ဘွားမယ်စိန်တို့ကမ်းဖြူရွာသို့ရောက်လာခဲ့ကြသည်။
“ဦးညွှန့်မောင်အိမ်ကဘယ်နားမှာလဲဗျ…
ညွှန်ပေးလို့ရမလားအစ်ကို…”
ရွာထဲ၌တွေ့သောရွာသားတစ်ဦးကို မောင်အုန်းက
မေးလိုက်သည်။
“ဦးညွှန့်မောင်…ဦးညွှန့်မောင်က ဆုံးတာကြာပြီဗျ”
“ဗျာ…”
ရွာသား၏စကားကြောင့် မောင်အုန်းနဲ့ဘွားမယ်စိန်တို့မှာ
အံ့သြသွားကြသည်။
“ငါ့ညီတို့သူ့အိမ်လာတာဆိုရင်တော့
သူ့သမီးတွေတော့ရှိတယ်…
ကျုပ်လိုက်ပို့ပေးရမလား”
“ဘွား…ဘယ်လိုလုပ်ကြမလဲဗျ”
မောင်အုန်းက ဘွားမယ်စိန်ကိုပြန်မေးလိုက်သည်။
“ဘယ်တတ်နိုင်မလဲ…ရှိတဲ့လူနဲ့ပဲတွေ့ကြတာပေါ့ကွယ်…”
“ဒါဆို ကျုပ်တို့ကိုလိုက်ပို့ပေးပါဦးအစ်ကိုရာ…”
“အေးကွာ…ငါ့ညီတို့နောက်ကနေမောင်းလာခဲ့ကြ…
ကျုပ်ရှေ့ကသွားမယ်”
ရွာသားကလည်း အိမ်အထိလိုက်ပို့ပေးသည်။
“မခင်ချော…ဗျို့…မခင်ချော…
ဧည့်သည်လာတယ်ဗျ”
“ဘယ်သူတွေလဲဟဲ့…”
“မသိဘူးဗျို့ ထွက်သာကြည့်လိုက်တော့…
ကျုပ်ကတော့လိုက်ပို့ပေးထားပြီဆိုတော့ပြန်တော့မယ်…”
“ကျေးဇူးပဲဗျ အစ်ကို…”
“ရတယ်ညီရေ”
ရွာသားက အိမ်ရှင်ကိုအော်ခေါ်ပေးပြီးနောက်
ပြန်သွားတော့သည်။
အိမ်အတွင်းမှ အမျိုးသမီးတစ်ဦးထွက်လာခဲ့ပြီး
ဘွားမယ်စိန်တို့ကိုကြည့်၍…
“ဘယ်သူတွေလဲရှင့်…”
ဟု…မေးလိုက်သည်။
ဘွားမယ်စိန်တို့လည်း နွားလှည်းပေါ်မှဆင်း၍…
“ဘွားတို့လာတာကတော့ ညွှန့်မောင်ဆီကိုပါ…
အခုတော့သူဆုံးသွားပြီလို့သိရတော့ ဒီက
တူမကြီးတို့နဲ့ပဲတွေ့ရမှာပေါ့အေ…”
“သြော်…အဖေ့အသိတွေလား”
“အသိတော့မဟုတ်ပါဘူးအေ…
ညွှန့်မောင်ရဲ့အစ်မ ရင်လှကိစ္စပြောချင်လို့လာခဲ့ကြတာပါ”
“ရှင်…”
“ဟဲ့…အငယ်မ…ဧည့်သည်တွေကို
အိမ်ထဲခေါ်ခဲ့လေအေ…”
အိမ်အတွင်းမှ အော်ပြောသံကြောင့် အမျိုးသမီးကလည်း
“အိမ်ထဲကိုဝင်ကြပါရှင့်…အထဲရောက်မှပြောကြတာပေါ့”
ဟုပြောကာ ဘွားမယ်စိန်တို့ကို အိမ်ထဲသို့
ခေါ်သွားလေသည်။
“ထိုင်ကြပါဦး…ဘယ်ကနေများလာကြတာလဲ”
အိမ်ထဲ၌ရှိသော အမျိုးသမီးကြီးက ဘွားမယ်စိန်တို့
နေရာထိုင်ခင်းပေးလေသည်။
“ဘွားတို့က သောင်ထွန်းရွာကပါ…
ပူကင်းရွာကိုအလှူသွားရင်းနဲ့…တူမကြီးတို့အဒေါ်ရဲ့
ကိစ္စပေါ်လာလို့ ဒီကိုပဲတန်းထွက်လာခဲ့ကြတာ”
“အဒေါ်…ကျုပ်တို့အဒေါ်ဆိုတာဘယ်သူများလဲ”
အမျိုးသမီးကြီးက မေးတော့ ရွာသူကြီးဦးလူမောင်က…
” ဦးကြီးက ပူကင်းရွာကသူကြီး ဦးလူမောင်လို့
ခေါ်ပါတယ်တူမကြီး…
တူမကြီးရဲ့အဖေနဲ့တော်စပ်တဲ့ အဖေတူအမေကွဲအစ်မ
ဒေါ်ရင်လှကိစ္စကြောင့် ဦးကြီးတို့ရောက်လာကြတာပါ”
“သြော်…ဟုတ်ကဲ့…ဒေါ်ရင်လှဆုံးသွားတာလည်း
အတော်ကြာပြီနော်…ဘာကိစ္စများရှိလို့လဲမသိဘူး…
ကျုပ်က ဦးညွှန့်မောင်ရဲ့သမီးကြီး မခင်ကြီးပါ…
သူကတော့အငယ်မ ခင်ချောလို့ခေါ်ပါတယ်…”
“အေးကွယ်…ဘွားတို့လာရတာကလဲ…
ညည်းတို့ရဲ့အဒေါ်ဖြစ်သူ အခုချိန်ထိ
မကျွတ်မလွတ်ဖြစ်နေသေးတဲ့ကိစ္စကို
လာပြောရတာပါ…”
“ရှင်…ဟုတ်လို့လား အမေကြီးရယ်…
မဖြစ်နိုင်တာတော်…”
“ဟုတ်ပါ့တော်…မဖြစ်နိုင်တာ…”
မခင်ကြီးတို့ညီအစ်မက မယုံကြည်ကြပေ။
“တူမကြီးတို့…ဟောသည်ဘက်က အဘွားက
သောင်ထွန်းရွာတင်မကဘူး တခြားရွာတွေကိုပါ
ကူညီပေးနေတဲ့သူပါ…ဦးကြီးကလည်း ရွာသူကြီးတစ်ယောက်အနေနဲ့ လိမ်စရာအကြောင်းမရှိပါဘူးကွယ်…
နောက်ပြီး တူမကြီးတို့ရဲ့အဖေကိုညွှန့်မောင်ကို
ဒေါ်ရင်လှရဲ့အမွေတွေလွှဲပေးခဲ့တာလည်း
ဦးကြီးကိုယ်တိုင်ပါပဲ…”
သူကြီးဦးလူမောင်က ပြောတော့ မခင်ကြီးတို့မှာ
မျက်နှာပျက်သွားကြသည်။
“ဒီမှာအစ်မတို့…အစ်မတို့မှာသူ့ရဲ့အမွေတွေကိုလည်း
စံစားနေကြရပြီ…အခုချ်ိန်တော့ သူ့အတွက်
ပြန်ကြည့်ပေးဖို့သင့်ပါတယ်…”
“ဟေ့ကလေးမ…ငါတို့ကရောဘာပြောနေလို့လဲ…
ပြောဒါဆို…ကျုပ်တို့ကသူ့အတွက်ဘာလုပ်ပေးရမှာလဲ”
မခင်ကြီးက ရှင်ညိုကို မကြည်သလိုကြည့်၍
သူကြီးဦးလူမောင်ကိုမေးလိုက်သည်။
“အင်း…ဒေါ်ရင်လှက ညည်းအဖေကို
ငှားပေးလိုက်တဲ့လက်ကောက်ကလေး…
အဲ့သည်လက်ကောက်ကလေးကိုစွဲလမ်းနေရှာတာ…
ဒီလက်ကောက်လေးကြောင့်ပဲသူ့မှာ
မကျွတ်မလွတ်ဖြစ်နေရှာတာတူမကြီးရဲ့…”
“လက်ကောက်…ဒါဆို မမ…အဖေ သိမ်းထားတဲ့
လက်ကောက်လေးထင်တယ်နော်…”
မခင်ချောက ပြောတော့ မခင်ကြီးက မခင်ချောကို
မျက်စောင်းထိုးသည်။
“နင်အသာနေစမ်းပါခင်ချောရယ်…
ငါပြောပါ့မယ်…ဒီမှာဦးကြီး…အဖေနဲ့သူတို့
ဘယ်လိုဘယ်ပုံချေးခဲ့ငှားခဲ့တယ်ဆိုတာ
ကျုပ်မသိဘူး…ကျုပ်တို့ဆီလည်း ဘာလက်ကောက်မှ
မရှိလို့… သူ့ကိုပေးစရာလည်းမရှိဘူး…”
မခင်ကြီးက မလိုလားဟန်ဖြင့် ဘွားမယ်စိန်တို့ကို
ပြောသည်။
“မရှိရင်လည်း…ရပါတယ်ကွယ်…
ဘွားတို့က တူမကြီးတို့ဆီကိုလာပြီး
ဓားပြတိုက်တာလည်းမဟုတ်ပါဘူး…
အခုကလည်းကိုယ်ကျိုးထက်သူ့အကျိုးကို
ဆောင်ပေးချင်လို့သာ လာခဲ့ရတာပါ…
ပြေပြေလည်လည်သာပြောပါကွယ်…”
ဘွားမယ်စိန်က ထိုသို့ပြောပြီး ထိုင်ရာမှ ထလိုက်တော့သည်။
“ပြန်ကြမယ်ကွဲ့…လာရင်းကိစ္စပြီးပြီဆိုတော့…
ပြန်ကြတာပဲကောင်းပါတယ်…”
ဘွားမယ်စိန် အိမ်အပြင်သို့ထွက်သွားတော့သည်။
ရှင်ညိုတို့လည်း အတူလိုက်လာခဲ့ကြ၏။
နွားလှည်းပေါ်ကိုယ်စီပြန်တက်ပြီး
ကမ်းဖြူရွာမှထွက်လာခဲ့ကြတော့သည်။
နွားလှည်းပေါ်၌လည်း
စကားသံများကတိတ်ဆိတ်လို့နေခဲ့သည်။
“နေပါဦး…နေကြပါဦးရှင့်….”
အနောက်မှအော်သံကြောင့် ဘွားမယ်စိန်တို့
လှည့်ကြည့်မိရာ မခင်ချောဖြစ်နေခဲ့သည်။
ဘွားမယ်စိန်တို့နွားလှည်းလေးကိုရပ်၍ လှည်းအောက်သို့
ဆင်းလိုက်ကြသည်။
မခင်ချောမှာ ပြေးလာ၍အတော်လေးမောဟိုက်နေပုံရ၏။
“တူမကြီး…ဘာကိစ္စရှိလို့်များ…ပြေးလိုက်လာရတာလဲ”
“အမယ်လေး…ဟူး…မောလိုက်တာအမေကြီးရယ်…
ကျုပ်…ဒါလေး…ဒါလေးကို…လိုက်ပေးတာပါ…”
မခင်ချောကလက်ထဲ၌ကိုင်လာသောပုဝါလေးအား
ဘွားမယ်စိန်ကိုပေးလေသည်။
ဘွားမယ်စိန်ပုဝါလေးကိုဖြည်ကြည့်လိုက်တော့
ရွှေလက်ကောက်လေးတစ်ကွင်းအားတွေ့လိုက်ရ၏။
“ကျုပ်အဖေ မသေခင်က ဒီလက်ကောက်လေးကို
ထုတ်ထုတ်ကြည့်နေတာကျုပ်သတိထားမိတယ်
အမေကြီး…
ဘယ်သူဘယ်ဝါဟာဆိုတာကျုပ်အခုမှပဲ
သေချာသိလိုက်ရတာ…
မမခင်ကြီးကတော့ မပေးချင်ပေမယ့် ကျုပ်ကတော့
ပေးလိုက်ချင်တယ်အမေကြီးရယ်…
အဖေရှိရင်လည်း အခုလိုပေးလိုက်မယ်ဆိုတာကျုပ်သိတယ်လေ…ဒါကြောင့် အမေကြီးတို့ယူသွားလိုက်ပါ…
ကျုပ်အဒေါ်အတွက် ဒီလက်ကောက်ကိုအမေကြီးတို့ဆီကို
ကျုပ်အပ်ပါတယ်တော်…”
ဟု…မခင်ချောကပြောလေသည်။
သူကြီးဦလူမောင်တို့ မောင်တိုးတို့မှာ ဝမ်းသာနေကြသည်။
“စိတ်ချပါကွယ်…ဘွားတို့ကလည်း ရင်လှကို
ကျွတ်လွတ်စေချင်တဲ့စိတ်နဲ့ပဲရောက်လာတာပါ…
ဒီပစ္စည်းကိုယူသွားပြီးရင်လည်း သူ့အတွက် ကုသိုလ်ကောင်းမှုတစ်ခုခုလုပ်ပေးနိုင်ဖို့စီစဥ်မှာပါ…”
“ဒါဆိုရင်တော့ ကျုပ်လည်း
လိုက်ချင်ပါသေးတယ်အမေကြီး…
ဒီပစ္စည်းကိုထုခွဲရောင်းချပြီးမှ အလှူအတန်းလုပ်ရမယ်
ဆိုရင် အလှုအတန်းလုပ်တဲ့ငွေကိုကျုပ်ထုတ်ပေးပါ့မယ်…ဒါပေမယ့် လက်ကောက်လေးကိုတော့
ကျုပ်ပြန်ယူပြီး သိမ်းထားချင်တယ်အမေကြီးရယ်…”
“လိုက်ခဲ့တော့ကောင်းတာပေါ့အေ…
ဟိုရောက်မှ စီစဥ်ကြတာပေါ့”
“ဒါဆိုရင်ခဏစောင့်ပါ…
ကျုပ်မောင်ဝမ်းကွဲတွေကိုခေါ်ပြီး လှည်းနဲ့လိုက်ခဲ့ပါ့မယ်…”
“အေး…အေး…အေး…ဘွားတို့စောင့်ပါ့မယ်”
မခင်ချောတစ်ယောက် ရွာထဲပြန်ဝင်သွားသည်။
ဘွားမယ်စိန်တို့ကလည်း မခင်ချောပြန်အလာကို
စောင့်ပေးကြရှာသည်။
ခဏမျှကြာတော့ မခင်ချောသည် မောင်ဝမ်းကွဲနှစ်ယောက်ကိုခေါ်၍ နွားလှည်းတစ်စီးဖြင့်
ပြန်ရောက်လာခဲ့သည်။
“အမေကြီး…ကျုပ်တို့သွားကြတာပေါ့”
ပူကင်းရွာသို့အပြန်ခရီး၌…
မခင်ချောတို့နွားလှည်းက နောက်ဆုံးမှမောင်း၍
လိုက်လာခဲ့သည်။
“ဟော…အမေတို့ပြန်လာပြီပဲ…”
ပူကင်းရွာသို့ရောက်တော့ ဒေါ်ဝင်းနှင့်နန်းကြိုင်တို့ကို
ဘွားမယ်စိန်တွေ့လိုက်ရသည်။
“မိဝင်း…ညည်းဘယ်လိုရောက်လာတာလဲအေ့”
“အိုအမေရယ်…အမေတို့ကအလှုသွားတာ
နှစ်ရက်သုံးရက်လောက်အထိပြန်မလာတော့
ကျုပ်တို့လည်းစိတ်ပူပြီးလိုက်လာရတာပေါ့တော်…
ဒီကိုရောက်မှသူကြီးကတော်ကပြောပြလို့ စိတ်အေးရတယ်အမေရယ်…”
“အကြောင်းလေးပေါ်လာလို့ ခရီးဆက်တာပါအေ…
ရောက်လာမှတော့မထူးပါဘူး…အတူတူပြန်ကြတာပေါ့…
ဒါနဲ့ညည်းဘယ်သူနဲ့လာတာလဲအေ့”
“အမေ့သားအလတ်ကောင်လိုက်ပို့တာအမေ…
ဟိုမှာလေ ထိုင်နေလေရဲ့”
ဘွားမယ်စိန်လည်း ဒေါ်ဝင်းနှင့်စကားပြောနေခဲ့သည်။
မခင်ချောတို့ကိုတော့ သူကြီးဦးလူမောင်က
နေရာထိုင်ခင်းပေး၏။
ထိုနေ့ကတော့ သူကြီးဦးလူမောင်၏နေအိမ်၌
လူစုံနေခဲ့သည်။
ညသို့ရောက်တော့ သူကြီးအိမ်၌ဘွားမယ်စိန်တို့အုပ်စုနှင့်
သူကြီးဦးလူမောင်တို့မိသားစုသာကျန်ရှိ၏။
“အမေကြီး ဒေါ်ရင်လှကို ကျုပ်ခေါ်လိုက်တော့မယ်နော်…”
ဘွားမယ်စိန်ကခွင့်ပြုတော့
ရှင်ညိုသည် ဒေါ်ရင်လှ၏ဝိညာဥ်ကို ခေါ်လိုက်သည်။
“ဟင်းး…ဟင်း…ဟင်းးး…ဟင်းးးးးးးး”
ဒေါ်ရင်လှ၏ဝိညာဥ်က နံဘေး၌ထိုင်နေသော
နန်းကြိုင်၏ကိုယ်ထဲသို့ ဝင်ရောက်ပူးကပ်ခဲ့သည်။
“ကြီးတော်…ဒါကြီးတော်ရဲ့တူမ မခင်ချောတဲ့”
ရှင်ညိုကပြောတော့ ဒေါ်ရင်လှသည် မခင်ချောကိုကြည့်၍
ငိုပြန်၏။
တရှုံ့ရှုံ့ငိုနေသော ဒေါ်ရင်လှကိုကြည့်၍ မခင်ချောမှာလည်း စိတ်မကောင်းဖြစ်နေရှာသည်။
“ဒေါ်ကြီး…ဒီမှာလေ…ဒေါ်ကြီးလိုချင်နေတဲ့လက်ကောက်”
“ဟင်…ငါ့လက်ကောက်လေး”
မခင်ချောက ပုဝါကိုဖြည်ပြီး လက်ကောက်လေးကိုပြတော့ ဒေါ်ရင်လှဝမ်းပန်းတသာနဲ့လက်ကောက်လေးကို
ယူလိုက်လေသည်။
“အဖေကလည်း ဒီလက်ကောက်လေးကို
သေချာသိမ်းဆည်းပေးခဲ့တာဒေါ်ကြီးရဲ့…
အခုဒေါ်ကြီးအဖြစ်ကိုကြားရလို့သာ
ကျုပ်လိုက်လာခဲ့တာ…
အဖေအမြတ်တနိုးနဲ့သိမ်းထားတဲ့လက်ကောက်လေးကို
ကျုပ်သေချာသိမ်းဆည်းပေးထားပါတယ်
ဒေါ်ကြီးရယ်…”
မခင်ချောစကားကို ဒေါ်ရင်လှမျက်ရည်များဖြင့်
ခေါင်းညိတ်လိုက်သည်။
“ညည်းရဲ့လက်ကောက်လည်းရပြီဆိုတော့
ဘွားတို့ဘက်ကနေ ညည်းဒီဘဝကနေ ကျွတ်လွတ်ဖို့
အတွက်ဘာတွေစီစဥ်ပေးရမလဲ…”
“ကျုပ်အတွက်ရည်စူးပြီး ကုသိုလ်ကောင်းမှုနဲ့
အမျှအတန်းလေးပေးဝေပေးပါအမေကြီး…
ကျုပ်ရဲ့စိတ်ဆန္ဒလည်းပြည့်ဝပြီမလို့
ကျုပ်သာဓုခေါ်ပါ့မယ်တော်…”
“အေး…ညည်းတူမကတော့ ညည်းအတွက်
ကုသိုလ်ကောင်းမှုကိုလုပ်ပေးမယ်လို့
ဘွားတို့ကိုပြောတယ်…ဒါပေမယ့်…
ဒီလက်ကောက်လေးကိုတော့သူပဲ
သိမ်းထားချင်တယ်တဲ့အေ့…”
ဘွားမယ်စိန်ကပြောတော့ ဒေါ်ရင်လှသည်
မခင်ချောကိုကြည့်၏။
“ကျုပ်လက်ခံပါတယ်…ကျုပ်တူမယူထားမယ်ဆိုရင်
ယူထားလို့ရပါတယ်…”
“ဝမ်းသာလိုက်တာဒေါ်ကြီးရယ်…”
မခင်ချောဝမ်းသာအားရပင်ပြောလိုက်သည်။
ဒေါ်ရင်လှကလည်း ပြုံးနေခဲ့၏။
“ကျုပ်သွားတော့မယ်အမေကြီး…
လူတွေကြားထဲနေရတာကျုပ်ပူတယ်…
ကျုပ်အတွက်ကုသိုလ်ကောင်းမှုလုပ်ရင်
ကျုပ်ကိုသင်္ချိုင်းမှာလာခေါ်ပေးပါ…
ကျုပ်စောင့်နေပါ့မယ်…”
“အေး…အေး…စိတ်ချပါအေ…
လာခေါ်ပေးပါ့မယ်…”
ဒေါ်ရင်လှ၏ဝိညာဥ်သည် နန်းကြိုင်၏ကိုယ်အတွင်းမှ
ထွက်ခွာသွားခဲ့၏။
လက်ကောက်လေးကိုတော့ မခင်ချောထံသို့
ဘွားမယ်စိန်ကပြန်အပ်လိုက်လေသည်။
“ကျုပ်တို့ကဒီမှာကြာကြာနေလို့မဖြစ်လို့
မနက်ဖြန်မနက်ပဲ ကုသိုလ်ကောင်းမှုလေးလုပ်ပေးချင်ပါတယ်… သူကြီးနဲ့အမေကြီးတို့ ကျုပ်ကို
ကူညီပေးကြပါဦးနော်…”
“စိတ်ချပါတူမကြီး…
ကျုပ်တတ်နိုင်တာမှန်သမျှကူညီပေးပါ့မယ်…”
ရွာသူကြီးဦးလူမောင်က မခင်ချောကို ကူညီပေးမည့်
အကြောင်းပြောလေသည်။
နောက်ရက်၌ ဘုန်းကြီးများကိုပင့်ဖိတ်ပြီး
ဒေါ်ရင်လှအတွက်ကုသိုလ်ကောင်းမှုများလုပ်ပေးကြ၏။
ဒေါ်ရင်လှကိုတော့ရှင်ညိုနဲ့မောင်တိုးတို့က
သင်္ချိုင်းထိသွား၍ ခေါ်ခဲ့ကြရသည်။
အမျှအတန်းပေးဝေပြီးနောက်မှ ဘွားမယ်စိန်တို့လည်း
အနားယူကြရသည်။
“အစ်မ ဒေါ်ကြီးကတော့ ကျွတ်လွတ်သွားရှာပြီ…
ကျုပ်တော့သူ့အစားဝမ်းသာမိတယ်…
နောက်ပြီးအစ်မသာလိုက်မလာရင် သူ့အတွက်
ကျုပ်စ်ိတ်မကောင်းဖြစ်ရဦးမှာ….အစ်မကလေ
အစ်မရဲ့အစ်မလိုမဟုတ်ဘဲ စိတ်ထားလေးက
တကယ်ကောင်းတယ်…”
ရှင်ညိုက မခင်ချောကို ပြောလေတော့ မခင်ချော
ပြုံးသွားသည်။
“မမက နည်းနည်းတော့ စိတ်ကြမ်းလူကြမ်းဆန်တယ်
ညီမလေးရဲ့…ဒါကြောင့် သူ့စိတ်ကိုနားလည်ရခက်ကြတာ”
“နည်းနည်းမဟုတ်ပါဘူးတော်…
အများကြီးပါ…”
ရှင်ညိုစကားပြောဟန်ကိုကြည့်ပြီး မခင်ချောမှာ
သဘောကျနေခဲ့ရှာသည်။
ထိုသို့ဖြင့်နောက်တစ်ရက်နံနက်၌
မခင်ချောတို့လည်း ကမ်းဖြူရွာသို့
ပြန်သွားကြသလို ဘွားမယ်စိန်တို့လည်း
သောင်ထွန်းရွာသို့ပြန်လာခဲ့ကြတော့သည်။
ထမိန်ရင်လျားနဲဲ့ဒေါ်ရင်လှကြီးလည်း အစွဲအလမ်းကို
ဖြတ်ပြီး ကျွတ်လွတ်သွားခဲ့ရှာသည်။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ