ဖျာပုံလှမိုးနွယ်
သေမင်းတံခါးကို ခေါက်ဝံ့သူ (အပိုင်း ၁)
၁၉၅၀-ခုနှစ်၊ မေလဆန်းအတွင်း ဖြစ်သည်။
မိုးဦးကျစ၊ မိုးသက်လေများ တိုက်ခတ်သည်။
ပင်လယ်ပြင်မှာ လှိုင်းအိများ အိပ်ရာမှ နိုးထ,လာသလို၊ ခေါင်းတဖွေးဖွေးနှင့် လှုပ်ရှားနေသည်။
ရေလုပ်ငန်းအားလုံး သိမ်းကြရပြီ။ ကိုရဲနောင်၏ ဓမင်း လုပ်ငန်းကိုလည်း သိမ်းခဲ့ပြီးဖြစ်ပါသည်။
လုပ်ငန်းသိမ်းပြီးဖြစ်၍ မိဘများရှိရာ သံဒိတ်ရွာသို့ပြောင်းရွှေ့ရန် ပြင်ဆင်ခဲ့သည်မှာ ငါးရက်ခန့်ရှိပြီ။ ယခု ပြင်ဆင်လို့ ပြီးပြီ။
သူ၏ ဓမင်းလှေကြီးကို လူငှားလေးယောက်နှင့် ဖာထေးပြုပြင်သည်။ ဝမ်းဘိုက်တပြင်လုံး ကတ္တရာ အထပ်ထပ် သုတ်ထားသည်။ ကတ္တရာ ဒုကောင်းလေ၊ ရေလုံလေ၊ ဒီပိုးမစွဲနိုင်လေ ဖြစ်သည်။
ကိုရဲနောင်သည် တရုတ်သွေးမကင်းသူဖြစ်သည်။ သူ့လှေကို တရုတ်လှေပုံစံ တည်ဆောက်ထားသည်။
ဝမ်းဘိုက်တွင် အပေါက်ကြီးတခု ဖောက်ထားသည်။ ဤအပေါက်မှ ရေသွင်းရန်လိုလျှင် ရေသွင်းသည်။
သူ့လှေသည် ရွက်နှစ်ဆင့်နှင့် အလွန်လှပသည်။
ပင်လယ်ပြင်အတွက် အလွန်စိတ်ချရသည်။ အခြားရွက်တစင်းတပ်လှေများထက် ပင်လယ်ပြင်မှာ နှစ်ဆပြေးသည်။ တိုက်ချင်သည့်ဘက်မှ လေ တိုက်ပါစေ။
ရွက်နှစ်ဆင့်တပ်ထားသော သူ့လှေအဖို့ လေကို ခိုးယူတိုက်နည်းဖြင့် အသုံးချနိုင်ပါသည်။
ထိုခေတ် ထိုအချိန်က စက်များ ပေါများခြင်းမရှိသေး၍ ပင်လယ်ပြင်လုပ်ငန်း လုပ်ကိုင်သူအားလုံး ရွက်ကိုသာ အားကိုးကြရပါသည်။
ရွက်နှစ်ဆင့်တပ် သူ့လှေသည် ယခုခေတ်ပင်လယ် ပြင်ထွက် စက်လှေကြီးများနှယ် အသုံးဝင် အားကိုး လောက်ပါပေသည်။
ယခုလို မိုးဦးကျစတွင် အနောက်တောင်လေ၊ အနောက်လေနှင့် သူ့ရွက်အား ပေါင်းစပ်လိုက်လျှင် ကုလားထိပ်နှင့် သံဒိတ်မှာ နေ့ချင်းပေါက်နိုင်ပါသည်။
ပင်လယ်လယ်ကို ဖြတ်ရမည် ဖြစ်သော်လည်း လှိုင်းပေါ်တွင် ဖက်ရွက်ကလေးလို ရေကျ ရေစူးကောင်း သော သူ့လှေအဖို့ စိတ်ချရပါသည်။
တက်၊ ရွက်၊ ကျောက်ဆူး၊ စားအိုး စားခွက် ဝန်စည်စလည်များ အပြည့်အစုံ လှေထဲရောက်ပြီ။
ကိုရဲနောင် ဇနီး မသိန်းယဉ်သည် သုံးလရွယ် သမီးလေး စုစံကိုပွေ့ရင်း လှေထဲဆင်းသည်။ သူ့နောက်မှ နှစ်ခါလည်ကျော်ရွယ် ချိုအောင်က ထမီစဆွဲ၍ လိုက်ပါလာသည်။ ပင်လယ်ကို သူမက မျှော်ကြည့်သည်။
“ပင်လယ်ကတော့ ငြိမ်နေတာတဲ့။ လေလဲကျပုံ မပေါ်ဘူး”
ပင်လယ်အလုပ်ကို အိမ်ထောင်ကျမှ စတင်လုပ်ဖူး ကြုံဖူးသော်လည်း မသိန်းယဉ်က ပင်လယ်နှင့် ယဉ်ပါးနေပြီ။
အမှန်ကား ပင်လယ်သည် မငြိမ်ပါ။ လှိုင်းခေါင်းဖြူများ ကြွနေသည်။ မိုးရိပ်များ ထွေးယှက်နေ၍ နေ ရောင် ပွင့်ပွင့်လင်းလင်း မရှိပါ။ မိုးသက်လေသည် တဖြူးဖြူး တိုက်ခတ်နေပါသည်။
သို့သော် သူ မစိုးရွံ့။
လှေကြီးကို အားကိုးသည်။ လှိုင်းကြီးသမျှ လှေအောက် ရောက်ရသည်သာ ဖြစ်သည်။ ရွက်တွေကို အားကိုးသည်။ တခြားလှေ တစ်ဆ အသွားနှုန်းကို နှစ်ဆ လျင်မြန်နှုန်းနှင့် လှိုင်းတွေပေါ် ကျော်ဖြတ်သွားပေမည်။
ပြီးတော့ ချစ်လင် ကိုရဲနောင်ကို အားကိုးသည်။ ငယ်စဉ်ထဲက ကိုရဲနောင် ပင်လယ်ထဲမှာ အလုပ် လုပ်သည်။ ပင်လယ်အကြောင်း နောကျေနေသည်။
ထို့ကြောင့် ချစ်လင် ကိုရဲနောင်နှင့်သာ သွားရပါလျှင် မုန်တိုင်းကျလည်း မသိန်းယဉ်သည် ပင်လယ်ကို ထွက်ရဲပါသည်။ စိုးရိမ်ကြောင့်ကြစိတ် ဖြစ်မည်မဟုတ်ပါ။ သူ့အရှင်သခင် ချစ်လင်သည် သူ၏အပြင် အပကို လည်းကောင်း၊ အတွင်းစိတ်ကိုလည်းကောင်း လုံခြုံမှုပေးပါသည်။ သူမအားကိုး ယုံကြည်ပါသည်။
ကိုဘချစ်၊ ကိုအောင်တင်၊ ကိုဖိုးတောက်၊ ကိုအေး စသော စာရင်းငှားလေးယောက်တို့မှာလည်း အစစ ပြင်ဆင်ပြီးဖြစ်ပါသည်။
“ကိုဖိုးတောက် လှေဝမ်းက ရေပေါက်ပိတ်ပြီးလား”
“ဟုတ်ကဲ့… ပိတ်ပြီးပါပြီ”
“ကဲ… ဒါဖြင့် ထွက်မယ်”
ကိုရဲနောင်သည် ဇနီး မသိန်းယဉ်နှင့် သားကြီးအ တွက် လှေပေါ်တွင် အိပ်ရာပြင်ပေးထားသည်။ ပေါင်းလုံးလေးကို လေမတိုး မိုးမပေါက်အောင် ပိတ်ပေးသည်။
ထို့နောက် မြောက်ယွန်းယွန်း လှေဦးတည့်၍ ကုလားထိပ်ဆိပ်ကမ်းမှ စတင်ထွက်ခဲ့သည်။
ရွာသူ ရွာသားများက ကမ်းပေါ်မှ လက်ပြနှုတ် ဆက်ကျန်ရစ်ကြသည်။
ရွက်နှစ်ဆင့်ပြည့်ပေါင်းလျက် လေအားကောင်း ကောင်းတွင် လှေကြီးသည် လှိုင်းခေါင်းဖြူများကို နင်းကျော်လျက် အရှိန်နှင့်ပြေးသည်။ ပင်လယ်ကမ်းစပ်မှ ကုလားထိပ်ရွာကလေးသည် ဝေး၍ကျန်ခဲ့ပြီ။
ဝေးကျန်ခဲ့သောကမ်းကို ကျောခိုင်း၍ မျှော်ကြည့်လိုက်လျှင် အဆုံးမရှိသော ပင်လယ်ပြင်ကြီးသည် လှိုင်းခေါင်းများ မြူးတူးလျက် ရှိနေပုံကိုသာ မြင်ရ သည်။
xxx xxx xxx
ပေါင်းကုတ် လုံးလုံးလေး၏ အပေါက်ကိုဖွင့်၍ ပင်လယ်ကို ငေးမောမိသည်။ မသိန်းယဉ်သည် မနက် မိုးမလင်းခင်ကပင် ထမင်းဟင်း အစုံချက်ထားခဲ့ပြီး ဖြစ်သည်။
ယခု လှေ၏ပဲ့ပိုင်း တက်မခုံရှေ့ရှိ ကွပ်ပျစ်အခင်း ပေါ်တွင် လူငှားတွေနှင့်အတူ ကိုရဲနောင် ထမင်းစား နေပြီ။
မသိန်းယဉ်တို့ သားအမိမှာ လှေမထွက်ခင်ကပင် စားထားနှင့်ပြီးကြပြီ။
သားကြီးချိုအောင်သည် ပျော်နေ၏။ သူ့ ဖိုးအေ ဖွားအေနှင့် အဒေါ်များကို ညနေပိုင်းတွင် သူ တွေ့ရတော့မည်။ သူသည် သူ့ဖိုးအေနှင့် ဖွားအေကို မြင်ဘူးပြီး မှတ်မိသည်။ အဒေါ်များကို မမှတ်မိ။ တနှစ်မပြည့်မီကသာ သူ့အဒေါ်များက သူ့ကို မြင်ဘူးထားကြသည်။ သူ့ ဖိုးအေနှင့် ဖွားအေကမူ သံဒိတ်ရွာမှ မကြာ မကြာ ပင်လယ်ဖြတ်၍ လာကြသဖြင့် သူသိနေခြင်းဖြစ်သည်။
သမီးလေးစုစံက သူမရင်ခွင်ထဲတွင် အိပ်ပျော်နေသည်။ သမီးလေး၏ပါးစပ်ထဲမှ နိုကိုချွတ်၍ ဖျာပေါ်တွင် ချသိပ်လိုက်သည်။
လှေကမငြိမ်။လှိုင်းနှင့်အတူ ယိမ်းထိုးလှုပ်ရှားနေသည်။ ဘယ်ယိမ်း ညာနွဲ့နှင့် လှိုင်းလုံးများနှင့်အတူ မြင့်တက်သွားသည်။ နိမ့်လျှိုးကျသွားသည်။
မကြာမီ သားကြီးချိုအောင် အိပ်ပျော်သွားသည်။ ပုခက်နှင့်သိပ်သလို တငြိမ့်ငြိမ့် တအိအိနှင့် လှေကြီး သယ်ဆောင်ရာပါရင်း နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်နေခြင်းဖြစ်သည်။
အနောက်ဖက်ဆီသို့ သူမ မျှော်ကြည့်သည်။ ကမ်းခြေရေးရေး အနက်စင်းလေးကိုသာ မြင်ရတော့သည်။
ကောင်းကင်တွင် မိုးရိပ်များမဲလာသည်။ လေအားကောင်း၍ စောစောကထက် လှေကြီးသည် ပိုပြေး၏။
လှိုင်းလုံးများ ပိုမြင့်လာသည်။ ဝဲယာဝန်းကျင်မှာ လှိုင်းလုံးများ ပြည့်နေသော ရေပြင်ကြီးဖြစ်သည်။ ကမ်းဟူ၍ မမြင်ရ။
“မတော်တဆ ဒီလှေကြီးသာနစ်ရင် ငါ့သားနဲ့ သမီးလေးကို ငါ ဘယ်လိုကယ်ရပါ့မလဲ”
မသိန်းယဉ်သည် သားနှင့် သမီး၏ အပြစ်ကင်းစင်သော မျက်နှာလေးများကို ငေးမောကြည့်ရင်း၊ နှုတ်ဖျားမှ တီးတိုးရေရွတ်မိ၏။
စောစောက အားတင်းထားသော စိတ်အားမာန်များ လျှောကျသွားသည်။ စိုးရိမ်ထိတ်လန့်စိတ်များ ရင်ထဲကို တိုးဝင်လာသည်။ သူ့ရင်မှာ တဒိတ်ဒိတ်ခုန်လာသည်။ အပြောကျယ်သော ပင်လယ်ပြင်၌ ဤလှေကြီးမရှိခဲ့လျှင် သူ့သားနှင့် သမီးလေးကို သူ မည်သို့ ကယ်တင်ရပါမည်နည်း။
တွေးရင်း စိုးရိမ်ထိတ်လန့်စိတ်နှင့် မျက်ရည်ဝဲလာ သည်။
“သူ့တို့ကို ငါဘယ်လိုကယ်မလဲ။ ဟင်း… ငါကိုယ်တိုင်ကရော တွယ်စရာစရာမရှိတဲ့ ဒီလှိုင်းတွေထဲမှာ ဘယ်လို အသက်ရှင်နိုင်မှာလဲဟင်။ ဘုရား … ဘုရား။ ငါမတွေးဘူး … မတွေးဘူး။ ကိုရဲနောင်လဲ ရှိသေးသားဘဲ။ ငါ့ယောက်ျားဟာ ပင်လယ်ကို သိပ်ကျွမ်းကျင်တယ်။ အန္တရာယ်မရှိဘူးလို့ သူယုံကြည်ထားတယ်။ သူသိတယ်။ ဘယ်လိုမှ အန္တရာယ်မဖြစ်နိုင်ဘူး။ ဟုတ်တယ် မဖြစ်နိုင်ဘူး”
သူအားတင်းသည်။ မျက်ရည်ကို သုတ်သည်။
သူမ မိဘများရှိရာ ဖျာပုံမြို့ဆီ ရည်မှန်း၍ စိတ်ထဲမှ ရှိခိုးမိသည်။
အမေနှင့်အဖေသာသိလျှင် အဘယ်မျှ စိုးရိမ်ပူပန်ကြမည်နည်း။
“အလုပ်ကို စောစောသိမ်း၊ လေသံမိုးသံ မကြားခင် သံဒိတ်ဖက် ကူးထားကြပါကွယ်။ ကလေးတွေနဲ့ မိုးဦးလေဦးကျများ မကူးကြနဲ့ ။ အလုပ်သိမ်းနောက်ကျရင်လဲ။ ဖျာပုံဘက်လှည့်ပီး မြစ်တွင်းက သွားကြပါ”
အဖေနှင့်အမေက ပင်လယ်ကိုကြောက်သည်။
သူတို့မှာ အရောင်းအဝယ်အလုပ် လုပ်စားကြ သူများဖြစ်သည်။ ကိုရဲနောင်နှင့် အိမ်ထောင်ကျ၍ ပင်လယ်အလုပ်ရှိရာ သမီးကို ထည့်လိုက်ရ၍ စိတ်မချမ်းမမြေ့ ဖြစ်ကြရှာသည်။ နှစ်စဉ် နွေအလုပ်ပီးတိုင်း ကိုရဲနောင် မိဘများရှိရာ ဒေးဒရဲနယ် သံဒိတ်ရွာကို ကူးကြမြဲဖြစ်သည်။ မိုးကုန်သောအခါ ကုလားထိပ်ရွာဖက် ပြန်ကူးပြီး အလုပ်ကို ဆက်လုပ်ကြသည်။ ဤသို့ ကူးချည်သန်းချည် လုပ်နေသည်ကို အဖေနှင့် အမေက သဘောမကျ။
ယခုလို မြေးကလေးတွေ ရှိလာသောအခါ ပို၍ သဘောမတူနိုင် ဖြစ်လာသည်။ ကိုရဲနောင်ကို အမျိုး မျိုး ဖျောင်းဖျကြသည်။ အရောင်းအဝယ် အလုပ်ကို လုပ်စေချင်ကြသည်။
ကိုရဲနောင်က ရေလုပ်ငန်းကို နှစ်သက်သည်။ အ ကျိုးလည်းပေးသည်။ ဝင်ငွေကောင်းသည်။ သူကလည်း ဝါသနာပါသည်။
သူ့မှာ ခေတ်ပညာတတ်သူလည်း ဖြစ်သည်။ ဝန် ထမ်းအလုပ် လုပ်မည်ဆိုလျှင် ရာထူးခပ်ကြီးကြီးနှင့် လုပ်နိုင်သည်။
သို့သော် သူမလုပ်ချင်။ ရေလုပ်ငန်းကိုသာ လုပ်ချင်သည်။ သူ့မှာ ကျွမ်းကျင်သည်။ သို့ကြောင့် မစိုးရိမ်ရန် အမျိုးမျိုးပြောရရှာသည်။ ယောက္ခမများ စိတ်ချမ်းသာစေရန် သူက ပြန်ဖျောင်းဖျရ၏။
မတတ်သာ၍ မိဘများသည် သူတို့မျက်ကွယ်တွင် ကံတရားကို ပုံချလျက် လက်လျှော့ထားကြရသည်။
ယခုလည်း ပီးခဲ့သော ဧပြီလ သင်္ကြန်မတိုင်မီကပင် သံဒိတ်ဖက်သို့ ကူးကြမည်ဟု ပြောထား၍ သမီးနှင့် မြေးများ သံဒိတ်ဖက်ရောက်နေနှင့်ပြီဟု ထင်ကြ မည်။ စိတ်အေးနေကြမည်။
စောစောကတော့ သင်္ကြန်မတိုင်မီ ကူးရန်ဖြစ်သည်။ သို့သော် အလုပ်သိမ်းမည့်ဆဲဆဲမှာပင် ပင်လယ်က အရအမိကောင်းလှ၍ လောဘမသတ်နိုင် ဖြစ်ကြရ သည်။
“ပင်လယ်ဟာ ကြောက်စရာ မဟုတ်ပါဘူး မသိန်းယဉ်ရယ်။ မိုးဖြိုင်ဖြိုင်ကျနေတာတောင် ငါ ကူးဝံ့တယ် သိလား။ ဘယ်လောက် လှိုင်းကြီးကြီး၊ လှေက အသာလေး ကျော်တက်နိုင်တယ်။ လှိုင်းကြီး လှေ အောက်ဘဲကွ။ အရကောင်းတုန်း ဆက်ထွက်လိုက် ကြရအောင်။ ကုန်ချိန် လေးငါးရာ အသာလေး ရနိုင် တယ်ကွ”
ကိုရဲနောင်က ဤသို့ဆိုသည်။ မသိန်းယဉ် ဘာပြောရန် လိုသနည်း။
“ကိုရဲနောင် သဘောဘဲလေ၊ ကိုရဲနောင်နဲ့သာ သွားရလို့တော့ ငရဲဘဲသွားရ သွားရပေါ့။ သိန်းယဉ်တို့က မရွံ့ထဲကပါ”
သူမ၏ လှလှပပအပြုံးနှင့် ပြောပုံကို ကိုရဲနောင်က သဘောကျသည်။ သူမပခုံးကိုဖက်၍ တရှိုက်ရှိုက်နမ်းသည်။
“အဲဒီလိုသတ္တိမျိုး မွေးစမ်းပါကွာ၊ ငါ့မယားနဲ ငါ့သားသမီးတွေကို ငါ အသဲကွဲမတတ် ချစ်တာဘဲ။ ပင်ပန်းအောင် အန္တရာယ်ဖြစ်အောင် ဘယ်ဖန်တီးပါ့မလဲ။ ငါ့ကိုယ်ငါလဲ စိတ်ချယုံကြည်တယ်။ တသက်လုံး တွေ့ခဲ့ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေလဲ ရှိပါတယ်။ မင်းဘာမှ စိတ်ပူမနေနဲ့။ စိတ်အေးအေးနဲ့ သက်တောင့်သက်သာနေ။ ငွေရဘို့ ငါ အချိန်အခါကောင်းခိုက် အလုပ် လုပ်အုံးမယ်”
မသိန်းယဉ် ခေါင်းညိတ်သည်။ သူမ ယုံကြည်သည်။ အားကိုးသည်။
မိမိတို့ မိသားစုအတွက် ရတုန်းရခါ ရှာရ ဖွေရ၊ အလုပ်လုပ်ရရှာသော ချစ်လင်ဆန္ဒအတိုင်း စောင့်ခဲ့သည်။
အရအမိကျ၍ အချိန်ကုန်မှပင် အလုပ်သိမ်းဖြစ်တော့သည်။ မိုးထဲလေထဲမှာပင် ကူးခဲ့ကြရသည်။
“ဟိတ်… မသိန်းယဉ် ဘာတွေများ တွေးနေလဲကွ။ ငါ့မိန်းမ မိုးနဲ့ လေနဲ့ မို့ အသဲကြောင်ချင်နေပြီထင်တယ်။ ဟဲ- ဟဲ- ဟဲ….”
ဘယ်အချိန်က ရောက်နေသည်မသိ။ ကိုရဲနောင်သည် ပေါင်းလုံးလေးထဲ လေးဖက်ထောက်၍ ဝင်လာ၏။ သူ့မျက်လုံးများက ချစ်ဇနီးနှင့် သမီး သားများကို ရွှန်းရွှန်းစားစား ကြည့်နေသည်။
မသိန်းယဉ် ပြုံးသည်။ ငြိမ်းငြိမ်းအေးအေး အပြုံး ဖြစ်သည်။ ရင်ထဲက လှုပ်ရှားမှုကို ချစ်လင် မသိစေချင်ပါ။ တတယ်တော့ သူမမှာ မနည်းအားတင်းထားရပါသည်။
“အသဲမကြောင်ပါဘူးရှင်။ ပြောထားပြီးသား မဟုတ်လား။ ကိုရဲနောင် ပါရင် ငရဲဘဲဖြစ်ဖြစ် လိုက်ပါ့ မယ်လို့။ အရင်လဲ ဒီလမ်း ဒီခရီး သွားနေကြဘဲဟာ၊ မကြောက်ပါဘူး”
ကိုရဲနောင်က သူမ ပါးကို အသာ မွှေးလိုက်ပြီး၊ သားနှင့် သမီးကို ငုံ့မွှေးနေသည်။
“ဟော မိုးရွာလာပြီ။ လေလဲပါလာတယ်”
“ငါသိပြီးပါပြီကွာ။ မိုးနဲ့ လေ နဲနဲလာတယ်။ မင်း ကြောက်မှာစိုးလို့ကွ။ ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ ဒို့လှေဟာ ပင်လယ်အတွက် အကောင်းဆုံးဘဲ။ ပြီးတော့ ရွက်တွေကလဲ စိတ်ချရပါတယ်။ ဒို့ ရေအနက် လက်လန် ဆယ့်ငါးလန် ရောက်နေပြီကွ”
“ဟင်… အနက်ကြီးဘဲ”
မသိန်းယဉ် အလန့်တကြားဆိုသည်။ ကိုရဲနောင်က ရယ်သည်။
“ဟော… သွားနေကျ လာနေကျ၊ ဒို့ပါရင် ငရဲတောင် သွားဝံ့ပါတယ်ဆိုပြီး ရေအနက် လက်လံ ဆယ့်ငါးလံလဲဆိုရော လန့်သွားပြီ”
မသိန်းယဉ် ဣန္ဒြေဆောင်လိုက်သည်။
“အံမယ်… ကြောက်လို မဟုတ်ပါဘူး။ ထွက်လာတာ သုံးနာရီလောက် ရှိသေးတယ်။ ရေအနက် ဆယ့်ငါးလံအထိတောင် ရောက်လာပြီလို့၊ အံ့ဩလို့ပါ”
ကိုရဲနောင်က ချစ်ဇနီး၏မျက်နှာနုနုလေးကို ကြည့် ရင်း ရယ်သည်။
“ရောက်တာပေါ့ကွ။ ရွက်အားက ကောင်းတယ်။ လေကလဲ ဒါရိုက်ပင့်ပေးနေတယ်။ နောက် သုံးနာရီ ကျော်ကျော်ဆိုရင် သံဒိတ်ကို ရောက်လုပြီပေါ့ကွာ”
လေရော မိုးရော ကျလာ၍ စောစောကထက် ပင်လယ်ပြင်သည် လှိုင်းလုံးကြီးများ ထလာသည်။ လှေ ကြီးမှာ လူးလှိမ့်လာသည်။ လှိုင်းလုံးများပေါ် မြင့် တက်သွားပြီး အနိမ့်ထဲ ထိုးစိုက်ဆင်းသွားတိုင်း မသိန်းယဉ်စိတ်ထဲမှ ဘုရားတ,မိသည်။ ကိုရဲနောင်ကမူ ဂရုမထားဟန်နှင့် ပင်လယ်အတွေ့ အကြုံများကို ပြောနေသည်။
မကြာခင် မိုးတိတ်သွားသည်။ လေအားလည်း ပျော့သွားသည်။
မသိန်းယဉ် သက်ပြင်းချနိုင်သွားသည်။
လှေကြီးသည် တအိအိ လှုပ်ရှားရင်း ပြေးနေသည်။ ကိုရဲနောင်က ကလေးတွေနံဘေးတွင် လှဲနေသည်။
“ကျမ အပြင်ခဏ ထွက်ကြည့်အုံးမယ်၊ ဒီထဲမှာ ညောင်းနေတာဘဲ၊ ကလေးတွေနားမှာ ခဏနေပါအုံးနော်”
“ထွက်လေ… လှိုင်းနဲနဲရှိတယ်၊ လက်လွှတ်မသွားနဲ့၊ လှေကို ကိုင်ထားနော်”
ကိုရဲနောင်က စိုးရိမ်ဟန်ဖြင့် မှာသည်။
မသိန်းယဉ်အပြင်ထွက်ခဲ့သည်။
ကောင်းကင်တွင် နေရောင်ပင် ပွင့်နေသည်။
ကမ်းခြေကို လုံးလုံးမမြင်ရ၊ လှိုင်းခေါင်းဖြူကြီးများ
ထနေ၍ ပင်လယ်သည် ကြောက်စရာကောင်းလှပါ သည်။ ခရီးသွားဖော်အဖြစ် လှေတစင်း ရွက်တစုံကိုမှလည်း လှမ်းမမြင်ရ။ သက်ရှိသတ္တဝါဟူ၍ စင်ရော် တကောင်၊ပျံ လွှားတကောင် စသည်ပင် မတွေ့ရ။
ရေအောက်မှာမူ ရှိမည်။ ပင်လယ်ရေသတ္တဝါတွေ အများအပြား ဖြစ်မည်။ ရေအနက် လက်လံ ဆယ့်ငါးလံ ရှိပြီဖြစ်၍ သတ္တဝါအကောင်ကြီးကြီးတွေ ပေါများပေမည်။
သူတို့ဝဲယာ လှိုင်းလုံးကြီးများနှင့်အတူ အစွယ်ဖွေး ဖွေးနှင့် ရေသတ္တဝါကြီးတွေ ခုန်ထ,လာတော့မလို သူမ လှည့်ပတ်ကြည့်မိသည်။
ကောင်းကင်တွင် မိုးရိပ်ကလေးများ ပြေးလွှားနေသည်။
ကောင်းကင်ပေါ် ထိုးတက်တော့မယောင် တဆင့်ပြီးတဆင့် ဆင်ထားသော ရောင်စုံရွက်နှစ်စုံသည် ပြည့်ဖောင်းလျက် လှပနေပါသည်။
သူမ၏ စာရင်းငှားများသည် ပဲ့ပိုင်းတွင် တက်မကို ထိန်းပေးနေကြသည်။ ရွက်ကြိုးများကို ထိန်းကိုင်နေ ကြသည်။ သူတို့ ကြိုးစားထိန်းမတ်လျက် ပဲ့ကိုင်နေ၍ လှေကြီးမှာ လမ်းကြောင်းမတိမ်း။ လှိုင်းထဲ တွင် မယိမ်းမယိုင် တည်ငြိမ်စွာ ပြေးနေခြင်းဖြစ်သည်။
တရွေ့ရွေ့ လှေဦးပိုင်းဆီ ရွှေ့ခဲ့ရာမှ ရေကန့်ကို ရောက်လာသဖြင့် မသိန်းယဉ် ငုံ့ကြည့်လိုက်သည်။
မသိန်းယဉ် အလန့်တကြား ခါးကိုမတ်လိုက်စဉ် လက်ကိုင်လွှတ်၍ လှိုင်းအပင့်နှင့် လှေက လူးသွားရာ ပင်လယ်ထဲသို့ စဉ်မကျရန် မနည်းပင် ရွက်တိုင်ကြီးကို လွှမ်းဖက်လိုက်ရသည်။
သူမ လန့်သွားသည်။ အသက်ကို အောင့်ထားလိုက်မိသည်။
ပေါင်းလုံးကလေးဖက်သို့ သူမ မြင်လိုက်ရသည် က သေမင်း၏ ပါးစပ်နှင့် တူလှပါသည်။
“ကိုရဲနောင်… ကိုရဲနောင်၊ ရေ… ရေ ရေတွေ၊ လှေထဲမှာ ရေတွေပြည့်နေပြီ။ ကယ်ပါအုံးတော် … ရေတွေ … ရေတွေ”
ရဲနောင်သည် သမီးလေး စုစံကို ဖက်၍ မှေးကနဲ အိပ်ပျော်ရာမှ ခုန်ထလိုက်သည်။ သမီးလေးလည်း နိုးသွားသည်။ ကျီကျီလောင်လောင်ငိုသည်။ အကြီး ကောင် ချိုအောင်လည်း နိုးသွားသည်။ မိခင်၏ အော်သံကြောင့် ရောယောင်ငိုသည်။
“လှေထဲမှာ ရေတွေ… ဟုတ်လား”
“ဟုတ်တယ်… ဟုတ်တယ်။ လှေထဲပြည့်နေပြီ။ နစ်တော့မယ်”
“ကလေးတွေဖက်ထား…”
ကိုရဲနောင်သည် ပေါင်းလုံးထဲမှ ခုန်ထွက်သွားသည်။
အပြင်အရောက်တွင် လှိုင်းလုံးတလုံး ဘေးတိုက် ကျော်တက်လိုက်သည်။ လှေမှာ ရေပေါ်တွင် ပေါ်ရုံ
သာသာရှိတော့သည်။
“ဘယ်လို ဖြစ်တာပါလိမ့်”
ကိုရဲနောင် တအံ့တသြ ထိတ်လန့်သွားသည်။ သူ ပေါင်းထဲမဝင်မီက လှေမှာ နဂိုရ်အတိုင်းရှိသေးသည်။လှေဝမ်းဘိုက်မှ ရေပေါက်ပွင့်သွားခြင်းဖြစ်မည်။
ပင်လယ်မှာ ဤလှေနှင့်ထွက်၍ အလုပ်လုပ်ခဲ့သည် မှာကြာပြီ။ တခါမှ ဤသို့ မဖြစ်စဘူးပါ။
လမုသား ဗူးဆိုသည် အလွန်ခိုင်သည်။ ကျွတ်ခဲသည်။ကျွတ်ကို မကျွတ်ခဲ့ပါ။ ယခု ဗူးဆို့ပွင့်၍ မိနစ်ပိုင်းအတွင်း ရေတွေ ဝင်ခဲ့ခြင်းဖြစ်သည်။
လှိုင်းခေါင်းဖြူများ ပြေးလာကြသည်။ အရင်က သူ မကြောက်။ ယခု စိုးရိမ်ထိတ်လန့်နေသည်။
လှိုင်းခေါင်းဖြူတွေ ပြေးလာပြီး လှေပေါ် ကျော်တက်သည်။ သူက ရေပေါက်ကို လှေဝမ်းထဲ ခုန်ဆင်း၍ စမ်းမိအောင် စမ်းသည်။
ဟုတ်ပါသည်။
ရေပေါက်ပွင့်နေသည်။ ဗူးဆို့မရှိတော့။
“ရေပေါက်ဗူးဆို့ ပွင့်တာဗျို့၊ ကိုဘချစ်တို့ ရွက်ကြိုးလွှတ်လိုက်၊ လှေနစ်တော့မယ်၊ ကိုယ်ဖော့စရာ တခုခုရှာပြီး ကမ်းကို အရောက်ကူးကြ။ နောက်ထပ် လေလဲ လာမှာမဟုတ်ဘူး။ ဒီနေ့အဖို့ မိုးလဲ ရွာမှာ မဟုတ်ဘူး၊ စိတ်ရဲရဲထားပြီးတော့သာ ကူးကြ”
ကိုရဲနောင်သည် ပါးစပ်မှ အော်ပြောရင်း လှေ၏ ဦးတွင် ကျပ်လုံးကြိုးကြီးနှင့် အသင့်ပြင်ထားသော သံကျောက်ဆူးကြီးကို လှေနှင့်အတူ ရှိနေအောင် ကြိုးတချောင်းနှင့် အသေအချာ ချည်ထားလိုက်သည်။ ကျောက်ဆူး ရေထဲမကျရန် အရေးကြီးသည်။ ကျောက်ဆူးရေထဲကျပြီး ရေအောက်တွင် စွဲနေပါက လှေမှာမရွေ့နိုင်ဘဲ လှိုင်းဖိခြင်းဖြင့် ရေအောက်ဆွဲနှစ်သလို ဖြစ်နေမည်။
ထို့နောက် ကြိုးလွှတ်လိုက်၍ တဖျန်းဖျန်း ရိုက်ခတ်လှုပ်ရှားနေသော ရောင်စုံရွက်ကြီးကို ရှောင်တိမ်းရင်း ဇနီးနှင့် သားသမီးတို့ဆီ ပြေးခဲ့သည်။ အံဖုံးပေါ်သို့တိုင် ရေများနစ်နေပြီ။
အိုးခွက်အချို့ လှေထဲတွင် မျောနေကြသည်။ လှေကြီးက အရှိန်နှင့် ရွေ့လျားနေဆဲဖြစ်သည်။ လှိုင်းများက လှေပေါ် ကျော်တက်နေသည်။
“ကိုရဲနောင်၊ ခင်ဗျားမိန်းမနဲ့ ခလေးတွေကို ဘယ်လိုလုပ်မလဲ”
ကိုအောင်တင်က ပဲ့မှ လှမ်းအော်သည်။ သူတို့လည်း ဘာလုပ်ရမှန်းမသိ။
“ကိစ္စမရှိဘူး၊ ခင်ဗျားတို့ ကမ်းရောက်အောင်
ကြိုးစားကြ”
“ဘယ်ဖြစ်မလဲဗျ”
ကိုအေးက ပြန်အော်သည်။ ကိုရဲနောင်သည် မည်သို့မှ ပြန်မပြောနိုင်တော့ဘဲ ပေါင်းထဲမှ ပြေးထွက်လာသော သားကြီးကို ဆီးပွေ့လိုက်သည်။
“မသိန်းယဉ် … မသိန်းယဉ်”
ရုတ်အင်္ကျီလက်တို ဘောင်းဘီအနီလေး ဝတ်ထား သော သားကြီးချိုအောင်သည် ကြောက်လန့်တကြား အော်ငိုသည်။
“ကျမလာပြီ”
ပေါင်းထဲမှ မသိန်းယဉ်သည် ထမီမနိုင် ပုဝါမနိုင်ပုံမျိုးနှင့် သမီးလေးစုစံကို ပွေ့ရင်း ထွက်လာသည်။ သူမမျက်နှာတွင် မျက်ရည်တွေ ပေလူးနေသည်။ ရင်ခွင်ထဲမှ ကလေးက ငိုနေသည်။သူမ၏ ခြေဒကောက်သို့တိုင် ရှည်သော ဆံပင်များသည် ပြေကျနေ၍ လေထဲလွင့်နေ၏။
သူ့ကိုကြည့်ရင်း ကိုရဲနောင် ရင်ထဲ နင့်သွား၏။ သားငယ်နှင့် သုံးလအရွယ် သမီးလေးတို့ကို ကြည့်ရင်း ရင်ထဲဆို့လာမိသည်။ သူတို့ကို မြင်ရသည်မှာ နောက်ဆုံးအကြိမ် မြင်ရခြင်းပေလားဟု တွေးမိသည်။
ပဲ့ပိုင်းမှ စာရင်းငှားလေးယောက်သည် သံပုံးနှင့် ဒန်အိုးကြီးများကို ကိုယ်ဖော့နိုင်အောင် အသင့်ကိုင် ထားကြသည်။ သူတို့အားလုံး အခြားပစ္စည်းဟူ၍ ဘာမျှ မက်မောတွယ်တာ မနေနိုင်ကြတော့ပါ။ အသက်ကို လုရမည့် အခြေအနေဖြစ်သည်။
“မသိန်းယဉ်။ ကျနော်ကို ခလေးပေးပါ။ ကျနော်သံပုံးတဖက်တွယ်ပီး ကလေးကိုဖက်ထားမယ်၊ ခင်ဗျား ကိုယ်လွတ်ကူးပါ”
ကိုဖိုးတောက်က ပြေးလာရင်း ပြောသည်။
မသိန်းယဉ်လှည့်ကြည့်သည်။ တဖန် သူ့ရင်ခွင်ထဲမှ
သမီးလေးကို ငုံ့ကြည့်သည်။ သူ့ခြေသို့တိုင် ရေတွေ
က တက်လာပြီ။ သူဆုံးဖြတ်လိုက်သည်။
“နေပစေ … နေပစေ၊ ကျမသမီးနဲ ကျမ အတူသေ မယ်၊ ရှင်လွတ်အောင်သာကူး”
သူမစကား မဆုံးလိုက်ပါ။
လှိုင်းတလုံးအဖုံးတွင် လှေကြီးသည် အိုးတစ်လုံး နှစ်သလို ရုတ်တရက် နစ်သွားတော့သည်။ ပြေးလာရင်း လမ်းခုလပ်မှာပင် ကိုဖိုးတောက် ရေထဲထိုးကျသွားသည်။ ပဲ့ပိုင်းမှ လူများလည်းလှိုင်းနှင့်အတူ ပါသွားကြသည်။
ကိုရဲနောင်သည် သားကိုဖက်လျက် လှိုင်းနှင့်အတူ ရောပါသွားပြီး မြုပ်သွား၏။
မသိန်းယဉ်သည် သမီးလေးကို ကျစ်ကျစ်ပွေ့ထား လျက်နှင့် လှိုင်းပုတ်သည့် အရှိန်ဖြင့် လွင့်ကျသွားပြီး
ရေအောက်မြုပ်သွားသည်။
သူသတိမလွတ်ပါ။
လက်တဖက်က ကလေးကို ဖက်ထားရင်း လက် တဖက်မှ ယက်သည်။ ခြေနှစ်ဖက်နှင့် ရေကို ကန်ယက်သည်။ ရင်ခွင်ထဲမှ ကလေးက လူးလွန့်နေသည်။ ရုတ်တရက် ရေပေါ်ရောက်လာသည်။ ပတ်ဝန်းကျင်ကို မကြည့်လိုက်နိုင်မီမှာပင် လှိုင်းတလုံးက အုပ် လိုက်ရာ၊ ရေအောက်သို့ ပြန်မြုပ်သွားသည်။
ကိုရဲနောင်က သားကို ဘယ်လက်နှင့် ဖက်ထားပြီး ခွန်အားရှိသမျှ ရေပေါ်ကန်တက်သည်။ သားငယ်က အသက်မရှူ ရ၍ ကန်ကျောက်ရုန်းကန်သည်။ သူ့ရင် ဘတ်ကို ခြေနှစ်ဘက်နှင့် ဆက်တိုက်ကန်နေသည်။
သူက သားကြီးချိုအောင်ကို မလွတ်တမ်းဖက် လျက်နှင့် ရေပေါ်ရောက်လာသည်။ နောက်ထပ်လှိုင်း တလုံးက အရှိန်နှင့် ရောက်လာရာ သူက ကိုယ်ကိုဖော့ပေးလိုက်ရာ လှိုင်းပေါ်တွင် အလိုက်သင့်ပါသွားသည်။
သူ ပတ်ဝန်းကျင်ကို မြင်ရသည်။
နေရောင်ကျဲကျဲပူနေသည်။ မိုးသက်လေ တိုက်ခတ်နေသည်။
လှိုင်းခေါင်းဖြူတွေ ဒေါမာန်ထနေသည်။ သူ့လှေကြီး၏ ရွက်တိုင်ဖျားကို မနီးမဝေးတွင် မြင်ရသည်။ သူ၏ ရောင်စုံရွက်များ စုတ်ပြတ်၍ လှိုင်းများနောက် ပါသွားသည်ကိုလည်း တွေ့ရသည်။ ခပ်ဝေးဝေး လှိုင်းလုံးပေါ်တွင် လူတယောက် ပါသွားသည်။ သူမြင်ရသည့်ခဏမှာပင် မြုပ်သွားသည်။
မသိန်းယဉ်နှင့် သမီးလေး။
သူလှည့်ပတ်ကြည့်သည်။
အစအန မတွေ့ရ။ ရွက်တိုင်ဖျားပေါ်နေသော လှေ ဆီ ကူးခဲ့သည်။ ရင်ခွင်ထဲမှ သားကို အသက်ရှူနိုင်အောင် လက်တဖက်နှင့် မြှောက်ထားသည်။ သားငယ်မှာ မေ့နေသည်။
သူ့ရင်မှာ ဆို့နစ်နေသည်။
ပြေးလာပြီး ဖုံးလွှမ်းလိုက်သော လှိုင်းလုံးများကို ကိုယ်ဖော့ထိုးတက်သောနည်းဖြင့် လှိုင်းပေါ်ရောက်ပြီး တဖက်သို့ လျှောဆင်းရသည်။ ခက်ခဲပင်ပန်းစွာ လှေ ကြီးနား ရောက်လာသည်။ ပေါ်နေသော ရွက်တိုင်များဆီ သူရောက်တော့မည်။
ထိုစဉ် ရုတ်တရက် ရွက်တိုင်မှာ တဖက်သို့ တိမ်းစောင်းသွားပြီး လှိုင်းအရှိန်နှင့် လှေကြီး ပက်လက်မြုပ် ရာမှ စောင်းသွားပြီး မှောက်လျက်ဖြစ်သွား၏။ လှေကြီး၏ ဝမ်းဘိုက်မဲမဲကြီး ရေပေါ်ပေါ်လာသည်။
ကိုရဲနောင် ဝမ်းသာသွားသည်။ ရွက်တိုင်တပ်လျက် ဖြစ်နေ၍ မှောက်လျက်ဖြစ်နေသော လှေကြီးမှာ ပြန်စောင်းနိုင်မည် မဟုတ်သလို ပြန်၍ ပက်လက်လည်း မဖြစ်နိုင်တော့။
လှေဘိုက်ပေါ်တွင် နားခိုနိုင်ပြီ။
သူလှေဆီ အားကုန်ကူးသည်။
လှိုင်းခေါင်းဖြူများက သူ့ကို ဖုံးအုပ်သည်။ ရေအောက်မှ တဖန် ပြန်ယက်တက်သည်။ ဆက်ကူးသည်။ ကလေးတဖက်နှင့်ဖြစ်၍ ခရီးမတွင်လှ။
လှေဝမ်းဘိုက် အပြင်ပေါ်သို့ သူ ထိုးတက်သည်။ ရေမျက်နှာပြင်ပေါ်တွင် အနည်းငယ်သာ ခုံးခုံးလေးပေါ်နေသောကြောင့် သူ့မှာ သိပ်မခဲယဉ်းဘဲ အပေါ် ရောက်သွားသည်။
ပတ်ဝန်းကျင်ကို သူ လှည့်ပတ်ကြည့်သည်။
မသိန်းယဉ် ဘယ်ရောက်နေပြီမသိ။ ရေအောက် ရောက်သွားပြီလား။ ရေမွှန်းပြီး လူကြီးရော ကလေးပါ ပြန်မပေါ်နိုင်တော့သည့် အခြေအနေ ရောက်စဉ် ငမန်းနဲ့ တွေ့သွားပြီလား။
“မသိန်းယဉ်… မသိန်းယဉ်ရေ၊ အဖြစ်ဆိုးလိုက်တာ မိန်းမရယ်။ သမီးလေးလဲ ဆုံးပြီထင်ပါရဲ့။ လူကြီး တောင် မရှင်နိုင်ရင် သုံးလမပြည့်သေးတဲ့ သမီးလေး မှာ ဘယ်လိုရှင်နိုင်တော့မှာလဲကွာ၊ ဖြစ်မှဖြစ်ရလေ”
အရူးလို သူ အော်ခေါ်သည်။ နှုတ်မှ တတွတ်တွတ် ရေရွတ်သည်။
ရင်ခွင်ထဲမှ သားကို သတိရသည်။ သူ ငုံ့ကြည့် သည်။ သားလေးမှာ မြောနေသည်။ သူသည် သား၏ ပါးလေးကို သူ့ပါးနှင့် ကပ်ထားလိုက်သည်။ မျက်ရည်တွေ ပါးပေါ် လိမ့်ဆင်းလာသည်။
လှိုင်းတံပိုးများသည် ငရဲပွက်သလို ဟစ်ကြွေး၍ ပြေးလာသည်။ သူ့ကိုယ်ပေါ် ဖုံးအုပ်သွားသည်။
လှေဝမ်းဘိုက်ပေါ်က လွင့်မသွားအောင် သူတွယ်ကပ်ထားသည်။ ပတ်ဝန်းကျင်မှာ လှိုင်းလုံးများသာ အော်ဟစ်လှုပ်ရှားနေသည်။
ချစ်ဇနီး၏ မျက်နှာ၊ ချစ်သမီး၏ မျက်နှာလေးတို့ကို
မြင်ယောင်ရင်း သူ ဟစ်အော်ပြန်သည်။
“မသိန်းယဉ်ရေ … မသိန်းယဉ်၊ မင်း ဘယ်ရောက်သွားပြီလဲ မိန်းမရယ်၊ သမီးလေး … သမီးလေးရော”
အော်ရင်း သူ့ လည်ချောင်းထဲတွင် ဆို့နစ်လာသည်။
ရင်ခွင်ထဲမှ သားလေးမှာ မေ့မြောနေဆဲဖြစ်သည်။ သားလေးကို ပွေ့ပိုက်ရင်း မွှေ့ယမ်းလိုက်သည်။
သူသည် ရှိုက်၍ ရှိုက်၍ ငိုသည်။
ထိုအချိန်တွင် သားလေးက လှုပ်လာသည်။ ပြီးတော့ ထိုးအန်သည်။ ရေတွေကို အန်ပစ်လိုက်သည်။
သားလေး သတိရလာပြီ။ သူ ကျစ်ကျစ် ဖက်၍ ဘယ်ပြန် ညာပြန်နမ်းသည်။
သားကလန့်နေဆဲဖြစ်သည်။ ငိုသည်။
“သား တိတ်ပါ … တိတ်ပါ သားရယ်”
“ဖေဖေ … မေမေရော ၊ ညီမလေးရော”
သူ ဘယ်လိုပြောရပါ့။ ရင်ထဲတွင် ထုချေခံရသလို နာသည်။ မျက်ရည်ပူတွေ စီးကျလာသည်။
“ရှိ … ရှိ … ရှိပါတယ် သားရယ်၊ ဟောဒီရေထဲမှာ၊ ဟော… ဟော “
သားကို လှိုက်လဲဆို့နစ်စွာ ပြောရင်း ရေပြင်ကို လက်ညှိုးထိုးပြစဉ် သူ့လက်ညှိုးတည့်တည့်သို့ မျက်လုံး ရောက်သွား၏။ လှေနံဘေးမှ လှိုင်းအရှိန်နှင့် ဆံပင်တထွေးပေါ်လာရာ သူသည် ဆံပင်များကို ဖမ်းဆွဲလျက် လက်နှင့်ရစ်ပတ်ကာ ခွန်အားရှိသမျှ ညှစ်ထုတ် ဆွဲမလိုက်သည်။
“မသိန်းယဉ် … မသိန်းယဉ်၊ ငါ့မိန်းမ အမလေး… ကံကြီးပေလို့များ … ဘုရားမ,တာဘဲ”
ဟုတ်ပါသည်။ မသိန်းယဉ်သည် မေ့မျောတော့မည့်ဆဲဆဲ ဖြစ်ပါသည်။
သို့သော် သူ့ရင်ခွင်ထဲတွင်သမီးလေးစုစံကို လက်တဖက်မှ ဖက်လျက် ရှိပါသေးသည်။ သူမသည် မျက်လုံးတချက် ဖွင့်ကြည့်ပြီး သူ့နံဘေးတွင် ခွေလဲနေရာမှ ရေများကို အန်ထုတ်သည်။ အသက်ကို အားပါးတရ ရှူနေသည်။ ကိုရဲနောင်သည် ချစ်ဇနီး၏ ကျောကို လက်တဖက်နှင့်နှိပ်ပေးသည်။ သူ့အသက်ကို မှန်မှန်ရှူလာနိုင်ပါပြီ။ လှေနစ်သည်မှ ယခုအချိန်အထိ နှစ်မိနစ်မျှကြာမည်။
နှစ်မိနစ်မျှသော အချိန်အတွင်း သူ ရင်ဆိုင်ခံစားရ သမျှမှာ နှစ်ပေါင်းများစွာ ကြာသည်ဟု ထင်သည်။ သူ ဖြေသာပါပြီ။
ဇနီးလည်း သူ ပြန်ရပြီ။ သမီးလေးလည်း ပါလာ သည်။ သမီးလေးမှာ ရေမွန်း၍ မျောနေဆဲ ဖြစ်ပါသည်။
ခဏအကြာတွင် မသိန်းယဉ် ထိုင်နိုင်သည်။ သမီးလေးကို ကျောနှင့် ရင်ဘတ်မှ ညှပ်၍ ခပ်ဖြည်းဖြည်း နှိပ်ပေးသည်။ ရေငန်များ အန်ထွက်သည်။
သူမမျက်လုံးအိမ်မှ မျက်ရည်များ စီးကျလာသည်။ ယခုအချိန်ထိ သူမ ရင်သွေးလေးများကို မဆုံးရှူံးရ သေးပါ။ သူမ ခန္ဓာကိုယ်နှင့် အသက်လဲ မြဲနေသေး သည်။ ချစ်လင်လည်း ရှိနေသည်။
ဝမ်းသာဝမ်းနည်းနှင့် ချစ်လင်နှင့် ချစ်သား ချစ်သမီးတို့ကို တလှည့်စီကြည့်ရင်း သူမရှိုက်ငိုမိသည်။
လောလောဆယ် သေတွင်းမှ လွတ်မြောက်ခဲ့ရခြင်းအတွက် သူမမှာ ဝမ်းသာလုံးကြီး ဆို့နေသည်။ မိသားတစုလုံး မသေမပျောက် ပြန်ဆုံမိကြသည်။ အဘယ်မှာလျှင် ဝမ်းမသာဘဲ နေနိုင်ပါမည်နည်း။
“တိတ်ပါကွာ၊ ဒို့သားအမိ သားအဖတတွေ ကံကြီးလွန်းလို့ မပြန်ဆုံကြရတာ။ အင်း တကယ်တော့ ဒီလိုဖြစ်ရတာ ငါ့အပြစ်တွေပါဘဲကွာ။ လှေထွက်ခါနီးမှာ အရေးကြီး လှေဝမ်းက ရေပေါက်ကို မစစ်ဆေးမိဘူး။ အပေါက်ကို သစ်သားဗူးဆို့ ဆို့ရမယ့်အစား အဝတ်စုတ်နဲ့ ဆို့ထားလို့ ဖြစ်ရတာကွ”
ကိုရဲနောင်က နောင်တဖြစ်စွာပြောသည်။
သမီးလေးမှာ သတိပြန်ရလာပြီ။ ကလေးကိုယ်မှ လှိုင်းပုတ်သည့်ဒဏ်ကြောင့် ရဲနေသည်။ အနှီးလည်း မရှိတော့။ လုံးတီးလေး ဖြစ်နေသည်။ ကိုရဲနောင်သည် သူ၏ စုတ်ပြဲစပြုနေပြီဖြစ်သော ရှပ်အင်္ကျီကို ချွတ်၍ အလယ်မှ ခွဲလိုက်သည်။ တခြမ်းကို သမီးလေးအား ခြုံပေးသည်။ တခြမ်းကို သား ချိုအောင် ကိုယ်ပေါ် ခြုံပေးသည်။
လေအားပျော့လာသည်။ လှိုင်းတို့၏မာန်လည်း လျော့လာရ၏။
လေလာ၍ လှိုင်းရသည်။ လေပျော့လျှင် လှိုင်းတို့လည်း မာန်လျှော့ရသည်မှာ ဓမ္မတာပါ။ စောစောက ကြမ်းတမ်းကြီးမားလှသော လှိုင်းလုံးကြီးများသည် သူတို့၏ ခေါင်းပေါ်ကပင် ကျော်လွှားသွားပါသည်။ ယခုမူ သူတို့၏ခါးမျှသာ လာရောက်ပုတ်ခတ်နိုင် တော့သည်။
လှေဝမ်းပြင်ကြီးမှာ မလှုပ်မရှက် ငြိမ်သက်နေ သည်။ ဤလှေဘိုက်ပေါ်တွင် အချိန်ကြာမြင့်စွာ မှီခိုနိုင်ကြမည်မှာ ယုံမှားသံသယ မရှိနိုင်ပါ။
ကိုဘချစ်၊ ကိုအောင်တင်၊ ကိုဖိုးတောက်၊ကိုအေး စသော လူငှားလေးယောက်က ဘယ်ကိုရောက်နေပြီမသိ။ ငါးကြီးစာ ငမန်းစာ ဖြစ်ကုန်ပြီလား။
ကိုရဲနောင် သူ့စာရင်းငှားတွေကို ရေပြင်ပေါ်မှာ ရှာသည်။
ရေပြင်သည် ညီညာပျံ့ပြူး နေသည် မဟုတ်။
– ဆက်ရန် –
စာရေးသူ – ဖျာပုံလှမိုးနွယ်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ