အတ္တလွမ်းချင်း(စ/ဆုံး)
———————-
ရေဇလုံထဲတွင်ဆီများ ဝေ့ကာနေသည်။ နှင်းမြသည် လက်တွင်ပေကျံနေသော ဆီများကို အဝတ်ဖတ်ဖြင့်သုတ်လိုက်ပြီး ရေဇလုံကိုစောင်းသွန်ကာ
နောက်ထပ်ရေအသစ်ထည့်ရန်အတွက် ပိုက်အောက်တွင် ဇလုံကိုထားကာ ရေပိုက်ဘားကိုဖွင့်လိုက်၏။ပြီးနောက် ဆပ်ပြာမှုန့်အနည်းငယ်ထည့်
ကာမွှေလိုက်သည်။ ဆပ်ပြာမြုံ့များသည် ဇလုံနှုတ်ခမ်းဝဆီသို့ ကြွတက်လာကြသည်။
နားသယ်စတွင်စီးကျလာသော ချွေးစများကို
သူ့လက်ဖမိုးဖြင့်သုတ်လိုက်ရာ ချွေးနှင့်အတူမျက်ရည်စများပါရောပါလာသည်။ ရင်ထဲတွင်ကျိတ်ကာငိုနေမိ၍ တစ်ချက်တချက် ရှိုက်သံ
သဲ့သဲ့လေးက ရင်မှပွင့်ထွက်လာသည်။ဧည့်ခန်းတွင်းမှာတော့ စကားသံများကလှိုင်လျှက်ရှိနေကြ
၏။ ပန်းနုရောင်ဇာခန်းစီး၏ ရှေ့တွင်ဧည့်ပေါင်းစုံ
စုဝေးလျှက် ….
” ဟော မမကြီးလာပြီ ”
အသံထွက်ပေါ်လာရာဘက်သို့ နှင်းမြကြည့်မိရာ
ခေတ်မှီလှပသောအဖြူရောင်ဇိမ်ခံကားကြီးပေါ်မှ
အမျိုးသမီးကြီးကို လူအများကဝိုင်းဝန်းကြိုဆိုနေကြသည်ကို တွေ့ရသည်။ထိုအမျိုးသမီးကြီး
သည် တန်ဖိုးကြီးလက်ဆွဲအိတ်ကြီးကိုလက်တစ်ဖက်တွင်ဆွဲလျှက် အိမ်ထဲသို့တစ်လှမ်းချင်း
လှမ်းဝင်လာပါသည်။ ကိုယ်ပေါ်တွင်ဆင်မြန်းထားသည့် ကျောက်မျက်ရတနာများ၏
အရောင်များကလည်းတစ်ဖိတ်ဖိတ်ဝင်းလဲ့တောက်ပလျှက်ရှိနေ၏။အရွယ်နုသည်ထက် နုအောင် တန်ဖိုးကြီးအဝတ်အစားများကိုချုပ်ဝတ်ထားသော်လည်း အစ်ထွက်နေသော သူ၏ဗိုက်သားကိုမူ လုံခြုံအောင်မဖုံးဖိနိုင်ပေ။
” မနက်စောစော အစ်ကိုကြီးသတင်းကြားလိုက်ရတာစိတ်မကောင်းလိုက်တာ ညီမလေးရယ်”
ဧည့်သည်တွေကြားဝင်ထိုင်ပြီး ထိုအမျိုးသမီးကြီးက ပြောလိုက်သည့်အသံဖြစ်သည်။တစ်ဖန်
မျက်မှန်ကြားမှ ထွက်ကျလာသောမျက်ရည်စများကို လူအများမြင်အောင် သူ၏လက်ဆွဲအိတ်
ထဲမှ လက်ကိုင်ပုဝါလှလှလေးကိုထုတ်ပြီး သုတ်
လိုက်ပြန်သည်။
” ကင်ဆာရောဂါပေါ့ မမသက်ရယ်။ညီမတို့မှာ
အစ်ကိုကြီးတစ်ယောက်ပဲရှိတာ ။ခုတော့ အစ်ကို
ကြီးက ညီမတို့ကိုခွဲ …ခွဲ..သွားပြီ ဟင့် ဟင့် ”
ညီမဖြစ်သူ ခင်ဆွေမြင့်၏ အဖြေစကားဆုံးသည်
နှင့် ဒေါ်ခင်သက်မာလည်း ရှိုက်၍ငိုပါတော့သည်။ဒေါ်ခင်သက်မာနှင့်အတူ ညီမဖြစ်သူခင်ဆွေမြင့်သည်လည်း သေဆုံးသူ ဦးတင်ထွန်းကို တမ်းတကာငိုပြန်လေသည်။
” အမလေး… အစ်ကိုကြီးရယ် ညီမလေးတို့
ပြုစုရတာ မဝသေးပါလားနော်။ ညီမလေးတို့နဲ့
အတူနေချင်ပါတယ်ဆို ခုတော့….. ”
ညီအစ်မနှစ်ယောက်၏ အော်ဟစ်ငိုကြွေးသံများသည်ဧည့်ခန်းတစ်ခုလုံးဖုံးလွှမ်းသွားသည်။
ဧည့်သည်များ၏ ကားကြီးကားငယ်အသွယ်သွယ်
တို့သည်လည်း အိမ်ခြံအတွင်းသို့တဖွဲဖွဲရောက်ရှိ
လာနေသည်။
နှစ်နာရီကြာမျှ ပန်းကန်ဆေးကြောနေရ၍ ခါး
ညောင်းလာသဖြင့် နှင်းမြ ခဏလောက်မတ်တပ်
ရပ်ပြီးခါးဆန့်မိသည်။တစ်ဖန် ဧည့်ခန်းဘက်ကို
ကြည့်မိရာ စိန်ရောင် ၊ရွှေရောင်တောက်ပြောင်နေ
သော ဧည်သည်များစွာကိုတွေ့မြင်ရသလို အိမ်ခြံ
ဝန်းအတွင်းမှာလည်း ကားများပြည့်ကျပ်နေသည်ကို တွေ့ရ၏။ တစ်ဖန် သူ၏ခင်ပွန်းဖြစ်သူ ကိုမြအေး အလုပ်လုပ်နေသော နေရာသို့ကြည့်မိပြန်ရာ
ဆေးလိပ်တိုကို ပါးစပ်တွင်ခဲလျှက် ထင်းခွဲနေသည်ကိုတွေ့ရသည်။ကိုမြအေးသည်
ခေါင်းတွင်ပေါင်းထားသော ပုဆိုးကိုဖြေလျှက်
နဖူးပေါ်က ချွေးများကိုသုတ်လိုက်သည်ကို လှမ်း
မြင်ရပြန်၏။
နှင်းမြသည် သူ့ယောက်ကျားကိုမြအေးဆီသို့ရောက်နေသောအကြည့်ကိုလွှဲဖယ်လျှက်
လုပ်လက်စအလုပ်ကိုပြန်လုပ်နေစဥ် ဧည့်ခန်း
တွင်းမှ အသံများကသူ့နားထဲသို့တိုးဝင်လာပြန်
သည်။
” ဝမ်းနည်းတာလည်း ဝမ်းနည်းတာပေါ့ဒေါ်ခင်သက်မာရယ်။ ကိုယ့်ကျန်းမာရေးလည်းရှိတယ်လေ။ တရားနဲ့သာဖြေပါကွယ် ”
” အစ်ကိုကြီးက ညီမတွေကိုသိပ်ချစ်တာ
ပါရှင်။ ကျွန်မတို့ကလည်း အစ်ကိုတစ်ယောက်
ထဲရှိတာမို့ အစ်ကိုကြီးအဖရာဆိုသလို မိဘသဖွယ်လေးစားချစ်ခင်ပြီး အစ်ကိုကြီးရဲ့လိုအပ်
ချက်မှန်သမျှဖြည့်ဆည်းပေးခဲ့ပါတယ်ရှင်….ခုတော့ ညီမတွေကိုခွဲပြီး ထွက်သွားပြီလားအစ်ကိုကြီးရဲ့ ဟင့် ….ဟင့် ”
အဒေါ်ကြီးဖြစ်သူဒေါ်ခင်သက်မာ၏
ပြောစကားကြောင့် နှင်းမြမျက်လုံးအဝိုင်းသားဖြစ်သွားရသည်။ နှင်းမြ၏နားထဲတွင်တော့ ထိုစကားများသည် နာကျည်းမုန်းတီးစရာခါးသက်
လွန်းလှ၏။သွားလေသူအဖေ့၏မျက်နှာသည်
နှင်းမြမျက်လုံးအိမ်ဝယ် ပုံရိပ်ထင်လာသည်။
သူ့နှမတွေကို သိပ်ချစ်၊သိပ်အားကိုးတဲ့အဖေ။
နှင်းမြကို လောကအလယ်တစ်ကောင်ကြွက်၊တစ်မျက်နှာနှင့်ထားရစ်ခဲ့သောအဖေ ။ဧည့်ခန်းထဲမှ ငိုသံတွေလှိုင်လှိုင်ထွက်လာလေလေ အဖေ့ကိုနှင်းမြသတိရလေလေဖြစ်တော့၏။
(၂)
နှင်းမြအမေသည် နှင်းမြကိုမွေးပြီးသည်အချိန်မှ
စ၍ ရောဂါတရှောင်ရှောင်နှင့် မမာမကျန်းဖြစ်တော့သည်။ အဖေ၏ ကြုံရာကျပမ်းလုပ်ခဝင်
ငွေဖြင့် အမေ့ကိုဆေးကုရင်း မိသားစုဘဝကို
ခက်ခဲစွာရှင်သန်ခဲ့ရသည်။ နှင်းမြ ၇တန်းအရောက်တွင်အမေသည် နှင်းမြတို့သားအဖနှစ်ယောက်ကို စွန့်ခွာ၍ တမလွန်သို့ကူးပြောင်းသွားခဲ့သည်။ အပြင်အလုပ်တစ်ဖက် သမီးကျောင်ကိစ္စအတွက်တစ်ဖက်နှင့် မအားမလပ်ရအောင်
ပင်ပန်းလွန်းလှသည့်အဖေ့ကို သနားသဖြင့်
အဖေအတန်တန်တားမြစ်သည့်ကြားမှ နှင်းမြ
ကျောင်းထွက်လိုက်သည်။
ငယ်ငယ်က နှမနှစ်ယောက်အတွက် ပင်ပန်းဆင်းရဲစွာရုန်းကန်လှုပ်ရှားခဲ့ရသော ဒဏ်ရာ
ဒဏ်ချက်များကြောင့်အဖေသည် အသက်၆၀ ကျော်သည်နှင့် ရောဂါဝေဒနါ၏တန်ပြန်နှိပ်စက်
မှု့ကိုအလူးအလဲခံရသည်။ သူသေရင် သူ့သမီး
လောကမှာ တစ်ကောင်ကြွက်တစ်မျက်နှာဖြင့်
ကျန်ခဲ့မှာစိုးသည်ဆိုသည့် အဖေရဲ့စကားကို
နားထောင်ရင်း နှင်းမြအသက် ၂၀ တွင်
အဖေသဘောတူသည့်တစ်ရပ်ကွက်ထဲနေ ကိုမြအေးနှင့် လက်ထပ်ခဲ့သည်။
ကိုမြအေး၏ ပန်းရံခေါင်းဆောင်အလုပ်ကလေး
ကလည်းမဆိုးလှပါ။ အဖေ့ကိုဆေးကုရင်း ထမင်းနပ်မှန်အောင်တော့စားနိုင်ခဲ့သည်။ နှင်းမြလည်း အပိုဝင်ငွေလေးရအောင် လမ်းထိပ်မှာမုန့်ဟင်းခါးဆိုင်လေးဖွင့်ခဲ့သည်။
လကြာလာသည်နှင့်အမျှအဖေ့ရောဂါက ပိုမိုဆိုး
ဝါးလာသည်။ ဆေးခန်းတစ်ခါပြ၊ဆေးတစ်ခါထုတ်ဖို့ဆိုလျှင် ငွေကုန်လွန်းသဖြင့် ဆေးခန်းဆိုသည့်အသံက နှင်းမြတို့လို လက်လုပ်လက်စားဘဝတွေအတွက် ကြောက်စရာအကောင်းဆုံးနေရာတစ်ခုဟုပင်ဆိုချင်တော့သည်။
( ၃ )
” သမီးရဲ့ ဒေါ်ဒေါ်တို့ဆီမှာသွားပြီး အကူအညီ
တောင်းကြည့်ပါလား။ သမီးအဒေါ်တို့က
အဖေ့ကို သိပ်ချစ်တာပါကွယ်။ အဖေ့အတွက်
ဆိုရင် နေစိမ့်ကြမှာမဟုတ်ပါဘူး… ”
သူ့ဆေးဖိုးအတွက်၊ မိသားစုစားဖို့အတွက် ရုန်းကန်နေရသော နှင်းမြတို့လင်မယားကိုအဖေကသနားသဖြင့် ပြည့်စုံကြွယ်ဝကြသော
သူ့ညီမတွေဆီသွားပြီးအကူအညီတောင်းရန်
စေခိုင်းသောကြောင့် နှင်းမြမသွားချင်ပဲ အဒေါ်
တွေအိမ်ကိုရောက်ခဲ့ရသည်။
” ဒီမယ် နှင်းမြ… ဒေါ်ဒေါ်တို့ရဲ့ အရောင်းအဝယ်
လုပ်ငန်းတွေကလည်း သိပ်ကောင်းတာမဟုတ်ဘူး။ နင်တို့ကလည်း တစ်ခါမှပြေလည်တယ်ကို
မရှိဘူး။ အမြဲငွေလိုနေတယ်။ မောင်နှမဆိုပေမဲ့
တို့မှာလည်း သားသမီးကျောင်းစာရိတ်အတွက်
ငွေကုန်ကြေးကျများနေတယ်။အိမ်က ဒေါ်ဒေါ့်ယောက်ကျားဆိုရင် မေးနေပြီနှင်းမြ။ ငါရှာတာ
နင့်မိသားစုအတွက်မဟုတ်ဘူးလို့ ”
” စားဝတ်နေရေးအတွက်ဆိုရင် နှင်းမြတို့လင်မယားရဲ့ဝင်ငွေနဲ့တင် အဆင်ပြေပါတယ်
ဒေါ်ဒေါ် ။ခုဟာက အဖေ့ကို ဆေးခန်းပြချင်လို့ပါ။
ရှိတဲ့ငွေလေးတွေကလည်း အရင်ဆေးပြဆေးထုတ်ရတာနဲ့တင်ကုန်သွားပြီ။ဒီရက်ပိုင်းအဖေ့ကိုကြည့်ရတာ သိပ်အားမရလို့၊ နေ့တိုင်းမောမောနေတယ်။ ဒေါ်ဒေါ့်ဆီမှာငွေလာပြီးရှာတယ်ဆိုတာလည်း နှင်းမြရဲ့ နားကပ်လေးကိုအပေါင်ထားပြီး ချေးထားပါဒေါ်ဒေါ်ရယ်”
နှင်းမြသည် ပြောနေရင်းက မျက်ရည်များပင်
စို့လာသည်။ရင်တွင်းမှဖြစ်ပေါ်လာသောအားငယ်စိတ်ကိုကျိတ်ကာမျိုသိပ်လိုက်ရ၏။သူ့နှမနှစ်ယောက်ကိုအလွန်ချစ်ကြောင်း၊ညီမတွေလူလား
မမြောက်သေးခင် မိဘများဆုံးပါးကွယ်လွန်သွား
သဖြင့် အစ်ကိုကြီးအဖအရာမှာနေပြီး ညီမတွေပညာရေးအတွက်ကြုံရာကျပမ်းအလုပ်မျိုးစုံလုပ်ခဲ့ရကြောင်း၊ ညီမတွေအိမ်ထောင်ကျပြီးကာမှ
သူအိမ်ထောင်ပြုခဲ့၍ သားသမီးဆိုလို့ နှင်းမြတစ်
ယောက်သာရခဲ့ပုံစသဖြင့် အဖေပြောပြခဲ့သည့် အကြောင်းများကို အဒေါ်ဖြစ်သူဒေါ်ခင်သက်မာကိုကြည့်ရင်း သတိရလာသည်။
အဖေ့ကင်ဆာရောဂါသည် ပိုမိုဆိုးရွားလာသဖြင့်
အိမ်နှင့်ခြံကို အပေါင်ထားပြီး အဖေ့ကိုဆေးရုံ
တင်လိုက်ရသည်။ အဖေ့သတင်းကို အဒေါ်နှစ်ယောက်ဆီကိုလည်း အသိပေးသည်။ ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဒေါ်ဖြစ်သူ
ဒေါ်ခင်သက်မာ ဆေးရုံသို့ရောက်ရှိလာသည်။
” အစ်ကိုကြီး နေကောင်းရင် ညီမတို့အိမ်လိုက်နေပါလား။ အိမ်မှာက လူနည်းစုပဲရှိတာလေ။ အစ်ကိုကြီးအတွက်တစ်ခန်းစီစဥ်ပေးထားမယ်။
ပြောမည့်သာပြောရတာ အစ်ကိုကြီးက သမီးကိုအရမ်းခင်တွယ်တာ လိုက်မှာမဟုတ်ပါဘူးလေ။
ရော့အစ်ကိုကြီး စားချင်တာစားဖို့ ”
အစ်ကိုဖြစ်သူ ခံစားနေရသည့်ရောဂါအကြောင်း
၊ ဆေးကုသစာရိတ်ဘယ်လိုတွေစီစဥ်ထားသလဲ
ဆိုသည့်အကြောင်းများကို မမေးပါပဲ သူပြောချင်
ရာပြောပြီး ပိုက်ဆံတစ်ထောင်တန်အုပ်ထဲက
(၁၀ )ရွက်ကိုထုပ်ပြီး အဖေ့ရှေ့ချကာ ထိုင်ကန်တော့နေသည့် ဒေါ်ခင်သက်မာကိုကြည့်ရင်း
နှင်းမြရင်ထဲက အဖေရယ် ဒီငွေ (၁၀၀၀၀) ကိုပြန်
ပေးလိုက်ပါဟူ၍ အကြိမ်ကြိမ်ပြောနေမိသည်။
အဖေကတော့ သူ့ညီမသူဋ္ဌေးမကြီးကိုကြည့်ရင်း
ပြုံးနေ၏။ အဖေ့စိတ်ဆန္ဒကား ဘယ်သို့ဘယ်ပုံ
ရှိမှန်း နှင်းမြမခန့်မှန်းတတ်ပါ။
နောက်တစ်နေ့တွင် စတိုးဆိုင်ပိုင်ရှင် အဒေါ်အငယ်ဖြစ်သူ ဒေါ်ခင်ဆွေမြင့်ရောက်လာသည်။
လက်ထဲက အထုပ်တွေကိုချရင်း ….
” ဒီမှာအစ်ကိုကြီးအတွက် သစ်သီးတွေဝယ်လာတယ်။ ဒီစပျစ်သီးလေးက အရမ်းလတ်ဆပ်တယ်
အကိုကြီးရဲ့ ။ ဟောဒီ့ကိတ်မုန့်ကလည်း မုန့်တိုက်ကအသိတစ်ယောက်ကို သေသေခြာခြာပြောပြီး
နို့များများနဲ့လုပ်ခိုင်းထားတာ။စားကြည့်ပါဦး
အစ်ကိုကြီး ”
အဖေမောနေသဖြင့် သူ့နှမအငယ်ကိုကြည့်ရင်း
လက်ကာပြပြီး မိန်းနေသည်။ အဒေါ်အငယ်က
နာရီတစ်ကြည့်ကြည့်ဖြင့် အပြင်ကိုစိတ်ရောက်နေပုံရပါသည်။
” နှင်းမြရေ… ဒေါ်လေးပြန်လိုက်ဦးမယ်။ ဆေးရုံ
အဝင်ဝမှာ ဒေါ်လေးယောက်ကျားစောင့်နေတယ်။
ဘဏ်ကိုဝင်စရာရှိသေးလို့ ”
အစကတည်းက အဒေါ်နှစ်ယောက်ဆီ အဖေ့သတင်းကို မိသားစုတာဝန်ကျေပွန်စေရန်အသိ
ပေးရခြင်းဖြစ်သည်။ သူတို့ဆီက ကူညီစောင့်ရှောက်မှုမရနိုင်မှန်း နှင်းမြသိပြီးသားဖြစ်၏။
အကောင်းစားလက်ဆွဲအိတ်ကြီးကို ဆွဲပြီးစတိုင်
ကျကျ ဆေးရုံခန်းထဲမှ ထွက်ခွာသွားသော သူဋ္ဌေး
မအဒေါ်အငယ်ထက် မိုးမလင်းခင် ချက်ပြုတ်စီမံပြီးခလေးကျောင်းပို့၊ဆေးရုံကိုလိုက်လာပြီးထမင်းချိုင့်လာပို့မည့် ခင်ပွန်းသည်ကိုမြအေး၏
မြင်ကွင်းကိုသာ နှင်းမြမျှော်နေမိပါသည်။
(၄)
“တို့က ဆွေနဲ့မျိုးနဲ့ဟေ့… အစ်ကိုကြီးမှာ ညီမတွေ
ရှိတယ်ဆိုတာလူတိုင်းသိတယ်၊ညည်းတို့သဘော
နဲ့ ညည်းတို့မလုပ်ကြနဲ့ ၊တို့ခွေးအဖြစ်မခံနိုင်ဘူး၊
အစ်ကိုကြီးရဲ့ စျာပနလှစေရမယ်၊ တို့ညီအစ်မတွေကို သူများလက်ညိုးထိုးတာမခံနိုင်ဘူး ”
ဆေးရုံတွင် အဖေဆုံးသည့်အခါ ကိုမြအေးသည်
ဝတ္တရားအတိုင်း အဒေါ်တို့ထံ အကြောင်းကြားခဲ့
သည်။
” အစ်ကိုကြီးရဲ့ စျာပနကို ငါ့အိမ်မှာပဲစီစဥ်မယ်။
ညည်းတို့အိမ်က ကျဥ်းတယ်၊မတင့်တယ်ဘူး။
တို့က မိတ်ဆွေအပေါင်းအသင်းများတယ် ”
နှင်းမြ အားလုံးကို လက်မြှောက်အရှုံးပေးလိုက်သည်။အဒေါ်အငယ်၏ ဆန္ဒအတိုင်း ကြိုက်သလို
စီစဥ်စေခဲ့သည်။ နှင်းမြတို့လင်မယားနှစ်ယောက်လည်း မီးဖိုချောင်အလုပ်ကိုသာ ဝင်ခဲ့ရသည်။
အဖေနေမကောင်းစဥ်က နှင်းမြပြုစုခဲ့ရသဖြင့် အိပ်ရေးပျက်ခဲ့ရသောကြောင့် မျက်ကွင်းလေးများညိုကာနားထင်လေးများချိုင့်နေ၏။
” နောက်ဖေး မီးဖိုချောင်ထဲက ပန်းကန်ဆေးနေတာသူ့သမီးလေ…”
” ဟုတ်တယ်နော်… ရုပ်ကိုကြည့်ပါလား အဖေတစ်ယောက်လုံးသေတာ မျက်ရည်တစ်ပေါက်မှမကျဘူး။ ဘယ်ကျမလည်း နာတာရှည်ကြီးကိုပြုစုရတာ ဝဋ်ကျွတ်သွားပြီဆိုပြီး ဝမ်းသာနေတာလေ”
ဧည့်ခန်းထဲမှ ပျံ့လွှင့်လာသော စကားသံများကြောင့် နှင်းမြနှုတ်ခမ်းကို အပေါ်သွားဖြင့် ခပ်ဖိဖိလေးကိုက်လိုက်မိသည်။ အပေါ်ယံ ပကာသန
ဟန်ဆောင်မှုများနှင့် လွှမ်းမိုးထားသောဤအသိုင်းအဝိုင်းကို နှင်းမြရွံမုန်းလာမိသည်။ နှင်းမြ
ရင်ထဲက အပူမီးကို သူတို့မမြင်ကြပေ။
အသုဘချသည့်အခါ အဒေါ်နှစ်ယောက်၏အော်
ဟစ်ငိုကြွေးသံကို ခရီးလမ်းတလျှောက်လုံးကြားနေရ၏။အဖေ့အလောင်းကို သဂြိုလ်စက်ထဲ
ထည့်လိုက်သောအခါ အဒေါ်နှစ်ယောက်လူးလိမ့်
ငိုယိုကြသည်။ ခေတ်မီကားလှလှပေါ်မှအမျိုးသ မီး တစ်သိုက်က ယပ်ခပ်ပေးကြ၊ဖြောင်းဖျပြောဆိုနေကြသည်။
” နှင်းမြ …. ငိုလိုက်လေ…ငိုလိုက်”
ကိုမြအေးသည် ဇနီးဖြစ်သူသတိကင်းကာ ငိုရန်
မေ့နေသည်အထင်ဖြင့် ပုခုံးလှုပ်ကာ အသိပေး၏။ သူစိမ်းတွေနဲ့အတူစီးလာခဲ့သော
ကားပေါ်မှပင် နှင်းမြမဆင်းတော့။ ကိုမြအေးကို
မျက်လုံးပင့်ကြည့်ပြီး မချိပြုံးပြုံးရင်း သက်ပြင်း
တစ်ချက်ကို ခပ်လေးလေးချလိုက်မိ၏။
“ကိုမြအေး ”
“ဘာလည်း နှင်းမြ”
ခင်ပွန်းဖြစ်သူအား ဘာမှဆက်မပြောပဲ ကားပေါ်မှဆင်းလိုက်သည်။ကိုမြအေးလည်း နှင်းမြနောက်က ဆင်းလိုက်လာသည်။အဖေ့နာမည်ထိုးထားသောယပ်တောင်လေးဖြင့် မျက်နှာကို လာဟပ်သောနေပူကို ကာလိုက်၏။ အဖေ့အရိပ်သည် ယခုထိအေးမြနေဆဲဖြစ်ကြောင်း နှင်းမြနားလည်မိသည်။
” နှင်းမြ ငိုစရာမလိုတော့ဘူးကိုမြအေး။ ခုချိန်မှာ
အော်ဟစ်ငိုနေလည်း အဖေသိနိုင်တော့မှာမဟုတ်ဘူး။ လွမ်းချင်တဲ့သူတွေ၊ငိုချင်တဲ့သူတွေ
ငိုကြပါစေ၊ နှင်းမြအဖို့ လူမြင်ကောင်းအောင်
ဟန်မဆောင်ချင်ပါဘူး။ အဖေမသေခင် အဖေနဲ့
အတူ ရုန်းကန်ရင်း မိသားစုအတွက်ပူဆွေးခဲ့ရတာ တခြားသူတွေမသိပေမဲ့ နှင်းမြကိုယ် နှင်းမြ
သိပါတယ်။ အတ္တသမားတွေကျင်လည်တဲ့ ဒီ
အယောင်ဆောင်အသိုင်းအဝိုင်းကို နှင်းမြရွံလာပြီ။ ဒီနေရာကပဲ ကိုယ့်အိမ်ပြန်ကြစို့ ကိုမြအေး ”
စို့ထွက်လာသော မျက်ရည်စများကို မျက်တောင်
တစ်ချက်နှစ်ချက်ဖြင့်ပုတ်ထုတ်ရင်း နှင်းမြပြော
လိုက်သည့် စကားများကို တမလွန်မှအဖေကြားပါလျှင် ခွင့်လွှတ်ပါစေလို့သာ ဆုတောင်းလျှက်
…..။
ပြီး
ခင်ဇော် (သီတာကုန်းပြင်)