အောင်ဓူဝံ_-_သရဲမယောကျ်ား
*********************
စက်လှေတစ်စင်းက မြစ်ပြင်ကျယ်၌
တရွေ့ရွေ့ ခုတ်မောင်းလာသည်။
စက်လှေကြီးပေါ်၌ အသက်၄၀ခန့်
လူကြီးတစ်ယောက်လည်းလိုက်ပါလာ
သည်။
“ဦးလေးကမ်းကပ်ပြီဗျ မဆင်းတော့ဘူးလား”
စက်လှေမောင်းသည့်လူငယ်က
မေးလိုက်ခြင်းဖြစ်သည်။
“အေး ဦးလေး မဆင်းတော့ပါဘူးကွာ”
“ဗျာ…ဦးလေးကမဆင်းဘူးဆိုရင်
ဘယ်သွားမှာလဲဗျ”
“ဖြစ်နိုင်ရင် ငါ့တူတို့နဲ့လိုက်ခဲ့ပါရစေ၊
ဦးလေးက ဆေးကုတတ်ပါတယ်
အခုလိုပဲနယ်တွေ ရွာတွေဘက်ကို
လိုက်ပြီးဆေးကုနေတာပေါ့ကွယ်”
“သြော်…ကျုပ်တို့က သဖန်းနွယ်ရွာ ကိုပြန်ကြမှာ ဦးလေးရဲ့၊ဦးလေးလိုက်ချင်တယ် ဆိုရင်လည်း
လိုက်ခဲ့ပေါ့ဗျာ။
ရွာမှာနေမကောင်းတဲ့သူတွေ
ရှိကြပါတယ် ။ဦးလေးလိုက်ပြီးဆေးကုပေးပေါ့
ကျုပ်တို့ရွာခံတွေက သဘောကောင်းကြပါတယ်ဗျာ”
“ဝမ်းသာလိုက်တာငါ့တူရာ
ဦးလေးလည်းခြေသလုံးအိမ်တိုင်ဘဝနဲ့
ဆေးလှည့်ကုနေတာကွယ့်။
အခုငါ့တူတို့က ရွာကိုလိုက်ခဲ့လို့ ခေါ်နေမှတော့ ဦးလေးဝမ်းသာလှပါပြီ”
“ဦးလေးကကောင်းတာလုပ်နေတဲ့လူပဲ
ဦးလေးအတွက်ခိုလုံစရာ
မရှားပါဘူးဗျာ။
ကျုပ်တို့နဲ့သာပျော်ပျော်ကြီးလိုက်ခဲ့ပေါ့ဗျာ……”
“ဦးလေးနာမည်က ဦးသီလတဲ့
အသက်က၄၂နှစ်ရှိပြီ၊ဦးမှာက
ဆွေမျိုးရယ်လို့သိပ်မရှိပါဘူးငါ့တူရာ
ဆရာကြီးသင်ပေးထားတဲ့
ဆေးပညာတွေနဲ့ပဲ နယ်တကာလှည့်ပြီး
ဆေးကုစားနေရတာပါ”
“ဟိုမှာမြင်ရလားဦးလေး
အဲ့ဒါကျုပ်တို့သဖန်းနွယ်ရွာပဲဗျ”
“အင်း ငါ့တူတို့ရွာလေးကြည့်ရတာ
အေးချမ်းလိုက်တာကွယ်။
ဦးတော့ငါ့တူတို့ရွာမှာ အကြာကြီး
ဆေးကုပေးနေဦးမှာပါကွယ်
ဟဲဟဲဟဲ”
“ဟုတ်ကဲ့ ဦးလေး”
စက်လှေလည်းတဖြည်းဖြည်းနှင့်
သဖန်းနွယ်ရွာလေးသို့ ကပ်လိုက်သည်။
“ဦးလေး လာကျုပ်တို့နဲ့ လိုက်ခဲ့
ရွာလူကြီးအိမ်ကိုလိုက်ပို့ပေးမယ်”
“ရွာလူကြီးအိမ်ကို ဘာလုပ်ဖို့
သွားမှာလဲငါ့တူ……”
“သြော် ဦးလေးကလည်းဗျာ
ရွာလူကြီးအိမ်ဝင်ပြီး အကျိုးအကြောင်း
ရှင်းပြရမယ်လေ။
ပြီးတော့ဦးလေးဆေးကုရင်းနေဖို့ထိုင်ဖို့အတွက် ပြောရဆိုရဦးမယ်လေဗျာ”
“သြော် သြော် ဒါကြောင့်လား
ကဲဒါဖြင့်ရင် သွားကြတာပေါ့ကွယ်”
စက်လှေမောင်းတဲ့ လူငယ်နှစ်လည်း
ဆေးဆရာဦးသီလအား ရွာလူကြီး
အိမ်သို့လိုက်ပို့လိုက်ကြသည်။
“ရွာလူကြီး ဗျို့ ရွာလူကြီး”
“ဟ သာခင်နဲ့ထိပ်ပေါက်တို့
ဘာလဲဟ အော်ကြီးဟစ်ကျယ်နဲ့”
“ပြောစရာရှိလို့ဝင်လာတာ
ရွာလူကြီးရေ”
“ဘာများတုန်းဟ”
“ဒါကဆေးဆရာဦးသီလတဲ့
ဦးသီလက ဒီရွာမှာခေတ္တခဏနေရင်း
ဆေးကုချင်လို့ ရွာလူကြီးဆီကနေ
ခွင့်ပြုချက်လာတောင်းတာပါ”
“သြော် ဆေးဆရာကိုး
တွေ့ရတာဝမ်းသာပါတယ်ဗျာ။
ကျွန်တော့်နာမည်က ဦးဒီပ လို့ခေါ်ပါတယ် သဖန်းနွယ်ရွာကို အုပ်ချုပ်တဲ့ ရွာလူကြီးပေါ့ဗျာ”
“ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်
ရွာလူကြီးမင်းခင်ဗျား။
ကျွန်တော်လည်းနယ်တကာလှည့်ပြီး
ဆေးကုသနေရင်း ဟောဒီက
စက်လှေမောင်းတဲ့ သူငယ်တွေနဲ့
သဖန်းရွာကိုဆေးကုဖို့ လိုက်လာခဲ့တာပါပဲဗျာ”
“ကျွန်တော်တို့ ရွာကမြို့ နဲ့
အလှမ်းဝေးသလို ရေလမ်းခရီးကိုပဲ
အားကိုးနေရတော့ အရေးနဲ့အကြောင်းဆို ဒုက္ခရောက်ရတာပေါ့ ဆရာရယ်။
ကုန်းလမ်းနဲ့ သွားလို့တော့ရပါရဲ့
ဒါပေမယ့် ဒီရွာတစ်ဝှိုက်မှာ ကားနဲ့တူတာဆိုလို့ ကော်ကားတောင်မရှိပါဘူးဗျာ။
တစ်ခါတလေလယ်ထဲယာထဲသွားရင်း
ပိုးထိလာရင် လမ်းမှာတင်ပဲ
အသက်ဆုံးရှုံးကြရတာချည်းပါပဲဗျာ။
အခုလိုကျွန်တော်တို့ရွာကို
ဆေးဆရာတစ်ယောက်ရောက်လာတော့
ရွာရဲ့ကျန်းမာရေးအတွက်
စိတ်ပူဖို့မလိုတော့ဘူးပေါ့ဗျာ”
“ဟုတ်ကဲ့ ကျွန်တော်လည်း
သဖန်းနွယ်ရွာထဲက နာမကျန်းဖြစ်နေတဲ့
သူမှန်သမျှကို စေတနာထားပြီး
ကုသပေးသွားပါ့မယ်ဗျာ”
“သာဓုပါဗျာ သာဓု သာဓု”
“ဒါနဲ့ ရွာလူကြီးကိုပြောရဦးမယ်
ဆရာဦးသီလေနဖို့ထိုင္ဖို့
ရွာလူကြီးဘယ်လိုစိတ်ကူးထားလဲဗျ”
“အေးဟုတ်သားပဲ
သာခင်ပြောမှသတိရတယ်၊ဒီလိုလုပ်ကွာ
ဟောဒီကဆေးဆရာဦးသီလကို
ရွာလည်ကငွေပုအိမ်ကို
ခေါ်သွား ငါကတည်းခိုင်းတာလို့ပြော
အချိန်ဘယ်လောက်ကြာကြာ
နေပါစေနေခွင့်ပေးလိုက်ပါလို့
ပြောလိုက်ကြားလား”
“ပြောလိုက်ပါ့မယ်
ရွာလူကြီး၊ကဲဆရာဦးသီလ ကျုပ်တို့နဲ့
လိုက်ခဲ့ပါ ဦးသီလနေရမယ့်
အိမ်ကိုလိုက်ပြပါ့မယ်”
“အေးကွယ် အေးအေး”
=============
“ကိုငွေပု ကိုငွေပု”
“ဘာလဲထိပ်ပေါက်”
“အိမ်အောက်ဆင်းခဲ့ဦးဗျ
ကျုပ်ပြောစရာရှိလို့ ”
“အေးခဏစောင့် ငါဆင်းလာခဲ့မယ်”
ကိုငွေပုလည်းအိမ်ပေါ်မှ
ဆင်းလာပြီး………
“ဘာကိစ္စလဲ ထိပ်ပေါက်”
“ရွာလူကြီးကပြောခိုင်းလိုက်လို့ဗျ။
ဟောဒီကဦးလေးက ဆေးဆရာကြီး
ဦးသီလတဲ့၊သူကဒီရွာမှာတည်းရင်း
ဆေးကုမယ်တဲ့လေ။
အဲ့ဒါရွာလူကြီးက
ဟောဒီကဆေးဆရာကြီးဦးသီလကို ကိုငွေပုအိမ်မှာတည်းခိုင်းလိုက်လို့
လာပြီးပြောတာဗျ”
“အင်း ရွာလူကြီးကနေခိုင်းမှတော့
ငါခွင့်ပြုရတော့မှာပေါ့ကွာ။
“ဒီကဆရာဦးသီလလည်း
ကျုပ်အိမ်မှာလွတ်လွတ်လပ်လပ်
နေလို့ရပါတယ်။
ဒီအိမ်မှာကကျုပ်တစ်ယောက်တည်း
နေတာဗျ၊ဘာမှအားနာစရာ
မရှိပါဘူး”
“ကျေးဇူးတင်ပါတယ် ငါ့တူရယ်
အခုလိုဦးလေးကို နေထိုင်တည်းခိုခွင့်
ပေးတဲ့အတွက် ကျေးဇူးပါပဲကွယ်”
“မလိုပါဘူး ဦးလေး အဲ
ဆရာဦးသီလရယ်”
“ကဲ ဆရာဦးသီလ
ကျုပ်တို့ကို ပြန်ခွင့်ပြုပါဦးဗျာ”
“ကောင်းပါပြီ ငါ့တူတို့ ”
သာခင်နဲ့ထိပ်ပေါက်တို့လည်း
ကိုငွေပုအိမ်မှထွက်သွားကြသည်။
“ဆရာနေဖို့ အတွက်အခန်းပြမယ်
ကျုပ်နဲ့လိုက်ခဲ့ပါ”
“အေးကွယ် အေးအေး”
ကိုငွေပုလည်း ဆရာဦးသီလအား
အိမ်ပေါ်သို့ခေါ်သွားလိုက်သည်။
“ဒီအခန်းကဆရာဦးသီလနေဖို့
အခန်းပဲ၊တစ်ခုခုအဆင်မပြေရင်
ကျုပ်ကိုလာပြောလို့ရပါတယ်”
“ဟာမလိုပါဘူးကွယ် မလိုပါဘူး
အိပ်ဖို့နေစရာရတာနဲ့တင်လုံလောက်
နေပါပြီ ”
“ကဲ ကျုပ်အောက်ဆင်းပြီးလုပ်စရာရှိတာ
လုပ်လိုက်ဦးမယ်ဗျာ။
ဆရာဦးသီလလည်းအနားယူလိုက်ဦး
ပေါ့…”
“အေးကွယ် ဆရာအညောင်းပြေအညာပြေ
လှဲလိုက်ဦးမယ်”
ကိုငွေပုလည်းအိမ်ပေါ်မှပြန်ဆင်း
လာခဲ့သည်။
ဆရာဦးသီလလည်းလွယ်ထားသည့်
လွယ်အိတ်လေးထဲမှ သေတ္တာသေးသေးလေးတစ်လုံးအား
ထုတ်ယူပြီးကြည့်နေလိုက်သည်။
=============
ဆရာဦးသီလရောက်ပြီးနောက်တစ်နေ့
ရွာထဲမှ အမျိုးသမီးတစ်ဦးအော့အံသဖြင့်
ဆေးလိုက်ကုပေးရသည်။
“ဘာမွမပူပါနဲ့
အစားမှားလို့ဖြစ်တာပါ.
ဆရာပေးတဲ့ဆေးလေးကို မနက်နေ့လယ်ည သုံးကြိမ်သောက်လိုက်ရင် သက်သာသွားမှာပါ”
“ကျေးဇူးတင်ပါတယ်ဆရာ
ဒါ ဒါပေမယ့် ဆရာ့အတွက်
ဆေး ဆေးဖိုး”
“မလိုပါဘူးကွယ်။
အဆင်မပြေမှတော့ ဆေးဖိုးလည်း
ပေးနေဖို့မလိုပါဘူး၊ဆရာက
မေတ္တာစေတနာနဲ့ ကုပေးတယ်လို့ပဲ
သဘောထားလိုက်ပါ……”
“ကျေးဇူးကြီးလှပါတယ် ဆရာ
ဆရာ့ကိုကန်တော့ပါရစေနော်”
“ဟာမဟုတ်တာ မကန်တော့ပါနဲ့။
“မဟုတ်ပါဘူးဆရာရယ်
တကယ်လေးစားကြည်ညိုလို့
ကန်တော့တာပါ”
ရွာခံအမျိုးသမီးလည်း
ဆရာကြီးဦးသီလအားထိုင်ပြီးရှိခိုး
ကန်တော့လိုက်သည်။
နေ့ချင်းညချင်းပင် ဆေးဆရာကြီး၏
သတင်းကသဖန်းနွယ်ရွာလေးအတွင်း
သို့ပျံ့နှံ့သွားတော့သည်။
ထိုအချိန်မှစ၍ဆရာကြီးဦးသီလကို
ဟိုအိမ်ကပင့်သည်အိမ်ကပင့်နှင့်
လက်မလည်အောင်ပင်ကုသပေးရ
တော့သည်။
တချို့ လူနာရှင်များက
ဆရာကြီးဦးသီလကိုငွေကြေးဖြင့်
ကန်တော့ကြသလို၊တချို့ သော
လူနာရှင်များကတော့ အခကြေးငွေမတက်နိုင်၍ လက်အုပ်ချီမိုးပြီး ကန်တော့ကြသည်။
ယခုလည်းအိမ်တစ်အိမ်ကနေ
ဆရာကြီးဦးသီလကိုပင့်သွားကြ
သည်။
“မကျေနပ်ဘူး မကျေနပ်ဘူး”
“အင်း…လူနာကရိုးရိုးမှမဟုတ်ပဲ
နာနာဘာဝဝင်ပြီးပူးကပ်နေတာကိုး”
“လုပ် လုပ်ပါဦးဆရာ
ကျွန်မသမီးလေးကိုကယ်ပါဦး”
“ဘာမှမပူပါနဲ့ ဆရာရှိပါတယ်”
“ဟေ့ အခုဝင်ပူးကပ်နေတာ
ဘယ်သူလဲ ဘာကြောင့်ဒီမိန်းကလေးကို
ပူးကပ်ရတာလဲ”
“ဟား ဟား ဟား ဟား
ငါ့နာမည်အေးကြွယ်ဟေ့ အေးကြွယ်
ငါအစားမစားရတာကြာနေလို့
ဒီကောင်မကိုဝင်ပူးလိုက်တာ၊
ငါ့ကိုအမဲသားတစ်ပိဿနဲ့ ထမင်းကျွေးရင်ကျွေး မဟုတ်ရင်
ဒီကောင်မရဲ့ဝိညာဉ်ကို
နှုတ်ပစ်မယ်လေ့ ”
“နင်စားချင်တဲ့ အမဲသားတစ်ပိဿနဲ့
ထမင်းစားရစေ့မယ်။
ဒီမိန်းကလေးကိုတော့ အသက်ချမ်းသာ
ပေးပါလို့ ဆရာမေတ္တာရပ်ခံပါတယ်.
ဒီညနေစောင်းတာနဲ့
နင်စားချင်တာစားရလိမ့်မယ်
ငါကတိပေးတယ်”
“ကောင်းပြီလေ နင်ကိုယ်တိုင်
လာကျွေးရမယ်၊အေး လာမကျွေးလို့
ကတော့ ဒီမိန်းကလေးအသက်ကို
ငါတာဝန်မယူဘူးဟေ့ ”
“ဒုန်း”
သရဲလည်းပူးကပ်နေရာမှ
ထွက်သွားသည်။
ဝင်ပူးခံနေရသည့်အမျိုးသမီးလည်း
လဲကျသွားလေသည်။
“သမီး သမီး သတိထားပါဦး”
“ဘာမှမဖြစ်ပါဘူး သရဲဝင်ပူးတာ
အချိန်ကြာသွားလို့ မေ့သွားရုံပါ။
ဆရာ့ကိုရေတစ်ခွက်ခပ်ပေးပါ”
“ဟုတ်ကဲ့ ဆရာ”
လူနာအမျိုးသမီး၏မိခင်လည်း
ရေတစ်ခွက်အားခပ်လာပြီး
ဆရာဦးသီလကိုပေးလိုက်သည်။
ဆရာဦးသီလလည်း ရေအနည်းငယ်ကိုယူပြီး မိန်းကလေး၏
မျက်နှာနှင့်ခန္ဓာကိုယ်နေရာ
အစုံအားရေနှင့်တောက်လိုက်သည်။
“အင်း ဟင်း”
“သတိရလာပြီ ဆရာ”
“သမီး သမီး”
“ရှင်…အမေ သမီးဘာဖြစ်တာလဲဟင်”
“သမီးအပြင်ကပြန်လာပြီးမှ
သရဲပူးခံရတာလေ။
ဒီကဆရာကြီးကျေးဇူးကြောင့်
အမေ့သမီးအသက်ချမ်းသာရာရသွားတာကွယ့်”
“ဟင်… ဟုတ်လားအမေ
သမီးလည်းအိမ်ထဲဝင်ခါနီးခေါင်းထဲ
မိုက်ကနဲမူးသွားတာပဲ
မှတ်မိလိုက်တယ် အဲ့ဒီနောက် ဘာမှမသိတော့ဘူး……”
“ကဲ ခုနက သရဲမအေးကြွယ်
ပြောသွားတာ ခင်ဗျားလည်းကြားမှာပါ
ဒီနေ့ညနေ သူ့ကိုအမဲသားတစ်ပိဿနဲ့
ထမင်းကျွေးရလိမ့်မယ်။
အဲ့ဒါအားလုံးအဆင်သင့်လုပ်ထားပေးပါ
ညနေစောင်းတာနဲ့ ဆရာနောက်တစ်ခေါက်ပြန်လာခဲ့မယ်”
“စိတ်ချပါဆရာ စိတ်ချပါ
ကျွန်မအားလုံးစီစဉ်ထားပါ့မယ်။
သမီးဆရာ့ကိုကန်တော့လိုက်ဦးလေ”
“ဟုတ်အမေ”
သရဲပူးခံရသည့်အမျိုးသမီးက
ဆရာဦးသီလကိုကန်တော့လိုက်သည်။
“ကဲဆရာပြန်ပြီ”
“ဟုတ်ကဲ့ဆရာ”
=============
ညနေစောင်းတော့ ဆရာဦးသီလလည်းဆေးကုပေးခဲ့သည့်အိမ်မှအမဲသားတစ်ပိဿနှင့်
ထမင်းများအားယူကာရွာပြင်သို့
တစ်ယောက်တည်းထွက်လာခဲ့သည်။
သဖန်းနွယ်ရွာအပြင်က
တမာပင်ကြီးအောက်ရောက်သည်နှင့်
ဆရာဦးသီလကလွယ်အိတ်ထဲမှ
သေတ္တာလေးအားအဖုံးဖွင့်လိုက်သည်။
ထိုအခါသေတ္တာထဲမှမည်းမည်း
အခိုးအငွေ့ များထွက်ပေါ်လာပြီး
သရဲမကြီးတစ်ကောင်ဖြစ်သွားသည်။
“မိန်းမရေ ဒီမှာမင်းအတွက်
စားစရာတွေငါယူလာခဲ့တယ်။
ဝအောင်စားနော်”
သရဲမကြီးရဲ့ခန္ဓာကိုယ်ကမီးကျွမ်းထား
သကဲ့သို့ မည်းတူးနေပြီးအဝတ်အစား
လုံးဝမပါပဲ ဗလာနတ္ထိ ဖြစ်နေသည်။
“မိန်းမစားကွာ ဝအောင်စား
နောက်နေ့လည်းငါလာကျွေးလှည့်မယ်၊
မင်းကသာဒီရွာကလူတွေကို
နာမကျန်းဖြစ်အောင်လုပ်ပေး
ဒါဆိုရင်မင်းစားဖို့အတွက် မပူပင်ရတော့ဘူးပေါ့ကွာ”
“ပြက် ပြက် ပလပ်”
“ကဲ…စားပြီးရင် ငါနဲ့ပြန်လိုက်ခဲ့
တော်ကြာလူတွေမြင်သွားရင်
ငါတို့အတွက်မကောင်းဘူး……”
ဆရာဦးသီလလည်း လွယ်အိတ်ထဲမှ
သေတ္တာလေးအားထုတ်ပြီးအဖုံးဖွင့်
လိုက်သည်။
ထိုအခါသရဲမကြီးလည်း
မည်းမည်းအငွေ့များဖြစ်ပြီးသေတ္တာထဲ
ပြန်ဝင်သွားသည်။
ဆရာဦးသီလလည်းဟန်မပျက်
နေပြီးကိုငွေပုအိမ်သို့ ပြန်လာခဲ့သည်။
“ဟာ…ဆရာကြီးဦးသီလ
ပျောက်လို့ကျုပ်ကလိုက်ရှာနေတာ
ဘယ်တွေသွားနေတုန်းဆရာရဲ့”
“သြော် … မနက်ကဆေးကုတော့
မိန်းကလေးတစ်ယောက်ကို
ပရဝင်ပူးပြီးအစားတောင်းတယ်လေ၊
ဝင်ပူးကပ်တဲ့သရဲက ဆရာကိုယ်တိုင်
လာကျွေးရမယ်ဆိုလို့သွားကျွေး
တာပါ……”
“ကဲဆရာဦးသီလ ပြီးရင်
ထမင်းစားကြမယ်ဗျာ၊ကျုပ်အားလုံး
အဆင်သင့်လုပ်ထားတယ်”
“ကောင်းပါပြီ ဆေးလွယ်အိတ်လေး
သွားထားလိုက်ပါဦးမယ်။ပြီးတာနဲ့
တန်းစားကြတာပေါ့……”
ဆရာဦးသီလလည်း အိမ်ပေါ်သို့
တက်သွားပြီးမကြာခင်ပြန်ဆင်းလာကာ
ကိုငွေပုနှင့်အတူထမင်းအတူစား
လိုက်ကြသည်။
ထမင်းစားပြီးကိုငွေပုနဲ့ ဦးသီလလည်း
စကားထိုင်ပြီးပြောနေကြသည်။
ရောက်တက်ရာရာများပြောဆိုရင်း
၉နာရီခန့်ရောက်မှ အိမ်ပေါ်တက်၍
အိပ်ရာဝင်ခဲ့ကြသည်။
ကိုငွေပုလည်းတနေကုန်
ပင်ပန်းထား၍ခေါင်းအုံးပေါ်လှဲလိုက်
သည်နှင့်ချက်ချင်းအိပ်ပျော်သွားသည်။
ညလယ်ပိုင်းခန့်ရောက်တော့
ကိုငွေပု အပေါ့သွားချင်လာသဖြင့်
အခန်းထဲမှထွက်လာခဲ့သည်။
လှေကားနှင့်ကပ်လျက်အခန်း၌
ဆရာကြီးဦးသီလနေသည့်အခန်းပင်
ဖြစ်သည်။
ကိုငွေပုလည်း ဆရာကြီးအိပ်မော
ကျနေချိန်ဖြစ်သည့်အတွက်
အသံမပေးပဲခြေသံဖွဖွနင်းပြီး လှေကားမှဆင်းလိုက်သည်။
ပထမလှေကားထစ်အလွန်
ဒုတိယလှေကားထစ်သို့အရောက်
ဆရာကြီးဦးသီလအခန်းထဲမှ
စကားပြောသံတီးတိုးကြားလိုက်
ရသည်။
ကိုငွေပုလည်းရုတ်တရက်
စဉ်းစားမိလိုက်သည်။
“သည်အိမ်ကြီးထဲမှာ ငါနဲ့သူနဲ့
နှစ်ယောက်တည်းပဲနေကြတာပါ
ဆရာဦးသီလဘယ်သူနဲ့စကားပြော
နေပါလိမ့်……”
ကိုငွေပုလည်းသိချင်စိတ်က
ပျင်းပြလာသဖြင့်ထရံပေါက်မှ
ချောင်းကြည့်ရန်ဆုံးဖြတ်လိုက်သည်။
“မိန်းမရယ် ဒီနေ့ညတော့
သည်းခံလိုက်ပါဦးကွာ။မနက်ဖြန်ကြရင်
မင်းစားချင်တဲ့အမဲသားကို
ငါကြံဖန်ပြီးကျွေးပါ့မယ်ကွာ၊မင်းကသာရွာထဲကလူတစ်ယောက်
ယောက်ကို ပြုစားထားလိုက်
ငါ့ကိုလာပင့်ကြလိမ့်မယ်။
အဲ့ဒီအခါကြမှမင်းစားချင်တဲ့ အမဲသား
ငါကျွေးမှာပေါ့မိန်းမရာ”
“ဟင်…ဦးသီလက သေတ္တာလေးကို
ကြည့်ပြီးတစ်ယောက်တည်းစကားတွေ
ပြောနေပါ့လား၊ပြီးတော့ သူပြောတဲ့
အထဲမှာရွာထဲလူတစ်ယောက်ယောက်ကိုပြုစားထားလိုက်ဆိုပါလား။
မဟုတ်မှလွဲရော ဦးသီလကြီးက
တကယ့်ဆေးဆရာအစစ်ဟုတ်ဟန်
မတူဘူး။
အောက်လမ်းနဲ့တိုက်ပြီး တို့ရွာသားတွေဆီကနေလိမ်လည်လှည့်စားနေတာပဲ၊ဟုတ်ပြီ ငါဒီအတိုင်း
နေလို့မဖြစ်တော့ဘူး
သူ့အကြောင်းကိုတခြားသူတွေပါ
သိသွားအောင်ငါပြောရမယ်။
ကိုငွေပုလည်း ဆေးဆရာယောင်
ဆောင်ထားတဲ့ဦးသီလအကြောင်းစုံအား
သိရှိသွားသည်။
===============
“ငွေပု မင်းပြောတဲ့ကိစ္စက
သေချာရဲ့လား…”
“ရွာလူကြီးရယ်ကျုပ်က
မဟုတ်ပဲပြောမလားဗျ။
ကျုပ်မျက်စိနဲ့တပ်အက်မြင်လို့ လာပြောပြတာပေါ့ဗျာ၊ပြီးတော့ဆေးဆရာယောင်ဆောင်ပြီး
ကျုပ်တို့ရွာကိုလုပ်စားနေတာကိုတော့ကျုပ်နည်းနည်းလေးမှ သည်းမခံနိုင်ဘူး။
“ရွာလူကြီး ကိုငွေပုပြောတာ
ဖြစ်နိုင်တယ်ဗျ။
ဘာလို့လဲဆိုတော့ဒီဆေးဆရာကြီး
စရောက်တဲ့နေ့ကတည်းက
ကျုပ်တို့ရွာမှာ နေမကောင်းတဲ့သူနဲ့
ဝမ်းလျောတဲ့သူ၊သရဲပူးခံရတဲ့သူနဲ့
တစ်နေ့တစ်မျိုးမရိုးရအောင်
ဖြစ်နေတာပဲမလား၊ဒီရွာမှာ ဆေးဆရာဆိုလို့ သူတစ်ယောက်ပဲရှိတော့ သူ့ကိုပဲပင့်ပြီးကုသကြရတယ်။
ပြီးတော့ဆေးကုလို့ရတဲ့ ငွေရယ်လူနာရှင်တွေဆီကနေ သရဲစားဖို့ဆိုပြီးတောင်းတောင်းနေတဲ့
အမဲသားတွေထမင်းတွေက
သူ့မိန်းမကိုကျွေးပစ်တာနေမှာ
ပေါ့ဗျာ……”
“ထိပ်ပေါက်ပြောတာမှန်တယ်
ရွာလူကြီးရဲ့ ဦးသီလက သေတ္တာလေးကို
ကြည့်ပြီး မိန်းမမိန်းမနဲ့ စကားပြောနေတာဆိုတော့ သူ့မိန်းမက
သရဲပဲဖြစ်လိမ့်မယ်ဗျ…”
“အင်း…ဒီအတိုင်းဆိုရင်သူ့ကို
ငါ့ရွာမှာဆက်ထားလို့မဖြစ်တော့ဘူး။
ရွာကနေအမြန်ဆုံးနှင်ထုတ်မှ
ဖြစ်တော့မယ်……”
“ဒါပေမယ့် သူ့ကိုဘယ်လိုနည်းနဲ့
ရွာကနေနှင်ထုတ်ကြမလဲရွာလူကြီး”
“ထိပ်ပေါက်ပြောသလိုပဲ
ရွာလူကြီးသူ့ကိုဘယ်လိုနှင်ထုတ်မလဲ”
“မခက်ပါဘူးကွာ
ငါ့မှာအကြံရှိပါတယ်…”
“ဘယ်လိုမျိုးလဲရွာလူကြီး”
“မင်းတို့အချိန်တန်တော့သိရမှာပေါ့ကွာ”
==============
နောက်တစ်နေ့မနက်ရောက်တော့
သဖန်းရွာလူကြီးဦးဒီပတစ်ယောက်
ဆိပ်ကမ်းသို့ရောက်လာသည်။
“ဟေ့ထိပ်ပေါက် ငါ့ကိုလက်ခနောင်ရွာလိုက်ပို့စမ်း”
“ဘာလုပ်ဖို့သွားမှာလဲရွာလူကြီး”
“ဟိုရောက်ရင်မင်းသိမှာပေါ့ကွာ”
“ဟုတ်ကဲ့ တက်ပါရွာလူကြီး”
ထိပ်ပေါက်လည်းစက်လှေအား
ခပ်မြန်မြန်မောင်းနှင်ပြီးလက်ခနောင်ရွာ
ဆီကိုဦးတည်ပြီးမောင်းနှင်လာခဲ့သည်။
မကြာမီလက်ခနောင်ရွာဆီသို့
စက်လှေဖြင့်ရောက်လာခဲ့ကြသည်။
“ထိပ်ပေါက် မင်းငါနဲ့လိုက်ခဲ့”
“ဟုတ်ဟုတ်”
ထိပ်ပေါက်လည်းရွာလူကြီးဦးဒီပ
နောက်မှခပ်သုတ်သုတ်လိုက်လာခဲ့
သည်။
ဦးဒီပကရှေ့မှ ခြေလှမ်းကျဲကျဲဖြင့်
လျှောက်နေသဖြင့်ထိပ်ပေါက်လည်း
ဦးဒီပကိုမှီအောင်နောက်မှ
မနည်းလိုက်နေရသည်။
ရွာလူကြီးဦးဒီပက
အိမ်ကြီးတစ်အိမ်ရှေ့ကိုရောက်တော့
“ဆရာမင်းခိုင် ဆရာမင်းခိုင်”
“ဟာ ဦးဒီပပါလား
လာဗျာအိမ်ထဲဝင်ခဲ့လေ”
ရွာလူကြီးဦးဒီပလည်းအိမ်ထဲဝင်
လာခဲ့သည်။
ဦးဒီပနောက်မှထိပ်ပေါက်လည်းလိုက်ပါလာသည်။
“ထိုင်ဦး ဦးဒီပရေ
အကြမ်းရည်လေးလည်းသောက်”
“အခုလာတဲ့ကိစ္စက
အရေးကြီးတယ်ဆရာမင်းခိုင်ရေ”
“ဘာကိစ္စများလဲ ဦးဒီပ”
“ဒီလိုဆရာမင်းခိုင်ရေ။
အခုကျုပ်တို့ရွာမှာဆေးဆရာယောင်
ဆောင်ထားတဲ့ လူတစ်ယောက်
ရောက်နေတယ်လေ
အစကတော့သူ့ကိုဆေးဆရာအစစ်
ထင်ပြီးရွာမှာနေခိုင်းခဲ့တယ်။
နောက်တော့ သူရောက်လာတဲ့
နေ့ကစပြီးရွာမှာသရဲပူးနတ်ပူး
ဖျားကြနာကြနဲ့ တစ်ရွာလုံးလက်မလည်အောင် သူပဲကုပေးရတယ်။
အဲ့သလိုကုတဲ့အခါတိုင်း သရဲက
အစာစားချင်လို့ပူးကပ်တာပါ
သူကျေနပ်အောင်အမဲသားပိဿလိုက်
ကျွေးလိုက်ရင် အားလုံးပျောက်ကင်းသွားမှာပါလို့
အမြဲပြောပြီးကုပေးခဲ့တယ်။
နောက်တော့သူတည်းတဲ့အိမ်က
မောင်ငွေပုက သူ့အကြောင်းအားလုံးသိပြီး
ကျုပ်တို့ကိုပြန်ပြောမှ သူ့အကြောင်းအားလုံးသိခဲ့ရတယ်
ဆရာမင်းခိုင်ရေ။
အဲ့ဒီဆေးဆရာယောင်ထားတဲ့
လူနာမည်ကဦးသီလနဲ့ သူ့မှာ
သေတ္တာခပ်သေးသေးတစ်လုံးရှိတယ်လို့
ငွေပုကပြောပြပါတယ်။
အဲ့ဒီသေတ္တာကိုကြည့်ပြီး ဦးသီလက
မိန်းမရေဆိုပြီးလူအိပ်ချိန်မှာ
စကားတွေထိုင်ပြောနေတတ်တယ်တဲ့။
သူပြောတဲ့စကားထဲမှာလည်း
မိန်းမရေမင်းအမဲသားစားချင်ရင်
နောက်နေ့ရွာထဲကလူတစ်ယောက်ကို
ပြုစားလိုက်တဲ့။
အဲ့ဒီလိုဆိုရင်သူ့ကိုမဖြစ်မနေလာပင့်ကြလိမ့်မယ်တဲ့ အဲ့အခါကြရင်
မင်းစားချင်တဲ့အမဲသားစားရလိမ့်မယ်တဲ့ဗျာ။
အခုသူ့ကိုရွာကနေနှင်ချင်ပေမယ့်
သူ့ကဘာမှန်းမသိသေးတော့
ကြောက်နေရတယ်လေ
ဒါကြောင့်ဒီကိစ္စကိုကိုင်တွယ်နိုင်မယ့်
ဆရာမင်းခိုင်ဆီကိုပဲတန်းလာခဲ့တာပဲ
ဆရာရေ”
“အင်း…ဦးဒီပပြောတဲ့အတိုင်းဆို
ဒီလူကြီးကအောက်လမ်းပညာသည်
မဖြစ်နိုင်ဘူးဗျ။
“ဘယ်လိုဆရာ”
“ဟုတ်တယ်ဗျ။
ဦးသီလသာအောက်လမ်းပညာသည်
အစစ်ဆိုရင် သူကိုယ်တိုင်ပဲ
ရွာထဲလူတွေကိုပြုစားမှာပေါ့ဗျာ။
အခုဟာကသေတ္တာထဲက
သူ့မိန်းမကိုပြုစားခိုင်းတာဆိုတော့
သူ့မိန်းမကပဲ အောက်လမ်းပညာသည်ဖြစ်လိမ့်မယ်ဗျ”
“နားမရှင်းလို့မေးပါရစေဆရာ”
“မေးပါ မေးပါ”
ထိပ်ပေါက်မေးလာမည့်မေးခွန်းကို
ဆရာမင်းခိုင်နားစွင့်လိုက်သည်။
“သူ့မိန်းမကသရဲလည်းပြောသေး
ဘယ်လိုလုပ်အောက်လမ်းပညာသည်
ဖြစ်နေရတာလဲဆရာ”
“သြော် ဒါလား အဖြေကရှင်းပါတယ်
သူ့မိန်းမကလူသာသေသွားပေမယ့်
ပညာမသေဘူးဗျ။
အဲ့ဒီအခါသူ့ရဲ့အရိုးတွေကို သူ့ပညာနဲ့
သရဲဘဝမှာဆက်ပြီးနေနိုင်အောင်
အတတ်ပညာနဲ့ လုပ်ထားတာပေါ့ဗျာ”
“သြော် ဒီလိုကိုး”
“ဆရာမင်းခိုင် ကူညီပေးပါ
ဒီလူကြီးကိုကျုပ်တို့ရွာကနေ
အမြန်ဆုံးနှင်ထုတ်ပေးပါ……”
“စိတ်ချပါ ဦးဒီပ ကျွန်တော်လိုက်ပြီးဖြေရှင်းပေးပါ့မယ်”
“အားကိုးပါတယ်ဆရာရယ်အားကိုး
ပါတယ်…”
ဆရာမင်းခိုင်လည်း ထိပ်ပေါက်မောင်းသည့်စက်လှေနှင့်အတူသဖန်းရွာသို့လိုက်လာခဲ့သည်။
“ရွာလူကြီး ညကြရင်
ဘယ်သူမှရွာပြင်မထွက်ဖို့ တိတ်တဆိတ်
ပြောထားပေးပါ”
“ဟုတ်ကဲ့ဆရာမင်းခိုင်”
ဆေးဆရာကြီးဦးသီလကတော့
လူနာအိမ်တွေသို့လှည့်ပြီးဆေးကုရင်း
တနေကုန်သွားခဲ့သည်။
ညနေစောင်းတော့ ဦးသီလလည်း
လုပ်နေကြအတိုင်းအမဲသားနှင့်
ထမင်းများအားယူပြီးရွာပြင်သို့ထွက်လာ
ခဲ့သည်။
ရွာအပြင်ကတမာပင်ကြီး
အောက်သို့ရောက်တော့ ထုံးစံအတိုင်း
သေတ္တာလေးကိုဖွင့်လိုက်သည်။
သေတ္တာအတွင်းမှသရဲမကြီး
ထွက်လာပြီးဦးသီလကျွေးသည့်
အမဲသားနှင့်ထမင်းကိုစားသောက်လေ
သည်။
ထိုအချိန် ဆရာမင်းခိုင်လည်း
ပုန်းအောင်းနေရာမှထွက်လာပြီး။
“ကဲ…ဟောဒီနာနာဘာဝသရဲမကို
လုံးဝလှုပ်လို့မရအောင် ချုပ်စေ”
“ဟင်…”
“အီးဟီးဟီး”
ဦးသီလလည်းရုတ်တရက်
ပေါ်လာသည့်ဆရာမင်းခိုင်အား
ကြောင်ပြီးကြည့်နေသည်။
ဦးသီလဘေး၌ရှိသော သရဲမကြီးကတော့
ဆရာမင်းခိုင်၏အစောင့်များကြောင့်
လှုပ်ရှား၍မရတော့ပေ။
“မင်းဘယ်သူလဲ ဘာကြောင့်
ငါ့အလုပ်ကိုဝင်နှောင့်ယှက်ရတာလဲ”
“ဒီမှာဦးသီလ ခင်ဗျားကနာမည်နဲ့
လူနဲ့တခြားဆီဖြစ်နေတဲ့သူပဲဗျ။
ဘာကြောင့်အပြစ်မရှိတဲ့ရွာသားတွေ
အပေါ်မှာလိမ်လည်လှည့်ဖျားပြီး
စားသောက်နေတာလဲ။
နောက်ပြီးခင်ဗျားရဲ့အောက်လမ်းသရဲမ
အကူအညီနဲ့ရွာသားတွေကို
တစ်ရက်ပြီးတစ်ရက်ဒုက္ခရောက်အောင်
ပြုလုပ်နေတာတားဖို့အတွက်
ကျုပ်ရောက်လာခဲ့တာပဲ”
“သြော်…မင်းကငါ့အကြောင်းကို
အားလုံးသိပြီးနေပြီပဲကိုး။
ငါမငြင်းပါဘူး ငါသူများအပေါ်လိမ်လည်
လှည့်ဖျားခဲ့တာဆိုအမှန်ပါ။
ဒါပေမယ့်ငါမယုတ်မာခဲ့ဘူး
ဒါငါ့ရဲ့ကိုယ်ကျင့်တရားပဲ”
“ဒီမယ်ဦးသီလ ခင်ဗျားအတွက်
ပြင်ဆင်ချိန်တွေအများကြီးကျန်ပါသေးတယ်။
နောက်မကျသေးခင်မှာ ခင်ဗျားလုပ်ရက်တွေရပ်တန်းကရပ်ပြီး
ကောင်းကောင်းမွန်မွန်နေထိုင်
စားသောက်ပါ။
ခင်ဗျားရဲ့သေပြီးသားမိန်းမကိုလည်း
တန်းတန်းစွဲမနေပဲ သူ့ရဲ့အချုပ်အနှောင်တွေကိုဖျက်ဆီးပစ်လိုက်ပါတော့ ဦးသီလ”
“ငါလုံးဝဖျက်ဆီးမပေးနိုင်ဘူး။
ငါ့အသက်သေရင်တောင်မှပေါ့…
မင်းတို့တွေရဲ့လက်ထဲမှာတော့
ငါ့အသက်ကိုအသေမခံနိုင်ဘူး ဒီတော့
ငါ့ဟာငါပဲ……”
“စွတ်”
“အင့်…အု”
ဦးသီလကလွယ်အိတ်ထဲမှ
ဓားမြှောင်ဖြင့်သူ့ကိုယ်သူဓားဖြင့်ထိုးကာအဆုံးစီရင်သွားတော့သည်။
“ယောကျ်ား ယောကျ်ား”
သရဲမကြီးကဦးသီလကိုကြည့်ပြီး
အော်ဟစ်ငိုကြွေးနေသည်။
“ကဲ…ခင်ဗျားယောကျ်ားကတော့
ငရဲကိုဆင်းသွားပြီ၊အခုခင်ဗျားအလှည့်ပေါ့…”
ဆရာမင်ခိုင်းကသေတ္တာလေးအနီးသို့
ရောက်လာပြီးလက်ထဲမှအင်းချပ်
တစ်ချပ်ဖြင့်ပစ်ပေါက်လိုက်တော့သည်။
“ဝုန်း”
“အား…အား အား”
အင်းချင်ထိမှန်သွားပြီး
ဝုန်းကနဲအသံကြီးနှင့်အတူသေတ္တာလေးမှာမီးများစွဲလောင်သွားသည်။
ထို့အတူသရဲမကြီးလည်း
မီးလောင်ပြာကျပြီးပျောက်ကွယ်သွား
တော့သည်။
နယ်တကာလှည့်ပြီးလိမ်လည်
စားသောက်နေသည့်ဦးသီလနဲ့
သူ၏မိန်းမအောက်လမ်းသရဲမလည်း
ဆရာမင်းခိုင်၏လက်ချက်ဖြင့်
မဟာအဝီစိငရဲကို ဆင်းရတော့သည်။
ပြီးပါပြီ။
စာဖတ်သူရဲ့Likeတစ်ချက်ကအားဆေး
တစ်ခွက်ပါ။
အမြဲချစ်ခင်လေးစားလျက်