သုံးပန်လှ ဖွားအုန်းရင်

Posted on

သုံးပန်လှ ဖွားအုန်းရင်(စ/ဆုံး)

—————————-

ကျွန်မတို့ အဲဒီအိမ်ကြီးဆီကို ပြောင်းလာခဲ့တဲ့ အချိန်က တော်တော်ကြီးကို မိုးချုပ်ပြီး မှောင်မည်းနေပါပြီ။ တစ်ဧကလောက်ကျယ်တဲ့ ခြံ၀န်းကြီးထဲမှာ ထီးထီးကြီးရှိနေတဲ့ သစ်သားနှစ်ထပ်အိမ်ကြီးက ရေနံချေး၀နေအောင်သုတ်ထားလို့ မည်းနက်နေလိုက်တာများ ညအမှောင်ထက်တောင် ပိုမှောင်နေသေးတယ်။ အိမ်‌ခေါင်းရင်းဘက်မှာ ငှက်ပျောပင်တွေတချို့ အမှောင်ထဲမှာ အရွက်အလက်တွေကို ဖားလျားချပြီး ရပ်နေကြတာ မြင်ရတာက ခြောက်ခြားစရာ။

“ကဲ ရောက်ပြီ။ ဒီအိမ်ပဲ။”

အဒေါ်က ပြောလိုက်တယ်။ ကျွန်မ အိမ်ကြီးကို ကြည့်ပြီး အာခေါင်တွေ ခြောက်လာသလို ဖြစ်လို့ တံတွေးမျိုချမိလိုက်တယ်။ ပါးစပ်ကသာ ထုတ်မပြောကြပေမယ့် ကျွန်မနည်းတူ အခြားသူတွေလည်း ခြောက်ခြောက်ခြားခြား ခံစားနေကြရမှာ ကျွန်မသိတယ်။

“အမေ့အိမ်ကြီးကလည်းနော်”

နှင်းဦးခင်က စကားကို တစ်ပိုင်းတစ်စနဲ့ ရပ်လိုက်တယ်။

အဒေါ်က “ဟဲ့၊ လျှာမရှည်နဲ့၊ ပါးစပ်ပိတ်ထား” လို့ ငေါက်လိုက်လို့ နှင်းဦးခင်ဆီက စကားသံ ထပ်ထွက်မလာဘူး။ အဒေါ်က မငေါက်လည်း သူဆက်ပြောမယ် မထင်ပါဘူး။ ရင်ထဲမှာ ကြောက်နေကြပေမယ့် ကိုယ်က အကြောက်တရားကို ထုတ်ဖော်ပြလိုက်ရင် အခြားသူတွေကလည်း သူတို့လည်း ကြောက်နေကြောင်း ထုတ်ပြလာမယ်။ အဲဒါဆိုရင် ပိုပြီး ဆောက်တည်ရာမရဖြစ်ကုန်မှာစိုးလို့ ရေငုံနှုတ်ပိတ်နေနေကြတယ်။ ဒါပေမယ့် ဓာတ်မီးအလင်းရောင်ကြောင့် ခပ်ရေးရေးမြင်နေရတဲ့ ကျွန်မတို့အားလုံးရဲ့ မျက်လုံးတွေဟာ ပြူးကျယ်ပြောင်လက် နေကြပါတယ်။

အသက်၈၀ကျော် အဖွားရယ်၊ အဖွားရဲ့ သမီးအကြီးဆုံး ကျွန်မတို့ အဒေါ်ရယ်၊ ဆယ်ကျော်သက်အရွယ် ကျွန်မတို့ ညီအစ်မ၀မ်းကွဲ သုံးယောက်ရယ်။ စုစုပေါင်းငါး‌ယောက်။

အထုပ်အပိုးလေးတွေ ပိုက်လို့တစ်မျိုး၊ ရွက်လို့ တစ်ဖုံနဲ့ ဒီအိမ်ကြီးဆီကို ဒီညနေမှ အရေးပေါ် ပြောင်းလာကြတာလေ။ မြို့ထဲကနေ အဖွားကို ဆိုက်ကားပေါ်တင်ပြီး ကျန်တဲ့ကျွန်မတို့ ညီအစ်မတွေက ခြေကျင်လျှောက်လာကြတာ။ အနည်းဆုံး ၃မိုင်လောက်တော့ ဝေးမယ်ထင်တယ်။

အိမ်ထဲ တန်းမ၀င်ရဲကြဘဲ ခြံရှေ့မှာ အတော်ကြာရပ်နေမိကြတယ်။ ဘေးပတ်၀န်းကျင်မှာတော့ အိမ်တွေ ရှိပါတယ်။ ဘေးအိမ်တွေကနေ ‌‌ လျှပ်စစ်မီးရောင်လေးတွေ ဖြာကျနေတာတွေ့ရသလို စကားသံအချို့လည်း ကြားရတယ်။ အင်း ပတ်၀န်းကျင်မှာ လူတွေ ရှိလို့ တော်ပါသေး။

“ကဲ ကဲ ၊ ရပ်နေရုံနဲ့ မပြီးဘူး။ သီရိ ။ သွား ခြံတံခါး ဖွင့်ချေ။ နှင်းဦးနဲ့ အိမွန် အထုပ်တွေ လာသယ်”

အဒေါ်က လောဆော်လိုက်မှ ကျွန်မတို့လည်း လှုပ်လှုပ်ရှားရှား နဲ့ သယ်ကြပိုးကြရတယ်။

ကျွန်မတို့လည်း ခြံထဲ၀င်ပြီး အိမ်အောက်ထပ်ရဲ့ တံခါးမကြီးကို သော့ဖွင့်၀င်လိုက်ကြတယ်။ ကျွန်မတို့က အိမ်အောက်ထပ် တစ်ထပ်ပဲ သီးသန့်ငှားတာမို့ အပေါ်ထပ်က ကျွန်မတို့နဲ့ မဆိုင်သလို အပေါ်တက်တဲ့ လှေကားကလည်း ကျွန်မတို့ရဲ့ အောက်ထပ်ကနေ မသွားပါဘူး။ အိမ်အပေါ်ထပ်ကို တက်တဲ့တံခါးက အိမ်မကြီးရဲ့ ဘေးမှာ သပ်သပ်ရှိပါတယ်။

အိမ်ထဲရောက်တော့ ပါလာတဲ့ ဖယောင်းတိုင်မီးထွန်း၊ တံမြက်စည်းနဲ့ ဖုန်တွေဘာတွေလှည်းကျင်း ပစ္စည်းထုပ်တွေ နေရာချနေတုန်း အဒေါ်ရဲ့သားအကြီး ၊ ကျွန်မတို့ရဲ့ အစ်ကို ၀မ်းကွဲလည်း အိမ်ကို လိုက်လာပါတယ်။ ယောကျာ်းသားတစ်ယောက် ‌ထပ်တိုးလာတော့ အားငယ်ကြောက်လန့်နေတဲ့ ကျွန်မတို့အဖွဲ့ အားတက်သွားကြတယ်။

အစ်ကိုရောက်လာတော့ အိမ်ကပါလာတဲ့ ထမင်းထုပ်ဖြေပြီး ထမင်းစားကြတယ်။

“ထမင်းပန်းကန်တွေ မနက်ကျမှ ဆေးတော့။ အပြင်မှာ အရမ်းမှောင်နေတယ်။ အပြင်မထွက်နဲ့တော့။ မီးလုံးတွေတော့ မနက်ဖြန်မှ ဆင်ပေးမယ်။ မအိပ်ခင် အပေါ့အပါးသွားထားကြ။”

ကျွန်မတို့ အပေါ့အပါးသွားဖို့ အိမ်သာလိုက်ရှာရတယ်။ အိမ်ခြေရင်းတံခါးမကြီးကို ဖွင့်လိုက်တော့ အိမ်ဘေးမှာ အိမ်ကို မိုးနေတဲ့ သရက်ပင်ကြီးကို ဓာတ်မီးရောင်အောက်မှာ မြင်နေရတယ်။ မြေပြင်ပေါ်မှာ သရက်ရွက်ခြောက်တွေ ဒင်းကြမ်း။

သစ်ရွက်ခြောက်တွေပေါ် နင်းလိုက်တဲ့ အခါတိုင်းထွက်‌ေပါ်လာတဲ့ ခြေသံ တဂျွမ်းဂျွမ်းက ကျောချမ်းစရာ။

အိမ်နဲ့ သိပ်မဝေးတဲ့ နောက်ဘေးမှာ အိမ်သာကို တွေ့ရတယ်။ ညီအစ်မသုံးယောက်သား အိမ်သာထဲ တန်းမ၀င်ရဲကြလို့ နင်အရင်၀င်၊ ငါအရင်၀င် အလှည့်ရွေးနေကြရသေးတယ်။ ဓာတ်မီးနဲ့ ပတ်၀န်းကျင်ကို လှည့်ပတ်ထိုးကြည့်တော့ ဘေးဘီက ခြံစည်းရိုးဟာ ဓာတ်မီးအလင်းတန်းဆုံးတဲ့အကွာအဝေးထဲမှာ ရှိမနေအောင်ကို ကျယ်၀န်းလှတာကို တွေ့ရတယ်။

အိမ်ထဲ ပြန်ရောက်တော့ ဘာမှလည်း ထွေထွေထူးထူးလုပ်စရာ မရှိတော့တာနဲ့ အိပ်ရာ၀င်ကြဖို့ အိပ်ရာခင်းတွေ ပြင်ကြတယ်။ အဖွားဖို့၊ အဒေါ်ဖို့၊ အစ်ကိုဖို့ ညီအစ်မသုံးယောက်ဖို့ အိပ်ယာတွေ ပြင်နေတုန်း

” ဝုန်း ”

ဆိုတဲ့ အသံအကျယ်ကြီး အိမ်ခေါင်မိုးပေါ်ကနေ ကြားလိုက်ရပြီး တစ်အိမ်လုံး တုန်သွားသလို ခံစားလိုက်ကြရတယ်။ ကျွန်မတို့ ညီအစ်မတွေလည်း ချက်ချင်းပူးကပ်လိုက်ကြပြီး အော်လိုက်ကြတာ ဘာပြောကောင်းမလဲ။ ခြံရှေ့စရောက်တဲ့ အချိန်ကတည်းက ထိတ်လန့်ကြောက်ရွံ့စိတ်တွေကို မဖော်ပြမိအောင် အတင်းဖုံးဖိထားကြရာကနေ တိတ်ဆိတ်နေတဲ့အချိန်မှာ
ကျယ်လောင်လွန်းတဲ့ အသံကြီး ရုတ်တရက်ထွက်လာတော့ အသိစိတ်တွေ မထိန်းနိုင်တော့ဘဲ အရမ်းလန့်သွားကြတာ။ အစ်ကိုကြီးတောင်မှ တစ်ကိုယ်လုံး ဆတ်ခနဲ တုန်သွားတာ မြင်လိုက်ရတယ်။ ဒါပေမယ့် သူက ချက်ချင်းပဲ အိန္ဒြေပြန်ဆယ်လိုက်နိုင်ပြီး

“သရက်ကိုင်း ကျိုးကျတာပါ။ ဘာမှ မဟုတ်ပါဘူး။ကဲ၊ ကဲ အိပ်ရာ၀င်ကြတော့ ”

ဆိုပြီး ခပ်တည်တည်ပြောတယ်။

ကျွန်မတို့လည်း အိပ်ရာထဲကိုယ်စီလှဲလိုက်ကြပေမယ့် ဒီတစ်ညတော့ ကောင်းကောင်းအိပ်ပျော်မယ် မထင်တော့ပါဘူး။ ကျွန်မလည်း အိပ်ရာထဲမှာကွေးပြီး ငှက်ပျောရွက်လေတိုးသံ တရှဲရှဲနားထောင်းရင်း အတိတ်အကြောင်းတွေ ပြန်တွေးနေမိတယ်။

*************

ကျွန်မတို့ရဲ့ ဇာတိက အောင်လံမြို့ အရှေ့ဘက် မိုင်၂၀ကျော်အကွာက တောရွာလေးပေါ့။ အဖွားက အဲဒီရွာသူ၊ အဖိုးက တောင်တွင်းကြီးဘက် ရွာတစ်ရွာ ဇာတိ။ အဖိုးက ဗိုလ်ချုပ်နေ၀င်းရဲ့ တပ်ရင်းထဲမှာ ဆေးမှုးရာထူးနဲ့ တာ၀န်ထမ်းဆောင်ရင်း တပ်ရင်းတစ်ခုလုံး ပဲခူးရိုးမဘက်ကို တောခိုတော့ အဖိုးပါ ပါသွားရော။ အဖိုးတို့တပ်ထဲမှာ အဖွားရဲ့ အစ်ကို၀မ်းကွဲလည်း ရှိတယ်။

အဖွားရဲ့ အစ်ကိုက ရွာပြန်လာတော့ အဖိုးကလိုက်လည်ရင်း အဖွားကို တွေ့လို့ သဘောကျ‌တယ်။ အဖွားရဲ့ အစ်ကိုကို ပြောပြတော့ သဘောတူလို့ ပေးစားလိုက်တယ်။ အဖွားက အဖိုးကို မကြိုက်ဘူးတဲ့။ အစ်ကိုဖြစ်သူကို ကြောက်လို့ ယူရတာတဲ့။
ရွာမှာ နုနုရွရွ၊ ကြော့ကြော့မော့မော့နေပြီး အစားကောင်း၊အသောက်ကောင်းကြိုက်တဲ့အဖွားက အဖိုးနဲ့ ယူပြီး တောထဲလိုက်နေရတာကို မပျော်ဘူး။

“တော့ ဗိုလ်အေးငွေ ကျွန်မ ရွာပြန်တော့မယ်။ တော်လိုက်မပို့ရင် ကိုယ့်ဘာသာပြန်မယ်။”

အဖွားက အဖိုးကို တပ်ထဲက တပ်သားတွေခေါ်သလို ဗိုလ်အေးငွေလို့ပဲ ခေါ်ပါတယ်။

“ဘာဖြစ်လို့ ပြန်ချင်တာလဲ မအုန်းရင်”

“ဒီမှာ စားစရာ၊သောက်စရာမရှိဘူး။ ကျွန်မ မပျော်ဘူး။”

“ဟ ဒီမှာ စားစရာတွေ အများကြီးပါဟ။ ချေသား၊ ဆတ်သား၊တော၀က်သား။ မင်းဘာစားချင်လဲ။ ဟိုမှာ တလောက ဖွတ်ထားတဲ့ ပျားရည်တွေ။ ငှက်ပျောသီး၊ မာလကာသီးတွေလည်း အရှိသား မဟုတ်လား”။

“အိုတော် ဒီတောထဲမှာ ဘာတွေများ စားစရာ ရှိလို့လဲ။ တစ်နေ့လာလည်း မျှစ်၊ အသားခြောက်၊ ဒရင်ကောက်ရွက်၊ ဒါတွေပဲ စားနေရတာ။ ကျွန်မက ပေါက်ပေါက်ဆုပ်တွေ၊ ကရေကရာတွေ၊မုန့်ဆီကြော်၊ထိုးမုန့်လိုမျိုးကို လူတောထဲမှာနေပြီး စားချင်တာ။ ပြီးတော့ ဒီတောထဲမှာ ဘာဇာတ်ပွဲမှလည်း မကြည့်ရဘူး။ ကျွန်မက ပွဲသိပ်ကြိုက်တာ။ တော်ပြီ။ တော် လာမတားနဲ့။ ပြန်တော့မယ်”

ဆိုပြီး အဖွားက ပြန်ချသွားရော။ အဖိုးက သူ့မိန်းမကို တားမရမှန်းသိတော့ သူ့ယောက်ဖဆီ ပြေးတဲ့ပြီး

“အစ်ကိုရေ လုပ်ပါဦး။ ဟိုမှာ မအုန်းရင် မုန့်မစားရလို့တဲ့ ရွာပြန်သွားပြီ။ ကျုပ်တားတာလည်း မရဘူး”

“ဟေ ဟုတ်လား။ အေး အေး။ မင်းအသာနေ ။ ငါလိုက်သွားလိုက်မယ်”
ဆိုပြီး အဖွားပြန်တဲ့ လမ်းကို ဖြတ်လမ်းက လိုက်ပြီး လမ်းက ကြိုစောင့်နေတယ်တဲ့။ အဖွားလည်း အဲနားရောက်လာရော လမ်းမပေါ်ကနေ ကြိမ်လုံးလေးနဲ့ ရွယ်ပြီး

” အုန်းရင် အဲဒါ ၊ ဘာအရူးထတာလဲ။ သွား စခန်းကို အခုပြန်” ဆိုပြီး ခြေသလုံးကို ခတ်ဆတ်ဆတ်ရိုက်ပြီး ပြန်ခိုင်းတယ်။ အဖွားလည်း အစ်ကိုကို ကြောက်ရတော့ ငိုပြီး စခန်း ပြန်ခဲ့ရတယ်တဲ့။

အဖွားက ကျွန်မတို့ကို ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောပြတိုင်း

သူက အလှအပ၊ အနုအရွကြိုက်ကြောင်း၊ တောပုန်းသူပုန် ကွန်မြူနစ်နဲ့ အိမ်ထောင်ကျတော့ တောထဲမှာ နေရကြောင်းတွေ ပြောတယ်။

ကျွန်မတို့နယ်ဘက်မှာ အဖွားကို “အိုကြီး” လို့ ခေါ်ကြတယ်။

“အိုကြီး ငယ်ငယ်ကဆိုရင်လေ ပွဲလမ်းသဘင်များသွားစရာရှိရင် သူများတွေလို အ၀တ်အစားအဆင်သင့် မရှိလို့ မလိုက်ရဘူးဆိုတာ ဘယ်တော့မှ မရှိဘူး။ အဖွားက အင်္ကျီက ဖက်ဖူးစိမ်းဆို၊ ထဘီနဲ့ ဖိနပ်ကလည်း ဖက်ဖူးစိမ်းပဲ။ တစ်ကိုယ်လုံး စိမ်းနေမှ။ အဲလို အရောင်ကို လိုက်ဖက်နေအောင် ၀တ်တာ ”

လို့ ပြန်ပြောပြနေတဲ့ အသက်၈၀ကျော်အရွယ် အဖွားရဲ့ မျက်နှာမှာ ကြည်နူးရိပ်တွေ စွန်းပေနေတတ်တယ်။

“တစ်ခါကများ သူငယ်ချင်းရွာကို သွားတာ အဲဒီရွာက အရူးက အိုကြီးသွားနေတဲ့ လမ်းရှေ့မှာ ထုတ်စီးတိုးသလို လက်ကို ကားပြီး “တို့တော့မယ်တဲ့ ၊ ဆိတ်တော့မယ်၊ ဆိတ်တော့မယ်တဲ့ တို့တော့မယ်။ မောင်ကြံရွယ်တဲ့ စံပယ်ကုံး၊ မင်းဘယ်သို့တုန်း” ဆိုပြီး လိုက်လို့ ပတ်ပြေးခဲ့ရသေးသကော”

ဆိုပြီး ငယ်ရွယ်တက်ကြွစဉ်အခါက ပျော်ရွှင်စရာအဖြစ်အပျက်လေးတွေကို လက်ဟန်ခြေဟန်လုပ်ပြရင်း ပြောတတ်သေးတယ်။

ရေမိုးချိုး၊ သနပ်ခါး ‌မှုန်နေအောင်လူးပြီး မှန်လေးကြည့်ရင်း ဘာပြောတတ်သေးလဲဆိုတော့

” ငါ့ကို နင်တို့ဘဘ ဘိုးအေးငွေက သုံးပန်လှ လို့ ပြောတယ်အေ့ ”

“သုံးပန်လှဆိုတာ ဘာလဲ အိုကြီး”

“သုံးပန်လှဆိုတာ ငယ်၊ရွယ်၊ကြီး အရွယ်သုံးပါးလုံး လှနေသေးတာကို ပြောတာ။ ငါက အိုတဲ့အရွယ်ထိ လှနေမှာမို့လို့ ငါက သုံးပန်လှ လို့ နင်တို့ ဘဘက ပြောခဲ့တာ “တဲ့။

*******

ငှက်ပျောရွက်လေတိုးသံတွေနားထောင်ရင်း အတိတ်ဆီ စိတ်လွင့်နေရင်း ကျွန်မအိပ်ပျော် သွားခဲ့ပါတယ်။ ဒီအိမ်မည်းကြီးနဲ့ သုံးပန်လှ ဖွားအုန်းရင်ကြား နောက်ထပ်ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဆက်ဖြစ်လာမယ်ဆိုတာ ကျွန်မတို့ အဲဒီညက တန်းမှ မသိခဲ့ကြဘဲလေ။

သုံးပန်လှ ဖွားအုန်းရင် -(၂)

နောက်နေ့ မနက်လင်းတော့ အဒေါ်နဲ့ အစ်ကိုကြီးက မနက်စောစောစီးစီး ထပြီး မြို့ထဲက အိမ်ကို ပြန်သွားကြတယ်။ မိသားစုစား၀တ်နေရေးအတွက် သူတို့ဆိုင်ဖွင့်ကြရဦးမယ်လေ။

“ကဲ အမေနဲ့ ကိုကြီး ပြန်လိုက်ဦးမယ်။ ညနေကျ နင့်ကိုကြီး စောစောပြန်လာလိမ့်မယ်။ မီးဆင်ရအောင်။ အမေတော့ ပြန်မလိုက်တော့ဘူး။ အိမ်မှာ နင်တို့ဘကြီးနဲ့ အစ်ကိုလေးကို ချက်ပြုတ်ပေးဖို့က ရှိသေးတယ်။ ဒီမှာ ဟင်းချက်စရာတွေ ၀ယ်ခဲ့ပေးတယ်။ ချက်စားကြ။”

“ရေက ဘယ်က ခပ်ရမှာလဲ အမေ့”

“မျက်စောင်းထိုး ခြံမှာ လက်နှိပ်ဘုံဘိုင်တွင်း ရှိတယ်။ အဲမှာ သွားခပ်ချေ”

ဆိုပြီး ပြန်သွားကြတယ်။

အဒေါ် ဆိုပေမယ့် ကျွန်မတို့ တူမတွေ အကုန်လုံးက အမေ လို့ပဲ ခေါ်ကြတာပါ။ ကျွန်မတို့ ညီမ၀မ်းကွဲ သုံးယောက်မှာ ကျွန်မတစ်ယောက်ပဲ မိခင်အရင်း ရှိတော့တယ်။ သီရိနဲ့ နှင်းဦးတို့ရဲ့ မိခင်တွေက ဆုံးသွားကြပြီ။ မိခင်တွေမဆုံးခင် စကားပြောတတ်စအရွယ်ကတည်းက အဒေါ်တွေ၊ ဦးလေးတွေကိုပဲ မိဘလို သဘောထားပြီး တူ၊တူမအကုန်လုံးက အမေ၊အဖေ ခေါ်ကြတာပါ။

ကျွန်မရဲ့ မိခင်အရင်းက အစိုးရ၀န်ထမ်းဖြစ်တာမို့လို့ ဟိုးအဝေးတစ်နေရာမှာ တာ၀န်ကျနေတယ်။ ကျွန်မက ကျောင်းတက်‌နေတာမို့လို့ ဘော်ဒါမှာနေရတယ်။ ကျောင်းပိတ်ရက်တွေ အဒေါ့်အိမ်ကို ပြန်နေရတယ်။ ကျန်ညီမနှစ်ယောက်ကတော့ ကျောင်းထွက်လိုက်ကြပြီး အဖွားကို အနီးကပ်ပြုစုစောင့်ရှောက်ကြတယ်။

အဒေါ်တို့ သွားပြီး ခြံထဲ၊ ခြံပြင် ပတ်၀န်းကျင် ဘေးဘီကို ပတ်ကြည့်တော့ အာလားလား။ ခြံကြီးက အတော်ကျယ်တာပါလား။ အိမ်ရှေ့မျက်နှာစာလောက်ပဲ ခြံစည်းရိုးရှိပြီး ‌ကျန်နေရာတော်တော်များများမှာ ခြံစည်းရိုး မရှိဘဲ ဟာလာဟင်းလင်း

ခြံနောက်ထဲကို သွားကြည့်တော့ မြောက်မြှားမြက်ပင်တွေရဲ့ မြှားတွေက အ၀တ်အစားတွေကို ဖောက်စူးလို့စူး၊ ကျွဲနှာခေါင်းချိတ်အပင်တွေရဲ့ အသီးလေးတွေက ခြေသလုံးတွေ၊ ခြေဖမိုးတွေမှာ အတန်းလိုက်ကြီး ချိတ်လိုချိတ်၊ ကပ်စေးနှဲခြုံတွေရဲ့ကပ်စေးနှဲသီးတွေက ဆံပင်တွေမှာ၊ အင်္ကျီတွေမှာ လုံးထွေးငြိနဲ့မို့လို့ ခြံနှံ့အောင် မလျှောက်ကြည့်နိုင်ဘဲ အိမ်ဘက်ကို တပ်ခေါက်ပြန်လာရတယ်။

“ဟေ့ အိမွန် ဘယ်တွေ လျှောက်သွားနေတာလဲ။ ထမင်းစားမယ် လာခဲ့၊ ပြီးရင် ကြမ်းခင်းတွေ ရေနဲ့ ဆေးပြီး တိုက်ကြရအောင်”

ထမင်းစားပြီး ရေသွားခပ်ကြတော့ ခေါင်းရင်းအိမ်က အန်တီနဲ့ တွေ့လို့ မိတ်ဆက်စကားပြောကြ ဘာညာပေါ့။ အဲဒီအန်တီက သဘောကောင်းတယ်။ နေ့လယ်ကျ အိမ်ဘက်ကို သူ့သားအငယ်လေး ခေါ်ပြီး ကူးလာရင်း စကားစမြည် လာပြောတယ်။ ကျွန်မတို့ကလည်း သူ့ကို ဒီအိမ်ကြီးအကြောင်း မေးချင်နေကြတယ်။ ဘယ်က ဘယ်လိုစမေးရမှန်းလည်း မသိကြဘူး။

“ဒီအိမ်ပိုင်ရှင်က ဘယ်သူလဲ အန်တီ”

“ဒီရပ်ကွက်ထဲကပဲလေ။ ဟိုဘက်လမ်းထဲမှာ နေတယ်”

“ဪ ဟုတ်ကဲ့။”

“သမီးတို့က ညက မှောင်မှောင်ကြီး ဒီအိမ်ကို ရောက်လာတော့ ကြောက်နေကြတာလေ။ အိမ်ကြီးကလည်း မည်းမည်းကြီး။ မီးကလည်း မရှိ မှောင်မည်းနေတော့ သရဲခြောက်တဲ့ အိမ်ကြီးလားလို့ တွေးနေတာ”

“သရဲ မရှိပါဘူး ဒီအိမ်မှာ။ ဘာမှ ကြောက်စရာမရှိဘူး။ အကူအညီလိုရင် လာတောင်းနော်”

ကျွန်မတို့လည်း သစ်သားကြမ်းခင်းတွေ ရေနဲ့ဆေးချ၊ အိမ်ခြေရင်းက သရက်ပင်ကြီးအောက်လည်း သစ်ရွက်ခြောက်တွေ လှည်းကျင်း၊ အိမ်သာသွားတဲ့ လမ်းတွေ သန့်ရှင်းရေး လုပ်လိုက်တော့လည်း နည်းနည်း သပ်သပ်ရပ်ရပ် ဖြစ်သွားတယ်။ နေ့လယ်နေ့ခင်း လင်းလင်းချင်းချင်းမှာဆိုတော့လည်း အိမ်ကြီးက ကြောက်စရာ မကောင်းတော့ ပြန်ဘူး။

ညနေကျတော့ အစ်ကိုကြီး စောစောရောက်လာပြီး လျှပ်စစ်မီးတွေ အိမ်အတွင်း၊အပြင် ဆင်ပေးတော့လည်း အိမ်ကြီးက မီးအလင်းရောင်တွေနဲ့မို့ နေပျော်စရာပါပဲ။

နောက်ရက်တွေမှာလည်း ကျွန်မတို့ ထင်နေသလို ခြောက်ခြားစရာ၊ ထိတ်စရာ၊လန့်စရာအဖြစ်တွေ မကြုံရတော့ နေရတာ အဆင်ပြေလာပါတယ်။
ကျွန်မကတော့ တဖြည်းဖြည်းနဲ့ ဒီအိမ်ကြီးမှာ နေရတာ သဘောကျလာတယ်။

ပတ်၀န်းကျင်က ဆူညံသံတွေကို ကိုယ့်အိမ်က မကြားရတဲ့ အပြင်၊ ကိုယ့်အိမ်က ဆူညံသံတွေကိုလည်း ပတ်၀န်းကျင်က အလွယ်တကူ မကြားနိုင်တော့ဘူးလေ။ ကိုယ့်အိမ်က ဆူညံသံတွေဆိုတော့ ဘာတွေများလဲ သိချင်သွားကြမယ် ထင်ပါရဲ့။ အခြား မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ ဇာတ်လိုက် သုံးပန်လှ ဖွားအုန်းရင်ရဲ့ ဆူညံသံတွေပေါ့။

အဖွားက ကျန်တဲ့အချိန်တွေဆို မဆိုးပေမယ့် မနက်အစောကြီး လေးနာရီ၊ ငါးနာရီ သူများတွေအိပ်ရာမနိုးခင်ကတည်းက သူက နိုးနေတတ်တယ်။ သူနိုးပါပြီ ဆိုကတည်းက ပါးစပ်ကနေ မရပ်မနား တောက်လျှောက် စကားတွေ ပြောတော့တာပဲ။ သူငယ်စဉ် ဟိုးကာလတွေကနေ အခုလက်ရှိကာလတွေအထိ အဖြစ်အပျက်တွေထဲမှာ သူမကျေနပ်တဲ့ လူတွေ၊ ကိစ္စတွေအကြောင်းကို ခုနှစ်ကြား၊ ရှစ်အိမ်ကြား အော်ဟစ်ပြောဆိုတတ်တယ်။ သူပြောတဲ့အထဲမှာပါတဲ့ တချို့လူတွေရဲ့နာမည်တွေဆို ကျွန်မတို့ မကြားဖူး၊ မသိဖူးတဲ့ သူတွေရဲ့ အကြောင်းပါ ပါတယ်။ ဒီလိုမျိုးက တစ်နေ့မဟုတ်၊ နှစ်နေ့မဟုတ်။ နေ့စဉ်ရက်ဆက်။ တစ်နှစ်မဟုတ် နှစ်နှစ်မဟုတ်။ နှစ်ပေါင်းများစွာ။

အဲဒီလို မနက်မလင်းခင်ကတည်းက အော်ဟစ်ဆူဆဲတဲ့ ဒဏ်ကို အတူနေ သားသမီး၊ မြေးမြစ်တွေသာမက ပတ်၀န်းကျင် အိမ်နီးနားချင်းက လူတွေပါ ခံကြရတယ်။

ဇာတိရွာကမှာ နေတုန်းကလည်း ဒီလိုပဲ။ အဖွားက လူကြီးမို့ နှစ်ထပ်ပျဉ်ထောင်အိမ် အောက်ထပ်မှာပဲ နေတယ်။ မိသားစု၀င်အချို့က အိမ်ပေါ်မှာ အိပ်တယ်။ အဖွားက သူနိုးတဲ့အချိန်ကစပြီး အပေါ်မှာ အိပ်နေတဲ့သူတွေကိုပါ အိပ်ရာထဖို့ အော်နှိုးတယ်။ မထမချင်း အိမ်အောက်ကနေ ကြမ်းပြင်ကို တုတ်နဲ့ တဒုန်းဒုန်းထိုးတယ်။ အိမ်သူအိမ်သားတွေဟာ အိပ်ရေးမ၀၊ စိတ်လက်မကြည်မလင်နဲ့ အမြဲနိုးထကြရတယ်။

ပုဂံခေတ် အလှုကျောက်စာတစ်ချပ်မှာ အလှုရှင် တစ်ဦးက သူ့အလှုရည်ရွယ်ချက်အကြောင်း ရေးထိုးတဲ့အခါမှာ “ဖြစ်လေရာ ဘ၀တိုင်းမှာ မနက်လင်းတာနဲ့ သာယာငြိမ့်ညောင်းတဲ့ တူရိယာသံတွေနဲ့ စိတ်နှလုံးဘ၀င် ကြည်သာရွှင်ပြစွာ နိုးထရတဲ့ အကျိုးကို လိုချင်လို့ ဂီတာတူရိယာငါးပါးကို လှုဒါန်းခဲ့တယ်တဲ့။

အဖွားရဲ့ ဆဲသံ၊ ဆိုသံ၊ အော်ဟစ်ဆူညံသံတွေနဲ့ နိုးထရတဲ့ ကျွန်မတို့က အရင်ဘ၀က ဘာတွေများ လှုခဲ့ဖူးလို့ပါလိမ့်။

အခုလည်း အဲဒီလို အကျင့်တွေကြောင့် မြို့ထဲ အိမ်ကနေ ဒီအိမ်ကြီးကို ပြောင်းလာခဲ့ကြရတာလေ။

အဖွားက အရင်က ဇာတိရွာမှာ နေပေမယ့် သားသမီးတွေက တစ်ရပ်တစ်ရွာမှာ အိမ်ထောင်ကျကြ၊ အ‌ခြေကျကုန်ကြတော့ အဖွားကို ရွာမှာ မထားတော့ဘဲ မြို့ပေါ်က အဖွားရဲ့ သမီးအကြီးဆုံး(ကျွန်မတို့အဒေါ်) အိမ်မှာ ခေါ်ထားရတယ်။ အဒေါ်က အနီးကပ်ပြုစုစောင့်ရှောက်၊ ကျွန်မရဲ့ အမေအရင်း(အဖွားရဲ့ သမီးအလတ်)က အဝေးကနေ စားရိတ်ထောက်ပံ့တယ်။

မြို့ထဲမှာက အဒေါ်ရဲ့ ခင်ပွန်းအိမ်မှာနေကြရတာ။ သူတို့အိမ်ကလည်း အဒေါ့်‌ယောကျာ်း ဘက်က မိဘပိုင်ခြံဝိုင်းထဲမှာပဲ မောင်နှမသားချင်းမိသားစု သုံးစု၊လေးစု လောက် စုနေကြတယ်။ ဒီလို ခြံတစ်ခြံတည်းမှာ မိသားစုတွေအများကြီး စုနေကြတဲ့ အခြေအနေနဲ့ အဖွားရဲ့ မနက်မိုးလင်းရင် အော်ဟစ်ဆဲဆိုတဲ့ အကျင့်နဲ့က ဘယ်လိုမှ ရေရှည်အဆင်မပြေပါဘူး။ ဒါ့ကြောင့် ပြဿနာတွေအကြီးအကျယ် တင်မလာခင် ဒီအိမ်ကြီးကို ငှားပြီး ပြောင်းလာခဲ့ကြတာ။ ဒီလိုနဲ့ ဒီအိမ်ကြီးမှာ ကျွန်မတို့ အဆင်ပြေနေခဲ့ကြတယ်။

******

ဒီလိုနဲ့ နေလာရင်း တစ်လလောက်အကြာ တစ်ရက်မှာတော့ အဖွားက သူထိုင်နေတဲ့ ကြမ်းပြင်ကြားထဲကို ငုံ့ကြည့်ပြီး

” ဟဲ့ အောက်က ဘယ်သူလဲ။ ခုချက်ချင်း ထွက်ခဲ့စမ်း။ ထွက်ခဲ့လို့ ပြောနေတယ်နော်။ မထွက်ဘူးလား။ ငါရေနွေးပူနဲ့ လောင်းချလိုက်ရမလား”

ဆိုပြီး ရေနွေးဓာတ်ဘူးထဲက ရေနွေးတွေနဲ့ ကြမ်းကြားထဲ လောင်းချနေတာ တွေ့ရတယ်။

“အိုကြီး ဘာတွေ ပြောနေတာလဲ။ အောက်မှာ ဘယ်သူမှ မရှိဘူးလေ”

” ရှိတယ်၊ ရှိတယ်။ အောက်မှာ ယောကျာ်းတစ်ယောက် ရောက်နေတယ်။ ထွက်ခိုင်းတာ ထွက်မလာဘူး။ ”

“ဘယ်သူမှ မရှိပါဘူးဆို၊ အိုကြီးရယ်”

ကျွန်မတို့လည်း အိုကြီးက စ,နောက်နေတာလား။ စိတ်ဖောက်သွားတာလား မဝေခွဲနိုင်ဘူး။ လူရှိတယ်ချည်း ဇွတ်အတင်းပြောနေလို့ သူကျေနပ်အောင် ကြမ်းပြင်အောက်ကို တုတ်နဲ့ လှမ်းလှမ်းရိုက်ပြပြီး

“ဘယ်သူ ၀င်နေတာလဲ။ ထွက်သွားစမ်း။ ငါတို့အိမ်ထဲကနေ”

ဆိုပြီး ပြောပေးလိုက်ရတယ်။

အဲဒီနေ့၊ အဲဒီအဖြစ်အပျက်ပြီးကတည်းက အဖွားဟာ မူမမှန်တဲ့ အပြုအမူ၊ အပြောအဆိုတွေ ‌လုပ်လာ၊ ပြောလာတော့တယ်။

အဲဒီညမှာပဲ မြေးအဖွားတစ်စု ထမင်းစားပြီး ထိုင်စကားပြောနေတုန်း အဖွားက

” ဟဲ့ အိမွန်၊ နင့်ရင်ခွင်ထဲက ပန်းအနီလေး ပန်ထားတဲ့ ကလေးလေးက ဘယ်က ကလေးတုန်း”

ဟဲ့ ဗုဒ္ဓေါ။ ကျွန်မမှာ ခေါင်းမွှေးတွေတောင် ထောင်သွားသလိုပဲ။

“အာ အိုကြီးကလည်း။ လန့်လိုက်တာ။ ဘာကလေးမှ မရှိဘဲနဲ့။ ”

“ဟဲ့ ရှိတယ်လေ။ အဲမှာ အယ် အယ် တိုင်ပေါ် တက်သွားပြီ။ ငပိအိတ်ထဲ ၀င်သွားပြီ။”

ကျွန်မတို့တွေမှာ လန့်ကြ ၊ ကြောက်ကြလို့ မပြီးသေးဘူး။ ခေါင်းရင်းဘက်က ဖွင့်ထားတဲ့ ပြတင်းပေါက်တွေဆီ ကြည့်ပြီး

“ဟိုမှာ လူတွေအများကြီးပဲ။ အမှောင်ထဲ ဘာရပ်လုပ်နေကြတာလဲ။”

“အိုကြီး။ အပြင်မှာ ဘာလူမှ မရှိပါဘူး။ ခေါင်းရင်းမှာ ငှက်ပျောတော ရှိတယ်လေ။ အဲဒါ ငှက်ပျောပင်တွေ။ မှောင်မှောင်ထဲ ဆိုတော့ အိုကြီးက လူတွေလို့ ထင်နေတာလား။ လူမဟုတ်ဘူးနော်”

ကြောက်စိတ်တွေကို ထိန်းပြီး အကျိုးအကြောင်း ချော့ပြောရတယ်။

အဲဒီလိုနဲ့ အိပ်ရာ၀င်လိုက်ကြတယ်။

*****

အိပ်ပျော်နေတုန်း ညသန်းခေါင်ကြီး လက်ကို လာကုတ်ပြီး နှိုးနေသလို ခံစားရလို့ မျက်စိဖွင့်ကြည့်လိုက်တော့ “အိုကြီးရယ်”။ ကျွန်မကို တိတ်တိတ်နေ ဆိုတဲ့ ပုံနဲ့ ပါးစပ်ကို လက်ညှိုးနဲ့ ပိတ်တဲ့ ပုံ လုပ်ပြတယ်။ ဘေးက နှင်းဦးနဲ့ သီရိကိုလည်း ကြိတ်နှိုးပြီး သူတို့ နိုးလာတော့

“လာ လာ သွားကြမယ်။ ‌နောက်ကျနေပြီ။ နင်တို့ကလည်း အပျိုလေးတွေ ဖြစ်ပြီး နှိုးရခက်လိုက်တာ”

“ဟာ ဒီလောက် မှောင်မှောင်ကြီး။ ဘယ်သွားမလို့လဲ အိုကြီးရဲ့။

“ဟဲ့ ကမြင်းမတွေ၊ အရိပ်သုံးပါး နားမလည်ဘူး။ ဟိုမှာ နင့်လင် ဂျပန်တွေ လာနေပြီ။ သူများလှည်းတွေ ထွက်ကုန်ကြပြီ။ တို့လည်း အဖော်ရှိတုန်း ထွက်ရအောင်”

“အိုကြီးရယ်”

အိမ်‌ရှေ့ခန်းအလယ်မှာ ဘယ်ကတည်းက အိမ်ခန်းထဲက ဆွဲထုတ်ထားမှန်းမသိတဲ့ အ၀တ်အစားထုပ်တွေ လေးငါးထုပ်တွေ့ရတယ်။

“အထုပ်တွေ သွားယူချေလေ။ သွားကြမယ်”

“ဒီမှာ အိုကြီးရဲ့။ သတိထားပါအုံး။ အခုခေတ်က ဂျပန်ခေတ် မဟုတ်တော့ဘူးလေ။ ဂျပန်ခေတ်က အိုကြီးအပျိုတုန်းက ဟိုးရှေးခေတ်မှာ ကျန်ခဲ့ပြီလေ။ အခုက သမီးတို့က အိုကြီးရဲ့ မြေးတွေ‌ခေတ်လေ။ ဒီမှာလေ အိမွန်၊ သီရိ၊နှင်းဦး။ ဂျပန်ခေတ်က အဝေးကြီး ကျန်ခဲ့ပြီနော်။ စစ်လည်း ဖြစ်မနေဘူး။ ဘယ်မှ စစ်ပြေးစရာလည်း မလိုတော့ဘူး။ ပြန်အိပ်နော်”

ချော့မော့ပြီး အိပ်ရာထဲ ပြန်သိပ်ပေမယ့် မအိပ်ဘဲ ငုတ်တုတ်ထိုင်နေတဲ့ အဖွားကို မြင်‌ေနရတယ်။

*****

မနက်ကျ အဒေါ်ကို အကျိုးအကြောင်း ပြောပြတော့ ဆေးရုံခေါ်သွားပြီး ဆရာ၀န်နဲ့ ပြတော့ အဖွားဟာ အသက် ၈၅ ရောက်လာလို့ သူငယ်ပြန်စပြုလာပြီတဲ့။ စိတ်ရှည်လက်ရှည် ကြင်ကြင်နာနာ ပြုစုစောင့်ရှောက်ပေးကြဖို့ မှာတယ်။ အိမ်သားတွေ အိပ်ပျော်နေတုန်း ညမအိပ်ဘဲ လျှောက်သွားမှာစိုးလို့ ညဆို အိပ်ဆေးလေးတိုက်အိပ်ပါတဲ့။ ဆေးတွေ ပေးလိုက်တယ် ဆရာ၀န်က။

*****

“ဟဲ့ နင့်ကို အိမ်အောက်က ထွက်ဆိုလည်း မထွက်ဘူး။ နင့်ကို ငါမေးပါအုံးမယ်။ နင့်နာမည် ဘယ်လိုခေါ်လဲ။ မဖြေဘူးလား။ အေး မဖြေလည်းနေ ။ နင့်ကို ငါ တင်၀င်း လို့ နာမည် ပေးလိုက်မယ်။ ကြားလား။ နင့်နာမည် တင်၀င်းနော်။ မှတ်ထား။”

ဒါက အဖွားက သူ့အိမ်အောက်မှာ ၀င်နေတယ်ဆိုတဲ့ ကျွန်မတို့မမြင်ရတဲ့သူနဲ့ ပြောနေတဲ့ စကားတွေပါ။ အဲဒီနောက်ပိုင်း ဟဲ့ တင်၀င်း၊ ဟဲ့ တင်၀င်း လို့ ခေါ်ခေါ်ပြီး တစ်ယောက်တည်း စကားတွေ ပြောနေတဲ့ အဖွားက ကျွန်မတို့အတွက် မထူးဆန်းတော့ပါဘူး။

အဖွားက အသိစိတ်လုံး၀ပျောက်ဆုံး သွားတာမျိုး မဟုတ်ဘဲနဲ့ စိတ်ကူးယဉ် ဇာတ်ကောင်တစ်ယောက်ဖန်ဆင်းပြီး စကားတွေ ပြောနေသလိုမျိုးပါ။ ကျန်တဲ့ ပစ္စုပ္ပန်က ဆွေမျိုးသားချင်းမိသားစုအကြောင်းအရာတွေ အကုန်လုံးကိုလည်း သူမှတ်မိ‌ေနဆဲ၊ သိနေ၊ ပြောနေနိုင်ဆဲပါ။

အဲဒီလိုပဲ ညတိုင်းလိုလို ဂျပန်တွေလာပြီ။ ထွက် ပြေးကြရအောင်ဆိုပြီး အထုပ်အပိုးတွေပြင်လိုက်၊ ကျွန်မတို့ကို လာနှိုးလိုက်ကလည်း မရိုးနိုင်တဲ့ဇာတ်လမ်းပါပဲ။

အဲဒီလိုညမျိုးဆို

“အိုကြီး အားဆေးသောက်ဦးနော်”

ဆိုပြီး အိပ်ဆေးတိုက်ဖို့ကြိုးစားရင်

“မသောက်ဘူး။ နင်တို့ဆေးကို သောက်လိုက်ရင် ငါအိပ်အိပ်ပျော်သွားတယ်။ နမတွေ”

ဆိုပြီး ပြန်ပြန်ပြောလို့ ကျွန်မတို့မှာ စိတ်ညစ်တဲ့ကြားရ ရယ်ရပြုံးရပါသေးတယ်။
*****

ဒီရက်ပိုင်း အဖွားနဲ့ တင်၀င်းကြားက စကားဝိုင်းလေး တိတ်နေတယ် ထင်တယ်။ အဖွားပါးစပ်ကနေ “ဟဲ့ တင်၀င်း” ဆိုပြီး ခေါ်သံ ပြောသံမကြားရတာ လေးငါးရက် ရှိပြီ။

“အိုကြီး။ တင်၀င်း ဘယ်ရောက်သွားလဲ။ မလာတော့ဘူးလား”

အဖွားက ပြုံးလိုက်ပြီး

“အေး မလာတော့ဘူး။ ဟယ် သူနဲ့ငါ စကားပြော ဆွေမျိုး စပ်ကြည့်တော့မှ သူက ငါတို့အမျိုးဖြစ်နေတာကိုးဟဲ့”

“ဟုတ်လား။ ဘယ်လိုတော်တာလဲ အမျိုးက”

“သူ့မိန်းမလေးက ပျဉ်ထောင်က မရင်ပို သမီးတဲ့လေ၊ အဲဒါ ငါတို့အမျိုးလေ။ အမျိုးတော်မှန်းသိသွားမှ သူက လာမနှောက်ယှက်တော့ပါဘူးဆိုပြီး မလာတော့ဘူးလေ။”

အဲလိုနဲ့ အဖွားနဲ့ တင်၀င်းကြားက ဇာတ်လမ်းလေး ပြတ်ပြီး ရက်ပိုင်းလောက် ကျွန်မတို့ အိမ်လေးလည်း ပြန်အေးချမ်းသွားတယ်။

******

“ဟဲ့ သီရိ၊ အိမွန် လာဦး။ ငါပြောစရာရှိတယ်။

“နှင်းဦးခင် ။ ရေသွားခပ်တာ ကြာလိုက်တာ ။ ဘာဖြစ်လာတာလဲ။”

“ငါပြောပြမယ်။ ငါသတင်းကြားလာခဲ့တယ်။ ငါတို့ အိမ်အပေါ်ထပ်မှာ အရင်က လူသေဖူးတယ်တဲ့။ အန်တီကြီးတစ်ယောက်တဲ့။ ထမင်းစားနေရင်း အစာနင်ပြီး သေသွားတာတဲ့။”

“နင့် ဘယ်သူပြောလိုက်တာလဲ။ သူ့ဘာသာ လူသေဖူးဖူး၊ မသေဖူးဖူး။ ဒီအိမ်မှာ သရဲမရှိပါဘူး။ အိုကြီးဘာသာ သူငယ်ပြန်ပြီး လျှောက်မြင်နေတာ။ ငါတို့တွေ ဘာသံမှ မကြားဖူး၊ မမြင်ဖူးဘူးလေ။ အိုကြီးကိုသာ ဒီအကြောင်းသွားမပြောနဲ့။”

****

နောက်ရက်ပိုင်းလောက်နေတော့ အိမ်ပေါ်ထပ်ကို မိသားစု တစ်စု ပြောင်းလာကြတယ်။ သားအမိသားအဖ သုံးယောက်။ သမီးဖြစ်သူက တက္ကသိုလ်ကျောင်းသူတဲ့။ အရပ်ပုပု ကိုယ်လုံးလှလှ၊ အသားဖြူဖြူနဲ့။ အမေဖြစ်တဲ့ အန်တီကြီးကတော့ အသားမဲမဲ၊ ကျစ်ကျစ်၊ ပုပု။ အဖေလုပ်သူကတော့ အရက်သမားကြီး ထင်တယ်။ အသားဖြူစုစုတ်ပွပွကြီးနဲ့။ နှာခေါင်း၊ ပါးမို့နဲ့ မေးစေ့တွေက နီနီရဲရဲ အစုန့်အစုန့်ကြီးတွေနဲ့ ကြောက်စရာကြီး။ သမီးဖြစ်သူနဲ့ အမေဖြစ်သူကပဲ ကျွန်မတို့နဲ့ စကားပြောအဆက်အဆံရှိတယ်။ အဖေလုပ်သူ အဲဒီဦးလေးကြီးက ပတ်၀န်းကျင်နဲ့ အဆက်အဆံမလုပ်ဘူး။ မလုပ်နေပေါ့။ ကျွန်မတို့ကလည်း သူ့ကို မခေါ်မပြောချင်ပါဘူး။

အဲဒီမိသားစုဟာ သူများမိသားစုနဲ့မတူဘဲ ထူးဆန်း‌ေနတယ်လို့ ကျွန်မခံစားနေရတယ်။

သုံးပန်လှ ဖွားအုန်းရင်-(၃)

အဲဒီ မိသားစုဟာ ထူးဆန်းနေတယ်လို့ ထင်ရတဲ့ အကြောင်းအချို့ ရှိပါတယ်။

သူတို့မိသားစုဟာ တစ်ယောက်မှလည်း အလုပ်မသွားကြဘူး။ ဘာအလုပ်လုပ်ကြမှန်းလည်း မသိဘူး။ သုံးယောက်လုံးက များသောအားဖြင့် အိမ်မှာပဲ နေကြတာများတယ်။ ဒါက ကျွန်မတို့လို သူစိမ်းတွေအနေနဲ့ အပေါ်ယံ၊ သာမန်မြင်တဲ့ အမြင်ပေါ့လေ။

သူတို့အနေနဲ့ကတော့ ကျွန်မတို့ မသိတဲ့ အခြား၀င်ငွေလမ်းကြောင်းတွေ ရှိရင်လည်း ရှိနေနိုင်တာပေါ့။ ကမ္ဘာပေါ်မှာ ငွေ၀င်နည်း တစ်သိန်းမက ရှိတယ်လို့ ဆိုကြတယ်လေ။ အကုန်လုံးကို ကျွန်မတို့ ဘယ်သိနိုင်ပါ့မလဲ။

ပြီးတော့ သူတို့ဟာ ပျော်ရွှင်နေကြပုံလည်း မရှိဘူး။ သားအမိ၊ သားအဖချင်း ချစ်ခင်ရင်းနှီးပုံမျိုးတွေလည်း မမြင်ရဘူး။ အန်တီကြီးနာမည်က နာတီ၀င်းတဲ့။ သူတို့သမီးနာမည်က မယုဝါ တဲ့။

နှင်းဦးနဲ့ သီရိတို့ကတော့ အန်တီ၀င်းတို့၊ မယုဝါတို့နဲ့ ခင်ခင်မင်မင် ပြောဖူးကြတယ်။ ကျွန်မကတော့ ကျောင်းတက်ရတာမို့ အိမ်မှာ သိပ်မနေဖြစ်တာရယ်၊ နဂိုကတည်းက သူစိမ်းတွေနဲ့ အပေါင်းအသင်း သိပ်မလုပ်တတ်တာရယ်ကြောင့် သူတို့လောက် ရင်းရင်းနှီးနှီး မဆက်ဆံဖူးဘူး။

မယုဝါက ပိုက်အမည်းသေးသေးလေးတွေကို ရက်ပြီးမျက်တောင်အတုလုပ်တယ်တဲ့။ အဲလိုလုပ်ပြီး သူမုန့်ဖိုးရှာတယ်တဲ့။ သူလုပ်ထားတာလေးတွေ ယူလာပြလို့ မြင်ဖူးတယ်။ ကျွန်မတော့ နားမလည်ဘူး။ ကျွန်မမျက်စိထဲမှာ သူလုပ်ထားတဲ့ မျက်တောင်တုတွေက မျက်တောင်နဲ့မတူဘဲ ထရံရက်ထားတာနဲ့တောင် တူနေသလိုပဲ။

****

သရက်ဖူးအကင်းလေးတွေ ထွက်တဲ့ ဇန်နဝါရီလကုန်၊ ဖေဖော်ဝါရီ လဆန်းပိုင်းကို ရောက်လာပြီ။ အတန်းတင် စာမေးပွဲလည်း နီးလာပြီ။ ခရမ်းချဉ်သီးငပိချက်ကို အရေကျဲလေးချက်ပြီး သရက်ဖူး မွှေးမွှေးလေးနဲ့ တို့စားရရင် ထမင်းမြိန်တဲ့ ရာသီပေါ့။ ကျွန်မတို့ အိမ်ခြေရင်းက သရက်ပင်ကြီးက မြင့်လွန်းတဲ့အတွက် သရက်ဖူးတွေ ခူးလို့ မမီဘူး။ ခြံကြီးရဲ့ ဟိုးဘက်ထောင့်မှာ သရက်ပင်တစ်ပင်ရှိသေးတယ်။ သူ့အကိုင်းတွေက နိမ့်နိမ့်လေးရယ်။ ညီအစ်မတွေ သရက်ဖူးခူးဖို့ ခြံနောက်ကို ထွက်ခဲ့ကြတယ်။

အိမ်ကြီးကနေ ခပ်လှမ်းလှမ်းအရောက်မှာ အိမ်အပေါ်ထပ်ကနေ ဆူညံရန်ဖြစ်သံတွေ ကြားလို့ ကျွန်မတို့ လှမ်းကြည့်တော့ ဟိုသားအမိသားအဖသုံး‌ယောက်သား လုံးထွေး သတ်ပုတ်နေကြတာ မြင်ရတယ်။ အန်တီ၀င်းကို သူ့‌ယောကျာ်းက ဆံထုံးကနေ ဆွဲထားပြီး ကိုင်ဆောင့်နေတယ်။ မယုဝါက သူ့အဖေလက်ထဲကနေ သူ့အမေကို ပြန်ဆွဲနေတာတွေ့ရတယ်။

“ဟဲ့ကောင် ဟဲ့ကောင် ငါ့အမေကို လွှတ်စမ်း”

ဦးလေးကြီးက မလွှတ်ဘဲ ဆက်ထိုးနေတော့ မယုဝါက အနားက တစ်ခုခုကို ဆွဲပြီး ဦးလေးကြီးကို ရိုက်တယ်။ ဦးလေးကြီးက အန်တီ၀င်းကို လွှတ်လိုက်ပြီး မယုဝါကို တစ်ချက်လှမ်းထိုးပြီး ထွက်သွားတယ်။

ကျွန်မတို့လည်း သရက်ပင်ဆီ မသွားတော့ဘဲ အိမ်ဘက်ကို ပြန်ပြေးလာကြတယ်။ အိမ်မှာ အိုကြီး တစ်ယောက်တည်း ကျန်နေခဲ့တာလေ။ အိမ်ပေါ်ထပ်က ဆူဆူညံညံအသံတွေကြောင့် လန့်သွားမှာစိုးလို့ အိမ်ကို ကျွန်မတို့ ပြန်ပြေးလာခဲ့ကြတာ။

ဒီအချက်တွေကြောင့် သူတို့ မိသားစုက ထူးဆန်းတယ်လို့ ကျွန်မပြောခဲ့တာပေါ့။ သမီးက အဖေကို ဟဲ့ကောင်လို့ ခေါ်တာမျိုး၊ ဖအေကို ရိုက်တာမျိုး ကျွန်မတို့ မမြင်ခဲ့ဖူး၊ မကြားခဲ့ဖူးဘူးလေ။ သူ့ရင်ထဲ ဘယ်လောက်ထိများ နာကျည်းချက်တွေ ရှိခဲ့လို့ပါလိမ့်နော်။

*****
အဲဒီ သရက်ဖူးနဲ့ ပတ်သက်တဲ့ကိစ္စက ဒီလောက်နဲ့ မရပ်ဘူး။ သရက်ဖူးစားချင်တာနဲ့ ပတ်သက်ပြီး ငိုအားထက်၊ရယ်အားသန် ကိစ္စတစ်ခု ကြုံကြရသေးတယ်။ တစ်ညသား အစ်ကိုကြီး ပြန်ရောက်ချိန် ည၈နာရီလောက် ထမင်းစားဖို့ ပြင်ဆင်းနေတုန်း

“ခရမ်းချဉ်သီးချက်လေးလားဟ။ သရက်ဖူးလေးနဲ့ တို့ရရင် အကောင်းသားဟ။ ခြေရင်းအပင် သရက်ဖူးမရဘူးလား ညီမလေးတို့”

“ခြေရင်းအပင်မှာ အဖူးက မမီဘူး ကိုကြီး။ ဟိုးခြံအနောက်ဘက်ထောင့်မှာတော့ ရှိတယ်။ ဝေးလို့ သွားမခူးရဲဘူး”

“အေး နေ နေ၊ နင်တို့မသွားနဲ့။ ငါသွားခူးလိုက်မယ်။ မစားကြနဲ့ဦး။ ခဏစောင့်ကြ”

ဓာတ်မီးဆွဲပြီး အစ်ကိုကြီးက သရက်ဖူးခူးဖို့ ထွက်သွားတယ်။ ကျွန်မတို့လည်း ထမင်းပွဲပြင်ပြီး ထိုင်စောင့်နေကြတယ်။ ခဏနေတော့ ကိုကြီး ပြန်ဂောက်လာပြီး ပါလာတဲ့ သရက်ဖူးတွေ ရေဆေးပြီး ထမင်းစားကြတယ်။ ဆောင်းမကုန်သေးတော့ အေးလို့ အိမ်တံခါးတွေ အကုန်အလုံပိတ်ထားကြတယ်။

ကျွန်မတို့ ထမင်းစားနေတုန်း

“သူခိုး သူခိုး၊ လိုက်ဟေ့ လိုက် လိုက်”

ရပ်ကွက်ထဲက လူတွေရဲ့ ဆူညံသံတွေ ကြားရတယ်။ ကျွန်မတို့ အိမ်ခြံထဲလည်း လူတွေအများကြီး ပြေး၀င်လာကြပြီး နောက်ဘေးတေွ၊ အိမ်ဘေးတွေ ပတ်ပြေးနေကြ၊ ရှာနေကြတယ်။

ကျွန်မတို့ အိမ်တံခါးကို လာခေါက်ကြပြီး တံခါးဖွင့်ခိုင်းလို့ အစ်ကိုကြီးက ထပြီး ဖွင့်ပေးလိုက်တော့

“သူခိုး ဒီခြံထဲ ၀င်ပြေးသွားတယ်။ သတိဝီရိယနဲ့ နေကြနော်။”

“ဪ ဟုတ်ကဲ့။ ဘယ်အိမ်ကို ခိုးသွားတာလဲ”

“မခိုးရသေးဘူး။ ဒီအိမ်ခြံ အနောက်ဘက်ထောင့်က သရက်ပင်အောက်ကနေ ဓာတ်မီးနဲ့ ဟိုထိုး ဒီထိုး အခြေအနေကြည့်နေတုန်း ရပ်ကွက်က သိလို့ ပြေးသွားပြီ။ အခု လိုက်ရှာနေကြတယ်။”

“ဟုတ်ကဲ့ပါ၊ ကျေးဇူးပဲ”

အစ်ကိုကြီးလည်း တံခါးပြန်ပိတ်ပြီး ထမင်းစားပွဲကို ပြန်လာတယ်။ ကျွန်မတို့က သိချင်တဲ့ မျက်လုံးလေးတွေနဲ့ ဝိုင်းကြည့်နေကြတော့

” သူတို့က ငါသရက်ဖူးသွားခူးတာကို သူခိုးထင်နေကြတာ။ အဲဒါကို ဒီလို အခြေအနေ ရှုပ်ထွေးနေတုန်းမှာ အဲဒါ သူခိုးမဟုတ်ဘူး။ ကျွန်တော်ရယ်၊ သရက်ဖူးခူးတာ ဘာညာဆိုပြီး သွားရှင်းပြစရာမလိုဘူး။ ပိုပြီး ရှင်းမရအောင် ရှုပ်သွားလိမ့်မယ်။ အဲအတိုင်း လွှတ်ပေးထားလိုက်ရတယ်။”

အဲဒီည ကျွန်မတို့ အိပ်တဲ့အချိန်အထိ ရပ်ကွက်ထဲက လူတွေ သူခိုးစောင့်နေကြတုန်းပဲ။

****

ကျွန်မ ကျောင်းကပြန်လာတဲ့ တစ်ညနေမှာ အိမ်ခြေရင်းက သရက်ပင်အောက်က ကုလားထိုင်မှာ အိုကြီးက တောင်ဝှေးလေး ကိုင်ပြီး မျက်လုံးပြူး၊ မျက်ဆန်ပြူးနဲ့ ‌ကြောက်ရွံထိတ်လန့်နေတဲ့ပုံနဲ့ ထိုင်နေတယ်။ ဘေးနားမှာ သီရိ၊ နှင်းဦးအပြင်း ခေါင်းရင်းအိမ်က အန်တီတို့ရော၊ အန်တီ၀င်းတို့ပါ ရှိနေတယ်။

“ဘာလဲ ဘာဖြစ်တာလဲ”

ကျွန်မ စက်ဘီးကို လွှတ်ချပစ်ခဲ့ပြီး အိုကြီးဆီကို ပြေးတော့ အိုကြီးက ကျွန်မကို အားကိုးတကြီး လှမ်းဖက်ပြီး

“အိမွန်ရယ် လုပ်ပါဦး။ အိမ်ထဲမှာ မိန်းမတစ်ယောက်ရောက်နေတယ်။ ငါ့ကို နှင်ထုတ်နေတယ်။ ငါမနေရဲလို့ အိမ်အပြင်ထွက်လာတာ။ သူတို့တွေက ငါပြောတာကို မယုံကြဘူး။ ”

ဘေးက လူတွေကလည်း ဝိုင်းတိုင်ကြတယ်။ အိုကြီးက အိမ်ထဲကို ဘယ်လိုမှ ပြန်ခေါ်လို့မရကြောင်း၊ ရူးသွားပြီ ဆိုပြီး ပြောနေကြတယ်။

ကျွန်မလည်း ဘေးလူတွေကို ကျွန်မ မရှိတုန်း ကြည့်ပေးထားတာ ကျေးဇူးတင်ကြောင်း ပြောပြီး ပြန်လွှတ်လိုက်တယ်။

တဖြည်းဖြည်းနဲ့ အပြင်မှာ မှောင်လာပြီ။ အပြင်မှာ ဒီလိုကြီး နေလို့ မဖြစ်လို့ အိုကြီးကို အိမ်ထဲကို မနည်းချော့မော့ ပြန်ခေါ်တော့ အကြာကြီးနေမှ အိမ်ထဲ လိုက်လာတယ်။ အိမ်ထဲ ရောက်ရောက်ချင်း ပါးစပ်ကနေ ထူးထူးဆန်းဆန်းတွေ အော်တယ်။

“ကလူကလူကလူ ကူးကူးကူး”

ဆိုတဲ့ အသံတွေ။

“အိုကြီး ဘာတွေ အော်နေတာလဲဟင်”

“ငါအော်တာ မဟုတ်ဘူး။ သူအော်တာ”

“သူဆိုတာ ဘယ်သူလဲ”

“သူဆိုတာ အဲဒီမိန်းမလေ။ ငါ့ကို ထွက်သွားခိုင်းတဲ့ ကောင်မ”

“သမီးတော့ အိုကြီးပါးစပ်က ထွက်လာတဲ့ အသံပဲ ကြားတယ်”

“ဟဲ့ အဲဒါက ပြောတာက သူက ပြောတာ။ အသံကကျ သူ့ပါးစပ်က မထွက်ဘဲ ငါ့ပါးစပ်ဆီ ပြောင်းလာပြီး ဒိုင်းဆို ငါ့ပါးစပ်ကနေ ထွက်လာတာ”

“ကဲ အိုကြီး၊ ခုညတော့ မှောင်ပြီ မို့လို့ ဘာမှ လုပ်ပေးလို့မရတော့ဘူး။ ဒီမှာ ပရိတ်ရေနော်။ သမီးတို့လည်း သောက်မယ်။ အိုကြီးလည်းသောက်။ အိုကြီးမြင်နေရတဲ့ မိန်းမကိုလည်း ပရိတ်ရေနဲ့ တောက်လိုက်နော်။”

ကျွန်မလည်း ပရိတ်ရေနဲ့ အိမ်အနှံ့လိုက်ဖြန်းပြီး မမြင်ရတဲ့ အဲဒီမိန်းမကို အိမ်ကနေ ထွက်သွားပေးဖို့ ပြောလိုက်တယ်။ ခဏနေတော့ အိုကြီးလည်း တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်သွားတယ်။

******

နောက်နေ့မှာ အိုကြီးက အရင်နေ့လို ကြောက်ကြောက်ရွံ့ရွံ့မဟုတ်ဘဲ ပုံမှန်တည်တည်ငြိမ်ငြိမ်ပုံစံနဲ့ တစ်ယောက်တည်း စကားတွေ ပြောနေတယ်။

“နင်ဘာလို့ ငါ့အိမ်ကို လာနေတာလဲ ၊ ဒါနင့်အိမ်မဟုတ်တော့ဘူး။ ငါ့အိမ်ဖြစ်သွားပြီ”

ပြီးတော့ သူ့ဘာသာပဲ အသံသေးသေးလေးလုပ်ပြီး အခြားတစ်ယောက်က ပြန်ပြောတဲ့ပုံစံမျိုးနဲ့

“ငါ့မှာ နေစရာမရှိလို့ပါဟယ်။ ဒီအိမ်မှာ နေခွင့်ပေးပါ။ အရင်က ငါလည်း ဒီအိမ်အပေါ်ထပ်မှာ နေခဲ့တာပါ”

“ဟုတ်လား။ အဲဒါဆိုတို့က တစ်အိမ်တည်းသား‌တွေပေါ့။ အေး နင်နေချင်လည်းနေ ။ ငါ့ကို အနှောက်အယှက်မပေးဘဲ ငြိမ်ငြိမ်တော့နေ”

ကျွန်မတို့မှာ အိုကြီးက သူငယ်ပြန်လို့ လျှောက်ပြောနေတာလား။ တကယ်ပဲ မမြင်အပ်တဲ့ သူတွေကို မြင်နေရတာလားဆိုတာ မဝေခွဲတတ်တော့ပါဘူး။

တစ်ခါတလေကျရင်လည်း အိမ်ရှေ့ကို လှမ်းကြည့်ပြီး

“ဟယ် မစောရင်၊ လာလာ မတွေ့တာကြာပြီ၊ ဘယ်က လှည့်လာတာလဲ။

“ဟိုဟာ ဘယ်သူတုန်း။ ဘိုး‌အေးဆောင်လား။ အိမ်ထဲ ၀င်အုံးလေ။ မကြည်၀င်းရော ပါတာပဲ။ လာ လဘက်သုပ်စားကြအုံး။”

‌ကျွန်မတို့ မကြားဖူးတဲ့ နာမည်တွေခေါ်ပြီး တစ်ယောက်တည်း ပြောနေတတ်တယ်။ အဒေါလာလို့ မေးကြည့်ရင် အဲဒီနာမည်တွေက ဟိုနှစ်အတော်ကြာကတည်းက သေပြီးသားသူတွေရဲ့ နာမည်တွေတဲ့။

အိုကြီးအကြောင်း အဒေါ်တို့သိသွားကြတော့ အဲဒီည အဒေါ်တို့လင်မယားလာအိပ်ကြတယ်။ အဒေါ့်‌ယောကျာ်းက အိုကြီးဖို့ ကက်ဆတ်လေးတစ်လုံး ယူခဲ့ပြီး ပရိတ်တရားတွေဖွင့်ပေးတယ်။ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလတရားတွေ ဖွင့်ပေးတယ်။ အိုကြီးက တရားတွေကို ငြိမ်ငြိမ်လေး စိတ်၀င်တစားနားထောင်နေရတာ တွေ့ရတယ်။ အဒေါ်တို့လင်မယား ဆက်တိုက်လာအိပ်တဲ့ နေ့ရက်တွေမှာ အိုကြီးဟာ ဟိုမိန်းမနဲ့ စကားပြောသံမကြားရပါဘူး။

“အိုကြီး ဟိုမိန်းမ မလာတော့ဘူးလား”

“အေး မလာတော့ဘူး။ စံငြိမ်းကို ကြောက်လို့တဲ့”

စံငြိမ်းဆိုတာ အဒေါ့်ယောကျာ်းလေ။ အိုကြီး သားမက်ပေါ့။

ဦးသုမင်္ဂဟောတဲ့ တရားတွေကို အိုကြီးစိတ်၀င်စားတယ်။
“သေခါနီး ဒေါသနဲ့ သေရင် သွား ဒယ်အိုး။

သေခါနီး မောဟနဲ့သေရင် သွား တိရစ္ဆာဘုံ
သေခါနီး လောဘနဲ့သေရင် သွား ပြိတ္တာဘုံ

သွား ဒယ်အိုး၊
သွား ဒယ်အိုး
သွား ဒယ်အိုး”

ဒယ်အိုးဆရာတော်လို့ လူသိများတဲ့အတိုင်း ဆရာတော်က ဒယ်အိုးချည်း သွားခိုင်းနေတော့ အိုကြီးဟာလည်း သေခြင်းတရားကို တွေးတောမိပြီး ထိတ်လန့်လာဟန် တူတယ်။ အဒေါ့်ကို မေးတယ်။

” ငါ့သမီးရေ ဒီဆရာတော် ဟောပုံအရဆိုရင် အမေသေရင် ဘယ်ကို ရောက်လောက်လဲ”

“အင်း အမေ အခု ကြုံနေ မြင်နေရတာတွေအရဆိုရင်တော့ အနည်းဆုံး ပြိတ္တာဘုံလောက်တော့ သွားရမယ်ထင်တယ်”

“အမလေး ငါမသွားချင်ပါဘူးအေ”

“အမေ မသွားချင်ရင် ကောင်းရာဘုံရောက်အောင် လုပ်လို့ရတဲ့ နည်းတွေ ရှိပါတယ် အမေ။ ဆရာတော် တရားတွေ များများနာပါ။ ဘယ်လိုကျင့်ကြံ စိတ်ထားရမယ်ဆ်ုတာ ဟောပြပါလိမ့်မယ်။ သတိကို မလွတ်စေနဲ့ အမေ။ တရားနာချင်လား အမေ”

” အေး ငါ တရားနာချင်တယ်။ ငါသေရင် ငရဲဘုံတွေ၊ ပြိတ္တာဘုံတွေ မရောက်ချင်ဘူး”။

*******

တစ်နေ့မှာ အိမ်ပေါ်က မိသားစု ထုံစံအတိုင်း ရန်ဖြစ်ကြ၊ ထုကြ၊ နှက်ကြသံတွေ ကြားနေရတယ်။ အတော်ကြာတော့

“ဂွမ်း” ခနဲ တစ်ခုခု ကွဲသံကြားရပြီး ရန်ပွဲရပ်သွားတယ်။

ခဏနေတော့ မယုဝါ အောက်ဆင်းလာတယ်။

သရက်ပင်အောက်ထိုင်နေတဲ့ ကျွန်မနားကို လာပြီး သူ့ကိုယ်သူပြောတာလိုလို၊ ကျွန်မကို ပြောတာလိုလိုနဲ့

“အဲဒီကောင်ရဲ့ ခေါင်းကို ငါပန်းအိုးနဲ့ ရိုက်ခွဲခဲ့တယ်”

တဲ့။

သုံးပန်လှ ဖွားအုန်းရင် – ( ဇာတ်သိမ်း)

တစ်ညမှာ အစ်ကိုကြီး ပြန်မရောက်သေးခင် ညီမအစ်မတွေ အိမ်ထဲနေရင်း စကားပြောနေကြတယ်။

“သီရိ ညနေတုန်းက ရေတွင်းမှာ ဟိုဘက်အိမ်က အစ်ကိုကြီးက နင့်ကို ကြည့်နေတယ်။ နင့်ကို ကြိုက်နေတာ ဖြစ်မယ်”

“ငါ့ကို ကြည့်တာ မဟုတ်ပါဘူး။ နင့်ကို ကြည့်နေတာပါ။ နင့်ကို ကြိုက်တာနေမှာပေါ့”

“ငါ့ကို မဟုတ်ပါဘူးအေ။ ဟိုနေ့က နင်ရေနှိပ်တုန်းက မောင်းပြန်တက်တတ်တယ်။ မေးရိုက်မိဦးမယ်လို့ ပြောတာ တမင်အကြောင်းရှာ ပြောတာပေါ့အေ့။ ဒီရေတွင်းမောင်း ပြန်တက်တတ်တာ အကုန်လုံး အသိပဲကို”

“ဟုတ်မယ် မထင်ပါဘူး။ အဲဒါဆို နင်ရေဆွဲချိန်ဆို သူလည်း ရေချိုးမလို၊ ရေခပ်မလိုလို ရစ်သီရစ်သီလုပ်နေတယ်လို့ ငါလည်း ထင်တာပဲ”

သီရိနဲ့ နှင်းဦး အပြန်အလှန်ပြောနေတဲ့ စကားဝိုင်းထဲ ၀င်မပြောမိဘဲ ကျွန်မက ဘေးကနားထောင်ရင်း ရယ်နေလိုက်တယ်။ ဆယ့်ငါး၊ဆယ့်ခြောက်အရွယ် အပျိုပေါက်တွေ စိတ်ကစားလို့ လျှောက်ပြောနေကြတာလေ။ အဲဒီနေ့က စကားဝိုင်းထဲ ကျွန်မ၀င်မပါမိတာက ကံကောင်းသွားတယ် ပြောရမယ်။

“ဒုန်း ဒုန်း”

“သီရိ၊ အိမွန် တံခါးလာဖွင့်စမ်း”

“ဟင် အစ်ကိုကြီး ပြန်လာပြီလား။ ခါတိုင်း ဒီချိန် ပြန်မရောက်သေးပါဘူး။ ဒုက္ခပဲ ငါတို့ပြောနေတာ ကြားသွားပြီလား မသိဘူး”

တံခါးလည်း ဖွင့်ပေးလိုက်ရော အစ်ကိုကြီးက ဒေါသတကြီးနဲ့ ၀င်လာပြီး

“နင်တို့ အခုနက ဘာတွေ ပြောနေကြတာလဲ။ ငါအကုန်ကြားပြီးပြီ။ နင်တို့က ဘာတွေလဲ။ ခုမှ ငယ်ငယ်လေးတွေ ရှိသေးတယ်။ လင်ကြောင်းသားကြောင်း ပြောနေကြတယ်။လာခဲ့ကြစမ်း၊ နောက် ပြောဦးမလား”

“ရွှမ်း ရွှမ်း”

“ဟဲ့ ကိုလေးရဲ့ တော်ပါတော့။ မရိုက်ပါတော့နဲ့ ။ နင့်ညီမလေးတွေကို”

အဖွားက မျက်လုံးပြူး၊မျက်ဆန်ပြူးလေးနဲ့ တားနေရှာတာ သနားစရာ။

“ရွှမ်း ရွှမ်း”

“ဟဲ့ တော်တော့ဆိုနေ”

သီရိနဲ့ နှင်းဦး ခြေသလုံးတွေကို တုတ်နဲ့အရိုက်ခံလိုက်ရတယ်။ ကျွန်မက စကားဝိုင်းထဲ ၀င်မပြောမိတာမို့ အပြစ်လွတ်သွားပြီး အရိုက်မခံလိုက်ရဘူး။

အဲဒီညက အိပ်ရာထဲမှာ ခါတိုင်းလို ညီအစ်မသုံးယောက်ရဲ့ တွတ်တီးတွတ်တာ၊ ဟီဟီဟာဟာစကားသံလေးတွေ တိတ်ပြီး ရှိုက်သံသဲ့သဲ့လေးတွေပဲ တစ်ချက်တစ်ချက် ထွက်လာတယ်။

*******

နောက်တစ်နေ့ညနေ ကျွန်မကျောင်းက ပြန်ရောက်တဲ့ အချိန်ပေါ့။။ အိမ်မှာ ကျန်ညီအစ်မနှစ်ယောက်က ညကတည်းက အရိုက်ခံရတဲ့အရှိန်နဲ့ မျက်နှာမကောင်းကြ၊ စကားမပြောကြဘူး။ အိမ်မှာ စကားသံတွေ တိတ်နေဆဲပဲ။ ခါတိုင်းဆိုရင် ညီအစ်မသုံးယောက်ရဲ့ စနောက်သံ၊ စကားပြောသံ၊ ငြင်းကြခုန်ကြသံ၊ အဖွားနဲ့ အပြန်အလှန်ပြောကြသံတွေနဲ့ စည်စည်ကားကားရှိသလောက် ခုကျတော့ တိတ်ဆိတ်နေတယ်။
တကယ်တော့ ညက ကိစ္စမှာ ကျွန်မကံကောင်းသွားတာပါ။ ခါတိုင်းဆို အဲလိုစကားဝိုင်းတွေထဲ ကျွန်မလည်း ၀င်ပြောတတ်တယ်။ ခုတော့ သူတို့ချည်းပဲ အရိုက်ခံရပြီး ကျွန်မအရိုက်မခံရတော့ အစ်ကိုကြီးက ကျွန်မကိုပဲ မျက်နှာလိုက်ပြီး မရိုက်တာလိုလို ဘာလိုလိုနဲ့ သူတို့ထင်မှာစိုးပြီး မျက်နှာပူလို့ သူတို့ကိုလည်း ကျွန်မစကားသွားမပြောဖြစ်ဘူး။

ကျွန်မဘာသာ စာအုပ်ဖတ်နေတုန်း မျက်လုံးထောင့်ထဲမှာ သီရိရယ် အိမ်နောက်ဘေးတံခါးဘက်ကို ထွက်သွားတာ မြင်လိုက်လို့ ဘာရယ်မဟုတ် လိုက်ကြည့်နေမိတယ်။ သူက အိမ်ထဲကနေ တံခါးနားကို သွားရင်း တံခါးနားအရောက်မှာ
သူ့ခန္ဓာကိုယ် ပိန်ပိန်သွယ်သွယ်လေးက စပရိန်လို တွန့်လိမ်ပြီး ပျော့ခွေပုံကျသွားတာကို တွေ့လိုက်ရတယ်။

“သီရိ သီရိ ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ”

ကျွန်မလည်း ဝုန်းခနဲ ခုန်ပျံကျော်လွှားပြီး သူ့ဆီ ပြေးပွေ့လိုက်တော့ သူမျက်ဆံအနက်တွေက အပေါ်တက်ပြီး မျက်ဖြူလန်ချင်သလို ဖြစ်နေပြီ။
အဲဒီအချိန်မှာ ခြေရင်းသရက်ပင်အောက်ကခုံမှာ ထိုင်နေတဲ့ အန်တီ၀င်းကလည်း ပြေးလာပြီး ပွေ့တယ်။

“အန်တီ လုပ်ပါဦး။ သူဘာဖြစ်တာလဲ မသိဘူး။”

“သမီး သမီး၊ သီရိ သတိထား။ အန်တီ့ကို ကြည့်ပါဦး”

“အန်တီ လုပ်ပါဦး။ သမီးတို့ ဘာလုပ်ရမလဲ”

“ဆေးရုံပို့ရအောင်”

ကျွန်မတို့ ခြေမကိုင်မိ၊ လက်မကိုင်မိ ဘာလုပ်ရမလဲ ဖြစ်နေချိန်မှာပဲ အိမ်ပေါ်ထပ်ကနေ အန်တီ၀င်းယောကျာ်းရဲ့ လေသံမာမာနဲ့ အော်ခေါ်သံ ကြားရတယ်။

“အ၀င်း ခုချက်ချင်း ပြန်လာခဲ့စမ်း၊ နင်နဲ့ ဘာဆိုင်လို့တုန်း”

အန်တီ၀င်းက မျက်နှာပျက်သွားတယ်။ကျွန်မ လည်း စိတ်တိုသွားပြီး

“ရတယ် အန်တီ။ သွားပါ။ သူ့ကို သမီး ဆေးရုံခေါ်သွားလိုက်မယ်။ လာကြည့်ပေးတာ ကျေးဇူးပါ။

ဟိုလူကြီးရဲ့ အသံနောက်တစ်ကြိမ် ထပ်ထွက်လာတယ်။

“အ၀င်း နင့်ကို ငါခေါ်နေတာ မကြားဘူးလား။ သေချင်လို့လား”

အန်တီ၀င်းက စိတ်မကောင်းဖြစ်လွန်းတဲ့အကြည့်၊ အားနာလွန်းတဲ့အကြည့်တွေနဲ့ ကြည့်လာရင်း

“အန်တီသွားမယ်နော်။ ဆေးရုံကို အချိန်မီပို့နော်”

ဆိုပြီး ထွက်သွားတယ်။

အဲအချိန်မှာ သတိလစ်မတတ်ဖြစ်နေတဲ့ သီရိလည်း အဲဒီလူကြီးရဲ့ အသံကြောင့် မခံချင်ဖြစ်သွားပုံပေါ်တယ်။ မြေကြီးပေါ် ပျော့ခွေ လဲကျနေရာကနေ အံကြိတ်လိုက်တာ မြင်ရပြီး အားတင်းကုန်းရုန်းထလာတယ်။

“သီရိ ငါ့ကို ပြောစမ်း။ နင်တစ်ခုခုသောက်လိုက်တာလား။ ဘာတွေသောက်လိုက်တာလဲ ငါ့ကိုပြော။ အခု ဆေးရုံသွားရမယ်။ ဆရာ၀န်တွေကို နသ်ဘာသောက်တာလဲ ပြောပြဖို့ ငါ့ကို ပြောစမ်း”

“အိုကြီးရဲ့ အိပ်‌ဆေးတွေ”

ကျွန်မတို့ကို မျက်လုံးပြူးပြူး၊ ပါးစပ်အဟောင်းသားလေးနဲ့ ကြည့်နေတဲ့ အဖွားဆီ ကျွန်မပြေးတယ်။

“အိုကြီး အိုကြီး၊ အိုကြီးရဲ့ ဆေးထုပ် ဘယ်မှာလဲ သမီးကို ပေးပါ”

အဖွားက သူ့ဆေးထုပ်ကလေးကို ကျစ်ကျစ်ပါအောက် ဆုပ်ပြီး လက်ကို နောက်ထဲဖွက်လိုက်တယ်။

“မပေးဘူး။ မပေးဘူး။ ဟိုမှာ တစ်ယောက်ကလည်း ဆေးတွေ သောက်ပစ်လိုက်ပြီ။ နောက်တစ်ယောက်ကလည်း ထပ်ပြီး လာတောင်းနေပြန်ပြီ။ နောက်တစ်‌‌ယောက် ထပ်ဒုက္ခ အရောက်မခံနိုင်ဘူး”

“သမီး သောက်ဖို့ တောင်းနေတာ မဟုတ်ဘူး။ ဆရာ၀န်ကို ဒီဆေးတွေ သောက်လိုက်တယ်ဆိုတာ ပြချင်လို့တောင်းတာပါ”

“ဟေ့အေ မပေးဘူး။ ငါမယုံဘူး။”

အဖွားလည်း ဆေးထုပ်ကလေးကို တင်းတင်းဆုပ်ပြီး ငိုနေတယ်။ တောင်းမရတော့မှန်း သိလို့၊ အတင်းလည်း မလုချင်တာနဲ့ အဖွားနားက ထွက်ခဲ့လိုက်တယ်။

“နှင်းဦးခင်၊ နင် အိုကြီးနဲ့ နေခဲ့။ ငါ သူ့ကို ဆေးရုံသွားပို့မယ်”

လမ်းထိပ်ဆိုက်ကားဂိတ်အထိ သူ့ကို တရွတ်တိုက်ဆွဲခေါ်ခဲ့တဲ့ ကျွန်မမှာရော ၊ သူ့မှာရော ဖိနပ်မပါကြဘူး။

ဆေးရုံမှာ သုံးရက်ကြာခဲ့တယ်။ နှစ်ရက်လုံးလုံး ဆေးရှိန်နဲ့ အိပ်ပျော်နေခဲ့ပြီး သုံးရက်မြောက်နေ့မှာ ဆင်းခွင့်ပြုခဲ့တယ်။

ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုက ဥပဒေအရ တရားစွဲလို့ရပေမယ့် ရှစ်တန်းကျောင်းသူလေးတွေမို့လို့ ဘာမှအရေးမယူဘဲ ပြန်လွှတ်ပေးလိုက်ကြတယ်။

ဆေးရုံကနေ အိမ်ပြန်ရောက်လို့ မြေးမသုံး‌ယောက်လုံး အဖွားနားမှာ စုံစုံညီညီပြန်ရှိတော့ အဖွားမျက်နှာ ပြုံးနေတယ်။

********

ထုံးစံအတိုင်း အိမ်ပေါ်ထပ်က ဆူညံရန်ဖြစ်သံတွေ ကြားရပြန်ပြီ။ ကျွန်မစိတ်ထဲမှာ အဲဒီလူကြီးကို မုန်းနေမိတာမို့ ဒီတစ်ခါလည်း အဲဒီလူကြီးကို မယုဝါ ပန်းအိုးနဲ့ နောက်တစ်ကြိမ် ထပ် ရိုက်ခွဲပါစေလို့ တွေးနေမိတယ်။

ဒီတစ်ကြိမ်တော့ ရန်ဖြစ်တာ အတော်ကြမ်းတယ် ထင်တယ်။ တဘုန်းဘုန်း ထုရိုက်သံတွေ၊ အဲဒီလူကြီးရဲ့ အော်ဆဲသံတွေ၊ အန်တီ၀င်းရဲ့ ငိုသံတွေ၊ မယုဝါရဲ့ ဒေါသနဲ့အော်သံတွေကြားနေရတယ်။ ခြေသံတွေကလည်း အိမ်ကြမ်းပြင်အနှံ့ တဒုန်းဒုန်း ဟိုပြေး၊ ဒီလွှား ဖြစ်နေကြတယ်။

“သောက်-ကောင်-မ တွေ၊ ဒီလောက်ဖြစ်နေကြတာ နင်တို့ကို ဒီနေ့ ပွဲချင်းပြီး သ-တ် မယ်။ ဘယ်မလဲ ငါ့လှံ”

ဆိုတဲ့ အသံကြားပြီး ရုန်းရင်းဆန်ခတ် အသံတွေနဲ့ လည်ချောင်းအစ်သံ “တအစ်အစ်”ကို ဆက်ကြားရတယ်။ ခဏနေတော့ လုံး၀ တိတ်သွားတယ်။ လုံး၀ကို ငြိမ်သက်တိတ်ဆိတ်သွားတာနော်။ ခုနက ဆူညံ ဝုန်းဒိုင်းကြဲနေတာတွေ လုံး၀ရပ်သွားပြီး ဘာမှမဖြစ်ခဲ့သလို ချက်ချင်းကြီး တိတ်သွားတာ။

*****

ကျွန်မတို့ ညီအစ်မတွေ စကားမပြောဘဲ ငြိမ်နေကြတယ်။ အပေါ်ထပ်မှာ ဘာတွေ ဖြစ်ကုန်ပြီလဲ။ အန်တီ၀င်းနဲ့ မယုဝါ ‌ေ-သသွားကြပြီလား။ ဟိုလူကြီး တကယ်သ-တ်ပစ်လိုက်တာလား။ ကျွန်မတို့လည်း အရမ်းကြောက်နေကြတယ်။ ထွက်လည်း မပြေးရဲဘူး။ အဲဒီလူကြီးက သူတို့ဖြစ်ပျက်နေသမျကို အကုန်ကြားသိနေရတဲ့ ကျွန်မတို့ကိုကော အန္တရာယ်ပြုလာမှာလား။

အတွေးတွေနဲ့ ငြိမ်နေကြတုန်း အပေါ်ထပ်ကနေ လှုပ်ရှားသံ သဲ့သဲ့ပြန်ကြားရတယ်။ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတဲ့ ခြေသံဖွဖွ ကြားရတယ်။ ကျွန်မခြေသံကို နားစိုက်ထောင်နေတုန်း ခြေသံက လှေကားထိပ်မှာ ခဏရပ်သွားတယ်။ ပြီးတော့ လှေကားကနေ ဆင်းလာသံ ခပ်ဖွဖွ ကြားရတယ်။

ကျွန်မ ချွေးစေးတွေ ပြန်လာသလို ခံစားရတယ်။ အိမ်တံခါးကတော့ သူတို့ရန်စဖြစ်နေကတည်းက ဂျက်ချပြီး ပိတ်ထားပြီးသား။

ကျွန်မတို့အိမ်မှာ အရေးအကြောင်းဆိုရင် သုံးရအောင် အစ်ကိုကြီး ဆောင်ထားတဲ့ ငှက်ကြီးတောင်တွေ၊ ဓားဦးဖြတ်တွေ၊ သံတုတ်တွေ ရှိတယ်။ ကျွန်မတို့ ညီအစ်မတစ်တွေ အဲဒါတွေ ထားတဲ့နေရာဆီ အကြည့်ရောက်သွားကြတယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် မျက်နှာရိပ်မျက်နှာကဲခတ်ရင်း ငါတို့ ဒါတွေကို သုံးရတော့မှာလား။ တစ်ခါမှ မသုံးဖူးဘူး။ မသုံးတတ်ဘူး။ ဘယ်လိုသုံးရမှန်း မသိဘူး။ ငါခု-တ်နိုင်ပါ့မလား။ ငါရို-က်နိုင်ပါ့မလား။

ချီတုံချတုံဖြစ်နေတုန်း တံ‌ခါးကို ခပ်ဖွဖွပုတ်သံကြားလိုက်ရတယ်။

“ဗုန်း ဗုန်း”

ကျွန်မ တုန်တုန်ရီရီနဲ့ ဓားတစ်ချောင်း လှမ်းဆွဲလိုက်တယ်။

“ဗုန်း ဗုန်း”

“ညီမလေးတို့ တံခါးဖွင့်ပါဦး။ အစ်မယုဝါပါ”
“ဟင် အစ်မယုဝါ”

ကျွန်မတို့ ဓားတွေ လွှတ်ချပြီး တံခါး ပြေးဖွင့်ကြတယ်။

“အစ်မ အစ်မ။ ဘာမှ မဖြစ်ဘူးလား။ ထိထားသေးလား။ အန်တီရော”

” ဘာမှမဖြစ်ဘူး ညီမလေး။ ရပ်ကွက်ရုံးကို သွားပြီး ရပ်ကွက်လူကြီးတွေ သွားခေါ်ပေးပါ ညီမလေးတို့”

******

ရပ်ကွက်လူကြီးတွေခေါ်ပြီး သူတို့အပေါ်ထပ်ကို ကျွန်မတို့ တက်ခဲ့ကြတော့ မယုဝါနဲ့ အန်တီ၀င်းက ဆက်တီပေါ်မှာ ထိုင်နေကြတယ်။

ဟိုလူကြီးကတော့ ကြမ်းပြင်ပေါ်မှာ မှောက်ခုံကြီး ‌ေ-သနေတယ်။
မယုဝါရဲ့ မျက်နှာက အေးစက်စက်၊တည်ငြိမ်ငြိမ်၊ အန်တီ၀င်းက စိတ်နဲ့လူနဲ့မကပ်သလို အဝေးကို ငေးနေတယ်။

မယုဝါက

“သူက လည်ပင်းမှာ မာဖလာပတ်ထားတယ်။ ကျွန်မတို့ကို လှံနဲ့ ထ-ိုး မယ်ဆ်ုပီ့း လှံပြေးယူတော့ ကျွန်မနဲ့ အမေနဲ့ သူ့မာဖလာစကို တစ်ဘက်စီ လှမ်းဆွဲလိုက်တာ။ အစကတော့ အ ‌ေ-သ သ-တ်ဖို့ထိ မရည်ရွယ်ပါဘူး။ သူလှံသွားယူလို့ မရအောင် လှမ်းဆွဲပြီး တားလိုက်တာ။ ဒါပေမယ့် သူရုန်းနေရင်း လွတ်သွားရင် ကျွန်မတို့ကို သူက တကယ် သ-တ် တော့မယ်ဆိုတာ သိလို့ ဆွဲရင်း ဆွဲရင်း သူ‌ေ-သ သွားတာ”

“ဒါတွေ ဒီမှာ မပြောနဲ့ သမီး။ ရဲစခန်းရောက်မှ အမှုဖွင့်ပြီးမှ ပြော။ ရဲစခန်းမ‌ရောက်မချင်း သမီးဘာမှမပြောဘဲ နေခွင့်ရှိတယ်”

အဲဒီလူကြီးရဲ့ လည်ပင်းက မာဖလာကို ဆွဲဖြည်ကြတာ အလွယ်တကူနဲ့ ဖြည်လို့ မရအောင်ကို တင်းကြပ်နေပြီး အတော်အားစိုက်ဖြည်မှ ပြေသွားတယ်။ မာဖလာလည်း ပြေသွားရော လည်ချောင်းထဲကနေ

“ဂီး” ဆိုတဲ့

အသံကြီးနဲ့အတူ လေတွေ ထွက်လာတယ်။

ရဲတွေရောက်လာပြီး အစ်မယုဝါနဲ့ အန်တီ၀င်းကို လာခေါ်သွားတော့ သူတို့နားကို သွားနှုတ်ဆက်လိုက်တယ်။

“အန်တီ သမီး စိတ်မကောင်းဘူး”

“စိတ်မကောင်း မဖြစ်ပါနဲ့ သမီး။ အန်တီတို့ သားအမိ ဘယ်လို ပြစ်ဒဏ်ချမှုမျိုးနဲ့ပဲ ကြုံရကြုံ ဒီလူနဲ့ နေခဲ့ရတဲ့ တစ်သက်တာငရဲထက် အများကြီးသာမယ် ထင်ပါတယ်”

*******

အဲဒီအဖြစ်အပျက်နောက်ပိုင်း အဲဒီအိမ်ကနေ မြို့ထဲအိမ်ကို အဖွားကို ပြန်ပြောင်း ခေါ်လာကြတယ်။

ကျွန်မလည်း ကိုးတန်းတက်ရတော့မှာမို့ နွေကျောင်းပိတ်ရက်ကတည်းကနေ ဘော်ဒါသွားနေရတာမို့ အဖွားနဲ့ မနေရတော့ဘူး။ နှင်းဦးခင်လည်း အဖေဘက်က အဖွားလေဖြတ်သွားလို့ အဲဒီအဖွားကို ပြုစုဖို့ ရွာပြန်သွားတယ်။

သီရိနဲ့ အဒေါ်ပဲ အဖွားနားကျန်နေခဲ့တယ်။ မြေးမသုံးယောက်လုံး အနားမရှိတော့ပေမယ့်လည်း အဖွားအဆင်ပြေပါတယ်။ အဖွားက သူ့မြေးဆယ့်တစ်ယောက်ထဲမှာ သီရိကို အချစ်ဆုံးလေ။

အဖွားက အသက်ကြီးလာလို့ရယ်၊ ဟိုအိမ်ကြီးမှာ ကြုံခဲ့ရတယ အဖြစ်အပျက်ပေါင်းစုံကြောင့်ရယ် အရင်လို မဟုတ်တော့ဘဲ ပြောင်းလဲသွားတယ်။ မနက်မနက်ဆို မိုးမလင်းခင်ကတည်းက ဆူဆဲ အော်ဟစ်တာမျိုး မလုပ်တော့ဘဲ အေးအေးချမ်းချမ်းပဲ နေတော့တယ်။ သူစိတ်ပါတဲ့အချိန်လေးတွေ ကတ်ဆက်ဖွင့်ပြီး တရားနာတယ်။ ဟိုအိမ်ကြီးမှာ နေတုန်းကလို မမြင်ရတဲ့သူတွေနဲ့ စကားပြောတာမျိုးတွေ မဖြစ်တော့ဘူး

*******

“အိုကြီး ဆုံးပြီ” တဲ့။

ကျွန်မလည်း ဘော်ဒါကနေ အဖွားနောက်ဆုံး ခရီးအမီ ပြန်လာခဲ့တယ်။ ကျွန်မရဲ့ အမေလည်း ရှမ်းပြည်ကနေ ပြန်လာခဲ့တယ်။

“မငိုကြနဲ့ ငါညီမနဲ့ ငါ့သမီးတို့။ အမေက လားခြင်းကောင်းခဲ့ပါတယ်။ အရင်က မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေကို ဂယောင်ခြောက်ခြားတွေ မြင်နေတာတွေကြောင့် အမေသေရင် ခြောက်ခြောက်ခြားခြား ဆောက်တည်ရာမဲ့ အော်ဟစ်ဆူညံပြီး ‌သွားရမယ် ထင်ခဲ့တာ။ အခုနောက်ပိုင်း အမေ တရားတွေနာ၊ တရားတွေ ဆင်ခြင်လိုက်နာပြီး အဲဒီလို မဖြစ်တော့ဘူး။ အမေမဆုံးခင်တစ်ရက်မှာ ဘုန်းကြီးပင့်ပြီး သင်္ကန်းကပ်ပေးခဲ့တယ်။ မဆုံးခင်မနက်မှာ အရင်က အမေ့ဘ၀တစ်သက်တာမှာ ပြုခဲ့တဲ့ ဖူးတဲ့ ကုသိုလ်တွေကို ငါပြန်ပြီး ပြောပြပေးခဲ့တယ်။ အမေ နားထောင်နေတယ်။ ခဏနေတော့ အမေ့ အာရုံထဲ ဘာတွေပေါ်လဲမေးကြည့်တော့ ဘုရားတွေ အများကြီး မြင်နေရတယ်လို့ ပြောတယ်။ ငါလည်း စိတ်အေးသွားပြီး နေ့စဉ်ရက်ဆက်အိပ်ရေးပျက်ခံပြုစုနေရတာကြောင့် အရမ်းအိပ်ချင်လာတာနဲ့ ခဏ မှေးခနဲ အိပ်ပျော်သွားတယ်။ ငါဖျတ်ခနဲ ပြန်နိုးလာတော့ အမေ သွားလိုက်ပြီ။”

အဒေါ် ပြောပြနေတဲ့ အဖွားရဲ့ နောက်ဆုံးအချိန်အကြောင်း နားထောင်းရင် ကျွန်မ ၀မ်းသာ ၀မ်းနည်း ဖြစ်နေခဲ့တယ်။ အဖွားဟာ တကယ်ပဲ အေးအေးချမ်းချမ်း ထွက်သွားနိုင်ခဲ့တာပဲ။ ဟိုအိမ်ကြီးမှာ နေခဲ့တုန်းက အဖွားကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကြောင့် အဖွားရဲ့ နောက်ဆုံးအချိန်မှာ ဆောက်တည်ရာမရ၊ကိုးကွယ်ရာ မဲ့နေခံ့မှာ အရမ်းစိုးရိမ်နေခဲ့ရဖူးတယ်။

အခုတော့ အဖွားဟာ ဘဘပြောခဲ့ဖူးတဲ့ “သုံးပန်လှ”ဆိုတဲ့အတိုင်း အရွယ်သုံးပါးလုံး လှနေခဲ့တဲ့နည်းတူ
မွေးဖွား၊ရှင်သန်၊သေဆုံး ဆိုတဲ့ ကာလသုံးပါးစလုံးမှာလည်း သူ့အတိုင်းအတာနဲ့သူ အလှဆုံး ကျော်လွှားနိုင်ခဲ့ရင်း “တကယ်ကို သုံးပန်လှခဲ့တာပါလား” လို့ တွေးရင်း ကျေနပ်နေမိပါတယ်။

ပြီးပါပြီ။

#တနင်္ဂနွေနှင်းဆီ

(စာကြွင်း – ကျွန်မကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ မိသားစုဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို ကျွန်မရဲ့ ရှုထောင့်ကနေ ကြုံခဲ့ရ၊ ခံစားခဲ့ရတဲ့အတိုင်း ရေးထားတာမို့ စာဖတ်သူအချို့ မျှော်လင့်သလို အလွန်လျို့ဝှက်သဲဖိုဆန်ဆန်၊ ဂမ္ဘီရ ဆန်ဆန် ဇာတ်ကွက်‌ေတွ ချဲ့ထွင်မရေးခဲ့ပါဘူး။ အဖွားမြင်ခဲ့ရတဲ့ ပုဂ္ဂိုလ်တွေက တကယ်ပဲ သူ့အနေနဲ့ မြင်ရတာ ဖြစ်နိုင်ပေမယ့် ကျွန်မတို့ မမြင်ခဲ့ရတာမို့ ဖြေရှင်းချက်မပေးနိုင်ဘဲ ကျွန်မတို့ ဘေးလူမြင်ရတဲ့ ရှုထောင့်အတိုင်းပဲ တင်ပြခဲ့ပါတယ်။ မယုဝါတို့ မိသားစုအကြောင်းကိုလည်း ကျွန်မကြုံရသလောက်၊ သိသလောက်အပိုင်းပဲ ရေးထားပါတယ်ရှင့်။ စာဖတ်သူတွေကို ရသအပြည့်အ၀မပေးနိုင်ခဲ့ရင် ကျွန်မရဲ့ လိုအပ်ချက်အတွက် အားနာပါတယ်ရှင့်)

စိတ်ရှည်လက်ရှည် စောင့်မျှော်ဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

#တနင်္ဂနွေနှင်းဆီ