ဆည်းဆာအပြုံး(စ/ဆုံး)
—————–
အခန်းချင်းကပ်ရက်က မိအေးပို ပြန်အလာကို ကျွန်မ မျှော်နေမိတာပါ။
ညနေခြောက်နာရီခွဲနေပြီမို့ မိအေးပို ပြန်လာခါနီးပြီ။
မိအေးပို ပြန်လာပါလျင် အခြေအနေ
ထူးလေမလား။
အတူနေ သားနှင့်ချွေးမအလစ်မှာ မိအေးပို
ပြန်လာရင်ပြောမယ့်စကားကို သိချင်လှပြီ။
“”မနက် လိုက်ခဲ့လို့ရတယ် ဒေါ်ကျင်သောင်းရေ””
လို့ ကြားချင်မိပါတယ်။
မိအေးပို က အလယ်ရွာရှိ အအေးခန်းစက်ရုံမှာအလုပ်လုပ်သည့်အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။
ငါးအအေးခန်းစက်ရုံဆိုပေမယ့်.ငါးခြောက်လုပ်ငန်းတွေလည်း လုပ်ကိုင်တယ်။
ငါးနီတူခြောက်၊ အာဗြဲခြောက်၊ မွေးမြူရေးငါးခြောက်များကို အရွယ်အစားတူညီစွာရွေးချယ်ပြီး ခွဲခြင်း၊ ထုတ်ပိုးခြင်း အစရှိသော
အလုပ်တို့ကို့ လည်း ထိုစက်ရုံက လုပ်ကိုင်ပါတယ်။
တခါတရံ ငါးခြောက်ထုတ်ပိုးရတဲ့ရက်များတွင်
နေ့စားအလုပ်သမားများကို မိအေးပို က
တာဝန်ယူကာ ခေါ်ပေးရတယ်။
ရပ်ကွက်ထဲက အလုပ်မရှိတဲ့ ကလေးအမေတချို့၊သက်ကြီးပိုင်းအမျိုးသမီးတချို့ကို မိအေးပို က အလုပ်ခေါ်ပါတယ်။
အကြာကြီးတော့ မလုပ်ရပေ။
ဘာပဲဖြစ်ဖြစ် တစ်ပတ်၊ဆယ်ရက်တော့
လုပ်ရတာမို့ မိအေးပို အလုပ်ခေါ်မယ့်
ရက်ကို ငွေရေးကြေးရေးအဆင်မပြေကြသော ရပ်ကွက်ထဲမှ သူတချို့က မျှော်လင့်နေကြတယ်။
ထိုသူများထဲတွင် ကျွန်မလည်း အပါအဝင်ပေါ့။
“”မိအေးပို တူမရယ် ဒီတစ်ခါ ငါးခြောက်ကျလို့
လူခေါ်ရင် အဒေါ်ကို ခေါ်ပါနော်..””
“”အယ် ဒေါ်ကျင်သောင်း က တကယ်လုပ်မှာမို့လား။
ကေသီ တို့ကရော ဒေါ်ကျင်သောင်းအလုပ်လုပ်ဖို့
ခွင့်ပြုမှာလား…””
“”ဘယ် ခွင့်ပြုမှာလဲ တူမရယ်..
အဒေါ်က လုပ်ချင်တာပါ။ တကယ်လို့ လုပ်ရမယ်ဆိုရင် မောင်မြင့်ဟန် တို့ အိမ်ဘက် အလည်ခဏသွားနေဦးမယ်ဆိုပြီး သွားနေမှာပေါ့။
ဟိုကနေ အလုပ်ဆင်းမှာပေါ့…””
“”ဒီနေ့ နေ့လည် ငါးခြောက်ကားဝင်မယ်ထင်တယ်။
ဝင်ဖြစ်ရင် လူခေါ်ရမှာ ဒေါ်ကျင်သောင်း ကအသက်ကခြောက်ဆယ်ကျော်နေပြီ။
တကယ်ရော လုပ်နိူင်မှာလား ။
လုပ်နိူင်ရင်တော့ ခေါ်မယ် အဒေါ်ရယ်။
ကိုမြင့်ဟန်တို့အိမ် ဘက် အလည်သွားမယ်ဆိုပြီး
ဟိုကနေအဒေါ်က အလုပ်ဆင်းမယ်ပေါ့””
“”ဟုတ်တယ် ဒီကနေ ဆင်းလို့ အဆင်မပြေဘူး။
သိတဲ့အတိုင်းပဲ။
ကေသီ က အဒေါ် အလုပ်ထွက်လုပ်ရင်သူတို့သိက္ခာကျတယ်လို့ ကျိန်းသေတွေးပြီး တားမှာ။
ကိုယ့်ဝမ်းနာ ကိုယ်သာ သိပါအေ။
အဒေါ် လုပ်ပါရစေနော်..””
“”အင်းလေ ဒီနေ့ငါးခြောက်ကားဝင်ရင်
မနက်ဖြန် ဒေါ်ကျင်သောင်းကို ကျွန်မ အလုပ်ခေါ်မယ် ဟုတ်ပြီလား..””
မိအေးပို က အခုလို ပြောခဲ့တာမို့ မိအေးပို
ပြန်အလာကို ကျွန်မမျှော်နေမိတာပါပဲ။
ချွေးမဖြစ်သူ ကေသီ က ကျွန်မကို အကဲခတ်သလို လှမ်းကြည့်နေပါတယ်။
ဒါကြောင့် ကျွန်မလည်း အိန္ဒြေ ဆည်ပြီး
လုပ်စရာရှိတဲ့အလုပ်တွေ လုပ်နေလိုက်တယ်။
နှစ်နှစ် အရွယ် ကျွန်မမြေးမလေးကို ချီပိုးပြီး
ကေသီ က အခန်းအပြင်ကိုထွက်သွားတယ်။
သိပ်မကြာခင် ကျွန်မ သားငယ် ဇော်ထွေး
ပြန်လာတော့မယ်လေ။
ဒါကြောင့် သူ့ယောကျာ်းပြန်အလာကို ကေသီ
ထွက်ကြိုနေပြီပေါ့။
သားဖြစ်သူ ဇော်ထွေး က ရေသန့်ကုမ္ပဏီတစ်ခုမှာ စာရင်းကိုင်အလုပ် လုပ်ပါတယ်။
တစ်လကို လစာငွေငါးသိန်းကျော်ရတယ်။
ကေသီ ကလေးမမွေးခင်က
အထည်ချုပ်တစ်ခုမှာ စာရေးမ လုပ်ခဲ့တယ်။
နောက်တော့ ကိုယ်ဝန်ရလာတဲ့အတွက်
မွေးဖွားခါနီးမှာ အလုပ်ထွက်လိုက်ရတယ်။
ကျွန်မ က သားအကြီးဖြစ်သူ
မြင့်ဟန်တို့မိသားစုနဲ့ အတူတူနေခဲ့တာပါ။
မြင့်ဟန် ခမျာ ဇော်ထွေးလို
ပညာတက်မဟုတ်တဲ့အတွက် ကုမ္ပဏီ အလုပ်တွေဘာတွေ မလုပ်ပေ။
ကြုံရာကျပန်းအလုပ်လုပ်ရရှာတယ်။
မြင့်ဟန်မိန်းမ ဝေဦး ကတော့ ခေါင်းရွက်ဗျပ်ထိုးစျေးသည် တစ်ယောက်ပေါ့။
သားနှစ်ယောက်၊သမီးတစ်ယောက်နဲ့ မို့
အဆင်ပြေတယ်ရယ်လည်းမဟုတ်သလို
အဆင်မပြေဘူးလည်း မဟုတ်ပေ။
မြင့်ဟန်တို့နှင့်အတူနေစဥ် ကလည်း ဝိုင်းလုပ်ဝိုင်းစားပါပဲ။
သားအငယ်ဇော်ထွေးကလည်း
အိမ်ထောင်ကျကာစ
သူဘာသာသူ သီးခြားနေမယ်ဆိုပြီး
အိမ်ခွဲနေလိုက်ကြတယ်။
အိမ်ထောင်ကျကာစမို့ အမေ့အတွက်ရယ် လို့
တစ်လနေလို့ တစ်ခါ မထောက်ပံ့နိူင်ဘူး။
သုံးလေးလလောက်နေမှ အမေ့အတွက်မုန့်ဖိုးဆိုပြီး
ငါးထောင်၊တစ်သောင်းပေးတယ်။
နည်းလို့ ပြောချင်တာမဟုတ်ရပါဘူး။
ဘယ်လောက်လေးပဲ ပေး ပေး
ကျွန်မ ကျေနပ်ပါတယ်။
ဘာလို့လဲ ဆိုတော့ ဇော်ထွေးတို့ လင်မယားအိမ်ထောင်သက် သုံးနှစ်ကျော် မှာ
ရွှေတို၊ငွေစ တွေနဲ့ အဆင်ပြေနေတာမို့ပါ။
ချွေးမဖြစ်သူ ကေသီ က စည်းစနစ်ရှိပြီး
ချွေချွေတာတာ စားတတ်သောက်တတ်၊
စုဆောင်းတတ်သူမို့ပါ။
သားအကြီး မြင့်ဟန်တို့မိသားစုထက်စာရင်
ဇော်ထွေး တို့လင်မယားက ပြေလည်ကြတာပေါ့။
နောက်တော့ ကေသီ မီးဖွားခါနီး
သူတို့နဲ့အတူလာနေပေးဖို့ ကျွန်မကို ခေါ်တယ်။
မြင့်ဟန် ကိုယ်တိုင်ကလည်း လိုလိုလားလား
သွားနေခွင့်ပြုတယ်။
ဒါကြောင့် ကျွန်မ သားအငယ်လင်မယားနဲ့
အတူတူလာနေတာပါ။
နေရစားရတာ အားလုံးအဆင်ပြေပေမယ့်
ကျွန်မမှာအဆင်မပြေတဲ့အကြောင်းတရားလေးတွေက ရှိလာတယ်။
အဲ့ဒါက တခြားမဟုတ်ပါဘူး။
ရပ်ကွက်ထဲ သာရေးနာရေး ကိစ္စလေးတွေရှိလာရင် ကျွန်မဒေါ်ကျင်သောင်း အနေနဲ့
ကိုယ်တိုင်ကိုယ်ကျ လှူချင်၊တန်းချင်တယ်။
ပါဝင်ချင်တယ်။
နေ့လည်နေ့ခင်း ခေါင်းရွက်ဗျပ်ထိုး
စျေးသည်လေးတွေ လာရောက်ရောင်းချတဲ့
မုန့်ပဲသရေစာလေးတွေကို တခါတလေ
စားချင်သောက်ချင်မိတယ်။
ကေသီ ဝယ်ခြမ်းပေးထားတဲ့ ကော်ဖီမစ်ထုပ်၊
ပေါင်မုန့်၊ကိတ်ခြောက်ထုပ်တွေကို
ကျွန်မ မစားချင်ဘူး။
ဇော်ထွေး ကလည်း လစာထုတ်တဲ့အခါတိုင်း
ကေသီကို စျေးဖိုးအပ်တယ်။
အမေသုံးချင်တာသုံးဖို့ လို့များ
ဘယ်သောအခါမှ မပေးဘူး။
သူ့အထင် ကေသီ က ကျွန်မကို
ပေးနေတယ်လို့ ထင်နေတာလား မသိလေဘူး။
ဒါမှမဟုတ် သူ့က ကျွေးထားတယ်။
သူ့အကို မြင့်ဟန်ကတော့ အမေသုံးဖို့ငွေကြေးတချို့ပေးလိမ့်မယ်လို့ တွေးထင်နေလေသလား။
သူ့အကို မြင့်ဟန်ကျပြန်တော့
သူ့ညီဇော်ထွေးက ကျွန်မသုံးဖို့၊စွဲဖို့
မုန့်ဖိုးလေးတော့ ပေးလိမ့်မယ်လို့
အထင်ရောက်နေလေသလားပဲ။
နဂိုကမှ ကပ်စီးနည်း၊ချွေတာလွန်းတဲ့ ချွေးမဖြစ်သူကေသီဟာ သူကိုယ်တိုင်လည်း အလုပ်မလုပ်နိူင်တဲ့အတွက် ဝင်ငွေမရှိလေ၊ ပိုပြီးစိကုပ်လေ
ဖြစ်နေတာမို့ သားနှစ်ယောက်ရဲ့ ကြားမှာ
ကျွန်မ ထမင်းစားရရုံဘဝနဲ့ ဖြစ်နေရပါတယ်။
အသက်က ခြောက်ဆယ်ကို
တစ်နှစ်စွန်းလာခဲ့ပါပြီ။
ခင်ပွန်းသည် မတိမ်းပါးခင်ကတော့
လင်သားရှာရသမျှ
ကျွန်မ လက် ၊ ကျွန်မခြေ နဲ့ သုံးစွဲခဲ့ရတာပါ။
အခုတော့…သားသမီးလုပ်စာလေးကို ဝိုင်းလုပ်ဝိုင်းစားဘဝနဲ့ နေ နေရတဲ့ ဘဝပါ။
အသက်အရွယ်ရလာလို့လားတော့ မသိပါဘူး။
တခါတလေ အာသီသရှိတာလေးတွေ စားချင်သောက်ချင်တယ်။
အများကြီးမဟုတ်တောင် လက်ထဲမှာ
ငွေစလေးတချို့တော့ ကိုင်ထားချင်တယ်။
မြင့်ဟန်နေတဲ့နေရာ နဲ့ ဇော်ထွေး နေတဲ့ နေရာက
သုံးမှတ်တိုင်လောက်ပဲ ဝေးတယ်။
ခေါင်းရွက်ဗျပ်ထိုးစျေးသည် ဖြစ်တဲ့ချွေးမ ဝေဦး လည်း စျေးရောင်းရင်း ကျွန်မနေထိုင်တဲ့
လမ်းထဲအထိ ရောက်လာတတ်တာမျိုးကျရင်
ဝင်နူတ်ဆက်တတ်တယ်။
အဲ့အခါမျိုးကျရင် ကျွန်မမြေးလေးတွေကို
မုန့်ဖိုးလေးတောင်မပေးလိုက်နိူင်တဲ့
ကိုယ့်ကိုကိုယ် စိတ်မကောင်းဖြစ်မိတယ်။
ဒါကြောင့် မိအေးပို တို့အလုပ်က လူခေါ်ရင်
ကျွန်မအရမ်းလုပ်ချင်မိတယ်။
ကျွန်မ လုပ်လည်းလုပ်နိူင်ပါတယ်။
အသက်ကြီးပေမယ့် ချူချာနေတဲ့ သူလည်း
မဟုတ်တာမို့ နေ့စားခလေး ကိုးထောင်၊
တစ်သောင်း ကို လိုချင်မိတယ်။
ကေသီသာ သိရင် မလုပ်ရဘူးလို့တားလိမ့်မယ်။
တခါတုန်းက ဘာရယ်မဟုတ်
အလုပ်ကလေးလုပ်ချင်တယ် လို့
ကေသီရှေ့မှာ ပြေမိတော့
အမေအလုပ်ထွက်လုပ်ရင်
အမေ့သားကိုဇော် သိက္ခာကျမှာပေါ့.လို့
ပြောဘူးပါတယ်။
ဒါကြောင့် အကယ်လို့များ အလုပ်ရခဲ့ပါရလ်
မြင့်ဟန်တို့အိမ်ကို ခဏတဖြုတ်
အလည်သွားနေဦးမယ်ဆိုကာ သွားနေပြီး အလုပ်ဆင်းရပါမယ်။
ဒါမှ ကျွန်မသုံးချင်တာ၊စားချင်တာ၊
လှူချင်တာလေးတွေကို လက်ထဲ
ငွေလေးကိုင်ပြီး လုပ်နိူင်မှာဖြစ်တယ်။
ချွေးမ ဝေဦးကတော့ ကျွန်မ အလုပ်လုပ်လည်း တားမည့်သူတော့မဟုတ်ပေ။
မိအေးပို ကို အပူကပ်မိတော့
ငါးခြောက်ကား ဝင်ရင်တော့ ခေါ်ပါမယ်..လို့
မနက်ကပြောသွားတာမို့
မိအေးပို ပြန်အလာကို မျှော်လင့်ချက်ကြီးစွာနဲ့ ကျွန်မမျှော်နေမိတော့တယ်။
&&&&&&&&&&&&&&&&&&&&&&&&&&&&
အခန်း..(နှစ်)
“”ဒေါ်ကျင်သောင်း.. ကိုးထောင် ရော့..”
“”မမိုးဝင်း….ကိုးထောင်””
မိအေးပို က ညနေ..ခြောက်နာရီခွဲမှာ
နေ့တွက်ခတွေ ရှင်းပေးပါတယ်။
လေးနာရီခွဲအထိဆိုရင် ခုနစ်ထောင်ပဲရပြီး ခြောက်နာရီခွဲ အထိဆိုတော့ နှစ်ထပ်ထပ်ရသည့်အတွက် နေ့စားခ ကိုးထောင် စီ ခဲ့ပါတယ်။
ထိုင်ပြီးလုပ်ရတဲ့အတွက် နည်းနည်းတော့
ညောင်းပါတယ်။
ဒါပေမယ့် ကျွန်မလုပ်နိူင်ပါတယ်။
ဒီနေ့ဆို ကျွန်မလိုပဲ အလုပ်လာလုပ်တဲ့
အသက်ခုနှစ်ဆယ် အမျိုးသမီးကြီးလည်းပါ
ပါတယ်။
ပုပုသေးသေးနှင့် သွက်သွက်လက်လက်
အလုပ်ကိုလုပ်နိူင်သေးတယ်။
အမည်က ဒေါ်အုန်းရွှေ တဲ့။
သားသုံးယောက်ရှိပေမယ့်
ကျွန်မထက် အဖြစ်ဆိုးရှာတယ်။
ကိုယ့်ဝမ်းကိုယ်ရှာစားရသူပါ လို့
ပြောပြလာတယ်။
“”လုပ်နိူင်သ၍တော့ လုပ်ကိုင်စားဦးမယ်အေ..
မလုပ်နိူင်တော့ အခြေအနေမျိုးရောက်သွားတဲ့အခါကျရင်တော့..ကံတရားပေါ့။
သားတွေက မအေတစ်ယောက်ကိုမှ
မစောင့်ရှောက်နိူင်တာ။
ကျုပ်ကလည်း ဂရုမစိုက်ပါဘူး။
လက်လုပ်နိူင်သေးရင် ပါးစပ်တော့လုပ်နိူင်ရမှာပဲ။
အဲလို စိတ်မျိုးမွေးတယ်။
အမယ်…ကျုပ်သား အငယ်မိန်းမက ဘာပြောတယ်မှတ်လဲ…အမေအုန်း အခုလို အလုပ်ထွက်လုပ်နေတော့ သူတို့သိက္ခာ ကျတာပေါ့တဲ့…
ကျရင် ကောက်တင်လိုက်လို့ ကျုပ်က ပြောထည့်လိုက်တာ ချွေးမလည်း ပြေးရော ဟား…ဟား ဟား””
ဒေါ်အုန်းရွှေ ပြောတော့ ကျွန်မလည်း
ကျွန်မချွေးမအငယ် ကေသီမျက်နှာ ကို
ချက်ချင်းပင်ပြေးမြင်မိတယ်။
အခုလို ကျွန်မ အလုပ်လုပ်နေတယ်ဆိုတာသာ
သိကြည့် ဒေါ်အုန်းရွှေ ချွေးမလို ပြောမှာအမှန်ပင်။
ကျွန်မကတော့ ဒေါ်အုန်းရွှေ လိုတော့
မတုန့်ပြန်ချင်ပါ။
သူတို့ခမျာလေးတွေလည်း နိူင်သလောက်တော့ ကျွန်မ ကို ကျွေးမွေးစောင့်ရှောက်နေကြတာပဲ။
သူတို့တတ်နိူင်သည့်အတိုင်းအတာလေးနဲ့တော့
ဖြည့်ဆည်းပေးနေကြတာပဲလေ။
ကျွန်မကိုယ်တိုင်က ငွေစလေး ကိုင်ပြီး
လုပ်ချင်တာလေးတွေလုပ်၊
အာသီသရှိရှိစားချင်တာလေးတွေကို
စားချင်ခဲ့တာကိုး။
အသက်ခြောက်ဆယ်ကျော်မှ ကျွန်မလုပ်အားခနဲ့
ရရှိလာတဲ့ ငွေသား ကိုးထောင်ကို လှမ်းယူတော့ ကျွန်မလက်ချောင်းလေးတွေ
မသိမသာတုန်ရင်နေတယ်။
နောက်ထပ် လေး၊ငါးရက်လုပ်ရမယ်လို့
နေ့လည်ခင်းကတည်းက သိထားပြီးပြီ။
နောက်ရက်တွေလည်း ကျွန်မ အလုပ်ဆင်းပါဦးမယ်။
ထမင်းချိုင့်ထည့်ပေးတဲ့ ချွေးမဝေဦး ကို ပြန်ရင်
သုံးထောင်ပေးရမယ်။
ငါးထောင်ကိုတော့ စုထားရမယ်။
နောက်ငါးရက်လုပ်ရမယ်ဆိုတော့ အလုပ်ပြီးရင် လက်ထဲ နှစ်သောင်းခွဲ၊ သုံးသောင်းတော့
ကျန်လိမ့်မယ်။
အတွေးနဲ့တင် ကျွန်မကျေနပ်နေမိပါတယ်။
အလုပ်မဆင်းရတော့ရင် သားအငယ်အိမ်ကို
ပြန်ရမယ်။
နှစ်နှစ်အရွယ် မြေးမလေးကို အင်္ကျီလှလှလေး
ဝယ်ပေးရမယ်။
လမ်းထိပ်ကဓမ္မာရုံမှာ ကွယ်လွန်သွားပြီဖြစ်တဲ့အဖိုးကြီးအတွက် အလှူငွေလေးထည့်ရမယ်။
နေ့လည်ခင်းတိုင်း လမ်းထဲလာရောင်းတဲ့
နာနတ်သီးစိတ်ချိုချိုလေးလည်းဝယ်စားရမယ်။
ကျွန်မ ကို ချွေးမဖြစ်သူကေသီက
အမေ့မှာ ပိုက်ဆံတွေပေါနေပါလား..လို့
မေးလာခဲ့ရင် သားကြီးမြင့်ဟန်
ကန့်တော့လိုက်တယ် လို့ ပြောပြရမယ်။
ကျွန်မ အတွေးနဲ့ ကျွန်မကျေနပ်နေစဥ်မှာပင်
“”ဒေါ်ကျင်သောင်း…ဘာရပ်လုပ်နေတာလဲ
ဟိုမှာ ကားလာနေပြီလေ…
အိမ်မပြန်တော့ဘူးလား””
ဆိုပြီး
မိအေးပိုက လှမ်းအော်ပြောနေပြီမို့
အတွေးလွန်နေတဲ့ကျွန်မ ရှက်ပြီး
ပြုံးမိသွားပါတော့တယ်။
#ယွန်းနှင်းဆီခိုင်
သားသမီးတွေကြားမှာ
ဟိုလူကပေးနိူး ဒီလူကပေးနိူးနဲ့ ကြားထဲမှာ
ကွက်လပ်လေးတွေများနေတဲ့
မိဘများကို မျှတစွာစောင့်ရှောက်နိူင်ကြပါစေ