အာဃာတမီး

Posted on

အာဃာတမီး(စ/ဆုံး)

——————

”အဲဒီတော့ နင်တို့က ငါ့စပါးခင်းတွေကို မရိတ်ပေးနိုင်တော့ဘူးပေါ့..အဲလိုလား”
သားကြီး အံ့မောင်ရဲ့ ဒေါသ သံကြောင် ဘုရားပန်းအိုးတွေဆေးနေတဲ့ ဒေါ်အေးမေ တယောက် အိမ်ရှေ့ သရက်ပင်အောက် အကြည့်ရောက်သွားလေတော့သည်..။သူ့ရှေ့မှာတော့ ခေါင်းငုံံ့ထားတဲ့ ထွန်းမောင်တို့ လင်မယား..
” ကျွန်တော်တို့ ရိတ်ပေးမှာပါ ကိုအံ့မောင်ရယ်..ဒါပေမယ့် လေးငါးရက်လောက်နောက်ဆုတ်ပေးပါလား.. ဟိုဘက်ရွာက ဦးလေးသိန်းလယ်ကွက်တွေ ရိတ်ပေးရဦးမှာမိုလို့ပါ”.. လူဆင်းရဲ ကျောမွဲ ထွန်းမောင်ရဲ့ တောင်းပန်ခယနေတဲ့ အသံ။..
” သြော် စပါးတွေ မရင့်မှည့်သေးခင်ကတည်းက မင်းတို့ကို ငါပြောထားတာလေ.. ဘာလဲ ဦးသိန်းက နေ့စားခ ပိုပေးလို့ မင်းတို့ ဦးစားပေးလိုက်တာ မလား ငါမသိရင်ခက်မယ်.. မင်းတို့ကောင်တွေ အဲဒါကြောင့် ဒီဘဝက မတက်တာ”..။
ဒေါ်အေးမေ ​မနေသာတော့ပေ။..
“ဟဲ့သားကြီး စကားကို ချိုချိုသာသာပြောပါကွယ်”
ဒေါ်အေးမေရဲ့ ဟန့်တားလိုက်သံကြောင့် ထွန်းမောင်တို့လင်မယား ဒေါ်အေးမေကို အသနားခံတဲ့ မျက်လုံးတွေနဲ့ကြည့်ရင်း” ဟုတ်ပါတယ် အရီးလေးရယ် ဦးလေးသိန်းက နေ့စားခ ငါးရာပိုပေးတာ မှန်ပါတယ်..
ကိုအံ့မောင် ကြိုပြောထားတာလည်း အမှန်ပါ.. ဒါပေမယ့် သားကြီးက ဒီနှစ် ကိုးတန်းတက်ရတော့မှာ.. ကျောင်းအပ်ရတော့မယ် စာအုပ်ဖိုးဘာဖိုးနဲ့ ကျနော်တို့ ပိုက်ဆံတကယ်လိုအပ်နေလို့ပါ.. ​ လေးငါးရက်.. အလွန်းဆုံး တစ်ပတ်ပါပဲ.. ပြီးရင် အရီးလေးတို့လယ်တွေကို ရိတ်ပေးပါ့မယ်..”။
”ဟေ့ကောင် မင်းတို့ကို ငါစောင့်မနေနိုင်ဘူးကွ ပိုက်ဆံပေးခိုင်းရင် လုပ်ချင်တဲ့လူတွေမှ တန်းစီလို့.. ခု မင်းတို့ကစပြီး ကတိပျက်တာ.. အေး မင်းတို့ ငတ်ပြတ်လာတော့မှ အလုပ်လေးပေးပါ ကိုအံ့မောင်ရယ်လာမလုပ်နဲ့.. သွားကြ..မင်းတို့ကို မြင်ရတာ ကျက်သရေယုတ်တယ်”
အံ့မောင်ရဲ့ ရင်သီးလွန်းတဲ့ စကားလုံးတွေရဲ့ အဆုံးမှာ ထွန်းမောင်တို့လင်မယား မျက်နှာ မသာမယာနဲ့ ကုပ်ကုပ်လေးထွက်သွားကြလေသည်။
“သားကြီးရယ် မင်းကလည်း စကားပြောရင် ညှာညှာတာတာပြောမှပေါ့.. ထွန်းမောင်တို့လင်မယားက အလုပ်လုပ်ရင်လည်းစေတနာပါတယ်.. ဆင်းရဲပေမယ့် စိတ်ဓာတ်လေးတွေ မဆိုးရှာပါဘူး..သူတို့ခမျာ တကယ် ခက်ခဲနေလို့ ဖြစ်မှာပါ..”
” ဆင်းရဲတာတွေ ခက်ခဲတာတွေ နားမလည်ဘူးဗျာ.. ကျုပ်က ကတိမတည်တဲ့လူ ​​တွေဆို ကြည့်မရဘူး.. ကျုပ်လည်း တည်တယ်”
အံ့မောင်ရဲ့ ဒေါသမပြေသေးတဲ့ စကားသံကြောင့် ဒေါ်အေးမေ ပြုံးနေလိုက်တယ်.. ကိုယ်မွေးထားတဲ့သားအကြောင်း ကောင်းကောင်းသိတာပေါ့..စိတ်ရင်းစိတ်ထား မဆိုးပေမယ့် ပြောပေါက်ဆိုးတယ် ဒေါသကြီးတယ်..လောကကြီးမှာ ဆန်ပေးမှ ဆီရတာ..ဘယ်အရာမှ အလကားမရဘူးလို့ ခံယူထားတဲ့လူလေ။
“ဘဝတွေက မတူဘူးလေ သားကြီးရဲ့… မင်းက ပြည့်စုံဖူလုံနေတဲ့လူဆိုတော့ သစ္စာတွေ ကတိတွေ တည်နိုင်ဖို့ သိပ်အခက်အခဲမရှိဘူးလေ ငါ့သားရဲ့..ဒါပေမယ့် မရှိဆင်းရဲသားတွေကိုတော့ သားရဲ့ပေတံကြီးနဲ့လိုက်မတိုင်းပါနဲ့ကွယ်.. သူတို့မှာ သားမသိနိုင်တဲ့ အခက်အခဲတွေ ရှိနိုင်တယ်လေ..စားဝတ်နေရေး ကျန်းမာရေးတွေအတွက် တချို့သေးသေးမွှားမွှား ကတိတွေကို မတည်နိုင်ကြရှာဘူး..လေးငါးရာဆိုတဲ့ငွေဟာ သားအတွက် ဘာမှမဟုတ်ပေမယ့် သူတို့အတွက် သေရေးရှင်ရေးလို အရေးကြီးနိုင်တယ်.. ထွန်းမောင်တို့ မိသားစုကို သားသိတာပဲ.. သူတို့ မှာ သားသမီးလေးယောက်ရှိတယ် အကြီးဆုံးကောင်လေးက ကိုးတန်းတက်ရမယ်..အဲဒီကလေးက စာတော်သလို မိသားစုအပေါ်မှာလည်း သိတတ်တဲ့သားလိမ်မာလေးပါ…ကျောင်းပိတ်ရက်တွေဆို မိဘတွေနဲ့အတူတူအလုပ်လုပ်ပြီး မိဘတွေကိုကူညီနေတဲ့ လူကောင်းလူမွန်လေးပါ .. သူ့အတွက် ကျောင်းစရိတ်လိုလို့ ပိုပေးတဲ့အလုပ်ကို လက်ခံလိုက်မိတာကို ငါ့သားနားလည်ပေးလိုက်ပါကွယ်”
ဒေါ်အေးမေက စကားအရှည်ကြီးပြောပြီး ပြေရာပြောကြောင်း ဘယ်လိုပင် နားချစေကာမူ အံ့မောင်တစ်ယောက် ဘယ်လိုမှ ကြေအေး၍ မရနိုင်ပေ…။
” အမေ မသိပါဘူးဗျာ.. အမေ အဲလို ကာဆီးကာဆီးလုပ်နေလို့ အဲလိုလူတွေက ရောင့်တက်နေကြတာဗျ.. မွဲတယ်ဆိုတာ သူ့အကြောင်းနဲ့သူ”။

………………………………………………………………

“ဟေ့ကောင် သူခိုး.. ရပ်စမ်း.. ပြေးမယ်မကြံနဲ့ လက်ထဲမှာ ကိုင်ထားတာ ဓားနော်.. ဇက်ပြတ်သွားမယ်”
ရွှေဖရုံသီး အမှည့် တစ်လုံးကို လက်နှစ်ဖက်နဲ့ ရင်ခွင်ထဲမှာ ပိုက်ထားတဲ့ လူငယ်တယောက်..အံ့မောင်ရဲ့ ရှေ့မှာ တဆတ်ဆတ်တုန်နေတယ်။ပြီးတော့ အံ့မောင်ကို အလန့်တကြား ကြည့်နေတဲ့ မျက်လုံးတစုံမှာ မျက်ရည်တွေက ပြည့်လို့.. အံမောင် မဲ့ပြုံးတချက် ပြုံးလိုက်မိတယ်။
“ဘယ်သူများလဲလို့ ထွန်းမောင်ရဲ့ သားအလိမ္မာလေးကိုးကွ.. သူများပစ္စည်း မခိုးရဘူးလို့ မင်းအဖေနဲ့အမေက ဆုံးမ မထားဘူးလား”
အံ့မောင်ရဲ့ စကားအဆုံးမှာ လူငယ်လေးဟာ ဆတ်ခနဲ တုန်သွားပြီး ထူးထောက်လျက် ချုံးပွဲချ ငိုတော့တယ်။..
“ကျွန်တော်….ကျွန်တော်………….”
အံမောင်က လက်ကာပြပြီး
” သူခိုးတယောက်ရှင်းပြတာကို နားမထောင်ချင်ဘူးကွာ.. ငါကတော့ ဒီအတိုင်း ကြေအေးမပေးနိုင်ဘူးဟေ့… သူကြီးအိမ်မှာ တွေ့ကြတာပေါ့”
ကောင်လေးက ကြောက်လန့်တကြားဖြင့်”မလုပ်ပါနဲ့ ဦးလေးရယ် ကျနော် တခါမှ ဒီလိုမလုပ်ဖူးပါဘူး ကျနော့်ကို ရိုက်ချင်ရိုက် သတ်ချင်သတ်ပါ.. သူကြီးကိုတော့ မတိုင်လိုက်ပါနဲ့ လူတွေသိကုန်ရင် ကျနော် ..ကျနော်.. ရှက်လွန်းလို့ပါဗျာ တောင်းပန်ပါတယ်”…။ “ဟား ဟုတ်လည်းဟုတ်တဲ့ကောင်ကွာ သူခိုးက ရှက်လို့ပါတဲ့..” လက်အုပ်ချီတောင်းပန်နေတဲ့ ကောင်းလေးကိုကြည့်နေရင်း ကတိမတည် လူလည်လုပ်သွားကြတဲ့ သူ့မိဘတွေရဲ့ မျက်နှာကို မြင်ယောင်လာတယ်..။ အံ့မောင် ကျေနပ်စွာ ပြုံးလိုက်သည်။ ပြီးတော့ စိတ်ထဲကနေ တိုးတိတ်စွာ ကြုံးဝါးလိုက်တယ်..
“တွေ့ကြပြီပေါ့ ထွန်းမောင်ရာ..”
……………………………………………………………….

အံ့မောင် သူကြီးအိမ်ကို ချက်ချင်းသွားပြီး အကြောင်းစုံ တိုင်ကြားလိုက်လိုက်သည်။ ” ဟုတ်ရဲ့လား အံ့မောင်ရယ်..အဲဒီကောင်လေးက ဆင်းရဲပေမယ့် ခြေဆော့လက်ဆော့ ရာဇဝင် မရှိဖူးပါဘူး လူကောင်းလေးပါ.. ငါဖြင့် ယုံတောင် မယုံနိုင်ဘူး”
အံ့မောင် ဒေါသထွက်ရပြန်ပြီ။
“သူကြီး မယုံရင် သူ့ကို ခေါ်ပြီး မေးကြည့်ဗျာ..ကျုပ်က ညာစရာလား”
အဲဒီအချိန်မှာ လူတယောက် မောကြီးပန်းကြီး ပြေးလာပြီး..
“သူကြီးရေ ဒုက္ခပါပဲဗျာ… ထွန်းမောင့်သားလေးလေ.. ပိုးသတ်ဆေးတွေသောက်ပြီး သေပြီ” တဲ့။…

…………………………………………………………..
“အရီးလေး စိတ်မကောင်းလိုက်တာ ထွန်းမောင်ရယ်… မင်းတို့သားလေးက အဲလို အကျင့်မရှိခဲ့ဖူးပါဘူး ဘယ်လိုဖြစ်ရတာလဲ အရီးနားမလည်နိုင်တော့ဘူး”
အမေ့ရဲ့ စကားသံတွေကို အိမ်အပေါ်ထပ်မှာ ငြိမ်သက်စွာထိုင်နေတဲ့ အံ့မောင်တယောက် အတိုင်းသား ကြားနေရတယ်။.
ထွန်းမောင်နဲ့ သူ့မိန်းမတို့ရဲ့ မချိတင်ကဲ ဝမ်းနည်းသံတွေ….။ “သားလေး အရမ်းရှက်သွားတာ.. တခါမှ မလုပ်ဖူးတဲ့အလုပ်ကို လုပ်မိတော့ ပိုဆိုးသွားတာပေါ့.. အဖြူပေါ်ကျတဲ့ အမဲတစ်စက်က ပိုပြီး သိသာထင်ရှားသွားတာပေါ့ဗျာ..
ဘယ်သူ့ကိုမှ မပြစ်မတင်ချင်တော့ပါဘူး အရီးလေးရယ်..ကျနော်တို့ရဲ့ အတိတ်ကံကြောင့် ဆင်းရဲမွဲတေလွန်းလှတဲ့ ဘဝတွေကိုသာ နာကြည်းမိတော့တယ်.. သားက မိမဆုံးမ ဖမဆုံးမ သားသမီးတယောက်မဟုတ်ရပါဘူး.. ကျနော်တို့ အမြဲဆိုဆုံးမခဲ့သလို သားကလည်း အလွန်လိမ္မာသိတတ်တဲ့ကလေးတယောက်ပါ…သား ကျောင်းစရိတ်အတွက် ဟိုဘက်ရွာက ဦး​လေးသိန်းရဲ့ လယ်တွေ ရိတ်သိမ်းရတယ် မိုးလင်းမိုးချုပ် အလုပ်လုပ်ရတော့ အဲဒီရွာမှာပဲ ညအိပ်ကြရတယ်.. သားက သူ့ညီ ညီမတွေကို စောင့်ရှောက်ရင်း ဒီလို အဖြစ်ဆိုးသွားခဲ့ရတာ…ကျနော်တို့ နှစ်ရက်လောက် အိမ်ပြန်နောက်ကျသွားလို့ ကျနော်သားလေး သေရတာ.. ကျနော်တို့ မရှိတဲ့အချိန် ချက်ပြုပ်စားသောက်ဖို့ ထားခဲ့တဲ့ရိက္ခာတွေက မလုံလောက်​ဘူးလေ… အဲဒိနေ့က သူ့ညီတွေ ညီမတွေ ဗိုက်ဆာနေကြတာကို မကြည်ရက်နိုင်တဲ့ အကိုကြီးဖြစ်တဲ့ ကျနော့်သားလေးက ကြံရာမရပဲ ရွှေဖရုံသီးအမှည့်လေးကို ပြုပ်ပြီး ကျွေးချင်တာနဲ့……….”
ထွန်မောင်ရဲ့စကားသံတွေ ဆို့နင့်တိမ်ဝင်သွားပြီး မဆက်နိုင်တော့ဘူး…
.” တော်ပါတော့ကွယ် အရီး နားလည်ပါပြီ”…

ထွန်းမောင်တို့ လင်မယားပြန်သွားတဲ့ အချိန်ထိ အံ့မောင် ထိုင်ရာမှ မထရဲ.. ချောင်းတောင် မဟန့်ရဲပေ.. တသက်လုံး အထက်စီးကနေ ပြီး နိုင်လာတဲ့ လူဆင်းရဲလင်မယားနှစ်ယောက်မျက်နှာကို ဘာကြောင့် ခု မကြည့်ဝံ့ဖြစ်နေရတာလဲ။

ခြေတစ်လှမ်းမှ မရွေ့လှမ်းရပါပဲနဲ့ မိုင်ပေါင်းများစွာ မရပ်မနား ပြေးလာခဲ့သူလို အားအင်တွေ ကုန်ပြီး ရင်ထဲမှာ မွန်းကြပ်နာကျင်နေတယ်..ဟုတ်တယ် အံမောင်မှားသွားပြီ.. မှားတာမှ ပြန်အဖတ်ဆည်လို့ မရနိုင်လောက်အောင် အကြီးကြီးမှားခဲ့တာပါ..

ဘာတန်ကြေးမှ မရှိတဲ့ ဖရုံသီးလေး တစ်လုံးအတွက်
ဖွံ့ဖြိုးလာတော့မယ့် အဖိုးတန်အသီးအကင်းလေးကို အငြှိုးတကြီး ရိုက်ချလိုက်မိပြီ…
“သား.. ”
တယောက်တည်းအတွေးလွန်နေရာမှ မိခင်ဖြစ်သူရဲ့ ကြင်နာစွာခေါ်သံကြောင့် အမေ့မျက်နှာကို တွေတွေကြီးကြည့်နေမိတယ်..
” နောက်ဆို ဆင်ခြင်ပါ သားရယ်..ဘာမှမဟုတ်တာ​လေးအတွက်နဲ့ ပေးဆပ်လိုက်ရတဲ့ အရာတွေက တန်ဖိုးကြီးလွန်းလို့ပါ”…။
မိုးနိုင်