“တမလွန်ချစ်သူ”📖📖📖(စ/ဆုံး)
*************************************
ကျွန်တော့်ဘဝတွင် လုံးဝမမေ့နိုင် စရာအဖြစ်တစ်ခုသည် ရှိခဲ့၏။ ထိုအဖြစ်
သည်အိပ်မက် မဟုတ်ပါ။
တစ်ခုရှိသည်က ဤအဖြစ်သည်
ပြောမယုံ၊ ကြုံဖူးမှ သိမည်ဟုပြောရမည့်
အဖြစ်လည်း ဖြစ်၏။ ဤအဖြစ်ကို သတိ
ရတိုင်း ကျွန်တော့်ရင်ထဲတွင် တမြည့်
မြည့် ခံစားရ၏။ ထိုအဖြစ်ကား ….။ ထိုအဖြစ်ကား ….။
ဤအဖြစ်ကို မပြောမီ၊ ပထမဆုံး
ကျွန်တော့်၏ အကြောင်းအား ပြောမှ
ပြည့်စုံမည်ဖြစ်သဖြင့် ကျွန်တော့်
အကြောင်းအား အရင်ပြောရပါမည်။
တစ်ခုရှိသည်ကကျွန်တော့်အကြောင်းပြောမပြချင်ပါ။
အဘယ့်ကြောင့် ဆိုသော် ကျွန်
တော်သည် အချစ်နှင့် ပတ်သက်လျှင်
အခြား အခြားသောစကားတို့အား ယုံ
အစွန်းရောက်သူ၊ ချစ်သူစကားမှတစ်ပါး
လေ့ယုံထမရှိသူ၊ ကိုယ့်ချစ်သူ၏စကား
အား ယုံကြည်ပြီး တစ်ဇွတ်ထိုး လုပ် တတ်သည်များ ရှိနေသောကြောင့် ဖြစ်
ပါသည်။
ကျွန်တော်သည် ချစ်သူ ထည်လဲ ထားတတ်ပြီး ချစ်သူစကားကို သကာ ပျားနှယ် ခံစားတတ်သူတည်း။ ထို့ကြောင့်ကျွန်တော်လည်း ချစ်သူ အတွက် နူးညံ့သော၊ ချိုမြိန်သော ခံစား ရဖူးသကဲ့သို့ ရင်ဖိုလှိုက်မောဖွယ်အဖြစ် နှင့်လည်းကျွန်တော်ကြုံခဲ့ရ၏။
အထူးသဖြင့် ကျွန်တော် မြသက်
နွယ်”နှင့်ပတ်သက်သော အဖြစ်သည်
ကျွန်တော် မမေ့နိုင်သော ရင်ခုန်၊ နှလုံး
တုန်ဖွယ်အဖြစ် ဖြစ်နေသောကြောင့်
တည်း။ မြသက်နွယ် …။ မြသက်နွယ် ..။
မြသက်နွယ်နှင့် ကျွန်တော် ဆုံခဲ့ရ သည်ကမြန်မာပြည်နှင့်ဝေးလံလှသည့်
မြောက်ဖျားဒေသတစ်နေရာ။
တောင်ခိုးနှင့် တိမ်ရောယှက်လိမ်
သည့် တောနှင့် တောင်ခိုး ရောယှက်မိုးသည့်ဒေသ၊
စိမ်းစိုသောတောများ၊မှိုင်းညို့သော တောင်စွယ်တောင်တန်းတို့ စိုးမိုးနေ
သောနေရာ။
မို့မောက်သောတောင်ညိုများ၊စိမ်း
လဲ့သော တောတန်းများအလယ်၌ ရွာ
ငယ်တစ်ရွာ ရှိသည်။ အိမ်ခြေသည်
မများလှ။ ဆယ့်ငါးအိမ်ထက် မကျော်။
အားလုံးသည် အိမ်ယားရှည်များ ဖြစ်၏။
သည်စဉ်က ဤရွာသို့ ကျွန်တော်
ရောက်ခဲ့သည်ကတောလည်ရင်းဖြစ်၏။
ချောက်တွင်းသို့ ချော်ကျပြီး ခြေသပွတ်
တိုင်လည်သလိုဖြစ်သွားသည့်နေ့။ ကျွန်တော် ကောင်းစွာ လမ်း မလျှောက်နိုင်တော့။
“အား- ကျွတ် – ကျွတ်” ကျွန်တော့်ခြေထောက်က လှုပ် လိုက်တိုင်းအသည်းခိုက်မတတ်နာကျင်
၏။ ယင်းသမို့ ဆက်လက် တောပစ်ရန်
မခံစားနိုင်တော့။ သေနတ်ကို ကျောပိုး
လွယ်ရင်း သစ်ကိုင်းတစ်ကိုင်းခုတ်ကာ
တုတ်အဖြစ် အသုံးပြု ခရီးနှင်နေရ၏။
အဓိကသည် အမြန်ဆုံး စခန်းပြန်
ရောက်ဖို့တည်း။
ကျွန်တော် တုတ်ထောက်ပြန်လာစဉ်…။
ကျွန်တော့် နားစည်အတွင်းသို့ အသံတစ်သံ ကျူးဝင်လာသည်။ တစ်စုံ တစ်ယောက်၏ခြေသံ။
အသံသည်ကျွန်တော်နှင့်မနီးမဝေး
ချုံငယ်တစ်ခုဆီမှ ဖြစ်သည်။ ကျွန်တော်
သေနတ်ကို ဖျတ်ခနဲ အသင့်ပြင်လိုက်သည်။
“ဘယ်သူလဲ -ထွက်ခဲ့နော်။ ငါ့ကို
ရန်ပြုမယ်ဆိုရင်တော့ ငါ သည်းခံမှာ
မဟုတ်ဘူး”
သေနတ်မောင်းကွင်းပေါ် လက်
တင်ရင်းပြောလိုက်သည်။
“ငါပြောတာ အလေးထားနော်။ ငါက ရက်စက်တတ်တယ်” ဒုတိယစကား ….။
သည်တစ်ခါတွင်တော့ စကားဆုံး လျှင်ချုံနွယ်နောက်မှတစ်စုံတစ်ယောက်
စိုးရွံ့စွာ ထွက်လာသည်။ ချုံအုပ်ငယ်
နောက်မှ ထွက်လာသူ၏ အသွင် သဏ္ဌာန်ကိုမြင်လျှင် ကျွန်တော် အံ့ဩနေ၏။
ချုံနွယ်နောက်မှထွက်လာသူသည်
မိန်းကလေးတစ်ဦး။ အရောင်ပြယ်လွင့်စ
စစ်အင်္ကျီဟောင်းနှင့်ကချင်လုံချည်အား ဝတ်ထား၏။ ပလိုင်းတစ်လုံး လွယ်ထား၏။
လက်ထဲမှာ ကချင်ဓားနှင့်။ သူ့မျက်နှာ၌ စိုးရွံ့မှုတွေ ရှိနေ၏။ “မင်း ဘယ်သူလဲ”
“ရှင် – ကျွန်မကိုရန်ပြုမယ့်သူတော့ မဟုတ်ပါဘူးနော်”
သူက ကျွန်တော့်အမေးကို မဖြေ သေးဘဲကျွန်တော့်ကိုမေးခွန်းပြန်ထုတ်သည်။
“အစစ်ပေါ့။ တောပစ်ထွက်ရင် အန္တရာယ်ကြုံခဲ့ရသူတစ်ဦးလေ – မင်း
ကကော”
“ကျွန်မ တောင်ယာက ပြန်လာ တာ။ ရှင် အကူအညီတစ်ခုခု လိုမယ် ထင်လို့လာတာ”
“ဟုတ်လား။ ဒါဆို – ကျေးဇူးပဲ။ ငါ အကူအညီလိုနေတယ် – အမှန်ပဲ”
“ကျွန်မ ကူညီမှာပါ။ ဘယ်လိုက်ပို့ရမလဲ”
“ခင်နွယ်ကောင်းရွာစခန်း” “ဒါဆို-ခဏစောင့်” “ကျေးဇူးပဲ”
သူ ခပ်သွက်သွက် ရွာဆီသို့ လှည့် ထွက်သွားသည်။ သူမက ငယ်ရွယ်ပြီး အချိုးအဆစ် ပြေပြစ်သူတစ်ဦး။ ကျွန် တော် သူ၏ကျောပြင်ကို ငေးကြည့်ရင်း သူ ဘယ်သူလဲ။ ဘာကြောင့် မြန်မာ
စကားအား လည်လည်ပတ်ပတ် ပြော
နိုင်နေသနည်းဆိုသည်ကို စဉ်းစားရင်း
ဒီမှာက အချိန်မရွေး ရန်သူနှင့် တွေ့ နိုင် သဖြင့် သတိချပ်နေမိသည်။ ကံကောင်းသည်က ကျွန်တော်က တောင်မြင့်ကြောလယ်၌ရှိပြီး သူမ ဆင်း သွားသည့်ရွာက တောင်ခြေ၌ ရှိနေခြင်း ပင်။ ထို့ကြောင့် အရာရာ ကျွန်တော် အပေါ်စီးမှ မြင်နိုင်၏။
မကြာမီ သူမနှင့် အရပ်အမောင်း ကောင်းသည့် လူကြီးနှစ်ဦး ရောက်လာ
သည်။
ကျွန်တော့်အား ထမ်းစင်ပြုလုပ်ပြီး
သယ်လာခဲ့ကြသည်။လမ်းကပြေလျှော သည့်လမ်းမဟုတ်။ အတက်အဆင်းပြွန်း သည့်လမ်း။
လူထွားကြီးနှစ်ဦးက သယ်မလာပြီး
သူမက ကျွန်တော့်နံဘေးမှ ကပ်ပါလာ
သည်။ မွှေးပျံ့သည့်ရနံ့ကို ခံစားရသည်။ လူထွားကြီးနှစ်ဦးသည်စကားတစ်လုံးမျှ
မပြောကြ။
“မင်းကို မေးရဦးမယ်” သူမက ပြုံးပြီး ..
“ဘာလဲ- ရှင်ကကျွန်မ ဗမာစကား ကောင်းကောင်းပြောနိုင်လို့ အံ့ဩနေ တယ်မဟုတ်လား”
ကျွန်တော်ခေါင်းညိတ်လိုက်သည်။
သူမက-
“ဒါ-မဆန်းပါဘူး။ ကျွန်မက စစ် ကိုင်းရွာသစ်ကြီး၊ တိုင်းရင်းသားဖွံ့ဖြိုး ရေးသိပ္ပံကျောင်းသူလေ။ ဒီက ကျောင်း ဆင်းပြီးရွာကျောင်းမှာစာသင်နေတာ” “ဟုတ်လား – နာမည်က”
“ကျွန်မကို သူငယ်ချင်းတွေက မြသက်နွယ်လို့ ခေါ်ကြတယ်။ ကျွန်မက လည်းအဲဒီ့နာမည်ကို ကြိုက်တယ်” “ကျွန်တော်ကတော့ မြသက်နွယ် ကိုမေ့မှာမဟုတ်တော့ဘူး”
သူမ ရှက်စနိုးဖြင့် ပြုံးသည်။
“ကျွန်မကလည်း တွေ့ခွင့်ကြုံချင်
ပါသေးတယ်”
ဟုပြောသည်။
ရိုးသားစွာ ဝန်ခံရလျှင် ကျွန်တော့် ရင်ထဲ၌ မြသက်နွယ်၏ အသွင်အပြင်၊ လှုပ်ရှားမှုနှင့် ကြင်နာတတ်ပုံများအား စွဲငြိနေခဲ့မိသည်။ မြသက်နွယ်သည် စစ် ကိုင်း၊ ရွာသစ်ကြီး၊ တိုင်းရင်းသားဖွံ့ဖြိုး ရေးသိပ္ပံကျောင်း၌ အနေကြာခဲ့သဖြင့် အသွင်အပြင် ပြောင်းခဲ့သည်လည်းဖြစ်နိုင်၏။
ကျွန်တော့်အားတစ်တောင်ကျော်၊
တစ်တောဖြတ်၍လိုက်ပို့ခဲ့သည်။
နေဝင်ဆည်းဆာချိန်သို့ ရောက်ခဲ့
မကြာမီ နေဝင်ပြီ။ အမှောင်ကြီးစိုး တော့မည်။ တောင်ပေါ်ဒေသ အခြေ အနေအရနေရောင်သာမြင်ရပြီးနေဝန်းကြီးကို မမြင်ရတော့။
ကျွန်တော်နေသည့်ခင်နွယ်ကောင်း
စခန်းသည် မဝေးတော့။
“ကျွန်မတို့ စခန်းထိ လိုက်ပို့လို့ မဖြစ်ဘူးထင်တယ်။ ကျွန်မတို့က ရွာပုန်း
မှာ နေသူဖြစ်လို့ အမြင်ခံလို့ မဖြစ်ဘူး- အစ်ကို။ကျွန်မတို့ဒီမှာအစ်ကိုကိုထားခဲ့
လို့ဖြစ်မလား”
“မြသက်နွယ်တို့အတွက် အခက် အခဲရှိရင် ရပါတယ်။ ကျေးဇူးလည်းတင် ပါတယ်။ ကျွန်တော့်ခြေထောက် သက် သာသွားရင် မြသက်တို့ရွာကို လာခဲ့ဦးမယ်”
“လာခဲ့ပါ။ မြသက်စောင့်နေမှာပါ”
ထို့နောက် ကျွန်တော့်အား စခန်း ကုန်း တောင်ခြေ၌ ထားခဲ့ပြီး မြသက် နွယ်တို့ ပြန်သွားကြသည်။ စခန်းနှင့်လည်းမဝေးတော့သဖြင့်ကျွန်တော်ပြန်လာခဲ့သည်။
မြသက်နွယ် ပြန်ခါနီး ပြောသွား
သည့်စကားကိုမူ မမေ့ပါ။
မြသက်တို့ အစ်ကို့ကို လိုက်ပို့တာ ဘယ်သူမှမသိစေနဲ့နော်။ ဘယ်သူမှ လည်းမပြောမိစေနဲ့ဟူသည့် စကား။
ကျွန်တော် စခန်းပြန်ရောက်တော့
အားလုံးအံ့ဩနေကြသည်။ ထိုနေ့က အကျိုးအကြောင်း ရှင်းပြမှ သူတို့ ကျေ
နပ်သွားကြသည်။
ကျွန်တော့် ခြေထောက်သည် မသက်သာခဲ့ပါ။(၈)ပတ်နီးပါးနားခဲ့ရ၏။ ဘာကြောင့်မသိ။ ကျွန်တော် မြသက် နွယ်ကို သတိရနေမိသည်။
တစ်နေ့၊ ကျွန်တော်နှင့် အလွန် တရာခင်သည့် ဒုတပ်ကြပ် ဆရာကျော် လင်းတို့ စိတ်ပြေလက်ပျောက် အရက်
သောက်ရင်းကျွန်တော်ကတောတွင်း၌ ရွာတစ်ရွာ တွေ့ခဲ့ပုံ၊ ရွာတစ်ရွာမှ စစ် ကိုင်း၊ ရွာသစ်ကြီးကျောင်းဆင်း မြန်မာ စကား ရေလည်သည့် မြသက်နွယ်နှင့် တွေ့ခဲ့ပုံ၊ ထိုနေ့က မြသက်နွယ် လိုက်ပို့
သဖြင့် ပြန်ရောက်ခဲ့ပုံများအား ပြောပြ သည့်အခါ ဆရာကျော်လင်းအံ့ဩသွား
သည်။
“ဟုတ်မှလည်းလုပ်ပါ- ငါ့ရှင်ရယ်။ ဒီမှာရွာရှိသေးလို့လား။ ငါသိသလောက်
ဆိုရင်တော့ ဒီမှာ ရွာမရှိတော့ဘူး။ ရှိရင်
လည်းရွာပျက်ပဲရှိမယ်”
“မဖြစ်နိုင်ဘူး- ဆရာကျော်လင်း။ ကျွန်တော်ကိုယ်တိုင် တွေ့ခဲ့တာ။ ကျွန်
တော်တို့ ဒီရွာသူ မြသက်နွယ်နဲ့ လူကြီး နှစ်ယောက်ကိုယ်တိုင် လိုက်ပို့ခဲ့တာ”
“ဒါဆို- ဒါတွေဟာမကောင်းဆိုးဝါး တွေ ဖြစ်နေမလား။ ဘာဖြစ်လဲဆိုရင် တစ်ခုရှိတာက ဒီနေရာမှာ အရင်က ရွာ ကြီး ရှိခဲ့တယ်။ စာသင်ကျောင်းလည်းရှိ တယ်။ ဒါပေမဲ့ “ဒီရွာကို ကေအိုင်အေ
တွေဖျက်လို့ ပျက်သွားတယ်။ ရွာပျက်ခဲ့ သလို၊ လူတွေလည်း အစုလိုက် အပြုံ လိုက်အသတ်ခံရတယ်။ မင်းပြောသလို ဆို ဝိညာဉ်တွေများဖြစ်နေမလား” “ဟုတ်ရဲ့လား – ဆရာကျော်ရယ်။ ကျွန်တော်က ကိုယ်တိုင်တွေ့ခဲ့တာပါ။ ဒီလိုမထင်ပါဘူး”
“ဘာပဲဖြစ်ဖြစ်ကွာ။ငါကတော့မင်း
ဒီနေရာကို မသွားစေချင်တော့ဘူး”
ကျွန်တော် ဘာမှမပြောတော့။
သို့သော် ကျွန်တော့်စိတ်ထဲ၌ သံန္နိဋ္ဌာန် တစ်ခု ချလိုက်သည်။ ဒီရွာကို အရောက် သွားမည်။ မြသက်နွယ်နှင့် တွေ့ ဖြစ် အောင် တွေ့မည်ဟုဖြစ်သည်။ သို့သော်ကျွန်တော်တော်တော်နှင့် သွားခွင့်မကြုံခဲ့။ ခြေထောက် ကောင်း သွားပြီဖြစ်သော်လည်းဆရာကျော်လင်း
က ကျွန်တော့်အား မျက်ခြေပြတ်မခံခဲ့
သောကြောင့် ဖြစ်သည်။
ထို့ကြောင့်လည်း ကျွန်တော် မြ သက်နွယ်နှင့် တွေ့နိုင်ရန်အတွက် အစီ အစဉ်တစ်ခု ပြုခဲ့၏။ ထိုအစီအစဉ်က
အခြားမဟုတ်။ ဆရာကျော်လင်းအား
အရက်အမူးတိုက်ပြီး သွားရန်ဖြစ်၏။
ကျွန်တော့်အခြေအနေအား..
ဆရာကျော်လင်းသာ သိသဖြင့် ကျန်လူများက ကျွန်တော့်ကို ဂရုမစိုက်ကြ။
ဆရာကျော်လင်းအား မူးအောင်
အရက်တိုက်၍ဆရာကျော်လင်းဖလက်
ပြလျှင် တိတ်တဆိတ် စခန်းမှ ထွက်ခဲ့ ၏။ အချိန်က ညနေဆည်းဆာ ရောက်
လုလု။
ကျွန်တော်အသော့နှင်ခဲ့ရာနေဝင်
ဖျိုးဖျအချိန်၌ မြသက်နွယ်တို့ရွာသို့
ရောက်၏။
ရွာတွင် မီးတို့ ထိန်နေ၏။
ကျွန်တော် ရွာတွင်းသို့ ဝင်လိုက် ချိန် အသုဘပွဲတစ်ခုနှင့် ကြုံလိုက်ရ
သည်။ ထို့အတူ အသုဘပွဲ မီးပုံနံဘေး၌ မြသက်နွယ်ကို ဆိုက်ဆိုက်မြိုက်မြိုက်
တွေ့ရ၏။
မီးပုံကြီးက အလျှံညီးညီး တောက်
လောင်နေသည်။
“မြသက်နွယ်”
ကျွန်တော်ဝမ်းသာအားရခေါ်လိုက်
၏။ မြသက်နွယ်က ဆတ်ခနဲလှည့်
ကြည့်ပြီး … “ဟင်- အစ်ကို” “ဟုတ်တယ် – မြသက် နွ ယ် ။
အစ်ကို – မြသက်ကို သတိရလွန်းလို့လာ
တာ”
“အစ်ကိုရယ်”
သူကအသော့ကလေးပြေးလာပြီး ကျွန်တော့်ရှေ့တွင်ရပ်ကာ ညည်းညူ သလိုခေါ်လိုက်သည်။ကျွန်တော့်ကိုရွှန်း
လဲ့သည့်မျက်ဝန်းညိုကြီးနှင့် ကြည့်၏။
ကျွန်တော် မြသက်နွယ် လက် ကလေးအား ဆုပ်ကိုင်လိုက်ပြီး…
“ကျွန်တော် အရမ်းသတိရနေ တယ်- မြသက်နွယ်။တစ်နေ့မှမမေ့ဘူး။ ကျွန်တော် မလိမ်ချင်ဘူး။ ကျွန်တော်
မြသက်နွယ်ကို ချစ်နေမိပြီလား မသိဘူး”
“အစ်ကိုရယ်”
“ဒါထက် – မြသက်။ဒီအသုဘပွဲက
ဘယ်သူပွဲလဲ”
ကျွန်တော်က မေးလိုက်သည်။ အသုဘပွဲက စနေပြီ။ အလျှံညီးညီး
တောက်လောင်နေသည်။ မီးပုံကြီးကို
ပတ်ကာ တစ်ယောက်လက် တစ်
ယောက် ဆုပ်ကိုင်ပြီး အသုဘအက
ကနေကြပြီ။
“မြသက် ဦးကြီးလေ။ အစ်ကို ရောက်တုန်းကကြရအောင်လေ”
“မြသက်သဘောပါ” ကျွန်တော်နှင့် မြသက်နွယ် ဝင်က
ကြသည်။ ကချင်ပြည်နယ်မှာက ရိုးရာ အသုဘပွဲအကသည်ပျော်စရာကောင်း ၏။ မီးပုံကြီးအား ဝိုင်းပတ်ကာ ကရင်း ကရသည့်အက ဖြစ်သည်။ ကချင်ခေါင် ရည် သောက်ကြ၏။ သေသူအတွက်
ဆုတောင်းမေတ္တာပို့ကြ၏။
ကျွန်တော်နှင့် မြသက်နွယ်သည်
ကရင်းသောက်၊ သောက်ရင်း ကနေကြ သဖြင့် အချိန်တို့ ကုန်လို့ကုန်မှန်းမသိ။ မီးပုံက မီးအရှိန်လျှော့လာသလို၊ ကသူ တွေလည်းနည်းသွားသည်။
ကျွန်တော်တို့ နှစ်ဦးလည်း အက ရပ်ပြီး အိမ်နောက်ဘက် စပါးကျီတစ်ခု ဘေးတွင် ထိုင်ကြသည်။ ကျွန်တော်က
မြသက်နွယ်ပခုံးကလေးအား ဆုပ်ကိုင်
ပြီး…
“ကျွန်တော်တော့ အရမ်းပျော်မိ
တယ် – မြသက်”
“ဟုတ်လား – ဒါဆိုရင်တော့ – စိတ် ချင်းတူသွားပြီလို့ ပြောရမယ်။ မြသက်
လည်း အစ်ကိုနဲ့တွေ့တာနဲ့ အားလုံးကို
မေ့သွားအောင် ပျော်တယ်” “ဒါ-ဘာဖြစ်လို့လဲဆိုတာလည်း
ကိုယ်သိတယ်” “ဘာလဲ” အစ်ကို”
“ချစ်လို့လေ”
“အို – အစ်ကိုကလဲ”
သူ ရှက်စနိုးပြုံးသည်။ ခေါင်း ကလေးငုံ့သွားသည်။ ကျွန်တော်သူ့ပခုံး အားကြင်နာစွာ ဆုပ်ကိုင်လိုက်ပြီ…
“ကိုယ် – မြသက်ကို ချစ်တယ်။ ဘယ်သူတွေ ဘာပြောပြော မြသက်ကို
ကိုယ်ချစ်တယ်”
ဟုပြောပြီးမြသက်နွယ်ကိုကြင်နာ
စွာ ထွေးဖက်လိုက်သည်။ ပြီးတော့
အနမ်းမိုး ရွာခဲ့သည်ကို ကျွန်တော် သိ သည်။ သူပါး၊ သူ့နဖူး။ “အစ်ကိုရယ်”
မြသက်နွယ် ကျွန်တော့်ရင်ခွင်ထဲ
မှာ ဘယ်လောက်ကြာခဲ့ သည်မသိ။
အချစ်လှေကလေးသည် လှိုင်းဒဏ်၊
လေဒဏ် ခံခဲ့ရသည်ကို သိသည်။ သည့်
နောက် ကျွန်တော်တို့ အားလုံးကို မေ့
သွားသည်။
အချစ် – အချစ်တွေ။
အချစ်နှင့် ကျွန်တော် အားလုံးကို
မေ့နေစဉ် “မြင့်နောင်၊ မြင့်နောင်”ဆို သည့် ခေါ်သံကြားသည်။ အသံက ကျွန်
တော်တို့လှုပ်နှိုးလိုက်သလိုပင်။ ထူးခြား
သည်က ကျွန်တော် မျက်လုံးဖွင့်လိုက် တော့ နေရောင်ဖြာလက်နေသည်။ မိုး
လင်းပြီ။
ပြီးတော့ – ကျွန်တော့် နားတွင်
မြသက်နွယ် မရှိ။ ကျွန်တော်က အိမ်
ပျက်ကြီးတစ်ခု၏ အောက်၌ ရှိနေ
သည်။ မြသက်နွယ် ဘယ်ရောက်သွားသနည်း။
ဘာကြောင့်ကျွန်တော်ရွာပျက်ထဲ
ရောက်နေသနည်း။
“ဒီနေရာမှာအရင်ကရွာကြီးတစ်ခု ရှိတယ်။စာသင်ကျောင်းလည်းရှိတယ်။
ဒါပေမဲ့- ဒီရွာကိုကေအိုင်အေတွေဖျက် လို့ ပျက်သွားတယ်။ ရွာပျက် ရှိခဲ့သလို၊ လူတွေလည်း အစုလိုက်၊ အပြုံလိုက်
အသတ်ခံရတယ်”
“ဒါတွေဟာ မကောင်းဆိုးဝါးတွေ
များဖြစ်နေလား။ ဟုတ်များနေသလား” ကျွန်တော် စဉ်းစားနေစဉ် မျက်နှာ တစ်ခုကိုမြင်လိုက်ရသည်။ ဆရာကျော် လင်းမျက်နှာ။
“မြင့်နောင်ရယ် – မင်း မိုက်လိုက်- တာ။ မင်းကံကောင်းလို့ပေါ့။ နို့မို့ဆိုရင် မင်းဝိညာဉ်ကို နုတ်သွားပြီ”ဟု ပြောသည်။ ကျွန်တော် ဘာမှ မပြောနိုင်။ ကျွန်တော်ပြောရင်ကော ဘယ်သူယုံမလဲ။ ကျွန်တော့်အဖြစ်က ပြောမယုံ၊ကြုံမှသိဆိုသောအဖြစ်။ ဆရာ
ကျော်လင်း ပြောသလို၊ ကျွန်တော့် ဝိညာဉ်ကို နုတ်မသွားခြင်းမှာ အချစ်
ကြောင့်ဖြစ်မည်။
ဤအတိုင်းဆို“မြသက်နွယ်” သည်
လည်း ကျွန်တော့်နှယ် စိတ်တူကိုယ်တူ
ချစ်သူသာ ဖြစ်မည်။ အဖြစ်ကဝမ်းနည်း
ကြေကွဲစရာပင်။ ကျွန်တော်တနင့်တပိုး
ခံစားရသည်က ကျွန်တော်ချစ်သော
“မြသက်နွယ်”သည်တစ်သက်တစ်ဘဝ မဆုံစည်းနိုင်သည့်“တမလွန်ရွာသူ”ဖြစ် နေသောကြောင့်တည်း။ မြသက်နွယ်။ တမလွန်ရွာသူ။
မောင်ချစ်တဲ့ တမလွန်ရွာသူရယ်။
စာဖတ်သူများရဲ့…