မောင်ခြိမ့်
လိပ်ပိန်ပိန် နွေချိန်ရောက်မှဖြင့်
ဒီနှစ်နွေသည် ခါတိုင်းနှစ်နှင့်မတူ၊ အလွန်ပူလှသည်ဟု ဦးတောကျော် တွေးနေမိသည်။ မကြာမီ သင်္ကြန်ကျတော့မည်။ သူတို့ ပိုက်လှေ လေးစင်း ခရီးဝေးထွက်ခဲ့ကြသည်မှာ နှစ်လကျော် သုံးလအတွင်းသို့ ရောက်လာနေပြီ။
ကြည့်လေရာရာ အပင်တိုင်းသည် ရွက်ဝါတို့ ခြွေချထားသဖြင့် ရိုးတံကျဲကျဲသာ မြင်နေရသည်။
ခပ်ဝေးဝေးရှိ ညိုဝါဝါသောင်ခုံတန်းပေါ်တွင် ဗျိုင်းအောက်များ၊ စနိုက်ငှက်များ၊ ရေညှောင့်ကောင်များ သည် ဟိုပြေး ဒီလွှားနှင့် အစာရှာနေကြသည်။
ရေကြက်တစ်ကောင်သည် သောင်စပ်သို့ ဆင်း၍ တွင်းဝတွင် ပြူတစ်ပြူတစ်လုပ်နေသော ကဏန်းပေါက်စကလေးတစ်ကောင်ကို ကိုက်ချီ၍ လမုဗျိုက်တောထဲသို့ ပြေးဝင်သွားသည်။
သောင်ခုံပေါ်တွင် ဓနိလက်များ၊ ဗေဒါပင်များ၊ သစ်ရွက်ကြွေအမှိုက်များ ရှုပ်ပွနေအောင် တင်ကျန်လျက်ရှိသည်။
ရေကျသွားပြီ။ ဟိုခပ်ဝေးဝေးရှိ အောက်ဘက်ရွာများဖြစ်သည့် ကကရံ၊ ပြိတ္တာကြီး၊ ပြိတ္တာလေး၊ ကွကွကြီး၊ ကွကွလေးဘက်သို့ စုန်ဆင်းလျက် ရှိသည်။
နှစ်နံစပ် အညာလက်ရက် စောင်ကလေးများနှင့် ရွက်တိုက်လျက် လေစုန်ရေစုန်တွင် လှေကလေးများသည် တရိပ်ရိပ်ပြေးလျက်ရှိသည်။ လေကလေးက တဖြူးဖြူးနှင့် တဖျပ်ဖျပ်ကခုန်လျက်ရှိသော လှိုင်းကြက်ခွပ်ကလေးများပေါ်တွင် ကျော်ဖြတ်ပြေးလွှားလျက်ရှိသော လှေကလေးများ၏နောက်တွင် ရေဂယက်စွတ်ကြောင်းကလေး ထင်၍ ကျန်နေခဲ့သည်။ ဈေးလှေကလေးများ ဖြစ်လိမ့်မည်။
ငါးမြွေထိုးပိုက်ဆွဲထွက်လာခဲ့သော ဦးတောကျော်သည် ရွာကလေး၏ထိပ်ဝ ချောင်းစပ်ရှိ ကုက္ကိုပင်ကြီးအောက်တွင် ဆိုက်ကပ်ထားသော အလျားတစ်ဆယ့် သုံးတောင်၊ ဝမ်းအကျယ် နှစ်တောင့်တစ်ထွာသာရှိသော ဘောက်တူလှေကလေးပေါ်မှ ငေးမောနေမိ ခြင်း ဖြစ်၏။
ကျန်လူများက ရွာကလေးဘက်သွားကာ ဟင်းစားရှာလျက် ရှိ၏။ နွေခေါင်ခေါင် နေရှိန်ပြင်းသည်မို့ ငါး၊ ပုစွန် ရှာရခက်လှလေ၏။ တစ်ခါတစ်ရံ ဟင်းစားပင် မရချင်။ သို့ဖြစ်၍ ရွာကလေးနောက်ဘက်ရှိ တမံများဆီသို့ ငါးကလေး၊ ဖားကလေးများ ရလိုရငြား သွားရှာကြခြင်း ဖြစ်တော့၏။
ထိုအခိုက်တွင်ပင်
“အဘရေ … အဘ … လိပ်ကြီးရလာတယ်ဗျ။ တမံဖျားမှာ အိုင်ပက်မလို့သွားရင်း ကိုဖိုးနီ တွေ့လာတာ။ ဇင်းရှောကြီးဗျ … ဇင်းရှောကြီး။ ကျွန်တော်တို့ ညစာတော့ ဗိုက်ခွေးနမ်းတာပဲဗျို့”
စိန်ကုလားသည် ရွှံ့တွေပေနေသော ဘောင်းဘီတိုနှင့် ပုဆိုးကို စလွယ်သိုင်းကာ အထုပ်ကြီးလုပ်၍ လွယ်လျက် ပြေးလာနေသည်။
သူ့နောက်ဘက် ခပ်လှမ်းလှမ်းတွင် ဖိုးနီတို့၊ တင်အုံးတို့၊ ရွှေဖောင်တို့အုပ်စု လိုက်လာနေသည်။
ဦးတောကျော် လှိုက်ခနဲ ဝမ်းသာသွားရပြီ။ ဟင်းစားငတ်နေတာ ကြာပြီမဟုတ်လား။ တစ်နေ့လာ ငါးမြွေ ထိုး၊ တစ်နေ့လာ ငါးမြွေထိုးနှင့် ကြာလာတော့ မြင်တောင် မမြင်ချင်တော့ပြီ။
“ပြစမ်းပါအုံးဟ၊ မင်းလိပ် ဘယ်လောက်ကြီးလို့လဲ”
ဦးတောကျော်၏ စကားအဆုံးတွင် စိန်ကုလားက လှေဦးပေါ်သို့ ခုန်တက်လာရင်း ပုဆိုးနှင့် စလွယ်သိုင်းလာသော လိပ်ကြီးကို လှေကန့်ပေါ်သို့ ချ၍ပြလိုက်သည်။
“ကဲ… မကြီးဘူးလားဗျ။ သုံးပိဿာကျော်ရင်သာကျော်မယ်၊ မလျော့ဘူးဗျ။ အဲဒါ အဘ လက်စွမ်းပြဖို့ပဲ ကျန်တော့တယ်”
“အမယ်… တယ်ဟုတ်ပါလားကွ။ ဇင်းရှောကြီးဟေ့။ အင်း… ဒါပေမဲ့ သုံးပိဿာတော့ မရှိပါဘူးကွာ”
ဦးတောကျော်၏အပြောကို စိန်ကုလား မခံချင်ပေ။ ဖင်နှင့်ခေါင်းအထိ တစ်တောင်သာသာ၊ ဗြက် အကျယ်က တစ်ထွာနှင့်လေးသစ်ကျော်ရှိသော ဤလိပ်ကြီးသည် အဘယ်ကြောင့် သုံးပိဿာမကျော်ဘဲ ရှိမည်နည်း။
“ကဲ… ဒါဆို လောင်းမလား အဘ။ သုံးပိဿာမကျော်ရင် အဘကို ပုဆိုးတစ်ထည် ဝယ်ကန်တော့ မယ်။ ကျော်ရင်တော့ ဒီည ကျွန်တော်တို့အတွက် ဒကာခံရမယ်နော်”
“လုပ်ပါမောင်ရာ၊ မင်းကတိသာ တည်ပါစေ”
ဦးတောကျော်က သဘောတူလိုက်လျှင် စိန်ကုလားသည် သူ့တွက်ကိန်းနှင့်သူ နိုင်မည်ဟု ယူဆကာ “ဟေး” ခနဲ အားရဝမ်းသာ ထအော်လေတော့၏။
ကမ်းနဖူးသို့ ရောက်လာကြသော ဖိုးနီတို့လူသိုက်က ကြားလိုက်လေရာ
“ဘာတွေအော်နေတာလဲ စိန်ကုလားရ”
ဟု လှမ်းမေးပြီး ဖိုးနီ လှေထဲဆင်းလာသည်။
“ဒီမှာလေ … အဘက ဒီလောက်ကြီးတဲ့ လိပ်ကြီးကို သုံးပိဿာ မကျော်ဘူးတဲ့ဗျာ။ အဲဒါ ကျွန်တော်နဲ့ လောင်းနေတာ။ ဟဲ… ဟဲ… စိန်ကုလားတို့တော့ ဒီညသောက်ရချေသေးရဲ့”
ဟု ပြောကာ သဘောကျနေတော့၏။
ဖိုးနီက ဖအေဖြစ်သူ ဦးတောကျော်အား အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်ကာ ပြုံးလိုက်ရင်း
“ကျွန်တော် သွားပြီး မီးဖုတ်လိုက်အုံးမယ်”
ပြောကာ လှေထဲရှိ လိပ်ကြီးအား ကမ်းစပ်ပေါ်ရှိ ကိုတင်အုံးထံ ပစ်တင်ပေးလိုက်သည်တွင် ကိုတင်အုံးက လှမ်းဖမ်းယူရင်း
“ဟ… ဟ… ဒါကြီးကို ဘာလို့ ကုန်းပေါ်တင်ရတာလဲ ဟ။ လှေပေါ်မှာပဲ ကိုင်လိုက်ရင် ပြီးတဲ့ဥစ္စာ”
“မင်း မသိပါဘူးကွာ။ နွေလိပ် ဇင်းရှောဆိုတာ မကိုင်တတ်ရင် အသားက ဘာမှရှိမှာ မဟုတ်ဘူးကွ။ ကိုရွှေဖောင်ရေ … မီးဖိုထားဗျာ”
ဟု လှမ်းပြောရင်း ချောင်းကမ်းပါးပေါ် တက်လိုက်သွားတော့၏။
မကြာခင်မှာပင် ကမ်းစပ်ထိပ်ရှိ ကုက္ကိုပင်ကြီးအောက်တွင် သစ်ကိုင်းခြောက်များ၊ သစ်ရွက်ခြောက်များ ကို စုပုံကာ ဖိုထားသော မီးဖိုကြီးက တဟုန်းဟုန်းတောက်လောင်လျက် ရှိတော့၏။
ဖိုးနီသည် ဇင်းရှောလိပ်ကြီးအား မီးဖိုပေါ်သို့ ပက်လက်လှန်၍တင်ကာ မီးမြှိုက်လေ၏။ မကြာမီပင် လိပ်ကျောကုန်းအခွံမာကြီးသည် တဖြည်းဖြည်းပျော့ပျောင်း နူးအိလာတော့၏။
ထိုအခါမှ အနားမှာရှိသော သစ်ရွက်ခြောက်များနှင့် မြက်ခြောက်များကို လိပ်ရင်ဘတ်ပေါ် ပစ်တင်ပြန်၏။
လိပ်ကြီးဆီမှ မွှေးရနံ့များ ထွက်လာပြီး ကျောကုန်းနှင့်ရင် ဘတ်အခွံမာကြီးများ ပျော့အိလာပြီဆိုသောအခါ မီးဖိုထဲမှ ယက်၍ အပြင်သို့ထုတ်လိုက်သည်။ တုတ်တစ်ချောင်းဖြင့် အသာထိုးကြည့်လျှင် အခွံများ ပျော့အိလာပြီ။
“အဘရေ… အဘ… မီးဖုတ်ပြီးပြီဗျ”
ဟု လှမ်း၍ ပြောလိုက်လျှင် လှေထဲမှ ဦးတောကျော်သည် ဓားမတစ်ချောင်း ကိုင်၍ တက်လာသည်။
“ရွှေဖောင်ရေ … ရွာထဲမှာ စပါးလင် လေးငါးပင်နဲ့ ချင်းတက်နည်းနည်း သွားရှာခဲ့ဟေ့။ ကဲ… စိန်ကုလား ရေတစ်ပုံး သွားဆွဲခဲ့လေကွာ”
ဟု တစ်ဆက်တည်း ခိုင်းလိုက်လေတော့၏။
ပြီးလျှင် သစ်သားလှေကပ်တစ်ချပ်ကို ခင်းကာ လိပ်ကို ပက်လက်တင်သည်။ ရေစင်စင်ဆေးသည်။ လက်၊ ခြေ၊ ခေါင်းတို့သည် မီးမြှိုက်ထား၍ အရေခွံပေါ်ရှိ အကျိအချွဲများ ကျွမ်းနေသည်ကို ဓားဖြင့် ခြစ်ပစ်သည်။
ဝမ်းဗိုက်အခွံကို ပတ်ပတ်လည်မှ ဓားဦးဖြင့် ဆတ်၍ ဆတ်၍ ပေါက်ကာ ခုတ်ပြီး ဖယ်လိုက်သည်။ ဝမ်းတွင်းသားများကို မထုတ်မီ
“ကဲ.. လာကြည့်ထားကြ။ လက်၊ ခြေ လေးဖက်အရင်းမှာ ကပ်နေတဲ့ အညှီလုံးတွေ တွေ့လား။ ဝါရွှေရွှေနဲ့ ဂေါ်လီလုံးလောက် ရှိတယ်။ အဲဒါ ထုတ်ပစ်မှ။ နို့မို့ မင်းတို့ဟင်း တစ်အိုးလုံး ပစ်ရပြီမှတ်ပေတော့။ ညှီလွန်းလို့ ဘယ်လိုမှ စားမရဘူးကွ။
ရင်ဘတ်နဲ့ ကျောက အခွံတွေလဲ မီးနာနာမြှိုက်ထားတော့ အလယ်ကောင် ခုံညင်းတစ်ဒိုးစာလောက်သာ စားမရတာ။ ပတ်လည်အနားသားတွေကတော့ အိုးထဲ ထည့်ချက်လိုက်ရင် အုန်းသီးစိတ်ကြီးတွေလို တထုတ်ထုတ်နဲ့ အင်မတန်ကောင်းပေါ့ကွာ”
“ဟုတ်တယ်ဟေ့၊ လိပ်ကိုင်တာ ကြည့်ထားအုံးမှ။ လိပ်သားကိုသာ လူတိုင်းက စားကြတာ။ လိပ်ကိုင်ဖို့ကျတော့ တတ်တဲ့လူ ရှားတယ်ကွ”
ကိုတင်အုံးက ပြောရင်း အညှီလုံးများယူကာ ချောင်းထဲသို့ လွှင့်ပစ်လိုက်သည်။
“ကဲ… စိန်ကုလား။ မင်း ချိန်ကြည့်အုံးမလား။ အခု ငါ လိပ်တစ်ကောင်လုံးကို ကိုင်တွယ်ခုတ်ထစ်ပြီးပြီ။ အလွန်ဆုံးရှိမှ နှစ်ပိဿာပါပဲ။ ဒါတောင် အခွံတွေပါစားလို့ရအောင် လုပ်ထားလို့”
“ကျွန်တော်ရှုံးပါပြီ အဘရယ်။ ဒါပေမဲ့ ကျွန်တော်နားမလည်တာက ကျုံမငေးအောက်နားမှာ လိပ်တစ်ကောင် ရဖူးတယ် အဘရဲ့။ အဲဒါ ကျွန်တော်တို့ အသားချိန်ရောင်းတာ သုံးပိဿာကျော်တယ် အဘရဲ့။ ဒီကောင်ထက်တောင် နည်းနည်းငယ်ချင်သေးတယ်။ ဒါကြောင့် ဒီကောင်ကြီးကို အနည်း ဆုံး သုံးပိဿာလောက်ထွက်မယ် မှန်းထားတာ။
အခုလို နှစ်ပိဿာလောက်ပဲရှိတယ်ဆိုတော့ နားကို မလည်တော့ပါဘူးဗျာ၊ ရှုံးပါပြီ”
ဟု ညည်းလျှင်-
ဦးတောကျော်က သဘောကျစွာ ရယ်လိုက်ရင်း
“နေစမ်းပါအုံး စိန်ကုလားရဲ့။ မင်းတို့ အဲဒီလို လိပ်ရတာ ဘယ်ရာသီလဲကွ”
စိန်ကုလားက တွေခနဲ စဉ်းစားလိုက်ရင်း
“အင်း … မိုးတွင်းပဲ အဘရဲ့၊ တော်သလင်းလ ထင်တယ်”
“အဲဒါ အရေးကြီးတဲ့ အချက်ပဲကွ။ လိပ်ဆိုတာ ရာသီကိုလိုက်ပြီး ပိန်တာ၊ ဝတာ ရှိတယ်ကွ။ အဲဒါကို သိထားဖို့တော့ လိုတယ်။ နို့မို့ဆိုရင် ပိဿာချိန်ဘယ်လောက်ထွက်မလဲလို့ တွက်တဲ့အခါ မှားတတ်တယ်”
“တော်တော်တော့ ထူးဆန်းတာပဲနော်။ ဘယ့်နှယ် ရာသီကိုလိုက်ပြီး ပိန်တယ်၊ ဝတယ် ဖြစ်ရတယ်လို့။ ကြား မကြားဖူးပါဘူးဗျာ။ အဘဟာက ဟုတ်ကောဟုတ်ရဲ့လားဗျ”
ကိုတင်အုံးက မယုံသလို မေးလိုက်လေရာ-
“ဟေ့ကောင်… မသိရင် အသာနေကွ။ ကိုယ့်ထက် အတွေ့ အကြုံရှိတဲ့ အကြားအမြင်ဗဟုသုတရှိတဲ့ လူကြီးတွေဆီက တို့ မှတ်သားစရာတွေ အများကြီးရှိတယ်ကွ။
ကဲ… ကဲ… အဘ ဗဟုသုတပေါ့ အဘရယ်။ ပြောပြစမ်းပါ”
ကိုရွှေဖောင်က ဝင်ပြီး တောင်းပန်လိုက်သည်။
“အေးလေ လူငယ်ဆိုတော့လဲ ကိုယ်တွေ့ကြုံမှ ယုံချင်ကြတာပါပဲ။ ငါတို့လဲ အရင်တုန်းက တို့ထက် ဝါရင့်၊ သမ္ဘာရင့်တဲ့ တံငါကြီးတွေက ပြောတဲ့စကား ကြားရတဲ့အခါမှာ ဟုတ်မှ ဟုတ်ပါ့မလားဆိုပြီး မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်ခဲ့တာပါပဲ။ လက်တွေ့ကြုံတော့လဲ ယုံရတာပါပဲ။
အမယ်… ငါ့တုန်းက တို့ရွာလယ်ပိုင်းက ဦးအောင်ညွန့် ကြီးကို သိတယ်မဟုတ်လား။ ကွန်သမားကြီးလေကွာ။
အဲဒါ လိပ်တစ်ကောင်ရလာတော့ ငါနဲ့ ငြင်းကြတာ ဟေ့။ ဝါစိမ်းနီ ဆေးပေါ့လိပ် ငါးဆယ်တစ်စည်း ရှုံးရတော့တာပဲ”
ဟု ပြောရင်း လက်ထဲက ဆေးလိပ်တိုကို မီးဖိုထဲမှမီးစဖြင့် ညှိလိုက်သည်။
ကဏန်းကျစ်စာခဲကြီး သုံးလုံးကို ဖိုခုံလောက်လုပ်၍ တည်ထားသော လိပ်သားဟင်းအိုးကြီးသည် မီးအရှိန်ပြင်းပြင်းကြောင့် ပွက်ပွက်ဆူနေသံကို ကြားနေရပြီ။
“စာဆိုကလေးတစ်ခု မှတ်ထားဖူးတယ်ကွ။ ဘာတဲ့…“နွေပိန် မိုးဝ ဆောင်းကျလိပ်ဆူ” တဲ့။ မှတ်ထားကြပေတော့။
နွေရာသီမှာ လိပ်တွေက တွင်းအောင်းနေကြတာကိုး။ ချောင်းထဲ၊ မြောင်းထဲထွက်ပြီး အစာ မစားကြတော့ဘူး။ အိုင်စပ်၊ အင်းစပ်၊ ချောင်းဦးတို့အစပ် ရေနဲ့နီး တဲ့ မြေမွမွတွေထဲမှာ ဝပ်ပြီး နွေခိုကြတာပေါ့ကွာ။
အဲဒီလို ကျင်းဝပ်တယ်ဆိုပေမဲ့လဲ တစ်တောင် နှစ် တောင်အနက်မှာ မဟုတ်ဘူးကွ။ မသကာ တစ်မိုက်၊ တစ်ထွာလောက် အနက်မှာပဲ အသာလေးငြိမ်ပြီး နေ ကြတာ။ ကြည့်တတ်တဲ့ လိပ်ဖမ်းသမားတွေဆိုရင် တန်းသိတာပဲဟေ့”
“ဟုတ်မယ်အဘရေ… ကျုံပတုတ် အနောက်ဘက်က ကျူတော၊ ကိုင်းတောကြီးတွေ ရှင်းပြီး လယ်ယာမြေတွေ ဖော်ထုတ်ရေးလုပ်တုန်းက လယ်ထွန်စက်တွေနဲ့ ထွန်လိုက်တာ။ ရလိုက်တဲ့လိပ်တွေမှ အများကြီးပဲ”
ကိုတင်အုံးက ထောက်ခံလိုက်သည်။
“အဲဒီလို အစာမစားတော့ဘဲ တွင်းအောင်းနေခဲ့တာ မိုးကုန်ကတည်းကဆိုတော့ အခုလို နွေခေါင်ခေါင်လတွေမှာ အခွံသာကြီးပေမဲ့ အထဲကအသားကျတော့ သိပ်မရှိဘူးကွ။ မင်းတို့ဖမ်းလာတဲ့ ဇင်းရှောကြီးကိုသာ ကြည့်ပေတော့ဟေ့”
“ဒီကောင်ကြောင့် ကျွန်တော် ရှုံးတာပေါ့အဘရာ။ ဟင်းအိုးသာ ကျက်စမ်းပါစေ။ အဝကို စားပစ်လိုက် မယ်။ ဟဲ…ဟဲ”
စိန်ကုလားက ပြောလျှင် အားလုံးက သဘောကျစွာ ဝိုင်းရယ်ကြလေ၏။
“မိုးတွင်းခါကျတော့ အစာရေစာကလဲပေါ၊ ကူးစရာခပ်စရာ လယ်ကွင်းတွေ၊ ရိုးတွေ၊ အိုင်တွေကလဲ ရေအပြည့်နဲ့ဆိုတော့ လိပ်တွေမြူးတဲ့ ရာသီပေါ့လေ။ အဲဒါကြောင့် မိုးတွင်းမှာရတဲ့ လိပ်တွေက အသားများကြတယ်။ ဝဖြိုးကြတယ်ပေါ့ကွာ”
“တွေ့ကြသေးတာပေါ့ကွာ။ လာမဲ့ မိုးတွင်းကျရင် ကွမ်းသီးချောင်းဖျားဘက် တက်ပြီး ဖမ်းကို ဖမ်းအုံးမယ်”
စိန်ကုလားက ဝင်ပြောလိုက်ပြန်သည်။
“နေစမ်းပါ ဟေ့ကောင်ရာ။ စကားကောင်းနေတုန်း ဝင်မရှုပ်နဲ့ကွာ”
ကိုရွှေဖောင်က စိန်ကုလားကို ဟောက်၏။
“အဲ… ဆောင်းဦးပေါက်လာပြီဆိုရင် ရလာတဲ့လိပ်တွေဟာ ချက်စားရင် တအားဆူမှ ဆူပဲဟေ့။ မချက်ခင် ကိုင်နေတုန်းမှာကို ဝမ်းထဲမှာ အဆီတွေဟာ အများကြီးပဲကွ။
ဘယ်လိုကြောင့် ဆူသလဲဆိုတော့ မိုးကုန်ခါနီးမှာ လိပ်တွေက သူတို့ သဘာဝအသိနဲ့ ကျင်းယက်ရ၊ နွေ ခိုကြရတော့မှာဆိုတော့ အစားအစာတွေ တဝတပြဲစားထားကြတာဆိုတော့ မိုးလဲကုန် ကျင်းလဲခိုဆို တော့ အသွားအလာ အလှုပ်အရှား မရှိဘူးမဟုတ်လား။ အဲဒီတော့ တစ်မိုး စားသမျှဟာ ကျင်းဝပ်ရင်း အဆီဖြစ်တော့တာပေါ့ကွာ။
ဒါကြောင့် ဆောင်းကျရင် လိပ်ဆူလို့ စကားကို ထားခဲ့ကြတာပေါ့”
ပြောရင်း မောသွားသဖြင့် ဦးတောကျော်က ရေနွေးကြမ်းကို သောက်သည်။
“အင်း… တွေးကြည့်ရင် လိပ်တွေနဲ့ ငါတို့ တံငါကပ်ပါးတွေရဲ့ဘဝနဲ့က တူတယ်ကွ”
ဦးတောကျော်က ပြောလက်စ စကားကိုရပ်၍ ဆေးပေါ့လိပ်ကို တစ်ချက်ဖွာသည်။ ပြီးလျှင် ဟိုးအဝေး မြစ်ပြင်ကျယ်ဆီသို့ လှမ်း၍ ငေးနေသည်။
မြစ်ကမ်းစပ်ရှိ ဓနိပင်တန်းများသည် လေတိုက်ရာဘက်သို့ ယိမ်းငိုက်၍ ပါသွားလိုက်၊ ပြန်၍ ထောင်မတ်လာလိုက်နှင့် နားခိုစရာ ခက်နေသော ငှက်ကလေးတွေက အတောင်ပံများ ဖြန့်ကာ ဝဲကာ ဆူညံစွာ အသံပေးလျက်ရှိသည်။
နားထောင်နေသော အဖွဲ့ထဲ မှ ဖိုးနီက
“ဘယ်လို အဖေ… ဘယ်လို၊ လိပ်တွေနဲ့ ကျွန်တော်တို့နဲ့ ဘဝတူတယ် ဟုတ်လား”
ဟု အံ့သြစွာ မေးလိုက်သည်။
“အေး… ဟုတ်တယ်။ ရာသီကိုလိုက်ပြီး ပိန်လိုက်၊ ဝလိုက်၊ ဆူ ဖြိုးလိုက် ဖြစ်နေရတဲ့ လိပ်တွေရဲ့ဘဝ ဟာ ငါတို့လို အရင်းအနှီးမရှိတဲ့ ကပ်ပါးတံငါတွေရဲ့ဘဝနဲ့ အတော့်ကို တူတာပေါ့ကွာ။
မင်းတို့ စဉ်းစား ကြည့်စမ်း။ မိုးတွင်းအခါမှာ ချောင်း ရေကလျှံ၊ ကန်ရေကတိုးနဲ့ ပေါလိုက်တဲ့ ငါးတွေ၊ ပုစွန်တွေ။
ချောင်းထဲ မြောင်းထဲမှာ ရှာရှာ၊ လယ်ကွင်း၊ လယ်ကွက်ထဲမှာပဲ ဆင်းနှိုက်နှိုက် တနင့်တပိုး ရကြတာပဲမဟုတ်လား။
တံငါဆိုတာ ငါး၊ ပုစွန်ပေါမှ ရှာလို့ဖွေလို့ရမှ စားဝတ်နေရေး အဆင်ပြေတာမဟုတ်လား။ မိုးတွင်းကာလတွေမှာ တံငါတွေ ဝဝလင်လင် စားရတဲ့ကာလလို့ ငါပြောချင်တာပါ”
ဦးတောကျော်၏စကားကို စိတ်ဝင်စားစွာ ငြိမ်၍နားထောင်နေကြသည်။
“ဟော… ဆောင်းကာလမှာ ဆိုရင်လဲ ကြည့်လေ။ သီတင်းကျွတ်ပြီးလို့ “ကျမ” ဆွဲသွားပြီး အောက်ရေ ဆုတ်သွားပြီလားဆိုမှဖြင့် ငါးမြွေထိုးပိုက်ပဲ ဆွဲဆွဲ၊ ငါးသလောက်ပိုက်ပဲ မျှောမျှော၊ ကွန်ပဲပစ်ပစ် နောက်ဆုံး ချုံချပြီး ဖော်ရောင်းအုံးမလား။ စားဖို့သောက်ဖို့အပြင် လှူဖို့တန်းဖို့ပါ စုနိုင်ဆောင်းနိုင်သေး တော့ တံငါတွေ ဆူဖြိုးတဲ့ကာလ ဖြစ်ပြန်ရောကွ”
လိပ်သားဟင်းအိုးကြီးဆီမှ တဖျစ်ဖျစ်ဆီပြန်လာသံနှင့်အတူ စပါးလင်နံ့၊ ချင်းနံ့တို့သည် လိပ်သားရနံ့နှင့်ရောလျက် မွှေးကြိုင်လာနေသည်။
“ရွှေဖောင်ရေ … မီးနည်းနည်းလျှော့ဟေ့။ ဆီပြန်လာပြီကွ”
ဦးတောကျော်က လှမ်းပြောရင်း …
“အခုလို နွေခေါင်ခေါင်ကာလများ ရောက်ပြီဆိုမှဖြင့် ရွာနား၊ အိမ်နားက လယ်ကွင်းတွေ၊ ရိုးချောင်းတွေလဲ ရေခန်းပြီ။ ချောင်းတွေ မြောင်းတွေမှာလဲ ရေနည်းပြီ။
ရောင်းချစားဖို့ မပြောနဲ့၊ ဟင်းစားတောင် မရနိုင် တော့လို့ အခုလို မင်းတို့၊ ငါတို့ အဝေးကိုထွက်လာပြီး ရှာရဖွေရတယ် မဟုတ်လား”
“အဝေးကိုလာရကျိုးလဲ မနပ်ပါဘူး အဘရာ။ အခု ကျွန်တော်တို့ ထွက်လာတာ နှစ်လတောင် ကျော်ခဲ့ပြီပဲ။ ဟုတ်ဟုတ်ဟတ်ဟတ် မစုမိသေးပါဘူးဗျ”
အောင်ရှိန်းက ဝင်ပြောသည်။
“အေး.. ဟုတ်တယ်။ ရှိသမျှ ချောင်းတွေမှာလဲ ငါး၊ ပုစွန် အထိအမိများတဲ့ နေရာမှန်သမျှ ဂရန်နဲ့ လေလံဆွဲဝယ်ထားတဲ့ ချောင်းတွေ ဖြစ်နေကြတော့ ငါတို့ ဝင်ပြီး ရှာလို့မရတော့ဘူး။ ငါတို့လို အရင်းအနှီးမရှိတဲ့ ကပ်ပါးတံငါတွေမှာ အင်း ချောင်းလဲ မဝယ်နိုင်တော့ လူအများစု ဘုံရှာဖွေစားရတဲ့ နေရာတွေမှာပဲ ရှာကြရတော့တာပေါ့။
အဲဒီလို ဘုံပိုင်ချောင်းတွေကျပြန်တော့လဲ ဖွတ်ဖွတ်ကြေအောင် ရှာကြဖွေကြတဲ့ ဘဝတူတွေက များတော့ ဟင်းစားတောင် အနိုင်နိုင်မဟုတ်လား။
အဲဒါကြောင့် နွေမှာ တံငါတွေအဖို့ စိတ်လဲပိန်၊ လူလဲပိန် ဖြစ်နေလို့ နွေပိန် မိုးဝ ဆောင်းဆူဆိုတဲ့ လိပ်တွေအတွက် ရှေးလူကြီးတွေ ထားခဲ့တဲ့စကားဟာ ငါတို့ ကပ်ပါးတံငါတွေအတွက်လဲ လာပြီး မမှန်ပေဘူးလား။
အဲဒါကြောင့် လိပ်က ငါတို့နဲ့ တူတယ်လို့ ပြောတာဟေ့။ ရှင်းပြီလား”
“အဘပြောတာလဲ ဟုတ်တုတ်တုတ်ပဲ”
ဟု ကိုရွှေဖောင်က ခေါင်းတညိတ်ညိတ်နှင့် သဘောကျစွာ ထောက်ခံနေသည်။
ထိုအခိုက် တစ်ချိန်လုံးငြိမ်၍ နားထောင်နေသော စိန်ကုလားက
“ဒီမှာ အဘ… ဘာမှ ပူမနေနဲ့။ တစ်ချိန်လုံး နွေချည်း တော့ ဖြစ်မနေပါဘူးဗျာ။ ဟော… အခုလို နွေပြီးရင် မိုးလာမယ်။ မိုးကျရင် ကျွန်တော်တို့ ဝမယ်လေ။
မိုးပြီးပြန်တော့ ဆောင်းရောက်မယ်။ ဆောင်းကျရင် ကျွန်တော်တို့ ဆူဆူဖြိုးဖြိုး ရှိလာအုံးမှာပေါ့ အဘရဲ့။ နွေကလေးတစ်ချိန် ပိန်ရုံနဲ့တော့ စိတ်ပျက်စရာ မရှိပါဘူး။
ဟင်းအိုးလဲ ဆီပြန်ပြီ။ လာ…ထမင်းစားကြမယ်။ ဘာပဲပြောပြော လောလောဆယ်မှာ ဗိုက်ဝဖို့ကအရေးကြီးဆုံးပဲ”
“စိန်ကုလားပြောတာ မှန်တယ်ဟေ့။ လာကြ…ထမင်းစားကြမယ်ဟေ့”
ကိုရွှေဖောင်က အော်ခေါ်လိုက်သည်။
ဟုတ်သည်။ လောလောဆယ်အချိန်မှာ ထမင်းဝအောင်စားဖို့က သူတို့အတွက် အရေးကြီးပါ၏။
ဆီပြန်ချက်ထားသော လိပ်သားဟင်းရနံ့က နှာခေါင်းဝကို လာ၍ ချူနေပြီ။ ။
ငွေတာရီမဂ္ဂဇင်း၊ ၂၀၁၆
– ပြီး –
စာရေးသူ – မောင်ခြိမ့်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ