အနိမ့်ခံဘ၀များ(စ/ဆုံး)
———————
လူအတော်အတန်စည်လှတဲ့ ရပ်ကွက်ထိပ်က စျေးထဲမှာ အနဲငယ်ဟောင်းနေပြီဖြစ်တဲ့ တစ်ထောင်တန်သုံးရွက်ကိုကိုင်ကာ ရပ်နေသူကတော့ အေးလှပဲဖြစ်လေသည်။နာမည်ကသာအေးလှ ဘ၀ကတော့အေးလဲမအေးနိုင်သလို လှလဲမလှနိုင်ရှာပေ။
ဗူးလေးရာ ဖရုံဆင့်ဆိုသလို အရွယ်ရောက်ပြီဆိုမှဖြင့် သူမတို့ရပ်ကွက်မှာဆိုက်ကားနင်းနေတဲ့ ကိုအောင်တင်နဲ့ နှုတ်ခမ်းပဲ့ချင်းမီးမှုတ်ပြီး ဘ၀ကိုကိုယ်ထူကိုယ်ထနဲ့တစ်အိုးတစ်အိမ်ထူခဲ့ကြတော့သည်။မထူလို့ကလဲ
မဖြစ် သူမတို့လိုဆင်းရဲနုံချာလှတဲ့ ဘဝတွေမှာ အားကိုးစရာလင်သားမရှိပါလျင် ထိကပါးရိကပါးနဲ့ ကျောရရုံကြံချင်သူတွေက ပေါလေသည်။
ရပ်ကွက်မြေသည် နှစ်ခြမ်းကွဲနေပြီး ဟိုဘက်တရား၀င်ရပ်ကွက်ကတော့ လူချမ်းသာတွေနေကြသည်မို့ တိုက်တွေနဲ့ပြည့်နေကာ အေးလှတို့တွေအတွက်ကတော့ ငေးကြည့်ရုံသာ။သူတို့နေတဲ့ဘက်ကတော့တရားမ၀င် တစ်နည်းဆိုသော် ကျူးရပ်ကွက်ဆိုလေတော့ မရှိသူတွေနဲ့ မလှသူတွေသာစုနေကြတာမို့ ဘ၀အခြေသည် မြင့်ဖို့ရာလမ်းစမရှိပါချေ။
ကိုအောင်တင်နဲ့ရခါစက ၀မ်းစာရေးအတွက် လှုပ်ရှားရုန်းကန်ရသည်က မဆိုးလှ။
သူက ဟင်းစိမ်းတွေကိုတစ်ဆင့်ယူရောင်းသလို ကိုအောင်တင်ကလဲဆိုက်ကားပုံမှန်နင်းရတာကြောင့် မလွယ်တဲ့ဘဝတွေထဲမှာတော့ ထမင်းနပ်မှန်ခဲ့သည်ပင်။ဒီကြားထဲ ရေစက်ကြမ္မာပါလာတာကြောင့် သမီးလေးတစ်ယောက် သူမတို့ရဲ့ဘဝြကမ်းထဲရောက်လာခဲ့လေသည်။
သမီးလေးကိုမွေးပြီးဘာမှမကြာလိုက် ကိုဗစ် ကပ်ရောဂါဆိုးကြီးကကျရောက်လာတော့သည်။အိမ်ထဲကအိမ်ပြင်မထွက်ရဆိုသည့် ကျန်းမာရေးအတွက်ထုတ်တဲ့အမိန့်
စာရဲ့နောက်ကွယ်မှာ သူတို့ဘဝတွေဟာ မျက်လှည့်ပြခံနေရသလိုပင်။တစ်ရက်လုပ်မှ တစ်နပ်စားကြရတဲ့ သူတို့အတွက် သမုဒ္ဒရာ ၀မ်းတစ်ထွာသည် ထင်တာထက်ကိုပိုနက်ခဲ့လေသည်။
ဆိုက်ကားသမားတွေလဲ အလုပ်မဖြစ်တော့ အုံနာဆီပြန်အပ်ပြီး အောင်တင်အိမ်ပြန်လာခဲ့သည်။ခုခေတ်ကာလကြီးထဲ အစစအရာရာစျေးကြီးနေတာကြောင့် ဆန်မရှိအစားကြီးဖြစ်နေတော့သည်။အလုပ်အကိုင်ကလဲ ခုရက်ထဲမှကြပ်တည်းနေလို့ သုံးစရာပြတ်နေပြန်သည်။
“ကိုအောင်ရေ ဆန်မရှိတော့ဘူးတော်
ဘယ်လိုလုပ်ကြမလဲ”
“ဘယ်လိုလုပ်ကြမလဲ အေးလှရေ သမီးလေးအတွက် ချန်ထားတဲ့ နို့မှုန့်ဖိုးကိုသုံးကြရုံပ”
“အင်းလေ ဘယ်တတ်နိုင်ပါ့မလဲ ဆန်နဲ့ဟင်းရွက်တော့ ရတန်ကောင်းပါရဲ့”
ပိုက်ဆံသုံးထောင်ကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း ငိုင်နေသည်က အတော်ကြာသွားသည်ထင်။ငါးစိမ်းတန်းဘက်က စျေးခေါ်သံတွေကြားမှပဲ သတိ၀င်လာတော့သည်။
ပထမဆုံးဆန်ဆိုင်ဘက်ကိုခြေလှမ်းလိုက်ပြီးစျေးအပေါဆုံးဆန်ကိုမေး၀ယ်ရပေမည်။ဆန်ဆိုင်ရှေ့ကိုသူရောက်သွားတော့ မျက်နှာကြောတင်းနေတဲ့ ဆိုင်ရှင်အန်တီကြီးကိုမြင်ပြီး စကားလုံးတွေကလည်ချောင်းမှာတစ်ဆို့သွားတော့သည်။
“ဟဲ့ ဘာယူမှာလဲ ဆိုင်ရှေ့လာငိုင်မနေနဲ့”
“ဟုတ် စျေးအနဲဆုံးထဲက ဆန်တစ်ပြည်လောက်ပေးပါ”
“စျေးအနဲဆုံးက ဆန်အကြေပဲရမယ် တစ်ပြည်
၁၃၀၀ယူမှာလား”
“ဟုတ် ယူမှာပါ ”
ဆန်အကျိုးပဲဖြစ်ဖြစ်အကြေပဲဖြစ်ဖြစ် ခုချိန်မှာထမင်းဖြစ်ဖို့အရေးကြီးလေသည်။ကျန်တဲ့ပိုက်ဆံ၁၇၀၀ကိုဆီနဲ့အသီးအရွက်၀ယ်ပြီးအိမ်ပြန်လာခဲ့တော့သည်။မိုးကအသဲအသန်မရွာသေးလို့သာ အိမ်ကလုံနေသေးတာဖြစ်သည်။ရှေ့ကိုမိုးရာသီရောက်လာပြီမို့ တွေးမိတိုင်းရင်ထဲပူလွန်းလှသည်။
“အေးလှရေ ငါအလုပ်ထွက်ရှာပါအုန်းမယ်ဟာ”
“ဟုတ်ပြီ ကိုအောင်ရေ ဂရုစိုက်သွားအုန်း”
မက်စ်အဟောင်းလေးကိုတပ်ပြီး သူတို့အိမ်ကနေမြင်နေရတဲ့ ဟိုဘက်ရပ်ကွက်က တိုက်အိမ်ကြီးဆီကိုထွက်လာခဲ့တော့သည်။
“ဗျို့ အိမ်ရှင်တို့ အိမ်ရှင်တို့”
“ဘယ်သူလဲကွ ခြံရှေ့မှာ”
“ဟုတ်ကဲ့ အစ်ကိုကြီးရေ ခိုင်းစရာအလုပ်လေးရှိရင် ခိုင်းပါဗျာ ကြည့်ပေးရင်ရပါတယ်”
“အေး အတော်ပဲ ငါ့အိမ်နောက်ကရေမြောင်းဖော်ပေးစမ်းကွာ”
“ဟုတ်ကဲ့ပါဗျာ ကျနော်လုပ်ပေးပါ့မယ်”
မိုးရာသီရောက်လာပြီမို့ အိမ်တွေမှာရေကြီးရေလျှံမဖြစ်အောင် မြောင်းဖော်ကြတာမို့ အောင်တင်တို့အလုပ်လေးလုပ်နေကြရသည်။စိတ်ကောင်းရှိတဲ့အိမ်ရှင်နဲ့တွေ့ရင် အပြန်မုန့်တွေထမင်းတွေပေးလိုက်တာကြောင့်ကျေးဇူးတင်ရသည်ကအမောပင်။
ခုရက်ထဲ အလုပ်အကိုင်တွေက ပြန်ရှားလာပြန်တော့ အရင်ကလိုပဲ အခက်တွေ့လာကြပြန်သည်။ဒီကြားထဲ သမီးလေးကလဲ နေသိပ်မကောင်းပေ။အိမ်ခေါင်မိုးကလဲ မိုးဒဏ်ရေသံကိုကြာကြာမခံနိုင်တော့ဘဲ ရေတစွပ်စွပ်နဲ့ ယိုနေပြီဖြစ်သည်။မိုးကာအစုတ်လေးတွေနဲ့ တတ်နိုင်သလောက်ဖာထေးပြီး နေနေရလေသည်။
အလုပ်ရလိုရငြားထွက်ရှာပေမဲ့ ဘယ်မှာမှရှာမရတာကြောင့် စိတ်ညစ်ညစ်နဲ့ အောင်တင်အိမ်ပြန်လာတော့သည်။အိမ်ရောက်တော့ ငိုကြီးချက်မဖြစ်နေတဲ့ အေးလှကိုမြင်လိုက်ရတာကြောင့် စိတ်ပူသွားရလေသည်။
“အေးလှ အေးလှဘာဖြစ်တာလဲ”
“အဟင့် လုပ်ပါအုန်း ကိုအောင် သမီးလေးအခြေအနေပိုဆိုးလာပြီ ဟင့်”
သူလက်နဲ့စမ်းကြည့်တော့ ခြစ်ခြစ်တောက်အောင်ပူနေလေသည်။ဆေးရုံဆေးခန်းသွားဖို့ရာကလဲ ငွေကမှုးရင်တောင် ရှုစရာမရှိတာမို့ သက်ပြင်းရှည်ကြီးကိုချရင်း ခမောက်ဆွဲကာ အပြင်ထွက်လာခဲ့သည်။
မိုးထဲရေထဲ ရပ်ကွက်ထဲကအိမ်ပေါက်စေ့ အလုပ်လုပ်ဖို့ လိုက်မေးပေမဲ့ ဘယ်အိမ်ကမှတံခါးမဖွင့်ပေးကြချေ။ရပ်ကွက်အစွန်နားက ခြံရှေ့ရောက်တော့ အရဲစွန့်ပြီးခေါ်ကြည့်လိုက်လေသည်။
“ဗျို့ အိမ်ရှင်တို့ ”
“ဟေ့ ဘယ်သူလဲ ဘာကိစ္စလဲ”
“ပိုက်ဆံလိုနေလို့ အလုပ်လေးရှိရင် ခိုင်းပါလားဗျာ”
“အေး အတော်ပဲ ဒီပန်းအိုးတွေအကုန် ဟိုအရိပ်ထဲရွှေ့ပေး မကွဲစေနဲ့နော် အားလုံးပြီးရင် ၁၀၀၀၀ပေးမယ်”
“ဟုတ်ကဲ့ပါဗျာ သေချာလုပ်ပါ့မယ်”
မိုးထဲရေထဲ ပန်းအိုးတွေမကွဲမရှအောင်သူဂရုစိုက်ပြီး သယ်နေရသည်။တစ်ချက်တစ်ချက်ကြားလိုက်ရတဲ့ အိမ်ထဲက ထမင်းစားဖို့အော်သံတွေက သူ့ကိုလှောင်ပြောင်နေသလိုပင်။မိုးကလဲ သဲသထက်သဲလာသလို လူကလဲ ဆာလွန်းတာကြောင့် တုန်ချင်လာတော့သည်။
“ဝုန်း ခွမ်း”
“ဟင် ငါ့အပင်တော့ကုန်ပါပြီ နင်ဘယ်လိုလုပ်လိုက်တာလဲ ဟမ်”
“မတော်လို့ပါဗျာ တောင်းပန်ပါတယ်”
“ဟဲ့ ဒီပန်းအိုးတန်ဖိုးက နင့်ထက်အဖိုးတန်တယ် သိရဲ့လား ရော့ ၅၀၀၀ယူပြီး ခြံထဲကထွက်သွားတော့”
“ဟာ မလုပ်ပါနဲ့ဗျာ ၁၀၀၀၀ပေးမယ်ဆို မလုပ်ပါနဲ့ဗျာ”
“ပန်းအိုးဖိုးအစားမလျော်ခိုင်းတာပဲ ကျေးဇူးတင် ခုချက်ချင်းထွက်သွားစမ်း”
“ဟုတ် ဟုတ်ကဲ့ပါဗျာ”
ရလာတဲ့ပိုက်ဆံငါးထောင်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ရပ်ကွက်ထိပ်ကဆေးခန်းကို၀င်လာခဲ့သည်။
“ဆရာ ကလေးအရမ်းဖျား”
သူ့စကားပင်မဆုံးလိုက်ချေ။ဆရာ၀န်ကကြိုသိနေသည့်အလား ဆေးစပ်ဖို့ပြင်နေချေပြီ။
“ဒီချိန်က တုပ်ကွေးရာသီမို့ ကျုပ်ဆေးစပ်ပေးလိုက်ပါ့မယ်”
“ဟုတ်ကဲ့ ဆရာ”
“နေပါအုန်း ခဗျားကြည့်ရတာ စိုရွှဲလို့ပါလား ဖျားရင်ကုရခက်မယ်နော်”
“ရပါတယ် ဆရာ ဆေးသာစပ်ပေးပါ”
“ရော့ ဒီမှာ သုံးခွက်စာ ၃၅၀၀ကျတယ်”
“ဟုတ် ဒီမှာပါ ဆရာ”
ဆေးဖိုးအတွက်ပါလာတဲ့ပိုက်ဆံငါးထောင်ကိုပေးပြီး ပြန်အမ်းငွေကိုယူကာဆရာ၀န်ပေးလိုက်တဲ့ ဆေးထုပ်ကိုယူပြီး အိမ်ပြန်လာခဲ့တော့သည်။
“အေးလှရေ အေးလှ ဒီမှာသမီးဖို့ဆေး”
“ဟင် ကိုအောင် အင်္ကျီလှဲချေအုန်း သမီး
လေးကသက်သာနေပြီ”
“ဟင် ဘယ်လိုများ”
“ကဲပြီးရင်ပြောပြမယ် အ၀တ်လှဲပါအုန်း”
အ၀တ်လှဲပြီးတော့ အချမ်းပြေအောင် ရေနွေးပူပူကိုမှုတ်သောက်ရင်း အေးလှပြောတာကို နားထောင်နေလေသည်။
“ကိုအောင်ထွက်သွားပြီး သိပ်မကြာဘူး အလှူရှင်တွေရပ်ကွက်ထဲရောက်လာတယ် တစ်အိမ်ကို ဆန်ငါးပြည် ဆီတစ်ဗူး ကြက်ဥတစ်ကတ်နဲ့ ပိုက်ဆံ၁၅၀၀၀စီ လှူသွားတယ် ကိုအောင် နောက်ပြီး သမီးလေးနေမကောင်းတာ သိသွားလို့ သူတို့ပဲဆေးခန်းသွားပြပေးတယ် ခုဆိုအတော်သက်သာသွားပြီ”
“ငါတို့ကို သူတော်ကောင်းတွေ ကယ်သွားတာပဲ အေးလှရေ”
“ဟုတ်တယ် ကိုအောင်ရေ ကဲခုတော့ ထမင်းစားရအောင် ဆာနေရောပေါ့”
“အေးပါဟာ စားတာပေါ့”
ပျော့ပြောင်းနူးညံ့တဲ့ထမင်းပူပူကို ကြက်ဥကြော် ချဉ်ဟင်းရည် ငပိဖုတ်နဲ့စားနေရင်း အလှူရှင်အပေါင်းတို့ကို အောင်တင်သာဓုခေါ်နေမိတော့သည်။သူတို့လို အနိမ့်ခံဘ၀သမားတွေကြားထဲ ယခုလိုသူတော်ကောင်းတွေ ခဏသာရောက်လာခြင်းဟာ သူတို့အတွက်တော့ဘ၀
တစ်ခုစာမျှတန်ဖိုးရှိနေပါတော့သည်။
မိုးငွေ့ (ဗန်းမော်)
ကိုဗစ်တုန်းက ဘဝတွေကို
ခံစားရေးဖွဲ့သည်။လိုအပ်တာတွေအတွက်ဆက်လက်ကြိုးစားသွားပါမည်။ကျေးဇူးတင်ပါတယ်။