နေခွင့်ပေးရင်
တော့ ဒီလက်ပံပင်ကြီးမှာ နေထိုင်နိုင်မလား”
“အရှင်ဘုရားကသာ ခွင့်ပေးမယ်ဆိုလျှင်ဖြင့်
ဘုရားရှိခိုးတဲ့အချိန် တစ်ခြားကို ပြေးမထွက်
တော့ဘဲ ရဲရဲဝံ့ဝံ့ တရားနာလို့ ရပါပြီဘုရား
တပည့်တော်နေဝံ့ပါပြီဘုရား”
“ကိုင်း…ဒါဖြင့်လည်း နေပေတော့ ၊ ဒါပေမဲ့
ငါ့ကျောင်းက ကိုရင်တွေ ကျောင်းသားတွေ
ကို မခြောက်မလှန့်ရဘူးကြားလား…ပြီးတော့
ရွာသားတွေကိုပါ မခြောက်မလှန့်ရဘူး”
“အရှင်ဘုရားစကားကို နားထောင်ပါ့မယ်
ဘုရား”
“အရှင်ဘုရား တပည့်တော်ကို သွားခွင့်ပြုပါ
တော့ဘုရား”
“နေဦးကွယ့် မင်းနာမည် ဘယ်လိုခေါ်လဲ”
“တပည့်တော်နာမည်က နက်ကျော်ပါဘုရား။
လူဖြစ်စဥ်က ရွာစဥ်လှည့်ပြီး ဓားမြတိုက်ခဲ့
တော့ ဗိုလ်နက်ကျော်လို့ အမည်တွင်ခဲ့ပါတယ်
ဘုရား။ ဓားမြဖြစ်စဥ်က ဘယ်သူ့အသက်မှ
မသတ်ဖူးပေမယ့် အာဒိန္ဒာကံချိုးဖောက်ခဲ့
လို့ အခုလို တစ္ဆေသရဲဘဝကို ရောက်နေ
တာပါဘုရား”
ထို့နောက် ကျောင်းသားလေးကို ပူးကပ်နေ
ရာက ခွာပြီး ထွက်သွားလေတော့သည်။
xxxxxx
နောက်ပိုင်း သရဲကြီးနက်ကျော်စားရန် ပိုလျှံ
သော ထမင်းနှင့် ဟင်းတို့ကို သပိတ်ဟောင်း
တစ်လုံးအတွင်း ပေါင်းထည့်ပြီး လက်ပံပင်
အောက်မှာ၊ ကိုရင်လေးများကို သွား၍ ပုံ
ကျွေးစေလေသည်။
ကိုရင်လေးများကို တာဝန်ပေးသလို ကျောင်း
သားလေးများကိုလည်း တာဝန်ပေးသည့်အခါ
ပေးသည်။
တစ်ခါတစ်ရံ ဆရာတော်ကိုယ်တိုင်လည်း
သွားကျွေးတတ်သေးသည်။ ထမင်းကို
ပုံထားရင် အားလုံးမျက်စိအောက်မှာပင်
ကြည့်ရင်း ကြည့်ရင်း ကုန်သွားတော့သည်။
ကျောင်းသားလေးများက အကောင်အထည်
မမြင်ရဘဲ ကုန်ကုန်သွားသဖြင့် အစပိုင်းတော့
ကြောက်လန့်ကြသည်။ အကြိမ်ပေါင်းများစွာ
အဖော်ကောင်းကောင်းနှင့် သွားကျွေးတော့
ကြောက်လန့်မှုမရှိသည်သာမက ပျော်ရွှင်တတ်
သော ကျောင်းသားလေးတစ်ယောက်က
စားစရာများ သပိတ်ဟောင်းတစ်လုံးနှင့်
လာကျွေးစဥ်၊ သပိတ်အပေါ် လက်အုပ်ပြီး
ကျောင်းသားလေးက သူ့ဘက်ကို ဆွဲယူသည်။
သပိတ်က သူ့ဘက်မပါမလာဘဲ ကျောင်း
သားလေး လက်ပေါ်က အလွန်ကြမ်းတမ်း
သော အမွေးအမျှင် ရှိသည့် လက်ကြီးနှင့်
ဖိကိုင်ထားကြောင်း အကောင်အထည်မမြင်
ရဘဲ သိလိုက်ကြသည်။
ကျောင်းသားလေးက ရုတ်တရက်ဆိုတော့
ထိတ်လန့်သွားသည်။ သို့သော် သူနှင့်အတူ
ကိုရင်လေးပါမှန်း သိလိုက်သဖြင့် အကြောက်
ပြေသွားကာ…
“ခင်ဗျားကြီး လုပ်လိုက်တာ၊ ကျုပ်တော်တော်
လန့်သွားတာပဲ၊ ဘုန်းကြီးနဲ့ ပြန်လျှောက်မယ်၊
ဒါမှ နောက်ကို ထမင်းမကျွေးခိုင်းမှာ”
ထိုသို့ပြောလိုက်သဖြင့် သစ်ပင်အရင်း
ထမင်းထည့်ထားသော သပိတ်ကြီးနားက
အသံထွက်လာသည်။
“ဟ…ကောင်လေး ငါက မင်းတို့ကို ချစ်လို့
စလိုက်တာပါကွာ၊ ဆရာတော်ကိုတော့
မလျှောက်ပါနဲ့”
ကြောက်ရွံ့သံလိုလို ရယ်သံလိုလို မူမမှန်သော
အသံကို ကျောင်းသားလေး ကြားလိုက်ရသည်။
ထိုသို့ပြောလိုက်သည့်အတွက် ကိုရင်လေးနှင့်
ကျောင်းသားလေးတို့က သရဲကြီးနက်ကျော်
ဘုန်းကြီးအား အလွန်ကြောက်ကြောင်း သိ
သွားသည်။
သရဲကြီး ဘုန်းတော်ကြီးအား ကြောက်မှန်း
သိလိုက်ကြသော ကိုရင်ကျောင်းသားလေးတို့၊
သရဲကြီးကို မကြောက်သည့်အပြင် မခံချင်
အောင် စကြသည်။ သရဲကြီးက ပြန်ပြီး တစ်
ခုခုလုပ်လျှင်…
“ဘုန်းကြီးကို ပြန်လျှောက်မယ်”
ဟု ပြောသည့်အခါ ကလေးများကို ကျေနပ်
အောင် ပြန်ချော့ပြီး….
“မလျှောက်ပါနဲ့ကွာ မင်းတို့အခြားကလေး
တွေနဲ့ ဂုံညင်းတို့၊ ဒိုးလှိမ့်၊ ဇယ်တောက်၊
ခေါင်းပန်းလှန်၊ ကစားရင် မင်းတို့နိုင်အောင်
ငါလုပ်ပေးပါ့မယ်”
ထိုသို့ ကတိခံထားသဖြင့် ကျောင်းသားလေး
များကစားသည့်အခါ အနိုင်ရအောင် လေပြင်း
ပြင်းနှင့် မှုတ်၍ ကူညီနေမှန်းသိသည်။
“ကြည့် ဗိုလ်နက်ကျော် မတရားဘူး။ အနိုင်
ရချင်လို့ ကစားပါတယ်ဆိုမှ တဖက်က
ကောင်တွေကို နိုင်အောင်လာလုပ်ပေးနေ
တယ်။ မတရားဘူး ဆရာတော်ကို သွား
တိုင်ပြောမယ်”
“ဟေ့ဟေ့…ကလေး၊ မင်းမကြိုက်ရင် ငါဟို
ကောင်ဘက်က နေပြီး မကူညီတော့ပါဘူး၊
ဆရာတော်ကိုတော့ သွားမလျှောက်ကြပါနဲ့
ငါသစ်ပင်ပေါ်မှာပဲ သွားနေတော့မယ်၊ မင်း
တို့ ဘာသာပဲ ကစားကြပါတော့ကွာ”
ထိုသို့ပြောပြီး လက်ပံပင်ပေါ်တက်သွားသည်
ကို သစ်ကိုင်းလှုပ်ရှားသွားသဖြင့် အားလုံးသိ
လိုက်သည်။
xxxx
လက်ပံပင်ကြီး ရဲရဲတောက်အောင် ပွင့်နေပြီ။
လက်ပံပွင့်များကလည်း တဖြုတ်ဖြုတ်ကြွေ
နေပြီ၊ ရွာထဲမှ အမျိုးသမီး ကလေး၊ လူကြီး
မနက်မိုးလင်းသည်နှင့် လက်ပံပွင့် လာကောက်
ကြသည်။
မိန်းခလေးများက သစ်ပင်ပေါ် မော့ကြည့်၍
“ဗိုလ်နက်ကျော်ကြီးရေ ကျုပ်တို့ လက်ပံပွင့်
တွေ ကောက်ချင်လို့ လက်ပံပွင့်တွေ လှုပ်ချ
ပေးပါဦး”
မိန်းကလေးများက လှုပ်ချခိုင်းလျှင်
လက်ပံပွင့်များများရအောင်
အကိုင်းများကို လှုပ်ချပေးသည်။
ကောင်လေးများက လှုပ်ချခိုင်းလျှင် လုံး
ဝမလှုပ်ချပေး။ ကျောင်းသားလေးများ
လက်ပံပွင့်လာကောက်လျှင် တစ်ခါမှ
လက်ပံပွင့်မရ၊ မြေပေါ်ကြွေကျနေသော
လက်ပံပွင့်များပင် ပျောက်နေသည်။
“ဗိုလ်နက်ကျော် ခင်ဗျား လက်ပံပွင့်တွေ
ကောက်ပြီး ဖွက်ထားတာ မဟုတ်လား။
ရွာထဲက မအေးချစ်ကြီးကို ပေးမလို့
ဖွက်ထားတာ မဟုတ်လား”
“ကျုပ်တို့ ခင်ဗျားအကြောင်းသိတယ်
ခင်ဗျားမပေးရင် ဘုန်းကြီးနဲ့ တိုင်မယ်
ဒါပဲ”
“ရော့ကွာ…ရော့…မင်းတို့က၊ ငါ့ကိုဘုန်းကြီး
နဲ့ တိုင်မယ်ဆိုတာကြီးပဲ”
“ခင်ဗျားက ဆရာတော်ကိုပဲ ကြောက်တာ၊
ကျုပ်တို့ကြတော့။ ခင်ဗျားလုပ်ချင်ရာ
လုပ်တာ ခံနေရတယ်”
မကျေမနပ်နှင့် သရဲဗိုလ်နက်ကျော်က
အင်ဖက်နဲ့ ထုတ်ထားသော လက်ပံပွင့်
များ ဘုတ်ခနဲ ပစ်ချပေးသည်။
ရွာထဲမှ လက်ပံပွင့်လာကောက်ကြသော
မိန်းခလေးများ အထဲမှာ အပျိုကြီးမအေး
ချစ်ကို မိန်းကလေးများက သရဲနက်ကျော်
နှင့် စကြသည်။
နောက်နေ့ မအေးချစ်အတွက် လက်ပံပွင့်
တွေ ကောက်ထားပေးပါရန် ပြောကြသည်။
ထို့နောက်ပိုင်း မအေးချစ်ပါလာသည်နှင့်
ဘယ်ကမှန်းမသိ။ အင်ဖက်သုံးရွက်ခန့်နှင့်
ထုတ်ထားသော လက်ပံပွင့်ထုတ်က အနား
သို့ ဘုတ်ခနဲ ကျလာသည်။
မအေးချစ်လည်း ကျလာသော လက်ပံပွင့်
ကို မရဲတရဲယူ၍ ပြန်သည်။
“ကြည့်…ဗိုလ်နက်ကျော်ကြီး မျက်နှာလိုက်
တယ်”
ဟု မိန်းခလေးများက ပြောလိုက်လျှင်
လက်ပံပွင့်အကိုင်းကို လှုပ်ချပေးသည်။
ဘုန်းတော်ကြီး ညအိပ်ညနေ အလှူအတန်း
သွားစရာရှိလျှင် လက်ပံပင်အောက်သို့
သွားပြီး…
“ဟေ့… ဒကာကြီး နက်ကျော် ဘုန်းကြီး
ကြခတ်တောရွာ အလှူညအိပ်သွားစရာ
ရှိတယ်။ မနက်ဖြန် ညနေမှ ကျောင်းပြန်
ရောက်မယ်…မင်း…ကျောင်းကို စောင့်
ရှောက်ပြီး ကြည့်ထားပေးပါ။ ဘယ်
ကိုရင်၊ ဘယ်ကျောင်းသား၊ စာမအံဘူး၊
ဆွမ်းခံမထွက်ဘူး၊ တစ်ယောက်မကျန်
ပြန်ပြော။ ဆရာတော် စိတ်ချသွားမယ်
ဆိုပြီး ထားခဲ့တယ်”
ဆရာတော်က စိတ်ချလက်ချ မှာသည့်အ
တိုင်း ကျောင်းကို စောင့်ရှောက်ခဲ့သည်။
ဆရာတော် ပြန်ကြွလာ၍ ညရောက်သည်
နှင့် ဆရာတော်အား။
“မောင်ဖုန်းနဲ့ မောင်အေးကြွယ်ကတော့
စာဖတ်ရင်း ရန်ဖြစ်ကြပါတယ်ဘုရား
ကိုရင်ပဏ္ဏိတနဲ့ ကိုရင်ကုသလက စာမဖတ်
ဘဲ ညစာခိုးစားကြပါသည်ဘုရား၊ ဂွတိုနဲ့
သံချောင်း၊ ကိုရင်တေဇိန္တတို့က ရွာထဲ
ဆွမ်းခံတာ လမ်းတစ်ဝက်က ပြန်လာ
ကြပါတယ်ဘုရား။ ပြီးတော့ တပည့်တော်
ကို ထမင်းလာကျွေးတာ အစားကြီးလို့
ဆိုပြီး သပိတ်တစ်ဝက်ပဲထည့်ပြီး လာ
ကျွေးပါတယ်ဘုရား”
“ကဲ…လူဆိုးလေးတွေ လာခဲ့၊ ထန်းလက်
ပြားပါ ယူခဲ့”
“ဘုန်းဘုန်းဘုရား သူ့ကို ထမင်းနည်းနည်း
ကျွေးတယ်ဆိုပြီး မဟုတ်မဟက်တွေ၊
လျှောက်တင်နေတာပါဘုရား။ သူ့စကား
ကို မယုံပါနဲ့”
“မင်းတို့ကိုပဲ ငါကမယုံတာ။ နက်ကျော်ကို
ငါက ယုံတယ်။ ကဲ…တစ်ယောက်စီ တန်းစီ”
ဘုန်းကြီးက ကျောင်းသားရော ကိုရင်ပါ
ထန်းလက်အကြောကို သပ်ထားသော
ထန်းဖတ်ပြားနှင့် အားမထည့်ဘဲ သုံးချက်
စီ ရိုက်လိုက်သည်။
ထိုအခါ သရဲနက်ကျော်က…
“ငါ့ကို ထမင်းနည်းနည်းပဲကျွေးတဲ့ ကိုရင်
နဲ့ ကျောင်းသား အခုမှရှုံ့မဲ့နေပြီ”
ဘုန်းကြီးက ကျောင်းသားများကို ရိုက်ရင်း
ပြုံးပြီး ကျန်ခဲ့သည်။ ရွာထဲက ဘုန်းကြီး၏
ဒကာများကလည်း သရဲနက်ကျော်အ
ကြောင်းသိသွားကြသဖြင့် သရဲနက်ကျော်
စားရန် စားစရာများ ယူလာပြီး လက်ပံပင်
အောက်မှာ ချပေးထားသည်။
သူတို့ရှေ့မှာပင် သရဲကြီးစား၍ စားစရာ
များ ကုန်သွားသည်ကို တွေ့ရပြီး သရဲကြီး
ကို မတွေ့ရ။
သူတို့ကျွေးသော စားစရာများ ယူစားသည်
ကို တွေ့၍ ဝမ်းသာကြသည်။
အချို့ကို စကားပြန်ပြောသည်။
အချို့ကို စကားပြန် မပြော။
သရဲကြီးကား ဘုန်းကြီးကျောင်းမှာ နေရင်း
အခြောက်အလှန့်မရှိဘဲ လူကဲ့သို့ပင် သဘော
ထားနူးညံ့ခဲ့သည်။
xxxxx
တစ်ရက် ဆရာတော်ထံ သရဲကြီး နက်ကျော်ရောက်လာသည်။
“ဟဲ့ ငါ့ရှေ့ရောက်နေတာ နက်ကျော်မဟုတ်
လား”
အခြားသူများ မမြင်ရပေမယ့် ဆရာတော်
ကတော့ သင်ကြားတတ်မြောက်ထားသော
ပညာအစွမ်းနှင့် သရဲကြီးနက်ကျော်
ရောက်ကြောင်း သိသည်။
“မှန်ပါ့ဘုရား။ တပည့်တော်နက်ကျော်ပါ
ဘုရား”
“တပည့်တော် နောက် ခုနှစ်ရက်နေလျှင်
ဒီသရဲဘဝက ကျွတ်ပါတော့မယ်ဘုရား
လူ့ဘဝ ဝင်စားခွင့် ရခဲ့ပါပြီဘုရား”
ဘယ်လိုဖြစ်သွားတာလဲ၊ ဆရာတော်ရဲ့
ကျောင်းကန်ဘုရားရိပ် ခိုဝင်ပြီး တရားနာ
သာဓုခေါ်ရလို့ အဆင့်တက်သွားတာလား
ကွဲ့”
“အရှင်ဘုရားကျွေးတဲ့ ဆွမ်းကျန် ဟင်း
ကျန်များစားရင်း၊ အရှင်ဘုရား ညဘက်
ဘုရား ရှိခိုးတဲ့အခါ သစ်ပင်ပေါ်ကနေပြီး
လိုက်ရှိခိုးမိပါတယ်။ အရှင်ဘုရားက
တပည့်တော်ကို နေ့စဥ်ကျွေးတဲ့ အစာ
အလှူဒါနကိုလည်း အမြဲသာဓုခေါ်ခဲ့ပါ
တယ်။ပြီးတော့ အခုရက်ပိုင်းမှာ ကျောင်း
စောင့်နတ်ကလည်း တာဝန်တစ်ခု ပေး
ပါတယ်။ ရွာထဲက လူတော်တော်များများ
ကို သာသနာကို ကိုင်းရှိုင်းဖို့၊ ဘုရား
ကျောင်းကန်သွားဖို့ တစ်ညကိုတစ်အိမ်စီ၊
အိပ်မက်လိုက်ပေးခိုင်းပါတယ်။ တပည့်
တော်လည်း ခိုင်းတဲ့အတိုင်း အိပ်မက်
လိုက်ပေးခဲ့ပါတယ်ဘုရား။ အခုတပည့်
တော် တာဝန်လည်းပြီးဆုံးခဲ့ပါပြီ။ ဘုရား၊
တရားတော်ကိုလည်း မမေ့မလျော့ အမြဲ
တမ်း ကိုင်းရှိုင်းလို့နေပါ့မယ် ဘုရား”
“ဒကာနက်ကျော် လူ့ဘဝကို ဝင်စားတော့
မယ်ဆိုလို့ ဘုန်းကြီးဝမ်းသာပါတယ်။ ဘာ
သာတရားကို ကိုင်းရှိုင်းတဲ့ မိသားစုရဲ့
မိခင်ဝမ်းမှာ ဝင်စားနိုင်ပါစေလို့ ဘုန်းကြီး
ဆုတောင်းပေးပါတယ်”
“ပေးတဲ့ဆုနဲ့ ပြည့်ပါစေဘုရား”
သရဲနက်ကျော်လည်း ဘုန်းတော်ကြီးအား
လာရောက်လျှောက်ထားပြီးနောက်
ခုနှစ်ရက်အတွင်းမှာပင် သူပြောခဲ့သည့်
အတိုင်း လူဝင်စားဖြစ်သွားလေတော့သည်။
မူရင်းရေးသူ ဆရာ ဧကန်မင်း