ဆားပုလင်းနှင်းမောင်နှင့် ဧကံသဂိုဏ်း
မင်းသိင်္ခ
ကျွန်ုပ်နှင့် ကျွန်ုပ်၏ မိတ်ဆွေကြီး ဆားပုလင်းနှင်းမောင်တို့သည် နှစ် ပေါင်းများစွာ အတူတကွ နေထိုင်ခဲ့ကြပြီးနောက် ကျွန်ုပ်တို့အား ရာဇဝတ်ဝန်ထောက်အဖြစ်နှင့် အင်းစိန်စီအိုင်ဒီသို့လည်းကောင်း၊ကိုနှင်းမောင်အား မူလရာထူးဖြစ်သော လူဆိုးထိန်းဆားပုလင်းအဖြစ်နှင့် ပင် လှည်းကူးဂါတ်သို့လည်းကောင်း အသီးသီး ပြောင်းရွှေ့စေခဲ့သည်။
ကျွန်ုပ်သည် ပင်ကိုအားဖြင့် ခပ်ညံ့ညံ့ ခပ်ထုံထုံ ဖြစ်သော်လည်း ကိုနှင်းမောင်နှင့် အတူတကွ နှစ်ပေါင်းများစွာ ပူးတွဲ၍ အလုပ်လုပ်ခဲ့ရသဖြင့် သံလိုက်ကျောက်ဖြင့် ကြိမ်ဖန်များစွာ ပွတ်တိုက်ခြင်းခံရသော သံသည် နောက်ဆုံး၌ အတော်အတန်အားရှိသော သံလိုက်အဖြစ်သို့ပြောင်းလွဲသွားသကဲ့သို့ ကျွန်ုပ်သည်လည်း ကိုနှင်းမောင်၏ အရည်အသွေးကို မမီသည့်တိုင်အောင် အတော်အတန် ထက်မြက်သော ပုလိပ်အရာရှိတစ်ဦး ဖြစ်လာ၏။
သို့ရာတွင် ထိုအချိန်က အင်းစိန်စီအိုင်ဒီ၌ အုပ်ချုပ်လျက်ရှိသော မျက်နှာဖြူစုံထောက်မင်းကြီး မစ္စတာကရစ်ပင်သည် ကျွန်ုပ်၏ အရည်အချင်းကို လုံးဝလောက်နီးနီး အသိအမှတ်မပြုခဲ့ပေ။
မစ္စတာကရစ်ပင်သည် မြန်မာလူမျိုးအား အထင်သေးသော အရာ၌ ဘုရားရှင်သာရှိပါမူ ဧတဒဂ်ပင်ရလောက်သူ ဖြစ်၏။
“အသုံးမကျတဲ့ မြန်မာပုလိပ်တွေ ” ဟူသော စကားမပါဘဲ စကားမပြောတတ်ပေ။ နေ့စဉ်နှင့်အမျှ သူ၏ ရုံးခန်းအတွင်းမှ ထိုအသံကိုသာလျှင် ကြားနေရတော့သည်။
ထို့ကြောင့် အခွင့်အခါကြုံသည်နှင့် မြန်မာပုလိပ်များ မည်မျှအစွမ်းထက်ကြောင်းကိုပြ၍ မစ္စတာကရစ်ပင်အား လက်စားချေမည် ဟု ကျွန်ုပ်စိတ်၌ တေးမှတ်၍သာ နေခဲ့ရ၏။
တစ်နေ့သ၌ ကျွန်ုပ်တောင့်တခဲ့သော အခွင့်အလမ်းသည် မြန်မာပြည်၏ ပြစ်မှုသမိုင်း၌ ထူးဆန်းသော ပြစ်မှုများအနက် တစ်ခုအပါအဝင် ဖြစ်ပေရာ ထိုအကြောင်းအရာများအား အတတ်နိုင်ဆုံး ပြည့်စုံမှန်ကန်စေရန် ကြိုးစား၍ အကျဉ်းချုံးရေး သားဖော်ပြခြင်း ဖြစ်၏။
အကယ်၍ အကျဉ်းမချုံးဘဲ ရေးသားပါမူ ဤဆားပုလင်းနှင်းမောင်နှင့် ဧကံသဂိုဏ်းစာမူသည် အတော်အတန်ထူထဲသော စာအုပ်အဖြစ် ဖြစ်နိုင်ဖွယ်ရာရှိပေ၏။
အင်းစိန်စီအိုင်ဒီမှ တိုက်ရိုက်တာဝန်ယူ၍ စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ရန်အတွက် တရားခံမပေါ်သေးသော ပူပူနွေးနွေးလူသတ်မှု ကြီးသုံးမှုသည် မစ္စတာကရစ်ပင်၏ဦးခေါင်းအား ခြောက်ပေါင်တူနှင့် နှက်လိုက်သည့်အလား ပြင်းထန်သော အမိန့်အမှာများနှင့်တကွ ရောက်ရှိလေတော့၏။
“ဒီအသုံးမကျတဲ့ မြန်မာပုလိပ်တွေနဲ့ ဒီအမှုတွေကို ငါက ပေါ်ပေါက်အောင် ဘယ်လိုလုပ်ရမတုံး အိုငရဲ” ဟူသော ညည်းညူသံများလည်း အမှုကြီးသုံးမှု ရောက်လာကတည်းက မစ္စတာကရစ်ပင်ထံမှ မပြတ်ထွက်နေတော့၏။
စီအိုင်ဒီတစ်ရုံးလုံးအားလည်း အကြောင်းမရှိအကြောင်းရှာ၍ ပြစ်တင်မောင်းမဲခြင်းများ ပြုနေ၏။ ကျွန်ုပ်ကိုယ်တိုင်ပင် နှစ်ကြိမ်တိုင်တိုင်အကြောင်းမဲ့ အဆူအကြိမ်းခံခဲ့ရ၏။
သို့ရာတွင် နောက်ဆုံး၌ ထိုအမှုများ ပေါ်ပေါက်လာအောင် စုံစမ်းထောက်လှမ်းရန်အတွက် မည်သို့မည်ပုံလုပ်ရမည်ကို ကျွန်ုပ်အားခေါ်ယူ၍ တိုင်ပင်တော့၏။ ကျွန်ုပ်ကလည်း ဤအမှုများ ပေါ်ပေါက်အောင် ဆောင်ရွက်နိုင်သော လူသားသည် လှည်းကူးဂါတ်တွင် ရောက်နေသော ဆားပုလင်းနှင်းမောင်သာလျှင် ဖြစ်ကြောင်း တင်ပြပြောဆိုခဲ့၏။
ဆားပုလင်းနှင်းမောင်နှင့် ပတ်သက်၍ ကျွန်ုပ်၏ ချီးမွမ်းပြောဆိုမှု များ သည် သာမန်အားဖြင့် ကြည့်လျှင် ပိုလွန်းလှသည်။
စာသံပေသံနှင့် ဆိုရပါမူ အတိဝုတ္တဒေါသသင့်သည်ဟု ဆိုဖွယ်ရာရှိသော်လည်း ဆားပုလင်းနှင်းမောင်နှင့် ပူးတွဲ၍ အလုပ်လုပ်ဖူးသူတိုင်းသည် ကျွန်ုပ်ပြောသည်ထက်ပင် ပို၍ စွမ်းပါပေသည်ဟု ထောက်ခံကြပေလိမ့်မည် ဖြစ်၏။
မည်သို့ပင်ဖြစ်စေ မစ္စတာကရစ်ပင်ကမူ ကျွန်ုပ်စကားကို ယုံကြည်လက်ခံခြင်း မရှိခဲ့ပေ။
“မင်းတို့ ငါတို့လို အရာရှိကြီးတွေ တောင် မတတ်နိုင်တဲ့ကိစ္စကို ဆားပုလင်းလေးတစ်ယောက်က တတ်နိုင်မယ်ဆိုတာ မဖြစ်နိုင်ဘူး”
ဟုပင် ခါးခါးသီးသီး ငြင်းဆိုခဲ့၏။
ထိုသို့ငြင်းဆိုခဲ့ရုံမျှမက မစ္စတာကရစ်ပင်သည် မာနကြီးသူတစ်ဦး ဖြစ်သည့်အားလျော်စွာ ထိုအမှုများကို သူကိုယ်တိုင်လိုက်ခဲ့၏။ ကျွန်ုပ်ကိုမူ သူ၏ တောက်တိုမယ်ရကိစ္စများ စေခိုင်းရန်အတွက် အသုံးပြုခဲ့၏။
ကျွန်ုပ်နှင့် မစ္စတာကရစ်ပင်တို့သည် ဖွတ်ကားလေးတစ်စီးနှင့် ရန်ကုန်မြို့ရှိဂါတ်များ သို့ ရောက်ခဲ့၏။ လူသတ်မှု ဖြစ်ပွားခဲ့သောနေရာများ သို့လည်း ရောက်ခဲ့ကြသည်။
ပထမဦးဆုံး ကျွန်ုပ်တို့နှစ် ဦးရောက်ခဲ့သော နေရာမှာ အသတ်ခံရသော ဦးဖုံးငို၏ အိမ်သို့ ဖြစ်၏။ ဦးဖုံးငို၏အိမ်မှာ ကျောက်မြောင်းရပ်ကွက်တွင် ဖြစ်၏။ ဦးဖုံးငိုသည် မြန်မာပညာရှိတစ်ဦးလည်း ဖြစ်သည့်ပြင်ဇာတ်ဆရာလည်း ဖြစ်သောကြောင့် အတော် အတန်လူသိများ သော ပုဂ္ဂိုလ် ဖြစ်၏။
ဦးဖုံးငို၏ မိသားစုများနှင့် တွေ့ဆုံကာ မစ္စတာကရစ်ပင်သည် သိချင်သော အချက်အလက်များကို မေးမြန်းရာ အခင်း ဖြစ်ပွားသော ညက တစ်အိမ်သားလုံး ငါးထပ်ကြီးဘုရားသို့ အရုဏ်ဆွမ်းကပ်ရန်အတွက် သွားရောက်နေကြကြောင်း၊ ဦးဖုံးငို တစ်ယောက်သာလျှင် အိမ်၌ ကျန်ရစ်နေသည်ဆို၏။
လူသတ်သမားသည် ဦးဖုံးငိုအား ဓားဖြင့် ထိုးသတ်ပြီးနောက် လက်ယာဘက်လက်ညှိုးအားလည်း ဖြတ်ယူသွားသည့်ပြင် နံရံ၌ “သော်က” ဟူသော အမည်ကို သွေးဖြင့် ရေး သွားလေ၏။ မစ္စတာကရစ်ပင်က ကျန်ရစ်သူများ အား ဦးဖုံးငို၏ မိတ်ဆွေအပေါင်းအသင်းများထဲ၌ သော်ကဆိုသူ ရှိမရှိမေးမြန်းရာ တစ်ယောက်မျှမရှိကြောင်း ဖြေဆို၏။ ထို့ပြင် ဦးဖုံးငိုသည် ရန်ငြိုးရန်စရှိသူလည်းမဟုတ်သည့်ပြင် လူချစ်လူခင်ပေါများသူ ဖြစ်ကြောင်း စုံစမ်းသိရှိရပြန်၏။
လိုအပ်သော အချက်အလက်အသေးစိတ်ကို မေးမြန်းပြီးနောက် ကျွန်ုပ်တို့သည် မည် သည့်သဲလွန်စမျှမရရှိဘဲ ဦးဖုံးငိုအိမ်မှ ထွက်ခွာခဲ့ကြ၏။
ဒုတိယမြောက် ကျွန်ုပ်တို့ရောက်ရှိခဲ့သော အိမ်မှာ ဦးဖုံးငိုနှင့် ၃ ရက်သာကွာ၍ အသတ်ခံရသော ရေကျော်မှ မြန်မာဆေးဆရာကြီးဦးထွန်းမှိန်၏အိမ် ဖြစ်၏။ ထိုဆရာကြီးမှာ ဇော်ဂျီဆေးတိုက် အမည် ဖြင့် မြန်မာဆေးများ ဖြန့်ဖြူးရောင်းချခြင်း ဖြစ်ရာ စီးပွားရေး အတော် အတန်ကောင်းသည်ဟု ခန့်မှန်းရ၏။
ထိုဆရာကြီးသည် နံနက်ဝေလီဝေလင်း၌ ခြံထဲတွင် အမှိုက်လှည်းခြင်း၊ လမ်းလျှောက်ခြင်းများ ပြုတတ်ရာ အသတ်ခံရသောနေ့က မိုးရွာသော နေ့ ဖြစ်သဖြင့် ခြံတွင်း၌ လမ်းလျှောက်ခြင်းမပြုနိုင်သော်လည်း တံစက်မြိတ်နှင့် ခြံတံခါးဝအထိဆက်ထားသော အမိုးပါသည့်စင်္ကြံလမ်းကလေး၌ ဆင်း၍ ထိုင်နေစဉ် အသတ်ခံရခြင်း ဖြစ်၏။
လူသတ်သမားသည် ထိုဆရာကြီးအား ဓားဖြင့် ထိုးသတ်ပြီးနောက်လက်ယာလက်ညှိုးအား ဖြတ်ယူသွားသည့်အပြင် ခုံတန်းနောက်မှီ၌ “သော်က” ဟူသော အမည်ကိုပင် သွေးဖြင့် ရေးသွားခဲ့ခြင်း ဖြစ်ရာ အမှုသွားအမှုလာအရ ပထမအသတ်ခံရသော ဦးဖုံးငို၏ အမှု နှင့် တစ်ထေရာတည်း ဖြစ်ကြောင်း ထောက်ဆနိုင်ပေသည်။
မစ္စတာကရစ်ပင်သည် ထိုဆရာကြီး၏ အိမ်သားများကို လိုအပ်သည်များ မေးမြန်းရာ ရန်ငြိုးရန်စမရှိကြောင်း၊ ဆရာကြီးနှင့် ပေါင်းသင်းသူများ၌ သော်ကဆိုသူ တစ်ဦးမျှမရှိကြောင်း ဖြေဆိုကြသဖြင့် . .
“ဘလယ်ဒီဖူး . .သော်က၊ ဟိုမှာ လည်း သော်က၊ ဒီမှာ လည်းသော်က။ ဘာ ဖြစ်တာလဲ။ သော်ကဆိုတဲ့ကောင်တွေ အားလုံးဖမ်းပြီး ကြိုးပေးလိုက်ရင်ကောင်းမယ်” ဟု ညည်းညူမြည်တမ်းလေတော့၏။
ထို့နောက် ကျွန်ုပ်တို့သည် တတိယမြောက်အသတ်ခံရသော သမိုင်းရပ်ရှိ ဗေဒင်ဆရာကြီးဆရာစန္ဒာဓရအိမ်သို့ သွားရောက်ခဲ့၏။ ဦးစန္ဒာဓရသည် ကျော်ကြား၍ အထက်လွှာလူကုံထံပိုင်းမှ လေးစားခြင်းခံရသော ဗေဒင်ဆရာကြီး ဖြစ်သည့်အားလျော်စွာ လူတိုင်းလောက်နီးနီးစိတ်ဝင်စားနေ၏။
ကျန်ရစ်သော အိမ်သားများ အား မစ္စတာကရစ်ပင်က တွေ့ဆုံမေးမြန်းရာတွင် အသတ်ခံရသော ညနေက လူတစ်ယောက် ဗေဒင်လာမေးကြောင်း သိရ၏။
လူသတ်သမားသည် ဗေဒင်ကြည့်သူဟန်ဆောင်၍ ဆရာကြီးနှင့် အခန်းတွင်း၌ နှစ်ယောက်တည်းရှိစဉ် ဓားဖြင့် ထိုးသတ်သွားခြင်း ဖြစ်၏။ ထို့ပြင် ဆရာစန္ဒာဓရ၏ လက်ယာဘက်လက်ညှိုးအားလည်း ဖြတ်ယူသွားပြန်၏ ။ ဤအဖြစ်အပျက်သည် ပထမအသတ်ခံရသော ဦးဖုံးငိုနှင့် ဦးထွန်းမှိန်တို့ အသတ်ခံရသည့်နည်းအတိုင်း ဖြစ်၏။ သို့ရာတွင် နံရံတွင် သွေးဖြင့် ရေးသားသွားသော အမည်မှာမူ ယခင် ဖြစ်ပွားခဲ့သော အမှုနှင့် ကွဲပြားသွား၏။ သွေးဖြင့် အုတ်နံရံ၌ ရေးသွားသော အမည်မှာ “နှင်းပန်း” ဟူ၍ ဖြစ်၏ ။
မစ္စတာကရစ်ပင်က ဆရာစန္ဒာဓရ၏ ဇနီးနှင့် သားကို ထိုနေ့ညနေက ဗေဒင်လာမေးသူကိုတွေ့လျှင် မှတ်မိမည် လားဟုမေးရာ နှစ် ယောက် စလုံးက မှတ်မိပါသည်ဟုဆို၏။ ထို့ကြောင့် မစ္စတာကရစ်ပင်က လူသတ်သမား၏ ပုံပန်းသဏ္ဍန်ကို ပြောပြပါဟုဆိုရာ လူသတ်သမားသည် ကျော၌ ဘုကြီးရှိသော ခါးကုန်းကြီး ဖြစ်ကြောင်း ထွက်ဆိုဖြေကြားကြ၏။
“ဟိုနှစ် ယောက် ကိုသတ်တာလည်း ဒီခါးကုန်းပဲ ဖြစ်မယ်။ ဟိုမှာ တုန်းက သတ်ပြီးတော့ “သော်က” လို့ ဆိုင်းထိုးတယ်။ ဒီမှာ တော့ “နှင်းပန်း” လို့ ဆိုင်းပြောင်းပြီးထိုးတယ်။ ဒါ ဘာသဘောလဲ။ ဘာပဲဖြစ်ဖြစ် ဒီခါးကုန်းကို မြန်မြန်ဖမ်းပြီး ကြိုးစင်ပို့မှ ဖြစ်မယ်။နို့မဟုတ်ရင် သူ နောက်ထပ်သတ်ပြီး ဆိုင်းဗျောက်ထိုးနေဦးမယ်။ ဂေါ့”
မစ္စတာကရစ်ပင်သည် ဤသို့လျှင် ညည်းတွားပြီးနောက် ရန်ကုန်မြို့ရှိ ဂါတ်တိုင်းသို့လည်း လူသတ်သမားဟုထင်ရသော ခါးကုန်းများအား ဖမ်းဆီးထားရန် အမိန့်ပေးလိုက်ရာ ရန်ကုန်မြို့ရှိ ဂါတ်တဲ ၁၃ ခု၏ အချုပ်ခန်းတိုင်း၌ ခါးကုန်းများ ရောက်ရှိစံမြန်းကြရရှာတော့၏။
ဖမ်းထားသမျှသော ခါးကုန်းများအား ဦးစန္ဒာဓရ၏ ဇနီးနှင့် သားကို ခေါ်၍ ပြပြီးနောက် ပြန်၍ လွှတ်သင့်သည်ကို လွှတ်၍ အချို့ကိုမူ ဆက်လက်ချုပ်မြဲ ချုပ်ထား၏။ မြန်မာနိုင်ငံပြစ်မှု သမိုင်း၌ ခါးကုန်းတို့ ဘုန်းကြီး၍ ပုလိပ်ဘက်အား ဒုက္ခပေးခဲ့သောနှစ် ဟုပင် မှတ်တမ်းတင်ထားသင့်လှပေသည်။
မစ္စတာကရစ်ပင်သည် ကိုယ်တိုင်ကိုယ်ကျ လေ့လာခဲ့ပြီးနောက်အမှု သွားအမှု လာကို အမျိုးမျိုးအဖုံဖုံသော နည်းတို့ဖြင့် ကြံဆကြည့်ပြန်၏ ။ ဦးနှောက်တို့ဖြင့် ကြံဆကြည့်ပြန်၏။ ဦးနှောက်ကိုညှစ်၍ ထုတ်ကြည့်ပြန်၏။
သို့သော် သဲလွန်စကိုလည်းကောင်း၊ တရားခံကိုလည်းကောင်းမဖော်ထုတ်နိုင်ခဲ့ပေ။
သူ၏ဦးနှောက်အား ဖွင့်ကြည့်၍များရပါမူ ညှစ်ထုတ်ရဖန်များ သဖြင့် ရှုံ့ခြောက်နေသည်ကို တွေ့ရလိမ့်မည် ဟု ထင်မှတ်မိတော့၏ ။
မစ္စတာကရစ်ပင်သည် အမှု ပေါ်ပေါက်အောင် မည်သို့မျှမကြံနိုင်သည့်အဆုံး၌ ကျွန်ုပ်အကြံပေးသည့်အတိုင်း လှည်းကူးဂါတ်တွင် ရောက်နေသော ကျွန်ုပ်၏ မိတ်ဆွေကြီး ဆားပုလင်းနှင်းမောင်အား ခေါ်ယူရန်သဘောတူရလေတော့၏။ စီအိုင်ဒီသို့ ဆားပုလင်းနှင်းမောင်ရောက်လာသည့်အခါ၌ မစ္စတာကရစ်ပင်က သူ၏ ရုံးခန်းသို့ ခေါ်ယူတွေ့ဆုံကာ
“နှင်းမောင် …ထူးဆန်းတဲ့လူသတ်မှု တွေ ပေါ်အောင် စုံစမ်းထောက်လှမ်းဖို့ မင်းကို တာဝန်ပေးတယ်။ အဲဒီတာဝန်ကို ကျေပွန်အောင် မင်းဆောင်ရွက်စေချင်တယ်”
ဟု ပြော၏။
“စိတ်ချပါ။ အင်္ဂလိပ်လူမျိုးပုလိပ်အရာရှိတစ်ဦး တာဝန်ကျေပွန်အောင် မဆောင်ရွက်နိုင်တဲ့ကိစ္စကို မြန်မာပုလိပ်တစ်ဦးကဆောင်ရွက်ပြရမှာ ဖြစ်တဲ့အတွက် ကျွန်ုပ်အနေနဲ့ ပိုပြီးကြိုးစားပါ့မယ်”
ဟု ကိုနှင်းမောင်သည် အင်္ဂလိပ်စကားနှင့်ပင် ပြန်၍ ချေပပြောဆိုခဲ့၏။ ကိုနှင်းမောင်၏ အင်္ဂလိပ်စကားပြောဟန်ကို လန်ဒန်နားဟုခေါ်သော လန်ဒန်မြို့ကြီးသား မစ္စတာကရစ်ပင်သည်ပင် အံ့အားသင့်၍ ပါးစပ်ဟသွားတော့သည်။
စီအိုင်ဒီသို့ ကိုနှင်းမောင်ရောက်ရှိလာသည့်အတွက် ကျွန်ုပ်သည် အထူးပျော်ရွှင်လျက်ရှိတော့၏။
ကျွန်ုပ် ကိုရင်ဝတ်မှ လူထွက်ရသောနေ့ထက်လည်းကောင်း၊ ခင်ခင်ကြီးနှင့် မင်္ဂလာဆောင်သည့်နေ့ထက်လည်းကောင်း ပျော်ရွှင်ခဲ့ပါသည်။ကျွန်ုပ်ကိုယ်တိုင် ထောင်မကျဖူးသည့်အတွက် ထောင်မှထွက်ရသော နေ့ထက် ပျော်မည် မပျော်မည် ကိုမူ အတတ်မပြောနိုင်ပါ။
~~~~~~~
ဗဟန်းကြားတောရ လူသတ်မှုကြီး
စီအိုင်ဒီသို့ ဆားပုလင်းနှင်းမောင်ရောက်ပြီး နောက်တစ်ရက်မှာ ပင် ဗဟန်းကြားတောရတွင် လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့၏။ အသတ်ခံရသူမှာ ဓမ္မကထိက အနတ္တဆရာမြဆိုသူ ဖြစ်၏။ လူသတ်သမားသည် ဆရာမြအားသတ်ပြီးနောက် လက်ယာဘက်လက်ညှိုးအား ဖြတ်၍ ယူသွားသည့်ပြင် နံရံ၌ “ဧကံသ” ဟူသော စာကို သွေးဖြင့် ရေးသွားသဖြင့် စုံထောက်ဌာနမှလိုက်နေသော ယခင်အမှု သုံးခုနှင့် ဆက်စပ်ပုံရသော ကြောင့် ဗဟန်းဂါတ်မှ အင်းစိန်စီအိုင်ဒီသို့ တယ်လီဖုန်းဖြင့် တိုက်ရိုက်အစီရင်ခံလိုက်ခြင်း ဖြစ်၏။
ထို့ကြောင့် ကိုနှင်းမောင်နှင့် ကျွန်ုပ်သည် အနတ္တဆရာမြအိမ်သို့ သွားရောက်ကြည့်ရှုရတော့၏။ ဆရာမြသည် နှစ် ထပ်တိုက်တစ်လုံး၌ တစ်ကိုယ်တည်း နေထိုင်သူ ဖြစ်၏။ အပေါ်ထပ်တစ်ထပ်လုံးကို ဓမ္မာရုံကဲ့သို့ ဘုရားစင်အကြီးကြီးနှင့် ရွှေစေတီများ ၊ ဆွမ်းအုပ်ကြီးများ ဖြင့် ပြင်ဆင်ထား၏။ အောက်ထပ်ကိုမူ လူနေအိမ်ကဲ့သို့ ခေတ်မီမီပြုပြင်မွမ်းမံထား၏။
ဆရာမြသေဆုံးကြောင်းကို နံနက်တိုင်း ထမင်းချိုင့်လာ၍ ပို့သော ထမင်းဆိုင်မှ သူငယ်ကလေးကြောင့် သိရခြင်း ဖြစ်၏။
ထိုသူငယ်ကလေးသည် နံနက် ၁၀ နာရီအထိုး၌ ခါတိုင်းကဲ့သို့ ထမင်းချိုင့်လာပို့ရာတွင် တံခါးများကို အတွင်းဘက်မှ ချက်ချ၍ ပိတ်ထားသဖြင့် သူငယ်ကလေးက အမျိုးမျိုးခေါ်ကြည့်ရာ မည် သို့မျှမရတော့သည့်အဆုံးတွင် ထိုသူငယ်လေးကပင် မျက်နှာချင်းဆိုင် ရွှေပန်းထိမ်တန်းမှလူများ ကို အကြောင်းကြားတော့သည်။
ထိုအခါ ရွှေပန်းထိမ်တန်းမှလူများ နှင့် အရပ်လူကြီးများ တိုင်ပင်ကာ တံခါးအားချိုးဖျက်၍ ဝင်ရောက်ခဲ့ရာ အပေါ်ထပ်အခန်း၌ ဓားဒဏ်ရာဖြင့် သေဆုံးနေသော အနတ္တဆရာမြ၏ အလောင်းကိုလည်းကောင်း၊ ဘုရားစင်အနီးရှိ လေဝင်ပေါက်သံတိုင် ကျိုးနေသည်ကိုလည်းကောင်းတွေ့ရှိကြသဖြင့် ဂါတ်သို့တိုင်ခဲ့ကြခြင်း ဖြစ်၏။
အနတ္တဆရာမြအိမ်သို့ ကျွန်ုပ်နှင့် ဆားပုလင်းနှင်းမောင်တို့ ရောက်ရှိသွားချိန်မှာ နေ့လယ်တစ်နာရီ ဖြစ်၏။ ဆရာမြအလောင်းအား သေသေချာချာကြည့်ရှုရာ ဆရာမြသည် အသက် ၅၀ ထက် များ စွာ မကျော်သေးဘဲ ဖြူဖြူတုတ်တုတ်နှင့် ဥပဓိရုပ်ခန့်ညားသူ ဖြစ်ကြောင်း သိရ၏။
အနီးရှိ ကိုင်းကျိုး၍ မှန်ကွဲနေသော ရွှေရောင် မျက်မှန်တစ်လက်ကို တွေ့ရ၏။ မျက်မှန်မှ ကွဲကျနေသော မှန်များကို ကျွန်ုပ်ကော်ယူကြည့်မိရာ မှန်ဒီဂရီမှာ အတော်များကြောင်း တွေ့ရသဖြင့် ဆရာမြသည် မျက်မှန်မတပ်ဘဲနေပါက မျက်မမြင်တစ်ဦးနှင့် မည်သို့မျှ ခြားနားခြင်းရှိမည် မဟုတ်ကြောင်းကို ကျွန်ုပ်ခန့်မှန်းမိပေသည်။
ကျွန်ုပ်တို့ရောက်ပြီးနောက် မိနစ်နှစ် ဆယ်လောက်အကြာ၌ မစ္စတာကရစ်ပင်ပါ ထပ်မံရောက်ရှိလာပြန်သည်။
မစ္စတာကရစ်ပင်သည် ရောက်လာသည်နှင့် တစ်ပြိုင်နက် အခန်းအခြေအနေအား လေ့လာခြင်းများ ကို မနားမနေပြုလုပ်တော့၏ ။ မစ္စတာကရစ်ပင်သည် လူသတ်သမားဝင်ရောက်ခဲ့သော ခေါင်းရင်းဘက်ရှိသံတိုင်ကျိုးနေသော လေဝင်ပေါက်မှ အောက်သို့ငုံ့ကြည့်ပြီးနောက် . .
“လှေခါးမပါဘဲ ဘယ်လိုမှ ဒီလေဝင်ပေါက်ကို ရောက်အောင်တတ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ အပြင်ကနေ သံတိုင်ကိုပြတ်အောင် သံဖြတ်လွှနဲ့ တိုက်ရဦးမယ်။ ဒီတော့ လူသတ်သမားအသုံးပြုခဲ့တဲ့လှေကားကို အရင်ရှာကြည့်ရဦးမယ်”
ဟု ဆိုသဖြင့် ကျွန်ုပ်အပါအဝင် ပုလိပ် ၃-၄ ဦးနှင့် အတူ မစ္စတာကရစ်ပင်ပါ လှေကားကို ဆင်း၍ ကြည့်ကြတော့၏။ သို့သော် လှေကားကိုလည်းကောင်း၊ လှေကားအဖြစ် အသုံးပြုရနိုင်မည့် အရာတစ်စုံတစ်ခုကိုလည်းကောင်း မတွေ့ရပေ။
ရှာ၍ မတွေ့တော့သည်အဆုံး မစ္စတာကရစ်ပင်နှင့် ကျွန်ုပ်တို့နှစ် ယောက် သည် အပေါ်ထပ်သို့ ပြန်၍ တက်ခဲ့ရာ ကြမ်းပြင်၌ လေးဖက်ထောက်၍ သွားနေသော ကိုနှင်းမောင်ကို တွေ့ရ၏ ။
အချို့နေရာ၌ မှန်ဘီလူးကိုအသုံးပြု၍ လျှာထိုးကြမ်းပြင်ကို စူးစူးစိုက်စိုက်ကြည့်နေ၏ ။ ထိုအခြင်းအရာအား စိတ်မရှည်နိုင်သော မစ္စတာကရစ်ပင်က . . .
“ဒီမှာ နှင်းမောင်.. လူသတ်သမားကို မိဖို့ထားဦး။ သူအသုံးပြုသွားတဲ့လှေကားကို မင်းတွေ့အောင်ရှာနိုင်ရင် လူတော် တစ်ယောက် လို့ ငါအသိအမှတ်ပြုမယ်”
ထိုစကားကြောင့် ဖျတ်ခနဲမော့ကြည့်ကာ တစ်စုံတစ်ခုပြန်ပြောမည် ပြုပြီးမှ အထက်လူကြီးဟူသော အသိကြောင့် သည်းခံလိုက်ဟန်ဖြင့် ဘာမှပြန်မပြောတော့ဘဲ ကိုနှင်းမောင်မှာ ဆက်၍ သူ့အလုပ်ကို လုပ်မြဲလုပ်နေ၏။ ကြမ်းပြင်ပေါ်မှ အခြင်းအရာများကို စစ်ဆေး၍ ကျေနပ်သွားသည့်အဆုံး လေဝင်ပေါက်နှင့် ကျိုးနေသော သံတိုင်ကို စစ်ဆေး၏။ထိုမှတစ်ဖန် နံရံပေါ်တွင် သွေးဖြင့် ရေးခဲ့သော “ဧကံသ” ဆိုသည့်စာကို ကြည့်ရှုပြန်၏။ ပြီးလျှင် စာအုပ်ဗီရိုကို ရှာဖွေ၏။ ထို့နောက် တွေ၍ စဉ်းစားနေပြန်၏။ စဉ်းစားပြီး ခဏတွင်ပင် ဘုရားစင်ဆောင်နောက်သို့ လက်လျှိ၍ နှိုက်လိုက်ရာ ကြေးခေါင်းလောင်းလေးတစ်လုံး၊ စာတစ်စောင်နှင့် အတူ လက်ဝါးအရွယ်ခန့်မှတ်စုစာအုပ်ကလေးတစ်အုပ် ပါ၍လာ၏။
ထိုပစ္စည်းများကို ကျွန်ုပ်တို့လေ့လာကြည့်ရာ ကြေးခေါင်းလောင်းလေး၏ ဘေးပတ်ပတ်လည်၌ သုံးမြှောက်လေးထောင့်၊ စက်ဝိုင်းလေးထောင့်၊ စကြာ စသည့်ပုံများ ပြွတ်သိပ်စွာ ရေးထားသည်ကို တွေ့ရ၏။
စာကိုဖတ်ကြည့်ရာ “ကုလားကို ဇာတာမဖတ်နဲ့” ဟူသော စာနှင့် အောက်တွင် သိင်္ခဟူသော လက်မှတ် ရေးထိုးထားသည်ကို တွေ့ရ၏။
မှတ်စုစာအုပ်ကိုဖွင့်ကြည့်ရာ ပဲတီပင်ပေါက်ကဲ့သို့ ကောက်ကောက်ချိတ်ချိတ်များ၊ စက်ဝိုင်းများ၊ သုံးထောင့်ချွန်များ စသည်တို့ရေး ခြစ်ထားသည်ကို တွေ့ရပြန်၏။
မစ္စတာကရစ်ပင်၊ ကိုနှင်းမောင်နှင့် ကျွန်ုပ်သည် ထိုပစ္စည်းများ ကို စိတ်ဝင်စားစွာ တစ်ခုစီကြည့်ရှုလျက်ရှိ၏ ။
ထိုခဏ၌ ကိုနှင်းမောင်၏ မျက်နှာသည် တစ်စုံတစ်ခုသော အကြံသစ်၊ အတွေးသစ်ကို ရသွားသည့်အလား ဝင်းလက်ကြည်ရွှင်သွားတော့၏။
ထို့ပြင် ထိုင်နေရာမှ ဖျတ်ခနဲထကာ ဘုရားစင်ဘေးမှ သူရဿတီနတ်စင်သို့ လျှောက်သွားပြီးနောက် မှန်ပေါင်သွင်း၍ ချိတ်ဆွဲထားသော သူရဿတီပုံကို ဖြုတ်ယူခဲ့၏။
ထိုပုံ၌ ကျွန်ုပ်တို့မြန်မာအိမ်တိုင်းလောက်နီးနီး ချိတ်ဆွဲလေ့ရှိသော သူရဿတီနတ်သမီးပုံမျိုး ဖြစ်၏။ လှသော နတ်သမီးတစ်ဦးဟင်္သာငှက်ကို စီးနင်းထားပုံ ဖြစ်၏။
“ဒီမှာ ဦးအောင်သင်း။ ဒီပုံကို ဘာပုံလို့ထင်သလဲ”
“သူရဿတီပုံလေ။ ကျုပ်အိမ်မှာ တောင် ရှိသေးတယ်”
“မဟုတ်ဘူးဗျ။ သူရဿတီပုံက လက်ထဲမှာ ပိဋကတ်သုံးပုံကိုင်ထားတယ်။ ဒီပုံက လက်ထဲမှာ ပန်းစည်းကိုင်ထားတာ”
“ဒါဖြင့် ဒီပုံက ဘာလဲ”
“ဒါက (မနုစာရီနတ်သမီး) ဗျ။ လက်ထဲမှာကိုင်ထားတဲ့ပန်းက ဗုဒ္ဓံသရဏံပန်းတွေ ဗျ။ ဗုဒ္ဓံသရဏံပန်းဆိုတာ မနုစာရီနတ်သမီးနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ပန်းဗျ။ တိတိကျကျဆိုရရင် မြန်မာပြည်မြေပုံကို ကြည့်လိုက်ရင် မင်းဘူးဒိစကြိတ်အတွင်းလယ်ကိုင်း၊ ငဘဲ၊ စေတုတ္တရာဆိုတဲ့ နာမည်တွေ ကို တွေ့ရလိမ့်မယ်။ အဲဒီ နာမည် တွေ ဟာ ဟိုးတစ်ချိန်တုန်းက အလွန်စည်ကားတဲ့ နေပြည်တော်ကြီးတွေ ဖြစ်ခဲ့တာဗျ။ ဦးဖိုးကျားတို့၊ ဆရာဦးအုံးမောင်တို့၊ သုနာပရန္တတိုင်းတို့ဆိုတဲ့ အခေါ်အဝေါ်တွေ သုံးနှုန်းခဲ့တဲ့နေရာတွေပေါ့ဗျာ။ အဲဒီတုန်းက အဲဒီ ဒေသကလူတွေဟာ ဂေါတမဘုရားရှင်ကို ဖူးတွေ့ချင်တဲ့အတွက် တောပန်းတစ်မျိုးကိုခူးပြီး (ဗုဒ္ဓံ-သရဏံ-ဂစ္ဆာမိ) လို့ တိုင်တည်ခဲ့ကြရာကစပြီး ဒီပန်းကို အခုထက်တိုင်အောင် (ဗုဒ္ဓံသရဏံ) ပန်းလို့ခေါ်ခဲ့ကြတာ။ မနုစာရီဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ အဲဒီအချိန်မှာ လူအများ လေးစားကြည်ညိုခြင်းခံရတဲ့ အမျိုးသမီးခေါင်းဆောင်ပေါ့ဗျ”
ကိုနှင်းမောင်သည် စကားပြောရင်း အဆိုပါပုံအား သံချက်များ ချွတ်၍ မှန်ကိုဖြုတ်လိုက်ပြီးနောက် မှန်မှ စက္ကူကတ်ပြားကိုခွာလိုက်ရာ ၆ လက်မအရွယ် ဓာတ်ပုံတစ်ပုံ ထွက်၍ ကျလာတော့၏။
ကျွန်ုပ်သည် ထိုဓာတ်ပုံကိုသေသေချာချာ ကြည့်ရှုမှတ်သားတော့၏။ အသက် ၃၅ နှစ် အရွယ် လူငယ်တစ်ဦး မဟာခွေဟု အများ ခေါ်ဝေါ်သော ခြေဖဝါးနှစ်ဖက်လှန်၍ တင်ပလ္လင်ချိတ်ထိုင်နေပုံ (ပဒုမာသနထိုင်နည်း) ဖြစ်ပြီး ဘယ်ဘက်လက်တွင် ဗုဒ္ဓံသရဏံပန်း၊ သစ္စာပန်းနှင့် သပြေပန်းများ ကိုင်ထားပြီး ညာဘက်လက်ကမူ လက်ညှိုးတစ်ချောင်းထောင်၍ သစ္စာပြုနေဟန် ဖြစ်၏။
ဓာတ်ပုံရှင်၏ အသက်အရွယ်၊ အချိုးအစားကျနသော ကိုယ်လုံးကိုယ်ပေါက်၊ သားနားသန့်ပြန့်သော ရုပ်ရည်တို့မှာ မြင်ရသူအဖို့ များစွာ စိတ်ဝင်စားဖွယ် ဦးညွတ်ဖွယ်ရာ ဖြစ်တော့၏။
ထိုသူ၏ ထူးခြားမှု တွင် အလွန်အရောင်လက်သော မျက်လုံးများ လည်း အပါအဝင် ဖြစ်၏။
ကျွန်ုပ်၏ စိတ်၌ လည်းကောင်း၊ မျက်စိအာရုံ၌ လည်းကောင်း ထိုသူ၏ ပုံဟန်ကို ယနေ့ထက်တိုင် မပျောက်ကွယ်သေးဘဲ စွဲထင်လျက်ရှိသည်ကိုထောက်လျှင် ထိုသူ၏ ဆွဲငင်ဓာတ်မည် မျှရှိကြောင်း တွက်ဆနိုင်ပါသည်။
(ထိုသူ၏ ရုပ်ရည်မှာ တစ်ခေတ်တစ်ခါက ပေါ်ပေါက်ခဲ့ဖူးသော ဘိုင်စကုတ်မင်းသား ဝင်းဦးနှင့် ခပ်ဆင်ဆင်တူပါသည်။ သို့ရာတွင် ဝင်းဦးလောက် ကိုယ်လုံးကိုယ်ထည် မတုတ်ခိုင်ပါ။ ဝင်းဦးထက်လည်းနှာတံပေါ်ပါသည်။ စာဖတ်သူများ မှန်းဆကြည့်နိုင်ရန် ဖြည့်စွက်ခြင်း ဖြစ်၏ ။)
ဓာတ်ပုံမှာ အပေါ်ပိုင်း ဗလာကျင်း၍ အောက်ပိုင်းတွင် မူ လုံချည်အညိုရောင် ကလေး ဝတ်ဆင်ထား၏။ ဗလာကျင်းထားသော ကိုယ်အထက်ပိုင်း၌ ပရိတ်ကြိုးဟု ယူဆရသော ကြိုးကလေးတစ်ချောင်းစလွယ်သိုင်းထား၏။
ဓာတ်ပုံ၏ နောက်ကျောသို့ကြည့်လိုက်ရာ “ဧကံသ ဗျာရဏ ဗေဒပညာပေးစဉ် သစ္စာပြုပုံ” ဟူသော စာကို ရေး ထား၏ ။
“ဦးအောင်သင်း .. လူသတ်သမားဟာ ဟောဒီဓာတ်ပုံရှင်ပဲ”
ဟု ဆားပုလင်းနှင်းမောင်က ကျွန်ုပ်အား လေးလေးနက်နက်ပြောလိုက်၏။
တစ်ဆက်တည်း၌ လည်း . .
“ကဲ . . အောက်ဆင်းကြရအောင်။ မစ္စတာကရစ်ပင်ကိုလည်း သူလိုချင်တဲ့ လူသတ်သမားအသုံးပြုသွားတဲ့လှေကားကို ရှာပြီးလက်ဆောင်အ ဖြစ်ပေးလိုက်ဦးမယ်”
ဟု ပြောပြောဆိုဆိုပင် ထ၍ ဆင်းသွားတော့၏ ။
ခဏမျှကြာလျှင် အတော်အတန်ရှည်သော ငါးမျှားတံလုပ်လေ့ရှိသော ဝါးလုံးတစ်လုံးကိုယူခဲ့ပြီးနောက် လေဝင်ပေါက်သို့ မှီမမှီ ထောင်ကြည့်ရာ မှီရန် အတော်ကလေး လိုသေးကြောင်းတွေ့ရ၏။ အကယ်၍ လေဝင်ပေါက်ကိုမှီသည့်တိုင်အောင်လည်း ထိုဝါးလုံးမှာ အလွန်သေးငယ်လွန်းလှသည် ဖြစ်ရာ လူတစ်ယောက် အားပြု၍ တက်ရောက်နိုင်မည် မဟုတ်ပေ။
ကိုနှင်းမောင်သည် ထိုဝါးလုံးအား ကိုင်မြှောက်ကြည့်၏။ တစ်ဖန်အနီးအနားတွင် ရှိသော ဘာလီပုန်းတစ်လုံးအား ဝါးလုံးထိပ်၌ ချည်နှောင်၍ ရေအနည်းငယ်ထည့်ပြီး ကိုင်မြှောက်ကြည့်ပြန်၏။ လေဝင်ပေါက်ဆီသို့ ချိန်ရွယ်၍ လွှဲကြည့်ပြန်သည်။ ထိုသို့ အမျိုးမျိုးအဖုံဖုံစမ်းသပ်ပြီးနောက် ထိုဝါးလုံးအား ကျွန်ုပ်လက်သို့ပေး၏။
“ဦးအောင်သင်း . . လူသတ်သမား အသုံးပြုတဲ့လှေကားဟာဒါပါပဲဗျ”
ကျွန်ုပ်သည် ကိုနှင်းမောင်၏ စကားကို မည်သို့မှ ငြင်းဆန်ခြင်းမပြုသော်လည်း မစ္စတာကရစ်ပင်ကမူ ထိုဝါးလုံးအား လူသတ်သမားအသုံးပြုသွားသော လှေကားအ ဖြစ် လုံးဝလက်ခံခြင်းမရှိပေ။
“နှင်းမောင် မင်း ဆိုလိုတာက လူသတ်သမားဟာ ဒီဝါးလုံးကိုထောက်ပြီး ခုန်တယ်လို့ ဆိုချင်တာလား။ ကမ္ဘာ့စံချိန်ချိုးတဲ့ လူရဲ့စံချိန်ကို သုံးပြန်လောက်ချိုးနိုင်မှ မင်းအတွေးဟာ မှန်မယ်။ နောက်ပြီး ဝါးလုံးထောက်ခုန်ဖို့ဆိုရင် ပြေးပြီး အရှိန်ယူရတယ်။ ဒီမှာ မြောင်းတစ်ခုခံနေတယ်။ ဘယ်လိုပြေးပြီး အရှိန်ယူမလဲ။ နောက်တစ်ခုက ခုန်လို့ရတယ်ထားဦး လေဝင်ပေါက်မှာ သံတိုင်တစ်ချောင်း ကန့်လန့်ခံထားတယ်။ သံတိုင်မရှိဘူးဘဲထားဦး။ ဒီအပေါက်ကလေးထဲ တန်းပြီးဝင်သွားအောင် ဘယ်လို ပိုးဂျမ့်သမားကမှ ခုန်နိုင်မှာ မဟုတ်ဘူး။ ဒါတွေ ကို စဉ်းစားပြီးမှပြောရင်ကောင်းမယ်”
မစ္စတာကရစ်ပင်၏ စောဒကတက်မှုအား ကိုနှင်းမောင်သည် မည် သို့မျှ ပြန်လှန်ချေပခြင်းမပြုဘဲ..
“တရားခံကို မကြာခင်မိတော့မှာ ပဲ။ ဒီတော့မှ ဝါးလုံးကို ဘယ်လိုသုံးခဲ့တယ်ဆိုတာ မေးကြည့်ကြတာပေါ့လေ”
ထိုနေ့အဖို့ ကျွန်ုပ်တို့သုံးဦးသည် ခွဲခွာခဲ့ကြတော့သည်။
နောက်တစ်နေ့၌ ကျွန်ုပ်သည် ကိုနှင်းမောင်နှင့် ချိန်းဆိုထားသော ရွှေတိဂုံဘုရား၏ တနင်္ဂနွေထောင့်ရှိ ကြေးခေါင်းလောင်းကြီးရှိရာ အာရုံခံတန်ဆောင်းသို့ နံနက် ၇ နာရီလောက်တွင် ရောက်ရှိသွား၏။
ကိုနှင်းမောင်သည် ပိုလိုစီးကရက်ကိုခဲလျက် မှိန်းနေသည်ကို တွေ့ရ၏။ သူသည် မျက်စိအစုံအား မှိတ်လျက် ကြီးမားသော စည်းစိမ်ကို ခံစားနေရသည့်အလား ငြိမ်နေ၏။
“ဘယ့်နှယ့်လဲဆရာကြီး။ ဇိမ်ကျလှချည်လား”
ကျွန်ုပ်က နှုတ်ဆက်လိုက်ရာ . .
“ဘယ်ကလာ ဇိမ်ကျရမှာ လဲ။ တရားခံ လိုက်ဖမ်းနေရတာ ”
“ဘယ်မှာ လဲ တရားခံ”
ကျွန်ုပ်သည် တောင်ကြည့်မြောက်ကြည့် ကြည့်မိသေး၏ ။
“မဟုတ်ပါဘူး။ စိတ်ကူးထဲမှာ ဖမ်းနေတာပါ။ ကျုပ်က တရားခံနေရာမှာ နေပြီး ရှောင်ကြည့်တယ်။ စုံထောက်နေရာကနေတစ်ခါ လိုက်ကြည့်တယ်။ အဲဒီလို ရှောင်တစ်ခါ လိုက်တစ်လှည့်လုပ်နေလိုက်တာ မနက် ၆ နာရီလောက်ကတည်းကပဲ”
“ကဲ . . ထားပါတော့ဗျာ။ ခင်ဗျားစိတ်ကူးထဲက တရားခံကိုကော မိပြီလား”
“စိတ်ကူးထဲကတရားခံကိုတော့ မမိသေးဘူး။ ဒါပေမယ့် တကယ့်တရားခံကိုတော့ မိတော့မယ်ဗျ”
“စွမ်းလှချည်လား”
“စွမ်းပါပြီလားဗျာ။ စိတ်ကူးထဲက တရားခံက ကိုယ်ပဲ မဟုတ်လား။ ဒီတော့ အစစအရာရာ ဥာဏ်ရည်တူနေတော့ ပိုပြီးခက်တာပေါ့။ တကယ့်တရားခံကတော့ ကျုပ်ရဲ့ဥာဏ်ရည်ကိုမီဖို့ နည်းနည်း ကလေးလိုလေတော့ အတော်အတန် ကြိုးစားလိုက်တယ်ဆိုရင်ပဲ မိတော့တာပေါ့ဗျာ”
ထိုအခိုက်မှာ ပင် အလွန်ဆင်းရဲနွမ်းပါးပုံရသော လူကြီးတစ်ဦးသည် ဂုန်နီစကိုချုပ်ထားသော လွယ်အိတ်တစ်လုံးကိုလွယ်လျက် တနင်္ဂနွေထောင့်မှနေ၍ ဘုရားကိုအာရုံပြုနေ၏။ ပြီးလျှင် တိုးတိုးရွတ်ဆိုကာ အိတ်အတွင်းမှ ဖယောင်းတိုင်ထုပ်ကိုထုတ်၍ မီးညှိကာ ပူဇော်၏။ ပြီးလျှင် ညာရစ်လှည့်၍ ထွက်ခွာသွားတော့၏။
ထိုလူပျောက်ကွယ်သွားပြီး တအောင့်ကြာလျှင် ကျွန်ုပ်၏ နှာခေါင်း၌ အလွန်ဆိုးဝါးသော အညှော်နံ့တစ်မျိုး၊ အထူးသဖြင့် ရော်ဘာမီးရှို့နံ့နှင့် တူသော အနံ့မျိုးကိုရှူရှိုက်မိသဖြင့် . .
“ညှော်လိုက်တာဗျာ”
ဟု ကျွန်ုပ်က ညည်းလိုက်ရာ ကိုနှင်းမောင်သည် သမံတလင်းအားလက်ဝါးနှင့် ပုတ်လျက် . ..
“ဟုတ်လိုက်တာ ဦးအောင်သင်းရာ။ ကျုပ် နည်းနည်း ကလေးညံ့သွားတယ်။ တရားခံကိုမိနိုင်သေးတယ်ဗျ။ လာ . .လာ . .”
ဟုဆိုကာ ပြေးဆင်းသွားသဖြင့် ကျွန်ုပ်လည်း ဘုမသိဘမသိနှင့် သူ၏ နောက်မှ အပြေးလိုက်သွားမိတော့၏။
ကိုနှင်းမောင်သည် စောစောကလူကြီး ထွန်းညှိပူဇော်သွားသော ဖယောင်းတိုင်ထုပ်အား မီးငြှိမ်းသတ်လိုက်ပြီးနောက် . .
“ဦးအောင်သင်း အဲဒီ ဖယောင်းတိုင်ထုပ်ကို ယူထားစမ်းပါ။ အဲဒါ သက်သေခံပစ္စည်းပဲ။ ကျုပ်တို့ ဆက်လိုက်မယ်။ မီနိုင်သေးတယ်”
ကျွန်ုပ်သည် ကိုနှင်းမောင် ဦးဆောင်ရာနောက်သို့ လိုက်လာခဲ့၏ ။ ကန်တော် မင်းပန်းခြံသို့ရောက်သည့်တိုင်အောင် တစ်စုံ တစ်ယောက်၏ အရိပ်အယောင်ကိုမျှ မတွေ့ရပေ။
ထို့ကြောင့် ကိုနှင်းမောင်သည် ပရိုက်ဗိတ်တိုင်စီးတစ်စီးအား ရပ်ခိုင်းပြီးနောက် ကုန်သည်လမ်းသို့ မောင်းခိုင်း၏။
ကျွန်ုပ်အထင်အားဖြင့် ထိုအချိန်က စတီးဘရားသားအနီးမှ ထွက်လေ့ရှိသော အဝေးပြေးကုန်တင်ကားများ ဂိတ်သို့ ဖြစ်မညိထင်၏။
စတီးဘရားသား အဆောက်အအုံရှေ့တွင် ကားရပ်ခိုင်းပြီးနောက်ဆင်းကာ ဆူးလေဘုရားဘက်သို့ ပြန်လျှောက်၏။
“ဒီလိုရှိတယ် ဦးအောင်သင်း။ စောစောက တရားခံကို မျက်စိလျှံပြီး လွှတ်လိုက်မိတာရယ်၊ ဟောဒီကို လိုက်လာမိတာရယ်ဟာ ကျွန်တော့်အမှားပဲ။ လောကြီးသွားတဲ့ အတွက် မှားသွားတာဗျ”
“ဒါဖြင့် ဘယ်နှယ့်လုပ်မလဲ”
“မပူပါနဲ့ဗျာ။ မိမှာပေါ့။ ကဲဗျာ. . ဒါတွေ ခေါင်းထဲက ဖျောက်လိုက်စမ်းပါ။ ဘရာမင်ဆိုင်က တိုရှည်ကို မစားရတာ ကြာပြီဗျာ။ မဂိုလမ်းဘက်သွားပြီး စားကြရအောင်”
ကျွန်ုပ်တို့နှစ် ဦးသည် မဂိုလမ်းရှိ ဘရာမင်ဆိုင်၌ တိုရှည်နှင့် ကုလားကာဖီကို မြိန်ရှက်စွာ စားသောက်ကြပြီးနောက် ကိုနှင်းမောင်သည် ပိုလိုစီးကရက်ကိုခဲလျက် တရားခံ လွတ်သွားပုံအကြောင်းကို အားရပါးရပြောလေတော့၏။
တစ်နာရီနီးပါးခန့် ထိုဆိုင်၌ အချိန်ဖြုန်းကြပြီးနောက် ဗန္ဓုလပန်းခြံဘက်သို့ ပြန်၍ လျှောက်လာခဲ့ရာ ပန်းခြံအနီး ပလက်ဖောင်းပေါ်၌ လူအနည်းငယ်မျှ စုရုံးစုရုံးဖြစ်နေသည့်နေရာသို့ သွားရောက်ကြည့်ရှုရာ လူ တစ်ယောက် သည် ပလက်ဖောင်းပေါ်တွင် ထိုင်ကာ ဗေဒင်ဟောနေ၏။
ခရီးသွားများ သည် တစ်ယောက် မှ တစ်ယောက် သို့ ဆင့်ကူးပျံ့နှံ့သွားရာ လူဆယ်ဦးထက်မနည်း ထိုနေရာ၌ စုနေ၏။
ဗေဒင်ဟောသူ၏ အနီး၍ လွယ်အိတ်ကလေးတစ်လုံး ချထား၏။ ထိုလွယ်အိတ်တွင်းမှ ခပ်ညံ့ညံ့ ငှက်ပျောသီးတစ်ဖီးကိုလည်း တွေ့ရှိရေေပ၏။ မြေပဲဆန်ကလေးများလည်း အပြင်သို့ ထွက်ကျနေ၏။
ဗေဒင်ဟောသူသည် တစ်ယောက်လျှင် တစ်ပြားနှုန်းဖြင့် ဈေးခပ်ပေါပေါ ဟောနေ၏။ တချို့မေးသူများ က အပျော်မေးမြန်းကြ၏။ အချို့က လေးလေးနက်နက်သဘောထား၍ မေးမြန်းကြ၏။ အပျော်မေးသည်ဖြစ်စေ၊ တကယ်မေးသည် ဖြစ်စေ၊ဗေဒင်ဆရာက လေးလေးစားစားပင် ဟောနေ၏။
မေးခွန်းတစ်ခုကိုမေးတိုင်း ဗေဒင်ဆရာသည် ခေါင်းလောင်းကလေးကိုလှုပ်လိုက်ပြီးမှ တွက်ချက်ကာ ဖြေဆို၏။ တစ်ယောက် ပြီးသွားတိုင်းလည်း သူ၏ ခေါင်းလောင်းကလေးကို လှုပ်လိုက်၏။
ဗေဒင်မေးသော ပရိသတ်ထဲတွင် မိန်းကလေးဆို၍ တစ်ယောက် သာပါ၏။ ထိုမိန်းကလေးမေးသည့်အလှည့်၌ ကျွန်ုပ်နှင့် ကိုနှင်းမောင်သည် ထိုအနားသို့ရောက်နေကြပြီ ဖြစ်၏။
“ကျွန်မ ဘယ်လိုလူမျိုးနဲ့ အိမ်ထောင်ကျမလဲ”
မိန်းကလေးသည် ရခိုင်သံဝဲဝဲကလေးနှင့် မေး၏။ ဗေဒင်ဆရာက ခေါင်းလောင်းလေးလှုပ်လိုက်ပြီးနောက် . .
“မိန်းကလေးနာမည် ဘယ်လိုခေါ်လဲ”
“ကျွန်မနာမည် ခင်ဦးလို့ ခေါ်ပါတယ်”
“ကောင်းပြီ။ မခင်ဦးရမယ့်ယောကျာ်းဟာ အလုပ်အကိုင်တော့မရှိဘူး။ အကြံဥာဏ်တော့ အတော်ကောင်းတဲ့လူ ဖြစ်ရမယ်။ ရုပ်ရည်ကမဆိုးဘူး။ သူ့နာမည် မှာ “အောင်” ပါလိမ့်မယ်။ ပြီးတော့ … ဒီလူဟာ ကျုပ်လိုဘဲ ဗေဒင်အတော် တတ်တဲ့လူ ဖြစ်လိမ့်မယ်။ ဒီလူနဲ့ရရင် မခင်ဦး ချမ်းသာလိမ့်မယ်”
“ဟုတ်ပါတယ်ရှင်၊ ကျွန်မတွေ့ထားတာ အဲဒီ လူမျိုးပါပဲ။ ဒါပေမယ့် သူကလည်း က္ကန္ဒြေကြီးတဲ့လူဆိုတော့ မစ ဘူး။ ကျွန်မလည်းမိန်းမသားဆိုတော့ . .”
“ကိစ္စမရှိဘူး။ တစ်နေ့နေ့တော့ သူကပဲ စ ပါလိမ့်မယ်။ သင့်တော်တဲ့အချိန်ကို ရွေးနေတာ ဖြစ်မှာပါ။ မြန်မြန်နီးစပ်အောင် ချိတ်လုံချည်ကို ခဏခဏဝတ်ပေးပါ။ မုချ အဆင်ပြေပါလိမ့်မယ်”
ထိုမိန်းကလေးသည် ကျေနပ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ရှက်ခြင်းတို့ရောပြွမ်းသော မျက်နှာလေးဖြင့် ထွက်ခွာသွား၏။
“ဦးအောင်သင်းရေ မိန်းကလေး သနားပါတယ်ဗျာ၊ ကြိုက်လာတော့လည်း မရှက်ရှာဘူး၊ သူ့ခမျာ ရိုးတော့ရိုးပုံပါပဲ။ တစ်ဖက်က ယောကျာ်းက မစ တော့ အတိမ်းရခက်နေတယ်နဲ့ တူပါတယ်ဗျာ”
ကိုနှင်းမောင်က ကျွန်ုပ်အား တိုးတိုးကပ်၍ ပြောလိုက်၏ ။
“အခုတော့ ဒီဆရာက ဓာတ်ဆင်ပေးလိုက်ပြီမဟုတ်လား။ ချိတ်လုံချည်များများ ဝတ်ပေးရင် အဆင်ပြေမယ်လို့”
“ဟုတ်တယ် . . ဟုတ်တယ်. . နီးရင် လိုက်တောင်ကြည့်ချင်တယ်ဗျာ။ ဒီမိန်းကလေးအခု အိမ် ရောက်တာနဲ့ ချိတ်လုံချည်လဲဝတ်ပြီသာ မှတ်ပေရော့”
ကိုနှင်းမောင်သည် တကယ် ဖြစ်နိုင်ချက်အပေါ်၌ ဟာသသဘောလေးနှောပြောလိုက်သဖြင့် ကျွန်ုပ်မှ မရယ်ဘဲမနေနိုင် ဖြစ်ရတော့၏။
ဗေဒင်ဆရာထံ၌ လူအများ အတော်အတန် ပါးသွားပြီ ဖြစ်၏။ ကိုနှင်းမောင်သည် ဗေဒင်ဆရာရှေ့သို့သွားကာ ပိုက်ဆံတစ်မူးကို လာဘ်တင်လိုက်၏။ ဗေဒင်ဆရာက ၇ ပြား ပြန်၍ အမ်းလိုက်သည်။
“တစ်မူးလုံးယူပါ မအမ်းပါနဲ့”
“ဟင့်အင်း တစ်ပြားပဲ ယူပါတယ်။ ပိုပေးလည်း ကျွန်တော် မယူပါဘူး”
ဗေဒင်ဆရာသည် သူ၏ ခေါင်းလောင်းကလေးကို လှုပ်ယမ်းလိုက်ပြီးနောက် . .
“နာမည် ပြောပါ”
“နှင်းမောင်လို့ ခေါ်ပါတယ်”
“ဘာသိချင်ပါသလဲ”
“ကျုပ် ပုလိပ်ဘက်ကပါ။ တရားခံ တစ်ယောက် ကိုလိုက်နေတာ မိနိုင်ပါမလား”
“မိနိုင်ပါတယ်”
“ဘယ်တော့လောက်မိမလဲ”
“ဒီနေ့ပဲ မိမှာ ပါ”
“တရားခံကို ကြိုးစင်ပို့နိုင်ပါ့မလား။ တရားခံက ငြင်းကွယ်နေပြီး တရားခွင်မှာ ရှေ့နေနဲ့ကာကွယ်ပြီး လွတ်ပေါက်ရှာဦးမလား”
“မိတ်ဆွေရှာနေတဲ့တရားခံဟာ ဒီလို သူရဲဘောနည်းတဲ့လူမျိုးမဟုတ်ပါဘူး”
“ကောင်းပါပြီ ခင်ဗျား။ လက်မြှောက်ထားလိုက်ပါဆရာသင်္ခ။ ခုခံဖို့မကြိုးစားဘူးဆိုရင်တော့ ဆရာသင်္ခရဲ့ ရဲရင့်တဲ့အရည်အချင်းကို လေးစားတဲ့အနေနဲ့ ကျွန်တော် အကြမ်းမဖက်ပါဘူး”
“ကျုပ် မခုခံပါဘူး”
အဖြစ်အပျက်မှာ မြန်ဆန်လွန်းလှ၏။ ကျွန်ုပ်အနေနှင့် မျက်စိလည်းလည်၏။ နားလည်းရှုပ်၏။ ကိုနှင်းမောင်ရှင်းပြမှပင် နားလည်ရတော့မည် ဖြစ်၏။
ကိုနှင်းမောင်သည် တရားခံ ဆရာသင်္ခအား ဖမ်းဆီးခဲ့ပြီးနောက် ဂါတ်သို့မပို့သေးဘဲ သူ၏တိုက်ခန်းသို့ ခေါ်လာခဲ့၏။ ဧည့်ကောင်းစောင်ကောင်းတစ်ဦးအလား ကောင်းစွာပြုစုပြီးနောက် သူသိချင်သည်များ ကို မေးမြန်းတော့၏။
“ဆရာသင်္ခမှာ မျောက်ကလေးတစ်ကောင်ပါသေးတယ်မဟုတ်လား”
“ဟုတ်ပါတယ်။ ကျုပ်တည်းတဲ့ ဘုန်းကြီးကျောင်းမှာ ထားခဲ့ပါတယ်”
“ဆရာ အနတ္တဆရာမြအိမ်ကိုတက်တုန်းက မျောက်ကလေးကို အသုံးချခဲ့တယ်မဟုတ်လား”
“ဟုတ်ပါတယ်။ ဝါးလုံးထိပ်မှာ သူကိုတင်ပြီး လေဝင်ပေါက်ကို သူ့ကိုလွှဲပေးပါတယ်။ သူက ခုန်ပြီးကူးတာပါ။ သူ့လက်ထဲမှာ သံချိတ်နဲ့ကြိုးစတစ်လည်း ပါ သွားပါတယ်။ သူက သံချိတ်ကို ချိတ်ပေးတော့ ကျုပ်က ကြိုးကနေ တွယ်တက်ခဲ့တာပါ”
“တော် တော် လိမ္မာတယ်နော်”
“ဟုတ်ကဲ့၊ လူလိုပဲ လိမ္မာတဲ့မျောက်ကလေး။ နောက်ထပ်နှစ် ကောင် ကျုပ်မှာ ရှိပါသေးတယ်”
“ဆရာ ဦးထွန်းမှိန်နဲ့ ဆရာစန္ဒာဓရတို့သုံးဦးကို သတ်ပြီးနံရံမှာ ရေးခဲ့တဲ့ (သော်က) နဲ့ (နှင်းပန်း) ဆိုတာ သော်က၊ နှင်းပန်း၊ စိန်ပန်း၊ အုန်းလက်၊ လေးလတွက်၊ မပျက်စဉ်လာ၊ ရက်ရာဇာဆိုတဲ့ ဗေဒင်လင်္ကာအတိုင်းမဟုတ်လား”
“ဟုတ်ပါတယ်”
“ဒါပေမယ့် အနတ္တဆရာမြကိုသတ်ပြီးကာကျတော့ (ဧကံသ) လို့ရေး တာဟာ သတ်ရမဲ့လူတွေ သတ်ပြီးဖြစ်လို့ ဂိုဏ်းရဲ့အမည်ကို ရေးထိုးတာ မဟုတ်လား”
“ဟုတ်ပါတယ်”
“ဆရာသင်္ခတို့ဂိုဏ်းဟာ ဘာဂိုဏ်းလဲ”
“ဧကံသဗျာရဏဂိုဏ်းလို့ ခေါ်ပါတယ်”
“ဒီဂိုဏ်းကို ဘယ်တုန်းကတည်းက ထောင်ခဲ့တာလဲ”
“ကြာပါပြီ လောကီပညာဂိုဏ်းပါ။ ဒီဂိုဏ်းဝင်တွေ ဟာ ဗေဒင်အလွန်တော် ကြပါတယ်။ ဧကံသဗျာရဏဆိုတဲ့ အဓိပ္ပာယ်ကိုက တစ်ခွန်းတည်းအမှန်ကို ဖြေဆိုမယ်လို့ ရပါတယ်။ ကျုပ်တို့ဂိုဏ်းရဲ့ အယူအဆအရဆိုရင် ဘုရားအလောင်းကို တခြားပုဏ္ဏားတော် တွေ က စကြာမင်းလည်း ဖြစ်နိုင်တယ်။ ဘုရားလည်းနိုင်တယ်လို့ နှစ် ခွဟောခဲ့တယ်။ ကေဏ္ဍညပုဏ္ဏားကတော့ လက်ညှိုးတစ်ချောင်းထောင်ပြီး ဘုရားစင်စစ် ဧကံဖြစ်မယ်လို့ ဟောခဲ့ပါတယ်။ ဒီလို ယတိပြတ်ဟောနိုင်တဲ့ပညာဟာ ဧကံသဗျာရဏပညာသာ ဖြစ်တဲ့အတွက် ကောဏ္ဍညကိုတောင် ကျုပ်တို့ရဲ့ဂိုဏ်းဝင်တစ်ယောက်ဖြစ်လိမ့်မယ်လို့ ယူဆကြပါတယ်”
“အခု အဲဒီ ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟာ ဆရာပဲမဟုတ်လား”
“မှန်ပါတယ် ကျုပ်ပါပဲ”
“မနုစာရီနတ်သမီးပုံဟာ ဆရာတို့ဂိုဏ်းနဲ့ ဘယ်လိုပတ်သက်သလဲ”
“ဟိုး . . သက်သာနိုင်ငံတော် ၊ သုနာပရန္တတိုင်း၊ စေတုတ္တရာနိုင်ငံတော် စတဲ့ အခု မင်းဘူး၊ ငဘဲ၊ ပန်းတောင်း၊ လယ်ကိုင်းဒေသတွေ ဟာ နေပြည်တော် ကြီးတွေ အ ဖြစ် စည်ပင်ခဲ့တဲ့ နှစ် ပေါင်း နှစ် ထောင်ကျော်လောက်က မနုစာရီဟာ အဲဒီ နိုင်ငံသူ တစ်ဦး ဖြစ်ခဲ့ပြီး ဒီဂိုဏ်းရဲ့ဂိုဏ်းချုပ် ဖြစ်ခဲ့ပါတယ်။ ရွှေပျဉ်ဓမ္မ၊ မနုဓမ္မသတ်၊ အာကသသျှကြ၊ မနုဿသျှကြနဲ့ လင်္ကာကျမ်းတွေ ပြုစုသွားတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ ဗုဒ္ဓံသရဏံပန်းကို ကင်ပွန်းတပ်သွားတာလည်း သူပါပဲ။ သူဟာ နတ်ဒေဝီတစ်ဦးလည်း ဖြစ်သွားတယ်လို့ ကျုပ်တို့ဂိုဏ်းက ယုံကြည်ကိုးကွယ်ကြပါတယ်”
“ဦးဖုံးငိုကအစ အနတ္တဆရာမြအဆုံး လူလေးယောက်ကိုသတ်တာ ဂိုဏ်းစည်းကမ်းကိုချိုးဖောက်လို့မဟုတ်လား။ ဘယ်လိုချိုးဖောက်တယ်ဆိုတာ သိပါရစေ။ ကျုပ်တွက်ကိန်းအရတော့ အင်္ဂလိပ်ကို ဇာတာဖတ်တာနဲ့ပတ်သက်တယ်မှတ်တယ်”
“ဟုတ်ပါတယ်။ ဒီလိုပါ။ ဝေလမင်းသားရဲ့ဘုန်းတော်ဘွဲ့ကို ဆုတော် ငွေတစ်ထောင်ပေးပြီး ကျုပ်တို့ မြန်မာပညာရှိတွေကို ရေး ခိုင်းတာတော့ ခင်ဗျားတို့သိမှာပါ”
“ဟုတ်ကဲ့ သိပါတယ်”
“သခင်ကိုယ်တော်မှိုင်းအမည်ခံ ရွှေတောင်ဆရာလွန်းကတော့ ဆုတော် ငွေမရလို့ လျှာမှာ မြက်ပေါက်အောင် ငတ်ချင်ငတ်ပါစေ၊ ကုလားဖြူရဲ့ဘုန်းတော် ဘွဲ့ကိုတော့ မရေးနိုင်ဘူးလို့တောင် ပြန်ကြားခဲ့တယ်မဟုတ်လား”
“ဟုတ်ပါတယ်”
“အဲဒါက လူတိုင်းသိတာ။ ဝေလမင်းသားရဲ့ဇာတာကို ဖတ်ပေးတဲ့လူကိုလည်း ဆုတော် ငွေတစ်ထောင်ပေးမယ်လို့ ကြိတ်ပြီးဇာတာဖတ်ခိုင်းပါတယ်။ ဒါကိုတော့ ဗေဒင်ဆရာလောကလောက်မှာပဲ သိုးသိုးသန့်သန့် သတင်းပြန့်ခဲ့တယ်”
“ဩော် . . ဆက်ပါဦး ဆရာသင်္ခ”
“ဒီအထဲမှာ ဧကံသဂိုဏ်းဝင်ဗေဒင်ဆရာတွေ ကိုလည်း အစိုးရက ဇာတာဖတ်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် ဒီမိစ္ဆာကုလားမင်းရဲ့ဇာတာကို ဂိုဏ်းဝင်များအနေနဲ့ ဖတ်ပေးဖို့ ကျုပ်က ဂိုဏ်းချုပ်တစ်ဦးအနေနဲ့ တားမြစ်ခဲ့ပါတယ်။ ကျန်တဲ့သူတွေက လိုက်နာကြသော်လည်း ဒီလေးယောက်က ငွေမက်တာနဲ့ သစ္စာဖောက်ပြီး ဇာတာဖတ်ပေးဖို့ သဘောတူခဲ့ပါတယ်။ ဒါကြောင့် ကျုပ်လာပြီး ဆုံးမတာပါ”
“ဒီအတိုင်းဆိုရင် ဆရာသေစားသေရတော့မယ်”
“ကိစ္စမရှိဘူး။ ကျုပ်ဟာ ဂိုဏ်းရဲ့ဂုဏ်သိက္ခာ၊ ကျုပ်ကိုယ်တိုင်ရဲ့ဂုဏ်သိက္ခာနဲ့ အမျိုးဘာသာသာသနာရဲ့ဂုဏ်သိက္ခာအတွက အသက်ကို လှူဒါန်းစွန့်လွှတ်ပြီး ဖြစ်ပါတယ်”
“ဆရာတို့မှာ ဂိုဏ်းဝင်ဘယ်နှယောက် ရှိပါသလဲ”
“အားလုံး ၃၆၀ ရှိပါတယ်”
“ဆရာသေသွားရင် ဒီဂိုဏ်းဟာ ပျောက်ကွယ်သွားမလား”
“ကျုပ်ပညာနဲ့တွက်ကြည့်တာတော့ ကျုပ်သေတဲ့နောက် ၃၆နှစ် တိတိ ဒီဂိုဏ်းရော ဒီပညာရောပါ ပျောက်ကွယ်သွားမှာ ပါ။ ဂိုဏ်းရဲ့ကံကြမ္မာဟာ အဆိုးဆုံးအချိန်မှာ ရောက်နေပါတယ်။ ဂိုဏ်းဝင်အားလုံးကိုလည်း ကျုပ်ကို အင်္ဂလိပ်အစိုးရ သတ်ပစ်သည့်အခါမှာ ပညာစဉ်ကိုရော ဂိုဏ်းကိုပါ ဇာတ်မြှုပ်ပစ်လိုက်ဖို့ ညွှန်ကြားပြီး ဖြစ်ပါတယ်”
“ကျုပ်တို့ဟာ ပုလိပ်အမှုထမ်း ဖြစ်လေတော့ ဆရာ့ကို လေးစားပါတယ်။ ဒီတော့ ဆရာ့ကို ကျုပ်အနေနဲ့ ဘာအကူအညီပေးရမလဲ။ ဖြစ်နိုင်တာဆိုရင် ကူညီပါ့မယ် ပြောပါ”
“ကျုပ်တို့ ဧကံသဂိုဏ်းနဲ့ ဧကံသဗျာရဏပညာကို မတတ်သာတဲ့အတွက် ဇာတ်မြှုပ်လိုက်ရပေမယ့် ဒီဂိုဏ်းရဲ့ ကံကြမ္မာကောင်းလာမယ့် နောင် ၃၆ နှစ် ပြည့်တဲ့ကာလမှာတော့ ဂိုဏ်းရော ပညာစဉ်ပါ ပေါ်ပေါက်စေချင်ုတယ်။ ဒီတော့ ကိုနှင်းမောင်ရော ဟောဒီမိတ်ဆွေကပါ ကူညီစေချင်ပါတယ်”
“ဟုတ်ကဲ့ . . ကျွန်တော် ကတိပေးပါတယ်။ ဘယ်လို ကူညီရမယ်ဆိုတာ အမိန့်ရှိပါ။ ဒါထက် ဆရာရုပ်ဖျက်ထားတာ ပြန်ပြီးဖျက်ရင်း အပန်းဖြေရအောင် ရေချိုးလိုက်ပါဦးလား”
ကိုနှင်းမောင်၏ တိုက်တွန်းချက်ကြောင့် ထိုဆရာသည် ရေမိုးသန့်စင်၍ မူလရုပ်ရည်ကိုတွေ့ရာ အသက် ၄၅ နှစ် ခန့်ရှိ သားနားရည်မွန်သော လူတစ်ယောက် ဖြစ်ကြောင်း အသိအမှတ်ပြုမိတော့၏။ အသံမှာ လည်း အသံဩဇာရှိ၍ သံလိုက်ဓာတ်ပါသော အသံမျိုး ဖြစ်၏။
“ဒီလိုပါ ကိုနှင်းမောင်။ ကျုပ်တတ်တဲ့ပညာနဲ့ တွက်ကြည့်တဲ့အခါမှာ ဒီဂိုဏ်းနဲ့ပညာရဲ့ဂိုဏ်းချုပ်အဖြစ် ဆက်ခံမယ့်ပုဂ္ဂိုလ်ဟာ အခုမှ တစ်နှစ် သားပဲရှိပေဦးမယ်။ အဖေက အင်္ဂါသား၊ အမေက စနေသမီး၊ သူကိုယ်တိုင်က တနင်္ဂနွေသား ဖြစ်ရမယ်။ အားလုံး ပါပဂြိုဟ်တွေ ချည်းပဲ။ ပြီးတော့ နှုတ်ခမ်းမှာ မှည့်တစ်လုံးနဲ့ မျက်ရည်ခံမှည့်တစ်လုံးလည်း ပါပေလိမ့်မယ်။ ဒီကလေးကို တွေ့အောင်ရှာပြီး ကလေးအရွယ်ရောက်တဲ့အခါမှာ ဒီပညာကို လက်ထဲရောက်အောင် တစ်နည်းနည်း နဲ့ လက်ဆင့်ကမ်းပေးဖို့ပါပဲ”
“ဟုတ်ကဲ့ . . ဒီတော့ ကျွန်တော် တို့က ဘယ်လို အကူအညီပေးရမှာ လဲ”
“ဒီလိုပါ။ ကျုပ်ရဲ့လက်ထောက်ဆီကို စာတစ်စောင် ရောက်အောင်ပေးဖို့ပါပဲ။ ဒီစာထဲမှာ နောင် ၃၆ နှစ် ပြည့်တဲ့အခါမှာ ဂိုဏ်းချုပ်လုပ်မယ့်ကလေးကို ရှာပုံရှာနည်း၊ ဟုတ်မဟုတ် စစ်ဆေးနည်း၊ အဓိဌာန်ပြုနည်းတွေ နဲ့ ပညာခွင်ဆိုင်ရာ မသင်ဘဲချန်ထား (အာစရိယမုထိလို့ခေါ်) တဲ့ ဆရာလက်ဆုပ်ပြန့်ပညာတွေပါ ပြည့်ပြည့်စုံစုံရေးထားပါ့မယ်”
“စိတ်ချပါ။ ရောက်အောင် ကျွန်တော် ပို့ပေးပါ့မယ်။ ရေး သာရေး ပါ”
“ကျေးဇူးတင်လိုက်တာဗျာ”
“ဩော် . .ဒါထက် ဆရာတို့အသုံးပြုတဲ့ တွန့်တွန့်ကောက်ကောက်စာတွေ ဟာ ဘာစာတွေလဲဗျ။ အနတ္တဆရာမြရဲ့မှတ်စုထဲမှာ တွေ့ခဲ့တယ်”
“ဒါက အချို့က ဓာတ်စမလို့ခေါ်တဲ့ မာဂဓသုဒ္ဓိဘာသာလို့ခေါ်ပါတယ်”
ကျွန်ုပ်နှင့် ကိုနှင်းမောင်သည် ထိုဆရာရေးသည့်စာကို တစ်နေကုန် စောင့်၍ ယူပြီးနောက် ညနေပိုင်းတွင် ထိုဆရာအား ဂါတ်တဲသို့ပို့၍ လူသတ်မှုဖြင့် အမှုဖွင့် ပြန်ခဲ့ကြတော့သည်။
လမ်း၌ ကိုနှင်းမောင်က ကျွန်ုပ်အား အောက်ပါအတိုင်းပြော၏။
“ဦးအောင်သင်း . . ကျွန်တော် ဖမ်းခဲ့သမျှတရားခံတွေ ထဲမှာ ဒီလူကိုဖမ်းရတာ စိတ်အထိခိုက်ဆုံးပဲဗျာ။ ဒီလူရဲ့ အမြော်အမြင်ကြီးမှု၊ ခေါင်းဆောင်ပီသမှု၊ ရဲရင့်မှု နဲ့ မျိုးချစ်စိတ်ကိုမီဖို့တော် တော့လူ လွယ်မယ်မထင်ဘူး”
“ဟုတ်ပါတယ်။ လွယ်မယ် မထင်ဘူး”
“ဒါထက် ဒီအမှု တော့ကော ဦးအောင်သင်း မေးစရာရှိသေးလား။ ရှင်းပါတယ်ဗျာ။ ဝါဆိုလကကုန်ခါနီးနဲ့ ဝါခေါင်လအစမှာ ဖြစ်ပွားတဲ့ လူသတ်မှု ထူးထူးဆန်းဆန်းကလေးပေါ့ဗျာ။ ဝါဆိုလထဲမှာ အသတ်ခံရတဲ့ ဦးဖုံးငိုနဲ့ ဦးထွန်းမှိန်တို့ အိမ်မှာတော့ သောကြာနဲ့တနင်္လာဟာ ရက်ရာဇာကျတဲ့အတွက် ဒီရက်တွေ မှာ ရွေးပြီးသတ်ခဲ့တယ်။ ဗေဒင်ဆောင်ပုဒ် ဖြစ်တဲ့ “သော်က” ဆိုတဲ့စာကိုလည်း နံရံမှာ ရေးခဲ့တယ်။ ဝါခေါင်လဖက်ပါသွားတဲ့ ဆရာစန္ဒာဓရကိုသတ်တဲ့နေရာမှာ တော့ “နှင်းပန်း” လို့ရေးသွားတယ်။ သေတဲ့နေ့ကို ပြက္ခဒိန်မှာ ကြည့်တော့လည်း ရက်ရာဇာကျတဲ့ စနေနေ့ ဖြစ်နေတယ်။ ဒီထဲက သတ်တဲ့လူဟာ ဗေဒင်ပညာကို ကိုယ်တိုင်လည်းတတ်ပြီး နှစ်နှစ်ကာကာလည်း ယုံကြည်တဲ့လူ တစ်ယောက် လို့ တွက်ထားပြီးသားပဲ”
“ဒီတော့ . .ဆက်ပါဦး ကိုနှင်းမောင်ရေ”
“အနတ္တဆရာမြအိမ်က မနုစာရီနတ်သမီးပုံရယ်၊ ကုလားကိုဇာတာမဖတ်နဲ့ဆိုတဲ့စာဟာ ကျွန်တော် ရဲ့အတွေးစကို ပိုပြီးတော့ အထောက်အကူ ဖြစ်စေခဲ့တယ်။ မျောက်ကလေး ပါတာသိတာကိုတော့ မချီးမွမ်းနဲ့ဗျ။ မျောက်ကုပ်ခြစ်ထားတဲ့ လက်သည်းစင်းအရာတွေကို မှန်ဘီလူးနဲ့ သေသေချာချာကြည့်လို့တွေ့ခဲ့ရတာ ။ မျောက်ပါတာ သိခဲ့ရတော့ မစ္စတာကရစ်ပင်နားမလည်နိုင်ခဲ့တဲ့ လှေကားပြဿနာဟာ ကျွန်တော့်အတွက် ဒီကတည်းက ရှင်းပြီးသား ဖြစ်နေတယ်။ မျောက်က တွယ်ပြီးသံချိတ်ကိုချိတ်ပေးတယ်။ လူက အောက်ကကြိုးစကို တွယ်ပြီးတက်လာ၊ သံတိုင်ကိုရောက်တော့ ကြိုးကွင်းလျှောထုပ်ပြီး ခြေထောက်နဲ့နင်းထား။ ယူလာတဲ့ သံဖြတ်လွှနဲ့ တိုက်ဖြတ်ပြီး အထဲကိုဝင်ရုံပေါ့ဗျာ”
“ရွှေတိဂုံမှာ သွားစောင့်တာကရောဗျာ”
“သူတို့ဟာ ခေါင်းလောင်းကိုလေးစားတယ် မဟုတ်လားဗျာ။ ဒီတော့ လူသတ်သမားဟာ နေ့ကောင်းရက်သာရွေးပြီး သူဖြတ်ခဲ့တဲ့ သစ္စာဖောက်တွေ ရဲ့လက်ညှိုးတွေကို ခေါင်းလောင်းကြီးမှာ သစ္စာအဓိဌာန်ပြုပြီး စွန့်ပစ်ခဲ့မယ်လို့ ကျုပ်က ထင်တာကိုး။ ဒါကြောင့် ဗေဒင်အရ ရိတ္ထာတီထိကျတဲ့ရက်ကို ပြက္ခဒိန်မှာ ရှာကြည့်ပြီး သွားစောင့်နေတာ။ ဒီမှာ တစ်ချက်လိုသွားတာက တရားခံဟာ ဆရာစန္ဒာဓရကိုသတ်စဉ်က ခါးကုန်းကြီးယောင်ဆောင်ပြီးသတ်ခဲ့တာ မစဉ်းစားမိဘူး။ ဒါစဉ်းစားမိရင် တရားခံဟာ ရုပ်ပြောင်းရုပ်လွှဲအတတ်ကို ကျွမ်းကျင်တဲ့လူဆိုတာ ထည့်စဉ်းစားရမှာ ဖြစ်လေတော့ လာရင်လည်း ရုပ်ဖျက်ပြီး လာပေမပေါ့ဗျာ”
“ဟုတ်ပေ့ဗျာ”
“တစ်ခါ ခင်ဗျားက ညှော်တယ်ဆိုမှ တရားခံဟာ သူဖြတ်လာတဲ့လက်ညှိုးတွေကို ဖယောင်းနဲ့သုံးပြီး မီးပူဇော်တိုင်တည်သွားပြီဆိုတာ ရိပ်မိတော့တယ်”
“ဒီတော့တစ်ခါ စတီးဘရားသားတိုက်နားက အဝေးပြေးကားတွေ ဆီကို လောကြီးပြီးလိုက်လာမိပြန်ရော။ အမှန်က သူ့မှာ မျောက်ကလေးတစ်ကောင် ရှိတယ်မဟုတ်လား။ မျောက်ကလေးမပါဘဲ သူ တစ်ယောက်တည်း ဘယ်ပြန်ပါ့မလဲဗျ”
“ဒါဖြင့် အခုမိတာကရောဗျာ”
“ကံစွပ်ပြီး တည့်တည့်တိုးတာဗျ။ သူကလည်း သူ့အဓိဌာန်နဲ့သူ တစ်ယောက် တစ်ပြားနဲ့ လမ်းဘေးမှာ ဗေဒင်ဟောနေတုန်းသူဖျက်ထားတဲ့ရုပ်ကို ကျွန်တော်က မိအောင် အကဲခတ်နိုင်တာရယ်၊ သူ့လွယ်အိတ်ထဲက မျောက်စာ ငှက်ပျောသီးနဲ့ မြေပဲဆန်လေးရယ်၊ ဗေဒင်ဟောတဲ့အခါမှာ ခေါင်းလောင်းလေးကို အသုံးပြုတာရယ်၊ စုပေါင်းပြီးတော့ ဆွဲကိုင်ခဲ့ရတာ ။ ဗေဒင်ဝင်မေးကြည့်ပြီး အကဲခတ်တော့လည်း သူ့ရဲ့ ရဲရင့်မှု ၊ တည်ကြည်မှု တွေ အပေါ် ပေါင်းရုံးပြီး အကဲခတ်လိုက်ရတာ ပဲဗျာ”
“ဟုတ်ပါပြီဗျာ . .ရှင်းပါပြီ။ တကယ်လို့ မရှင်းတာကျန်ရင်လည်း ကျုပ်ဟာကျုပ် စဉ်းစားယူမယ်ဗျာ။ ဒါမှ ကျုပ်လည်းတိုးတက်တော့မှာ ပေါ့။ ကျုပ်အနေနဲ့တော့ မြန်မာပုလိပ်တွေ ကို အထင်သေးတဲ့ မစ္စတာကရစ်ပင်ကို မြန်မာဆားပုလင်းတစ်ယောက် ရဲ့အစွမ်းကို ပြခွင့်ရတဲ့အတွက် ကိုနှင်းမောင်ကိုယ်စား ကျုပ်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်”
တရားခံ ဆရာသင်္ခသည်ထိုနှစ် အတွင်း၌ ပင် ကြိုးပေးသတ်ဖြတ်ခြင်းခံရ၏။ သူ၏ ဂိုဏ်းနှင့် ဂိုဏ်းစဉ် ဧကံသပညာကို နောင် (၃၆) နှစ် ၌ ပြန်လည်ဖော်ထုတ်နိုင်ရေးအတွက် အမှာ စာကို သူ၏ ဂိုဏ်းထောက်ထံသို့ ပို့ပေးရန်အတွက် ကိုနှင်းမောင်လက်သို့ အပ်နှံခဲ့လေသည်။
ကိုနှင်းမောင်သည် သူ့၏ ကတိအတိုင်း ကြိုးစင်တက်သွားရသော ဆရာသင်္ခ၏ အမှာ စာကို ဂိုဏ်းထောက်ဖြစ်သူ ဆရာဦးရန်နိုင်(မုံရွာ)ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် အရောက်ပို့ပေးခဲ့လျှင် . .
ဆရာသင်္ခတွက်ကိန်းအတိုင်း ဧကံသဂိုဏ်းအား နောက် (၃၆) နှစ် ကြာ၌ ဖော်ထုတ်နိုင်မည့် တနင်္ဂနွေသားလေးကို တွေ့အောင်ရှာနိုင်ခဲ့လျှင် . .
ထိုကလေး၏ စွမ်းဆောင်မှု ၊ဆရာသင်္ခ၏ ပညာစစ်မှန်မှု ၊ဆရာရန်နိုင်၏ ကြိုးပမ်းမှုများသည် အကယ်၍ အကောင်အထည်သာပေါ်ခဲ့မည် ဆိုလျှင် ဆရာသင်္ခ ကြိုးစင်တက်သွားရသည်မှာ ယခုအခါ၌ (၃၆) နှစ် ကျော်ပြီ ဖြစ်ပေသတည်း။
~~~~~~~
သဗ သတာ ကမမှ သကာ ![]()
မင်းသိင်္ခ