တောက်ထိန်
ရွှေဂဲ ကြက်တူရွေး
အတောင်စိမ်းစိမ်း၊ နှုတ်သီးနီနီ၊ ခြေထောက်နီနီနှင့် ငှက်ပုံစံ အချိုးကျ လှပပြီး တွေ့ရလွယ်၊ လူတိုင်းသိသော ကြက်တူရွေးငှက်များကို တချို့က အရောင်လှလျှင် သဘောကျပြီး တချို့ကတော့ လူစကား သင်၍ တတ်သည်ဆိုကာ အိမ်မှာ လှောင်အိမ်လှလှနှင့် အကျအန မွေးမြူတတ်ကြသည်။
ကြက်တူရွေးလည်းငှက်၊ စာကလေးလည်းငှက်၊ ကျီးကန်းလည်းငှက်ပဲ ဖြစ်သော်လည်း ကျီးကန်းကိုတော့ အရောင်မည်းမည်း၊ အရုပ်ဆိုးဆိုး၊ သူခိုးငှက်ဟု လူသိများ၍ ပစ်ခတ်ခြောက်လှန့် မုန်းတီးကြသည်။
စာကလေးကိုတော့ မြို့သူမြို့သားတွေက တောသူတောသား လယ်ယာစိုက်ပျိုးသူတွေလောက် ဆိုးဝါးဖျက်ဆီးတတ်သော ငှက်ကလေးတွေဟု မသိကြ။ဘယ်သူမှလည်း အလှမမွေးပါ။
ကြက်တူရွေးကတော့ အုပ်လိုက်နေ၍ လယ်ခင်း၊ ယာခင်းများကို အလွန်ဖျက်ဆီးသော်လည်း မြို့အရပ်မှာတော့ အလှမွေးတတ်ကြသည်။
ကျွန်တော်ငယ်စဉ်က ကြက်တူရွေးငှက်တွေနှင့် တော်တော်ရေစက်ဆုံခဲ့ဖူးသည်။
မကြာခဏ ရေးသားခဲ့ဖူးသည့်အတိုင်း ကျွန်တော်ငယ်စဉ် ကျောင်းသားဘဝက ကျောင်းပိတ်ရက်များတွင် ဖခင်ဖြစ်သူ၏ လုပ်ငန်းခွင် တောစခန်းမှာ လိုက်ပါနေထိုင်ခဲ့၍ ပုတတ်ထောင်၊ ဖွတ်ရှာ၊ ငါးဆေးခတ်၊ ရစ်တည်၊ ပျားဖွပ်သူများနှင့် တွေ့ဆုံခင်မင်ခဲ့၍ သူတို့လုပ်ငန်းများကို တော်တော်စပ်စုပါဝင်ခဲ့ဖူးသည်။
ကြက်တူရွေးအသိုက်နှိုက်ပြီး မွေးခဲ့တာကတော့ ကျွန်တော်ကိုယ်တိုင် မွေးခဲ့တာပဲ ဖြစ်သည်။ အကြောင်းအားလျော်စွာ ကျွန်တော့်အဖေ၏ လမ်းဖောက်လုပ်ငန်းခွင်တွင် စက်ယန္တရားကြီးများလည်းရှိရာ ဘူဒိုဇာစက်ကြီးများနှင့် တောင်ဖြို မြေညှိ အလုပ်ခွင်ရှိ သစ်ပင်ကြီးများကို ထိုးကော်တွန်းလှဲရသည့်အခါများတွင် ထိုသစ်ပင်များ၌ ကြက်တူရွေးသစ်ခေါင်းများ တစ်ခါတစ်ရံ ပါရှိတတ်သည်။
ကြက်တူရွေးသည် အသိုက်နှင့်နေသော ငှက်မဟုတ်။ သစ်ခေါင်းနှင့်နေ၍ တောတွင်းသစ်ပင်မြင့်ကြီးများ၏ မြင့်မားလှသော နေရာများရှိ သစ်ခေါင်းများတွင် နေထိုင်သားပေါက်လေ့ရှိရာ ကြက်တူရွေးနှိုက်သူများက ထိုသစ်ပင်ကြီးများကို သက်စွန့်ဆံဖျားတက်ပြီး ကြက်တူရွေးပေါက်များ နှိုက်၍ မိမိထံမှာ အတောင်စုံအောင် မွေးပြီးမှ အလှမွေးလိုသူများကို ရောင်းစားကြပါသည်။
ငှက်နှိုက်သူများကို ကြက်တူရွေးပေါက်စကလေးများ၏ အမိ အဖ ငှက်များက ထိုးဆိတ်သဖြင့် အခန့်မသင့်လျှင် ဒဏ်ရာကြီးကြီး ရတတ်သည်။
ကျွန်တော်ကတော့ ထိုသူများကဲ့သို့ တောတွင်း၌ မတ်စောက်မြင့်မားလှသော သစ်ပင်ကြီးများကို တက်နိုင်သူမဟုတ်။ ဘူဒိုဇာဖြင့် ထိုးလှဲရသောသစ်ပင် လဲကျလာသည့်အခါ ထိုသစ်ပင်မှာ ပါရှိသော သစ်ခေါင်းထဲမှ ကြက်တူရွေးပေါက်စကလေးများကို အလွယ်တကူ နှိုက်ယူခြင်းသာ ဖြစ်ပါသည်။
အပင်တက်၍ ငှက်နှိုက်သူကဲ့သို့ ကြက်တူရွေး အထိုးအဆိတ်လည်း မခံရပါ။ သစ်ပင်ကြီးတစ်ပင်လုံး ထိုးလှဲခံရသည့်အခါ ငှက်ပေါက်ကလေးများ၏ မိဘ ကြက်တူရွေးတွေက ထိတ်လန့်ပျံသန်းပြေးကြပြီ ဖြစ်ပါသည်။
ကြက်တူရွေးက ဥတွေ အများကြီးဥပြီး အကောင်တွေ အများကြီးပေါက်တာ မတွေ့ရ။ ကြက်တူရွေးသစ်ခေါင်းမှာ ငှက်ပေါက်စ တစ်ကောင် နှစ်ကောင်သာ တွေ့ရတတ်ပါသည်။
ငှက်က ကြက်လို ဘဲလိုမွေးကတည်းက အမွေးတွေ ဂွမ်းလုံးကလေးလို လုံလုံခြုံခြုံ ပါတာမဟုတ်။ ဥမှ ပေါက်စတွင် ကိုယ်လုံးတီးကလေးဖြစ်၍ သစ်ခေါင်းတွင်း မိခင်ရင်ခွင်အောက်မှာ အနွေးဓာတ်ယူနေရသည်။ ရက်တော်တော်ရမှ အမွေးနုကလေးတွေ၊ အတောင်ဖျား၊ အမြီးဖျားမှ စ,ပေါက်သည်။
သစ်ပင်လှဲ၍ နှိုက်ယူရသည့် ကြက်တူရွေးမှာ ပေါက်ခါစ အမွေးအတောင်မရှိ။ ကိုယ်လုံးတီးငှက်ဆိုလျှင် အသက်ရှင်ခဲလှပါသည်။ ပေါက်ခါစ နုနုငယ်ငယ်ကလေးမှာ သစ်ပင်လဲသည့်ဒဏ်၊ သစ်ခေါင်းထဲမှ နှိုက်ယူခံရ၍ လေစိမ်းထိပြီး အေးချမ်းသည့်ဒဏ်တို့ကြောင့် သက်ဆိုးမရှည်တတ်ရှာပါ။
အမွေးအတောင် တစ်ပင်စ နှစ်ပင်စ ပေါက်နေသည့် အကောင်ကတော့ နည်းနည်းခံနိုင်ရည်ရှိသည်။ ဂရုစိုက်၍မွေးလျှင် ရှင်နိုင်သည်။ နွေးနွေးထွေးထွေး ထားရသည်။
အစာဆိုလျှင် ထမင်းကို ထန်းလျက်ခဲနှင့် ဝါး၍ ခွံ့ရသည်။ ပုရွက်ဆိတ် မတက်၊ ကြွက် မဆွဲ၊ ကြောင် မခုတ်အောင် ဂရုစိုက်ရသေးသည်။
သစ်ခေါင်းထဲမှ ကြက်တူရွေးက အမွေးအတောင်စုံလုနီးပါး ဖြစ်သော်လည်း မပျံနိုင်သေး၍ ထွက်မပြေးနိုင်သော ကြက်တူရွေးပေါက်စကိုလည်း ရတတ်သည်။ နည်းနည်းကြီးဖြစ်သည့် ထိုကြက်တူရွေးကတော့ အကြမ်းခံသည်။ အမှတ်တမဲ့သွားကိုင်လျှင် သွေးထွက်အောင် ဆိတ်သည်။ ခြေကုပ်လည်းမြဲ၍သူကုပ်တွယ်ထားလျှင်ခြေထောက်ကို တစ်ချောင်းချင်း ဖြေယူရသည်။ ဆွဲယူ၍မရ။ သူ့ကိုတော့ ထမင်းအစေ့အတိုင်းနှင့် သစ်သီးပျော့တချို့ (ငှက်ပျောသီး၊ ခရမ်းချဉ်သီး) ကျွေးရသည်။
လူတွေက ကြက်တူရွေးတွေ့လျှင် ငရုတ်သီးနီနီကို ကျွေးတတ်ကြသည်။ ငရုတ်သီးကစပ်တော့ လျှာထွက်ပြီး စကားမြန်မြန်တတ်မည်ဟု ထင်ကြသည်။ အမှန်တော့ ဘာမျှမဆိုင်။ ကြက်တူရွေးက ငရုတ်သီးကို ဟက်ဟက်ပက်ပက်စားတာလည်း မဟုတ်။ငရုတ်သီးတစ်တောင့်လုံးကို ဆိတ်ချွေချပြီး ငရုတ်စေ့ တစ်စေ့ နှစ်စေ့လောက်သာ စားသည်။ စားတာ နည်းနည်း၊ ဖျက်ဆီးတာ များများဖြစ်၍ ကြက်တူရွေးကို လှောင်အိမ်နှင့်မွေးပြီး အစာကျွေးလျှင် လှောင်အိမ်အောက်ကြမ်းပြင်မှာ ဆိတ်ချွေချထားသော အစာအကြွင်းအကျန်များနှင့် ညစ်ပတ်နေတတ်သည်။
ဒီနေရာမှာတော့ သာလိကာနှင့် ဆန့်ကျင်ဘက် ဆိုရလေမလား။ သာလိကာက ကျွေးလိုက်သောအစာကိုအားရပါးရစားပြီး ဖင်က အားရပါးရယိုသည်။ လှောင်အိမ်အောက်ကြမ်းပြင်မှာ သာလိကာ မစင်များနှင့် ညစ်ပတ်ပေကျံ နေတတ်သည်။
ညစ်တာချင်းတော့ အတူတူပါပဲ။ ဒီလိုညစ်ပတ်ရာမှာ သာလိကာလှောင်အိမ်က သာလိကာ၏ မစင်များနှင့် ညစ်ပေနေတော့ ယင်ကောင်နှင့် အခြားပိုးမွှားများ ကပ်ငြိပြီး သာလိကာ၏ ကိုယ်မှာ သန်းတွေစွဲလေ့ရှိသည်။ သန်းထူလွန်းမက ထူလျှင် သာလိကာသည် သူ့ကိုယ်သူ ထိုးဆိတ်၍ အနာဝင်ပြီး သေတတ်သည်။
ထို့ကြောင့် သာလိကာလှောင်အိမ်ကို သန့်ရှင်းရန်နှင့် သာလိကာကိုယ်ပေါ်မှ သန်းများ ကင်းစေရန် ဆယ့်ငါးရက်တစ်ကြိမ်ခန့် သာလိကာကို လှောင်အိမ်ပါ ရေစီးသောချောင်းရေမှာ ချပေးရသည်။
သာလိ ကာက ဒီလိုရေချိုးရတာ အလွန်နှစ်သက်သည်။ ရေမှာငုပ်လိုက်၊ အတောင်တဖြန်းဖြန်း ခတ်လိုက် လုပ်နေသည်။
ရေစီးမှာ လှောင်အိမ်က အညစ်အကြေးများလည်း မျောပါသန့်ရှင်းသွားသည်။ ပြီးလျှင် လှောင်အိမ်ကို ငှက်နှင့်တကွ အမြင့်တစ်နေရာမှာ ချိတ်ဆွဲပီး ရေစစ်ထားရုံသာ။
သာလိကာ ရေချိုးစရာ မြစ် ချောင်း မရှိဘူးဆိုလျှင် ရေဇလုံကြီးကြီးတစ်ခုမှာ ဆေးရွက်ကြီး ရေစိမ်၍ ထိုရေမှာ သာလိကာကို နစ်ပေးရသည်။ ထိုအခါ ဆေးရွက်ကြီးကြောင့် သန်းများ သေသည်။ ပြီးတော့ ရေသန့်လောင်းချိုးရသည်။ လှောင်အိမ်ကိုတော့ သင့်ရာနည်းဖြင့် ပြောင်စင်အောင် ဆေးရပါသည်။
ကြက်တူရွေးလှောင်အိမ်မှာကတော့ ညစ်ပတ်သည်ဆိုတာထက် အမှိုက်ရှုပ်တာက ပိုသည်။ ကြက်တူရွေး ဆိတ်ချွေချလိုက်သော သစ်စေ့ သစ်ခွံ အစအနများဖြင့် ပေပွနေသော်လည်း သာလိကာကဲ့သို့ မစင်မဟုတ်၍ ယင်ကောင်၊ ပိုးကောင် သိပ်မအုံပါ။
ကြက်တူရွေးမစင်က ချိုးချေး၊ ခိုချေးကဲ့သို့ မာကျစ်နေ၍ ညစ်ညမ်းမှုမရှိ။ ထို့ကြောင့် ကြက်တူရွေးလှောင်အိမ်မှာ အောက်ခြေအမှိုက်များကိုသာ ရှင်းပေးရန်လိုပြီး သာလိကာကဲ့သို့ ရေစိမ်ရန် မလိုပါ။
ပြီးတော့ ကြက်တူရွေးက သာလိကာလောက် ရေမကြိုက်ပါ။ တစ်ခါတစ်ရံ ရေစိမ်ပေး၍ ရသော်လည်း ရေချိုးတာကြာလျှင် အအေးပတ်တတ်သေးသည်။
ကျွန်တော်က ဘူဒိုဇာစက်မောင်းနှင့် အလုပ်သမားများကို ခင်မင်အောင်ပေါင်း၍ သူတို့ကသစ်ပင်လှဲတိုင်း ကျွန်တော့်ကို ခေါ်သည်။ ကျွန်တော်က ကြက်တူရွေးသစ်ခေါင်းရှိလျှင် ကြက်တူရွေးနှိုက်၍ မရှိဘူးဆိုလျှင်တော့ သစ်ပင်ကြီးတွေမှာ အနည်းနှင့်အများ အမြဲတမ်းရှိသော သစ်ခွပန်းအုံပန်းဖုတ်များကို ခွာပါသည်။
စက်မောင်းသူများ အလုပ်သမားများကတော့ ကြက်တူရွေးတို့၊ သစ်ခွပန်းတို့ကို စိတ်မဝင်စား။ သူတို့မှာ ကြက်တူရွေးနှိုက်ပြီး ထမင်းဝါးခွံ့နေဖို့လည်း အချိန်မရှိကြပါ။ ကျွန်တော်ကသာ အားအားယားယားမို့ ဒါတွေလုပ်နိုင်ခြင်း ဖြစ်ပါသည်။
ကြက်တူရွေးကို လူစကား သင်လျှင်ရသည်ဆိုသော်လည်း ကျွန်တော် သစ်ခေါင်းနှိုက်ပြီး မွေးမြူခဲ့သော ကြက်တူရွေး သုံးလေးကောင်မှာ စကား တတ်မလာခဲ့ပါ။ “ဂဲ … ဂဲ” ဟူသော ငှက်သံသာ မြည်တတ်ပါသည်။
နောင်တွင် နားလည်တတ်ကျွမ်းသူများက သစ်ပင်လဲကျရာမှရသော ကြက်တူရွေးသည် နားပင်းသွားသည်။ စကားသင်၍ မရဟုဆိုသည်။ သစ်ပင်ကို မလှဲဘဲ သစ်ခေါင်းထဲတက်၍ နှိုက်ယူသောငှက်မှ စကားသင်၍ရသည်ဟု ဆိုပါသည်။
ဒီမှာလည်း နှိုက်ယူရရှိသောငှက်၏ အကောင်အကြီးအသေး၊ အနုအရင့် ကွာသည်။ ငှက်နုနုနယ်နယ်ကလေးကို ရပြီး ရှင်အောင်မွေးနိုင်လျှင် ထိုငှက် စကားတတ်လွယ်သည်။ အတောင်စုံလုမတတ်ရှိပြီဆိုလျှင်တော့ လူစကား သင်၍မရတော့။ “ဂဲ… ဂဲ… ဂဲ… ဂဲ”ပါပဲ။
အတောင်စုံ၍ ပျံသန်းနေသည့် ကြက်တူရွေးကိုတော့ စကားသင်၍လည်း မတတ်။ လှောင်အိမ်ထဲမှာလည်း ငြိမ်ငြိမ်မနေ။ ယောက်ယက်ခတ်နေသည်။ အတောင်တွေ ညှပ်၍ထားလည်း အကိုင်မခံ။ လက်ပေါက်အောင် သွေးထွက်အောင် ဆိတ်သည်၊ ကုတ်ဖဲ့သည်။
စောစောက ပြောခဲ့သည့် သစ်ခေါင်းတက်နှိုက်ပြီး နုနုငယ်ငယ် ကြက်တူရွေးကို စကားသင်လိုလျှင် နံနက်စောစော လူခြေတိတ်နေချိန်မှာ ငှက်ကို စဉ့်အိုးထဲထည့်ထားပြီး ပြောစေချင်သည့် စကားလုံးကို စဥ့်အိုးဝမှ လူက အသံထွက်ဆိုပေးခြင်းဖြင့် ရက်ကြာလာတော့ ထိုအသံကို ငှက်က တုပ၍ ပြုနိုင် ပါသည်။
တချို့ဆိုလျှင် နံနက်စောစော သူအမြဲကြားရတတ်သော “ပဲပြုတ်” ဆိုတာမျိုးကို အရင်ဆုံး တတ်သည်။ စကားသံမှ မဟုတ်၊ သူကြားရတာကို ကြားရသည့်အတိုင်း အသံပြုနိုင်သည်။
တစ်ခါက သုသာန်အနီး နေအိမ်တစ်ခုမှာ မွေးထားသော ကြက်တူရွေးက အသုဘချလျှင် တီးသော ဆိုင်းသံကို (လွန်ခဲ့သော နှစ်လေး ငါးဆယ်က နယ် မြို့များတွင် အသုဘကိစ္စ၌ ဆိုင်း မပါမဖြစ် ထည့်လေ့ရှိသည်) ကြားရဖန်များ၍ ထိုဆိုင်းသံအတိုင်းအသံ တူအောင် “ဗိန် … ဗိန် … ဗိန် … ထီး”စသည်ဖြင့် ထထအော်တတ်၍ အိမ်ရှင်များ ထိတ်လန့်ပြီး ဘုန်းကြီးကျောင်း သွားလှူလိုက်ရသည်။ ဘုန်းတော်ကြီးကတော့ သဘောကျ လက်ခံသည်။ ဒီအသံက ဘုန်းကြီးအတွက် လပ်ကီးကောင်းသောအသံ မဟုတ်လား။
ကြက်တူရွေးက အသံကို တုပပြောဆိုနိုင်သည်မှာ သူ့လျှာကြောင့်လည်း ဖြစ်မည်ထင်သည်။ သူ့လျှာက အခြားကြက်ငှက်တွေရဲ့လျှာလို ချွန်ချွန် ရှည်မျောမျော မဟုတ်။ လူ့လျှာနှင့် ပုံစံတော်တော်တူ၍ ခပ်လုံးလုံး ဖြစ်နေသည်။
ကျွန်တော်မွေးခဲ့သော ကြက်တူရွေး သုံးလေးကောင်မှာ (တစ်ပြိုင်တည်းမဟုတ်၊ တစ်ကောင်စီ,တစ်ချိန်စီ မွေးတာဖြစ်သည်) စောစောကပြောသည့်အတိုင်း သစ်ပင်လဲကျသည့်ဒဏ်ကြောင့် နားပင်းသွားခဲ့လေသလား မသိ။ စကားသင်၍ မတတ်ခဲ့သော်လည်း ငယ်ငယ်ရွယ်ရွယ် ဥပေါက်စကလေးမှာ ထမင်းဝါးခွံ့ မွေးမြူခဲ့တာဖြစ်၍ သူ့ကိုယ်သူ (ကြက်တူရွေး)ငှက် ဆိုတာ မေ့သွားပြီလားမသိ။
ကြက်တူရွေးတွေ စားလေ့ရှိသောအစာ စပါး၊ ပြောင်း၊ ငရုတ်သီးတို့ကို မစားတတ်တော့ဘဲ လူစားတာတွေကိုပဲ စားပါသည်။
ပထမတွင် သူတို့အတွက် ပဲပြုတ်၊ အာလူးချက် စသည်များ လုပ်ကျွေးသော်လည်း နောက်တော့ လူစားတာမှန်သမျှ အားလုံးစားသဖြင့် အားလုံးကျွေး၍ရသည်။ ငါးဟင်း၊ ကြက်ဥကြော်၊ ခရမ်းချဉ်သီးချက်ကအစ ငါးပိရည်ဖျော်အထိ (ထမင်းနှင့် နယ်ကျွေးရသည်) အကုန်စားသည်။
နောက်ဆုံး မွေးခဲ့သည့် ကြက်တူရွေးကလေးကို ထမင်းစားခန်းထဲမှာ လှောင်အိမ်နှင့် ချိတ်ထားရာ လူတွေ ထမင်းစားတာမြင်လျှင် သူ့လှောင်အိမ်ထဲမှထွက်၍ (လှောင်အိမ်တံခါးချိတ်ကို သူ့ဘာသာ ဖြုတ်တတ်သည်) ထမင်းစားပွဲပေါ်ခုန်ချလာပြီး ထမင်းစားသူအသီးသီးက ချကျွေးတာကို ဘာမျှမရှောင် စားသည်။
ဝက်သားဟင်းဆိုလျှင် အဆီကို အလွန်ကြိုက်သည်။ အဆီတုံးတစ်တုံး၊ လက်နှစ်လုံးသာသာကို ကုန်အောင်စားနိုင်သည်။ ကော်ဖီ သောက်သည်။ ချိစ် ဒိန်ခဲ အလွန်ကြိုက်သည်။ ချိစ်ကိုဆိုလျှင် မကုန်မချင်း စား၍ (အန္တရာယ်ဖြစ်မှာစိုးသဖြင့်) ဖယ်ရှားထားရသည်။
ဝက်သားတို့၊ ချိစ်တို့ စားပြီးလျှင် လှောင်အိမ်ထဲ ပြန်ထည့်ထားပါက တန်းပေါ်မှာ အိပ်ငိုက်နေပြီး တစ်ခါတစ်ရံ လှောင်အိမ်ကြမ်းပြင်ပေါ် ပြုတ်ကျတတ်သည်။ လှောင်အိမ်အပြင် ထွက်လိုလျှင် သူ့ဘာသာဖွင့်တတ်၍ ဖွင့်မရအောင် သော့ပိတ်ထားလျှင် ဖွင့်ပေးရန် တကြော်ကြော် တဂဲဂဲ အော်တတ်သည်။
သစ်ပင်တွေအများကြီး လှဲသည့်အထဲမှ ကြက်တူရွေးအကောင်ပေါက်တွေ အများကြီး ရခဲ့ဖူးသော်လည်း တော်တော်များများက လက်ထဲရောက်မှ သေလို့သေ၊ တစ်ရက် နှစ်ရက်ခံပြီး သေလို့သေ၊ ကြောင်ဆွဲတာ၊ တချို့ ကြွက်ချီတာ၊ တချို့နှင့် သက်ဆိုးမရှည်ကြပါ။
မှတ်မှတ်ရရ ကြက်တူရွေး(၄)ကောင်သာ အမွေးစုံသည်အထိ ကြီးပြင်းလာခဲ့ပြီး တစ်ကောင်စီ တစ်ကောင်စီမှာ စောစောကပုံစံအမျိုးမျိုးဖြင့် သေဆုံးသွားကြပါသည်။
ဖခင်က ဘာမျှမပြောသော်လည်း အမေလုပ်သူက ကျွန်တော် ကြက်တူရွေးမွေးလျှင် သူပါအလုပ်ရှုပ်ရတာမို့ တစ်ကြောင်း၊ တော်တော်ကြီးလာမှ သေသွားလျှင် စိတ်ထိခိုက်ရတာကတစ်ကြောင်းမို့ ကျွန်တော့်ကို ကြက်တူရွေးပေါက်တွေ ယူမလာရန် တားပါသည်။
ထိုသို့ ကန့်ကွက်သည့်အထဲက နောက်ဆုံးမွေးမြူသည့်အကောင်မှာ ကျွန်တော်တို့နှင့် (၂)နှစ်နီးပါး နေသွားခဲ့ပြီး လူယဉ်လွန်း၍ (မပျံပြေးနိုင်အောင်) အတောင်ညှပ်ပေးစရာပင် မလိုခဲ့ပါ။ အတောင်စုံတော့ အမွေးအတောင် အလွန်လှသော်လည်း နှုတ်သီးက သူတကာကြက်တူရွေးလို ရဲရဲတောက်အနီမဟုတ်ဘဲ နီမည်းမည်းအရောင်ဖြစ်ပြီး ခြေထောက်ကလည်း ခပ်မည်းမည်းမို့ နားလည်သူများက ကုလားကြက်တူရွေးမျိုး စကားအလွန်တတ်သည်ဟု ပြောကြပါသည်။
သို့သော် ကျွန်တော်ပြောခဲ့သည့်အတိုင်း သစ်ပင်လဲသည့်ဒဏ်ကြောင့်လား မသိ။ စကားသင်၍ မရပါ။ ကြက်တူရွေးအော်သံ ”တဂဲဂဲ” သာ ပြုတတ် ပါသည်။ သူ့အော်သံကြားလျှင် တစ်ခုခုဖြစ်နေပြီဟု သိရသည်။
အိမ်ကို သူ မမြင်ဘူးသော သူစိမ်းလာတာမျိုး၊ ဆွမ်းခံဘုန်းကြီး ကြွတာမျိုး၊ ထမင်းစားခန်းထဲ ကြောင်ဝင်တာမျိုးဆိုလျှင် သူ့အော်သံ ကြားသည်။ ဘာမျှမရှိဘဲ အော်နေလျှင် ထမင်းဆာလို့ တောင်းတာဖြစ်သည်။ တစ်ခုခုကျွေးလိုက်မှ အအော်ရပ်သည်။
သူက လူယဉ်နေ၍ တစ်အိမ်သားလုံး ချစ်ကြသည်။ ကျွန်တော်ကတော့ ထိုအချိန်က ဆယ်တန်းမှာသင်ရသည့် “ထရက်ရှားအိုင်လင်း” စာအုပ်ထဲက ပင်လယ်ဓားပြကြီး “လောင်းဂျွန်ဆေးလဗား” ကို အားကျ၍ ကျွန်တော့်ကြက်တူရွေး (သူ့နာမည်) အာကျယ်ကို ပခုံးတစ်ဖက်ပေါ်တင်ပြီး လျှောက်သွားရတာ အရသာတစ်မျိုးဖြစ်သည်။
ထိုသို့ အသွားကောင်းခဲ့၍ တစ်ရက်သောအခါ သူနှင့်အတူ အဖေ့ရုံးကို လိုက်သွားစဉ် (တောစခန်း အလုပ်နားချိန်ဖြစ်၍ အဖေနှင့် အလုပ်သမားအားလုံး မြို့ပေါ်က ရုံးမှာရှိနေကြသည်) ကြက်တူရွေးသစ်ပင် တွန်းလှဲပေးခဲ့သည့် ဘူဒိုစာစက်မောင်းသူများရှိရာ စက်ပြင်အလုပ်ရုံဘက်သို့ ရောက်လာခဲ့ပါသည်။
စက်ဆရာများက သူတို့၏ စက်ယန္တရားကြီးများကို ပြင်ဆင်နေကြပြီး ကျွန်တော်ရောက်လာတော့ တစ်ယောက်က ကျွန်တော့်ပခုံးပေါ်မှ “အာကျယ်”ကိုကိုင်ကြည့်ရန် လှမ်းယူပါသည်။
“အာကျယ်”ကို ခေါ်သွားလျှင် ဟိုလူယူကြည့်၊ ဒီလူကိုင်ကြည့်လုပ်တာ ရိုးနေပြီမို့ “အာကျယ်”ကလည်း ဟိုလူ့လက်ပေါ် ကူးလိုက်၊ ဒီလူ့လက်ပေါ် ကူးလိုက် လုပ်သည်။
ကျွန်တော်က စက်ပြင်ရုံထဲမှာ လူတစ်ယောက်ကို လှမ်းပေးလိုက်တော့ ထိုလူက အယူ “အာကျယ်” က လှမ်းအကူး ခြေချော်၍ ကျွန်တော့်တို့နှစ်ယောက်ကြား စက်ပစ္စည်းများ ဆေးကြောရန် (ဆီတိုင်ကီကို ဒေါင်လိုက်ခြမ်းထားသည့်) ဒီဇယ်ကန်ထဲသို့ပြုတ်ကျသွားပါသည်။
ထိုအချိန်များက ဓာတ်ဆီ၊ ဒီဇယ်ဆိုတာ ဖောခြင်းသောခြင်းမို့ စက်ဆေး လက်ဆေးထည့်ထားသည့် ဒီဇယ်တွေက တိုင်ကီခြမ်းနှစ်ခန်း ပြည့်လုနီးပါးရှိရာ “အာကျယ်”မှာ (ပျံနိုင်သော်လည်း) ပျံချိန်မရဘဲ ဒီဇယ်တွေထဲ စုန်းစုန်းမြုပ် ပြုတ်ကျသွားပါတော့သည်။
ကျွန်တော်တို့ ဝိုင်းဆယ်တော့ ဒီဇယ်နစ်သူ အာကျယ်မှာ ဆီတွေနှင့် ရွှဲနစ်နေသည်။ ဝမ်းထဲကိုလည်း ဝင်ဟန်ရှိသည်။ အဝတ်ခြောက်တွေနှင့် သုတ်သင်ပေးသော်လည်း ဒီဇယ်ဆီက မစင်နိုင်။ ဆီကလည်းအသန့်မဟုတ်။ စက်ပစ္စည်းတွေ ဆေးထားသည့် ဆီညစ်ဆီမည်းတွေမို့ “အာကျယ်” မှာ ကြက်တူရွေးရောင် မစိမ်းတော့ဘဲ ဒီဇယ်ဆီညစ်အရောင် မည်းပုပ်ပုပ်ဖြစ်နေ၍ ကျွန်တော်က တတ်နိုင်ပါဘူးဆိုကာ အာကျယ်ကို ဆပ်ပြာနိုင်နိုင်နှင့် ရေချိုးပေးလိုက်ပါသည်။
ဆီထဲနစ်ပြီး ရေတွေရွှဲနေအောင် အလောင်းခံရ၊ ဆပ်ပြာတွေ အတိုက်ခံရသော အာကျယ်မှာ တဆတ်ဆတ်တုန်နေသည်။ အော်သံလည်း မထွက်တော့။
ရေတွေ သုတ်ပေး၊ ပူနွေးအောင် မီးဖိုမှာ ကင်စသည်ဖြင့် ပြုစုကုသပါသော်လည်း အာကျယ်သည် နာလန်မထူတော့။ လေးငါးရက်အကြာမှာ အိမ်သားတွေ နံနက်အိပ်ရာကထတော့ သူ့လှောင်အိမ်ကလေးထဲမှာ အသက်ပျောက်နေတာ တွေ့ရသည်။ အိမ်သူအိမ်သားအားလုံး စိတ်ထိခိုက်ကြပြီး ထိုနေ့ကစ၍ ကြက်တူရွေး မမွေးရန် (အမေက ယခင်က တဖွဖွပြောပေမယ့် ကျွန်တော်ယူသွားလျှင် မကန့်ကွက်) အိမ်ထောင်ဦးစီး ဖခင်က ဗီတိုအာဏာသုံးသည်။
အဖေပြောပြီဆိုလျှင်တော့ ကျွန်တော်က မလုပ်ရဲ။
ကျွန်တော်ကိုယ်တိုင်လည်း ကြက်တူရွေးနှင့်ပတ်သက်၍ တော်တော်စိတ်ထိခိုက်သွားသည်မို့ ထိုနေ့ကစပြီး နောက်ထပ် ကြက်တူရွေး၊ သာလိကာ ဘာကောင်ကိုမျှ မွေးမြူခြင်းမပြုတော့ကြောင်း ငယ်စဉ်ဘဝကို အမှတ်တရ ရေးသားလိုက်ရပါသည်။
– ပြီး –
စာရေးသူ – တောက်ထိန်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ