သန်းခေါင်ယံမှငိုရှိုက်သံ

Posted on

သန်းခေါင်ယံမှငိုရှိုက်သံ(စ/ဆုံး)

——————————–

ရှပ် …ရှပ် …ရှပ် …

“ဟင် …ခြေသံနဲ့ တူတယ်”

“အဟင့် …ဟင့် …ဟင့် …ဟင့် …ဟီး…ဟီး ”

တိတ်ဆိတ်နေသော လမိုက်ည သန်းခေါင်ယံအချိန်
လူဟူ၍ တစ်ယောက်မျှ မရှိသော အိမ်ကြီးပေါ်
လာအိပ်မိသော လှဆောင်တစ်ယောက် မကြောက်ပါဘူးဟု
ကြုံးဝါးခဲ့လေသမျှ ယခု အိမ်ပေါ်ရောက်၍
သုံးနာရီပင် မကြာသေး၊ ထင်မထားသော
အခြေအနေများနှင့် ကြုံလိုက်ရသည်။

သူ ဤအိမ်ကြီးမှာ လာအိပ်ရခြင်းကလည်း
အကြောင်းရှိသည်။ သူ၏ သူငယ်ချင်းဖြစ်သူ
တင်မြတို့ မိသားစုက ဤအိမ်ကြီးကို စျေးပေါပေါနှင့်
ရောင်းသူရှိ၍ ဝယ်ရန် စုံစမ်းလိုက်သောအခါ
လူအများက သရဲခြောက်သည်ဟု ဆိုလာသည်။

လွန်ခဲ့သော ငါးနှစ်ကတည်းက မိသားစုတစ်စုလုံး
အိမ်ကြီးကို စျေးပေါပေါနှင့် ဝယ်ပြီး နေခဲ့ရာ
တစ်နှစ်မကြာ အားလုံးသေဆုံးကုန်သည်။
ထိုမိသားစုက ငါးယောက် ၊ ထိုမိသားစုထဲမှ
အတူမနေသည့် သွေးသားရင်းတစ်ဦးက
ယခု ငါးနှစ်တိုင်တိုင် ပစ်ထားခဲ့သည့်
အိမ်ကြီးကို ရသည့်စျေးဖြင့် ရောင်းမည်ဟု
ဆိုလာသည်။

ထိုအခါ တင်မြတို့ မိသားစုနှင့် သေဆုံးသွားသူ
မိသားစု၏ သွေးရင်း ဦးဘစိုးနှင့် ဆုံမိပြီး
အိမ်အရောင်းအဝယ်ကိစ္စ စကားစပ်မိကြသည်။

တင်မြက အမျိုးလည်းတော် သူငယ်ချင်းလည်း
ဖြစ်သည့် လှဆောင်အား အိမ်ကြီးအကြောင်း
စုံစမ်းရန် စိတ်ကူးမိသည်။ သို့ကြောင့် လှဆောင်တို့
အိမ်ဘက် ထွက်ခဲ့သည်။

“ဟေ့ …လှဆောင်၊ အတော်ပဲ မင်းရှိမှ ရှိပါ့မလားလို့ ”

“မင်း ဘယ်တုန်းက ရွာရောက်တာလဲ ”

” မနေ့က ရောက်တာ …ငါ့အဖေနဲ့ အမေလည်းပါတယ်”

“ဟာ …ဦးလေးတို့လည်း ပါတယ် ဟုတ်လား။
အိမ်တော့ မလာကြဘူး”

“လာပါလိမ့်မယ်၊ ရွာကို မရောက်တာကြာလို့
အမျိုးတွေအိမ် မစေ့သေးဘူးလေ”

“ကိစ္စနဲ့လား၊ အလည်သက်သက်လား ”

“ငါ့အဖေနဲ့ အမေက အသက်ကြီးလာတော့
ပင်စင်ယူပြီး အလုပ်လည်းမရှိ။ ဒါကြောင့်
အဘိုးအဘွားတွေရဲ့ ခေါင်းချရာ၊
အဖေတို့ အမေတို့ ချက်မြှုပ်ရာဖြစ်တဲ့
ဒီရွာမှ အေးအေးလူလူ လာနေချင်လို့တဲ့
သင့်တော်တဲ့အိမ်တစ်အိမ်လောက် ဝယ်မလို့
စုံစမ်းနေတယ် …ငါကတော့ မြို့မှာပဲ
အလုပ်လုပ်ရင်း နေသွားတော့မယ် ”

“ဒါနဲ့ အိမ်တွေပြီလား”

“တွေ့တော့ တွေ့ပြီ…မင်းကို အကူအညီ
တောင်းချင်လို့ မေးလည်းမေး၊ စုံလည်းစုံစမ်းချင်လို့
လာခဲ့တာ၊ ဦးဘစိုးကို သိလား ”

“သိတယ် …ရွာတောင်ပိုင်းက မုဆိုး
ဦးဘစိုး မဟုတ်လား”

“သူ့မိသားစုကိစ္စတော့ မသိပါဘူး ၊ ဦးဘစိုးရဲ့
အမေရယ်၊ ယောက်ဖရယ်၊ ညီမရယ်
သေသွားတဲ့ အိမ်ကြီးကို ဝယ်မလားလို့
စျေးဆိုင်နေတယ် ”

“ဝယ်ပေါ့ကွာ …အိမ်ကြီးက နှစ်ထပ် ပျဉ်ထောင်၊
အောက်က မြေနဲ့ လေးပေလောက် ခွာဆောက်ထားတယ်၊
ခြံထဲမှာလည်း စားပင်မျိုးစုံရှိတယ် ။ ဝယ်သာဝယ် ”

“မင်း …အဲဒီအိမ်ကြီးအကြောင်း မသိဘူးလား”

“ဘာလဲ သရဲခြောက်တဲ့အိမ်ကြီးလို့ ပြောတာလား”

“ဟုတ်တယ် …မင်းက ဒီရွာမှာနေပြီး အိမ်ကြီး
အကြောင်း သိမလားလို့ ”

“လူတွေကတော့ နည်းနည်းကိုများများ
ပုံကြီးချဲ့တာပါ။ သရဲဆိုတာ ငါတော့
မကြုံဖူးလို့ မယုံဘူး။ ကြောက်လည်း မကြောက်ဘူး။
ရှိလည်း …မရှိဘူးကွာ ”

“ဟုတ်လို့လား လှဆောင်ရယ် ”

“သရဲအခြောက်ခံရပါတယ်ဆိုတဲ့ လူတွေကို
သေသေချာချာ မေးကြည့်၊ ဟိုလူပြောတာ၊
ဒီလူပြောတာဆိုပြီး အဖျားရှူးသွားရော၊
တကယ်ကြုံလို့ ပြောတာ မဟုတ်ဘူး၊
ဒီသရဲခြောက်ပါတယ်လို့ နာမည်ကြီးနေတဲ့
အိမ်ကြီးရှေ့ မှောင်ရီ ဝါးတပြန်အချိန်
မသွားနဲ့ ၊ နည်းမျိုးစုံနဲ့ ခြောက်တာ ပြောလွန်းလို့
ငါ မကြာမကြာ သွားတယ်။ တစ်ခါမှ
မတွေ့ပါဘူးကွာ ”

“ဒါဆို မင်း …အဲဒီအိမ်ကြီးမှာ ညအိပ်ရဲလား”

“ဟာ …အိပ်ရဲတာပေါ့ ”

“ဒါဆို မင်းကို အကူအညီတောင်းချင်တယ်၊
မင်းနဲ့ ငါနဲ့ အဲဒီအိမ်ကြီးမှာ နှစ်ညလောက်
သွားအိပ်ကြည့်ကြမယ် ။ နှစ်ညအိပ်ကြည့်လို့
ဘာမှ မထူးခြားဘူးဆိုရင် ဒီအိမ်ကြီးကို ဝယ်ဖို့
အဖေတို့ကို ပြောလိုက်မယ် ”

“ငါ …ကူညီပါ့မယ်၊ ဘယ်တော့ အိပ်မှာလဲ ”

“ဒီညပဲ အိပ်ကြမယ်ကွာ”

ညနေခြောက်နာရီခွဲ ခုနှစ်နာရီခန့် နှစ်ယောက်သား
ဆုံပြီး အိမ်ကြီးမှာ သွားအိပ်ရန် တိုင်ပင်ထားကြသည်။
ဖြစ်ချင်တော့ ညနေခြောက်နာရီခန့် ရောက်သည့်အချိန်
တင်မြတစ်ယောက် လေထိုးလေအောင့် ခေါင်းကိုက်
ဝေဒနာ ရုတ်တရက် ဖြစ်ပေါ်လာသည့်အတွက်
ရွာဆေးခန်းသို့ သွားရတော့သည်။

ဝမ်းမသွားသည်မှာ သုံးရက်ခန့် ရှိပြီ ဖြစ်သလို
နေရာအပြောင်းအလဲကြောင့် ဤနေ့လည်း
ဝမ်းသွား၍ မရ။

သို့ကြောင့် ဆေးခန်းရောက်တော့ ဆေးတိုက်
ဆေးထိုးလိုက်သည်။ ညသန်းခေါင်းကျော်လျှင်
ဝမ်းနှုတ်ဆေးသောက်ရန်လည်း ပေးလိုက်သည်။

သို့ကြောင့် လှဆောင်နှင့်အတူ အိမ်ကြီးမှာ
လိုက်မအိပ်ဖြစ်သည့်အကြောင်း ပြောလာသည့်အတွက်
လှဆောင်က အိပ်ရာအထုတ်နှင့် ဓါတ်မီးတစ်လက်ယူ၍
အိမ်ကြီးသို့ တစ်ယောက်တည်း ထွက်ခဲ့သည်။

အချိန်က ညရှစ်နာရီခန့် ရှိပြီ၊ နေ့ခင်းက
လှဆောင်လည်း တင်မြနှင့်အတူ ခြံကြီးအတွင်းရော
အိမ်ကြီးအတွင်းပါ ဝင်လေ့လာခဲ့၍ ယခုအိပ်မည်
အပေါ်ထပ် ကုတင်ရှိသည့် အခန်းသို့ ဓါတ်မီးထိုး၍
တက်လာခဲ့သည်။ နေ့ခင်းကတည်းက နှစ်ယောက်သား
အိပ်လျှင် အဆင်သင့် ဖြစ်ရန် ကုတင်နှင့် အခန်းကို
လှဲကျင်းထားခဲ့သည်။

ဖယောင်းတိုင်တစ်ထုတ် ပါလာသဖြင့်
ဖယောင်းတိုင်နှစ်တိုင်ကိုမီးထွန်းလိုက်သည်။
ကုတင်ပေါ်မှာ အသင့်ယူလာသော
အိပ်ရာခင်းစောင်၊ ခြင်ထောင်ကို တင်လိုက်သည်။
ခေါင်းအုံးမပါလာပေမဲ့ အိပ်ရာစောင် ထည့်လာသော
အ်ိတ်ကို ခေါင်းအုံးရအောင် လုပ်မည်ဟု
စိတ်ကူးလိုက်သည်။

စောင်ကို ခေါင်းအုံးလုပ်လည်း ရသည်။
အားလုံးပြင်ဆင်ပြီး စာအုပ်တစ်အုပ် ယူခဲ့သည့်အတွက်
အိပ်ရာပေါ် လှဲရင်း စာဖတ်နေလိုက်သည်။

ည ဆယ့်တစ်နာရီခန့်အရောက် အိပ်ချင်စိတ် ဖြစ်လာသည့်
အတွက် ခြင်ထောင်ချကာ ဖယောင်းတိုင်မီး ငြှိမ်းလိုက်ပြီး
အိပ်တော့သည်။

“ရှပ် …ရှပ် …ရှပ် …”

မှေးခနဲ ပျော်ရုံရှိသေးသည်။ အိမ်အောက်ထပ်မှ
သိသာထင်ရှားသော ခြေသံကို ကြားလိုက်သဖြင့်
ရုတ်တရက် လန့်နိုးသွားရသည်။

“အင်း …ကြွက်ပြေးတဲ့အသံလား။
လူခြေသံလား ”

ဒေါက်… ဒေါက် …ဒေါက်

သူ့အိပ်ခန်းတံခါးကို လာခေါက်နေသည်။

“ဟင် …ဒီအချိန်ကြီး တံခါးဘယ်သူ
လာခေါက်တာလဲ၊ တင်မြများ လိုက်လာတာလား”

လှဆောင် အမျိုးစုံ စဉ်းစားရင်း တံခါးထ
မဖွင့်သဖြင့် တံခါးခေါက်သံ ငြိမ်သွားသည်။

ဂျလောက် …ဂျလောက် …ဂျလောက်

မင်းတုံးဖွင့်သော အသံမျိုး ကြားလိုက်သည်။
မင်းတုံးက…အတွင်းက ထိုးပိတ်ထားခြင်း ဖြစ်သည်။
သို့ကြောင့် အနီးမှာ ချထားသော ဓါတ်မီးကို
ကောက်ယူလိုက်ပြီး အသံကြားရာသို့
လှမ်းထိုးကြည့်လိုက်သည်။

“ဟင် …လက် …လက်ကြီး”

တံခါးမဖွင့်ဘဲ လက်ကြီးတစ်ဖက်လည်း
ဝင်ကာ တံခါး၏ မင်းတုံးကို ဖြုတ်နေသည်။
ခြင်ထောင်က ဇာခြင်ထောင်ဖြစ်၍
မီးနှင့် လှမ်းထိုးထားရာ အတိုင်းသား
မြင်နေရသည်။ မင်းတုံးကို ဆွဲချလိုက်ပြီး
လက်က ပြန်ထွက်သွားသည်။

ကျွိ

တံခါးကို တွန်းဖွင့်လိုက်သဖြင့် တံခါးပွင့်သွားသည်။
တံခါးပွင့်သွားတော့ နောက်မှ ဘယ်သူမှ မရှိ။

“ဟင် လူလည်း မရှိဘူး ။ အထဲဝင်လာတာလည်း
မတွေ့ဘူး ။ ဘယ်လိုပါလိမ့် ”

သရဲသာ အမှန်ဖြစ်ပါက တံခါးဖွင့်စရာ မလိုဘဲ
အဝင်အထွက်လုပ်၍ ရမည်ထင်သည်။
သည်အတိုင်း ဝင်လာလို့ ရပါလျက်
တံခါးဖွင့်ခြင်းကို အကြောင်းရှိနိုင်သည်။

သူ့ကို တစ်ခုခုအား မြင်စေချင်၍လား မသိ၊

ဒါမှမဟုတ် သရဲမှန်းသိရန် လုပ်ပြနေခြင်းလား မသိ၊
ဇာခြင်ထောင်အတွင်းမှ မီးကို ထိုးထားသည်။
ထူးခြားမှု မရှိသေး၊ ငါးမိနစ်ခန့် နီးပါးရှိပြီ။
ထူးခြားမလာ၍ တံခါးပြန်ပိတ်ရန် ခြင်ထောင်ကို
မ,လိုက်သည်။

“အဟင့် …အဟင့် …အဟင့် …ဟီး …ဟီး ”

ထိုအချိန်မှာပဲ အောက်ထပ်မှ မိန်းမတစ်ယောက်၏
ငိုရှိုက်သံကို ကြားနေရသည်။

“ဟင် …အောက်ထပ်က ငိုသံကြားတယ်
သရဲမ ငိုနေတယ်၊ ပြဿနာပဲ …အသံကြီးက
စိတ်ချောက်ချားစရာ ကောင်းလိုက်တာ ”

“ဟီး …ဟီး …ဟီး …အဟင့် …အဟင့် …ဟင့် ”

လှဆောင်လည်း ခြင်ထောင်အတွင်းမှ ထိုင်ပြီး
မနေနိုင်တော့ အသံကြားရာဆီသို့ ခြေဖွနင်းပြီး
ဆင်းကြည့်ရန် စိတ်ကူးလိုက်သည်။

ဓါတ်မီးကို မဖွင့်သေးဘဲ ခြေဖွပြီး အောက်သို့
ဆင်းခဲ့သည်။ လှေကားအလယ်သို့ အရောက်
ငိုရှိုက်သံကို ပီပီသသ ကြားလိုက်သည်။

“မီးဖိုထဲက ဖြစ်မယ် ”

လှေကားအောက်သို့ အရောက် အသံပျောက်သွားသည်။
ခဏအကြာ ရပ်နေလိုက်သည်။ ငိုရှိုက်သံက
လုံးဝပေါ်မလာတော့။ သို့ကြောင့် မီးဖိုဆောင်
အတွင်းသို့ မီးထွန်းပြီး ဝင်ခဲ့သည်။

“ဟင် …”

သူ့မျက်စိအမြင်မှာ ရိပ်ခနဲ လူတစ်ယောက်
ဖြတ်ပြေးသွားသည်။ အရိပ်က မီးဖိုဆောင်
နောက်ဘက်တံခါးအနီးမှာ ပျောက်သွားသည်
ထင်လိုက်သည်။ လှဆောင် မယုံဟု ဆိုပြီး
လာခဲ့ရာမှ သရဲနဲ့ တကယ်ကြုံနေရပြီ။

ယခုအတိုင်း ဆိုလျှင် သရဲမက ပထမဦးဆုံး
အိမ်ပိုင်ရှင်သရဲမ ဖြစ်နိုင်သည်။

နောက်ပိုင်းသေဆုံးသော မိသားစုငါးယောက်က
အသက်သုံးဆယ်ဝန်းကျင်တစ်ယောက်မှ မပါ။
အသက်ငါးဆယ်ကျော်လင်မယားနှင့်
အသက်ခုနှစ်ဆယ်ကျော် အဘွားကြီးတစ်ယောက်၊
အသက်ဆယ့်သုံးနှစ် ယောင်္ကျားလေးနှင့်
ဆယ်နှစ်သမီးလေးတစ်ယောက်တို့
နေခဲ့သည်။ ငိုရှိုက်နေသော သရဲမလည်း
ရိပ်ခနဲသာ မြင်လိုက်ပြီး ထူးခြားမလာတော့သည့်
အတွက် အပေါ်သို့ ပြန်တက်လာခဲ့သည်။

အချိန်က တစ်နာရီဝန်းကျင်ခန့် ရှိပြီဟု
မှန်းမိသည်။ အခန်းထဲ ဝင်ပြီး ဂျက်ထိုးကာ
ကုတင်ပေါ်တက်ပြီး ပြန်အိပ်ရန် ပြင်လိုက်သည်။
မည်သည့်အသံကြားကြား ထမကြည့်တော့ဟု
ဆုံးဖြတ်လိုက်သည်။

“အဟင့် …အဟင့် …အဟင့် ”

နာရီဝက်ခန့်အကြာ မှေးခနဲ ပြန်ပျော်၍
မကြာခင် …

“အဟင့် …အဟင့် …အဟင့် ”

ငိုသံကို ဆက်တိုက်ကြားနေရသည်။
တံခါးအပြင်က ကပ်ငိုနေသည့်ပုံစံဖြစ်သည်။
ငိုသံက ရပ်မသွား။

“ကလေးကို ကယ်ပေးပါ။ ကျမကလေးကို
ကယ်ပေးပါ”

“ဟင် …ကလေးကို ကယ်ပေးပါ၊ ဘယ်က
ကလေးပါလိမ့် ”

ဒုန်း ဒုန်း

လှဆောင်၏ အိပ်ခန်းတံခါးဝမှ ထုရိုက်အော်ဟစ်နေသည်။

“ပြဿနာပဲ …ငါလည်း မထရဲဘူး ”

“ကလေးကို ကယ်ပေးပါရှင် …ကျမကလေး
သေရပါတော့မယ် ၊ ကလေး အုတ်နံရံထဲ
ကျသွားလို့ ကယ်ပေးပါရှင်”

လှဆောင် အိပ်၍ရတော့မည် မထင်။ အသံက
ဆက်တိုက် အော်နေသည်။ ဓါတ်မီးကိုတော့
အသင့်ကိုင်ထားသည်။

“ကလေးကို ဆွဲထုတ်ပေးပါရှင်…ထိုင်မနေပါနဲ့
လာခဲ့ပါ”

သည်တစ်ခါတော့ တံခါးကို မဖွင့်တော့ဘဲ
အခန်းအပြင်ကသာ အော်ဟစ် အကူအညီ
တောင်းနေသည်။ လှဆောင်က သရဲမှန်းသိနေသဖြင့်
ပေပြီး ထိုင်နေသည်။ နာရီဝက်ခန့်ကြာအောင်
အော်ငိုလိုက်…သူ့ကလေးကို ကယ်ခိုင်းလိုက်
လမ်းတရှပ်ရှပ် လျှောက်လိုက်နှင့် နောက်ပိုင်း
တဖြည်းဖြည်း အသံကျဲသွားသည်။

ညနှစ်နာရီခန့်မှာ အသံလုံးဝ ပျောက်သွားတော့သည်။

ထိုအခါ ထိုင်ပြီး ငိုက်နေသော လှဆောင်တစ်ယောက်
အိပ်ရာပေါ် ပြန်လှဲအိပ်ရင်း အိပ်ပျော်သွားတော့သည်။

XXXXX

အိပ်ရာကနိုးတော့ အပြင်မှာ နေအတော်မြင့်နေပြီး
ရှစ်နာရီခန့် ရှိပြီဟု မှန်းမိသည်။ အိပ်ရာသိမ်းပြီး
အိတ်ထဲထည့်ကာ အိမ်အောက်ဆင်းလာခဲ့သည်။

“အင်း …တင်မြတို့ အိမ်မဝယ်ဖို့ တားရမှာလား။
သရဲဇစ်မြစ်ကို စုံစမ်းကြည့်ရင်း ကောင်မလား၊
အမှန်အတိုင်းတော့ ပြောရမှာပဲ ”

လှဆောင် မီးဖိုခန်းကို လှည့်ကြည့်မိသည်။
ညက သရဲမကို လှစ်ခနဲ တွေ့လိုက်သည်နေရာအနီးသို့
သွားကြည့်သည်။တံခါးကို ဆွဲဖွင့်လိုက်သည်။

အိမ်ကပြင် ရေသုံးသောနေရာကို အုတ်ခုံလုပ်ထားသည်။
အပေါ်မှာ ရေတိုင်ကီ လေးလုံးမျှ ဝင်မည့် အုတ်ရေကန်
လုပ်ထားသည်။ ထိုနောက်မှာ အိမ်သာရှိသည်။
အုတ်ရေကန်က ပတ်ကြားအက်ပြီး အုတ်အချို့ပင်
ထွက်ကျနေသည်။ အုတ်ကန်ကို မပြုပြင်ဘဲ
ရေတိုင်ကီနှင့် သုံးသည့်ဟန်ရှိသည်။

ရေတိုင်ကီနှစ်လုံး ရှိပေမင့် သံချေးကိုက်ပြီး
ပေါက်ပြဲနေသည်။

ကျမကလေး အုတ်နံရံထဲ ကျသွားတယ် ဟု
ညက ကြားလိုက်ရသည်။ ဘယ်နေရာလည်းဟု
ကြည့်မိ၊ ရှာမိသည်။

ဖြစ်နိုင်သည့်နေရာ မတွေ့။

အိမ်တိုင်အားလုံးကို ဘုတ်တိုင်ခံထားပြီး
အောက်ထပ် ကြမ်းပြင်က မြေမှ လေးပေခန့်
မြှင့်ထားသည်။ ဝေခွဲမရသော စိတ်ကြောင့်
ကြာကြာစဉ်းစားမနေတော့ဘဲ အိမ်ကြီးပေါ်မှ
ဆင်းကာ ခြံပြင် ထွက်ခဲ့သည်။

အိမ်ဝမှာ တင်မြကို တွေ့လိုက်သည်။

“ဘယ်လိုလဲ …သက်သာသွားပြီလား”

“အေး …ဆေးခန်းက ဝမ်းနှုတ်ဆေးပေးလိုက်တာ
ဝမ်းနှုတ်ဆေးနှစ်ကြိမ်လောက်လည်းသွားပြီးရော
သက်သာသွားတယ် ”

“ဒါနဲ့ မင်းညက အိပ်တာ ဘာထူးခြားလဲ ”

“အေး …ထူးခြားတယ်၊ သရဲ မခြောက်ဘူးဆိုပြီး
တစ်ယောက်တည်း သွားအိပ်မိတာ ကံကောင်းလို့
မသေတယ်၊ ကြောက်တတ်တဲ့သူဆို သေပြီပဲ။
တစ်ညလုံး ကောင်းကောင်းမအိပ်ရဘူး၊
သရဲမ အခန်းပတ်လည် အော်ဟစ်သောင်းကျန်းနေလို့၊
မနက်သုံးနာရီလောက်မှ အိပ်လို့ရတယ် ”

“ဟင် …ဒါဆို ၊ သရဲတကယ်ရှိတာပေါ့ ”

“ဟုတ်တယ် …တင်မြ၊ ငါ့မျက်စိနဲ့ကို
အသေအချာမြင်ခဲ့ရတယ်။ သရဲက အမျိုးသမီး၊
တစ်ယောက်တည်း လှည့်ပတ်ခြောက်နေတာ၊
သူက ကြောက်လန့်အောင် ခြောက်တာတော့
မဟုတ်ဘူးကွ၊ တစ်ချိန်လုံး ငိုနေတယ်။
သူ့ကလေးကိုလည်း ကယ်ပါလို့ ပြောတယ်၊
ကြောက်အောင် မခြောက်ဘူးဆိုပေမဲ့
ချောက်ချားစရာကြီးပါကွာ၊ လာကွာ
စိတ်ထဲ…ရှင်းသွားအောင် ဒေါ်ပုတို့အိမ်ကို
သွားကြမယ် ”

“ဒေါ်ပုက ဒီသရဲမနဲ့ ဘယ်လို ပတ်သက်လို့လဲ”

“ဘယ်လိုမှ မပတ်သက်ဘူး၊ ဒေါ်ပုအိမ်က
ဟိုမှာ မြင်နေရတဲ့ အိမ်၊ ဒီသရဲခြောက်တဲ့အိမ်နဲ့ဆို
တစ်ခြံပဲခြားတယ်၊ ဒါပေမဲ့ မင်းမြင်လား၊
သူအိမ်နဲ့ သရဲခြောက်တဲ့ အိမ်ကြားမှာ
ခြံလွတ်ကြီး ဖြစ်နေတယ်။ဟိုဘက်ခြံရော
ဒီဘက်ခြံမှာပါ၊ အိမ်မရှိဘူး၊ သရဲခြောက်လို့
ပြောင်းပြေးကုန်တာလား မသိဘူး၊
ဒေါ်ပုက အသက်ရှစ်ဆယ်လောက်ရှိပြီ၊
ရှေ့မီနောက်မီကွ၊ အဘွားဒေါ်ပုကို သွားပြီး
အိမ်ကြီးမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်း
မေးကြည့်ရမယ် ”

“သွားမယ် …သွားမေးကြည့်လိုက်တော့
တို့မသိတာတွေ သိနိုင်တာပေါ့ ”

“မင်းအိတ်ကြီး ပြန်မထားတော့ဘူးလား”

“မထားတော့ပါဘူးကွာ…ဒေါ်ပုအိမ်အောက်မှာ
ခဏချထားပြီး မေးလည်း ရတာပဲ။
လာ …သွားမယ် ”

ဒေါ်ပု၏အိမ်ထဲသို့ …နှစ်ယောက်သား ဝင်ခဲ့ကြသည်။

“အဘွားပု …အဘွားပု ”

“ဘွားဘွားကြီးရေ…ဧည့်သည်လာတယ် ”

အိမ်အောက်မှာ ကစားနေသော ကောင်လေးက
အိမ်ပေါ်သို့ လှမ်းခေါ်လိုက်သည်။

“ကလေးတို့ …အဘွားရှိလား”

“ရှိတယ် …အိမ်ပေါ်မှာ ”

“ကလေး …ဦးတို့အိတ် ဒီမှာထားပြီး အပေါ်
တက်ဦးမယ် ”

“ဟုတ်ကဲ့ …ဦး”

လှဆောင်နှင့် တင်မြတို့ အပေါ်ထပ်သို့ တက်လာခဲ့သည်။

“အဘွားနေကောင်းလား”

“အေး …ကောင်းတယ်၊ နားက နည်းနည်းလေးချင်တယ်
မင်းတို့က ဘယ်သူတွေလဲ ”

“ကျနော်က ရွာလယ်ပိုင်းက ဦးလှဒန်၊
ဒေါ်မြအေးတို့ရဲ့သား …လှဆောင်ပါ”

“သြော် …သိတယ်၊ သိတယ်၊ မင်းအဖေနဲ့ အမေ
နေကောင်းလား ”

“ဟုတ်ကဲ့ …ကောင်းပါတယ်အဘွား၊
ကျနော်တို့ အဘွားကို ဟိုဘက်သရဲခြောက်တယ်ဆိုတဲ့
အိမ်ကြီးအကြောင်း မေးချင်လို့ပါ”

“သြော် …ဘာဖြစ်လို့ သိချင်တာလဲ ”

“ဒီသူငယ်ချင်း မိဘတွေက ပင်စင်ယူပြီး
ဒီရွာမှာ နေမယ် စိတ်ကူးခဲ့တယ်
ဒီအိမ်ကြီးကို ဝယ်မယ်ဆိုမှ သရဲခြောက်တယ်
ဆိုတာ သိလိုက်ရတယ် အဘွား၊
အဲဒီအိမ်ကြီးမှာ ဘာကြောင့် သရဲခြောက်တာလဲ၊
ဘယ်လိုသရဲမျိုးလည်းဆိုတာ သိချင်လို့ပါ ”

“ဒါနဲ့ ဒီကလေး မိဘတွေက ဘယ်သူတွေလဲ ”

“အဘိုးက ဦးသံခဲ၊ အဘွားက ဒေါ်ချစ်၊
အဖေနဲ့ အမေက ဦးမောင်နီနဲ့ ဒေါ်တင်ကြည်ပါ”

“ဟဲ့ …နင့်အဘိုး သံခဲနဲ့ ငါ့ယောင်္ကျားက
သူငယ်ချင်း သောက်ဖော်သောက်ဖက်တွေ၊
အေး …မင်းတို့ သိချင်တဲ့ အိမ်ကြီးကို
လွန်ခဲ့တဲ့ အနှစ် ငါးဆယ်လောက်က
သူကြီးဦးချစ်ညို ဆောက်ခဲ့တာ။
သူလည်း သူကြီးဖြစ်ပြီး သုံးလေးနှစ်အရောက်
သူကြီးခေတ်ကုန်သွားတယ်၊ ကောင်စီခေတ်မှာ
သူကြီးသေသွားတယ်…သားသမီး
သုံးယောက်ရှိတာ အကြီးနှစ်ယောက်က
အိမ်ထောင်ခွဲတွေ ၊ သူကြီးက အားလုံးကို
လယ်တွေ၊ ငွေတွေ အမွေခွဲပေးခဲ့တယ်၊
သမီးအငယ်ဆုံးကို အိမ်ထောင်ချပေးပြီး
ဒီအိမ်ကြီးပါ ပေးခဲ့တယ်ပေါ့ကွယ်၊

အိမ်ထောင်ချပေးပြီး တစ်နှစ်မကြာဘူး၊
ဦးချစ်ညို ဆုံးသွားတယ်၊ သမီးရဲ့
ယောင်္ကျားက လယ်ယာမဟုတ်ဘူး၊
လယ်ကို သူရင်းငှားနဲ့ ထားပြီး
လုပ်စေတယ်၊ သူ့ယောင်္ကျားက
ကုန်သည်ပေါ့ကွယ်၊ ငရုတ် ၊
ပဲမျိုးစုံ၊ ဆန်စပါး၊ လယ်ယာထွက်ပစ္စည်း
အရောင်းအဝယ် အကုန်လုပ်တယ်၊
သူတို့ အိမ်ထောင်ကျပြီး သုံးနှစ်လောက်
ရောက်မှ သားဦးလေး ရခဲ့တယ်၊

ကလေးက ချစ်စရာလေး၊ လင်မယား
နှစ်ယောက် ချစ်လိုက်ကြတာမှာ တုန်နေတာပဲ၊

ယောင်္ကျားအလုပ်က အရောင်းအဝယ်
ဆိုတော့ အိမ်သိပ်ကပ်ရတယ် မရှိဘူး၊
ညအိပ်ညနေ ခရီးထွက်နေရတယ်၊

ကလေးလမ်းလျှောက်တက်ကာစ တစ်နှစ်အရွယ်မှာ
ရုတ်တရက်ကလေးသေသွားတယ်၊ ဘယ်လို
သေသွားတယ်၊ ဘယ်သူမှ မသိဘူး၊
ကလေးသေလို့ အော်ငိုသံကြားတာနဲ့
ခြေရင်းခေါင်းရင်းက ကြွက်နီတို့ ၊
ချမ်းသာတို့ လင်မယားတွေ သတင်းသွားမေးတယ်
ကလေးအလောင်းလည်း မတွေ့ဘူး၊။

အော်ပဲငိုနေတယ်၊ ဘယ်လိုမှလည်း
မေးလို့ရဘူး၊ လူကြီးတွေက ကလေး
ဘာကြောင့် သေသွားတယ်။
ကလေးအသေ ဘယ်မှာလဲ မေးလို့မရဘူး၊
တငိုငို တရီရီ ဖြစ်နေတာနဲ့ လူတွေလည်း
ဆက်မမေးတော့ဘဲ ကလေးရဲ့
နာရေးအတွက် ဘယ်လိုလုပ်ရမလဲဆိုပြီး
အိမ်ရှေ့မှာ လူကြီးတွေ တိုင်ပင်နေတုန်း
အဲဒီကလေးအမေက သူ့အိပ်ခန်းထဲမှာ
ကြိုးဆွဲချပြီး သေနေတယ်။

အဲဒီမှာ ကလေးအလောင်းကို မသင်္ဂြိုဟ်လိုက်ရဘဲ
မိခင်အလောင်းကို ရဲတိုင်ပြီးမှ သင်္ဂြုဟ်လိုက်ကြရတယ်
ရက်လည်ပြီး တစ်ပတ်ကျော်ကြာမှ ယောင်္ကျားက
ကုန်ရောင်းကုန်ဝယ် ပြန်လာတယ်။

သူလည်း အိမ်မှာ ကြာကြာမနေဘဲ
အိမ်ကြီးကို ရတဲ့စျေးနဲ့ ရောင်းခိုင်းခဲ့ပြီး
ပျောက်သွားတာပဲ၊

သူသေတဲ့ ညက အင်္ဂါနေ့တဲ့။ အဲဒီနေ့
ရောက်တိုင်း တစ်ညလုံး အိမ်ကြီးပေါ်မှာ
ကလေးကို ကယ်ပေးပါဆိုတဲ့ အသံကြီးရော
ငိုသံကြီးကော…တစ်ညလုံးနီးပါး အနီးရှိတဲ့
လူတိုင်း ကြားရတယ်ကွယ့်၊

အဲဒီဒဏ်ကို မခံနိုင်လို့ ခေါင်းရင်းအိမ်က
ကြွက်နီရယ် ၊ ခြေရင်းခြံက ချမ်းသာတို့ရယ်
တခြားကို ပြောင်းပြီး သွားနေကြတော့တယ် ”

“အဘွားတို့အိမ်က ငိုသံ မကြားရဘူးလား”

“မကြားရဘူး၊ ခြံကလည်း တစ်ခြံခြားတယ်
ခြံတွေကလည်း ကျယ်တယ်၊ မဟုတ်လား၊
ပေနှစ်ရာနီးပါးဝေးတာဆိုတော့ အော်ခေါ်သံတောင်
ကြားဖို့ မလွယ်ဘူး…

နောက်ပိုင်း သေသွားတဲ့ မတင်ညွန့်ရဲ့
အစ်ကိုကြီးက ဝယ်မယ့်လူရှိတုန်း
ပြန်ရောင်းလိုက်တယ်၊ သူတို့မှာ
အဘွားကြီးတစ်ယောက်ပါတယ်၊
အိမ်ပေါ်ပြောင်းလာပြီး မကြာဘူး။

လူကြီးရောဂါနဲ့ အဘွားကြီး ဆုံးသွားတယ်။
အဘွားကြီးဆုံးပြီး သုံးလေးလပဲ ကြာမယ်ထင်တယ်။
အသက် ငါးဆယ်ကျော်လောက်ပဲရှိတဲ့ လင်မယား
နှစ်ယောက်နဲ့ ကလေးနှစ်ယောက် ထူးထူးဆန်းဆန်း
တစ်ညတည်း ဆုံးသွားကြတယ်။

ယောင်္ကျားကြီးက လှေကားပေါ်က
တွန်းချခံရတာလား မသိဘူး၊ လှေကားထိပ်မှာ
ဇက်ကျိုးပြီး သေနေတယ်၊

ယောင်္ကျားလေးတစ်ယောက်နဲ့ သူ့အမေက
အိမ်ပြတင်းပေါက်က ပြုတ်ကျပြီး သေနေတယ်၊
တကယ်တမ်းဆိုရင် ဒီလောက်အမြင့်က ကျရင်
နှစ်ယောက်လုံး သေစရာအကြောင်း မရှိဘူး၊
ကျိုးရုံ ပဲ့ရုံရှိမယ်၊ ဒါပေမဲ့ သူတို့မျက်နှာတွေက
နာကျင်လို့ သေတာ မဟုတ်ဘဲ ကြောက်လန့်ပြီး
သေတာလို့ သွားကြည့်တဲ့ လူတွေ ပြောကြတယ်။

ဆယ်နှစ်သမီးလေးကလည်း အိပ်ခန်းထဲမှာ
မျက်လုံးပြူးပြီး သေဆုံးနေတယ်။
အဘွား အထင်တော့ သရဲမ မတင်ညွန့်က
သူ့အိမ်မှာ လာနေတဲ့ လူတွေကို ခြောက်လှန့်ပြီး
သတ်ပစ်လိုက်တာလား မသိဘူး၊

သေဆုံးသူရဲ့ အစ်ကိုက သေသူငါးယောက်အတွက်
အလှူလုပ်ပြီး အမျှဝေလိုက်တာ သူတို့ကျွတ်လွတ်သွားတယ်
ထင်တယ်၊ အခုခြောက်နေတဲ့ သရဲက ပထမကလေးနဲ့
အတူ သေသွားတဲ့ မတင်ညွန့်ပဲ ဖြစ်မယ် ”

“အဘွားပြောလို့ အတော်ပြည့်ပြည့်စုံစုံ သိရပြီ
ကျနော်တို့ အဲဒီခြံကို နေ့ခင်းဘက်
သွားကြည့်လိုက်ဦးမယ်”

သို့ဖြင့် သူငယ်ချင်းနှစ်ယောက် ဒေါ်ပုတို့
အိမ်မှ ဆင်းလာခဲ့ ကြသည်။ အိမ်ကြီးအတွင်း
ပြန်ဝင်ခဲ့ကြသည်။

“ညက ငါ့ကို သရဲခြောက်တာ အင်္ဂါနေ့ပဲ၊
ဒါဆို နောက်ညတွေ မခြောက်ဘူးထင်တယ်”

“ဒါဆို သရဲခြောက်မယ့် အင်္ဂါနေ့ အထိ စောင့်ရဦးမှာပေါ့”

“မဆိုင်ဘူးနဲ့ တူပါတယ်၊ ဒီည တို့နှစ်ယောက်
သွားအိပ်မယ်၊ ဘယ့်နှယ်လဲ အိပ်မလား ”

“အိပ်မယ်ကွာ”

သို့ဖြင့် နှစ်ယောက်သား ခြံကြီးအတွင်း
လှည့်ပတ်ကြည့်သည်။ မနေ့ကလည်း
ကြည့်သေးသည်။ ယခုလည်း အိမ်ပေါ်အိမ်အောက်
ကြည့်သည်။ ထူးခြားမှု မရှိ၊ အိမ်ကြီးက ပရိဘောဂများ
မရှိဘဲ ရှင်းလင်းနေသည် ခဏမျှနေပြီး
ပြန်ခဲ့ကြသည်။

XXXXXX

တိုင်ပင်ထားကြသည့်အတိုင်း ညရှစ်နာရီမထိုးခင်
ယူစရာ ရှိတာ အကုန်ယူပြီး အိမ်ကြီးသို့ လာခဲ့သည်။

အိမ်သို့ရောက်သောအခါ ဓါတ်မီးအားကိုးပြီး
အထဲဝင်ခဲ့ကြသည်။ အခန်းထဲရောက်တော့
ဖယောင်းတိုင်နှစ်တိုင် ထွန်းလိုက်သည်။

ကုတင်ပေါ် အိပ်ရာပြင်လိုက်သည်။

“အိမ်ကြီးအပေါ်အောက် ပတ်ကြည့်ဦးမလား”

“နေ့ခင်းက ကြည့်ထားပြီးပြီပဲ မလိုပါဘူး”

သူတို့နှစ်ယောက်လည်း ဘယ်မှာ မဆင်းတော့ဘဲ
ရောက်တတ်ရာရာ စကားပြောနေကြသည်။
ဆယ်နာရီခွဲခန့် ရောက်တော့ နှစ်ယောက်သား
မျက်ခွံများ လေးလံလာပြီး အိပ်ပျော်သွားတော့သည်။

“အဟင့် …အဟင့်… ဟီး …ဟီး …ဟီး…”

တင်မြအနီးက ငိုရှိုက်သံ ဆက်တိုက်ထွက်လာသည့်
အတွက် အိပ်ပျော်နေရာက လန့်ပြီး နိုးသွားသည်။

မျက်လုံးဖွင့်ကြည့်တော့ ခြင်ထောင်ဘေးမှာ
အမျိုးသမီးတစ်ယောက် ငိုရှိုက်နေသည်။

“ခင်ဗျားက ဘယ်သူလဲ ”

“မောင်လေး …နောက်မှမေးပါ၊ အမြန်ထပါ၊
ဟီး …ဟီး …ဟီး အမြန်ထပြီး အစ်မသားလေးကို
လိုက်ကယ်ပေးပါ”

“အစ်မက ဘယ်သူလဲ ကလေးက ဘာဖြစ်လို့လဲ”

“နောက်မှမေးပါ၊ အခု သားလေးကို လိုက်ကယ်ပေးပါ။
နောက်ကျသွားရင် ကလေးသေလိမ့်မယ်”

“ကဲ …လာ၊ ကျနော့်ကို ရှေ့က လမ်းပြပေး…
နောက်ကလိုက်ခဲ့မယ် ”

လှဆောင်ကိုလည်း ခေါ်ရမှာ သတိမရ၊ ဓါတ်မီးပင်
ယူမလာမိ၊ ညနေငါးနာရီခန့်ကဲ့သို့ အလင်းရောင်
မှုန်ပြပြ ရှိနေသည်။

သို့ကြောင့် လာခေါ်သည့်အမျိုးသမီးနောက်က
အမြန် လိုက်ခဲ့သည်။ အမျိုးသ္မီးက လှေကားမှ
ဆင်းပြီး မီးဖိုအခန်းထဲ ဝင်သွားသည်။

သွားရင်း ရှင်းပြသွားသည်။

“အစ်မ ရေကပြင်မှာ ပန်းကန်တွေ ဆေးနေတုန်း
လမ်းလျှောက်တတ်စ သားလေးက နောက်ကလာပြီး
သိုက်ဖက်လိုက်တာ၊ အရှိန်လွန်ပြီး ရေကပြင်ကနေ
ဇောက်ထိုးကျသွားတယ် ရေတိုင်ကီအောက်က
အုတ်ခုံနဲ့ မြေပက်ကြားထဲ ခေါင်းစိုက်ပြီး ကျသွားတယ်”

“ဟာ …အဲဒါမှ ပြဿနာပဲ ”

“ဘာဖြစ်လို့လဲ မောင်လေး”

“မြေကြီးက နုံးမြေစေးတွေလေ၊ နွေရောက်တော့
ပက်ကြားအက်တွေက အကျယ်ကြီး၊ အနားတွေက
ကလေးအသားတွေကို ထိုးခွဲလိုက်မှာပဲ၊
အောက်ဘက်မှာလည်း အိုးခွက်ပန်းကန်တွေကို
ဆေးပြီး သွန်ထားတဲ့ ရေအညစ်အကြေးတွေကလည်း
ရှိနေတယ်”

“ကျနော် အောက်ဆင်းကြည့်မယ်၊
ဘယ်နားကျသွားတာလဲ ”

အမျိုးသမီးက လက်ညှိုးနှင့် ထိုးပြသည်။

“တွေ့ပြီး…ခြေထောက်ကိုတွေ့ပြီ”

“အစ်မကလေးကို အမြန်ကယ်တင်ပေးပါ၊
သားလေး ရေတွေ မွန်းနေလောက်ပြီ”

“ဘုရား …ဘုရား၊ ကလေးက အသက်မရှိတော့ဘူးနဲ့
တူတယ်၊ လှုပ်လည်း မလှုပ်တော့ဘူး၊
မလွယ်ဘူး အစ်မရေ…မြင်နေရပေမယ့်
မြေကြီးခဲတွေနဲ့ ညှပ်နေတယ်၊ မြေတွေဖဲ့ထုတ်မှ ရမယ်”

ထိုစဉ် ဓါတ်မီးရောင် ဝင်းခနဲ လက်ခနဲ လက်သွားသည်။

“ဟေ့ကောင် …တင်မြ၊ ဘာလုပ်နေတာလဲ”

“ငါ…ကလေးလေးကို အပေါ် ဆွဲတင်ပေးမလို့ ”

“ဘာ …ဘယ်က ကလေးလဲ”

“မင်းဘေးက အစ်မကြီးရဲ့ ကလေး၊ ငါ့ကို
အကူအညီ…တောင်းလို့ လာဆွဲတင်နေတာ”

“ဘယ်က ကလေးနဲ့ အစ်မကြီးလဲ”

“အပေါ်မှာ မင်းအနီးမှာ အစ်မကြီးတစ်ယောက်ကို
မတွေ့ဘူးလား”

“ဘယ်သူမှ မရှိဘူး၊ မင်းအပေါ်တက်ခဲ့ ”

“ဒီပက်ကြားအက်နဲ့ အုတ်ခုံနံရံကြားမှာ
ကလေးလေး ဇောက်ထိုးကျနေတယ်”

“ဟုတ်လို့လားကွာ၊ မင်းအိမ်မက်,မက်ပြီး
လျှောက်လုပ်နေတာ မဟုတ်လား”

“မဟုတ်ဘူး၊ တကယ်ရှိတယ်၊ ဓါတ်မီးနဲ့
ထိုးကြည့် ”

“ဘာမှ မရှိဘူး၊ တွေ့လား”

“စောစောက ကလေးခြေထောက်လေးကို
မြင်ရတယ် ”

“လာပါ အပေါ်တက်ခဲ့၊ ညဉ့်နက်နေပြီ။
ငါ အိပ်မောကျနေတုန်း မင်းကို သရဲမ
လှည့်စားပြီး ခေါ်ထုတ်သွားတာ ဖြစ်မယ်”

“ငါ့ကို နှိုးပြီး တငိုငိုတရီရီ ကယ်ခိုင်းနေတာနဲ့
လိုက်သွားတာ …အချိန်က မိုးမချုပ်သေးဘူး၊
မီးတောင် ထိုးပြစရာ မလိုသေးဘူး
အဲဒါ ငါ့ကို ခြောက်တဲ့ သရဲမပဲ ဖြစ်မယ်။
ငါ့ကိုလည်း ကလေးကို ကယ်ပေးပါလို့
အသံပေးပြီး ခေါ်တယ်”

“ဒါဆို သူ့ကလေးက အဲဒီမှာ ကျနေတာဖြစ်မယ်
ဒါကြောင့် ဘယ်သူမှ မတွေ့တာ၊ မနက်ကျမှ
အသေအချာ ရှာကြည့်ကြမယ်၊ မင်းကို
လှည့်စားပြီး ခေါ်သွားတာ”

လှဆောင်နှင့် တင်မြလည်း မရေမရာ
ကိစ္စများကို တွေးကာ စဉ်းစားရင်း အိမ်အပေါ်သို့
ပြန်တက်ခဲ့သည်။ အပေါ်ရောက်တော့ တင်မြကလည်း
ချွတ်ထားသော လက်ပတ်နာရီကို ကြည့်လိုက်သည်။

တစ်နာရီခွဲပြီးပြီ…သရဲမက အမြင် လှည့်စားပြီး
ခေါ်ထုတ်သွားခြင်းကြောင်း သိလိုက်သည်။
ညဉ့်နက်ချိန်ကို ညနေခင်းအလား ထင်ခဲ့သည်။

“မင်းနိုးလာလို့ တော်သေးတယ် ၊
မနိုးလာရင် …ငါ အဲဒီ နေရာမှာ ဘယ်လောက်ကြာတဲ့
အထိ ထိုင်ပြီး မြေကြီးတွေ ချိုးဖဲ့ သယ်ထုတ်နေမိမလဲ
မသိဘူး”

“ကဲ…ဘာမှ မစဉ်းစားမနေနဲ့တော့၊
မနက်မှ တူးကြည့်သင့်ရင် တူးကြည့်မယ်”

သို့ဖြင့် နှစ်ယောက်သား စကားမပြောတော့ဘဲ
အိပ်ပျော်အောင် အိပ်လိုက်ကြတော့သည်။

XXXXXXX

နှစ်ယောက်သား အိပ်ရာနိုးတော့ ရှစ်နာရီနီးပါး
ရှိပြီ။

“ကဲ …အိပ်ရာသိမ်းပြီး အောက်ဆင်းကြစို့ ”

သူတို့ အိမ်အောက်သို့ ဆင်းခဲ့ကြသည်။

“မင်း…ညက တူးထားတဲ့နေရာ သွားကြည့်ရအောင်”

“ထူးတော့ ထူးခြားတယ်၊ ဒီနေရာကို ဆက်တူးကြမယ်။
ဒေါ်ပုတို့အိမ် ခဏသွားပြီး တူးစရာ သွားငှားကြမယ်”

သို့ဖြင့် နှစ်ယောက်သား အိမ်ပြင်ထွက်ခဲ့ကြသည်။
မကြာခင်မှာပင် အဘွားဒေါ်ပုအိမ်မှ သံတူရွင်းနဲ့
ပေါက်တူးတစ်လက် ငှားပြီး ပြန်လာကြသည်။

“ကဲ …အချိန်ရှိတုန်း တူးလိုက်ကြစို့ ”

နှစ်ယောက်သား သံတူရွင်းနှင့် ပက်ကြားအက်ကို
ဖဲ့ထုတ်လိုက် မြေကြီးခဲကို သယ်ထုတ်လိုက် လုပ်နေသည်။

အနက်က နှစ်ပေခန့် ရောက်လာသည်၊

“ဟာ …ဒီမှာ ဘာလဲ၊ အရိုးလေးတွေလား မသိဘူး”

“ဟုတ်တယ် ၊ ခြေချောင်းလေးတွေလား၊
လက်ချောင်းလား ၊ မသိဘူး ၊ အရိုးတော့ အရိုးပဲ”

သူတို့ မနားတော့ဘဲ ပေါက်တူးနှင် ခြစ်လိုက်၊
ကလော်ထုတ်လိုက် လုပ်နေရာမှ အရိုးချောင်းလေးများ
အတော်များများ ရလာသည်။ရလာသော
အရိုးလေးများကို မြေကြီးပေါ်မှာ ပုံထားသည်။

“ဒါ …လူအရိုးတွေ၊ ကလေးအရိုးတွေပဲ”

စိတ်အားထက်သန်စွာ တူးရာ၊ မကြာခင်မှာ
ကလေးခေါင်းကို တူးဖော်ရရှိလိုက်တော့သည်။

အရိုးများအားလုံး နေရာတကျ ဖြစ်အောင်
ချလိုက်ကြသည်။ အရိုးအားလုံး နေရာတကျ ချပြီး၊
ကြည့်လိုက်ရာ ကလေးအရပ်တစ်ပေခွဲ နှစ်ပေနီးပါး
ရှိသည်ကို တွေ့ရသည်။ ကလေးက ခေါင်းစိုက်ပြီး
ရေပုပ်ရေဆိုးများထဲ ကျသည်အတွက် ချက်ချင်း
သေသွားပေလိမ့်မည်၊

ထိုအချိန်က မိခင်ဖြစ်သူမှာ ကလေးကိုလည်း
ဆွဲထုတ်လို့ မရတော့သလို ကလေးသေပြီဟု
အခိုင်အမာ ယုံကြည်သည့်အတွက် မိမိကိုယ်ကို
သတ်သေသွားခြင်း ဖြစ်သည်။

ယခု ကလေးအရိုးစုလေးက အပေါ်သို့
ရောက်လာခဲ့ပေပြီ။

နားလည်သူများကို အသိပေးရန်သာ
ရှိတော့သည်။

“ကဲ …လူကြီးတွေ အသိပေးရအောင် ”

လှဆောင်က ရွာခံလူသဖြင့် ရပ်ကွက်လူကြီးများကို
လိုက်ပြီး အသိပေးသည်။ သေဆုံးသူ၏
အစ်ကိုကြီး ဦးဘညွန့်လည်း လိုက်လာသည်။

ကလေးအရိုးလေးကို ကောင်းစွာ သင်္ဂြိုဟ်ပေးလိုက်သည်။
ရှေ့မိသားစုမှ ဦးဘညွန့်က ငွေစိုက်ထည့်သလို
နောက်မိသားစု ဦးဘစိုးတို့ကလည်း ငွေစိုက်ကာ
အကျွတ်အလွတ် ကုသိုလ်ပြုပွဲ လုပ်၍
သေသူများကို အမျှပေးဝေလိုက်ကြသည်။

ထို့နောက်ပိုင်းလတင်မြနှင့် လှဆောင်တို့
ညတိုင်းအိပ်ကြသည်။

ဘာသံမှ မကြားရတော့ ။ တစ်ပတ်ခန့်အိပ်၍
မထူးခြား၊ မခြောက်မလှန့်တော့သည့်အတွက်
ဦးဘစိုးအား ငွေချေကာ အိမ်ကြီးကို
ဝယ်ယူလိုက်ပါတော့သည်။

ဆရာ ဧကန်မင်း၏ မဖဲဝါတို့ မောင်နှမ နဲ့ အင်းသရဲ
စာအုပ်မှ လက်ခအချစ် ကောက်နှုတ်
ကူးယူတင်ပြထားသည်။

crd

ပြီးပါပြီ

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and shareလေးနဲ့ အားပေးသွားပါအုံး ဗျာ