အဖွား နှင့် အဖိုး

Posted on

“အဖွား နှင့် အဖိုး “(စ/ဆုံး)
———————-
‘တောက်..တောက်..တောက်..တောက်..တောက်… ‘
သဲသဲ တို့ရပ်ကွက်လေးမှာနေ့စဥ်မနက် ၇နာရီလောက်ဆို အဖွားရဲ့တောက်ခေါက်ခွေးခေါ်သံကိုကြားကြရတယ်။
အဖွားဟာလမ်းဘေးခွေးသားအမိတတွေကို ပလက်ဖောင်းဘေးမှာ မနက် ညနေပုံမှန်ကျွေးလေ့ရှိတယ်၊ခွေးသားအမိလေးကောင်ပြည့်စုံအောင်စိတ်ရှည်လက်ရှည်ခေါ်ရင်း စောင့်ပြီးကျွေးတတ်တယ်။
ဗိုက်ဆာနေတဲ့ခွေးလေးတွေက ခုန်ဆွ ခုန်ဆွပတတ်ရပ်ပြီး အဖွားရဲ့စတီးပန်ကန်ပြားထဲကထမင်းကိုတောင်းကြတာ ချစ်စရာ၊အဖွားကပန်းကန်ပြားကိုဘယ်လက်နဲ့မြှောက်ကိုင်ထားပြီး ညာလက်ကထမင်းဟင်းနှံ့စပ်အောင်နယ်ရင်း ပြုံးရွှင်ရယ်မော။
‘နေကြပါအုံးဟယ်၊သေချာနယ်မှစားကောင်းတာ၊ဆာနေကြပြီလား’
အဖွားကထမင်းကိုလေးပုံခွဲပြီး ချကျွေးတယ်၊ခွေးတွေစားနေတာကြည့်ပြီးအဖွားကြည်နူးမဆုံး၊အဖွားတနေရာသွားရင်ခွေးလေးတွေကသူတို့နယ်နိမိတ်အဆုံးထိလိုက်ပို့ကြသလို အဖွားပြန်လာရင်လည်းဖက်လဲတကင်းကြိုဆိုကြတယ်၊တဦးမေတ္တာတဦးမှာပေါ့။
အဖွားရဲ့ခွေးနာမည်တွေကိုကြည့်ပါအုံး၊အဖွားလိုပဲ ရိုးရိုးလေး။
ခွေးအမေကြီးကညိုပြာပြာမို့ မိပြာ၊ထူးထူးခြားခြား နားရွက်တဖက်ချတဖက်ထောင် တကောင်တည်းပါလာတဲ့အထီးလေးကဖိုးထူး၊အငယ်မလေးနှစ်ကောင်က မိအေးနဲ့မိသေး။
အဖွားခွေးထမင်းကျွေးတာကဝတ်ကျေတန်းကျေမဟုတ်၊သူ့သားမြေးတွေကိုဂရုတစိုက်ချော့မော့ပြီးကျွေးနေသည့်အလား။
‘မိပြာကမစားဘဲဘာအူကြောင်ကြောင်လုပ်နေတာလဲ၊စားလေ၊ဖိုးထူးဝင်စားသွားလိမ့်မယ်’
‘ဖိုးထူးကကိုယ့်အပုံနဲ့ကိုယ်စား၊သူများဆီကမလုရဘူး’
‘ဘာလဲ ၊မိအေးကချဥ်ပေါင်မကြိုက်ဘူးလား၊ညနေမှအဖွားဟင်းကောင်းကောင်းကျွေးမယ်နော်’
‘မိသေးကထော့နင်းထော့နင်းနဲ့ခြေထောက်နာနေတာလား၊ဆိုင်ကယ်တိုက်သွားတာထင်တယ်၊ခလေးသနားပါတယ်ကွယ်၊ဒီဆိုင်ကယ်တွေကလဲ’
ခွေးလေးတွေက အဖွားနဲ့တအိမ်ကျော်အဖိုးအိမ်ရှေ့ကွက်လပ်မှာအနေများတယ်၊ဘာသာဘာဝဆော့ကစားကြ၊ကိုက်ကြခဲကြ၊တွေ့ရာတွေချီလာကြ။
ဒီလိုလာနေကြတာကို အဖိုးကမကြိုက်၊တန်ဖိုးကြီးနိုင်ငံခြားခွေမျိုးမဟုတ်တော့ အဖိုးကစက်ဆုတ်ရွံရှာလားမသိ၊ဒါပေမဲ့ ခြံ့ပြင်ဘက်ဖြစ်နေတော့ တခါကနှစ်ခါမောင်းမထုတ်နိုင်။
အဖွားကတော့ ခွေးသားအမိကိုသာမက သူ့ခြံဝင်းထဲရောက်လာတဲ့ကြောင်လေးတွေကိုလည်းကျွေးတတ်တယ်၊သူကျွေးတာကိုအငမ်းမရစားနေတာကြည့်ပြီးပီတိဖြစ်။
‘ကြည့်စမ်း အစာမဝဘူးထင်တယ်၊အရိုးငေါငေါနဲ့ အမွေးတွေတောင်အတော်ပါးနေပြီ၊ရော့ ရော့ ‘
အိမ်ရှေ့ပလက်ဖောင်းဘေးမှာခွေးစားလို့ကျန်တဲ့ထမင်းစေ့လေးတွေကိုရှာဖွေစားသောက်နေတဲ့ခိုလေးစာလေးတွေကိုလည်းအဖွားကသနားပြန်တယ်၊ဆာလောင်မွတ်သိပ်တဲ့ဝေဒနာကိုစာနာဟန်တူရဲ့။
ဆန်နို့ဆီဘူးတဝက်လောက်ပက်ကျဲပြီးကျွေး၊သူကျွေးတာကိုစားလားမစားလား ခပ်လှမ်းလှမ်းကစောင့်ကြည့်ပြီး လိုလိုချင်ချင်စားနေကြတာမြင်တော့ ဝမ်းမြောက်ဝမ်းသာ။
အဖွားရဲ့မေတ္တာပို့အမျှဝေသံကိုဘယ်သူမှမကြားပေမဲ့ အဖွားရဲ့မေတ္တာကရုဏာတွေက လူအချင်းချင်းမဆိုထားနဲ့၊နိမ့်ပါးတဲ့သတ္တဝါလေးတွေအပေါ်မှာတောင်သိသာပေါ်လွင်လျက်။
ဗြောစည်မတီး ဘုန်းကြီးမပင့် လူမဆင့်တဲ့အဖွားရဲ့ တန်ဖိုးနည်းအလှူကိုအထူးတလည်အသိအမှတ်ပြုသူ သာဓုခေါ်ဆိုသူမရှိပေမဲ့ အဖွားကတော့သူ့ပီတိနဲ့သူ၊ဒီလိုဒါနကောင်းမှုလုပ်ဖို့အရေး ဘယ်သူ့အကူအညီမှလည်းမလို။
ဒီသတ္တဝါလေးတွေကိုကျွေးမွေးတဲ့အတွက် အဖွားမှာအကျိုးတစုံတရာလက်ဆုပ်လက်ကိုင်ပြစရာမရှိပေမဲ့ပီတိကအရသာ။
〰〰〰〰〰〰〰〰〰
အဖွားဟာအသက်၇၈နှစ်ရှိပြီး အဖွားရဲ့သားကဘုန်းတော်ကြီးကျောင်းမှာပဥ္စင်းဝတ်နဲ့၊အဖွားကစိတ်ဓာတ်ခိုင်မာတော့ ကိုယ့်အားကိုယ်ကိုး လုပ်နိုင်ကိုင်နိုင်၊အဖွားရဲ့အိမ်ကတော့တထပ်သွပ်မိုး အနိမ့်လေး။
အဖွားရဲ့ခြံဝင်းထဲမှာအဖွား တနိုင်တပိုင်စိုက်ထားတဲ့အပင်တွေအတော်စုံတယ်၊နှစ်စဥ်ပြွတ်နေအောင်သီးတဲ့မန်ကျည်းပင်နဲ့ သရက်ပင်ရှိသလို ချဥ်ပေါင် ပင်စိမ်း ခရမ်း ရုံးပတီ မြင်းခွာ ပူစီနံဆိုတဲ့အပင်ငယ်လေးတွေလည်းရှိတယ်။
မန်ကျည်းရွက်နုချိန်ဆိုအဖွားကိုယ်တိုင် သစ်ပင်တက်ပြီး မန်ကျည်းရွက်နုခူးတယ်၊မန်ကျည်းရွက် မန်ကျည်းသီးအနု အရင့်အကုန်ခူးပြီးရောင်းတယ်။
သရက်ဆိုရင်လည်း အတို့အမြှုပ်လုပ်တဲ့သရက်ကင်းလေးတွေကစပြီး သရက်သီးမှည့်အထိရသလောက်ခူးရောင်းတာပေါ့။
ရင်းနှီးသူများကိုအဖွားပြောတာကတော့-
‘အဖွားကဆိုင်ခုံမရှိတော့ ခင်မာလာကြက်ဥဆိုင်ကသူ့ဆိုင်ရှေ့လမ်းဘေးမှာရောင်းခွင့်ပေးတယ်၊အိမ်ကရသလောက်လေးကို ပီနန်အိတ်​လေးခင်းပြီးရောင်းလိုက်တာပေါ့’ တဲ့။
ရာသီအလိုက်ခြံထွက်သီးနှံမျိုးစုံဟာ အဖွားရဲ့တဝမ်းတခါးအတွက်သာမကလှူဖို့တန်းဖို့လည်းပိုလျှံတယ်၊သစ်ပင်မတက်ဖို့တားသူများကိုအဖွား​ပြောပြတာကတော့-
‘သစ်ပင်ကအဖွားငယ်ထဲကတက်နေကျပါ၊ဘယ်လောက်မြင့်မြင့်မ​ကြောက်ဘူး၊တက်ရင်းနဲ့ရောက်သွားတာပဲ’
ဈေးမရောင်းဖို့ပြောသူများကိုလည်း အဖွားကဒီလိုရှင်းပြတယ်။
‘အဖွားဈေးရောင်းတာက ပိုက်ဆံရဖို့ချည်းမဟုတ်ဘူး၊လှူချင်လို့၊အိမ်မှာဆိုအလှူခံအမြဲမလာဘူး၊ဈေးကိုတော့ အလှူခံမျိုးစုံလာကြတယ်၊နေ့တိုင်းမပြတ်ဘူး၊တရာမျိုး နှစ်ရာမျိုးကိုယ်တတ်နိုင်သလောက်လှူပေးလိုက်တယ်၊နေ့စဥ်ပြုတဲ့အာစိဏ္ဏကံအလှူကိုစိတ်ထဲပေါ်တိုင်းကြည်နူးရတယ်’
အဖွားကအတန်းပညာမရှိ၊ဒါပေမဲ့ဘုရားကျောင်းကန်နဲ့နီးစပ်လို့ တရားသဘောတော့သိတယ်၊လူမချမ်းသာပေမဲ့ အဖွားမှာကျန်းမာရွှင်လန်း၊ဆေးရုံဆေးခန်းသွားရတယ်မရှိ၊ရတတ်သမျှလှူဖို့ပဲစဥ်းစားနေတဲ့အဖွား။
‘ဝါဆိုလပြည့်နေ့က တောရကျောင်းမှာ သူများတွေပဥ္စင်းတပါးကိုခုနစ်သောင်းလှူကြတယ်ဆိုတော့ အဖွားလဲတပါးစာလှူလိုက်တယ်၊စုထားတာလေးလှူဖြစ်သွားတာပေါ့၊ကိုယ့်သားကျောင်းကိုတော့ မရောက်နိုင်သေးဘူး’
အဖွားကသူ့ဘော်လီအိတ်ထောင်ရှည်ကိုပုတ်ပြပြီး-
‘ဒါလဲ ကိုယ့်ကျန်းမာရေးအတွက်နဲနဲချန်ပြီး ကျန်တာလှူဖို့ပဲလေ၊ကိုယ့်နောက်ပါမှာမှမဟုတ်တာနော’
〰〰〰〰〰〰〰〰
နံနက်တိုင်း လမ်းခွေးတွေကိုတတောက်တောက်ခေါ်ကျွေးတဲ့အဖွားရဲ့အသံထက်ပိုကျယ်တာကတော့ အဖွားနဲ့တအိမ်ကျော်ကအဖိုးရဲ့ဘုရားကန်တော့သံ၊ရှည်လျားတဲ့ဆုတောင်းမေတ္တာပို့အမျှဝေသံ။
အဖိုးတကြိမ်ဘုရားကန်တော့ရင် တနာရီခွဲထက်မနည်းကြာတယ်၊စိတ်ပါလက်ပါအသံဝါကြီးနဲ့၊ညလူ​ခြေတိတ်ချိန်ဆိုပိုကျယ်သလိုပဲ၊အနီးဝန်းကျင်​လေးငါး​ခြောက်အိမ်ကောင်းကောင်းကြားရတယ်။
အဖိုးနှစ်ခြိုက်အားရစွာရွတ်ဆိုလေ့ရှိတဲ့မေတ္တာပို့စာပိုဒ်ကတော့-
‘ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ…..’
‘ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ‘
အဖိုးရဲ့တိုက်ကနှစ်ထပ်၊အနီးအနားအိမ်တွေထက်ပိုမြင့်ပြီးထည်ထည်ဝါဝါ၊အဖိုးမှာသူ့မိသားစုနဲ့ပြည့်ပြည့်စုံစုံ မပူရမပင်ရ၊အသက်၈၀နီးဆိုတော့ သေမင်းနဲ့ဝေးအောင်သွေးတိုးကျဆေး အဆီဓာတ်ကျဆေး အာရုံကြောဆေးတွေအပြင် ကောင်းပေ့ဆိုတဲ့အားဆေးတတောင့်နေ့စဥ်သောက်။
များမကြာမီက မှော်ထဲမှာစီးပွားရှာတဲ့အဖိုးရဲ့သားကြီးကကျောက်အောင်တော့ မွေးရပ်မြေမှာအလှူကြီးလာပေးတယ်၊မြန်မာ့ဓလေ့အစဥ်အလာအတိုင်း မြို့တွင်းလမ်းမကြီးတလျှောက် ကားတွေရော လူတွေရောအတီးအမှုတ်အကအခုန်တွေနဲ့ စီတန်းလှည့်လည်ပြီးအတော်စည်စည်ကားကား ခြိမ့်ခြိမ့်သဲသဲပေါ့။
အလှူရှင်သူဌေးရဲ့ဖခင်ဖြစ်တဲ့အဖိုးလည်းဝတ်ကောင်းစားလှနဲ့သားပေးတဲ့ကျောက်စိမ်းလက်စွပ်ကြီးကိုဆင်​မြန်းပြီး ပရာဒိုကားကြီးရဲ့ရှေ့ခုံမှာ ခံ့ခံ့ညားညား၊အဖိုးရဲ့နောက်ခုံမှာတော့သားမြေးများရဲ့အချစ်တော်ခွေးစုတ်ဖွား။
အဖိုးချွေးမသူဌေးကတော်ကလည်း ကြီးမားတဲ့စိန်ဆံထိုး စိန်လက်စွပ် စိန်ဆွဲသီး စိန်တဆင်စာတဝင်းဝင်းတလက်လက်နဲ့၊သူမကတုတ်ခိုင်ထောင်မောင်းတော့ မြို့ပေါ်မှာ နာမည်အကြီးဆုံးမိတ်ကပ်ဆရာရဲ့အစွမ်းနဲ့’မကြီးစိုး’လိုလို။
ဆိုင်းအငြိမ့်နဲ့ဧည့်ခံတဲ့အပြင် ကြက်သားဒံပေါက်ကျွေးတဲ့သူဌေးအလှူဆိုတော့ ဘုန်းတော်​ကြီးကျောင်းမှာဧည့်ပရိသတ်တွေတရုံးရုံးနဲ့အတော်စည်တယ်ဆိုပဲ။
အလှူရှင်အဖိုးတို့လည်း ဂုဏ်သရေရှိပုဂ္ဂိုလ်များကို ‘စားပါအုံးဗျ၊ထည့်ပါအုံးဗျ’နဲ့လောကွတ်ပျူငှာကျွေးကြရှာ၊ဒါပေမဲ့ ဒီခေတ်ရဲ့စတိုင်လ်လားမသိ၊စားပြီးပြန်သွားကြတော့ တရားနာတဲ့ပရိသတ်ကတော့ သိပ်မများ။
ပရိသတ်တချို့ပြောသံကြားတာတော့ –
‘ကျောင်းအဝင်မုခ်ဦးဒီဇိုင်းမျိုးစုံကိုဘုန်းဘုန်းကပြတော့ အလှူရှင်ကသိန်းတရာတန်လှူဖို့ရွေးချယ်လိုက်တယ်၊ဘုန်းဘုန်းမျက်နှာမကြည်သာတော့ သိန်းသုံးရာတန်လှူမဲ့အကြောင်းအာမဘန္တေခံလိုက်မှ ဘုန်းဘုန်းလည်းပျော် သူလဲပျော်’ တဲ့။
ခုအလှူက အဲ့ဒီမုခ်ဦးကိုရေစက်ချပြီး သူဌေးသားသမီးတွေရှင်ပြုနားသပေါ့။
ဘာပဲဖြစ်ဖြစ် အဖိုးတို့မိသားစုအလှူကဒီမြို့မှာတော့ကြီးကျယ်ခမ်းနားတဲ့အလှူလို့​ပြောစမှတ်ဖြစ်သွားတယ်၊ဗီဒီယိုရိုက်ခချည်းသိန်းသုံးဆယ်၊ဆိုင်းအငြိမ့်ကသိန်းလေးဆယ်။
〰〰〰〰〰〰〰〰〰
​အဖိုးကစတိုင်လ်ထွားထွားနဲ့ မျက်နှာမူရာခပ်တင်းတင်း၊အပြုံးအရယ်နည်းပြီး တော်ရုံလူကိုသူအဖက်မလုပ်။
သူ့အိမ်ဝင်းထဲကို အစာရှာဖွေတဲ့လမ်းခွေးလေးများယောင်မှားလို့ရောက်သွားခဲ့ရင် အဖိုးကသနားပြီးကျွေးမယ်မထင်နဲ့၊လုံးဝမကြိုက်၊အသံပြဲကြီးနဲ့ဟိန်းဟောက်မောင်းထုတ်တတ်တယ်။
တနေ့တော့ ခြေနာနေတဲ့ခွေးလေးမိသေးကို အဖိုးကတုတ်နဲ့ရိုက်ပြီးမောင်းထုတ်တယ်၊ခွေးနဲ့တုတ်နဲ့မစာ ကြောက်သေးဖျန်းဖျန်းပါ။
ခွေးလေးကတိုက်ဘေးကထွက်ပြေးပေမဲ့ တိုက်ရှေ့သံပန်းခြံတံခါးကပိတ်ထားတဲ့အပြင် အဖိုးကတုတ်နဲ့​ကြိုနေတော့ နောက်ကြောင်းပြန်လှည့်ပြီးပြေးရှာတယ်။
အဖိုးကလည်း ဒီခွေးလေးကိုမရိုက်ရမနေနိုင် ၊ဒေါနဲ့မောနဲ့မီးဖိုချောင်တံခါးကထွက်ပြီးဆီးရိုက်တယ်၊တကယ်တော့ခွေးလေးကအဖိုးအိမ်ကဘာပစ္စည်းကိုမှမဖျက်ဆီး၊ဘာမှလည်းမခိုးစား၊သူတို့သဘာဝအကြိုအကြားသွားရင်းကရောက်လာခြင်းသာ။
အစာမရဘဲ တုတ်ရသွားတဲ့ခွေးလေးကတအိုင်အိုင်အော်၊အဖွားကြားတော့ သူ့သား​မြေးကိုအရိုက်ခံရတဲ့အလား ရင်တွေနာ၊​နေ့စဥ်ကြားနေရတဲ့အဖိုးရဲ့မေတ္တာပို့သံနဲ့ သူရိုက်လိုက်တဲ့ခွေးလေးရဲ့နာကျင်သံ ကာရန်ကမလှ။
အလှူမှာထမင်းရည်ချောင်းစီးကျွေးခဲ့တဲ့အဖိုးဟာ ဒီခွေးလေးတွေကျတော့ သူ့စေတနာနဲ့တန်တယ်မထင်၊တလုတ်တဆုပ်ကျွေးဖော်မရ။
အဖိုးကိုအဖွားပြောချင်မိတယ်။
‘ဒီခွေးလေးတွေအပေါ် မေတ္တာမိုးလေးတစက်တပေါက်လောက်ရွာပေးပါလား အဖိုးရယ်’
သို့ပေမဲ့အဖိုးကအဖွားထက်အသက်ပိုကြီးတဲ့တိုက်ကြီးရှင်၊အဖွားကလမ်းဘေးဈေးသည်မျက်နှာမွဲ၊စကားများရန်ဖြစ်ရမဲ့အရွယ်တွေမဟုတ်တဲ့အပြင် ခွေးလေးကလည်းအဖွားအပိုင်မဟုတ်တော့ပြောဖို့ခက်။
အဖိုးနေ့နေ့ညညဆုတောင်းမေတ္တာပို့တဲ့ ‘ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တဝါ ‘ထဲမှာဒီခွေးလေးတွေမပါလို့များလား…
သိုမဟုတ် အဖိုးဟာသူကျက်မှတ်ထားတဲ့အတိုင်းရွတ်ဆိုနေပေမဲ့ သူ့နှလုံးသားမှာမေတ္တာစစ်မှန်မရှိလို့လား…
‘ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ‘လို့ပါးစပ်ကအော်ပေမဲ့ တုတ်နဲ့လိုက်ဆော်နေတော့ နားလည်ရခက်ပါဘိ။
အိမ်နီးချင်းများသာမကလမ်းသွားလမ်းလာတွေပါကြားကြရတဲ့အဖိုးပို့သတဲ့မေတ္တာတွေကို အဝေးကသတ္တဝါဝေနေယျတွေမဆိုထားဘိ၊အနီးကခွေး​လေးတွေပင်မရ။
သဲသဲ ရဲ့အိမ်က အဖိုးနဲ့အဖွားတို့နှစ်အိမ်ကြားမှာ၊သူမဟာနေ့စဥ်တွေ့မြင်နေရတဲ့အဖိုးနဲ့အဖွားကိုကြည့်ပြီးအတွေးနယ်ကျယ်မိတယ်။
ရှိလို့လှူတဲ့အဖိုး နဲ့ မရှိဘဲလှူတဲ့အဖွား..
အဖိုးရဲ့ခမ်းနားတဲ့အလှူ နဲ့ အဖွားရဲ့မဆန်းပြားတဲ့အလှူ..
အဖိုးနှုတ်ဖျားကပို့သတဲ့မေတ္တာ နဲ့ အဖွားရဲ့ရင်ထဲကမေတ္တာ..
စိတ်ထားချင်းမတူတော့ လုပ်ရပ်ချင်းကကွာခြား ..
ဤလူ့နယ်တခွင်မှာမေတ္တာသံစဥ်တွေဝေစည်သလို မေတ္တာနဲ့သွေဖီတဲ့အပြုအမူတွေမရှိလျှင်ကောင်းလေစွ။

မေတ္တာပန်းများလန်းပါစေ။
#အင်ကြင်း (ကသာ)
23.7.2025