ဩရသ

Posted on

ဩရသ(စ/ဆုံး)

————

စေ့ထားတဲ့ ခြံဝန်းတံခါးကို တွန်းဖွင့်ပြီး မသက်နွယ်
ဝင်လာလိုက်တယ်။အိမ်ရှေ့ဧည့်ခန်းကလည်း တိတ်ဆိတ်လို့။ ဧည့်ခန်းနဲ့ ကပ်ထရံတစ်ချပ်သာခြားတဲ့ မီးဖိုခန်းဘက်အထိ မသက်နွယ်ဝင်ကြည့်တယ်။ လူ အရိပ်အယောင်မရှိ။မီးဖိုခန်းရဲ့ နောက်ဖေးတံခါးကလှမ်းကြည့်ရင် မြင်ရတဲ့အိမ်သာကလည်း တံခါးပွင့်နေတယ်။

ဟိုတစ်နေ့ကလည်း မသက်နွယ်တို့နဲ့ နှစ်အိမ်ကျော်က အန်တီမာမာတို့အိမ်မှာ ဒီလိုပဲ တံခါးမပိတ် လူမရှိဖြစ်ခဲ့တာ။ အဲဒါ နှစ်ဆယ်လီတာရေသန့်ဘူးဖြူအခွံကြီး နှစ်လုံးကို အကောက်သမားတွေ ဝင်ယူတုန်း အပြင်ကပြန်လာတဲ့ အန်တီမာမာနဲ့တွေ့သွားလို့ ပါမသွားခဲ့တာ။

အဲဒီဖြစ်ရပ် ကိုဘုန်းလည်းသိသားနဲ့။ဆိုင်ကယ်လည်းရှိနေတာတောင် တံခါးလည်းသော့ခတ်မထား။

ဒီလူတော့ …ရှိတာလေးတွေကုန်ချင်နေပြီထင်ပ။ကိုဘုန်း….ဘယ်‌‌တွေများရောက်နေပါလိမ့်နော်။

ခင်ပွန်းဖြစ်သူ ကိုဘုန်းကို မတွေ့ရလို့ ခပ်တိုးတိုးညည်းရင်း အိမ်အပေါ်ထပ်သို့ မသက်နွယ်တက်လာခဲ့တယ်။

မနက်အရုဏ်တက်ကတည်းက ရွာလိုက်တဲ့မိုး နေ့လယ်ရောက်မှပဲ တိတ်သွားတယ်။ကောင်းကင်က မကြည်လင်သေးတဲ့အပြင် ညနေစောင်းလာတာတောင် အုံ့မှိုင်းမှိုင်းဖြစ်နေတုန်း။ဒီလို ရာသီအေးအေးဆိုရင် ကိုဘုန်းတို့အကြိုက်ပဲ။ဥပုသ်နေ့ ဆိုင်ပိတ်ရက်မို့ အိမ်အပေါ်ထပ်မှာ တရေးတမောအိပ်နေပြီလားမသိ။

အပေါ်ထပ် ကြမ်းပြင်ပေါ် ခြေစုံချလိုက်တာနဲ့ အိပ်ခန်းဘက်ကို အကြည့်ကအလိုလိုရောက်သွားတယ်။ အိပ်ခန်းထဲက ဘီရိုတံခါးဖွင့်သံကြောင့် မသက်နွယ်ခြေလှမ်းတို့ နည်းနည်းမြန်သွားတယ်။

“အမေ…´´
တအံ့တသြ မသက်နွယ်ရဲ့ခေါ်သံကြောင့် ကိုဘုန်းဝေရဲ့အဝတ်အထည်တွေထည့်ထားတဲ့ အကန့်ပိုင်းကဘီရို
တံခါးဖွင့်ပြီး အင်္ကျီတွေကို လှန်လှောနေတဲ့ ယောက္ခမက လည်ပြန်ကြည့်တယ်။ တံခါးဝမှာရပ်နေတဲ့ မသက်နွယ်ကိုမြင်သွားပေမဲ့ ယောက္ခမကအံ့အားသင့်သွားတဲ့ အရိပ်အယောင်တောင်မပြ။

“ညည်းပြန်လာပြီလား´´

“ဘာလုပ်နေတာလဲ အမေ´´

ယောက္ခမအမေးကို မဖြေသေးဘဲ မသက်နွယ်မေးခွန်းပြန်မေးလိုက်တယ်။ မသက်နွယ်အကြည့်က ယောက္ခမလက်ထဲမှာကိုင်ထားတဲ့ အင်္ကျီဆီ ရောက်နေတယ်။ မသက်နွယ်နဲ့ အိမ်ထောင်မကျခင်က ကိုဘုန်းဝေမွေးနေ့အဖြစ် မသက်နွယ် ဝယ်ပေးခဲ့တဲ့ ရင်ဘတ်မှာအဖြူရောင်ကန့်လန့်စင်းလေးတွေပါတဲ့ အသားရောင် စပို့ရှပ်လေး။ဘီရိုဘေးက ကုတင်ပေါ်မှာလည်း အခြားရှပ်အင်္ကျီသုံးလေးထည် ရှိနေသေးတယ်။

“သမီး မောင်မောင်လေးအတွက် အင်္ကျီတွေကြည့်နေတာ။ဘုန်းဝေတို့များ ..ကိုယ်မဝတ်တော့ရင်လည်း ကိုယ့်ညီလေးဝတ်ရအောင် ပေးတာမဟုတ်ဘူး။ အလကား! ဘီရိုရှုပ်အောင်ထားနေတာ။´´​

ပြောပြီး ဘီရိုတံခါးကိုပိတ်တယ်။

“မတ်ကလေးအတွက် ပြီးခဲ့တဲ့အခေါက် အမေလာတုန်းကလည်း ကိုဘုန်း အင်္ကျီနဲ့ဘောင်းဘီရှည်တွေ ယူသွားတယ်လေ။အထည်အဟောင်းချည်းဖြစ်နေမှာစိုးလို့ သမီးတောင် အင်္ကျီအသစ်တစ်ထည် ထပ်ဝယ်ပေးလိုက်သေးတာ မဟုတ်လား ။ဒါတွေက ကိုဘုန်း မဝတ်တာတွေမဟုတ်ပါဘူး…အမေ။ ´´

“ဘာလဲ..ညည်းက တွန့်တိုတာလား။ညည်းမောင်အရင်းသာဆို ညည်းဒီလိုပြောမှာမဟုတ်ပါဘူးအေ။ငါက အသစ်ဝယ်ခိုင်းတာလည်း မဟုတ်ဘူး။ ငါ့သားကြီး အကျ ငါ့သားငယ်အတွက်ယူတာ။အရင်ကလည်း ငါ့သားကြီးမတော်တာတွေ၊မဝတ်တော့တာတွေဆို ငါ့သားငယ်တင်မကဘူး ငါ့တူတွေတောင် ငါပေးပစ်တာ ။ အခုကျမှ သားပစ္စည်းကိုထိတာတောင် ချွေးမမျက်နှာကြည့်နေရတဲ့ ငါ့ဘဝပါလား။ မသထာ မယူဘူးဟေ့။´´

ယောက္ခမက လက်ထဲကိုင်ထားတဲ့ အင်္ကျီရော ကုတင်ပေါ်မှာတင်ထားတဲ့ အင်္ကျီတွေရော လုံးယူပြီး ကိုဘုန်းအဝတ်တွေထားတဲ့ အထပ်ထဲပြန်ထည့်ပြီး ဘီရိုတံခါးကိုဆောင့်ပိတ်သွားတယ်။တံခါးဝမှာရပ်နေတဲ့ မသက်နွယ်ကို ပခုံးနဲ့တွန်းတိုက်ပြီး အောက်ထပ်ကိုခြေဆောင့်ဆင်းသွားတယ်။ မသက်နွယ် မတားမိ။သက်ပြင်းကို ခပ်ဖွဖွချကာ ကုတင်ပေါ်ထိုင်လိုက်တယ်။

ယောက္ခမက ဒီလိုပါပဲ။သူ့စိတ်ကြိုက် လိုက်လျောနေရင်ပြုံးလို့။ မလိုက်လျောရင် မျက်နှာသုန်မှုန်မှုန်နဲ့ သမီးဆိုတဲ့နာမ်စားအခေါ်ပျောက်ပြီး တညည်းတည်း ညည်းတော့တာပဲ။ယောက္ခမက ရွာပြန်သွားတာ သုံးလတောင်မကြာသေးဘူး။ အခုပြန်ရောက်လာပြီ။ဒီအိမ်ကို ယောက္ခမလာတာကအရေးမကြီးဘူး။ ပြဿနာ အရေးကိစ္စ ပါလာတတ်တာက ဆိုးတယ်။သူတို့အရေးရော သူများအရေးရော တစ်ခုမဟုတ်တစ်ခုပါလာတတ်ပြီး သူများအပူ
ကိုယ့်အပူဖြစ်ရတာ။

မသက်နွယ်တို့အတွက်ဆို ဘာမှပူစရာမလိုဘူးလို့တောင် ပြောလို့ရတယ်။ဒီအိမ်ကလည်း ကိုဘုန်း အလုပ်ရှင်သူဌေးက ရင်းနှီးမြှုပ်နှံမှုအနေနဲ့ဝယ်ထားတဲ့အိမ်ဆိုတော့ အိမ်ငှားခမပေးရဘဲ အိမ်စောင့်ပုံစံနဲ့ မသက်နွယ်တို့ကို ထားထားတာမို့ မသက်နွယ်တို့အတွက်က နေရေးလည်း ပူစရာမလိုဘူး။ဒါ့အပြင်ငွေရေးကြေးရေးပိုင်းလည်း ကိုယ့်အတွက် မပူရဘူး။ကိုဘုန်း အလုပ်လုပ်နေတဲ့ ဆိုင်ကယ်အပိုပစ္စည်းဆိုင်ရဲ့သူဌေးကစက်မှု့ဘက်မှာ ဆိုင်ခွဲထပ်ဖွင့်လို့ ကိုဘုန်းက မန်နေဂျာအနေနဲ့ရာထူးတိုးခဲ့ပြီး အဲ့ဆိုင်မှာ ဦးစီးခွင့်ရခဲ့တယ်။လစာလည်း ပိုကောင်းသွားသလို နှစ်ကုန်ဆို ဘောက်ဆူးကလည်း ခပ်များများရသေးတယ်။မသက်နွယ်ရဲ့အလယ်တန်းပြဆရာမလစာနဲ့ ကလေးတွေကို ကျူရှင်သင်လို့ရတဲ့လခတို့က မသက်နွယ်တို့တစ်လအသုံးစရိတ်ကို လုံလောက်စေတာမို့ အဖြုန်းမရှိတဲ့မသက်နွယ်တို့ လင်မယားအတွက် စုမိဆောင်းမိငွေပိုများလာတယ်။ငွေလေး တော်တော်စုမိရင် အကယ်ဒမီအခေါက်ရွှေ ၂ပဲသားကစရတဲ့ မြန်မာချမ်းသာမှာကိုယ့်ငွေလေးနဲ့နိုင်တဲ့ ရွှေတုံးလေးပြေးလုပ်ပြီးစုထားလိုက်တာပဲ။တချိန် ကိုယ်ဝန်းကိုယ့်ခြံလေးဝယ်နိုင်ဖို့ပေါ့။

ပြီးခဲ့တဲ့အခေါက်ကလည်း သူ့မောင်ဝမ်းကွဲက အတိုးယူပြီး လုပ်ငန်းထဲငွေထည့်တာ အရှုံးပေါ်လို့ဆိုပြီး ကြားကနေ ယောက္ခမက သူ့မောင်အတိုးဆပ်ဖို့လိုတဲ့ငွေ မသက်နွယ်တို့ဆီကပြန်ချေးတာ။ အဲတုန်းက မောင်ငယ်လေးအခက်အခဲ ကူညီချင်လို့ဆိုပြီး မျက်ရည်လေး
တစမ်းစမ်းနဲ့ ပြောလာတဲ့ အမေ့စကားမို့ သားဖြစ်သူ ကိုဘုန်းက ရွှေဝယ်စုမဲ့ငွေလေးချေးပေးခဲ့ရတာ။ နှစ်လအတွင်းဆပ်မယ်ဆိုတဲ့ငွေ အခုချိန်ထိရောက်မလာပေါင်။

မသက်နွယ် တွေးလက်စတွေကို ရပ်ပစ်လိုက်တယ်။စားပွဲပေါ်က နာရီကို လှမ်းကြည့်လိုက်တော့ ညနေ ၅နာရီကျော်ပြီ။ မနက်က ကိုဘုန်းနဲ့ ဖုန်းပြောဖြစ်သေးတာတောင် ယောက္ခမလာတဲ့အကြောင်း မဟသေးဘူးဆိုတော့ ဒီနေ့လယ်မှ ရောက်လာတာဖြစ်မယ်။

ဒီလူကတော့ သူ့အမေလာတာ ဖုန်းဆက်မပြောဘူး။မနက်ဖြန် ကျောင်းပိတ်ရက်မှ ဈေးဝယ်တော့မယ်ဆိုပြီး မနက်ကဝယ်ထားတဲ့ ငါးဖယ်ခြစ်အကုန်ချက်လိုက်တာ။ဒီညနေ ကြက်ဥနဲ့နှစ်ပါးသွားဖို့ပဲ လုပ်ထားတာ။မဟုတ်ရင် ကျောင်းကအပြန် cp ကနေ ကြက်ကြော်ဝယ်ခဲ့လို့ရသေးတယ်။

သူ့အမေကို အိမ်မှာထားပြီး ကိုဘုန်းကဘယ်သွားပါ
လိမ့်။ မသက်နွယ်အတွေးက ကိုဘုန်းဆီ ရောက်သွားပြန်တယ်။မသက်နွယ် ထိုင်ရာကထပြီး အောက်ထပ်ဆင်းလာခဲ့တယ်။ ယောက္ခမက လှေကားကိုကျောပေးထားတဲ့ထိုင်ခုံမှာထိုင်နေတယ်။ယောက္ခမ စိတ်ဆိုးသွားမှန်း မသက်နွယ်သိပါတယ်။ ဒါပေမဲ့ အိမ်မှာကိုဘုန်းနဲ့ပတ်သက်ပြီး မေးစရာလူက ယောက္ခမပဲရှိတာလေ။

“အမေ..ကိုဘုန်းရော´´

“ညည်းယောက်ျား..ငါ့ကိုမှပြောမသွားတာ၊ဘယ်သိမလဲ´´
လှည့်မကြည့်ဘဲပြောတဲ့အသံက ခပ်မာမာရယ်။
မသက်နွယ် ဘာမှဆက်မမေးဖြစ်တော့ဘဲ ကိုဘုန်းရဲ့ဖုန်းခေါ်လိုက်တယ်။ စက်ပိတ်ထားတယ်တဲ့။
လူလည်းမတွေ့ ဖုန်းကလည်းစက်ပိတ်ထားတော့ မသက်နွယ်စိတ်တိုချင်လာတယ်။အိမ်ရှေ့ထွက်လာတဲ့ မသက်နွယ်နဲ့ အပြင်ကပြန်လာတဲ့ ကိုဘုန်းတို့ ခြံတံခါးဝမှာ ဆုံဖြစ်ကြတယ်။

“ဖုန်းကဘာလို့စက်ပိတ်ထားတာလဲ
လူက ဘယ်ကပြန်လာတာလဲ´´
အလိုမကျစွာ မသက်နွယ်ဆီးပြောလိုက်ပေမဲ့ ကိုဘုန်းကတော့ အေးဆေးစွာ….

“မော်ကြီး အဖေ ရုတ်တရက်လေဖြတ်သွားလို့ အဲဒါ
ဆေးရုံပို့ဖို့ ကားပေါ်တင်ချင်တာ မော်ကြီးတစ်ယောက်တည်းမနိုင်လို့ လာခေါ်လို့သွားကူ‌နေတာ။
မေကြီးနက်တူနဲ့လည်း စကားပြောနေလို့ ကြာနေတာပါ.. သက်ရယ်´´

“ဒါဖြင့် ဖုန်းကဘာလို့စက်ပိတ်ထားတာလဲ´´

“မီးမရှိလို့ ပါဝါပိတ်သွားတာနေမှာပေါ့။စောစောကမှ မီးလာလို့ ထမင်းအိုးတည်ထားတယ်။ဖုန်းကတော့ မော်ကြီးတို့ဆီသွားနေတာနဲ့ အားမသွင်းဖြစ်သေးတာ၊ သက်…ပြန်ရောက်နေတာတောင် ကိုမသိလိုက်ဘူး´´

ကိုဘုန်းလက်တစ်ဖက်က မသက်နွယ် ပခုံးပေါ်ရောက်လာတယ်။ မသက်နွယ်တို့ကို ယောက္ခမက လှမ်းကြည့်နေတာမို့ ကိုဘုန်းလက်ကို ဖယ်ပြီး မသက်နွယ်
မီးဖ်ိုခန်းဘက်ဆီ အရင်လျှောက်လာခဲ့တယ်။

မသက်နွယ် ရှိတာလေးတွေနဲ့ ညနေစာကို မန်းမှုတ်ချက်ပြုတ်လိုက်တယ်။ ကြက်ဥပြုတ်ကို ခရမ်းချဥ်သီးတစ်လုံးလောက် ကြက်သွန်နီများများလေးနဲ့ဆီသတ်ချက်ထားတာလေးရယ်၊ငါးနီတူခြောက်အသေးလေးတွေကို ငရုပ်သီးပါးပါးနဲ့ အကြွပ်ကြော်ထားတာလေးရယ်၊သရက်ချဥ်သုတ်လေးရယ်၊ဟင်းရည်သောက်မပါလို့ ရေနွေးကြမ်းလေးပါထမင်းဝိုင်းမှာထည့်ပေးထားတယ်။

“ကြက်ဆိုရင် တို့ဆီက ဗမာကြက်ပဲစားတာ။ CPကြက်တော့ အရေးတယူလုပ် စားမနေပေါင်တော်။ပြီးတော့မြို့ကလူတွေ ကြက်ဥများ ဟင်းလုပ်စားနေသေးတယ်။´´

ထမင်းဝိုင်းရဲ့ ဟင်းပွဲကြည့်ပြီး ယောက္ခမကစချေပါပြီ။စောစောက မသက်နွယ်ကို အစာမကြေသေးတာလည်းပါမှာပေါ့။

“အမေက ဒီနေ့လာမယ်ဆိုပြီး ဖုန်းမှကြိုမဆက်ဘဲ။ဈေးနဲ့လည်းဝေးတော့ ရှိတာလေးပဲလုပ်လိုက်ရတာ။မနက်ဖြန် ဈေးသွားပြီး ဗမာကြက်ဝယ်ချက်ပေးပါ့မယ် အမေ။ပြီးတော့ ဒီမှာတော့ ကြက်ဥပဲမြန်မြန်ဆန်ဆန် နဲ့လွယ်လွယ်ဟင်းဖြစ်တာဆိုတော့ အိမ်ကတော့ ကြက်ဥဒိုင်းခံပဲရှိတာ။ ညနေပိုင်းနောက်ကျနေရင် နှစ်ယောက်သား ကြက်ဥကြော်လေးနဲ့လည်း ညနေစာပြီးသွားတာပဲ။

အမေ သိမလားတော့ မသိဘူး။ ဇွဲထက်တို့ လိုင်လီရွှေဆိုင်ပိုင်ရှင်တို့ဆိုလေ ကြက်ဥ တစ်ခြမ်းစားပြီး ရုန်းကန်ရင်းနဲ့ ချမ်းသာလာကြတာတဲ့။ သူတို့ကဥစားပြီး အားစုခဲ့လို့ အခုဆို ဘော့စိဖြစ်နေတာ အမေရဲ့။ကြက်ဥဆိုပြီး အထင်မသေးလိုက်ပါနဲ့။သူဌေးလောင်းတွေ စားတဲ့ ဟင်းလို့တောင် ပြောရမှာ။ ´´

မသက်နွယ်ကို ကိုဘုန်းက မျက်ခုံးတွန့်ကြည့်တယ်။ယောက္ခမက ထမင်းဝိုင်းမှ အစောဆုံးထသွားတယ်။ ပြီးတော့ ကိုဘုန်း။ မသက်နွယ် ဟင်းပွဲသိမ်း ၊ပန်းကန်တွေဆေးကြောနေတဲ့အချိန်မှာ ကိုဘုန်းနဲ့ သူ့အမေက အိမ်ရှေ့ဧည့်ခန်းထဲ စကားပြောနေတယ်။

“ဘယ်လို အမေ၊ အငယ်ကောင်က မိန်းမယူတော့မယ်´´
ကိုဘုန်းအသံက တအံ့တသြနဲ့ နည်းနည်းတောင် ကျယ်သွားသလိုပဲ။

“ဟုတ်တယ်၊ ဒီဝါမဝင်ခင် လူကြီးချင်းပြောခိုင်းနေတာ။
ဝါကျွတ်တာနဲ့ မင်္ဂလာဆောင်လုပ်ဖို့ရော´´

“အမေက ဘယ်လိုစီစဥ်မှာလဲ´´

“အမေလည်း ဘာလုပ်ရမလဲမသိဘူး။ မိန်းကလေးဘက်က နို့ဘိုးဆိုပြီး သိန်းအစိတ် တင်ခိုင်းတယ်။စေ့စပ်လက်စွပ်လည်းလုပ်ပေးရမှာတဲ့။ကုတင်၊ ဘီရို ခန်းဝင်ပစ္စည်းရောတောင်းသေးတယ်။ ပြီးတော့ မိန်းကလေးအမျိုးတွေကိုက အုပ်နှစ်ဆယ်လောက်ပေးရအုံးမှာတဲ့´´
( အုပ်ဆိုတာ မိန်းကလေးဘက်က အဒေါ်တို့ ဦးကြီးဦးလေးတို့အတွက် အဝတ်အစားစီစဥ်ပေးရတာကို ပြောတဲ့ရွာဓလေ့အခေါ်အဝေါ်ပါ။ရွှေဘိုခရိုင်ထဲက ရွာလေးတစ်ရွာရဲ့ ဓလေ့ပါ)

“မင်္ဂလာဆောင်ကျ ဘာကျွေးဖို့စဥ်းစားထားလဲ အမေ´´

“အမေ့သဘောအရဆို တို့ရွာမှာ အများကျွေးတဲ့အတိုင်းတပင်တိုင်(မုန့်ဟင်းခါး)ကျွေးချင်တာပေါ့။ဧည့်ကလည်း နှစ်ဖက်ရွာ လူကုန်ဆိုတော့…။ဒါပေမဲ့ မိန်းကလေးဘက်က ကြက်သားဒံပေါက်ကျွေးချင်တာတဲ့ သားကြီးရဲ့။နေပါအုံး ပြောသေးတယ်။ရွာတောင်ပိုင်းက ကိုဖိုးနီရဲ့သားမင်္ဂလာဆောင်တုန်းက မဏ္ဍပ်ကိုပန်းတွေနဲ့ အလှဆင်သလို အဲ့လိုမျိုးလည်း လုပ်ပေးရမှာတဲ့။´´

ကိုဘုန်းတို့ သားအမိတော့ မသိဘူး။မသက်နွယ်တော့မီးဖိုခန်းထဲထိ လွင့်လာတဲ့ ယောက္ခမစကားကြားပြီးတာနဲ့ သက်ပြင်းချမိတာပဲ။

မသက်နွယ်တို့မိဘတွေကတော့ ကိုဘုန်းကို ဘာတင်တောင်းပါ ညာတင်တောင်းပါဆိုပြီးလည်း မပြောခဲ့ဘူး။
ငါ့သမီးကို စိတ်ချမ်းချမ်းသာသာနဲ့ ချစ်ခင်မြတ်နိုးတန်ဖိုးထားရင်ရပြီ ဆိုပြီးပဲ ကိုဘုန်းကိုပြောခဲ့တာ။ကိုဘုန်း စိတ်ဆန္ဒနဲ့ တင်တောင်းခဲ့တဲ့ ငွေကိုတောင် သမီးနဲ့သားရှေ့ရေးအတွက်သုံးကြဆိုပြီး တစ်ပြားမှမယူခဲ့ဘူး။ ကိုဘုန်းနဲ့လက်ထပ်ပြီးတော့လည်း မသက်နွယ်မိဘတွေက သူတို့ဆင်ပေးထားခဲ့တဲ့လက်ဝတ်ရတနာ၊ မသက်နွယ် ကျောင်းသွားရင် စီးတဲ့ ဆိုင်ကယ် အဲဒါတွေပါမသက်နွယ်တို့ကို ပေးလိုက်တာ။အင်းလေ…မိဘတိုင်း ဆန္ဒသဘောထားဘယ်တူနိုင်ပါ့မလဲ။

မသက်နွယ် ကိုဘုန်းရှေ့ကထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။ စကားဝိုင်းက စက္ကန့်ပိုင်းလောက်တိတ်သွားတယ်။

“သားကြီး.. အမေတစ်ခုပြောချင်တယ်။ညီလေးကို ပစ်မထားပါနဲ့ကွယ်။ အစ်ကိုကြီး အဖအရာဆိုသလို မင်းညီလေးရဲ့ မင်္ဂလာပွဲဖြစ်မြောက်ဖို့ ငါ့သားကြီးကို အစစအရာရာ အမေ အားကိုးပါရစေ။ သားငယ်လေးရဲ့မိန်းကလေးမိဘတွေက အမေတို့နဲ့ရင်းနှီးခဲ့တဲ့သူတွေမို့ အမေသိက္ခာမကျချင်သလို မျက်နှာလည်းမပျက်ချင်ဘူး။´´

ကိုဘုန်းလက်ကို ကိုင်ပြီး ယောက္ခမပြောလာတဲ့အခါ
ကိုဘုန်းအကြည့်က မသက်နွယ်ဆီရောက်လာတယ်။လယ်ဧကနည်းနည်းလေးပိုင်ပြီး တောင်သူလုပ်နေတဲ့ ယောက္ခမအနေနဲ့ ဘာကြောင့် မနိုင်ဝန်ထမ်းချင်ရတာလဲ။ သားလုပ်သူရော ချွေးမလောင်းကိုရော မတတ်နိုင်ရင် မတတ်နိုင်ကြောင်း ပြောသင့်တယ် မဟုတ်လား။

အခုတော့ မနိုင်လို့လွှတ်ချမဲ့ဝန်က ကိုဘုန်း အပေါ်တည့်တည့်လား။ အစ်ကိုကြီး အဖအရာထားတယ် ဆိုတဲ့စကားနဲ့ ချုပ်လိုက်တဲ့အခါ ကိုဘုန်း …ငြင်းဆန်ဖို့ တွေဝေတွန့်ဆုတ်သွားတာလား။

ဒီတစ်ခါ ကိုဘုန်းအကြည့်က အဝေးတစ်နေရာကို။
မသက်နွယ်ကတော့ ကိုဘုန်းရဲ့ ခေါင်းညိတ်ခေါင်းခါကိုပဲ
စိတ်လှုပ်ရှားစွာ စောင့်နေမိပါတယ်။

ခင်ဦး