အတိုးကြီးသောဝဋ်ကြွေး(စ/ဆုံး)
——————————–
“ဟဲ့ ဖိုးအောင်၊ နင့်သမီး အကြောင်းကြားရတာ စိတ်မကောင်းလိုက်တာဟယ်”
ထိုစကားကို အားရပါးရ ပြုံးပြုံးကြီးပြောလိုက်ချင်သည်။ အတွေးထဲမှာ တောင်းခဲ့သည့်ဆု ပြည့်လေသလား။
……..
“မိချိုရေ အလုပ်သွားမယ်ဟေ့”
“ဟုတ် လာပြီ မမဝင်းရေ လာပြီ”
ထမင်းချိုင့်လေးကိုဆွဲ ပြီး ကဗျာကယာထွက်လာသည်။ မမဝင်းတို့လင်မယားအပြင် အေးအေးပါ ရောက်နှင့်နေပြီ။မိချိုရောက်သည်နှင့် ကားမှတ်တိုင်သို့ အတူထွက်လာကြလေသည်။ မိချို အသက် ၁၃နှစ်အရွယ်ခန့်က အဖေဆုံးသည်။ အမေက မောင်လေးကိုမွေးပြီးစအချိန်ဖြစ်သည်။ အဖေဆုံးပြီး သုံးလေးနှစ်အတွင်း အမေရောမချိုပါ မလုပ်တတ်မကိုင်တတ်ဖြင့် ရှိတာလေးကို ထုခွဲစားသောက်ရာ ကုန်သလောက်ဖြစ်နေလေပြီ။ မိချိုလည်း ကျောင်းထွက်လိုက်ရလေပြီ။ ကျောင်းထွက်ပြီး မမဝင်းတို့လို အလုပ်လုပ်လိုကြောင်း အမေ့ကို ပြောခဲ့သည်။ အေးလွန်း အလွန်းသည့်မိချိုကို အမေစိတ်မချသော်လည်း ဘာမှမတတ်နိုင်သော အခြေ အနေရောက်ခဲ့လေပြီ။
မမဝင်းတို့ အလုပ်မှာ လူလိုရင် ခေါ်ပါဟု အမေပြောထားသောကြောင့် အလုပ်ရသည်။
အလုပ်ဝင်နေရသည်မှာ သုံးလကျော် ကြာခဲ့လေပြီ။ ကျောင်းမတက်ရတော့၍ စိတ်ဆင်းရဲမိသော်လည်းကိုယ့်ရသည့်လုပ်အားခလေးနှင့် မိသားစုကို ထောက်ပံ့ရသည်မို့ အလုပ်မှာ ပျော်စပြုလာသည်။ မမဝင်းကလည်း အစစကူညီသင်ပြပေးသည်လေ။ အမေကလည်း မမဝင်းကို ယုံကြည်စွာ အပ်ထားသည်။
မမဝင်းယောကျ်ားဖိုးအောင်မှာ မိချိုတို့နှင့်ရွယ်တူ ဖြစ်သည်။ မမဝင်းသည် ဖိုးအောင်ထက်ရှစ်နှစ်လောက်ကြီး၍ အိမ်ထောင်ကြသည်မှာ သုံးနှစ်ခန့် ရှိလေပြီ။ မမဝင်းက ဖိုးအောင်ကို သိပ်ချစ်သူဖြစ်သည်။ ဖိုးအောင်ဘာအပြစ်လုပ်လုပ် ခွင့်လွတ် နားလည်ပေးတတ်သည်။
မိချိုတို့ရပ်ကွက်မှာ ကားမှတ်တိုင်နှင့် မိနစ်နှစ်ဆယ်လောက်လမ်းလျှောက်ရသည်။ မနက်ရှစ်နာရီ အလုပ်စဝင်၍ ညခြောက်နာရီခွဲအလုပ်ဆင်းသည်။ လိုင်းကားတိုးစီးရသည်ဖြစ်၍ ညရှစ်နာရီမှသာ အိမ်သို့ရောက်သည်။
သည်နေ့ မမဝင်းက နေမကောင်းဖြစ်၍
အလုပ်နားသည်။ အေးအေးကလည်း အလုပ်မှ ခွင့်ယူထားလေသည်။ ဖိုးအောင်နှင့်မိချို တို့ အလုပ်ဆင်းရသည်။ ညနေပုံမှန်အတိုင်း အတူတူပြန်လာကြလေသည်။လိုင်းကားမှာ လူများကျပ်သိပ်နေသည်။ ဖိုးအောင်က မိချိုအနားမှာ ကပ်လိုက်ရင်း လူတိုးတဲ့ဒဏ်ကို ကာပေးနေသည်။
အတူသွား အတူလာ မောင်နှမတွေလို မိချိုသဘောထားသော်လည်း ဖိုးအောင်၏ ယုတ်ညံ့တဲ့စိတ်များ ပေါ်လာလေသည်။ ကားကျပ်သည်ကို အခွင့်အရေးယူကာ မိချိုကို မသိမသာဖက်ထားလေသည်။ မိချိုရုန်းထွက်သော်လည်း မလွှတ်ပေး။ ဆင်းရမည့်မှတ်တိုင်အမြန်ရောက်ပါစေဟုသာ မိချိုဆုတောင်းနေရလေသည်။
“မိချို မိချို ငါ့ကိုစောင့်ပါအုံးဟ”
ကားမှတ်တိုင်ရောက်လျှင် မိချိုအရင်ဆင်း၍ အိမ်သို့ပြန်လာသည်။ ဖိုးအောင်ကို လှည့်မကြည့်။ ကားပေါ်မှာကတည်းက မပြောသာ၍ ငြိမ်နေရသော်လည်း ဖိုးအောင်၏ အကျင့်ကို မိချိုမကြိုက်။
“နင်ကလည်းဟာ ဒါလေးကို ဘာဖြစ်နေတာလဲ၊
ငါ နင့်ကို ချစ်လို့ပါ”
“ဘာပြောတယ် နင် ယုတ်မာလှပါလား၊ ငါ့ကို ဘာမှတ်နေလဲ၊ မမဝင်းကို ပြန်တိုင်လိုက်ရမလား”
“တိုင်ချင်တိုင်လေ၊ တိုင်လည်း ယုံမှာမဟုတ်ဘူး။ မမဝင်းက ငါ့စကားပဲ ယုံမှာ”
ပြောလည်းပြောရင်း မိချိုကိုဖက်ကာ အတင်းနမ်းလေသည်။မိချိုက ရှောင်ရင်း ထမင်းချိုင့်နှင့်ပေါက်သည်။
” နှမချင်းမစာနာ ၊ နင့်မှာ မယားတယောက်လုံးရှိရဲ့နဲ့ ငါ့ကို အထင်သေးစော်ကားတာ၊ နင့်ကို တသက်လုံးခွင့်မလွှတ်ဘူး”
အိမ်ပြန်ရောက်တော့ မိချို ထမင်းမစားနိုင်။ အမေ့ကို နေမကောင်းလို့ဟု ပြောပြီး အိပ်ရာထဲမှာငိုနေမိသည်။ငါ့အပေါ် ဒီလို လုပ်ရက်လေခြင်း ဟုတွေးကာ နားကျည်းနေသည်။လမ်းဘေးအရက်သမားဖြစ်ဖြစ်၊
မသိတဲ့လူပဲဖြစ်ဖြစ်၊ အိမ်ထောင်မရှိသူလူလွတ်က လိုက်နှောက်ယှက်တယ်ဆိုရင်ပဲဖြစ်ဖြစ် ဒီလောက်ခံစားရမှာမဟုတ်ပေ။ နောက်ရက်မှာလည်း အလုပ်ကခွင့်ယူလိုက်သည်။အမေစိတ်မကောင်းဖြစ်မှာစိုး၍ လည်း ဖွင့်မပြောချင်၊ မမဝင်းကိုလည်း မတိုင်ချင်၊ တစ်ယောက်တည်း ကျိတ်ခံစားပြီး နေလို့မပျော်ဖြစ်နေသည်။
သည်ရက်အတွင်းမှာပဲ ကံကောင်းစွာနှင့် မိချိုတို့အိမ်ပြောင်းဖို့ ကြုံလာလေသည်။ အမေ့အကိုကြီးမှ မိချိုတို့မိသားစုကို အတူနေဖို့ ခေါ်လေသည်။ သူ့အလုပ်က နယ်ဘက်ကိုပြောင်းဖို့ကျလာသည်။အိမ်မှာသားအမိနှစ်
ယောက်ထဲကျန်ခဲ့မှာမို့ အဖော်ရအောင်ခေါ်ခြင်းဖြစ်သည်။ မိချိုတို့မိသားစု ဦးလေးအိမ်ကိုပြောင်းခဲ့ကြသည်။ မိချိုတို့မိသားစုက အိမ်ကြီးရဲ့ဘေး အဖီချထားသောအခန်းမှာ နေရသည်။ ဦးလေးမိန်းမဒေါ်လေးက သဘောကောင်းသည်။မိချိုကို စက်ချုပ်သင်ပေးသည်။ နေရာဟောင်းမှ အဖြစ်အပျက်များက မိချိုစိတ်ထဲမှာ လွယ်လွယ်နှင့်မပျောက်။ နာကျည်းမှုနှင့် တမြည့်မြည့်ခံစားရတိုင်း ဖိုးအောင်ကို ကျိန်စာတိုက်မိသည်။ တနေ့ဝဋ်လည်ပါစေဟု ဆုတောင်းမိသည်အထိပင် ခံစားခဲ့ရသည်။မမဝင်းကို အားနာမိသော်လည်း ကိုယ်ခံစားခဲ့ရသမျှ မမေ့နိုင်ခဲ့။
ရက်မှလပြောင်း ရာသီတွေ အလီလီပြောင်းခဲ့ရာ ဆယ်လေးငါးနှစ်ကြာခဲ့လေပြီ။ဆွေရိပ်မျိုးရိပ်အောက်မှာ မိချိုတို့မိသားစု အဆင်ပြေလာခဲ့သည်။အမေက ဒေါ်လေးအိမ်ကိုကူညီလုပ်ကိုင်ပေးရသည်။မိချိုလည်း စက်ချုပ်တတ်လာသည်။ ဒေါ်လေး၏ ကူညီစောင့်ရှောက်မှုဖြင့် စက်ချုပ်ဆိုင်လေး ဖွင့်သည်။
ဘာအသုံးစရိတ်မှ မကုန်။ချွေတာသုံးရင်း ဦးလေးတို့ရပ်ကွက်မှာပဲ ကိုယ်ပိုင်အိမ်လေး ဝယ်နိုင်လာခဲ့သည်။ လိုအပ်သည့်ငွေအနည်းအပါးကို ဦးလေးကစိုက်ထုတ်ပေးသည်။ မောင်လေးလည်း ဘွဲ့ရ၍ အလုပ်လုပ်နေလေပြီ။ မိချိုအသက်လည်း ၃၅ ပြည့်တော့မည်။ ဦးလေးအိမ်မှာဝင်ထွက်သွားလာနေသော မျိုးဇော်နှင့် ချစ်သူဖြစ်သည်။ မျိုးဇာ်မှာ ဦးလေးမိန်းမနှင့် ဆွေမျိုးမကင်းသူ ဖြစ်သည်။ မိဘများကလည်း သဘောတူကြည်ဖြူသည်။ မိချိုတို့အိမ်လေးမှာပဲ မင်္ဂလာပွဲကျင်းပဖို့ တိုင်ပင်ကြသည်။
ထို့ကြောင့် မင်္ဂလာဆောင်ဖိတ်ရန် အရင်ရပ်ကွက်ဟောင်းကို ရောက်ခဲ့သည်။ အေးအေးတို့အိမ်ကို အရင်ဝင်သည်။ ဖိုးအောင်၏ သမီးသတင်းကြားလိုက်ရသည်။ အခုမှ အပျိုဖော်ဝင်စအရွယ် လေးဖြစ်သည်။
အွန်လိုင်းပေါ်မှနေ အိမ်ထောင်ရှိယောကျ်ားတစ်ယောက်နှင့် ချစ်သူဖြစ်ရာမှ ထိုသူ၏မိန်းမမှအရှက်လာခွဲသည်ဆိုသောအကြောင်း ကြားလိုက်ရသည်။
မမဝင်းအတွက် စိတ်မကောင်းဖြစ်မိသော်လည်း ဖိုးအောင်မျက်နှာကို တည့်တည့်ကြည့်၍ ပြောလိုက်ချင်သေးသည်။
မေသူ (တမာတော)
6.10.2021
လိုအပ်ချက်တွေအများကြီးမို့ ခွင့်လွှတ်သည်းခံပေးကြပါရှင်။