စားဖိုမှူးကြီး(စ/ဆုံး)
——————
“ ဟေ့ ကလေးတွေ မဆူကြနဲ့” ဟု လှမ်းအော်လိုက်သော ဦးသာဓုကြီးကို လှမ်းကြည့်ကာ ခေတ္တငြိမ်သွားကြသော ကျွန်တော်တို့ကလေးအဖွဲ့သည် ခဏအကြာတွင်တော့ အသံများပြန်လည် ဆူညံလာကြရာ ဦးသာဓုကြီး ဒေါသပုံ ထသွားပြီး ကျွန်တော်တို့ကစားနေရာ ဘောလုံးကွင်းထဲသို့ ခြံ စည်းရိုးကျော်ကာ သူ့အိမ်ထဲမှနေ၍ ရေနှင့်လှမ်းပက်လေသည်။ ထို့ နောက် သမီးဖြစ်သူကို လှမ်းခေါ်ရင်း….
“ ဒါ ဘယ်သူ့ကလေးတွေလဲ ကြည့်စမ်း သမီး။ သူတို့အိမ်ကို သွားတိုင်ရအောင်။ ဟို မိုက်ကယ်ဂျက်ဆင် အင်္ကျီအနီရောင်နဲ့ကလေးက အသံအကျယ်ဆုံးပဲ။ သူက ဘယ်သူသားလဲ။” ဟု လှမ်းမေးလိုက်ရာ
“ အဲ့ဒါ အဖေ့ဆရာ စက်ဗိုလ် ဦးကျော်သိန်းရဲ့သား။” ဟု ပြောရင်း တစ်ဆက်တည်းပင် “ ဟဲ့.. ပုတု။ နင်… ဒီထိ နယ်ကျော်ပြီး လာကစားနေတာနော်။ အခု အိမ်ပြန်။ မပြန်လို့ကတော့ ငါ.. ညနေကျရင် နင်..တို့အိမ်လာပြီး အိ..နဲ့ လာတိုင်ပြောမှာ” ဟု အော်နေသော အစ်မကြီးကို…
“အိ.. ဆိုတာက ဘယ်သူကြီးလဲ။ သားတို့အိမ်မှာ အိ..မှ မရှိတာ။”
“ အိ..ဆိုတာ နင်တို့အစ်မကြီး မဝင်းမြင့်သန်းကို ပြောတာ။ အခု..ပြန်။ မပြန်လို့ကတော့ အိ.. ကို လာတိုင်ပြီး ရိုက်ခိုင်းမှာ”
“ တိုင်ပေါ့။ အစ်မကြီး လာတိုင်လည်း သားတို့အစ်မက သားကို ဘယ် တော့မှ မရိုက်ဘူး။ ဟား… ဟား.. ဟား” ဟု လုပ်ရယ်…ရယ်ကာ အိမ်သို့ပြန်ပြေးလာခဲ့ရင်း အိမ်ရောက်လျှင်တော့ မီးဖိုချောင်တွင် အလုပ်ရှုပ်နေသော ဘီးဆံပတ်ကြီးပတ်ကာ သနပ်ခါးဘဲကြားလူးထားသည့် အစ်မဆီသွားရင်း….
“ အစ်မ နာမည်က အိ…ဆို။ ဟုတ်လား။”
“ မောင်လေး အရှေ့လိုင်းကို သွားကစားလာပြီ မဟုတ်လား။” ဟု တရားခံစစ်သည့် မျက်လုံးများ ဖြင့် ကြည့်၍ မေးလိုက်ပြီး..
“ အစ်မကို အရှေ့လိုင်းက လူတွေကပဲ အိ..လို့ခေါ်တာ။” ဟု ပြန်ဖြေလိုက်ချိန်တွင်တော့ သူခိုးလူမိသွားလေတော့သည်။
(၁၀)နှစ်ပြည့် မှတ်ပုံတင်လုပ်ရန် သူငယ်ချင်း ဝင်းကိုတို့ သားအမိနှင့် မိုးဓာတ်ပုံတိုက်သို့သွား၍ လိုင်စင် ဓာတ်ပုံသွားရိုက်ဖြစ်ခဲ့လေသည်။ ဓာတ် ပုံတိုက်၏ဧည့်ခန်းတွင် ပုံကြီးချဲ့ကာ အလှပြချိတ်ဆွဲထားသည့် လှပသည့် မိန်းကလေးတစ်ယောက်၏ ကိုယ်လုံးပေါ်ဓာတ်ပုံနှင့် ကိုယ် တစ်ပိုင်း ဓာတ်ပုံများကို လက်ညှိုးထိုးပြရင်း “ အဲ့ဒါ သားတို့အစ်မ မအိ..ရဲ့ ပုံတွေလေ။ အရမ်း..လှတယ်နော်။ အန်တီတို့ ငယ်ငယ်က သားတို့အစ်မ အန်တီတို့လိုင်းရှေ့က ဖြတ်သွားရင် အားလုံးဝိုင်းငေးကြည့်ကြရတာ။ ဆံပင်ကြီးကလည်း အရှည်ကြီးနဲ့။ ဆံပင်တစ်ရပ် လူတစ်ရပ်။ ပြီးတော့ မအိ.. အန်တီတို့အိမ်နားက သူ့သူငယ်ချင်း မမိမိဆီလာလည်ရင် အန်တီတို့ကလည်း နောက်ကလိုက်သွားပြီး လက်ကလေးတွေက ရှည်ရှည်သွယ်သွယ်လေးတွေနဲ့ လှလွန်းလို့ အန်တီတို့ ကလေးတွေက ဝိုင်းပြီးကိုင်ကြည့်ကြတာ။ ပြီးတော့ အန်တီတို့က အသားလေးတွေက “အိ” နေတာပဲလို့ ဝိုင်းပြောကြလို့ သားတို့အစ်မနာမည်က အန်တီတို့အရှေ့လိုင်းဘက်မှာ “အိ” ဆိုပြီးတော့ နာမည်တွင်သွားတာ။” ဟု ဇာတ်စုံခင်းပြနေရာ ကျွန်တော်လည်း အံ့ဩတကြီးဖြစ်ရင်း မိသားစုများလှသည့် ကျွန်တော်တို့အိမ်သားများအတွက် နံနက်၊ နေ့လည်၊ ညစာများကို အချိန်မီကျက်အောင် အားကြိုးမာန်တက် ချက်ပြုတ်နေသည့် သနပ်ခါးဘဲကြား၊ ဘီးဆံပတ်ကြီးနှင့် အစ်မ၏ပုံရိပ်များကို မြင်ယောင် သွားမိလေတော့သည်။
အစ်မနှင့်ကျွန်တော်သည် အကြီးဆုံးနှင့် အငယ်ဆုံးဖြစ်ရာ အသက် (၂၇) နှစ်ခန့်ကွာသဖြင့် အစ်မ..ငယ်ဘဝအကြောင်းများကို သိပ်မသိလှပေ။ ကျွန်တော်လူမှန်းသိတတ်စကတည်းက မီးဖိုချောင် ထဲတွင် တစ်မိသားစုလုံးအတွက် တကုတ်ကုတ် ချက်ပြုတ်နေသည့် မိန်းမကြီးအဖြစ်သာ အမှတ်ရမိလေတော့သည်။ ကျွန်တော်တို့အားလုံးကို ထမင်းပွဲ ရှေ့ရောက်ခူးကျွေးသည့်အပြင် စားပြီးသား ပန်းကန်များကိုပင် ထမင်း စား,စားပွဲပေါ်တွင် ဒီအတိုင်းထားစေကာ သိမ်းဆည်းဆေးကြောသည့် အလုပ်များကိုပါ လုပ်ကိုင်ပေးခဲ့လေသည်။ အစ်မအကြောင်းများကို ပတ်ဝန်းကျင်မှပြောပြ၍ သိလာချိန်တွင်မှ အစ်မကိုကြည့်ရင်း သနားသည့်စိတ်များ ဝင်လာခဲ့မိလေသည်။ လက်ဖြူဖြူသွယ်သွယ်လေးများကို မကြာခဏခါရင်း ပန်းကန်ဆေးကြောနေသည့် အစ်မလက်ကိုကြည့်လိုက်မိရာတွင် ရေထိများသဖြင့် လက်ပန်းကုံးလေးများပြုတ်ကာ နီရဲနေလေသည်။ “ အစ်မ နာလို့လား။ ကျွန်တော် ဆေးကူပေးမယ်။” ဟု ပြောကာ ပန်းကန်များဆေးကူနေသော ကျွန်တော့်ခေါင်းလေးကိုကိုင်ရင်း “ မောင်လေးကိုတော့ မီးဖိုချောင် ဝင်နေတယ်ဆိုပြီး အဖေဆူတော့မှာပဲ။” ဟု ပြောသည့်တိုင်အောင် မကြားချင်ယောင်ဆောင်ပြီး ဆေးကူနေလိုက်တော့သည်။
“ မင်းကိုမီးဖိုချောင် ဝင်နေတယ်လို့ အဖေနှင့် သွားတိုင်ပြောမှာ” ဟု လာခြိမ်းခြောက်နေသော အစ်ကိုဖြစ်သူကို လှည့်မကြည့်ဘဲ အစ်မပြောပြထားသည့် “ မောင်လေး။ ပထမဆုံး ကုလားအော်သီးလေးတွေကို ထည့်ထောင်း။ ပြီးမှ ဟော့ဒီ အစ်မလှီးပေးထားတဲ့ အမဲသားပြုတ်လေးတွေကို ထည့်ထောင်း။ ပြီးရင် ဒီ ကိုင်းခရမ်းချဉ်သီးမီးဖုတ်လေးကို အခွံခွာပြီး ထည့်ထောင်းပေးနော်။ ဖြည်းဖြည်းထောင်းနော်။ တော်ကြာ မျက်စိထဲကို ငရုတ်သီးဝင်သွားဦးမယ်။” ဟူသော အစီအစဉ်အတိုင်း ထောင်းကူနေစဉ် အဖေသည် မီးဖိုဆောင် တံခါးဝတွင် မတ်တပ်ရပ်ရင်း “ လူ လေး.. မင်း မီးဖိုချောင်ထဲ ဝင်နေပြန်ပြီလား” ဟု အသံမာမာဖြင့် လာဆူလေတော့သည်။ ကျွန်တော်လည်း အဖေ့ကို လှည့်ကြည့်ကာ ကြီးမားလှသည့် ကျောက်ငရုတ်ဆုံကြီးကိုပြရင်း “ အဖေ့ ဒီမှာ ငရုတ်ဆုံကြီးကို ကြည့်ပါဦး။ အကြီးကြီးဆိုတော့ အစ်မက မနိုင်မနင်း လက်နှစ်ဖက်နဲ့ ထောင်းနေရလို့ သားက ကူလုပ်ပေးနေတာပါ။ အစ်မ သနားပါတယ်နော် အဖေ။”
“ ပြီးတော့ ဒါက မြစည်းခုံစာသင်တိုက်က ဆရာတော် ဘုန်းဘုန်းဦးတိက္ခက မနက်အစောပိုင်း လမ်းလျှောက်ပြန်လာရင်း အမေနှင့်တွေ့တော့ “ ဒကာမကြီး ဝင်းမြင့်သန်းကို ပြောပေးပါဦး။ ကျုပ်ကို နေ့ဆွမ်းအမီ သူ့လက်ရာ ခရမ်းချဉ်သီး အမဲသားထောင်းနှင့် ဗူးရွက်ဟင်းချိုလေး ကပ်ပါဦးလို့” မိန့်လိုက်လို့ သားက ခရမ်းချဉ်သီး အမဲသားထောင်း ထောင်းကူနေတာပါ။ ဒီမှာ ကြည့်ပါဦး အဖေ။ သား လုပ်ကူထားတာ” ဟု ဖြေရှင်းလိုက်လျှင်တော့ အဖေသည် ဘာမှမပြောတော့ဘဲ မီးဖိုချောင်မှ ထွက်သွားလေတော့သည်။ ဤသို့ဖြင့် “ ယောက်ျားလေးများ မီးဖိုဆောင် မဝင်ရ” ဟူသော အဖေ့အမိန့်သည် ကျွန်တော့်အတွက် ခြွင်းချက်ဖြစ်သွားပြီး ငရုတ်ဆုံထောင်းရသောအလုပ်များတွင် အစ်မကို ကူညီခွင့် ရခဲ့လေတော့သည်။
အဖေသည် မဟာဒုတ်အလှူကို နှစ်စဉ်ပြုလုပ်လေ့ရှိရာ အိမ်၏မဟာဒုတ်အလှူသည် ကျွန်တော်တို့မီးရထားလိုင်းထဲတွင် အစ်မလက်ရာကြောင့် နာမည်ကြီးလှပေသည်။ အလှူအဖိတ်ရက်တွင်တော့ အိမ်တွင်လာရောက်လုပ်ကူကြသူများ၏ “ ကျုပ်တို့ကတော့ ဝင်းမြင့်သန်းလက်ရာ အမဲနှပ်ကို မျှော်နေတာဗျ” ဟူသော အဖေ့မိတ်ဆွေများ၊ ကျွန်မကတော့ “ ဝင်းမြင့်သန်းလက်ရာ ငါးသလောက်ပေါင်း” ဟူသော အမေ့မိတ်ဆွေများနှင့် ရင်းနှီးသည့် မိတ်ဆွေများ၏ “ကျွန်တော်တို့ကတော့ ကြက်သားနှပ်၊ ကျွန်မတို့ကတော့ ငါးပိကြော်” စသည့် အားရပါးရ ပြောသံများကို ကျယ်ကျယ်လောင်လောင် ကြားရလေတော့သည်။ ကျွန်တော်တို့အိမ်၏ မဟာဒုတ်အလှူဟင်းများသည် ရင်းနှီးသည့်မိတ်ဆွေများ တောင်းဆိုထားသည့် ကြက်သားနှပ်၊ အမဲသားနှပ်၊ ငါးသလောက်ပေါင်း၊ ချဉ်ပေါင်ရွက် အချဉ်ဟင်းနှင့် စိမ်းစားငါးပိကို ကြက်သွန်နီနှင့် ငရုတ်သီးများ နိုင်းချင်းထည့်ကာ ကြော်ထားသည့် ငါးပိကြော်ဖြစ်လေသည်။
အလှူနေ့တွင်တော့ ကျွန်တော်တို့ လိုင်းခန်းအိမ်ကလေးသည် ဧည့်သည်များဖြင့် ပြည့်နှက်နေခဲ့ပြီး အလွန်စည်းကားခဲ့လေသည်။ လူအနည်းငယ်ရှင်းသွားချိန်တွင်တော့ သိပ်မရင်းနှီးသည့် ရွှေများညွှတ်နေအောင် ဝတ်ထားသည့် မိန်းမကြီးတစ်ဦး ရောက်လာလေသည်။ “ မသန်းနု၊ ကျုပ်ရဲ့မတော်လိုက်ရတဲ့ ချွေးမအလှလေးကော” ဟု ရယ်မောရင်း မေးနေသည့် ထိုအဒေါ်ကြီးကို မီးဖိုချောင်မှ အစ်မကို နှုတ်ဆက်ရန် ခေါ်ပေးလိုက်ချိန်တွင်တော့ “ မသန်းနုရယ် ရက်စက်လိုက်တာ။ ကျွန်မကိုပေးလိုက်ရင် တောင် ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင် ရွှေပေါ်မြတင် ထားမယ့်ဟာကို။ အခုတော့ကြည့်ပါဦး စားဖိုမှူးကြီးလုံးလုံး ဖြစ်နေပါရောလား။” ဟုပင် နှမြောတသစွာ ပြောဆိုရင်း အမေ့ကိုအပြစ်တင်နေသော အဒေါ်ကြီးသည် ကျွန်တော်တို့မောင်နှမများနှင့် အမေ့ကိုငဲ့ကွက်၍ အစ်မမှ ငြင်းလိုက်သည့် မတော်လိုက်ရသည့် ယောက္ခမလောင်း ရွှေသည် ဒေါ်ခင်ခင်ကြီးဖြစ်လေသည်။ ဤသို့ဖြင့် ကျွန်တော်အစ်မကြီး စားဖိုမှူးကြီး၏အကြောင်းများကို သိရသည့်အချိန်တွင်တော့ အစ်မကို သနားစိတ်များ ဝင်လာမိလေတော့သည်။
ဤသို့ဖြင့် ကျောင်းတက်၊ အလုပ်ဝင်ဖြင့် အိမ်နှင့်အနေဝေးနေခဲ့သောကျွန်တော် ဇာတိမြို့လေးသို့ အလုပ်ပြောင်းရွှေ့ခွင့်ရခဲ့လေသည်။ အစ်မသည် ထုံးစံအတိုင်းပင် တူ၊ တူမများတိုင်အောင် ထမင်းပွဲရှေ့ရောက်ကျွေးမွေး၍ စားဖိုမှူးတာဝန်များကို ဆက်လက်ကျေပြွန်နေသည့်တိုင် “ အစ်မက ဟင်းတွေကို ငံအောင်ချက်လို့ ကျွန်တော်သွေးတိုးရောဂါဖြစ်တာ။” ဟူ၍လည်းကောင်း၊ ငါးမစားသူများ၊ အမဲသားမစားသူများနှင့် သက်သတ်လွတ်စားကြသူများကြား အကြိုက်လိုက်နေရ၍ လည်း ကောင်း၊ အစ်မသည် မီးဖိုဆောင်အလုပ်များပိ၍ နေလေတော့သည်။ ကျွန်တော်သည် မြို့ပေါင်းစုံ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရင်း ကိုယ် တိုင်ထမင်းချက်စားခဲ့ရသဖြင့် ချက်၊ ပြုတ် ရသည့် ဒုက္ခများ၊ ဈေးဝယ်ရသော ဒုက္ခများကို ခံစားဖူးသဖြင့် အစ်မ၏ အဖြစ်ကို ကိုယ်ချင်းစာမိရာ အိမ်တွင် အမိန့်တစ်ခု ထုတ်ပြန်ရလေတော့သည်။
“ အစ်မက အသက်လည်းကြီးပြီ။ ငယ်ငယ်တုန်းကလို အားလုံးအ ကြိုက် လိုက်မလုပ်ပေးနိုင်တော့ဘူး။ ဟင်းတစ်မျိုးပဲ ချက်ပေးလိမ့်မယ်။ အစ်မချက်ကျွေးတဲ့ ဟင်းကို မစားနိုင်ရင် ကိုယ့်ဘာသာချက်စားကြ။ ထမင်းကလည်း ပေါင်းအိုးနှင့်ချက်တာဆိုတော့ အားလုံးအလှည့် ကျ ချက်ကြ။ ပြီးတော့ ကိုယ်ထမင်း ကိုယ်ခူးစား။ ကိုယ်စားပြီးတဲ့ပန်းကန် ကိုယ့်ဘာသာ ကိုယ်ဆေးကြ။” ဟူသော အမိန့်ကို အားလုံးလိုက်နာကြသော်လည်း အစ်ကိုဖြစ်သူမှာ အဖေ့စကား “ ယောက်ျားလေးများ မီးဖိုချောင် မဝင်ရ” ဟူသော စကားကို ပြန်လည်အသက်သွင်းရင်း ဆန့်ကျင်လေတော့သည်။ ထိုအခါတွင်တော့ “ အဖေ့ရဲ့ ယောက်ျားလေးတွေ မီးဖိုချောင် မဝင်ရဆိုတဲ့ အဖေ့စကားကို နားထောင်ရင် အဖေ့ရဲ့ အရက်၊ ဘီယာ မသောက်ရ ဆိုတဲ့အမိန့်ကိုလည်း အားလုံးနားထောင်ကြ” ဟုပြောလိုက်လျှင်တော့ ဘီယာသမားအစ်ကိုသည် အိမ်လှေခါးကို တဒိုင်းဒိုင်းမြည်အောင် တက်သွားရင်း ဆန္ဒပြသွားလေတော့သည်။
အစ်မဖြစ်သူသည် တစ်သက်လုံးချက်၊ ပြုတ်ကာ စားဖိုမှူးကြီးလုပ်ရ၍ထင်သည်။ အသက်ကြီးလားချိန်တွင်တော့ ပန်းနာရင်ကြပ်ရောဂါ ခံစားရလေတော့သည်။ ညနေပိုင်းတွင် ရင်ကြပ်ကာ အသက်ရှူသံများတစီစီမြည်၍ အမောဖောက်လာသဖြင့် မျက်စောင်းထိုးအိမ်မှ အဆုတ်အထူးကု ဒေါက်တာစံလှထံသွားပြလျှင်တော့ အစ်မပန်းနာရင်ကြပ် သည် မှုတ်ဆေးမှုတ်ရသည့်အဆင့်သို့ ရောက်နေလေတော့သည်။ ဆေးခန်းမှ ပြန်လာပြီး ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးသောက်ကာ ဘီကလိုးတစ်မှုတ်ဆေး မှုတ်လိုက်ပြီးချိန်တွင်တော့ တဖြည်းဖြည်းသက်သာလာပြီး ပုံမှန်အသက်ရှူနိုင်သွားလေတော့သည်။ ထိုအချိန်တွင် ဘီယာသောက်ကာ ပြန်လာသောမောင်ဖြစ်သူသည် အကျိုးအကြောင်းအရိပ်အကဲကို နားမလည်ဘဲ အစ်မနားတွင် ကျွန်တော့်ကိုလည်း မြင်သဖြင့် ရွဲ့ကာ “ အစ်မ ကျွန်တော့်ကို ခေါက်ဆွဲချဉ်စပ်ပြုတ်ပေး။ ကြက်ဥလည်း ထည့်ပေးနော်” ဟု ပြောရင်း ထမင်းစား,စားပွဲတွင် ထိုင်စောင့်နေလေသည်။
အစ်မဖြစ်သူသည် ကျွန်တော်တစ်ခုခုပြောလိုက်မည်ကို စိုးရိမ်သဖြင့် ကျွန်တော့်လက်ကို ဆုပ်ကိုင်ကာ အသံတိတ်တားလိုက်ရင်း အစောကအမောဖောက်နေသည်မှာ သူမဟုတ်သလိုပင် ပုံမှန်ခြေလှမ်းများဖြင့် မီးဖိုဆောင်အတွင်းသို့ ဝင်သွားရင်း သူ့အချစ်ဆုံးမောင်အတွက် စားဖိုမှူးကြီးပီသစွာ ခေါက်ဆွဲချဉ်စပ်များကို ကျွမ်းကျင်သောလက်များဖြင့်ပြုတ်ပေးနေလေတော့သည်။
မဟာဟန်လင်း
(၁၇. ၀၂. ၂၀၂၅)