ဝမ်းစာပူသောမီး(စ/ဆုံး)
———————–
ဦးတောကျော်ကွမ်းကိုမြုံထားရင်း သမီးဖြစ်သူ မတင်ရွှေကလေးကို ကြည့်သည်။ မနေ့ညနေက တောင်လေရူးထား၍ သရက်သီးတွေ ကြွေထားသည်။ အညှာခိုင်သော မချစ်စုပင် မခံ။ တစ်ပြန်အံမတုနိုင်ချေ။ စိပ်တောင်းတစ်လုံးခန့် ရချေသည်ရော။ သုံးလုံးတစ်တောင်၊ သံချိတ်၊ စိန်တစ်လုံးအပါအဝင် သရက်ပင်တွေက တစ်ဆယ့်တစ်ပင် ရှိသည်။ ဦးတောကျော် ပိုင်ဆိုင်သည်ဖြင့်မဟုတ်ပါ။ အငှားစောင့်ပေးခြင်းသာ။ သို့သော် တစ်ယောက်တစ်ဝက်မို့ သုံးလခန့်လူတစ်ယောက်စာ အချိန်ပြည့်အသုံးပြုရခြင်း ခံသာပါသည်။
ဖုန်လုံးထစေရန် ဦးပုပ်စုတ် ထွန်ကိုင်နေသည်။ သပွတ်၊ တမာ၊ ထနောင်း၊ ဆီးပင်တို့၏ ရွက်ခြောက်များ ထန်းပင်တန်းအခြေသို့ လေရူးကတွန်းပို့ထား၏။ အများလိုလည်း ထွန်မကိုင်ပါ။ နွားမမွေးပါ။ ဦးတောကျော် ကျင်လည်ပုံက တမျိုး။ အဘိုးလက်ထက်ကပင် ယာ၊ မြေ၊ ချောင်း၊ မြောင်း မရှိ။ ပကတိ ဖြစ်တည်နေသော သဘာဝအနှံအထွက်၊ တောပျော်အကောင်လေးများကို မုဆိုးလုပ်စားရင်းမှသာ ကျင်လည်၏။ ထို့ကြောင့်လည်း လက်လုပ်လက်စားနှင့် မထူး ဘဦးနှင့်ဘထူးသည် ညီအစ်ကိုသာ ဖြစ်၏။
သပွတ်တန်းတွေက တစ်ပင်လုံးဝါကာ ခြောက်ခြောက်သွေ့သွေ့။ လေတိုက်လိုက်တိုင်း အရွက်မရှိမရှိဘဲ တရှဲရှဲမြည်ကာ လှုပ်ယမ်းနေသော ကုက္ကိုလ်သီးခြောက်များ၊ အရွပ်လှန်နေသော ဆီးပင်များ၊ တစ်ပင်စနှစ်ပင်စ နုပြီဖြစ်သော တမာပင်ငယ်များ၊ အရောင်စိမ်းစိမ်း အစောကြီးဝတ်ရုံလွှာလဲနိုင်သည်မှာ ထနောင်းပင်များ ဖြစ်သည်။ ရှားပင်များကား အရွက်ကြမ်းဆဲ ရှိသည်။ ထန်းနို့၊ ထန်းသီးနု၊ တို့ ထွက်ကြချေပြီ။ တငွေ့ငွေ့တရှိန်းရှိန်း အလျှံညီးညီး နေမင်းကတောက်လောင်နေသည်ကိုငေးရင်း ဦးတော်ကျော် အမှတ်ထားနေသော အရာတစ်ခုကို ဖျတ်ခနဲ မျက်စိထဲမြင်လာသည်။ ဟုတ်လိုက်လေ ဒီအချိန် ဒီအခါပဲဟု ကိုယ့်နဖူးကိုယ် လက်ဝါးဖြင့်ရိုက်မိ၏။ ကျေကျေနပ်နပ်ကြီး ပြုံး၏။ ထုံးပေနေသော လက်ညိုးကို ပုဆိုးကွင်းတွင် သုတ်၏။ ဖက်ရိုးဆေးလိပ်ကြီး ဖွာကာ ဆောင့်ကြောင့်ထိုင်နေတတ်သော ဗျော့မ၏ ပုံရိပ်ကိုမြင်ယောင်လာ၏။ ရှင်မကို ဒီည အနင်းအနှိပ်ပြုအောင် လုပ်မှဟု တွေးမိ၏။
“သမီး ဒီကိုလာစမ်းဦး”
“ဗျာ အဖေ့ လာပြီ လာပြီ”
သရက်သီးတွေက လက်သီးဆုပ်ခန့် နီးနီးရှိပြီ။ မချစ်စုကမူ နောက်ကျသည်။ အတာပြီးနောက်ပိုင်းမှ ခူးရသည်။ မိုးဦးစောစောကျလာလျှင်မူ ရင့်မှည့်လွယ်၏။ အညာဆိုသည်က မိုးကို အဖေတစ်ယောက်လို မျှော်ရ၏။ မယားကြီးမသိချိန် ရောက်လာတတ်သော မယာငယ်အဖြစ်မျိုး။ ဘယ်အချိန်လာပါဟု ခေါ်ခွင့်မသာ။ ကမ်းရိုးတန်းဒေသတွေ အလုပ်အကိုင်ပျက်မှ ဦးတောကျော်တို့ဆီက မြေဆီနံ့မွှေးရုံ။
“အဖေ ချောက်ကုန်းဘက်ခဏသွားမလို့”
မတင်ရွှေလေးက နဖူးကိုလက်ညိုးလေးထောက်သည်။ မြင်သလားဟေ့ ရွှေခက်ငွေလက်တွေ ဆိုကာ ယမန်နှစ်က ယခုလိုအချိန် အဖေ မန်ကျည်းရွက်တွေ ခူးလာဖူးသည်ကို အမှတ်ရသွားပါ၏။ လက်ဖျောက်တစ်ချက်တီးလိုက်ရင်း အဖေ ဇယ်ပုလုံးကုန်းနားက မန်ကျည်းပင်သွားကြည့်မှာ ဟု ပြောလိုက်၏။ ဦးတောကျော် ပြုံးပါ၏။ အကိုးရသော သမီး။ သူ့အစ်ကိုကြီးနှင့် လားလားမှမဆိုင်ချေ။
“အေ ဘတ်ခွလေးဆောင်ထား မဲမဲမြင်ရင် မလျော်ရတဲ့နေရာ ခြေထောက်ကိုသာ ပစ်”
“သမီးရှိမှန်းသိ ဘယ်သူလာရဲလို့လဲ လို့”
ဟုတ်၏။ မတင်ရွှေလေးသည် ချိန်ရွယ်သည်မဟုတ်။ ရုတ်ချည်းဖတ်ခနဲ ပစ်မှတ်ကို ထိ၏။ မြန်လည်းမြန်၏။ သူကိုင်သောဖော့ကြိုးကား သန်လည်းသန်၏။ ဟန်ကလည်း ပိဘိယောက်ျားတစ်ယောက်လိုဖြစ်ရာ တော်တန်ရုံလူ အကဲမစမ်းဝံ့။ သို့သော် မတင်ရွှေလေးသည် မနေ့က အဖြစ်အပျက်ကို ပြန်တွေးမိ၏။
အစ်ကိုဖြစ်သူ ကျော်ဇံတစ်ယောက် မူးရူးလာကာ အပေါင်းအသင်းတွေဖြင့် သရက်သီးများဝင်ခူးသည်။ ထိုအချိန်များ အရှင်လာလျှင် နောက်နှစ်တွေ စောင့်ရဖွယ်မမြင်။ အိမ်စားလေးယူသည်ဆို ထား။ ထိုသို့မဟုတ်။ ပုဆိုးတွေစလွယ်လုပ်ပြီး ဖင်ပေါ်ခေါင်းပေါ် သိုင်းလွယ်သွားကြသည်။ ကိုယ့်ညီမလေး အပျိုဆိုသည်ကို အမှတ်မထား။ ဒေါသထွက်ငြား၊ အရက်နှင့်လဲသောက်မှာကို သိငြား။ မတင်ရွှေကလေးသည် အစ်ကိုကိုချစ်၏။ မပြောရက်ခဲ့လေ။ အဖေသာသိလျှင်။
အမှန်ဆို သည်သရက်ခြံက အစ်ကိုဖြစ်သူ စောင့်သင့်၏။ မတင်ရွှေနှင့် ဦးတောကျော်သည် ကျန်အလုပ်များ ရှာကာလုပ်ရပါမူ အိမ်အဆင်ပြေမည်။ ယခုဖြင့် ထိုသို့မဟုတ်။ အရက်ဖိုးပင် အမေ့ဆီမှ ဂျစ်ကပ်ခါတောင်း၏။ အတွေးများနေသည်မို့ အဖေ ထွက်သွားသည်ပင် မသိ။
“ကျွီ့ကျွီ့ ကျလီ ကျလီ”
ဟော ကြည့် ဘွတ်ချွဲ၊ တောဆက်ရက်ငယ်များ သရက်ပင်တွေမှာ အုပ်စုလိုက်ကျလာပြီ။ ချိုးတစ်ကောင် ဝါးတန်းထိုးပျံသန်းလာကာ ခိုလိုက်သည်ကို မြင်၏။ ဦးပုတ်စုတ်ကြီးက ပေါင်းမှိုက်တွေကို မီးရှို့နေပြီ။ မတင်ရွှေတို့ ရှိမှန်းသိနေရာ ရေဘူးလေးပင် ဆောင်လာခြင်းမရှိ။ တစ်မနက်စာ သူ့အလုပ်ပြီးပြီ။ အခင်းရှင်ကလည်း နှမြော၏။ မုန့်ပျစ်သလက်၊ မုန့်ဟင်းခါး၊ အစုံသုပ်၊ မုန့်ကြော်လေးမှ ပေးလိုက်သည် မရှိ။
ခြေကိုဖွဖွ နင်း၏။ ချိုးဆိုသည့်အကောင်တွေက အလွန်နားပါး၏။ ဖျောက်ခနဲ သရက်ကိုင်းခြောက်လေးကို နင်းမိသွား၍ မတင်ရွှေရင်ထိတ်၏။ ကြားများသွားပြီလော။ မကြားပါ။ လည်ကိုစောင်း၍ ဟိုသည်ကြည့်ကာ အတောင်ပံတွေကို လှုပ်ခါ၏။ တောင်ပံအတွင်း နှုတ်သီးထိုး၍ သန်ကောင်ရှာ၏။ လေတစ်ချက်ဖြတ်တိုက်သွားရာ အမွေးလေးများ ဖွဖွလန်သွားသည်ကိုပင် မြင်နေရ၏။ သရက်ပင်ကြီး၏ ပင်စည်ကိုကွယ်ကာ လက်ထဲမှဘတ်ကြိုးကို ရုတ်ချည်းပစ်လွှင့်မည် ကြံ၏။
“မတင်ရွှေရေ မတင်ရွှေ ရေလေးတစ်ပေါက်လောက်ပါဟ ဦးလေးရေဆာ လို့”
သောက်ခွေးမှတဲ့ဟု မတင်ရွှေလေး ပါးစပ်မှထွက်သွား၏။ ချိုးကားပြန်ပြီ။ သို့သော် အကုသိုလ်မရချင်ဘဲ ကုသိုလ်ရချင်လို့ဟု ဖြေတွေးတွေး၏။ သို့ငြား နှုတ်ခမ်းကိုကား ကိုက်ထားမိ၏။ စိတ်အစာမကျေ ဖြစ်၏။ ရေညှိ့လေးတွေစိမ်းနေကာ ရေညှိ့နံ့သင်းပျံ့နေသော လက်ကိုင်ပါရေဘူးကို ပေး၏။
“ငါ့တူမနဲ့ မရေးကန်မှာရော၊ အလယ်ကန်မှာရော ငှက်တွေရေသောက် ဆင်းလိုက်တာများကွာ ဖော့ကြိုးမောင်းဆွဲဆွဲ၊ ကောင်းကင်ပိုက်ဆွဲဆွဲ နွားကျောင်းသားလေးတွေတောင် ရတာအုပ်လိုက်ပါဆို”
ဟွန်း အခုတော့ ခင်ဗျားလုပ်တာနဲ့ ကျုပ် ချိုးတစ်ကောင်လွတ်သွားပြီဟု စိတ်ထဲကပြစ်တင်မိ၏။ ကိုင်းဖျားတွေရှိ သရက်ရွက်အနုတွေဆီ ဦးပုပ်စုတ် မျက်လုံးကရောက်နေ၏။ သရက်ရွက်နု တောင်းဦးမှာပါလား အပင်ရှင်သိလည်း မကောင်း၊ သရက်သီးတွေလည်း ကြွေနိုင်တယ်ဟု စိုးရိမ်နေမိသည်။ လှည့်ပြန်သွား၍ သက်သာရာရပါသည်။ သရက်သီးအကြွေလေးများ အညိုးအနွမ်းမရှိလားဟု သည်တစ်ခေါက်မတောင်းချေ။ ကျေးဇူးတင်ရသေး၏။ အကြောင်းမှာ ပင်ကြွေကိုပင် တစ်လုံးငါးဆယ် ရောင်းရသည်။ အခင်းရှင်က လေကြွေကျမယူ။ အိမ်စားရန်အနည်းငယ်သာ ယူပါ၏။
ငှက်ပစ်ချင်စိတ်လည်း မရှိ။ တရှပ်ရှပ်မြည်သံပေးကာ တိုက်၍သွားနေရပြီဖြစ်သည့် သရက်ရွက်ခြောက်တွေကို ခွေးလှေးယားပင်ခြောက်များကို ထန်းလျှော်ဖြင့်ပတ်စည်းထားသော တံမြက်စည်းနှင့် လှဲကျင်းနေလိုက်သည်။ ဟဲ့ ဟဲ့ ဆူးခရိုးကာထားပါလျက် လူရိပ်ကလေးတွေ လှည်းလမ်းမကြောင်းမှ ဦးခေါင်းကလေးတွေ ပေါ်လိုက်ပျောက်လိုက်။ ဟွန်း မတင်ရွှေကလေး၏ အခြေအနေကို လှည်းလမ်းကြောင်းမှဝပ်ကာ အခြေအနေ အကဲခတ်နေခြင်း ဖြစ်မည်။ မသိလိုက်ဘာသာ နေပေးလိုက်၏။ မျက်ထောင့်စွန်းကို အလေ့အကျင့် ပေးထားလိုက်သည်။
သြော် ဝမ်းလျားမှောက်၍ စစ်သားတွေလို ချီတက်လာနေခြင်း ဖြစ်သည်။ ကြိတ်ပြုံးမိသည်။ ကလေးတွေ သရက်သီးခိုးလာကြခြင်းသာ။ မသကာ ဘတ်ခွနှင့် ပစ်ခြောက်လိုက်ပါက အလဲလဲအကွဲကွဲ ပြေးလိုက်ကြမည့် ဖြစ်ခြင်း။ သရက်ပင်ကို ကြည့်သလိုနှင့် အုပ်အုပ်ဆိုင်းဆိုင်းရှိနေသော ပြင်ပမှ ပတ်လာခဲ့သည်။ တစ်ပင်နှင့်တစ်ပင် သိပ်မကွာ၍ ကွယ်ကာ ကလေးတွေချောင်းနေသော လှည်းလမ်းကြောင်းဘက် အကိုင်းတိုးထွက်နေသည့် ချိတ်ကောက်ပင်နား ရုတ်ချည်းတိုးဝင်လိုက်သည်။
မတင်ရွှေသဘောကျသွား၏။ ကလေးများကား ပြေးချိန်မရှိ။ ပြားနေ
စရန် ဝပ်ထားကြသည်။ မြင်မည်စိုးကြသည်ကိုး။ ဟိုသည်ကြည့်သလိုဖြင့် လျှောက်သွားလိုက်ရာ မျောက်ဖိုးစိန်တွေကို မြင်ရပြီ။ ဘယ်သူတွေများမှတ် ရွာနောက်ပိုင်းမှ တာတေကလေးတွေ။ ကြည့်စမ်း သရက်သီးခူးရန် ချိတ်ကလေးပင် ပါချေ၏။
“ဟိတ် သရက်သီးလိုချင်ရင် ခြံထဲကိုဝင်ခဲ့ကြ”
ဟုတ်သည်။ အလကားနေရင်း မမီမကမ်းဖြင့် ဆီးဆူး၊ ထနောင်းဆူး၊ ဂြောင်ငြမ်းဆူများ ဆူးနေရော့မည်။ တုပ်တုပ်မလှုပ်ကြသေး။ မမြင်သေးဟု ထင်နေကြသည်။
“ဟဲ့ ကလေးတွေ ငါခေါ်နေတာလေ အပြန်ရေမချိုးရင် ညကျမအိပ်နိုင်ဘဲ ဖြစ်နေပါ့မယ် ဖုတ်ထဲလူးမနေကြပါနဲ့”
“လေးခွနဲ့ မပစ်ဘူးနော်”
“မပစ္ပါဘူးကြာ လာပါ”
“သူကြီးအိမ်မတိုင်ဘူး နော်”
“ဟာ ကွာ့ မတိုင်ပါဘူး ဆို”
ကလေးတွေ ဝင်ပေါက်မှပြေးလာကြသည်။ တစ်ယောက်တည်း ပျင်းရိနေသော မတင်ရွှေကလေးလည်း ကလေးတသိုက်ဖြင့် အဖော်ရသွားလေသည်။ နေ့လယ်ခင်းကျ အမေဖြစ်သူဗျော့မ ထမင်းပို့ရင်း လာမည်။
*****
မနက် ၁၀း၀၀နာရီခန့်သာ ရှိသေးသည်။ အညာနေက ကျဲကျဲကြီးထွက်လာပြီ။ သြော် ဆွမ်းခံချိန် နေထန်းတစ်ဖျား အပူသားလေ။ ချောက်ကုန်းသို့သွားရာ လှည်းလမ်းမအတိုင်း လျှောက်ခဲ့သည်။ နဘူချုံ၊ ခွေးဝှေးယားချုံတွေကြား ထန်းသမားသားများ ငုံးလိုက်နေကြသည်။ ရွှိန် ရွှိန် ငုံးနှင့် ငုံးဖင်နီသာ ဦးတောကျော်တို့ဘက်မှာ ပေါသည်။ သညိုပင်တွေက အရိပ်ကျန်သေး၍ တစ်ထောက်နားသည်။
အရွယ်လေးက စကားပြော၏။ လည်ချောင်းတလျှောက်ရှလာကာ တံတွေးမျိုချရ၏။ ဖလူး လူးလူး ဖလူး လူးလူးဟု တောင်ပံရိုက်သံပေးလျက် ငုံးကလေးတွေ လူတစ်ရပ်အမြင့်ခန့်မှ ပျံသန်းသွားသည်။ မပျံ၍မဖြစ် ခွေးရောလူရော သူတို့ရိပ်မြုံကို ဖျက်ဆီးနေပြီ။ နေကား ပူလှ၏။ သုံးထောက်ထက်မပျံနိုင်။ သုံးထောက်ဆိုသည်မှာ ယာသုံးခင်းစာခန့်။ သုံးထောက်ပြည့်လျှင် ချုံထဲဖင်ထောင် ဝပ်၏။ ကြွက်တွင်းထဲဝင်၏။ အသာကောက်ယူ ရုံ။ မိဘကခိုင်းလျှင်ဖြင့် ဖင်ပူသည်ခေါင်းပူသည်ဆိုကာ မလုပ်။ ငရဲအလုပ်ကိုကျ မည်မျှပင်ပူပူ လ,သာသည်သို့ ဟူ၏။ ကလေးတွေကို ကြည့်နေရင်းမှ ငယ်စဉ်ကလေးဘဝကို အမှတ်ရ၏။ တောကျော်ဆိုသည့် နာမည်ကလည်း ထို့ကြောင့်တွင်လာခဲ့ခြင်းသာ။
တောကျော်၊ မှတ်ကြီး၊ ဉာဏ်မောင် သုံးယောက်တွဲက ညီသည်။ ထွက်ကြပြီဆို အစိန်။ မနက် ၀၉း၀၀ နာရီခန့်မှ ထွက်လိုက်ကြလျှင် နေ့လယ် ၀၃း၀၀ ခန့်မှပြန်ရောက်ကြသည်။ ရေဘူးလည်း မပါ၊ သရေစာလည်း မပါပါ။
ပုတတ်၊ ငုံး၊ ချိုး၊ ခါ အလိုက်ထွက်ကြခြင်း ဖြစ်သည်။ တန်ခူးနားနီးပြီဆိုသည်နှင့် ပုတတ်တွေက ကျင်းဖောက်သည်။ အကောင်ကိုမူ ထွက်သည်မှန်ငြား မမြင်ရသေးချေ။ ငုံးလိုက်လျှင်မူ အလယ်ကန်ဘက်ကိုသာ ရွေးကြသည်။ ကျယ်ပြန့်လှသော ယာပြင်ကျယ်ကြီးများကြောင့် ဖြစ်၏။ သုံးယောက်စလုံး အသားညိုသူတွေ။
အင်္ကျီတွေချွတ်ပြီး ပခုံးပေါ်တင်ထားကြည့်ပါ။ ချွေးတစေးစေး ပြာနှမ်းနေသော ကျောပြားကြီးများဖြင့် ငန်းပြား၊ ပေါက်ပြားကိုယ်စီထမ်း၍ မျက်လုံးများက သိန်းငှက်တစ်ကောင်လို စူးလက်နေသည်ကို မြင်ရမည်။ အလယ်ကန်ဘက်တွင် အလယ်ကန်က ရေကျန်သဖြင့် ချိုးလာသည်။ အလယ်ကန်၏ အရှေ့ဘက်တွင် မန်ကျည်းပင်ကြီးနှစ်ပင် ရှိ၏။ ကွေးကွေးကောက်ကောက်နှင့် အရိပ်ကောင်းစွာ ထန်းသမားသားသမီးများ ထန်းလျှော်နှင့် ဒန်းစီးသောနေရာလည်း ဖြစ်၏။ ပုတတ်လည်း ပေါ၏။ အစောပိုင်းတွင် ပုတတ်တူးကြသည်။ ဘဲဥပုံလမုကျင်းကလေးကို သဲလွှလွှကလေးများ ပိတ်ထား၏။ မြက်စိုမပေါသေးသလို ပုတတ်စာဥများ မပေါက်သေးပါ။ ထို့ကြောင့် ကျင်းထဲမှာသာ ရှိနေသေး၏။ တူးဖော်ထားစကျင်းဖြစ်၍ ဝေးဝေးမပြေး အသက်ကယ်ပေါက်လေးဖောက်ပြီး အပေါ်ယံရှပ်ပြေးကလေးသာ ဖြစ်၏။ သို့သော် မိုးဦးကျဖားလို ပိန်လှီသေးညှောင်ပုံချင်း အတူတူပင် ဖြစ်ပါ၏။ ကျောကုန်းအရောင် မတောက်သေး။ မြေရောင်ပေါက်ကာ ခပ်မွဲမွဲပင် ဖြစ်၏။
ပုတတ်တစ်ခါကြော်ရလျှင် ငုံးလိုက်၏။ ခါတွေ့လျှင်ခါလိုက်၏။ အချိန်မှာ မွန်းတည့်နီးပြီ။ ငုံးဖင်နီများမှာ မောဟိုက်လွယ်၏။ ဂြောင်ငြမ်းပင်ငုတ်အတက်ပေါက်နေသော ချုံကလေးများ၊ ကန္တာရပင်ချုံများကြား ဝပ်နေကြ၏။ ထိုအခါ ခွေးဖြင့် ခြောက်လှန့်ပြီး လူစုခွဲကာ ကိုယ်တာကိုယ်ယူကြရ၏။ မိမိဘက်ပျံထွက်လာသော ငုံးကို အနားမခံဘဲ ခြောက်လှန့်ထုတ်ကြရ၏။ ထိုသို့ မခြောက်လှန့်လျှင် အချိန်ကြာသွားက ငုံးသည် အမောပြေမည် ဖြစ်၏။ ဆက်တိုက် သူ့ဘက်ကိုယ့်ဘက် မနားတမ်း မောင်းထုတ်နေသောအခါ ငုံးများမှာမောလာသည်။ ဖင်ထောင်တော့၏။ သူ့အသက်လိုလျင် ကိုယ့်အသက်တစ်ဝက်ပေး စကားအတိုင်း လူတွေမှာလည်း မျက်နှာကြီးများ မည်းမည်းချိတ်နေကြပြီ ဖြစ်သည်။ ရေလည်းအလွန်ဆာသည်။ ငုံးလိုက်ပြီးလျှင် အမောဖြေပြီး အလယ်ကန်မှရေကို တဝသောက်ကြ၏။ ပြီးမှ မန်ကျည်းပင်ခွဆုံထိုင်ကာ နေ့လယ်နေ့ခင် ရေလာသောက်ကြသော ချိုးများကိုပစ်ခတ်ကြ၏။
ထမင်းငတ်ခံပြီးပင် ကလေးဘာဝ တောလည်ကြ၏။ တစ်ရက်တွင်ဖြစ်သည်။ ပုတတ်လိုက်ငှက်ပစ်မှ အပြန် မန်ကျည်းရွက်တက်နုတွေ ရွှမ်းရွှမ်းဝေနေသော ဦးစိန်အောင်၏ တဲနားမှအပင်ကို တွေ့သည်။ ထိုအချိန်က ကြီးနီရွာထဲတွင် မန်ကျည်းရွက်မပေါ်သေး။ အခါရောက်လုငြား ရှားသေး၏။ ပုပ္ပါး၊ ဆည်ပေါက်၊ ကျောက်ပန်းတောင်းဘက်မှ စျေးကောင်းပေးကာ ဝယ်စားကြရ၏။ လူ့သဘာဝအတိုင်း စျေးကြီးပေးရပါစေ အဦးအဖျား သူများမစားရသေးသော အသီးအရွက်ကို ကြိုက်၏။ မန်ကျည်းရွက်သည်ကပင် ထိုအချိန်မာနတက်၏။ ကလေးများပီပီ မန်ကျည်းရွက်တွေ မြင်သောအခါ ရချင်၏။ ဦးစိန်အောင်ကြီး ရှိမရှိ ကြည့်သည်။ ထန်းလျက်တဲအတွင်းရှိ ကွပ်ပျစ်တွင် ကားယားကြီးထန်းရေမူးပြီး အိပ်နေပုံအရ အခြေအနေကောင်း၏။ သုံးယောက်သား အလုအယက် တက်ကြသည်။ မန်ကျည်းရွက်နုများမှာ အပင်ထိပ်ဖျား တောင်ဘက်သို့ထိုးထွက်နေသောကိုင်မှာ။ အခြားကိုင်များတွင် နီရော်သွေ့ခြောက်ခြောက်။ တောကျော်တို့သတိမထားမိသည်က မန်ကျည်းပင်အခြေတွင် မီးတိုက်ထားသည် ဆိုခြင်းပင်။ ကလေးပီပီ မန်ကျည်းရွက်ရရေးသာ အရေးတကြီး။
“ဟေ့ ဘယ်သူတွေလဲ ကွ ငါ့မန်ကျည်းပင်တက်တာ”
“ကျွန်တော်တို့ပါ ဗျ”
“ဘယ်ကကျွန်တော်တို့လဲ ကွ”
ကျောချမ်းသွားကြ၏။ သွားပြီဟုလည်း ကြောက်ကြ၏။ ဦးစိန်အောင်ကြီးက ဒေါသကြီးသည်။ လူပုံကလည်း ဘီလူးကြီးလောက် ရှိသည်။ မျက်လုံးပြူးပြူး အသံဝါဝါကြီးဖြင့်။ သို့သော် ဦးစိန်အောင်ကြီး မူးနေ၏။ ထနိုင်မည်မဟုတ်။ အပင်ပေါ်မှ မဆင်းကြ။
“ဟေ့ကောင်တွေ ဘယ်သူတွေလဲ လို့”
“ကျွန်တော်တို့ပါဗျ”
“ဘယ်က ကျွန်တော်တို့လဲ ကွ”
ဦးစိန်အောင်ကြီးက ပထမတစ်ခါ မထ၊ ဒုတိယတစ်ခါ မထ၊ တတိအအခါ မေးပြီးချိန်တွင် မူးနေသော်ငြား ကုန်းရုန်းထလာတော့၏။ တောကျော်တို့သုံးယောက်သား ဒရောသောပါး ဆင်းပြေးရသည်။ ပုဆိုးကွင်းပြဲသည်ကိုပင် မမှု။ သည်ကြာထဲ ဉာဏ်မောင်က ပေါက်ပြားကျန်နေခဲ့၍ ပြန်ပြေးယူရရာ ကံကောင်းသဖြင့်သာ ဦးစိန်အောင်ကြီး၏ လက်ဝါးစာမမိခြင်း ဖြစ်သည်။ ထိုနေ့ကအိမ်သို့ ညနေစောင်းစောင်းမှ ပြန်ရောက်၏ တောကျော်တစ်ယောက် အမေဖြစ်သူကို မန်ကျည်းရွက်အချက်ခိုင်းသည်။ ပေါ်ဦးပေါ်ဖျား စား၍ကောင်းလိုက်သည်မှ ဗိုက်ပေါ် ယင်.နားလျှင် ခြေနင်းကြမ်းပါ၏။
ပြသနာက ညပိုင်းကျမှ။ ရင်တွေကြပ်ပြီး လူက လူးလှိမ့်နေရသည်။ ဝမ်းတွေလျောသည်။ နောက်ဆုံးတစ်အိမ်လုံး ဆေးခန်းပြေးရသည်။ အဖေ့ကို အကြောင်းစုံရှင်းပြမှ မီးတိုက်ထား၍ အခါမဟုတ်ဘဲနုသော မန်ကျည်းရွက်ကိုစားမိ၍ဖြစ်ကြောင်း ဆင်ခြင်မိကြ၏။ ဝမ်းအခါခါသွားခဲ့ရသော မီးတိုက်မန်ကျည်းရွက်နုအကြောင်း စဉ်းစားမိတိုင်း ယခုထိ ဦးစိန်အောင်ကြီးကို ဦးတောကျော် အမှတ်ရနေ၏။
ဟော လေကလည်း လေပူကြီးပါကလား။ ချောက်ကုန်းတွေကြား ရိုးများမှ နေကွယ်ကာလျှောက်ခဲ့သည်။ ဦးတောကျော် ထင်သည့်အတိုင်းပင်။ မန်ကျည်းရွက်တွေ နုနေပါပြီ။ သို့သော် အပင်ဖျားတွင်ဖြစ်၍ တက်ရသည်မှာ မထောင်းသာ။ ယမန်နှစ်ကပင် မျောက်တစ်ကောင်ထက် မလျော့စွာ အပင်ဖျားရောက်သွားခဲ့သည်။ ယခုမူ အပင်ခွဆုံ၌ ထိုင်ကာနားနေရချိမ့်။ ဖုတ်လိုက်ဖုတ်လိုက် အသက်ရှူကမြန်မြန်။ အသက်ကြီးလာ၍ လက်မမြဲမည်စိုးကာ ပင်စည်ကို အတင်းဖက်ထားရာ ရင်ဘတ်မှာ အစင်းကြောင်းကြီးတွေ။ ချွေးကထွက်ပြီး ပူစပ်စပ်ကြီးပါ။ အားကမူ မလျှော့ တဖြည်းဖြည်းချင်း ရောက်သည်။ ဗျော့မနှင့်မတင်ရွှေကလေး ထမင်းစားစောင့်နေရော့မည်။ အခက်အခက်ဝေနေသော မန်ကျည်းကိုင်းကို လှမ်းဆွဲမိချိန်။ အမောတွေ ကြက်ပျောက်ငှက်ပျောက် ဖြစ်ရပြန်သည်။
တချို့အပင်များ စောစီးစွာနု၏။ ထိုသည်က နဂိုအရှိအတိုင်း။ လူကနုစေချင်၍ မီးတိုက်ခြင်းကား မကောင်း ဥပဒ်ပေးလေသည်။
အပြန်လမ်းတွင် တစ်ခါက ဦးစိန်အောင်၏မန်ကျည်းပင်ကို အမှတ်ရကာ လှမ်းကြည့်မိသည်။ အရွက်နုတွေ ရွှမ်းရွှမ်းဝေနေပြီတကား။ သြော် အဖေဖြစ်သူဦးစိန်အောင် မရှိတော့သော်လည်း သားဖြစ်သူက အဖေ့နည်းအတိုင်း မန်ကျည်းရွက်မြန်မြန်နုစေရန် မီးတိုက်ထားပြန်ပြီရော။ ထိုသူတို့ကျ ဝမ်းမသွားလော သိချင်ခဲ့ပြန်သေး၏။
“ပိုတာလေး ရောင်းရမလားလို့ တော်”
“အေး”
ဦးတောကျော်တစ်ယောက် မတင်ရွှေကလေးနှင့် သရက်ပင်စောင့် လူစားမလဲမီ အသာမှိန်းနေမိသည်။ ဦးဦးဖျားဖျား မန်ကျည်းရွက်ချက်နှင့်မို့ ဗိုက်ကားနေသည်ကိုး။
“အရီးဗျော့မ အရီးဗျော့မ”
“ဝေး..”
“အရီးဗျော့မရယ် အမေကတအားကိုက်ခဲနေလို့တဲ့”
ရွာမြောက်ပိုင်းမှ မသန်းမြင့်၏သမီး မိကောက်လာခေါ်ခြင်း ဖြစ်သည်။ သမီးလေးမတင်ရွှေနှင့် သက်တူရွယ်တူ။ အိမ်သို့ အလည်အပေါက် ရောက်တတ်သည်။ ဗျော့မက ရွာထဲ အနင်းအနှိပ်လေးလိုက်သည် ကိုး။
“အေးအေး ခုလိုက်ခဲ့မယ်”
ဒေါ်ဗျော့မက လိုက်သွားရာ ဦးစိန်အောင်လှဲအိပ်မနေနိုင် ထရသည်။ ပုဆိုးစုတ်ဖြင့် ပတ်ထားသော မန်ကျည်းရွက်ထုပ်ကြီးကို ဖြည်သည်။ တစ်ခါချက်ဟု မှန်းကာ လက်ဖြင့်ဆကြည့်သည်။ ရွာလမ်းမအတိုင်း ထွက်လာခဲ့သည်။ ဗျော့မတို့လို ဆန်ကောဖြင့်ရွက်၍ အဆင်မပြေ။ “မန်ကျည်းရွက်နု ဦးဦးဖျားဖျား ဗျို့”ဟု အော်တော့သည်။ ဟုတ်၏။ ချက်ချိန်အမီရောင်းမှ ဖြစ်မည်။
“ဘယ်က ဦးဦးဖျားဖျားလဲ လို့ နေ့လယ်ကမှ ကျော်ကျော်လာရောင်းသွားတာ အခက်ကြီးတွေမှ ကောင်းမှကောင်း”
ဒေါ်သန်းမြအပြောကြောင့် ဦးတောကျော်အံ့သြ၏။ မီးတိုက်မန်ကျည်းရွက်နုတွေကို လူတွေဥပဒ်ဖြစ်မှာ မတွေး ဦးစိန်အောင်အတိုင်း ယခု သားဖြစ်သူကျော်ကျော်က ရောင်းနေပြီတကား။ ကိုယ်မရောင်းရ၍ မဟုတ်ပါ။ ရောင်းသင့်သလောက် ရောင်းရသည်။ မီးတိုက်မန်ကျည်းရွက်သည် ဝမ်းတွင်းရောက်သွားသောအခါ မီးတိုက်ထားသလို ပူလောင်လှ၏။ အချွန်အတွန်းစကားလည်း မဆို။ သူ့ဝမ်းရေးအတွက်ပဲဟု ရေငုံနှုတ်ပိတ် ဦးတောကျော်နေလိုက်၏။ သက်ပြင်းသာကျ၏။
နေခြည်(ကြီးနီ)
____