သရဲမ မပန်းဝေ

Posted on

သရဲမ မပန်းဝေ(စ/ဆုံး)

———————

ဦးအောင်သာတို့မိသားစု မြိုင်သာမြို့
အစွန်မှာရှိသော အောင်မင်္ဂလာတန်(၅၀)ကျ
ဆန်စက်ကို ပြောင်းရွှေ့လာကြသည်။ အောင်
မင်္ဂလာဆန်စက်က ဦးသာအောင်၏မိဘများ
ပိုင်သော ဆန်စက်ဖြစ်သည်။ ဆန်စက်မန်နေဂျာ
ဦးဘဝင်း ကျန်းမာရေးမကောင်းသည့်အတွက်
အလုပ်မှ အနားယူသွားစဉ် မိခင်ဖြစ်သူက
ဦးအောင်သာအား ဆန်စက်ကို လာ၍
ကူညီလုပ်ကိုင်ပေးရန် ခေါ်လိုက်ခြင်းဖြစ်
သည်။ ယခင်က ဦးအောင်သာက ဆန်စက်ကို
တာဝန်မယူချင်သဖြင့် ဆန်စပါးရောင်းဝယ်ရေး
တာဝန်ယူပြီး ရန်ကုန်မှာ ဒိုင်ဖွင့်ထားသည်။

ဆန်စက်မှ ကြိတ်ခွဲရသမျှကို ရန်ကုန်သို့
ပို့ပေးပြီး နယ်လှည့်ဖြန့်ချိခဲ့သည်။ ခေတ်ကာလ
ပြောင်းပြီး သယ်ယူပို့ဆောင်ရေး ကားလမ်းများ
ပွင့်သွားသည့်အတွက် ဆန်စက်အထိ ကုန်သည်
များ အဝယ်ဆင်းလာသည်။

သို့ကြောင့် ရန်ကုန်သို့ ပို့ရသော စရိတ်သက်သာ
သွားသလို ဆန်စက်မှပင် တစ်ခါတည်း ဝယ်
ရောင်းကို လုပ်ကိုင်နိုင်ခဲ့သည်။ ထို့ကြောင့်
ရန်ကုန်မှာ အလုပ်ပါးသွားသည့်အတွက်
သားဖြစ်သူ ဦးအောင်သာအား လစ်လပ်သွား
သော စက်ရုံ မန်နေဂျာရာထူးပေးပြီး စက်ရုံမှာပင်
အလုပ်ကြီးကြပ်ရေးရော၊ ဝယ်ရောင်းကိစ္စပါ
တာဝန်ပေးထားသည်။

မိသားစုလိုက် ပြောင်းရွှေ့လာသည့်အတွက်
ဦးအောင်သာ၏သားနှစ်ယောက်လည်း အတူ
လိုက်ပါလာသည်။ သားကြီးနှင့် သမီးကြီးတို့
ကတော့ ရန်ကုန်က ဦးအောင်သာ၏ ဇနီးဒေါ်မြရင်၏
မိဘများထံမှ တက္ကသိုလ်ကျောင်းတက်ရန်
နေခဲ့ကြသည်။ ဦးအောင်သာတို့မှာ သားသမီး
ငါးယောက်ရှိသော်လည်း အကြီးနှစ်ယောက်နှင့်
အငယ်နှစ်ယောက်သာ အဖက်တင်ပြီး တတိယ
မြောက်သမီးလေးက သက်ဆိုးမရှည်ခဲ့ …

အငယ်ဆုံးကျော်မင်းက ငါးနှစ်၊ သူ့အထက်က
ရှစ်နှစ်ရှိပြီး တတိယတန်းမှာ ကျောင်းတက်နေသည်။
ကျော်မင်းက ရှေ့နှစ်မှ ကျောင်းထားရမည်ဖြစ်သည်။
လူကြီးများက အလုပ်မှာ အချိန်ကုန်နေချိန်
ညီအစ်ကို နှစ်ယောက်က အချိန်ရှိတိုင်း စက်ရုံ
ဝင်းအတွင်း စပါးလှမ်းသော ကွင်းကြီးထဲမှာ
စက်ဘီးကိုယ်စီနှင့် လှည့်ပတ်နင်းကာ ကစား
နေကြသည်။ ဦးအောင်သာက အသက်(၅၀)ရှိပြီး
ဒေါ်မြရင်က (၄၈)နှစ်ရှိကာ ဆန်စက်မှာ
လင်မယားနှစ်ယောက်လုံး တာဝန်ယူ
ထားကြသည်။

အိမ်မှာ ချက်ရေးပြုတ်ရေးတာဝန်က ဆန်စက်
အထမ်းသမား ကိုချက်၏ဇနီး မစန်းတင်က အချိန်ပြည့်
တာဝန်ယူထားသည်။ ဇော်လင်းနှင့် ကျော်မင်းတို့
ညီအစ်ကိုနှစ်ယောက်တာဝန်ကိုပါ ယူထားရသည်။
ဇော်လင်းက စက်ရုံနှင့် မဝေးသော အလယ်တန်း
ကျောင်းမှာ ကျောင်းတက်ရသည်။

နှစ်ချိန်ကျောင်းဖြစ်သည့်အတွက် မနက်
ခုနှစ်နာရီကျောင်းအရောက် သွားပြီး
နေ့လည် ဆယ့်နှစ်နာရီ အိမ်ပြန်ရောက်
လာသည်။ နေ့လည်စာ စားသောက်ပြီးသည့်နှင့်
ညီအစ်ကိုနှစ်ယောက် စက်ဘီးလေးများ ကိုယ်စီနှင့်
အပြင်ထွက်ကြတော့သည်။

“ဟဲ့ ကလေးတွေ အဝေးကြီး လျှောက်မသွား
ကြနဲ့နော်”

“ဟုတ်ကဲ့ …ဒေါ်လေးစန်း”

ပါးစပ်ကသာ ဟုတ်ကဲ့ပြောပေမယ့် မစန်းတင်ကို
ကြောက်ရကောင်းမှန်းမသိ၊ ကစား၍ ဝမှသာ
အိမ်ကိုပါပြန်တက်လာကြသည်။

“ကိုကို …ဒီထဲမှာပဲ နေတိုင်းစီးရတာ ပျင်းလာပြီ
မြို့ထဲ လိုက်စီးကြမယ် ”

“ဟာ မြို့ထဲစီးရင် အန္တရာယ်များတယ် ။
အေးသာယာ ရွာဘက်ကို လိုက်စီးကြမယ်
ဆန်စက်နဲ့ ရွာနည်းနည်း ဝေးတယ်အသွား
အလာလည်းနည်းတယ် ရွာဘက်သွားတဲ့
လမ်းအတိုင်း လျှောက်စီးကြမယ်”

ကျော်မင်းက ကလေးစီးစက်ဘီးဆိုသော်လည်း
သူနှင့် အနည်းငယ်ကြီးသော အရွယ်မှသာ
အဆင်ပြေပြေစီးနိုင်သည့် စက်ဘီးမျိုးမို့
ထိုင်စီး၍မရဘဲ ခြေထောက်ရပ်လျက် စီးရသည်။
ဇော်လင်းကတော့ သူ့အရွယ်နှင့်အကိုက်
ဖြစ်သဖြင့် ထိုင်၍စီးသည်။ အငယ်ကောင်က
လူသာငယ်ပေမယ့် စက်ဘီးစီးကျွမ်းကျင်သည်။

ရှေ့ကနင်းသွားသောအစ်ကို ကိုမီအောင်
လိုက်နင်းနိုင်သည်။သူတို့ဆန်စက်ဝင်းအတွင်းက
ထွက်လာတော့ သုံးနာရီခွဲကျော်ပြီ။ရွာဘက်သွား
သောလမ်းက လူသွားလမ်းနှင့် လှည်းလမ်းသာ
ဖြစ်၍ လမ်းကြမ်းသည်။ လူသွားလမ်းမြှောင်မြှောင်
လေးပေါ်မှသာ စီး၍ရသည်။ လှည်လမ်းက
ချိုင့်ခွက်များဖြစ်ပေါ်နေသည့်အတွက် စက်ဘီး
နင်း၍ မရ။ ညီအစ်ကိုနှစ်ယောက် စက်ရုံဝင်းမှ
ထွက်ပြီး အေးသာယာရွာသို့ သွားသည့်လမ်း
ပေါ်မှာ စက်ဘီးကို သတိထားပြီး နင်းလာကြ
သည်

“ဟေ့ …ဟေ့ ကလေးတွေ ဘယ်သွားမလို့လဲ”

“အေးသာယာရွာဘက် စက်ဘီးလျှောက်စီးမလို့”

“ဟာ…မစီးနဲ့ လူကြီးမပါဘဲ အဲ့ဒီဘက်
မသွားနဲ့ သရဲမကြီး မင်းတို့ကို လိုက်ဆွဲလိမ့်မယ်”

စိုးရိမ်တကြီး လှမ်းပြောနေသော ဦးလေးကြီးက
နောက်မှကျန်ခဲ့သည်။

“ဟာ ဒီကလေးတွေတော့ သရဲမနဲ့ တွေ့တော့မှာပဲ”

ထိုလူကြီးမှတ်ချက်စကားကို ဇော်လင်းတို့
ညီအစ်ကို မကြားလိုက်။

“ကိုကို…ခုန ဦးလေးကြီးက သရဲကြီးအဆွဲခံရ
မယ်လို့ ပြောတယ် ပြန်လှည့်ကြမလား”

“မဖြစ်နိုင်တာပဲ ညီညီရာ သရဲဆိုတာ ညဘက်မှာ
ခြောက်လှန့်တာ အရူးမနဲ့တော့ တိုးချင်တိုးလိမ့်
မယ် နေ့ခင်းဘက်ကြီး သရဲနဲ့ တိုးမှာလား ကိုကို
တော့ မယုံဘူး”

“ဒါဆိုလည်း ဆက်သွားကြမယ်”

ညီအစ်ကိုနှစ်ယောက် အေးသာယာရွာဘက်သို့
မှန်းပြီး လူသွားလမ်းအတိုင်း စက်ဘီးစီးလာခဲ့
ကြသည်။ လမ်းဘေးမှာ ကုက္ကိုပင်၊ မအူပင်၊
ဇီးချဉ်ပင်များ အစီအရီပေါက်နေသဖြင့် ညနေ
စောင်းကျနေကို ကာကွယ်ပေးထားသကဲ့သို့
ဖြစ်နေသည်။

တစ်လမ်းလုံး လှည်းလည်းမတွေ့၊ လူလည်း
မတွေ့ ဆယ့်ငါးမိနစ်ခန့်နင်းလာတော့ ဟိုး
ဝေးဝေးမှာ အေးသာယာရွာကို…မှိုင်းမှိုင်းညိုညို
လေး လှမ်းမြင်လိုက်သည်။

“ကိုကို…အေးသာယာရွာက ဝေးတယ်
အပြန် မှောင်လိမ့်မယ်ထင်တယ် ပြန်လှည့်
ကြမလား”

“မျက်လုံးနဲ့ ကြည့်ရင် ဝေးတယ်ထင်ရပေမယ့်
စက်ဘီးနဲ့ဆို နာရီဝက်မနင်းရပါဘူး၊ ရွာထဲ
မဝင်တော့ဘူးကွ ရွာနားနီးရင် …ပြန်လှည့်
ကြမယ်”

“ဒီလမ်းမှာ စက်ဘီးစီးရတာ မပျော်ဘူးလား၊
လူလည်းမရှောင်ရဘူး၊လှည်းလည်းမရှောင်ရဘူး”

ညီအစ်ကိုနှစ်ယောက် တရွေ့ရွေ့နှင့် ရွာလမ်း
အတိုင်း စက်ဘီးကိုစီးလာခဲ့ကြသည်။ ဆန်
စက်ဝင်းအတွင်းမှ ထွက်လာချိန် နာရီဝက်ခန့်
ရှိ သွားပြီး အေးသာယာရွာသို့ ခပ်နီးနီးလှမ်း
မြင်နေရပြီ။

“တော်ပြီ …ညီညီရေ ရှေ့ကကုက္ကိုပင်ကြီးအောက်
ခဏရပ်ပြီး ပြန်လှည့်ကြမယ်”

မကြာခင်မှာ ကုက္ကိုပင်ကြီးအောက်မှာ ခဏ
ရပ်ပြီးနားရန် စက်ဘီးပေါ်မှ ဆင်းမည်အပြု…

“သားလေး …သားလေး မေမေ့ဆီ လာ”

“ဟင်…အရူးမကြီး”

ကုက္ကိုပင်စည်ကြီးနောက်မှ ဆံပင်ဖားလျားချထား
သော အဝတ်အစားညစ်စုတ်စုတ်နှင့်အမျိုးသမီး
တစ်ယောက် ထွက်လာသည်။ အသက်က သုံး
ဆယ်ကျော်ခန့် အရွယ် အမျိုးသမီးတစ်ယောက်
ဖြစ်သည်။

“သားလေး သားလေး မေမေ့ဆီလာ မေမေ
သားကို လာစောင့်နေတာ”

ဇော်လင်းတို့ညီအစ်ကို နှစ်ယောက်လည်း
စက်ဘီးပေါ်မှ ဆင်းမည့်အကြံကို ဖျက်ကာ
စက်ဘီးပေါ်ပြန်တက်ပြီး နောက်ဘက်သို့
ပြန်လှည့်စီးလိုက်ကြသည်။

“သားလေး …သားလေး မသွားနဲ့
မေမေ့ဆီလာ …ဟီး ဟီး”

“ကိုကို …အရူးမကြီးက ကလေးရူးရူးနေတာလား
မသိဘူးနော်”

“ဟုတ်တယ် ကိုကိုတို့ကို သူ့ကလေးမှတ်နေလား
မသိဘူး”

ညီအစ်ကိုနှစ်ယောက် စကားလှမ်းပြောရင်း
အပြေးနင်းချလာသည်။

” ဟာ ဟာ ရှေ့က သစ်ပင်ဘေးမှာ အရူးမကြီး
ရောက်နေတယ်”

သူတို့ရှေ့ ပေငါးဆယ်ခန့် အကွာအဝေးရှိ
ကုက္ကိုပင်အောက်မှာ စောစောက အမျိုးသမီးကို
တွေ့လိုက်ပြန်သည်။

“ဟာ …အရူးမက ဘယ်လိုရှေ့ကိုရောက်နေတာလဲ”

ရှေ့ကိုသွား၍ မဖြစ်တော့သည့်အတွက် စက်ဘီးကို
နောက်ဘက်လှည့်ပြီး ပြန်နင်းလိုက်ရပြန်သည်။

“အရူးမကြီးက စက်ဘီးထက် မြန်အောင်
ပြေးနိုင်တယ်”

“ကိုကိုတို့ကို သူ ဘယ်တုန်းက ကျော်တက်သွားတာလဲ
ညီညီရော သိလိုက်လား”

“မသိဘူး…”

“ဟာ…ဟိုမှာ ဟိုမှာ ပထမစမြင်တဲ့ သစ်ပင်ကြီး
အောက် ရောက်နေပြန်ပြီ”

သူတို့ညီအစ်ကို စောစောက ရောက်ခဲ့သော
ကုက္ကိုပင်ကြီးအောက်မှာ …အရူးမက အရင်
ရောက်နှင့်နေသည်။

“သားလေး …မေမေစောင့်နေတယ် ”

ညီအစ်ကို နှစ်ယောက်စက်ဘီးကို နောက်ဘက်
ပြန်လှည့်ပြီး နင်းရပြန်သည်။သည်တစ်ခါတော့
အရူးမက စက်ဘီးနောက်မှ သိပ်မကွာသော
အနေအထားနှင့်ပါလာရင်း

“သားလေး မေမေ့ကိုထားပြီး မသွားနဲ့ မေမေဆီ
လာခဲ့ မေမေသားကို စောင့်နေတာ”

“ကျုပ်တို့က ခင်ဗျားသား မဟုတ်ဘူး”

ဇော်လင်းက စက်ဘီးကို ဂရုစိုက်နင်းရင်း
အသံကုန်အော်ပြောလိုက်သည်။

“သား မသွားနဲ့ သား မေမေ့ဆီ လာခဲ့”

အရူးမက နောက်ကပါလာသည်။ ဇော်လင်းတို့
ညီအစ်ကိုကလည်း ကြောက်ကြောက်လန့်လန့်
နှင့် စက်ဘီးကိုနင်းနိုင်သရွေ့ မြန်အောင် နင်း
နေကြသည်။

“ဟီး …ဟီး …ငါ့သားလေး ပြန်တွေ့ပြီ”

ထိုအသံက နောက်ဘက်က မဟုတ်ဘဲ
ရှေ့မှာရှိသော ပိတောက်ပင်ကြီး၏ ပင်စည်
ဘေးက ပေါ်ထွက်လာသော အသံဖြစ်သည်။

“ကျွီ”

အရူးမကြီးကို ရုတ်တရက် လှမ်းမြင်လိုက်သဖြင့်
ဇော်လင်းက စက်ဘီး ဘရိတ်ကို ရုတ်တရက်
ဆွဲညှစ်လိုက်သည်။

“ဘုန်း”

တိတ်ထိတ်ပြာပြာနှင့် ဘရိတ်ညှစ်လိုက်သဖြင့်
အရှိန်နှင့် လူရော စက်ဘီးပါ ပစ်လဲသွားသည်။

“ကျွီ” “ဝုန်း” ” အား”

နောက်က ပါလာသော ကျော်မင်းလည်း
အရှိန်မထိန်းနိုင်ပဲ ဇော်လင်းနှင့် စက်ဘီးကို
ဝင်တိုက်ပြီး အပေါ်မှ ထပ်ကာ ပစ်လဲကျသွားသည်။

“ဟယ် …ငါ့သားလေး နာပါပြီ”

အရူးမကြီး သစ်ပင်အောက်မှ ထွက်ကာ
ဇော်လင်းတို့ ရှိရာ ပြေးထွက်လာစဉ်

“ဟေ့ …မိပန်းဝေ နောက်ဆုတ်စမ်း အဲ့ဒါ
နင့်သား မဟုတ်ဘူး …သွား…အခု ထွက်သွား”

အရူးမကြီးက ရှေ့လည်းမတိုး နောက်လည်း
မဆုတ်ပဲ ရပ်နေသည်။

“ငါပြောနေတယ် …အဲဒါ နင့်သားမဟုတ်ဘူး”

“ဟုတ်တယ် …ငါ့သား”

“ဒီကောင်လေးတွေ မြိုင်သာမြို့ဘက်က လာကစားတာ
နင့်သား မဟုတ်ဘူး၊ နင့်သားကို တွေ့ရင် ငါခေါ်လာမယ်
သွား …နင်နေတဲ့နေရာကို သွားတော့ ”

“တကယ် မဟုတ်ဘူးလား”

“အေး …မဟုတ်ဘူး ငါ့ နင့်သားကိုတွေ့ရင်
နင့်ဆီခေါ်လာမယ်…သွား…သွားတော့ ”

ထိုလူစကားဆုံးသည်နှင့် ရပ်နေရာက ရုတ်တရက်
ပျောက်သွားသည်။

“ဟင် …ဘကြီး …အဲ့ဒါ …အဲ့ဒါ အရူးမကြီး
မဟုတ်ဘူးလား”

“မဟုတ်ပါဘူးကွယ်၊ သေတဲ့အထိ သားရူး,ရူးပြီး
အစွဲအလန်းကြီးနေတဲ့ သရဲမကြီးပါ”

“ဦးလေး ဒီသရဲမကြီးကို သိလား”

“အေး …ဦးလေး သိတာပေါ့ ဒီသရဲမနာမည်က
မပန်းဝေတဲ့ …”

“နာမည်လေးက လှတယ်နော် ဦးလေးကြီး”

” အေးကွ နာမည်လှပေမယ့် သူ့ဘဝက
မလှပခဲ့ပါဘူးကွယ်၊ နောက်ကို လူကြီးမပါဘဲ
ဒီလမ်းကို ဘယ်တော့မှ မလာနဲ့ မင်းတို့အရွယ်
ကလေး လာလို့ကတော့ မိပန်းဝေ သရဲမ
ထွက်,ထွက်ဆွဲတာကွဲ့ ”

” သားတို့မသိဘူး ဒါ့ကြောင့် ဒီဘက်ကို စက်ဘီး
အပျော်ထွက်စီးကြတာ”

“သားတို့ကို ဟိုရှေ့နားထိ လိုက်ပို့ပေးပါလား
ဦးလေးကြီး”

“အေးအေး …လိုက်ပို့ပေးမယ်…ဒါနဲ့ …ကလေး
တို့ကို ဦးလေးသတိပေးရဦးမယ် လူကြီးမပါဘဲ
အဝေးကို လျှောက်မသွားကြနဲ့ သားတို့အရွယ်
တွေကို ဖမ်းခေါ်ပြီး ဟိုဘက်နိုင်ငံတွေကို
ရောင်းစားကြတယ်”

“သားတို့ကို ဖမ်းပြီး ဘာလုပ်ဖို့ ရောင်းတာလဲ”

“လွယ်လွယ်ပြောရရင် သားတို့ ဟောဒီ
ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အသည်းတို့
ကျောက်ကပ်တို့ နှလုံးတို့ မျက်စိတို့ကို
ထုတ်ပြီး ရောင်းတာ ဟိုဘက်တိုင်းပြည်
တွေမှာ အဲ့ဒီ ခန္ဓာကိုယ်ထဲက ကလီစာ
တွေကို ဝယ်တဲ့သူတွေ ပေါမှာပေါတဲ့့
ဒါကြောင့် ကလေးတွေကို ဖမ်းဆီး
ဟိုဘက်နိုင်ငံမှာ သွားရောင်းနေကြတယ်”

“တကယ် ဟုတ်လို့လား”

“ဟ…ဦးလေးတို့ ကြုံခဲ့လို့ပြောတာပေါ့
ဦးလေးက စောစောက သရဲမ မပန်းဝေနဲ့
အမျိုးတော်တယ် ဦးလေးတစ်ဝမ်းကွဲပဲ။
ဒါကြောင့် ဦးလေးပြောစကားနားထောင်
ပြီး ထွက်သွားတာ အဲဒီမပန်းဝေက အခုမှ
အသက်သုံးဆယ်ကျော်ပဲ ရှိသေးတယ်
ပြီးခဲ့တဲ့နှစ်က သူ့ကလေးစိတ်နဲ့ ဆုံးသွားပြီး
မကျွတ်မလွတ်ဘဲ သရဲမကြီး ဖြစ်နေတာ။

မိပန်းဝေမှာ သားဦး’သူရ’ဆိုတဲ့ ကောင်လေး
ရှိတယ်၊ ဒုတိယသမီးလေးမွေးတယ်၊
အဲဒီသမီးလေးက မိုးဦးကျ တုတ်ကွေးဖြစ်ပြီး
တစ်နှစ်ခွဲအရွယ်မှာ ဆုံးသွားတယ်၊ တတိယ
မြောက်သားလေး မွေးခဲ့ပြန်တယ်။ အဲ့ဒီအချိန်
မှာ သားကြီးသူရက ခုနှစ်နှစ်ရှိနေပြီ တတိယ
မြောက်သားလေးကို မွေးပြီး သုံးရက်မြောက်
မှာ ဘာရောဂါပါလာလည်း မသိပါဘူးကွာ
သေသွားတယ်။

ဦးလေးတူမ မိပန်းဝေလည်း အငယ်ဆုံးသား
လေးဆုံးသွားလို့ စိတ်ထိခိုက်နေတဲ့အချိန်
ဒုတိယတန်းရောက်နေတဲ့ သား ‘သူရ’ကျောင်း
က အပြန် ယောင်္ကျားနှစ်ယောက်က ဆိုင်
ကယ်ပေါ် အတင်း ဆွဲတင်ပြီး ထွက်သွားတဲ့
အကြောင်း ကျောင်းသားလေးတစ်ယောက်
အမောတကော လာပြောတယ်

အဲဒီကလေး လာပြောတဲ့အသံကို မိပန်းဝေ
မကြားအောင် ဘယ်သူမှ မလုပ်နိုင်င်ဘူး၊
ကြားကြားချင်း မီးတွင်းထဲကနေ သားဇောနဲ့
အိမ်အောက်ကို ဆင်းပြီး ရွာပြင်လမ်းရောက်
တဲ့အထိ ပြေးထွက်သွားတယ်။

“ငါ့သားပြန်ပေး ငါ့သားပြန်ပေး”

“သားရေ …အမေလိုက်လာပြီ”

အမျိုးမျိုး အော်ဟစ်ပြီး ပြေးလိုက်သွားတာ၊
စောစောက သူကိုစတွေ့တဲ့ ကုက္ကိုပင်အောက်မှာ
အမောဆို့ပြီး သေသွားတယ်၊ အိမ်က စထွက်
ကတည်းက ရူးသွားတာလား မသိပါဘူးကွာ
သူကိုမြင်တဲ့ လူတိုင်း သရဲမလို့ မထင်ဘဲ
အရူးမတစ်ယောက်လို့ပဲ ထင်ကြတယ်။

ငါ့တူမ မိပန်းဝေဆုံးပြီး မကြာဘူး ဒို့ရွာ
ကလေးတစ်ယောက် ထပ်ပျောက်သွားတယ်၊
ဒါကြောင့် လူကြီးမပါဘဲ အဝေးကို လျှောက်
မသွားနဲ့လို့ ဦးလေးပြောတာ”

“နောက်ကို အခုလို မသွားတော့ပါဘူး
ဦးလေး ပြောတဲ့ ဟိုသရဲမ မပန်းဝေအဖြစ်က
အတော်သနားဖို့ ကောင်းတာပဲနော်”

“ဟုတ်တယ် …ကလေးသုံးယောက်မွေးပါတယ်
နှစ်ယောက်က လူ့လောကမှာ နေခွင့်ရှိသလောက်
နေပြီး သေသွားတယ်၊ ‘သူရ’လေးကတော့
ဒီနေ့အထိ ရှင်လား၊ သေလား မသိတော့ဘူး၊
သူ့အမေကတော့ သူ့သားသေပြီဆိုတဲ့
စိတ်နဲ့ ရင်ကွဲနာကျပြီး သေသွားခဲ့တာပဲ။

ကလေးတွေ တွေ့ရင် သရဲကနေ လူယောင်
ဖန်ဆင်းပြီး ထွက်ထွက်ဆွဲနေတော့တာပဲ
အခု ဦးလေးမြိုင်သာက အပြန် မင်းတို့နဲ့
ကြုံလို့ ကံကောင်းသွားတာ ဦးလေးနဲ့
မဆုံရင် မိပန်းဝေက မရရအောင် ဆွဲနေမှာ
မင်းတို့လည်း လှည့်ပတ်ပြေးနေရမှာ
တစ်ညလုံးလည်း ဖြစ်ချင်ဖြစ်နိုင်တယ်”

“ဦးလေးပြောမှာပဲ တကယ်ကြောက်
စရာကောင်းမှန်း သိတော့တယ်
နောက်ကို ဘယ်တော့မှ ဒီဘက်ကို
မလာတော့ဘူး”

“ကဲ…ဒီကသွားကြတော့ ဦးလေးလည်း
လှည့်ပြန်တော့မယ် ”

လမ်းတစ်ဝက်ခန့် လိုက်ပို့ပေးသော ဦးလေးကြီး
အား နှုတ်ဆက်ပြီး ဇော်လင်းတို့ ညီအစ်ကို
မြိုင်သာဘက်သို့ လျှင်မြန်သောနှုန်းဖြင့်
စက်ဘီးကို နင်းလာခဲ့ကြတော့သည်။

မူရင်းရေးသူ ဆရာ ဧကန်မင်း
စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ
#ပလက်ခpageမှတစ်ဆင့်ကူးယူဖော်ပြခြင်း
Credit

အရူးမသရဲနဲ့ မဖဲဝါ စာအုပ်မှ ကောက်နုတ်
တင်ပြထားသည်။

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ

Leave a Reply

Your email address will not be published. Required fields are marked *