အမောင်

Posted on

အမောင်(စ/ဆုံး)

—————

မိုးတွေရွာနေလိုက်တာ။
အိမ်‌နံဘေးလမ်းလေးဟာ ရေတွေကိုဖွေးသွားတာပဲ။
ပြတင်းပေါက်ကနေ ခါတိုင်းလိုကြည့်နေမိတယ်။ အမောင်များလာမလား။

စီးစီးမျက်နှာမှာလဲ မိုးတွေပက်ထားတာ စိုရွှဲလို့ရယ်။ ကြိုက်တယ်။

အား..
မိုးနံ့လေးမွှေးလိုက်တာ။ အေး…နေတာပဲကွာ။
သတိရတယ်အမောင်ရေ။
စိတ်ထဲအော်ပြောလိုက်ရော…

မကြာပါဘူး။
ဟုတ်တယ်။ စီးစီးစိတ်ထဲက တ,လိုက်ရုံနဲ့ …

ဟော ဟိုမှာအမောင်။

ပုဆိုးတိုတို၀တ်ထားတာတောင် ပုဆိုးကိုထပ်မ,ပြီး ဇာတ်ပွဲကလူရွှင်တော်ကြီးလို
ထီးတစ်ဖက်ကိုင်ကာ မိုးရေထဲ
တစွပ်စွပ်နင်းလာတာ ရယ်စရာကြီး။ အထုတ်တစ်ထုတ်ကလဲ ထီးကိုင်တဲ့လက်မှာ တွဲလီတွဲလောင်း လှုပ်လီလှုပ်လဲ့နဲ့။

အရပ်ကလဲကလန်ကလား။
အို..လေတစ်ချက်ဝှေ့အတိုက်
အမောင့်ထီးအပေါ်ကိုလန်တက်သွားပါရောလား။

“ဟား ဟား ဟား ဟား

အမောင်ရေ၊ ဦးရွှေရိုးသာကပြီးလာတော့ဟေ့”

မော့ကြည့်လိုက်တဲ့အမောင့်မျက်၀န်းမှာ သက်တံ့ရောင်တွေ။ ဟယ် ရင်ခုန်တယ်ကွဲ့။
အမောင့်အကြည့်တိုင်းကို စီးစီးရင်ခုန်တတ်နေတာကို မကြိုက်ပါဘူး။

“စီးစီးရေ အမောင်လာတယ်သမီးရေ”

“လာပါပြီမေမေ”

ပုဆိုးစိုကို အရည်ညှစ်ပြီး
လက်ကအထုတ်တစ်ထုတ်ကို လှမ်းပေးလို့ ယူလိုက်ရတယ်။

“ဘာလဲဟ အာ့ ဘာတွေတုန်း”

” ထန်းညက်တို့ အုန်းသီး သကြား၊ မုန့်နှစ် အစုံပဲစီးရဲ့”

အစဉ်မျှော်နေပေမဲ့လဲ မမျှော်သယောင်။ သတိရပေမဲ့လဲ မရသယောင် အမောင့်အပေါ် စီးစီးကဟန်ဆောင်နေကြ။

အထက်စီးနဲ့ပြောလိုက်ပြီးမှ
ရင်ထဲမှာသနားခြင်းမိုး ရွာသွန်းနေတတ်တာ အမောင်ခမျာမသိရှာပါဘူး။

ခုလဲ။

သူ…ဘာမုံ့ (မုန့်)လုပ်ကျွေးဦးမလဲမသိ။

“အမောင်ရေ ရော့ မင်းဦးလေးအ၀တ်တွေလဲထားဦး
အအေးပတ်နေမယ်”

“ဟုတ်ကဲ့ပါအရီး”

🌷🌷🌷

” စီးစီး”

“ဟင်”

” နင် မုန့်လုံးကြီးအုန်းနို့စိမ်စားချင်တယ်ဆို၊ အရင်တစ်ခါပြောဖူးတယ်”

“အင်းလေ”

“ငါ လုပ်ကျွေးမလို့”

“နင်တစ်ယောက်ထဲလုပ်မှာလား”

“နင်လဲ ၀င်ကူပေါ့”

“ဟင့်အင်း ငါပျင်းတယ်၊ ၀တ္ထုဖတ်လက်စကြီးအမောင်ရဲ့”

အဲလိုအနိုင်ကျင့်ချင်သေးတဲ့
စိတ်ပုပ်လေးစီးစီး။ အမောင်လေ…ချစ်ဖို့ကောင်းလောက်အောင်ပြုံးကြည့်ပြန်တယ်။

“ဖတ်လေ ငါတစ်ယောက်ထဲလုပ်ပါ့မယ်”

အမောင်ပြုံးတိုင်း နှုတ်ခမ်း‌ထောင့်စွန်း ပါးပေါ်မှာ အပေါက်သေးသေးလေးပေါ်လာတာကအစ အရမ်းချစ်ဖို့ကောင်းတာ။

ဟင့်အင်း၊ အမောင်မသိစေနဲ့။ စီးစီးကဟန်ဆောင်ကောင်းသူပါကွယ်။

“စီးစီးရေ အမောင့်ကိုမကူဘူးလားသမီး၊ အမေကဈေးဆိုင်တစ်ဖက်နဲ့၊ သွား ကူလိုက်ဦး
သူငယ်ချင်းကို အားနာစရာ”

၀တ္ထုဖတ်ယောင်ဆောင်ပြီး
အမောင့်ဆီစိတ်ရောက်နေတာ အမေမှမသိပဲနဲ့။ အမောင့်ကို နိုင်ချင်စိတ်နဲ့ အမြဲလျစ်လျူရှုထားမိတယ်။ အမောင်၀မ်းမနည်းဘူးထင်လို့ပါ။

ဒါပေမဲ့ …

မုန့်နှစ်ကို ကြွေလင်ပန်းကြီးမှာထည့်နယ်နေတဲ့အမောင်က မော့ကြည့်လာတဲ့အခါမှာတော့

ဘုရား ဘုရား၊ နင့်မျက်လုံးမြင်တိုင်း ငါဘာကြောင့်ရင်ခုန်ရသလဲအမောင်ရဲ့။

“စီးစီး ငါ့လာကူတာလားဟင်”

“အမေက သွားကူပြောလို့”

“လိမ်မာတယ် အုန်းသီးချက်ထားတာလေး မြည်းကြည့်စမ်းပါဦး”

အိုး…. သကြားနဲ့ချက်ထားတဲ့အုန်းသီးမျှင်လေးတွေဟာ နီရဲစေးပိုင်လို့။ စီးစီးအရမ်းကြိုက်တာ။

“အား ကောင်းလိုက်တာ၊ ချိုမွှေးနေတာပဲ၊ ကွမ်းရွက်မှာထည့်စားဖို့ နည်းနည်းချန်ထားနော်အမောင်”

အမောင်က သဘောတကျရယ်ရော။

“အေးပါ”

မုန့်လုံးကြီးကို ကျွမ်းကျွမ်းကျင်ကျင်လုံး အလယ်ကိုလက်မနဲ့ဖိ၊ အခွက်နေရာကို အုန်းသီးချက်တာထည့် ပြန်လုံး။ တော်လိုက်တဲ့အမောင်။

ယောက်ကျားလေးတန်မဲ့ ထမင်းဟင်းလဲချက်တတ်။
မုန့်မျိုးစုံလဲလုပ်တတ်။

“အဟိ”

“ဟ… ဘာရယ်တာလဲ”

“နင်ကလေ အခြောက်ကြီးကျနေတာပဲ၊ မုန့်လုပ်နေတာက”

“ဘာ”

သူအော်တာ နားအူသွားလေရဲ့။ ထွားထွားကျိုင်းကျိုင်း ဖြူဖြူချောချာကြီး အမောင်လူသား မောင်ခန့်ညားက သူ့ကိုအခြောက်လို့ပြောရပါ့မလားလို့ အမျက်ထွက်ပြန်တော့ စီးစီးခမျာငိုချင်ချင်ရယ်။ စ,တာပဲဟာကို။

“ဟင့် အော်လိုက်တာ၊ သွား..
ကူမလုပ်ပေးတော့ဘူး နင့်ဘာသာလုပ်”

စီးစီးခြေဆောင့်ထွက်လာတာ ဆိုးလားဟင်။ သူက မအော်စဖူးအော်တာမို့ ၀မ်းနည်းသွားလို့ပါ။

မကြာဘူး။ သူ့အော်သံကြားရရော ။

“အ… အမလေးဗျာ”

စီးလေ။ လှစ်ကနဲပဲ။ ပြေးသွားတာ။ စိတ်ဆိုးနေတာ မေ့သွားတဲ့အထိ။

အို အမောင့်လက်ဖမိုးဖြူဖြူလေးဟာ နီရဲနေပါလား။

“ငါ မုန့်လုံးထည့်ရင်း ရေနွေးပူလောင်သွားတာ၊ ငရုတ်သီးထောင်းရှိလား”

ရှိတာပေါ့။ရိုးရာ ငရုတ်သီးထောင်းတစ်ခွက်က အိမ်တိုင်းရှိနေခဲ့တာပဲဟာ။

“ရော့…”

အမောင်တစ်ယောက် ငရုတ်သီးတကော်ပြီးတကော်နီရဲနေတဲ့နေရာပေါ် ပုံလိုက်တာအံ့ဩရော။

“အမောင်ရယ် နင့်လက်ပူတော့မှာပဲဟယ်”

“အပူလောင်ရင် ငံပြာရည်တို့
ငရုတ်သီးထောင်းတို့ အုံပေးရတယ်စီးရဲ့၊ ဒါမှ အရည်ကြည်ဖုမထွက်တော့ဘူးလေ”

လေသံအေးအေးလေးနဲ့သူပြောနေပေမဲ့ နာနေရှာမှာ။
သူနာနေတာ စီးရင်ထဲကသိနေတယ်။ ငိုချင်ချင်ပါနော်။

“ဘာလို့ ရေနွေးပူလောင်ရတာလဲဟင်”

“နင့်ကိုအော်မိလို့ စိတ်မကောင်းရင်းနဲ့ မေ့ပြီးလက်ကိုရေပူအိုးထဲနှစ်လိုက်မိတာလေ”

လေသံတိုးတိုးက တုန်ခိုက်ခိုက်ကလေး။ အို လှိုက်လှိုက်လှဲလှဲ တိုးသက်သက်လေး။ ရင်ထဲမှာလှိုင်းစီးရသလိုမျိုး။ နင့်ကနဲ။ ဘယ်လိုခံစားချက်မျိုးပါလိမ့်နော်။

စီးဟန်ဆောင် မိပြန်ပြီ။

“နင်ဟာလေ နမော်နမဲ့နဲ့
ခံရတာ နည်းသေး”

အမေ၀င်လာလို့ ကြားသွားတော့ အော်ခံရရော။ အမောင်လဲ မျက်နှာကတမျိုးလေး။ ငါမကောင်းဘူးအမောင်ရယ်။

“ဟဲ့ ညည်းစားချင်တဲ့မုန့်လဲလုပ်ကျွေးရသေး၊ အပြစ်ပါတင်နေရလားဟင်၊ အမောင်အတော်ပူသွားလားသား
အပူလောင်ပျောက်ဆေး လိမ်းရအောင် ”

” ရတယ်အရီး၊ မောင်ထမင်းချက်တိုင်း တခါတလေ ဆီပူ ရေပူ လောင်နေကျပါ”

“အိမ်က မိစီးစီးနဲ့သာလဲလိုက်ချင်တယ်ဟယ်”

“ဟင် အမေ”

“ဟိဟိဟိ”

အမောင်ရယ်ရင် တဟိဟိနဲ့။
စီးစီးမျက်စောင်းကို လိုက်ဖမ်းပြီး ပြန်လွှတ်လိုက်ဟန် လုပ်နေတယ်။

အမောင်အစုတ်ပလုပ်။

” စီးစီးရေ အမောင့်ကိုပန်းကန်လေးဆေးပေးမှာလားဟင်”

ချော့ပြောရင် မိစီးကမငြင်းပါဘူး။

“ဆေးပေးမယ်လေ”

ပန်းကန်ဆေးရင်း သီချင်းညည်းမိရင်းပေါ့။ အကျင့်ဖြစ်နေလို့ပါ ။

“အမှောင်မပြယ်ခင်မှာ အစောကြီးပြင်ပြီးတော့ ကျောင်းသွားချင်လွန်းလှပြီ

သိပ်တွေ့ချင် မောင့်အပြုံး
တွေ့ရတဲ့ခနမှာ ဆေးလေးအမာ အားရှိတယ်

မေလေ သူ့အကြောင်းတွေးကာ တကယ်ကိုစာကျက်မရပြီ
မောင်ရေ အဲသလောက်တောင် ချစ်ရသည်”

သူငေးနေမှန်း စီးကမသိဘူးလေ။ ဆေးပြီးသားပန်းကန်လှမ်းပေးတော့ သူ့မျက်၀န်းကရီဝေဝေ။

” အမောင်”

“ဟင်”

“ရော့လေ ပန်းကန်တွေရပြီ”

“အော်… အင်း…. အင်း”

ငူတူတူနဲ့။ လက်များသိပ်နာနေရော့သလား။

“နာနေလားဟင် ဖွ ဖွ ငါ့ငယ်ချင်းလေး သနားပါတယ်”

အမောင့်လက်ကို တဖူးဖူး တဖွဖွ လုပ်တော့ကျေနပ်သလိုရယ်ပြန်တယ်။ အမောင်တိမ်လေး အရောင်အမျိုးမျိုး ပြောင်းနေတယ်ကွယ်။

” စီးစီး”

ခေါ်ပြန်ပြီ တိုးတိုးလေး။ ရင်ခုန်ပါတယ်ဆိုမှ။

“ဟင်”

“နင် တက္ကသိုလ်မှာ ရည်းစားထားလာပြီပေါ့နော်”

“ဟာ…”

စိတ်တိုလိုက်တာနော်။ ထားစရာလား။ အမောင်လူဆိုး အရိပ်အကဲမသိကြီးရဲ့။

“အေးပါ စိတ်မဆိုးနဲ့‌နော် စတာပါ ၊ ရော့ မုန့်လေး မြည်းကြည့်ဦး၊ ကောင်းရင် နင့်သူငယ်ချင်းတွေခေါ်ပြီး စားကြတော့၊ အရီးတို့အတွက် ဖယ်ပြီးသား”

သူကစကားလွှဲသွားပြန်ပြီ။ စီးစီးက အိမ်နားနီးချင်း သူငယ်ချင်းတွေကိုခေါ်ကာ အမောင့်လက်ရာ မုန့်လုံးကြီးအုန်းနို့ချက်ကို အားပါးတရ စားကြတယ်။

နင်နဲ့ ငါ…

ဒီလိုခင်နေကြတာ
ဒါကိုလေ သူငယ်ချင်းများက
လာ လာပြီမေးတဲ့အခါ
နင်ဘယ်လို ပြောမလဲ တွေးကြည့်ပါ

ငါဘယ်လိုပြောပြော စ, ကြတာ

မဟုတ်ဖဲလေ …အထင်မှား
အိုး ရှက်စရာ…

ကက်ဆက်ထဲက ကိုင်ဇာနဲ့မေဆွိအသံမဟုတ်။ စီးစီးနဲ့အမောင်လေ တခါက
အင်း။ခြောက်တန်းနှစ်ထင်ပါရဲ့။ ကိုင်ဇာပေါ်ကာစပေါ့။ အိမ်မှာ ကက်ဆက်ရောက်လာလို့ အခွေနဲ့အသံသွင်းခဲ့ကြဖူးတာကြီး၊
မေ့တောင်နေပြီ။

ဘယ်သူဖွင့်လိုက်ပါလိမ့်။ သူငယ်ချင်းအားလုံးက အမောင်နဲ့စီးစီးကို တလှည့်စီကြည့်နေကြတယ်။

‘ဟဲ့ စားကြလေ ဘာငေးနေကြတာလဲ”

စီးစီးအသံကခပ်စူးစူး။ ရှက်တက်တက်။

အမောင့်အပြုံးက အုံ့ပုန်း။ကွယ်လျှိုးသွားလေရဲ့။
အမောင့်မျက်၀န်းမှာ အရည်ကြည်လဲ့နေခဲ့တယ်။

မျက်ရည်တွေများလားအမောင်ရယ်။

(၂)

တစ်ဦးနဲ့တစ်ဦး စိတ်ချင်းဆက်သွယ်တယ်ဆိုတာလေ
အမောင်နဲ့စီးစီးကိုပြောတာနေမှာ။

မုန့်တွေလုပ်ကျွေးပြီး နောက် နှစ်ရက်အကြာမှာ စီးစီးအိပ်မက်မက်တယ်။

အမောင်ပေါ့။
ကမ်းမမြင်တဲ့ ပင်လယ်ကြီးထဲက ကျောက်ဆောင်ပေါ်မှာ သင်္ကန်း၀တ်ကြီးနဲ့ထိုင်နေတယ်။ စီးစီးရေလို့လဲ အဆက်မပြတ်ခေါ်နေခဲ့တယ်။

စီးစီးကိုကြည့်နေတာကကျ စိမ်းစိမ်းကြီး။ အရမ်းကိုနာကျင်နေတဲ့မျက်၀န်းကြီးနဲ့။

၀မ်းနည်းလိုက်တာ။

“အမောင်ရေ”

လို့ခေါ်ရမလား

“ဘုန်းဘုန်းရေ”

လို့ ကန်တော့ရမလား တွေးနေတုန်း ဖျပ်ကနဲပျောက်သွားတော့တယ်။

မနက်ကျတော့ အိမ်ကအဒေါ်ငယ်ကို အိမ်မက်အကြောင်းပြောပြလိုက်တာပေါ့။

“လူကိုသင်္ကန်း၀တ်နဲ့မက်ရင်
ဖျားနာနေတတ်တယ်၊ အမောင်ဖျားများနေပြီလားမသိစီးရေ”

အို… ဟိုနေ့ကအမောင့်မျက်၀န်းမှာ ၀မ်းနည်းရိပ်တွေမြင်လိုက်ကတည်းက စီးစီးနေမထိခဲ့တာ။

ခုပိုဆိုးရပြီ။ စီးစီး အမောင့်ကိုလျစ်လျူအရမ်းရှုမိသွားလားဟင်။

အမောင်ဟာ စီးစီးတက္ကသိုလ်တက်ကတည်းက
အမြဲ၀မ်းနည်းရိပ်သန်းနေခဲ့တယ်။ သူကိုယ်တိုင်က ဆယ်တန်းနှစ်ခါကျတာနဲ့ပဲ လက်လျှော့လိုက်တာကိုး။ သူ့အိမ်စီးပွားရေးထဲ ပစ်၀င်လိုက်တဲ့အမောင့်ကို စီးစီးကြည့်မရပါဘူး။ စီးစီးနဲ့အတူ
တက္ကသိုလ်တက်စေချင်တယ်လေ။

ဒီကတည်းက စီးစီး သူ့ကိုမကျေနပ်ပဲ ဂျစ်တိုက်နေခဲ့တာ။

အမောင်ခံစားနေရမလား။
စီးစီးမသိ။ စီးစီးမကျေနပ်ပဲ သိတယ်။

” မေမေ သမီးဈေးဖက်ကို ၀ယ်စရာလေးရှိလို့သွားမယ်နော်”

“မကြာစေနဲ့နော်စီးစီး”

“ဟုတ်ကဲ့”

စီးစီးတို့ဖက်မှာ ယောက်ကျားလေးအိမ်ကို မိန်းကလေးကသွားခဲတယ်။ သူငယ်ချင်းဖြစ်ပေ့စေ။ လူကြီးတွေက ကောင်လေးတွေအိမ်ကို သွားတာမကြိုက်ကြဘူး။

စီးစီးလဲ သွားသာသွားရတာ။ စိတ်ထဲမလုံဘူး။ အမောင့်အိမ်ကို တစ်ခါမှ မသွားဖူးဘူးလေ။ စိုးရိမ်လွန်းလို့သာရယ်။

ညီမ၀မ်းကွဲ တစ်ယောက်ကို၀င်ခေါ်ပြီး ဈေးဖက်လျှောက်ခဲ့ကြတယ်။ ဈေးအလွန်မှာ အမောင့်အိမ်လေ။

အိမ်ရှေ့မှာ အမောင့်အဒေါ်လားမသိဘူး။ စက်ချုပ်နေတယ်။

“အစ်မ အမောင်ရှိလားဟင်”

သူကစီးစီးကို သေချာကြည့်ပြီး …

” စီးစီးဆိုတာလားဟင်” တဲ့။

“ဟုတ် ဟုတ်ပါတယ်”

“အမောင်က စီးစီးလာရင် သူ့ကိုနှိုးဖို့ပြောထားလို့ညီမလေးရဲ့”

အမောင်ပြောပြဖူးလို့ အမောင့်အဒေါ်က သူ့ထက်နှစ်နှစ်ကျော်သာကြီးကြောင်းသိပြီးသား။

အိမ်ထဲသို့ အဲဒီအစ်မပြေး၀င်သွားပြီးခနအကြာ

“စီးစီး ”

ဟုခေါ်ကာ အမောင်ထွက်လာသည်။ ပိန်သွားလိုက်တာ ငါ့အမောင်ကလေး။

“နင် ငါလာမယ်မှန်းဘယ်လိုသိလဲဟင်”

“အိပ်မက်မက်ထားတာ”

“အိုး…ငါလဲနင့်ကိုဘုန်းကြီး၀တ်နဲ့ အိပ်မက်မက်တာ ပင်လယ်ထဲမှာနင်ထိုင်နေတယ်သိလားအမောင်”

” ငါ နင့်ဆီကအပြန် အဲဒီညပဲ၊အရမ်းဖျားတာစီးစီးရဲ့”

သနားလိုက်တာအမောင်ရယ်လို့ ရင်ထဲကသာ။
ပါးစပ်ထဲကထွက်သွားတာက

” မသေလို့တွေ့ရတာပေါ့နော်”

အမောင်က မျက်၀န်းထဲမှာစကားတွေ အများကြီးထည့်ပြီးကြည့်တယ်။

“ငါသေရင် နင်သိလိုက်မှာမဟုတ်ဘူးနော်”

လို့လည်း ၀မ်းနည်းသံနဲ့ပြောသေးတာ။ မပြောကောင်းဘူးဟဲ့။ သူ့အဒေါ်က..

” စီးစီးက တကယ်ချောတာပဲနော်၊ အမောင်ပြောတုန်းက အဲလောက်ချစ်ဖို့ကောင်းမယ်မထင်ဘူး၊ ဖျားတဲ့နေ့ကလဲ စီးစီးနာမည်ပဲယောင်ခေါ်နေခဲ့တာ သိလား”

“ဒေါ်လေး”

အမောင့်ဟန့်သံ။ စီးစီးလေ မျက်နှာကိုတည်ထားရတယ်။ မရှက်သယောင်ပေါ့။ ဒေါ်လေးက ထပ်ပြောပြန်တယ်။

” အမောင်အဖျားကြီးပြီး
စီးစီးနာမည်ပဲခေါ်နေခဲ့တာ သိလားစီးစီး”

ဒေါ်လေးစကားကို စီးစီးယုံတယ်။ အိပ်မက်ထဲမှာ အမောင်ကစီးစီးရေလို့ အဆက်မပြတ်ခေါ်နေခဲ့တယ်လေ။

” မပြောပါနဲ့ဒေါ်လေးရယ်
အမောင်သေရင် ခုလောက်ဆိုဂူထဲရောက်နေပြီ”

နာကျဉ်းသံစွက်နေတဲ့အသံနဲ့
အမောင်ပြောပြန်တယ်။ နင်ဘာကိုများ စိတ်နာနေသလဲအမောင်ရယ်။
စီးစီးက ရင်ထဲကတစ်မျိုး
ပါးစပ်ကျတော့ဆိုးတယ်နော်။

“ဒီတော့လဲ နင့်အုတ်ဂူကိုလာပြီး ငါငိုမှာပေါ့
အသေစောလို့ နမျောလှချည်ရဲ့အမောင်ရယ်လို့”

အမောင်က စီးစီးကိုမချိတင်ကဲကြည့်ပြီး မရယ်ချင့်ရယ်ချင်ရယ်တယ်။

“ငါသေမှတော့ နင်မငိုလဲ ဖြစ်ပါတယ်စီးရယ်၊ ငါမှမသိတော့တာ”

“နင့်စကားကလဲဟာ”

ဒေါ်လေးကပြုံးနေရာက ထသွားတယ်။ အမောင်တယောက် စီးစီးကိုစိတ်များဆိုးနေတာလားမသိ။

ဆိုးမယ်ဆိုလည်း ခံရမှာပါ။ ဟိုနေ့က မီးဖိုထဲမှာတစ်ယောက်ထဲ ပစ်ထားခံရတယ်လို့များ အမောင်ရယ် စီးစီးကို
စိတ်နာနေတာလား။

” ငါ မနက်ဖြန် ပြည်ကိုသွားမယ်စီးစီး”

“ဟင်”

ငါခနလေး ကျောင်းပိတ်ပြန်လာတာ၊ နင်နေပေးပါဦးလို့မပြောလိုက်ရ။ အမောင်ပဲ ဆက်ပြောတယ်။

“ငါ ပြည်ကဦးလေးအိမ်မှာ ဆယ်တန်းသွားဖြေမလို့”

ကဲ၊ ဒါကောင်းတဲ့ကိစ္စနော်။ နှစ်ခါကျပြီးနောက် ပြန်မဖြေဖို့ သူပြောပြီးမှ ဘယ်လိုစိတ်ကူးပေါက်ပြန်သလဲမသိ။

“စီးစီးရာ တချို့တွေက ဆယ်တန်းမအောင်ရင် လူရာမသွင်းချင်ကြဘူးထင်ပါရဲ့”

“အဲလိုလဲမဟုတ်ပါဘူးဟာ၊
ငါဆိုရင် နင့်ကိုဆယ်တန်းအောင်ပြီး ငါနဲ့အတူတက္ကသိုလ်တက်စေချင်ရုံလေးရယ်”

” ငါ စိတ်ညစ်တယ်ဟာ၊ ဆယ်တန်းအောင်ချင်တယ်”

“နင် ဒီနှစ်အောင်အောင်ကြိုးစားနော်”

စီးစီးကို အမောင်ကငေးကြည့်ကျန်ခဲ့တယ်။ ရှေ့ကိုလှမ်းပြီးရင် နောက်မလှည့်တတ်သူစီးစီးက ဒီနေ့တော့
နောက်ပဲ လှည့်တကြည့်ကြည့်ပေါ့။ အမောင်က သူ့အိမ်ရှေ့က ရပ်ကြည့်နေတုန်းပါပဲ။

အမောင်နဲ့ ခွဲရမှာကို စီးစီး၀မ်းနည်းလို့ပါအမောင်ရယ်။

(၃)

စီးစီးဆီကိုအမောင်စာကြိုးစားနေတဲ့အကြောင်း
စာရောက်လာတဲ့နေ့က စီးစီးတစ်ယောက် အဆောင်ကိုပြန်ရောက်နေခဲ့ပြီ။

ပြည် ရန်ကုန်မဝေးပေမဲ့ သူလာမယ်၊ အမောင်လာလိမ့်မယ်လို့ စီးမထင်ခဲ့မိဘူး။ စာနဲ့လူရောက်လာတာက သုံးရက်လောက်ပဲကြာတယ်။

“စီးစီးရေ အဆောင်နောက်ပေါက်မှာဧည့်သည်”

” အခန်း (….)က ‌ မစီးစီးပိုင်
အဆောင်နောက်ပေါက်မှာ ဧည့်သည်”

အို မနက်စောစော ခြောက်နာရီ အဆောင်နောက်ပေါက်ဖွင့်ကတည်းက ဧည့်လာခေါ်သံဆူဆူညံလို့ရယ်။ စီးသွားကြည့်တော့လည်း ဘယ်သူမှမရှိ။

နောက်ရအောင်လည်း လာခေါ်သူများနဲ့ရင်းနှီးတာမဟုတ်။

ဒီလိုနဲ့ မနက်ခုနစ်နာရီကျော်သွားရော။ ထမင်းစားမလို့ ထမင်းစားဆောင်ကိုအသွား…

“စီးစီး နင့်ဧည်သည်”

“ဘယ်မှာလဲဟ”

” သိပ္ပံပစ္စည်းထားတဲ့ အဆောင်ရှေ့မှာ”

ဘုရားရေ။ တကယ်ကိုး
ဧည့်သည်ဆိုတာက။ နတ်လမ်းကတစ်ဆင့် အဆောင်အပြင်ဖက် ထွက်ကြည့်လိုက်တော့ အမောင်ရယ်လေ မှန်တံခါးက်ုမှီပြီးတော့ ငိုက်မြည်းနေတာရော။

“အမောင်”

စီးစီးခေါ်လိုက်သံကြောင့် မျက်လုံးတို့ဖျပ်ကနဲပွင့်။
အပျော်မျက်နှာနဲ့ ရယ်ပြနေလိုက်တာ။

“နင် ..ဘယ်လို”

စီးစီးဟာ အရမ်းအံ့ဩသလို ပျော်လိုက်တာလဲပြောမနေနဲ့။ မျက်နှာမှာတော့ ထုံးစံအတိုင်း ရှုတည်တည်ပေါ့။

” ငါ ပြည်ရန်ကုန်ကားနဲ့ ညဘက်ထွက်လာတာ မနက်
နှစ်နာရီကျော်မှရောက်တယ်၊ သွားစရာနေရာမရှိတာနဲ့ မိုင်ဒါကွင်းမှာ တင်မိုး၀င်းဇာတ်ပွဲ၀င်ကြည့်နေခဲ့တယ်၊ မိုးဒီမော့စ်ကအရမ်းရယ်ရတာပဲစီးရ”

” ဖြစ်ရလေ နင်အရမ်းဗိုက်ဆာနေလားဟင်”

“နင့်တွေ့ရတာနဲ့ မဆာတော့ပါဘူးဟာ၊ ဒါနဲ့ နင့်ကိုငါခေါ်ခိုင်းတာ လာမပြောကြဘူးလားဟင် ”

“ပြောတယ်လေ နောက်ပေါက်ဆိုတော့ ‌သွားကြည့်လဲမတွေ့၊ ဒီမှာလို့ဘယ်ထင်ပါ့မလဲဟ
ဒီနေရာက အတွဲတွေထိုင်တဲ့နေရာ ”

“ငါမှမသိတာဟ”

“အေး ဆက်ထိုင်ပြီး ငိုက်နေ လိုက်
ငါ ရေကပျာကယာချိုးလိုက်မယ်”

အမြန်ဆုံးနည်းနဲ့ ပုဂံလုံးစီးပြီးအမောင့်နားသို့ ပြန်ရောက်လာတဲ့စီးစီး။

” ရော့ ဒီရေနဲ့ မျက်နှာသစ်လိုက် လန်းသွားအောင်၊ ဒီမှာသွားတိုက်ဆေးထည့်ထားတဲ့
သွားပွတ်တန်”

ရေဘူးထဲကရေနဲ့ မျက်နှာသစ်၊ သွားတိုက်ပြီးနောက် စီးစီးလှမ်းပေးတဲ့ လက်ကိုင်ပုဝါနဲ့မျက်နှာသုတ်နေရင်း သူပြုံးနေတယ်။

စီးစီးက မသိယောင်ဆောင်ကာ…

“ရှေ့ ဆံပင်ကို သုတ်လိုက်ဦး၊ ရေစိုနေတယ်”

အမောင်တစ်ယောက် ကျေနပ်နေလိုက်တာများ မျက်နှာပိုးကိုသတ်လို့ရဟန်မတူတော့ပါ။ ပြုံးဖြဲဖြဲကိုဖြစ်နေရော။

စီးစီးနဲ့အမောင် အဓိပတိလမ်းအတိုင်းလျှောက်လာခဲ့ကြတယ်။

“ဟိုမှာ Convocation”

“ဟိုမှာ ငါဓါတ်ပုံရိုက်လာတဲ့
Love lane ဆိုတာ”
ဒါက cash…
လာ ငါတို့စာသင်ဆောင်တွေကိုလိုက်ပြမယ်၊ နင် အရမ်းဆာနေပြီလား”

‘လုံး၀ မဆာဘူး၊ ရင်ပြည့်နေတယ်”

အဓိပတိလမ်းမှာ ပရက်တီကယ်လ်လာလုပ်ရဟန်တူသူ ကျောင်းသားအနဲအကျဉ်းသာ မြင်ရသေးတယ်။ ဇွဲကောင်းတဲ့အ‌တွဲတစ်ခ်ျု့ကိုတော့ ဩချပါရဲ့။

ကံ့ကော်ပင်အောက်က ခုံပြာတန်းမှာ ပူးကပ်လို့။

“အာ့မှာ ဂျပ်ဆင်”

AEဖက်သွားတဲ့တလျှောက် သူ့ကို ပြသွားပေမဲ့သူက ပတ်၀န်းကျင်ထက် စီးစီးမျက်နှာကိုသာ တချိန်လုံးစောင်းငဲ့ငုံ့ကြည့်ရင်း ပြုံးလာခဲ့တယ်။

ရင်ခုန်ရင်းမသိချင်ယောင် ဆောင်နေရတာ ဘယ်လောက်ပင်ပန်းသလဲ အမောင်မသိဘူး။

အမလေး။ စီးစီးစောစော အတွဲများက အေအီးဖက်သွားတဲ့ နတ်လမ်းတလျှောက်မှာလဲမလွတ်။ ပူးကပ်တွက်ထိုးနေတဲ့အခါ မျက်နှာပူရပြန်တယ်။

“အမောင် ဟိုမှာ ငါတို့အေအီးဆောင်တွေ၊ အဲဒီအဆောင်နောက်မှာ ယမ်းဘီလူးဆိုင်ပေါ့၊ လာ…နင့်ကိုနာမည်ကြီး သံဗူးတိုက်မယ်”

ယမ်းဘီလူးဆိုင် မှောင်မည်းမည်းထဲမှာ မျက်နှာချင်းဆိုင်ထိုင်ရင်း စမူဆာနဲ့သံဗူး သောက်ခဲ့ကြသေးတယ်။

” ငါ ဆယ်တန်းအောင်ရင်တောင် နင့်ကိုမမီတော့ဘူးနော် စီးစီး”

” နင်အောင်လို့ အမှတ်ကောင်းရင် institute တခုခု၀င်မယ်၊ ရန်ကုန်ကို တိုက်ရိုက်လာတက်လို့ရတဲ့အခါ ငါနဲ့တစ်နှစ်တော့ တွေ့လို့ရသေးတာပေါ့ဟဲ့”

” ငါမရှိလဲ နင့်ဟာနင်တက်လို့ရပါတယ်အမောင်ရာ
ရုပ်ချောသဘောကောင်းတဲ့ ငါ့ငယ်ချင်းလေးအနား ကောင်မလေးတွေဝိုင်းနေကြဦးမှာမြင်ယောင်သေးရဲ့”

ပြောရင်းမနာလိုဖြစ်လာတဲ့အထိ စီးစီးသဘောထားနုပါတယ်။ အမောင်က…

” နင်မရှိခဲ့ရင် တက္ကသိုလ်ဆိုတာကြီးလဲ ငါမတက်ချင်ပါဘူးစီးစီးရာ၊ ငါဒီနှစ်ဖြေလို့မှ မအောင်ခဲ့ရင် ပညာရေးကို လုံး၀စွန့်လွှတ်လိုက်တော့မယ်”

လှိုက်လှဲတဲ့အမောင့်အသံမှာ
စီးစီးပျော်၀င်သွားပါရောလား။ ၀မ်းလဲနည်းသွားခဲ့တယ်။
ဒါပေမဲ့ စီးစီးချစ်သူက ဘွဲ့ရပညာတတ်တော့ ဖြစ်ရမယ်ဆိုတဲ့အတွေးကို မဖျောက်နိုင်ခဲ့။

“အို ဘာပဲဖြစ်ဖြစ် နင်ဆယ်တန်းအောင်အောင်လုပ်၊ ပြီးရင်တက္ကသိုလ်တက်ရမယ်အမောင်”

အမောင်ကစီးစီးကို ငေးကြည့်နေခဲ့တယ်။

” စီးစီးရယ် ဘွဲ့ရမှလူရာ၀င်မှာလားဟင်”

“အဲလိုရယ်လို့တော့ဟုတ်ချင်မှ ဟုတ်မှာပေါ့၊ ငါကတော့ နင့်ကိုဘွဲ့ရပညာတတ်ကြီးဖြစ်စေချင်တာအမှန်ပဲ”

” စီးစီး…စီးစီး”

အမောင်က စီးစီးမျက်နှာကိုသေချာစိုက်ကြည့်ပြီး ခပ်ထေ့ထေ့ရေရွတ်နေခဲ့တယ်။

” ဆယ်တန်းမအောင်တဲ့ကောင်လေးတစ်ယောက်က
ဘွဲ့ရပညာတတ်ကောင်မလေးတစ်ယောက်ကို မရနိုင်ဘူးလားဟင် စီးစီး”

စီးစီးဒေါသထွက်လာတယ်။
အမောင်ဘာဖြစ်နေတာလဲလို့
မျက်စောင်းထိုးရင်း ၀သီအတိုင်း ဘုဆပ်ဆပ် ပြောမိပြန်ရော။

“ဆယ်တန်းမအောင်တဲ့ကောင်လေးကို လေးတန်းမအောင်တဲ့ကောင်မလေးကပဲ
ယူမှာပေါ့ဟဲ့”

“အော် ဒီလိုလား၊ ဒါဆိုအဲဒီကောင်မလေးက အတော်ကို
ဂုဏ်မက်တာပဲနော်”

“ဘယ်သူလဲ”

“နင်လေ…အဲ နင်ပြောတဲ့ဘွဲ့ရပညာတတ်တဲ့မိန်းကလေးတွေလေ”

“တော်တော့ဟာ… ထ …နင့်ကို လေဟာပြင်ကဓနုဖြူဒေါ်စောရီဆိုင်မှာ ထမင်းလိုက်ကျွေးမယ်၊ နေဦး အိမကျောက်ကျောဆိုင်မှာ ကျောက်ကျော၀ယ်ကျွေးဦးမယ်”

အမောင်ရောက်တုန်းရောက်ခိုက် အကုန်သိသွားစေချင်တယ်လေ။ လမ်းမကူးခင်ကတည်းက တန်းစီစောင့်နေကြတဲ့ လူတန်းရှည်ကြီးကိုမြင်နေရတယ်၊ ခုမှ နေကဖြင့်လင်းလာတုန်းရှိသေးတာ၊

“နင့်ဟာက ကျောက်ကျောဆိုင်လား၊ သမဝါယမဆိုင်လားစီးရာ၊ တန်းစီရမဲ့အလုပ်။ငါမကြိုက်ဘူးနော်စီး*

စီးစီးကသူ့ကိုမျက်စောင်းထိုးတော့ ရယ်နေပုံက အမြင်ကတ်ချင်စရာလေး။

လမ်းအကူးမှာ တဖက်ကလာတဲ့ကားတစ်စီး အရှိန်မြှင့်ပြီး တအားမောင်းလာလို့ အမလေး တကယ့်ကို နည်းနည်းပဲလိုတာ၊ တိုက်မိတော့မလို့။ အမောင့်ကို။

အမောင့်လက်မောင်းကို ဆုပ်ကိုင်ရင်း ရင်ထဲမှာတုန်ယင်နေခဲ့တယ်။

“ခုနေ သေမယ်ဆိုလဲ သေပျော်ပါတယ် စီးစီးရာ”

အမောင့်လက်ကို ယောင်ယမ်းလွှတ်လိုက်ရတယ်။ အမောင်ဘာတွေပြောနေပါလိမ့်ကွယ်။

အမောင်နဲ့စီးစီးတစ်လမ်းလုံးစကားမပြောဖြစ်။ အမောင်က အတွေးလွန်နေပုံနဲ့ သုံးဘီးပေါ်မှာတိတ်ဆိတ်လာခဲ့တာကိုး။ နေပါစေဆိုကာ စီးကမာန်တင်းထားရတာပေါ့။
အမောင်စိတ်ထဲ ဘာတွေးနေမလဲ စီးစီးသိချင်ပေမဲ့ပေါ့။

(၄)

ထမင်းကိုအားပါးနရစားနေတဲ့အမောင်။ မျှစ်နဲ့ချဉ်ပေါင်ရည်ကိုတရှူးရှူးသောက်၊ ၀က်သားအဆီကြီးတုံးကြီးကို မြိနေအောင်ကိုက်စားနေတာက အလှူပွဲရောက်နေတဲ့အလား။

“နင်အရမ်းဆာနေတာကိုများ
ဗိုက်ပြည့်နေတယ်လေး။ဘာလေး ဟွန့်”

“ထမင်းမြင်တော့မှ ဆာလာတာပါစီးရာ”

ထမင်းစားပြီးအထ စီးစီးထမီ ထိုင်ခုံကသံနဲ့ငြိနေခဲ့လို့
စုတ်သွားမှာစိုးတာနဲ့ ကျိတ်ပြီး
ဖြုတ်နေခဲ့တယ်။ အမောင်ကငွေပြန်အမ်းမှာကို လှည့်စောင့်နေလို့မသိဘူး။

ဆောင့်ဆွဲယူရင် ပြဲသွားမှာ။
ရှက်စရာကြီး။ အမောင့်ရှေ့ ထမီကိုလှည့်၀တ်ဖို့မရဲဘူး။

“စီးစီး ဘာဖြစ်နေတာလဲ”

မပြောရဲ။ ကိုယ့်ဟာကိုကျိတ်ပြီး ဖြုတ်လဲမရ၊ ဇောချွေးပြန်နေခဲ့ပြီ။

သူက စီးစီးထိုင်ရာကိုလျှောက်လာပြီး အခြေအနေကိုသဘောပေါက်သွားပုံနဲ့။

“နေ …ငါဖြုတ်ပေးမယ်”

ဒီတော့မှ ထမီဟာအကောင်းပကတိပြန်ဖြစ်သွားတယ်။

“ထိုင်ခုံမှာထိုင်ရင် သံထွက်နေလား သစ်သားစအပဲ့ရှိလား
သေချာကြည့်ထိုင်”

အမောင်က အဖိုးကြီးလိုလဲဆုံးမတတ်သေးရဲ့။ သိမ်ဈေးကြီးကုန်တိုက်ကိုရောက်တော့
အင်္ကျီချိတ်တဲ့
အရုပ်မကြီးတွေကို ကြည့်ပြီး

“စီးစီးနဲ့တူလိုက်တာ”

လိုအမောင်က ပြောနေသေး။

အမောင်နဲ့လျှောက်လည်ရတာ ပျော်ပေမဲ့ အမောင်ပြန်သွားတော့ ရင်မှာဟာကျန်ခဲ့တယ်။

ခံစားချက်ကိုသိမ်းဆည်းရတာလောက် ပင်ပန်းတာရှိမလားလေ။

ဆုတောင်းပေးနေတဲ့ကြားက အမောင်စာမေးပွဲထပ်ကျတယ်။

ပညာရေးနဲ့ကံမပါဘူးစီးစီးရယ်လို့ အမောင့်ဆီကစာတိုတစ်စောင်ရောက်လာတုန်းက
အမောင့်ထက် စီးစီးကပို၀မ်းနည်းမိတယ်ထင်ပါရဲ့။

စီးစီးကျောင်းပြီးလို့ ရုံးမှာအလုပ်၀င်ခဲ့ပြီ။ အမောင်ကတော့ ကုန်သည်တစ်ပိုင်းပေါ့။ အရင်လောက် စီးစီးဆီကို ရောက်မလာခဲ့တော့ပါဘူး။
စီးစီးက မင်းသိင်္ခနည်းအတိုင်း

အမောင့်ကို တ,နေခဲ့တာပေါ့။

“အမောင်ရေ ….
“အမောင်ရေ….
“အမောင်ရေ…

လို့ခပ်တိုးတိုးနဲ့ အကြိမ်တစ်ထောင်ရေရွတ်ပြီး နောက်တစ်နေ့ အမောင်ရောက်လာခဲ့လို့ ပျော်လိုက်ရတာ။

“စီးစီး နင်နေကောင်းရဲ့လား
ငါ့အိပ်မက်ထဲမှာ နင်နေမကောင်းဘူး၊ ငါ့နာမည်ကိုတကြော်ကြော်ခေါ်နေလို့ စိတ်ပူပြီးငါ ထလာခဲ့တာ၊ အဖေကစိတ်ဆိုးကျန်ခဲ့တယ်”

“ဟယ် အဟုတ်လား ငါဖြင့် နင့်ကိုသတိတောင်မရပါဘူး”

“အော်”

ညှိုးဖျော့တဲ့အကြည့်တို့ တမဟုတ်ချင်းပြောင်းသွားခဲ့တဲ့အမောင့်ကို စီးစီးကကြည့်နေခဲ့မိတယ်။

“ငါ နောက်ဆို နင့်ဆီရောက်ဖြစ်တော့မယ်မထင်ဘူး၊ ရန်ကုန်နဲ့ငါတို့မြို့ကို ကူးချည်သန်းချီလုပိရတော့မှာ၊ ငါတို့ဆီကပစ္စည်းတွေကို အရောင်းအ၀ယ်လုပ်မလို့”

“ကောင်းတာပေါ့ အလုပ်ရှုပ်သက်သာတယ်၊ နင်လာရင် ငါထွက်စကားပြောနေရတဲ့အလုပ် မရှိတော့ အချိန်မပုပ်တော့ဘူးပေါ့”

” ငါက နင့်ကိုအလုပ်ရှုပ်စေသူပေါ့ဟုတ်လား စီးစီး”

စ,တာပါလို့မပြောဖြစ်လိုက်ပြန်။ စီးစီးဟာ ကိုယ့်စကားကြောင့် အမောင့်ကိုနာကျင်စေမိမယ်လို့ တခါမှတွေးမထားသူ အမိုက်အမဲကလေးပါပဲ။

အဒီနေ့ကစလို့ အမောင်နဲ့စီးစီးမတွေ့ဖြစ်ကြတော့တာ နှစ်ပေါက်သွားခဲ့တယ်။
တလွဲမာနကြီးတဲ့ စီးစီးဟာ
ခါတိုင်းလို အမောင်နဲ့ စိတ်ချင်းဆက်သွယ်ဖို့ မကြိုးစားခဲ့တော့ပဲ သတိရစိတ်ကို အတင်းမေ့ထားမိခဲ့တယ်။

သူတောင်နေနိုင်တာပဲဟာ ဆိုတဲ့အငုံ့စိတ်နဲ့ သတိမရချင်ယောင်ဆောင်ခဲ့တယ်လေ။

“စီးစီးရေ အမောင်လာတယ်”

အဲဒီနေ့က မိုးဆိုတာ ပိန်းပိတ်နေအောင်ရွာနေခဲ့ တာ။ ဝါဆိုဝါခေါင် ရေဖောင်ဖာင်ဆိုတဲ့အတိုင်း။ စီးစီးတို့အိမ်ရှေ့ကလမ်းဟာ ရေမြုပ်နေခဲ့သေးတာလေ။

ပိတ်ရက်မို့ စီးစီးဟာ နေ့လည်တရေးအိပ်နေမိတာပေါ့။

အိမ်ကလူတွေအော်သံကြောင့်နိုးလာပေမဲ့ စီးစီးမထဘူး။ တခုခုစိမ်းသက်တဲ့ယနံ့။
စီးစီးမနောမှာရနေခဲ့တယ်။
အတန်ကြာ ငြိမ်နေခဲ့ပေမဲ့ ဧည့်ခန်းဆီက ဘာသံမှထွက်မလာတဲ့အခါ။

စီးစီးအခန်းနဲ့အနီးဆုံး။ဧည့်ခန်းကို ထွက်လာလိုက်တယ်ဆိုရင်..

အမောင်လေ နှစ်ယောက်ထိုင်ဆက်တီပေါ်မှာ မျက်လုံးမှိတ်ပြီး အိပ်နေခဲ့တယ်။

မိုးရေစိုနေတဲ့မိုးကာကိုလဲ မချွတ်ဘူး။ မိုးကာကကျလာတဲ့ မိုးရေစက်တွေက မျက်ရည်စက်တွေ ကျနေတာပဲလို့ မဆီမဆိုင်စီးစီးတွေးမိသေးရဲ့။

“ဟဲ့ မအိပ်ခဲ့ရရင်လဲ နင့်အိမ်ပြန်အိပ်လေ အမောင်ရ”

ဒီတော့မှ မျက်လုံးဖွင့်ကြည့်လာတဲ့အမောင်။ မပွင့်တပွင့် အပြုံးရိပ်က
နာကျင်နေသလိုလို ဘာလိုလိုနဲ့။

အို တကယ်ကိုစိမ်းသက်တဲ့နေ့ပါပဲလား။ အပြင်မှာမိုးကရွာနေတုန်းပါ။

“တစ်နှစ်ကြီးများတောင် အလုပ်ဇောကပ်နေခဲ့တာ သဌေးဖြစ်ခဲ့ပြီလားဟင် အမောင်”

“ပညာမတတ်တော့လဲ ပင်ပန်းတာပေါ့ စီးစီးရယ်”

“အံမယ်…”

ဒီလောက်ပဲ စီးစီးပြောနိုင်တယ်။ ဒီတစ်ခါပြန်တွေ့တာဟာ စီးစီးနဲ့အမောင်ကြား အလွှာတစ်ခုခြားထားသလို တကယ့်ကိုစိမ်းသက်နေခဲ့တာ အံ့ဩစရာ။

“စီးစီး”

“ဘာလဲ နင်လက်ထပ်တော့မယ်ဆိုပြီး ဖိတ်စာလာပေးတာလား”

တကယ်ပါ။ စီးစီးလေ နှုတ်တကယ်စီးနေတာ၊ မထင်မှတ်ပဲထွက်သွားတဲ့ အပြောင်အပျက်စကားက အတည်ဖြစ်နေမယ်လို့ ဘယ်သူထင်မှာလဲ။

“ဟာ နင်သိလိုက်ပြန်ပြီလား”

ဘုရား။ တကယ်ကြီးလားအမောင်ရဲ့။ မျက်နှာမပျက်အောင်ထိန်းနေတဲ့ကြားက။

“ရော့ ဖိတ်စာ”

တကယ်ကြီးကိုး။ တစ်နှစ်လောက်ပျောက်နေခဲ့တာဟာ
မိန်းမသွားရှာနေခဲ့တာကိုး။ စိတ်ရှိလက်ရှိထုရိုက်ပစ်ချင်တယ်။

စီးစီးပဲလေ။ ရင်ထဲကခံစားချက်ကို ဘယ်သူမှ ဘယ်တော့မှမသိအောင်နေတတ်ခဲ့တဲ့စီးစီးပဲလေ။

အမောင်ရယ်။

ရွှေရောင်ဖောင်းကြွဖိတ်စာထဲမှာတော့…

ကျွန်တော်

အမောင်(ဆယ်တန်းသုံးခါကျ)

ကျွန်မ

သင်းသင်းကြည်(လေးတန်းမအောင်)

တို့ရဲ့မင်္ဂလာပွဲသို့ တစ်ဖက်ပါအစီအစဉ်အတိုင်း ကြွရောက်ချီးမြှင့်ကြပါရန်။

တမင်ရွဲ့ရေးထားတဲ့ဖိတ်စာအလား။ ဖတ်ရတာ ရင်နာလိုက်တာ။ နင်အာ့လောက်နာကျင်သွားမယ်လို့ ငါဘာလို့မသိခဲ့ရတာပါလိမ့်။

“အတန်းပညာမအောင်တာ ထည့်ရေးဖို့လိုသလားဟယ်၊ နင့်မိန်းမဖက်ကကော လက်ခံရဲ့လား”

“လက်မခံစရာလား ၊ သူ့သမီးထက်ငါက ခြောက်တန်းတောင်မြင့်သေးတဲ့ဟာ၊ သူတို့တင်တောင်းခိုင်းတဲ့ငွေနဲ့ရွှေကို ငါပေးနိုင်တယ်လေ ”

” ကောင်းပါတယ်အမောင်၊
Congratulation”

” နင်တို့လို ပညာတတ်တွေစကား ငါနားမလည်ပါဘူးစီးစီးရယ်၊ နင် ငါ့မင်္ဂလာပွဲကိုလာရမယ်နော်”

” နင်ကကိုယ်မြို့မှာမှမလုပ်တာ၊ နင့်မိန်းမရှိတဲ့မြို့ထိ ငါမလာနိုင်ပါဘူးဟယ်”

“ငါ ကားလွှတ်ပေးမယ်လေစီးစီး၊ ငါ့ဘ၀မှာနင်ကအရေးအကြီးဆုံးသူငယ်ချင်းပါ၊ ငါ့ပွဲကနင်လာမှပြည့်စုံမှာပါ”

“သွားစမ်းပါ အပိုတွေ ၊ နင်သိပ်အစွဲသိပ်မထားနဲ့၊ ငါ့မှာနင့်ထက် ခင်ရတဲ့သူအများကြီးရယ်”

နောက်ဆုံးအချိန်ထိ စီးစီးက
အကန်ပြောတုန်း။ စီးစီးသူ့ကိုချစ်ခဲ့တာကို သူမသိလက်စနဲ့မသိပါစေနဲ့တော့လေ။

“ယုံပါတယ်စီးစီးရယ်၊ ငါကသာနင့်ကိုခင်ခဲ့ရသူပါ၊ ကဲ ငါပြန်တော့မယ်နော်”

သူပြန်သွားပြီ။ အမောင်ရေလို့ သတိရတိုင်း တ,မဲ့သူမရှိတော့ဘူး။ အမောင့်ရဲ့ ဆယ်ကြိမ်မြောက်သွေးလှူတုန်းက ရလာတဲ့ နီနီရဲရဲအသည်းပုံရင်ထိုးလေးပေါ် မျက်ရည်တစ်စက်ကပေါက်ကနဲ။

တကယ်ဆို ဘွဲ့ရပညာတတ်မှ
စီးစီးနဲ့လိုက်ဖက်မယ်လို့ တွေးခဲ့မိတာ အမှားလား။
ဒီလိုနာကျင်ရလိမ့်မယ်လို့
စီးစီးသာကြိုသိခဲ့ရင် နင့်ကိုဆယ်တန်းအောင်က်ုအောင်ရမယ်လို့ ဖိအားမပေးခဲ့ပါဘူးအမောင်ရယ်။

လွတ်တဲ့ငါးကြီးတာမျိုးမဟုတ်ပေမဲ့ စီးစီးလေ။ ကိုယ်တိုင်က ဘာကိုလိုချင်သူလဲဆိုတာမဝေခွဲတတ်ခဲ့သူပါ။

အမောင်တို့အိမ်ထောင်ရေး အဆင်ပြေပါစေကွယ်။

ချစ်တဲ့, တင်မိမိအောင်

(၁၉၀၀ စွန်းစမှသည် ၁၉၉၀ နှစ်များဆီမှ အတွေးအခေါ်ဟောင်းတစ်ခုကြောင့် ချစ်ရသူချင်းဝေးသွားခဲ့ဖူးကြသူတွေမနည်းပါ။ ထိုထဲကအကြောင်းအရာတစ်ခုကိုတော့ စွဲမြဲသတိရနေဆဲပေါ့လေ)

 

 

 

 

..