ကျောင်းတော်ကြီးမှဆရာမ

Posted on

ကျောင်းတော်ကြီးမှဆရာမ(စ/ဆုံး)

—————————————

ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်ကို အခြေပြု၍ ရေးသားထားခြင်းဖြစ်ပါသည်။

ဒေါင်..ဒေါင်.. ဒေါင်

ကျောင်းတက်ခေါင်းလောင်း ထိုးသည်နှင့် ကလေးများ အားလုံး အလံတိုင်ရှေ့တွင် အပြေးအလွှား တန်းစီ နေကြလေသည်။

တနင်္လာ နှင့် သောကြာနေ့များတွင် ကျောင်းစုဝေး ကွင်းတွင် ကလေးများ အားလုံး စုဝေးကြပြီး နိုင်ငံတော် သီချင်း…မြန်မာ့ကျောင်းသီချင်း…ကျောင်းကောင်စီ သီချင်းများ သီဆိုကြပြီး ကျောင်းအုပ်ကြီးမှ အမှာစကား ပြောကြားခြင်း သည် အလက စည်ပင် ကျောင်းလေး၏ အလေ့အထ တစ်ခုပင် ဖြစ်သည်။

အလက စည်ပင်ကျောင်းတော်ကြီးတွင် တာဝန်ကျ ဆရာမ ရှစ်ဦး…ဆရာသုံးဦး…ကျောင်းအုပ်ဆရာမကြီး …စာရေးမ နှင့်အထွေထွေ လုပ်သား ပေါင်း ဝန်ထမ်းအင်အား ၁၄ဦး ရှိလေသည်။

ကျောင်းအုပ်ကြီးမှာ ရောက်ရှိသည်မှာ မကြာသေးပေ။

ထို့ကြောင့် အလယ်တန်းပြဆရာမ ဒေါ်အုန်းမြင့် ကိုသာ ကျောင်းအုပ်ကြီးက အထူးအားကိုး တိုင်ပင်ရလေသည်။

ဒေါ်အုန်းမြင့်သည်..စည်ပင်ရွာသူ တစ်ဦး ဖြစ်ကာ အလယ်တန်းပြလုပ်သက်ကား သုံးဆယ်နီးပါး ရှိပြီ ဖြစ်သည်။

ဒေါ်အုန်းမြင့်သည် ဤ စည်ပင်ရွာတွင် အကြာဆုံးတာဝန်ထမ်းဆောင်သူ ဖြစ်ကာ လယ်ပြလုပ်သက်လဲ အများဆုံးမို့ ကျောင်းအုပ်ကြီး လစ်လပ်ချိန်တွင်.. တာဝန်ခံ ကျောင်း အုပ်ရာထူး ကိုလည်း ပူးတွဲတာဝန်ယူရလေသည်။

ဒေါ်အုန်းမြင့် သည် စည်းကမ်းကောင်းကာ သဘောမနော အလွန်ကောင်းသော အပျိုကြီး တစ်ဦး ဖြစ်သည်။

တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး ရပ်ရွာ၏ ကျောင်းလေး တိုးတက်မှု အဆင့်ဆင့် ရရှိအောင် ဆောင်ရွက်သော ဆရာမ ဒေါ်အုန်းမြင့်အား.. ကျောင်းအကျိုးတော်ဆောင်..မိဘဆရာအသင်း..အပြင် ဝန်ထမ်းအားလုံးကလည်း ချစ်ခင် ရိုသေကြလေသည်။

ဒေါ်အုန်းမြင့်သည် အသက်ငါးဆယ်ကျော် အရွယ်ဖြစ်ကာ အသားဖြူဖြူ ခပ်ဝဝပုပုနှင့် မျက်မှန်ကိုလဲ အမြဲတပ်ဆင်ထားလေသည်။

“မင်္ဂလာပါ ဆရာမ”

” မင်္ဂလာပါ သားတို့သမီးတို့.. ထိုင်ကြပါကွယ်…”

“ကဲ.. မနေ့က ..ဆရာမတွက်ခိုင်းတဲ့ သင်္ချာ အိမ်စာ တွက်လာကြလား….ဘယ်တစ်ပုဒ် မရလဲ ဆရာမရှင်းပြမယ်”

“ဆရာမ..3(b) မတွက်တတ်ဘူး..”

” အေး..အေး..ဆရာမရှင်းပြမယ်..”

ဒေါ်အုန်းမြင့် စာရှင်းပြပြီး နောက် မောဟိုက်သွားသောကြောင့် ထိုင်ခုံလေး ပေါ်တွင် ထိုင်ကာ အမောဖြေရင်း….

“သမီး အိတုန်..ရုံးခန်းထဲက ဆရာမဆွဲခြင်းထဲမှာ..
ဆေးဘူးလေးရယ်…ရေဘူးရယ်..သွားယူပေးဦး”

“ဟုတ်ကဲ့ ဆရာမ”

ဒေါ်အုန်းမြင့်သည် မိမိ၏ နှလုံးခုံသံအား… မိမိပြန်ကြားနေရသည်။

နှလုံးရောဂါ အခံရှိသော ဆရာမဒေါ်အုန်းမြင့်..ခုတလော နေထိုင်မကောင်းချေ။

သင်္ချာ ဘာသာရပ် သင်ရသည်မို့ သာ၍ပင် မောနေလေသည်။

ကျောင်းအုပ်ဆရာမကြီး က ဒေါ်အုန်းမြင့် အားကြည့်ကာ
ဆရာမ.. အရမ်းမောနေတာလား…
ဆရာမ…ဘာသာ… ပြောင်းသင်ပါလား….
နှလုံးရောဂါနဲ့ သင်္ချာဘာသာရပ်က အဆင်မပြေလောက်ဘူး…. ဆရာမ ကိုကြည့်ရတာ ပင်ပန်းလိုက်တာ….

နေပါစေ ဆရာမကြီးရယ်… ခုက.. စာသင်နှစ်တစ်ဝက်ကျိုးနေပြီ… သင်လက်စနဲ့ သင်လ်ိုက်တော့မယ်….

နောက်နှစ်မှ သာ အခြား ကျက်စာ ဘာသာလေး ပြောင်းသင်မယ်…

ပြောတာ ပြောရတာ…ကျမ…သင်္ချာ သင်လာတာ…ဆယ်နှစ်ကျော်ပြီ…
မေးတတ်တဲ့ မေခွန်းတွေကို ကျမက အထှာကျ သိနေပြီ….
ကလေးတွေကလဲ…သင်္ချာ ဘာသာရပ်က အားနည်းလွန်းတော့… စာမေးပွဲမှာ မဖြေနိုင်မှာ..စိုးမိတယ်…
ခန့်မှန်းမေးခွန်းလေးထဲက… အောင်မှတ်ဖိုးလောက် အမြဲပါတတ်တော့… အောင်ချက်ရာနှုန်း…
ထိန်းထားနိုင်တယ်လေ…..”

ဆရာမ ဒေါ်အုန်းမြင့် စိတ်ပူမည်ဆိုလည်း ပူချင်စရာပေ…

ရွာကလေးများက.. ကျူရှင်ဆိုတာ မတက်နိုင်ကြ..
မိဘများကလည်း..လယ်စိုက်…ထင်းခုတ်…ရရ..
စားစား…ဘဝများသာ
ကလေးများအား… ကျူရှင် ထားပေးဖို့ မဆိုထားနှင့်… စားစရာပင် အနိုင်နိုင်

” ဒေါင်..ဒေါင်…ဒေါင်”

ကျောင်းဆင်းခေါင်းလောင်းသံ ကြောင့်…ကလေးများ…အလုအယက်.. အိမ်သို့ ပြေးပြန်ကြတော့သည်…

ဆရာမ ဒေါင်အုန်းမြင့်က ရုံးခန်းထဲမှ ပြတင်းပေါက်များအား လိုက်ပိတ်နေစဥ်
အထွေထွေ ဝန်ထမ်းမှ….

“ဆရာမ…သမီးပိတ်လိုက်မယ်… ထားလိုက်”

” ရတယ်သမီး…သမီးက ကလေးငယ်နဲ့…ပြန်တော့…တံခါးတွေ ဆရာမပဲ ပိတ်လိုက်မယ်…
ဆရာမက ဒီရွာက…သမီးက အဝေးကြီး ပြန်ရမှာ….ဆရာမ ရုံးခန်းထဲ ရေဖြန်းထားလိုက်ဦးမယ်…ဒါမှ နက်ဖြန် ဖုန်တွေသိပ်မှာ…”

ဆရာမဒေါ်အုန်းမြင့်လဲ ရေပုံးလေးအား ဆွဲကာ ဘုံဘိုင်တွင် ရေများ တကလောက်….တကလောက် မြည်အောင်လှုပ်ရင်း.. ရေဖြည့်လိုက်သည်…

ထိုရေဖြင့် ရုံးခန်းအနှံ့ ပက်ဖြန်းကာ ခဏနားရင်း ရှူဆေးဘူးအား ဖွင့်ကာ ရှုလိုက်လေသည်။

အမောပြေလောက်မှ..ရုံးခန်းတံခါးအား ပိတ်ကာ..လေးလံသော ခြေလှမ်းများဖြင့်..ဖြေးဖြေးချင်း ထွက်ခွာကာ ကျောင်းတော်ကြီးဖက်.. တစ်ချက်လှည့်ကြည့်ရင်း…

” ဟူး…ငါသာမရှိတော့ရင်…ဘယ်သူက.. ဒီအလုပ်တွေ လုပ်မှာလဲ…”
ဒေါ်အုန်းမြင့် ခပ်တိုးတိုး ညည်းညူရင်း…အိမ်သို့ တရွေ့ရွေ့ ပြန်လာခဲ့လေသည်။

တစ်နေကုန် ပင်ပန်းလွန်းလှသည်မို့…ဒေါ်အုန်းမြင့်..ညဘက် စောစော.. အိပ်ယာဝင်လိုက်သည်…
အိမ်မက်ထဲတွင်…သူ၏ ချစ်လှစွာသော..ရွာကျောင်းတော်ကြီးတွင်… မမောနိုင်မပန်းနိုင်…စာသင်နေသော သူမ…
ဒါဟာ သူမ အမြဲမက်သော အိမ်မက်ပင်

” အမလေး.. အဖြစ်ဆိုးလှချည်လား…သမီးရဲ့
အမေတို့ကို ထားခဲ့ပြီလား…အီး..ဟီး..ဟီး…”

စောစောစီးစီး..ဆရာမဒေါ်အုန်းမြင့် အိမ်မှ ထွက်ပေါ်လာသော အသံကြောင့်…ပတ်ဝန်းကျင်မှ…လူများ ..ထိုအိမ်လေးဆီသို့…အပြေးရောက်လာကြလေသည်…

” ဟင်…ဘယ်လိုဖြစ်တာလဲ..အမေလှ…”

“အမလေး… သာအေးရေ…နင်တို့ဆရာမ အသက်မရှိတော့ဘူး…အီး..ဟီး..ဟီး..
ခါတိုင်းက ကျောင်းသွားမို့…အစောကြီး ထနေကျ
ဒီမနက် အတော်နဲ့ ထမလာလို့ သူ့အခန်းထဲ.. ဝင်နိုးမှ…လူက အေးစက်တောင့်တင်းနေပြီ….
ဘယ်အချိန်ကတည်းက အသက်ထွက်နေတယ်မသ်ိပါဘူး…..ညက ငါ့ကို ပြောသေးတယ်… ကလေး တွေကို နက်ဖြန် စာရှင်းပြရဦးမယ်..
ကျောင်းစောစော သွားရမယ်တဲ့… သူနေကောင်းမှ စာသင်နိုင်မှာမို့… စောစော အိပ်မယ်တဲ့…
အမလေး.. ခုတော့… သူချစ်တဲ့ ကျောင်းကြီးကို
ခွဲသွားပြီပေါ့….”

အားလုံး မျက်ရည်ကျရလေသည်။
ဆရာမဒေါ်အုန်းမြင့်အသုဘ၌ တစ်ရွာလုံး နီးပါး ငိုကြလေသည်။
အားလုံးနီးပါးက သူ၏ တပည့် ဖြစ်ခဲ့ဖူးသူတွေ ချည်းမို့….ဝမ်းနည်း တမ်းတ… ပူဆွေးကြရလေသည်။

ကျောင်းအုပ်ဆရာမကြီးမှ အမိန့်ပြန်တမ်းစာကို ရွတ်နေရင်း…အသံများက တုန်ကာ သိမ်ဝင်သွားလေသည်။

သဘောမနော အလွန်ကောင်းသော…လုပ်ဖော်ကိုင်ဖက် တစ်ယောက် ဆုံးရှူံး လိုက်ရလေပြီ…
သူမကိုယ်တိုင်က ချစ်သော လုပ်ဖော်ကိုင်ဖက်အား…အလုပ်နှင့်မသက်ဆိုင်တော့ ကြောင်း….
သင်သွားလိုရာ သွားနိုင်ပြီဟု ပြောရင်း ဝမ်းနည်းစိတ်က ထိန်းမရတော့…

အမိန့် ပြန်တမ်းစာရွက်လေးအား…ဒေါ်အုန်းမြင့်၏ အသုဘ အခေါင်းထဲ ထည့်ရင်း အားရပါးရ ငိုချလိုက်မိလေသည်။

” မမအုန်းမြင့်ရယ်… ညီမ…ဘယ်လို စိတ်ဖြေရမလဲ…အလုပ်သဘော အရသာ…ညီမက ကျောင်းအုပ်ဖြစ်နေပေမဲ့…မမကို အစ်မတစ်ယောက်လို ချစ်နေတာ…မမရဲ့ လမ်းပြမှုနဲ့ ကျောင်းအုပ်ကောင်း တစ်ယောက် ဖြစ်ဖို့ ကြိုးစားနေတာပါမမ….အဟင့်..ဟင့်..မမသွားတာ စောလွန်းတယ် မမရယ်…”

ကျောင်းအုပ်ဆရာမလေး နှင်းဖြူ အားရပါးရ ငိုချလိုက်မိသည်။

ဆရာမဒေါ်အုန်းမြင့် သင်္ဂြိုဟ် သည့် ရက်၌ အချိန်အခါမဟုတ်… မိုးသား တိတ် လိပ်တို့… မှိုင်းညို့ နေလေသည်။

သေသောသူများ စိတ်မချသောအခါ ထိုသူများ အသုဘ ချသောနေ့၌ မိုးအုံ့တတ်သည်ဟု ကြားဖူးလေသည်။

ဤသည်မှာ ယုံတမ်းစကားလည်း…ဖြစ်ချင်ဖြစ်ပေမည်။
သို့သော်…တိုက်ဆိုင်စွာ မှန်ကန်နေသည်ကိုကား.. ကျောင်းအုပ်ဆရာမကြီး နှင်းဖြူ ကြုံရသော အဖြစ်အပျက်များက သက်သေပြ နေလေသည်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဖြူမှာ အထက်တန်းပြလုပ်သက် ငါးနှစ်ပြည့်သောအခါ..
အလယ်တန်းကျောင်းအုပ် ရာထူးတိုးဝင်ဖြေရင်း…ကျောင်းအုပ်ဖြစ်လာသူတစ်ဦး ဖြစ်သည်။

အလက စည်ပင် ကျောင်းတော်ကြီးသည်..ဒေါ်နှင်းဖြူ၏ ကျောင်းအုပ်ရာထူးဖြင့် ပထမဆုံး တာဝန်ကျသည့် ကျောင်းဖြစ်သည်။

ကျောင်းအုပ် လုပ်ငန်း အတွေ့အကြုံ မရှိသော်လည်း ဆရာမ ဒေါ်အုန်းမြင့် ၏ ကူညီလမ်းပြပေးမှုကြောင့် အစစ အရာရာ အဆင်ပြေခဲ့လေသည်။

ဆရာမကြီး ဒေါ်အုန်းမြင့် ၏ ကျေးဇူး ကြောင့် ဒေါ်နှင်းဖြူ အတွက် ကျောင်းဝိုင်းထဲတွင် ကျောင်းအုပ်၏ နေအိမ်ဟူ၍ တစ်ထပ်ပျဥ်ထောင် လုံးချင်းအိမ်လေးသည် ဒေါ်နှင်းဖြူ ထိုကျောင်းသို့ရောက်ပြီး ဆယ်ရက်ခန့်တွင် အကောင်အထည်ပေါ်လာခဲ့ရလေသည်။

ဒေါ်နှင်းဖြူ က ထိုအိမ်လေးတွင် စည်ပင်ကျောင်းမှ အဋ္ဌမတန်း ကျောင်းသူလေး နှစ်ယောက်အား အလှည့်ကျ ခေါ်အိပ်ကာ နေထိုင်လေသည်။

စနေ၊တနင်္ဂနွေ ပိတ်ရက်များတွင်တော့ ဒေါ်နှင်းဖြူက သူ၏ အိမ်သို့ ပြန်လေသည်။
သူမ၏ အိမ်နှင့် တာဝန်ကျရာ ကျောင်းက ၃၅မိုင်ခန့် ဝေးလေသည်။

ဆရာမဒေါ်အုန်းမြင့် က နှင်းဖြူ အား တာဝန်ချိန်တွင် ဆရာမကြီးဟု တစ်ရိုတစ်သေ ခေါ်တတ်သော်လည်း တာဝန်ချိန်ပြင်ပ၌ ဖြူလေးဟု ချစ်စနိုးဖြင့် ခေါ်တတ်လေသည်။

နှင်းဖြူကလည်း တာဝန်ချိန်တွင် ဆရာမ ဒေါ်အုန်းမြင့် ဟု ခေါ်သော်လည်း တာဝန်ချိန်ပြင်ပ၌ မကြီးအုန်း ဟု ချစ်စနိုးဖြင့် ခေါ်လေသည်။

ဒေါ်အုန်းမြင့် ကွယ်လွန်သွားသောအခါ ဒေါ်အုန်းမြင့် သင်​ကြားသော သင်္ချာဘာသာရပ် အား နှင်းဖြူက သာလျှင် တာဝန်ယူ သင်ကြားပေးလေသည်။

ဒေါ်အုန်းမြင့် ကွယ်လွန်ပြီးစ ရက်များတွင် ဒေါ်အုန်းမြင့်ဝင်ရမည့် အတန်းချိန်များ၌ ကလေးများက သူတို့ဆရာမအား သတိရကာ ငိုကြွေး ကြသည်မို့ သင်ကြားရန် အဆင်မပြေလှပေ။

” သားတို့သမီးတို့ ရေ…သားတို့သမီးတို့ ရဲ့ ဆရာမကို ချစ်လို့လွမ်းလို့ ငိုနေတာကို ဆရာမကြီးက နားလည်ပါတယ်…
ဒါပေမဲ့ သားတို့ သမီးတို့ ဆရာမကြီးသာ ဒီလိုငိုနေတာ မြင်ရင် စ်ိတ်ကောင်းမှာ မဟုတ်ဘူး…
သူက သင်ခန်းစာ နောက်ကျမှာ စိုးလို့တောင် ေနမကောင်းတဲ့ ကြားက ခွင့်မယူပဲ.. ဆေးသောက်ပြီး…စာလာသင်ရှာတ…
ဒါကြောင့် သားတို့သမီးတို့ဆရာမကြီး တမလွန်ကနေ စိတ်ချမ်းသာအောင် စာသင်ကြရအောင်ကွယ်..”

နှင်းဖြူ၏ စကား အဆုံးမှ ကလေးများက မျက်ရည်များ သုတ်ကာ စာသင်ယူရန် အသင့် ပြင်ကြလေသည်။

နှင်းဖြူလည်း တစ်ဖက် သို့လှည့်ကာ ကျလာသော မျက်ရည်အား ကလေးများ မမြင်အောင် ခိုးသုတ်လိုက်ပြီး ကျောက်သင်ပုန်းတွင် ပုစ္ဆာတစ်ပုဒ်အား ရေးလိုက်သည်။

နှင်းဖြူ စာရေးနေစဥ် မျက်ရိပ်ထဲ၌ ဆရာမ ထိုင်ခုံပေါ်တွင်..ထိုင်ကာ သူမအား စိုက်ကြည့်နေသော အရိပ်တစ်ခု အား ရုတ်တရက် တွေ့မိလိုက်သည်။

“ဟင်”
သူမလဲ လန့်ကာ ထိုခုံအား ဆတ်ကနဲ လှည့်ကြည့်ရာ အရာအားလုံးသည် ပံုမှန်အတိုင်းပင် ရှိလေသည်။

သူမစာပြန်ရေးသောအခါ သူမမျက်ရိပ်ထောင့်တွင် ထိုအရိပ်အား တွေ့လိုက်ရသည်။

ဟုတ်ပါသည်… ထိုအရိပ်သည် ဒေါ်အုန်းမြင့်၏ အရိပ်ပင်…သူမဝတ်နေကျ ဆီကို အင်္ကျီ အညိုလေး နှင့် မျက်မှန်ကြီး ကလဲ တပ်ဆင်ထားလေသည်။

နှင်းဖြူ စာဆက်ရေးရန်ပင် အင်အားမရှိတော့…အတော်လေး ဝမ်းနည်း ကာ စိတ်မကောင်းဖြစ်မိလေသည်။

သူဝင်ရမည့် အတန်းချိန်တွင် သူမ..မပျက်မကွက် ဝင်ရောက်နေခြင်း ဖြစ်ပေမည်။
ကလေးများအားလုံးက ဒေါ်အုန်းမြင့်၏ ပုံရိပ်ကြီးကို တွေ့မြင်ကြဟန် မတူပေ….

သေဆုံးသွားသော်လည်း တာဝန်များ ဆက်လက်ထမ်းဆောင်နေသော ဒေါ်အုန်းမြင့်အတွက် များစွာ စိတ်မကောင်း ဖြစ်ရလေသည်။

“ဒေါင်..ဒေါင်..ဒေါင်…”

ညနေကျောင်းဆင်းချိန်တွင် အထွေထွေလုပ်သား ကောင်မလေးက ဆရာများ နားနေခန်းထဲ ပြတင်း ေပါက် တံခါးများ ပိတ်ရန်ဝင်လိုက်ရာ

“ကျွီ…ဒုန်း”
ပြတင်းပေါက်တစ်ခုက တစ်ဦးတစ်ယောက် ဆွဲပိတ်လိုက်သကဲ့ သို့ ပိတ်သွားရာ

” အမလေး…ဆရာမ ဒေါင်အုန်းမြင့်ကြီး နေမှာ…”ဟု ရေရွတ်ရင်း နှင်းဖြူထံ အပြေးရောက်လာပြီး

“ဆရာမကြီး…ဆရာမကြီး…”

“ပြော..အေးမာ…ဘာဖြစ်လာတာလဲ… အလန့်တကြားနဲ့”

အေးမာက နောက်ကျော မလုံသလို ဖြင့် ဟိုဟိုဒီဒီကြည့်ရင်း….
လေသံတိုးတိုးဖြင့်

” ဆရာမဒေါ်အုန်းမြင့် မကျွတ်ဘူး နေမှာ…အေးမာ ရုံးခန်းတံခါး တွေ ပိတ်မို့ ဝင်လိုက်တာ တံခါးတွေက သူ့အလိုလို ပိတ်ကုန်တယ် ဆရာမကြီး….ကျွန်မတစ်ယောက်တည်း မသွား ရဲတော့ဘူး….”

“အေး…ငါလိုက်ခဲ့မယ်….ဒီကိစ္စကို ဘယ်သူ့ကို မှ မပြောနဲ့… မကြီးအုန်းက သူ့အလုပ်ကို ချစ်လွန်းတော့… သူအသက်ရှင်နေစဥ်ကလို… အလုပ်တွေ လုပ်နေတာ နေမှာ…”

နှင်းဖြူတို့ ရုံးခန်းထဲ ဝင်လိုက်သော အခါ ပြတင်းပေါက်များ အားလုံးသည် ပိတ်လျှက်သား ဖြစ်နေကာ ရုံးခန်းထဲ၌ ချူဆေးဘူး အနံ့က ထောင်းထောင်း ထလျှက် ရှိလေသည်။

ထိုချူဆေး အနံ့သည် ဆရာမဒေါ်အုန်းမြင့် ထံ၌ အမြဲရတတ်သော အနံ့ဖြစ်သည်။

နှင်းဖြူ ဒေါ်အုန်းမြင့် အား မကြောက်ပါ…
စကားပြောခွင့်ရလျှင် ပြောလိုပါသေးသည်။

နှင်းဖြူနှင့် ကျောင်းသူလေး နှစ်ဦးသည် ဒေါ်အုန်းမြင့် အိမ်သို့ ရောက်လာကြသည်။

” ဟာ ဆရာမကြီးပါလား…လာ..ထိုင်ပါ….”

” ကဲသမီးတို့ အိမ်ခဏ ပြန်လိုက်ကြဦး…ဆရာမကြီး ဖွားလေး နဲ့ စကားပြောဦးမယ်….”

” ဟုတ်ကဲ့..ဆရာမကြီး”

ကလေးများ ထွက်ခွာသွားသည်ကို မျက်စိတဆုံး ကြည့်ရင်း…နှင်းဖြူ မည်သို့ စပြောလျှင် ကောင်းမည်လဲ ဟု စဥ်းစား နေမိသည်။

နှင်းဖြူ အဖြစ်ကို ရိပ်မိသော ဒေါ်အုန်းမြင့် မိခင်က
” ဆရာမကြီး.. သမီးအကြောင်း..ပြောစရာရှိလို့လား…ဖွားလေးကို အားမနာတမ်း ပြောပါကွယ်”

” ဟုတ်..ဖွားလေး…မကြီးအုန်း ကျောင်းမှာ ရှိနေတယ်…ကျောင်းလာတက်နေတယ်….သူအသက်ရှင်စဥ်တုန်းကလိုပဲ အလုပ်တွေ လုပ်နေသေးတယ် ဖွားလေး”

ဒေါ်အုန်းမြင့် မိခင်က နှင်းဖြူ ပြောသမျှအား ခေါင်းလေး တငြိမ့်ငြိမ့်နဲ့ နားထောင်ပြီး

” ဖွားလေး သမီးက သူ့အလုပ်ကို သိပ်ခင်တွယ်ရှာတာ…
ဖွားလေး ရက်လည်တုန်းကလဲ..သေချာ အမျှပေးဝေတယ်…သာဓု မခေါ်နိုင်တာလား… တမင်ပဲ သာဓု မခေါ်သလား မသိပါဘူး…ဆရာမကြီးရယ်…မနက်ဆို သူ့အခန်းထဲက သနပ်ခါးသွေးသံ တွေကြားရ…
မီးဖိုထဲက ထမင်းချိုင့်သံတွေလဲ ကြားရတယ်…
ကျောင်းသွားမို့ ပြင်ဆင်နေရှာတာ နေမှာ ပေါ့ ဆရာမကြီးရယ်….သနားစရာကောင်းလိုက်တဲ့.. ဖွားလေး…သမီးပါကွယ်….”

ငိုနေသော ဒေါ်အုန်းမြင့်မိခင်ကို ကြည့်ကာ နှင်းဖြူ မျက်ရည်များပင် ကျမိလေသည်။

“သမီး ကျောင်းမှာ မကြီးအုန်းအတွက် ကုသိုလ်ပြု အမျှဝေချင်ပါတယ် ဖွားလေး”

“ဆရာမကြီး ကောင်းသလိုသာ စီစဥ်ပါကွယ်….”

နောက်ရက်မနက် ကျောင်းသို့ စောစော လာသော…ကလေးများက ဒေါ်အုန်းမြင့်အား ရုံးခန်းထဲ၌ တွေ့လိုက်ရသည်ဟု ဆိုကြလေသည်။

ကလေးများအားကြလျှင် သူတို့ဆရာမ ဒေါ်အုန်းမြင့်အကြောင်းသာ ပြောဆိုနေကြလေသည်။

နှင်းဖြူလည်း… ကျောင်းမှ ဆရာ..ဆရာမများ နှင့် တိုင်ပင်ကာ ဒေါ်အုန်းမြင့် သေဆုံးချိန် တစ်လပြည့်သောနေ့၌ အလှူပြု…ရေစက်သွန်းချကာ ဒေါ်အုန်းမြင့်၏ အမည်ကို အကြိမ်ကြိမ် ခေါ်ဆိုလျှက် ရေစက်သွန်းချ.. အမျှပေးဝေ ကြလေသည်။

ထိုနေ့ည၌ နှင်းဖြူ အိပ်ပျော်နေစဥ်

” ဖြူလေး…ဖြူလေး..”

” ဟင်…ဘယ်သူလဲ…မကြီးအုန်းလား”

နှင်းဖြူ ကြည့်လိုက်သောအခါ ကျောင်းရှေ့ မန်ကျည်း ပင်အောက်က ကွပ်ပျစ်လေး ပေါ်တွင်.. ဆွဲခြင်းလေး ဘေးချကာ ထိုင်နေသော ဒေါ်အုန်းမြင့်အား တွေ့ရလေသည်။

“ဟင်.. မကြီးအုန်း…ဒီမှာဘာထိုင်လုပ်နေတာလဲ”

“မကြီးကို မောင်းမထုတ်ပါနဲ့ဖြူလေးရယ်….မကြီး ဖြူလေးတို့ကို ဒုက္ခမပေးပါဘူး…
ကလေးတွေကိုလဲ ဒုက္ခ မပေးပါဘူး… မကြီး ကျောင်းကြီးကို ချစ်လွန်းလို့ နေချင်ရုံသက်သက်ပါ…
မကြီးကို မောင်းမထုတ်ပါနဲ့ကွယ်…
ဖြူလေး မောင်းထုတ်ရင် မကြီး…သွားစရာနေရာမရှိဘူး….
မကြီး ကလေးတွေကို မြင်ချင်သေးတယ်…မကြီး တာဝန်တွေ ကျေချင်ပါသေးတယ် ဖြူလေးရယ်…
ခုက အိမ်ကိုလဲ ပြန်မရတော့ဘူး….
မကြီးမှာ နေစရာ ဆိုလို့ ဟောဒီကျောင်းကြီးပဲ ရှိတာပါ ဖြူလေး…
စိတ်ချ… မမ.. ကြောင့်.. ဘယ်သူမှ… မကြောက်လန့်စေရပါဘူးကွယ်”

နှင်းဖြူ အိပ်ယာမှ နိုးလာသောအခါ လွန်စွာ စိတ်မကောင်း ဖြစ်မိလေသည်။

အဘယ်သို့ ကူညီမှ မကြီးအုန်း ကောင်းရာဘုံဘဝ ရောက်မည်လဲ ဟု စဥ်းစားနေမိလေသည်။

ဒေါ်အုန်းမြင့် သေဆုံးသည်မှာ ခြောက်လခန့်ပင် ရှိလေပြီ ဖြစ်သည်။

ကလေးများက ဒေါ်အုန်းမြင့်အား…ဟိုနားရိပ်ကနဲ…ဒီထံ ရိပ်ကနဲ..တွေ့ရှိရတတ်သော်လည်း မကြောက်ကြတော့ပေ။

သူတို့ကိုချစ်သော ဆရာမ ပေမို့လဲ..ကျောင်း၌ ရှိနေသည်ဟု နားလည်မိကြပုံ ရလေသည်။

နွေကျောင်းပိတ်ရက်များ တွင်လည်း ကျောင်းတော်ကြီးထဲ၌ တစ်ဦးတစ်ယောက် သန့်ရှင်းရေး ပြုလုပ်ထားသကဲ့ သို့ သန့်ရှင်းနေသော အလက စည်ပင် ကျောင်းကြီး ကိုတွေ့ရလေသည်။

အလက ကျောင်းမှသည်..အထက(ခွဲ) ကျောင်းအဖြစ်သို့ အဆင့်တိုးမြှင့် သွားလေပြီ….
ဒေါ်အုန်းမြင့် နောက်ဆုံးသင်ခဲ့သော အဋ္ဌမတန်း ကလေးများပင်… အိမ်ထောင်ကျသူက ကျ..
လုပ်ငန်းခွင် ဝင်သူက ဝင်ဖြင့် ဆယ်စု နှစ် နှစ်စု ကျော် ကြာခဲ့လေပြီ။

ဒေါ် နှင်းဖြူ ပင် အလယ်တန်း ကျောင်းအုပ်ကြီးမှ
အထက်တန်းကျောင်းအုပ်ကြီး ဖြစ်ကာ လုပ်သက်ရင့် ကျောင်းအုပ်ကြီး ပင် ဖြစ်နေလေပြီ။

သို့သော် နှင်းဖြူတစ်ယောက် သူမ၏ ကျောင်းအုပ်တာဝန် ထမ်းဆောင်ခဲ့ရသော စည်သာရွာ ၏ ကျောင်းလေးကိုမူ မမေ့နိုင်သေးပါချေ။

နှင်းဖြူ၏ တူမလေး သဲသဲပင်လျှင် အထက်တန်းပြဆရာဖြစ်ကာ အလယ်တန်း ကျောင်းအုပ် ရာထူးတိုး ဖြေထားလေပြီ…

” တီ..တီ…တီ”

“ဟလို..သမီးသဲ ပြော…ဟုတ်လား con..conပါ”

“……..”

” ဘယ်လိုသမီးသဲ….သမီးတာဝန်ကျတဲ့ကျောင်းနာမည်က ဘယ်လို”

” အ.ထ.က (ခွဲ)စည်ပင်.. “ဟုတ်လား

နှင်းဖြူ ဖုန်းကို ကြည့်ပြီး… ရင်ထဲ၌ ဖော်မပြတတ်သော ခံစားမှုမျိုး ခံစားရလေသည်။

“ရေစက်မကုန်သေးဘူးပေါ့… အ.လ.က စည်ပင်ကျောင်းကြီးရယ်”

ဆရာမကြီးအသစ်​ ဒေါ်သဲဖြူအား အထက(ခွဲ)စည်ပင်သို့ ရောက်သော အခါ အားလုံးက ေဖာ်ရွေစွာ ကြိုဆိုကြလေသည်။

ဒေါ်နှင်းဖြူ ကားပေါ်မှ ဆင်းသောအခါ သူမနေထိုင်ခဲ့ရာ ပျဥ်ထောင်အိမ်လေးသည် တိုက်အိမ်လေး အဖြစ်သို့ ပြောင်းလဲ သွားပြီဖြစ်သည်။

ဒေါ်နှင်းဖြူအား..တွေ့သောအခါ တပည့်ဟောင်းများကလည်း ဝမ်းပမ်းတသာ ကြိုဆိုကြလေသည်။
ဒေါ်နှင်းဖြူကလည်း ကျောင်းအုပ်ကြီး အသစ်ဒေါ်သဲဖြူမှာ မိမိ၏ တူမလေးဖြစ်ကာ.. အရာရာ ကူညီပေးရန်..ပြောဆိုနေလေသည်။

” ဆရာမကြီးက.. ခု ဘယ်မှာတာဝန် ကျနေတာလဲ…”
” အထက ( ၅)မှာပါ”

“ဆရာမကြီး နက်ဖြန်ကျောင်းပိတ်ရက်ဆိုတော့ အိမ်ကို ထမင်းစားဖိတ်ပါရစေ…ဟောဒီက ဆရာမကြီး အသစ်ရော…ကျွနိတော်တို့ရဲ့… ဆရာမကြီး ကိုရော ဖိတ်တာပါ”

” အေးပါကွယ်..လာခဲ့မယ် ကျေးဇူးပါ ”

” တီလေး…တီလေးလဲ ဒီကျောင်းမှာ ကျောင်းအုပ်တာဝန် စပြီး ထမ်းဆောင်တာပေါ့နော်..သဲနဲ့ အတူတူပဲ”

“ဟုတ်တာပေါ့ကွယ်…ခုတော့ ကျောင်းထဲမှာ..ဝန်ထမ်းအိမ်ယာတွေကလဲ များလာတော့ ပျော်စရာကြီးပေါ့..တီလေးတုန်းက ကလေးတွေ ခေါ်အိပ်ရတာ”

” ကဲ…သမီးသဲ….တီလေးပင်ပန်းပြီ အိပ်တော့မယ်နော်..”
“ဟုတ်တီလေး…နားတော့…သမီး ပစ္စည်း တွေ နေရာချလိုက်ဦးမယ်”

” ဖြူလေး…ဖြူလေးရယ် မျှော်လိုက်ရတာကွယ်”

” ဟင် မကြီးအုန်း…မကြီးအုန်းဟုတ်တယ်မို့လား..”

” ဖြူလေး ကို စောင့်နေခဲ့တာ…မကြီးအုန်း..သွားရတော့မယ်… မကြီးအုန်းတာဝန်ကျေပါပြီနော် ဖြူလေး..”

” အို..မကြီးအုန်းရယ်.. တာဝန်တွေ ကျေလွန်းနေပါပြီ…”

” ကျေးဇူး ပါ ဆရာမကြီးရယ်…နက်ဖြန်..နေ့ဆွမ်းကပ်ပြီးရင်…ဒီမန်ကျည်းပင်က.. ကွပ်ပျစ်လေးကို ဖြူလေး လက်နဲ့ သုံးချက်ပုတ်ပြီး မကြီးနာမည်ခေါ်ပါ…ဖြူလေးကိုယ်တိုင် ခေါ်ပါ…မကြီးအုန်း သာဓု ခေါ်ပါတော့မယ်ဖြူလေးရယ်”

ပြောရင်း မျက်စိရှေ့တွင် ကွယ်ပျောက်သွားသော ဆရာမ ဒေါ်အုန်းမြင့်ကိုကြည့်ရင်း

” မကြီးအုန်း…နေပါဦး”

” တီလေး …ဘာတွေ ယောင်နေတာလဲ…ဘယ်နားက မကြီးအုန်း… လဲ”

“သမီးသဲ မသိပါဘူး… ကျောင်းကော်မတီ သာထူးကို ဖုန်းဆက်စမ်းသမီး အရေးကြီးတယ်….”

” တူ….တူ….ဟလို…ဆရာမကြီး ပြောပါ…”

” ဟုတ်ကဲ့ …ဆရာမကြီး ဖြူနှင်းက ပြောမလို့တဲ့ ဦးသာထူး….”

” ဟလို….သား..သာထူး….အရေးကြီးတယ်…ဒီလိုကွယ့်….”

” ဟာဆရာမကြီးရယ် ဝမ်းသာလိုက်တာ… ကျတော် ခုပဲ စီစဥ်မယ်….ရွာကခု ကျောင်းထိုင်ဆရာတော်က ဆရာမဒေါ်အုန်းမြင့်..ရွေးခဲ့တဲ့ အတန်းခေါင်းဆောင် မြင့်ထူးလေ ဆရာမကြီး ဆရာမ ဒေါ်အုန်းမြင့်သေတော့ တစ်လလောက် အခန်းထဲ ငိုနေတဲ့ မြင့်ထူးဗျ…”

” တီလေး…ဘာတွေ ပြောနေကြတာ လဲ…”

” သမီးကို နောက်မှ ရှင်းပြမယ်…”

တစ်ရွာလုံး တက်တက်ကြွကြွဖြင့်
ဆရာတော်များအား စာသင်ကျောင်းသို့ ပင့်ကာ နေ့ဆွမ်းဆပ်ကပ် လှူဒါန်းပြီး…သာဓု အနုမောဒနာ ခေါ်ဆိုကြလေသည်။

သာဓု ခေါ်သံများ အဆုံးတွင် ချူဆေး အနံ့ပြင်းပြင်းက တရားနာနေသော ကျောင်း၏ ဟောခန်းမ တစ်ခုလုံး ပျံ့နှံသွားလေသည်…

တရားနာပရိတ်သတ်အားလုံးက ထိုရှူဆေး အနံ့နှင့် ရင်းနှီးကျွမ်းဝင် ဖူးကြသူများမို့…. ဝမ်းနည်း ဝမ်းသာ မျက်ရည် များ ကျကြရလေသည်။

ထိုအချိန်တွင် ဝှီးချဲ လေး တစ်ခုအား လူရွယ်တစ်ယောက်က တွန်းလာသည်ကို တွေ့ရလေသည်။

“သာထူး…သား..အဲ့ဒါကဘယ်သူလဲ….”

” ဆရာမဒေါ်အုန်းမြင့်ရဲ့ အမေလေ ဆရာမကြီး”

” ဟယ်.ဖွားလေး…”

နှင်းဖြူ ကလေးတစ်ဦးပမာ ပြေးရင်း ဖွားလေး ဆီအရောက်…ထိုင်ချလိုက်ပြီး…ဖွားလေးအား… ဖက်ကာ.. အားရပါးရ ငိုချလိုက်လေတော့သည်။

“ဖွားလေး…မကြီးအုန်း…သာဓု ခေါ်ပါပြီ… သူ.. တာဝန်တွေကြားက လွတ်မြောက်သွားပြီ ဖွားလေးရယ်”

ဖွားလေးကလဲ နှင်းဖြူ၏ ကျောလေးအား သပ်ချပေးကာ…မျက်ရည်များ သုတ်ရင်း

” ကျေးဇူးအများကြီးတင်ပါတယ် ဆရာမကြီးရယ်… အဖွားရဲ့…သမီးလေး…လွတ်မြောက်သွားပါပြီ….ဟောဒီ ကျောင်းတော်ကြီးရဲ့.. ဆရာမ ဘဝက ထာဝရလွတ်မြောက်သွားပါပြီကွယ်…”

ထိုမြင်ကွင်းအား ကြည့်နေသူအားလုံး၏ မျက်ဝန်းမှာ မျက်ရည်မိုးများ ရွာချ ကုန်လေသည်။
သို့သော် ထိုမျက်ရည်များသည်ကား…

ကျောင်းတော်ကြီးမှ ဆရာမတစ်ဦးအတွက်..ဝမ်းသာစွာ ကျလာသော မျက်ရည်များသာ ဖြစ်ကြောင်း…အထူးတလည်… ရှင်းပြရန်…လိုတော့မည်..မဟုတ်ပါချေ။

လေးစားစွာဖြင့်
စာရေးသူ Nan Kyarnyo