ခုတင်အမှတ် (၂၅)

Posted on

“ခုတင်အမှတ် (၂၅)”(စ/ဆုံး)
————————–

ကျွန်တော်ငယ်ငယ်ကတဲကဆေးရုံဆိုရင်အရမ်းကြောက်မိတယ်မိ္တ္ထီလာမြို့ပေါက်ချောင်းရပ်ကွက်လေးမှာနေထိုင်စဥ်ကဌာနရဲ့စီမံချက်တာဝန်တွေထမ်းဆောင်ပြီးအပြန်မှာအဖေကျန်းမာရေးဖောက်လာလို့အဖေ့ကိုအိမ်ပြန်မရောက်မှီဆေးရုံတင်လိုက်ရတယ်။

ထိုနေ့ပေါက်ချောင်းကျောင်းလေးမှညနေပိုင်းကျောင်းဆင်းပြီးအိမ်ကိုစိတ်ကူးတွေနဲ့ပြန်လာခဲ့ပါတယ်။စိတ်ထဲမှာလဲအလွန်ပျော်ရွှင်နေပြီးအဖေခရီးကပြန်လာရင်ကျွန်တော့်အတွက်ကစားစရာနဲ့မုန့်တွေပါလာမှာဘဲလို့အတွေးထဲမှာပျော်နေပြီးအိမ်ပြန်နေတဲ့ကျွန်တော့်ရဲ့ခြေလှမ်းတွေဟာပေါ့ပါးလို့နေပါတယ်။

လမ်းထိပ်ကိုရောက်တော့ကျွန်တော်တို့အိမ်ရှေ့မှာလူတွေအတော်များများရုတ်ရုတ်သဲသဲဖြစ်နေပါတယ်။အိမ်ရှေ့ကိုရောက်တော့ခပ်လှမ်းလှမ်းဘက်ဆီမှမြင်းလှည်းတစ်စီးဆေးရုံဘက်ကိုမောင်းသွားနေတာကိုမြင်လိုက်ရပါတယ်။

မြင်းလှည်းပေါ်မှာအမေ့ရဲ့ကိုယ်ပေါ်ကိုမှီထားတဲ့အဖေ့ရဲ့ပုံရိပ်ခပ်ဝါးဝါးလေးကိုမြင်နေရပါတယ်၊သိပ်ပြီးတော့မသေချာသေးလို့အဖေနဲ့အမေ၊မဟုတ်ပါစေနဲ့လို့ဆုတောင်းနေမိပါတယ်။

အိမ်ရှေ့ကိုရောက်တော့အိမ်နီးနားချင်းတွေရဲ့ပြောစကားအရအဖေကိုဆေးရုံတင်ဖို့မြင်းလှည်းနဲ့ခေါ်သွားတာဖြစ်ကြောင်းသိရှိရပြီးကျွန်တော်ဆုတောင်းတွေမပြည့်ခဲ့ရတော့ပါ။

ထိုညအစ်မအကြီးဆုံးနဲ့ကျွန်တော်တို့မောင်နှမတစ်တွေအိပ်ကြရပါတယ်။အစ်မအကြီးဆုံးသည်ပင်လျှင် (၈)တန်းအရွယ်သာရှိသေးပြီးအစ်မလတ်က (၄)တန်း၊ကျွန်တော်ကသူငယ်တန်း၊ညီအငယ်ဆုံးလေးမှာလေးနှစ်သားအရွယ်ပင်ရှိပါသေးတယ်။

အမေကိုယ်တိုင်ကလဲအခြားသောဆွေမျိုးရင်းခြာတွေမရှိလို့အဖေ့ကိုဆေးရုံစောင့်နေရလို့ကျွန်တော်တို့မောင်နှမတစ်တွေအိမ်မှရှိတာလေးနဲ့ချက်ပြုတ်စားပြီးနေကြရပါတယ်။နေ့စဥ်နေ့တိုင်းအဖေနဲ့အမေ့ကိုလွမ်းလို့ညတိုင်းလိုလိုမကြာခဏလန့်နိူးတတ်ပါတယ်။

အဖေဆေးရုံတက်ပြီး (၅)ရက်ခန့်အကြာညနေပိုင်းကျောင်းပြန်ချိန်မှာဆေးရုံစောင့်တဲ့အမေအိမ်ကိုခဏပြန်လာတဲ့အချိန်နဲ့ကြုံကြိုက်နေလို့အမေ့ကိုတင်းကြပ်စွာဖက်ထား​ ပပြီးမျက်ရည်များကျဆင်းလို့နေပါတယ်။အမေကလဲကျွန်တော့်ကိုတင်းကြပ်စွာဖက်ထားရင်းပြောစရာစကားလုံးတွေကင်းမဲ့နေဟန်တူပါတယ်။

ထို့နေ့ညပိုင်းအမေနဲ့အတူဆေးရုံကိုလိုက်သွားခဲ့ပါတယ်အဖေတို့ဆေးရုံတက်နေတဲ့အခန်းမှာလူနာပေါင်း (၂၅)ယောက်ခန့်ရှိပြီးဆေးရုံမျက်နှာကျက်ရဲ့မှုန်ဝါးဝါးမီးရောက်အောက်မှာဖျော့တော့စွာအသာမှိန်းရင်းငြိမ်သက်နေကြပါတယ်သူတို့ရဲ့ခုတင်အသီးသီးရဲ့နံဘေးမှာလဲညိုးငယ်တဲ့မျက်နှာတွေနဲ့လူနာစောင့်တွေငြိမ်သက်လို့နေပါတယ်။

ကျွန်တော်လဲအဖေ့ရဲ့ခုတင်အနီးသို့အသာလေးတိုးကပ်သွားတဲ့အခါသိုးမွှေးစွယ်တာလေးဝတ်ထားပြီးမျက်လုံးလေးအသာဖွင့်ထားတဲ့အဖေကပြုံးပြရင်းကျွန်တော့်လက်ချောင်းလေးတွေကိုဖမ်းဆုပ်လိုက်ပါတယ်။အဖေ့လက်တွေမသိမသာတုန်ရီနေမှန်းကျွန်တော့်လက်ရဲ့ခံစားမှု့ကနေတစ်ဆင့်သိရှိရပါတယ်။ခဏအကြာမှာတော့အဖေ့ခေါင်းအုံးလေးကိုလှန်ပြီးခေါင်းအုံးအောက်ကငါးမူးစေ့လေးတစ်စေ့ကျွန်တော်ကိုပေးရှာပါတယ်။ကျွန်တော်လဲအဖေပေးတဲ့ငါးမူးစေ့လေးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်းအဖေ့ကိုကြည့်ခါဝမ်းနည်းနေမိပါတယ်။

ထိုနေ့ညအိမ်ကိုပြန်ရောက်တော့ကျွန်တော်ညနက်ပိုင်းအချိန်အထိအိပ်မပျော်နိူင်ခဲ့ပါ။ဆေးရုံပေါ်ကအဖေ့ရဲ့မျက်နှာ၊စိတ်ပူစွာပြုစုပေးနေတဲ့အမေ့မျက်နှာတွေအသီးသီးပေါ်လာခဲ့ပြီးမနက်အစောပိုင်းမှသာအိပ်ပျော်သွားခဲ့ပါတယ်။

အဖေဆေးရုံကဆင်းအပြီး (၆)လခန့်အကြာအထိဆန်ပြုတ်နဲ့ငါးကြော်၊ဆားပေါ့ပေါ့နဲ့ဖုတ်ထားတဲ့ငါးရံခြောက်ဖုတ်လေးနဲ့သာအဖေတင်းတိမ်ရပါတယ်နောက်ဆုံးအဖေဆေးရုံကဆင်းအပြီးအမေ့ရဲ့ပြောစကားအရတော့အဖေဆေးရုံတက်ခဲ့တဲ့ခုတင်နံပတ်မှာ (၂၅)ဖြစ်တယ်လို့သိခွင့်ရရှိခဲ့ပါတယ်။

ကံကောင်းထောက်မစွာပင်မိတ္ထီလာမြို့မှာ၁၉၈၃ ခုနှစ်အဖေဆေးရုံတက်ပြီးကတဲက၁၉၉၅ခု နှစ်ဧရာဝတီတိုင်းပန်းတနော်မြို့မှာအဖေဆေးရုံတက်ရပြန်တော့လဲခုတင်နံပတ်မှာ (၂၅)သာလျှင်ဖြစ်ပြီး၂၀၀၀ပြည့်နှစ်အဖေပင်စင်ယူပြီးချိန်မိသားစုတွေရန်ကုန်မှာအခြေကျပြီးနောက်ပိုင်းအဖေမြောက်ဥက္ကလာပဆေးရုံကြီး(ကျား)ဖျားနာဆောင်မှာအဖေနောက်ဆုံးအကြိမ်ဆေးရုံတက်ရတဲ့အခါအဖေ့ခုတင်နံပတ်မှာလဲ (၂၅)သာလျှင်ဖြစ်လို့ကျွန်တော်အံဩနေမိပါတယ်။

အဖေဆေးရုံကဆင်းအပြီးတစ်လတိတိပြည့်တဲ့အချိန်မှာတော့သူချစ်တဲ့မိသားစု၊ဆွေမျိုးတွေနဲ့ဘဝတူလုပ်ဖေါ်ကိုင်ဖက်တွေကိုထာဝရစွန့်ခွါသွားခဲ့ပြီးသံသရာခရီးရှည်ကြီးကိုဘဝသံသရာရထားကြီးစီးပြီးထွက်ခွါသွားခဲ့ပါတော့တယ်။

မိသားစုအတွင်းမှအဖေထွက်ခွါသွားပြီးနောက်ပိုင်းတစ်ယောက်ထဲကျန်ရစ်ခဲ့တဲ့အမေ့ကိုအတိုးချလို့ချစ်နေရင်းမိသားစုအနယ်ထိုင်ဖို့ကြိုးစားနေရင်းအစ်မကြီးဆုံးဆိပ်ကြီးခနောင်တိုမြို့နယ်မှာတာဝန်ထမ်းဆောင်ရင်းမိုးမိပြီးအပြင်းဖျားပါတော့တယ်။

ရန်ကုန်ဘက်ကမ်းသို့အကူးသဗ္ဗန်ပေါ်မှာမိုးမိပြီးတောင်ဥက္ကလာပနေအိမ်ကိုလိုင်းကားစီးပြီးအပြန်လမ်းမှာလဲမိုးကကောင်းနေခဲ့ပါတယ်အိမ်ကိုရောက်တော့တစ်ကိုယ်လုံးခိုက်ခိုက်တုန်နေပြီးညပိုင်းဆေးခန်းမပြဖြစ်ဘဲမနက်မှသာဆေးခန်းပြဖြစ်တော့ဆရာဝန်ကဆေးရုံးကိုအမြန်ဆုံးတင်ခိုင်းပြီးနောက်ဆုံးရန်ကုန်ဆေးရုံကြီးဦးနှောက်နဲ့အာရုံကြောအထူးကုအဆောင်ခုတင်နံပတ် (၂၅)မှာဆေးရုံတက်ခွင့်ရခဲ့ပါတယ်။

ဆေးရုံတက်ပြီးနောက်နေ့မှစ၍ရောဂါအခြေအနေဆိုးရွှားလာခဲ့ပြီးသတိလွတ်သွားခဲ့ပါတယ်၊လူနာကို (၂၄)နာရီအောက်စီဂျင်ပေးထားရပြီးအစာပိုက်၊ဆီးပိုက်များလဲတပ်ဆင်ထားရပါတယ်။လူနာကိုပြုစုစောင့်ရှောက်သူမှာအသက် (၇၀)ကျော်အမေကိုယ်တိုင်ဖြစ်ပြီးကျွန်တော်တို့ညီအစ်ကိုအလှည့်ကျလူနာစောင့်နေပေမယ့်ပြင်ပမှာဆေးဝယ်ယူရတဲ့စားရိတ်၊လူနာအခြေအနေဆိုးလာ၍ပြင်ပမှNurseများဌားရမ်းရတဲ့စားရိတ်တွေကြောင့်ကျွန်တော်ကိုယ်တိုင်အပြင်အလုပ်တွေထွက်လုပ်ရင်းဆောက်လုပ်ရေးလောကမှာကျင်လည်ခဲ့ရပါတယ်။

အစ်မအကြီးဆုံးရဲ့အခြေအနေမှာတစ်နေ့တစ်ခြားဆိုးရွှားလာခဲ့ပြီးနောက်ဆုံးဆရာဝန်တွေလက်လျှော့ခါအိမ်ကိုပြန်လည်ခေါ်ဆောင်လာခဲ့အပြီးနေအိမ်ကိုပြန်ရောက်ပြီးတစ်လခန့်အကြာအစ်မအကြီးဆုံးအသက် (၄၈)နှစ်အရွယ်မှာပင်အပျိုကြီးဘဝနဲ့သူချစ်သောဌာနသူချစ်တဲ့မိသားစုကိုထာဝရခွဲခွါသွားခဲ့ပါတော့တယ်။

အစ်မအကြီးဆုံးမြေကျမည့်ရက်ကျွန်တော်ဖောင်ကြီးသင်တန်းမှခေတ္တပြန်လာပြီးအစ်မကြီးရဲ့နာရေးကိုလိုက်ပို့ခွင့်ရခဲ့ပါတယ်။ခန်းမဆောင်ထဲမှာအစ်မကြီးငြိမ်းချမ်းစွာလှဲလျှောင်းနေပြီးသူချစ်တဲ့ဌာနရဲ့ယူနီဖောင်းလေးနဲ့လိုက်ဖက်လှပါတယ်။

မကြာမှီသူ့ရဲ့ဌာနမှအရာရှိကြီးတစ်ချို့နဲ့လုပ်ဖော်ကိုင်ဖက်တွေရောက်ရှိလာကြပြီးအမိန့်စာပြန်ပါတယ်။

“ဒေါ်အေးအေးချမ်း
လဝက (၅၅၆၂)
ဒုလဝကမှူးနားထောင်ပါ”

“သင်သည်ဌာနရဲ့လုပ်ငန်းတာဝန်တွေကိုကျွေပွန်စွာထမ်းဆောင်ခဲ့သည့်အတွက်ငါတို့မှတ်တမ်းတင်ဂုဏ်ပြုပါတယ်”

“သို့သော်သင်သည်ယခုအချိန်မှာ (၉၆)ပါးသောရောဂါကြောင့်ဘဝတစ်ပါးသို့ပြောင်းရွှေ့ကွယ်လွန်သွားပြီဖြစ်လို့ဤဌာနသည်သင်နှင့်မသက်ဆိုင်တော့ပါ၍သင့်အားဌာနမှကျေနပ်စွာထုတ်ပယ်လိုက်သည်”

“ယနေ့မှစ၍သင်သွားလိုရာကိုသွားနိူင်ပါပြီ”

ဟူသောအမိန့်သံအဆုံးဝယ်အမေဘယ်လိုမှဖြေမဆည်နိူင်တော့ဘဲဝမ်းနည်းစွာငိုကျွေးပါတော့တယ်။ခန်းမအချိန်စေ့လို့အစ်မကြီးရဲ့အလောင်းကိုသဂြိုလ်စက်ထဲသို့ထည့်လိုက်ပါတယ်။

“ဂျိမ်း”

ကနဲသဂြိုလ်စက်တံခါးကြီးပိတ်သံနဲအတူခေါင်းတိုင်ထက်မှမီးခိုးတွေတစ်လူလူထွက်လာခဲ့ပြီးရခဲလှတဲ့လူ့ဘဝတစ်ခုပြီးဆုံးခဲ့လေပြီကျွန်တော်တို့ချစ်သောအစ်မအကြီးဆုံးလဲဘဝသံသရာခရီးရှည်ကြီးကိုထွက်ခွါသွားခဲ့လေပြီ။

ကျွန်တော်လဲဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်ကိုပြန်ရောက်လို့သေချာကြည့်မိတဲ့အခါမှာတော့ခုတင်နံပတ်မှာ (၂၅)ဖြစ်နေလို့အံ့ဩရပါတယ်၊မည်သို့ပင်ဖြစ်စေကျွန်တော့်အတွက်ကတော့ခုတင်နံပတ် (၂၅)ဟာဝမ်းနည်းစရာ၊ပျော်ရွင်စရာ၊စိတ်ပျက်အားငယ်စရာတွေပြည့်နှက်နေတဲ့သက်မဲ့အမည်နာမလေးတစ်ခုဖြစ်ခဲ့ပြီးကျွန်တော့်ဘဝအတွက်မမေ့နိူင်စရာအဖြစ်နဲ့ထာဝရတည်ရှိနေမှာကတော့အမှန်ပင်ဖြစ်ပါတော့တယ်ခင်ဗျာ။

28.3.2023

ကိုချမ်း (ထီလာ​မြေ)

Leave a Reply

Your email address will not be published. Required fields are marked *