ကျွန်တော်ကြေးစား ကာလသား

Posted on

ကျွန်တော်ကြေးစား ကာလသား(စ/ဆုံး)

————————

အညာသား မန္တလေးသားမောင်မောင်မြင့်တို့ အ’လိုက်ပုံများ ၁၉၇၂-ခု ပထမနှစ် နွေကျောင်းပိတ် အ-သုံးလုံး လုပ်အားပေးလိုက်တာ မန္တလေးတိုင်းတဲ့ဗျာ။ သူများတွေ ကိုယ်မရောက်ဖူးတဲ့ဒေသကို လိုက်ပြီး လည်ရင်းပတ်ရင်း လုပ်အားပေးကြတာ၊ ကျွန်တော် အညာသားကတော့ ကိုယ့်တိုင်းကိုယ့်ဒေသ အစွဲကြီးသူပီပီ အညာဒေသကို လိုက်လာခဲ့မိတယ်။ ပုသိမ်ကြီးမြို့နယ် ဒုံးကုန်းရွာပါ။ အ.ထ.က ကျောင်းနေ ဖော်သူငယ်ချင်းကံဆင့်ရဲ့ ညောင်ကွဲရွာ တာရိုးကို ကျော်လိုက်တာနဲ့ ရောက်ကရောဆိုတော့ မန္တလေးနဲ့အနီးဆုံးရွာပေါ့။

လူရည်လည်တဲ့ အညာသားသူငယ်ချင်းတွေက ဧရာဝတီဖျာပုံ၊ ရှမ်းပြည် ပင်းဒယကို သွားရောက် လုပ်အားပေးကြတယ်။ မြစ်ဝကျွန်းပေါ်ရှုခင်း၊ မြစ်ဝကျွန်းပေါ်အစာ၊ ရှမ်းရှုခင်း ရှမ်းအစာ အတွေ့အကြုံသစ်ကို ခံစား၊ အရသာခံနိုင်ခဲ့ကြတာပေါ့။ ကျွန်တော်မှာတော့ မြင်နေကျ မန်ကျည်း ထနောင်းရှုခင်း၊ စားနေကျ ငါးခြောက်နဲ့ ပဲဟင်း၊ သူငယ်ချင်းတွေ အလျဉ်းသင့်လို့ ပြန်ပြောကြတဲ့အခါ “မင်း အ’တာ အခုမှမဟုတ် ရှေးယခင်ကတည်းက ပါတကား”လို့ အမြဲ အဟားခံရတယ်။

ဒါပေမဲ့ လုပ်အားပေးမှာ ကျွန်တော်တို့ ပျော်ကြပါတယ်။ အစက အင်တင်တင် လက်ခံကြတဲ့ ရွာသူရွာသားတွေ ကျွန်တော်တို့ရဲ့ စိတ်အား ကိုယ်အားထက်သန်မှုကြောင့် ပျူပျူငှာငှာ ဖော်ရွေခင်မင်လာပြီး သင်တန်းပြီးတော့ မျက်ရည်စမ်းစမ်းနဲ့ လွမ်းလို့ကျန်ရစ်ခဲ့ကြတာပါ။ ဒါအညာစရိုက်ပဲ။ ခင်မင်မှုစဖို့ ရွံ့တတ်တယ်။ ခင်မိရင် မခွဲချင်တတ်ကြ။ ကျွန်တော့်ကို သူ့သားလိုသတ်မှတ်တဲ့ အမေသိန်းတင်က နောက်နှစ်တွေ ကျွန်တော်နွေကျောင်း ပိတ်ပြန်ရင် လူကြုံနဲ့ လက်ဆောင်ပါး အလည်လာဦးဖိတ်တာသေးတာ။

လုပ်အားပေးစဉ်မှာ ရွာခံကာလသားခေါင်း ကိုလှသန်းနဲ့ ကာလသားလူလည် ကိုဝင်းမောင်တို့ကလည်း ကျွန်တော်တို့အပေါ် တော်တော် ခင်ခင်မင်မင် ရှိကြတယ်။ ကျွန်တော်တို့အဖွဲ့က ကျောင်းသားတွေချည်း ၅ယောက် နေအိမ်တလုံး သီးသန့်ပေးထားတော့ “ဘယ်အပျိုကို ပြောပေးရမလဲ၊ မဗိုလ်မတော့ မထိနဲ့၊ ဟဲ..ဟဲ..ဟဲ”ဆိုတဲ့ တရင်းတနှီး စကားတွေ အားတဲ့အချိန် အလည်လာပြီး ပြောကြဆိုကြပေါ့။ ဆိုးတာတခုကတော့ သူကြီးက ဟိုရွာသည်ရွာလည်း လုံးဝလည်ခွင့်မပေး၊ မန္တလေးလည်း သွားခွင့်မပေးပဲ သမီးချောကို ထိန်းသလို လုပ်ထားတော့ အကျယ်ချုပ်ကျသလို ဖြစ်နေတာ တခုပဲ။ တနေ့တာ စာသင်ချိန် ဘယ်လောက်မှ မရှိဘဲ ကျွန်တော့်အိမ်ကနေ အမှတ်၆ကား ဂိတ်စဂိတ်ဆုံးစီးပြီး နေ့ချင်းပြန် စာပြလို့ရပေမဲ့ ရွာကသူကြီးက တာဝန်ခံထားရတော့ ပြန်ခွင့်မပေးဘူး။ “မောင်ရင်လေးတို့ ဘာသာ ပျင်းလို့ လဲသေသေသင်တန်းဆင်းချိန် လူစုံပြန်မအပ်နိုင် ပြဿနာအဖြစ် မခံနိုင်ဘူး” ဆိုတဲ့ သဘောမျိုးလေ။ ကျွန်တော်တို့ အဖွဲ့ကလည်း အားလုံး ပထမနှစ်သမားတွေချည်းမို့ ကျောင်းသားပါး မဝသေးတော့ သူကြီး အမိန့်ကို မလွန်ဆန်ရဲဘူး။

ကိုမာတင်၊ ကိုသိန်းဌေးနဲ့ ကျွန်တော်က မန္တလေးအခံတွေမို့ လည်ချင်စိတ် မရှိကြပေမဲ့ ရန်ကုန်က ကိုမင်းဆွေညွန့်၊ ကိုမြတ်မင်းတို့ နှစ်ယောက်ကတော့ လည်ချင်ကြရှာမှာ။ လည်ခွင့်မရတဲ့အတူ ကျွန်တော်တို့တွေလည်း သတ်မှတ်စာသင်ချိန်အပြင် လိုအပ်ရင် ချက်တုန်းပြုတ်တုန်း အချိန်ပို မီးဖိုချောင် စာသင်ဝိုင်းပါ တဦးချင်း လိုက်သင်ပေးလို့ စာသင်သား ဒေါ်ကြီးတွေလည်း အားနာပြီး ကြိုးစားကြတာ ၃ဦး အရေးအဖတ် ရသွားကြပါတယ်။

အဲ…လည်ပတ်ခွင့် တင်းကြပ်ထားတဲ့ကြားက ကာလသားခေါင်းက တာဝန်ခံခေါ်လို့ ကျွန်တော်မန္တလေးကို တနေ့ ထွက်ခွင့်ရခဲ့တယ်။ ကျွန်တော့်ကို အူတူတူ အတတလေးလို့ ပြောလေ့ရှိတဲ့ ကိုမာတင်၊ ကိုသိန်းဌေးတောင် ကျွန်တော် သွားတဲ့အချိန်ကျမှ သိပြီး မနာလိုတိုရှည် ဖြစ်နေကြရှာသေးတာ။

“ဆရာလေးကိုမောင်မြင့်… ကျွန်တော်တို့ မန္တလေးကို မင်္ဂလာပွဲ သွားမှာ၊ ဆရာလေးလိုက်ခဲ့ပါလား။ တဖွဲ့လုံး ခေါ်မဖြစ်တော့ အဲဒီနေ့ကျ ဆရာလေး လိုက်ခဲ့သိလား”ဆိုပြီး ကာလသားခေါင်း ကိုလှသန်းက တိုးတိုးတိတ်တိတ် ကျိတ်ခေါ်ထားတာလေ။ ကျွန်တော်လည်း “ဇွတ်ခေါ်နေလို့ လိုက်သွားလိုက်မယ်နော်”လို့ ကိုမာတင်တို့ တသိုက်ကို သွားမဲ့ မနက်ကျမှ နှစ်သိမ့်ပြီး မြို့ပေါ်က မင်္ဂလာပွဲကို လိုက်လာခဲ့ပါတယ်။

စျေးချို နာရီစင်မြောက်ဘက် ခန်းမ အပေါ်ထပ်က မင်္ဂလာခန်းမပါ။ ကျွန်တော်က တခေါက်မှ ပွဲတက် မရောက်ဖူးဘူး။ ကျွန်တော်တို့ ရွာသားကာလသားတသိုက် အရှေ့ဘက်ထိပ်လှေခါးက တက်သွားတော့ မုန့် လ္ဘက်ပြင်ခန်းထဲ ရောက်သွားတယ်။ အဲဒီထဲရောက်တော့ လူစစ်ပြီး ပင်နီတိုက်ပုံလေးတွေ ပေးပါတယ်။ အဲဒီကျမှ ကိုလှသန်းက တိုက်ပုံပေးရင်း ကျွန်တော့်ကို “ဆရာမြင့်လေးရေ လ္ဘက်ရည် မုံ့ပွဲချ ကာလသား အငှားလိုက်တာ၊ ပြောထားတဲ့ တယောက် မလိုက်နိုင်လို့ ဆရာ့ခေါ်လာတာ။ ကျွန်တော်တို့ ကြည့်လုပ်မှာပါ။ နေ့တွက် ၅ကျပ်ရမယ်။ ဆရာ့ကို အားတော့နာတယ်၊ လူမပြည့်ရင် နောက်ပွဲတွေ ကျွန်တော်တို့ ရွာအဖွဲ့ အဆင်မပြေမှာ စိုးလို့ပါ”လို့ တိုးတိုးကပ်ပြောတယ်။ ကျွန်တော်လည်း သူတို့ရွာ ရပ်ဆွေရပ်မျိုးမင်္ဂလာပွဲအတွက် ကာလသားအကူ လိုက်ရမယ် မှတ်နေတာ အဲဒီကျမှ ကြေးစားမှန်း အဖြစ်မှန် သိတော့တာပဲ။

ကျွန်တော် တိုက်ပုံယူနီဖောင်း ဝတ်နေတုန်း မုန့်နှိုက်မစားဖို့၊ မုန့်ပွဲ မလစ်မဟာအောင် ချပေးကြဖို့ မုန့်တိုက်တာဝန်ခံက လုပ်ငန်းလမ်းညွှန်ချက်ပေးပြီး လုပ်ငန်းစကြရတယ်။ ကိုလှသန်းက တာဝန်ခံကို ကျွန်တော်ဟာ တက္ကသိုလ်ကျောင်းသားဖြစ်ကြောင်း၊ အသုံးလုံးလုပ်အားပေးရာကနေ လူလိုလို့ အကူလိုက်ခဲ့တာဖြစ်ကြောင်းပြောပြီး သက်သာခွင့် ညှာတာခွင့်ရအောင် ကပ်ပြီး အသိပေးလိုက်တော့ “တက္ကသိုလ်ကျောင်းသားလည်း ဘာဖြစ်လဲ။ လုပ်ငန်းခွင်ထဲ ပါလာရင် အလုပ် လုပ်ရမှာပေါ့။ ငွေ၅ကျပ် ရဖို့ လွယ်မှတ်နေလား”လို့ ပြန်ပြောပါတယ်။ ကျွန်တော်လည်း အားနာတတ်တာ တကြောင်း၊ အတွေ့အကြုံ ယူရတာပေါ့လို့ တွေးမိတာ တကြောင်းကြောင့် ကြေးစားကာလသား အလုပ်ကို ပြီးအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ကြွေရည်သုတ် သံဗန်းလေးတွေနဲ့ ရေခဲမုံ့ပွဲ၊ ကိတ်မုံ့၊ လ္ဘက်ပွဲတွေတင်ပြီး ခန်းမထဲက စားပွဲတွေပေါ် ပြင်ပေးကြရတယ်။ ၈ခွဲ၉ နာရီလောက် ဧည့်တွေကျချိန်မှာတော့ လိုတာတွေ ခေါက်တို့ခေါက်ပြန် သယ်ကြ ပို့ကြရတယ်။

မင်္ဂလာပွဲမှာ အ.ထ.ကကျောင်းက သူငယ်ချင်း ခင်မောင်စိန်ကို တွေ့တယ်။ သူ့အမျိုးရဲ့ မင်္ဂလာပွဲထင်ပါရဲ့။ မနှစ်ကမှ ခွဲခဲ့တဲ့ သူငယ်ချင်းမို့ ကျွန်တော်က သူ့ကို မှတ်မိတယ်။ သူက ကျွန်တော့်ကို မြင်တော့ ဇဝေဇဝါဖြစ်နေပုံပဲ။ မြို့တောင်ဖျားကသူငယ်ချင်း၊ ကျောင်းတုန်းက စာတော်တဲ့သူငယ်ချင်းကို မြို့မြောက်ပိုင်းက ကြေးစားကာလသားအဖွဲ့နဲ့ ဘယ်လို ဆက်စပ်ရနိုင်မှာလဲ။ သူ့အရိပ်အကဲကို ဖမ်းမိတာမို့ ကျွန်တော်လည်း နှုတ်ဆက်မနေတော့ပဲ သူနဲ့ဝေးတဲ့ စားပွဲတွေမှာပဲ ဝန်ဆောင်မှု ပေးနေလိုက်တယ်။

၁၀နာရီလောက်ရောက်တော့ ဧည့်ပါးသွားပြီး ကာလသားခေါင်း ကိုလှသန်းက သူ့ရွာသားတွေနဲ့ပဲ ဝန်ဆောင်မှုနိုင်သွားပြီမို့ ကျွန်တော့်ကို နားနေဖို့ ပြောပြီး သက်သာရာ ပေးပါတယ်။ ဘာပဲဖြစ်ဖြစ် မုန့်ကန်ထရိုက်ရဲ့ အဆူအငေါက်ခံရမှာ လန့်ပြီး မနားရဲလို့ ၄နာရီလောက် စိတ်ပန်းလူပန်း လှုပ်ရှားလိုက်ရတယ်။ ပွဲပြီးတော့ လုပ်အားခ ၅ကျပ်ရတယ်။

ဪ…အ-သုံးလုံးလုပ်အားပေးမှာသူတကာတွေ မရောက်ဖူးတဲ့ဒေသ မစားဖူးတဲ့အစာ မကြုံဖူးတဲ့ဓလေ့တွေနဲ့ အတွေ့အကြုံသစ်တွေ အမှတ်တရ ကျန်ခဲ့ကြ။ ကိုယ် အညာသားမှာတော့ မဆန်းတော့တဲ့ အညာမြင်ကွင်း၊ အညာစာ၊ အညာစရိုက်တွေသာ ကြုံခဲ့ရ။ မှတ်မှတ်ရရ ကြေးစားကာလသားလေး လုပ်ခဲ့ရတဲ့အတွက် ကျွန်တော့်ဘဝမှာ ပထမဆုံးရတဲ့ လုပ်အားခဝင်ငွေကို မဟာမြတ်မုနိဘုရားကြီးမှာ ရွှေချပြီး ကုသိုလ်အဖြစ် ပြောင်းလဲရယူခဲ့တာမို့ အခုမှပဲ မိတ်ဆွေအပေါင်းအသင်းများကို အမျှ..အမျှ..အမျှဝေပါရစေဗျာ။

၄၅ နှစ်တောင်ကြာခဲ့ပြီဆိုတော့ အမေသိန်းတင်၊ ကိုလှသန်း၊ ကိုဝင်းမောင်တို့ ကျန်းကျန်းမာမာ ရှိကြပါသေးရဲ့လား။ သတိရမိပါတယ်ဗျာ။

မောင်မောင်မြင့်(မန္တလေး)
Sunday, March 26, 2017

Leave a Reply

Your email address will not be published. Required fields are marked *