#ဆင်ဖြူကျွန်းအောင်သိန်း
အိုလေ့ ကြင်နာတတ်လေသူ
ချိုးကူသံသည် ဝါးပင်များကြားရှိ လူကိုအလုပ်ပျက် အောင် ဖြားယောင်းနေ၏။ အေးဆောင်မှာ အသံကြားရုံဖြင့် ဤချိုးကူသံသည် မြသွယ်တို့ ယာစပ်ရှိ ထနောင်းပင်ပေါ်မှဟု သိ၏။ သိသောအခါ လက်က ယားလာ၏။ ခါးတွင် အသင့်ထိုးထားသော ခွလောက်လေး (သားရေခွ) နှင့် ခါးပိုက်ထောင်ထဲတွင် အသင့်ထည့်ထားသော လောက်စာလုံးများမှာ ချိုးပစ်ရန်ပင်ဖြစ်၏။ သို့လျှင်ဖြစ်ငြား ဝါပင်တွေကို ခုတ်ဖို့က ပိုပြီးအရေးကြီးနေသည်။
အေးဆောင်၏ဝါတွေမှာ ဝါကြီးဖြစ်သည်။ ယာခင်း ကြီးကို ကန့်လန့်ဖြတ်လျက် ဝါတန်းခြောက်တန်း ချထားသည်။ တစ်တန်းနှင့်တစ်တန်း ဝါးနှစ်ရိုက်ခွဲ၊ သုံးရိုက်ကွာသည်။ တစ်နှစ်လျှင် တစ်ကြိမ်ကျ ခါးဖြတ်ပစ်နေကျ၊ ယခုထိ မဖြတ်ရသေး။
သည်ဝါတန်းကို နှိမ်မည် ရည်ရွယ်ချက်ဖြင့် အိမ်မှ အေးဆောင် ထွက်ထွက်လာခဲ့သည်မှာ သုံးကြိမ်ရှိပြီ။ တစ်မြန်နေ့က ဓားကို ကျကျနနသွေးပြီး ထမင်းထုပ်နှင့်၊ ရေဘူးနှင့် စောစောထွက်လာသည်။ ဝကြီးနှင့် ကျော်လွန်းတို့ သစ်ခေါင်းပျား ဖွတ်နေသည်နှင့် တိုးသောအခါ ယာကို အေးဆောင် မေ့တော့သည်။
တစ်နေ့ကလည်း စောစောပင် ထွက်ခဲ့သည်။
“ကနေ့တော့ စိတ်ချပါ အမေရာ”ဟူ၍ပင် ပြောခဲ့ သေးသည်။ ယာသို့လည်း ရောက်လာပါ၏။ မိမိယာနှင့် မြသွယ်တို့ ယာကြားရှိ ထန်းပင်ပေါက်ကလေးတွေဘေးသို့ အရောက်တွင် မြသွယ်တို့ မောင်နှမကို တွေ့ရ၏။ “ပွေးစုန့်”တွေ့သောကြောင့် ပွေးလိုက်ရန် တူးဆွနေကြ၏။
“ပွေးဆိုရင်တော့ မရဘူးဟေ့၊ ငွေအိုး-တူးဟေ့ တူး”
ငွေအိုးမှာ မြသွယ်၏မောင် အငယ်ဆုံးဖြစ်၏။ ထန်းပင်ပေါက် “ခရိုး”ကို လွန်လျှင် သူ့ယာထဲသို့ ရောက်ပြီ။ သို့ဖြစ်ငြား အေးဆောင် မသွားနိုင်။ ထမင်းထုပ်နှင့် ရေဘူးကို ထန်းပင်ပေါက်များတွင် ချိတ်ထားလိုက်သည်။ ပဲပုံကြားတွင် ဝှက်ထားသော ငန်းပြားကို ပြေးယူကာ အားကြိုးမာန်တက် ကူညီတူးဆွတော့သည်။
ယာကိုသာ ခရိုးခြား၍ ရ၏။ ပွေးကိုကား ခရိုးခြား ၍၊ စည်းတား၍ မရပါ။
ပွေးကိုတွေ့လျှင် တွေ့ချင်း တူးလျှင် တူး၊ မတူးလျှင် မောမည်။ စိုက်ခင်းထဲသို့ ရောက်လာမှသာ “လိုက်” တော့မည်ဟု မွေးထားမိပါမူ တစ်ခင်းလုံး ပျက်ပြီမှတ်။
မြေအောက်ဘုရင် ပွေးသည် နေ့ရော၊ ညပါ အလုပ်လုပ်၏။ မြေပေါ်တွင် လူသွားလူလာနည်းသော ညအချိန်တွင် ပိုပြီး အလုပ်လုပ်သည်။
ဥမင်လိုဏ်ခေါင်း မနားတမ်းဖောက်သည်။ ပွေးစုန့်ကျစ်စာများကို အပင်ပေါက်ကလေးတွေ အပေါ်သို့ ဖို့ပစ်သည်။ အောက်တွင် လိုဏ်ခေါင်းရှိသော အပင်များမှာ အစိုဓာတ်ပျက်ပြီ။
သို့ကြောင့် ပွေးကိုတွေ့လျှင် သူ့ယာ၊ ငါ့ယာ ခွဲမနေနိုင်။ အေးဆောင် အားကြိုးမာန်တက် တူးတော့သည်။ အေးဆောင်သည် လာရင်းကိစ္စကိုသာ မေ့သည် မဟုတ်။ မြသွယ် သူ့အနားတွင် ရှိနေသည်ကိုလည်း သတိမရတော့ပါ။ သူ့အာရုံတွင် ပွေးသာရှိသည်။ ပွေးတွင်းကို တူးဖြိုပစ်ခဲ့သော မြောင်းသည် ရှည်သည်ထက် ရှည်လာ။ နေကလည်း ပူသည်ထက် ပူလာ၏။
မြသွယ်သည် ယာခရိုးများကို သွားရောက်ပြုပြင် သည်။ အတန်ကြာလျှင် ပွေးလိုက်သူများထံ ပြန်လာသည်။ ပွေးလမ်းကြောင်းသည် ယာပြင်သို့ ထွက်သွားလေပြီ။
“တော်ရောပေါ့၊ ဒီပွေး တော်တော်နဲ့ လာရဲတော့မှာ
မဟုတ်ပါဘူး”
ထိုအခါ ငွေအိုးက အေးဆောင်အား လှမ်းကြည့် သည်။ အေးဆောင်က မြသွယ်အား လှည့်ကြည့်၏။
“ပွေးကိုတွေ့ရင် မမိမချင်း လိုက်ရတယ်ဟာ၊ အဲဒါမှ ပွေးမျိုးပြုတ်ပြီး ယာတွေကို မဖျက်ဘဲရှိတော့မပေါ့”
“လှည်းလမ်းကို ဖြတ်ရင် မြေမာပြီ၊ တော်တို့ ပင်
ပန်းမှာစိုးလို့ပါ”
“ယာလုပ်တာလည်း အိုပြီးသေတော့မယ်”
အေးဆောင် ပြောလိုသည်မှာ ပွေး၏ မာယာဖြစ်
သည်။ ယခုတွင် တောင်အရပ်သို့ ဦးလှည့်ထား၏။ နောက်ထပ် တစ်တောင်မျှ တူးမိချိန်ဝယ် ပွေးလမ်းကြောင်း ဥမင်လိုဏ်ခေါင်းသည် မြောက်အရပ်သို့ ပြန်လည်ဦးလှည့်သွားတတ်၏။ သည်မျှ ယာလုပ်သက် ကြာညောင်းပါလျက် ပွေးသဘာဝကို မသိရသလော။
သို့သော် ဤသဘော ပေါ်လွင်လာအောင် အေးဆောင် ပြောခွင့်မရ။
“တော်သာ အိုပြီး သေမှာ”
အေးဆောင် ဖျတ်ခနဲ လှည့်ကြည့်သည်။ စူထားသော နှုတ်ခမ်း၊ ထိုးထားသော မျက်စောင်းများမှာ တစ်မျိုးလှည့်၍ တစ်နည်း တင့်တယ်သည်။ သို့ ကြောင့် အေးဆောင်မှာ ကျေနပ်စွာ ပြုံးမိသည်။
“ဘာရယ်တာတုန်း။ ဒါ ရယ်စရာလား”
“မရယ်ပါဘူးဗျာ။ ပြုံးတာပါ”
“ကဲ ပြုံးဦး”
“ဟာ..ဟေ့ မြသွယ်၊ မလုပ်နဲ့ဟာ”
မြသွယ်သည် မြေကြီးခဲ တစ်ခဲဖြင့် ကောက်ပေါက် သည်။ အေးဆောင် ဟန့်တားချိန်တွင် မြေကြီးခဲက မြသွယ်၏ လက်ထဲမှ ပြေးထွက်လာပြီ။ မြသွယ်က သာမန်မြေကြီးခဲ ထင်သော်ငြား မြေကြီးပေနေသော ကျောက်ခဲဖြစ်သည်။ သို့အတွက် မလုပ်ရန် အေးဆောင် ဟန့်တားသည်။
မရ။ မရသောကြောင့် လက်နှစ်ဘက်ဖြင့်လည်း ကာ၊ ခေါင်းကိုလည်း ငုံ့ငဲ့တိမ်းရှောင်သည်။
ဒေါင်ခနဲ ငွေအိုး၏ ချိုစောင်းကို ထိသံ၊ အားခနဲ အော်သံသည် တစ်ဆက်တည်း ပေါ်လာသည်။ အစ်မဖြစ်သူ သူ့ကိုချစ်မှန်း သိသောကြောင့် ဟန်လုပ်သည်ဟု အေးဆောင်ထင်သည်။
ဟင်ခနဲ အော်သံနှင့်အတူ မြသွယ် ပြေးလာတော့မှ ငွေအိုးအား အေးဆောင် စောင်းငဲ့ကြည့်မိသည်။
သူလည်း ဟင်ခနဲ အော်မိသည်။ ငွေအိုး၏ ခေါင်းနှင့် လက်ဝါးတွင် သွေးတွေရဲနေသည်။
မြသွယ်မှာ လက်ဝါးပူတိုက်လို တိုက်၊ ကြပ်ထုပ်ထိုး လို ထိုးဖြင့် ပျာယာခတ်နေပြီ။
“နေကလည်း ပူ၊ ချိုစောင်းကိုလည်း ထိလို့ပါဟာ မများပါဘူး”
မြသွယ် စိတ်မဆင်းရဲစေရန် နှစ်သိမ့်သော စကား ဖြစ်သည်။ ပစ်သူနှင့် အပစ်ခံရသူတို့၏ အကွာအဝေး။ ခဲ၏ အရွယ်အစားကို ထောက်ချင့်လျှင်လည်း မပြောပလောက်သည်သာဖြစ်၏။
“ဘာ မများရမှာတုန်း၊ တော်တော် ကိုယ်ချင်းစာ
တရား နည်းတဲ့လူ”
စေတနာဖြင့် နှစ်သိမ့်မိသဖြင့် ရန်အထောင်ခံရသည်။ အေးဆောင်မှာ “ဟောဗျာ”ဟု တအံ့တသြအော်မိသည်။
“ကျုပ်မောင်လေးမှာတော့ သူ့ကို ခင်လိုက်ရတာ၊ သူကတော့ ခေါင်ကွဲသွားတာတောင် မများပါဘူးတဲ့ ခင်ဦးဟဲ့ … အရောဝင်ဦးဟဲ့”
အေးဆောင် နှာခေါင်းထဲတွင် စူးခနဲ ဖြစ်သွားသည်။ ဒေါသဖြစ်လျှင် သည်နှယ် ခံစားရလေ့ရှိသည်။ ထိုဒေါသကို လွှတ်ပေးလိုက်လျှင် မြသွယ်သည် မြေပေါ်တွင် လိမ့်နေအောင် အကန်ခံရလိမ့်မည်။ သို့ကြောင့် အေးဆောင် တောက်ခေါက်သည်။ အံကြိတ်သည်။ လဒပါးပျဉ်းရွက်တွေ ပြေးခူးသည်။
ငွေအိုး၏ ချိုစောင်းမှ သွေးကို ထိုအရွက်ဖြင့်ပင်သုတ်သည်။ ထိုအရွက်ကို ချေပြီး ဒဏ်ရာတွင် ကပ်ပေးသည်။ သွေးအထွက် ရပ်သွားသောအခါ ဒဏ်ရာမှာ လက်သည်းခွံမျှသာရှိကြောင်း ပေါ်လာသည်။
“ဒါ ခေါင်ကွဲတာလားဟင်၊ ကြည့်ပါဦး”
အေးဆောင်မှာ ယခုမှ ဒေါသကို ထုတ်ဖော်ရဲ၏။ သူ့စကား လွန်မှန်းသိသဖြင့် မြသွယ် ငဲ့၍သော်မှမကြည့်။ ထိုအခါတွင် အေးဆောင်မှာ ပိုပြီး ဒေါသဖြစ်လာသည်။ ထမင်းထုပ်နှင့် ရေဘူး၊ ငန်းပြား၊ ဓား စသည်တို့ကို ဖရိုဖရဲ သယ်ဆောင်ထွက်ခွာလာခဲ့တော့သည်။
ထိုနေ့က အချိန်လင့်ပြီဖြစ်သဖြင့် ဝါပင်များ မခုတ်ဖြစ်ငြား ယမန်နေ့ကမူ ခုတ်ဖြစ်ဖို့ကောင်းသည်။ သို့သော် မခုတ်နိုင်။ မြသွယ်နှင့် စိတ်ကောက်နေရသဖြင့် တစ်နေ့ တာ အချိန်ကောင်းများ အလဟဿဖြစ်ခဲ့ရသည်။
ကြည့်လေ၊ သူက စတင် စကားလွန်ခဲ့ပါလျက် သူကပင် မခေါ်၊ မပြော စိတ်ကောက်နေသည်။ အေးဆောင် ခံပြင်းသည်။ ထမင်းထုပ်နှင့် ရေဘူးကို ထားပစ်ခဲ့ ပြီး မြသွယ်နှင့် ရန်ဖြစ်ရန် လိုက်လံရှာဖွေသည်။
ယာထဲတွင် မတွေ့တော့သဖြင့် အိမ်သို့လိုက်သည်။ အိမ်သို့ မရောက်သေး။ ယာထဲသို့ ပြန်လာရပြန်သည်။ ယာထဲတွင် လည်း မြသွယ်ကို မတွေ့။ မည်သို့ဆိုစေ၊ တစ်နေ့တာ အချိန်များ ပုပ်ခဲ့ရပြီ။
ယနေ့မူ မြသွယ်ကို အာရုံထဲမှ ဖယ်လိုက်သည်။ ချိုးကူသံကို ပြိုင်လျက် ရွှေပြည်စိုးတွန်ချိုသံ ရော
လျောက်လာပြန်သည်။ ကျွတ်ကျွတ်လွတ်လွတ် နေပူမည့်နေ့ ဟု အေးဆောင် နားလည်လိုက်သည်။
တောင်ဖျားမှ ဝါတန်းကို စတင်ပိုင်းသည်။
သည်ဝါပင်များကို တစ်နှစ်တစ်ကြိမ် နှိမ်ပေးမြဲဖြစ် သည်။ သို့ပါလျက်နှင့် တစ်နှစ်သား အကိုင်းများက မာကျောလှသည်။ ကျကျနန သွေးထားသော ဓားဖြစ်ပါလျက် မတိုးချင်။ သို့ဖြစ်၍ အားစိုက်ပြီး ယမ်းရသည်။ သို့မှသာ တစ်ချက်ဖြင့် ရသည်။
အားစိုက်ပြီး ခုတ်ရကတည်းက အေးဆောင် သတိ ထားသည်။ ဝါပင်တန်း ခြောက်တန်း၏ အလျားမှာ မိုင်ဝက်ရှည်မည်ကား သေချာ၏။ သည်အပင်များကို နေကုန်သည်အထိ တအိအိ၊ တနဲ့နဲ့ ခုတ်နိုင်ဖို့လိုသည်။ သို့အတွက် ဘယ်ပြန်၊ ညာပြန် ဓားချက်များကို အေးဆေးစွာ တွက်သည်။ ယမ်းသည်။
သို့တစေ ဝါးတစ်ရိုက်ခန့် ခုတ်ပြီးချိန်၌ အေးဆောင် မှာ လက်ပန်းကျလာသည်။ အမောခံနိုင်ငြား လက်ကျသည်ကိုကား အေးဆောင် ဖုံးမထားနိုင်။
နှစ်ပိဿာခွဲစီးဓားမသည် လေးသည်ထက် လေးလံလာ၏။ သည်တစ်ချက် ယမ်းအပြီးတွင် နားဦးမှ စိတ်ကူးဆဲ၌ လက်က တုံ့သွားသည်။ ဝါကိုင်းများကြား၌ လက်သီးဆုပ်ရွယ် ပုခက်ကလေးတစ်ခုကို ဖျတ်ခနဲ မြင်လိုက်ရ၍ ဖြစ်ပေသည်။ ပုခက်ကလေးမှာ ဘွတ်ချွဲသိုက်လော၊ သပိတ်လွယ်သိုက်လော အေးဆောင် မသိပါ။
သိသည်မှာ လှပ သေသပ်ခြင်းဖြစ်သည်။ ရွယ်တူ သစ်ခက်ကလေးတွေဖြင့် ရက်လုပ်ထားသည်။ ပုခက်ထဲတွင် နီတာရဲ ငှက်ကလေး နှစ်ကောင်ရှိသည်။ အမွေးပြောင်အောင် နုတ်ထားသော ချိုးနှင့် မည်သို့မျှမခြား။ သို့သော် သည်အကောင်လေးတွေ က ငယ်ငေါင်းလွန်းသည်။ ပါးစပ်တဟဟဖြင့် အစာ တောင်းနေသည်။
ကျီးကန်း တစ်လုပ်စာပဲ ရှိပါကလား။ ထိုသို့တွေးရင်းက အေးဆောင် မော့ကြည့်သည်။ စွန်လော၊ လင်းတလော မသဲကွဲသော အကောင်တွေ လေဟုန်စီးလျက် ဝဲပျံနေသည်။ သူတို့ မြင်သွားမှဖြင့်ဟူ သည့် စိုးရိမ်စိတ် ဝင်လာသည်။ ခုတ်ပြီးသား အကိုင်းတွေ ဖြင့် အုပ်မိုးပေးသည်။
ငှက်မြင်လျှင် ပစ်ရ၊ ခတ်ရမှ နေသာ ထိုင်သာရှိ သော အေးဆောင် သည်နီတာရဲကလေးနှစ်ကောင်ကျမှ အဘယ်ကြောင့် သူတော်ကောင်းစိတ် ဝင်ရသနည်း။ သူ့ ဘာသာသူလည်း မစဉ်းစားတတ်။
ခဏနားလိုက်ရသဖြင့် အားသစ်ဝင်လာသည်။ ဝါပင် တန်းကို ဓားဖြင့် ဘယ် ညာ တွက်သည်၊ နှစ်ကောင်တွဲ ပိုးနီတွေ အခဲလိုက် လွင့်ကျသည်။ ပိုးစိမ်းကောင်တွေ၊ နှံကောင်တွေ သဲခနဲ ပျံထွက်ကြသည်။
အေးဆောင်သည် ကျောဘက်သို့ လှည့်ကြည့်၏။
ငှက်ပေါက်စ နီတာရဲကလေးတွေ၏ မိဘတွေရောက်
လာပြီလော။ ရောက်လာလျှင် အစာခွံ့ကြလိမ့်မည်။ နီတာ ရဲကလေးတွေ အသံမထွက်ဘဲ ပါးစပ်ဟနေခြင်းမှာ အစာတောင်းခြင်း ဖြစ်တန်ရာသည်။
ယာခရိုး ရှားစောင်းမြင်းနားပင်တွေကြားတွင် ငှက် တွေရှိသည်။ ဝင်ချည် ထွက်ချည်၊ တက်ချည် ဆင်းချည် ရှိနေကြသည်။ သည်ထဲ၌ နှံပြည်စုတ်ပါသည်။ ဘွတ်ကလုံ ဘွတ်ချွဲ ဘွတ်ဖင်နီ ပါသည်။ သပိတ်လွယ်လည်း ပါသည်။ သို့သော် အေးဆောင် အုပ်ဆိုင်းပစ်ခဲ့သည့် အပင်ဘက်သို့ မလာကြ။
အေးဆောင်က လာစေချင်သည်။ ငှက်ကလေးတွေ အစာစားရစေချင်သည်။ သို့သော် မည်သည့်အကောင်မျှ မလာ။
“ငါရှိနေလို့များလား”
ဟူသည့် အတွေး ဝင်လာသည်။ ခုတ်လက်စအပင်ကို ထားပစ်ခဲ့ပြီး ဝါးတစ်ရိုက်ကျော်နေရာသို့ ရွှေ့သည်။ လေးငါးချက်ယမ်းသည်။ လှမ်းကြည့်သည်။ ငှက် အဝင် အထွက် မရှိ။
လူနှင့် သည်မျှဝေးနေလျှင် ငှက်ကလေးများ၏ မိဘ တွေ လာဖို့ကောင်းပြီ။ သို့ဖြစ်လျှင် မည်သည့်အတွက် မလာကြသနည်း။
“ဟုတ်ပြီ၊ သူတို့အသိုက်ထဲကို ဝင်တာ၊ ထွက်တာ
လူမြင်မခံချင်လို့ဖြစ်ရမယ်”
သို့အတွက် အေးဆောင် နေရာရွှေ့သည်။ တောင်ဖျားအဆုံးရှိ ဝါပင်တန်းမှ မြောက်ဖျားအဆုံးရှိ ဝါပင်တန်းသို့ ပြောင်းသည်။ ကြားတွင် ဝါပင်တန်းလေးတန်းက ထူထပ်သိပ်သည်းစွာ ပိတ်ဆို့ထားပြီ။ သူတို့ မုချလာရမည်။ သူတို့ လာလျှင် နီတာရဲကလေးတွေ မုချ အစာစားကြရပေတော့မည်။
အေးဆောင်သည် ဝါပင်တွေကို ဓားဖြင့် ဝမ်းသာ အားရ ယမ်းသည်။ တစ်မောယမ်းအပြီးတွင် နီတာရဲကလေးတွေကို ချောင်းကြည့်သည်။
သူ့အထင် မှန်သဖြင့် အေးဆောင် ဝမ်းသာသည်။ သပိတ်လွယ်ငှက်နှစ်ကောင် ရောက်နေသည်။
မောပန်းမှုကို ဝမ်းသာမှုက အနိုင်ရသွားသည်။ အေး ဆောင် မနားတော့ပါ။ ဝါပင်များကို ဓားဖြင့် ဘယ်ပြန် ညာပြန် တွက်သည်။ ဝါကိုင်းတွေကြားမှ တစ်စုံတစ်ယောက်သည် အေးဆောင်အား မီးကျီးခဲတွေဖြင့် ပက်သည့်အလား ပဆုပ်ပနီ (ဆွတ်ပနီ)တွေ အခဲလိုက် ပြေးထွက်ကာ တုပ်တော့သည်။
ဓားကိုပစ်ချသည်။ လက်နှစ်ဘက်ဖြင့် ပုတ်ရင်းခါ ရင်း လေအောက်သို့ အေးဆောင် ပြေးသည်။ မြသွယ်တို့ ယာထဲသို့ ရောက်သွားပြီး မြသွယ်ကို ဝင်တိုက်မိသည်။
“ဘာဖြစ် ဘာဖြစ်လာတာတုန်း”
“ဆုပ်ပနီ … ပဆုပ်ပနီတွေ”
“လိုက်မလာတော့ပါဘူး၊ ထိုင်… ထိုင် ဒီနားမှာ ရိပ်
တယ်”
နှစ်ရက်တိတိ ဆက်ပြီး ကောက်ထားပါကလားဟု မည်သူမျှ အမှတ်မရ။ လက်ကို ဆွဲပို့သူက ပို့သည်။ လိုက်သူက လိုက်သည်။ ထို့နောက် ပြောသူက ပြောသေး၏။
“ခဏနေဦး၊ ချဉ်ပေါင်ရွက် သွားခူးလိုက်မယ်”
အမှတ်မဲ့ အေးဆောင်မှာ မျက်နှာတွင် လေးငါးချက် အတုပ်ခံလိုက်ရသည်။ နီနီအဖုတွေ သီးနေသည်။ ကျော၊ လက်မောင်း၊ ရင်ဘတ်တို့တွင်လည်း အသီးတွေရှိသော်လည်း မြသွယ် ဂရုမထားပေ။ ချဉ်ပေါင်ရွက်အကျေများဖြင့် မျက်နှာကိုသာ သဲကြီးမဲကြီး ပွတ်ပေးသည်။
“လက်မောင်း၊ ကျော၊ ရင်ဘတ်”
“အဲဒါတွေက အရေးမကြီးပါဘူးတော်၊ မျက်နှာက အရေးကြီးတယ်၊ အဲဒါမှ မျက်နှာဆိုးကြီးနဲ့ ဒေါသထွက်ပြီး ကျုပ်ကို ကြည့်နိုင်မှာမဟုတ်လား”
အေးဆောင် တွေတွေကြီး ဖြစ်သွားသည်။ ထို့နောက် အော်ကြီးဟစ်ကျယ် ရယ်ချလိုက်ရာက ကြည်နူးစွာ ရေ ရွတ်၏။
“ပဆုတ်ပနီသာ မတုပ်ရင် ငါတို့ ဘယ်လောက်ကြာ ကြာ ကောက်နေကြဦးမယ် မသိဘူးနော်”
(မြဝတီ မဂ္ဂဇင်း)
– ပြီး –
စာရေးသူ – ဆင်ဖြူကျွန်းအောင်သိန်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ