မောင်နေခြည်(ပြည်)
လိပ်ဖိုးသင်း
ကျွန်တော်တို့ ပျံကျလမ်း၏ အရှေ့ဘက်ဆုံးမှ စတင်ရေတွက်လျှင် ခုနစ်လုံးမြောက်အိမ်သည် လိပ်ဖိုးသင်းတို့အိမ် ဖြစ်၏။ လိပ်ဖိုးသင်း၏အိမ်သည် မြေကြီးမှ လှေကားသုံးထစ်သာမြင့်ပြီး အမိုးမှာ ကြံရွက်သက်ငယ်များကို လိပ်ခုံးပုံ မိုးထား၏။ တိုင်များမှာ ဝါးပိုးဝါးကို တိုင်အဖြစ် သုံးထားခြင်းဖြစ်၏။
သူတို့အိမ်ရှေ့တွင် ကွပ်ပျစ်လေးထိုးထားသည့် ခရေပင်ကြီးတစ်ပင်ရှိပြီး အားလပ်သည့်အချိန်များတွင် လိပ်ဖိုးသင်းသည် ထိုခရေပင်အောက်ရှိ ကွပ်ပျစ်လေးပေါ်တွင် အေးအေးလူလူထိုင်ကာ စာဖတ်နေလေ့ရှိ၏။
လိပ်ဖိုးသင်းသည် ထိုကွပ်ပျစ်ဘေးရှိမီးဖိုတွင် ရေနွေးအိုးကို မပြတ်တမ်းကျိုထားလေ့ရှိပြီး လမ်းသွားလမ်းလာများအား စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် …
“လာဗျို့ … ရေနွေးသောက်သွားပါအုံး”
ဟု ခေါ်ယူလျက် ရေနွေး အမြည်းကို တကူးတကလုပ်ကာ ဧည့်ခံတတ်၏။ သူ၏ ဧည့်ခံကောင်းမှုကြောင့် သူ့ကွပ်ပျစ်ကလေးသည် လမ်းသွားလမ်းလာများ၊ ဧည့်သည်များ၊ အိမ်နီးနားချင်းများ၊ အိမ်ကမိန်းမနှင့် ရန်ဖြစ်လာသူများ စသည်ဖြင့် စိတ်ထွက်ပေါက်မရှိဘဲ ပိတ်လှောင်မိနေသူတို့အဖို့ တဒင်္ဂစိတ်ပျော်ရသော ဂေဟာလေးတစ်ခု ဖြစ်၍နေလေသည်။
တကယ်တမ်းပြောရလျှင် လိပ်ဖိုးသင်း၏ အမည်ရင်းမှာ ဖိုးသင်းဖြစ်၏။ သို့သော် သူ့အိမ်သည် လိပ်ခုံးပုံသဏ္ဌာန်အမိုးရှိခြင်း၊သူကိုယ်တိုင်ကလည်း လိပ်ကလေးတစ်ကောင်လို ကုန်းကုန်းကွကွ ပုံပန်းသဏ္ဌာန်ရှိခြင်း၊ သွားလာလှုပ်ရှားရာ၌လည်း လိပ်တစ်ကောင် လို နှေးနှေးကွေးကွေး လှုပ်ရှားတတ်ခြင်း၊ လှုပ်ရှားမှုနှေးသလောက် အလုပ်တစ်ခုကို လုပ်ပြီဆိုလျှင် မရ မနေ ဇွဲရှိရှိဖြင့် လုပ်ကိုင်တတ်ခြင်းနှင့် လိပ်ဘက်ဆိုင်ရာဗဟုသုတ၊ လိပ်ရှာဖွေရေးဘက်တွင် သူမတူ အောင် ကျွမ်းကျင်မှုရှိခြင်းတို့ကြောင့် သူ့အား လိပ်ဖိုးသင်းဟု ခေါ်ခြင်းမှာ အလွန်ပင် နေရာကျ သည်ဟု ဆိုရပေမည်။
ငါးရှဉ့်ဝိဇ္ဇာ ကိုညှက်သေးသည်လည်းကောင်း၊ ပျားဖွပ်သမား ကိုလေထွားသည်လည်းကောင်း အိမ်ကမိန်းမနှင့် စကားများရန်ဖြစ်လာလျှင် လိပ်ဖိုးသင်း ၏ ကွပ်ပျစ်ကလေးသို့ မကြာမကြာ ရောက်လာတတ်၏။ ထိုသို့ရောက်လာတိုင်းလည်း လိပ်ဖိုးသင်းက
“လင်နဲ့မယား လျှာနဲ့သွားပဲကွာ၊ ရန်ဖြစ်တာမဆန်းပါဘူး။ ငါ့ကွပ်ပျစ်ကိုရောက်ရင် အားလုံးကိုမေ့ထားလိုက်။ ဟောဒီမှာ ရေနွေးသောက်၊ ဟောဒီမှာ ထန်းလျက်စား။ လောကကြီးက နေတတ်ရင် ကျေနပ်စရာပါကွာ။ အဖော်ပါရင် ပျော်စရာပါ ငါ့လူတို့ ရာ”
ဟု ဆိုကာ သူကိုယ်တိုင်က အရင်စ၍ ရေနွေးကိုသောက်လေ၏။ ထန်းလျက်ကို စားလေ၏။
နွေရာသီ၏ တစ်ခုသော နံနက်ခင်းတွင် ကျွန်တော်သည် ချစ်သူကောင်မလေး ချယ်ရီလွင်နှင့် ကတောက်ကဆတ် စကားများပြီး စိတ်ပျက်လက်ပျက်ဖြစ်ကာ ကိုညှက်သေးအိမ်သို့သွားလျက် ရင်ဖွင့်၏။ ထိုအခါ ကိုညှက်သေးက …
“ကျုပ်လဲ အိမ်ကဟာမကြီး လက်မရွံ့သက်ညွန့်နဲ့ အခုလေးတင် နပန်းလုံးပြီးတာဗျ။ တော်တော်ဆိုးတဲ့ကောင်မဗျာ။ ကျုပ်က ကလေးတွေမျက်နှာ ထောက်နေလို့၊ နို့မို့ဆို ဒီကောင်မကို ကွာပစ်တာ ကြာပြီ”
“ကိုညှက်သေးရာ … ခင်ဗျား ပြောလိုက်ရင် ဒီမိန်းမ မကောင်းဘူး၊ ကွာမယ်ဆိုတာချည်းပဲ။ ဒီလိုနဲ့ ခင်ဗျားတို့မှာ ကလေးတောင် ငါးယောက်ရနေပြီ”
ကျွန်တော်က ထိုသို့ ပြောသောအခါ ကိုညှက်သေးက သူ၏ အသံသေးသေးလေးဖြင့် သဘောကျစွာ ရယ်နေ၏။
“နေပါအုံး … ခင်ဗျားကလဲ ယောက်ျားလုပ်နေပြီး မိန်းမကိုတောင် မနိုင်ဘူးလား”
“ဟာ … ဆရာကိုသူတော်ကလဲ၊ ဗလချင်းပဲ ယှဉ်ကြည့်ပါအုံး။ ဒီလိုဗျ … သူက လူချင်းပူးပြီး ကျုပ်ကို ခြေကလိမ်ချိတ်ပြီး လှဲတယ်ဗျာ။ နောက်ပြီး အပေါ်ကနေ တက်ခွပြီး လည်စိညှစ်တယ်ဗျာ။ တော် တော်ဆိုးတဲ့ မိန်းမဗျာ။ တစ်နေ့နေ့တော့ ညှက်သေး ဘာကောင်လဲဆိုတာ ပြရအုံးမယ်။ ကြည့်စမ်းပါအုံးဗျ။ ကျုပ် ကျောကုန်းတွေ ပေါက်ပြဲကုန်ပြီလား မသိဘူး”
ဟု ဆိုကာ အင်္ကျီကိုလှန်ကာ သူ့ကျောကုန်းကို ပြ၏။
“ဒဏ်ရာက သိပ်မရှိပါဘူး ကိုညှက်သေးရဲ့။ ပွန်းရုံပဲ့ရုံလောက်ပါ။ အခု ခင်ဗျားမိန်းမ ဘယ်သွားတုံး”
“ဈေးထဲကို ငါးရှဉ့်ရောင်း သွားပြီလေဗျာ”
“ဘယ်လိုလဲ၊ ငါးရှဉ့် အဝင်နည်းတယ် ထင်တယ်”
“အမှန်ပေါ့ဗျာ၊ ငါးရှဉ့် အဝင်နည်းရင် ကျုပ်ကို ပြဿနာရှာတော့တာပဲ။ ဒီမိန်းမနဲ့တော့ မလွယ်ပါဘူး။ ကိုသူတော်ရေ … မိန်းမတော့ ကြည့်ယူဗျာ။ ကြားလား … အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင် ရည်စုတ်ထိုးတဲ့။
အိမ်ထောင်ပြုမှားရင် တစ်သက်လုံး စိတ်ဆင်းရဲရ တယ်။ ကိုင်း… လာဗျာ၊ ဒီမှာနေရတာ စိတ်ကျဉ်းကျပ်တယ်။ လိပ်ဖိုးသင်းကွပ်ပျစ်ကို သွားရအောင်”
ထိုနေ့က ကိုညှက်သေးက ထိုသို့ ခေါ်သဖြင့် ထိုကွပ်ပျစ်သို့ ကျွန်တော်တို့နှစ်ယောက် ရောက်သွားဖြစ်ခဲ့၏။ ရောက်လျှင် ရောက်ချင်းပင် လိပ်ဖိုးသင်းက –
“ဘာမှမပူနဲ့ သူတော်၊ ကိုညှက်သေးလဲ ဘာမှမပူနဲ့။ ပူတာက ယောက်ျားတွေအလုပ် မဟုတ်ဘူး၊ မိန်းကလေးတွေအလုပ်။ မိန်းကလေးတွေဆိုတာ ဒီလိုပဲ။ သူတို့ကိုချစ်လို့ အလိုလိုက်မှန်း မသိဘူး။ အလျှော့ပေးရင် ကြောက်တယ်လို့ အောက်မေ့နေတာ”
ဟု ဆိုကာ ရေနွေးပူပူကို မှုတ်သောက်၏။ ထန်း လျက်မာမာကို ခွပ်ခနဲ ကိုက်စား၏။ ကျွန်တော်တို့ကိုလည်း စားရန်ပြော၏။
“ဒါထက် ခင်ဗျား ဒီနေ့ လိပ်ရှာမသွားဘူးလား”
ကျွန်တော်က ထိုသို့ မေးလိုက်သောအခါ လိပ်ဖိုးသင်းက-
“သွားမလို့ပဲဗျ။ ခင်ဗျားတို့ ရောက်လာတာနဲ့ မသွားသေးတာ”
ဟု ဆို၏။ ထိုအခါ ကိုညှက်သေးက –
“ဒါဖြင့် သွားကြမယ်ဗျာ။ ကိုသူတော်လဲ လိုက်ခဲ့၊ ကျုပ်လဲ လိုက်ခဲ့မယ်”
ဟု ဆို၏။
ထို့နောက် ကျွန်တော်တို့သုံးယောက်သည် လိပ်ရှာသည့် ကိရိယာတန်ဆာပလာများကိုယူကာ လိပ်ဖိုးသင်းနှင့်အတူ ရွာ၏ မြောက်ဘက် သုံးမိုင်ခန့်ဝေးသော သစ်ရာပင်ကြောသို့ ထွက်လာခဲ့ကြလေသည်။
xxx xxx xxx
တစ်ချိန်က ဧရာမသစ်ရာပင်ကြီးတစ်ပင် ရှိသောကြောင့် သစ်ရာပင်ကြောဟု နာမည်တွင်ခဲ့သော် လည်း ယခုအခါတွင်တော့မူ သစ်ရာပင်ကြီး၏ အငုတ်ပင် မကျန်တော့ချေ။ သစ်တော၊ သစ်ပင်ဟူ၍ အနည်းအပါးသာရှိပြီး ချုံပင်လေးများ၊ အင်ပင်ပုပုလေးများ၊ ကိုင်းတောများသာလျှင် ကျန်တော့၏။
လိပ်ဖိုးသင်းသည် ကျွန်တော်တို့နှင့် ကိုက် ၅၀ ခန့်ဝေးသော တောမီးလောင်ထားသည့် နေရာသို့ လှမ်းကြည့်လိုက်ပြီးလျှင်-
“ကိုင်း … ကိုသူတော်ရေ၊ ဟောဟိုအင်ပင်ကိုင်းကိုင်းလေးကို မြင်တယ်မဟုတ်လား”
ဟု ဆိုကာ တောမီးလောင်ထားသော ကိုင်းတောတစ်နေရာရှိ အောက်ခြေ မီးမြှိုက်ထားသော အင်ပင်ကိုင်းကိုင်းလေးကို ပြ၏။
“အင်း… မြင်တယ်လေဗျာ”
“ရော့… ဟောဒီပေါက်ပြားနဲ့ အိတ်ကိုယူသွား။ အဲဒီအပင်ရဲ့ အရှေ့ဘက် တစ်ပေလောက်မှာ လိပ်တစ်ကောင်ရှိတယ်။ သွားကောက်ချေ”
“အလို … ခင်ဗျားဟာက ဟုတ်ကော ဟုတ်လို့လားဗျာ”
“ကျုပ်က မပိုင်ရင် မပြောဘူး ကိုသူတော်ရဲ့။ ပေါက်ပြားနဲ့ မပေါက်နဲ့နော်။ မြေကြီးအောက် လက်တစ် လုံးလောက်ကလေးပဲ နက်တာ။ ပေါက်ပြားနဲ့ အသာလေးယက်ကြည့်ရုံနဲ့ တွေ့လိမ့်မယ်”
ထိုအခါ ကိုညှက်သေးက “ဟာ … ပိုင်လှချေလားဗျ”ဟု ဆို၏။
ကျွန်တော်သည် သူလှမ်းပေးသော ပေါက်ပြားကိုယူကာ အင်ပင်ကိုင်းကိုင်းလေးဆီသို့ တန်းတန်းမတ်မတ်သွားပြီး အပင်အရှေ့ဘက် တစ်ပေခန့်အကွာသို့ ပေါက်ပြားဖြင့် အသာလေး ယက်ကြည့်ရာ လိပ်ကြီးတစ်ကောင် ဘွားခနဲ ပေါ်လာလေတော့၏။ ကျွန်တော်သည် လိပ်ကို ကောက်ယူ၍ အိတ်ထဲသို့ထည့်ကာ သူတို့ထံသို့ ပြန်လာခဲ့၏။
“ခင်ဗျား အဝေးကနေပြီး အဲဒီနေရာမှာ လိပ်ရှိမှန်း ဘယ်လိုလုပ် သိတုံး”
ကိုညှက်သေးက ထိုသို့ စပ်စု၏။
“လိပ်က မြေကြီးထဲမှာ ယက်ပြီး ဝပ်နေပေမဲ့ သူ့နှာခေါင်းက အသက်ရှူထုတ်လိုက်တော့ ပြာမှုန်လေးတွေ ထောင်းခနဲ ထောင်းခနဲ မြင်ရတယ်လေဗျာ”
“ကျွန်တော်တို့လဲ ကြည့်နေတာပဲ၊ မမြင်ပါဘူး”
ကျွန်တော်က ထိုသို့ ပြောလိုက်သောအခါ လိပ်ဖိုးသင်းက-
“ကြည့်တတ်မှမြင်မှာပေါ့ ကိုသူတော်ရဲ့။ အလေ့အကျင့်ရှိရင် မြင်ရပါတယ်ဗျာ”
ဟု ဆိုလေသည်။
ကျွန်တော်တို့သည် ထိုနေ့က ထိုကုန်းပေါ်မှ လိပ်သုံးကောင်ရ၏။
အပြန်တွင် ရေဆာသဖြင့် ချောင်းဘက်မှလှည့်၍ပြန်လာရာ ချောင်းကမ်းပါး နုန်းမြေပျော့ပျော့နားသို့ အရောက်တွင် လိပ်ဖိုးသင်းက
“ခဏနေကြအုံးဗျို့”
ဟု ဆိုသဖြင့် ကျွန်တော်နှင့် ကိုညှက်သေးတို့လည်း လှမ်းလက်စခြေလှမ်းကို ရပ်လိုက်ရ၏။
လိပ်ဖိုးသင်းသည် နုန်းနှစ်ပျော့ပျော့ထဲတွင် ထင်ကျန်ရစ်သော ခြေရာလေးများကိုကြည့်၍
“လိပ်ဗျ … ဟောဟိုကမ်းပါးစပ်မှာ ခြေရာပျောက်သွားတယ်။ ကိုင်း … ကိုညှက်သေး၊ ဟောဟို မြက်ဖုတ်အောက်ကို သွားကြည့်စမ်းဗျာ။ ရော့ … ဟောဒီမှာ အိတ် ယူသွား”
လိပ်ဖိုးသင်းက ထိုသို့ပြောသဖြင့် ကိုညှက်သေးသည် ချောင်းကမ်းပါးတစ်နေရာရှိ မြက်ဖုတ်နားသို့ သွားကြည့်၏။
“ဟာ … ဟုတ်တယ်ဗျို့၊ လိပ်ကြီးဗျ”
ကိုညှက်သေးက ထိုသို့ပြောကာ လိပ်ကိုကောက်၍ လွယ်အိတ်ထဲသို့ထည့်ကာ ကျွန်တော်တို့ဆီသို့ ပြန်လာ၏။ ထို့နောက် ကိုညှက်သေးက …
“ဒီလိပ်က စောစောကရတဲ့ လိပ်သုံးကောင်နဲ့ မတူပါလားဗျ”
ဟု မေး၏။
“ဘယ်တူမလဲ ကိုညှက်သေးရဲ့။ စောစောက ရတာက ကုန်းလိပ်တွေလေ။ အခုရတာက ရေလိပ်။ ဒီတော့ မတူဘူးပေါ့”
“လိပ်မှာ ကုန်းလိပ်၊ ရေလိပ်ဆိုပြီး နှစ်မျိုးရှိသလား”
ကျွန်တော်က မေးလိုက်သောအခါ လိပ်ဖိုးသင်းက –
“အမှန်ကတော့ လိပ်ဆိုတာ ရေထဲမှာလဲ နေတယ်၊ ကုန်းပေါ်မှာလဲ နေတယ်။ ကုန်းနေ ရေနေ သတ္တဝါပေါ့ ကိုသူတော်ရဲ့။ ဒါပေမဲ့ ကုန်းပေါ်မှာပဲ အနေများလို့ ကုန်းလိပ်ခေါ်တယ်။ ရေထဲမှ အနေများရင် ရေလိပ်ခေါ်တယ်။ သူတို့နေတဲ့ နေရာကိုလိုက်ပြီး အမူ အကျင့်တို့၊ ပုံသဏ္ဌာန်တို့ ကွဲပြားတယ်ဗျ။ အဲဒီလိုပဲ စားတဲ့ အစားအစာတွေလဲ မတူဘူး။
ကုန်းလိပ်က နေ့ခင်းပိုင်းမှာဆို စောစောက ကျုပ်တို့တွေ့ခဲ့တဲ့ လိပ်တွေလို မြေကြီးအောက်နားလေးမှာ ကျင်းယက်ပြီး နေကြတယ်။ ညကျမှ ကျင်းထဲကနေထွက်လာပြီး တရွေ့ရွေ့ အစာရှာထွက်တာ။ သူတို့စားတဲ့ အစာတွေက မြက်ပင်လေးတွေ၊ ချုံပင်နိမ့်နိမ့်လေးတွေ၊ နွယ်ပင်လေးတွေပေါ့ဗျာ။
ရေလိပ်ကတော့ ခရုပေါက်စလေးတွေ၊ ဖားပေါက်စ လေးတွေ၊ ငါးလေးတွေ၊ ပုစွန်လေးတွေ၊ ရေညှိရေမှော်လေးတွေကို စားတယ်။ တကယ်တော့ သူတို့မှာ သွားမရှိဘူးဗျ။ သွားအစား အရိုးလိုမာကျောတဲ့ နှုတ်ခမ်းလေးတွေပဲ ပါတယ်။ အဲဒါလေးတွေနဲ့ ကိုက် စားကြတာ”
ဟု ရှင်းပြ၏။
“ကုန်းလိပ်နဲ့ ရေလိပ်ကို အကောင်မြင်ရုံနဲ့ ခွဲခြားလို့ရလား”
ကိုညှက်သေးက ဆေးလိပ်ဖွာရင်း မေး၏။
“ခွဲရတာ လွယ်ပါတယ်။ ကုန်းလိပ်က ရှေ့လက်နဲ့ နောက်ခြေတွေမှာ အကြေးခွံတွေ ဖုံးအုပ်ထားတယ်။ ခြေထောက်တွေကလဲ တုတ်တုတ်ခိုင်ခိုင်နဲ့ ဆင်ခြေ ထောက်လိုမျိုး။
ရေလိပ်ကတော့ ခြေထောက်တွေ လက်တွေမှာ အကြေးခွံမပါဘူး။ ခြေချောင်းလေးတွေကို တစ်ချောင်းနဲ့တစ်ချောင်း ဆက်သွယ်ထားတဲ့ ဘဲခြေထောက်လိုမျိုး ရေယက်လေးတွေပါတယ်။ ဒါပေမဲ့ ကုန်းလိပ်ဖြစ်ဖြစ်၊ ရေလိပ်ဖြစ်ဖြစ်၊ ပင်လယ်လိပ်ဖြစ်ဖြစ် ဥ ဥရင်တော့ ကုန်းပေါ်ကိုပဲတက်ပြီး ဥကြတာပါပဲ”
ထို့နောက် သူက ဆက်၍…
“သဘာဝတရားက တော်တော်ဆန်းကြယ်တယ် ကိုသူတော်ရဲ့။ ဘယ်သတ္တဝါကိုမဆို များသောအားဖြင့် ရန်သူကို ခုခံဖို့ လက်နက်တစ်ခုစီတော့ ပေးထား ကြတယ်။ ဆင်ဆိုရင် နှာမောင်းရှိတယ်၊ အစွယ်ရှိတယ်။ ကျားတို့၊ ခွေးတို့၊ ကြောင်တို့ဆိုရင် အစွယ်ရှိတယ်။ သမင်ဆိုရင် ချိုရှိတယ်။ ပျားဆိုရင် အဆိပ်ဆူးရှိတယ်။ ယုန်မှာတော့ ဘာလက်နက်မှ မရှိဘူး။ ဒါကြောင့် ရန်သူလာရင် အဝေးကနေ ကြားနိုင်အောင် သူ့နားရွက်ကို ကြီးအောင် ဖန်တီးပေးထားတယ်။ အပြေးသန်အောင်လဲ ဖန်တီးပေးထားတယ်”
ထိုအခါ ကိုညှက်သေးက-
“ကျုပ်ထောင်နေတဲ့ ငါးရှဉ့်ကျတော့ ဘာလက်နက်မှမပါပါလားဗျ” တဲ့။
“ဟုတ်တယ်၊ ဒါကြောင့် သူလဲ စောစောကပြောတဲ့ ယုန်လိုပဲ။ ရန်သူလာရင် နုန်းထဲကိုတိုးပြီး ပုန်းနိုင်အောင် နှုတ်သီးကို ချွန်ပေးထားတယ်။ ကိုယ်လုံးကို သေးသေးရှည်ရှည် လုပ်ပေးထားတယ်။ တော်ရုံတန်ရုံနဲ့ ဖမ်းဖို့မလွယ်အောင် အရေခွံကို ချွဲကျိကျိအရည်တွေနဲ့ ဖန်တီးပေးထားတယ်”
“ဒါဖြင့် လိပ်ကကောဗျာ”
ကျွန်တော်က မေးလိုက်တော့ လိပ်ဖိုးသင်းက-
“ဟုတ်တယ်၊ လိပ်မှာလဲ ဘာလက်နက်မှမပါတော့ ရန်သူလာရင် ပုန်းခိုစရာ အခွံမာကြီးကို ဖန်တီးပေးထားတယ်။ ရန်သူလာပြီဆိုရင် လိပ်က သူ့အခွံမာကြီးထဲမှာ ဝင်ပုန်းနေလိုက်တယ်။ ဒီတော့ ရန်သူတွေလဲ ဘာလုပ်ရမှန်း မသိဘဲ စိတ်ပျက်ပြီး ထွက်သွား ရော။ ဒါပေမဲ့ ကျားသစ်တို့၊ တောကြောင်တို့ကတော့ ပါးသဗျ။ လိပ်ကို ပက်လက်လန်အောင်လုပ်ပြီး ခေါင်းအပေါက်နဲ့ အမြီးဝင်တဲ့ အပေါက်ကနေ လက်နဲ့ကုတ်ခြစ်ပြီး အတွင်းက အသားကို စားတတ်ကြတယ်။
သာမန်အားဖြင့်ကြည့်ရင် လိပ်တွေက သဘောကောင်းကြပါတယ်။ ဒါပေမဲ့ တစ်ခါတလေ သူတို့အချင်းချင်း တိုက်ခိုက်တာတွေ ရှိတတ်တယ်ဗျ။ ကျုပ်ဆိုရင် လိပ်ချင်းတိုက်ခိုက်တာ တစ်ခါ တွေ့ဖူးတယ်။
ကျုပ်လဲ ကိုင်းတောစပ်က တခွပ်ခွပ်နဲ့ ဘာသံပါလိမ့် ဆိုပြီး အနားကို သွားချောင်းကြည့်လိုက်တော့ လား … လား … ကုန်းလိပ်အထီးနှစ်ကောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာကို တွေ့ရတယ်ဗျို့။ စောစောက တခွပ်ခွပ်မြည်နေတာက လိပ်အခွံချင်းထိ ခတ်မိတဲ့အသံကိုးဗျ။ တစ်ကောင်နဲ့ တစ်ကောင် ခေါင်းကြီးတွေကို အခွံထဲကနေ အရှည်ကြီးတွေ ဆန့် ထုတ်ပြီး အသားပျော့ပျော့ရှိတဲ့ လည်တံနဲ့ လက်ရင်းတွေကို သူ့ထက်ငါကိုက်ခဲနေတာ တကယ့်ကို သဲသဲမဲမဲပါလားဗျ”
ဟု ဆို၏။
“ကုန်းလိပ်မှာကော တခြားအမျိုးအစားတွေ ရှိသေးလားဗျ”
ကျွန်တော်က မေးလိုက်၏။
“ရှိပါသော်ကော ကိုသူတော်ရဲ့။ ကုန်းလိပ်ထဲမှာမှ လိပ်ဝါတဲ့၊ ကြယ်လိပ်တဲ့၊ တောင်လိပ်တဲ့၊ လိပ်မောင်းတဲ့၊ အဲဒီလိုအမျိုးမျိုး ရှိသေးတယ်။ ရေလိပ်ထဲမှာဆိုရင်လဲ ခေါင်းကျားလိပ်တဲ့၊ လိပ်ချေးပန်းတဲ့၊ လိပ်ခေါင်းသေးတဲ့၊ လေးကွက်လိပ်တဲ့ အမျိုးမျိုးပဲရှိတယ်”
ထိုအခါ ကျွန်တော်က-
“ကြယ်လိပ်ဆိုမှ သတိရတယ်၊ အဲဒီကြယ်လိပ်က တော်တော်အဖိုးတန်တယ်ဆိုပဲ၊ ဟုတ်လားဗျ”
ဟု မေးလိုက်ရာ လိပ်ဖိုးသင်းက –
“အဖိုးတန်တာလဲ မပြောနဲ့ လေဗျာ၊ ရှားလိုက်တာကလဲ လွန်ရောကိုးဗျ။ လိပ်အရှာကောင်းပါတယ်ဆိုတဲ့ ကျုပ်တောင် ကြယ်လိပ်ကိုလွန်ခဲ့တဲ့ ၃ နှစ်လောက်က တစ်ကောင်ပဲ ရဖူးသေးတယ်”
ဟု ဆို၏။
ကျွန်တော်တို့သုံးယောက်သည် ချောင်းရိုးအတိုင်း စကားတပြောပြောဖြင့် ပြန်လာခဲ့ကြရာ နာရီဝက်ခန့်အကြာတွင် ညောင်ကြတ်ပင်ကွေ့အနီးသို့ ရောက်လာကြ၏။
“ရှေ့က ညောင်ကြတ်ပင်ကွေ့ကျရင် အောက်အစပ်နားက ကူးကြဗျို့။ ညောင်ကြတ်ပင်နား ကပ်ပြီးမကူးနဲ့။ အပင်နားမှာ မိုးတွင်း ရေလာတုန်းက ရေစားထားတာ တော်တော်နက်တယ်။ ရေက ဝဲလှည့်နေတော့ အဲဒီအထဲကို ကျသွားရင် ကူးဖို့မလွယ်ဘူး။ ဝဲက မှုတ်ဝဲဆိုရင် အဝေးကို မှုတ်လွှတ်လို့ ရေတိမ်ဘက်ကို လွင့်ရင် လွင့်သွားအုံးမယ်။ အခုဟာက စုပ်ဝဲ ကြီး၊ သူ့ထဲကို အတင်းစုပ်ယူတာ။ ကျုပ် ဟိုနေ့က တစ်ယောက်တည်း လိပ်ရှာသွားပြီး အပြန်မှာ အဲဒီထဲ ရေဆင်းချိုးတာ ကံကောင်းလို့ စုပ်ဝဲထဲ ပါမသွားတာ”
လိပ်ဖိုးသင်းက ထိုသို့ပြော၏။
သူပြောသလို ညောင်ကြတ်ပင်ကွေ့သည် ယခင်ကတည်းကပင် ရေနက်သောနေရာ ဖြစ်သည်။ ရေအတိမ်အနက်ကလည်း မမှန်ချင်။ အတိမ်အနက်က တစ်နှစ်ကို တစ်ခါ ပြောင်းလေ့ရှိသည်။
ချောင်းရေသည် ညောင်ကြတ်ပင်ကြီးကို ကွေ့ဝိုက်စီးဆင်းရသဖြင့် ထိုနေရာရှိ ရေမှာ ပို၍နက်နေခြင်းဖြစ်၏။ ထို့ကြောင့် တော်ရုံယောက်ျားသားများပင် ထိုကွေ့ထဲသို့ မဆင်းဝံ့ချေ။
ကျွန်တော်တို့ ညောင်ကြတ်ပင်ကွေ့ အရောက်၌ ကျွန်တော့်ကောင်မလေး ချယ်ရီလွင်သည် ချောင်းကမ်းပါးတွင် ကန်စွန်းရွက်ခူးနေသည်ကို လှမ်းမြင်လိုက်ရ၏။
ထိုအခါ ကိုညှက်သေးက-
“အလို… ဆရာကိုသူတော်ရေ၊ ဟိုးမှာ ခင်ဗျားကောင်မလေးပါလားဗျ”
ဟု ချောင်းကမ်းပါး တစ်နေရာသို့ လက်ညှိုးထိုး၍ ပြော၏။ ထိုအခါ ကျွန်တော်က-
“မြင်ပါတယ် ကိုညှက်သေးရာ။ ကျွန်တော့်မျက်စိက လိပ်ရှာတုန်းကသာ မမြင်တာ။ ဒါမျိုးကျ ကွင်းကွင်းကွက်ကွက်ကို မြင်တဲ့ မျက်စိ”
ဟု ပြောရင်း ကျွန်တော့်ကောင်မလေး ချယ်ရီလွင်ကို လှမ်းကြည့်နေမိသည်။ ချယ်ရီလွင်သည် တောင်းလေးကို ဘေးတွင်လွယ်ကာ ချောင်းကမ်းပါးရှိ ကိုင်းပင်များအပေါ်သို့ နွယ်တက်နေသော ကန်စွန်းရွက်ညွန့်လေးများကို လှမ်းခူးနေ၏။
“မြင်ရင် သွားလေဗျာ။ ကန်စွန်းရွက်လေး ဘာလေး ကူရှာပေးလိုက်အုံးပေါ့။ ဒါမျိုးကျ လက်မနှေးနဲ့ ကိုသူတော်ရဲ့။ နာမည်နဲ့လိုက်အောင် သူတော်ကောင်းလုပ်မနေနဲ့။ အဲဒီကောင်မလေးက ကိုယ်လုံးကိုယ်ပေါက်ပဲ ကြည့်ကြည့်၊ ရုပ်ရည်ရူပကာကိုပဲ ကြည့်ကြည့်၊ တစ်ရွာလုံးမှာ သူ့လို အလှမျိုးက ရှာမှ ရှားပဲ။ လိပ်အမျိုးအစားနဲ့ နှိုင်းပြီး ပြောရရင် အင်မတန်ရှားပါးတဲ့ ကြယ်လိပ်ကလေးပေါ့ဗျာ”
ကိုညှက်သေးက ထိုသို့ပြောကာ သူ၏အသံသေးသေးလေးဖြင့် သဘောကျစွာ ရယ်နေ၏။ လိပ် လေးကောင်ထည့်ထားသော အိတ်ကြီးကို ကျောပိုးလာသည့် ကိုဖိုးသင်းကတော့ ဘာစကားမျှမပြောဘဲ ဆေးလိပ်ကို အားရပါးရဖွာကာ တိတ်ဆိတ်စွာပင် နေ၏။
ကျွန်တော်သည် ချယ်ရီလွင် မြင်အောင် ဦးထုပ်ကိုချွတ်၍ မြှောက်ပြ၏။ သို့သော် ချယ်ရီလွင်သည် ကျွန်တော့်ဘက်သို့ လုံးဝမကြည့်ဘဲ ညောင်ကြတ်ပင်ကွေ့ရှိ ရေထဲတစ်နေရာသို့သာ လှမ်းကြည့်နေ၏။
ခဏကြာသော်-
“လာကြပါအုံးရှင် … ဟောဒီ မှာ ရေနစ်နေလို့ … ကယ်ကြပါအုံး”
ဟူသော ချယ်ရီလွင်၏ အသံကို ကြားလိုက်ရာ ချစ်သူ၏ အထိတ်တလန့်အော်သံကို ပထမဦးဆုံး အကြိမ်အဖြစ် ကြားဖူးသော ကျွန်တော်သည် ခြေလက်များအေးစက်ကာ ဘာလုပ်လို့ ဘာကိုင်ရမည် မသိဘဲ ပျာယာခတ်လျက် ငေး၍သာ နေမိ၏။
ထိုအချိန်တွင် တစ်လမ်းလုံး တိတ်ဆိတ်စွာ ငြိမ်၍ လိုက်ပါလာသော ကိုဖိုးသင်းသည် လိပ်ထည့်ထားသောအိတ်ကြီးကို ချထားခဲ့၍ ထိုနေရာသို့ ပြေးလေ၏။
ထိုအခါမှ သတိရကာ ကျွန်တော်တို့နှစ်ယောက်လည်း သူ့နောက်မှ ပြေးလိုက်သွား၏။
ရေအိုင်စပ်သို့ ရောက်သောအခါ ကျွန်တော်တို့မြင်လိုက်ရသည်ကား မိန်းကလေးတစ်ယောက်သည် ညောင်ကြတ်ပင်ကွေ့ထဲ၌ မြုပ်ချည်ပေါ်ချည်ဖြင့် ရေနစ်နေသည်ကို တွေ့လိုက်ရ၏။ မိန်းကလေး၏ ဆံပင်များမှာ ဖွားခနဲ ပေါ်လာလိုက်၊ စွတ်ခနဲ ပြန်မြုပ်သွားလိုက်ဖြင့် စုပ်ဝဲကြီးဘက်သို့ ဦးတည်ရွေ့လျားနေ၏။
“လုပ်ကြပါအုံးရှင် … လှလှထွေးရယ် ရေဆင်းချိုးရင်း ရေနစ်တာပါ”
“ကိုညှက်သေး … ဘယ်လိုလုပ်မလဲ”
“မသိဘူးသူတော်ရဲ့၊ ငါက ရေမကူးတတ်ဘူး”
“ကျွန်တော်လဲ မကူးတတ်ဘူးဗျ”
ထိုအချိန်မှာပင် ကိုဖိုးသင်းသည် ရေထဲသို့ ဒိုင်ဗင်ထိုးကာ ဆင်းသွားပြီးလျှင် လှလှထွေးထံသို့ ကူး သွား၏။ ထို့နောက် လိပ်ဖိုးသင်းသည် ရေပေါ်သို့ပေါ်လာသော လှလှထွေး ဆံပင်များကို လက်ဖြင့် ရစ်ဆွဲကာ စုပ်ဝဲနှင့် ဆန့်ကျင်ရာ ရေတိမ်ဘက်သို့ကူး၏။
ရေဝဲကလည်း သူတို့နှစ်ယောက်အား ရေအောက်သို့ ဆွဲငင်စုပ်ယူနေ၏။
လိပ်ဖိုးသင်းကလည်း စုပ်ဝဲနှင့်ဝေးရာ ရေတိမ်ဘက်သို့ ကူး၏။ စုပ်ဝဲနှင့် လိပ်ဖိုးသင်းတို့၏ ဆန့်ကျင် ဘက်လားရာချင်း အားပြိုင်နေကြရာ အတန်ကြာသော် လိပ်ဖိုးသင်းရော လှလှထွေးပါ ရေပေါ်သို့ ပေါ်မလာတော့ချေ။
“ဟင် … လှလှထွေး … လှလှထွေး”
ချယ်ရီလွင်က အသားကုန်အော်၏။ ကိုညှက်သေးကလည်း-
“ဆရာ ကိုသူတော်ရေ … ကျုပ်တို့ လိပ်ဆရာကြီး ဒီတစ်ခါတော့ သွားပြီထင်ပါရဲ့ဗျာ”
ဟု ဝမ်းနည်းပက်လက် ပြော၏။
လိပ်ဖိုးသင်း၏ ကူးခပ်မှုကြောင့် စောစောက လှိုင်းထနေသော ရေပြင်သည် ယခုတော့ ငြိမ်ချက်သားကောင်းလှချေ၏။
ကျွန်တော်သည် ညောင်ကြတ်ပင်ကြီးနှင့်တကွ သူ့အောက်ခြေရှိ ချာလည်လှည့်ကာ လည်ပတ်နေသော စုပ်ဝဲကြီးကိုကြည့်လျက် သွားလေသူနှစ်ယောက်၏ ကံကြမ္မာကိုတွေးရင်း စိတ်မကောင်း ဖြစ်နေမိသည်။
ထိုအချိန်မှာပင် စုပ်ဝဲနှင့် ခပ်လှမ်းလှမ်း ရေတိမ်တစ်နေရာ၌ ရုတ်တရက်ဆိုသလို ရေလှိုင်းများ လှုပ်ခပ်လာပြီးလျှင် လိပ်ဖိုးသင်းနှင့် လှလှထွေးတို့နှစ်ယောက်ကို ဘွားခနဲ တွေ့လိုက်ရ၏။
“ဟင် … ဟိုမှာ … ဟိုမှာ လှလှထွေး … လှလှထွေး”
ချယ်ရီလွင်က အားရဝမ်းသာ အော်၏။
“ဟာ … လိပ်ဆရာကြီး၊ ဟေ့ သူတော် … ဟိုမှာ သူတို့နှစ်ယောက် မသေဘူးကွ”
ကိုညှက်သေးက ကျွန်တော့်အား ပြော၏။
လိပ်ဖိုးသင်းသည် လှလှထွေးအား သဲခုံပေါ်သို့ဆွဲတင်လိုက်ပြီးလျှင် –
“ဟဲ့ … ကောင်မလေး ချယ်ရီလွင်။ နင်အရင်တစ်ခါ ရှေးဦးသူနာပြုသင်တန်း တက်ထားတယ် မဟုတ်လား။ လာ … လာ … နင့် သူငယ်ချင်းကို သတိရအောင် လုပ်ပေးလိုက်စမ်း”
လိပ်ဖိုးသင်းက ထိုသို့ပြောလိုက်ရာ ချယ်ရီလွင်သည် လှလှထွေးအား သူတတ်ထားသည့် ရှေးဦးသူနာပြုနည်းဖြင့် ပြုစုပေး၏။
မကြာမီပင် လှလှထွေး သတိရလာသည်။
“အဲဒီဘက်ကို တအားကပ်ပြီး ရေမချိုးနဲ့လို့ ငါပြောထားရဲ့သားနဲ့ လှလှထွေးရယ်”
“ငါလဲ ကပ်မချိုးပါဘူး ချယ်ရီရဲ့။ ခေါင်းက ကလစ်ကလေး ပြုတ်ပြီးပါသွားလို့ လှမ်းကောက်လိုက်တာ စုပ်ဝဲကြီးက ငါ့ကို အတင်းစုပ်သွားတာ”
မိန်းကလေးနှစ်ယောက် အပြန်အလှန်ပြောဆိုနေကြစဉ် ကိုညှက်သေးက –
“ခင်ဗျားတို့နှစ်ယောက်စလုံး စုပ်ဝဲထဲပါသွားပြီ အောက်မေ့နေတာ”
ဟု ပြောရာ ကိုဖိုးသင်းက-
“ရိုးရိုးတန်းတန်းကူးရင် ကျုပ်တို့နှစ်ယောက်စလုံး စုပ်ဝဲအောက်မှာ သေမှာဗျ။ ကျုပ်လဲ ရိုးရိုးနည်းနဲ့ကူးကြည့်သေးတယ်။ ဘယ်လိုမှ ကူးလို့မရတာနဲ့ ရေအောက်ကိုငုပ်ပြီး လိပ်ကူး ကူးရတာ”
“လိပ်ပြာကူးတို့၊ ခွေးကူးတို့၊ ပက်လက်ကူးတို့၊ လက်ပစ်ကူးတို့ပဲ ကြားဖူးပါတယ် ကိုဖိုးသင်းရယ်။ ခင်ဗျားပြောတဲ့ လိပ်ကူးကိုတော့ အခုမှပဲ ကြားဖူးတယ်”
ကျွန်တော်က ထိုသို့ပြောလိုက်သောအခါ လိပ်ဖိုးသင်းသည် သူ၏စိုရွှဲနေသောဆံပင်များကို ဖွလိုက်ပြီးနောက်-
“ကျုပ်တို့ မြန်မာစကားမှာ ဒီကောင်လေး ကိုယ့်ဘက်ကိုယ်ယက်တယ်၊ လိပ်မျိုးလေးလို့ ပြော တာ ကြားဖူးမှာပေါ့။ လိပ်တွေက လက်ယက်အား သိပ်ကောင်းတာဗျ။ ဒါကြောင့်လဲ ရေအောက်မှာ ကျွမ်းကျွမ်းကျင်ကျင် သွားနိုင်ကြတာပေါ့”
ဟု ဆို၏။ ထို့နောက် လိပ်ဖိုးသင်းသည် တစ်ခုခုကို သတိရဟန်ဖြင့်-
“ဟာ … ခဏနေကြအုံးဗျို့”
ဟု ပြောသောကြောင့် ကျွန်တော်တို့လည်း သူဘာပြောတာလဲဟု တွေးနေစဉ် လိပ်ဖိုးသင်းသည် စောစောက လှလှထွေးအား ဆယ်တင်လာသည့် သဲခုံစပ်သို့ ခပ်သွက်သွက်ပြန်သွား၏။ ထို့နောက် သဲခုံတစ်နေရာကို လက်ဖြင့် အနည်းငယ်ယက်ကာ သဲခုံထဲမှ လိပ်တစ်ကောင်ကို ကောက်လာလေသတည်း။ ။
– ပြီး –
စာရေးသူ – မောင်နေခြည်(ပြည်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ