အိမ်ဖော်(စ/ဆုံး)
—————
အိမ်ဖော်ကိုအိမ်အကူလို့လည်းတချို့ကခေါ်ကြပါတယ် ၊ တချို့ကတော့ကူဖော်လောင်ဖက်တဲ့ ၊ ဘယ်လိုဘဲခေါ်ခေါ် မိမိအိမ်ကအလုပ်တွေကိုကူလုပ်ပေးဖို့၊လိုအပ်နေလို့ခေါ်ယူထားတဲ့သူတွေလို့ဘဲ ဖွင့်ဆိုခြင်ပါတယ် ၊
တကယ်တော့မိမိနဲ့သွေးသားတော်စပ်သူမဟုတ်ဘဲ၊ တစိမ်းတရံစာကိုအိမ်မှာခေါ်ယူ၊ ကျွေးမွေး၊ အဝတ်ဆင်ပေးပြီး၊ ညအိပ်ညနေခေါ်ထားရတာမို့တာဝန်ကြီးလှပါတယ်၊
လုံးဝကိုမလွှဲသာ၊ မရှောင်သာ လိုအပ်နေသူများကသာ ၊ အိမ်ဖော်ကိုခေါ်ထားကြတာများပါတယ် ၊သက်ကြီးရွယ်အိုများကိုပြုစုစောင့်ရှောက်ရန်၊ ကလေးငယ်ငယ်လေးများကိုထိန်းကျောင်းပေးရန်၊ အိမ်ရှင်မကအပြင်ထွက်စီးပွားရှာနေရလို့ ၊ အိမ်မှာလျှော်ဖွပ်၊ ချက်ပြုပ်၊ သန့်ရှင်းရေးမှအစပြုလုပ်ရန်လိုအပ်နေသူများကသာ အိမ်ဖော်ကိုခေါ်ကြပါတယ်။
အခုခေတ်မှာအိမ်ဖော်တွေရဲ့လခကလည်းသိန်းနဲ့ချီပေးနေရပါပြီ၊ ဒီကြားထဲပွဲစားဆီကတဆင့်လာသူများဆိုရင်တော့ပိုဆိုး ၊ ပွဲစားခတလစာပေးရတာတမျိုး၊ အိမ်ဖော်အတွက် အနည်းဆုံး ၃ လစာပေးလိုက်ပါဆိုတာကတမျိုး ၊ တလလောက်ဘဲအလုပ်လုပ်ရသေးတယ်၊
တောကမရှိတဲ့အဖွားသေလို့ ၊ အမေနေမကောင်းလို့၊ စတဲ့အကြောင်းအမျိုးမျိုးပြပြီးပြန်ခေါ်သွားကြပြီး၊ နောက်တအိမ်ပို့၊ သူတို့ကပွဲစားခထပ်ရ၊ လစာ ၃ လစာပေးပြီးသားအိမ်ရှင်မှာတော့၊ ပက်လက်လန်ကျန်ခဲ့ရပြန်ရော ၊ နောက်တယောက်ထပ်ခေါ်၊ ထပ်ကုန် နဲ့ ဒီလိုအဖြစ်တွေကိုသူငယ်ချင်းတွေအိမ်မှာအမြဲကြားနေရလို့၊ ကျွန်မကတော့ကိုယ်တတ်နိုင်သလောက်အိမ်အလုပ်တွေကိုလုပ်ပါတယ်။
တနည်းအားဖြင့်အိမ်ဖော်မခေါ်ဖြစ်အောင်နေကြည့်တယ်ပေါ့လေ၊ ကျန်းမာရေးကောင်းနေသေးတော့လုပ်နိုင်၊ ကိုင်နိုင်သေးတယ် ဆိုပါတော့၊
ကလေးတွေငယ်စဥ်က သားတွေအသက် ( ၁၀) နှစ်ဝန်းကျင်ကာလလောက်တုန်းက ကျွန်မက မဂ်လာဒုံလေယာဥ်ကွင်းမှာတာဝန်ကျနေတာမို့ မနက်ဆိုရုံးကားက ( ၈) နာရီလောက်ဆိုလာခေါ်၊ ညဆို (၉) နာရီလောက်မှအိမ်ပြန်ရောက်၊ နောက်နေ့ဆို off နေ့ဖြစ်ပေမဲ့ ရုံးချုပ်ကိုအစီရင်ခံစာတွေပို့ရဖို့၊ သွားရပါသေးတယ်၊ နေ့ဝက်လောက်တော့ရုံးမှာနေရသေးတာမို့ ညနေစောစောပြန်ရပေမဲ့ အိမ်အလုပ်တွေလုပ်ဖို့ အချိန်နည်းပါးလှပါတယ်။
ဒီတော့အိမ်မှာအလုပ်လုပ်ဖို့အချိန်မပေးနိုင်တော့တာနဲ့ သားတို့အဖေက မဖြစ်မနေ အိမ်ဖော်ခေါ်မှဖြစ်တော့မယ်ဆိုပြီး၊ သူ့ဖာသာစီစဥ်ပြီး အသက် (၁၈) နှစ်အရွယ်ကောင်မလေးတယောက်ခေါ်လာပေးပါတယ်၊
သူ့နံမည်က အမာ တဲ့ ၊ ၅ တန်းလောက်ထိတော့စာသင်ဘူးပါသတဲ့၊ ကျွန်မလည်းရုံးမသွားခင်ချက်ပြုပ်၊ သားတို့အတွက်ထမင်းချ်ုင့်ထည့်၊ နံနက်စောစောစားဖို့အတွက်စီစဥ်၊ အမာ့အတွက်လည်း မနက်စာ၊ ညစာဟင်းခွဲပေး၊ ကျန်တာကိုအိုးလိုက်၊ကြောင်အိမ်ထဲထည့်သိမ်းနဲ့ မနက်ရုံးမသွားခင်ဂျင်ဂျင်လည်အောင်လုပ်ကိုင်ပြီး၊
အမာ့ကိုလည်းကျွန်မရုံးသွားရင်ကလေးတွေအဝတ်နဲ့ ယောက်ကျားအဝတ်တွေလျှော်၊ မီးပူတိုက် ၊ အိမ်သန့်ရှင်းရေးလုပ်၊ သူကတော့ကျွန်မဟင်းချက်ရင်ဘေးကဝိုင်းကူ ၊ အဲဒီလောက်ဘဲသူ့အလုပ်ရှိတာပါ၊မှာစရာရှိတာမှာပြီးရင်အားလုံးကကျောင်းသွား ၊ရုံးသွားကြတော့အိမ်မှာသူတယောက်ထဲကျန်ခဲ့ပါတယ်၊
အဲဒီအချိန်တုန်းက TV ဆိုတာကလည်းညပိုင်းမှလာတတ်တော့ TV ထိုင်ကြည့်နေမှာလည်းပူစရာမလို၊ တယ်လီဖုံးတွေလည်းမပေါ်သေးတော့ ဖုံးထိုင်ပွတ်နေမှာလည်းပူစရာမလို၊
ဒါပေမဲ့ဘာဖြစ်လာလည်းဆိုနေတော့၊ အဲဒီတုန်းကကျွန်မတို့ကသုဝဏတိုက်ခန်းနဲ့နေတော့ ဘေးအခန်းမီာလူပျိုကောင်လေးတွေရှိတော့ အဲဒီကောင်လေးတွေနဲ့ ကျွန်မရုံးသွားရင်စကားလှမ်းလှမ်းပြောနေတာကို ဒီဖက်အခန်းကအန်တီကြီးကတွေ့နေပြီး၊ ကျွန်မရုံးကပြန်လာရင်ပြောပြတတ်ပါတယ်၊ စကားမပြောနဲ့လို့ပိတ်လို့ကလည်းမဖြစ်၊ အခန်းကူးပြီးမလာကြသေးတာတော်သေးတဲ့အနေအထား၊
နောက်ထပ်ဘာဖြစ်လာသေးလည်းဆိုတော့ကျွန်မလေဆိပ်ဆင်းရတဲ့နေ့ဆိုရင်၊ ညမိုးချုပ်မှအိမ်ပြန်ရောက်တတ်တော့ အိမ်ပြန်ရောက်လို့ထမင်းစားမယ်ဆို၊ ထမင်းအိုး ၊ ဟင်းအိုးတွေကပြောင်၊ အိုးတွေကဆေးပြီးမှောက်ထားပြီးသားဖြစ်၊
“အန်တီကအပြင်ကစားလာမယ်ထင်လို့ စားပြီးအိုးဆေးထားလိုက်တာ” “အိမ်ရောက်မှစားမယ်လို့မှာထားခဲ့တယ်လေ”
ဘယ်လိုဘဲမှာမှာ သူကတော့နားမထောင်ပါဘူး၊ လေဆိပ်ဆင်းတဲ့နေ့တိုင်းကျွန်မထမင်းငတ်ရပါတယ်၊ အလုပ်ကမောမောနဲ့အိမ်ပြန်ရောက်ရင်ထမင်းစားမယ်ဆို၊ မရှိတော့ဘူးဆိုတာချည်းပါဘဲ။
သူရောက်ပြီး တပါတ်လောက်နေတော့သူ့အမေကတညလာအိပ်ရင်းရောက်လာပါတယ်၊ သူ့သမီးကဒီမှာဟန်ဟန်ပန်ပန်နေရတာမြင်တော့ လစာကိုတိုးတောင်းပါတော့တယ် ၊အရင်ကပြောထားတာတလကို ၁၀၀ ကျပ်နဲ့၊ အခုတော့ ၁၅၀ ကျပ်ပေးပါတဲ့ ၊
အဲဒီအချိန်တုန်းက ကျွန်မလစာတောင် ၂၁၀ ကျပ်ဘဲရသေးတဲ့အချိန်ကာလပါ၊ကိုယ့်လစာတဝက်မကတိုတောင်းနေတာမို့ လင်မယားနှစ်ယောက်တိုင်ပင်ပြီး၊ မနက်မိုးလင်းတာနဲ့
“ဒီလောက်လစာနဲ့တော့မခေါ်ထားနိုင်တော့ဘူး၊ရှင်တို့သမီးကိုပြန်ခေါ်သွားပါတော့၊ ဒီမှာနေတဲ့ရက်ပိုင်းအတွက်ပိုက်ဆံတွက်ပြီးပေးလိုက်မယ်”
သူတို့ပြန်သွားမှအိမ်ကပစည်းတွေစစ်ကြည့်ရပါတယ်၊အမာလာတုန်းကလွယ်အိတ်လေးတလုံးလွယ်ပြီး ဝတ်လာတဲ့ဝတ်စုံ တစုံနဲ့ အပိုဝတ်စုံတစုံဘဲပါလာတာပါ ၊ကျွန်မကအိမ်ရောက်တာနဲ့ ကျွန်မရဲ့မဝတ်တော့တဲ့အဝတ်တွေ၊မျက်နှာသုတ်ပုဝါ၊ ကျောက်ပျဥ် ၊ သနပ်ခါးတုန်း၊ ဘီး၊ မှန် ၊ကအစအားလုံးထုတ်ပေးထားတာပါ ၊ အခုသူတို့သားအမိကပေးထားတဲ့ပစည်းအားလုံးသယ်သွားကြတယ်လေ၊
သူတို့ပြန်သွားမှ သားလေး ၂ ယောက်ကိုခေါ်ပြီး ၊သားတို့ကျောင်းအားတဲ့အချိန်မေမေ့ကိုကူလုပ်ပေးကြနော်၊ အခုအမာရောက်လာတာသားတို့အမြင်ဘဲ ၊ မေမေသက်သာတာကနည်းနည်း၊ပိုက်ဆံလည်းအပိုကုန်သေးတယ်၊ ထမင်း/ဟင်းဆိုလည်း ချက်မလောက်ဘဲမဟုတ်လား၊ဒီလိုပြောပြတော့သားကြီးကအဲဒီအချိန်တုန်းက အသက် ( ၁၀) ကျော်လောက်ရှိပြီမို့ နားလည်တတ်တဲ့အရွယ်ဆိုတော့ ၊ အိမ်သန့်ရှင်းရေးမှအစသူတတ်နိုင်သလောက်ဝိုင်းကူပေးပါတယ်။
အဲဒီအချိန်ကတည်းကအိမ်ဖော်မခေါ်တော့တာခုထိပါဘဲ၊ ကိုယ့်အိမ်မှာအိမ်ဖော်မရှိပေမဲ့ သူငယ်ချင်းတွေအိမ်ကအိမ်ဖော်ဇာတ်လမ်းတွေကတော့အမျိုးစုံအောင်ကြားရပါတယ်။
ခုခေတ်မှာ TV တွေကလည်း ၂၄ နာရီလာနေတာဆိုတော့အလုပ်လုပ်ရမဲ့အချိန်မှာတောင် TV ထိုင်ကြည့်နေတာ၊ ဖုံးကိုဘဲတချိန်လုံးပွတ်နေတာ၊ ရည်းစားနဲ့ဖုံးပြောနေတာ၊ အစားအသောက်ခိုးစားတာလောက်ကတော့စာဖွဲ့မနေတော့ပါဘူး၊ဖြစ်နေကြအဖြစ်အပျက်မို့ရိုးနေပါပြီ။
ကျွန်မတို့အမတွေ အိမ်မှာနေတဲ့အိမ်ဖော်တွေဆိုရင်အနှစ် (၂၀) နီးပါးရှိပြီမို့ သူတို့လက်၊ သူတို့ခြေ၊ စိတ်ချထားလို့ရနေပါပြီ၊ သွေးသားရင်းညီအမတွေလိုဖြစ်နေတာမို့ တဦးနဲ့တဦးအမှီသဟဲပြုရင်းနေထိုင်ကြတာတွေ့ရပါတယ်၊ ဒါလည်းဟိုး အရင်လွန်ခဲ့တဲ့နှစ်များစွာကနေလာကြတဲ့သူများဖြစ်လို့ အိမ်တော်ပါများလိုဖြစ်နေကြတာပင်၊
အခုခေတ်မှာတောလအိမ်ဖော်တွေကညဆို အိမ်တံခါးဖွင့်ပေးလို့ဓားမြတိုက်၊ လူသတ်မှုဖြစ်ကြတဲ့အဖြစ်တွေတောင်ရှိနေပြီဆိုတော့ ၊ကိုယ်ကလည်းသူ့မယုံ၊ သူကလည်းကိုယ့်ကိုပါတ်ဖို့ချောင်းနဲ့စိတ်မချရတော့ပါဘူး။
ဘာဘဲဖြစ်ဖြစ် မဖြစ်မနေလိုကိုလိုလို့ခေါ်ထားရတဲ့အိမ်ဖော်ရှိသူများအနေဖြင့် ကူဖော်လောင်ဖက် ဆိုသည်မှာကူဖော်ဘဲဖြစ်ကြပါစေ၊
လောင်ဖက်တော့အဖြစ်မခံကြပါနဲ့လို့ စေတနာစကားပြောလိုက်ပါရစေလားရှင်၊
မေသင်းလှိုင် (ရွှေဘို)