ကုသ
အလယ်ချောင်းက ကျောက်တောင်ကြံ့
အပိုင်း (၁)
၁၉၃၅ ခုနှစ်၊ ဧပြီလအတွင်းဖြစ်လေသည်။
ကျွန်ုပ် မောင်ရဲနှင့် မောင်သန်းခေါင်တို့သည် ရန်ကုန်မြိုမှ ဆာဟာဘီအဒမ်ဆင် မီးသင်္ဘောကြီးစီးကာ မြိတ်မြို့သို့ တတိယအကြိမ် ရောက်ရှိလာပြီး ဗိုလ်တဲတွင် တည်းခိုနေထိုင်ကြသည်။
ကျွန်ုပ်တို့သည် ယခင်က ၁၉၃၃ ခုနှစ် ဖေဖော်ဝါရီလ
တွင် တစ်ကြိမ်၊ ၁၉၃၄ ခုနှစ် ဧပြီလတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်မျှ မြိတ်မြို့သို့ လာရောက်လည်ပတ်ခဲ့ကြပြီးဖြစ်သည်။
ပထမအကြိမ်တွင် မြိတ်မြို့အနောက်ဘက်ရှိ တောပြားကြီးကျွန်းပေါ်တွင် အလွန်ဆိုးသွမ်းနေသော တောဝက်(ဝါ) ရှင်ကြီးဝက်ကြီးတစ်ကောင်၏ ရန်ကို ဖြိုခွင်းပေးခဲ့ကြသည်။
ဒုတိယအကြိမ်တွင်မူကား မြိတ်မြို့အနောက်တောင် စူးစူး မိုင် ၃ဝမျှ အကွာတွင် တည်ရှိသော “တုန်းဗြဲ” ရွာအနီးရှိ သောင်ပြင်ပေါ်တွင် နေပျော်ပြီး ချောင်းအတွင်းသို့ ဝင်ရောက်လာကြသော လှေငယ်များပေါ်မှ လူများကို ဖင်မွေးရှည်ကြီးဖြင့် ရိုက်ချဖမ်းစားလေ့ရှိသော မိကျောင်းဆိုးကြီး၏ ရန်ကို တွန်းလှန်ဖြိုဖျက်ပေးခဲ့ကြသည်။
မြိတ်မြို့သို့ နှစ်ကြိမ်မျှ အလည်ရောက်ရှိခဲ့ကြပြီးနောက် ကျွန်ုပ်သည် ကျွန်းပေါင်း ရှစ်ရာကျော်မျှ အကျုံးဝင်သော မြိတ်ကျွန်းစု၏ သဘာဝအလှတို့ကို စွဲမက်နေမိခဲ့ရပြီဖြစ်သည်နှင့်အမျှ မြိတ်မြို့သို့ နောက်တစ်ကြိမ် သွားရောက်လည်ပတ်လိုလှသည့် စိတ်ဆန္ဒများသည် အဆက်မပြတ် တဖွားဖွား ဖြစ်ပေါ်နေခဲ့ရတော့သည်။
ကျွန်ုပ်တို့သည် ဗိုလ်တဲတွင် နှစ်ရက်မျှ အပန်းဖြေကာ နေထိုင်ကြပြီး သုံးရက်မြောက်နံနက်တွင် ယခင် ၁၉၃၃/၁၉၃၄ ခုနှစ်များက ကျွန်ုပ်တို့အား ရင်ကန်းကျွန်း၊ တောပြားကြီးရွာနှင့် တုန်းဗြဲရွာများသို့ တောဝက်နှင့် မိကျောင်းဆိုးများကို ပစ်ခတ်နိုင်ရန် ပို့ဆောင်ပေးခဲ့သော ဆလုံဘားဆိုက်နှင့် တွေ့လိုရကား ဆိပ်ငယ်အထက်ပိုင်းရပ်ရှိ တရုတ်မြန်မာ လက်ဖက်ရည်ဆိုင်သို့ သွားရောက်ရှာဖွေကြတော့သည်။
ကျွန်ုပ်သည် ဆိုင်အတွင်းသို့ ကြည့်လိုက်ရာ ဆလုံ တစ်ယောက်ကိုမျှ မမြင်ရသည်နှင့် ဆေးတံတစ်အိုးကို မီးညှိသောက်ကာ လမ်းသွားလမ်းလာများကို ကြည့်နေစဉ် ဆလုံမတစ်ယောက်သည် ၎င်း၏ဦးခေါင်းပေါ်တွင် လုံချည်စုတ်တစ်ထည်ကို တင်ထား၍ အုန်းမှုတ်တစ်ခုကိုကိုင်ကာ လာနေသည်ကို တွေ့ ရပေသည်။
၎င်းဆလုံမသည် မကြာမီ ကျွန်ုပ်အနီးသို့ ချဉ်းကပ် လာပြီး . . .
“ဝါး … အနောင်၊ ဝါး အနောင် ငါ့ကို မမှတ်မိတော့ဘူးလား . . . မိဖြူလေ . . . ဘားဆိုက် မိန်းမလေ”
“ဟင် မိဖြူပါလား … ကျုပ် ကောင်းကောင်း မှတ်မိ တာပေါ့။ မိဖြူနဲ့ ဘားဆိုက်တို့ကို ကျုပ် ဘယ်တော့မှ မမေ့နိုင်ပါဘူး။ ဒါထက် ဘားဆိုက်ကော … သူဘယ်သွားနေသလဲ။သူ နေကောင်းတယ်နော်။ မိဖြူနဲ့တွေ့ ရတာ ကျုပ် အင်မတန် ဝမ်းသာတယ်ကွယ်”
“ဟုတ်ကဲ့ရှင် ဘားဆိုက် တဝနေကောင်းတယ်လေ။ ထမင်းတစ်ခါစားရင် ငါးပန်းကန်တောင် ကုန်တယ်လေ။ သူ အခု လှေထဲမှာ သူ့ခွေးသုံးကောင်နဲ့အတူတူ အိပ်နေတယ်လေ။ မနေ့ညက တဝမောခဲ့တယ်ရှင်”
“ဘာဖြစ်လို့ မောခဲ့ရတာလဲ မိဖြူ”
“တို့များ ညတုန်းက ဘိတ်မြို့အနောက်ဘက်နားမှာရှိတဲ့ မအိုင်ကျွန်းနားကို သွားပြီး လိပ်ကျောက်တွေကို မှိန်းနဲ့ ထိုးခဲ့ကြတယ်လေ။ လိပ်ကျောက်ကြီး ၃ ကောင်,ရခဲ့တယ်လေ။ တဝမောမား ၊ မောဆိုး . . . မောဆိုး”
“ဟုတ်ပ . . . လိပ်ကျောက်ကြီးတွေကို ဘာလုပ်ကြသလဲ၊ ရောင်းကြသလား၊ ဘယ်လောက်ရသလဲ”
“အေး တရုတ်ပွဲစားတစ်ယောက်ကို ရောင်းလိုက်တယ်လေ။ အူတွေ အသည်းတွေကိုတော့ တို့ခွေးသုံးကောင်နဲ့ ကြောင်နှစ်ကောင်ကို ကျွေးလိုက်တယ်လေ”
“ဟုတ်ပ .. ကျုပ်ကြားရတာ အင်မတန် ဝမ်းသာတယ်။ မင်းတို့ ထိုးသတ်ခဲ့တဲ့ လိပ်ကျောက်တွေဟာ ဘယ်လောက်ကြီးသလဲ မိဖြူ”
“အေး တစ်ကောင်တစ်ကောင်ဟာ တစ်လံလောက် ကြီးတယ်လေ . . . ကြီးဆိုး . . . ကြီးဆိုး၊ တရုတ်ပွဲစားက လိပ်ကျောက်သုံးကောင်ကို ငွေတစ်ဆယ်ပေးတယ်လေ”
“ဟင် ဒီလောက်ကြီးတဲ့ လိပ်ကျောက်သုံးကောင်မှ ငွေ တစ်ဆယ်ပဲ ပေးသလား။ နည်းတယ် မိဖြူ”
“မနည်းရ အနောင် … မနည်းရ။ တို့များ တရုတ်ပွဲစားက ငွေတစ်ဆယ်ပေးတဲ့အပြင် ဘိန်းတစ်ကျပ်သားနဲ့ အရက်ခြောက်ပုလင်းကိုလည်း ပေးသေးတယ်လေ”
“ဟောဗျ … လတ်စသတ်တော့ ဘားဆိုက်ဟာ ဘိန်းလည်းစား အရက်လည်း သောက်တတ်တာကိုး။ မကောင်းပါဘူးကွယ်”
“ဟုတ်ကဲ့ရှင် ငါလည်း ဘိန်းစားတတ်တယ်။ အရက် သောက်တတ်တယ်။ တို့ဆလုံ ယောက်ျား မိန်းမတိုင်းဟာ ဘိန်းစားပြီး အရက်သောက်တတ်ကြတာပဲ။ တဝကောင်းတယ်။ အလုပ်ကောင်းကောင်း လုပ်နိုင်တယ်။ ဘယ်တော့ မှ မမောရရ၊ မဖျားရရ၊ ကောင်းဆိုး အနောင် … ကောင်းဆိုး”
“ဪ . . . ဒီလိုလား တယ်ဆန်းပါလား။ မင်းတို့ ကြိုက်သလိုပေါ့လေ။ မင်းတို့ကောင်းတယ်ထင်တာတွေကို သောက်နိုင် စားနိုင်ကြပါတယ်။ ဒါပေမဲ့ အလွန်အကျွံတော့ မလုပ်ကြနဲ့ပေါ့”
“ဟုတ်ကဲ့ရှင်”
“ဒါထက် ဘိန်းဟာ အင်မတန် စွဲတတ်တယ်လို့ ကျုပ် ကြားဖူးတယ်။ ဒါကြောင်း မင်းတို့ဆီမှာ ဘိန်းကုန်သွားရင် နောက်ထပ် ဘယ်ကရနိုင်မလဲ”
“မခက်ရ အနောင် … မခက်ရ၊ ဘိန်းကုန်သွားရင် တရုတ်ပွဲစားတွေဆီမှာ လိုသလောက် အကြွေးယူလို့ရတယ်လေ။ အကြွေးယူပြီး သူတို့ကို ကြေးပြားပြန်ပေးဖို့ မလိုရ။ လိပ်ကျောက်၊ အန်ဖန်းနဲ့ ငှက်သိုက်တွေကို ပေးရင် ရတယ်လေ။ ဘိန်းဘယ်တော့မှ မကုန်ရ၊ လိုသလောက် ရနိုင်တယ်လေ”
“အန်းဖန်းဆိုတာ ဘာလဲ မိဖြူ”
“အန်းဖန်းဆိုတာ ငါးကြီးတွေ အန်ထုတ်ထားတဲ့ အန်ဖတ်တွေပေါ့ အနောင်၊ အန်းဖန်းတွေဟာ ပင်လယ်ထဲမှာ မျောလာတတ်တယ်လေ”
“ဪ . . . ဟုတ်ပ . . . ဟုတ်ပ။ ကျုပ်ကြားရတာ ဝမ်းသာတယ်”
“နောက်တော့လည်း ငါ့ညီမကို တရုတ်ပွဲစားတစ် ယောက်က ယူထားတယ်လေ။ ငါ့ညီမဟာ အသက် ဆယ့်ငါးနှစ်ပဲ ရှိသေးလို့ တရုတ်ပွဲစားက ငါ့ညီမကို တဝချစ်မား၊ တို့များ ဘိန်းကုန်သွားရင် ငါ့ညီမဆီမှာ သွားတောင်းရင် ဘိန်း ငါးမူးသားနဲ့ အရက်သုံးပုလင်းလောက်တော့ ရခဲ့တာပဲ အနောင်။ ငါ့ညီမက တဝစိတ်ကောင်းမား”
“ဟုတ်ပ … ဟုတ်ပ၊ မင်းတို့ အကြွေးယူထားတဲ့ ဘိန်းဖိုးနဲ့ အရက်ဖိုးတွေကို ကြေအောင် ပြန်မပေးဆပ်ရင် ဘယ်လို ဖြစ်သွားမလဲ”
“ဟုတ်ကဲ့ရှင် … ငါပြောပြမယ်လေ။ အကြွေးကို ပြန် မဆပ်နိုင်ရင် တရုတ်ပွဲစားက (ဗလာဟာပြ) မှာပေါ့”
“ဘာ … ဘာပြောတယ်။ ဗလာဟာပြမယ်ဆိုတာ ဘာလဲ”
“အေး ဗလာဟာပြတယ်ဆိုတာ ဘိတ်သူဘိတ်သားတွေ သုံးတဲ့စကားပေါ့ အနောင်။ အနောင်တို့ ပုဂံအရပ်တွေမှာဆိုရင် (တဝဒုက္ခပေးမယ်) လို့ ပြောကြမှာပေါ့”
“ဪ . . . ဟုတ်ပ၊ ကျုပ်သဘောပေါက်ပြီ။ ဗလာ ဟာပြတယ်ဆိုတာ အကြီးအကျယ် ဒုက္ခရောက်စေတယ်လို့ ဆိုလိုတာကိုး”
“ဟုတ်ကဲ့ရှင် … ဟုတ်ကဲ့ရှင်”
“ဒါထက် မင်းတို့ငှက်သိုက်တွေကို ဘယ်က ရကြသလဲ”
“အေး . . . တို့များ ထားဝယ်မြစ်ဝကို လှေနဲ့ ရွက်တိုက်သွားရတယ်လေ။ မြစ်ဝနားမှာ ကျောက်တောင်တစ်တောင် ရှိတယ်လေ။ အဲဒီကျောက်တောင်တွေမှာ တဝကျယ်တဲ့ အပေါက်ကြီးတွေရှိတယ်။ ပျံလွှားငှက်တွေက အစာအန်ထုတ်ပြီး အဲဒီအပေါက်တွေရဲ့ ခေါင်မိုးမှာ အသိုက်တွေ လုပ်ကြတယ်လေ။
အဲဒီအပေါက်ကြီးတွေ ထိပ်ကိုရောက်အောင် ကညင် ဆီမီးတိုင်တွေကို မီးထွန်းပြီး တက်ခွာယူရတယ်လေ။ အပေါက်ကြီးတွေထဲမှာ တဝမှောင်မား . . . မှောင်ဆိုး . . . မှောင်ဆိုး။ နောက်တော့လည်း အဲဒီအပေါက်ကြီးတွေထဲမှာ မြွေဆိုးတွေ တဝပေါမား . . . တဝသတိထားရတယ်လေ”
“ဪ ဟုတ်ပ … ဒီလိုလား။ ထားဝယ်မြစ်ဝဆိုရင် ဘိတ်နဲ့ မိုင် ၁၅ဝ လောက် ပေးမှာပေါ့။ ခရီးအတော်ဝေးတာပဲ။ မင်းတို့ ဘယ်နှစ်ရက် သွားကြရသလဲ”
“အေး တို့များ ဒီငှက်သိုက်တောင်ရောက်အောင် ခုနစ်ရက်လောက် သွားရတယ်။ ငှက်သိုက်တောင်က အပေါက်ကြီးပေါ်ကို တက်ရင်လည်း တဝသတိထားရတယ်လေ။ ငါ့ဦးလေးတစ်ယောက် အပေါက်ကြီးပေါ်က ခြေချော်ကျလို့ သေသွားပြီ။ သူ အခု ဖိတ်ထာဖြစ်သွားလို့ ဘိတ်ကို မပြန်နိုင်တော့ဘူး”
“ဖိတ်ထာဆိုတာ ဘာလဲ မိဖြူ”
“ဖိတ်ထာဆိုတာ လူသေသွားရင် ဖြစ်တာပေါ့။ သူ့ကို မမြင်နိုင်ရ၊ ဒါပေမဲ့ သူဟာ လူတွေကို ခြောက်လှန့် ပြနိုင်တယ်လေ”
“ဩော် ဖိတ်ထာဆိုတာ ကျုပ်သိပြီ။ ဖိတ်ထာဆိုတာ လက်စသတ်တော့ တစ္ဆေကိုး။ ကျုပ်တို့ အညာဒေသမှာတော့ ဖိတ်ထာလို့ မခေါ်ဘူး။ တစ္ဆေလို့သာ ခေါ်ကြတယ်။ တချို့ကတော့ ပြိတ္တာလို့ ခေါ်ကြတယ်”
“ဟုတ်ကဲ့ရှင်။ ငှက်သိုက်တွေ သွားယူရတာ တဝပင် ပန်းလို့ တို့များ တစ်နှစ်တစ်ခေါက်လောက်ပဲ သွားနိုင်ကြတယ်လေ။ ခဏခဏ မသွားနိုင်ကြရအနောင်။ နောက်တော့လည်း ငှက်သိုက်ကျွန်းကပြန်လာရင် ပင်လယ်ထဲမှာ ဓားပြတွေတိုက်မား။ ဓားပြတိုက်ဆိုး… တဝတိုက်ဆိုး။
“ဟုတ်ပ . . မင်း အခု ကိုင်လာတဲ့ အုန်းမှုတ်ထဲမှာ ဘာတွေ ထည့်ယူလာသလဲ”
“ငါ အုန်းကလာထဲမှာ ကမာတွေ ထည့်လာတယ်
“ဘယ်က ရလာခဲ့သလဲ”
“မနေ့မနက်က တို့များ သစ်ယားကြီးကျွန်းသွားပြီး ကပ္ပားနဲ့ အိုက်ခဲ့ကြတယ်လေ။ ကမာတွေ တဝရလာလို့ အခု ငါ မြို့ထဲမှာ လိုက်ပြီး ရောင်းတယ်လေ”
“ဪ ကမာတွေကို ပုဆိန်နဲ့ သွားပြီး ရိုက်ခဲ့ကြတာကိုး။ ကမာတွေကို ဘယ်သူတွေ ဝယ်စားကြသလဲ“
“ဗမာနဲ့ တရုတ်တွေ တဝဝယ်စားကြမား။ ကုလားတွေက ဝယ်မစားရ။ ကမာစားရင် တဝအားရှိမား အနောင် . . . အားရှိဆိုး”
“ကမာတွေကို ဘယ်မှာ တွေ့နိုင်သလဲ”
“ကမာကောင်တွေဟာ ကျောက်တုံးနဲ့ ကျောက်ဆောင်တွေမှာ ကပ်နေကြတယ်လေ။ လိုက်ရှာလို့တွေ့ရင် ကပ္ပားနဲ့ အိုက်ချပြီး သူ့အခွံကို ထုပြီး အသားကို ဓားနဲ့ခွဲထုတ်ယူရတယ်လေ”
“ကမာကောင်တွေဟာ ရေအောက်မှာကော မရှိကြဘူးလား”
“ရှိတယ်ရှင် . . . ကမာကောင်တွေဟာ ရေအောက်မှာ ရှိတဲ့ ကျောက်ဆောင်တွေမှာလည်း ကပ်ပြီး နေကြတာပေါ့ အနောင် . . . ရေအောက်မှာနေတဲ့ ကမာကောင်တွေက တဝကြီးမား”
“ဒီလိုဆိုရင် ရေအောက်မှာရှိတဲ့ ကမာကောင်ကြီးတွေ ကို ဘယ်လို ရိုက်ယူရသလဲ”
“အေး ရေငုပ်ပြီး ရိုက်ယူရတာပေါ့ရှင်”
“ဒီလိုဆိုရင် မျက်စိထဲ ဆားရေဝင်မှာပေါ့၊ စပ်မှာပေါ့”
“ဆားရေ မဝင်ရ … မစပ်ရ အနောင်၊ မျက်စိထဲ ရေမဝင်နိုင်အောင် မျက်မှန် အစိမ်းတစ်မျိုးကို တပ်ထားရတယ်။ ရေတစ်စက်မှ မျက်စိထဲကို မဝင်ရ။ ဘိတ်မြို့မှာရှိတဲ့ တရုတ်ဆိုင်ကြီးတွေမှာ အဲဒီမျက်မှန်စိမ်းမျိုးဝယ်ရင် ရနိုင်တယ်လေ။ ဒါပေမဲ့ ရေနက်ထဲမှာ ငုပ်ရင် ဘဝဲကောင်ကို တဝသတိထားရတယ်လေ။ ဘဝဲအကောင်ကြီးမျိုးဟာ လူကို ဖမ်းစားတတ်မား”
“ဘဝဲကောင်ဆိုတာ ဘယ်လိုလဲ မိဖြူ”
“ဘဝဲကောင်ဆိုတာ လက်ရှစ်ချောင်းတောင်ရှိတယ်။ လက်တစ်ချောင်းတစ်ချောင်းဟာ သုံးလံလောက်ရှည်တယ်။ သူ့ခေါင်းဟာ စပါးခြင်တဲ့ တင်းတောင်းကြီးလောက် ရှိတယ်လေ။ တဝဆိုးတဲ့ အကောင်ပေါ့ အနောင်။ ဘိတ်စျေးထဲမှာ စားဖို့ရောင်းတဲ့ ဘဝဲကောင်က အငယ်မား”
“ဟုတ်ပ . . . မိဖြူပြောပြလို့ ကျုပ်မသိတာတွေကို အတော်သိလိုက်ရပြီ။ မင်းကို အင်မတန် ကျေးဇူးတင်တယ်ကွယ်”
“အနောင်တို့ အခု ဘိတ်မြို့ကို ဘာကိစ္စရှိလို့ လာကြ သလဲ။ ဘယ်မှာတဲနေကြသလဲ”
“ကျုပ်တို့ ကြံ့ပစ်ချင်လို့ လာကြတယ်။ အခု ဗိုလ်တဲမှာ ခဏတဲနေကြတယ်။ ဘိတ်နယ်မှာ ကြံ့တွေ ရှိသလား”
“ကြံ့ဆိုတာ ဘယ်လိုအကောင်မျိုးလည်း အနောင်”
ကြံ့ဆိုတာ ကျွဲကြီးလိုပဲပေါ့။ တစ်ကိုယ်လုံး အရောင် မဲနေတယ်။ ဒါပေမဲ့ သူ့နှာခေါင်းပေါ်မှာ ချိုတစ်ချောင်းသာ ပေါက်နေတယ်”
“အေး … အေး … ဒီအကောင်ကို ငါကြားဖူးတယ်။ မြင်တော့ မမြင်ရသေးဘူး။ ဘားဆိုက် ငါ့ကို ပြောပြဖူးတယ်လေ”
“ဟင် ဟုတ်လား… ဟုတ်လား။ သူ ဘယ်တုန်းက
မြင်ဖူးတယ်တဲ့လဲ”
“အေး ဘိတ်မြို့ မြောက်ဘက် မိုင် ၅ဝ လောက်မှာရှိတဲ့ အလယ်ချောင်းရွာနားက တောထဲမှာ သူ တစ်ခါနှစ်ခါ မြင်ဖူးတယ်လို့ ငါ့ကို ပြောဖူးတယ်လေ”
“ဪ ဟုတ်လား။ ဒီလိုဆိုရင် နေရာကျပြီ။ မင်းလှေဆီကို ပြန်ရောက်တဲ့အခါမှာ ဘားဆိုက် အိပ်ရာကထရင် ကျုပ်တို့နဲ့ ဗိုလ်တဲမှာ မြန်မြန်လာပြီးတွေ့ဖို့ ဆက်ဆက်ပြောပြပါနော်”
“ဟုတ်ကဲ့ရှင် . . . ဘားဆိုက်ကို ငါပြောမယ်။ ငါ မလိမ်ရ အနောင်။ စိတ်ချ … စိတ်ချ။ ကြံ့တွေရှိတဲ့နေရာကို သူ သိထားတယ်လေ။ အနောင်ကို သူလိုက်ပြမယ်လေ။ ငါ သူ့ကို ပြောပေးမယ်လေ”
ထိုစဉ်မှာပင် မိန်းမကြီးတစ်ယောက်သည် မိမိခေါင်း ပေါ်တွင် ဗျပ်တစ်ချပ်ကို ရွက်ထားပြီး
“ရော့ဟေ့ငေါ . . . ရော့ဟေ့ငေါ … ရော့ဟေ့ငေါ”
ဟူ၍ အော်လာသည်ကို မြင်ရသဖြင့် သိလိုသောကြောင့် မိဖြူအား မေးကြည့်ရာ ငါးလိုက်ရောင်းသူဖြစ်ကြောင်း သိရှိရတော့သည်။
အထက်အညာဒေသများတွင် ငါးလိုက်ရောင်းသူများသည် “ရော့ဟေ့ ငေါ” ဟူ၍ အော်လေ့မရှိဘဲ “ငါးဝယ်ကြဦးမလားရှင်” ဟူ၍သာ အော်ကြမြဲဖြစ်သည်ကို ပြန်လည်သတိရမိလိုက်တော့သည်။
မကြာမီပင် ကော်ရင်ဂျီကုလားကြီးနှစ်ယောက်သည် ဆိုင်ရှေ့ရှိ လမ်းပေါ်တွင် အလျင်စလိုနှင့် လျှောက်သွားနေကြပြီး တစ်ယောက်သော ကော်ရင်ဂျီသည် ဒူးရင်းသီးကြီးတစ်လုံးကို မိမိ၏ ယာဘက်လက်မ လက်ညှိုး နှစ်ချောင်းတည်းဖြင့်သာလျှင် ညှပ်ကိုင်လျက် သွားနေသည်ကို တွေ့ ရသဖြင့် မိဖြူအား မေးမြန်းကြည့်ရာ . . .
“အေး ဒီကုလားနှစ်ယောက်ဟာ လောင်းနေကြတယ် လေ။ ကုလားတစ်ယောက်က ဒူးရင်းသီးကြီးတစ်လုံးကို သူ့လက်မ လက်ညှိုး နှစ်ချောင်းတည်းနဲ့ မြို့ကို တစ်ပတ်ပတ်ပြီး ဆွဲသွားရမယ်။ လက်ညောင်းပြီး လမ်းထဲမှာ အောက်ကိုလွှတ်ချလိုက်ရင် အရှုံးပေးရမယ်လေ။ ဒူးရင်းသီးပေါ်ချိန်မှာ တို့များ ဘိတ်မြို့ပေါ်က ကုလားတွေဟာ ဒီလိုပဲ လောင်းကစားကြ တယ်အနောင်”
“ဪ ဟုတ်ပ … ဟုတ်ပ၊ ကြံကြံဖန်ဖန် လောင်းကစားကြတာကိုး။ ကျုပ်တို့ ရွှေဘိုမြို့ပေါ်မှာတော့ ဒီလို လောင်းကစားလေ့ မရှိကြဘူး။ အညာမှာ ဒူးရင်းပင်လည်း မရှိပဲကိုး”
သို့ပြောပြနေစဉ်မှာပင် ကျွန်ုပ်သည် ကျယ်လောင်သော ဘင်ခရာတီးမှုတ်သံများကို ကြားရသဖြင့် ကြည့်လိုက်ရာ မှန်အိမ်နှင့် မော်တော်ကားသစ် ဆယ်စီးမျှ ဖြည်းညင်းစွာ မောင်းလာသည်ကို တွေ့ရတော့သည်။
ရှေ့ဆုံးမှ အမိုးမပါသော ကုန်တင်ကားကြီးတစ်စင်း ပေါ်၌ ကာကီအင်္ကျီဘောင်းဘီများ ဝတ်ဆင်ထားကြသည့် ဘင်ခရာအတီးသမားများ ကုလားထိုင်အသီးသီးပေါ်တွင် ထိုင်ကာ အသံကျယ်လောင်စွာ တီးမှုတ်လာကြသည်။
ယင်းကုန်တင်ကားကြီး၏ နောက်တွင် စက္ကူပန်းမျိုး စုံတို့ဖြင့် လှပစွာ ခြယ်လှယ်ထားသော မှန်အိမ်နှင့် “ချက်ပလက်” မော်တော်ကားကြီးအတွင်း၌ကား ရွှေကြိုးလုံးကြီးများကို စီဆွဲထားကြည့် ကော်ရင်ဂျီကုလားနှင့် ကုလားမပျိုနှစ်ယောက်တို့ ဘေးချင်းကပ်ထိုင်လျက် စီးလာကြသည်ကို တွေ့ရသည်။
၎င်းကားကြီး၏နောက်တွင် မှန်အိမ်နှင့် မော်တော်ကား ကိုးစီးပေါ်တွင်မူ ပြောင်လက်လှပစွာ ဝတ်ဆင်ထားကြသော ကော်ရင်ဂျီ ကျား မ အများစီးနင်းလိုက်ပါလာကြသည်ကို တွေ့ရသည်။
ကားတန်းကြီး၏ အနောက်တွင်မူ ကော်ရင်ဂျီ (ကလေးလူကြီး) ၅၀ ယောက်မျှ အော်ဟစ်ကခုန်၍ လိုက်ပါလာကြသည်။
သို့ဖြစ်ရာ ကျွန်ုပ်သည် ဖြစ်ရပ်မှန်ကို သိလိုသောကြောင့် မိဖြူအား မေးမြန်းကြည့်ရာ
“အေး အနောင် ဒါဟာ ကော်ရင်ဂျီကုလား မင်္ဂလာ ဆောင်ပေါ့။ မင်္ဂလာဆောင်တဲ့ မိန်းမရဲ့ အဖေဟာ ကတန်ကျွန်းပေါ်က ဗိုလ်ကော်ပတ်ခြံမှာ ကူလီခေါင်းလုပ်တယ်လေ။ မင်္ဂလာဆောင်တဲ့ ယောက်ျားကတော့ ကုမ္ပဏီသူဌေးဗိုလ်ရဲ့ ထမင်းချက်ပေါ့။ တဝကြေးပြားရှိတဲ့ လူတွေပေါ့ အနောင်။ မင်္ဂလာ ဆောင်က ကြီးကျယ်မား… ကြီးကျယ်ဆိုး… ကြီးကျယ်ဆိုး … တဝဂုဏ်ရှိမား … ဂုဏ်ရှိမား”
“ဪ … တယ်ဆန်းပါကလား၊ ဒီလို ခမ်းနားတဲ့ ကော်ရင်ဂျီမင်္ဂလာပွဲမျိုးကို ကျုပ် ဒီတစ်ခါပဲ မြင်ဖူးသေးတယ်။ ကျုပ်တို့ ဗိုလ်တဲကို ပြန်ကြတော့မယ်နော် ။ ဘားဆိုက် အိပ်ရာကထရင် ကျုပ်တို့ဆီကို ချက်ခြင်းလိုက်လာဖို့ ဆက်ဆက် ပြောပေးပါနော် မိဖြူ”
“ဟုတ်ကဲ့ရှင် … ဟုတ်ကဲ့ရှင်၊ အနောင် စိတ်ချ … စိတ်ချ။ ငါ မလိမ်ရ၊ ငါ ဆက်ဆက်ပြောလိုက်မယ် အနောင်”
(၂)
ကျွန်ုပ်သည် ဗိုလ်တဲသို့ ပြန်လည်ရောက်ရှိသော် ပက်
လက်ကုလားထိုင်ပေါ်တွင် ထိုင်ပြီး ဆေးတံတစ်အိုးကို မီးညှိသောက်လိုက်ပြန်တော့သည်။ သို့အတွင်း သန်းခေါင်သည် ကျွန်ုပ်နံဘေးရှိ စားပွဲငယ်ပေါ်သို့ ဂျော်နီဝါကာဝီစကီတစ်ပုလင်း၊ ဆော်ဒါတစ်ပုလင်း၊ ဖန်ခွက်တစ်လုံးနှင့် ထုရိုက်ထားသော ရေခဲတုံး တစ်ပန်းကန်တို့ကို လာချ၍ ပေးလေတော့သည်။
သို့နှင့် ကျွန်ုပ်သည် ဝီစကီတစ်ပက်ကို ဆော်ဒါ ရေခဲ တုံးများနှင့် ရောစပ်ပြီး ဇိမ်ရှိရှိ သောက်နေစဉ် ဆလုံဘားဆိုက်သည် တနာရီမျှအကြာတွင် ကျွန်ုပ်အနီးသို့ ရောက်ရှိလာပြီးလျှင် တောင်းကြီးတစ်တောင်းကို ချ၍…
“ဝါး … အနောင် ၊ ဝါး … အနောင်။ ငါ ဘားဆိုက်လေ … ဘားဆိုက်လေ။ အနောင် ငါ့ကို ခေါ်တယ်မဟုတ်လား။ ငါ အခု လာပြီလေ”
“ဟုတ်ပ ဘားဆိုက်။ ကျုပ် မင်းနဲ့ အင်မတန် တွေ့ ချင်တယ်။ ဟောဒီကုလားထိုင်ပေါ်မှာ ထိုင်ပါ။ ရော့ ဝီစကီ တစ်ခွက်သောက်ပါ။ မင်းယူလာတဲ့ တောင်းထဲမှာ ဘာတွေထည့်လာသလဲ”
“ခင်ဗျာ . . . ခင်ဗျာ။ အနောင်စားဖို့ ငါယူလာတယ် လေ။ အနောင်ကို ငါ လက်ဆောင်ပေးမယ်လေ။ ဒီစားစရာမျိုးတွေကို အနောင်တို့ အညာမှာ မရနိုင်ရအနောင်။ တဝ ကောင်း … တဝအားရှိမား”
“အေး . . . ကျေးဇူးတင်တယ်ကွယ်။ ဘာလက်ဆောင် ဘာကောင်တွေလဲ”
သို့နှင့် ဘားဆိုက်သည် တောင်းထဲသို့ လက်ဖြင့် နှိုက် ယူလိုက်ပြီးလျှင် . . .
“အနောင် ဟောဒါက မကန်းလို့ ခေါ်တယ်။ ဟောဒါကတော့ ဘဲဝန်းလို့ ခေါ်တယ်။ ဟောဒါက ကမာနီ၊ ဟောဒါက ကမာဖြူ၊ ဟောဒါတွေကတော့ ခရင်း၊ ဂျင်း၊ သပြာ၊ ရေနဂါး၊ ပင်လယ်ကန်စွန်းဥ၊ ရေနရား၊ ရေဆင်၊ ပအဲ၊ လူအဲ့၊ ခရုအုန်း၊ ရှပ်၊ ကဘင်း၊ ပငတ်၊ ပက်ကလိ၊ တုံးပလုတ်၊ သဲပလုတ်၊ ဝက်နား၊ ပဥ၊ သံပချုပ်၊ ကြံ့ဆင်၊ ကန့်ဘလူ၊ ဝင်ကစွပ်၊ ကပုန်း၊ ဘဝဲငယ်လို့ ခေါ်ကြတယ်လေ။
ဗိုလ်တဲက ထမင်းချက်သမားဟာ ဟင်းချက်ကောင်းဆိုး၊ သူ့ကို အနောင် ချက်ခိုင်းပါ။ တဝအားရှိ အနောင်။ အားရှိဆိုး … အားရှိဆိုး”
“ဟုတ်ပ မင်းစေတနာနဲ့ လက်ဆောင်ပေးတဲ့ အစာတွေကို ကျုပ်တို့ စားကြည့်ကြမယ်လေ။ ဒါတွေကို ကျုပ်တို့ အရင်က တစ်ခါမှ မမြင်ဖူး၊ မစားဖူးကြသေးဘူး။ အင်မတန် စားလို့ကောင်းမှာပဲ။ မင်းကို အင်မတန် ကျေးဇူးတင်တယ်ကွယ်။ ရော့ . . . ဝီစကီ သောက်လိုက်ပါဦး”
သို့နှင့် ဘားဆိုက်သည် အလွန်ဝမ်းသာသွားပြီးလျှင်
ဝီစကီတစ်ခွက်ကို သောက်လိုက်ပြီးနောက် …
“မိဝေး… မိဝေး… အနောင်သောက်တဲ့ အရက်ဟာ တဝကောင်းမား … ကောင်းဆိုး … ကောင်း၊ ကောင်းစ အနောင်။ အနောင် အခု ဘိတ်မြို့ကို ဘာကိစ္စနဲ့ လာပါသလဲ”
“ဟုတ်ပ . . . ကျုပ်တို့ ကြံ့ပစ်ချင်လို့ လာကြတယ်။ ကြံ့တွေ ဘယ်တောတောင်မှာ နေကြသလဲဆိုတာ မင်းသိသလား။ ကျုပ်တို့ကို မင်းသိရင် လိုက်ပြပေးပါလား။ လိုက်ပြပေးရင် ကြေးပြား များများပေးမယ်’”
“ခင်ဗျာ… ခင်ဗျာ … ကြံ့တွေရှိတဲ့နေရာကို ငါသိထားတယ်လေ။ ငါကိုယ်တိုင် အနောင်တို့ကို လိုက်ပြပေးမယ်လေ။ ဒါပေမဲ့ ငါ့ကို ကြေးပြားတစ်ပြားမှ မပေးရ အနောက်။ ကြံ့ကိုပစ်လို့ရရင် ကြံ့ချိုနဲ့ သွေးတွေကို ငါ့ကိုပေးရင် ငါလိုက်ပြမယ်လေ အနောင်”
“ဟုတ်ပ . . . မင်းလိုက်ပြမယ်ဆိုလို့ ကျုပ် အင်မတန် ဝမ်းသာနေပြီ။ ဒါပေမဲ့ မင်းကြံ့ချိုနဲ့ သွေးကို ဘာလုပ်ဖို့လဲ”
“ကြံ့ချိုနဲ့ သွေးတွေဟာ တဝအားရှိတယ်အနောင်။ ဘိတ်မြို့ပေါ်က တရုတ်နဲ့ ကုလားသူဌေးတွေဟာ ကြံ့ချိုနဲ့ သွေးကို ဈေးတဝပေးပြီး ဝယ်ကြတယ်လေ။ ကြံ့ချိုတစ်ချောင်းကို ငွေ ၁၅ဝဝကျပ် ပေးဝယ်ကြတယ်။ ကြံသွေးအခြောက် တစ်ကျပ်သားကိုတော့ ငွေ ၁ဝဝ ပေးဝယ်ကြတယ်လေ”
“ဟုတ်ပ . . . သူတို့ ဘာကြောင့် ဒီလောက် ဈေးကြီး ကြီးပေးဝယ်ကြတာလဲ”
“မိဝေး … တဝအားရှိမား အနောင် ။ အားရှိစ… အားရှိဆိုး“
“ဟုတ်ပ . . . သူတို့ ကြံ့ချိုနဲ့ သွေးကို ဘယ်လို သုံးကြ
သလဲ”
“ကြံ့ချိုကို သူတို့ ဓားမြှောင်နဲ့ခြစ်ပြီး မန်ကျည်းစေ့ လောက် အမှုန့်တွေကို အဝတ်နဲ့ထုပ်ပြီး ရေတစ်ဖန်ခွက်လောက်နဲ့ရောပြီး ပြုတ်တယ်လေ။ ရေဟာ အရောင်ညိုလာရင် အအေးခံပြီး နွားနို့ရောပြီး သောက်ကြတယ်လေ။ ကြံ့သွေးတစ်မူးသား လောက်ကိုတော့ လက်ဖက်ရည်နဲ့ ရောပြီးသောက်ကြတယ်”
“ဒီလိုသောက်တော့ ဘယ်လိုကောင်းသလဲ”
“မိဝေး… မိဝေး … တဝအားရှိတာပေါ့ အနောင်။ အားရှိစ … အားရှိဆိုး။ ဖျံသိုထက်ပိုပြီး အားရှိမား ဘိတ်မြို့ပေါ်က တရုတ်သူဌေးကြီး ခူတက်ဟုန်ဟာ ကြံ့ချိုနှစ်ချောင်းကို ပသျှူးတစ်ယောက်ဆီက ငွေ ၃ဝဝဝ ပေးပြီး ဝယ်ထားတယ်လေ။ သူ့ဆီမှာ မယားတဝများမား။ ဆယ့်ငါးယောက်တောင် ရှိတယ်မား။ နောက်တော့လည်း ကုလားသူဌေးကြီး ဘဲအီဗရာ ဟင်က ကြံ့ချိုသုံးချောင်းကို ယိုးဒယားတစ်ယောက်ဆီက ငါးထောင်ကျပ်ပေးပြီး ဝယ်ထားတယ်လေ။ သူ့ဆီမှာ မယား ၁၉ ယောက်တောင် ရှိမား။ တဝအားရှိ အနောင်။ အားရှိဆိုး . . . အားရှိဆိုး”
“ဪ . . . ဒါကြောင့်ကိုး။ ဒီလိုဆိုရင် မင်း ဘာမှ မပူနဲ့တော့။ ကျုပ်တို့ကိုသာ ကြံ့တွေနေတဲ့ တောကို ခေါ်ဆောင်သွားပါနော်။ ကြံ့ကိုကျုပ်ပစ်လို့ရရင် ချိုနဲ့သွေးတွေ ကျုပ်မယူပါဘူး။ မင်းကို အလကား လက်ဆောင်ပေးခဲ့မယ်။ ကျုပ်ဆီမှာလည်း မယားတစ်ယောက်မှ မရှိသေးပါဘူး”
“တဝကျေးဇူးအနောင် . . . ငါ တဝ ဝမ်းသာနေပြီ။ ကြံ့ရှိတဲ့နေရာကို အနောင် ဘယ်တော့ သွားချင်သလဲ”
“ဟုတ်ပ . . . ကျုပ် မြန်မြန်ပဲ သွားချင်ပြီ။ မနက်ဖြန် သွားနိုင်မလား။ ကြံ့ရှိတဲ့တောဟာ ဘိတ်မြို့နဲ့ ဘယ်လောက် ဝေးသလဲ။ အသွားအပြန် ဘယ်နှရက်လောက် ကြာမလဲ”
“အများဆုံး ဆယ်ရက်လောက်ကြာမယ် အနောင်။ ဘိတ်မြို့မြောက်ဖက် မိုင် ၃ဝ လောက်ဝေးတဲ့ အလယ်ချောင်းခေါ်တဲ့ရွာကို ငါနဲ့ ငါ့အကျိုးချင်း ဘွန်တီးတို့ လှေနှစ်စင်းနဲ့ အနောင်တို့ကို လိုက်ပို့ပေးမယ်လေ။ အလယ်ချောင်းရွာရောက်ရင် ဘွန်တီးနဲ ဒို့များ မယားနှစ်ယောက်ကို လှေထဲမှာထားခဲ့ပြီး ရွာရဲ့ အရှေ့ဘက် မိုင် ၅ဝ လောက်ဝေးတဲ့ ကျောက်တောင် ဆီကို ခြေလျင်သွားရမယ်။
အလယ်ချောင်းရွာမှာ ငါ့မိတ်ဆွေ ကရင်မုဆိုးကြီး နောင်ခေါင်းလင်းရှိတယ်။ သူ့ကို ကြေးပြားနဲ့ငှားပြီး ကျောက်တောင်ဆီကို ပို့ခိုင်းမယ်လေ။ သူဟာ ကျား ကုတ်ခံရလို့ မျက်စိတစ်ဖက် ပျက်နေတယ်။ ဒါပေမဲ့ ကျန်တဲ့ မျက်စိတစ်လုံးဟာ တဝသန်တယ်လေ။ သူဟာ ဗုဒ္ဓဘာသာပဲ။ အလယ်ချောင်းရွာမှာ ခရစ်ယာန်ကရင်တွေလည်း ရှိတယ်။ ဗမာတွေလည်း နည်းနည်းရှိတယ်။ ကြံ့တွေဟာ တဝပေါမား၊ လူနဲ့နီးနီး မနေဝံ့ကြရ အနောင်”
“ဟုတ်ပ … ဒါဖြင့်ရင် ကောင်းပြီဘားဆိုက်။ ကျုပ် ကြံ့တစ်ကောင်မှ မပစ်ဖူးသေးလို့ အင်မတန် ပစ်ချင်တယ်။ ရော့ ငွေ ၅၀ ယူသွားပြီး ဘိတ်ဈေးကြီးထဲက စားစရာတွေ အလုံအလောက် ဝယ်လာပြီး မင်းတို့ လှေနှစ်စင်းထဲမှာ သိမ်းထားပေတော့ ။ ကျုပ်တို့ မနက်ဖြန်မနက် ကော်ဖီသောက်ပြီးရင် ဆိပ်ငယ်အထက်ပိုင်းရပ်က လက်ဖက်ရည်ဆိုင်ကို ဆက်ဆက်လာခဲ့ကြမယ်။ မင်း ကျုပ်တို့ကို အဲဒီဆိုင်မှာ ဆက်ဆက်လာစောင့်ပြီး ကြိုနေနော်”
“ခင်ဗျာ . . . ခင်ဗျာ . . . ခင်ဗျာ ။ အနောင် စိတ်ချ… စိတ်ချ။ မနက်ဖန်မနက် ဒီလက်ဖက်ရည်ဆိုင်မှာ ဆက်ဆက် လာကြိုနေမယ် အနောင်”
(၃)
ကျွန်ုပ်နှင့် မောင်သန်းခေါင်တို့သည် နောက်ရက် နံနက်တွင် ဆလုံဘားဆိုက်နှင့် ၎င်း၏ အကျိုးချင်းဖြစ်သူ ဘွန်တီးတို့၏ လှေနှစ်စင်းဖြင့် မြိတ်မြို့မှ မြောက်ဘက်သို့ စီးနင်းထွက်ခွာသွားကြတော့သည်။
လေအဆင်ပြေသောကြောင့် လှေကို မလှော်ခတ်ရဘဲ ရွက်တိုက်သွားနိုင်ကြတော့သည်။
ကျွန်ုပ်တို့သည် မြိတ်မြို့မြောက်ဘက်ရှိ မီးပြငယ်ကို ကျော်လွန်သွားပြီးနောက် ကလွင်မော်အနီးသို့ ချဉ်းကပ်မိကြစဉ် ချောင်းငယ်တစ်ခုအတွင်းမှ လှေငယ်သုံးစင်းထွက်လာပြီး ကျွန်ုပ်တို့ဆီသို့ လှော်ခပ်လာနေကြသည်ကို ခပ်လှမ်းလှမ်းမှ မြင်ရတော့သည်။
ကျွန်ုပ်တို့ လှေနှစ်စင်းနှင့် ကိုက် ၂ဝဝ မျှအကွာသို့ ရောက်လာကြသော် ရှေ့ဆုံးလှေပေါ်မှ လူတစ်ယောက်က
“ဟေ့ . . . ရပ်လိုက် . . . ရပ်လိုက်၊ မရပ်ရင် ပစ်လိုက်မယ်။ သေသွားချင်ကြသလား . . . ရွက်ချလိုက် . . . ရွက်ချလိုက်”
ဟု အော်ဟစ်ပြောဆိုလေတော့သည်။
သည်တွင် ဘားဆိုက်က
“ဓားပြလှေတွေ အနောင် … ဓားပြတွေ။ ပစ်ပါအနောင်.. ပစ်ပါ”
ဟူ၍ အလန့်တကြား ပြောကြားလေတော့သည်။ ထို့နောက် ကျွန်ုပ်တို့လှေ ရွက်မချသေးသည်ကို မြင် တွေ့ရသောကြောင့် ရှေ့ဆုံးလှေငယ်ပေါ်မှ သေနတ်သံနှစ်ချက် ဆင့်ကာ ထွက်ပေါ်လာတော့သည်။
သို့ငြားလည်း ပစ်လိုက်သောသေနတ်မှာ လုပ်သေနတ်ဖြစ်ဟန်တူချေရာ ပြောင်းအတွင်းမှ ထွက်လာသော ခဲစေ့များသည် အရှိန်ပျော့လွန်းရကား ကျွန်ုပ်တို့လှေအနီး ကိုက်တစ်ရာမျှ ရေပြင်ပေါ်သို့သာ ကျ ရောက်ကုန်ကြတော့သည်။
သို့နှင့် ကျွန်ုပ်လည်း ဘွန်တီး၏ လှေပေါ်တွင် ထိုင်နေ သော သန်းခေါင်အား အချက်ပြလိုက်ရာ ၎င်းသည် မိမိကိုင်ဆောင်နေကျ နှစ်လုံးပူးသေနတ်ပြောင်းနှစ်ခုအတွင်းသို့ ကျည်မကြီးပါရှိသော ကြေးယမ်းတောင့် နှစ်တောင့်တို့ကို အမြန်ထိုးသွင်းလိုက်ပြီး ရှေ့ဆုံးမှ လာသော ဓားပြလှေကို နှစ်ချက်ဆင့်၍ ပစ်လိုက်တော့ရာ ကျည်မကြီးနှစ်တောင့်သည် လှေငယ်နှင့် တစ်လံကွာ ရေပြင်ကို အရှိန်ပြင်းစွာ ထိမှန်သွားလေ တော့သည်။
ချက်ချင်းပင် ဓားပြလှေသုံးစင်းသည် ၎င်းတို့ထွက်လာကြသော ချောင်းငယ်အတွင်းသို့ အမြန်ဦးလှည့်ကာ လှော်ခက်သွားကြရင်း . . .
“လိရေး … လိရေး … လိရေး”
ဟူ၍ အော်ဟစ်သွားကြတော့သည်။
“ဘားဆိုက် လိရေး … လိရေး … လိရေးလို့ အော်သွားကြတာ ဘာအဓိပ္ပာယ်ရှိသလဲ”
သည်တွင် ဘားဆိုက်သည် ဟက်ဟက်ပက်ပက် ရယ်
လိုက်ပြီးလျှင်
“လိရေးဆိုတာ ဆဲတာပေါ့အနောင် … ဘိတ်မှာ ယောက်ျားတွေက လိရေးလို့ ဆဲကြတယ်လေ။ မိန်းမတွေ ကတော့ ဒီလိုမဆဲကြဘူးအနောင်”
“မိန်းမတွေက ဘယ်လိုဆဲကြသလဲ”
“မိန်းမတွေဆဲတာ ညစ်ပတ်စအနောင် … ညစ်ပတ်ဆိုး … ညစ်ပတ်ဆိုး … ငါမပြောလိုရ”
ဓားပြများရန်မှ ကင်းငြိမ်းသွားပြီဖြစ်၍ ကျွန်ုပ်သည် ဆေးတံတစ်အိုးကို မီးညှိကာ သောက်လေတော့သည်။ ဘားဆိုက်ကား ကုလားဆေးလိပ်တစ်လိပ်ကို မီးညှိသောက်လေတော့သည်။
“အနောင် ဒီကလွင်မော်နေရာမှာ တတန်းတန်း ဓားပြတိုက်တယ်လေ။ တဝဆိုးတဲ့နေရာပေါ့ အနောင်။ အနောင်တို့ ပါလာကြလို့ပေါ့။ မပါလာရင် တို့များ အတိုက်ခံရမှာပဲ”
“ဪ … ဟုတ်ပ ၊ တတန်းတန်းဆိုတာ ဘာလဲ”
“ခင်ဗျား တတန်းတန်းဆိုတာ ခဏခဏလို့ ပြောတာပေါ့အနောင်”
“ဒီလိုကိုး … ဓားပြတွေကို ကျုပ်တို့ သေအောင်ပစ်သတ်နိုင်တယ်။ ဒါပေမဲ့ သူတို့ကို သနားတယ်။ သူတို့ကြောက်ပြီးပြေးအောင် ခြောက်လှန့်ပြီး ပစ်လိုက်တာပါပဲ”
“ပစ်လိုက်တာ တဝကောင်း အနောင်၊ သူတို့ နောက်ထပ် ဘယ်သူ့ကိုမှ တိုက်ရဲကြတော့မှာ မဟုတ်ရ”
ထိုစဉ် ပင်လယ်ရေပြင်ပေါ်၌ ငှက်တုန်းကြီး၊ နလခတ်၊ ပင်လယ်နွားနှင့် ဆင်ချွန်းငှက်အများ ပျံသန်းနေကြသည်ကို ကြည်နူးဖွယ် မြင်တွေ့ ရတော့သည်။ လေပြည်သည် ညင်းတပျပျ တိုက်နေသည်နှင့်အမျှ ကျွန်ုပ်တို့လှေနှစ်စင်းလည်း မြောက်ဖက်သို့ ဦးတည်ကာ ရွက်လွှင့်သွားနေကြလျက်။
နံနက် ၁နာရီအချိန်ခန့်တွင် လှေနှစ်စင်းကို ဝဲဘက် ကမ်းစပ်၌ ကျောက်ချရပ်နားနေစဉ် ကျွန်ုပ်သည် ဘိလပ်လုပ် ငါးမျှားတံသုံးဆက်ကို တပ်၍ စပွန်းခေါ် ငါးစာအတုနှင့် ငါးမျှားတော့ရာ သပေါင်းသုံးကောင်၊ ကျွဲရင်နှစ်ကောင်နှင့် ပါးနီသုံးကောင်တို့ကို ဖမ်းဆီးရမိပေတော့သည်။
ထို့နောက် နံနက်စာထမင်းဟင်းများကို ချက်ပြုတ်၍ မြိန်ရှက်စွာ စားသောက်ကြပြီးနောက် ဘားဆိုက်နှင့် ဘွန်ဘီးတို့သည် ကျောက်ကျိုးကို ဆွဲတင်၍ မြောက်ဘက်သို့ ရွက်တိုက်သွားကြပြန်ရာ ညနေ ၂ နာရီအချိန်ခန့်လောက်တွင် ကျောက်ဖျာအမည်ရှိသော ရွာသို့ ရောက်ရှိ ရပ်နားလိုက်ကြတော့သည်။
“ဒီရွာကို ကျောက်ဖျာရွာလို့ ခေါ်တယ်အနောင်။ ရွာ ငယ်မဟုတ်ရ ၊ တဝကြီးတဲ့ရွာမား။ တို့များ အလယ်ချောင်းရွာကို ဒီလမ်းက မသွားနိုင်ရ။ တောင်ဘက်ကို ပြန်သွားပြီး အလယ်ချောင်းရွာကို ပင်လယ်ကမ်းနားက ကပ်ပြီး သွားရမယ်လေ”
“မသွားနိုင်ရင် ဒီရွာကို ဘာကြောင့် လာခဲ့ရသလဲ ဘားဆိုက်”
“အေး ငါပြောပြမယ်အနောင် ။ အနောင်တို့ကို ကျောက်ဖျာရွာကို ငါခေါ်ဆောင်လာတာ ဒီနေ့ တန်ခူးလပြည့်နေ့ဖြစ်လို့ ဒီရွာမှာ အေဇာခေါ်ကြလိမ့်မယ်။ အေဇာခေါ်တာကို အနောင်တို့အညာမှာ ကြားဖူးကြမယ်မဟုတ်ရ။ ကျောက်ဖျာရွာမှာ တန်ခူးလပြည့်နေ့တိုင်း အေဇာခေါ်ကြတယ်လေ”
“ဟုတ်ပ၊ အေဇာခေါ်တယ်ဆိုတာ ဘာလဲ ဘားဆိုက်”
“ခင်ဗျာ . . . ခင်ဗျာ . . . အေဇာခေါ်တယ်ဆိုတာ သီချင်းဆိုကြတာပေါ့ အနောင် ၊ တန်ခူးလပြည့်နေ့ကျရင် ကျောက်ဖျာရွာက ကာလသားတွေဟာ အဝတ်အမျိုးမျိုးဝတ်ပြီး ရွာထဲက ဟိုအိမ် သည်အိမ်တွေရှေ့ကို သွားရောက်ပြီး သီချင်းဆိုကြတယ်လေ ။ သူတို့ဆိုကြတဲ့သီချင်းတွေဟာ ကောင်းကောင်းမဟုတ်ရ အနောင်။ ရယ်စရာ သီချင်းတွေ… ရယ်စရာကောင်းတဲ့ သီချင်းတွေမား”
“ဟုတ်ပ … ဟုတ်ပ၊ ပြောပါ ဘားဆိုက်”
“ခင်ဗျား . . . ခင်ဗျား၊ ဒီရွာက ကာလသားတွေဟာ တံငါလုပ်စားတဲ့ လူတွေရဲ့ အိမ်ရှေ့ကိုရောက်ရင် ပိုက်ကွန်တွေ ထမ်း၊ မြှုံးတွေကိုင်၊ ငါးမျှားတံတွေကိုကိုင်ပြီး ရယ်စရာသီချင်းတွေကို ဝိုင်းပြီး ဆိုကြတယ်လေ။
လှေခုတ်သမားအိမ်ရှေ့ကို ရောက်ရင် လှော်တက်တွေကိုထမ်း၊ ပေါက်ဆိန်တွေ၊ ဓားမတွေ ကို ကိုင်ပြီး ရယ်စရာသီချင်းတွေ ဆိုကြတယ်လေ။
ကျောင်းဒကာ အိမ်ရှေ့ကိုရောက်ရင် သင်္ကန်းတွေကို ခြုံပြီး ရယ်စရာ သီချင်းတွေကို ဝိုင်းပြီး ဆိုကြတယ်လေ။
ဆေးလိပ်လိပ်ရောင်းတဲ့ အိမ်ရှေ့ကိုရောက်ရင် ဆေးလိပ်တွေကိုကိုင်ပြီး ရယ်စရာသီချင်းတွေကို ဝိုင်းပြီး ဆိုကြတယ်လေ။ သူတို့ဆိုကြတဲ့ သီချင်းတွေဟာ တဝရယ်ဖို့ကောင်းတယ် အနောင်။
ဘူးသီးကြော်ရောင်းတဲ့ အိမ်ရှေ့ရောက်ရင်လည်း ဘူးသီးတွေကို ထမ်းပြီး ရယ်စရာသီချင်းတွေကို ဆိုကြတယ်အနောင်၊ ရယ်ရစ . . . ရယ်ရစ အနောင်”
“ဟုတ်ပ . . . ကျုပ်တို့အညာမှာ ဒီလို အေဇာခေါ်လေ့ မရှိကြဘူး။ အလှူလုပ်လို့ပြီးသွားရင်တော့ ထမင်းဟင်းချက်တဲ့ ဖိုသူကြီးတွေကတော့ (ဖိုကြီးထ) သီချင်းတွေကို ဆိုလေ့ရှိကြတယ်။ ဖိုသူကြီးခေါ်တဲ့ ထမင်းဟင်းချက်တဲ့ လူတွေ အလှူရှင်တွေကို နောက်ပြောင်ပြီး ဆိုကြတဲ့ သီချင်းတွေပါပဲ။ တော်တော် ရယ်ရတဲ့ သီချင်းတွေပါပဲ”
ညနေ ၃ နာရီအချိန်ခန့်လောက်တွင် ကျောက်ဖျာရွာ တွင်းမှ ဆိုင်းသံ၊ ဗုံသံများကို ကြားရသဖြင့် ကျွန်ုပ်၊ သန်းခေါင်နှင့် ဘားဆိုက်တို့သည် ရွာပေါ်သို့ တက်ရောက်ကြည့်ရှုကြတော့သည်။
မျက်နှာတွင် သနပ်ခါးကိုယ်စီ ကွက်တိကွက်ကျား လိမ်းကျံထားကြသော ကာလသားတစ်စုတို့ ခုနစ်လုံးမောင်း၊ ဗုံ၊ ပလွေ၊ လင်းကွင်းနှင့် ဝါးလက်ခုပ်များကို ရိုက်တီးမှုတ်လာကြသည်ကို တွေ့ ရသည်နှင့် ကျွန်ုပ်တို့သည် ၎င်းတို့နောက်မှ မသိမသာလိုက်ပါသွားကြတော့သည်။
၎င်းနောက် သူတို့သည် ငါးပိငါးခြောက်ရောင်းသူတစ်ယောက်၏ အိမ်ရှေ့သို့ သွားရောက်ကြပြီးလျှင် အောက်ပါအတိုင်း တစ်ပြိုင်ညီကျယ်လောင်စွာ အေဇာခေါ်ကြလေတော့သည်။
“အေဇာနောင်ဝေး၊ တောသားအားကိုး၊ လူမိုက်မျိုး၊ အကျိုးမရှိ၊ လောင်မီးထိ၊ အလေးကြီးငယ်၊ တောင်းကြီးငယ်၊ ရောင်းဝယ်ဖောက်ကား၊ လုပ်သူများကို၊ သိကြားမင်းကမနေ၊ မီးစကြီးနှင့် မွှေသလေ၊ အေဇာနောင်ဝေး”
သို့ အေဇာခေါ်ကြပြီးနောက် ကာလသားအချို့သည် ပိုက်ကွန်များကို ကိုင်၍ပစ်ပြ၊ ငါးမျှားတံများဖြင့် ငါးမျှားပြ၊ မြှုံးများကို ထောင်ပြ၊ ယက်သဲ့များဖြင့် ယက်ပြ၊ ဆုံများထဲ တွင် ကျည်ပွေ့နှင့် ထောင်းပြကြကာ တံငါလုပ်သားများ၏ လုပ်နည်းလုပ်ဟန်များကို သရုပ်ဖော်ပြကြသည်ဖြစ်ရာ လူများ အလွန်နှစ်ခြိုက်သဘောကျပြီး တားမရဆီးမရ အဆက်မပြတ် ကျယ်လောင်စွာ ရယ်မောကုန်ကြတော့သည်သာ။
၎င်းနောက် သူတို့သည် လှေခုတ်ရောင်းသူ၏ အိမ်ရှေ့သို့ သွားရောက်ပြီးလျှင် အောက်ပါအတိုင်း အေဇာခေါ်ကြတော့သည်။
“အေဇာနောင်ဝေး၊ သစ်ဆွေးကိုခုတ်၊ လှေတွေလုပ်၊ တရုတ်ဆီမှာ ကြေးပြားချေး၊ အကြွေးကိုတော့ ပြန်မဆပ်၊ အရပ်ရပ်မှာ လှေလိုက်ရောင်း၊ တ၀မကောင်းတဝမကောင်း၊ ဘဝပြောင်းရင် ဖိတ်ထာဖြစ်မယ်၊ ဖိတ်ထာဖြစ်မယ်တကယ်၊ ယုံပါ ယုံပါ၊ အေဇာနောင်ဝေး”
ထို့နောက် ကာလသားအချို့သည် ယူဆောင်လာ သော သစ်ငယ်တစ်တုံးကို လှေလောင်းအဖြစ်ထွင်းဟန်၊ လှော်တက်ခုတ်ဟန်၊လှေလောင်းပေါ်တွင် စင်ပြားတင်ဟန်၊ လှေလှော်ဟန်များကို သရုပ်ပါပါ လုပ်ပြကြပေတော့ရာ မြင်သူတိုင်း “တဝကြီး” ရယ်မောကြတော့သည်။
၎င်းနောက် သူတို့သည် ဘူးသီးကြော်ရောင်းသော အိမ်ရှေ့သို့ သွားရောက်ကြပြီးလျှင် အောက်ပါအတိုင်း ကျယ်လောင်စွာ တပြိုင်ညီ အေဇာခေါ်ကြပေတော့သည်။
“အေဇာနောင်ဝေး၊ ဘူးသီးရင့်ကို ဆီနှင့်ကြော်၊ ရှဲရှဲမြည်သံပေါ်၊ အရပ်ထဲမှာ ညှော်၊ ကတော်တစ်ပါး သူ့သမီး ဖြစ်လာမတဲ့လား။ ကြေးပြားပေးမှ မြို့အုပ်ကတော်ဘဝကို ရောက်နိုင်မနော်။ ကျွန်တော်တို့လို ရိုးရိုးသားသား၊ သားမက်တော်ပါလား၊ အားမနာပါနဲ့လေ၊ အေဇာနောင်ဝေး”
ထို့နောက် ကာလသားအချို့ ထမ်းဆောင်လာခဲ့ကြ သော ဘူးသီးရင့်ရင့်တစ်လုံးကို မြေပေါ်တွင်ချပြီး ဓားဖြင့်ခွဲဟန်၊ ဘူးသီးက ရင့်လွန်းသောကြောင့် ဓားဖြင့်ခွဲ၍ တော်တော်နှင့် မပြတ်သောကြောင့် ပုဆိန်ဖြင့် ခုတ်ယူရဟန်၊ ဆန်မှုန့်ကို ရေနှင့်ရောနယ်ဟန်၊ ဆားထည့်ဟန်၊ ဒယ်အိုးထဲ ထည့်ဟန်၊ ကြော်ဟန်၊ မီးမှုတ်ဟန်၊ ယပ်ခပ်ပေးဟန်နှင့် တရှဲရှဲမြည်သံများကို သရုပ်ပါပါ လုပ်ပြကြပေတော့ရာ လွန်စွာမှပင် သဘာဝကျသဖြင့် မြင်ရသူတိုင်း မရယ်လျှင် မနေနိုင်ကြတော့ပေ။
၎င်းနောက် သူတို့သည် ကျောင်းတကာ၏ နေအိမ် ရှေ့သို့ သွားရောက်ကြပြီးလျှင် အောက်ပါအတိုင်း ကျယ်လောင်စွာ တစ်ပြိုင်ညီ အေဇာခေါ်ကြပြန်တော့သည်။
“အေဇာနောင်ဝေး၊ ကျောင်းကြီးကိုဆောက်၊ တစ်အိမ် ငါးကျပ်စီကောက်၊ အိမ်ပေါက်ဝမှာ သူ့သမီး၊ နေ့တိုင်း ရွှေတွေသီး၊ကောင်းကောင်းတေးတေး ဆံပင်ဖြီး၊ ဦးပဉ္ဇင်းတွေ ဆွမ်းခံလာ၊ မျက်စပစ်ပြတာ၊ တို့များ ကျောင်းတကာ၊ တဝကုသိုလ်ရတော့မှာ၊ အေဇာနောင်ဝေး”
သို့ အေဇာခေါ်ကြပြီးနောက် အချို့သည် မိမိတို့ကိုယ်ပေါ်တွင် သင်္ကန်းရုံပြကြသည်။ အချို့သည် ငွေစက္ကူများကို ထုတ်ကာ ရေတွက်ပြကြသည်။ အချို့သည် ဘုန်းကြီးဆောင်း ထီးများကိုဖွင့်၍ ဆောင်းကြသည်။ ဘုန်းကြီးဖိနပ်များကို စီး၍ ပြကြသည်။ ရေစက်များကို ရေနံဆီသံပုံးဖြင့် ချပြကြသည်။ သို့နှင့်အမျှ မြင်ရသူတိုင်း အူနှိပ်ကာ ‘တ၀ကြီး’ ရယ်မောကုန်ကြတော့သည်သာ။
နောက်ဆုံးတွင် ကာလသားများသည် ဆေးလိပ်လိပ် ရောင်းသော အိမ်၏အရှေ့သို့ သွားရောက်ကြပြီးလျှင် အောက်ပါအတိုင်း အေဇာခေါ်ကြပြန်တော့သည်။
“အေဇာနောင်ဝေးဇ၊ ကွမ်းသီးဖက်စုတ်၊ သူများခြံက အလစ်သုတ်၊ ငုတ်တုတ်ထိုင်ပြီး၊ ဓားဆိုးကြီးနဲ့ လှီး၊ မညည်းပါနဲ့ အဝီးရာ၊ ဘဝကံကြမ္မာ၊ မကြာမကြာ ကုသိုလ်ကောင်းမှု ပြုပေးပါ၊ အေဇာနောင်ဝေး”
၎င်းနောက် ကာလသားအချို့သည် ကွမ်းသီးဖတ်ဖြင့် ဆေးလိပ်လိပ်ဟန်၊ ဆေးလိပ်ကို ကြိုးဖြင့်ချည်ဟန်၊ ဆေးလိပ်ခေါင်းကို ပိတ်ဟန်၊ ဆေးလိပ်ကို ခုံပေါ်တွင် ဆောင့်ဟန်များတို့ကို သရုပ်ပါပါ လုပ်ဆောင်ပြကြပေတော့ရာ အလွန်ပွဲကျလေတော့သည်။
အလွန်ထူးဆန်း ချီးကျူးဖွယ် ကောင်းတော့သည်မှာ ယင်းကဲ့သို့ အေဇာအခေါ်ခံကြရသော အိမ်များရှိ လူတိုင်းသည် စိုးစဉ်းမျှ စိတ်မဆိုးကြဘဲ ပြုံးရုံသာ ‘မချိသွားဖြဲ’ ပြုံးပြကြတော့သည်။
သို့နှင့် အေဇာခေါ်ပွဲ ပြီးဆုံးသွားပြီဖြစ်ရကား ကျွန်ုပ် တို့သည် ကျောက်ဖျာရွာအတွင်းမှ ဆိပ်ကမ်းသို့ ပြန်လာခဲ့ကြတော့သည်။
လှေပေါ်သို့ပြန်ရောက်သော် ကျွန်ုပ်သည် အေဇာခေါ် ဟူသော စကားဝေါဟာရ၏ အဓိပ္ပာယ်အခြေအမြစ်ကို တစ်နာရီကြာမှ အဖန်ဖန် ကြံစည်တွေးဆလိုက်ပေတော့ရာ နောက်ဆုံးတွင် အဖြေမှန်ကို သိရှိရတော့သည်။
အကယ်စင်စစ်၌မူ အေဇာမှာ ယိုးဒယားစကားမဟုတ်ချေ။ ‘ရယ်စရာ’ ဟူသော စကားမှ ဆင်းသက်ပြောင်းလဲလာခဲ့သော မြန်မာစကား စစ်စစ်ပင်တည်း။ မြန်မာ့ဝေါဟာရစကားများတွင် ‘ရ’အသံမှ ‘အ’ အသံသို့ ပြောင်းလဲလာသော သာဓကများ ရှိသည်မဟုတ်ပါလော။
‘ခေါ်’ ဆိုသည်မှာ အသံပြုခြင်း (ဝါ) သီဆိုခြင်းတည်းဟူသော အဓိပ္ပာယ်ကိုဆောင်သော မြန်မာ့ဝေါဟာရစကားစစ်စစ်ပင်တည်း။
သို့နှင့်အမျှ အေဇာခေါ်သည်မှာ ရယ်စရာသီချင်းဆိုခြင်းဟူသော အဓိပ္ပာယ်ကို ဆောင်ပေတော့သည်။
အေဇာခေါ်သည့် သီချင်း၏ အစနှင့် အဆုံးတိုင်းတွင်
အေဇာနောင်ဝေး ဟူ၍ ပါရှိနေခြင်းမှာ
“ကျွန်တော်တို့သည် သီချင်းများ ဆိုကြပါမည်။ သီချင်းများမှာ ရယ်စရာသီချင်းများဖြစ်ပါသည် အစ်ကိုတို့။ ဤ ရယ်စရာသီချင်းများကို ဆိုကြရာ၌ ကျွန်တော်တို့သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလို၍ မဟုတ်ပါ။ ရယ်စရာသက်သက်မျှသာ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ကို စိတ်မဆိုးကြပါနှင့် အစ်ကိုတို့ရေ။ ကျွန်တော်တို့ကို ခွင့်လွှတ်ကြပါ”
ဟု နှစ်ကြိမ် ပန်ကြားပြောဆိုကြခြင်းပင် ဖြစ်တော့သည်။
(၄)
ကျွန်ုပ်တို့သည် လှေပေါ်တွင် ညစာ ထမင်းဟင်းများ ကို ချက်ပြုတ်၍ စားသောက်ကြပြီးနောက် ညဆယ်နာရီခန့်လောက်တွင် ကျောက်ဖျာရွာ၏ တောင်ဘက်သို့ ရေကျနှင့် စုန်ဆင်းသွားကြတော့သည်။
ကျွန်ုပ်တို့သည် ကလွင်မော်အပြင်ဘက် ပင်လယ်ကမ်းနားမှ အလယ်ချောင်းရွာသို့ ဦးတည်ကာ သွားရောက်ကြရန် ကြံရွယ်ထားကြလင့်ကစား လှိုင်းလေထန်လာသောကြောင့် လမ်းခုလတ်ရှိ သစ်ယာဝ ချောင်းအတွင်းသို့ ဝင်ရောက်၍ ချောင်းကမ်းစပ်တွင် ကျောက်ချပြီး ‘ရေဆို’ နေကြရတော့သည်။
(‘ရေဆို’ – ရေပြင်ပေါ်တွင် ခေတ္တနားသည်)
ည ၁၂ နာရီအချိန်ခန့်တွင် ကျွန်ုပ်သည် ဆေးတံတစ် အိုးကို မီးညှိကာ သောက်နေစဉ် ကျွန်ုပ်စီးနေသော ဘားဆိုက်၏ လှေပေါင်းမိုးသို့ လည်းကောင်း၊ သန်းခေါင်စီးနေသော ဘွန်တီး၏ လှေပေါင်းမိုးသို့ လည်းကောင်း ကျောက်ခဲကြီးသုံးလုံးစီ အရှိန်ပြင်းစွာ ကျရောက်လာတော့ရာ လှေအသီးသီးမှာ အထူးပင် လှုပ်ခါသွားရတော့သည်။
သို့နှင့် ကျွန်ုပ်က . . .
“ဘားဆိုက် … ဘားဆိုက် ၊ ဘာဖြစ်တာလဲ … ဘာဖြစ်တာလဲ”
ဟု အလန့်တကြားမေးလိုက်ရာ –
“ဖိတ်ထာခြောက်တယ် အနောင် … ဖိတ်ထာ ခြောက်တယ်။ ဒီနေရာမှာ ဖိတ်ထာခြောက်စ၊ ကမ်းပေါ်ကနေပြီး ဖိတ်ထာက ခဲနဲ့ပစ်တယ်လေ။ ကမ်းပေါ်ကို သေနတ်နဲ့ မြန်မြန်ပစ်လိုက်ပါအနောင် . . . မြန်မြန်ပစ်ပါ”
ဟု ပြန်ပြောသောကြောင့် ကျွန်ုပ်လည်း .၄၅ (ကို့လ်) ပစ္စတိုလက်နက်နှင့် ကမ်းထိပ်ပေါ်ရှိ ရေထင်းပင်များအကြားသို့ ခြောက်ချက်တိတိ ပစ်သွင်းလိုက်တော့မှ လှေပေါ်သို့ နောက်ထပ် ခဲလုံးတစ်လုံးမျှ မကျလာတော့ချေ။
ဖိတ်ထာသည် သေနတ်သံများကြောင့် အထူးကြောက်ရွံ့ကာ ထွက်ပြေးသွားလေရောထင့်။
ဖိတ်ထာထွက်ပြေးပြီးနောက် ကျွန်ုပ်သည် သစ်ယာဝ ချောင်းဝရှိ ရေပြင်ပေါ်တွင် အထူးဝင်းလက်လှုပ်ရှားနေသော အရာတစ်ခုကို မြင်ရသောကြောင့် . .
“ဘားဆိုက် ဟိုမှာဘာလဲ။ အရောင် အင်မတန် လက် ပါကလား”
“လိပ်ကျောက် အနောင် . . . လိပ်ကျောက်၊ အနောင် ဒီလိပ်ကျောက်ကို ငါ မှိန်းနဲ့ သွားထိုးမယ်။ လိပ်ကျောက်သားဟာ တဝစားလို့ကောင်းတယ်လေ။ အနောင် လှေပေါ်မှာပဲ နေခဲ့ပါ။ ငါ ဘွန်တီးလှေနဲ့ သွားမယ်လေ”
ထို့နောက် ဘားဆိုက်သည် မှိန်းတစ်လက်ကို ကိုင် ဆောင်ပြီး ဘွန်တီးအားခေါ်၍ ၎င်း၏လှေပေါ်တွင် စီးနင်းလိုက်ပါသွားရာ နာရီဝက်ခန့်အကြာတွင် အနံ ၃တောင်မျှရှိမည့် လိပ်ကျောက်ကြီးတစ်ကောင်ကို ကြိမ်ကြိုးနှင့် ချည်နှောင် ဆွဲဆောင်လာခဲ့တော့သည်။
ကျွန်ုပ်တို့သည် ထိုညတွင် လှိုင်းလေထန်နေသော ကြောင့် သစ်ယာဝချောင်းထဲ၌ပင် အိပ်လိုက်ကြပြီး နောက်ရက် နံနက်မှ အလယ်ချောင်းရွာသို့ ခရီးဆက်ကြပြန်တော့သည်။ ကျွန်ုပ်တို့သည် ထိုရက်နံနက်တွင် ဘားဆိုက်၏မယား မိဖြူပေါင်းပေးသော ကောက်ညှင်းပေါင်းကို လိပ်ကျောက်ကြော်နှင့် စားကြရာ လွန်စွာ အရသာထူးပါဘိတောင်း။
သစ်ယာဝချောင်းဝရှိ ရွှံ့ပြင်ပေါ်တွင် ၂ လံမျှရှည်မည့် မိကျောင်းတစ်ကောင် အိပ်နေသည်ကို တွေ့ ရသဖြင့် သန်းကောင်သည် နှစ်လုံးပူးသေနတ်နှင့် နှစ်ချက်တိတိပစ်လိုက်တော့ရာ လှေမှာလှုပ်ရှားနေသောကြောင့် ချက်ကောင်းကို မမှန်ဘဲ ‘ဖင်မွေး’ကိုသာ မှန်သွားရကား မိကျောင်းသည် ဖင်မွေးပြတ်ပြီး ရေထဲသို့ အမြန်ခုန်ဆင်း ငုပ်လျှိုးသွားချေတော့သည်။
သို့နှင့် ကျွန်ုပ်တို့သည် ကလွင်မော်ဦးသို့ ပြန်၍ ရောက်လာကြပြီးနောက် လှိုင်းလေငြိမ်သွားပြီဖြစ်၍ မြောက်ဖက်စူးစူးသို့ ကမ်းနားမှကပ်ကာ ရွက်တိုက်သွားကြတော့သည်။
နံနက် ၉ နာရီအချိန်ခန့်လောက်တွင် ဘားဆိုက်၏ ခွေးကြီးတစ်ကောင်သည် သူ့သခင်အနားသို့ ကပ်လာပြီး ခေါင်းဖြင့် ပွတ်လေတော့သည်။
ဘားဆိုက်က
“အနောင် . . . ငါ့ခွေးဟာ ပစော်ပစယ်တဝလုပ်တတ်မား”
“ပစော်ပစယ်လုပ်တယ်ဆိုတာ ဘာလဲ ဘားဆိုက်”
“ပစော်ပစယ် လုပ်တယ်ဆိုတာ အရောဝင်တာပေါ့ အနောင်”
“ဟုတ်ပ၊ မင်းခွေးက အင်မတန်လိမ်မာတာကိုး။ သူ့ နာမည် ဘယ်လိုခေါ်သလဲ”
သူ့နာမည် ဘရာဟင်လို့ ခေါ်တယ်လေ”
“ဟင် ကုလားနာမည်ပါလား”
“ခင်ဗျား . . . ငါ့ကို လက်ဆောင်ပေးတဲ့ သူ့ပိုင်ရှင်က ဒီခွေးကို ဘရာဟင်လို့ ခေါ်ပါလို့ ပြောခဲ့တယ်လေ။ သူဟာ ကုလားမား . . . ဗမာ မဟုတ်ရအနောင်။ နောက်တော့လည်း ငါ ခွေးစကား ပြောတတ်တယ်လေ။ အနောင် နားထောင်မလား”
“ဟုတ်ပ . . . ကျုပ် နားထောင်ချင်တယ်။ မင်း ခွေးစကား ပြောပြစမ်း”
ချက်ချင်းပင် ဘားဆိုက်သည် သုံးချက်မျှ လက်ဖျစ်
တီးလိုက်ပြီး “ဘရာဟင်” ဟု ခေါ်လိုက်ရာ ဘရာဟင်က
“ကိဝီ … ကိဝီ .. ကန်ငန် . . . ကန်ငန်ငန် … ကန်ငန်ငန်”
ဟု အသံပြုပေတော့သည်။
“ဘရာဟင်က ထမင်းတဝဆာတယ်လို့ ပြောတယ်အနောင်”
“ဟင်း … မင်းတကယ်တော်တာပဲ . . . ဘားဆိုက်
မင်း ခွေးစကား တကယ်တတ်တာကိုး”
“ခင်ဗျာ . . . ခင်ဗျာ . . . ငါ ခွေးစကား တဝတတ် တယ်လေ . . . အနောင် နားထောင်နော် . . . ငါ ခွေးစကားပြောမယ်”
သို့နှင့် ဘားဆိုက်က ဘရာဟင်အား …
“ကီဝိငီ… ကီဝိငီ… ကန်ငန်… ကန်ငန်ငန်… ကိန်ဝိန်… ကိန်ငန်… ကီငီငိ… ကိငီငိ”
ဟု ပြန်ပြောလိုက်တော့ရာ ဘရာဟင်သည် ‘ဝီ’ ဟု တစ်ချက်မျှသာ အသံပြုလိုက်ပြီး ကျေနပ်သော ဟန်အမူအရာနှင့် သူ့သခင် ဘားဆိုက်၏ ခြေရင်းတွင် ခွေအိပ်လိုက်တော့သည်။
“အလို မင်း သူ့ကို ဘာတွေပြောလိုက်သလဲ၊ သူနား လည်တယ်နော်”
“ခင်ဗျာ . . . ခင်ဗျာ . . . စောသေးတယ်။ ခဏနေဦး၊
ထမင်းမချက်ရသေးဘူး။ ထမင်းချက်ပြီးရင် ကျွေးမယ်လို့ ငါပြောလိုက်တယ် အနောင်”
“မင်း တယ်တော်တာပဲ။ မင်းဟာ ခွေးပြောတဲ့စကားကို နားလည်းလည်တယ်။ ပြောလည်း ပြောတတ်တာကိုး။ မင်း ခွေးစကားကို ဘယ်မှာ သင်ယူခဲ့သလဲ”
“ငါ ဘယ်မှာမှ မသင်ယူရ . . . ငါ့ခွေးတွေ တစ်ကောင်နဲ့တစ်ကောင် ပြောကြတာကို အသံတွေ ငါမှတ်သားခဲ့တယ်”
နံနက် ၁၀ နာရီအချိန်ခန့်လောက်တွင် ရေပြန်တက်စ ပြီဖြစ်၍ ကျွန်ုပ်တို့လှေနှစ်စင်းသည် ချောင်းငယ်တစ်ခုအတွင်းသို့ ဝင်ရောက်၍ ကျောက်ချထားလိုက်ကြတော့သည်။
မိဖြူ ထမင်းတည်နေစဉ် ကျွန်ုပ်သည် ငါးမျှားပြန်ရာ နာရီဝက်အတွင်းမှာပင် ကဗြုန်းနှစ်ကောင်၊ ကကျဲနှစ်ကောင်၊ သင်ခုသုံးကောင်နှင့် ကျွဲရင်ကြီးတစ်ကောင်တို့ကို ဖမ်းဆီးရရှိလေတော့သည်။
ဘားဆိုက်သည် ဂဏန်းများကို မျှားရာ ကိုးကောင်မျှ ရရှိပေတော့သည်။
ကျွန်ုပ်တို့သည် နံနက် ၁၁ နာရီအချိန်ခန့်လောက်တွင် နံနက်စာကို စားသောက်ကြပြီး ချောင်းငယ်အပြင်သို့ ထွက်ကာ ရွက်တိုက်သွားကြတော့ရာ အလယ်ချောင်းရွာသို့ ညနေ နှစ်နာရီခန့်လောက်တွင် ချောမောစွာ ဆိုက်ရောက်ကြတော့သည်။
ရောက်လျှင်ရောက်ချင်း ဘားဆိုက်သည် ကျွန်ုပ်အား ရွာအတွင်း၌နေသော ၎င်း၏မိတ်ဆွေ ကရင်လူမျိုး မုဆိုးကြီး နောင်ခေါင်းလင်းထံသို့ ခေါ်ဆောင်သွားပေတော့သည်။
“ဝါး . . . အနောင် . . . နောင်ခေါင်းလင်း ငါ့ကိုမှတ်မိလား . . . ငါဟာ ဘားဆိုက်လေ . . . ဘားဆိုက်”
“အေးဝါး ငါ နင့်ကို တဝမှတ်မိတယ်လေ ဘားဆိုက်၊ နင်ပျောက်နေတာ ကြာပြီမား . . . အခု နင်တို့များ ရွာကို ဘာလုပ်ဖို့လာသလဲ”
“အေး … ဟောဒီက အနောင်ဟာ ငါ့မိတ်ဆွေပေါ့။ ရွှေဘိုမြို့က လာခဲ့ကယ်။ သူ့နာမည်ကိုလည်း ကိုရဲလို့ ခေါ် တယ်လေ။ သူ အရင်က ဘိတ်ကို နှစ်ခေါက်ရောက်ဖူးတယ်လေ။ သူက သေနတ်ပစ်ဝါသနာပါဆိုး … အရင်နှစ်ခေါက်တုန်းက တောဝက်ကြီး၊ ငမန်းကြီးနဲ့ မိကျောင်းဆိုးကြီး သုံးကောင်ကို သူပစ်လို့ရခဲ့တယ်လေ။ အခုအခေါက်မှာတော့ သူ ကြံ့ကို တဝပစ်ချင်တယ်လေ။ ဒယ်အိ အခု သူ့ကို အလယ်ချောင်းရွာကို ငါခေါ်ခဲ့တယ်လေ။ ကြံ့ရှိတဲ့နေရာကို နင် လိုက်ပြပေးပါလား”
[ဒယ်အိ – ဒါကြောင့် (မြိတ်သုံးစကား)]
“ခင်ဗျာ .. ခင်ဗျာ .. ဒီလိုဆိုရင် ကြံ့ရှိတဲ့တောကို ငါ လိုက်ပြပေးမယ်လေ။ အလယ်ချောင်းရွာက နှစ်ရက် လမ်းလျှောက်သွားရမယ်။ လေတွေလည်း တွေတွေနဲ့ သွားလို့ မရရ၊ စားစရာနဲ့ အိုးခွက်တွေကို ထမ်းဖို့ အထမ်းသမားနှစ်ယောက်ကို ငှားပြီး ခေါ်ဆောင်သွားရမယ်လေ။ လမ်းက တဝကြမ်းမား။
တောင်ဆယ်လုံးကို ကျော်သွားရမယ်။ လမ်းမှာ ကျားတွေ ဝက်ဝံတွေ တောဝက်တွေ မြွေကြီးတွေရှိတယ်။ တို့များ ကရင်တောင်ယာတဲတွေမှာ အိပ်ကြမယ်လေ။ ကျွတ်တွေလည်း တဝပေါတယ်။ ကျောက်တောင်နားက တောတွေမှာ ကြံ့တွေရှိတယ်။ များများတော့ မဟုတ်ရ။ နှစ်ကောင် သုံးကောင် လောက်ပဲ ကျန်တော့တယ်။ ယိုးဒယားနယ်ကလူတွေ ခဏခဏ တိတ်တိတ်ခိုးပြီး လာပစ်ကြလို့ ကြံ့တွေ တဝရှားကုန်ပြီ။ သွားရတာ တဝပင်ပန်းမယ်။ နင်တို့ သွားနိုင်ကြမလား။ အသွား အပြန် ခုနစ်ရက်လောက် ကြာမယ်”
သည်တွင် ဘားဆိုက်သည် ကျွန်ုပ်အား လှည့်ကြည့် လိုက်သည်နှင့် ကျွန်ုပ်က …
“ဟုတ်ပ . . . ဖထီး ကျုပ်တို့ သွားနိုင်ပါတယ်။ အပင် ပန်းခံနိုင်ပါတယ်။ ကျုပ်တို့ကို ကြံ့တွေနေတဲ့ တောကို လိုက်ပို့ပေးပါ။ အထမ်းသမားနှစ်ယောက်ကိုလည်း ဖထီး ငှားပေးပါ”
“ခင်ဗျာ . . . ကြံ့ရှိတဲ့တောကို ငါ ပို့ပေးမယ်လေ။ ငါ့ကို ကြေးပြား ဘယ်လောက်ပေးမလဲ။ ကြေးပြားများများ ပေးရမယ်နော်။ တဝပင်ပန်းမယ်။ ပင်ပန်းဆိုး . . . ပင်ပန်းဆိုး”
“ပေးပါ့မယ် . . . ဖထီး ဘယ်လောက်လိုသလဲ”
“ခင်ဗျာ . . . ငါ့ကို ငွေ ၅ဝ ပေးရမယ်။ ဒီငွေ ၅ဝ ကို အခု ပေးထားရမယ်။ ကျောက်တောင်က ပြန်လာရင် နောက်ထပ် ငွေ ၅ဝ ပေးရမယ်”
“ကောင်းပါပြီ ဖထီး ရော့ ငွေ ၅၀ ယူထားပါ။ ကျုပ်တို့ ကျောက်တောင်ကပြန်လာရင် ဖထီးကို နောက်ထပ် ငွေ ၅ဝ ဆက်ဆက်ပေးပါ့မယ်။ ကျုပ်တို့ ကျောက်တောင်ကို ဘယ်တော့သွားကြမလဲ”
“မနက်ဖြန်မနက်စောစော သွားကြမယ်။ အနောင်တို့ ဒီည ငါ့အိမ်မှာပဲ လာအိပ်ကြနော်”
ထို့နောက် ကျွန်ုပ်တို့သည် ကရင်မုဆိုးကြီး နောင်ခေါင်းလင်းတည်ခင်းတိုက်ကျွေးသော ဂေါရတ်ငါးခြောက်ကင်နှင့် လက်ဖက်ရည်ကြမ်းကို စားသောက်ကြပြီးလျှင် လှေရှိရာသို့ ခေတ္တပြန်သွားကြတော့သည်။
ကျွန်ုပ်တို့သည် ထိုရက်တွင် ညစာကို စောစော ချက်ပြုတ်စားသောက်ကြပြီးနောက် နောင်ခေါင်းလင်း၏ နေအိမ်သို့ ပြောင်းရွှေ့လာတော့သည်။
အလယ်ချောင်းကျောက်တောင်သို့ ကျွန်ုပ်၊ သန်းခေါင်နှင့် ဘားဆိုက်တို့သုံးယောက်သာ လိုက်ပါသွားကြမည်ဖြစ်ပြီး ဘွန်တီးမှာမူ လှေနှစ်စင်းပေါ်တွင် နေထိုင်ကျန်ရစ်မည့် ဆလုံအမျိုးသမီးနှစ်ယောက်တို့အား စောင့်ရှောက်ရန် ကျန်၍နေခဲ့မည်ဖြစ်သည်။
ကျွန်ုပ်သည် အလွန် ခရီးပန်းလာသောကြောင့် စော စောအိပ်လိုက်ရာ နှစ်ခြိုက်စွာ အိပ်ပျော်သွားပြီး နံနက် အရုဏ်တက်အချိန်တွင် နောင်ခေါင်းလင်း လာနှိုးသောကြောင့် အိပ်ရာမှ နိုးလေတော့သည်။
ကျွန်ုပ်တို့သည် ကောက်ညှင်းပေါင်း၊ လိပ်ကျောက် ကြော်၊ ဂေါရတ်ငါးခြောက်ကင်နှင့် လက်ဖက်ရည်ကြမ်းများကို ဝလင်စွာ စားသောက်ကြပြီး ခရီးထွက်ကြလေတော့သည်။
– ဆက်ရန် –
စာရေးသူ – ကုသ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ