သွေးဆုံးချိန်

Posted on

သွေးဆုံးချိန်(စ/ဆုံး)
—————–

အောင်မယ်၊ သင်းတို့ကများ၊ ငါ့ကို ဒီအသက် ဒီအရွယ်ကြီးနဲ့ စိတ်မကုန်သေးဘူးလားတဲ့ ဟင်။ သယ်၊ ငါက ဘယ်အရွယ်ရှိနေလို့ စိတ်ကုန်ရမှာတုံး။ ကဲ အဲသလိုပြောတော့ နင်တို့ ဘယ့်နှယ် နေသလဲဟဲ့။ သယ် ဒီမအေရိုးကို ငါ ကလော်တုတ် လိုက်ရရင် ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြား ဝက်ဝက်ကွဲသွားရော့မယ်။ နင်တို့က ဘာငြူစူတာလဲ။ နင်တို့ မောင်နှမ နှစ်ယောက် သားကြီး သမီးကြီးနဲ့ ဖြစ်လာကြပြီ။ ဒီကနေ့အထိ ဘာလိုလေသေးတာ ရှိသလဲ။ အဲဒါတွေဟာ နင်တို့ လုပ်စာလား ဟင်။ ဟဲ့ သာဝ၊ နင် ဘာမှ ထပ်မရှည်နဲ့။ နင့် သောက်စကားကို ငါ နားကလော လှတယ်။ နင်ဟာ ငါ့သမီးက စပ်မှ ငါ့သမက် တော်ရတာ။ နင် အနေသာကြီးပါဟယ်။ နင်ကကော၊ နင့်လုပ်စာ ဘယ်နှစ်ပြားသား ရှိလို့လဲ။ ဒီကနေ့အထိ ယောက္ခမကို မှီခိုပြီး စားနေတာ နင် မဟုတ်လား။ အောင်မယ်၊ နင်ကလားဟဲ့၊ ငါ့ကို အမယ်ကြီးလို့ ခေါ်ရတာ။ ဟဲ့ ခွေးမျိုး၊ ဝက်မျိုး။ ငါ့သမီးလဲ ယူသေးရဲ့၊ ငါ့လဲ ဒီလိုစကားမျိုး ပြောသေးရဲ့။ လာလာချည်သေးသတော်။ “ဒီအမယ်ကြီးဟာ ဘာစကား ပြောတာတုံး” တဲ့။ ပြီးတော့လဲ “ကျုပ် တမိုးတွင်းလုံး နွားနဲ့ ဖက်ရုန်းလို့ စပါးရတာပါ” တဲ့။ ဟဲ့ နင်က နွားနဲ့သာ ဖက်ရုန်းတတ်တဲ့ အကောင်။ ဒါကြောင့် နင့်ကို ဖက်ရုန်းခိုင်းရတာပေါ့။ ဟဲ့ ဖိုးရွှေ၊ နင်က ယောက်ဖထိတော့ မချိအောင် နာတတ်သလား ဟင်။ အောင်မယ်၊ ဟိုကောင်မ မိဖွားရုံက သူ့လင်ဘက်က ရှေ့နေလိုက်နေသကိုး။ နင်လဲ အတူတူပဲ။ နင်ဟာ နွားနဲ့ ဖက်ရုန်းတဲ့ လူနဲ့ တော်လို့သာ၊ နွားလိုအကောင်နဲ့ ညားခဲ့တာဘဲ။ စဉ်းစားစမ်း၊ ဟဲ့ မိဖေ။ နင့်ဟာနင် ကမြင်းကြောထပြီး လင်နောက်လိုက်တုန်းက ငါ ဘာပြောသလဲ။ ဟဲ့ လင်ယူတာ ထုံးစံဟဲ့၊ ဓမ္မတာဟဲ့။ ဘာဖြစ်အုံးမှာလဲ။ ညည်းလဲ ကြိုက်တာ ညည်းယူခဲ့ပြီ မဟုတ်လား။ ငါ ဘာပြောသလဲ။ သာဝရဲ့ အမေက လာအပ်တဲ့ အခါ ငါက အမွေဖြတ်မဟဲ့ လို့များ ပြောဖူးသလား။ နင်တို့ကို ငါ ကြည်ကြည်ဖြူဖြူ အိမ်မှာ လက်ခံပြီးတော့ အရင်းအနှီး စိုက်ထုတ်ပေးပြီး၊ ဟို ဗန့်ပွေးကုန်း တောင်ဘက်က အလံလေးဆယ် လယ်နှစ်ခွက်ကို လုပ်စားဘို့ ပေးခဲ့တယ် မဟုတ်လား။ နင့်လင် သောက်ဖြစ် မရှိလို့ စပါးမအောင်တော့ကော ငါက ဘာပြောဘူးသလဲ။ လယ်သမား သားသမီးတဲ့တော်၊ နှီးကလေး တပင်တောင် မထိုးတတ်ဘူး။ သောက်ဖျင်း နိုင်လိုက်တာလဲ လွန်ရော။ ဟဲ့ ဒီကောင်ကလေးဟာ မျောက်ဟိုဒင်းကို သမန်းရှသလို နန့်တန့်နန့်တန့်နဲ့ သောက်ပေါကလေး။ ဒီမှာ လူကြီး စကားပြောလို့ ပြောမှန်း မသိဘူး။ ဟဲ့ သောက်လိုက်ကန်းဆိုး မသိတဲ့ သာဝ။ နင့်သား နင် ဆွဲထားစမ်း။ ငါ စိတ်ပေါက်ပေါက်နဲ့ ထသတ်ရရင် အကုန်လုံး သင်းချိုင်း ရောက်ကုန်လိမ့်မယ်။ ငြိမ်းတုတ်တဲ့နော်၊ တတုတ်ထဲ ရှိတယ်။ အောင်မယ်၊ ဟို မီးဖိုချောင်ထဲက ကောင်မက ဘာ ဖြစ်တောက် ဖြစ်တောက် လုပ်နေတာလဲ။ ဟဲ့ ငါက မအိုသေးဘူးဟဲ့၊ နားမထိုင်းသေးဘူးဟဲ့။ နင့်အဖေ ရင်မောင်တို့လို နားထိုင်းမျိုး မဟုတ်ဖူး။ နားထိုင်းမျိုး၊ နားထိုင်းမျိုး။ ကိုင်း ပြောသဟယ် ဘာဖြစ်သေးသလဲ။ ညည်းက ညည်းလင်တော်မောင် ဖိုးရွှေ အားကိုးနဲ့ ငါ့ကို အာမခံနဲ့။ ဟေ့ ဒီမှာကြည့်စမ်း၊ မိဂေါက်။ နင့်အမျိုး အကြောင်းကို ပါးစပ်ဟရင် အူမ မကျန် ငါမြင်တယ်။ နင့်ဒွေးတော် အပျိုကြီးဟာလဲ အသက်လေးဆယ် ကျော်မှ လင့်နောက် လိုက်ပြေးတယ် မဟုတ်လား။ ဟေ့ ဒီမှာ မျက်နှာကို စေ့စေ့ကြည့်စမ်း။ လင်ကောင် တယောက်ကို ခေါင်းခေါက် ယူနိုင်သေးတယ် မှတ်လိုက်ပါ။ ဒါပေမယ့် နင့်ဒွေးတော်လို ပုန်းလျှိုး ဝှက်လျှိုး လင်နောက် မလိုက်ဖူး မှတ်။ နင့်အမျိုးထဲမှာ အဲသလို လင်နောက် လိုက်ပြေးတဲ့ လူတွေ များလျက်ကနဲ့ နင်နဲ့ ဖိုးရွှေ ညားကြပြီဆိုတော့ ပုန်းလျှိုးဝှက်လျှိုး မညားရအောင် လူသိနတ်ကြား မင်္ဂလာဆောင်ပြီး ပေးစားလိုက်တာ ငါ မဟုတ်လားဟဲ့။ ဟော အခုမှ ချွေးမပီပီ သောက်ကျေးဇူး မသိတတ်ဘူး။ အောင်မယ်၊ သူကများ ငါ့ကို လင်စိတ် မွှန်သလေ့ ဘာလေးနဲ့။ ကောင်မက ငါ ဒီကနေပြီး ထွေးခံနဲ့ ပေါက်လိုက်ရင် နဖူးစုတ်သွားမယ်။ ဟေ့ ဖိုးရွှေ။ မင်းဟာ နားရွက်မလှုပ်ပါနဲ့။ နင်ဟာ မောင်နှမ နှစ်ယောက်ထဲမှာ ကြီးပေမယ့် အချိန်မစီးဘူး။ နင် သိသင့်တယ်။ နင့်အဖေ ဆုံးတော့ နင် ဘယ်အရွယ် ရှိပလဲ။ နင် မှတ်မိရဲ့လား။ နင်ဟာ ပဆိုးကွင်းသိုင်းတုန်း ရှိသေးတယ်။ ဖွားရုံတောင်မှ သင်တိုင်းကလေးနဲ့ နှပ်ချေးတွဲလောင်းဘဲ။ နင့်ကိုတောင် ရှင်မပြုရသေးဘူး။ အဲ နင် ဆယ်နှစ်၊ ဆဲ့တစ်နှစ် အရွယ်မှာ နင့်အဖေ ဆုံးတယ်။ နင့်အဖေ ကိုရင်ကြူး ဆုံးတော့ ငါ့အသက် သုံးဆယ်တောင် မပြည့်သေးဘူး။ ဝတ်ချင် စားချင်တုန်း အရွယ်ဘဲ။ အလှဂုဏ်နဲ့ မောက်နိုင်သေးတဲ့ အရွယ်ဘဲ။ နင့်ဘိုးဘိုးဟာ ရပ်ရွာမှာ လယ်တထောင်ခင်းလောက် ပိုင်တာမို့ မုတ်ဆိုးမ ဖြစ်ရပေမယ့် မျက်နှာမငယ်ခဲ့ပါဘူး။ တပင်လဲမူ တပင်ထူမယ် ဆိုရင် ဖြစ်နိုင်ပါသေးတယ်။ ကိုရင်ကြူးကို ငါယူတာ မိဖပေးစားလို့ ငါ ယူခဲ့ရတာပါ။ အပျိုဖြန်း ဘဝမှာ လင်ယူတာ ဘာအရသာလဲ ဆိုတာ ငါ မသိခဲ့ပါဘူး။ သားတွေ သမီးတွေ ထွန်းကားလာတော့မှဘဲ အိမ်မှာ နင်တို့ မောင်နှမ ပျော်ပျော်ပါးပါး နေကြတာတွေကို တွေ့ရတော့မှ အိမ်ထောင်ရေးသုခ ဆိုတာ ဒါကိုးလို့ ငါ သိခဲ့တယ်။ နင်တို့ကို သားသမီးဆိုပြီး ငါ ဘယ်လောက် ချစ်ခဲ့ရသလဲ သိလားဟဲ့။ ခုတော့ နင်တို့ကို မိဘမေတ္တာနဲ့ ဖူးဖူးမှုတ်ခဲ့ရသမျှ ငါ့မှာ ဝမ်းရေစပ်တာသာ အဖတ်တင်သဟဲ့။ ကြည့်စမ်း။ နင်တို့ သမုတ်နေတဲ့ ကောင်ကလေးဟာ ငါ့သားလောက် အရွယ်ပါဟယ်။ နင်တို့ထက်တောင် ငယ်ပါသေးတယ်။ ငါက စိတ်ကူးထဲ ထည့်မလား ဟင်။ ခုတော့ နင်တို့ကအစ သမုတ်တော့ ကောင်ကလေးကလဲ ရဲတင်းလာတာပေါ့။ သယ် သယ် ဟဲ့ ဖိုးရွှေ ခွေးမသား၊ နင် ဒီလို မိုက်မိုက်ကန်းကန်း မပြောနဲ့။ ကောင်ကလေးက ရိုးရိုးပါ။ ငါက သားသမီး အရွယ်မို့ ဘယ်သွားသွား အဖော်ခေါ်တယ်။ နင်တို့ မကြိုက်ဘူး ဆိုတာ ငါသိတယ်။ ဒါပေမယ့် လူဆိုတာ ဒီလိုဘဲ ကိုယ့်အပေါ်ကို လူချစ်လူခင် ရှိအောင် ပေါင်းသင်းဆက်ဆံဖို့ လိုတယ်။ ဒါကြောင့်လဲ ငါဟာ ဟို ရွာနီးချုပ်စပ်တွေကို ညမရှောင် နေ့မရှောင် သွားဝံ့တာပေါ့။ သူကလဲ သူ့ကို ငါက လယ်လုပ်သားလို သဘောမထားဘဲ တူလို သားလို သဘောထားတော့ ငါ့ကို အမေအရင်းလို စောင့်ရှောက်တာပေါ့။ နင်တို့က နင်တို့ လင်တွေ နင်တို့ မယားတွေနဲ့သာ အနားက တဖဝါးမှ မခွာနိုင်ဖြစ်တော့ ငါလဲ အဖော်ရှာရတာပေါ့။ ဒါကြောင့်လဲ အချိန်တန်တော့ လယ်ထောက်ခ စပါးတွေဟာ ကျီထဲ ဝင်လာတာပေါ့။ နင်တို့ ခြေမွေး မီးလောင်ရရဲ့လား ဟင်။ နင်တို့ လက်မွေး မီးလောင်ရရဲ့လား ဟင်။ ဟဲ့ ဖိုးရွှေ မအေရိုး၊ ငါပြောတာ နားထောင်စမ်း။ ဟေ့ ဟိုမီးဖိုချောင်ထဲက သောက်ကောင်မဟာ ငါ စကားပြောတုန်း ဆောင့်ကြီးအောင့်ကြီးနဲ့ ငရုတ်သီး မထောင်းပါနဲ့။ ဆုံကွဲသွားပမယ်။ ဒီအိမ်မှာ ရှိတဲ့ ပစ္စည်းဟာ ငါ့ပစ္စည်း။ ငါရှာတဲ့ ပစ္စည်း။ နင်တို့လုပ်စာ မရှိဘူး။ နင်တို့ဟာ သားသမီး ဆိုပေမယ့် ငါ့လက်ထဲက သူရင်းငှား သာသာပဲ ရှိတယ်။ ဒီလယ် ဒီချောင်းတွေကို ငါပေးမှ နင်တို့ရမှာ။ နင်တို့ကိုယ် နင်တို့ အထင်မကြီးပါနဲ့။ ချွေးမက ချွေးမလို နေပါ။ သားအမိ ကိစ္စထဲမှာ ညည်း ဘာမှ ဝင်စွက်ဖို့ မလိုဘူး။ ဒီအိမ်မှာ ငါ့သဘော။ ငါလုပ်ချင်ရာ လုပ်မယ်။ ပြောချင်ရာ ပြောမယ်။ ခုနစ်အိမ် မကဘူး၊ ဆယ်အိမ်ကြားကြား ညည်းအပူ တပြားသားမှ မပါဘူး။ ငြိမ်းတုတ်ဆိုလို့ တတုတ်ထဲ ရှိသကွဲ့နော်။ ညည်းကို ငါက ပါးဆွဲမရိုက်ဝံ့ဘူး အောက်မေ့သလား။ နင်တို့တတွေကြောင့်ပေါ့ဟယ်၊ နင်တို့ကိုသာ မမွေးရဘူး ဆိုယင်၊ ဟဲ့ ဖိုးရွှေ၊ ငါ ဘွင်းဘွင်းပြောမယ်။ နင် ရှင်ပြုတဲ့နှစ်တုန်းက ငါ နောက်အိမ်ထောင်ပြုဘို့ စိတ်ကူးမိပါတယ်။ ရွာထိပ်က ကိုရင်လှိုင်ကြီးက ငါ့ကို လိုချင်နေတာ ကြာပြီ။ နင်တို့ မျက်နှာကို ထောက်ပြီး ငါ မယူခဲ့ပါဘူး။ ငါ့သားတွေ မျက်နှာငယ်မယ်၊ ငါ့သမီးတွေ မျက်နှာငယ်မယ်။ ကိုရင်ကြူး ထားခဲ့တဲ့ ပစ္စည်းတွေ ဖရိုဖရဲဖြစ်မှာ စိုးတယ်။ နင်တို့အတွက် နောင်ရေးခက်မှာ စိုးလို့ ငါကိုယ်တိုင်က သဘောမတူနိုင်စရာ မရှိပေမယ့် မယူခဲ့ပါဘူးဟဲ့။ ဒါတွင် က ရိုးလား။ ငါ့မှာ သားကြီး သမီးကြီး နှစ်ယောက် ရှိပေမယ့် အိုတယ်သာ ဆိုရ အပျိုကရှုံးပြန် ဆိုတာလို မုတ်ဆိုးမ ဘဝပေမယ့် မျက်နှာငယ်တယ်လို့များ မအောက်မေ့နဲ့။ ငါက ခေါင်းခေါက်ပြီး လင်ရွေးနိုင်သေးတယ်။ မြို့က စပါးပွဲစားတွေ ခဏခဏ စကားကမ်းကြပါရဲ့။ ညည်းတို့ မှတ်မိမှာပေါ့။ ဟင်္သာတက စပါးပွဲစား ကိုညိုစိမ့် ဆိုတာ သနားကမားပါ။ ရိုးဂုဏ်လဲ ရှိပါတယ်။ ပစ္စည်းပစ္စယလည်း မခေပါဘူး။ အခုဆိုတော့ စတီးစပါးဒိုင်မှာ အဝယ်တော် ဖြစ်နေပြီ။ သူနဲ့သာ ငါ ယူခဲ့မယ်ဆိုရင် အခု ညည်းတို့တတွေ စိန်နားကပ် တဝင်းဝင်းနဲ့ နေမှာပေါ့။ ဒါမျိုးကျတော့ ညည်းတို့က ဒီလို လင်မျိုးကို အမေ နှစ်ထပ်ကွမ်း ယူတော်မူပါ လို့တောင် ငါ့ကို နှူးကြဦးမယ်။ နင်တို့ ဓာတ်ကြောကို သိပါတယ်။ နင်တို့အဖေ ကိုရင်ကြူး မျက်နှာကို ထောက်ထားပြီး နင်တို့ ပြောနေတာ မဟုတ်ပါဘူး။ နင်တို့ဟာ ပစ္စည်းတို့ ဂုဏ်တို့ကို အင်မတန်မက်တာ။ ဒါကြောင့် အခု ငါဟာ ကောင်ကလေးနဲ့ တွဲနေတာကို မရှုစိမ့်နိုင်တာဘဲ။ ဒီကောင်ကလေးသာ ရွှေတွဲလွဲ ငွေတွဲလွဲ ဆိုရင် နင်တို့က အရင် ငါ့ကို ပေးစားမှာဘဲ။ ဘာ မဟုတ်ဖူးလဲ။ အသက်ငယ်ရော ဘာဖြစ်သေးသလဲ။ ငါကကော ဘယ်လောက်ကြီးသေးလို့လဲ။ ဒီအရွယ် သနပ်ခါး ခြေဆုံးခေါင်းဆုံး လိမ်းတာကို မင်းတို့က ဘာမှုနဲ့ တရားစွဲချင်သလဲ။ ငါ တသက်လုံးက နံ့သာဖြူ ခြေဆုံးခေါင်းဆုံး လိမ်းလာတာ နင်တို့ မသိဘူးလား။ တသက်လုံး မဟာနဖူး သ သ လာတာ နင်တို့ မမြင်မိဘူးလား။ မျက်ခုံးမွှေး နုတ်ထာကော နင်တို့နဲ့ ဘာဆိုင်သတုံး။ နင်တို့ ငါ့ကို ဒီလိုချုတ်ချယ်လို့ ရနိုင်ရိုးလား။ ငါက ငယ်ငယ်ရွယ်ရွယ်နဲ့ မုတ်ဆိုးမ ဖြစ်ခဲ့ရပေမယ့် အပျိုကလေးလို တသက်လုံး နေလာတာ နင်တို့ မသိဘူးလား။ ခွေးမျိုး ဝက်မျိုးတွေ။ နင်တို့ ဒီလောက် သဝင်ကြောင်မှန်း သိရင် အာလာဂပ္ပ ချစ်တီးနဲ့တုန်းက ငါ ယူလိုက်ရ အကောင်းသား။ ဒါမှ သင်းတို့ ချစ်တီးကို ပထွေးတော်ရမယ်။ ကိုင်း၊ တခုပြောစမ်း။ ငါ ဒီအသက် ဒီအရွယ် ရောက်လာပြီ ငါ ဘယ်နေရာမှာ လော်မာခဲ့ဘူးသလဲ။ အစစ အရာရာမှာ နင်တို့တတွေကို ထောက်ထားပြီးတော့ အရွယ်ကောင်းတုန်းမှာ တပင်လဲသော် တပင် မထူခဲ့ပါဘူး။ ခုလို မြေးတွေ ရနေတဲ့ အချိန်မှာ ကိုယ့်သိက္ခာ ကိုယ် စောင့်ထိန်းခဲ့တယ်။ သယ်၊ ဟိုယောက်ျားနဲ့ တွဲတွဲ၊ ဒီယောက်ျားနဲ့ တွဲတွဲ နေတာကကော နင်တို့လို အလေလိုက်ဖို့ တွဲတာမှ မဟုတ်ဘဲ။ ကုန်သည်ဘာဝ သူ့ အထိုက်အလိုက် ပေါင်းရတာပေါ့။ ဒါကို နင်တို့က မြှူချနေတယ် ထင်သလား။ အေး၊ အေး။ ယောက်ျားဆိုတာ မြှူပေါင်းရသဟဲ့။ မြှူပြီး ချတော့လဲ ကျတယ် မဟုတ်လား။ ဒါကြောင့်လဲ နင်တို့မှာ လယ်တွေ ချောင်းတွေ တိုးပွားနေတာ မဟုတ်လား။ ငါ မြှူတာကို သတ္ထုချကြည့်တော့ ဘယ်သူ့ဘို့လဲဟဲ့။ နင်တို့ ကောင်းစားဘို့ဘဲ မဟုတ်လားဟင်။ ကိုင်း ဘာပြောချင်သေးသလဲ။ နင်တို့ မျက်နှာမငယ်ရအောင် ငါလုပ်ခဲ့တယ် မဟုတ်လား။ ဒါကြောင့် အခု ရွာထဲမှာ ဆိုရင် နင်တို့ဟာ မြေပိုင်ရှင် ဒေါ်ငြိမ်းတုတ်ရဲ့ သားသမီးများ ဆိုပြီး လူရာဝင်လာကြပြီ မဟုတ်လား။ အဲဒီတော့မှ နင်တို့က ငါ့ကို ရမယ်ရှာပြီး အမွေလုချင်ကြသလား။ ဟေ့ လုစရာ မလိုပါဘူးကွယ့်။ ဟဲ့ သာဝရဲ့။ ငါ တောက်တီးတောက်တဲ့ ပြောနေတာ မဟုတ်ဖူး။ ဟုတ်ထာ ပြောတာ။ နင်တို့ ငါ့ပစ္စည်းကို ငါမသေခင် အမွေခွဲဘို့ မလိုဘူး။ ငါ ရှာလာသမျှ နင်တို့ မောင်နှမဘို့ချည်းဘဲ။ ငါကတော့ အမေကိုး။ မြစ်ဆိုတာဟာ အညာက အောက်ကိုစုန်တယ်။ အောက်က အထက်ပြန်ဆန်တာ မရှိဘူး။ ဒီတော့ ငါ့စိတ်နဲ့ငါ့ကိုယ် ငါ့ဟာငါ လုပ်ချင်တာ လုပ်တာတောင်မှ နင်တို့ကို အမွေခွဲပေးပြီးမှ လုပ်မယ်။ အခု နင်တို့က ငါ့ကို ထွန်းရှိန်နဲ့ အနေအထိုင် မတော်ဘူးလို့ ပြောတယ်။ ဟေ့၊ ထွန်းရှိန်ဟာ လက်ညှိုးထိုးထည့်တောင် ကိုက်တတ်ထာ မဟုတ်ဘူး။ ရိုးတယ်၊ စိတ်ချရတယ်၊ ကူဖော်လောင်ဘက် ရတယ်။ နင်တို့နဲ့တောင် မတူဘူး။ နင်တို့ ကြွေးတောင်းရင် တောင်းလို့ရတဲ့ ပိုက်ဆံထဲက ထန်းရည်ဖိုး နှုတ်သေးတယ်။ ဒီကောင်ကလေးက အသောက်အစား မရှိ၊ အလောင်းအစား ကင်းတယ်။ ပွဲလမ်းသဘင်မှာ အချိန်မဖြုန်းဘူး။ ငါ့စကားကို မြေဝယ်မကျ နားထောင်တယ်။ သူ့ကို စာရင်းအင်းကလေး မှတ်ဖို့ ငါ ခေါ်ထားတာ။ သူက အားအားရှိရင် မနေတတ်ဖူး။ ဒါကြောင့် လယ်ထဲ ဆင်းနေတယ်။ ဒါတွေဟာ နင်တို့ သက်သာဘို့ချည်းပဲ။ အခုတော့ နင်တို့ပြောပုံ ကောင်းသေးရဲ့လား။ နင်တို့က အဲသလို ကြပ်ကြပ်ပြောတော့ ကောင်ကလေး စိတ်တွေလဲ ဟိုလိုလို ဒီလိုလို ဖြစ်နေတာပေါ့။ ဒီအထဲမှာ ရွာထဲက သွားပုပ်လေလွင့် ပြောကြပြန်တော့ ကောင်ကလေးမှာ တတက်စားလဲ ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်ဆိုပြီး လက်ရဲဇက်ရဲ ဖြစ်လာတယ်။ ဒီအထဲ နင်တို့က မီးလောင်လေပင့်စကား ပြောကြပြန်တယ်။ ငါလဲ သောက်ရှက်ကွဲတာဘဲ။ နင်တို့လဲ သောက်ရှက်ကွဲတာဘဲ။ ငါက လင်ငယ်ငယ်ကလေး ယူချင်လို့ ပြောနေတာ မဟုတ်ဖူး။ နင်တို့က နင်တို့ကိုယ်ကို နင်တို့ ဘာထင်နေကြတာတုံး။ ငါ သနပ်ခါး ခြေဆုံးခေါင်းဆုံး လိမ်းတာကအစ နင်တို့က မကြိုက်နိုင်ဘူး။ ငါ အမေ့ကိုတောင် နင်တို့က ဘာမတော်ဘူး ညာမတော်ဘူး ဆိုပြီး ဩဇာပေးရအောင် နင်တို့ကို ငါက မွေးထုတ်ထာလား၊ ငါ့ကို နင်တို့က မွေးထုတ်ထာလား။ ငါ့အပေါ်မှာ ဩဇာ လာမပေးနဲ့။ မနေချင်ရင် အိမ်က ဆင်းသွားကြ။ အေး၊ ငါမသေခင် အမွေတော့ မတောင်းကြနဲ့အုံး။ နင်တို့ အခုလုပ်နေတဲ့ လယ်ကို ဆက်လုပ်ကြ။ ငါရှာသမျှ နင်တို့ဘို့ချည်းပဲ။ ဘယ်ယောက်ျားကို မြှူချချ စားရရင် နင်တို့ဘဲ။ ကိုင်း၊ ဘာပြောအုံးမလဲ။ မှတ်ပလား။ ဟဲ့ ဖိုးရွှေ ဘာလဲ။ ဟဲ့ သာဝ ဘာလဲ။ နင်တို့ ဘာ ခွေးစကား ပြောတာလဲ။ ငါ လင်ငယ်ငယ် နှောင်းနှောင်းကလေးကို ယူချင်တယ်လို့ နင်တို့ ပြောနေတာလား။ နင်တို့က ငါ ဒီအသက် ဒီအရွယ်ရောက်မှ လင်တယောက် ခေါင်းခေါက်ယူလို့ မရဘူး ထင်သလား။ အေး၊ နင်တို့ အဲသလိုပြောတော့ ငါက အရွဲ့တိုက် ပြလိုက်ရအုံးမပေါ့ကွယ်။ ဟေ့၊ ဖိုးဆောင်တို့၊ ဖိုးထောင်တို့ လာကြစမ်း။ ဟို လယ်ထဲက ကောင်ကလေးကို သွားခေါ်စမ်း။ မြန်မြန်ခေါ်စမ်း။ အို ကြာလိုက်ထာ။ အေး ထွန်းရှိန်။ ထွန်းရှိန်ရေ။ လာအုံးဟေ့။ လာဆို မြန်မြန်လာတာ မှုတ်ဘူး။ ဘယ်သူ့ကိုမှ သောက် ဂရုစိုက်စရာ မရှိဘူး။ ငါ့သဘော။ လာခဲ့၊ လာခဲ့။ ဟဲ့ သာဝတို့၊ ဖိုးရွှေတို့၊ ဖွားရုံတို့၊ မိဂေါက်တို့။ နင်တို့ လယ်တပွဲစီ ယူပြီး ငါ့အိမ်ပေါ်က ဆင်းသွားကြ။ ဆင်းဆို ခုဆင်း။ ဆန်ကုန်မြေလေးတွေ။ သူတို့ကိုငဲ့ပြီး အရွယ်ရှိတုန်းက နောက်လင် မယူခဲ့ဘူး။ ဟော ခုမှ ခုမှ သွေးဆုံးနေတဲ့ အရွယ်မှာ လင်ငယ်ငယ်ကလေး ယူပြလိုက်အုံးမယ်။ အဲဒီအရွယ်မှာ နင်တို့လို သားသမီးမျိုးလဲ နောက်ထပ်လို့ မမွေးနိုင်တော့ဘူးဟဲ့။ လာ မအေပေး ထွန်းရှိန်။ ကြောက်ကန်ကန် လုပ်မနေနဲ့။ အိမ်ပေါ် တက်ခဲ့။ နင် ငါ့လင် ဖြစ်ပြီ။

———————————————-
မောင်ထင်
သွေးသောက်၊ ဧပြီ၊ ၁၉၅၃ ။