ကျွန်မ အေးချမ်းနေပါပြီ (စ/ဆုံး)
——————————-
ကျွန်မ အသက် ၁၅ နှစ် ။ ရာသီ လာတာဟာ ရက်မမှန် ။ မူမမှန်ပေ။ လာလျှင် ခုနှစ်ရက် ဆက်တိုက်လောက် လာနေတတ်ပြီး မလာပြန်လျှင် တစ်လ ကိုးသီတင်း မလာပြန်။ ကျွန်မသည် မိဘများနှင့် အတူနေရသူမဟုတ်။ အဖေနှင့်အမေက မလေးရှားမှာ အလုပ်အတူ သွားလုပ်နေကြတာမို့ အဒေါ်နှင့် နေရသူဖြစ်သည်။ အဒေါ်ကလည်း သူ့သမီးအရင်းထက်ပို၍ ကျွန်မ ကိစ္စများကို စိတ်ဝင်စားသူမဟုတ်ပါ။ ကျွန်မ ကျန်းမာရေးအခြေအနေကို အဒေါ့်ကို ပြောပြတော့လည်း အဒေါ်က စိတ်မဝင်စားပါ။ နောက်တော့ ရာသီသွေးက မရပ်မနား တစ်လနီးပါး ဆက်တိုက်လာနေပြန်သည်။ ကျွန်မသည် တစ်ကိုယ်လုံးဖြူဖပ်လာကာ လူက ကြောင်စီစီ ဖြစ်ချင်လာသည်။ ထိုအခါမှ အဒေါ်သည် ကူကယ်ရာမရ နှင့် ကျွန်မမိဘတွေကို ပြောပြလိုက်သည်။ ကျွန်မမိဘတွေက ကျွန်မကို ဆေးရုံအမြန်တင်ခိုင်းသည်။ အသက် ၁၅ နှစ်ကတည်းကဖြစ်သော ကျန်းမာရေးပြသနာအတွက် ကျွန်မ အသက် ၁၇ နှစ်ကျမှ ဆေးရုံကိုရောက်သည်။ ဆေးရုံကိုရောက်တော့ ကုသမှုအချို့ကို ခံယူပြီးသည့်နောက်မှာ ဆရာဝန်ဆီက သတင်းဆိုးတစ်ခု ကျွန်မ ရရှိသည် ။
“သူ ကလေးမရနိုင်တော့ဘူး ”
ကျွန်မ မိဘများက အခြေအနေကို ကြားသိရတော့ စိတ်မကောင်း ဖြစ်ခဲ့ရသည်။ ကျွန်မသည် ရာသီသွေးပုံမှန်လာအောင် ကုသမှုများခံယူဖို့သာ တတ်နိုင်ခဲ့သည်။ ရွာမှာ ၁၀ တန်းအောင်ပြီးနောက် မြို့မှာ တက္ကသိုလ်တက်၍ ဘွဲ့ရတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ခဲ့သည်။ အလုပ်ဝင်တော့လည်း ကျွန်မ အလုပ်အပေါ်သာ အာရုံထားခဲ့ပြီး ယောက်ျားလေးများနှင့် ကင်းကင်းရှင်းရှင်းနေခဲ့ပါသည်။ ကလေးမရနိုင်သော မိန်းမ တစ်ယောက်ကို လက်ထပ်ရမည့် ယောက်ျားဟာ ကံဆိုးလွန်းလှသည်ဟု ကျွန်မ တွေးမိသည်။ ထို့ကြောင့် ကျွန်မသည် ရည်းစားပင် မထားရဲခဲ့ပေ။ ကျွန်မကထိုသို့ အချစ်ရေးကို ရှောင်ဖယ်နေစဉ် အမျိုးသားတစ်ယောက်သည် ကျွန်မကို တည့်တည့်ပင် ဝင်တိုက်ခဲ့သည်။ သူက ရုပ်ချောပါသည် ။ ကျွန်မထက် အများကြီးချောသည် ။အသားလည်းအတော်ဖြူသည် ။ ကျွန်မက အသားညိုညို အရပ်ပုပု ။ သူက အသားဖြူဖြူ အရပ်ရှည်ရှည် နှင့် အတော်ကြည့်ကောင်းသော အမျိုးသားဖြစ်သည်။
ဘယ်လိုတွန်းအားတွေကများ သူ့ဆီကျွန်မကို တွန်းပို့ခဲ့သလဲ မသိ ။ သူနှင့် ကျွန်မ ချစ်သူ အဆင့်တောင် ရောက်သွားသည်။ သူ့နံမည်က အောင်ဆက်ပိုင် ဟု ခေါ်သည် ။ ကျွန်မကသူ့ကို” အောင်” ဟုလည်းမခေါ်ချင် “ပိုင်”ဟုလည်းမခေါ်ချင်တာကြောင့် ” ဆက် ” ဟု ချစ်စနိူးခေါ်ခဲ့သည်။ သူကတော့ ကျွန်မ၏ နံမည် နောက်ဆုံးတစ်လုံးကို အဖျားစွတ်၍ နွယ်ဟုခေါ်ပါသည်။ ကျွန်မက သူ့ထက်လည်း အသက် ၂ နှစ်ကြီးနေပြန်သည်။ ကုမ္ပဏီမှာဆို မိန်းကလေးများက ကျွန်မတို့အတွဲကိုကြည့်ကာ သိပ်ဝေဖန်ကြသည် ။ ကျွန်မက သူနှင့်မလိုက်ဖက်ဘူးဟု စသလိုနောက်သလိုနှင့် အမြဲပြောခံရသည်။ကျွန်မ သူနှင့်ဆက်ဆံရေးကို ဖြ တ်တောက်ဖို့ အကြိမ်ကြိမ်ကြိုးစားသည်။ ကျွန်မ ကုမ္ပဏီက ထွက်ကာ “ဆက်” နှင့် အဝေးဆုံးမှာနေဖို့ကြိုးစားသည်။ ကျွန်မ ကလေး မရနိုင်ကြောင်း သူ့ကို အကြိမ်ကြိမ်ပြောပြကာ ဒီဆက်ဆံရေးကို ရပ်တန့်ဖို့ ပြောသည်။ သို့ပေမဲ့ သူက …
” ကျွန်တော် လက်ခံနိုင်ပါတယ် နွယ်ရယ် ”
” မင်း ေ သချာ လို့လား ဆက် ”
သူက ခေါင်းညိတ်၍ အတည်ပြုသည်။ သူနိုင်ငံခြားကို သွားပြီး အလုပ်လုပ်မည် ဟု ကျွန်မကိုပြောသည်။ အရင်ကလည်း သွားအလုပ်လုပ်ဖူးသည်ဟု ပြောတော့ ကျွန်မတို့ ပြ တ်စဲ မလို ဖြစ်သွားသေးသည် ။ ထိုသို့ဖြစ်တော့ သူက နိုင်ငံခြားသွားဖို့ကိစ္စကို ဖျ က်ပစ်လိုက်သည် ။ ထိုအချိန် ကျွန်မအဖေနှင့်အမေတို့ မြန်မာပြည် ကို ပြန်ရောက်နေကြပြီ ။ သူတို့က ကျွန်မကို “ဆက် ” နှင့် ယူမှာလား ဟု မေးကြသည်။ ကျွန်မ မသိသေးပါ ။ ” ဆက် ” သူ့မြို့ကို ပြန်ရတော့ ကားဂိတ်ကို ကျွန်မ လမ်းလျှောက်၍ လိုက်ပို့သည် ။ “ဆက်” နေသည့် တိုက်ခန်းကနေ ကားဂိတ်ကို မိနစ် ၂၀ လောက်မောင်းရသည် ။ ကျွန်မက ကားမစီးချင် ။ ” ဆက် ” မသွားခင် အချိန်ကြာကြာ စကားပြောချင်တာမို့ လမ်းလျှောက်သွားဖို့ ပြောခဲ့မိသည် ။ ” ဆက်” ကလည်း သဘောတူပါသည် ။ ကျွန်မဆန္ဒအတိုင်း ကားဂိတ်ကို နှစ်ယောက်အတူ လမ်းလျှောက်ခဲ့ကြသည် ။ ကျွန်မတို့ တစ်လမ်းလုံး စကားတွေအများကြီး ပြောဖြစ်ခဲ့ကြသည်။
” ကျွန်တော့် မိဘတွေ ကို နွယ်နဲ့အကြောင်း ပြောပြလိုက်ေတာ့မယ် ၊ ကျွန်တော် ပြန်လာရင် နွယ်နဲ့ လက်ထပ်ဖို့ စီစဉ်မယ် ”
” ဆက်” အမေက ကျွန်မကို လက်မခံချင်ပါ ။ ကလေးမရနိုင်သော မိန်းမမို့ သူ့သား၏ မျိုးဆက်ပြ တ်မှာ စိုးသည်ဟု ပြောခဲ့သည် ။ ကျွန်မအတော် ခံစားရပါသည်။ အားနည်းချက်ကို နင်းအပြောခံရတာမို့ အတော်နာကျင်မိသည်။ ကျွန်မ နှင့် ” ဆက်” တို့ ဝေးပြီဟု ကျွန်မ ထင်လိုက်သည် ။ သို့ပေမဲ့ ” ဆက်” က ကျွန်မကိုပဲ လက်ထပ်မည်ဟု သူ့အမေကို ပြောခဲ့သည် ။” ဆက် ” အမေသည် “ဆက်” ကိုတားမရသည့်အခါကျွန်မကို လက်ခံလိုက်ရသည် ။
ကျွန်မ၏ မိဘတွေကတော့ အထူးတလည်ပြောစရာ မလိုပါ ။ ကျွန်မ စိတ်ချမ်းသာမည့် ကိစ္စ ဆိုလျှင် သူတို့လက်ခံကြပါသည်။ ကျွန်မတို့ ၂၀၀၉ ခုနှစ်မှာ လက်ထပ် ခဲ့ကြသည်။ ကျွန်မ ” ဆက်” ကို စကားတစ်ခွန်းပြောခဲ့သည်။
” ဆက် မင်း ငါ့အပေါ် ဖော က်ပြန်ခဲ့ရင်တောင် ငါ့အားနည်းချက်ဖြစ်တဲ့ ကလေးမရနိုင်တဲ့ ကိစ္စကြောင့် ဖော က်ပြန်တာပါလို့ မပြောပါနဲ့ နော် ၊ ငါ မင်းကို မယူခင်ကတည်းက အကုန် ဖွင့်ဟခဲ့တာပါ ၊ မင်း လက်ခံနိုင်လို့ ငါ့ကို ယူတာလေ ၊ ဒီတော့ နောင်တစ်ချိန်မှာ ဒီအားနည်းချက်ကို မင်းဘယ်တော့မှ ချမနင်းပါနဲ့ နော် ”
” စိတ်ချပါ နွယ် ၊ ကျွန်တော် ဘယ်တော့မှမဖော က်ပြန်ပါဘူး ၊ နွယ့်အပေါ် သစ္စာရှိမှာပါ ၊ နွယ့်အားနည်း ချက်ကိုလည်း ကျွန်တော် ဘယ်တော့မှ အပြစ်တင်မှာ မဟုတ်ပါဘူး ”
လက်ထပ်ပြီးတော့ ကျွန်မနှင့် “ဆက်” တို့နေသည့် တိုက်ခန်း၏ အောက်ထပ်မှာ ကျွန်မက အခန်းလေး ငှားကာ တစ်နိုင်တစ်ပိုင် အင်္ကျီဆိုင်လေး ဖွင့်ခဲ့သည် ။ကျွန်မတို့ အိမ်ထောင် သက်တမ်း ၄ နှစ် မှာကုမ္ပဏီ၏ စေလွှတ်မှုကြောင့် ” ဆက် ” က နိုင်ငံခြားကို အလုပ်ကိစ္စနှင့် သွားရမည် ။ နိုင်ငံခြားခရီးစဉ်မှာ” ဆက်” နှင့်အတူ တခြား နှစ်ယောက်နှင့် အထက်လူကြီး လည်းပါသည်။ စကားပြန် အမျိုးသမီးတစ်ယောက်လည်း ပါသည်။ “ဆက် ” နှင့် ၁ ပတ်လောက်ပဲ အဆက်အသွယ်ရလိုက်သည် ။ ထို့နောက် ဖုန်းလည်းဆက်မလာတော့ပါ ။ စာအဆက်အသွယ်လည်း မရတော့ပါ ။ ” ဆက် ” မိသားစု ၊ “ဆက်” အစ်မကို မေးကြည့်တော့ သူတို့ကိုလည်း မဆက်သွယ် ဘူး ဟု ပြောကြသည် ။ တစ်လ ကျော် ကြာသည်အထိ အဆက်အသွယ်မရသည့်အခါ ကျွန်မ အရူးတစ်ပိုင်း ဖြစ်လို့နေသည် ။ ကျွန်မ စိတ်တွေ ပူနေပြီ ။ ” ဆက် ” မိသားစုဘက်က ခုထိ ငြိမ်နေတုန်းပင် ။ ကျွန်မ ဘာအလုပ်မှလည်း မလုပ်ချင် ။ မလုပ်နိုင်တော့ပါ ။
ညနေတိုင်း ကျွန်မ ဆိုင်စောစော သိမ်းကာ “ဆက်” မိဘတွေဆီကို ဖုန်းလှမ်းဆက်သည်။ သူတို့ဆီဖုန်းဆက်တိုင်းလည်း ဘာအကြောင်းမှ မသိရပေ။ ကျွန်မ ကုမ္ပဏီကို ဖုန်းလှမ်းဆက်လိုက်မိတော့သည် ။ ကျွန်မ သိလိုက်ရတာက နိုင်ငံခြား ခရီးစဉ်ဟာ ၁ ပတ်ပဲ ကြာသည် ။ ကုမ္ပဏီကို “ဆက်” နှင့်အတူပါသွားသော လူနှစ်ယောက်ရော အထက်လူကြီးရော ပြန်ရောက်နေပြီ ။ “ဆက်” နှင့် စကားပြန် အမျိုးသမီးပဲ မရောက်သေးတာဖြစ်ကြောင်း ။
ကျွန်မ အသိတစ်ယောက်ကို အကူအညီတောင်းကာ နိုင်ငံခြားကို ဖုန်းဆက်လို့ရအောင် လုပ်ခိုင်းသည်။ ” ဆက် ” ကို ကျွန်မ ဖုန်းလှမ်းဆက်သည်။ ဖုန်းကိုင်သူက “ဆက်” မဟုတ် ။
” ဖုန်းကိုင်တာ ဘယ်သူလဲ ”
“ခု ဆက်နေတာက မြန်မာပြည်ကလား ။ ခု ဖုန်းခေါ်တာက ဘယ်သူလဲ ”
” ငါ ဖုန်းခေါ်တာ အောင်ဆက်ပိုင် ဆီကို ခေါ်တာ ၊ ငါ သူ့မိန်းမ ၊ သူ့ကို ဖုန်းပေးလိုက် ”
” အောင် ဆက်ပိုင် ရဲ့မိန်းမ ၊ ဟုတ်လား ”
ဖုန်းထဲက မိန်းမအသံက ခေတ္တခဏ တိတ်ဆိတ်သွားပြီးမှ …
” ပြောရမှာ စိတ်တော့ မကောင်းပါဘူး နင့်ယောက်ျားက ဒီမှာ ငါ့သူငယ်ချင်း ဒါဒါ နဲ့ ညားနေပြီ ”
” ဘာ … ”
ကျွန်မနှလုံးသွေးတွေဆူပွက်လာသည်။ ကျွန်မမယုံနိုင်ပါ။ ဒါဟာ ကျီစယ်မှုပဲ ဖြစ်ပါစေ ဟု ကျွန်မ ဆုတောင်းလိုက်မိသည် ။
” ဟုတ်တယ် ခု ငါ့ဆီမှာလာ နေနေကြတာ ၊ အောင်ဆက်ပိုင်မှာလည်း မိန်းမ ရှိတာပဲကိုး ”
” ဘာပြောချင်တာလဲ ၊ အဲ့တာ ဘာစကားလဲ ”
” ရိုးရိုးစကားပဲ အောင်ဆက်ပိုင်မှာလည်း မိန်းမရှိသလို ဒါဒါ့မှာလည်း ယောက်ျားရှိတယ် ၊ ခု သူတို့က အိမ်ထောင်ရှိရက်နဲ့ေနာက်လူနဲ့ အတူနေနေကြတာလေ ”
ကျွန်မ မယုံချင်သေးပါ ။
” အောင်ဆက်ပိုင်ကို ခုချက်ချင်း ဖုန်းပေးလိုက် ”
” သူ အခု အနားမှာရှိတယ် ၊ နင်နဲ့မပြောချင်လို့ တမင်မကိုင်တာ ”
ကျွန်မ မျက်ရည် ပိုးပိုးပေါက်ပေါက် ကျလာသည်။ မဟုတ်ဘူး ။ မဖြစ်နိုင်ပါဘူး ။ ကျွန်မ ဖုန်းကို ကိုင်ထားလျက်ကနေ ဘာမှမပြောနိုင်ဘဲ တုန်ယင်နေမိချိန် တစ်ဘက်က ဖုန်းချသွားသည် ။ ကျွန်မ “ဆက် ” မိဘတွေဆီကို သွားပြီး ပြောပြတော့ သူတို့က ဒီအကြောင်းတွေ သူတို့ ဘာမှမသိကြောင်း ကျွန်မကို ပြောပြီး “ဆက်” အစ်မကလည်း ကျွန်မကို နှစ်သိမ့်ပေးသည်။ ကျွန်မ ” ဆက်” အမေနှင့် အစ်မရှေ့မှာ အရူးတစ်ပိုင်း အော်ဟစ် ငိုကြွေး ခဲ့မိသည်။ သူတို့က ကျွန်မ ကို စိတ်မကောင်းစွာနှင့် ကရုဏာသက်စွာ ဖြင့် နှစ်သိမ့်ခဲ့ကြသည်။ သို့သော် ဒါတွေအားလုံးဟာဟန်ဆောင်နေတာမှန်း နောက်မှ သိခဲ့ရသည် ။
” ဆက်” နှင့်နိုင်ငံခြားခရီးစဉ်မှာ အတူပါသွားသော ကုမ္ပဏီက ကျွန်မ အသိ အစ်မတစ်ယောက်ကို သွားတွေ့တော့ ဤသို့ပြောပြသည်။
” ဒါဒါနဲ့ အောင်ဆက်ပိုင်က ငြိနေတာ ကြာပါရောလား ၊ ငါက နင့်ကို ပြောပြချင်ပေမဲ့ နင့်ဖုန်းနံပတ်လည်းငါမသိ။ နင် ဘယ်မှာနေနေမှန်းလည်း ငါမသိတော့ မပြောဖြစ်တာ။ ပြီးတော့ နိုင်ငံခြား ခရီးစဉ်မှာ အောင်ဆက်ပိုင်ရော ဒါဒါရော မပါ ပါဘူး ၊ ငါ တို့ မန်နေဂျာနှစ်ယောက် နဲ့ သူဌေးနဲ့ သွားတာပါ ၊ မယုံရင် လိုက်မေးကြည့် ၊ အောင် ဆက်ပိုင်နဲ့ ဒါဒါက သူတို့ဘာသာ အစီအစဉ်နဲ့ ထွက်သွားတာ ဖြစ်နိုင်တယ်နော် ၊ ပြီးတော့ အရေးကြီးဆုံးကိစ္စ တစ်ခု ငါပြောပြမယ် ၊ အောင်ဆက်ပိုင်က ကုမ္ပဏီကို ထွက်စာ တင်ခဲ့တယ်တဲ့ ”
” ဘယ် ၊ ဘယ်လို … ”
” အောင်ဆက်ပိုင်ရဲ့ အစ်မနဲ့ တလောက ဈေးမှာတွေ့လို့ မေးကြည့်တော့ အမေရိကားကို သွားပြီလို့ ငါ့ကိုပြောတယ် ၊ သူတို့ မသိတာ မဖြစ်နိုင်ဘူးနော် ”
ကျွန်မ အသည်းခိုက်အောင် နာကျည်းသွားမိသည်။ ကျွန်မသည် “ဆက်” အစ်မကို ဖုန်းလှမ်းဆက်ကာ ရန်တွေ့တော့ ” ဆက်” က မပြောခိုင်းလို့ပါ ဟု အကြောင်းပြချက်ပေးသည် ။ သူတို့ ကျွန်မအပေါ် ရက်စက်လှပါသည်။
” ကျွန်မ နောက်ဆုံးအနေနဲ့ အောင်ဆက်ပိုင်နဲ့ စကားပြောချင်တယ် ၊ အစ်မ ကူညီပေးပါ … ”
ကျွန်မ ထိုတစ်ခုသာ တောင်းဆိုလိုက်ပါသည်။ ကျွန်မ ဒါဒါ့အကြောင်းတွေစုံစမ်းကြည့်တော့ သူ့မှာ ကလေး လည်းရှိသည် ။ ဒါဒါယောက်ျားက ဝပ်ရှော့ပ်ထောင်ထားသူဖြစ်သည် ။ သူ့မိန်းမဒီလို လုပ်သွားတာတွေ သူ သိလောက်လား … ။
ကျွန်မဆီကို ဖုန်းအရင် ဆက်လာသူက ဒါဒါ ။
” ကျွန်မတောင်းပန်ပါတယ် မနွယ် ၊ အရင် ကျွန်မတို့ အ လုပ်ကိစ္စနဲ့ နယ်ဘက်ကို ခရီးထွက်ရစဉ်က ကိုအောင် ခဏခဏ နေမကောင်းဖြစ်တော့ ကျွန်မပဲ ပြုစုပေးခဲ့ရတယ် ၊ အဲ့တုန်းက ကျွန်မတို့ လွန်ကျူးခဲ့မိတာပါ … ”
” ဟုတ်လား ၊ သူက နေမကောင်းတာဆိုတော့ သူက တက်လု ပ်တာလား ၊ နင် က တက် လုပ်တာလား ”
ကျွန်မ ပါးစပ်က မိုက်မိုက်ရိုင်းရိုင်းတွေပြောပစ်လိုက်မိသည် ။ ဒါဒါ ဆိုသည့်မိန်းမ ဘာမှပြန်မပြောနိုင်ပါ ။ ဖုန်းချသွားလေသည်။ နောက် ၃ ရက်လောက်နေမှ “ဆက်” ကျွန်မဆီ ဖုန်းဆက်လာသည် ။
” မင်းရော မင်းမိသားစုရော ငါ့အပေါ် အတော်ရက်စက်တာပဲ ဆက် ”
သူက ဖုန်းခေါ်ပြီးဘာမှမပြောတာကြောင့်ကျွန်မကပဲ ပြောချင်တာ အကုန်လုံးကို ပြောရသည် ။
” မင်း ငါ့ကို သစ္စာဖောက်တယ် ၊ မင်းသစ္စာဖောက်တာကို မင်းမိသားစုကပါ ရောလိမ်ပေးတယ် ဖုံးပေးတယ် ၊ မင်တို့ အတော် အော က်တန်းကျတယ် ”
ကျွန်မ ငိုမိသည် ။ ကျွန်မသူ့ကို တင်းတင်းမာမာ ပြောမည်ဟု တေးထားပေမဲ့ စိတ်ကမတင်းထားနိုင်ပါ ။
” ပြောစမ်းပါ ငါမင်းအပေါ်ဘာတွေမှားခဲ့လို့လဲ ငါဘာတွေ လိုအပ်ခဲ့လို့ မင်းက အိမ်ထောင်ရှိတဲ့မိန်းမနဲ့တောင် ဖော က်ပြန်ရတာလဲ ၊ မင်း မိန်းမအတော်ရှားသလား ”
“ဆက် ” ပြန်ဖြေသည့်အဖြေဟာ ကျွန်မအတွက် ရင်နာစရာ ဖြစ်သည် ။ အနာဟောင်းကို ဓားဖြင့်ထိုးခွဲ ခံရသလို ခံစားရပါသည် ။
” ခင်ဗျားက မလှဘူး ကျွန်တော်နဲ့အတော်မလိုက်ဖက်တာ”
အရင်က သူကျေကျေနပ်နပ် လက်ခံခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာကိစ္စတွေက အကြောင်းပြချက်တဲ့လား ။ ဒါသက်သက် ဆင်ခြေပါ။ ကျွန်မ ခပ်မဲ့မဲ့ပြုံးမိစဉ် …
” ပြီးတော့ ခင်ဗျားက ကလေးလည်းမွေးမပေးနိုင်ဘူး ”
ကျွန်မမျက်နှာပေါ်က အပြုံး လွင့်စင်သွားခဲ့သည်။နောက်ဆုံးတော့ ဒါပဲလား ။ ဒီအချက်ပဲတဲ့လား။ ဒီကိစ္စကိုပဲ ချနင်းတာပဲလား ။ ကျွန်မ ရင်ထဲ ဆို့နင့် သွားရသည်။
“ခင်ဗျား ခု ကျွန်တော်တို့နေနေတဲ့ နိုင်ငံကို ဘယ်တော့မှ ရောက်လာနိုင်မှာလည်းမဟုတ်ဘူး ”
ဒါဘာသဘောလဲ အထင်သေးတာလား ။ ကျွန်မနောင်တရမိသည် ။ သူ့အမေ သူ့အစ်မရှေ့မှာ အရူးတစ်ပိုင်း ငိုကြွေးမိခဲ့သော ထိုအချိန်က ကျွန်မကိုယ်ကျွန်မ ပါးသွား ရို က်ချင်မိသည်။ ကျွန်မ စိတ်ကို တင်းပစ်လိုက်သည်။
” အေး နင်တို့ ယောက်ျားတွေက နောက်ဆုံးတော့ ဒါပါပဲ ၊ ဖော က်ပြန်ချင်လို့ ဖော က်ပြန်ပါတယ်လို့ ဝန်မခံချင်တော့ နင်တို့ကျေကျေနပ်နပ် လက်ခံေပးခဲ့တဲ့ အရာတွေကို နင်တို့ဖော က်ပြန်ဖို့အကြောင်းပြချက်အဖြစ် လုပ်ပစ်ကြတာ ၊ ငါ ကလေးမမွေးနိုင်တာကို နင့်ကို ငါ မယူခင် ဟိုးရည်းစားဘဝကတည်းက ပြောပြခဲ့ပြီးသားလေ။ နင့်ကို ငါက လိမ်ညာပြီး ယူခဲ့တာ မဟုတ်ဘူး ၊ နင် လက်ခံနိုင်တယ်ဆိုလို့ ငါနင့်ကို ယူခဲ့တာ ၊ အေးလေ ထားပါတော့ ၊ နင်တို့ဘာသာ အမေရိကားမှာပဲနေနေ ဘယ်မှာပဲနေနေ ဘယ်လိုပဲဖြစ်ဖြစ် နင်က သူများ လ င်ငယ်ပဲ နင် နဲ့ဖော က်ပြန်တဲ့ ကော င်မကလည်း မယား ငယ် ပဲ ၊ အဲ့တော့ နင်တို့က ငါ့ထက် တစ်ဆင့်နိမ့်နေပြီးသားဆိုတာ နင်တို့ မြဲမြဲမှတ်ထား ”
ကျွန်မ ဖုန်းချပစ်လိုက်သည် ။ ကျွန်မ တင်းထားသည့်စိတ်တွေအကုန် ပြိုကျလာကာချုံးပွဲချငိုကြွေးမိပါသည်။ ကျွန်မ ဝအောင်ငိုမည် ။ ပြီးလျှင် ” ဆက်” ဆိုသည့်ကောင်ကို ကျွန်မရင်ထဲက မရရအောင် ဆွဲထုတ်ပစ်မည် ။ သူများ မိန်းမနှင့် ဖော က်ပြန်သွားသော ကောင်ကို ကျွန်မ မက်မောစရာ အကြောင်းမရှိပါ ။ သူ့အဆင့်ကို လ င် ငယ် ဆိုသည့် အဆင့်ရောက်အောင် သူ့ဘာသာ ဆွဲချသွားတာဖြစ်သည် ။ ကျွန်မဝမ်းနည်းစရာ မရှိပါ ။
၂၀၁၃ ခုနှစ်မှာ လ င်ပြိုင် မယားပြိုင် ထားလို့ရခဲ့တာကြောင့် ကျွန်မ သူ့ကို ဘာမှ မလုပ်နိုင်ခဲ့ပါ ။ ခုခေတ် ၂၀၂၆ လိုသာ တရားစွဲလို့ရခဲ့မည်ဆိုလျှင် ကျွန်မ သူ့ကို ထော င်ထဲမှာ ထားမိမည်။ သူနှင့်ဖော က်ပြန်သော မိန်းမကိုလည်း အဖော်ထည့်ပေးမည် ဖြစ်သည်။ ခုတော့ သူ့ကို ကျွန်မ ဘဝ၏ အတိတ် ရေစက်ဆိုးတစ်ခုအဖြစ် အမှတ်ရနေရုံကလွဲလျှင် ရင်ထဲ ဘာမှမရှိပါ။ ခုချိန်မှာ သူပြောခဲ့သော ဘယ်တော့မှရောက်လာနိုင်မှာမဟုတ်ဘူးဆိုသည့် အမေရိကားမှာ ကျွန်မ နေနေသည်။ ကျွန်မကို အပြည့်အဝနားလည်ပေးနိုင်သည့် ကျွန်မ၏ ပါရမီဖြည့်ဖက်နှင့်အတူပေါ့ ။ ညီမ ဝါသနာပါတာတွေ လုပ်ရင်း ကျွန်မချစ်တဲ့ ခွေးလေးတွေကို မွေးရင်း ကျွန်မ အေးချမ်းနေပါပြီ ။
ပြီးပါပြီ ။
#JoJo